အခန်း (၁-၂)
Vol. 1 Ch. 1-2
အပိုင်း (၁)
သက်တမ်းတိုးခြင်း
လင်းရှင်းနေသော ကောင်းကင်ကြီးအောက်တွင် နေခြည်နွေးများ ဖြာကျနေပြီး တောင်တန်းများမှာလည်း ပတ်ပတ်လည်၀န်းရံနေလေရာ မိုးကောင်းကင်နှင့်ကမ္ဘာမြေသည် စည်းချက်ကျကျပင် လှပနေလေသည်။ ထိုအခိုက်တွင် တောင်ပေါ်လေပြည်အေးများ တိုးဝေ့သွားသောကြောင့် မတ်တပ်ရပ်နေသော ကုအန် အေးစက်စက်ခံစားလိုက်ရ၏။
ကုအန် နှဖူးရှိချွေးများကို သုတ်လိုက်ပြီး သူ့ရှေ့ရှိ အရောင်တောက်နေပြီး နေရောင်အောက်တွင်ပင် ညှိုးနွမ်းနေသော အရိပ်အေယာင်ရှိမနေသည့် စိုက်ခင်းကြီးအား ငေးကြည့်ေနမိသည်။
သူ့ဘေးတွင်မူ လူငယ်လေးနှစ်ယောက်မှာ သူနှင့်အတူ ငေးကြောင်ကြောင် ရပ်နေကြ၏။ သူတို့သုံးယောက်စလုံးသည် အဓိပတိဂိုဏ်း၏ ဆေးတောင်ကြားလက်အောက်တွင်ရှိသော နတ်ဆေးခန်းမသို့ ၀င်ခွင့်ရရှိထားသူများ ဖြစ်ကြသည်။ ကုအန်နှင့်ယှဉ်လျှင် အခြားနှစ်ယောက်မှာ ထိုမျှစိတ်လှုပ်ရှားမှုရှိနေကြပုံမပေါ်ဘဲ စိတ်၀င်စားမှုမရှိသည့်ဟန်ဖြင့် ချွေးများကိုသာ သုတ်နေကြ၏။
သူတို့ရှေ့တွင် ကြံ့ခိုင်သောကိုယ်ခန္ဓာနှင့် မျက်လုံးစူးစူးများရှိပြီး ဗြောင်၀တ်စုံအား ၀တ်ဆင်ထားသော လူငယ်လေးတစ်ယောက် ရပ်နေလေသည်။ ထိုလူငယ်လေးသည် ကျန်းချွမ်းချူဖြစ်ပြီး ဆေးတောင်ကြား၏ စီနီယာတပည့်တစ်ယောက်ဖြစ်ကာ ကုအန်တို့အား စိတ်ဝိညဉ်ပန်းပင်နှင့် စိတ်ဝိညဉ်မြက်ပင်များအား မည်သို့ရိတ်သိမ်းရမည်ကို ရှင်းပြပေးရန် ဤနေရာတွင် ရှိနေခြင်းဖြစ်သည်။
“ဒီဥယျာဉ်ထဲမှာရှိတဲ့ အပင်တွေအကုန်လုံးက ပထမအဆင့် ဆေးပင်တွေချည်းပဲ သူတို့ကို ရိတ်သိမ်းတဲ့အခါ အမြစ်ကနေဆွဲမနှုတ်ပစ်ရဘူး မြေပြင်ကနေကပ်ပြီးပဲ ဖြတ်ရတယ် ဖြတ်ပြီးတာနဲ့ ဝိညဉ်စွမ်းအားတွေ ထွက်မသွားအောင် အပင်ကို မင်းတို့မှာရှိတဲ့ စိတ်ဝိညဉ်ကာကွယ်ခြင်းစက္ကူနဲ့ ပတ်ထားရမယ်….”
နေရောင်စူးစူးအောက်တွင်ပင် ကျန်းချွမ်းချူ၏ အသံမှာ အားအပြည့်နှင့် ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေလေသည်။
ကုအန် ညာလက်တွင် ကတ်ကြေးကိုကိုင်ထားပြီး ဘယ်လက်တွင် စက္ကူဖြူများကိုကိုင်ထားကာ ကျန်းချွမ်းချူ ပြောနေသည်များအား ဂရုတစိုက်နားထောင်နေလိုက်၏။
အခြားသူများနှင့်မတူသည်မှာ သူသည် ဤရာထူးနေရာလေးကို အလွန်ပင်တန်ဖိုးထားခြင်းဖြစ်သည်။ ဤအခွင့်အရေးအား အမိအရဖမ်းဆုပ်နိုင်ရန် သူသည် လူအများ၏ အထင်အမြင်သေးသော အကြည့်ပေါင်းစုံကိုပင် သည်းခံခဲ့ရ၏။
အခြားသူများမှာ သူအပိုလုပ်နေသည်ဟုပင် ထင်မြင်နိုင်ကြသော်လည်း ဤအရာသည် သူပိုသန်မာလာစေမည့် တစ်ခုတည်းသော လမ်းကြောင်းဆိုတာကိုတော့ သူကိုယ်တိုင်သာ သိပေသည်။
“ကောင်းပြီ အခုစကြတော့ ငါစစ်ဆေးဖို့ မင်းတို့အားလုံးက အပင်တစ်ပင်စီ ရိတ်သိမ်းလာကြရမယ်” ကျန်းချွမ်းချူ ပြောပြီးသည်နှင့် ကုအန် အပင်ရိတ်သိမ်းရန် ပြင်ဆင်လိုက်၏။
ကုအန် ထိုင်ချလိုက်ပြီး ဘက်လက်ရှိ စက္ကူများကိုချထားလိုက်ကာ သူ့ရှေ့ရှိအနီရောင်စိတ်ဝိညဉ်ပန်းပင်တစ်ပင်အား ဂရုတစိုက်ကိုင်တွယ်လိုက်သည်။
“ညီအစ်ကို မင်းကအကြောက်လွန်နေပါလားကွ မင်းအပင်ကို မှားဖြတ်မိရင်တောင် ကိစ္စကြီးမှမဟုတ်ဘဲ ဒါလေးက ပထမအဆင့်ဆေးရွက်လေးတွေပဲကို ဒါကိုအခြေခံဆေးရည်ဖော်တဲ့နေရာမှာပဲ သုံးကြတာ ငါ့အိမ်မှာဆို ဒါမျိုးကို လှည့်တောင်မကြည့်ဘူး”
ကုအန် ညာဘက်ရှိ မုန့်လန် ပြောလိုက်သည်။ သူ့အ၀တ်အစားများမှာ အကောင်းစားများဖြစ်ကာ တောက်ပြောင်နေပြီး တောင့်တင်းသော နောက်ခံရှိမှန်း ဖော်ပြနေလေသည်။
အမှန်တကယ်လည်း ထိုသို့သာဖြစ်သည်။ အစေခံလေး ကုအန်မှလွဲ၍ ကျန်နှစ်ယောက်လုံးမှာ ချမ်းသာသော မိသားစုမှ ဖြစ်ကြ၏။ သို့သော် ချမ်းသာသော မိသားစုများအတွက်ပင် အင်မော်တယ်ဂိုဏ်းများသို့ ၀င်ရန် စိတ်ဝိညဥ်အမြစ်စမ်းသပ်ချက်များကို ကျော်ဖြတ်ရသေးသည်။ သူတို့သုံးယောက်စလုံးမှာ သာမန်စိတ်ဝိညဉ်အမြစ်ဖြစ်သော စိတ်ဝိညဉ်အမြစ် ငါးခုစီသာ ရှိကြသောကြောင့် ဂိုဏ်းတွင် အစေခံတပည့်အဖြစ်သာ ၀င်ခွင့်ရကြခြင်း ဖြစ်၏။
ကုအန် မုန့်လန်၏စကားများအား လစ်လျူရှုထားလိုက်ပြီး အပင်ဖြတ်ခြင်း၌သာ အာရုံစိုက်ထားလိုက်သည်။
ကုအန် ပင်စည်အား လက်ညှိုးလက်မဖြင့်ညှပ်ထားရင်း ကတ်ကြေးဖြင့် အပင်ခြေအား ဂရုတစိုက်ဖြတ်တောက်လိုက်၏။
ဖြတ်ပြီးသည့်နောက် ကျန်းချွမ်းချူ လက်ထဲသို့ စစ်ဆေးရန် ထည့်ပေးလိုက်သည်။
ကျန်းချွမ်းချူ ပြုံးလိုက်ကာ “တော်တယ် မင်းကအတော်အသေးစိပ်ကျတဲ့ကောင်ပဲ”
ကုအန် ဘာမှပြန်မပြောဘဲ သူ့လက်ထဲရှိ အပင်နီလေးကိုသာ စိုက်ကြည့်နေ၏။
သူ့ပုံစံမှာ အပင်အားမဖြတ်ခင်ကထက်ပင် ပို၍ စိတ်လှုပ်ရှားနေပုံ ပေါ်နေသည်။
စက္ကန့်အနည်းငယ်ကြာပြီးသည့်နောက် သူတစ်ဦးတည်းသာ မြင်နိုင်သော စာကြောင်းများ သူ့ရှေ့တွင် ပေါ်လာတော့သည်။
(သင်သည် စိတ်ဝိညဉ်ပန်းပွင့်နီ(ပထမအဆင့်) တစ်ပင်အား ရိတ်သိမ်းပြီးပါပြီ - သက်တမ်း ၁နှစ်)
အောင်မြင်ပြီ!
