← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အပိုင်း(၂၅)

စိတ်ဝိညဉ်အခြေတည်အဆင့်အကြောင်း ကြားဖူးလား

ခရက်!

ပိန်လှီနေသော ခြေထောက်တစ်ဖက် အခေါင်းထဲမှထွက်ပေါ်လာပြီး ကြမ်းပြင်ပေါ်ရှ်ိ မီးသွေးတစ်ခဲကို နင်းမိရာ မီးသွေးခဲနှစ်ပိုင်းကျိုးသွားခဲ့သည်။

ကုအန် မညီမညာရွဲ့စောင်းနေသော၀တ်စုံ ဖရိုဖရဲဖြစ်နေသော ဆံပင်များနှင့် အသွေးအသားမရှိသလို ပိန်ကပ်နေသော မိန်းမတစ်ယောက်အား တွေ့လိုက်ရ၏။ သူ့၀တ်စုံမှာ အရင်ကအဖြူဖြစ်ခဲ့မှန်းပင် မသိသာတော့ဘဲ အင်္ကျီလက်စနှင့် ဘောင်းဘီအနားစများမှာလည်း စုတ်ပြဲနေလေသည်။ ထိုသို့သောအသွင်အပြင်နှင့် အခေါင်းထဲမှ ဒယီးဒယိုင်နှင့် ထလာနေသော သူ့ပုံစံမှာ အတော်လေးကြောက်စရာကောင်းလှ၏။

ကျန်းချောင်သူ့မျက်နှာအား မော့လိုက်ရာ သူ့မျက်နှာမှာလည်း ခန္ဓာကိုယ်နှင့်တူညီစွာ ပိန်ခြောက်နေခဲ့သည်။ သူ့မျက်လုံးပေါက်များမှာ ချိုင့်၀င်နေပြီး မျက်လုံးများက ပြူးထွက်နေလေရာ မြင်ရသူဖို့ သွေးပျက်သွားစေနိုင်ပေသည်။

သူ့အကြည့်များသည် ကုအန်ဆီရောက်သွားပြီး ကတိုက်ကရိုက် ပြောလိုက်၏။

“လိမ္မာတဲ့တပည့်လေး ဒီငါးနှစ်အတွင်း ဆေးတာအိုမှာမင်းကူညီခဲ့တဲ့အတွက် ငါအခုလောက်လျင်လျင်မြန်မြန် သက်သာလာခဲ့တာ…”ကျန်းချောင် အပြုံးတစ်ခုကို ညှစ်ထုတ်ပြီးပြောလိုက်ရာ သူ့ပုံစံမှာပို၍ပင် ကြောက်စရာကောင်းသွားလေသည်။

သူ့ကိုယ်သူလည်း “ဒီဘိုးဘေး”လို့မပြောဘဲ “ငါ” ဟုပြောလိုက်သောကြောင့် သူတို့ဆက်ဆံရေးမှာလည်း အများကြီးပို၍ ရင်းနှီးလာပုံ ပေါ်နေခဲ့၏။

ကုအန် သူ့စိတ်မသက်မသာဖြစ်နေမှုကို ဖိနှိပ်ထားလိုက်ပြီး ပြောလိုက်သည်။ “အဲ့တာက ဒီတပည့်လုပ်ပေးရမယ့်တာ၀န်ပါပဲ ဒါပေမယ့်ကျွန်တော်ပဟေဠိဖြစ်နေတာလေး တစ်ခုရှိပါတယ်”

“မေးလေ”

ကျန်းချောင်ပြောလိုက်ရင်း ဆေးမီးဖိုဆီ လျှောက်သွားခဲ့သည်။

ကုအန် သူ့အားကြည့်နေရင်း မေးလိုက်၏။ “တကယ်လို့ ဆေးတာအိုက ဆရာဘွားဘွားကို ပိုမြန်မြန်နေကောင်းလာအောင်လုပ်နိုင်တယ်ဆို ဘာလို့ အရင်ကတည်းက ဆရာ့ကိုမကူညီခိုင်းခဲ့တာလဲ”

ချန်းရွှမ်တန်သည် ကျန်းချောင်သေသွားတာ နှစ်၇၀ ရှိပြီဟုပြောခဲ့လေရာ ကျန်းချောင်အခုလို အသက်ရှင်နေသေးမှန်း သူမသိခဲ့တာ ထင်ရှားပေသည်။

ကျန်းချောင် ကြောက်စရာအပြုံးတစ်ခုနှင့် ဖြေလိုက်၏။

“ဘာလို့လဲဆိုတော့ ငါသူ့ကိုမယုံလို့ပဲ မင်းဆရာက ငါအတင်းအကြပ်စေခိုင်းလို့ ငါ့တပည့်ဖြစ်လာရတာ သူ့နှလုံးသားကမတည်ငြိမ်ဘူး ငါ့အပေါ်သစ္စာမဖောက်ဘူးလို့ ဘယ်သူပြောနိုင်မလဲ သူခေါ်လာခဲ့တဲ့တပည့်တွေရဲ့တစ်၀က်လောက်ကတော့ အခု ဒီအခေါင်းတွေထဲမှာ ရောက်နေပြီ”

ကုအန် တိတ်ဆိတ်သွားခဲ့သည်။

ကျန်းချောင်အမှန်အတိုင်းပြောနေမှန်း သူသိ၏။ မုန့်လန်ပင်လျှင် ထိုသို့အခြေအနေမျိုးနှင့် အဆုံးသတ်ခဲ့ရသည် မဟုတ်ပါလား။

ကျန်းချောင် ဆေးမီးဖိုရှေ့တွင် ထိုင်လိုက်ပြီး သူ့လက်အားဝေ့ယမ်းလိုက်ရာ ဘေးမှဆေးရွက်များ ဆေးမီးဖိုထဲ ရောက်ရှိသွားခဲ့သည်။

“ငါးနှစ်ရှိသွားပြီး မင်းအခြေခံတည်ဆောက်ခြင်းဘယ်အဆင့်ကို ရောက်ပြီလဲ” ကျန်းချောင်မေးလိုက်၏။

ကုအန်ပြသထားသော ကျင့်ကြံခြင်းအဆင့်မှာ ချီကျင့်ကြံခြင်းအဆင့် ၅ ဖြစ်သော်လည်း ကုအန်၏အမှန်တကယ် ကျင့်ကြံခြင်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့်ဖြစ်သည်ဟု ကျန်းချောင် ထင်နေဆဲဖြစ်သည်။

ကုအန်ပြန်ဖြေလိုက်၏။ “ကျွန်တော် အခြေခံတည်ဆောက်ခြင်းအဆင့်၃ ကိုရောက်ဖို့ နီးကပ်လာပါပြီ”

“နှေးတယ် မင်းနေ့စဉ်ကျင့်ကြံမှုကို မေ့မထားနဲ့ မင်းဆရာဘွားဘွားဆိုရင် အသက်၁၈နှစ်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်ကိုရောက်ပြီးတော့ ၄၀ မှာ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ဆေးတာအိုနဲ့ ၀င်္ကပါပညာကိုမလိုက်စားခဲ့ဘူးဆိုရင် ငါက အခုအချိန် စိတ်ဝိညဉ်အခြေတည်အဆင့်တောင်ရောက်နေလောက်ပြီ”

“မင်းစိတ်ဝိညဉ်အခြေတည်အဆင့်အကြောင်းကြားဖူးလား ကျန်းချောင် ဆေးမီးဖိုပေါ်တွင် အကြည့်ရောက်နေရင်း မေးလိုက်သည်”

ကုအန် ခေါင်းညိတ်ပြလိုက်၏။ “စိတ်ဝိညဉ်အခြေတည်အဆင့် သူတို့ကအမတတွေပဲ အပြင်စည်းတပည့်တွေတောင် သူတို့ကိုတွေ့ရဖို့ မလွယ်ဘူး”

“ဟမ့် အမတ ဆိုတဲ့စကားလုံးက ပိုသန်မာတဲ့ကျင့်ကြံသူတွေ သက်သက်ပဲ ငါအပြည့်အ၀သက်သာသွားရင် လုံခြုံတဲ့နေရာတစ်ခုရှာပြီး စိတ်ဝိညဉ်အခြေတည်အဆင့်ကိုတက်မယ် ဒါဆို မင်းမှာ စိတ်ဝိညဉ်အခြေတည်အဆင့် နောက်ခံတစ်ယောက်ရှိသွားပြီမလား ဘယ်လိုလဲ စိတ်လှုပ်ရှားနေလား” ကျန်းချောင် စိတ်ကျေနပ်နေပုံဖြင့် မေးလိုက်သည်။

“ကျွန်တော့်ကို စောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ် ဆရာဘွားဘွား ကျွန်တော်ကူညီနိုင်တာ တစ်ခုခုရှိသေးလား” ကုအန် ရှေ့တိုးသွားကာ ကူညီရန်မေးမြန်းလိုက်၏။

