← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အပိုင်း(၂၃)

စိတ်ဝိညဉ်လှုပ်ခါခေါင်းလောင်း၊ ယင်ယန်ပညာ

တောအုပ်ထဲတွင် ကုအန် လီယစကားကို မလွန်ဆန်နိုင်သောကြောင့် လိုက်လျောညီထွေမဖြစ်ဘဲ တောင့်တင်းနေသော ပုံစံဖြင့် ဓားသိုင်းကစားပြနေခဲ့သည်။ ထိုအခိုက်၌ မတတ်ချင်ယောင်ဆောင်ရခြင်းသည် တတ်ချင်ယောင်ဆောင်ရခြင်းထက် ပိုခက်မှန်း ကုအန် နားလည်သွားရ၏။

ကုအန်၏ တောင့်တင်းနေသော ဓားကွက်များကို ခဏတာဝေဖန်လိုက်ပြီး လီယ စိတ်ရှည်ရှည်ဖြင့် စတင် သင်ကြားပေးလိုက်သည်။

လီယ၏ ဓားကစားပုံအားကြည့်ရင်း လီယသည် ဖျက်ဆီးခြင်းဓား၉လက် ဓားသိုင်းကို ကျင့်ကြံနေသူဖြစ်မှန်း ကုအန် သတိထားမိလိုက်သည်။ ထိုကောင်သည် အမှန်တကယ်ပင် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး သူ၏ဓားတာအို ပါရမီမှာလည်း အနည်းဆုံးတော့ သူ့ထက်သာ၏။

နောက်တစ်နေ့သို့ ရောက်သောအခါတွင်လည်း လီယ ကုအန်အား ဓားသိုင်းသင်ပေးချင်နေသေးသည်။

ကုအန် ထပ်သည်းမခံနိုင်တော့ပေ။

“စီနီယာအစ်ကိုလီ ကျွန်တော့်မှာဓားပညာပါရမီ ပါမလာဘူး ကျွန်တော်တို့ရပ်လိုက်ကြတော့မလား ကျွန်တော့်မှာ အသက်ရှင်နေနိုင်ဖို့ အချိန်က ဆယ်စုနှစ်နည်းနည်းပဲရှိတာပါ အဲ့အချိန်တွေကိုဓားပညာသင်ရင်း ဖြုန်းတီးမပစ်သင့်ဘူးမလား ကျွန်တော်က သစ်ပင်တွေစိုက်ရပျိုးရတာကို ဓားပညာသင်ရတာထက် ပိုကြိုက်ပါတယ်”

ကုအန် ပြောနေရင်း နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်အား လှည့်ပတ်လိုက်ရာ သူ့မျက်လုံးများပင် နီရဲလာခဲ့ကြသည်။

ထိုစကားအားကြားသောအခါ လီယရင်ထဲတွင် စို့နင့်သွားရ၏။

သူဘာလုပ်နေပါသနည်း။

ဂျူနီယာညီလေးကုအား သူကြိုက်သောပုံစံဖြစ်အောင် အတင်းပုံသွင်းမိနေပါသလော။

ထိုအရာသည်လည်း ဂျူနီယာညီလေးကုအား နာကျင်စေသောအရာပဲ မဟုတ်ပါလား။

သူငယ်စဉ်က သူ့ဖခင်ကသူ့အား သူ့အစ်ကိုများနှင့် အတင်းလေ့ကျင့်ခိုင်းခဲ့သော အဖြစ်အပျက်ကို သူပြန်မတွေးဘဲ မနေနိုင်တော့ပေ။

သက်ပြင်းတစ်ချက်ချလိုက်ပြီး သူကုအန်ဆီသို့သွားကာ ပုခုံးကိုပုတ်လိုက်ပြီး ပြောလိုက်၏။ “ဂျူနီယာညီလေးကု မင်းခံစားချက်ကို ထည့်မတွေးမိတဲ့ အစ်ကို့အမှားပါ တောင်းပန်ပါတယ်”

ကုအန် ဖျစ်ညှစ်ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ရပါတယ် အစ်ကိုရာ အစ်ကိုက ကျွန်တော့်အကျိုးအတွက်လုပ်ခဲ့တာပဲလေ ကျွန်တော်ကသာ ပါရမီပါမလာခဲ့တာပါ”

ကုအန် ထိုသို့ပြောလေလေ လီယသူ့ကိုယ်သူ အပြစ်တင်မိလေလေပင်။

ထို့နောက်သူတို့နှစ်ယောက်ထိုင်လိုက်ကြပြီး ဆေးတောင်ကြားသို့ ၀င်စနှစ်ကအကြောင်းများကို ပြန်ပြောလိုက်ကြရင်း ဓားလေ့ကျင့်ခြင်းကြောင့် တင်းမာနေသော လေထုကို ဖြေလျှော့ခဲ့ကြလေတော့သည်။

နောက်ရက်များ၌ လီယကုအန်အား ဓားသိုင်းသင်မပေးတော့သော်လည်း နေ့စဉ် တစ်နေ့တစ်နာရီခန့် ရှောင်ချွမ်တို့အား ဓားသိုင်းသင်ပေးခဲ့၏။

အိပ်မက်များ ရှင်သန်နေဆဲဖြစ်သော ရှောင်ချွမ်တို့အတွက်တော့ အပြင်စည်းဂိုဏ်းတပည့်တစ်ယောက်ဆီမှ ဓားသိုင်းသင်ယူရခြင်းမှာ အမှန်တကယ်ပင် ရှားပါးလှသော အခွင့်အရေးတစ်ရပ် ဖြစ်ပေသည်။

ဤသို့ဖြင့် ငါးရက်အကြာတွင် လီယ ထွက်ခွာရန် ပြင်ဆင်ခဲ့၏။

ကုအန် ဂျူနီယာလေးများအားစု၍ လီယအား တောင်ကြားအ‌၀င်ပေါက်အထိ လိုက်ပို့ပေးခဲ့သည်။ ရှောင်ချွမ်တို့မှာတော့ လီယဆီမှ အများကြီးသင်ယူခဲ့ရသည့်အတွက် ယခုကဲ့သို့ နှုတ်ဆက်ကြရရာတွင် တွန့်ဆုတ်နေခဲ့ကြသည်။

“စီနီယာအစ်ကို ဒီနေရာကအမြဲတန်းအစ်ကို့အိမ်ပါပဲ နောက်လည်းမကြာခဏလာလည်လှည့်ပါ” ကုအန် မခွဲခွာချင်သေးပုံဖြင့် ပြောလိုက်၏။

အိမ်လား!

လီယ နှလုံးသားလှိုင်းထသွားခဲ့သော်လည်း အသာအယာသာပြုံးလိုက်ကာ ပြောလိုက်သည်။

“ဟုတ်ပါပြီ ငါပြန်လာမှာပါ”

ပြောပြီးသည်နှင့် လီယတောထဲသို့ လှည့်ထွက်သွားခဲ့ရာ အနက်ရောင်၀တ်စုံနှင့်သူသည် တောထဲမှ မီးတောက်နက်တစ်ခုကဲ့သို့ ဖြစ်နေပြီး ဆောင်းဦးလေမှာပင် ထိုမီးတောက်အား မငြှိမ်းသတ်နိုင်ခဲ့ပေ။

လီယတစ်ယောက် ပြတ်သားသောဆုံးဖြတ်ချက်များနှင့် တောက်လောင်နေပြီဖြစ်မှန်း ကုအန် ခံစားမိလုိက်သည်။ ထိုဆုံးဖြတ်ချက်သည် သူလက်ရှိရလာသော ဒဏ်ရာများနှင့်ဆက်စပ်နေရပေလိမ့်မည်။

လီယသစ်တောထဲမှ ပျောက်ကွယ်သွားသောအခါမှသာ ကုအန် သူ့အကြည့်ကိုလွှဲလိုက်သည်။ ထို့နောက် သူ့ဂျူနီယာလေးများဘက် လှည့်လိုက်ပြီး ပြုံး၍ပြောလိုက်၏။

“ကြိုးစားကျင့်ကြံကြ ဒါမှမင်းတို့လည်းတစ်နေ့ ဆန်းကြယ်တောင်ကြားရဲ့ဂုဏ်ကိုဆောင်နိုင်လိမ့်မယ်”

လုကျိကျားချက်ချင်းပင် အပြင်စည်းဂိုဏ်းတပည့်ဖြစ်ကို ဖြစ်ရစေမည်ဟု အလေးအနက် ကတိပြုလိုက်လေသည်။

ရှောင်ချွမ်လည်း ထိုသို့ပြောလိုက်သော်လည်း သိသာစွာပင် သူ့စကားတွင် လုကျိကျားလောက် အားပါမနေပေ။

ရီလန်တစ်‌ေယာက်မှာတော့ တစ်ခုခုကိုတွေးနေပုံရပြီး အတွေးထဲတွင် နစ်မျောနေခဲ့၏။

ထိုစဉ် ဝူရှင်းပြောလိုက်သည်။ “ကျွန်တော်အပြင်စည်းဂိုဏ်းကိုမသွားဘူး တစ်သက်လုံးအစ်ကိုကြီးနဲ့ပဲနေချင်တယ်”

သူထိုသို့ပြောလိုက်သောအခါ ကုအန်အပါအ၀င်လူတိုင်းသူ့အား အံ့အားသင့်နေကြပုံဖြင့် ကြည့်နေခဲ့ကြသည်။

“ဒီကလေး….”

