← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အပိုင်း(၂၁)

လီယပြန်လာခြင်း၊ လီမိသားစုနတ်လက်နက်

ကုအန် နွယ်စိမ်းသီးအား ပထမဆုံးတစ်ကိုက် ကိုက်ကြည့်လိုက်ရာ နွေးထွေးသောစွမ်းအင်တစ်ခု သူ့အစာအိမ်ထဲသို့ ၀င်ရောက်သွားပြီး ထိုစွမ်းအင်သည် တစ်ကိုယ်လုံးကို ပြန့်နှံ့သွားခဲ့သည်။

အလုပ်ဖြစ်တာပဲ!

ကုအန် သစ်သီးကို အားရပါးရစားပစ်လိုက်ပြီး မကြာခင်တွင် သစ်သီးတစ်လုံးလုံး ကုန်သွားခဲ့၏။

သူ့အစာအိမ်က အစာချေဖျက်တာကို ကုအန် စနစ်ဖွင့်ထား၍ ကြည့်နေရင်း စောင့်နေလိုက်သည်။

သို့သော် တစ်နာရီလောက်စောင့်နေပါသော်လည်း သူ့သက်တမ်းသည် လုံး၀ တက်မလာခဲ့ပေ။

တစ်ဖက်တွင်တော့ သူ့သွေးချီများ သိသိသာသာတိုးတက်လာခဲ့ပြီး သူ့အပြင်ခန္ဓာအားလည်း တိုးတက်လာခဲ့သည်။

“ဘာဖြစ်နေတာလဲ ငါ့အဆင့်ကမြင့်လွန်းလို့များလား ဒါမှမဟုတ် ဒီသစ်သီးက စိတ်ဝိညဉ်သားရဲနဲ့ မိစ္ဆာသားရဲတွေအတွက်ပဲ သင့်တော်တာလား” ကုအန် တစ်ယောက်ထဲ အံ့ဩမိနေ၏။

ကြွက်ဖြူလေးကို ကြည့်လိုက်သည့်အခါတွင်မူ ထိုကောင်လေးသည် စားပွဲပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေသည်။ သူ့သက်တမ်း ထပ်တိုးမလာတော့သော်လည်း သူ့အရှိန်အဝါမှာတော့ တဖြည်းဖြည်းပို မြင့်တက်လာခဲ့၏။

စောင့်ကြည့်ကြတာပေါ့!

ကြွက်ဖြူလေးသည် သုံးရက်လုံးအိပ်ပျော်နေခဲ့ပြီး သူပြန်နိုးလာသောအခါတွင်မူ သူ့အရွယ်အစားသည် အရွယ်ရောက်ပြီးသားကြောင်တစ်ကောင်အရွယ်အစားလောက် ဖြစ်သွားခဲ့သည်။ ကြွက်ဖြူလေး ကုအန်လက်မောင်းပေါ်ခုန်တက်ကာ ကပ်ချွဲနေသော်လည်း သူ့မျက်လုံးများကတော့ ဗီရိုနောက်ကိုသာ ကြည့်နေခဲ့၏။

“ထပ်မစားရတော့ဘူးနော်”

စာအုပ်တစ်အုပ်ဖတ်နေသော ကုအန် ကြွက်ဖြူလေးကို ဟန့်လိုက်သည်။ ထိုကောင်လေး ဒီထက်ပို၍ ကြီးလာလို့ မဖြစ်တော့ပေ။ သူသာဒီထက်ပိုကြီးလာပါက ရှောင်ချွမ်တို့အတွက် သံသယဖြစ်စရာ ဖြစ်သွားပေလိမ့်မည်။

လုကျိကျားနှင့်ရီလန်တို့သည် အပြင်စည်းဂိုဏ်းသို့ သွားကြမည့်သူများ ဖြစ်လေရာ ကုအန်သူတို့အား သူ့လျှို့ဝှက်ချက်များ သိမသွားစေလိုပေ။

ကြွက်ဖြူလေးကုအန်အား သနားစရာအကြည့်လေးနှင့် မော့ကြည့်ကာ ခေါင်းညိတ်ပြလိုက်ရာ ကုအန် မျက်လုံးပြူးသွားရသည်။

ဒီကောင် ငါပြောတာကိုနားလည်တယ်လားဟ!

ကုအန် သူ့ညာဘက်လက်အား ညွှန်ပြလိုက်ကာ ပြောလိုက်သည်။

“ဒီဘက်ကိုလာ”

ကြွက်ဖြူလေး တစ်ချက်မှတုံ့ဆိုင်းမနေဘဲ သူ့ညာဘက်လက်ဆီသို့ ခုန်ကူးလာခဲ့၏။

ကုအန် ထိုကဲ့သို့‌ ရိုးရှင်းသောအမိန့်များ ပေး၍ ကြွက်ဖြူလေးကို တစ်ခုပြီးတစ်ခုခိုင်းလေရာ အမိန့်မှာအလွန်မရှုပ်ထွေးသရွေ့ ကြွက်ဖြူလေးသည် သူခိုင်းသမျှကို လိုက်လုပ်နိုင်ခဲ့သည်။

နောက်ဆုံးတော့ ဒီကောင်လေး တကယ့် စိတ်ဝိညဉ်သားရဲလို ပြုမူလာခဲ့ပြီပဲ!

ကုအန် ကြွက်ဖြူလေးအား ကောက်ချီလိုက်ပြီး အိမ်ပြင်သို့ ထွက်လာခဲ့လိုက်၏။

ဆောင်းဦးရာသီဖြစ်သောကြောင့် ဥယျာဉ်များအားလုံးတွင် ရွက်ကြွေများနှင့် ပြည့်နှက်နေပြီး ရှောင်ချွမ်တို့ ထိုသစ်ရွက်များအား ရှင်းလင်းနေကြရာ ဆေးတောင်ကြားသည် အေးချမ်းနေလေတော့သည်။

ကုအန် လှေကားအောက်သို့ ရောက်သောအခါ ကြွက်ဖြူလေးကို ပြန်ချလိုက်ပြီး ပြောလိုက်၏။

“တွေ့ကရာ လျှောက်စားမနေနဲ့နော်”

ကုအန် ပြောပြီး သူ့ပါးစပ်အား လက်ညှိုးထိုးပြလိုက်ရာ ကြွက်ဖြူလေးနားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် လှည့်ထွက်ပြေးသွားလေတော့သည်။

ဘာလို့ ဒီကောင်က ယုန်တစ်ကောင်နဲ့တူနေတာလဲ

သူ့သက်တမ်းပဲ တိုးတက်သွားတာမဟုတ်ဘဲနဲ့ ဒီကောင့်မျိုးရိုးဗီဇရော ပြောင်းလဲသွားတာများ ဖြစ်နိုင်မလား။

ရီလန်သည် ကုအန်အား မကြာခဏရှာဖွေနေသူ ဖြစ်သောကြောင့် ကြွက်ဖြူလေးအား အရင်ဆုံး သတိပြုမိသူသည် သူဖြစ်သွားခဲ့သည်။ ထို့နောက် ကြီးမားသောကြွက်ဖြူကြီးတစ်ကောင် သူ့ဆီသို့ ပြေးလာသည်ကို တွေ့လိုက်ရသောအခါ ရီလန် ကြောက်လန့်ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့၏။

“ကြွက်မိစ္ဆာကြီး ကြွက်မိစ္ဆာကြီး!”

ရီလန် ကြောက်လန့်တကြား အော်ဟစ်လိုက်ရာ လုကျိကျားနှင့် ရှောင်ချွမ်တို့လည်း သတိထားမိသွားခဲ့သည်။

ထိုမျှကြီးမားသော ကြွက်ကြီးအား တစ်ခါမှမမြင်ဖူးသောကြောင့် သူတို့လည်း ရုတ်တရက် ကြောင်အသွားခဲ့ကြ၏။

“ကြွက်ဖြူလေး အရှိန်လျှော့ဦး!”