ကျန်းချောင်ပြန်ပြောလိုက်သည်။ “ဘေးကပဲ ရပ်ကြည့်ပြီး ငါ့ဆေးတာအိုကိုလေ့လာနေ အရေးမကြီးတော့တဲ့အချိန်ကျမှ ငါတို့စကားပြောလို့ရတယ်”

ထို့နောက် ကုအန်အား သူ့ဘေးတွင်ထိုင်ရန် ညွှန်ပြလိုက်သည်။

ကုအန် သူ့ဘေးတွင် ထိုင်လိုက်သော်လည်း အနီးကပ်တော့မထိုင်ရဲသေးပေ။ သူတို့ကြားအကွာအဝေးကို ခြားထားလိုက်၏။

ကျန်းချောင် သူ့အပေါ်ဘယ်လောက်ပဲ ကြင်ကြင်နာနာဆက်ဆံနေပါစေ ကျန်းချောင်ဤနေရာမှ ထွက်မသွားသေးသ၍ သူမယုံရဲသေးပေ။

မုန့်လန်အဖြစ်မှာ သင်ခန်းစာယူစရာပင်။ သူမသေဆုံးခင်အချိန်ထိ ချန်းရွှမ်တန်အား အကြွင်းမဲ့ယုံကြည်ခဲ့သည် မဟုတ်ပါလား။

ထိုင်နေရင်း ကျန်းချောင် သူ့နောက်ခံအား မေးလိုက်ရာ ကုအန် ဘာမှဖုံးကွယ်မထားဘဲ သူ၏‌ကြမ်းတမ်းလှသော ဘ၀အခြေအနေကို အကုန်ပြောပြလိုက်သည်။ ဒါပေါ့ ကျိမိသားစုအကြောင်းကိုတော့ သူမပြောရဲပေ။ သူ၏စိတ်ဝိညဉ်အမြစ်အကြောင်းမသိသေးခင်အထိ သူသည် အိမ်တော်တစ်ခုမှအစေခံတစ်ယောက်သာဖြစ်ပြီး နောက်မှသာ အဓိပတိဂိုဏ်းသို့၀င်ခဲ့ခြင်းဖြစ်သည်ဟု ပြောခဲ့ခြင်းဖြစ်၏။

တစ်နာရီခန့်စကားပြောပြီးသောအခါ ကျန်းချောင်ကုအန်အား ပြန်ခွင့်ပြုလိုက်ပြီး နောက်သုံးရက်နေမှ ပြန်လာခဲ့ဖို့ ညွှန်ကြားလိုက်သည်။ အကယ်၍ ကိစ္စများသာအဆင်ပြေသွားပါက ထိုသုံးရက်ပြီးလျှင် ကျန်းချောင်အတွက် ဆုလဒ်ကြီးတစ်ခု ရှ်ိလာနိုင်၏။

သုံးရက် ပြည့်သွားခဲ့လေပြီ။

ကုအန် ဆေးမီးဖိုရှေ့တွင်ထိုင်၍ လက်ထဲတွင် ယင်ယန်ပညာကျမ်းကို ကိုင်ထားရင်း ကျန်းချောင်အား မေးခွန်းများ တစ်ခုပြီးတစ်ခု မေးနေခဲ့သည်။

သူ့မေးခွန်းများမှာ အတော်လေးစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလာလေရာ ကျန်းချောင် ထဆဲမိတော့၏။

“နင်ငါ့ကို လာနောက်နေတာလားကောင်လေး အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဒီအသက်အရွယ်နဲ့ ရောက်နေပြီး နင့်နားလည်နိုင်စွမ်းကဒီလောက်တောင် နိမ့်ကျရလား”

ကုအန် ဆင်ခြေပေးလိုက်သည်။ “ဆေးတာအိုက ဆေးတာအို စွမ်းအင်ကျင့်ကြံခြင်းက စွမ်းအင်ကျင့်ကြံခြင်းပဲလေ ဟုတ်တယ်မလား”

ကျန်းချောင် ရုတ်တရက် ဘာပြန်ပြောရမည် မသိဖြစ်နေချိန်တွင် သူ့အာရုံကို ဆေးမီးဖိုက ဆွဲဆောင်သွားခဲ့သည်။

ဆေးမီးဖိုထဲမှ အငွေ့များပိုထွက်လာပြီး မီးဖိုအဖုံးရှိ အပေါက်သေးသေးလေးများသည်လည်း အစိမ်းပုတ်ရောင်အဖြစ်သို့ ပြောင်းလဲလာကြ၏။

ကုအန် ကြက်သီးထသွားကာ တွေးလိုက်မိသည်။

ဘယ်လိုဆေးမျိုးကို ဖော်နေတာလဲ!

အဆိပ်ဆေးတစ်မျိုးမျိုးများ ဖြစ်နိုင်လောက်လား။

ကျန်းချောင် မျက်လုံးများ စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာပြီး ဆေးမီးဖိုကိုသာ မျက်တောင်မခတ် ကြည့်နေခဲ့သည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာခဲ့၏။

ကုအန်လည်း သတိအနေအထားဖြင့်နေနေပြီး ကျန်းချောင်ဆီမှ ထွက်ပေါ်လာနိုင်သော တိုက်ကွက်များကို ကာကွယ်ရန် ပြင်ဆင်ထားလိုက်သည်။

အချိန်များ ထပ်မံကုန်ဆုံးသွားခဲ့၏။

ထိုစဉ် ဆေးမီးဖိုထဲမှ ခပ်ကျယ်ကျယ်အသံတစ်မျိုး ထွက်ပေါ်လာလေရာ ကျန်းချောင်မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်လာခဲ့ပြီး သူ့အပြုံးမှာ သူငိုနေသည်ထက်ပင် ပို၍ ရုပ်ဆိုးနေခဲ့သည်။

သူ့လက်များအား မြှောက်လိုက်ပြီး လက်ဟန်တစ်ခုလုပ်လိုက်ရာ ဆေးမီးဖို၏ အဖုံးပွင့်ထွက်သွားခဲ့၏။ မီးဖိုအဖုံးပွင့်ထွက်သွားသောအခါ ဆေးမီးဖိုထဲမှထွက်လာသော ဆေးလုံးကို ချက်ချင်းယူလိုက်ပြီး အမြန်သောက်ချပစ်လိုက်လေသည်။

မြန်လိုက်တာ!

သူ့ပုံစံမှာ ကုအန်သူ့ဆေးလုံးအား လာလုသွားမှာကို ကြောက်နေသလိုပင် ဖြစ်နေ၏။

ဆေးလုံးအား မြိုချပြီးသည့်နောက် ကျန်းချောင် တပလ္လင်ခွေထိုင်ကာ စတင်ကျင့်ကြံလေတော့သည်။ ကျင့်ကြံပြီး အသက်သုံးရှိုက်စာခန့် ကြာသောအခါ သူ့ကိုယ်မှ အ‌ခိုးအငွေ့များ စတင်ထွက်ပေါ်လာခဲ့၏။

ကုအန် မတ်တပ်ရပ်လိုက်ကာ နောက်ဆုတ်လိုက်ပြီး သူတို့ကြားအကွာအဝေးကို ပိုခြားလိုက်သည်။

မီးခိုးငွေ့များ သူ့ပုံရိပ်တစ်ဝိုက်လုံးတွင် ပို၍ပို၍ ထူထဲလာလေရာ သူ့ပုံစံမှာ မြူခိုးများကြားရှိ ဖုတ်ကောင်တစ်ကောင်ကဲ့သို့ပင် ဖြစ်နေ၏။

ကုအန် သူစိတ်ဝိညဉ်အခြေတည်အဆင့်သို့ တက်ရောက်နေလားဆိုတာ သိရရန် သက်တမ်းစစ်ဆေးခြင်း လုပ်ဆောင်ချက်ကို ချက်ချင်း ကောက်ဖွင့်လိုက်သည်။

ကျန်းချောင်၏ လက်ရှိသက်တမ်းမှာ စတင်မြင့်တက်လာခဲ့၏။ တစ်ယောက်ယောက်၏ သက်တမ်း သူ့ရှေ့တွင်အခုလိုကြီး မြင့်တက်နေခြင်းကို ပထမဆုံးမြင်ဖူးခြင်းဖြစ်လေရာ ကုအန် ကြောင်ငေးနေမိသည်။

သူရုတ်ချည်း ကျန်းချောင်၏ ဆေးကိုလည်းအတော်လေးစိတ်၀င်စားသွားမိ၏။

ဒီဆန်းကြယ်တဲ့ဆေးလုံးက ဘယ်လိုဆေးများလဲ!

