အခန်း (၁၃-၁၄)
Vol. 2 Ch. 13-14
အပိုင်း (၁၃)
သူ့ကန်ချက်ေတွက အရမ်းမြန်နေတာကိုပဲ မှတ်မိလိုက်တယ်
ကုအန်သူ၏လျင်မြန်စွာ ဖောက်ထွက်နေသော ကျင့်ကြံခြင်းကြောင့်ပျော်မနေခဲ့ပေ။ တစ်ယောက်ယောက် သတိထားမိသွားပြီး ရောက်လာမည်ကို စိုးရိမ်နေခဲ့၏။
အဓိပတိဂိုဏ်းသည် အလွန်ကျယ်ပြန့်ပြီး ဆေးတောင်ကြားတစ်ဝိုက် မိုင်၁၀၀ အတွင်း ကျင့်ကြံသူတစ်ယောက်ယောက်အား မြင်ရရန်မှာ မလွယ်ကူပေ။ သို့သော် သူကြီးမြတ်သော ကျင့်ကြံသူတစ်ယောက်ယောက်ကို သတိပေးမိသလို ဖြစ်သွားရင်ရော မည်သို့လုပ်မနည်း။
ထိုသို့တွေးနေရင်း ကုအန် သူ့ဆီသို့ သန်မာသော ပုံရိပ်နှစ်ခု ချဉ်းကပ်လာနေသည်ကို ခံစားလိုက်ရသည်။ ထိုလူများသည် ချူကျင့်ဖုန်းထက်ပင် သန်မာနေကြသေးသည်။
သင်ကြောက်သောအရာမှန်သမျှသည် အမှန်တကယ် ဖြစ်လာသည်သာ။
သူသည် ယခုအခါ စိတ်ဝိညည်တည်ဆောက်ခြင်း အဆင့် ၄ နှင့် အဆင့် ၅ ကြားတွင် ရောက်ရှိနေပြီဖြစ်ပြီး အဆင့်တက်ခြင်းမပြီးမခြင်း ထသွားဖို့ မလွယ်ပေ။ ထို့အပြင် သူထထွက်ပြေးလျှင်တောင် ထိုလူနှစ်ယောက်လက်ထဲမှ လွတ်ဖို့ ခက်ခဲပေလိမ့်မည်။
ဒုက္ခကြီးပဲ!
ကုအန် ထိုလူနှစ်ယောက်ဆက်၍ ချဉ်းကပ်လာနေသည်ကို ခံစားနေရပြီး သူ့ဆီရောက်ဖို့ ကိုက် ၁၀၀ ခန့်လိုသောအခါ ထိုလူနှစ်ယောက်သည် ဆက်တိုးမလာကြဘဲ အခြားတစ်ဖက်ရှိ တောင်ထိပ်ပေါ်တွင်သာ ရပ်၍ အကဲခတ်နေကြ၏။
ကုအန်သည် တောအုပ်ထဲတွင် အစိမ်းရောင်၀တ်စုံ၀တ်ထားပြီး သူ့ဘေးတွင်သာ ဖုန်များဝေ့ဝဲနေရာ သူ့မျက်နှာကို ဘေးမှ မမြင်နိုင်ကြပေ။
ထိုလူနှစ်ယောက် အလောတကြီးတိုး၀င်မလာသည်ကို အာရုံခံမိသောအခါမှသာ ကုအန် သက်ပြင်းချလိုက်နိုင်သည်။
ကြည့်ရသည်မှာ ထိုလူများကလည်း သူ့အား သတိထားေနကြပြီး အလောတကြီးနှောင့်ယှက်လိုကြပုံ မပေါ်ပေ။
ကုအန် ကျင့်ကြံခြင်း ဆက်လက်တိုးနေလေသည်။ ကျင့်ကြံခြင်းကြောင့် ထွက်ပေါ်နေသည့်အသံများအပြင် သူတို့ကြားထဲတွင် တောင်တစ်လုံးလည်းခြားနေလေရာ ထိုလူများ ပြောနေသောစကားများကို မကြားရသည့် အတွက် ကုအန် စိတ်မအေးနိုင် ဖြစ်နေခဲ့၏။
ကုအန် အဆင့်၅ သို့ချိုးဖျက်၀င်ရောက်သွားသောအချိန်၌ပင် ထိုလူများ မလှုပ်ရှားကြသေးပေ။
ကုအန်၏ ကျင့်ကြံခြင်းအရှိန်တဖြည်းဖြည်း ကျလာခဲ့သည်။ ထို့နောက် ကုအန် သူ့လက်ကိုမြှောက်ပြီး သူ့နောက်ရှိ ပင်စည်အား ကပ်လိုက်ပြီး စိတ်ဝိညဉ်စွမ်းအင်များထုတ်လိုက်၏။ ထိုအခါ ပစ်စည်တွင် အစိမ်းရောင်အလင်းများ ထွက်ပေါ်လာပြီး သူ့လက်တွင်လည်း လေပွေများ ဝေ့လာခဲ့သည်။
အစိမ်းရောင်အလင်းများပျောက်သွားသောအခါ ကုအန်သူ့လက်အား ပင်စည်မှခွာလိုက်ရာတွင် လက်ထဲ၌ သစ်သားမျက်နှာဖုံးတစ်ခု ပါလာခဲ့၏။
ကုအန် မျက်နှာဖုံးကို သူ့မျက်နှာပေါ်တပ်လိုက်ပြီး လက်ချောင်းများဖြင့် မျက်လုံးပေါက်နှစ်ခုဖောက်လိုက်လေရော သစ်သားမျက်နှာဖုံးသည် ကုအန်မျက်နှာပေါ်တွင် အံ၀င်ခွင်ကျ ဖြစ်သွားလေတော့သည်။
စိတ်ဝိညဉ်စွမ်းအင်များ သူ့ကိုယ်ထဲပြေးလွှားနေတုန်းဖြစ်သော်လည်း ကုအန် မတ်တပ်တော့ ရပ်နိုင်နေပြီ ဖြစ်၏။
ကုအန် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညဉ်စွမ်းအင်များကို သူ့ကိုယ်ထဲ နေရာချနေချိန် အသံတစ်သံထွက်ပေါ်လာခဲ့သည်။
“ဒီနေရာမှာ အဆင့်တက်နေတဲ့ တာအိုမိတ်ဆွေက ဘယ်သူများလဲ သိပါရစေ နောက်ပြီး ဘာလို့ကိုယ်ပိုင်ဂူထဲ အဆင့်မတက်ဘဲ ဒီမှာလာပြီးအဆင့်တက်နေခဲ့တာလဲ”
အသံပိုင်ရှင်သည် အလွန်လေးနက်နေပြီး သူ့စကားအရ ကုအန်အား အဓိပတိဂိုဏ်းသားတစ်ယောက်မဟုတ်ဟု သံသယရှိနေမှန်း သိသာပေသည်။
ကုအန် မည်သို့တုန့်ပြန်ရမည်မှန်းမသိဘဲ တွန့်ဆုတ်နေ၏။
သူသည် အစေခံတပည့်တစ်ယောက်ဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်အား အချိန်ခဏလေးအတွင်း တက်နိုင်ခဲ့၍ အပြင်စည်းဂိုဏ်းသားအဖြစ် အလွယ်တကူ၀င်ခွင့်ရမည်ဖြစ်သော်လည်း အန္တရာယ်များက ရှိနေသေးသည်။
ယနေ့ည သူ့ကြောင့်ဖြစ်သွားသော အသံသည် အလွန်ကျယ်လောင်သွားခဲ့၏။ အကယ်၍ ထိုလူနှစ်ယောက်သာ သူ့သရုပ်မှန်အား သိသွားပါက တတိယတစ်ယောက် စတုတ္တတစ်ယောက်လည်း ရှိလာနိုင်ပေသည်။ ထိုအခါ ထိုထဲမှတစ်ယောက်ယောက်က သူ့အပေါ်သံသယ၀င်ပြီး မကောင်းကြံလာနိုင်၏။
ကုအန်ထိုသို့တွေးမိနေသည်မှာလည်း မထူးဆန်းပေ။ အစေခံတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ရသောကြောင့် လူတွေ၏ ကြောက်စရာကောင်းသော စိတ်ထားကို သူအတော်လေး ရင်းရင်းနှီးနှီးသိပေသည်။
ကုအန် မျက်နှာဖုံးအား နွယ်ကြိုးများဖြင့် ချည်နှောင်နေရင်း သူ့မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။
မဖြစ်နိုင်ပေ။