ကုအန် အသံအား ကြားလိုက်သောအခါ ကြွက်ဖြူလေး ချက်ချင်း ရပ်တန့်သွားခဲ့သည်။ ထို့နောက် ကုအန်အား တစ်ချက်ပြန်လှည့်ကြည့်ကာ အရှိန်လျှော့လိုက်ပြီး လမ်းလျှောက်၍သာ တောအုပ်ထဲ ၀င်သွားခဲ့၏။

ထိုမြင်ကွင်းအား မြင်လိုက်သောအခါ ရီလန်နှင့်အခြားသူများ သူတို့သန့်ရှင်းရေးကိရိယာများကို ချ၍ ကုအန်ဆီသို့ အမြန်ပြေးလာခဲ့ကြသည်။

“စီနီယာအစ်ကိုကြီးကု အဲ့တာအစ်ကိုကြီး အဖြူရောင်စိတ်ဝိညဉ်ကြွက်လား ဘာလို့အဲ့ကောင်က အခုလောက်ကြီးသွားရတာလဲ”

“အဲ့တာ အခြားအဖြူရောင်စိတ်ဝိညဉ်ကြွက်ပဲဖြစ်ရမယ် ဟုတ်တယ်မလား”

“ဒီကောင့်လမ်းလျှောက်ပုံက ကိုးယိုးကားယားနဲ့ သူ့ခြေထောက်တွေက သိပ်ကောင်းပုံမရဘူး”

“သူ့သွေးကြောတွေကြည့်ရတာ ရိုးရှင်းပုံတော့ မရဘူးနော်”

သူ့ဂျူနီယာလေးများ၏ တစ်ယောက်တစ်ပေါက်ပြောဆိုနေသည်များကို နားထောင်၍ ကုအန် ပြုံးပြီး ဘာမှပြန်မပြော‌ခဲ့ချေ။ သူတို့အား ထင်ရာမြင်ရာ ပြောခွင့်ပြုထားလိုက်၏။

ထို့နောက်မှ ကုအန် လူတိုင်းကို ပြောလိုက်သည်။

“အစ်ကိုကြီးမကြာခင် အပြင်စည်းဂိုဏ်းကို ခရီးတစ်ခုသွားစရာရှိတယ် ဘယ်သူအစ်ကိုကြီးနဲ့လိုက်ခဲ့မလဲ”

ကုအန် မေးလိုက်သောအခါ ဝူရှင်းမှလွဲ၍ လူတိုင်းသည် လိုက်ချင်သည်ဟု ချက်ချင်းပြန်ဖြေခဲ့ကြသည်။

“ဒါအခွင့်အရေးပဲကွ!” ဝူရှင်း အပြင်ပန်းတွင် မူမပျက်ချင်‌ေယာင်‌ေဆာင်နေခဲ့သော်လည်း စိတ်ထဲတွင်တော့ အတော်လေး လှုပ်ရှားသွားခဲ့၏။

အနည်းငယ် ငြင်းခုံကြပြီးသည့်နောက်တွင် ကုအန် ရီလန်နှင့် ရှောင်ချွမ်အား နောက် ၇ ရက် ကြာလျှင်သွားမည်ဟု စီစဉ်ထားသည့် အပြင်စည်းဂိုဏ်းသို့သွားမည့်ခရီးတွင် ခေါ်သွားရန် ရွေးချယ်လိုက်သည်။

အဘယ်ကြောင့် သူနောက် ၇ ရက်မှ သွားမည်နည်း။

ကုအန် သဘာ၀ဂူရှစ်လုံး၏ ၀င်ပေါက်များအား အရင်ဆုံးဖော်ထုတ်ရန် စီစဉ်ထားခြင်းကြောင့်ဖြစ်၏။

ထိုစဉ် ကုအန် တောင်ကြားအ၀င်၀သို့ လှည့်ကြည့်လိုက်ရာ တောင်ကြားဆီသို့ချဉ်းကပ်လာသော ပုံရိပ်တစ်ခုအား တွေ့လိုက်ရသည်။ ထိုပုံရိပ်သည် လီယ ဖြစ်၏။

နှစ်ပေါင်းများစွာကြာပြီးနောက် လီယသည် လောကဓံ၏ အထုအထောင်းကို အတော်လေးခံထားရပုံပေါ်ပြီး သူ့ပုံသည် ပို၍တင်းမာခက်ထန်လာခဲ့သည်။ သူ၏အနက်ရောင်၀တ်စုံသည် ဆောင်းဦးလေကြောင့် လှုပ်ခတ်နေလေ၏။ ခါးတွင်လည်း ဓားတစ်လက်ချိတ်ဆွဲထားလေရာ သူ့ဆီမှ မာနကြီးသောဓားသမားတစ်ယောက်၏ အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။

ရှောင်ချွမ်နှင့်အခြားသူများလည်း လီယ ကိုသတိထားမိသွားပြီး လီယ၏ပုံစံကြောင့် သူတို့ကြောက်ရွံ့သွားကြ၏။

သူတို့ဆေးတောင်ကြားဆီသို့ လာသောဧည့်သည်များသည် ယေဘုယျအားဖြင့် သူတို့ထက် ရာထူးအဆင့်အတန်းမြင့်ကြသူများသာ ဖြစ်နေတတ်ပြီး အထူးသဖြင့် ကြောက်စရာအကောင်းဆုံးမှာ သူတို့ရှေ့မှ လူမျိုး ဖြစ်ပေသည်။

ကုအန် လီယ၏ သက်တမ်းကို စစ်ဆေးကြည့်လိုက်ပြီး သူ့ကျင့်ကြံခြင်း အခြေခံတည်ဆောက်ခြင်းအဆင့် ၄ သို့ ရောက်နေသည်ကို တွေ့လိုက်ရ၏။

အတော်လေးကို မြန်တာပဲ!

ဒီကောင်ကငါပထမဆုံးတွေ့တဲ့ အဓိကဇာတ်ကောင်ကံကြမ္မာနဲ့ ကောင်မျိုးပဲ အံ့ဩစရာတော့မရှိပါဘူး!

ကုအန် ချက်ချင်းလီယဆီသို့ လျှောက်သွားလိုက်ပြီး အခြားသူများလည်း သူ့နောက်မှအမြန်လိုက်သွားခဲ့ကြသည်။

လီယ ဆေးတောင်ကြားတစ်ခုလုံးအား စစ်ဆေးကြည့်လိုက်ပြီး သူ့အကြည့်များ ကုအန်ဆီရောက်သွားသောအခါ ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။

အတိတ်တုန်းကဆိုလျှင် ကုအန်သည် အမြဲတမ်း အဖွဲ့၏နောက်တွင်သာနေလေ့ရှိပြီး အခုတော့သူသည် တပည့်အဖွဲ့တစ်ခုလုံးအား ရှေ့မှဦးဆောင်ထားလေသည်။ ထိုအရာသည် အမှန်တကယ်ပင် ထူးဆန်းနေခြင်းဖြစ်၏။

ကုအန် လီယဆီရောက်သောအခါ လက်ဆီးဆုပ်၍ နှုတ်ဆက်လိုက်ပြီး ပြုံးရင်းပြောလိုက်သည်။

“အစ်ကိုလီ မတွေ့တာကြာပြီနော်”

ဒဏ်ရာရနေတာလားဟ!

လီယ သွေးချီများ မတည်မငြိမ်ဖြစ်နေပြီး အသက်ရှူသံလည်းတိုးလျနေခဲ့ရာ သူအတွင်းဒဏ်ရာရထားမှန်း ကုအန် သတိထားလိုက်မိ၏။

လီယပြုံး၍ ပြောလိုက်သည်။ “တကယ်ပဲ နှစ်တွေအများကြီး ကြာသွားပြီပဲ ဆရာရောနေကောင်းလား နောက်ပြီးစီနီယာအစ်ကိုကြီးနဲ့ မုန့်လန်ရော”

ကုအန် အကူအညီမဲ့စွာ ပြန်ပြောလိုက်၏။

“ဆရာက သူ့အဆုံးသတ်နဲ့နီးကပ်နေပြီဆိုတော့ မကြာသေးခင်ကပဲ ဆေးတောင်ကြားကနေထွက်သွားခဲ့တယ် စီနီယာအစ်ကိုကြီးကလည်း အစ်ကိုထွက်သွားပြီးမကြာခင် ထွက်သွားခဲ့တာပဲ မုန့်လန်ကတော့ အပြင်စည်းဂိုဏ်းတပည့်စာမေးပွဲ သွားဖြေမယ်ဆိုပြီးတော့ ဘယ်တော့မှပြန်မလာတော့ဘူး”

ထိုစကားများကိုကြားလိုက်ရသောအခါ လီယ ကြက်သေသေသွားခဲ့သည်။

ရှောင်ချွမ်နှင့်အခြားသူများမှာ ကုအန်နောက်တွင် ရပ်နေရင်း လီယအကြောင်း တိုးတိုးတိုးတိုးပြောနေခဲ့ကြ၏။ မုန့်လန်တစ်ခါတလေပြောဖူးသော တော်၀င်မျိုးနွယ်တစ်ယောက် သူတို့နှင့်အစေခံတပည့်လာလုပ်သည် ဆိုသည့်အကြောင်းကို သူတို့လည်း တစ်စွန်းတစ်စ သိကြလေသည်။

လီယ လွမ်းဆွတ်သွားသည့်ပုံဖြင့် ပြောလိုက်၏။

“ဒီတော့ ဆေးတောင်ကြားမှာမင်းတစ်ယောက်တည်းပဲ ကျန်တော့တယ်ပေါ့”