ကုအန် ရင်ထဲထိသွားရ၏။ သူထိုကလေးအပေါ် အထင်အမြင်များ လွဲနေခဲ့ခြင်းလော။

ယခင်က ဝူရှင်းသည် ညဘက်အချိန်များတွင် ဆန်းကြယ်တောင်ကြားထဲ၌ ခိုးကြောင်ခိုးဝှက်သွားလာနေတတ်သော်လည်း တောင်ကြားထဲမှ ဘာပစ္စည်းမှပျောက်သွားခြင်းမျိုး မရှိခဲ့ပေ။ ထို့ကြောင့် သူ့တွင် မကောင်းသောရည်ရွယ်ချက်မျိုးရှိသည်ဟုလည်း ပြောမရပေ။

ရီလန်မှာတော့ ထိုစကားအားပြောသူမှာ သူမဟုတ်ဘဲ ဝူရှင်းဖြစ်နေသောကြောင့် နောင်တရနေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ့အစ်ကိုကြီးသည် သူ့‌နှလုံးသားထဲ၌ မရှိမဖြစ်အရေးပါသောသူမျိုးဖြစ်သော်လည်း အမတလမ်းစဉ်လောက်တော့ အရေးမပါနိုင်ဘူး ဆိုတာကို နားလည်သွားခဲ့၏။

ထိုစဉ်လုကျိကျား ဝူရှင်းအား ဖော်လံဖားကောင်ဟု ခေါ်‌ဝေါ်လိုက်ရာ လုကျိကျား ရှောင်ချွမ် ရီလန်နှင့်ဝူရှင်းတို့ကြား ရန်ပွဲစတင်လေတော့သည်။

ကုအန် သူတို့အား တောင်ကြားထဲပြန်ခေါ်သွားလိုက်ရင်း သူ့အတွေးများမှာတော့ မြေအောက်ဆီသို့ ရောက်ရှိနေ၏။

လီယလည်း ထွက်ခွာသွားပြီးဖြစ်လေရာ မြေအောက်ရှိပြဿနာများအား ရှင်းလင်းရန် အချိန်ရောက်ချေပြီ။

……

ညဉ့်သန်းခေါင်ချိန် သဘာ၀ဂူရှစ်လုံးထဲ၌

ကုအန် ကောင်းကင်စံအိမ်ဓားအားလက်ထဲတွင် ကိုင်ထားရင်း ဒွာရပေါက်များကိုပိတ်ခံထားရပြီး မြက်ခင်းပေါ်တွင် လဲလျောင်းနေသော မုန့်လန်ဆီသို့ ချဉ်းကပ်သွားလိုက်၏။

“မြက်တွေက ပုံပျက်နေတယ် ဒီနေရာမှာတစ်ယောက်ယောက်ရှိခဲ့တယ်”

သာမန်ကျင့်ကြံသူများအနေနှင့် လုံး၀သတိထားမိရန်မလွယ်သော ပုံပျက်နေမှု သဲလွန်စများကို ကုအန် သတိထားမိလိုက်သည်။ သူသတိထားမိခဲ့ရခြင်းမှာ ဤနေရာမှထွက်မသွားခင်က ဤနေရာအနေအထားကို သူအတိအကျမှတ်ထားခဲ့ခြင်းကြောင့် ဖြစ်၏။

ထို့နောက် သူ့လက်ထဲရှိကောင်းကင်စံအိမ်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်ပြီး မုန့်လန်၀င်လာခဲ့သော ဂူဆီသို့ ဦးတည်သွားခဲ့လိုက်သည်။

မကြာခင်တွင် သူအမှောင်ထုထဲသို့ ပျောက်ကွယ်သွားလေတော့သည်။

ဤဂူတွင် သလင်းကျောက်တုံးများများစားစားမရှ်ိသောကြောင့် ဂူတစ်ခုလုံးမှောင်မဲနေသော်လည်း စိတ်ဝိညဉ်အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သော ကုအန်အတွက်တော့ လင်းခြင်းနှင့်မှောင်ခြင်းမှာ ဘာမှကွဲပြားမနေတော့ပေ။

အေးစက်သော စိတ်ဝိညဉ်လေများ ဂူထဲတွင်တိုက်ခတ်သွားပြီး ကုအန်၀တ်ရုံစအား လှုပ်ခတ်သွားစေခဲ့၏။ သူ့နတ်အာရုံသည် ဂူအဆုံးထိပင် ရောက်ရှိပြီး ဖြစ်သည်။

ဤဂူကြီးသည် အ‌ေတော်လေးကျယ်ပြောပြီး မူလသဘာ၀ဂူ၈လုံး၏ ပင်မဂူမကြီးလောက်မကြီးသော်လည်း အရွယ်အစားမှာ သိပ်မကွာလှပေ။ ဤဂူထဲတွင် များစွာသော အခေါင်းများရှိကြပြီး ဂူမျက်နှာကျက်တွင် စိမ်းပြာရောင် သလင်းကျောက်များကို မြှုပ်နှံထား၏။ အလင်းမှိန်မှိန်အခန်းထဲတွင် အခေါင်းများတည်ရှိနေသည့်မြင်ကွင်းမှာ အတော်လေး ကြောက်မက်ဖွယ်ကောင်းလှပေသည်။

အခေါင်းများမှလွဲ၍ ဂူထဲတွင် မည်သည့်အရာမှ ရှိမနေပေ။

ထိုစဉ်ကုအန် နတ်အာရုံသည် အခေါင်းများကြားထဲမှ အခေါင်းတစ်လုံးထဲတွင် သက်ရှိလူတစ်ယောက်ရှိနေသည်ကို ဖမ်းမိသွားခဲ့၏။ သေးငယ်သောသက်ရှိစွမ်းအားလေးတစ်ခုမှာပင် စိတ်ဝိညဉ်အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် နတ်အာရုံမှပြေးမလွတ်နိုင်ပေ။

ကုအန် ထိုသက်ရှိစွမ်းအားလေးဆီမှ မည်သည့်အန္တရာယ်ကိုမှ မခံစားမိသော်လည်း သတိလျော့မနေရဲပေ။

အချိန်အတော်ကြာ လျှောက်လာပြီးသည့်နောက်တွင် ကုအန် ဂူအဆုံးသို့ ရောက်လာခဲ့လေသည်။

ဂူအ၀င်၀တွင်ရပ်နေရင်း ကုအန်ဟိုဟိုဒီဒီကြည့်လိုက်ကာ ဂရုတစိုက်မေးလိုက်၏။

“တစ်ယောက်ယောက်ရှိလား”

ဘယ်သူမှပြန်မဖြေခဲ့ဘဲ အခန်းထဲတွင် လူသူအရိပ်အယောင်တစ်ခုပင် ပေါ်မလာခဲ့ပေ။

ထိုစဉ် ကုအန်ကျောက်တုံးတစ်တုံးကိုကောက်လိုက်ပြီး အတွင်းဘက်သို့ လှမ်းပစ်လိုက်သည်။

“ထပ်”

ကျောက်တုံးသည် အခေါင်းတစ်လုံးကိုထိမှန်သွားခဲ့သော်လည်း မည်သည့်လှုပ်ရှားမှုမှတော့ ထွက်မလာခဲ့ပေ။ သို့သော်လည်း ကုအန်အလွန်ကြောက်ရွံ့သွားပုံဖြင့် မျက်လုံးပြူးသွားခဲ့၏။

သူနောက်သို့ခြေလှမ်းအနည်းငယ်ပြန်ဆုတ်လိုက်ပြီး ကြောက်လန့်သွားပုံ ဟန်ဆောင်လိုက်သည်။

ဘာလို့ဘာသံမှ ထွက်မလာသေးတာလဲဟ!

ငါဒီလိုကြီး ဟန်ဆောင်နေရတာ အတော်ရှက်စရာကောင်းနေပြီကွ!