ကျန်းချောင်၏သက်တမ်းသာမကဘဲ သူ့အရှိန်အဝါများလည်း တဖြည်းဖြည်းမြင့်တက်လာပြီး နောက်ဆုံးတွင် သူ့အရှိန်အဝါမှာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ကျော်ဖြတ်သွားခဲ့သည်။

စစ်မှန်တဲ့ ဗဟိုအူတိုင်တည်ဆောက်ခြင်းအဆင့်တစ်ယောက်ပါလား!

….

ကျန်းချောင်၏ ပိန်ကပ်နေသော ခန္ဓာကိုယ်မှာလည်း ဘောလုံးတစ်လုံးလေထိုးလိုက်သကဲ့သို့ တဖြည်းဖြည်းပြည့်ဖြိုးလာသည်ကို ကုအန် သတိထားလိုက်မိသည်။

အံ့ဩစရာပဲ!

သူစိတ်ရှည်ရှည်စောင့်နေခဲ့လိုက်၏။

တဖြည်းဖြည်းနှင့် ကျန်းချောင်၏အသက်ရှူသံ ပြင်းသထက်ပြင်းလာပြီး နောက်ဆုံးတွင် သူ့အသက်ရှူသံသည် သားရဲကြီးများ၏ဟိန်းဟောက်သံကဲ့သို့ပင် ပြောင်းလဲသွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက်

ကျန်းချောင်အရှိန်အဝါများ ထိုးတက်နေခြင်းမှ တဖြည်းဖြည်းရပ်တန့်သွားပြီး သူ့အရှိန်အဝါသည် စိတ်ဝိညဉ်အခြေတည်အဆင့်သို့ ရောက်မသွားသည်ကို တွေ့လိုက်ရသောအခါမှ ကုအန်စိတ်လျှော့လိုက်မိ၏။

မြူများကြားတွင် ကျန်းချောင်း အပျင်းကြောဆန့်လိုက်ပြီး သူ၏တင့်တယ်လှသောပုံရိပ်ကလေးမှာ အရင်ကနှင့်လုံး၀မတူ ပြောင်းလဲသွားခဲ့လေပြီ။

မြူထဲမှ ထွက်လာသောအခါ သူ့ဆံပင်များ ရှုပ်ပွပြီး သူ့အ၀တ်အစားများမှာဖရိုဖရဲဖြစ်နေဆဲ ဖြစ်သော်လည်း ထိုအ၀တ်များအောက်တွင်တော့ ဖြူဖွေးနေသော အသားလေးများ ရှ်ိနေကြသည်။ ကုအန် ထိုအရာအားမြင်လိုက်ရပြီး မျက်နှာတစ်ခုလုံးပူတက်သွားတာ အမြန်အကြည့်လွှဲလိုက်ရ၏။

“ငါဒီလိုလမ်းမလျှောက်ရတာတောင် အတော်ကြာခဲ့ပြီပဲ”

ကျန်းချောင်ကုအန်ဆီသို့ လျှောက်လာနေရင်း သူ့ဆံပင်များအားလက်ဖြင့်သပ်၍ ဖီးနေရင်း ပြောလိုက်သည်။

“ငါ့ရဲ့နာခံတတ်တဲ့တပည့်လေး မင်းဆရာဘွားဘွားက လှတယ်လို့ ထင်လား”

ကုအန် တစ်ချက်ကြည့်လိုက်ရာ ကျန်းချောင်သည် ရှားပါးသောအလှပိုင်ရှင်လေးဖြစ်ပြီး ကျိမိသားစုမှ ကျိရှောင်ယုနှင့် အပြင်စည်းဂိုဏ်းမှ လီရွှမ်ယု တို့သာ သူနှင့်ယှဉ်နိုင်မည်ဟု ခံစားလိုက်ရသည်။

“ဆရာဘွားဘွားက တကယ့်ကိုပြိုင်ဘက်ကင်းအလှပိုင်ရှင်ပါပဲ ဒါပေမယ့်ဒီတပည့်က ဆရာဘွားဘွားရဲ့ကျန်းမာရေးအခြေအနေကို ပိုပြီးစိတ်၀င်စားမိပါတယ် ဆရာဘွားဘွား အပြည့်အ၀ပြန်ကောင်းသွားပြီလား”

ကုအန် လက်သီးဆုပ်၍ အရိုအသေပေးနေရင်း မေးလိုက်သည်။

အမြန်ကောင်းပြီး ဒီကနေအမြန်ထွက်သွားပါတော့ဟ!

“အပြည့်အ၀ပြန်ကောင်းဖို့ဆိုတာ ခရီးရှည်ကြီးတစ်ခုပါပဲ ငါနောက်ထပ် ၅ နှစ်လောက် ထပ်အနားယူရဦးမယ်” ကျန်းချောင်ရယ်မောလိုက်ပြီး တစ်ခုခုအားစဉ်းစားနေပုံဖြင့် ကုအန်အား လေ့လာနေခဲ့၏။

ဝှစ်…!

သူရုတ်တရက်ကုအန်ဆီသို့ မိုးကြိုးလိုမြန်သော အလျင်မျိုးဖြင့် ရောက်ရှိသွားပြီး သူ့လက်ဖဝါးကို ကုအန် ရင်ဘတ်ရှေ့တွင် ရပ်တန့်လိုက်ရာ ကုအန်၏အ၀တ်အစားများ လေအရှိန်ကြောင့် လှုပ်ခါသွားခဲ့လေသည်။

ကျန်းချောင် အသာအယာပြုံးပြီး မေးလိုက်၏။

“မင်းဘာလို့ မရှောင်တာလဲ”

ကုအန်မျက်နှာတစ်ခုလုံးတောင့်တင်းနေပုံဖြင့် ဖြေလိုက်သည်။ “ကျွန်တော် တုန့်ပြန်ဖို့အချိန်မရှ်ိခဲ့တာပါ…”

အမှန်တကယ်တော့ထိုသို့မဟုတ်ပေ။ သူ့မျက်လုံးထဲတွင် ကျန်းချောင်၏အလျင်မှာ အတော်နှေးနေပြီး သူ့အသားအား ထိသည်နှင့် သူ့တွင် ချက်ချင်းတုန့်ပြန်နိုင်စွမ်း ရှိပေသည်။

သူမ၏လက်ဝါး ကုအန်ရင်ဘတ်ရှေ့တွင် ရပ်တန့်လိုက်ခြင်းမှာ ကုအန်အသက်ကို ကယ်တင်လိုက်ခြင်းမဟုတ်ဘဲ သူ့ကိုယ်သူကယ်တင်မိလိုက်ခြင်းသာ ဖြစ်၏။

ကျန်းချောင်တခစ်ခစ်ရယ်နေရာမှ တကိုယ်လုံးတသိမ့်သိမ့်တုန်သည်အထိ ရယ်နေပြီး နောက်ဆုံးတွင် ဗိုက်နှိပ်၍သာ ရယ်မောမိ‌နေခဲ့သည်။

ကုအန်မှာတော့ သူရယ်နေတာကိုမနှောင့်ယှက်ဘဲ ဒီတိုင်းသာ ကြည့်နေခဲ့၏။

တခဏကြာပြီးနောက် ကျန်းချောင် ဆေးမီးဖိုဆီပြန်သွားလိုက်ပြီး ပြောလိုက်သည်။

“စိတ်မပူပါနဲ့ ငါက ငါ့ရဲ့ကိုယ်ပိုင်တပည့်သားမြေးတွေကို ပြန်မသတ်တတ်ပါဘူး တကယ်လို့ချန်းရွှမ်တန် ငါ့ကိုသစ္စာဖောက်ခဲ့ရင်တောင် ငါသူ့ကိုအသက်ချမ်းသာပေးဦးမှာပဲ ငါကသူ့အကူအညီကိုယူပြီး အဓိပတိဂိုဏ်းထဲမှာ ပုန်းနေခဲ့ရတာမဟုတ်လား မင်းလည်း ငါ့တပည့်သားမြေးဖြစ်နေသ၍ ငါမင်းကိုသတ်မှာမဟုတ်ဘူး တကယ်လို့မင်းကိုတစ်ယောက်ယောက်က အနိုင်ကျင့်စော်ကားနေတာတွေ့ရင်လည်း ငါရပ်ကြည့်နေမှာမဟုတ်ဘူး”

ထိုစကားအားကြားသောအခါ ကုအန် ရယ်သာပြခဲ့လိုက်သည်။

ထို့နောက် ကျန်းချောင် ကုအန်ဘက်ပြန်လှည့်ပြီး ပြောလိုက်၏။

“ငါ့အတွက် အ၀တ်အစားအသစ်တစ်စုံထားခဲ့ပြီး ပြန်လို့ရပြီ မနက်ဖြန်ညကျမှပြန်လာခဲ့ ငါမင်းကို ဂါထာတွေ သင်ပေးမယ်”

ကုအန် သူ့သိုလှောင်အိတ်ထဲမှ သူ့ကိုယ်ပိုင်အဖြူရောင်၀တ်စုံတစ်ခုကိုထုတ်ကာ မြေပြင်ပေါ် ရိုရိုသေသေတင်ထားခဲ့လိုက်ပြီး ကျန်းချောင်အား ဂါရ၀ပြုကာ ပြန်လာခဲ့လိုက်လေတေ့ာသည်။

ကုအန် အမှောင်ထဲသို့ ပျောက်ကွယ်သွားသောအခါမှသာ ကျန်းချောင် သူ့ဆီမှ အကြည့်လွှဲခဲ့လိုက်၏။ ထို့နောက် ကုအန် ချပေးထားခဲ့သောအ၀တ်ကို အဝေးမှလှမ်းဆွဲယူလိုက်သည်။ သူ့လက်ထဲ ၀တ်စုံရောက်လာသောအခါ ၀တ်စုံအား တစ်ချက်နမ်းကြည့်လိုက်ပြီး တခစ်ခစ်ရယ်မောနေခဲ့၏။

…..