ကုအန် မေးလိုက်သည်။ “အထဲမှာ အေးအေးဆေးဆေး သွားထိုင်ကြမလား”

လီယ ခေါင်းညိတ်လိုက်၏။

သူဆေးတောင်ကြားသို့ ရောက်လာရသည့်အကြောင်းအရင်းမှာ အလည်လာရန်သက်သက်သာမဟုတ်ဘဲ ဤနေရာသည် သူလုံခြုံသည်ဟု ခံစားရသော တစ်ခုတည်းသောနေရာဖြစ်သောကြောင့် သူ့ဒဏ်ရာကို ကုသရန်အတွက် လာခဲ့ခြင်း ဖြစ်သည်။

ကုအန် နှင့် လီယတို့ ကုအန်အိမ်ဆီသို့သွားနေရင်း ကုအန် ရှောင်ချွမ်တို့အား သစ်ရွက်ကြွေများ ပြန်သွားရှင်းရန် အချက်ပြလိုက်၏။

ကုအန်တို့ တောင်ကြားသခင်နေအိမ်သို့ရောက်သောအခါ လီယ လှေကားပေါ်တက်ရန် ခြေလှမ်းလိုက်ရင်း အမူအယာပျက်သွားခဲ့သည်။ ထို့နောက် သူမထိန်းနိုင်တော့ဘဲ ချောင်းဆိုးလိုက်ရင်း သူ့မျက်နှာမှာလည်း ဖြူဖျော့သွားခဲ့၏။

ရှေ့မှသွားနေသော ကုအန် မျက်နှာ အနည်းငယ်ပျက်သွားခဲ့သည်။

သူ လီယဆီမှ ထွက်ပေါ်လာသော စိတ်ဝိညဉ်စွမ်းအင်အတက်အကျကို အာရုံခံလိုက်မိသောကြောင့် ဖြစ်၏။

ဘုရားသခင်!

ဒီကောင့်မှာတကယ်ကြီး သူ့အဖိုးလိုမျိုး သူ့ကိုလိုက်စောင့်ရှောက်ပေးနေတဲ့ တစ်ယောက်ယောက်ရှိနေတာလား။

ကုအန် နောက်ပြန်လှည့်လိုက်ကာ စိုးရိမ်သွားဟန်ဖြင့် မေးလိုက်သည်။

“အစ်ကိုလီ ဘာဖြစ်လို့လဲ”

လီယ လက်ကာပြလိုက်ရင်း ပြန်ဖြေလိုက်၏။ “ဘာမှမဟုတ်ပါဘူး ဒဏ်ရာအသေးစားလေးပါပဲ”

“ဒဏ်ရာလား ဒါဆိုရင်တော့အစ်ကိုဆေးတောင်ကြားမှာ နေသင့်တယ် ဒီမှာက အသက်စွမ်းအားအတော်လေးကြွယ်၀တယ်လေ” ကုအန် ချက်ချင်း ပြန်ပြောလိုက်သည်။

လီယခေါင်းညိတ်ပြလိုက်ပြီး စိတ်ထဲတွင် တွေးလိုက်မိ၏။

“ဂျူနီယာညီလေးကုက အရင်လိုမျိုး တစ်ဖက်သားကို ညှာတာတတ်တဲ့စိတ်မျိုး ရှိတုန်းပဲ ဒီတစ်ခေါက်တော့ငါသူ့ကို အကူအညီတစ်ခုခု ပေးကိုပေးခဲ့ရမယ်”

အခန်းထဲသို့ရောက်သောအခါ ကုအန် လီယကိုထိုင်ခိုင်းလိုက်ပြီး သူကရေနွေးအိုးသွားတည်လိုက်သည်။

လီယ အခန်းကိုလှည့်ပတ်ကြည့်ရှုနေရင်း သူ့အကြည့်သည် ဗီရိုထဲတွင်ရှိသော နွယ်စိမ်းသစ်သီးများဆီ ရောက်သွားခဲ့၏။

လွန်ခဲ့သော သုံးရက်ကတည်းက ကုအန် သူ့နွယ်စိမ်းသီးများကို ကြွက်ဖြူလေးအကုန်ခိုးစားသွားမည့်ရန်မှ ကာကွယ်ရန် နှစ်လုံးကိုသာ ဗီရိုထဲချန်ထားခြင်းဖြစ်ပြီး ကျန်အလုံးများကို သူ့သိုလှောင်အိတ်ထဲ ထည့်သိမ်းထားပြီးသား ဖြစ်သည်။

အကယ်၍ ကြွက်ဖြူလေးသူ့သစ်သီးများကို အကုန်ခိုးစားသွားလျှင်တောင် သူထိုကောင်လေးအားမသတ်ရက်လေရာ သစ်သီးများကို ဖွက်ထားခြင်းမှာသာ အကောင်းဆုံးဖြစ်၏။

“ဒီသစ်သီးက…”

လီယ မျက်လုံးများကျဉ်းမြောင်းသွားသော်လည်း ထိုနေရာကို အကြာကြီး စိုက်ကြည့်မနေခဲ့ပေ။ မကြာခင်တွင် သူ့အကြည့်များက ကုအန် ဆီ ပြန်ရောက်သွားခဲ့သည်။

နှစ်ပေါင်းများစွာကြာမှ ကုအန်ကိုပြန်တွေ့ရသောအခါ သူ ကုအန်ပုံစံကြောင့် အတော်လေး အံအားသင့်သွားခဲ့ရ၏။ အရင်ကတည်းက ကုအန်သည် ကြည့်ကောင်းသောကောင်လေးတစ်ယောက်ဖြစ်သော်လည်း ယခုကဲ့သို့ အရှိန်အဝါမျိုးကိုတော့ ပိုင်ဆိုင်မထားခဲ့ပေ။ ယခုသူ့အား ကြည့်ရသည်မှာ အတွင်းစည်းဂိုဏ်းထဲရှိ အကြီးအကဲတစ်ယောက်ယောက်နှင့် တွေ့နေရသလို လီယ ခံစားနေရသည်။

အကယ်၍ ကုအန်၏ ကျင့်ကြံခြင်းအရှိန်အဝါမှာသာ ချီကျင့်ကြံခြင်းအဆင့် ၄ ဟု သူမြင်မနေရပါက ကုအန်အား သူသိခဲ့ဖူးသောသူ ဟုတ်မဟုတ် သံသယ၀င်မိပေလိမ့်မည်။

ရေနွေးမဆူသေးသည်ကို အခွင့်ကောင်းယူပြီး ကုအန် လီယနှင့်စကားပြောရန် စားပွဲတွင် ဝင်ထိုင်လိုက်၏။

သူတို့ကြားရှိလေထု အေးစက်မသွားစေရန် ကုအန် အပြင်စည်းဂိုဏ်းတပည့်တစ်ယောက်၏ ဘ၀အကြောင်း မေးမြန်းနေခဲ့ပြီး လီယမှာလည်း တစ်ခုချင်း ဖြေပေးနေခဲ့သည်။

“အပြင်စည်းဂိုဏ်းသားတစ်ယောက်အနေနဲ့ နှစ်တိုင်းအမဲလိုက် တာ၀န်တစ်ခုကို ပြီးအောင်လုပ်ရတယ်မလား” ကုအန် စိတ်၀င်တစားမေးလိုက်သည်။

လီယပြုံး၍ ပြန်ဖြေလိုက်၏။ “ဟုတ်တယ် နောက်ပြီးအဲ့တာက အဝေးကြီးကိုသွားလုပ်ရတဲ့ တာ၀န်မျိုး”

“အစ်ကိုလီမိစ္ဆာ‌တွေနဲ့ရော ရင်ဆိုင်ခဲ့ရဖူးလား”

“ခရီးတိုင်းနီးနီး ရင်ဆိုင်ရတာပေါ့ ထိုက်ကန်မင်းဆက်ကအကျယ်ကြီးပဲ မိစ္ဆာတွေကျက်စားတဲ့နေရာအချို့လည်းရှိတယ် မနှစ်တုန်းကဆို ငါသေလုနီးပါးပဲ အဆင့်၃ မိစ္ဆာတစ်ကောင်နဲ့ တွေ့ခဲ့ရတာ အဲ့ကောင်က ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်နဲ့ညီတယ် ငါနဲ့ အခြားသူငယ်ချင်းတွေအများကြီး ရွပ်ရွပ်ချွံချွံ ပြန်တိုက်ခဲ့ကြပေမယ့် တစ်ယောက်သေပြီး ကျန်တဲ့သူတွေက ဒဏ်ရာအပြင်းအထန်ရပြီး ထွက်ပြေးလာခဲ့ကြရတယ်” လီယရှင်းပြနေရင်း ထိုအချိန်အားပြန်တွေးမိကာ ကြောက်ရွံ့နေသေးပုံ ပေါ်နေ၏။

“အဆင့် ၃လား နောက်ပြီးတော့ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်တဲ့လား”

ကုအန်၏ အလွန်ကြောက်ရွံ့သွားသော မျက်နှာကိုမြင်ပြီး လီယစိတ်ထဲရှိ သံသယများ ရှင်းသွားခဲ့ရသည်။

ထို့နောက် လီယ ထိုအချိန်တုန်းကဖြစ်ခဲ့သော အကြောင်းအရာများအား အသေးစိတ်ပြောပြနေပြီး ကုအန်မှာလည်း သဲထိတ်ရင်ဖို စွန့်စားခန်းဇာတ်လမ်းတစ်ခုအား နားထောင်နေရသလို နားထောင်နေခဲ့၏။

အမှန်တကယ်လည်း သူလီယ၏ အတွေ့အကြုံများအား အတော်လေးစိတ်၀င်စားနေခြင်း ဖြစ်သည်။

နားထောင်ပြီးသောအခါ သူ့တွင် အတွေးတစ်ခုသာ ရှိတော့၏။

အန္တရာယ်များလွန်းတယ်!