ကုအန် စိတ်ရှုပ်သွားသော်လည်း တစ်ဖက်လူသည် သူ့အား တစ်ခါမှထိခိုက်နာကျင်အောင် မလုပ်ဖူးသေးသောကြောင့် ဘာမှမလှုပ်ရှားခဲ့ပေ။ သူသည် လူကောင်းတစ်ယောက်အား သံသယအနည်းငယ်ရှိရုံဖြင့် မသတ်ပစ်နိုင်ပေ။

ကုအန် အန်ကြိတ်လိုက်ပြီး ကောင်းကင်စံအိမ်ဓားအား ထုတ်ကာ ဂူအမှောင်ထုထဲတွင် လျှောက်ယမ်းပစ်လိုက်တော့သည်။

“ခရက်”

ကောင်းကင်စံအိမ်ဓားသည် အခေါင်းဖုံးတစ်ခုအား ခုတ်မိသွားခဲ့ဧ။။် ထိုအခါ အခေါင်းမှထွက်ပေါ်လာသော တန်ပြန်အားတစ်ခုကြောင့် ကုအန်နောက်သို့ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့ရသည်။

“ဟီးဟီးဟီး”

လိုဏ်ခေါင်းထဲတွင် ဟိန်းထွက်နေသော ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။

ကုအန် ရုတ်တရက် ကြောက်လန့်သွားခဲ့ရသည်။ ထိုအသံသည် မိန်းမတစ်ယောက်အသံဖြစ်ပြီး ရယ်သံမှာ သရဲမတစ်ယောက်၏ ရယ်သံနှင့်ပင် တူနေခဲ့၏။

ကုအန် သူ့ပတ်ပတ်လည်မှ သရဲ သို့မဟုတ် မိစ္ဆာတစ်ကောင်ထွက်လာမည်ကို ကြောက်နေသည့်ပုံဖြင့် ကောင်းကင်စံအိမ်ဓားကို ဆုပ်ကိုင်ကာ ကြောက်လန့်တကြား လှည့်ပတ်ကြည့်နေခဲ့သည်။

“ကောင်လေး နင်ကချန်းရွှမ်တန် တပည့်လား”

ထိုစဉ် ကလက်တက်တက်နိုင်ပြီး လူတစ်ယောက်စိတ်အား မကောင်းသောအတွေးများဆီ ဦးတည်သွားစေနိုင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့၏။

ကုအန် အမြန်ပြန်ပြောလိုက်သည်။ “ဟုတ်ပါတယ် စီနီယာ ချန်းရွှမ်တန်က ကျွန်တော့်ဆရာပါ စီနီယာဘယ်သူလဲဆိုတာ သိခွင့်ရှိမလား စီနီယာကဘာလို့ဒီမှာ ရှိနေတာလဲဗျ”

“ဒီဂူထဲမှာရှိနေမှတော့ မင်းရဲ့ဆရာပဲပေါ့ ချန်းရွှမ်တန်ကငါ့တပည့်ပဲ မင်းဒီကိုရောက်လာပြီဆိုတော့ သူ့အဆုံးသတ်ကနီးလာခဲ့ပြီထင်တယ် ဟုတ်သလား” ဆန်းကြယ်သောအသံပိုင်ရှင်သည် ထိုစကားအားပြောစဉ်တွင် သူ့အသံမှာ အနည်းငယ်ပင်ညှိုးလျသွားခဲ့လေသည်။

ကုအန် ပြန်ပြောလိုက်၏။ “ဒါဆို ကျွန်တော့်ရဲ့ ဆရာဘိုးဘိုးပေါ့ ဆရာ့ရဲ့အချိန်ကတကယ်ပဲ နီးလာခဲ့ပါပြီ ဆရာက ဆရာဘိုးဘိုးကိုအတုယူပြီး သူ့ရဲ့နောက်ဆုံးအချိန်ကို လူမသိသူမသိနေရာတစ်ခုမှာ ကုန်ဆုံးဖို့ ထွက်သွားခဲ့ပါတယ်”

ဂူအခန်းသည် တဖန်ပြန်လည်တိတ်ဆိတ်သွားခဲ့ပြန်သည်။

ကုအန် သတိထားနေလိုက်၏။ တစ်ဖက်လူဆီမှ သူ့အားသတ်ဖြတ်လိုသော အပြုအမူတစ်ခုခုလုပ်လာခဲ့ပါက သူ့ဆရာဘိုးဘိုးသောဘာသော သူနားလည်နေမည်မဟုတ်ပေ။

သူ့လက်ထဲရှိ ကောင်းကင်စံအိမ်ဓားမှာ အခုထိ သွေးအရသာကိုမြည်းစမ်းမကြည့်ရသေးပေ!

အချိန်ခဏကြာပြီးနောက်

ကုအန်တစ်ခုခုပြောဖို့ ပြင်လိုက်ချိန်တွင် တစ်ဖက်မှအသံပြန်ထွက်လာခဲ့သည်။

“ချန်းရွှမ်တန်က ငါ့သရုပ်မှန်ကိုပြောခဲ့လား”

ကုအန် ငြင်ငြင်သာသာပြန်ပြောလိုက်၏။

“ကျွန်တော့်ဆရာကအားလုံးပြောပြခဲ့ပါတယ် ဆရာဘိုးဘိုးက ရွက်ဝါတစ်ထောင်မျှော်စင် ကလာခဲ့တာဖြစ်ပြီး ရွက်ဝါတစ်ထောင်မျှော်စင်ကလူဆိုရင် ဘယ်အချိန်ပဲရောက်လာလာ လက်ခံပေးဖို့ မှာခဲ့ပါတယ်”

“မင်းကိုကြည့်ရတာ ကြောက်လန့်ပြီး အရမ်းသတိထားနေတဲ့ပုံပဲ ဒီနေရာကိုလည်း မမျှော်လင့်ဘဲရောက်လာခဲ့တာမဟုတ်လား နောက်ပြီးဒီအကြောင်းတွေအားလုံးကိုလည်း မင်းဆရာမင်းကို တောင်ကြားသခင်ရာထူးလွှဲပေးပြီးမှ သိခဲ့ရတာမလား” တစ်ဖက်လူ စနောက်လိုသည့်ဟန်ဖြင့် မေးလိုက်သည်။

ကုအန် သက်ပြင်းချလိုက်မိ၏။ အရာအားလုံးသည် သူဘာမှမပြောလိုက်ရဘဲ ပြည့်စုံသွားချေပြီ။

ဤတစ်ခါတော့ သူဟန်ဆောင်နေခြင်းမဟုတ်ဘဲ အမှန်တကယ်ပင် ဘာပြန်ပြောရမှန်းမသိဘဲ အကူအညီမဲ့နေခဲ့ခြင်း ဖြစ်၏။

“မင်းကသူ့ကို ဆရာအဖြစ်သတ်မှတ်ထားတယ်ဆိုရင် ငါ့တပည့်လည်း ဟုတ်နေတာပါပဲ ဒီနေရာကို နောက်ထပ်၁၀ နှစ် စောင့်ရှောက်ပေးထား ၁၀ နှစ်ပြည့်ရင် ငါဒီအဓိပတိဂိုဏ်းကနေ ထွက်သွားလို့ရပြီ အဲ့အခါမင်းကိုလည်း ဒုက္ခမပေးတော့ဘူး”

ထိုစကားအားကြားသောအခါ ကုအန်ထပ်မေးလိုက်သည်။

“ကျွန်တော် ဆရာဘိုးဘိုးရဲ့ ဘွဲ့နာမည်ကို သိခွင့်ရှိမလားခဗျာ”

“ငါ့မျိုးရိုးက ကျန်း နာမည်က ချောင် ငါ့ဘွဲ့နာမည်ကတော့ အမတကမ္ဘာကြီးမှာ ထုတ်ပြောဖို့တောင် မတန်ပါဘူး”

ကျန်းချောင်လား

သူအသက်ရှင်နေထိုင်ခဲ့သည်မှာ ဘယ်နှနှစ်ရှိပြီမှန်း မသိသော်လည်း သူ့နာမည်မှာတော့ အတော်လေးနား၀င်ပီယံ ရှိလှ၏။

ကုအန် တွေးတောနေစဉ် သူ့ရှေ့မှ အခေါင်းရုတ်တရက်ပွင့်လာလေရာ ဓားအားဆွဲမြှောက်လိုက်မိသည်။

ထိုစဉ် အခေါင်းထဲမှ ပစ္စည်းနှစ်ခုထွက်လာပြီး သူ့ရှေ့သို့ ကျလာခဲ့၏။

သူငုံ့ကြည့်လိုက်ရာ အနက်ရောင်ခေါင်းလောင်းလေးတစ်လုံးနှင့် လျှို့ဝှက်သိုင်းကျမ်းတစ်ခုကို တွေ့လိုက်ရသည်။

