အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
အပိုင်း (၁၇)
တောင်ကြားသခင်အဖြစ် တာ၀န်ယူခြင်း
ကုအန် စိတ်ဝိညဉ်ကြွက်ဖြူလေး၏ သွားလာနိုင်စွမ်းကို အထင်သေးမိခြင်းဖြစ်သည်။ သူ ထိုကြွက်ကလေးနောက် ၁၀ မိုင်လောက် လိုက်လာခဲ့ပါသော်လည်း ထိုကောင်လေးသည် ရပ်တန့်မသွားသေးပေ။
ဆန်းကြယ်တောင်ကြားနှင့်ဝေးလာလေလေ ကုအန်၏စိတ်၀င်စားမှုများလည်း လျော့နည်းလာလေလေပင်။
ဆန်းကြယ်တောင်ကြားနှင့် မိုင် ၂၀ အကွာလောက်ရောက်လာသောအခါ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့် ၇ ဖြစ်သော်လည်း အန္တရာယ်ရှိသည်ဟု စတင်ခံစားလာရသည်။
ကံကောင်းစွာဖြင့် ကြွက်ဖြူလေးသည် ထိုနေရာအရောက်တွင် ရှေ့ဆက်မသွားတော့ပေ။ ဆန်းကြယ်တောင်ကြားနှင့် မိုင် ၂၀ခန့်ဝေးသောနေရာ ရောက်သောအခါ ရပ်တန့်ခဲ့၏။
ဤနေရာသည် တောင်ထူထပ်သောနေရာဖြစ်ပြီး ထိုတောင်များပေါ်မှ စမ်းချောင်းလေးတစ်ခု စီးဆင်းနေလေသည်။ ကြွက်ဖြူလေးသည် ထိုစမ်းချောင်း၏ ကမ်းစပ်တွင် ရပ်ခဲ့ခြင်းဖြစ်ပြီး ထိုနေရာအရောက်တွင် ပတ်ပတ်လည်လှည့်ပြနေခဲ့၏။
ကုအန် ထိုနေရာသို့ လျှောက်သွားလိုက်သည်။ စမ်းချောင်း၏ ကမ်းနှစ်ဖက်လုံးတွင် ပန်းပင်များနှင့်အပင်မျိုးစုံ ရှိနေကြပြီး အရွယ်အစားအမျိုးမျိုးသော ကျောက်တုံးများလည်း ရှိနေခဲ့ကြသည်။
ကုအန် ကြွက်ဖြူလေးကို ကောက်မလိုက်ပြီး ခြေသိုင်းကိုသုံး၍ ဤနေရာတစ်ဝိုက်လုံးအား ရှင်းလင်းလိုက်၏။
ဝုန်းးး
မြက်ပင်များနှင့် အမှိုက်များအားလုံး လွင့်ထွက်သွားကြပြီး မြေကွက်လပ်တစ်ခုပေါ်လာခဲ့သည်။ ကုအန်ထိုနေရာတစ်လုံးကို ခြေဝေ့ချက် တစ်ချက်တည်းဖြင့် ရှင်းခဲ့ခြင်း ဖြစ်၏။
မြေကွက်လပ်ပေါ် သေချာကြည့်လိုက်သောအခါ ကုအန် လေးထောင့်ပုံကျောက်ပြားတစ်ပြားအား တွေ့လိုက်ရသည်။
ဒါက ပိုက်အဖုံးလား။
ကုအန် ကျောက်ပြားနားကို သွားလိုက်ပြီး ထိုင်ချလိုက်၏။ ထိုကျောက်ပြားပေါ်တွင် ကုအန်တစ်ခါမှ မမြင်ဖူးသော ပုံစံများ ရေးထိုးထားသည်။
ကုအန် ထိုကျောက်ပြား၏ ထောင့်စွန်းများမှ စိမ့်ထွက်နေသော စိတ်ဝိညဉ်စွမ်းအင်များကိုလည်း အာရုံခံမိလိုက်ရာ ကြွက်ဖြူလေး ဤကျောက်ပြားအား ဘာကြောင့် ရှာတွေ့ခဲ့သလဲဟူသော အကြောင်းပြချက်ကို သိသွားခဲ့သည်။
အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသော ကျင့်ကြံသူများသည် နတ်အာရုံ ကိုရရှိကြ၏။ နတ်အာရုံဟူသည်မှာ မမြင်နိုင်သော အာရုံခံစွမ်းအားမျိုး ဖြစ်ပေသည်။ နတ်မျက်လုံးသည် ကောင်းကင်မျက်လုံးကဲ့သို့ဖြစ်ပြီး ထိုအာရုံနှင့် အရာ၀တ္ထုပစ္စည်းများကို ဖောက်မြင်နိုင်ရုံမက စစ်လည်းစစ်ဆေးနိုင်၏။
ကုအန် ထိုနတ်အာရုံကို သုံးခဲသော်လည်း သူ့၌ နတ်အာရုံမရှိတာတော့ မဟုတ်ပေ။ ကျင့်ကြံသူတစ်ယောက်သည် အခြေခံတည်ဆောက်ခြင်းအဆင့် ၇ သို့ရောက်သွားလျှင် နတ်အာရုံကို စတင်ကျင့်ကြံနိုင်ကြသည်။
ကုအန် ချက်ချင်း သူ့နတ်အာရုံကိုထုတ်၍ ကျောက်ပြားကို စစ်ဆေးလိုက်ကာ အောက်ပြားအောက်ရှိ နေရာလွတ်ကို ဖော်ထုတ်ရန် ကြိုးစားလိုက်သည်။
သို့သော် သူ့နတ်အာရုံ ကျောက်ပြားထဲ၀င်သွားသည်နှင့် ကျောက်ပြားထဲရှိ တစ်ခုခုက သူ့နတ်အာရုံအား စုပ်ယူသွားခဲ့ပြီး ကုအန် ခန္ဓာကိုယ်ကို တုန်ခါသွားစေခဲ့၏။
ဒီလောက်သန်မာတယ်လားဟ!