သူ့ကိုယ်သူ ဖော်ထုတ်လိုက်ဖို့ မဖြစ်နိုင်ပေ။
ကုအန် သူ့ကိုယ်သူ ဒုက္ခတောထဲ ဆွဲမသွင်းနိုင်ပေ။ အပြင်စည်းတပည့်ဆိုသည်မှာလည်း သူ့အတွက် မရှိမဖြစ် လိုအပ်သော အရာမျိုး ဟုတ်မနေပေ။
အဓိပတိဂိုဏ်းသည် တပည့်များအား အလကားထောက်ပံ့ခြင်းမျိုး မဟုတ်ဘဲ အပြင်စည်းတပည့်များသည် ဂိုဏ်းတာ၀န်များကို ယူပြီး တစ်ခါတစ်ရံ လူသားကမ္ဘာသို့သွား၍ အန္တရာယ်များကိုပင် ရင်ဆိုင်ကြရသည်။
ကုအန် သူ့ကျင့်ကြံခြင်းတည်ငြိမ်သွားသောအခါ မတ်တပ်ရပ်လိုက်၏။ သူ့မျက်နှာပေါ်ရှိ မျက်နှာဖုံးသည် သူ့မျက်နှာနှင့်ကွက်တိကျနေပြီး မျက်လုံးနှစ်လုံးကိုသာ မြင်ရပေသည်။
ထိုအခိုက်တွင် ကုအန် ထိုလူနှစ်ယောက် တောင်ပေါ်မှဆင်းပြီး သူ့ဆီချဉ်းကပ်လာနေသည်ကို ခံစားလိုက်ရ၏။ ယခုအခါ သူတို့သည် သူ့အား ကျူးကျော်သူအဖြစ် သတ်မှတ်လိုက်ပုံရသည်။
ကုအန် ဘာမှမပြောဘဲ ဆိတ်ဆိတ်နေရဲခြင်းမှာလည်း ထိုလူနှစ်ယောက်၏ ကျင့်ကြံခြင်းသည် ထိုမျှ မြင့်မနေ၍ ဖြစ်သည်။ အကယ်၍ ကျင့်ကြံခြင်းအလွန်မြင့်သော လူတစ်ယောက်ဆိုပါက သူဘာမှစဉ်းစားနေမည် မဟုတ်ပေ။
ကုအန် ရုတ်တရက် နောက်လှည့်ကာ သစ်တောထဲသို့ ၀င်ပြေးသွားလေတော့သည်။
ဝှစ်…..
လေခွင်းသံတစ်ခု ကုအန်နောက်မှ ထွက်ပေါ်လာပြီး ကုအန် လှည့်ကြည့်လိုက်ရာ အေးစက်သောအလင်းတန်းတစ်ခု သူ့ဆီပျံဝဲလာမှန်း တွေ့လိုက်ရသည်။ ထိုအလင်းတန်း၏ နောက်တွင်မူ မိန်းမတစ်ယောက် ရှိနေခဲ့၏။
ထိုမိန်းမသည် ၀တ်စုံဖြူ၀တ်ဆင်ထားခဲ့ပြီး သူ့ညာလက်ကို မြှောက်ထားကာ ထိုလက်ဖဝါးမှစိတ်ဝိညဉ်စွမ်းအင်ဖြင့် ဓားကို ထိန်းချုပ်၍ ကုအန်ဆီပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။ ဓားသွားတွင် ကြမ်းတမ်းသော ဓားချီများ ရှိနေပြီး တောအုပ်ကိုဖြတ်၍ ကုအန်ဆီ ပျံသန်းလာခဲ့၏။
ချက်ချင်းပင် ဓားသည် ကုအန်နောက်ကျော တစ်ကိုက်အကွာသို့ ရောက်ရှိလာခဲ့သည်။
ကုအန် နောက်ပြန်လှည့်ကြည့်လိုက်ပြီး ဘယ်ခြေအား အနည်းငယ် လှည့်လိုက်ရာ ဓားသည် သူ့အား ကျော်၍ ဖြတ်ပြေးသွားခဲ့၏။
၀တ်စုံဖြူ၀တ်မိန်းမ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
သူ့ဓားအား ရှောင်ပြသွားသော ကုအန်၏ အလျင်သည် သူ့အားအံ့ဩသွားစေပြီး ခဏတာ ကြောင်အသွားစေခဲ့၏။
အချိန်သည် အလွန်နှေးကွေးနေပုံရသော်လည်း ထိုအချိန်သည် မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားခြင်း ဖြစ်သည်။
ကုအန် ဓားအား ဘယ်ခြေလှည့်၍ ရှောင်ပြီးသည်နှင့် ညာခြေနှင့် ထိုမိန်းမ၏ ဗိုက်အား အားဖြင့်ကန်ပစ်လိုက်၏။ ကန်ချက်အားခံလိုက်ရသောအခါ ထိုမိန်းမအသိစိတ်ပျောက်သွားခဲ့ပြီး သွေးအန်သွားခဲ့ရသည်။။
ဝုန်းး
ထို့နောက် နောက်သို့ လွင့်ထွက်သွားခဲ့ကာ သစ်ပင်ကြီးတစ်ပင်နှင့်တိုက်မိပြီး မြေပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။ သူ့အခြေအနေ မည်သို့ရှိလဲ မသိနိုင်ပေ။
“မင်းလုပ်ရဲတယ်လား”
ဒေါသတကြီးအော်သံတစ်ခု ထွက်ပေါ်လာပြီး ကုအန် သူ့ဆီသို့ အစိမ်းရောင်ပုံရိပ်တစ်ခု ချဉ်းကပ်လာသည်ကို မြင်လိုက်ရပြီး သူ့နောက်တွင် ပုံရိပ်ယောင်များပင် ကျန်နေခဲ့သည်။
မြန်လိုက်တာ!
ကုအန် အခြားသူများ၏ လှုပ်ရှားမှုသိုင်းများအား မမြင်ဖူးသောကြောင့် ယခုအချိန်တွင် ကြောက်လန့်ပြီး လေပြင်းအရိပ်မဲ့ခြေထောက်သိုင်းအား အလိုလိုထုတ်မိသွားခဲ့သည်။
သူ့တွင် တိုက်ခိုက်ရေးအတွေ့အကြုံမရှိပေ။ လောဘမိစ္ဆာနှင့် တိုက်ခိုက်တုန်းကပင် လက်ဝါးတစ်ချက်တည်းနှင့် ပြီးသွားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့်ယခုလို အစွမ်းထက်သော ပြိုင်ဘက်မျိုးနှင့်တိုက်ခိုက်ရသောအခါ သူအနီးသို့ အတင်းကပ်မသွားရဲပေ။
ထို့ကြောင့် နောက်သို့တစ်လှမ်းဆုတ်၍ သူ့ညာခြေတွင် စိတ်ဝိညဉ်စွမ်းအားများ စုစည်းထားလိုက်ပြီး ညာခြေဖြင့်သာ အပြင်းအထန် ကန်လေတော့သည်။
သူ့ခြေကန်ချက် ထွက်ပေါ်လာသည်နှင့် လေပြင်းများနေရာအနှံ့မှတိုက်ခတ်လာခဲ့၏။
အစိမ်းရောင်၀တ် ဓားကိုင်ထားသူဧ။် မျက်လုံးထဲတွင် ယခုအခါ ခြေထောက်အရိပ်များနှင့်သာ ပြည့်နှက်နေလေသည်။
လေထုထဲတွင် ဖုန်မှုန့်များပြည့်နေပြီး အပင်ဆယ်ပင်လည်း အတန်းလိုက် လဲနေခဲ့ကာ အစိမ်းရောင်ပုံရိပ်အား ဖုံးလွှမ်းနေသော ခြေထောက်ရိပ်များသည် ထိုလူအား ကန်ချလိုက်ပြီး နောက်သို့ ကိုက်တစ်ဒါဇင်လောက် လွင့်သွားစေခဲ့သည်။
ထိုအခါမှသာ ကုအန် သူ့ခြေထောက်ကို ပြန်ရုတ်လိုက်ပြီး တောထဲသို့ ပြေး၀င်သွားခဲ့၏။
တောအုပ်သည် ပြန်လည်ငြိမ်သက်သွားပြီး ဖုန်မှုန့်များလည်း မရှိတော့ပေ။ ဓားသမားမှာတော့ မြေပြင်ပေါ်လဲနေခဲ့ပြီး လှုပ်ရှားမှု ရှိမနေတော့ပေ။
……..