“ဒါကို ငါတို့ရဲ့တွေ့ဆုံလက်ဆောင်အဖြစ် သတ်မှတ်လိုက် ငါ့တပည့် စိတ်ဝိညဉ်လှုပ်ခါခေါင်းလောင်းက အနန္တဆန်းကြယ်အဆိပ်ကျမ်းထဲက အဆိပ်တွေအားလုံးကို အမိန့်ပေးထိန်းချုပ်နိုင်တယ် အဲ့တာကိုတစ်ချက်ပဲ ခါလိုက် ဂူထဲက အလောင်းအဆိပ်တွေအားလုံးက မင်းအမိန့်ကို နာခံလိမ့်မယ်”

“ဒီသိုင်းကျမ်းကတော့ ငါ့ရဲ့အမတကျင့်စဉ် ယင်ယန်ပညာပဲ ယင်ယန်ပညာထဲမှာ ဒီစိတ်ဝိညဉ်လှုပ်ခါခေါင်းလောင်းကို ဘယ်လိုသန့်စင်ရမလဲဆိုတဲ့ ဂါထာတွေပါတယ် မင်းဆရာတောင်မသင်ယူနိုင်ခဲ့တဲ့ နည်းစနစ်ပေါ့”

ကျန်း‌ေချာင် ချန်းရွှမ်တန်အားအနည်းငယ် စိတ်ပျက်နေသည့်လေသံဖြင့် ပြောလိုက်သည်။

ကုအန် မျက်ခုံးများ တွန့်ကွေးသွားပြီး ပြန်မေးလိုက်၏။

“ကျွန်တော့်လို သာမန်ပါရမီပဲရှိတဲ့သူကို ဘာလို့ဆရာဘိုးဘိုးက အရမ်းကြင်ကြင်နာနာဆက်ဆံနေရတာလဲ”

“ဟီးဟီး သာမန်ပါရမီတဲ့လား ကောင်လေး မင်းဘယ်လိုကျင့်စဉ်တွေကျင့်နေလည်း ငါမသိပေမယ့် မင်းကျင့်ကြံခြင်းအဆင့်က ချီကျင့်ကြံခြင်းအဆင့် ၄ အထက်မှာရှိတာကတော့ သေချာတယ် မင်းကအခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ပြီးသားဖြစ်ရမယ် ဒီလောက်အသက်လေးနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကိုရောက်နေတယ်ဆိုကတည်းက မင်းကတကယ့်ပါရမီရှင်တစ်ယောက်ပဲ”

“မင်းရဲ့မာနကိုချိုးနှိမ်ပြီး အဓိပတိဂိုဏ်းထဲမှာ အစေခံတပည့်တစ်ယောက်လာလုပ်နေတယ်ဆိုတော့ မင်းမှာဘယ်လိုလျှို့ဝှက်ချက်တွေရှ်ိတယ်ဆိုတာ မသိပေမယ့် အဓိပတိဂိုဏ်းအပေါ်မှာတော့ မကျေနပ်ချက်အတော်များများရှိနေတဲ့ပုံပဲ”

“မင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးငါကျေနပ်တယ် နောက်ပြီးမင်းရဲ့ကိစ္စတွေအပေါ် ချဉ်းကပ်ပုံက ငါ့ကိုပိုပြီး သဘောကျသွားစေတယ် ကြိုးစားကျင့်ကြံ နောက်ကျငါမင်းကို ထပ်သင်ပေးမယ် ငါ့အမွေအနှစ်ကိုဆက်ခံပြီးတာနဲ့ ရွက်ဝါတစ်ထောင်‌မျှော်စင်ရဲ့ တပည့်ရင်းတစ်ယောက်ဖြစ်လာဖို့ ငါမင်းကိုထောက်ခံပေးမယ်”

ကုအန် အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်၏။

“ကျေးဇူးပါဆရာဘိုးဘိုး တစ်ခုခုခိုင်းစရာရှိရင် ကျွန်တော့်ကို အချိန်မရွေးပြောနိုင်ပါတယ်”

ပြောပြီးသည်နှင့် စိတ်ဝိညဉ်လှုပ်ခါခေါင်းလောင်းနှင့်သိုင်းကျမ်းကိုယူကာ လှည့်ထွက်သွားလေတော့သည်။

ကျန်း‌ေချာင်ဆီမှလည်း ဘာသံမှထွက်မလာတော့လေရာ ကုအန် သဘာ၀ဂူ ၈ လုံး ဆီသို့ အမြန်ပြန်သွားခဲ့လိုက်၏။

ထို့နောက်သစ်ပင်အောက်တွင် ထိုင်ကာ ယင်ယန်ပညာ ကိုစတင်ဖတ်ရှုလိုက်သည်။

ဖတ်နေရင်း ကုအန် ကျန်းချောင်၌ သူ့အပေါ်မကောင်းကြံလိုစိတ်ရှိမရှိ သုံးသပ်နေမိ၏။

၁၀ နှစ်ဆိုသည်မှာတော့ ကိစ္စကြီးတစ်ခုမဟုတ်ပေ။ သူသည် စိတ်ဝိညဉ်အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ရုံတင်မကဘဲ ထိုက်ကန်နတ်မှင်သက်ဓားသိုင်းကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပေသည်။

ကျန်း‌ေချာင်သည် သူတော်စင်တစ်ယောက် မဟုတ်တာတော့ သိသာ၏။ သူသည် ကုအန်၏ အခြေခံတည်ဆောက်ခြင်းအဆင့် စွမ်းအားကို သတိထားနေရုံသာ ဖြစ်သည်။ ဆယ်နှစ်တည်းနှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အား သတိထား‌ရရာမှ စိတ်ဝိညဉ်အခြေတည်အဆင့်တစ်ယောက်ကို သတိထားရလိမ့်မည်ဟုတော့ သူလုံး၀ထင်ထားခဲ့မည် မဟုတ်ပေ။

ချန်းရွှမ်တန်ပြောပုံအရ သူသေဆုံးသွားတာနှစ် ၇၀ ရှိပြီဖြစ်ရာ အခုမှ ဤနေရာတွင် ပုန်းအောင်းနေခြင်းမျိုးလည်း ဟုတ်မနေပေ။

နောက်လာမည့်၁၀နှစ်အတွင်း ကုအန်သူ့ဆီမှ ရနိုင်သမျှ လျှို့ဝှက်သိုင်းကျမ်းများ ဂါထာများကို စုဆောင်းရမည်ဖြစ်ပြီး ဆယ်နှစ်ပြီးသည့်နောက် သူသာအေးအေးချမ်းချမ်းထွက်သွားလျှင် ကုအန်လည်း သူ့ဆရာဘိုးဘိုးအား သစ္စာဖောက်လိမ့်မည် မဟုတ်ပေ။

သို့သော် သူသာထိုဆယ်နှစ်အတွင်း သူ့အားမကောင်းကြံခဲ့လျှင်တော့ ကုအန် သူ့ကောင်းကင်စံအိမ်ဓားအား သွေးအရသာကို မြည်းစမ်းခိုင်းရပေလိမ့်မည်။

အပိုင်း(၂၄)

ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၉ ကျင့်ကြံသူ ကျန်းချောင်

နွေဦးများကုန်ပြီး ဆောင်းဦးများရောက်ရှိလာခဲ့ကာ ငါးနှစ်သည် မျက်စိတစ်မှ်ိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

ဤနှစ်များအတွင်း ကုအန် သူ၏ညတိုင်း ကျင့်ကြံခြင်းတွင် သက်တမ်းတစ်နှစ်ပေါင်းထည့်သော အစီအစဉ်အား ဆက်လက်လုပ်ဆောင်နေခဲ့ပြီး ၅နှစ်ကြာသောအခါ သူ့သက်တမ်း ၁၈၀၀ အသုံးပြုပြီးဖြစ်ကာ ကျင့်ကြံခြင်းအဆင့်သည် စိတ်ဝိညဉ်အခြေတည်အဆင့် ၈ သို့ရောက်ရှိလာခဲ့၏။

စိတ်ဝိညဉ်အခြေတည်အဆင့် ၅ ကိုကျော်ဖြတ်ပြီးသောအခါ အဆင့်သေးတစ်ခုတက်ရန်ပင် သက်တမ်းအများကြီးပို၍ သုံးနေခဲ့ရသည်။ သူကိုယ်တိုင်ကျင့်ကြံရခြင်းမှာလည်း ပို၍ပင် ကြာနေလေရာ ကုအန် စိတ်ရှည်ရှည်နှင့်သာ စောင့်ဆိုင်းနေခဲ့ရ၏။

ယခုအခါ သူ၏လက်ကျန်သက်တမ်းမှာ ၁၀၂၀၀ ကျော်နေပြီဖြစ်သည်။ သဘာ၀ဂူ ၈ လုံးထဲရှိ ဆေးပင်စိုက်ခင်းမှာ သူ့သက်တမ်းအား အတော်လေးထောက်ပံ့ပေးနေခဲ့၏။