သူအပြင်စည်းတပည့်တစ်ယောက်ဖြစ်မလာခဲ့ခြင်းကိုပင် ကုအန် ၀မ်းသာနေခဲ့သည်။

“မိစ္ဆာတွေအပြင် အခြားကျင့်ကြံသူတွေကိုလည်း သတိထားရသေးတယ် ငါရတနာရှာနေတုန်းကဆိုရင် အခြားဂိုဏ်းတစ်ခုက ဂိုဏ်းသားတစ်ယောက်နဲ့ ပြဿနာဖြစ်ခဲ့တယ် သူ့ကိုသတ်ဖို့ကအတော်လေးကိုခက်ခဲ့တာ အဲ့တာပြီးတော့ ဘာဆက်ဖြစ်မယ်ထင်လဲ” လီယ နောက်ဇာတ်ကြောင်းတစ်ခုကို ဆက်ပြောလိုသောကြောင့် စကားအစပျိုးလိုက်သည်။

ကုအန် ခန့်မှန်းလိုက်သည်။ “သူ့အဖေရောက်လာတာလား”

လီယ သူ့အား အံ့ဩသွားပုံဖြင့် ကြည့်လိုက်ပြီး ခေါင်းခါလိုက်၏။ “သူ့အဖေမဟုတ်ဘူး ဒါပေမယ့် အဲ့နီးနီးပဲ တကယ်ကသူ့ဆရာရောက်လာခဲ့တာ”

ဘုရားသခင်!

ကုအန် အပြင်စည်းဂိုဏ်းအားမ၀င်လိုက်ခြင်းမှာ အတော်လေးကံကောင်းသွားသည်ဟု ထပ်မံ ခံစားလိုက်ရပြန်သည်။

အပြင်စည်းဂိုဏ်းတောင် ထိုမျှအန္တရာယ်ရှိနေလျှင် အတွင်းစည်းဂိုဏ်းက ပို၍ပင် အန္တရာယ်ရှိနိုင်သေးသည် မဟုတ်ပါလား။

လီယ သူ၏ ရန်သူ့ဆရာနှင့်ရင်ဆိုင်ခဲ့ရသော အတွေ့အကြုံများကို ပြန်ပြောပြနေပုံမှာ ကုအန်အတွက် ပုံပြောသူတစ်ယောက်က စိတ်လှုပ်ရှားစရာ ပုံပြင်တစ်ပုဒ်အား သူ့ကိုပြောပြနေသလို ခံစားနေရသည်။

အတော်လေး စိတ်လှုပ်ရှားစရာကောင်းတာပဲ!

ရေနွေးအိုးကျက်သောအခါ ကုအန် ရေနွေးထည့်ရန် ပြန်ထသွားလိုက်၏။

ထိုအခါ လီယ သာမန်ပုံစံဖြင့် မေးလိုက်သည်။ “ဂျူနီယာညီလေးကု ဗီရိုထဲကအသီးတွေက ဆရာထားသွားခဲ့တာလား”

ကုအန် လီယအား နောက်ကျောပေးထားရင်း ဖြေလိုက်သည်။ “မဟုတ်ဘူး ကျွန်တော် အပြင်ကတွေ့လာတာ အစ်ကိုမေ့နေပြီလား ကျွန်တော့်မှာ ရတနာမုဆိုးကြွက်လေးရှိတယ်လေ”

ထိုကြွက်က ရတနာများကို အမှန်တကယ်ရှာနိုင်သည်လော။

ရုတ်တရက် လီယလည်း စိတ်ဝိညဉ်ကြွက်ဖြူတစ်ကောင် လိုချင်သွားမိသည်။

သူတခဏ တွန့်ဆုတ်နေပြီး ပြောလိုက်၏။ “ဂျူနီယာညီလေးကု အသီးထဲကတစ်လုံးလောက်အစ်ကို့ကို ဒဏ်ရာကုဖို့ ပေးလို့ရမလား အစ်ကိုမင်းကို မနစ်နာစေရဘူး လျှို့ဝှက်သိုင်းကျမ်းလိုချင်လား ဒါမှမဟုတ် မှော်အသုံးအဆောင်လိုချင်လား”

ကုအန် နောက်ပြန်လှည့်လာပြီး ရေနွေးအိုးအား ယူလာကာ လီယရှေ့တွင် ချလိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော်အစ်ကို့ကိုတစ်လုံးပေးပါ့မယ် ကျွန်တော့်ကို ဘာမှပြန်ပေးစရာမလိုဘူး ကျွန်တော်တို့ဆက်ဆံရေးက ဘာမလို့လဲ”

ထိုစကားအား ကြားလိုက်သောအခါ လီယအတော်လေး ခံစားသွားရ၏။

ဤနှစ်များအတွင်း သူအပြင်စည်းဂိုဏ်းတွင်နေထိုင်စဉ် သူ့တွင် သူငယ်ချင်းအများအပြားရှိသော်လည်း ထိုသူများသည် အကျိုးစီးပွားကိုမူတည်ပြီး မိတ်ဖွဲ့နေကြသူများသာ ဖြစ်ကြသည်။ သူ့ဆီမှ ဘာမှပြန်မမျှော်လင့်ဘဲ သူ့အပေါ်ကောင်းပေးသူဟူ၍ မရှိခဲ့ပေ။

ပြောပြီးသည့်နောက် ကုအန် ဗီရိုဆီသွားကာ နွယ်စိမ်းသီးတစ်လုံးယူလိုက်ပြီး လီယရှေ့ရှိ လက်ဖက်ရည်ခွက်ဘေးတွင် ချထားပေးလိုက်သည်။

သူ့အပြုအမူက လီယအားပို၍ပင် ရှက်သွားစေခဲ့၏။

“လီယ လီယ မင်းကသူနဲ့ဆေးတောင်ကြားကို အမြဲ အထင်သေးခဲ့တယ် ဒါပေမယ့် အခုတော့ အပြင်စည်းဂိုဏ်းကို၀င်ပြီးတာတောင် မင်းကိုကယ်ပေးဖို့ သူ့ကိုမှီခိုနေရတုန်းပဲ…”

လီယ သူ့ကိုယ်သူ ကြိတ်၍ လှောင်ပြောင်လိုက်၏။ ထို့နောက် သူ့လက်အားမြှောက်ကာ သိုလှောင်အိတ်ထဲမှ ရတနာဓားတစ်လက် ထုတ်လိုက်လေသည်။

ဓားအိမ်သည် အပြာရောင်ဖြစ်ပြီး အပေါ်၌ ရတနာအများအပြားကိုမြှုပ်ထားပြီး သူ့ပုံစံမှာ အတော်လေးသိမ်မွေ့လှ၍ ကြွယ်၀ကာ ခမ်းနားသော ခံစားချက်ကို ပေးနေ၏။ ဓါးရိုးမှာလည်း ခွေရစ်နေသော အနက်ရောင်ရွှေနဂါးတစ်ကောင်ပုံ ပေါ်နေလေသည်။

လီယဓားအား စားပွဲပေါ်တင်လိုက်ရာ ဓားအလေးချိန်ကြောင့် အသံပင် ထွက်သွားရသည်။

သူဓားအား ကြင်ကြင်နာနာပွတ်သတ်နေရင်း ပြောလိုက်၏။ “ဒီဓားက ငါ့အမေငါ့ကိုပေးခဲ့တာ အခုမင်းကိုပေးမယ် တစ်ချိန်ချိန်မှာဒီဓားက မင်းအသက်ကို ကယ်နိုင်မှာပါ”

ကုအန် ဓားကိုကြည့်နေရင်း ငေးမောမိသွားသည်။ သူဓားအိမ်ကိုသာ မြင်ရသော်လည်း ဓားထဲတွင် ရှိနေသော စွမ်းအားကို သူခံစားမိနေ၏။ နောက်ဆုံးတွင် သူသည် စိတ်ဝိညဉ်အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်သာဖြစ်ပြီး လီယထက် ပိုမြင်နိုင်ပေသည်။

ဒါက နတ်လက်နက်တစ်ခုဆိုတာ သေချာတယ်!

