← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အပိုင်း(၂၉)

မိစ္ဆာအရိပ်နတ်သိုင်း၊ ကျန်းချောင်၏ ချီးကျူးမှု

“ဘာလျှို့ဝှက်သိုင်းလဲ ဆရာဘွားဘွား”ကုအန် မျှော်လင့်တကြီးမေးလိုက်သည်။ သူကျန်းချောင်ဆီမှ မှော်သိုင်းအတော်များများ သင်ယူပြီးသော်လည်း သိုင်းဆိုသည်မှာ များလေကောင်းလေပင်။

ကျန်းချောင်ထွက်သွားပါက ကျန်းချောင်လိုဆရာမျိုးနှင့်ထပ်ဆုံဖို့ သူ့အတွက် မလွယ်တော့ပေ။

ကျန်းချောင် ကြက်ပေါင်ကိုအကိုက်ကြီးကြီးတစ်ကိုက် ကိုက်လိုက်ပြီး ဂုဏ်ယူ၀င့်ကြွားဟန်ဖြင့် ပြုံး၍ ပြောလိုက်၏။ “ရွက်ဝါတစ်ထောင်မျှော်စင်ရဲ့ သိုင်းကျမ်းကြီး ၉ ခုထဲကတစ်ခုဖြစ်တဲ့ မိစ္ဆာအရိပ်နတ်သိုင်းပဲ”

မိစ္ဆာအရိပ်နတ်သိုင်းလား။

နာမည်ကြားရတာတော့…

ကုအန် မျက်မှောင်ကြုံ့လိုက်ပြီး မေးလိုက်သည်။ “အဲ့တာက ကျင့်ကြံခြင်းနည်းစနစ်လား”

သူ့တွင် ကျင့်စဉ်ရှားမနေပေ။ အကယ်၍ သူကျင့်စဉ်ပြောင်း၍ အစကပြန်ကျင့်ရမည်ဆိုပါက သူ့သက်တမ်းများကို ဖြုန်းတီးပစ်လိုက်သလိုသာ ဖြစ်နေပေလိမ့်မည်။

ကျန်းချောင် ကြက်သားကိုပလုတ်ပလောင်းဝါးနေရင်း ပြောလိုက်၏။

“ငါနင့်ကို အဲ့တာက လျှို့ဝှက်သိုင်းပါလို့ ပြောပြီးပြီလေ အဲ့တာကနင့်ကို သူလျှိုတစ်ယောက်အနေနဲ့ စိမ့်၀င်ထိုးဖောက်ရတဲ့နေရာမှာ ပိုလွယ်ကူသွားစေလိမ့်မယ် မင်းမကြာခင်တွေ့ရတော့မှာပါ”

ကုအန် ရှုံ့မဲ့သွားခဲ့သည်။

ကျွန်တော် မိစ္ဆာလမ်းစဉ်ရဲ့ သူလျှိုတစ်ယောက် မဖြစ်ချင်ဘူးဗျ!

မေ့လိုက်ကြတာပေါ့ ကျန်းချောင်ရှိနေတုန်းပဲ ငါဂရုစိုက်ရမှာ အနာဂတ်မှာ လိုအပ်လာတဲ့အခါမှသာ ဒီသူလျှိုဆိုတဲ့သရုပ်မှန်ကိုသုံးမယ် ဒီကြမ်းတမ်းတဲ့ကမ္ဘာကြီးထဲ လှည့်ပတ်သွားလာရင်း ဒီသရုပ်ကိုလိုအပ်လာတဲ့အခါကျ ထုတ်သုံးလို့ရတာပေါ့!

…

နောက်နေ့နေ့လည်တွင် ကုအန် သစ်ပင်တစ်ပင်အောက်တွင် စာဖတ်နေခဲ့ပြီး သူနှင့်ခြေခုနှစ်လှမ်းခန့်ကွာသောနေရာတွင်တော့ ရီလန်နှင့် ကျန်းချင်တို့ ဓားသိုင်းကျင့်နေခဲ့ကြသည်။

“စီနီယာအစ်ကိုကြီး အစ်ကိုလီယ လာတယ်”

ရှောင်ချွမ်ပြေးလာ၍ သတင်းပေးလိုက်ပြီး သူ့နောက်တွင်လည်း လီယ ပါလာခဲ့၏။

ကုအန် အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းစာအုပ်ကို ရင်ဘတ်ထဲထည့်လိုက်ပြီး လီယ ဆီသွားခဲ့လိုက်သည်။