အာရုံတက်ချိန်တွင်
ရီလန် သူ့အိမ်ထဲမှ ထွက်လာခဲ့ပြီး သူ့အကျင့်အတိုင်း သူ့စီနီယာအစ်ကိုကြီးများ၏ ခြံ၀န်းဆီသို့ တစ်ချက်ကြည့်လိုက်၏။ ထိုအခါ ခြံစည်းရိုးများအလွန်တွင် သူတို့ပုံရိပ်အား တွေ့လိုက်ရသည်။
“သူတို့က တကယ်ကြိုးစားကြတာပဲ ငါလည်းနောက်ကျန်ခဲ့လို့ မဖြစ်ဘူး” ရီလန် သူ့ကိုယ်သူပြန်ပြောလိုက်ပြီး ကုအန်တို့ဆီ အမြန်သွားလိုက်သည်။
ခြံ၀န်းထဲသို့ရောက်သောအခါ ရီလန် ကုအန်ဆီ ချဉ်းကပ်သွားလိုက်ပြီး ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်၏။
“စီနီယာအစ်ကိုကြီး”
ကုအန်ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“စီနီယာအစ်ကိုကြီးဒီနေ့ အလုပ်လုပ်စရာရှိလို့လား” ကုအန် သူရိတ်သိမ်းသည့်အချိန်များတွင်သာ ၀တ်ဆင်လေ့ရှိသော အ၀တ်အစားများကို၀တ်ထားသောကြောင့် ရီလန် မေးလိုက်ခြင်း ဖြစ်သည်။
ကုအန် ပြန်ဖြေလိုက်၏။ “ဒီနေ့လည် အစ်ကိုကြီးတောင်ပေါ်တက်ဖို့ အစီအစဉ်ရှိလို့လေ”
ထိုအကြောင်း ဆက်မပြောတော့ဘဲ ရီလန် ပြောင်းပြောလိုက်သည်။ “မနေ့ညက ကြောက်စရာကောင်းတဲ့ လေထုကြီးတိုက်သွားသေးတယ်နော် အဲ့တာက ညီမလေးကို ကျင့်ကြံရင်းနဲ့ကို ကြောက်သွားစေတာ မတည်မငြိမ်ဖြစ်နေတဲ့ စိတ်ဝိညဉ်အတက်အကျတွေက ညီမလေးစွမ်းအင်စုပ်ယူနေတာကို နှောင့်ယှက်သွားမှာ ကြောက်တယ်လေ အစ်ကိုကြီး စီနီယာအစ်ကိုမုန့်ဆီက ကြားတာ အစ်ကိုကြီးအရင်တုန်းက မိစ္ဆာတစ်ကောင်တိုက်ခိုက်တာ ခံရဖူးတယ်ဆို အဲ့တုန်းက ဘယ်လိုဖြစ်သွားခဲ့တာလဲ”
ရှောင်ချွမ်နှင့် လုကျိကျား လေ့ကျင့်နေသည်ကို ကြည့်ပေးနေရင်း ကုအန် ထိုအဖြစ်အပျက်အား ပြန်ပြောပြလိုက်၏။
သူသည် အမြဲတန်းစိတ်ရှည်တတ်သူဖြစ်ပြီး ဘယ်သူနှင့်ပြောပြော စိတ်ရှည်ရှည်နှင့် ပြောတတ်ပေသည်။
တစ်နာရီခန့်ကြာသောအခါ သူ့ဂျူနီယာညီမလေးများ ထွက်သွားကြသဖြင့် ကုအန် အေးအေးဆေးဆေးအနားရခဲ့၏။ ကုအန် သစ်ပင်တစ်ပင်အောက်တွင် လဲလျောင်းလိုက်ပြီး လက်တစ်ဖက်တွင် အစိမ်းရောင်သူရဲကောင်းစာအုပ်ကို ကိုင်ကာ နောက်တစ်ဖက်တွင် ကြွက်ဖြူလေးကို ပွတ်ပေးနေရင်း သူ့အားလပ်ချိန်အား ခံစားနေခဲ့သည်။
ထိုအခိုက်တွင် မနေ့ညက သူရင်ဆိုင်ခဲ့ရသော လူနှစ်ယောက်အကြောင်းကိုလည်း ကုအန် စဉ်းစားနေမိလေသည်။
သူ့အစွမ်းအား ထိန်းချုပ်၍ တိုက်ခိုက်ခဲ့လေရော ထိုလူများမသေသွားဖို့သာ သူမျှော်လင့်နေခဲ့၏။
ကုအန် အတော်မလွယ်ကူဘူးဟုခံစားလိုက်ရပြီး သူ့တွင်လည်း ရွေးချယ်စရာမရှိ၍သာ လုပ်ခဲ့ရခြင်း ဖြစ်သည်။
ရွေးချယ်စရာရှ်ိပါက ကုအန်မည်သူ့ကိုမှ မသတ်ဖြတ်ချင်ပေ။
နေ၀င်ကာ လထွက်သွားခဲ့ပြီး နောက်တစ်နေ့ နေ့လည်အချိန်သို့ ပြန်ရောက်လာခဲ့ပြန်သည်။
ကုအန် ဆေးဥယျာဉ်ခြံစည်းရိုးတွင် မှီနေရင်း ပုံရိပ်နှစ်ခု ဆေးတောင်ကြားအ၀င်၀သို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရ၏။
ယောင်္ကျားတစ်ယောက်နှင့် မိန်းမတစ်ယောက်!
ကုအန် တိတ်တခိုးသက်ပြင်းချလိုက်မိသည်။ ထိုလူများ မသေခဲ့ကြပေ။
ကုအန် နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်ကိုသုံး၍ သူ့ကျင့်ကြံခြင်းကို ချီကျင့်ကြံခြင်းအဆင့် ၃ တွင်ဖိနှိပ်ထားလိုက်ပြီး သူ့အား မမှတ်မိတာ သေချာစေရန် ပြုလုပ်လိုက်သည်။
မကြာခင်တွင် ချန်းရွှမ်တန် သူ့အိမ်ထဲမှထွက်လာပြီး ထိုလူနှစ်ယောက်ဆီသို့ သွား၍ ဦးညွှတ်အရိုအသေပြုလိုက်၏။ သူ့ရှေ့တွင်ရှိနေသည်မှာ ၀တ်စုံဖြူ၀တ် အမျိုးသမီးနှင့် ၀တ်စုံပြာ၀တ် အမျိုးသားတစ်ယောက် ဖြစ်ပေသည်။
၀တ်စုံဖြူ၀တ်အမျိုးသမီးသည် အေးစက်ကာ လှပပြီး မက်မွန်သီးလိုမျက်လုံးလေးများ မိုးမခပင်ကိုင်းလိုမျက်ခုံးလေးများနှင့် သူ့လက်တစ်ဖက်တွင် ဓားအိမ်ကို ဆုပ်ကိုင်ထားလေသည်။ သူ့တွင် ချဉ်းကပ်၍မလွယ်သော မာနကြီးသည့် အရှိန်အဝါမျိုး ရှိ၏။
၀တ်စုံပြာ၀တ် အမျိုးသားသည်လည်း ခန့်ညားပြီး အရပ်ရှည်ကာ သူ့၀တ်စုံတွင် အဆင်တန်ဆာများပင် ၀တ်ဆင်ထားသေးသည်။ သို့သော်လည်း သူ့မျက်နှာမှာတော့ ဖြူလျော်နေခဲ့၏။
သူတို့နှစ်ယောက်လုံးသည် အပြင်စည်းတပည့်များဖြစ်ကြပြီး အမျိုးသားသည် ရှီယန်ဖြစ်ကာ အမျိုးသမီးသည် လီရွှမ်ယု ဖြစ်ပေသည်။
ချန်းရွှမ်တန် ရှေ့တွင် ရပ်နေရင်း ရှီယန် သူတို့လာရင်းရည်ရွယ်ချက်အား ပြောပြလိုက်၏။
ရှီယန်စကားအားနားထောင်ပြီး ချန်းရွှမ်တန် ပြန်ဖြေလိုက်သည်။ “ဒီရက်တွေထဲတော့ ဘယ်သူမှ ဆေးတောင်ကြားကိုမလာပါဘူးဗျ”