အပြုံးတစ်ခု ကုအန်မျက်နှာေပါ်၌ ပေါ်ပေါက်လာပြီး ထိုအချိန်မှသာ ကုအန်သူ၏တောင့်တင်းနေသော ပုခုံးသားများအား ဖြေလျှော့လိုက်နိုင်၏။
ပထမဆုံးအကြိမ် ကုအန် သူ့သက်တမ်းအားတိုးနိုင်ခဲ့သည့် ဖြစ်ရပ်မှာ သူ့အသက်ဆယ်နှစ်တွင် ဖြစ်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က သူသည် အစေခံတစ်ယောက်၏အလုပ်ဖြစ်သော ပန်းအိုးများအား သယ်နေရင်း မတော်တဆလွတ်ကျခဲ့၏။ ထိုအခါ ပန်းအိုးထဲရှိ စိတ်ဝိညဉ်ပန်းပင်မှာ ပြုတ်ကျသွားခဲ့ပြီး သူ့အသက်အား ၁၂နှစ် တိုးသွားစေခဲ့သည်။
ထိုအခိုက်တွင် အစောင့်များ၀င်လာခဲ့ပြီး ပန်းအိုးလွတ်ကျသွားသည့်အတွက် သူ့လက်တစ်ဖက်အား ဖြတ်ရန် လုပ်ခဲ့ကြ၏။ သို့သော် တတိယသခင်မလေး ကျိရှောင်ယု မှာ အေစာင့်များကို တားဆီးခဲ့ကာ သူ့ကိုကယ်တင်ခဲ့သည်။
ကုအန် အဓိပတိဂိုဏ်းသို့၀င်ခွင့်ရသည်မှာလည်း ဆယ်စုနှစ်တစ်ခုအတွင်း တစ်ကြိမ်သာမြင်တွေ့ရသော အမွှာစိတ်ဝိညဉ်အမြစ်ပိုင်ရှင် ကျိရှောင်ယု၏ ကျေးဇူးကြောင့် ဖြစ်၏။ ဂိုဏ်းကြီးအတော်များများမှာ ကျိမိသားစုအား သူတို့ဂိုဏ်းသို့၀င်ရန် ကမ်းလှမ်းခဲ့ကြပြီး ကျိရှောင်ယုသည် ဂိုဏ်းကြီးများထဲမှတစ်ခုဖြစ်သော အဓိပတိဂိုဏ်းသို့ ကျိမိသားစု၀င် ငါးယောက်နှင့်အတူ ၀င်ခဲ့သည်။ ကုအန်သည် ထိုငါးယောက်ထဲရှိ အစေခံနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်၏။
ကျိရှောင်ယု ကြောင့်သာမဟုတ်ပါက သူ၏သာမန် စိတ်ဝိညဉ်အမြစ်ငါးခုဖြင့် တတိယအဆင့်ဂိုဏ်းတစ်ခုခုသာကိုသာ ၀င်နိုင်ပေလိမ့်မည်။
ကုအန်တိတ်တခိုး ပျော်ရွှင်နေချိန်တွင် မုန့်လန်နှင့် လီယ ဟုခေါ်သော အခြားလူငယ်လေးတစ်ယောက်မှာလည်း ရိတ်သိမ်း၍ ပြီးခဲ့ကြသည်။
ကျန်းချွမ်းချူ စိတ်ဝိညဉ်ပန်းပွင့်နီ သုံးပင်အား သိုလှောင်အိတ်ထဲထည့်လိုက်ပြီး ပြောလိုက်၏။
“ဒီနေ့ မင်းတို့တာ၀န်က စိတ်ဝိညဉ်ပန်းပွင့်နီ အပင် ၅၀ ကိုရိတ်သိမ်းဖို့ပဲ နောက်ပြီး မင်းတို့ဒီဥယျာဉ်ထဲမှာပဲ သွားလာခွင့်ရှိတယ် အခြားနေရာတွေကိုလျှောက်သွားလို့ မရဘူး တာ၀န်ပြီးသွားရင် ငါ့ကိုလာရှာလိုက်”
ပြောပြီးသည်နှင့် ကျန်းချွမ်းချူ လှည့်ထွက်သွားလေသည်။
မုန့်လန် ကျန်းချွမ်းချူနောက်ကျောအား လက်သီးနှင့်ရွယ်လိုက်ပြီး တတွတ်တွတ်ပြောလိုက်သည်။
“ဒီလောက်ကိစ္စအသေးလေးကိုတောင် ဒီလောက်ကြာအောင်သင်နေရတာ သူအရင်ကဂျူနီယာတွေကို သင်ရောသင်ဖူးရဲ့လား”
လီယ မြေပြင်ပေါ် ဖင်ထိုင်ချလိုက်ရင်း အင်္ကျီလက်စဖြင့် ချွေးများကို သုတ်လိုက်၏။
ကျန်းချွမ်းချူ၏ ပုံရိပ်ပျောက်သွားသောအခါမှသာ ကုအန် နောက်လှည့်လိုက်ပြီး မုန့်လန်နှင့် လီယကို ပြောလိုက်သည်။
“ညီကိုတို့ ညီကိုတို့ပုံစံကိုကြည့်တာနဲ့တင် ညီကိုတို့က ချမ်းသာတဲ့မိသားစုတွေကနေ လာတယ်ဆိုတာ သိသာတယ် အဲ့ဒီတော့ ကျွန်တော့်လိုအစေခံတစ်ယောက်လိုတော့ ဒီလိုအလုပ်ကြမ်းတွေကို လုပ်နိုင်မှာမဟုတ်ဘူး ကျွန်တော်ကပဲ ဒီအလုပ်ကြမ်းတွေအကုန်လုံးကို လုပ်ပေးပါရစေ ညီကိုတို့ကတော့ အရိပ်တစ်ခုရှာပြီး အေးအေးဆေးဆေးနားနေလိုက် အနာဂတ်မှာတော့ ကျွန်တော့်ကို ဂရုစိုက်ပေးပေါ့”
ကုအန်စကားကိုကြားသောအခါ မုန့်လန်မျက်လုံးလှန်ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “ဒီလိုဆိုရင်တော့ အရမ်းကောင်းတယ်ညီကိုရေ အနာဂတ်မှာ မင်းဒီမှာမနေနိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာနဲ့ ငါကမင်းအတွက် တစ်ဘ၀လုံးစာ အ၀တ်အစားနဲ့အစားအသောက်တွေ ထောက်ပံ့မယ်ကွာ”
လီယမှာတော့ စကားမပြောနိုင်လောက်အောင်ပင် ပင်ပန်းနေပြီဖြစ်သောကြောင့် ခေါင်းသာငြိမ့်ပြလိုက်၏။
ထို့နောက် သူတို့သည် လက်ထဲရှိ စိတ်ဝိညဉ်ကာကွယ်ခြင်းစက္ကူများအား ထားခဲ့ကာ တစ်ယောက်ကိုတစ်ယောက်တွဲပြီး ဥယျာဉ်အပြင်သို့ ထွက်သွားကြတော့သည်။
ကုအန် စက္ကူများအား ကောက်လိုက်ပြီး ဉယျာဉ်ကြီးအားကြည့်လိုက်၏။ သူ့မျက်လုံးများမှာ ဖြာကျေနေသာ နေရောင်အောက်တွင်ပင် တောက်ပနေလေတော့သည်။
သူ့မျက်လုံးထဲတွင် ဥယျာဉ်ထဲရှိ စိတ်ဝိညဉ်ပန်းပွင့်နီပင်များသည် အပင်များသက်သက်သာမဟုတ်ဘဲ သူ့အား ထာ၀ရအသက်ရှည်ခြင်းအဖြစ်သို့ တွန်းပို့ပေးမည့် လှေကားထစ်များ ဖြစ်ကြ၏။
ထို့နောက် သူ့လုပ်ငန်းကို ဂရုတစိုက်ပင် စတင်လိုက်သည်။ သူသည် ထိုအလုပ်အား ပြီးစလွယ်လုပ်၍မရဘဲ သူ၏အသက်ရှည်မည့်အခွင့်အရေးအား အမိအရဖမ်းဆုပ်နိုင်စေရန် အပင်တိုင်းကိုဂရုတစိုက် ရိတ်သိမ်းရပေလိမ့်မည်။
နေမင်းကြီးသည် ကောင်းကင်အောက်ရှိ သက်ရှိများအပေါ် ညှာတာခြင်းမရှိဘဲ ရောင်စဉ်တန်းများကို အပြည့်အ၀ဖြန့်ကျဲချနေလေ၏။
လီယနှင့် မုန့်လန် တို့နှစ်ယောက်မှာ ဇရပ်တစ်ခုပေါ်တွင် အနားယူနေရင်း စကားပြောဖို့ပင် အားအင်ရှိတော့ပုံ မပေါ်တော့ချေ။ သူတို့၏ မျက်လုံးများဖြင့်သာ ကုအန်လှုပ်ရှားမှုများအား လိုက်ကြည့်နေကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ချွေးစက်များ ကုအန် မျက်နှာပေါ်တွင် စီးကျနေပြီ ဖြစ်သော်လည်း ကုအန်မှာ အလွန်စိတ်လှုပ်ရှားနေပုံပေါ်ပြီး သူ့မျက်နှာပေါ်ရှိအပြုံးပင် ပျက်မသွားခဲ့ပေ။