၅ နှစ်ကြာပြီးသည့်နောက် ဆေးတောင်ကြားတွင် တပည့် သုံးယောက်လည်း ထပ်၍ လက်ခံထားခဲ့သည်။ ယောင်္ကျားလေးနှစ်ယောက်နှင့် မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူတို့သုံးယောက်လုံးမှာ ကုအန်အား ဆရာအဖြစ် သတ်မှတ်ကြ၏။ ကြီးစဉ်ငယ်လိုက်စီသော် အမည်များမှာ ထန်ယု စုဟန် နှင့် ကျန်းချင် တို့ဖြစ်ကြသည်။

ကုအန် တပည့်များရွေးချယ်ရာတွင် ပါရမီကိုကြည့်၍ ရွေးချယ်ခြင်းမျိုးမဟုတ်ဘဲ ပြဿနာများအား ရှောင်ရှားရန် သာမန်ပါရမီရှိသူများကိုသာ တပည့်အဖြစ်ရွေးချယ်ခြင်း ဖြစ်၏။ သူတို့သုံးယောက်စလုံးသည်လည်း အမြင့်ဆုံးနေနိုင်သည့်သက်တမ်း ၂၀၀ ၀န်းကျင် ရှိကြသူများ ဖြစ်ကြပေသည်။ ဤကဲ့သို့ အခြေခံလိုအပ်ချက်ပေါ် မူတည်၍သာ ကုအန် တပည့်ရွေးချယ်၏။

တစ်ရက်တွင် ဆေးတောင်ကြား၀င်ပေါက်၌ ရှောင်ချွမ် ရီလန် ဝူရှင်း ထန်ယု စုဟန် ကျန်းချင် တို့ လုကျိကျားနားတွင် ၀န်းရံနေခဲ့ကြသည်။

“အစ်ကို အောင်မြင်ဖို့ဆုတောင်းပေးပါတယ်”

“ဆရာဦးလေး အပြင်စည်းဂိုဏ်းထဲရောက်သွားရင် ကျွန်တော်တို့ကို မေ့မသွားနဲ့နော်”

“စိတ်မပူပါနဲ့ ငါကအမြဲတန်းဆန်းကြယ်တောင်ကြားကလူပါပဲ”

“မင်းရှုံးလာရင်တော့ ငါကလှောင်မှာနော်”

ယနေ့သည် လုကျိကျား အပြင်စည်းဂိုဏ်း၀င်ခွင့် သွားဖြေမည့်နေ့ ဖြစ်ပေသည်။ ကုအန် နွယ်စိမ်းသီးအား လေးစိတ်ခွဲ၍ သူ့ဂျူနီယာလေးများအား အညီအမျှခွဲဝေပေးခဲ့၏။ ထိုသစ်သီးအစွမ်းကြောင့် သူ့ဂျူနီယာလေးများ ကျင့်ကြံခြင်းအလျင်အမြန်တိုးတက်လာခဲ့ပြီး လုကျိကျားသည် ချီကျင့်ကြံခြင်းအဆင့်၉ သို့ အရင်ဆုံးရောက်ရှိသွားခဲ့သည်။

နွယ်စိမ်းသီးစားပြီးသည့်နောက်တွင် ဝူရှင်း တစ်ယောက် အတော်လေးငြိမ်သွားခဲ့၏။ ညတိုင်းသူ့အခန်းထဲတွင်သာ အေးအေးဆေးဆေးကျင့်ကြံနေခဲ့ပြီး တောင်ကြားထဲလျှောက်သွားနေခြင်းမျိုး မလုပ်တော့ဘဲ သူ့အလုပ်တာ၀န်များကိုလည်း ပို၍ကြိုးကြိုးစားစား လုပ်လာခဲ့သည်။

အသက် ၂၃ နှစ်အရွယ်ရှ်ိသော လုကျိကျားတွင်တော့ ရည်မှန်းချက်ကြီးမားသော စိတ်ဝိညဉ်မျိုး ရှိ၏။ တောင်ကြားမှထွက်မသွားခင် လုကျိကျား သူ့အစ်ကိုကြီးနေထိုင်သော အိမ်ဘက်သို့ လှမ်းကြည့်လိုက်ရာ သူ့အားနွေးနွေးထွေးထွေးကြည့်နေသော အစ်ကိုကြီးအား တွေ့လိုက်ရသည်။

“သတင်းကောင်းကိုစောင့်နေပါအစ်ကိုကြီး ကျွန်တော်အစ်ကိုကြီးကို စိတ်မပျက်စေရဘူး!”

လုကျိကျား စိတ်ထဲတွင်ဂုဏ်ယူစွာပြောလိုက်ပြီး တောင်ကြားမှ လှည့်ထွက်သွားလေတော့သည်။

လေဟုန်ကြွင်းခြေထောက်သိုင်းအား နှစ်ပေါင်းများစွာ ကျင့်ကြံပြီးသည့်နောက်တွင် အပြင်စည်းဂိုဏ်း၌ နာမည်တစ်ခုရအောင် လုပ်နိုင်လိမ့်မည်ဟု လုကျိကျား ယုံကြည်နေခဲ့၏။

အဖြူအောက်ခံတွင် အနက်ရောင်ဖြင့်ပုံစံကွက်များဖော်ထားသော ၀တ်ရုံကို ၀တ်ဆင်ထားသော ကုအန်တစ်ယောက် တောင်ကြားမှထွက်သွားသော လုကျိကျားကိုကြည့်ကာ ခံစားချက်များ ရောပြွန်းနေလေသည်။

သူထိုခံစားချက်အား စိတ်သက်သာရာရသွားခြင်းလား ဒါမှမဟုတ် တွန့်ဆုတ်နေခြင်းလား ဟု‌ေသချာမပြောနိုင်သော်လည်း နှစ်ခုစလုံးလည်း ဖြစ်နိုင်ပေသည်။

“အသက်ကလေး ၂၇နှစ်မှာတောင် ငါဒီလောက်အစွဲအလန်းကြီးနေရင် အသက် ၂၀၀ အသက် ၂၀၀၀ များရောက်ရင် ဘယ်လိုများလုပ်ရပါလိမ့်မလဲ” ကုအန် တစ်ယောက်တည်း ရေရွတ်လုိက်မိ၏။

ထို့နောက် သူ့အခန်းထဲရှိ ခုံပေါ်တွင် ပြန်ထိုင်လိုက်ပြီး အစိမ်းရောင်သူရဲကောင်း ခရီးသွားမှတ်တမ်း စာအုပ်အား ပြန်ကိုင်လိုက်လေသည်။

သူ့အမြင်အရ ဤနောက်ဆုံးထွက်ခဲ့သော အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းစာအုပ်သည် အတော်လေးကောင်းသော လက်ရာမွန်တစ်ခု ဖြစ်၏။ စာရေးသူသည် အချစ်ဇာတ်လမ်းများအား ရေးဖွဲ့ရာတွင် နောက်အဆင့်တစ်ခုသို့ပင် ရောက်နေသည်ဟု ထင်ရပေသည်။

တစ်နာရီခန့် ကြာပြီးနောက်

ဝူရှင်း ကုအန်ဆီ အလည်ရောက်ရှိလာခဲ့၏။ အသက် ၂၁ နှစ်ပြည့်ချိန်အထိ ထိုကောင်လေးသည် ဘုန်းကြီးတစ်ပါးလိုသာ ၀တ်ဆင်ထားဆဲ ဖြစ်သည်။ ကုအန် ထိုကောင်လေးအား “ကျောက်စိမ်းမျက်နှာကိုယ်တော်ထန်” ဟုပင် မကြာခဏ စလေ့ရှ်ိခဲ့၏။ အထူးသဖြင့် သူ့အတွက် ကုအန် အပြင်စည်းတပည့်တွင် သီးသန့်ချုပ်ပေးထားသော သင်္ကန်းမျိုးကို ယူလာပေးပြီး ဝူရှင်းပိုမိုကြည့်ကောင်းနေသော အခါမျိုးတွင် ဖြစ်‌သည်။

“အစ်ကိုကြီး ကျွန်တော်တောင်ပေါ်ဥယျာဉ်ထဲက အပင်တွေအကုန်လုံး ရေလောင်းပြီးခဲ့ပြီ ဒီနေ့အတွက်ကျွန်တော့်ကိုခိုင်းစရာကျန်သေးလား” ဝူရှင်း ကုအန်အားကြည့်၍ ပြောလိုက်ရင်း ရုတ်တရက် ကုအန်ဖတ်‌ေန‌ေသာ အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းစာအုပ်အား မြင်မိသွားသောအခါ ရှက်ပင်ရှက်သွားခဲ့မိသည်။