အခြေခံတည်ဆောက်ခြင်းအဆင်း၇၏ နတ်ဘုရားအာရုံပင် ဤကျောက်ပြားရှိ အတားအဆီးစွမ်းအားကို မချိုးဖောက်နိုင်ခဲ့ပေ။
ကုအန် ချီတုံချတုံဖြစ်သွားသည်။ ထိုမျှအားကောင်းသော အတားအဆီးနှင့်ဆိုပါက ထိုအထဲတွင် အန္တရာယ်များသောအရာတစ်ခုခု ရှိနနိုင်သည် မဟုတ်ပါလော။
မဖြစ်သေးဘူး။
သူ မဆင်မခြင်လုပ်လိုက်၍ မဖြစ်သေးပေ။
သူထိုကျောက်ပြားအား အရင်ဆုံး လေ့လာရန် လိုအပ်သေး၏။
ကုအန် ကြွက်ဖြူလေးကို သူ့လက်ပေါ်မှ ပြန်လွှတ်ပေးလိုက်ပြီး ကျောက်ပြားနားရှိ ကျောက်တုံးများ သစ်ပင်များ မြက်ပင်များကို သူ့နေရာနှင့်သူ ပြန်ထားပေးလိုက်သည်။ ကျောက်ပြားကို သေချာဖုံးအုပ်ပြီးသောအခါမှသာ ကုအန်သူ့ကြွက်လေးကို ခေါ်၍ တောအုပ်ထဲသို့ ပြန်၀င်ခဲ့လိုက်၏။
ကြွက်ဖြူလေးသည် တကွိကွိအော်နေသော်လည်း သူတတ်နိုင်တာလည်း ဘာမှရှိမနေပေ။
ကုအန် တောင်ကြားသို့ပြန်ရောက်သောအခါ တောင်ကြားမှတစ်ခါမှထွက်မသွားဖူးသလိုပင် ဤအကြောင်းအား ဘယ်သူ့ကိုမှ ပြောမပြခဲ့ပေ။
နောက်ညများတွင်လည်း ကုအန် သူ့နေ့စဉ်အလုပ်များအပြင် ကျောက်ပြား၏အခြေအနေကိုလည်းမကြာခဏသွားစောင့်ကြည့်နေခဲ့၏။
ထို့အပြင် ဝူရှင်း ညတိုင်းတောအုပ်ထဲသို့ ၀င်သွား၍ တစ်ခုခုကို ရှာဖွေနေသည်ကိုလည်း ကုအန် သတိထားမိခဲ့သည်။
ဝူရှင်း၏ ပုံစံများအရ သူ့တွင် သာမန်မဟုတ်သော သရုပ်မှန်တစ်ခုရှိနေမှန်း သိသော်လည်း ကုအန် ထုတ်မပြောခဲ့ပေ။
ချီကျင့်ကြံခြင်း အဆင့် ၂ တွင် သက်တမ်း ၃၀၀ ကျော်ရှိနေခြင်းမှာ ထူးခြားသောကျင့်စဉ်တစ်ခုခုအား ကျင့်ထား၍သာဖြစ်မှန်း ထင်ရှားလှ၏။
ကုအန် တစ်ခါက သူ့နတ်အာရုံကိုသုံး၍ ဝူရှင်း၏ ကျင့်ကြံခြင်းကို စစ်ဆေးဖို့ကြိုးစားခဲ့သော်လည်း သူ့ကျင့်ကြံခြင်းမှာ သာမန် ချီကျင့်ကြံခြင်း ကျင့်ကြံသူသာ ဖြစ်နေပြီး ဘာမှမထူးခြားခဲ့ပေ။
ဤသို့ဖြင့် ပူပြင်းလှသော နွေရာသီ ကုန်ဆုံးသွားခဲ့ပြန်သည်။
ဆန်းကြယ်တောင်ကြားကို ရွက်ဝါများကဖုံးလွှမ်းနေပြီး ကုအန် တောင်ကြားပတ်၀န်းကျင်တစ်ခုလုံးတွင် ဆေးဥယျာဉ် ၁၇ ခုထိ တိုးချဲ့နိုင်ခဲ့သည်။ စိုက်ခင်းပိုများလာသောကြောင့် ရှောင်ချွမ်နှင့်အခြားသူများကလည်း နေ့တိုင်း ကင်းလှည့်လေ့ရှိကြသည်။
ညနေခင်းတစ်ခုတွင်
ချန်းရွှမ်တန် ကုအန်အားခေါ်ပြီး မျက်ရိပ်ပြ၍ သူ့နောက်လိုက်ခဲ့ရန် ခေါ်ခဲ့၏။ ဆရာတပည့်နှစ်ယောက်သည် မြောက်ဘက်မှ တောင်ထိပ်တစ်ခုပေါ်သို့ အတူတူသွားခဲ့ကြသည်။
ကုအန် ချန်းရွှမ်တန်၏ ယိုင်နဲ့နဲ့ပုံရိပ်အား ရှုပ်ထွေးနေသော ခံစားချက်များနှင့် ကြည့်နေမိ၏။
ချန်းရွှမ်တန်၏ သက်တမ်းသည် ပိုမိုလျော့နည်းလာနေပြီး ဆိုလိုသည်မှာ သူမကြာခင်တွင် သေရပေတော့မည်။
ချန်းရွှမ်တန်သည် သူ့အားအချို့ကိစ္စများတွင် လှည့်စားခဲ့သော်လည်း သူ့အတွက် သူ့ကိုယ်သူ ပေးဆပ်ပြီးပင် ကူညီခဲ့သည်။ ထိုကဲ့သို့သော လူတစ်ယောက်သူ့ရှေ့တွင် သေဆုံးတော့မည်ဖြစ်ရာ သူ၀မ်းမနည်းဘဲ မနေနိုင်ခဲ့ပေ။
သို့သော်လည်း ၀မ်းမနည်းဖို့ သူ့ကိုယ်သူသာ နှစ်သိမ့်ဖို့ ကြိုးစားခဲ့ရ၏။
သူသည် ထာ၀ရသက်တမ်းကိုရရှိမည့် အမတလမ်းစဉ်သို့ လျှောက်လှမ်းနေခြင်း ဖြစ်သည်။ အနာဂတ်တွင်လည်း ဤကဲ့သို့ ခွဲခွာရခြင်းများ ကြုံတွေ့ရမည်ဖြစ်ရာ ၀မ်းနည်းနေ၍ မဖြစ်ပေ။ အနာဂတ်တွင် သူတဖြည်းဖြည်းကျင့်သား ရသွားမည်သာ။
သစ်ပင်များအား ရေလောင်းနေသော ဝူရှင်း သူ့ဆရာနှင့် ကုအန်တို့ ထွက်သွားသည်ကို မြင်လိုက်သောအခါ မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။
သူတိတ်တဆိတ်ကုအန်တို့ သွားသောလမ်းကြောငး်ကို မှတ်ထားလိုက်၏။ ထိုဘက်တွင် တောအုပ်၏ လျှို့ဝှက်ချက် ရှိရပေလိမ့်မည်။
တောအုပ်ထဲသို့ ရောက်သောအခါ ချန်းရွှမ်တန် ပြောလိုက်သည်။ “ငါမင်းကို မြေအောက်ဆီသွားတဲ့၀င်ပေါက်ဆီကို ခေါ်သွားနေတာ ဒီနေရာကို မင်းဂျူနီယာတွေကိုလည်း ပြောလို့မရဘူးနော် ဒီနေ့သူတို့က မင်းဂျူနီယာတွေဆိုပေမယ့် အပြင်လောကကိုရောက်ပြီး အတွေ့အကြုံရသွားတာနဲ့ သူတို့က သူစိမ်းတွေပဲ”
ကုအန် ပြန်မငြင်းခဲ့ပေ။ ဤသဘောတရားကို သူလည်းကောင်းကောင်းနားလည်၏။
ရှောင်ချွမ်နှင့် အခြားကလေးများသည် သူတို့၏ အပြင်စည်းတပည့်ရည်မှန်းချက်ကို မစွန့်လွှတ်နိုင်လေရာ သူတို့၏ ခွဲခွာခြင်းသည် မလွဲမသွေ ကြုံလာရမည့် အရာဖြစ်သည်။
အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ကုအန်မေးလိုက်၏။
“ဆရာ ဆရာကအရင်ကတည်းက ရွက်ဝါတစ်ထောင်မျှော်စင်ကလား ဒါမှမဟုတ် နောက်မှရွေးချယ်ခံလိုက်ရတာလား”
ချန်းရွှမ်တန်၏ ခြေလှမ်းများ ပိုလေးလာခဲ့သည်။ ထို့နောက် ဖြေလိုက်၏။
“ငါ့အဖြစ်ကလည်း မင်းလိုပဲ ဒီနေရာကို ငါ့ဆရာဆီက အမွေဆက်ခံခဲ့ရတာ”
ကုအန် ငြိမ်ကျသွားသည်။
ချန်းရွှမ်တန်သည်လည်း နစ်နာသူတစ်ယောက်ဟု သူရုတ်တရက် ခံစားသွားရသည်။