ကုအန်မျက်နှာပေါ်ရှိ အပြုံးအားကြည့်ေနရင်း မုန့်လန် မနေနိုင်တော့ဘဲ ထုတ်ပြောလိုက်မိသည်။
“ဒီလိုပူလောင်နေတဲ့နေ့တစ်နေ့မှာတောင် ဒီကလေးက ကြိုးကြိုးစားစားလုပ်နေတာပဲကွ ငါေတာ့သဘောကျသွားပြီ အနာဂတ်မှာ ငါတို့ဒီကောင့်ကို ဂရုစိုက်ပေးရမယ် ကောင်းကောင်းဆက်ဆံပြီး သူများအနိုင်ကျင့်တာမခံရအောင်ကာကွယ်ပေးရမယ် ဒါမှနောက်လည်းဒီကောင် ငါတို့အတွက် အလုပ်လုပ်ပေးနိုင်မှာ”
လီယ မျက်လုံးလှန်ကြည့်လိုက်ရင်း ခပ်လှောင်လှောင်ပြောလိုက်သည်။
“ဒီတောင်ကြားမှာ လူဘယ်လောက်မှမှမရှိတာ ဘယ်သူကသူ့ကို အနိုင်ကျင့်မှာလဲ တကယ်လို့ စီနီယာအစ်ကိုကြီးက အနိုင်ကျင့်ရင်ရော မင်းပြန်ပြောရဲမှာမလို့လား”
မုန့်လန် ချောင်းတစ်ချက်ဆိုးလိုက်ကာ လီယကို ကြည့်လိုက်ရင်း မေးလိုက်၏။
“ညီကိုလီ မင်းကဘယ်လီမိသားစုကလဲ”
လီယ အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။
“ကောင်းကျုံးချန်းလော်က လီမိသားစု”
“ချန်းလော်လား အဲ့တာက နန်းမြို့တော်မလား မင်းမှာတော်၀င်မိသားစုရဲ့ မျိုးရိုးနာမည်ရှိနေတာလား”
မုန့်လန် မျက်လုံးပြူးသွားကာ တအံ့တဩပြန်မေးလိုက်၏။
လီယ ဘာမှပြန်မဖြေဘဲ ကုအန်ကိုသာ ကြည့်နေလေသည်။
တော်၀င်မိသားစု၏ မျိုးဆက်တစ်ယောက်နှင့် ဤနေရာတွင် ဆုံနေရသည်မှာ မုန့်လန်အတွက် လွယ်ကူသောအရာတော့ မဟုတ်ချေ။
သို့သော် ဤနေရာသည် ထိုက်ကန်မင်းဆက်၏ ရှေ့ဆောင်အင်မော်တယ်ဂိုဏ်းဖြစ်သော အဓိပတိဂိုဏ်းဖြစ်လေရာ အဓိပ္ပာယ်ရှိသည်ဟုေတာ့ သူထင်မိသည်။ မင်းဆက်ရော ဂိုဏ်းရော၏ နာမည်တွင်ပင် တူညီသောစာလုံးတစ်လုံးရှိနေပေရာ ထိုက်ကန်မင်းဆက်တွင် အဓိပတိဂိုဏ်း၏ အရေးပါပုံကို တွက်ဆနိုင်သည်။ ထို့ကြောင့် ဤဂိုဏ်းရှိ အဆင့်နိမ့်နေရာတွင် တော်၀င်မျိုးနွယ်တစ်ယောက်ရှိနေခြင်းမှာ အလွန်အမင်းထူးခြားနေခြင်းမျိုးတော့ မဟုတ်ချေ။
အချိန်အတော်လေးကြာပြီးသည့်နောက်တွင်….
ကုအန် စိတ်ဝိညဉ်ပန်းပွင့်နီ အပင်ငါးဆယ်အား ရိတ်သိမ်းပြီးသွားသောအခါ စက္ကူများနှင့် သေချာပတ်၍ ဝါးခြင်းတောင်းထဲ ထည့်သယ်လာခဲ့လိုက်သည်။ ခြင်းတောင်းကို ကျောတွင်လွယ်လိုက်ပြီး ကုအန် အခြားဥယျာဉ်များအား ကျေနပ်နေသည့် မျက်၀န်းများဖြင့် ကြည့်နေလိုက်၏။
ဤတောင်ကြားတွင် ဥယျာဉ်စိုက်ခင်း ၁၅ကွက်ကျော်ရှိနေပြီး အခုသူရိတ်သိမ်းနေသော စိုက်ခင်းမှာ ထိုထဲမှ ထောင့်ချိုးအသေးလေးတစ်ခုသာ ဖြစ်လေသည်။ အခြားစိုက်ခင်းများထဲမှ ဆေးပင်များမှာမူ ပို၍ တန်ဖိုးကြီးသောဆေးပင်များသာ ဖြစ်လိမ့်မည်ဟု သူတွေးဆမိ၏။
သူ့တွင်လည်း အချိန်များစွာ ရှိနေသေးသည်။
ကုအန် သူ့ရွှေလက်ချောင်းလေးအား လူမသိစေချင်သေးသောကြောင့် ဒီနေ့အတွက်တော့ လုံလောက်ပြီဟု ဆုံးဖြတ်လိုက်၏။
(ရွှေလက်ချောင်းဆိုတာ ဇာတ်လမ်းအစကတည်းက mc ရထားတတ်တဲ့ ထူးဆန်းတဲ့စနစ်တို့ ရတနာတို့ကိုပြောတာပါ ဒီစာစဉ်မှာတော့ စနစ်ကိုရည်ညွှန်းချင်တာပါ)
ကုအန် စံအိမ်သို့သွားသည့်လမ်းအတိုင်း သွားလိုက်ရင်း လီယနှင့် မုန့်လန်အား သူ့ဆီလာရန် အချက်ပြလိုက်သည်။
“ညီကိုကုအန် မင်းတကယ်ကို ကြိုးကြိုးစားစားလုပ်ခဲ့တာပဲ လာလာ ဒီခြင်းကို ငါသယ်ပေးပါရစေ” မုန့်လန် တဟဲဟဲ ရယ်ရင်း ပြောလိုက်၏။
မုန့်လန်ရည်ရွယ်ချက်အား သိနေသော်လည်း ကုအန်တစ်ချက်သာပြုံးလိုက်ပြီး ခြင်းကို လွှဲပေးလိုက်သည်။
လီယမှာတော့ ခပ်လှောင်လှောင်ရယ်နေေသာ်လည်း သူ့မျက်လုံးထဲတွင် မကျေနပ်သည့် အရိပ်အယောင်များ ရှိနေလေ၏။
ကုအန် သူ့ဧ။်သက်တမ်းတိုးရသည့် အလုပ်ကိုသာ အာရုံရှိခြင်းဖြစ်ပြီး အခြားအရာများအား ထိုမျှစိတ်၀င်စားမှုမရှိချေ။ ထို့ကြောင့် မုန့်လန်နှင့် ဘာမှပြိုင်ငြင်းမနေတော့ဘဲ ပေးလိုက်ခြင်း ဖြစ်သည်။
ထို့နောက် သူတို့သုံးယောက် စံအိမ်ထဲ၀င်လိုက်ပြီး စီနီယာအစ်ကို ကျန်းချွမ်းချူ နှင့် သွားတွေ့လိုက်ကြ၏။
ကျန်းချွမ်းချူသည် စာအုပ်တစ်အုပ်ကိုဖတ်နေပြီး ကုအန်တို့အားမြင်သောအခါမှသာ ထိုစာအုပ်ကိုချလိုက်လေသည်။
“စိတ်ဝိညဉ်ပန်းပွင့်နီတွေကို ဒီမှာ ထားခဲ့လိုက် ဒါကတော့ ဆရာသခင်ချန်ထားပေးခဲ့တဲ့ အခြေခံမှော်ကျင့်စဉ် စာအုပ်သုံးအုပ်ပဲ တစ်ေန့မှာ ဒီနေရာကနေထွက်သွားပြီး အဓိပတိဂိုဏ်းရဲ့ စစ်မှန်တဲ့တပည့်တွေဖြစ်လာရအောင် မင်းတို့အားတဲ့အချိန်တွေမှာ ဒီစာအုပ်ကို လေ့လာထားကြ
လွန်ခဲ့တဲ့ ငါးနှစ်တုန်းက တပည့်တစ်ယောက် ဆရာသခင်ရဲ့ စိတ်ဝိညဉ်ဆေးတောင့်ချီးမြှင့်တာခံရပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်မြင်သွားခဲ့တယ် ပြီးတာနဲ့ သူကဂိုဏ်းရဲ့ အပြင်စည်းတပည့်ဖြစ်သွားတာပဲ”
ပြောပြီးသည်နှင့် သူညာလက်အားဝေ့ယမ်းလိုက်ရာ စာအုပ်သုံးအုပ်သည် ကုအန်တို့ သုံးယောက်ဆီ ရောက်သွားလေတော့သည်။
ကုအန်တစ်အုပ်အား ဖမ်းလိုက်ပြီး စာအုပ်ခေါင်းစဉ်အား ဖတ်လိုက်၏။
နွေဦးသစ်သားကျင့်စဉ်!