ကုအန် ပြန်မကြည့်ဘဲ ပြောလိုက်၏။

“မရှိတော့ဘူးလေ မင်းသွားကျင့်ကြံလို့ရပြီ”

ဝူရှင်း မပြန်‌ေသးဘဲ ကုအန်ရှေ့ရှိ ခုံတွင် ၀င်ထိုင်လိုက်ပြီး သူ့ပုံစံမှာ တစ်ခုခု‌ေပြာချင်‌ေနသည့်ပံုဖြင့် သိသိသာသာပင် တွန့်ဆုတ်နေလေသည်။

ကုအန် သူ့အားကြည့်လိုက်ပြီး ပြောလိုက်၏။

“တစ်ခုခု‌ေပြာစရာ ရှိ‌သေးလို့လား”

အနက်ရောင်၀တ်စုံအား ၀တ်ဆင်ထားသော ကုအန်၏သွင်ပြင်မှာ အာဏာရှင်တစ်ယောက်၏ သွင်ပြင်မျိုးပင် ဖြစ်နေခဲ့သည်။ ဤနှစ်များအတွင်း ဆေးတောင်ကြားမှ ဆေးပင်များအထွက်နှုန်းကောင်းခဲ့ပြီး ငွေ၀င်ခဲ့လေရာ ကုအန်ထိုငွေများကိုသိမ်းမထားဘဲ ဆေးတောင်ကြားရှိ လူတိုင်းအတွက် အ၀တ်အစားအသစ်များ ၀ယ်ပေးခဲ့လိုက်၏။ ယခုအခါတွင် ဆေးတောင်ကြားရှိမည်သူမှ စုတ်စုတ်ပြတ်ပြတ် အစေခံတပည့်များနှင့် တူမနေကြတော့ပေ။

ဝူရှင်း သူ့နှုတ်ခမ်းအား အနည်းငယ်ကိုက်လိုက်ပြီး ပြောလိုက်သည်။

“အစ်ကိုကြီး တကယ်တော့ကျွန်တော့်ပါရမီနဲ့ဆိုရင် အပြင်စည်းဂိုဏ်းကို၀င်ဖို့က မဖြစ်နိုင်ပါဘူး အဲ့တာကြောင့်ဒီဆေးတောင်ကြားမှာပဲ အစ်ကိုကြီးနဲ့အတူတူ တစ်သက်လုံးနေသွားချင်ပါတယ်”

ကုအန် စာအုပ်ကိုချလိုက်ပြီး ဝူရှင်းအားအနီးကပ်လေ့လာလိုက်၏။

သူ့စကားများသည် ဘာကိုဆိုလိုချင်နေသနည်း။

ဒီကောင်လေးက ရာထူးတက်ချင်နေတာပဲ!

ကုအန် မျက်မှောင်ကြုံ့လိုက်ပြီး သူ့အမူအရာလည်း ပျက်သွားခဲ့ရသည်။

သူ့အအမူအရာအားမြင်သောအခါ ဝူရှင်းရုတ်တရက် ဒူးထောက်ချလိုက်ပြီး ပြောလိုက်၏။

“အစ်ကိုကြီး ကျွန်တော်က ဘယ်နေရာမှာလိုအပ်နေတာလဲ ကျွန်တော်ကသူတို့ထက် ပိုပြီးလည်းကြိုးစားတယ် ပိုပြီးလည်းနာခံတတ်တယ် ဒီကဘယ်သူနဲ့မှတောင်မတူပါဘူး ကျွန်တော်တကယ်ကို အပြင်စည်းဂိုဏ်းကို မသွားချင်ဘူးအစ်ကိုကြီး” ဝူရှင်း ၀မ်းနည်းနေပုံဖြင့် ပြောလိုက်ပြီး သူ့မျက်လုံးများပင် နီရဲလာခဲ့လေသည်။

ထိုကောင်လေးသည် နည်းစနစ်အချို့ကိုသုံး၍ ချီသွေးများကိုသုံးကာ မျက်လုံးများနီအောင်လုပ်လိုက်မှန်း ကုအန် သတိထားမိလိုက်၏။

ညဏ်ကောင်းတဲ့ကောင်လေး မင်းငါ့ဆီကအတုယူထားတာပေါ့ ဟုတ်လား ဟမ့်!

ကုအန် လေးလေးနက်နက်ပြောလိုက်သည်။ “ဝူရှင်း အစ်ကိုကြီးနှလုံးသားထဲမှာ ဘယ်သူကမှ ဘယ်သူ့ထက်သာတယ်နာတယ်မရှိပါဘူး လူတိုင်းကအတူတူပါပဲ ဒါကြောင့်လည်း နွယ်စိမ်းသီးကို အားလုံးအတူတူ ညီတူညီမျှပဲ ခွဲပေးခဲ့တာပေါ့ ဒါပေမယ့် တပည့်ခေါင်းဆောင်နေရာကတော့ အရေးကြီးတယ်လေ ဒါကနောက်တက်မယ့် တောင်ကြားသခင်နေရာကိုတောင် ကိုယ်စားပြုနေတယ်မဟုတ်လား အစ်ကိုကြီးက သာမန်အပြင်စည်းတပည့်တစ်ယောက်လောက်တောင် အထောက်အပံ့မရတဲ့ အစေခံတပည့်လေးတစ်ယောက်ပဲ ဆိုပေမယ့် ဂိုဏ်းရဲ့သဘောထားကြီးမှုကိုတော့ ပစ်ပယ်ထားလို့ မရဘူး”

“ကြည့်ရတာ မင်းကငါ့ဆီကတစ်ခုခုကိုဖုံးကွယ်ထားတဲ့ပုံပေါ်နေတယ် ဒါပေါ့ လူတိုင်းမှာအခြားသူကိုပြောပြလို့မရတဲ့ ခက်ခဲတဲ့အခြေအနေတွေရှိနိုင်တာကို ငါနားလည်ပါတယ် ငါမင်းကိုလည်း အပြစ်မတင်ပါဘူး ဒါပေမယ့် တပည့်ခေါင်းဆောင်နေရာကတော့….”

အဆုံးထိပြောပြီးသောအခါ ကုအန် အကူအညီမဲ့နေပုံဖြင့် သက်ပြင်းချခဲ့လိုက်သည်။

ဝူရှင်း တုန်လှုပ်သွားခဲ့ရ၏။ သူလွန်ခဲ့သော နှစ်များစွာတုန်းက လုပ်ခဲ့သောအပြုအမူများကို သူ့အစ်ကိုကြီး သတိထားမိနေလိမ့်မည်ဟု သူထင်မထားမိခဲ့ပေ။ ထိုအကြောင်းအားသိသိချင်း သူ့ပထမဆုံး ခံစားချက်မှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ခြင်းဖြစ်ပြီး ထို့နောက်တွင်တော့ သူအတော်လေး ခံစားသွားခဲ့ရသည်။

သူနောက်ဆုံး ညဘက်ခိုးထွက်ခဲ့သောအခေါက်မှာ လွန်ခဲ့သော ငါးနှစ်ခန့်ကဖြစ်ပြီး သူ့အစ်ကိုကြီးသည် ဤငါးနှစ်လုံးလုံး သူ့အား နားလည်ပေးထားခဲ့ခြင်းပေလော။

ဤအရာသည် ဘာကိုဆိုလိုနေပါသနည်း။

သူ့အစ်ကိုကြီးသည် သူ့အားတစ်ချိန်လံုး သူ၏ညီကိုရင်းတစ်ယောက်ကဲ့သို့ သဘောထားနေခဲ့ခြင်း ဖြစ်ပေသည်။

သူ့အစ်ကိုကြီး၏ ဖိနပ်များပေါ်တွင် ၀ပ်တွားလိုက်ရင်း ဝူရှင်းတွေးလိုက်မိ၏။ အကယ်၍ သူသာသူ့အစ်ကိုကြီးနေရာတွင်ဆိုပါက ထိုကဲ့သို့သော ဂျူနီယာညီလေးမျိုးကို အရင်ကတည်းပင် အပြစ်အမျိုးမျိုး ပေးပြီးဖြစ်ပေလိမ့်မည်။

ထိုသို့တွေးမိလေလေ ဝူရှင်း သူ့ကိုယ်သူ ပိုရှက်မိလာလေလေပင်။ သူဆက်၍ သရုပ်မဆောင်နိုင်တော့ပေ။

“အစ်ကိုကြီး တကယ်တော့…”ဝူရှင်း အံတင်းတင်းကြိတ်ထားလိုက်ပြီး သူ့ပုံစံမှာ ဆုံးဖြတ်ချက်ကြီးတစ်ခုအား ချလိုက်မှန်း ထင်ရှားနေပေသည်။