ချန်းရွှမ်တန်သည် နှစ်ပေါင်းတစ်ရာလောက် အသက်ရှင်လာခဲ့ပြီးဖြစ်လေရာ အရာအားလုံးကိုတွေ့ကြုံခဲ့ပြီးဖြစ်သောကြောင့် ထိုကိစ္စမျိုးကို ကောင်းကောင်းဖြေရှင်းတတ်ပေသည်။
ရှီယန် တောင်ကြားကိုတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။ “ခင်ဗျားတပည့်တွေကို ဒီကိုခေါ်လာပေးလို့ ရမလား”
ချန်းရွှမ်တန် ငြင်းစရာမရှိပေ။ နောက်လှည့်လိုက်ပြီး အော်ခေါ်လိုက်၏။ သူ့အသံအား ကြားသောအခါ ကုအန်တို့ ပြေးလာခဲ့ကြသည်။
“ရှောင်ချွမ် မင်းစီနီယာအစ်ကိုမုန့်ကို သွားရှာချေ” ချန်းရွှမ်တန် အမိန့်ပေးလိုက်သည်။
ထိုအခါ ရှောင်ချွမ်နောက်ပြန်လှည့်ပြီး မုန့်လန်အား သွားရှာလေတော့၏။
ရှီယန်နှင့် လီရွှမ်ယုတို့ ကုအန်တို့အား အကဲခတ်နေရင်း သူတို့မျက်ခုံးများ တွန့်ချိုးသွားသော်လည်း ဘာမှမပြောခဲ့ကြပေ။
ချန်းရွှမ်းတန်လည်း တိတ်ဆိတ်နေပြီး မုန့်လန်ရောက်အလာအား စောင့်နေခဲ့၏။
ထိုအခွင့်အရေးကိုယူပြီး ကုအန် သက်တမ်းစစ်ဆေးခြင်းလုပ်ဆောင်ချက်အား သုံးကာ စစ်ဆေးကြည့်လိုက်သည်။
[လီရွှမ်ယု: (အခြေခံတည်ဆောက်ခြင်းအဆင့်) : ၂၄/၂၄၅/၁၆၇၀]
[ရှီယန်:(အခြေခံတည်ဆောက်ခြင်းအဆင့်): ၂၅/၂၉၈/၁၃၀၄]
အံ့ဩစရာပဲ!
ပါရမီရှင်နှစ်ယောက်လုံးသည် အသက် ၂၀ ကျော်ရုံလေးနှင့် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိနေရုံမကဘဲ သူတို့သက်တမ်းများသည်လည်း ၁၀၀၀ ကျော်ရှိနေကြပြီး လီရွှမ်ယုဆိုလျှင် လီယထက်ပင် များနေသေးသည်။
နှစ်ယောက်လုံး၏ မျိုးရိုးသည်လည်း လီ ဖြစ်နေရာ ထိုကောင်မလေးသည် တော်၀င်မျိုးနွယ်မှ ဖြစ်နေသည်လော။
ကုအန် အံ့ဩသွားပြီး သူမနေ့က သူ့သရုပ်မှန်ကိုမပြလိုက်မိတာ ကံကောင်းသည်ဟု တွေးမိသွားသည်။
မကြာခင်တွင် ရှောင်ချွမ် မုန့်လန်အား ခေါ်လာခဲ့၏။
မုန့်လန်အားမြင်သောအခါ ရှီယန်မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ့ဘေးရှိ လီရွှမ်ယုကို စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။ “ညီမလေးလီ ဒီကလေးရဲ့ စိတ်ဝိညဉ်စွမ်းအင်တွေက မတည်ငြိမ်ဘူး ကျင့်စဉ်ဖောက်ပြန်တဲ့ လက္ခဏာတွေပြနေတယ် သူ့ကျင့်ကြံခြင်းအဆင့်က အတော်နိမ့်နေတယ်ဆိုပေမယ့် သူကငါတို့ရှာနေတဲ့လူနဲ့ တစ်ခုခုတော့ပတ်သက်နေရမယ်”
လီရွှမ်ယု မုန့်လန်အား ဖောက်ထွင်းမြင်နေရသလို စိုက်ကြည့်နေလေသည်။
ထို့နောက် ချန်းရွှမ်တန် မေးလိုက်သည်။ “လွန်ခဲ့တဲ့နှစ်ညက ဆေးတောင်ကြားနဲ့ မိုင်အတော်လေးဝေးတဲ့နေရာမှာ ကျင့်ကြံသူတစ်ယောက်က အဆင့်ချိုးဖျက်ခဲ့တယ် သူ့ကို မိစ္ဆာလမ်းစဉ်ရဲ့ သူလျှိုတစ်ယောက်လို့ သံသယရှိတယ် ဒီရက်တွေထဲ မင်းတို့တစ်ယောက်ယောက်ကို မြင်ခဲ့သေးလား”
အံ့ဩစရာပဲ!
မိစ္ဆာလမ်းစဉ်က သူလျှိုလား!
ကုအန် အပေါ်ယံ ကြောက်ချင်ယောင် ဆောင်နေလိုက်သည်။
မုန့်လန်မျက်လုံးများ ပြူးကျယ်သွားပြီး ပြန်မေးလိုက်၏။
“နောက်တစ်ခါ မိစ္ဆာတွေကျူးကျော်တာတော့ မဟုတ်ဘူးမလား”
“နောက်တစ်ခါ မင်းဘာကိုဆိုလိုတာလဲ” ရှီယန် မုန့်လန်အား စိုက်ကြည့်ရင်း မေးလိုက်သည်။
မုန့်လန် သူ့လျှာအားအငြိမ်မနေနိုင်ဘဲ အရင်တစ်ခေါက် လောဘမိစ္ဆာကျူးကျော်လာခဲ့ပြီး ထိုကိစ္စတွင် အတွင်းစည်းတပည့်တစ်ယောက်ပါ ပါ၀င်ခဲ့ကြောင်း ပြောပြလိုက်၏။ ရှီယန့်အမူအရာ အနည်းငယ် ပြောင်းသွားခဲ့သည်။
ဤနေရာသည် ထိုမျှ အန္တရာယ်များပါသလော။
ရှီယန် ရုတ်တရက် ထိုကိစ္စများအပေါ် စိတ်၀င်စားမှု ပျောက်ဆုံးသွားခဲ့၏။
ထိုအခွင့်အရေးကိုယူပြီး ကုအန် မေးလိုက်သည်။ “စီနီယာကြီးတို့ မိစ္ဆာကောင်ကို ရင်ဆိုင်ခဲ့ရတာဆိုတော့ သူနဲ့ပတ်သက်တဲ့ သဲလွန်စတွေ ကျွန်တော်တို့ကို ပေးခဲ့လို့ရလား”
အခြားသူများလည်း ခေါင်းညိတ်လိုက်သည်။ မိစ္ဆာဆိုသော စကားလုံးမှာ သူတို့စိတ်များအား တင်းကြပ်သွားစေခဲ့သည်။
ရှီယန် ပြောလိုက်၏။ “ညကအရမ်းမှောင်တော့ သူ့ခြေသိုင်းက အရမ်းမြန်တယ်ဆိုတာကိုပဲ မှတ်မိလိုက်တယ်”
အပိုင်း (၁၄)
နေ့စဉ်အစီအစဉ်၊ဆေးအဆိပ်
အရမ်းမြန်တဲ့ ခြေသိုင်းလား။
ရှောင်ချွမ် လုကျိကျားနှင့် ရီလန်တို့ သုံးယောက်လုံး အနည်းငယ် အမူအရာပျက်သွားကြသည်။ သူတို့ ကုအန်အား တွေးမိသွားကြသော်လည်း ကုအန်ဘက်လှည့်မကြည့်ခဲ့ကြဘဲ စိတ်ထဲတွင်သာ ထားခဲ့လိုက်၏။
မုန့်လန် မေးလိုက်သည်။
“ဘာကိုဆိုလိုတာလဲ မင်းတို့နှစ်ယောက်က သူလျှိုကို မနိုင်ခဲ့ဘူးလား”
ထိုသို့ ကြားလိုက်သောအခါ ရှီယန် မျက်နှာပျက်သွားခဲ့၏။