ကြည့်ရတာတော့ အတော်လေးအခြေခံကျတဲ့ ကျင်စဉ်မျိုးပဲ!
သို့သော် ကုအန် စိတ်ပျက်မသွားခဲ့ချေ။ သူသည် အဓိပတိဂိုဏ်း၏ အောက်ဆုံးအဆင့် ဂိုဏ်းသားတစ်ယောက်အဆင့်သာ ရှိသေးသည် မဟုတ်ပါလား။
ကျန်းချွမ်းချူ ကုအန်တို့သတိထားရမည့်အချက်များအား အနည်းငယ်ထပ်ပြောပြလိုက်ပြီး ခြံ၀န်းထဲတွင် အခန်းရှာရန် လမ်းညွှန်ပေးလိုက်သည်။ ဤခြံ၀န်းသည် အစေခံတပည့်များအတွက်သီးသန့်ဆောက်လုပ်ထားခြင်းဖြစ်ပြီး လက်ရှိတွင်တော့ ကျန်းချွမ်းချူ အပါအ၀င်အစေခံတပည့်လေးယောက်သာ ရှိဧ။။် တောင်ကြားသခင်မှာ အဝေးသို့ရောက်ရှိနေပြီး နောက်နှစ်အနည်းငယ်အထိ ပြန်လာဦးမည်မဟုတ်ပေ။ တောင်ကြားကိုတော့ ကျန်းချွမ်းချူ လက်ထဲတွင်သာ အပ်ထားခဲ့ခြင်း ဖြစ်သည်။
မိနစ်သုံးဆယ်ကြာပြီးနောက်….
ကုအန် သစ်သားကုတင်ပေါ်လှဲချလိုက်ပြီး အသက်၀၀ ရှူလိုက်၏။ သူ့မျက်နှာသည် အချိန်အတော်ကြာ နေလောင်ခံထားရမှုကြောင့် နီရဲနေလေသည်။
အတွေးတစ်ချက်နှင့်အတူ စာကြောင်းများ သူ့ရှေ့တွင် ပေါ်ပေါက်လာကြ၏။
(အမည် - ကုအန်)
(သက်တမ်း - ၁၅/၁၅၁)
(စိတ်ဝိညဉ်အမြစ် - သာမန်ဒြပ်ငါးမျိုးစိတ်ဝိညဉ်အမြစ် (ကျင့်ကြံခြင်းတိုးမြင့်လာစေရန် သက်တမ်းအားအသုံးပြု၍ ရသည်)
(ကျင့်ကြံခြင်းအဆင့် - မရှိ) (ကျင့်ကြံခြင်း တိုးမြင့်လာစေရန် သက်တမ်းအားအသုံးပြု၍ ရသည်)
(ကျင့်ကြံရေးနည်းစနစ် - မီးထိန်းချုပ်ပညာ (မကျွမ်းကျင်သေး) (ကျင့်ကြံခြင်း တိုးမြင့်လာစေရန် သက်တမ်းအားအသုံးပြု၍ ရသည်)
……
ကုအန် သက်တမ်း ၈၈ နှစ်အား အသက်တစ်ရှိုက်စာအတွင်း စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ယနေ့မတိုင်ခင်က သူ့သက်တမ်းသည် ၆၃ နှစ်သာ ရှိခဲ့ခြင်းဖြစ်၏။ ထိုထဲမှ ၁၂နှစ်ကို ပန်းအိုးမတော်တဆကျကွဲစဉ်က ရခဲ့ခြင်း ဖြစ်သည်။
ပထမအဆင့်ဆေးရွက်များသည် သက်တမ်း ၁ နှစ် ၂နှစ်သာ တိုးမြှင့်ပေးနိုင်ခြင်းဖြစ်သော်လည်း ထိုမျှပမာဏသည်ပင် သာမန်လူတစ်ယောက်အတွက် များပြားလှသော ပမာဏဖြစ်၏။
ကုအန် သူ့တိုးတက်မှုအား ကြည့်နေရင်း ပိုပိုစိတ်လှုပ်ရှား လာမိသည်။ ထိုမျှအချိန်ခဏလေးအတ္ငင်းတွင် သက်တမ်း ၈၈နှစ် စုဆောင်းနိုင်ခဲ့၏။ ဤအလုပ်သည် အမှန်တကယ်ပင် အံ့ဖွယ်အလုပ်မျိုး ဖြစ်ပေသည်။
သူဆေးတောင်ကြား၏ ပင်တိုင်အလုပ်သမားပင် ဖြစ်ချင်သွားမိသည်။
ဂိုဏ်း၏ အတွင်းစည်းတပည့်ရော အပြင်စည်းတပည့်ရော သူမဖြစ်ချင်တော့ပေ။
ပြောကြသည်မှာ တရား၀င်တပည့်တစ်ယောက်ဖြစ်လာပါက လူသားကမ္ဘာသို့ သွားကာ မကောင်းဆိုးဝါးများနှင့် အန္တရာယ်များကို ရင်ဆိုင်ရသည်ဟု ဆိုကြသည်။
ကုအန် ငယ်ဘ၀မှ ယခုအချိန်ထိ ကြက်တစ်ကောင်ကိုပင် မသတ်ခဲ့ဘူးပေ။ အရင်ဘ၀တွင်လည်း သူသည် ကမ္ဘာပေါ်က သာမန်အရပ်သားတစ်ယောက်သာ ဖြစ်ခဲ့၏။ ထို့ကြောင့် ထိုကဲ့သို့ အကြမ်းဖက်မှုမျိုးသည် သူနှင့်ကိုက်ညီသော အရာမျိုး မဟုတ်ပေ။
ဆေးတောင်ကြားတွင် နေခြင်းသည်သာ သူ့အတွက် အများကြီးပိုကောင်းပြီး အန္တရာယ်များကို ရှောင်ရှားနိုင်ရုံသာမက အရူးအမူး သက်တမ်းစုခွင့်ကိုလည်း ရရှိမည် ဖြစ်သည်။
အင်မော်တယ်ကျင့်ကြံခြင်းသည် ကြမ်းတမ်းခက်ထန်မှုများနှင့် ပြည့်နှက်နေသည်ဟု မည်သူပြောသနည်း။
ကုအန် သူ့စိတ်ကူးယဉ်ကမ္ဘာထဲတွင် နစ်မြောနေပြီး ရုန်းမထွက်ချင်တော့ပေ။
ဤသို့ဖြင့် ညအချိန်သည် ကုန်လွန်ခဲ့လေသည်။
ကုအန် နောက်နေ့မနက်တွင် အစောကြီးထခဲ့ပြီး အမြန်မျက်နှာသစ်လိုက်ကာ ကျန်းချွမ်းချူ ထံသို့ သူ့တာ၀န်များ လက်ခံရန် ထွက်လာခဲ့လိုက်၏။
ကျန်းချွမ်းချူမှာ မအိပ်စက်ခဲ့ပေ။ သူသည် တစ်ညလုံး စွမ်းအင်စုပ်ယူခြင်းအား လေ့ကျင့်နေခဲ့ခြင်းဖြစ်ပေသည်။ ကုအန်၏ ၀င်ခွင့်တောင်းသော အသံကိုကြားသောအခါမှသာ တစ်ချက်ပြုံးလိုက်ပြီး သူ့ခုံမှထလိုက်၏။ ထို့နောက် တံခါးဆီသို့ သွားလိုက်ပြီး သူ့ရှေ့မှ စိုက်ခင်းတစ်ခုအား ညွှန်ပြရင်း ပြောလိုက်သည်။
“မင်းဒီဥယျာဉ်စိုက်ခင်းထဲက စိတ်ဝိညဉ်နှလုံးသားမြက်ကို ရိတ်သိမ်းရမယ် ပြီးရင် ငါ့တံခါးရှေ့မှာသာ ချထားခဲ့လိုက် တံခါးခေါက်စရာမလိုဘူး”
ပြောပြီးသည်နှင့် အင်္ကျီလက်အိုးအား ဝေ့ယမ်းလိုက်ရာ စိတ်ဝိညဉ်ကာကွယ်ခြင်းစက္ကူ အမြောက်အမြား ကုအန်လက်ထဲသို့ ကျလာ၏။
ကျန်းချွမ်းချူ ကုအန်၏ စိတ်လှုပ်ရှားနေမှုအားတွေ့သောအခါ တစ်ချက်တုန့်ဆိုင်းသွားပြီးနောက် ဖော်ရွေပြီးေနွးေထွးသောအပြုံးတစ်ခု သူ့မျက်နှာထက်တွင် ပေါ်လာပြီး ပြောလိုက်လေသည်။
“ဂျူနီယာညီလေး အလုပ်ကြိုးစားပြီး ဆင်းရဲဒုက္ခတွေကို သည်းခံထားကွာ ပြီးရင်တော့ မင်းဒီအရာတွေကို အေးဆေးကျော်ဖြတ်နိုင်သွားလိမ့်မယ်”
အပိုင်း (၂)
နှစ်ထောင်ချီသက်တမ်း
နွေဦးကုန်၍ ဆောင်းဦးရောက်လာခဲ့ချေပြီ။
ဆေးတောင်ကြား၌လည်း မသိမသာနှင့်ပင် ရာသီများကူးပြောင်း၍ အချိန်တစ်နှစ် ကုန်ဆုံးသွားခဲ့၏။