“မင်းအိမ်ထဲမှာ ပြောကြရအောင်” လီယ ပြောလိုက်၏။

ကုအန် ခေါင်းညိတ်ပြလိုက်ပြီး လီယကို သူ့အိမ်ဆီ ခေါ်သွားခဲ့သည်။

ကျန်းချင် ဓားသိုင်းကျင့်နေသည်ကိုရပ်လိုက်ပြီး ရီလန့်ကိုစိတ်ရှုပ်ထွေးနေဟန်ဖြင့် ကြည့်လိုက်ပြီး မေးလိုက်၏။ “ဆရာဒေါ်လေးရီ ဆရာဦးလေးလီယ ကမနေ့က မိစ္ဆာကျင့်ကြံသူနှစ်ယောက်ကိစ္စကြောင့် လာတာဖြစ်နိုင်လား”

“ဖြစ်နိုင်ပါတယ်” ရီလန် အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်သည်။

အခန်းထဲ၌

ကုအန်နှင့်လီယတို့ စားပွဲတွင်ထိုင်နေရင်း ကုအန်လီယအတွက် လက်ဖက်ရည်ငှဲ့ပေးနေစဉ် မေးလိုက်သည်။

“ဘာဖြစ်လို့လဲ အစ်ကိုကြီး”

လီယ စပြောလိုက်၏။ “ငါဆန်းကြယ်တောင်ကြားမှာ နှစ်၀က်လောက်နေဖို့စီစဉ်ထားတယ် အဆင်ပြေရဲ့လား”

“ဒါပေါ့ ပြေတာပေါ့ အစ်ကိုကြီးနေချင်သလောက်နေလို့ရတယ် ဒါနဲ့ အစ်ကိုကြီးပြဿနာတစ်ခုခုရှိလို့လား” ကုအန် လှိုက်လှိုက်လှဲလှဲ သဘောတူလိုက်ပြီး ထပ်မေးလိုက်သည်။

လီယ အနည်းငယ်တွန့်ဆုတ်သွားသော်လည်း မနေ့ကအတွေ့အကြုံအကြောင်း ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။ ထိုမှသာ ကုအန်ကြောက်လန့်ပြီး ကျင့်ကြံရန်ပိုစိတ်အားထက်သန်လာမည်ဟု သူထင်နေခြင်းကြောင့်ဖြစ်၏။

နားထောင်ပြီးသည့်နောက်တွင် ကုအန်မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ “သူတို့နှစ်ယောက်လုံး သေသွားပြီလား ဒါဆို၀မ်းယင်ဂိုဏ်းက ကျွန်တော်တို့ကို ပြဿနာလာရှာမှာလား”

လီယ ဒေါသတကြီးပြောလိုက်သည်။ “သူက ငါနဲ့လီရွမ်ယုကို တိုက်ခိုက်ခဲ့တာလေ ပြဿနာရှာမယ်ဆိုရင် အဓိပတိဂိုဏ်းကသာ ၀မ်းယင်ဂိုဏ်းကိုပြဿနာရှာရမှာ ပြီးတော့ တော်၀င်တရားရုံးကလည်း အခု၀မ်းယင်ဂိုဏ်းကိုဖိအားပေးနေတယ် လီရွှမ်ယုက ငါ့အဖေရဲ့ အချစ်ဆုံးသမီးလေးမလို့လေ”

ကုအန် အံ့ဩသွားပြီးမေးလိုက်၏။ “ဒါဆို ဘာလို့သူတို့က စီနီယာအစ်မလီကို တိုက်ခိုက်ရဲကြတာလဲ”

“ရွှီရူယီနဲ့ ချန်ကျိတို့က မကောင်းမှုမှန်သမျှအကုန်လုပ်ကြတဲ့ မိစ္ဆာကျင့်ကြံသူတွေ အဲ့တာကြောင့် ယီချန်းမြို့မှာ လီရွှမ်ယုနဲ့ ချန်ကျိတို့ ပြဿနာဖြစ်ခဲ့ကြတယ် ပုံမှန်အားဖြင့်တော့ သူတို့က လီရွှမ်ယုတစ်ယောက်တည်းရှိနေတဲ့အချိန်မှာ တိုက်ခိုက်ဖို့အခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ဘူး ပြီးတော့….”