“ငါ့ဆရာအတွက် အလုပ်နည်းနည်းလုပ်ပေးပြီးတဲ့ေနာက် ငါဒီနေရာကို မငြင်းနိုင်တော့ဘူး ဒါပေမယ့် ဒီအတွက်တော့ နောင်တမရပါဘူး” ချန်းရွှမ်ဆန် ပြောလိုက်သည်။
ထိုစကားအား ကြားသောအခါ ကုအန်ဆက်ပြောချင်သေးသော်လည်း မြိုသိပ်ခဲ့လိုက်၏။
သူသည် ချန်းရွှမ်းတန်အတွက် ဘာအလုပ်မှ လုပ်မပေးခဲ့ပါသော်လည်း ထိုနေရာအား ငြင်းလို့ရခဲ့ပါသလော။
ချန်းရွှမ်တန် သူနှင့်သူ့ဆရာအကြောင်းများအား ပြန်ပြောပြနေခဲ့သည်။ သူ့ဆရာသည် တစ်ခါတရံတွင် တင်းမာခက်ထန်တတ်ပြီး တစ်ခါတရံတွင် နူးညံ့ပျော့ပြောင်းနေတတ်ကာ ခန့်မှန်း၍မရသော ကလေးတစ်ယောက်ကဲ့သို့လူဖြစ်၏။
သူ့စကားများထဲတွင် သူ့ဆရာသည် ဘယ်တော့မှ အသက်ကြီးမသွားသော ကလေးအိုကြီးတစ်ယောက်သာ ဖြစ်ပေသည်။
ထို့နောက် သူတို့နှစ်ယောက်သည် တောင်တစ်လုံး၏ နောက်ကျောဘက်ရှိ ခြုံနွယ်များဖုံးလွှမ်းေနေသာ ကျောက်နံရံတစ်ခုဆီ ရောက်သောအခါ ရပ်လိုက်ကြ၏။
“ဆရာ ဆရာ့ရဲ့ဆရာက သက်ရှိထင်ရှား ရှိနေသေးလား”
ကုအန် မေးလိုက်ပြီးနောက် သူ့မေးခွန်းကိုပင် သတိမရနိုင်တော့ပေ။
သူ့ရှေ့တွင် ရှိသော ကျောက်နံရံကြီးကိုသာ သူအာရုံစိုက်မိသွားသည်။ ထိုနံရံကြီးသည် မိစ္ဆာလမ်းစဉ်၏ သူလျှိုတစ်ယောက်ဖြစ်သော ချန်းရွှမ်တန်၏ ဆရာဖြစ်သူ ထားသွားခဲ့ခြင်းဖြစ်မည်ဟု ကုအန် သံသယ ရှိ၏။
ချမ်းရွှမ်တန် ပြန်ဖြေလိုက်သည်။ “သူက ငါတို့ကိုနှုတ်ဆက်ထွက်သွားပြီး တရားထိုင်ရင်းနဲ့သေဆုံးသွားတာ ပြီးတော့ ငါလည်း သူ့ခြေရာအတိုင်းလိုက်ရမှာပါ ငါမနက်ဖြန်ထွက်သွားတော့မယ် တောင်ကြားရဲ့ကိစ္စအ၀၀ကို မင်းကိုပဲ အပ်ခဲ့မယ်”
ကုအန် မျက်ခုံးများတွန့်ကွေးသွားခဲ့သည်။ သို့သော် ဤအရာသည် သူ့ဆရာ၏ဆုံးဖြတ်ချက်ဖြစ်ပြီး သူ၀င်စွက်ဖက်၍ မရပေ။
ချန်းရွှမ်တန် သူ့အင်္ကျီလက်အိုးထဲမှ သံလိုက်အိမ်မြောင်တစ်ခုထုတ်လိုက်ပြီး ကျောက်နံရံပေါ်ရှိ နွယ်ပင်အချို့ကိုဖယ်လိုက်ကာ အကွဲကြောင်းတစ်ခုထဲသို့ သံလိုက်အိမ်မြောင်ကို ထည့်လိုက်၏။ ထို့နောက် ထိုထဲသို့ စိတ်ဝိညဉ်စွမ်းအင်နည်းနည်းသွင်းလိုက်သောအခါ သံလိုက်အိမ်မြောင်သည် အလင်းရောင်အနည်းငယ် ထွက်လာခဲ့သည်။
ချန်းရွှမ်တန်၏ အသက်ရှူသံ ပို၍အားနည်းသွားသည်ကို ကုအန် ခံစားလိုက်ရ၏။
ချန်းရွှမ်တန် ဤနေရာ၌ပင် သေဆုံးသွားမည်ကိုပင် ကုအန် စိုးရိမ်သွားမိသည်။
ထို့နောက် ကျောက်နံရံတုန်ခါလာသော်လည်း အသံတော့မကျယ်ခဲ့ပေ။ ထို့နောက် ကျောက်နံရံတွင် ကုအန် ခေါင်းငုံ့၍ ၀င်ရလောက်သော အပေါက်တစ်ခု ပေါ်လာခဲ့၏။
ချန်းရွှမ်းတန်ပြောလိုက်သည်။ “၀င်သွားလိုက်”
ကုအန် တွန့်ဆုတ်နေပြီး ပြောလိုက်၏။ “ဆရာ ဘာလို့ကျွန်တော့်ကို သံလိုက်အိမ်မြောင် ပေးမထားတာလဲ ပေးထားလိုက်ရင် ဆရာထွက်သွားတဲ့ အခါကျ ကျွန်တော် ကိုယ့်ဖာသာ၀င်လို့ရတာပေါ့”
ချန်းရွှမ်တန်ပြုံးလိုက်ပြီး သံလိုက်အိမ်မြှောင်အား ကုအန်ဆီ လွှဲပေးလိုက်သည်။
ကုအန်တို့၀င်သွားသောအခါ ဂူပေါက် ဆီမှ ကျောက်တံခါးတစ်ခု ပေါ်ထွက်လာပြီး ဂူပေါက်အား ပြန်လည်ပိတ်ဆို့သွား၏။ ကျောက်နံရံမှာ သိသာမသိထားပါက ထိုအောက်တွင် ဂူပေါက်တစ်ခု လုံး၀မရှိခဲ့သလိုပင်။
ချန်းရွှမ်တန် ကုအန်အားခေါ်၍ ဂူပေါက်ထဲမှတစ်ဆင့် တောင်အောက်ဘက်သို့ ဆင်းလာခဲ့သည်။
“ဒီမြေအောက်မှာ သူ့ရဲ့ကိုယ်ပိုင်ပြီးပြည့်စုံတဲ့ ၀င်္ကပါတစ်ခုရှိတယ် အနာဂတ်မှာ မင်းသူများအသိခံလို့မရတဲ့ စိတ်ဝိညဉ်မြက်ပင်တွေ စိုက်ချင်ရင် ဒီအောက်မှာ လာစိုက်လို့ရတယ်” ချန်းရွှမ်တန် ကုအန်အား ချိုချိုသာသာပင် ပြောလိုက်သည်။
ကုအန် ဂရုတစိုက်နားထောင်နေရင်း စိတ်ထဲတွင်လည်း လွန်ဆွဲနေခဲ့၏။ သူ ချန်းရွှမ်တန်၏ သူ့အပေါ်သဘောထားနှင့် အပြုအမူများကြောင့် ပျော်ရွှင်မိသော်လည်း စိတ်ထဲတွင်တော့ အတော်လေး သတိထားနေဆဲ ဖြစ်သည်။
ဒီဂူထဲမှ မထွက်ရမချင်း သူစိတ်မအေးနိုင်ပေ။
ဘာပဲဖြစ်ဖြစ် ချန်းရွှမ်တန်မှာတော့ သေရတော့မည့်လူဖြစ်လေရာ သူသေပြီးမှသာ ကုအန်စိတ်အေးနိုင်ရပေလိမ့်မည်။
ချန်းရွှမ်တန် သေဆုံးပြီးသောအခါတွင်တော့ ကုအန် သူ့အုတ်ဂူကိုသွား၍ အမွှေးတိုင်မကြာခဏထွန်းကာ သူ့လေးစားမှုကို ပြမည် ဖြစ်၏။
တောင်အောက်ထဲသို့ ဆင်းသည့် ဆင်ခြေလျှောလမ်းသည် အတော်လေး ပြေပြစ်လှသည်။ မြေအောက်ထဲရှိ အရာမှန်သမျှကို ရှင်းပြနေသော ချန်းရွှမ်တန်၏ အသံသည် တောင်အောက်ထဲတွင် ခပ်တိုးတိုးဟိန်းထွက်နေခဲ့၏။ ကုအန်လည်း သေချာဂရုစိုက်နားထောင်နေလိုက်သည်။ တောင်အောက်ရှိ အရာများမှာ အတော်လေးအသေးစိတ်ကျလှပြီး ချန်းရွှမ်တန် လုပ်ကြံပြောဆိုေနပုံလည်း မပေါ်ပေ။
သူတို့ ဆေးတောင်ကြားသို့ ပြန်ရောက်သောအခါ ညအချိန်သို့ပင် ရောက်ရှိနေခဲ့သည်။
ကုအန်အတွက် ချန်းရွှန်းတန်၏ နောက်ဆုံးစကားမှာ