အာရုံတက်ချိန်တွင် ကုအန် ဆေးတောင်ကြားရှိလူများအား အကြောလျှော့‌ေ‌လ့ကျင့်ခန်း လုပ်ခိုင်းနေခဲ့သည်။

ထိုစဉ်ပုံရိပ်တစ်ခု ဆေးတောင်ကြားဆီသို့ ချဉ်းကပ်လာခဲ့၏။

ထိုအရာသည် လီယ ဖြစ်ပေသည်။

လီယသည် အနက်ရောင်၀တ်စုံကို၀တ်ထားဆဲဖြစ်ပြီး သူ့အရှိန်အဝါမှာတော့ပိုမိုထက်ရှလာခဲ့ရာ ဤငါးနှစ်အတွင်း အရင်ကထက်ပိုမို သန်မာလာပုံ ပေါ်နေခဲ့၏။

သူ့ရောက်ရှိလာမှုမှာ လူတိုင်း၏အာရုံကို ဖမ်းစားသွားခဲ့သည်။

“အဲ့တာ အစ်ကိုလီယပဲ” ရှောင်ချွမ် အံ့ဩသွားပုံဖြင့် ပြောလိုက်သည်။

ကုအန် အခြားသူများအား အကြောလျှော့လေ့ကျင့်ခန်းဆက်လုပ်နေရန် ပြောလိုက်ပြီး လီယ ဆီသို့ခရီးဦးကြိုပြုရန် သွားခဲ့၏။

လီယဆီရောက်သောအခါ သူဘာမှမပြောရသေးခင် လီယ အရင်ပြောလိုက်သည်။ “အိမ်ထဲရောက်မှပြောကြရအောင်”

ဟမ်

တစ်ခုခုအရေးကြီးလို့များ!

ကုအန် ချက်ချင်းသတိအနေအထားဖြစ်သွားခဲ့သည်။ လီယ ကိုယ်တိုင်ခရီးထွက်လာရလောက်အောင် မည်သည့်ကိစ္စက အရေးကြီးနေပါသနည်း။

ကုအန် လီယကိုအိမ်ထဲခေါ်သွားလိုက်ပြီး လှေကားပေါ်မှတက်၍ အခန်းထဲရောက်သောအခါ တံခါးကို ပိတ်လိုက်၏။

လီယ စားပွဲတွင်ထိုင်လိုက်ပြီး သူ့လက်အားဝေ့ယမ်းလိုက်ရာ နွယ်စိမ်းသီးတစ်လုံးပေါ်လာခဲ့၍ ကုအန် ဆွံ့အသွားခဲ့သည်။

“လွန်ခဲ့တဲ့လေးနှစ်က ဆေးခန်းမမှာ နွယ်စိမ်းသီးတစ်လုံးပေါ်လာခဲ့လို့ ငါ၀ယ်ခဲ့တာ ဒါပေမယ့်တာ၀န်တွေရှိနေလို့ ငါမင်းဆီကိုလာမပေးနိုင်ခဲ့ဘူး” လီယ ပြုံး၍ ပြောလိုက်၏။

ကုအန် အမူအရာထူးဆန်းသွားခဲ့သည်။

လီယ မေးလိုက်၏။ “ဘာဖြစ်လို့လဲ”

အမှန်တရားအား ဖုံးကွယ်ထားလို့မရနိုင်တော့သည်ကို သိသွားသောကြောင့် ကုအန်လည်ချောင်းရှင်းလိုက်ပြီး ဖြေလိုက်သည်။ “တကယ်တော့ ဆေးခန်းမကို အဲ့ဒီသစ်သီး ကျွန်တော်ရောင်းခဲ့တာပါ”

အခြားသူများ သံသယမပွားစေရန် ထိုသစ်သီးကို ဆေးခန်းမဆီသို့ ဈေးသက်သက်သာသာဖြင့် ရောင်းခဲ့ခြင်းဖြစ်ပြီး ဆေးခန်းမမှသူ့အား ဂိုဏ်းအကျိုးဆောင်ခဲ့သည့်အတွက် အတော်လေးချီးကျူးခဲ့ပေသည်။

ကုအန် နွယ်စိမ်းသီးအား ရောင်းရဲခြင်းမှာ လီယက နွယ်စိမ်းသီးသည် အဓိပတိဂိုဏ်းတွင် မရှားပါးဘူး ဟု ပြောခဲ့ခြင်းကြောင့် ဖြစ်၏။ ထိုသစ်သီးသည် အပြင်စည်းဂိုဏ်းတွင်မရှိသော်လည်း ကမ္ဘာပေါ်ရှိ ကောင်းကင်နှင့်မြေပြင် ထူးခြားသော ရတနာများကို ပိုင်ဆိုင်ထားကြသည့် အဓိပတိဂိုဏ်းအတွင်းစည်းတွင်တော့ မရှိသောအရာ မဟုတ်ခဲ့ပေ။

လီယ ထိုသစ်သီးအား ပြန်၀ယ်လာလိမ့်မည်ဟုတော့ သူမထင်ခဲ့ပေ။

လီယ အကူအညီမဲ့စွာ ပြောလိုက်သည် “ဒါ ဒါက အတော်လေး အဆင်အခြင်မဲ့တဲ့အပြုအမူပဲ ချီသွေးကိုတိုးမြှင့်ပေးနိုင်တဲ့ ဒီလိုသစ်သီးမျိုးက တကယ့်ကောင်းကင်ရတနာပစ္စည်းမျိုးပဲ မင်းအဲ့တာကို စိတ်ဝိညဉ်ကျောက်တုံးဘယ်လောက်နဲ့ ရောင်းခဲ့တာလဲ”

“အလယ်အလတ်စိတ်ဝိညဉ်ကျောက်တုံး ၂၀…”

“ဘာ ငါအဲ့တာကို ထိပ်တန်းအဆင့်စိတ်ဝိညဉ်ကျောက်တုံး ၁၀ တုံးပေးပြီး ၀ယ်ခဲ့ရတာကွ” လီယ မျက်လုံးပြူးသွားခဲ့သည်။

ထိပ်တန်းစိတ်ဝိညဉ်ကျောက်တုံးတစ်တုံးသည် အလယ်အလတ်စိတ်ဝိညဉ်ကျောက်တုံး အတုံး ၁၀၀ တန်ဖိုးရှိ၏။

နှစ်ယောက်လုံး တစ်ချိန်တည်း တိတ်ဆိတ်သွားခဲ့ကြသည်။

တကယ်တော့ ကုအန်ထိုအရောင်းအ၀ယ်ကို ရှုံးသည်ဟုခံစားမနေရပေ။ ထိုသစ်သီးအရောင်းအ၀ယ်ပေါ်မူတည်ပြီး ဆေးခန်းမမှ ကျူးချင်းလုသည် သူ့အပေါ်အမြင်ကောင်းရှိသွားခဲ့ပြီး လွန်ခဲ့သောလေးနှစ်လုံး သူ့အား ကောင်းကောင်းစောင့်ရှောက်ပေးခဲ့၏။ သို့သော် ပြန်၀ယ်သွားသောလီယနှင့် တွေ့ရသည့်အခါတွင်တော့ သူ့ရှက်သလိုလိုခံစားနေရသည်။

ထိုစဉ် လီယ ပြောလိုက်၏။ “ဂိုဏ်းကိုအကျိုးဆောင်လိုက်တယ်လို့ပဲ မှတ်လိုက်ကြတာပေါ့ကွာ ဒီသစ်သီးကိစ္စအပြင်ငါဒီကိုလာတာ အခြားကိစ္စလည်း ရှိနေသေးတယ်”

အပိုင်း(၂၆)

ကမ္ဘာလုံးဆိုင်ရာ အပြင်စည်းဂိုဏ်းညီလာခံ

“ဘာကိစ္စများလဲ” ကုအန် စိတ်ထဲတွင် ဘာပြဿနာမှမဟုတ်ပါစေနဲ့လို့ ဆုတောင်းနေရင်းမေးလိုက်သည်။