အပိုင်း(၂၂)

နှစ်ပေါင်း ၂၀၀၀ဆင့်ကဲပြောင်းလဲခြင်း၊ ထိုက်ကန် နတ်မှင်သက် ဓားသိုင်း

“ကျွန်‌ေတာ်လက်မခံနိုင်ဘူး အစ်ကို့အမေက အစ်ကို့အတွက်ပေးခဲ့တဲ့ဓားကို ကျွန်တော်ကဘယ်လိုယူထားနိုင်မှာလဲ” ကုအန် လက်အမြန်ယမ်းလိုက်ကာ အမှန်အတိုင်းပြောလိုက်၏။ ထိုကဲ့သို့သောဓားမျိုးတွင် ဇာတ်လမ်းများရှိတတ်ကြပြီး ကိုင်ဆောင်သူဆီ ဒုက္ခများကို သယ်ဆောင်လာတတ်ကြပေသည်။

လီယဓားအား ငုံ့ကြည့်နေရင်း သူ့အတွေးများသည် အတိတ်ဆီ ပြန်ရောက်နေခဲ့၏။

“ဒီဓားရဲ့နာမည်က ကောင်းကင်စံအိမ်ဓား တဲ့ ငါသုံးနှစ်သားကတည်းက ငါနဲ့အတူရှိခဲ့တာ အခုငါကဒီဓားရဲ့ စွမ်းအားအကုန်လုံးကိုထုတ်မသုံးနိုင်မှတော့ ဓားကိုကိုင်ဆောင်ဖို့လည်း အရည်အချင်းပြည့်မှီနိုင်ပါတော့မလား မင်းနဲ့အတူ ဆေးတောင်ကြားမှာထားခဲ့ပြီး သူနဲ့ကံစပ်တဲ့သူကို ရှာခိုင်းတာပဲ ပိုကောင်းပါတယ်”

ကုအန် စိတ်ရှုပ်သွားပြီး မေးလိုက်သည်။ “အစ်ကိုလီက ဘာလို့ အရည်အချင်းမပြည့်မှီတာလဲ ဒီဓားက တော်၀င်မိသားစုနဲ့ ပတ်သက်နေတာမဟုတ်လား ကျွန်တော်ဒီဓားကို တကယ်လက်မခံရဲဘူး”

လီယ၏ မိသားစုနှင့်ပတ်သက်ရမည်ဟူသော အတွေးမှာပင် ကုအန်ကို ခေါင်းကိုက်‌သွားစေခဲ့သည်။

အမှန်တကယ်တွင် ဤဓားသည် အတော်လေးလှပြီး သူလည်းကြိုက်မိ၏။ သို့သော်လည်း အနှောင့်အယှက်ကင်းကင်းနေရသော ဘ၀လေးကိုတော့ သူပိုကြိုက်ပေသည်။

လီယ သူ့ကိုကြည့်ပြီး ပြုံးလိုက်၏။ “ငါဒီလောက်ရှင်းပြတာတောင် မင်းနားမလည်သေးဘူးပဲ စိတ်အေးအေးထားပြီးသာ ယူလိုက် ဒီဓားကမင်းကိုဒုက္ခရောက်စေမှာမဟုတ်ဘူး လီမိသားစုက ဒီဓားကို ပြန်မသိမ်းရဲဘူးလေ ဒီဓားက ငါ့အဖေ ငါ့အမေကို စေ့စပ်အမှတ်အသားအဖြစ် ပေးခဲ့တာ ဒီဓားကိုသာမင်းပိုင်ထားရင် လီမိသားစုကမင်းကို ဒုက္ခမပေးရဲဘူး”

“အနာဂတ်မှာ မင်းမဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုခုကြုံရရင် ဓားကိုယူ ချန်းလော်ကိုသွားပြီး ငါ့အဖေကိုရှာလို့ရတယ်”

“ကျွန်တော့်လို နိမ့်ကျတဲ့သူတစ်ယောက်က ဘယ်လိုလုပ် ဧကရာဇ်မင်းမြတ်ကို တွေ့လို့ရနိုင်မှာလဲ”

“စိတ်မပူနဲ့ ကောင်းကင်စံအိမ်ဓားမြို့တော်မှာ ပေါ်လာတာနဲ့ ငါ့အဖေက ဓားရဲ့တည်ရှိမှုကို အာရုံခံမိလိမ့်မယ် မင်းသးလက်မခံဘူးဆိုရင် ငါဒီအသီးကို မစားတော့ဘူးနော်”

အဲ့တာဆို မစားနဲ့လေကွ!

ကုအန် ထိုသို့ပြောချင်သွားသော်လည်း မြိုသိပ်၍သာ ထားလိုက်၏။

ကုအန် ကောင်းကင်စံအိမ်ဓားကို ထပ်ကြည့်ပြီး တွေးမိနေလေသည်။ အမှန်အတိုင်းဆိုရပါက သူ့တွင် မှော်အသုံးအဆောင်တစ်ခုမှ ရှိမနေပေ။ ချန်းရွှမ်တန်သည် သူ့အတွက် အ‌ေဆာင်လက်ဖွဲ့စာရွက်များမှ လွဲ၍ ဘာမှချန်မထားပေးခဲ့ပေ။

ဘာကြောက်နေစရာလိုလဲ!

ငါက စိတ်ဝိညဉ်အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲကို!

တကယ်လို့ ငါမရှင်းနိုင်တဲ့ ပြဿနာမျိုးကြုံလာရင်တောင် သူတို့ဆီဓားကိုပေးလိုက်ရုံပဲမလား။

ကုအန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ကောင်းကင်စံအိမ်ဓားကို ကိုင်ကြည့်လိုက်လေတော့သည်။ ဓားအလေးချိန်သည် အတော်စီးသောကြောင့် သူ့ညာလက်နှင့်ဆွဲမလိုက်ရာတွင် သူ့လက်ပင် တုန်ခါနေရ၏။ ထိုအဖြစ်အား ကြည့်ပြီး လီယ အားရပါးရ ရယ်မောလိုက်သည်။

“ဂျူနီယာညီလေးကု မင်းပါရမီကသာမန်ပဲဆိုပေမယ့် နေ့တိုင်းကျင့်ကြံဖို့ မမေ့နဲ့ ငါမင်းကိုပေးခဲ့တဲ့ လီမိသားစုဓား ၇ လက် ဓားသိုင်းကိုလည်း ကျင့်ရမယ်” လီယ စေတနာဖြင့် သတိပေးလိုက်၏။

ကုအန် ကောင်းကင်စံအိမ်ဓားအား လက်နှစ်ဖက်ဖြင့်ကိုင်ထားရင်း ဖျစ်ညှစ်ပြုံးလိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။

ဟားဟား!

ကောင်လေးမင်းအမြင်ကို ပိုလေ့ကျင့်ပေးဖို့ လိုနေသေးတာပဲ!

ထို့နောက် ကုအန် လီယအား ဆေးတောင်ကြားတွင် နေထိုင်ရန် ဘယ်သူမှမနှောင့်ယှက်နိုင်သော ခြံ၀န်းတစ်ခု စီစဉ်ပေးလိုက်၏။

လီယ ကုတင်ပေါ်တွင် တရားထိုင်နေရင်း လက်ဟန်အမျိုးမျိုးပြောင်းကာ သူ့ဒဏ်ရာများကို ဆက်လက်ကုသနေခဲ့၏။ သူ့ဘေးတွင်လည်း တစ်၀က်စားလက်စ နွယ်စိမ်းသစ်သီးရှိနေလေသည်။

ထိုစဉ် လီယကိုယ်ထဲမှ အပြာဖျော့ဖျော့အရိပ်တစ်ခုထွက်ပေါ်လာပြီး အခန်းထဲတွင် ပျံဝဲနေလေ၏။ ထိုပုံရိပ်သည် သဘောကောင်းသော အဖိုးကြီးတစ်ယောက်ပုံဖြစ်ပြီး သူ့တာအို၀တ်စုံက‌လေထဲတွင် လွင့်မျောနေလေရာ ဆန်းကြယ်သော တာအိုပညာရှင်တစ်ယောက်ကဲ့သို့သော ခံစားချက်ကို ပေးနေလေသည်။