“ဘ၀ခရီးက အရှည်ကြီးပါပဲ တစ်ခါတလေ သာမန်ပါရမီလေးပဲရှိရတာလည်း ကောင်းတဲ့အရာပဲမဟုတ်လား ကိုယ်လုပ်ချင်တာကိုလုပ်လို့ရတယ်လေ”
ကုအန် ချန်းရွှမ်တန် သူ့အိမ်သို့ ပြန်သွားသည်ကို နောက်မှကြည့်နေခဲ့လိုက်၏။
ထိုနေရာတွင် တခဏကြာ ရပ်နေပြီးသောအခါ ကုအန်လည်း သူ့အိမ်သို့ ပြန်ခဲ့လိုက်သည်။
ဂျူနီယာညီလေးများအားလုံးသည် သူတို့အခန်းထဲတွင် ကျင့်ကြံနေကြပြီး ခြံ၀န်းသည် တိတ်ဆိတ်နေ၏။
ထိုညတွင် ကုအန်လည်း တစ်ညလုံး ကျင့်ကြံခဲ့လေသည်။
အာရုံတက်ချိန်မရောက်ခင်တွင် ကုအန် ချန်းရွှမ်တန်၏ ခြေသံကို ကြားလိုက်ရ၏။ သူပြတင်းပေါက်မှတစ်ဆင့် ချန်းရွှမ်တန် လှေကားမှဆင်းလာသည်ကို ကြည့်နေခဲ့သည်။
ချန်းရွှမ်တန် ဖြည်းဖြည်းမှန်မှန် လှေကားမှ ဆင်းလာခဲ့၏။
သူကုအန်ဘက်ကိုပင် လှည့်မကြည့်ခဲ့ပေ။ လှေကားအောက်သို့ ရောက်သောအခါ သူ့ရှေ့တည့်တည့်မှ ဆေးတောင်ကြား၀င်ပေါက်ကိုသာ တည့်တည့်ကြည့်နေခဲ့သည်။
ကုအန် သူ့ဆရာပုံရိပ် ဆေးတောင်ကြား၀င်ပေါက်မှ ပျောက်ကွယ်သွားသည်အထိ ကြည့်နေမိပြီး ပျောက်ကွယ်သွားတာကြာသည်အထိပင် ပြတင်းပေါက်တွင်သာ ရပ်ကြည့်နေမိသည်။
အရှေ့ဘက်တောင်တန်းများဆီမှ နေလုံးနီနီထိုးတက်လာပြီး တောင်ထိပ်များသို့ နေထိုးချိန်တွင် ပြတင်းပေါက်တွင် ရပ်နေသော ကုအန် အရိပ်လည်း ထွက်ပေါ်လာခဲ့၏။
ရှောင်ချွမ် လုကျိကျား ရီလန်နှင့် ဝူရှင်းတို့နိုးလာသောအခါ ဆေးတောင်ကြားတွင် တစ်ခုခုပျောက်ဆုံးသွားသလို သူတို့လည်း ခံစားလိုက်ရသည်။
ဘာမှားနေသလဲဆိုတာကို သူတို့လည်း အမြန်သိသွားကြ၏။ ပုံမှန်အားဖြင့် သူတို့နိုးလာချိန်တွင် စီနီယာအစ်ကိုကြီးက သူတို့အား ကျင့်စဉ်လေ့ကျင့်ခိုင်းပြီး ခန္ဓာကိုယ်အကြောလျှော့နည်းဖြစ်သော လင်းယုန်ပေါက်ကလေးပျံသန်းခြင်း ကဲ့သို့သော ပညာများနှင့် အချို့နက်နဲသော သိုင်းသဘောတရားအချို့ကို သင်ကြားပေးလေ့ရှိသည်။
ထူးဆန်းစွာဖြင့် ယနေ့တွင် သူတို့ကိုသင်ကြားပေးမည့် ကုအန် ရှိမနေပေ။
ညနေမတိုင်ခင်တွင် ကုအန်ပေါ်လာခဲ့ပြီး သူတို့အား စုစည်းခိုင်းလိုက်ကာ ချန်းရွှမ်တန် ထွက်ခွာသွားပြီဖြစ်ကြောင်းနှင့် ယနေ့မှစ၍ ဆေးတောင်ကြားသခင်သည် သူဖြစ်ကြောင်း ကြေငြာလိုက်၏။
ရှောင်ချွမ်တို့တစ်သိုက် စိတ်လှုပ်ရှားသွားကြပြီး ချန်းရွှမ်တန် ဘယ်ထွက်သွားသလဲဆိုတာကို မေးလိုက်ကြသည်။ လီယထွက်သွားပြီးကတည်းက ချန်းရွှမ်တန်သည် သူ့တပည့်များအပေါ် အများကြီးကောင်းခဲ့သောကြောင့် သူတို့၏ ချန်းရွှမ်တန်အပေါ် အမြင်သည် အလွန်ကောင်း၏။
ဝူရှင်းသာ ထိုမျှ စိတ်မလှုပ်ရှားသွားခြင်း ဖြစ်သည်။
နာရီ၀က်ခန့်ရှင်းပြပြီးသောအခါတွင်မူ ကုအန် ဂျူနီယာလေးများကို လူစုခွဲခိုင်းလိုက်၏။
ကုအန် တောင်ထိပ်တစ်ခုပေါ်တက်သွားပြီး ချန်းရွှမ်တန်ထွက်သွားသော ဘက်အား ကြည့်နေမိသည်။
ချန်းရွှမ်တန်၏ ပုံရိပ်လုံး၀ပျောက်ဆုံးသွားတာ သေချာသောအခါမှသာ ကုအန်ချန်းရွှမ်တန်၏ အခန်းထဲသို့ ၀င်ခဲ့၏။
ချန်းရွှမ်တန်၏ ဆေးမီဖိုသည် ရှိနေဆဲဖြစ်ပြီး ဆေးမီးဖိုဘေးရှိ စားပွဲပေါ်တွင်တော့ သိုလှောင်အိတ်တစ်လုံး စာများ သော့များနှင့် ရှုပ်ပွနေလေသည်။ ထိုပေါ်တွင် စိတ်ဝိညဉ်ပန်းအိုးတစ်လုံးပင် ရှိနေသေး၏။
ကုအန် စာကိုယူပြီး ဖွင့်ဖတ်လိုက်သည်။
“ချစ်ရတဲ့တပည့်လေး မင်းရဲ့စိတ်ဝိညဉ်ပန်းပင်တွေ ရိတ်သိမ်းရတာကြိုက်တဲ့ ရူးသွပ်မှုကို သိလို့ နှုတ်ဆက်လက်ဆောင်အနေနဲ့ အဆင့်၅ ကျားသွေးပန်းကို ထားခဲ့တယ်”
အပြုံးတစ်ခု ကုအန်မျက်မှာပေါ်တွင် ပေါ်လာခဲ့ပြီး သိုလှောင်အိတ်ကို ကောက်ယူလိုက်၏။
ထိုပစ္စည်းကို သူစိတ်အ၀င်စားဆုံး ဖြစ်သည်။
သိုလှောင်အိတ်မရှိသော ကျင့်ကြံသူ မည်သူရှိမည်နည်း။
ထို့နောက် ချန်းရွှမ်တန်ထားခဲ့သော အမွေအနှစ်များအား စစ်ဆေးလိုက်၏။
ညနေမစောင်းခင်တွင် ကုအန် ချန်းရွှမ်တန်အခန်းထဲမှ ထွက်လာခဲ့ပြီး သူထွက်လာသောအခါ သူ့ခါးတွင် အရင်ကချန်းရွှမ်တန် သိုလှောင်အိတ်ဖြစ်ခဲ့ဖူးသော ခရမ်းရောင်သိုလှောင်အိတ်တစ်လုံးကို ချိတ်ဆွဲထားခဲ့သည်။
ကုအန် မြောက်ဘက်တောင်ထိပ်ဆီသို့ ဦးတည်သွားလိုက်ပြီး ထိုနေရာရောက်သောအခါ သိုလှောင်အိတ်ထဲမှ သံလိုက်အိမ်မြောင်ကိုထုတ်၍ ကျောက်နံရံထဲရှိ အကွဲကြောင်းထဲ ထည့်လိုက်၏။
ထိုအခါ ဂျိန်းကနဲအသံကြီးနှင့်အတူ သူ့ရှေ့တွင် ဂူပေါက်တစ်ခု ပေါ်လာခဲ့သည်။
ကုအန် သံလိုက်အိမ်မြောင်ကို ပြန်ယူလိုက်ပြီး ဂူထဲ ခေါင်းငုံ့၀င်သွားလိုက်၏။ သူငါးလှမ်းခန့် ထိုသို့၀င်သွားပြီးသောအခါ ဂူပေါက်သည် ခေါင်းငံု့သွားစရာ မလိုတော့အောင် ပို၍ကျယ်လာခဲ့သည်။ သူရှေ့သို့ ဆက်သွားလိုက်သောအခါတွင်မူ သူ၀င်ခဲ့သော ဂူအ၀င်၀မှာ ပိတ်သွားလေတော့၏။
အပိုင်း(၁၈)
အနန္တအဆိပ်ဆန်းကြယ်သိုင်း၊ သက်တမ်း ၇၀၀၀