လီယ အထင်အမြင်သေးနေဟန်ဖြင့်ပြောနေရင်း စကားကို ရုတ်တရက်ပြန်ရုတ်သွားခဲ့သည်။

“ပြီးတော့ ဘာဖြစ်လဲ”

“ဘာမှမဟုတ်ပါဘူး”

ကုအန် ထိုကောင်အား ထရိုက်ချင်သွားခဲ့၏။

စာကြောင်းဆုံးတဲ့ထိပြောရင်လည်းပြော မပြောရင်လည်း ပြီးတော့ ဆိုတဲ့စကားကိုလုံး၀မသုံးနဲ့ဟ!

လီယ ကုအန်အားကြည့်လိုက်ပြီးမေးလိုက်သည်။

“မနေ့ကနဲ့ဒီနေ့ ဆေးတောင်ကြားကနေ တစ်ယောက်ယောက်ဖြတ်သွားတာကို တွေ့လိုက်သေးလား”

ကုအန် ခေါင်းခါလိုက်သည်။

“မင်းမမြင်တာဖြစ်လိမ့်မယ် ဒါပေမယ့်မနေ့က စိတ်ဝိညဉ်အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်သာ၀င်မပါရင် ငါတို့အခုချိန် သေနေလောက်ပြီ အဲ့ဒီအကြီးအကဲရဲ့ ဓားတာအိုက သိပ်ကြောက်စရာကောင်းတယ် ရန်သူတွေကိုသတ်ဖို့ သစ်ရွက်ကြွေတွေကိုပဲ သုံးခဲ့တာ အခြေခံတည်ဆောက်ခြင်းအဆင့်၉ ကျင့်ကြံသူတွေက သူ့လက်ထဲမှာ လယ်ကွင်းထဲက ဟင်းသီးဟင်းရွက်တွေလိုပဲ သစ်ရွက်တစ်ရွက်တည်းနဲ့တောင် သတ်ဖြတ်ပစ်နိုင်တယ်”

ကုအန် မနေ့ကတိုက်ပွဲအကြောင်းပြောနေရင်း သူ့ပုံစံမှာ သိသိသာသာစိတ်လှုပ်ရှားနေခဲ့ကာ တိုက်ပွဲမြင်ကွင်းကို ပြန်မြင်ယောင်နေခဲ့သည်။

ကုအန်မျက်လုံးများပြူးကျယ်နေပြီး တစ်ခါတရံတွင်

လေအေးများပင် ရှိုက်သွင်းနေပြီး ဒဏ္ဍာရီတစ်ပုဒ်ကိုနားထောင်နေသလို နားထောင်နေခဲ့၏။

စိတ်ဝိညဉ်အခြေတည်အဆင့် ကျင့်ကြံသူသည် သစ်ရွက်နှစ်ရွက်ကိုပဲ ပစ်လွှတ်ခဲ့ကြောင်းကို လီယ သူသိသမျှထဲတွင် အကောင်းဆုံးစကားလုံးများကိုသုံး၍ စိတ်အားထက်သန်စွာ ပုံဖော်ပြောပြနေလေသည်။

“ဓားတာအိုကျင့်ကြံသူဆိုတာ အဲ့လိုဖြစ်နေရမှာ ဓားရှိရှိ မရှိရှိ သူတို့ကိုအနိုင်ယူလို့မရဘူး သူတို့လက်ထဲမှာရှိသမျှ အရာအားလုံးက ဓားတစ်လက်ဖြစ်လာတယ်…ငါ့မှာတော့… တိုတိုပြောရရင် မင်း စီနီယာအစ်ကိုဖြစ်တဲ့ငါက ငါ့လမ်းကြောင်းကို ရှာတွေ့သွားပြီလို့ယုံကြည်တယ် ဒီနေ့ကစပြီး ဓားသိုင်းကို ကြိုးကြိုးစားစားလေ့ကျင့်ပြီး ဓားတာအိုကို လိုက်စားတော့မယ်”

လီယ တောင့်တနေဟန်ဖြင့် ပြောလိုက်ရာ ကုအန်ခေါင်းညိတ်ပြလိုက်ပြီး စိတ်ထဲတွင်တော့ အတော်လေးလှုပ်ရှားနေခဲ့၏။

ညီအစ်ကို မင်းမိုးထိအောင်မြှောက်နေတဲ့ အကြီးအကဲကမင်းရှေ့မှာ‌ေလ မင်းကျင့်ကြံခြင်းကနိမ့်လွန်းလို့သာ မမြင်နိုင်တာဟ!