တံခါးတစ်ချပ်ပွင့်သွားခဲ့ကာ အခန်းထဲမှ အသက်၁၆နှစ်အရွယ် ကုအန် မုန့်လန်နှင့် လီယတို့သုံးယောက် ထွက်လာခဲ့ကြသည်။ ထို့နောက် အခန်းဘက်သို့ တစ်ချက်ပြန်လှည့်ကာ ဦးညွှတ်အရိုအသေ ပြုလိုက်ကြ၏။
အရိုအသေပြုပြီးသောအခါမှသာ သူတို့သုံးယောက် သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်ကြပြီး လှေကားမှ ဆင်းလာခဲ့ကြလေသည်။
သူတို့ကိုယ်ပိုင်ခြံ၀န်းထဲသို့ ရောက်သောအခါ မုန့်လန် မငြီးတွားဘဲ မနေနိုင်တော့ပေ။
“ဒီသင်ခန်းစာလေးတစ်ခုကို သင်တာ ဒီလောက်ရှည်ရှည်ဝေးဝေးကြီး လိုလို့လားကွာ ငါတို့ကို ဆေးရွက်ရာချီပေးပြီး ကိုယ့်ဟာကိုယ်လုပ်ခိုင်းလိုက်ရင် ပြီးရောမဟုတ်လား”
လီယခေါင်းတစ်ချက်ခါလိုက်ကာ ခြံ၀န်းထောင့်ဆီသို့ သွားလိုက်ပြီး ထိုနေရာတွင် စိုက်နေသော ဓားတစ်လက်အား ကောက်ကိုင်လိုက်ဧ။်။ ထို့နောက် သူ့ဓားပညာအား စတင်လေ့ကျင့်လေတော့သည်။
သူ့စိတ်ဝိညဉ်အမြစ်သည် သာမန်စိတ်ဝိညဉ်အမြစ်သာ ဖြစ်ပါသော်လည်း နောက်ဆုံးတွင်တော့ သူသည်တော်၀င်မိသားစုမှ မိသားစု၀င်တစ်ယောက်သာ ဖြစ်၏။ သူ့လက်ထဲတွင် သူ့ကိုယ်သူနာမည်တစ်ခုရစေရန် တည်ဆောက်နိုင်သော အစွမ်းထက်ဓားပညာများစွာ ရှိနေပေသည်။
ထိုက်ကန်မင်းဆက်၌ အင်မော်တယ်ကျင့်ကြံခြင်းသည် ဂုဏ်ယူစရာကောင်းသော အရာဖြစ်၏။ ပညာရှိများနှင့် စစ်သည်တော်များအားလုံးတို့သည် အင်မော်တယ်ကျင့်ကြံခြင်းအား ကျင့်ကြံကြသည်။ တစ်ချိန်တည်းမှာပင် ထိုက်ကန်မင်းဆက်ရှိ စီရင်စု ၁၃ခုရှိ ပြည်သူများကိုလည်း အဆင့်အနိမ့် အမြင့်အလိုက် အဆင့်အတန်းခွဲခြားထား၏။ ၎င်းတို့မှာ အစေခံများ သာမန်လူများ အရာရှ်ိများနှင့် အင်မော်တယ်များ ဖြစ်ကြပေသည်။
ကုန်သည်များကိုလည်း သာမန်လူများအဖြစ်သာ ထည့်တွက်၍ရပေသည်။ အမှန်တကယ်ကြီးကျယ်မြင့်မြတ်သည့် သူများမှာမူ အင်မော်တယ်များအဖြစ် သတ်မှတ်ခံထားရသူများသာ ဖြစ်ကြ၏။ သာမန်အရာရှိလေးများသည် နယ်မြို့အသေးလေးများတွင်သာ တာ၀န်ထမ်းဆောင်ခွင့်ရကြပြီး မြို့ကြီးများနှင့် စီရင်စုမြို့များသည် အင်မော်တယ်အဆင့်အတန်းရှိသော မြို့ကြီးများ ဖြစ်ကြသည်။ ချန်းလော်မြို့ကဲ့သို့သော နန်းမြို့တော်ကြီးမှာတော့ အင်မော်တယ်အဆင့်အတန်းရှိသော မြို့ကြီးဖြစ်မှန်း ပြောစရာပင် လိုမနေတော့ချေ။ ထိုကဲ့သို့သော မြို့ကြီးများ၌ အမှုတော်ထမ်းလိုလျှင် ထိုလူသည် အင်မော်တယ်တစ်ယောက် ဖြစ်ကိုဖြစ်ရပေလိမ့်မည်။ ထိုမှသာ တာ၀န်ထမ်းခွင့် ရရှိနိုင်၏။
များစွာသော အင်မော်တယ်မိသားစုကြီးများသည် သူတို့၏ သွေးမျိုးဆက်သန့်စင်စေရန် စိတ်ဝိညဉ်အမြစ်အရည်အသွေးမပြည့်မီသော မိသားစု၀င်များကို မိသားစုမှ ထုတ်ပယ်လေ့ ရှိကြသည်။ တော်၀င်မိသားစုမှာလည်း ထိုကဲ့သို့သာ ဖြစ်၏။
ဂုဏ်သရေရှ်ိ တော်၀င်မိသားစု၀င်အဖြစ်မှ လျှောကျလာသော်လည်း လီယကဲ့သို့သော အင်မော်တယ်အဆင့်အတန်းရှိသော သူတစ်ယောက်သည် ကုအန် စော်ကား၍ ရသောသူမျိုးတော့ မဟုတ်ပေ။
သူသည် အစေခံအဆင့်အတန်းသာ ရှိသော သူတစ်ယောက်မဟုတ်ပါလား။
ဤတစ်နှစ်အတွင်းတွင် ကုအန်သည် မုန့်လန်နှင့်လီယနှစ်ယောက်တို့အား ဆေးပင်ရိတ်သိမ်းသည့် နေရာတွင် များစွာ ကူညီခဲ့ပေသည်။ အထူးသဖြင့် နွေရာသီ၏ ပူအိုက်သော နေ့ရက်များနှင့် မနက်ခင်းအချိန်များတွင်ဖြစ်၏။ ထို့ကြောင့်လည်း ကုအန်သည် ထိုနှစ်ယောက်အကြားအတော်လေး ၀င်ဆံ့လာခဲ့သည်။
အပင်စိုက်ခြင်း ရေလောင်းခြင်းနှင့် မြေဩဇာထည့်ခြင်းကဲ့သို့သော အခြားကိစ္စများတွင်တော့ ကုအန် သူတို့ကို မကူညီခဲ့ပေ။ ထိုနှစ်ယောက်မှာလည်း ကူညီဖို့ပြောရမှာ ရှက်သည့်အတွက် ဘာမှထုတ်မပြောခဲ့ချေ။ ထို့အပြင် အပင်စိုက်သောအချိန်များ၌လည်း ကျန်းချွမ်းချူ မှာသူတို့အား သူ့စံအိမ်ပေါ်မှ စောင့်ကြည့်နေတတ်၏။
ကုအန် မုန့်လန်၏ အဆုံးမရှ်ိတော့သော စကားများအား လီယဓားသိုင်းကျင့်နေသည်ကို ကြည့်နေရင်း နားထောင်နေရသည်။
ယောင်္ကျားတိုင်းတွင် ဓားသမားတစ်ယောက်ဖြစ်လာရန် အိပ်မက်တစ်ခု ရှိတတ်ကြသည် မဟုတ်ပါလား။
တစ်နှစ်ကြာ ကောင်းအတူဆိုးအတူ နေထိုင်ခဲ့ကြပြီးနောက်တွင် သူတို့သုံးယောက်ကြား၌ ကောင်းမွန်သောဆက်ဆံရေး တစ်ခုရှ်ိလာခဲ့၏။ လီယမှာ လျှို့ဝှက်စရာလည်း ရှိမနေသောကြောင့် သူဓားသိုင်းကျင့်နေသည်အား ကျန်နှစ်ယောက်ကို ကြည့်ခွင့်ပေးခဲ့သည်။ ထို့အပြင် လီမိသားစု၏ ဓားပညာများသည် တမူထူးခြားသော ချီစီးဆင်းမှု လိုအပ်သောကြောင့် ဓားကွက်လှုပ်ရှားမှုများကို ကြည့်ရုံနှင့် ဘာမှထူးခြားသွားမည် မဟုတ်ပေ။
မုန့်လန် ဟိုသွားဒီသွား လျှောက်သွားပြီးသည့်နောက်တွင် ကုအန်ဘေး၌ ထိုင်ချလိုက်လေသည်။ ထို့နောက် ကုအန်ပုခုံးအားဖက်ကာ တဟဲဟဲ ရယ်ရင်း ပြောလိုက်၏။