ဂူအ၀င်၀ လုံး၀ပိတ်သွားသောအခါ ကုအန် ဂူထဲသို့ ဆက်၀င်သွားခဲ့သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ၇ စွမ်းအားကြောင့် ကုအန် မှောင်မဲနေသော ဂူထဲတွင် နေ့ဘက်ကဲ့သို့ သွားလာနိုင်နေ၏။ ဂူကြီးမှာလည်း အလွန်ကျယ်၀န်းလှပြီး အရှည်မှာလည်း အဆုံးမဲ့သလိုပင် ဖြစ်နေခဲ့သည်။
ကုအန် ချန်းရွှမ်းတန်၏ ဆရာကို ပိုမိုစိတ်၀င်စားလာခဲ့၏။ မည်ကဲ့သို့သော ပုဂ္ဂိုလ်က ထိုမျှကြီးသော မြေအောက်ဂူကြီးတစ်လုံးကို တည်ဆောက်နိုင်ခဲ့သနည်း။
ဂူသည် အောက်ဘက်သို့ ဆင်းသွားရခြင်းဖြစ်ပြီး ကုအန်နာရီအနည်းငယ် ဆင်းသွားပြီးသော်လည်း ဂူအဆုံးကို မတွေ့ရသေးပေ။
ယခုအခါ သူတွေ့ခဲ့သော ကျောက်ပြာဧ။်းအောက်ခြေသည် ထိုဂူနှင့် ဆက်စပ်နေခြင်းဖြစ်မည်ဟု ကုအန် စဉ်းစားနေမိသည်။
သူ့ရှေ့ရှိ ဂူထဲမှ စိတ်ဝိညဉ်စွမ်းအားများပါသော လေတသုတ်တိုက်ခတ်သွားရာ ကုအန် အတော်လေးလန်းဆန်းသွားသလို ခံစားလိုက်ရသည်။
ဂူထဲတွင် အလင်းရောင်တစ်ခု စတင်ထွက်ပေါ်လာချေပြီ။ ထိုနေရာရှိ ဂူနံရံတွင် ရောင်စုံသလင်းကျောက်မျိုးစုံ ရှိနေပြီး ကုအန် နတ်အာရုံဖြင့် စစ်ဆေးလိုက်ရာ ထိုကျောက်တုံးများသည် စိတ်ဝိညဉ်ကျောက်တုံးများ ဟုတ်မနေ၍ စိတ်ပျက်မိသွားသည်။
ထိုအရာများသာ စိတ်ဝိညဉ်ကျောက်တုံးများဖြစ်နေခဲ့ပါက သူတစ်ချီတည်းနှင့် ပွပေါက်တိုးသွားရလိမ့်မည်။
ကုအန် ထိုသို့တွေးနေရင်း ရှေ့ဆက်သွားလိုက်၏။
သွားနေရင်း သူ့အာရုံကိုလည်း အမြင့်ဆုံးသတိကပ်ထားရသည်။ ချန်းရွှမ်တန်သည် သူ့အပေါ်အဆုံးထိ ကောင်းမွန်ခဲ့သော်လည်း မုန့်လန်အပေါ်သူ့လုပ်ရပ်က ကုအန်အား အခုထိ သတိထားသွားစေခဲ့၏။
အကယ်၍ ချန်းရွှမ်တန် သရုပ်ဆောင်နေခဲ့တာ ဆိုရင်ရော။
နာရီအနည်းငယ် ရှေ့ဆက်သွားပြီးသောအခါ ကုအန် သူ့ရှေ့တွင် အလင်းရောင်စူးစူးကိုမြင်လိုက်ရပြီး ရေသံများကိုလည်း ကြားလိုက်ရသည်။
ထွက်ပေါက်ကဒီမှာပဲ!
ကုအန် ရှေ့သို့ ဂရုတစိုက်ဆက်သွားလိုက်၏။ ဂူထွက်ပေါက်သို့ ရောက်သောအခါ သူ့ရှေ့ရှိ မြေအောက်နေရာလွတ်ကို ကြည့်ပြီး ကုအန်မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“ငါတကယ်ကြီး ချမ်းသာပြီ….”
ကုအန် သူ့ကိုယ်သူပြန်ပြောလိုက်ပြီး သူ့မျက်လုံးထဲတွင် ပျော်ရွှင်မှုများနှင့် ပြည့်နှက်သွားခဲ့၏။
သူ့ရှေ့တွင် ဆေးတောင်ကြားထက် အဆပေါင်းများစွာကျယ်သော မြေနေရာလွတ်တစ်ခုရှိနေခဲ့ပြီး အမြင့်မှာလည်း မြေပြင်မှ ဂူနံရံထိ ကိုက် ၁၀၀ ကျော်လောက် ရှိသည်။ ထိုနေရာလွတ်တွင် မီတာ ၁၀၀ ကျော်ရှည်ပြီး လူ တစ်ဒါဇင်လောက်ဖက်၍ရသော ဧရာမသစ်ပင်ကြီးတစ်ပင်လည်း ရှိနေခဲ့၏။ အပင်ကြီး၏ အကိုင်းအခက်များသည် တောက်ပနေကြပြီး မီးအိမ်များကဲ့သို့ အသီးများ သီးနေကာ သူ့အသီးများမှာလည်း အလင်းဖောက်၀င်နေသလို အပြာရောင်တောက်နေခဲ့သည်။
အပင်အောက်ခြေတွင် မြက်ခင်းအထူကြီးတစ်ခုရှိနေပြီး မြက်ခင်းဘေးတွင်တော့ ၂ကိုက်ခန့်ကျယ်သော မြေအောက်မြစ်လေးတစ်ခု စီးဆင်းနေ၏။
[နွယ်စိမ်းသစ်ပင်(အဆင့် ၇) : ၂၄၅/၉၉၉၉/၈၇၆၀၀]
အမြင့်ဆုံးနေနိုင်တဲ့ သက်တမ်း ၈၇၆၀၀!
နှစ် ၁၀၀၀၀ နီးနီး လက်ရှိေနနုိင်တဲ့ သက်တမ်း!
ထိုစာကြောင်းကိုမြင်ပြီး ကုအန် ထိုအပင်အား အမြစ်မှဆွဲနှုတ်ချင်စိတ်ပေါ်လာသော်လည်း သူ့စိတ်သူ ထိန်းထားလိုက်ရသည်။ (ဒီအပင်ကြီး ရိတ်သိမ်းလိုက်နိုင်လို့ကတော့ကွာ)
ချန်းရွှမ်တန် ပြောစကားအရ ဤအဆင့် ၇ သစ်ပင်ကြီးသည် ဂူကြီးတစ်ခုလုံး၏ သော့ချက်ဖြစ်ပြီး ဂူထဲရှိ ၀င်္ကပါကို ထိုသစ်ပင်ကြီးဖြင့် မောင်းနှင်နေခြင်း ဖြစ်သည်။ ထိုဂူထဲရှိ ၀င်္ကပါကသာ ဂူထဲရှိ ရတနာများကို ကြီးထွားစေနေခြင်း ဖြစ်၏။ သစ်ပင်ကြီးက စုစည်းပေးသော စိတ်ဝိညဉ်စွမ်းအားများကလည်း ဂူထဲတွင် စိုက်သည့်အပင်များကို အာဟာရဖြည့်ပေးနေပြန်သည်။
ကုအန်သာ ထိုအပင်ကြီးကိုဆွဲနှုတ်လိုက်ပါက သူစိုက်ပျိုး၍ရမည့် မြေနေရာလွတ်ကြီးတစ်ခုကို ဆုံးရှုံးသွားရပေလိမ့်မည်။
ဤနေရာသည် သူလျှို့ဝှက်နေထိုင်မည့် နေရာအနေနှင့်လည်း အသုံးပြုနိုင်သေးသည်။ ချန်းရွှမ်တန်၏ဆရာ တည်ဆောက်သွားသော ၀င်္ကပါများမှာ အလွန်ဈေးကြီးပြီးအဆင့်မြင့်သော ၀င်္ကပါများ ဖြစ်ကြသည်။ ဤနေရာတွင် အေးအေးေဆးေဆးကျင့်ကြံနုိင်ပြီး ဘာအသံမှမထွက်ဘဲ အဆင့်ချိုးဖျက်၍ပင် ရ၏။
ကုအန် ဂူထဲတွင် လှည့်ပတ်ကြည့်လိုက်ရာ အရပ်မျက်နှာပေါင်းစံုရှိ ဂူနံရံများပေါ်တွင်စိုက်ထားသော ကျောက်တိုင်မျိုးစုံကို တွေ့လိုက်ရသည်။ ထိုကျောက်တိုင်တစ်ခုချင်းစီတွင် မတူညီသော သင်္ကေတများရှိကြပြီး ဆန်းကြယ်သော ခံစားချက်ကို ပေး၏။
ကုအန် ဂူထွက်ပေါက်မှ ထွက်လိုက်ပြီး ကြည့်လိုက်သောအခါ သူ့ရှေ့ရှိ ကျောက်ပြားတွင်ထွင်းထားသော စာလေးလုံးကို တွေ့လိုက်ရသည်။
သဘာ၀ဂူရှစ်လုံး!