ထို့နောက် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ပြောလိုက်သည်။ “တကယ်တော့ သူက ငါတို့ထက်ပိုတော်တယ် ငါ့ကျင့်ကြံခြင်းအဆင့်က အခြေခံတည်ဆောက်ခြင်း အဆင့် ၅ ငါ့၀မ်းကွဲက အဆင့် ၄ ဒါပေမယ့် အဲ့ဒီမိစ္ဆာကောင်က ငါတို့ကို အလွယ်တကူပဲ အနိုင်ယူသွားခဲ့တယ် မင်းတို့ သိထားတာတစ်ခုခုရှိရင် ငါတို့ကိုပြောပါ ဒါမှမင်းတို့ကိုယ်တိုင် ဒုက္ခမရောက်အောင် ကာကွယ်နိုင်မှာ”
သူတို့၏ ကျင့်ကြံခြင်းအဆင့်များအား ပြောလိုက်သောအခါ မုန့်လန် ရှောင်ချွမ်နှင့် လုကျိကျားတို့ အကုန်လုံး အံ့ဩသွားကြသည်။
မုန့်လန် ကြောက်ရွံ့သွားပြီး အမြန်ထပ်မေးလိုက်၏။
“မင်းတို့ မနိုင်ဘူးဆိုရင် ဘာလို့သူ့ကိုလိုက်ရှာနေသေးလဲ ကူညီဖို့ အတွင်းစည်းတပည့်တစ်ယောက်ယောက် ခေါ်လာခဲ့ပါလား”
ရှီယန်ပြန်ပြောလိုက်သည်။ “ငါတို့မှာ ကိုယ်ပိုင်အကူအညီရှိလို့ပါ”
ရှီယန် စကားပြောမတတ်သော မုန့်လန်အား တဖြည်းဖြည်း ပိုကြည့်မရဖြစ်လာဖြစ်၏။
ကုအန်လည်း ၀င်ပြောလိုက်သည်။ “တကယ်လို့ အဲ့လူကသာ မိစ္ဆာလမ်းစဉ်က သူလျှိုဖြစ်ပြီး စီနီယာကြီးတို့ကိုလည်း အလွယ်တကူအနိုင်ယူနိုင်ခဲ့တယ်ဆိုရင် အဲ့တာက အကျိုးအကြောင်းမသင့်တော့ဘူး ကျွန်တော်မြင်ရသလောက် စီနီယာကြီးတို့ ဒဏ်ရာတွေကလည်း အရမ်းမများဘူး မဟုတ်လား ဒါဆို ဒီမိစ္ဆာ သဘောကောင်းလွန်းနေတာများလား”
ရှီယန် ကုအန်ကိုကြည့်ပြီး အတွေးတစ်ချက်ပေါက်သွား၏။ တွေးပြီးသည့်နောက် ပြန်ပြောလိုက်သည်။
“အဲ့တာက တကယ်တော့ ဆုံးဖြတ်ရခက်ပါတယ် အတွင်းစည်းတပည့်တွေရော အပြင်စည်းတပည့်တွေရောမှာ ကိုယ်ပိုင်ဂူတွေရှိကြတယ်လေ သူတို့ကအဆင့်ချိုးဖျက်ရင် အဲ့မှာပဲ ချိုးဖျက်ကြမှာပေါ့ အဲ့လိုနေရာကိုလာကြမှာမဟုတ်ဘူး ဒီနေရာမှာ မသမာတာတစ်ခုခုတော့ ရှိနေရမယ် မင်းတို့မှာတကယ်ပဲ ဘာသဲလွန်စမှမရှိဘူးလား”
လီရွှမ်ယု အပြင်စည်းဂိုဏ်းသားနှစ်ယောက်နှင့် မျက်လုံးချင်းမဆုံရဲဘဲ ကြောက်ချင်ယောင်ဆောင်နေသော ကုအန်အား အကဲခတ်ကြည့်နေခဲ့၏။
“ကြည့်ရတာ ကျွန်တော့်တပည့်တွေမှာ ဘာသဲလွန်စမှ မရှိတဲ့ပုံပါပဲ” ချန်းရွှမ်တန် ထူးဆန်းနေသော လေထုအား ၀င်ဖျက်ပေးလိုက်သည်။
ရှီယန် ထပ်ပြောချင်သေးသော်လည်း လီရွှမ်ယု အရင်၀င်ပြောလိုက်၏။
“ဒီလိုဆိုရင်တော့ ကျွန်မတို့ ထွက်သွားလိုက်ပါတော့မယ်”
ပြောပြီးသည့်နောက် သူချန်းရွှမ်းတန်အား တစ်ချက်အရိုအသေပြုလိုက်ကာ ထွက်သွားလေတော့သည်။
မုန့်လန်မှာတော့ လီရွှမ်ယုနောက်လိုက်မသွားခင် မုန့်လန်အား တစ်ချက်ကြည့်သွားခဲ့၏။
သူတို့ထွက်သွားသော အခါရှောင်ချွမ် ကုအန်ဘက်လှည့်ကာ တစ်ခုခုပြောဖို့ ပြင်လိုက်သော်လည်း ဘေးရှိရီလန်က တားလိုက်ပြီး လက်နှစ်ချောင်းကို နှုတ်ခမ်းပေါ်နေ၍ တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
ချန်းရွှမ်တန်လည်း ဘာမှဆက်မပြောတော့ဘဲ သူ့အိမ်သို့သာ ပြန်သွားခဲ့၏။
ရှီယန်နှင့်သူ့အဖော် ဆေးတောင်ကြားမှ ထွက်ခွာသွားသည်ကို ကြည့်ပြီးသောအခါ ကုအန်လည်း သူ့ခြံ၀န်းသို့ ပြန်ခဲ့လိုက်သည်။ သူ့နောက်တွင် အခြားသူများ လိုက်လာကြပြီး ရှောင်ချွမ်တစ်ယောက်မှာမူ တစ်ခုခုထပ်ပြောချင်နေသော်လည်း ပါးစပ်သာပိတ်ထားခဲ့ရ၏။
ကုအန် သူ့အားကြည့်လိုက်ပြီး ပြုံးရင်း မေးလိုက်သည်။
“ဘာလဲ မင်းအစ်ကိုကြီးခြေထောက်သိုင်းက အခြေခံတည်ဆောက်ခြင်းအဆင့် နှစ်ယောက်ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား”
ရှောင်ချွမ့်မျက်နှာ နီရဲလာပြီး လက်ကိုသာ ပွတ်နေခဲ့၏။
မုန့်လန် တဟားဟားအော်ရယ်ပြီး စိတ်ရှုပ်သွားပုံဖြင့် ပြောလိုက်သည်။ “မင်းအစ်ကိုကြီးက အခုမှ ချီကျင့်ကြံခြင်းအဆင့် ၃ မှာပဲ ရှိသေးတာ နောက်ပြီး သူလေ့ကျင့်တဲ့ လေဟုန်ကြွင်းခြေထောက်သိုင်းဆိုတာလည်း အပြင်စည်းဂိုဏ်းမှာ သာမန်အဆန်ဆုံး သိုင်းတွေထဲက တစ်ခုပဲ ဘယ်လိုဖြစ်လို့ သူက အပြင်စည်းတပည့်တွေပြောတဲ့ မိစ္ဆာသူလျှိုဖြစ်နိုင်မှာလဲ”
လုကျိကျားလည်း ခေါင်းညိတ်လိုက်သည်။ သူလည်း ကုအန်အား မိစ္ဆာသူလျှိုအဖြစ် လုံး၀ သတ်မှတ်မထားပေ။ သူ့အစ်ကိုကြီးသည် သူမြင်ဖူးသမျှလူထဲတွင် လူကြီးလူကောင်းအဆန်ဆုံး အကြင်နာဆုံး လူတစ်ယောက်ဖြစ်၏။
ရီလန် မကျေနပ်သည့်ပုံဖြင့် ၀င်ပြောလိုက်သည်။ “တကယ်လို့အဲ့တာက သာမန်ခြေထောက်သိုင်းပဲဆိုရင်တောင် အစ်ကိုကြီးက အဲ့တာကို ကျွမ်းကျင်အဆင့်ရောက်အောင် ကျင့်နိုင်မှာပဲ”
ကုအန် မုန့်လန်အား ခြေတစ်ဖက်တည်းဖြင့် အနိုင်ယူလိုက်သော ဖြစ်ရပ်သည် မုန့်လန်နားထဲပြန်မရောက်သေးပေ။ ထိုအကြောင်းသူ့အားမပြောရန် ကုအန်ပိတ်ထားလေရာ ကလေးများကလည်း ဘာမှမပြောကြပေ။