သူအပြင်စည်းဂိုဏ်းထဲရှိ ပြဿနာများကြားထဲတွင် ၀င်မပါလိုပေ။

လီယပြုံး၍ ပြောလိုက်သည်။ “မင်းအပင်စိုက်ရတာကို မကြိုက်ဘူးလား မင်းအရင်ကပြောဖူးတယ်လေ အပြင်စည်းဂိုဏ်းသားတစ်ယောက်ရဲ့ ဂူကို စီမံပေးဖူးတယ်ဆိုတာ အခုမင်းမှာအဲ့လိုအခွင့်အရေးတစ်ခုရှိလာပြီ ပေးတဲ့ကြေးကလည်း အတော်လေးကောင်းတယ် မင်းဂူကိုတစ်နှစ်ဂရုစိုက်ပေးတာနဲ့ အလယ်အလတ်အဆင့်စိတ်ဝိညဉ်ကျောက်တုံးတစ်တုံးနဲ့ စိတ်ဝိညဉ်စွမ်းအင်ဆေးရည် တစ်ပုလင်း ရမယ်”

ထိုသို့ကြားလိုက်သောအခါ ကုအန် သက်ပြင်းတစ်ချက်ရှိုက်လိုက်မိသည်။

ထိုကဲ့သို့ သက်တမ်းစုဆောင်းရမည့်အခွင့်အရေးမျိုးကို သူလက်မလွှတ်နိုင်ပေ။ အထူးသဖြင့် သူ့ကျင့်ကြံခြင်းအတွက် သက်တမ်းများလိုအပ်နေသောအချိန်နှင့် သူ့တွင်လည်းအချိန်အတော်များများပိုလျှံနေသည့် အချိန်မျိုးတွင်ဖြစ်သည်။

ကုအန် သူ့အလုပ်ရှင်အကြောင်းများကို သေချာမေးလိုက်ပြီး လီယမှာလည်း ဘာမှဖုံးကွယ်မထားဘဲ ထိုဂူပိုင်ရှင်သည် သူ့သူငယ်ချင်းဖြစ်ကြောင်းနှင့် သူ့ဂူမှာလည်း အပြင်စည်းဂိုဏ်းမြို့အနီးတွင် ရှ်ိကြောင်း ပြောပြလိုက်၏။

ကုအန် သဘောတူလိုက်သောအခါ လီယသူ့အား ထိုနေရာသို့ ခေါ်သွားခဲ့သည်။

လီယဓားပျံပေါ်တွင် ကုအန်နှင့်လီယတို့နှစ်ယောက် အတူတူစီးနေခဲ့ကြ၏။ ကောင်းကင်ပေါ်တွင် သူတို့အတူတူဓားပျံစီးနေသော မြင်ကွင်းမှာ ရှောင်ချွမ်တို့တစ်သိုက်အား ဖမ်းစားသွားခဲ့သည်။

အမတကမ္ဘာတွင် ဓားပျံမစီးချင်သောသူ မည်သူရှိမည်နည်း။

အရပ်ရှည်ရှည်ထန်ယု ပြောလိုက်သည်။ “ငါတို့ဆရာသာ ဆရာဦးလေးလီဆီက ဓားပျံပညာသင်လာပြီး ငါတို့ကိုပြန်သင်ပေးရင် အတော်ကောင်းမှာပဲနော်”

ခပ်ပိန်ပိန်နှင့် ချောမောသော စုဟန် လည်းခေါင်းညိတ်လိုက်ကာ သဘောတူလိုက်၏။ သူဆေးတောင်ကြားတွင် လေးနှစ်နေပြီးသော်လည်း အပြင်စည်းဂိုဏ်းတပည့်ဘ၀ကို တောင့်တနေဆဲဖြစ်သည်။

သူတင်မဟုတ် ထန်ယုနှင့်ကျန်းချင်တို့လည်း အတူတူသာဖြစ်၏။

ရီလန်မှာတော့ ဘာမှဝင်မပြောတော့ဘဲ ပြန်ကျင့်ကြံရန် ကျန်းချင်ကို သူတို့အိမ်ဆီသို့ ဆွဲခေါ်သွားခဲ့သည်။

တစ်နေရာတွင်

လီယ၏ ဓားပျံမှာအတော်လေးမြန်လှ၏။ ဓားပျံပေါ်တွင် သူအနက်ရောင်၀တ်စုံမှာလေတိုး၍ လွင့်နေလေရာ သူ့အသွင်အပြင်သည် လွတ်လပ်ပြီးအမှီအခိုကင်းသော ဓားအမတတစ်ယောက်၏ ပုံပေါ်နေခဲ့သည်။

“ဆေးတောင်ကြားမှာ အစေခံတပည့်တွေပိုများလာတာ သတိထားမိတယ် ဂျူနီယာညီလေးကု မင်းတပည့်နည်းနည်းပဲလက်ခံပြီး မင်းကျင့်ကြံခြင်းအတွက် စိတ်ဝိညဉ်ကျောက်တုံးတွေစုထားသင့်တယ်နော်” လီယ အလေးအနက်ပြောလိုက်သည်။

ကုအန်၏ ပါရမီမှာ သူပြောခဲ့သလိုနိမ့်ကျနေသော်လည်း သူထိုကောင်လေးကို ဖြစ်ထွန်းစေလိုဆဲပင်။

သူ့ဘ၀၏ အကောင်းဆုံးအချိန်သို့ရောက်ရှိနေချိန်တွင် ကုအန်တစ်ယောက် ဘ၀နေ၀င်ချိန်ရောက်နေသည်မျိုးကို သူမမြင်လိုပေ။

ဤနှစ်များအတွင်း လီယတွင် အပြင်စည်းဂိုဏ်း၌ သူငယ်ချင်းကောင်းအချို့ရှိလာခဲ့သော်လည်း ထိုသူငယ်ချင်းများသည် ဂျူနီယာညီလေးကုနှင့်တော့ ယှဉ်မရပေ။

ဂျူနီယာညီလေးကုသည်သာ သူ့ဆီမှဘာမှမမျှော်လင့်ဘဲ ကောင်းပေးသော တစ်ဦးတည်းသောသူမျိုး ဖြစ်၏။ ထိုသို့သော သူငယ်ချင်းဆက်ဆံရေးမျိုးကို သူမဆုံးရှုံးချင်ပေ။

ကုအန်ရယ်ပြီးပြောလိုက်သည်။ “စိတ်မပူပါနဲ့ စီနီယာအစ်ကိုလီ ကျွန်တော်တပည့်တွေပိုခေါ်ခဲ့တာက ဆေးတောင်ကြားမှာ စိုက်ခင်းတွေတိုးချဲ့ထားလို့ပါ နှစ်တိုင်းဂိုဏ်းကို ဆေးပင်ပိုအပ်နိုင်တော့ ဆေးခန်းမကလည်းကျွန်တော့်ကို ပိုကောင်းကောင်းဆက်ဆံလာတယ်လေ စိတ်ချပါ ကျွန်တော်ကျင့်ကြံခြင်းကို လက်မလျှော့သေးပါဘူး”

ထိုစကားကိုကြားမှ လီယပြုံးလိုက်နိုင်သည်။

“ဒါမှန်တယ် မင်းလိုကြိုးစားပုံမျိုးနဲ့ မင်းကဘယ်နေရာရောက်ရောက် အောင်မြင်မှုတစ်ခုခုရနေမှာပဲ”

“ကျွန်တော်ကဘယ်လိုလုပ် စီနီယာအစ်ကိုကြီးနဲ့တော့ ယှဉ်လို့ရမှာလဲ အပြင်စည်းဂိုဏ်းထဲမှာ အစ်ကိုကြီးရဲ့ဂုဏ်သတင်းက အတော်လေးကြီးကျယ်ပါတယ်”

သူတို့နှစ်ယောက်သည် အချင်းချင်းမြှောက်ပင့်ပြောဆိုနေခဲ့ကြ၏။ လီယ ပုံမှန်အားဖြင့် ထိုသို့မြှောက်ပင့်ပြောဆိုနေမှုများကို မုန်းသော်လည်း သူ့ဂျူနီယာညီလေးကု ဆီမှထွက်လာသောအခါတွင်မူ ထိုစကားများကိုပင် စိတ်မရှ်ိတော့ပေ။

နှစ်နာရီခန့်ကြာသော်

လီယကုအန်ကို တောင်ကြားဆီ ပြန်ချပေးခဲ့ကာ ထွက်သွားခဲ့သည်။

ကုအန် တောင်ကြားဆီပြန်ရောက်ပြီး မကြာမှီ စုဟန်နှင့် ကျန်းချင်တို့ ကုအန်ဆီဝိုင်းလာကြ၏။