သူထိုစာလုံးများကို ခဏကြည့်လိုက်ပြီး ဂူတစ်လုံးထဲကို ၀င်သွားကြည့်လိုက်၏။
Translator note : (ဒီနေရာမှာ ဂူအကြောင်းနားမလည်မှာ စိုးလို့ရှင်းပြချင်ပါတယ် အလယ်မှာ နွယ်စိမ်းသစ်ပင်နဲ့ စိတ်ဝိညဉ်အပင်တွေ ရှိပြီး အဲ့အလယ်နေရာကို လာရတဲ့ လမ်းက ဂူရှစ်လုံးကနေ လာလို့ရတဲ့ အပေါက် ၈ ပေါက်ရှိတာပါ အခုကုအန်၀င်လာတဲ့ လမ်းက ဂူပေါက်တစ်ပေါက်ပါ)
လမ်းတစ်လျှောက်လုံးတွင် သက်တမ်းစစ်ဆေးခြင်းလုပ်ဆောင်ချက်ကို အဆက်မပြတ် ဖွင့်ထားခဲ့သည်။
ဤနေရာတစ်ခုလုံးတွင် အဆင့် ၃ အဆင့် ၄ စိတ်ဝိညဉ်မြက်များ ပန်းပင်များနှင့် ပြည့်နှက်နေ၏။ နွယ်စိမ်းပင်ကြီးနှင့် နီးလာလေလေ စိတ်ဝိညဉ်ပင်များ၏ အဆင့်မှာ ပိုမြင့်လေလေပင်။
ဤကဲ့သို့ လျှို့ဝှက်ရတနာများနှင့်ပင် ချန်းရွှမ်တန် အခြေခံတည်ဆောက်ခြင်းအဆင့်တက်ရန် အဘယ်ကြောင့် ကျရှုံးခဲ့ရပါသနည်း။
ကုအန် ချန်းရွှမ်တန်၏ သနားစရာပါရမီနှင့် ဆေးတာအိုကို ဘယ်လိုပြောရမည်ပင် မသိတော့ပေ။
အကယ်၍ သူ့ဆေးတာအိုညံ့ဖျင်းနေလျှင်တောင် သူဂူထဲရှိ ဆေးရွက်များကိုရောင်း၍ စိတ်ဝိညဉ်ကျောက်တုံးများရှာပြီး အဓိပတိဂိုဏ်းရှိ ဆေးတာအိုပညာရှင်များထံတွင် အကူအညီတောင်း၍ ရသည် မဟုတ်ပါလား။
ကုအန်အမြင်တွင် အဓိပတိဂိုဏ်းလို ဂိုဏ်းကြီးတစ်ခုအတွက် အခြေခံတည်ဆောက်ခြင်းအဆင့်လောက် အရင်းအမြစ်များမှာ ရှားပါးနေမည် မဟုတ်ပေ။
ဒါပေါ့ နောက်ဖြစ်နိုင်ချေတစ်ခုမှာ ချန်းရွှမ်တန် သူ့သရုပ်မှန်ပေါ်သွားမှာ ကြောက်နေခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
ကုအန် လျှောက်နေရင်း နွယ်စိမ်းပင်ခြေသို့ ရောက်လာခဲ့သည်။ ထိုနေရာတွင် ရပ်လိုက်သောအခါ ကုအန်အပင်ကြီး၏ အသက်စွမ်းအားအား ပိုခံစားမိသွား၏။
သူသစ်ပင်ကြီးအား ပတ်ကြည့်နေရင်း သဘာ၀လိုဏ်ဂူ ၈ လုံးဆီသို့ ၀င်ပေါက်မှာ တစ်ပေါက်ထဲမဟုတ်ဘူး ၈ ခုရှိမှန်း သိသွားခဲ့သည်။
ထို၀င်ပေါက်များထဲမှ တစ်ခုမှာ သူအရင်ကတွေ့ခဲ့သော ကျောက်ပြားရှိသည့်နေရာ ဖြစ်နိုင်သည်ဟု ကုအန် သံသယရှိမိ၏။
ကုအန် ထို ၈ ပေါက်လုံးကို ဖော်ထုတ်ရန်တော့ ယခုအချိန်တွင် အစီအစဉ်ရှိမနေသေးပေ။ ထို့နောက် ဆေးပင်များဘက် ပြန်လှည့်လိုက်ကာ ဆေးပင်တစ်ရာပေါင်းချုပ်ကျမ်းကို ထုတ်၍ ကုအန် အမျိုးအစားခွဲနေလိုက်သည်။
အကယ်၍ သူတို့သာ ရင့်မှည့်နေပါက သူချက်ချင်း ရိတ်သိမ်းပစ်ပြီးမှ ပြန်ရပေလိမ့်မည်။
ရိတ်သိမ်းပြီးသော ဆေးပင်များကို အပြင်စည်းဂိုဏ်းဆီယူသွားပြီး ပိုအဆင့်မြင့်သော ဆေးပင်မျိုးစေ့များနှင့်လဲလိုက်ပါက သူ့ဆေးဥယျာဉ်ပိုပြီး တိုးတက်လာနိုင်၏။
ထိုအတွေးသည် ကုအန်ကို စိတ်လှုပ်ရှားသွားစေခဲ့သည်။
အချိန် ၁ နာရီသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။ ကုအန် အဆင့် ၃ ဆေးပင် ၁၃၀ ရိတ်သိမ်းနိုင်ခဲ့ကာ သူ့သက်တမ်းမှာလည်း နှစ် ၅၀၀၀ ကိုပင် ကျော်လွန်သွားခဲ့သည်။
မိစ္ဆာသူလျှိုဟူသော သရုပ်ဖြစ်ရသည်မှာ တန်သည်ဟု ကုအန် ခံစားလိုက်ရ၏။
သဘာ၀ဂူ ၈ လုံးထဲတွင် များပြားလှသော ဆေးပင်များရှိနေခြင်းကြောင့် ကုအန်အလွန်ပျော်ရွှင်နေရသည်။ ယခု သူရိတ်သိမ်းလိုက်သော ဆေးပင်များသည် ဂူထဲရှိဆေးပင်များ၏ ဆယ်ပုံတစ်ပုံလောက်သာရှိပြီး အဆင့်မှာလည်း အနိမ့်ဆုံးအပင်များ ဖြစ်ကြ၏။
အနာဂတ်တွင် ဤနေရာသည် သူ၏ လျှို့ဝှက်ခံတပ်လေးတစ်ခု ဖြစ်လာပေလိမ့်မည်။
ကုအန်ငုံ့၍ ဆေးပင်များ ရိတ်သိမ်းနေရင်း ရုတ်တရက် အသံတစ်ခုကြားလိုက်ရ၍ အသံထွက်ပေါ်လာသော ဂူအ၀င်၀တစ်ခုကို ကြည့်လိုက်သည်။
ထိုဂူ၀သည် မဲမှောင်ပြီး ကြောက်စရာကောင်းပုံ ပေါ်နေ၏။
ကုအန် ဆေးပင်များမရှိသော ဘေးဘက်သို့ ရွှေ့လိုက်သည်။
ထိုနေရာရှိ အပင်များအားလုံးသည် စိတ်ဝိညဉ်ပင်များမဟုတ်ဘဲ သာမန်မြက်ပင်များအချို့လည်း ပါနေ၏။ အကယ်၍ တိုက်ပွဲတစ်ခုခုသာ ဖြစ်လာပါက သူ့ဆေးပင်လေးများ မထိခိုက်စေရန် သူဆေးပင်များနှင့် ဝေးဝေးနေရပေလိမ့်မည်။
ထိုဆေးပင်များသည် သူ့သက်တမ်းများ ဖြစ်ကြသည်။
ကုအန် မြေအောက်မြစ်ဘေးသို့ သွားလိုက်ပြီး ဂူအ၀င်၀ကို ဆက်ကြည့်နေလိုက်၏။
မကြာခင်တွင် သားရဲကြီးတစ်ကောင်ထွက်လာတော့မလို လေးလံသောေခြသံများ ဂူထဲမှ ထွက်ပေါ်လာလေသည်။
အမှောင်ထဲမှ ခြေသံများထွက်ပေါ်လာပြီး ဂူထဲမှထွက်ပေါ်လာသော ပုံရိပ်ကို တွေ့လိုက်ရသောအခါ ကုအန် မျက်မှောင်ကြုံ့သွားရသည်။