“မင်းကျင့်ကြံခြင်းကိုသာ မင်းဂရုစိုက်စမ်းပါကွ ဘာလို့ ဓားပညာကို သွားစိတ်၀င်စားနေတာလဲ”
ကုအန် သာမန်သာပြန်ပြောလိုက်သည်။
“ငါသာမန်စိတ်ဝိညဉ်အမြစ်တွေနဲ့ ကျင့်ကြံရတာ အရမ်းပျင်းစရာကောင်းတယ် အခုကြည့်နေတာကလည်း အချိန်ဖြုန်းဖို့သက်သက်ရယ်ပါ ဒီဆေးတောင်ကြားကဘ၀က အရမ်းပျင်းစရာကောင်းတယ်လို့ မင်းရောမထင်ဘူးလား”
“ဟုတ်တယ်ကွ တကယ်ကိုပျင်းစရာကောင်းလွန်းတယ် မင်းသာ ငါအိမ်မှာတုန်းက နေရတဲ့ပုံစံကို သိမယ်ဆိုရင်
အဲ့တုန်းက ငါ့ကိုပြုစုဖို့ အစေခံလေးယောက်ရှိတယ်ကွာ နောက်ပြီး မင်းသိရမှာက…..”မုန့်လန် သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုသည်များကို ကရားရေလွှတ် ပြောလေတော့သည်။
ကုအန်မှာတော့ သူ့၀သီအတိုင်း နှုတ်ဆိတ်၍သာ နေလိုက်ပြီး ဘာမှပြန်ပြောမနေတော့ပေ။
ထိုသည်မှာ လီယ ဓားသိုင်းကျင့်ပြီးသည့် အချိန်ထိ ဖြစ်သည်။ လီယ ဓားကို ခြံထောင့်မှာပြန်စိုက်ထားလိုက်ပြီး သူ့မျက်ခုံးထောင့်ရှိ ချွေးများကိုသုတ်ကာ ပြောလိုက်သည်။
“ငါသစ်တောထဲမှာ လမ်းခဏသွားလျှောက်ဦးမယ်”
ပြောပြီးသည်နှင့် ကုအန်နှင့်မုန့်လန်တို့ ပြန်ပြောသည်ကိုပင် မစောင့်တော့ဘဲ ဂိတ်ပေါက်၀ဆီသို့ ထွက်သွားလေတော့သည်။
လီယထွက်သွားသည်နှင့် မုန့်လန် ခပ်တိုးတိုး ပြောလိုက်၏။ “ဒီသစ်တောလေးထဲမှာ ဒီကောင်အမြဲတမ်း ဘာသွားလုပ်နေလဲ လို့မင်းထင်လဲ”
ကုအန် ပြန်ပြောလိုက်သည်။ “ငါကဘယ်လိုလုပ် သိမှာလဲ သူကတော်၀င်မိသားစုက မျိုးဆက်တစ်ယောက်ပဲကို လျှို့ဝှက်ချက်တွေရှိတာ ပုံမှန်ပါပဲ တကယ်လို့ တစ်နေ့ကျ သူမင်းသားလုပ်ဖို့ နန်းတော်ကို ပြန်သွားရင်ရော”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူ့ကိုအစေခံတပည့်လုပ်ဖို့ ဒီကိုပို့ခံလိုက်ရတာပဲကို”
“ဒါပေမယ့် စဉ်းစားကြည့်စမ်းပါ ဒီနေရာက ဒီကမ္ဘာမှာ အဓိပတိဂိုဏ်းသက်သက်ပဲ မဟုတ်ဘူးေလ ဘာလို့ အခြားနေရာတွေကိုမပို့ဘဲ ဒီနေရာကို ပို့လိုက်တာလဲ”
မုန့်လန် ကုအန်စကားကိုကြားသောအခါ အနည်းငယ်ကြောင်သွားပြီး ခေါင်းယမ်းလိုက်မိသည်။
ထို့နောက် ကုအန်ရေတွင်းဆီသို့ သွားလိုက်ကာ ယောက်ချိုဇွန်းအပြည့် ရေသောက်လိုက်ပြီး ထိုနေရာမှ ထွက်သွားလိုက်တော့သည်။
Translation note - (ဒီနေရာမှာ ယောက်ချိုဇွန်းဆိုတာ ရွာတွေက ရေအိုးစင်တွေမှာထားပေးတတ်တဲ့ အုန်းခွံရေခွက်လေးတွေမျိုးကို ပြောတာဗျ)
မုန့်လန်မှာ ကုအန်ဘယ်သွားသည်ကို သိနေသောကြောင့် လိုက်မသွားတော့ဘဲ သူ့အခန်းသူသာပြန်၍ ကျင့်ကြံနေလိုက်၏။
ကုအန် ဒုတိယအဆင့်စိတ်ဝိညဉ်ပင်များဖြစ်သော စိတ်ဝိညဉ်မြက် စိတ်တည်ငြိမ်ခြင်းမြက် များစိုက်ပျိုးထားသော စိုက်ခင်းသို့ ရောက်ရှိလာခဲ့သည်။
ယခုနှစ်တွင် ကုအန် ပထမအဆင့် ဆေးပင်များနှင့် ပတ်သက်သောတာ၀န်များကိုသာ လုပ်ခဲ့ရ၏။ ထို့အပြင် ဤစိတ်ဝိညဉ်မြက်များသည် သာမန်မြက်များနှင့်မတူဘဲ ရိတ်သိမ်းနိုင်ရန် နှစ်များစွာစောင့်ဆိုင်းရသောကြောင့် သူတစ်နှစ်အတွင်း အများကြီးလည်း မရိတ်သိမ်းနိုင်ပေ။
ကျန်းချွမ်းချူ ပြောသည်မှာ နောက်လတွင် သူတို့၏ ပထမဆုံးအကြိမ် ဒုတိယအဆင့်ဆေးပင်များအား ကိုင်တွယ်ရမည့်တာ၀န်အနေဖြင့် စိတ်တည်ငြိမ်ခြင်းမြက်များကို ကိုင်တွယ်ရမည်ဟု ပြောထားခဲ့သည်။ ကုအန် ထိုအချိန်အားစောင့်ဆိုင်းနေခြင်း ဖြစ်သည်။
သူ့မျက်လုံးထဲ၌ အပြာရင့်ရောင်စိတ်တည်ငြိမ်ခြင်းမြက်ပင်များသည် ဆေးပင်များသက်သက်သာမဟုတ်ဘဲ သက်တမ်းများစွာတိုးစေမည့် ရတနာလေးများ ဖြစ်ကြ၏။
ရုတ်တရက်…
စိတ်တည်ငြိမ်ခြင်းမြက်ပင်တစ်ပင် လှုပ်ရမ်းနေသည်ကို ကုအန် သတိထားမိသွားသည်။ သေချာဂရုစိုက်ကြည့်လိုက်မိသောအခါ သူ့အမူအရာပြောင်းလဲသွားပြီး ထိုအပင်ဆီသို့ တဟုန်ထိုး ပြေးသွားလိုက်၏။
သူမြင်လိုက်သည်မှာ လက်ဝါးအရွယ်ခန့် အမွေးဖြူကြွက်လေးတစ်ကောင်ဖြစ်သည်။ ထိုကြွက်သည် အပင်အောက်ရှိ မြေဆီလွှာကို တူးဆွနေပြီး အပင်အားအမြစ်မှ ဆွဲနှုတ်ချင်နေ၏။
ကုအန်အား မြင်သောအခါ ကြွက်ကလေးသည် လျှပ်စီးအလျင်ဖြင့် လျစ်ကနဲပင် တောစပ်သို့ရောက်သည်အထိ ထွက်ပြေးသွားတော့သည်။
ကုအန် ထိုသတ္တဝါနောက်လိုက်ချင်ပါသော်လည်း ပင်စည်ရှိ ကိုက်ဖြတ်ရာများကို မြင်လိုက်သောအခါ ချက်ချင်းပင် ဒူးထောက်ထိုင်ချလိုက်ပြီး သူ့ခါးမှ စက္ကူများကိုထုတ်ကာ အပင်ကိုရစ်ပစ်လိုက်၏။
ဘယ်လက်ဖြင့် ပင်စည်ကို ကိုင်ထားကာ ညာလက်ဖြင့် စက္ကူများနှင့် ကုအန် ရစ်ပတ်နေလေသည်။ ထိုမှသာ စိတ်ဝိညဉ်စွမ်းအင်များ အပင်မှထွက်မသွားနိုင်မည် ဖြစ်၏။
သေချာရစ်ပတ်ပြီးသောအခါမှသာ ကုအန် ပြန်ရပ်လိုက်သည်။
(သင်သည် စိတ်တည်ငြိမ်ခြင်းမြက်(ဒုတိယအဆင့်)အား ရိတ်သိမ်းပြီးသည့်အတွက် သက်တမ်း ၄ နှစ် ရရှိခဲ့ပါသည်)