သူတို့သည် ကုအန်ဘယ်သွားခဲ့လဲဆိုတာကို စိတ်၀င်စားနေခဲ့ခြင်းဖြစ်ပြီး ကုအန်မှာလည်း သူတို့သွားခဲ့သည်များကို မခြွင်းမချန်ပြောပြလိုက်သည်။ အနည်းငယ်ပြောပြပြီးနောက်တွင် ကုအန် သူတို့အား နှင်ထုတ်လိုက်၏။

လုကျိကျား တောင်ကြားမှထွက်ခွာသွားခြင်းမှာ တောင်ကြားတစ်ခုလုံးကို လှုံ့ဆော်သွားခဲ့ပြီး ယခုအခါ တောင်ကြားတစ်ခုလုံးမှာ တိတ်ဆိတ်နေခဲ့သည်။ တပည့်များသည် အချိန်ရတိုင်း သူတို့အခန်းထဲ၀င်၍သာ ကျင့်ကြံနေကြပြီး လုကျိကျားကို အမှီလိုက်နိုင်ရန် ကြိုးစားနေခဲ့ကြ၏။

ကုအန် သူ့အခန်းထဲသို့ ပြန်ကာ ယင်ယန်ပညာကျမ်းစာအုပ်ကို လှန်လှောကြည့်နေခဲ့သည်။ ယနေ့ညမှစ၍ ကျန်းချောင်ကသူ့အား ဂါထာများသင်ပေးမည်ဟု ဆိုထားခဲ့ရာ သူကြိုကြည့်နေခြင်းဖြစ်သည်။

ဂါထာများစွာအား မတတ်မြောက်လိုသော ကျင့်ကြံသူမည်သူရှိမည်နည်း။

ထို့အပြင် သူ့တွင်လည်း ဂါထာဟူ၍ ဘာမှမရှိသလောက်ပင်။

…

ညဉ့်သန်းခေါင်အချိန် သဘာ၀ဂူရှစ်လုံးထဲ၌

နွယ်စိမ်းပင်ကြီးအောက်တွင် ကျန်းချောင်သည် အဖြူရောင်၀တ်စုံကို၀တ်ဆင်ထားပြီး ဆံပင်များကိုသာမန်အတိုင်းစုစည်းထားရာ သူ့ပုံစံသည် ကောင်းကင်ဘုံမှဆင်းသက်လာသော နတ်သမီးလေးတစ်ပါးလို လှပနေပြီး ထိုလှပသောမျက်နှာလေးပေါ်တွင်တော့ အလိုမကျမှုများနှင့် ပြည့်နှက်နေခဲ့သည်။

“နင်ဘာလို့ အဲ့လောက်တောင်တုံးရတာလဲ ငါနင့်ကိုဒီမှော်နည်းစနစ်ကိုသင်ပေးနေတာ အကြိမ်ပေါင်းများစွာရှိနေပြီ ဘာလို့အခုထိမမှတ်မိရသေးတာလဲ” ကျန်းချောင်သူ့ဒေါသများကို မြိုသိပ်ထားပြီး ပြောလိုက်သည်။

သူသည် ကုအန်ဘေးတွင် ရပ်နေပြီး သူ့အကြည့်များက သူ့လက်ထဲရှိ အနက်ရောင်စွမ်းအင်များပေါ် ရောက်ရှိနေခဲ့၏။

သူ ကုအန်အား ဝိညဉ်ဖမ်းချုပ်ပညာရပ်ကိုသင်ကြားပေးနေခြင်းဖြစ်ပြီး ထိုပညာအားအဆုံးစွန်ထိတတ်မြောက်သွားပါက လူတစ်ယောက်၏ စိတ်ဝိညဉ်ကိုစုပ်‌ေခြပစ်နိုင်သော ပညာမျိုးဖြစ်ပေသည်။

ကုအန် အကူအညီမဲ့စွာ ပြန်ပြောလိုက်၏။

“ဆရာဘွားဘွား ဆရာဘွားဘွားကကျွန်တော့်ကို ခဏလေးပဲ သင်ပေးရသေးတာမလား နည်းနည်းလောက်ထပ်စိတ်ရှည်ပေးလို့ရမလား”

“အချိန်နည်းနည်း အချိန်နည်းနည်း…” ကျန်းချောင်ရုတ်တရက် ဘာပြောရမည်မှန်း မသိတော့ပေ။

သူ့ခွန်အားများ အပြည့်အ၀ပြန်မရခင်အချိန်ထိ ကုအန်ကို သင်ကြားပေးမည်ဟု သူစဉ်းစားထားခြင်းဖြစ်သည်။ နောက်ဆုံးတွင်တော့ သူ့မျက်လုံးထဲတွင် ကုအန်ကို ပါရမီရှင်တစ်ယောက်ဟု ထင်ထားခဲ့‌ေသာ်လည်း လက်တွေ့မှာ သူမျှော်လင့်ထားသလို ဟုတ်မနေခဲ့ပေ။

ထိုကလေးသည် အလွန်ပင် တုံးအလွန်း၏။

သူ ထိုကလေးအား ဓားပျံထိန်းချုပ်ခြင်းပညာသင်ပေးသောအခါ လက်ဖျောက်တစ်ချက်တီးစာအချိန်အတွင်း တတ်မြောက်သွားခဲ့သော်လည်း အခြားပညာရပ်များသင်ပေးသောအခါ ဘာကိုပဲသင်သင် ထိုကလေးသည် အခုမှစတင်ကျင့်ကြံခါစလူတစ်ယောက်ကဲ့သို့ ဘာမှကိုသိမနေခဲ့ပေ။

ဓားတာအိုတွင် ကုအန်သည် သူမြင်ဖူးသမျှထဲ အတော်ဆုံးပါရမီရှင်ဖြစ်သော်လည်း ခက်နေသည်မှာ ဆရာဖြစ်သောသူက ဓားတာအိုတွင် ကျွမ်းကျင်မနေခဲ့ချေ။

“ကျွန်တော်သာ အကုန်လုံးကို လွယ်လွယ်လေးသင်နိုင်နေခဲ့ရင် ကျွန်တော်ကဘာလို့ ဒီမှာ အစေခံတပည့်လာဖြစ်နေမှာလဲ” ကုအန် သက်ပြင်းချလိုက်မိသည်။

ကျန်းချောင် မပြောခင်အတော်ကြာတွန့်ဆုတ်နေပြီးမှ ပြောလိုက်ပြန်၏။

“ဒါပေမယ့် နင်ဒီလောက်တော့ တုံးအမနေသင့်ဘူးလေ ဟုတ်တယ်မလား”

ကုအန် လက်သီးဆုပ်လိုက်မိသည်။

မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ ပီသစွာပင် သူ့စကားများမှာ ထိရှလွန်းလှ၏။

ဒေါသထွက်နေသော ကုအန် ထပြောလိုက်သည်။

“ကျွန်တော့်မှာလည်း ကျွန်တော့်ခွန်အားနဲ့ကျွန်တော်ရှိပါတယ် ဓားတာအိုပါရမီနဲ့ယှဉ်ရင် ဆရာဘွားဘွားတောင် ကျွန်တော့်ပြိုင်ဘက်မဟုတ်ဘူး”

ထိုစကားကိုကြားသောအခါ ကျန်းချောင်ရယ်မောလိုက်ပြီး စနောက်နေပုံဖြင့် ပြောလိုက်၏။

“ဒါဆို ငါတို့စမ်းကြည့်ကြမလား စိတ်ဝိညဉ်စွမ်းအင် မသုံးရဘူး ဓားကွက်အချင်းချင်းပဲယှဉ်ကြမယ်”

“ကောင်းပြီလေ”

ကုအန် ထရပ်လိုက်ပြီး သူ့လက်အားရုတ်လိုက်ရာ လက်ထဲရှိ အမှောင်စွမ်းအင်များ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ကျန်းချောင်အား သင်ခန်းစာတစ်ခုလောက်ပေးရန် ပြင်လိုက်၏။

ကျန်းချောင် ဘေးသို့ ခြေနှစ်လှမ်းခန့် တိုးလိုက်ပြီး လက်မြှောက်ကာ လက်ညှိုးလက်ခလည်ကို ပူးထားလိုက်သည်။

“ငါတို့ကဓားပညာဖလှယ်ရုံပဲဆိုတော့ မ‌ေတာ်တဆ ထိခိုက်မှုတွေ မဖြစ်ရအောင် လက်ချောင်းကိုပဲ ဓားအဖြစ်သုံးကြတာပေါ့”

ကုအန် ခေါင်းညိတ်ပြလိုက်ပြီး ဘယ်လက်ကိုခါးနောက်ပစ်ထားလိုက်ပြီး ညာလက်ကိုသာ ရှေ့ထုတ်ထားကာ သိုင်းကွက်ပြင်လိုက်သည်။

ကျန်းချောင်မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့၏။ အကြောင်းပြချက်တစ်ခုကြောင့် ကုအန် ညာလက်ကိုမြှောက်လိုက်သောအခါ ရှင်းပြ၍မရသည့် ကြောက်ရွံ့သောခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။