ထိုအရာသည် မုန့်လန် ဖြစ်နေ၏။
ထိုအခိုက်တွင် မုန့်လန်သည် ခြေဗလာနှင့် စုတ်ပြဲနေသော၀တ်စုံကို၀တ်ဆင်ထားကာ သူ့လည်ပင်းတွင်လည်း သွေးကွက်များ ရှ်ိနေလေသည်။ သူ့မျက်နှာသည် နီရဲနေပြီး မျက်လုံးထဲတွင်လည်း အနီရောင်သွေးကြောများပြည့်နှက်နေပြီး သူ့ ပါးစပ်မှ အဖြူရောင်မြူများကဲ့သို့ အရာများ ထွက်နေခဲ့၏။
“ဂါးးးး”
မုန့်လန်ဟိန်းဟောက်လိုက်ပြီး ကုအန်ဆီသို့ ကြမ်းကြုတ်စွာ ပြေး၀င်လာခဲ့သည်။
သူ့အလျင်သည် အလွန်မြန်နေပြီး ကုအန်နားသို့ ခဏလေးနှင့် ရောက်ရှိလာခဲ့၏။
ကုအန် နောက်သို့ ဆုတ်လိုက်ပြီး သူတို့ကြားရှိ အကွာအဝေးကို ထိန်းထားလိုက်သည်။
သို့ေသာ် သူတို့ကြားရှိ အကွာအဝေးသည် အမြန်ပင် ပြန်နီးလာခဲ့ပြန်၏။
နီးလာသောအခါ မုန့်လန် ပြေး၀င်လာပြီး ကုအန်ကို၀င်လုံးပစ်ရန် ကြိုးစားခဲ့သည်။ ကုအန် ဘေးသို့ ဝေ့ရှောင်လိုက်ကာ ဒူးဖြင့် မုန့်လန်ဗိုက်ကို တိုက်လိုက်ပြီး လေဝဲခြေကန်ချက် တစ်ချက် ကျွေးပစ်လိုက်၏။
ကုအန် သူ့ညာခြေထောက် ထုံသွားသောကြောင့် မျက်ခုံးတွန့်မိသွားသည်။
ကောင်းလိုက်တဲ့ ကောင်းကင်ဘုံ!
မုန့်လန်က ဘယ်လိုလုပ် ဒီလောက်မာသွားရတာလဲ!
လောဘမိစ္ဆာပင် မုန့်လန်လောက် မမာဘူးဟု ကုအန် ခံစားလိုက်ရသည်။ သူ့စိတ်ဝိညဉ်စွမ်းအားနှင့် ခွန်အားကို အပြည့်သုံးထားခြင်းမဟုတ်ပါသော်လည်း သူပျော့ပျော့လေး ကန်လိုက်ခြင်းမျိုးတော့ မဟုတ်ခဲ့ပေ။
မုန့်လန်ပြန်ရှင်လာနိုင်ဦးမလားဟူေသာ မျေှာ်လင့်ချက်ေကြာင့် သူအားကိုတော့ လျှော့ထားခဲ့သည်။
ထို့နောက် သူ့ညာခြေကို ယမ်းကာ ကုအန်ကို ထပ်ကန်လိုက်၏။
မုန့်လန် မြေပေါ်လဲကျသွားပြီး နာကျင်မှုကိုမခံစားရပုံဖြင့် ချက်ချင်းပင်ပြန်ထကာ ကုအန်ဆီ ထပ်ပြေး၀င်လာခဲ့ပြန်သည်။
ကုအန် ညာခြေဖြင့် သူ့ဆီပြေး၀င်လာသော မုန့်လန်အရှိန်လျော့သွားအောင် ကန်လိုက်ပြီး ဘယ်ခြေတွင် စိတ်ဝိညဉ်စွမ်းအားများစု၍ လေပြင်းအရိပ်မဲ့ခြေထောက်သိုင်း သုံးရန် ပြင်လိုက်၏။
ဂူထဲတွင် လေပြင်းများတိုက်ခတ်လာပြီး အရိပ်မဲ့ခြေကန်ချက်များသည် မုန့်လန်ပေါ် ကျရောက်လာပြီး သူ့အား ထပ်ပြီးလွင့်ထွက်သွားစေခဲ့ပြန်သည်။ သူ အကြိမ်တစ်ဒါဇင်ကျော် ပြန်ထလာနိုင်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ ရပ်တန့်သွားခဲ့၏။
သူ့ခြေလက်များ ကျိုးကြေသွားပြီး ဖြစ်မှန်း သိသာနေသည်။ သူပြန်ထရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် သူ့နှဖူးကိုသာ မြက်ပင်များနှင့် မိတ်ဆက်ပေးလိုက်ရ၏။
ကုအန် သူ့ခြေထောက်ကို ပြန်ရုတ်လိုက်ပြီး မျက်နှာပေါ်တွင် စိတ်၀င်စားသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
ချန်းရွှမ်းတန်၏ ဆေးအဆိပ်သည် ထိုမျှ အစွမ်းထွက်နေပါသလော။
မုန့်လန်သည် ပထမအဆင့်နှင့်ပင် ကြမ်းလွန်းပြီး လောဘမိစ္ဆာနှင့်ပင်ယှဉ်လို့ရသော အပြင်ခန္ဓာကို ပိုင်ဆိုင်နေခဲ့သည်။
ချန်းရွှမ်တန်သည် သူ့ဆရာနှင့်ပတ်သက်တာတစ်ခုခုကို ဖုံးကွယ်ထားဆဲဖြစ်သည်ဟု ကုအန် ပိုသေချာလာခဲ့၏။
ကုအန် မုန့်လန်ဆီသို့ သွားလိုက်ပြီး သူ၏ မိစ္ဆာကဲ့သို့ဖြစ်နေသော ခန္ဓာကိုယ်ကိုကြည့်ကာ ဘာဆက်လုပ်ရမယ် မသိဘဲ ချီတုံချတုံ ဖြစ်နေခဲ့သည်။
“ဘာဖြစ်ဖြစ် သူကသေနေပြီးသားပဲမလား ငါဘာလို့သူ့အရင်က ပုံစံကို ဂရုစိုက်နေရမှာလဲ”
ကုအန် မျက်လုံးထဲတွင် အလင်းတစ်ချက်လက်သွားပြီး သူ့ဘယ်ခြေထောက်တွင် စိတ်ဝိညဉ်စွမ်းအားများ စုစည်းလာ၍ လေပွေများ ဖြစ်ပေါ်လာတော့သည်။
ထိုအခိုက်တွင်
ကုအန် မုန့်လန်ကိုယ်လုံးထဲက ထွက်ကျလာသော စာအုပ်တစ်အုပ်အား တွေ့လိုက်ရ၏။ သူချက်ချင်းပင် စာအုပ်ကို အဝေးမှ စိတ်ဝိညဉ်စွမ်းအားသုံး၍ စုပ်ယူလိုက်သည်။
“အနန္တအဆိပ်ဆန်းကြယ်သိုင်း…”
ကုအန် အံ့ဩသွားပြီး စာအုပ်အား လှန်ဖတ်ကြည့်လိုက်၏။ ထိုအရာသည် ကျင့်စဉ်တစ်ခုဖြစ်ပြီး တိတိကျကျပြောရလျှင် မပြည့်စုံသော ကျင့်စဉ်တစ်ခုဖြစ်ပေသည်။ သူ့နောက်ဆုံးစာမျက်နှာတွင် စာသားများ ပါမလာခဲ့ပေ။
စာအုပ်ထဲတွင် အမတလမ်းစဉ် စဦးကျင့်စဉ်မှလွဲပြီး နောက်ပိုင်းတွင် အဆိပ် ငါးမျိုး ပါ၀င်၏။ တစ်မျိုးစီကို ပုံများဖြင့် ပြသထားသည်။ အဆိပ်များအား နှိုင်းယှဉ်ပြီးသည့်နောက် မုန့်လန်အား အရင်က ခေါင်းကိုက်ပြီး အသိစိတ်လွတ်သွားအောင် နှိပ်စက်ခဲ့သောအရာမှာ အဆိပ်ပိုးကောင် ဖြစ်မှန်း ကုအန် သိလိုက်ရ၏။
အလောင်းမီးတောက်အဆိပ်!