လီယ မျက်လုံးဖွင့်လိုက်ပြီး မေးလိုက်၏။

“ဘိုးဘေး ဒါကဘာအသီးလဲ သူ့ဆေးအာနိသင်က အတော်လေးကောင်းတယ်”

ဘိုးဘေးဟုခေါ်သော စိတ်ဝိညဉ်ခန္ဓာကြီးသည် အရင်ဆုံး သူ့လက်အား ဝေ့ယမ်းလိုက်ရာ အခန်းထဲတွင် အာကာပြင်များ လှိုင်းထသွားခဲ့သည်။ ထို့နောက် ရယ်မောလိုက်ရင်း သူ့မုတ်ဆိတ်များအားဆွဲကာ ပြန်ဖြေလိုက်၏။

“ဒါက ရွက်ဝါတစ်ထောင်မျှော်စင်ရဲ့ မြင့်မြတ်သစ်ပင် နွယ်စိမ်းပင်က သီးတဲ့ နွယ်စိမ်းသီးဖြစ်ရမယ် အဆင့်အနိမ့်ဆုံး နွယ်စိမ်းသီးကတောင် အဆင့် ၆ ရှိတယ် မင်းကတော့အတော်လေး ကံကောင်းတာပဲ”

“ရွက်ဝါတစ်ထောင်မျှော်စင်က သစ်သီးလား ရွက်ဝါတစ်ထောင်မျှော်စင်ရဲ့ အုတ်မြစ်ကတကယ်ကို နက်ရှိုင်းတာပဲ အဓိပတိဂိုဏ်းက သူတို့ကို အဓိကရန်သူလို့ သတ်မှတ်ထားတာ မဆန်းတော့ပါဘူး” လီယ သူ့ဖာသာ တစ်ယောက်ထဲ ပြောနေခဲ့သည်။

ဘိုးဘေး နွယ်စိမ်းသီးအား ကြည့်ပြီး ပြောလိုက်၏။ “အဓိပတိဂိုဏ်းနဲ့ ရွက်ဝါတစ်ထောင်မျှော်စင်က အချင်းချင်း အာဃာတ အမုန်းတရားတွေပွားလာခဲ့ကြတာ နှစ်တစ်ထောင်ကျော်နေပြီ နှစ်ဖက်လုံးက တစ်ဖက်ဂိုဏ်းမှာ နယ်ရုပ်တွေ ချထားလေ့ရှိကြတယ် မင်းဂျူနီယာညီလေးမင်းနဲ့တွေ့တာ ကံကောင်းတယ် မဟုတ်ရင်ဒီသစ်သီးက သူ့ဆီကို ကပ်ဘေးဒုက္ခတွေ သယ်လာလိမ့်မယ်”

လီယခေါင်းခါလိုက်ကာ ပြောလိုက်သည်။ “အဲ့တာကကံကောင်းလို့တင်မဟုတ်ဘူး သူကကြင်နာတတ်တဲ့နှလုံးသားရှိပြီး သစ္စာတရားကိုတန်ဖိုးထားတဲ့လူတစ်ယောက်လည်း ဖြစ်နေလို့ပဲ သူ့လိုလူတွေက အမြဲတမ်း အဆုံးမှာဆုလဒ်တစ်ခုခုတော့ ရတတ်ကြတယ် ကျွန်တော်ကမှသာ တကယ်ကံကောင်းခဲ့တဲ့လူပါ”

ဘိုးဘေး ခေါင်းညိတ်လိုက်၏။ “မင်းပြောတာ အကျိုးအကြောင်းသင့်တယ် အမတကျင့်ကြံခြင်းကမ္ဘာမှာ ဒီလိုလူမျိုးက တကယ်ပဲရှားပါးတယ် ဒါပေမယ့် မင်းအရမ်းလည်း အပြစ်ရှိသလို ခံစားမနေပါနဲ့ မင်းသူ့ကို ကောင်းကင်စံအိမ်ဓားပေးလိုက်တာက နွယ်စိမ်းသီးထက် အများကြီးပိုပြီး အဓိပ္ပာယ်ရှိပါတယ်”

ကောင်းကင်စံအိမ်ဓားအကြောင်းကြားသောအခါ လီယ သက်ပြင်းချလိုက်မိသည်။ “ကျွန်တော့်အမေရဲ့ ရည်မှန်းချက်ဆန္ဒကို ကျွန်တော်မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး ဒါပေမယ့် ကျွန်တော်တကယ်ပဲ ပလ္လင်အတွက်မတိုက်ခိုက်ချင်ဘူးဗျာ အမေ့ကိုခေါ်ပြီးပဲ စိတ်ညစ်စရာတွေနဲ့ဝေးရာ အာဏာတွေမရှိတဲ့ ကမ္ဘာအနှံ့ကို လျှောက်သွားချင်တယ်”

“ကောင်းကင်စံအိမ်ဓားက ထိုက်ကန်ရဲ့ ဧကရာဇ်ဓားသုံးလက်ထဲက တစ်လက်ပဲ သူ့အစွမ်းကိုအပြည့်အ၀ထုတ်သုံးနိုင်ဖို့ဆို မင်း ဧကရာဇ်အဆင့်ဓားသိုင်းတစ်ခုကို တတ်မြောက်ဖို့လိုတယ် မင်းရဲ့ ဖျက်ဆီးခြင်း ဓား၉လက် ဓားသိုင်းကတောင် စဦးအဆင့်ပဲရှ်ိသေးတယ်လေ ဧကရာဇ်အဆင့်ဓားသိုင်းတစ်ခုကို တတ်မြောက်ဖို့ဆိုရင်တော့ နောက်နှစ်ရာချီ စောင့်ရဦးမှာ သေချာတယ်”

လီယတိတ်ဆိတ်သွားခဲ့သည်။

ထိုစဉ် ဘိုးဘေးဟာသ ပြောလိုက်၏။ “မင်းက ရှီယန်ဆိုတဲ့ကောင်လေးကိုတောင် အလွယ်တကူအနိုင်မယူနိုင်ခဲ့ဘူး မင်းပိုကြိုးစားဖို့လိုတယ်နော် သတိရဦး မင်း နံပါတ်လေး အစ်ကိုက အခုဆို ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ကိုတောင် ရောက်နေပြီ”

လီယ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ဘာမှမပြောတော့ဘဲ ဆက်၍သာ ကျင့်ကြံရင်း သူ့ဒဏ်ရာများကို ကုသနေလိုက်သည်။

ဘိုးဘေးမှာလည်း ပြတင်းပေါက်ဆီသို့ ငေးကြည့်နေခဲ့၏။ ပြတင်းပေါက်သည် ခပ်တင်းတင်းပိတ်ထားသော်လည်း အပြင်ဘက်မှ ရှောင်ချွမ်တို့၏ ရယ်သံများအား ကြားနေရဆဲ ဖြစ်ပေသည်။

“ဒီနေရာကတကယ့်ကို နေရာကောင်းတစ်ခုပဲ ကမ္ဘာကြီးရဲ့ စိတ်ညစ်စရာအပူအပင်တွေကနေ လွတ်ကင်းတယ် ကံဆိုးစွာနဲ့ ပုခုံးပေါ် တာ၀န်တွေတင်ထားရတဲ့သူတွေအတွက်တော့ မသင့်တော်ခဲ့ဘူးလေ”

“ဟူး အတိတ်ကိုပြန်လွမ်းနေလို့မဖြစ်သေးပါဘူး ငါ့စိတ်ဝိညဉ်လေးပြန်ကောင်းအောင် အိပ်ဖို့လိုသေးတယ်”

…..

ညဉ့်သန်းခေါင်အချိန်တွင် ဆန်းကြယ်တောင်ကြားတစ်ခုလုံ းတိတ်ဆိတ်နေလေသည်။

ကုအန် နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်အားသုံး၍ စွမ်းအင်များကိုဖုံးကွယ်လိုက်ပြီး မိုင် ၂၀ အကွာတင်ရှိသော တောအုပ်ဆီသို့ တိတ်တိတ်လေး ခိုးထွက်သွားခဲ့၏။

ထို့နောက် သစ်ပင်တစ်ပင်အောက်တွင် ထိုင်ကာ စနစ်ကိုဖွင့်လိုက်ပြီး လီမိသားစုဓား ၇လက် ဓားသိုင်းအား အာရုံစိုက်နေလိုက်သည်။

သက်တမ်းဘယ်လောက်သုံးသင့်သလဲ။

အချိန်အတော်ကြာတွေဝေနေပြီးသည့်နောက်တွင် ကုအန်သူ၏ တိုက်ခိုက်ရေးစွမ်းအားအတွက် သက်တမ်းများများသုံးရန် ဆုံးဖြတ်ခဲ့လိုက်၏။

သက်တမ်း ၂၀၀၀ သုံးလိုက်ကြတာပေါ့ကွာ!