“ငါဘာတွေဖြစ်နေတာလဲ အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူလေးတစ်ယောက်ကိုတောင် ကြောက်မိနေတာလား”

ကျန်းချောင် အရင်လို အရာအားလုံးအားအထက်စီးမှကြည့်တတ်သည့် မာနကိုဆုံးရှုံးသွားရပြီး အသုံးမကျဖြစ်နေသော သူ့ကိုယ်သူ ကျိန်ဆဲလိုက်၏။

ထို့နောက် ရုတ်တရက် သူ့လက်ချောင်းများကို ဓားကဲ့သို့သုံးကာ ကုအန်ဆီ ထိုးချလိုက်လေသည်။ ပထမဆုံးတိုက်ကွက်အား ထုတ်ရာတွင် သူ့သည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ အလျင်မျိုးကို အသုံးပြုခဲ့၏။

ကုအန် ညာလက်ကို‌ေမြှာက်၍ သူ့လက်ချောင်းများဖြင့် အလျားလိုက် ခုတ်ချလိုက်ကာ ကျန်းချောင်၏ ထိုးချက်ကို နေရာလွဲသွားစေခဲ့သည်။

ကျန်းချောင်မျက်လုံးများ ကျဉ်‌းမြောင်းသွားပြီး တစ္ဆေတစ်ကောင်ကဲ့သို့ ကုအန်ဘေးရုတ်တရက်ရောက်ရှိသွားကာ သူ့နံရိုးများကို ဓားလက်ချောင်းများဖြင့် ထိုးလိုက်ပြန်၏။

ကုအန် နောက်ပြန်လှည့်လိုက်ကာ သူ့လက်ချောင်းကို အောက်သို့စိုက်၍ ကျန်းချောင်၏ လက်မောင်းဘက်သို့ ထိုးချလိုက်ပြီး သူ့ဆီတိုး၀င်လာသော ဓားလက်ချောင်းကို ပြန်ရုတ်သိမ်းသွားစေလိုက်သည်။

သူတို့နှစ်ယောက်သည် သစ်ပင်အောက်၌ အမှားစောင့်၍ တစ်ယောက်တစ်ပြန် တိုက်ခိုက်နေခဲ့ကြ၏။

ကျန်းချောင်၏ ဓားကွက်များမှာ အလွန်တရာကြမ်းတမ်းပြီး ကုအန်၏ဓားကွက်များမှာတော့ လွင့်မျောနေသော တိမ်စိုင်လို စီးဆင်းနေသောရေလို သဘာ၀ကျနေခဲ့သည်။

အကွက် ၃၀ ကျော်တိုက်ခိုက်ပြီးသည့်နောက် ကုအန် ကျန်းချောင်၏ စိတ်မရှည်လာမှုကို ခံစားလိုက်ရသောကြောင့် တမင်သက်သက် တစ်ကွက်ဟပေးလိုက်ကာ သူ့ဗိုက်ကို ဓားလက်ချောင်းအထိခံလိုက်၏။ ထို့နောက် သူ့ဗိုက်ကိုကိုင်ကာ နောက်သို့ခြေလှမ်းအနည်းငယ်ပင် ဆုတ်ပြလိုက်သည်။

ကျန်းချောင် ကုအန်နောက်သို့ လိုက်မသွားဘဲ စူးရှသောမျက်လုံးများနှင့်သာ ကုအန်ကို စိုက်ကြည့်နေခဲ့၏။

ကုအန် နာချင်ယောင်ဆောင်နေရင်း သူ့အကြည့်များကြောင့် ကြောက်လန့်သွားခဲ့သည်။

ဘာလဲဟ ဒီအကြည့်က မသိရင်ငါ့ကိုအစိမ်းလိုက်ဝါးစားပစ်တော့မယ့် အတိုင်းပဲ!

ကျန်းချောင်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ပြောလိုက်သည်။

“အရမ်းကောင်းတယ် ငါမင်းရဲ့ဓားတာအိုနားလည်မှုကို အထင်သေးလိုက်မိတာပဲ မင်းရဲ့ဓားကွက်တိုင်းက စနစ်တကျတည်ဆောက်ထားတာမဟုတ်ပေမယ့် အကွက်တိုင်းကလိုရင်းကို တိုက်ရိုက်ထိသွားစေပြီး ရန်သူ့အားနည်းချက်ကို တိုက်ခိုက်နိုင်တယ် မင်းကနှစ်တစ်ရာမှ တစ်ခါမြင်ရလောက်တဲ့ ရှားပါးဓားပါရမီရှင်မျိုးပဲ မင်းသာဆရာကောင်းကောင်းတစ်ယောက်ကိုရှာတွေ့ရင် တစ်နေ့မှာ ကမ္ဘာကြီးကို ဓားကျင့်ကြံသူတစ်ယောက်အနေနဲ့ ကိုင်လှုပ်နိုင်လိမ့်မယ်”

ကုအန် ခေါင်းခါလိုက်ပြီး ပြန်ပြောလိုက်၏။ “ကမ္ဘာကြီးကိုကိုင်လှုပ်ဖို့လား မလုပ်တာကောင်းပါတယ် အဲ့တာက ကျွန်တော့်လမ်းမှာဒုက္ခတွေပိုများလာစေမှာ သေချာတယ် ကျွန်တော်ကတိုက်ခိုက်ရတာကို အမုန်းဆုံးပဲ သေခြင်းရှင်ခြင်းတိုက်ပွဲမျိုးဆို ပိုတောင်မုန်းသေးတယ်”

ကျန်းချောင် ခဏတာကြောင်အသွားခဲ့ပြီး ကုအန်သည် စိတ်၀င်စားစရာကောင်းသည်ဟု ခံစားလိုက်ရသည်။

သူ့အတွက် ထိုကဲ့သို့ကြောက်တတ်သောပါရမီရှင်မျိုးကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်း ဖြစ်၏။

“ဒါက ဆရာဘွားဘွားရဲ့လောသွားမိတဲ့အမှားပါ မင်းကိုမဆူလိုက်သင့်ဘူး လာလာ ဝိညဉ်ဖမ်းချုပ်ပညာကို ပြန်လာကျင့်ချည် မင်းကဓားတာအိုအတွက်သင့်တော်တယ်ဆိုပေမယ့် မှော်ဂါထာအချို့လည်း တတ်မထားလို့မရဘူး ဒါမှသာ အနာဂတ်မှာဖြစ်လာမယ့် ကိစ္စတိုင်းအတွက် ကြိုတင်ပြင်ဆင်ထားလို့ရမှာ” ကျန်းချောင် လက်ပြ၍ ခေါ်လိုက်သည်။

ကုအန် ချက်ချင်း သူ့ဆီချဉ်းကပ်သွားလိုက်ပြီး ဝိညဉ်ဖမ်းချုပ်ပညာကို ဆက်လက်ကျင့်ကြံနေလိုက်၏။

ဓားပညာဖလှယ်ပြီးသည့်နောက်တွင် ကျန်းချောင်၏ ကုအန်အပေါ် ဆက်ဆံပုံမှာ သိသိသာသာတိုးတက်လာခဲ့သည်။ ကုအန်အား နူးညံ့ငြင်သာသော လေသံလေးနှင့်သာပြောနေပြီး တစ်ခါတလေ သူ့အားချီးကျူးတာမျိုးပင် ရှိလာခဲ့သည်။

ဤသို့ဖြင့် ကုအန် သဘာ၀ဂူရှစ်လုံးထဲတွင် ကျန်းချောင်ဆီမှ မှော်ဂါထာများကို ညတိုင်းလာရောက်သင်ယူနေခဲ့၏။ ဂါထာတစ်ခုအားတတ်မြောက်သွားပြီး ထိုဂါထာ သူ့စနစ်တွင်ပေါ်လာလျှင်တော့ သူထိုဂါထာကို ဆက်မလေ့ကျင့်တော့ဘဲ အသစ်တစ်ခုကို ပြောင်းလဲလေ့ကျင့်တတ်သည်။

ကျန်းချောင်မှာတော့ ကုအန်ထိုဂါထာများအပေါ် လက်လျှော့လိုက်သည် ဟူ၍သာထင်နေပြီး ဖိအားတော့မပေးခဲ့ပေ။ နောက်ဆုံးတွင် သူ့မှာလည်း ဂါထာအများကြီးကျန်နေသေးသည် မဟုတ်ပါလား။

ကုသနေစဉ်အတွင်း သူ့ဂျူနီယာလေးကို သင်ကြားပေးရသည်မှာ စိတ်၀င်စားစရာကောင်းသည်ဟု ကျန်းချောင် ထင်မြင်လာခဲ့မိသည်။

ညတိုင်း ဂူထဲတွင်ကျင့်ကြံရခြင်းအပြင် ကုအန်လတိုင်း အပြင်စည်းတပည့်ဂူသို့သွားကာ သူ့ဂူထဲရှိ ဆေးပင်များကိုလည်း စီမံပေးရ၏။

….