ကုအန် ပြုံး၍မပြီးသေးခင်မှာပင် သူ့မျက်စိရှေ့၌ နောက်စာကြောင်းတစ်ကြောင်း ပေါ်လာခဲ့၏။
(သင့်သက်တမ်းသည် သက်တမ်း ၁၀၀၀ ကို ပထမဆုံးအကြိမ် ကျော်လွန်ခဲ့သည့်အတွက် သက်တမ်းထောက်လှမ်းခြင်း လုပ်ဆောင်ချက်ကို ရရှိခဲ့ပါသည်)
သက်တမ်းထောက်လှမ်းခြင်းလား။
ကုအန် ဇဝေဇဝါဖြစ်သွားသည်။ သူ့ရှေ့ရှိ စိတ်တည်ငြိမ်ခြင်းမြက်အား ကြည့်လိုက်ကာ စိတ်ထဲ၌ သက်တမ်းထောက်လှမ်းခြင်း ဟု တွေးလိုက်၏။
[စိတ်တည်ငြိမ်ခြင်းမြက်(ဒုတိယအဆင့်) : ၄/၂၅/၁၀၂ နှစ် (အသက် / သက်တမ်း / သက်တမ်းအကန့်အသတ်) ]
ဒီစိတ်တည်ငြိမ်ခြင်းမြက်ရဲ့ သက်တမ်းအကန့်အသတ်က ၁၀၂ နှစ် ထိတောင် ရောက်နိုင်တယ်လား။
သက်တမ်းအကန့်အသတ်ဟူသည်မှာ သူ၏အမှန်တကယ်ရှိနိုင်သော သက်တမ်းနှင့် ကွာခြားပေသည်။ သက်တမ်းအကန့်အသတ်ထိရောက်ရှိနိုင်ရန် မဖြစ်နိုင်သလောက်ဖြစ်ပြီး ထိုအချိန်မရောက်ခင် သေသွားနိုင်ပေ၏။
သက်တမ်းနှင့် သက်တမ်းအကန့်အသတ်ကြား ကွာခြားချက်ကို ကုအန် ရှင်းရှင်းလင်းလင်းမသိချေ။ ကြည့်ရသည်မှာ ကျင့်ကြံခြင်းနှင့်ဆိုင်သော အရာမျိုး ဖြစ်လောက်ပေသည်။
ကုအန် စက္ကူပတ်ထားသော စိတ်တည်ငြိမ်ခြင်းမြက်အား ကောက်ယူလိုက်ပြီး ကျန်းချွမ်းချူ အိမ်သို့ ထွက်လာခဲ့လိုက်၏။
ဆေးတောင်ကြားရှိ ဆေးပင်များအားလုံးကို ထိန်းသိမ်းစောင့်ရှောက်ရန်မှာ ကျန်းချွမ်းချူ၏ တာ၀န်ဖြစ်ပြီး ကုအန်တို့မှာတော့ နှစ်၀က်ပြည့်တိုင်း အဓိပတိဂိုဏ်းမှပေးသော စိတ်ဝိညဉ်ကျောက်တုံးများနှင့် စိတ်ဝိညဉ်ဆေးတောင့်များကို ထောက်ပံ့ကြေးအဖြစ် ရရှိကြသည်။ သူတို့၏ စွမ်းဆောင်ရည်ပေါ်မူတည်၍ ကျန်းချွမ်းချူက ဆေးပင်အစေ့များလည်း ချီးမြှင့်လေ့ရှိ၏။
ကုအန်၏အခန်းတွင် စိတ်တည်ငြိမ်ခြင်းမြက်ပင် သုံးပင်စိုက်ပျိုးထားပြီး မုန့်လန်နှင့်လီယတို့ထက် တစ်ပင် ပိုများပေသည်။ သို့သော် ထိုနှစ်ယောက်မှာ ထိုအပင်များအပေါ် ထိုမျှစိတ်၀င်စားမှုရှိပုံ မပေါ်ကြပေ။
ကုအန် ခြံ၀န်းထဲရောက်သောအခါ ကျန်းချွမ်းချူအိမ်ပေါ်သို့ လှေကားမှတက်နေသော လူကြီးတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုသူသည် အနက်ရောင်၀တ်ရုံကို ၀င်ဆင်ထားပြီး ကျောတွင်လည်း စာအုပ်တေသတ္တာတစ်လံုးအားလွယ်ထားကာ ခေါင်းတွင်ဦးထုပ်နက်တစ်လုံး ဆောင်းထားသော အကြီးအကဲတစ်ယောက်ဖြစ်သည် ။ သူ၏ ပုံစံမှာ အတော်လေး ဆန်းကျယ်လှပေသည်။
အဝေးမှ ၀တ်ရုံနက်အကြီးအကဲအား မြင်လိုက်သည်နှင့် ကုအန်စိတ်ထဲတွင် သိချင်စိတ်တစ်ခုပေါ်လာပြီး ထိုအကြီးအကဲ၏ သက်တမ်းအား စစ်ဆေးကြည့်လိုက်မိ၏။
[ချန်းရွှမ်တန် (စွမ်းအင်ကျင့်ကြံခြင်းအဆင့် ၈ ) : ၁၀၄/၁၂၀/၁၈၀]
ချန်းရွှမ်တန်!
ချန်းရွှမ်တန်သည် ဆေးတောင်ကြား၏ သခင်ဖြစ်ပြီး ကုအန်တို့၏ ဆရာဖြစ်ပေသည်။ သူသည် ဒီနှစ်တွေအတွင်း ခရီးသာသွားနေပြီး ကုအန်တို့ အခုမှသာ သူ့ကိုမြင်ဖူးခြင်း ဖြစ်၏။
ချန်းရွှမ်တန် ၏အသက်သည် ၁၀၄နှစ်ဖြစ်ပြီး သက်တမ်းအကန့်အသတ် ၁၈၀ထိရှိသော်လည်း အသက် ၁၂၀ ထိသာ နေရမည်ဖြစ်သည်။ ဆိုလိုသည်မှာ မတော်တဆတစ်ခုခုကြောင့် သူသည် နောက်ထပ် ၁၆နှစ်သာ အသက်ရှင်ရတော့မည် ဖြစ်၏။
သက်တမ်းထောက်လှမ်းခြင်းသည် အခြားသူများ၏ သက်တမ်းနှင့် ကျင့်ကြံခြင်းများကို သိရှိနိုင်ရန် ကူညီပေးလေရာ စိတ်၀င်စားစရာကောင်းသည်ဟု ကုအန်ခံစားလိုက်ရသည်။
လူတစ်ယောက် အမြင့်ဆုံးနေနိုင်သော သက်တမ်းအကန့်အသတ်သည် ထိုလူ၏ မွေးရာပါအရည်အသွေးအား ဖော်ပြနေသောအရာဖြစ်သည်ဟု ကုအန်ထင်မိ၏။ သို့သော် သူ့ယူဆချက်အား ခိုင်မာစေရန် ထိုထောက်လှမ်းခြင်းကို သူမကြာခဏ အသုံးပြုပေးရပေဦးမည်။
ချန်းရွမ်တန် ကျန်းချွမ်းချူအခန်းအား ၀င်သွားပြီး တံခါးအား ပိတ်ချလိုက်သည်။
ကုအန်လည်း စိတ်တည်ငြိမ်ခြင်းမြက်ပင်များကို ကျန်းချွမ်းချူခြံ၀န်းထဲရှိ စားပွဲပေါ်တွင်သာ တင်ထားပေးခဲ့လိုက်ပြီး ပြန်လှည့်လာလိုက်၏။
သူ့ခြံ၀န်းသို့ပြန်ရောက်သောအခါ အရင်ဆုံး အခန်းထဲတွင် ကျင့်ကြံနေသော မုန့်လန်ဆီ သွားလည်လိုက်သည်။
[မုန့်လန် (စွမ်းအင် ကျင့်ကြံခြင်းအဆင့် ၂) : ၁၇/၉၀/၁၉၀]
မုန့်လန်သက်တမ်းအား ကြည့်ပြီးသောအခါ ကုအန်ဘာမှပြောမနေတော့ဘဲ သူ့အခန်းထဲသို့သာ အမြန်ပြန်လာလိုက်၏။
ညသည်တဖြည်းဖြည်းနက်လာခဲ့ပြီး လီယ၏ခြေသံကြားသောအခါမှသာ ကုအန် အခန်းအပြင် ပြန်ထွက်လာလိုက်သည်။
လီယသူ့အခန်းဆီသို့ သွားနေရင်း ကုအန်အခန်းတံခါးပွင့်လာသည်ကို မြင်သောအခါ မေးလိုက်၏။
“ဘာဖြစ်လို့လဲ”
လီယသက်တမ်းအား ကြည့်နေရင်း ကုအန်ပြန်ပြောလိုက်သည်။
“ဆရာသခင်ပြန်ရောက်လာပြီလေ ငါတို့မနက်ဖြန်သူ့ဆီ သွားလည်ကြရင် ကောင်းမလား”
[လီယ(စွမ်းအင်ကျင့်ကြံခြင်း အဆင့်၆) : ၁၈/၂၁၀/၁၅၅၀]
ရှူးးးး…..
သက်တမ်းအကန့်အသတ် နှစ် ၁၅၅၀ !
ဒါက တော်၀င်မျိုးဆက်တစ်ယောက်ရဲ့ ပါရမီလား!