မုန့်လန် ခေါင်းယမ်းလိုက်ကာ သူ့ဂါထာများအား လေ့ကျင့်ရန် သစ်တောထဲ ထွက်သွားခဲ့သည်။
ရီလန် ဒေါသကြောင့် ပါးဖောင်းဖောင်းလေးများပင် တုန်ခါနေပြီး လက်သီးဆုပ်ထားမိ၏။
“ကောင်းပြီ အားလုံးဆက်ကျင့်ကြံကြတာပေါ့ အပြင်စည်းဂိုဏ်းကိုစောစော၀င်နိုင်အောင် ကြိုးစားကြမယ်” ကုအန် ပြုံး၍ ပြောလိုက်ပြီး သူ့ညီ ညီမလေးများကို လူစုခွဲလိုက်သည်။
တစ်နေရာတွင်
တောင်ပေါ် အထက်တွင် ရှီယန်နှင့် လီရွှမ်ယုတို့ ဓားပျံစီး၍ ဘေးချင်းယှဉ်ပျံသန်းနေကြ၏။ ဓားပျံအရှိန်အား ထိန်းထားကြပြီး သူတို့မျက်လုံးများသည် တောင်အနီးတစ်ဝိုက် စူးစမ်းရှာဖွေနေကြသည်။
“၀မ်းကွဲ ဆေးတောင်ကြားကတစ်ခုခုတော့ မှားနေတယ်လို့ ငါခံစားရတယ်” ရှီယန်ပြောလိုက်ရင်း သူ့မျက်လုံးထဲတွင်လည်း အေးစက်သောအလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
ထိုမုန့်လန်ဆိုသော ကောင်သည် အတော်လေးစိတ်တိုစရာ ကောင်းလှ၏။
ရှီယန် မုန့်လန်၏ ရုပ်ဆိုးဆိုးမျက်နှာကြီးအား ပြန်တွေးမိပြီး ပို၍ပင် ဒေါသထွက်လာခဲ့သည်။
လီရွှမ်ယု အမူအရာမှာတော့ အေးစက်နေပြီး ပြန်ပြောလိုက်သည်။ “ကျွန်မကတော့ အဲ့ဒီအစေခံတပည့်ပြောတာမှန်တယ်လို့ ထင်တယ် တစ်ဖက်လူက သူလျှိုတစ်ယောက်မဟုတ်ဘဲ သူ့မျက်နှာကို မဖော်ပြချင်ရုံပဲနေမယ် အဲ့ဒီအထင်မှန်ကြောင်း ကျွန်မတို့အခုထိ အသက်ရှင်နေသေးတာက သက်သေပဲ”
ရှီယန် မျက်ခုံးတွန့်သွားပြီး ပြောလိုက်သည်။ “အပြင်စည်းဂိုဏ်းထဲမှာ အဲ့လိုလူ ရှိပါ့မလား သူ့ကျင့်ကြံခြင်း အဆင့်က အခြေခံတည်ဆောက်ခြင်း အဆင့် ၉ လောက်ရှိလောက်တယ် နောက်ပြီး သူသုံးသွားတဲ့ ခြေသိုင်းကိုလည်း ငါအရင်ကတစ်ခါမှမမြင်ဖူးဘူး သူ့မှာနောက်ခံအကြီးကြီးတစ်ခုရှိမှာ သေချာတယ်”
“ငါတို့နောက်တော့ သိလာမှာပါ”
လီရွှမ်ယု ရှေ့တည့်တည့်သို့ကြည့်နေရင်း မျက်မှောင်ကြုံ့ထားကာ တစ်ခုခုကို တွေးမိနေသလို ပုံပေါ်နေခဲ့သည်။
ရှီယန် လည်းတိတ်ဆိတ်နေခဲ့၏။ သူတို့သည် အပြင်စည်းဂိုဏ်းမှ ပါရမီရှင်တပည့်များဖြစ်ကြပြီး မနေ့ညက သူတို့အား ရိုက်နှက်သွားသောသူသည် အပြင်စည်းဂိုဏ်းမှတစ်ယောက်ယောက်ဖြစ်သည်ဟု တွေးမိသောအခါ ထိုအရာကိုလက်ခံရန် သူတို့အတွက် အမှန်တကယ် ခက်ခဲလှသည်။
…….
နွေရာသီသို့ တဖြည်းဖြည်းရောက်ရှိလာခဲ့၏။ အဓိပတိဂိုဏ်း၏ နွေရာသီသည် တစ်ကမ္ဘာလုံး တွန့်လိမ်ကောက်ကွေးသွားမလောက်ပင် ပူလောင်လှသည်။ စိုက်ခင်းထဲတွင် မြေထွန်နေသော လုကျိကျားတစ်ယောက်ကိုယ်ပေါ်မှ အခိုးအငွေ့များပင် ထွက်နေခဲ့၏။
ယခုအခါ ကုအန်အသက်သည် ၂၁နှစ်ထဲ ရောက်နေပြီဖြစ်ပြီး သူ့ ခြံ၀န်းထဲတွင် ဆေးတာအိုအား လေ့ကျင့်နေခဲ့သည်။ သူ့ရှေ့တွင် အသေးစားဆေးမီးဖိုတစ်ခုရှိနေပြီး ဆူပွက်နေသော ဆေးရည်များကိုကြည့်ကာ ကုအန် သူ့လက်ထဲရှိ ဆေးရွက်များကို ထပ်ထည့်သင့် မထည့်သင့် တွေဝေနေခဲ့၏။
ဆေးတာအိုဆိုသည်မှာ တကယ်တော့ ကျွမ်းကျင်မှုတစ်ခုသာ ဖြစ်သည်။
ကုအန် လေ့ကျင့်ရင်း စိတ်ညစ်နေစဉ် မုန့်လန်တစ်ယောက် သူ့ခြံ၀န်းထဲသို့ အလောတကြီး၀င်သွားကာ အိမ်ထဲသို့၀င်သွားခဲ့၏။ အသက် ၁၀ ရှိုက်စာခန့်ကြာသောအခါ သူသေတ္တာတစ်လုံးကို သယ်ကာ ပြန်ထွက်လာခဲ့သည်။
“ကုအန် ငါအပြင်စည်းဂိုဏ်းတပည့်စာမေးပွဲဖြေဖို့ သွားတော့တယ် ငါ့ဖာသာနာမည်တစ်ခု တည်ဆောက်နိုင်ခဲ့ရင် မင်းကိုပြန်လာပြီးဂရုစိုက်ပေးမယ်ကွာ”
ထိုသို့ပြောပြီး မုန့်လန် စိတ်လှုပ်ရှားစွာ ထွက်သွားခဲ့၏။
အပြင်စည်းတပည့် စာမေးပွဲလား။
ကုအန် အံ့ဩသွားသည်။ မုန့်လန်သည် ချီကျင့်ကြံခြင်းအဆင့် ၇ သာ ရှိသေးသည် မဟုတ်ပါလား။ သူမည်သို့ အပြင်စည်းစာမေးပွဲ ဖြေလို့ရမည်နည်း။
အကယ်၍ တစ်ယောက်ယောက်သာ ထူးချွန်သော ပါရမီကို မထုတ်ပြနိုင်ပါက အပြင်စည်းတပည့်ဖြစ်ရန် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်သည်အထိ စောင့်ရမည်သာ။
ဤအရာသည် အဓိပတိဂိုဏ်းဖြစ်ပြီး ထိုက်ကန်မင်းဆက်၏ နံပါတ် ၁ ဂိုဏ်းဖြစ်ပေသည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသည် တတိယအဆင့်ဂိုဏ်းများတွင် တန်ဖိုးထားခံရနိုင်သော်လည်း အဓိပတိဂိုဏ်းတွင်မူ သူတို့သည် အပြင်စည်းဂိုဏ်းတပည့်များသာ ဖြစ်ကြ၏။
ကုအန် မုန့်လန် ထွက်သွားသည်အား ကြည့်နေရင်း ချန်းရွှမ်တန် သူ့အိမ်လှေကားမှဆင်းလာသည်ကို တွေ့လိုက်ရသည်။
ချန်းရွှမ်တန်သည် မုန့်လန်အား ဆေးတောင်ကြားအ၀င်၀သို့ လိုက်ပို့ခြင်းဖြစ်၏။