နှစ်ကုန်တွင် ဆောင်းရာသီ၏ နှင်းထုကြီးမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထားလေသည်။

ကုအန် ကောက်ရိုးဦးထုပ်ကို ဆောင်းထားရင်း တောင်တစ်တောင်ပေါ်သို့ တက်နေခဲ့ကာ နောက်ဆုံးတွင် ဂူတစ်လုံးရှေ့သို့ ရောက်ရှိသွားခဲ့၏။ အိတ်ထဲရှိ တံဆိပ်ပြားကိုထုတ်ကာ ဂူတံခါးကိုဖွင့်ရန်ပြင်လိုက်စဉ် သူတစ်ခုခုကို အာရုံခံမိသွားခဲ့သည်။

အထဲမှာလူတွေရှိနေတာပဲ!

နောက်ပြီးတစ်ယောက်တည်းမဟုတ်ဘူး!

ကုအန် အရင်ဆုံးတွေးမိသည့်အတွေးမှာ ပြန်ရန်ဖြစ်၏။ သို့သော် သူတွေးနေစဉ် အထဲရှိ စကားဝိုင်းမှာ အသံတိတ်သွားခဲ့သည်။ ထိုအချိန်တွင် သူပြန်သွားပါက သူသည်အတားအဆီးများကိုဖြတ်၍ အာရုံခံနိုင်ကြောင်း သိရှိသွားကြပေလိမ့်မည်။

ကုအန်ဘာမှမတတ်နိုင်တော့ဘဲ တံဆိပ်ပြားဖြင့် ဂူတံခါးကိုဖွင့်၍သာ အထဲ၀င်သွားခဲ့လိုက်၏။

ဂူထဲတွင် အနည်းငယ်လျှောက်၍ ဂူအခန်းထဲသို့ ရောက်သောအခါ ကုအန် လူသုံးယောက်ကို တွေ့လိုက်ရသည်။ ထိုအခါ ကုအန် အမြန်ခါးညွတ်ပြီး အရိုအသေပြုလိုက်၏။

“တောင်းပန်ပါတယ် ဂူပိုင်ရှင်ပြန်ရောက်နေတာ မသိလိုက်လို့ပါ ဒါ‌ဆို ကျွန်တော်မနှောင့်ယှက်တော့ပါဘူး”

ပြောပြီးသည်နှင့် သူပြန်လှည့်ထွက်ဖို့ ပြန်လိုက်၏။

ဂူသခင်အမည်မှာ ချန်းလီ ဖြစ်ပြီး သူသည် အသက်လေးဆယ်အရွယ် ကျောင်းတော်သားတစ်ယောက်နှင့်တူသောသူ ဖြစ်ပေသည်။ သူလက်မြှောက်လိုက်ပြီး ပြုံး၍ ပြောလိုက်၏။

“မလိုပါဘူး မင်းကိုယ့်အလုပ်ကိုယ်ဆက်လုပ်လို့ရပါတယ် ငါတို့လည်း ကိုယ့်အလုပ်ကိုယ်လုပ်မှာပေါ့”

ထိုစကားအားကြားသောအခါ အခု‌ခါးညွတ်၍ ထပ်အရိုအသေပြုလိုက်ပြီး ဆေးပင်များရှိရာ ထိုနေရာနှင့်သိပ်မဝေးသော နေရာသို့ သွားခဲ့လိုက်သည်။

ဂူထဲရှိ အခြားသူနှစ်ယောက်မှာ ယောင်္ကျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ဖြစ်ပြီး မိန်းမတစ်ယောက်မှာတော့ ကုအန်နှင့်တိုက်ခိုက်ခဲ့ဖူးသူ လီရွှမ်ယုမှလွဲ၍ အခြားသူမဟုတ်ပေ။

ယောင်္ကျားသည် ရှီယန် မဟုတ်ပေ။ သူသည် အတော်လေးချောမောခန့်ညားလှပြီး ပန်းချီကားထဲမှထွက်လာသော လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ပုံစံမျိုးရှိကာ ယောင်္ကျားချင်းပင်ငေးရလောက်အောင် ခန့်ညားသူ ဖြစ်ပေသည်။

လီရွှမ်ယု ကုအန်အား ကြည့်လိုက်ကာ သူ့ကိုမှတ်မိသွားသော်လည်း ဘာမှမပြောခဲ့ပေ။

ကုအန် မသိမသာ ရုပ်ချောချောလူ၏သက်တမ်းကို စစ်ဆေးကြည့်လိုက်၏။

[ရှောင်ချန်းကျန် (ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၁) : ၅၈/၆၂၁/၁၅၀၈]

ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်၁!

အတွင်းစည်းတပည့်လား။

ချန်းလီ ကုအန် ဆေးပင်များရိတ်သိမ်းနေသည်ကို တွေ့သောအခါ သူ့အကြည့်ကိုကုအန်ဆီမှ လွှဲလိုက်ပြီး သူ့ရှေ့ရှိလူနှစ်ယောက်ကိုကြည့်ကာ သက်ပြင်းချလိုက်မိသည်။

“အပြင်စည်းဂိုဏ်းပြိုင်ပွဲက စတော့မှာ ဒီတစ်ခေါက် အဓိပတိဂိုဏ်းကအိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဆိုတော့ ငါတို့အတွက် ဖိအားများနေတယ်”

ရှောင်ချန်းကျန် ရယ်၍ ပြောလိုက်၏။ “ဘာစိုးရိမ်နေစရာလိုလဲ အပြင်စည်းဂိုဏ်းမှာပါရမီရှင်တွေ အများကြီးရှိတာပဲမဟုတ်လား အဲ့ဒီကျောင်းတွေ ဂိုဏ်းတွေမှာ ပါရမီရှင်တွေရှိနေရင်တောင်မှ အဓိပတိဂိုဏ်းကိုလွှမ်းမိုးဖို့က ခက်ခဲနေဦးမှာပဲ

ဒီထိုက်ကန်မင်းဆက်မှာ ကျွန်တော်တို့အဓိပတိဂိုဏ်းက အသန်မာဆုံးပဲမဟုတ်လား”

ချန်းလီ ခေါင်းယမ်းကာ ပြောလိုက်သည်။ “ငါကြားတာတော့ ရှေးဟောင်းကောင်းကင်ဂိုဏ်း၊ ကောင်းကင်ပျက်သုဉ်းဂိုဏ်းနဲ့ ရွက်ဝါတစ်ထောင်မျှော်စင် မှာ အမွှာစိတ်ဝိညဉ်အမြစ် ရှိတဲ့ ပါရမီရှင်တွေ ရှိနေတယ်တဲ့ သူတို့ကဒီပြိုင်ပွဲအတွက် အဆင့်မတက်သေးဘဲ ဖိနှိပ်ထားကြတာ”

သူ့စကားကိုခဏရပ်လိုက်ပြီး ရှောင်ချန်းကျန်ကိုကြည့်လိုက်ကာ ထပ်ပြောလိုက်၏။

“ဂျူနီယာညီလေးရှောင် မင်းရောဘာလို့ဖိနှိပ်မထားဘဲ အဆင့်တက်ပစ်လိုက်တာလဲ မင်းဆရာက မင်းကိုဒီကိစ္စအကြောင်း အသိပေးထားမှာပဲမဟုတ်လား”

ရှောင်ချန်းကျန် ရယ်မောကာ ပြန်ပြောလိုက်သည်။ “စီနီယာ အစ်ကိုချန် အပြင်စည်းဂိုဏ်းပြိုင်ပွဲက ရာစုနှစ်တစ်ခုမှာ အနည်းဆုံးနှစ်ကြိမ် ကျင်းပတာလေ ကျင့်ကြံသူတွေအနေနဲ့ ကျွန်တော်တို့က ဘာလို့နိုင်တာရှုံးတာလောက်ကို အဲ့လောက်ဂရုစိုက်နေရမှာလဲ နောက်ပြီး အဓိပတိဂိုဏ်းမှာပါရမီရှင်တွေက နှစ်တိုင်းထွက်ပေါ်လာနေကြပါ ဒီကိစ္စကအစ်ကိုတစ်ယောက်တည်း ပူပန်နေရမယ့်ကိစ္စမဟုတ်ပါဘူး”

သူတို့သုံးယောက်သည် ပြိုင်ပွဲအကြောင်းဆက်လက်ပြောဆိုနေခဲ့ကြပြီး အများဆုံးပြောသူမှာ ချန်းလီ နှင့် ရှောင်ချန်းကျန် တို့ဖြစ်ပြီး လီရွှမ်ယုမှာတော့ တစ်ခါတလေမှသာ ၀င်ရောက်ပြောဆိုတတ်သည်။

All Chapters