“တကယ်တော့ ကျွန်တော်က ရွက်ဝါတစ်ထောင်မျှော်စင်က လာခဲ့တာပါ ကျွန်တော့်အဖေက ရွက်ဝါတစ်ထောင်မျှော်စင်ရဲ့ မျှော်စင်သခင် ၇၂ ယောက်ထဲက တစ်ယောက်ပါ ကျွန်တော်ကပါရမီနိမ့်ကျပြီး ကျွန်တော့်ညီကိုတွေရဲ့ အနိုင်ကျင့်တာကို မကြာခဏခံရလွန်းလို့ ထွက်ပြေးလာခဲ့တာပါ ကျွန်တော်ညဘက်တွေ ခိုးထွက်ရတဲ့အကြောင်းအရင်းကတော့ အစ်ကိုလီယအကြောင်းကို ကြားထားမိပြီးတော့ ကျွန်တော်လည်း သူ့လိုအခွင့်အရေးတစ်ခုခုရှာတွေ့ပြီး တစ်နေ့မှာ ကျွန်တော့်အဖေကို ကျွန်တော်ကဘာကောင်မှန်း သက်သေပြနိုင်ချင်လို့ပါ ဒါပေမယ့် အခုတော့ကျွန်တော်အရှုံးပေးလိုက်ပါပြီ ကျွန်တော့်၀မ်းကွဲတွေနဲ့ ယှဉ်ဖို့မပြောနဲ့ ကျွန်တော်ကလုကျိကျားနဲ့တောင် မယှဉ်နိုင်ပါဘူး သူတို့နဲ့ယှဉ်ဖို့ဆိုတာ ဟိုးအဝေးကြီးမှာပါပဲ…”

ကုအန် မျက်နှာတွင် ကြောင်အသွားပြီး မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

“မင်း…”

သူ့အစ်ကိုကြီး၏ တုန်ယင်နေသောအသံကိုကြားလိုက်ရသောအခါ ဝူရှင်းပို၍ ရှက်သွားမိပြီး သူ့နှဖူးအား ကြမ်းပြင်နှင့်သာ ကပ်ထားလိုက်၏။

ကုအန်လည်း ဝူရှင်းအား ရွက်ဝါတစ်ထောင်မျှော်စင်မှ လာသည်ဟု ထင်မထားခဲ့ပေ။

ဆိုတော့ ဒါကဒီလိုကိုး!

ဒီဆန်းကြယ်တောင်ကြားကို ရွက်ဝါတစ်ထောင်တောင်ကြားလို့သာ ပြောင်းလိုက်ပါတော့ကွာ!

ကုအန် လျှို့ဝှက်စွာဖြင့် ဘယ်သူမှ ခိုးနား‌ေထာင်လို့မရ‌ေအာင် သူ့နတ်အာရုံကိုသုံး၍ မမြင်ရသော စိတ်ဝိညဉ်အလွှာတစ်ခုထုတ်ကာ အခန်းကို ကာကွယ်ထားလိုက်သည်။

ထို့နောက် သူတခဏတာ တိတ်ဆိတ်နေလိုက်ပြီး နောက်ဆုံးတွင် ပြောလိုက်၏။

“လုံလောက်ပါပြီဂျူနီယာညီလေး မတ်တပ်ရပ်ပြီးပြောပါ”

စိတ်မသက်မသာဖြစ်နေသော ဝူရှင်းလည်း ကုအန်စကားအား ကြားမှသာ အနည်းငယ်စိတ်သက်သာရာ ရသွားခဲ့သည်။

ဝူရှင်းထရပ်လိုက်ပြီး ကုအန်၏ ခံစားချက်များရောပြွန်းနေသော မျက်နှာအားမြင်လိုက်ရသောအခါ ပို၍ပင် ခံစားသွားခဲ့ရ၏။

စီနီယာအစ်ကိုကြီးက ငါ့ကိုတကယ်ပဲ ဂရုစိုက်တာပဲ!

“အစ်ကိုကြီး ရွက်ဝါတစ်ထောင်မျှော်စင်အကြောင်းသေချာတော့မသိဘူး ကြားတာတော့ သူတို့က မိစ္ဆာလမ်းစဉ် ဂိုဏ်းတစ်ခုဆို” ကုအန် မေးလိုက်သည်။

ဝူရှင်းခေါင်းညိတ်လိုက်ကာ ပြန်ဖြေလိုက်၏။ “ဟုတ်ပါတယ် သူတို့က မိစ္ဆာလမ်းစဉ်ကမှ မိစ္ဆာအဆန်ဆုံးဂိုဏ်းတစ်ဂိုဏ်းပါ အလောင်းကောင်လမ်းစဉ်၊ အဆိပ်ပညာ၊ ဝိညဉ်ဖမ်းချုပ်ခြင်း၊ အဆိပ်သတ္တဝါမွေးမြူခြင်း နောက်ပြီးတော့ အခြားမိစ္ဆာလမ်းစဉ်ပညာအကုန်လုံးကို သူတို့ကတတ်ကျွမ်းကြတယ် ကျွန်တော်အဲ့လိုနေရာမှာ ဆက်မနေနိုင်တော့ဘူး အဲ့တာကြောင့်ကျွန်တော်ထွက်ပြေးလာခဲ့တာပါ..”

“ဒါဆို မင်းအဖေက မင်းကိုလာရှာမှာလား ငါတို့အခြားတပည့်တွေအတွက်လည်း တွေးပေးရမယ်လေ” ကုအန် စိတ်ပူပန်နေပုံဖြင့် မေးလိုက်သည်။

ဝူရှင်း ခေါင်းအမြန်ခါလိုက်ကာ ပြောလိုက်၏။ “သူကျွန်တော့်ကိုလာရှာဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူကကျွန်တော်သေပါစေလို့တောင် ဆုတောင်းနေဦးမယ် ကျွန်တော်ကသူ့ဘ၀ရဲ့ အကြီးမားဆုံး အရှက်ရမှုပဲလေ”

ထိုသို့ကြားလိုက်သောအခါမှ ကုအန်အမူအရာအနည်းငယ်ပြေလျော့သွားပြီး ဝူရှင်းကိုဆူလိုက်၏။ “ဝူရှင်း မင်းအဲ့လိုသိမ်ငယ်နေတာမျိုး အစ်ကိုကြီးခွင့်မပြုနိုင်ဘူး လူတစ်ယောက်ရဲ့ အဆင့်အတန်းကို သူ့ကျင့်ကြံခြင်းအဆင့်တစ်ခုထဲနဲ့ ဘယ်လိုလုပ်ဆုံးဖြတ်လို့ရမှာလဲ”

ဝူရှင်း ပြန်ပြောလိုက်သည်။ “ကျွန်တော်သိပါတယ် ဒါပေမယ့် ရွက်ဝါတစ်ထောင်မျှော်စင်ဆိုတာ မိစ္ဆာလမ်းစဉ်က ဂိုဏ်းတစ်ခုပဲလေအစ်ကိုကြီး သူတို့အတွေးတွေက အတော်လေးကို ပုံမှန်မဟုတ်ကြဘူး”

ကုအန် ခေါင်းညိတ်လိုက်မိ၏။ ထို့နောက် သူတစ်ခုခုကို သတိရသွားပုံဖြင့် မေးလိုက်သည်။ “ဒါနဲ့ မင်းရွက်၀ါတစ်‌ေထာင်‌ေမျှာ်စင်မှာ‌ေနတုန်းက ကျန်းချောင်ဆိုတဲ့နာမည်ကို ကြားဖူးလား”

“ကျန်းချောင်လား” ဝူရှင်း‌မျက်မှောင်ကြုံ့ကာ ပြန်လည်စဉ်းစားနေခဲ့၏။

တခဏကြာသောအခါ သူရုတ်တရက် သတိရသွားမိသည်။ “ကျွန်တော်မှတ်မိပြီ သူကလွန်ခဲ့တဲ့ နှစ်၁၀၀လောက်က ရွက်ဝါတစ်ထောင်မျှော်စင်ရဲ့ အဆင့်မြင့်ပါရမီရှင်တစ်ယောက်ပဲ နောက်ပြီး ဒုတိယမျှော်စင်သခင်ရဲ့ သမီးလည်းဖြစ်တယ် ဒါပေမယ့် လွန်ခဲ့တဲ့နှစ်‌ေပါင်းများစွာကတည်းက သူ‌က‌ေသသွားပြီးပြီ ကျွန်တော်ငယ်ငယ်တုန်းကအဖေသူ့အကြောင်းပြောတာကို ကြားခဲ့ဖူးတာ အဖေကသူ့ကို ကျွန်တော့်အစ်ကိုကြီးနဲ့တောင် ပေးစားချင်ခဲ့တာ”

ကုအန် စိတ်ဝင်စားသွားပြီး မေးလိုက်သည်။ “မင်းအဖေက အသက်ဘယ်လောက်လဲ”