ကုအန် တစ်ခုခုတော့ မှားနေပြီဟု ခံစားမိသော်လည်း အကယ်၍ သူတားဖို့ကြိုးစားလျှင်တောင် မုန့်လန်ကိုတားလို့ရတော့မည် မဟုတ်ပေ။ ထိုကောင်သည် အပြင်စည်းတပည့်ဖြစ်ရန် အတော်လေးပင် စွဲလန်းနေခဲ့သည်။
“ဘာလို့ သူများကိုလိုက်ရှုပ်နေမှာလဲ ငါက အမတလမ်းစဉ်ကို လျှောက်လှမ်းနေတာပဲမလား တကယ်လို့ ငါသာ အမတတစ်ယောက်ဖြစ်သွားခဲ့ရင်ရော အေးအေးချမ်းချမ်းနေနိုင်မှာလား”
ကုအန် ထိုသို့တွေးလိုက်ရင်း သူ့အကြည့်များအား ရုတ်သိမ်းလိုက်၏။
ထို့နောက် ဆေးတာအိုအား ဆက်လက်လေ့ကျင့်နေရင်း မုန့်လန်အကြောင်းမတွေးမိအောင်သာ နေလိုက်သည်။
သူဆေးမီးဖိုရှေ့တွင် တစ်နေ့လုံး လေ့ကျင့်ပြီးသည့်နောက်တွင် ဆေးတောင့်တစ်သုတ် ဖော်စပ်နိုင်သွားခဲ့၏။
ညဉ့်သည်လည်း အလွန်မနက်သေးရာ ကုအန် ဆေးတောင်ကြားအပြင်သို့ ခိုးထွက်ခဲ့လိုက်သည်။
သူ မုန့်လန့်အတွက် ခိုးထွက်ခဲ့ခြင်းမဟုတ်ဘဲ သူ့ကျင့်ကြံခြင်းအတွက် ထွက်ခဲ့ခြင်းဖြစ်၏။ ရှီယန်နှင့် လီရွှမ်ယုတို့ ထွက်သွားပြီး ၂ လကြာကတည်းက ကုအန် သူ၏ နေ့စဉ်အစီအစဉ်အား စတင်ခဲ့သည်။
ညစဉ် ညဉ့်နက်သွားတိုင်း ကုအန် ဆေးတောင်ကြားအပြင်သို့ ခိုးထွက်ကာ သူ့ကျင့်ကြံခြင်းကို ၁ နှစ်တိုးလေ့ရှိခဲ့၏။
ထိုကျင့်ကြံခြင်းထဲသို့ သက်တမ်းပေါင်းထည့်ခြင်းသည် အသံအနည်းငယ်တော့ ထွက်ဆဲဖြစ်သော်လည်း ကျေးဇူးကြီးစွာဖြင့် အရင်လောက် အသံအကျယ်ကြီးမျိုးတော့ ထွက်မသွားခဲ့ဘဲ လျင်မြန်စွာ ပြန်ငြိမ်သွားတတ်သည်။
နောက်နေ့တွင် ကုအန် ညကစိတ်ဝိညဉ်စွမ်းအင် အတက်အကျတစ်ခုခု ခံစားခဲ့ရလားဟု ရီလန့်ဆီ စကားအစ်ကြည့်ရာ ဘာမှမခံစားခဲ့ရဘူးဟုသော အဖြေကို ရခဲ့၏။ ဤသို့ဖြင့် သူ့အစီအစဉ်လေးသည် ချောချောမွေ့မွေ့ဖြင့် အလုပ်ဖြစ်သွားခဲ့သည်။
သူ့နေ့စဉ်အစီအစဉ်လေးသည် ဖြည်းဖြည်းချင်း အောင်မြင်သွားမည်ဟု ကုအန် ယုံကြည်ပေသည်။
နေ့ရက်များ ကုန်ဆုံးသွားခဲ့၏။
လ၀က်ကုန်ဆုံးသွားချိန်အထိ မုန့်လန်နှင့်ချန်းရွှမ်တန်တို့ နှစ်ယောက်လုံး ပြန်မရောက်ခဲ့ရာ မုန့်လန်အတွက် အောင်မြင်နိုင်သည့် အခွင့်အရေး အတော်နည်းသွားပြီဟု ကုအန် သိလိုက်သည်။
အရင်က ကျန်းချွမ်းချူ အပြင်စည်းဂိုဏ်းသို့သွားလျှင် အများဆုံး ၇ ရက်သာ ကြာတတ်ပြီး အခုလောက် ကြာတာမျိုး မရှိဖူးချေ။
ရှောင်ချွမ်နှင့်အခြားတပည့်များမှာလည်း သူတို့ဆရာသခင်ပြန်မလာသေး၍ စိတ်ပူလာကြရာ ကုအန် သူတို့အားနှစ်သိမ့်ထား၍ ကျင့်ကြံခြင်း၌သာ အာရုံစိုက်ကြရန် ပြောဆိုထားလိုက်သည်။
နှစ်လာကြာပြီးနောက် နောက်ဆုံးတွင် ချန်းရွှမ်တန်ပြန်ရောက်လာခဲ့၏။
ချန်းရွှမ်းတန်ခေါင်းတွင် ဆံပင်ဖြူများနှင့် ပြည့်နှက်နေပြီး သူ့ဦးထုပ်ကိုလည်း မဆောင်းတော့ပေ။ သူ့ပုံစံသည် ရှောင်ချွမ်နှင့်အခြားသူများကို အံ့ဩသွားစေခဲ့ရာ သူ့အနားတွင်ဝိုင်းအုံလာကြတော့သည်။ ထိုအထဲတွင် ကုအန်လည်း ပါ၏။
“ငါအဆင်ပြေပါတယ် ရက်နည်းနည်းလောက်နားဖို့ပဲလိုတာ”
ချန်းရွှမ်တန် အားမရှိသည့်ပုံဖြင့် သူ့လက်များကိုမြှောက်၍ လုကျိကျားကိုရှေ့မှတွန်းဖယ်လိုက်ပြီး သူ့အိမ်ထဲသို့ ၀င်သွားခဲ့သည်။
ကုအန် မျက်မှောင်ကြုံ့မိသွား၏။
ချန်းရွှမ်တန်၏ ကျင့်ကြံခြင်းသည် စွမ်းအင်ကျင့်ကြံခြင်းအဆင့် ၂ သို့ ကျဆင်းသွားခဲ့ပြီး သူ့သက်တမ်းသည်လည်း ပိုတိုသွားခဲ့ကာ ယခုအခါ သူ့တွင် အသက်ရှင်စရာ ၂ နှစ်သာ ကျန်တော့သည်။
အစက ကုအန်ထင်ခဲ့သည်မှာ ချန်းရွှမ်တန်သည် မုန့်လန် ခန္ဓာကိုယ်အား လုယူခြင်း သို့မဟုတ် မုန့်လန်အားရုပ်သေးရုပ်အဖြစ်ပြောင်းလိုခြင်း တစ်ခုခုကို လုပ်ချင်ခဲ့သည် ဟုထင်ထားသော်လည်း ထိုအစား သူသည်သာ သေလုဆဲဆဲပုံစံမျိုးဖြင့် ပြန်လာခဲ့၏။
ချန်းရွှမ်းတန်အိမ်ထဲ၀င်သွားသော ပုံရိပ်အားကြည့်နေရင်း ကုအန် အတွေးနက်နေခဲ့သည်။
ရီလန်မှာတော့ ကုအန်သူ့ဆရာအား စိုးရိမ်နေသည်ဟုထင်ပြီး နှစ်သိမ့်လိုက်၏။
“စိတ်မပူပါနဲ့အစ်ကိုကြီး ဆရာကအဆင်ပြေသွားမှာပါ”
ကုအန်သူ့အားကြည့်၍ ပြုံးပြလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
သူ့ဂျူနီယာလေးများနှင့် စကားအနည်းငယ်ပြောပြီးသည့်နောက် ကုအန်တစ်ယောက်ထဲ ထွက်သွားခဲ့၏။
“ဆရာ တစ်ခုခုမူမမှန်သလိုခံစားရတယ်” လုကျိကျား ပြောလိုက်သည်။
ရှောင်ချွမ် ခေါင်းညိတ်လိုက်ကာ ဆက်ပြောလိုက်သည်။
“ဟုတ်တယ် တစ်ခုခုမှားနေတယ်”
ထို့နောက် လုကျိကျား ရှောင်ချွမ်နားနားသို့ ကပ်ကာ တီးတိုးပြောလေတော့သည်။
သူတို့ပြောနေချိန်တွင် ရီလန်မှာတော့ ထွက်ခွာသွားသော ကုအန် ပုံရိပ်အား ကြည့်နေခဲ့၏။
…..