“အကျိုးသက်ရောက်မှုမှာ ခန္ဓာကိုယ်သည် မီးတောက်စွမ်းအင်ကို လက်ခံကာ အသားများသည် ကျောက်တုံးများကဲ့သို့ မာလာပြီး ကြီးမားသောခွန်အားကို ပိုင်ဆိုင်ရမည်…မည်သည့်ဆေး မည်သည့်သိုင်းနှင့်မှ ထိုခန္ဓာကို နာကျင်အောင်လုပ်၍ မရပေ။ ခန္ဓာကိုယ်ကျိုးပဲ့သွားမှသာ ရပ်တန့်သွားပေလိမ့်မည်။”
ကုအန် ထိုစာကြောင်းကိုဖတ်ပြီး မုန့်လန်အားကြည့်ပြီး ကရုဏာ သက်သွားမိ၏။
နုံချာလိုက်တဲ့ ကောင်လေး။
အနန္တအဆိပ်ဆန်းကြယ်သိုင်းတွင် အဆိပ်မီးတောက်အား ဖိနှိပ်သည့်နည်းလမ်းတစ်ခု ရှိပေသည်။ ကျင့်ကြံသူ၏ ဒွာရခုနှစ်ပေါက်အား ပိတ်၍ အဆိပ်ပိုးကောင်ကို စိတ်ဝိညဉ်စွမ်းအင် စုပ်မယူနိုင်အောင်လုပ်ပြီး လက်ခံသူကို လှုပ်ရှား၍မရအောင် လုပ်သည့်နည်း ဖြစ်သည်။
ကုအန် ချက်ချင်းပင် ရွှံ့ဖြင့် မုန့်လန်၏ ဒွာရ ခုနှစ်ပေါက်အား ပိတ်ပစ်လိုက်၏။ ထို့နောက် မုန့်လန် ၀င်လာခဲ့သော ဂူပေါက်အား ကြည့်လိုက်မိသည်။
သူထို၀င်ပေါက်တည်နေရာအား ချက်ချင်း မဖော်ထုတ်လိုခဲ့ဘဲ အနန္တအဆိပ်ဆန်းကြယ်သိုင်း ကိုသာ သူ့အိတ်ထဲထည့်လိုက်ပြီး ဆေးပင်ပြန်ခူးဖို့ လုပ်လိုက်၏။
အကယ်၍ ချန်းရွှမ်တန်၏ဆရာ အသက်ရှင်နေသေးသည်ဆိုလျှင်တောင် ချီကျင့်ကြံခြင်းအဆင့်သာရှိသော သူ့ကို လာတိုက်ခိုက်လိမ့်မည် မဟုတ်ပေ။ ဘာအန္တရာယ်မှ မပေးနိုင်သည့် ချီကျင့်ကြံသူလေးကို ဘယ်သူကဒုက္ခခံပြီး လာသတ်လိမ့်မည်နည်း။
ထိုသို့အချိန်ကြာသွားလေလေ ကုအန် အတွက် အကျိုးရှိလေလေ ဖြစ်သည်။
တစ်နာရီကြာပြီးနောက်
ကုအန် သဘာ၀ဂူရှစ်လုံးထဲမှ စိတ်ကျေနပ်မှုအပြည့်နှင့် ထွက်လာခဲ့၏။ သူ့သက်တမ်းမှာလည်း နှစ် ၇၀၀၀ ကိုပင် ရောက်ရှိသွားခဲ့သည်။
သူတတ်နိုင်သမျှ အဆင့် ၃ အပင်အားလုံးကို ရိတ်သိမ်းပြီးဖြစ်ပြီး ယခုအချိန်သည် နောက်နှစ်များတွင် ရင့်မှည့်လာမည့် မျိုးစေ့များ စိုက်ပျိုးရမည့် အချိန်ဖြစ်၏။
အဆင့် ၃ အပင်များအား ရိတ်သိမ်းပြီးသောအခါ အဆင့် ၄ အပင်များကို ရိတ်သိမ်းရပေလိမ့်မည်။
၀င်္ကပါ၏ တည်ငြိမ်မှု ပျက်မသွားစေရန် ကုအန် ရင့်မှည့်ပြီးသော အပင်များအားလုံးကို တစ်ခါတည်း မခူးခဲ့ပေ။ သူမျိုးစေ့အသစ်များကြဲ၍ အပင်သစ်များ စိုက်ပျိုးပြီး ဖြည်းဖြည်းချင်း တိုးတက်လာမည့် နည်းလမ်းကိုသာ ရွေးချယ်ခဲ့သည်။
ဆေးပင်များသည် ရင့်မှည့်သွားလျှင်လည်း ဆက်လက်အသက်ရှင်နိုင်ကြသေး၏။ ထိုသို့ ကြာကြာအသက်ရှင်နိုင်လေလေ ကုအန်လည်း သူတို့ဆီမှ သက်တမ်း ပိုရလေလေပင်။ သို့သော် သူတို့မှာလည်း အကန့်အသတ်တော့ရှိသေးသည်။ ထိုအရာကိုတော့ ကုအန်သေချာလေ့လာရပေလိမ့်မည်။
….
နောက်တစ်နေ့မနက်တွင် ဆန်းကြယ်တောင်ကြား၏ သခင်အသစ်ဖြစ်သော ကုအန်တစ်ယောက် သူ့အခန်းမှ အစောကြီးထလာပြီး သူ့ဂျူနီယာများကို ထွက်လာကြရန် အော်ခေါ်လိုက်၏။
ရှောင်ချွမ့်ကို နှိုးပြီးသောအခါ သူရီလန့်ခြံ၀န်းဆီသွား၍ နှိုးလိုက်ပြန်သည်။
“ဂျူနီယာညီမလေး ထွက်လာဖို့အချိန်ရောက်ပြီ” ကုအန် အော်လိုက်၏။
“ဟုတ်ကဲ့ပါ စီနီယာအစ်ကိုကြီး”
ရီလန် အမြန်ပြန်ပြောလိုက်ပြီး သူ့အစ်ကိုကြီးများထက်ပင် တက်ကြွနေခဲ့သည်။
ကုအန် ရှေ့သို့အကုန်ရောက်လာဖို့ အချိန်ဘယ်လောက်မှ မကြာခဲ့ပေ။
ကုအန် သူတို့အားလုံးကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
“ဂုဏ်ယူပါတယ် မင်းတို့ စီနီယာဦးလေးတွေဖြစ်ကြတော့မယ် ငါမကြာခင် တပည့်အသစ်တွေခေါ်ဖို့ရှိတယ် သူတို့ကငါ့တပည့်ဖြစ်လာရင် မင်းတို့ရဲ့ ဂျူနီယာတူလေးတွေပေါ့ကွာ”
ထိုစကားအား ကြားသောအခါ သူတို့စိတ်လှုပ်ရှားသွားကြပြီး သူတို့အနာဂတ်အား စတင်ဆွေးနွေးကြတော့၏။ ချန်းရွှမ်တန်အကြောင်းဘယ်သူမှ ထုတ်မပြောကြခြင်းမှာ သူတို့သည် နှလုံးသားမဲ့၍ရော ဂုဏ်သိက္ခာမဲ့၍ရော မဟုတ်ကြပေ။ ကိုယ်စီ စိတ်ထဲတွင် ချန်းရွှမ်တန်အကြောင်း နောက်လအထိ ဘယ်သူမှ ထုတ်မပြောရဘူးဟု သဘောတူထားကြခြင်းကြောင့် ဖြစ်သည်။
ကုအန် သူ့ဂျူနီယာလေးများအား အားတက်စရာစကားအနည်းငယ်ပြောလိုက်ပြီး ကြွက်သားများနှင့် အရိုးများ လေ့ကျင့်ရန် ဦးဆောင်ခဲ့ဧ။။် ထို့နောက်တွင်တော့ သူ သဘာ၀ဂူ ရှစ်လုံး ထဲသို့ ဆေးပင်အသစ်များ စိုက်ရပေဦးမည်။
သူ့ဘ၀သည် ပို၍အလုပ်ရှုပ်လာပေတော့မည်။