ဝူရှင်းပြန်ပြောလိုက်သည်။

“အသက် ၅၀၀ နီးနီးတော့ရှိပြီအစ်ကိုကြီး နောက်ပြီးသူ့မှာသားသမီး ၁၀၀ ကျော်ရှိတယ် ကျွန်တော်ပျောက်သွားလည်း သူဂရုတောင်စိုက်မှာမဟုတ်ဘူး”

ကုအန် ဆွံ့အသွားခဲ့သည်။

ကုအန် နောက်မေးခွန်းအနည်းငယ်ထပ်မေးခဲ့သော်လည်း ကံဆိုးစွာဖြင့် ဝူရှင်းမှာ ကျန်းချောင်အကြောင်း အများကြီးမသိခဲ့ပေ။

“မင်းကမင်းရဲ့နောက်ခံအကြောင်းအစ်ကိုကြီးဆီ ၀န်ခံခဲ့တယ်ဆိုတော့ အစ်ကိုကြီးကမင်းကို အဓိကတပည့်တစ်ယောက်ဖြစ်လာအောင် လေ့ကျင့်ပေးပါမယ် လမ်းပျောက်နေတဲ့မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတစ်ယောက်ကို တောင်ကြားရဲ့ အဓိကတပည့်နေရာကလမ်းမှန်ရောက်အောင် ပြန်ပို့ပေးနိုင်မယ်ဆိုရင် အဲ့တာကို ချီးကျူးထိုက်တဲ့အပြုအမူလို့ သတ်မှတ်လို့ရမှာပါ ဒါပေမယ့် ဒီကိစ္စကိုအခုချက်ချင်း အကောင်အထည်ဖော်လို့တော့မရဘူး တောင်ကြားထဲကလူတိုင်းကို မင်းကထိုက်တန်ပါတယ်ဆိုတာ အရင်ဆုံးသက်သေပြရမယ်” ကုအန် လေးလေးနက်နက်ပြောလိုက်သည်။

ကုအန်စကားများမှာ ဝူရှင်းအား ကျေနပ်သွားစေခဲ့၏။

ကုအန်အား ကျေးဇူးတင်ကြောင်းပြောရန် ပြင်လိုက်စဉ်တွင် ကုအန် ထပ်ပြောလိုက်သည်။

“အခုကစပြီး ရွက်ဝါတစ်ထောင်မျှော်စင်အကြောင်းတစ်ခွန်းတောင် မဟရဘူးနော် မျှော်စင်အကြောင်းကို မင်းတစ်ယောက်တည်းရှိနေတဲ့အချိန် ကိုယ့်ကိုကိုယ်တောင်ပြန်မပြောနဲ့ ဒါက အဓိပတိဂိုဏ်း မင်းကိုယ့်ကိုကိုယ်ပြောတဲ့စကားတွေကတောင် ပေါက်ကြားသွားနိုင်တယ်”

ဝူရှင်း အမြန်ခေါင်းညိတ်လိုက်ကာ ကုအန်စကားကို နားထောင်ခဲ့၏။

ထို့နောက် ညီအစ်ကိုနှစ်ယောက်သည် သူတို့စကားဝိုင်းကို အခြားသာမန်အကြောင်းအရာများဆီ ပြောင်းလဲခဲ့လိုက်သည်။

ဝူရှင်းတစ်ယောက်မှာလည်း အခုမှသူ့အစ်ကိုကြီးနှင့် ပိုမိုနီးကပ်သွားသည်ဟု ခံစားနေရပြီး အရင်ကတည်းက သူ၀န်မခံခဲ့မိခြင်းကိုပင် နောင်တရနေခဲ့သည်။

…..

ညအချိန် သဘာ၀ဂူ ၈ လုံးထဲတွင်

ကုအန် မြေအောက်မြစ်ဘေးရှိမြေကွက်တွင် ဆေးပင်များထပ်စိုက်ရန် ပြင်ဆင်နေခဲ့၏။

သူ့လှုပ်ရှားမှုများမှာ လျင်မြန်မနေခဲ့ပေ။ သာမန် နေ့စဉ်မကျင့်ကြံသော လူတစ်ယောက်ကဲ့သို့ပင် လှုပ်ရှားနေခြင်း ဖြစ်ပေသည်။ သို့သော် သူစိုက်ပျိုးနေသည်များမှာ အပင်များမဟုတ်ဘဲ သက်တမ်းများ ဖြစ်ကြ၏။

ရှေးတရုတ်လူမျိုးများသည် စိုက်ပျိုးရခြင်းကို အလွန်နှစ်သက်ကြပြီး ထိုအလေ့အကျင့်သည် သူ့စိတ်ဝိညဉ်ထဲတွင် ကိန်းအောင်းနေပြီး အမတ‌ကျင့်ကြံခြင်းကမ္ဘာသို့ ရောက်သည့်အချိန်တွင်ပင် သူထိုအကျင့်ကို မဖျောက်နိုင်သေးပေ။

စိုက်ပျိုးပြီးသွားသောအခါ ကုအန် သူ၏လှလှပပ စီစီရီရီ စိုက်ပျိုးထားသော ဥယျာဉ်အသစ်ကလေးကိုကြည့်ပြီး စိတ်ကျေနပ်နေခဲ့သည်။

“ချစ်ရတဲ့တပည့်လေး ဒီကိုခဏလာပါဦး”

ကျန်းချောင်၏ ချိုသာလှသောအသံလေးထွက်ပေါ်လာရာ ကုအန် ချက်ချင်း သူ့ဆီထသွားခဲ့လိုက်၏။

ဤနှစ်များအတွင်း ကျန်းချောင်သည်သူ့အား ဆေးပင်များယူလာပေးရန်နှင့် ဆေးတာအိုတွင်ကူညီရန် တစ်ခါတရံ ဆင့်ခေါ်လေ့ ရှိပေသည်။

ကုအန်လည်း မာနကြီးမနေဘဲ သူခေါ်တိုင်းတွင် သွားရောက်ကူညီခဲ့ရာ သူ့ဆေးတာအိုမှာ အတော်လေးတိုးတက်လာခဲ့၏။

သူ၏သင်ကြားပုံများအရ ကျန်းချောင်၏ဆေးတာအိုမှာ ချန်းရွှမ်တန်ထက် အတော်ကြီးအဆင့်မြင့်မှန်း ထင်ရှားလှသည်။

ကုအန် မှိန်ပျပျသာရှိနေဆဲဖြစ်သော ဂူအခန်းထဲသို့ ရောက်သွားခဲ့သည်။ သူ့ရှေ့တွင် လူတစ်ယောက်အရပ် တစ်၀က်ခန့်ရှိသော ဆေးမီးဖိုတစ်လုံးရှိနေပြီး မီးဖို၏အောက်ခြေတွင် ပြာမှုန့်များ ရှိနေ၏။

ကုအန် စကားပြောရန် ပြင်လိုက်စဉ်တွင် အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုစဉ် သူ့အကြည့်များသည် အမှောင်ထဲရှိ တုန်ခါနေသော အခေါင်းတစ်လုံးဆီသို့ ရောက်ရှိသွားခဲ့၏။

ဝုန်းးး!

အခေါင်းအဖုံး‌ေမြပြင်‌ေပါ်ပြုတ်ကျသွားပြီး ဖုန်လုံးများ အလိပ်လိုက်ထွက်လာခဲ့သည်။

ထိုအခါ အခေါင်းဖုံးထဲမှ ထွက်ပေါ်လာသော သရဲတစ်ကောင်၏လက်ကဲ့သို့ ပိန်ခြောက်နေသော လက်များကို ကုအန်တွေ့လိုက်ရသည်။ ကုအန် ရုတ်တရက် သက်တမ်းတစ်ခုကိုလည်း စစ်ဆေးမိသွား၏။

[ကျန်းချောင်(ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၉) : ၁၈၅/၃၀၄/၂၄၉၀]

ဘုရား ဘုရား!

အမြင့်ဆုံးနေနိုင်တဲ့သက်တမ်းက ၂၅၀၀ နီးနီးတောင်ရှိပါလား!

ဒါပေမယ့် ဘာလို့ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၉ ကျင့်ကြံသူတစ်ယောက်က လက်ရှိနေနိုင်တဲ့သက်တမ်း ၃၀၀ ပဲရှ်ိတာလဲ။

သူ့ဒဏ်ရာတွေကြောင့်ပဲ ဖြစ်နေမလား။

ကုအန် အံ့ဩမိနေပြီး တစ်ချိန်တည်းမှာပင် သူ၏နောက်ဆုံးလက်ကျန် ကျန်းချောင်အပေါ် သတိထားနေရသော ကြောက်ရွံ့စိတ်ကလေးမှာလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားလေတော့သည်။

All Chapters