ချန်းရွှမ်းတန်ပြန်လာပြီးသည့်နောက်တွင် သူသည် သူ့အခန်းထဲတွင်သာနေခဲ့ပြီး သူကုသခြင်းဂါထာများသုံး၍ ပြန်ကုသနေသည်ကို ကုအန် အာရုံခံမိနေခဲ့သည်။ သို့သော် သူ့အရှိန်အဝါမှာတော့ တစ်နေ့တခြား ပိုအားနည်းလာခဲ့၏။
နွေရာသီကုန်ခါနီးချိန်သို့ ရောက်သောအခါ ချန်းရွှမ်တန် သူ့အခန်းထဲမှ ထွက်လာခဲ့သည်။ သူကုအန်အား သူ့ဆီလာတွေ့ရန် ခေါ်လိုက်ပြီး ကုအန်လည်း ချက်ချင်းပင် ရောက်လာခဲ့၏။
“ဆရာ” ကုအန် ရိုရိုသေသေနှုတ်ဆက်လိုက်သည်။
ချန်းရွှမ်တန် ဆံပင်များသည် လုံး၀ဖြူဆွတ်နေပြီဖြစ်ပြီး သူ့နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးများလည်း ဖြူဆွတ်နေကြ၏။ ထို့အပြင် သူ့မျက်နှာပေါ်တွင် အညိုစက်အချို့ပေါ်နေရာ သူ့အသွင်အပြင်သည် အတော်ကြီးအသက်ကြီးသောလူတစ်ယောက်လို ဖြစ်နေခဲ့သည်။
“လာ ငါမင်းကိုအပြင်စည်းဂိုဏ်းဆီခေါ်သွားပေးမယ်” ချန်းရွှမ်းတန် သူ့မုတ်ဆိတ်များကိုဆွဲ၍ ပြုံးရင်းပြောလိုက်သည်။
ကုအန် ထုတ်မမေးဘဲ မနေနိုင်ခဲ့ပေ။
“ကျွန်တော်တို့က အပြင်စည်းဂိုဏ်းကိုဘာသွားလုပ်မှာလဲ ဆရာ”
“မင်းအနာဂတ်မှာ တောင်ကြားသခင်ဖြစ်မလာချင်ဘူးလား” ချန်းရွှမ်တန် ပြန်မေးလိုက်၏။
ထိုစကားအားကြားသောအခါ ကုအန် ရင်ခုန်သံများမြန်သွားပါသော်လည်း ချက်ချင်းပင် စိတ်ပူနေသည့်ပုံဖြင့် မေးလိုက်သည်။
“ဆရာ ဘာဖြစ်လို့လဲ ကျွန်တော့်ကိုမခြောက်ပါနဲ့”
ကုအန်စိတ်ပူနေသောပုံအား မြင်သောအခါ ချန်းရွှမ်တန်အကြည့်များ ပျော့ပြောင်းသွားရ၏။
“လာ လမ်းမှာပြောကြတာပေါ့” ချန်းရွှမ်တန်ပြောလိုက်ပြီး တောင်ကြားအပြင်ဆီ ဦးတည်သွားလေတော့သည်။
ကုအန် သူမရှိချိန် တောင်ကြားကိုဂရုစိုက်ရန် ရှောင်ချွမ်ကိုမှာခဲ့လိုက်ပြီး ချန်းရွှမ်တန်နောက် လိုက်သွားခဲ့၏။
တောင်ကြားမှ ထွက်လာပြီးသည့်နောက် ချန်းရွှမ်တန် တောအုပ်ဆီသို့ ဦးတည်သွားခဲ့သည်။ ယခုအခါ ဓားပျံလည်း မစီးနင်းနိုင်တော့ရာ သူတို့ အပြင်စည်းဂိုဏ်းသို့ ခြေလျင်သာ သွားရပေတော့မည်။
ရုတ်တရက် ကုအန် ရှောင်ချွမ်အား ရင်မှည့်ခါနီးသော ဆေးပင်များကို သူပြန်လာမှသာ ရိတ်သိမ်းဖို့ ပြန်သွားပြောချင်သွား၏။
ဆရာတပည့်နှစ်ယောက် တောအုပ်ထဲတွင် လျှောက်နေရင်း ကုအန်သူ့ဆရာအား ကူတွဲပေးဖို့လုပ်လိုက်ရာ ချန်းရွှမ်တန် ယဉ်ယဉ်ကျေးကျေးပင် ငြင်းပယ်ခဲ့သည်။
“ဆေးတောင်ကြားသခင်အတွက် ဂိုဏ်းရဲ့ထောက်ပံ့ကြေးက အကန့်အသတ်ရှိတယ် မင်းအနာဂတ်မှာ အစေခံတပည့်တွေခေါ်တဲ့အခါ သေချာဂရုစိုက်ဖို့လိုတယ် နောက်ပြီး မင်းတိကျတဲ့ ဆေးပင်ပမာဏတစ်ခုကိုလည်း နှစ်တိုင်းဂိုဏ်းဆီ ပို့ပေးရမယ်” ချန်းရွှမ်းတန်လမ်းလျှောက်ရင်း သာမန်ပုံစံဖြင့် ပြောနေခဲ့၏။
ကုအန် သေချာနားထောင်နေပုံပေါ်သော်လည်း သူသတိလည်းထားနေခဲ့သည်။
နောက်ဆုံးတွင် မုန့်လန်၏ကံကြမ္မာမှာ မသေချာသေးဘူး မဟုတ်လား။
ချန်းရွှမ်တန်၏ ခြေလှမ်းများသည် မမြန်ဘဲ သူတို့ဖြတ်သွားရသည်မှာလည်း တောင်များဖြစ်လေရာ နာရီ၀က်အတွင်း မိုင်အနည်းငယ်သာ ခရီးရောက်ခဲ့သည်။
ကုအန် စတင်စိတ်မရှည်ဖြစ်လာခဲ့သည်။ ဤပုံစံနှင့် သူတို့အပြင်စည်းဂိုဏ်းသို့ရောက်ရန် အချိန်မည်မျှ ယူရမည်နည်း။
သူ ချန်းရွှမ်းတန်အား သယ်သွားရန်ပင် ဆုံးဖြတ်မိသည်။
သူတို့ ချောင်းအသေးလေးတစ်ခုအား ဖြတ်ရစဉ် ချန်းရွှမ်တန် ရုတ်တရက်မေးလိုက်၏။
“မင်း မုန့်လန်ဘယ်မှာလဲဆိုတာ ဘာလို့မသိချင်တာလဲ”
ကုအန် ရှုပ်ထွေးသွားသည့်ပုံဖြင့် ပြန်မေးလိုက်သည်။
“သူက အပြင်စည်းတပည့်စာမေးပွဲ သွားဖြေတာမလား သူမအောင်ခဲ့လို့လား”
“ငါသူ့ကိုညာခဲ့တာ သူကငါ့ကြောင့်ဆေးအဆိပ်မိသွားပြီ”
ချန်းရွှမ်တန်ဖြေလိုက်ပြီး ရှေ့သို့သာ ဆက်သွားနေခဲ့၏။ သူ့ပုံစံမှာ နောက်မှကုအန်သူ့အား တိုက်ခိုက်လိုက်မည်ကို ကြောက်မနေသည့်ပုံပင်။
ထိုစကားအားကြားလိုက်သောအခါ ကုအန် အမူအရာမဲ့သွားခဲ့သည်။ ထို့နောက် သူတို့အနီးတွင် တစ်ယောက်ယောက်ရှိမရှိ ဂရုတစိုက်အာရုံခံလိုက်၏။