ဒီတစ်ခါသုံးပြီးတာနဲ့ နောက်နေ့ကစ ငါ့သက်တမ်းကို နှစ်တစ်သိန်းပြည့်ဖို့ပဲ အာရုံစိုက်ထားလိုက်တာပေါ့!

သူချက်ချင်းပင် သက်တမ်း ၂၀၀၀ သုံးဖို့ ရွေးချယ်လိုက်ရာ သူ့သက်တမ်း၏ ပထမဆုံးဂဏန်းသည် ၄ မှ ၂ သို့ပြောင်းလဲသွားခဲ့သည်။

[သင်သည် လီမိသားစုဓား ၇ လက်ဓားသိုင်းတွင် သက်တမ်းနှစ် ၂၀၀၀ သုံးခဲ့ပြီးပါပြီ]

[သင်သည် လီမိသားစုဓား၇လက် ဓားသိုင်းကို ၁၀နှစ်ကြာ လေ့ကျင့်ခဲ့ပြီး သိသာသော အောင်မြင်မှုများ ရရှိလာခဲ့ကာ ဓားသိုင်းနှင့်ပတ်သက်၍ ပိုများသောဖြစ်နိုင်ချေများကို တွေးဆလာနိုင်ခဲ့သည်]

[သင်သည် လီမိသားစု ဓား၇လက် ဓားသိုင်းကို နှစ်၅၀ လေ့ကျင့်ခဲ့ပြီး ဓားပညာ၏အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့ကာ လီမိသားစုဓား၇လက် ဓားပညာသည် ဓား၇လက်ပညာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်]

[သင်သည် လီမိသားစုဓား ၇လက် ဓားသိုင်းကို နှစ်၃၀၀ကျင့်ကြံခဲ့ပြီး ဓား၇လက်ပညာကို ပြီးပြည့်စုံသည့်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီး ဓား၇လက်ပညာသည် ပျက်ဆီးခြင်းဓား၉လက် ပညာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်]

[သင်သည် လီမိသားစုဓား၇လက် ဓားသိုင်းကို နှစ်၅၀၀ ကျင့်ကြံခဲ့ပြီး ပျက်ဆီးခြင်းဓား၉လက် ကိုကျွမ်းကျင်သွားခဲ့ကာ သင်၏ ဓားဆန္ဒကို ဖွဲ့စည်းနိုင်ခဲ့သည်]

[သင်သည် လီမိသားစုဓား၇လက်ဓားသိုင်းကို နှစ်၁၀၀၀ ကျင့်ကြံခဲ့ပြီး သင်၏ပျက်ဆီးခြင်းဓား၉လက် ဓားသိုင်းသည် သူ၏မူလသန့်စင်သောပုံစံဆီသို့ ပြန်ရောက်သွားပြီး ဧကရာဇ်အဆင့်ဓားသိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်]

[သင်သည် လီမိသားစုဓား၇လက်ဓားသိုင်းကို နှစ် ၁၂၀၀ ကျင့်ကြံခဲ့ပြီး သင်၏ဓားဆန္ဒသည် သူ၏ကိုယ်ပိုင် ကောင်းကင်နှင့်မြေကြီး၏ တော်၀င်စွမ်းအင်များကို ဖွဲ့တည်နိုင်ခဲ့ပြီး သင်၏ဓားတာအိုနားလည်မှု တိုးတက်သွားခဲ့သည်]

[သင်သည် လီမိသားစုဓား၇လက်ဓားသိုင်းကို နှစ် ၁၈၀၀ ကျင့်ကြံခဲ့ပြီး ဧကရာဇ်အဆင့်ဓားသိုင်းသည် သူ၏အသန့်စင်ဆုံးမူလပုံစံကိုပြောင်းလဲသွားခဲ့ပြီး ဓားဆန္ဒသည် ဓားတာအိုအဖြစ်ပြောင်းလဲသွားခဲ့ကာ သင်သည်ရုတ်တရက်ညဏ်အလင်းပွင့်ခြင်း အခြေအနေသို့ ၀င်ရောက်သွားခဲ့သည်။ သင်၏ ဧကရာဇ်အဆင့်ဓားသိုင်းသည်လည်း ထိုက်ကန်နတ်မှင်သက် ဓားသိုင်းအဖြစ် ပြောင်းလဲသွားခဲ့သည်]

[သင်သည် လီမိသားစုဓား၇လက်ဓားသိုင်းကိုနှစ် ၂၀၀၀ ကျင့်ကြံခဲ့ပြီး သင်၏ ထိုက်ကန်နတ်မှင်သက်ဓားသိုင်းသည် ပိုမိုကျစ်လျစ်လာခဲ့ပြီး အဆက်အစပ်ပိုရှိလာခဲ့ကာ ဓားတာအိုကို ပိုမိုနားလည်လာခဲ့သည်]

ရင်းနှီးနေသော စာကြောင်းများ ကုအန်ရှေ့တွင် ပေါ်လာခဲ့ကြသည်။ ကြည့်နေရင်း ဆင့်ကဲပြောင်းလဲခြင်းသည် နှစ် ၁၀၀၀ သို့ရောက်သောအခါ ကုအန် သက်တမ်းအလွှာအား ထုတ်ဖွင့်လိုက်၏။

ကုအန် ပုန်းကွယ်နေသည့် ဆန်းကြယ်သောတည်ရှိမှုများနှင့် လီယကိုယ်ထဲရှိ ဝိညဉ်ကို သွားနှောက်ယှက်မိမှာကို အလွန်ကြောက်လန့်နေခဲ့သည်။

စာတန်းများပျောက်ကွယ်သွားသောအခါ ကုအန် စိတ်ထဲသို့ မှတ်ညဏ်ပေါင်းစုံ ၀င်လာခဲ့ကြ၏။ မြေပြင်ပေါ်တွင် စိတ်ဝိညဉ်စွမ်းအင်များ ထွက်ပေါ်လာခဲ့သော်လည်း ကုအန် ကိုယ်ထဲသို့၀င်မသွားဘဲ သူ့အနားတွင်သာ ဝိုင်းရံနေခဲ့သည်။ ထို့နောက် စိတ်ဝိညဉ်စွမ်းအင်များသည် အေးစက်နေသော ဓားချီများအဖြစ်သို့ ပြောင်းလဲသွားကြ၏။

ဤသို့ဖြင့်ကုအန် ညဏ်အလင်းပွင့်ခြင်းအခြေအနေသို့ ၀င်ရောက်သွားခဲ့လေတော့သည်။

အချိန်များ မသိမသာကုန်ဆုံးသွားခဲ့ပြီး ကုအန် တဖြည်းဖြည်း နိုးလာခဲ့၏။

ထိုအချိန်တွင် ကောင်းကင်မှာ မှောင်နေဆဲပင်။

ကုအန် သက်တမ်းအလွှာ ကုန်ကျမှုအား အရင်ဆုံး စစ်ဆေးကြည့်လိုက်သည်။

ဘုရား ဘုရား သိုင်းနည်းစနစ်လေးတစ်ခုကို ညဏ်အလင်းပွင့်လိုက်ရုံနဲ့ သက်တမ်း ၃၀၀ တောင် ကုန်သွားရသလားဟ!

ကံကောင်းစွာဖြင့် ကုအန် ထိုက်ကန်နတ်မှင်သက်ဓားသိုင်းအား အပြည့်အ၀တတ်မြောက်သွားခဲ့ပြီး ဓားတာအိုအပေါ် နားလည်မှုတိုးတက်လာခြင်းမှာ သူ့အား စိတ်ကျေနပ်သွားစေခဲ့သည်။

စနစ်အားဖွင့်၍ ကြည့်လိုက်သောအခါ လျှို့ဝှက်သိုင်းများဟူသော နေရာ၌ လီမိသားစုဓား ၇ လက် ဓားသိုင်းနေရာတွင် ထိုက်ကန်နတ်မှင်သက်ဓားသိုင်းဟူသော စာအားပြောင်းလဲသွားပြီး ထိုဓားသိုင်းနောက်တွင် (လိုက်လျောညီထွေရှိခြင်း) ဟူသော စာသားလည်း ပါလာခဲ့သည်။

ကုအန် ချက်ချင်းမထသေးဘဲ ကောင်းကင်စံအိမ်ဓားကို တင်ပလ္လင်ခွေထိုင်ထားသော သူ့ခြေထောက်ပေါ်တွင် တင်ထားပြီး ဓားအိမ်ကို သူ့လက်ဖဝါးဖြင့် ကိုင်ကြည့်လိုက်၏။