လီယက သာမန်စိတ်ဝိညဉ်အမြစ်ပဲ ရှိတဲ့သူ မဟုတ်ဘူးလား!
ကုအန်၏ လီယအပေါ်အမြင်များ ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ လီယသည် ဖုံးကွယ်ထားသော ပါရမီရှင်တစ်ယောက်ပင် ဖြစ်နိုင်နေသည် မဟုတ်ပါလား။
ထို့အပြင် ထိုကောင်၏ ကျင့်ကြံခြင်းသည် စွမ်းအင်ကျင့်ကြံခြင်း အဆင့် ၆ သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ဤအရာသည် ဘာကိုဆိုလိုပါသနည်း။
ကျားသားစားဖို့ ၀က်ယောင်ဆောင်နေခြင်း မဟုတ်ပါလား။
ကုအန်သိသလောက် ကျင့်ကြံခြင်းများကို ချီကျင့်ကြံခြင်းအဆင့် အခြေခံတည်ဆောက်ခြင်းအဆင့် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် စိတ်ဝိညဉ်အခြေတည်အဆင့် နှင့် နတ်အဖြစ််သို့ကူးပြောင်းခြင်းအဆင့် ဟူ၍ ခွဲခြားထားသည်။ ထိုအဆင့် တစ်ဆင့်ချင်းစီတွင် အဆင့်ငယ် ၉ ဆင့်စီ ရှိကြ၏။
လီယသည် အသက်၁၈နှစ်ထဲနှင့် ချီကျင့်ကြံခြင်း အဆင့် ၆ သို့ရောက်ရှိနေပေရာ မကြာသောနှစ်များတွင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ရောက်၍ ဂိုဏ်း၏ တရား၀င်တပည့်တစ်ယောက်ဖြစ်လာမည်မှာ သေချာပေသည်။
ထိုကဲ့သို့သော ပါရမီရှင်တပည့်မျိုးသည် မိတ်ဖွဲ့ကိုဖွဲ့ထားသင့်သော သူမျိုးဖြစ်၏။
ကုအန်စကားအား ကြားသောအခါ လီယမျက်ခုံးအနည်းငယ်ပင့်လိုက်ပြီး အသာအယာခေါင်းငြိမ့်ပြလိုက်သည်။
“ဒါပေါ့ မင်းတွေးတာကောင်းတယ် မနက်ဖြန်မင်းနိုးရင် ငါ့ကိုပါနှိုးပေး”
ပြောပြီးသည်နှင့် လီယသူ့အခန်းထဲ ၀င်သွားတော့သည်။
ကုအန် ပိတ်သွားသော တံခါးအားကြည့်နေရင်း ခံစားချက်မျိုးစုံ ခံစားနေရ၏။
ကမ္ဘာတိုင်းတွင် အဆင့်အတန်းခွဲခြားမှူဟူသော အရာရှိနေပြီး ထိုအရာကြောင့်ပင် သူနှင့်လီယကြား စစ်မှန်သောသူငယ်ချင်းများ ဖြစ်လာစေရန် ခက်ခဲပေသည်။
ကုအန် စိတ်မဆိုးခဲ့ချေ။ ထိုကဲ့သို့သော အထင်အမြင်သေးမှုများနှင့် နှိမ့်ချခံရမှုများကို သူငယ်စဉ်ကတည်းကပင် ခံခဲ့ရခြင်းဖြစ်သောကြောင့် ယခုလီယ၏ အပြုအမူကိုလည်း ထိုမျှစိတ်ထဲမထားမိတော့ပေ။
သူ့တွင် သက်တမ်းစုဆောင်းနိုင်သော ရွှေလက်ချောင်းလေးကို ပိုင်ဆိုင်ထားပြီးကတည်းက အခြားအရာများသည် အရေးမကြီးတော့ပေ။ ဤသို့ဖြင့် သူသည်တစ်နေ့တွင် အင်မော်တယ်တစ်ယောက်ပင် ဖြစ်လာနိုင်သည် မဟုတ်ပါလား။ ထိုမတိုင်ခင်တွင်တော့ သူသိုသိုသိပ်သိပ်သာနေပြီး အန္တရယ်ကင်းကင်းဖြင့် သက်တမ်းများကိုသာ စုဆောင်းလိုပေသည်။
အန္တရာယ်ကင်းစေရန် သေချာဖို့ အငြင်းပွားမှုများကို ရှောင်ရှားရံုသာမက ဒုက္ခရောက်စေနိုင်သော ကိစ္စများနှင့်လည်း ဝေးဝေးနေရမည်ဖြစ်သည်။ သိုသိုသိပ်သိပ်နေနိုင်လေလေ ပိုကောင်းလေလေဖြစ်၏။
အပြုံးတစ်ခုကုအန်မျက်နှာ၌ ပေါ်ပေါက်လာပြီး သူ့အခန်းဆီသို့ ပေျာ်ရွှင်၍သာ ပြန်သွားခဲ့သည်။
ဤညတွင် လသည်ထိန်ထိန်သာနေလေပြီး လရောင်တန်းများမှာ ခြံ၀န်းထဲရှိ ကျောက်လှေကားများပေါ်သို့ ရေပြင်ကဲ့သို့ ဖြာကျနေလေတော့သည်။
……
မနက်စောစောအချိန် အဓိကခန်းမထဲ၌…
ကုအန် မုန့်လန်နှင့် လီယတို့သုံးယောက် ဘေးချင်းကပ် ရပ်နေကြ၏။ သူတို့ရှေ့တွင်မူ ချန်းရွှမ်တန်မှာ လက်ထဲတွင် လက်ဖက်ရည်ပူပူတစ်ခွက်အား ကိုင်ထားရင်း ကုလားထိုင်တစ်လုံးပေါ်၌ ထိုင်နေလေသည်။ သူ့ဘေးတွင်မူ ကျန်းချွမ်းချူမှာ တလေးတစားဖြင့် ရပ်နေ၏။
[ကျန်းချွမ်းချူ(စွမ်းအင်ကျင့်ကြံခြင်း အဆင့် ၅) : ၅၄/၁၁၀/၁၇၅]
သူတို့စီနီယာအစ်ကိုကြီးသည် ပါရမီနည်းသည်ဟု ကုအန် ခံစားလိုက်ရသည်။ သို့သော် အဓိပတိဂိုဏ်းတွင် ဆေးတောင်ကြားတစ်ခုထက်မနည်းရှိနေပြီး ကျန်းချွမ်းချူ ကဲ့သို့သော တပည့်မျိုးမှာ သာမန်သာဖြစ်၏။ လီယလို တပည့်မျိုးမှာသာ အတော်လေးထူးခြားနေခြင်း ဖြစ်ပေသည်။
ထို့အပြင် တစ်ယောက်ချင်းနှိုင်းယှဉ်ကြည့်မည်ဆိုပါက သူတို့ထဲတွင် ကုအန်၏ ပါရမီမှာ အဆိုးဝါးဆုံး ဖြစ်ပေလိမ့်မည်။
ချန်းရွှမ်တန် မျက်လုံးများကို လှန်၍ ကုအန်တို့ သုံးယောက်ကို ကြည့်ရှုလိုက်ပြီး ပြောလိုက်သည်။
“ငါမင်းတို့ရဲ့ စွမ်းဆောင်ရည်တွေကို မင်းတို့အစ်ကိုကြီးဆီကနေ သိခဲ့ပြီးပြီ ပထမဆုံးအကြိမ်တွေ့ရတဲ့အချိန်မှာ မင်းတို့ရဲ့ဆရာတစ်ယောက်အနေနဲ့ ကြိုဆိုလက်ဆောင်ပေးရမယ်”
“ဆေးရွက်ရာချီေပါင်းချုပ်ကျမ်း စွမ်းအင်ပျိုးထောင်ခြင်းပညာ အဆိပ်နွယ်ပညာ ဒီသုံးခုထဲက မင်းတို့တစ်ခုရွေးနိုင်တယ် တစ်ယောက်ရွေးထားတာကို အခြားတစ်ယောက်ကို ပြန်သင်မပေးရဘူး မင်းတို့သင်ပေးတာကိုငါတွေ့ခဲ့ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်”
ထိုစကားကိုကြားသောအခါ မုန့်လန်အရင်ဆုံး ရွေးချယ်လိုက်သည်။
“ဆရာသခင် ကျွန်တော်က အဆိပ်နွယ်ပညာကို လိုချင်ပါတယ်”
ဆေးရွက်ရာချီပေါင်းချုပ်ကျမ်းကိုတော့ ဘယ်သူမှရွေးမှာမဟုတ်ဘူးလို့ တွေးမိလိုက်ပြီး ကုအန် လီယကိုသာ အရင်ရွေးချယ်ခိုင်းလိုက်၏။
ထို့နောက် လီယပြောသည်မှာ
“ဒီတပည့်က ဆေးရွက်ရာချီပေါင်းချုပ်ကျမ်းကို လိုချင်ပါတယ်”
ကုအန် သူ့အား တအံ့တဩကြည့်လိုက်မိသည်။
ညီအစ်ကို မင်းကစည်းမျဉ်းတွေအတိုင်းမကစားတတ်ဘူးလား။