သူ ဓားထဲရှိ ဓားဆန္ဒကို ခံစားနေခဲ့သည်။

ဓားထဲရှိ ဓားဆန္ဒကို သူ့ကိုယ်ပိုင်ဓားဆန္ဒနှင့် ပေါင်းစပ်နိုင်ခဲ့ပါက သူထိုဓားကို ယဉ်ပါးသွားအောင် လုပ်နိုင်ပေလိမ့်မည်။

ဤမှော်ဓားထဲတွင် များစွာသော အတားအဆီးများနှင့် ကွဲပြားသော မှော်ဂါထာမျိုးစုံပါ၀င်ပြီး ဓားပိုင်ရှင်မှ နတ်အာရုံနှင့်စိတ်ဝိညဉ်စွမ်းအားကို သုံး၍ ချိုးဖျက်နိုင်မှ ဓားကို ပိုင်ဆိုင်မည် ဖြစ်၏။

ကုအန် အတားအဆီးများအကြောင်းကို နားမလည်သော်လည်း ကံကောင်းစွာဖြင့် သူ့တွင် အတားအဆီးများကို ကျော်ဖြတ်နိုင်သော ဓားဆန္ဒရှ်ိပေသည်။

တစ်နာရီကြာပြီးနောက်

ကုအန် မတ်တပ်ထလိုက်ပြီး ကောင်းကင်စံအိမ်ဓားအား သိုလှောင်အိတ်ထဲ ထည့်လိုက်ပြီး ဆန်းကြယ်တောင်ကြားဆီသို့ ပြန်လာခဲ့လေတော့သည်။

ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ့‌ေခြဖ၀ါးအောက်တွင် ဓားချီများ ဖွဲ့တည်လာပြီး ကုအန်ဓားပျံကိုစီးကာ ပျံသန်းသွားခဲ့၏။

ဆန်းကြယ်တောင်ကြားနှင့် ဆယ်မိုင်ခန့်ဝေးသောနေရာရောက်မှသာ ဓားပျံပေါ်မှဆင်းလိုက်ပြီး ခြေလျင်ပြန်ခဲ့လိုက်သည်။

ညကောင်းကင်သည် တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပြီး အရှေ့ဘက်ကောင်းကင်တွင် ပန်းသွေးရောင် ပြေးလာခဲ့၏။

မနက်ခင်း ရောက်ရှိလာခဲ့ပြီ။

လီယ တံခါးကိုတွန်းဖွင့်လိုက်ကာ မနက်ခင်းနေနှင့် တွေ့ဆုံလိုက်သည်။ ထို့နောက် အပျင်းကြောဆန့်လိုက်ပြီး လန်းဆန်းသွားခဲ့၏။

နွယ်စိမ်းသစ်သီး၏ ဆေးအာနိသင်မှာ အတော်လေးကောင်းပေသည်။

သူ့ခန္ဓာကိုယ်တွင် အရင်ကကဲ့သို့ အဆင်မပြေမှုများ ရှိမနေတော့ဘဲ နောက်ရက်အနည်းငယ်ကြာလျှင် သူအပြည့်အ၀ ကုသ၍ ပြီးပေတော့မည်။

လီယပြုံးလိုက်ပြီး ဥယျာဉ်ထဲတွင် ဂျူနီယာလေးများအား အကြောလျှော့လေ့ကျင့်ခန်း သင်ကြားပေးနေသော ကုအန်ကို ကြည့်လိုက်မိသည်။

သူတို့၏ လှုပ်ရှားမှုများမှာ လီယအား စိတ်၀င်စားသွားစေခဲ့၏။

လှုပ်ရှားမှုများမှာ အလွန်နှေးကွေးသော်လည်း ရှင်းပြ၍မရသော အနှစ်သာရတစ်ခု ပါ၀င်နေသလို ခံစားနေရသည်။

လီယ ကုအန်တို့ဆီသို့ သွားလိုက်ပြီး ခေါင်းညိတ်နှုတ်ဆက်လိုက်ရာ ကုအန်လည်း ပြန်နှုတ်ဆက်လိုက်၏။

“မင်းတို့တွေ ဘာတွေလေ့ကျင့်နေကြတာလဲ” လီယ စိတ်၀င်တစား မေးလိုက်သည်။

ကုအန် ပြုံး၍ ပြန်ဖြေလိုက်၏။ “ဒါကို ကျွန်တော်ငယ်ငယ်တုန်းက အဖိုးကြီးတစ်ယောက်ဆီကသင်လာတာလေ စိတ်ဝိညဉ်နဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းတယ် သူတို့ရဲ့တစ်နေ့လုံးကို ကျန်းမာတဲ့ စိတ်ဝိညဉ်နဲ့စတင်နိုင်အောင်လို့ နေ့တိုင်းလေ့ကျင့်ခိုင်းနေတာ”

လုကျိကျား မကျေမနပ်ပြန်ပြောလိုက်၏။

“ကျွန်တော်တော့ ဒါကြီးကဘာမှအသုံးမ၀င်ဘူးလို့ပဲ ခံစားရတယ်”

ရှောင်ချွမ်ထိုကောင်အား မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ပြောလိုက်သည်။

“မင်းက ငတုံးမလို့ အဲ့လိုထင်တာလေ”

ထို့နောက် လီယပြောလိုက်၏။ “တကယ်တော့ ဒါကအသုံး၀င်ပါတယ် ဒါပေမယ့် ကြာရှည်စွဲမြဲလုပ်ဖို့တော့လိုတယ်”

အပြင်စည်းဂိုဏ်းသားတစ်ယောက်ဖြစ်သောကြောင့် သူ့စကားများသည် ကုအန်ပြောသည်ထက် ကလေးများအပေါ် ပိုအရာရောက်လေသည်။

ကုအန် လီယအား တစ်ချက်ကြည့်လိုက်မိ၏။ ထိုကောင်သည် အရင်ကထက် ပိုဖော်ရွေလာပုံပေါ်ပြီး ယခုကဲ့သို့ စိတ်အားတက်စရာစကားမျိုးကိုပင် ပြောပေးတတ်နေခဲ့သည်။

“မင်းတို့လေ့ကျင့်ခန်းပြီးရင် အစ်ကိုက ဓားသိုင်းသင်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ” လီယ ပြုံး၍ ပြောလိုက်၏။

ထိုစကားအား ကြားသောအခါ ရှောင်ချွမ်တို့ အတော်စိတ်လှုပ်ရှားသွားပြီး လီယအား ကျေးဇူးတင်စကား အားပါးတရပြောလိုက်ကြကာ အစ်ကိုလီယ ဟုပင် စတင်ခေါ်ဝေါ်လိုက်ကြသည်။

လီယ ကုအန်အားကြည့်ပြီး ပြောလိုက်၏။ “မင်းလည်း ငါတို့နဲ့အတူတူသင် အခုမင်းမှာ ဓားတစ်လက်ရှိသွားပြီဆိုတော့ ပိုလေ့ကျင့်တာကောင်းတယ်”

ကုအန်ပြုံးပြလိုက်ပြီး ခေါင်းညိတ်လိုက်၏။

ဟုတ်ပြီ!

အရင်ဆုံး မင်းရဲ့ လီမိသားစုဓား၇လက်သိုင်းက ဘယ်အဆင့်ထိ ကျွမ်းကျင်နေပြီလဲဆိုတာ စစ်ဆေးရမယ်!

သူတို့ နေ့စဉ်ဘ၀တွင်လီယပါ၀င်လာခြင်းက တောင်ကြားထဲရှ်ိ လေထုကို ပို၍ပင် သက်တောင့်သက်သာရှိသွားစေခဲ့သည်။ လီယအတွက်လည်း သူ့ဂျူနီယာလေးများ တစ်ယောက်တစ်ပေါက်နှင့် ၀ရုန်းသုန်းကားဖြစ်နေကြသည်ကို ကြည့်ရခြင်းကို ကျေနပ်နေခဲ့ပြီး စိတ်အနှောင့်အယှက် ဖြစ်မနေခဲ့ပေ။

မွန်းတည့်ချိန်သို့ ရောက်ချိန်တွင် လီယကုအန်အား သစ်တောထဲသို့ ခေါ်လာခဲ့လိုက်၏။

“မင်းရဲ့ လီမိသားစုဓား၇လက်သိုင်းကို ငါ့ကိုပြ မင်းအခြေခံဓားကွက်တွေကို ကျွမ်းကျင်သွားပြီဆိုရင် ငါကတကယ့်ဓားသိုင်းအစစ်ကို သင်ပေးမယ် တကယ်တော့ လီမိသားစုဓား၇လက်သိုင်းဆိုတာက အခြေခံဓားကွက်တွေချည်းပဲ” လီယ လေးလေးနက်နက်ပြောလိုက်သည်။

All Chapters