ကုအန် လီယကိုစကားဖြတ်ပြီးမေးလိုက်သည်။

“ဘာလို့ဂိုဏ်းက တပည့်တွေကို အစေခံတပည့်တွေကိုကာကွယ်ဖို့ ကင်းမလှည့်ခိုင်းရတာလဲ”

ဆန်းကြယ်တောင်ကြား၏ မိုင်ငါးဆယ်ပတ်လည်အတွင်း အနည်းဆုံး အပြင်စည်းဂိုဏ်းတပည့်ဂူ ၆ လုံးရှိပေသည်။ အများစုသည် ဂူတွင်ရှိမနေကြသော်လည်း သူတို့ပြန်လာရန်မှာ ဂိုဏ်း၏အမိန့်တစ်ချက်သာ လိုအပ်၏။

လီယ မျက်နှာပေါ်ရှိ အပြုံးပျောက်ကွယ်သွားကာ မည်းမှောင်သွားပြီး ပြောလိုက်သည်။

“စဉ်းစားကြည့်စမ်းပါ ဘာလို့ဂိုဏ်းထဲကလူတစ်ယောက်က လောဘမိစ္ဆာကို အပြင်စည်းဂိုဏ်းအပြင်မှာ မွေးရဲတယ်ထင်လဲ အဲ့တာက ဂိုဏ်းက အစေခံတပည့်တွေကို တန်ဖိုးမထားလို့ဘဲ မဟုတ်လား ဒါပေမယ့်စိတ်မပူပါနဲ့ ငါက အပြင်စည်းဂိုဏ်းပြိုင်ပွဲပြီးတဲ့အထိ ဒီမှာပဲနေမှာပါ”

ကုအန် ပြန်မပြောခင် ခဏတာ တိတ်ဆိတ်သွားခဲ့၏။

“အစ်ကိုကရော ၀င်မပြိုင်တော့ဘူးလား”

“ငါ့ကျင့်ကြံခြင်းအဆင့်ကမလုံလောက်ဘူး အလောတကြီး၀င်ပြိုင်တာက ဒဏ်ရာရတာပဲ အဖတ်တင်လိမ့်မယ် ဒီလိုကမ္ဘာလုံးဆိုင်ရာပွဲမျိုးက အခြေခံတည်ဆောက်ခြင်းအဆင့် ၉ တွေအတွက်ပဲဆိုတာ သေချာတယ်”လီယ ခေါင်းယမ်း၍ ပြောလိုက်သည်။

ထိုစကားအား ကြားသောအခါ ကုအန်၏ လီယအပေါ်အမြင်ပြောင်းလဲသွားခဲ့၏။ ထိုကောင်သည် အတော်လေးတော့ သတိရှိပုံပေါ်ပေသည်။

ဒါပေါ့ ထိုသို့သတိရှိသွားခြင်းသည် ရွှီရူယီဆီမှ ရိုက်နှက်ခံလိုက်ရသောကြောင့်လည်း ဖြစ်နိုင်၏။

သူတို့ နှစ်ယောက်သည်အချိန်ခဏကြာ ဆက်၍ စကားပြောနေခဲ့ကြသည်။ ထို့နောက်တွင်တော့ ကုအန် လီယ နေရန် ရှောင်ချွမ်နှင့်ထန်ယုတို့ကို အခန်းရှင်းခိုင်းလိုက်၏။

လီယ နှစ်၀က်နေမည်ဟု ကြားသောအခါ တောင်ကြားထဲရှ်ိလူတိုင်း ပျော်ရွှင်နေခဲ့ကြသည်။ ပထမအချက်အနေဖြင့် သူတို့အား ကာကွယ်ပေးနိုင်၍ ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် လီယထံမှ ဓားသိုင်းသင်ယူနိုင်၍ ဖြစ်သည်။

သူတို့မျက်လုံးထဲတွင် ကုအန်သည် နေရာတိုင်းတွင်ကောင်းမွန်သော်လည်း သူတို့အားသင်ပေးစရာ မှော်သိုင်းကွက်များမှာတော့ သူ့တွင် နည်းနည်းသာရှိ၏။ လီယမှာတော့ မတူပေ။ သူသည် ပါရမီရှင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။

ဤနေ့ရက်များတွင် ဆန်းကြယ်တောင်ကြားပေါ်မှ ဓားပျံပေါင်းများစွာ ဖြတ်ပျံသွားခဲ့ကြသည်။ ဓားပျံများအပြင် ပျံသန်းနိုင်သော မှော်အသုံးအဆောင်များ၊ စီးတော်ယာဥ် မိစ္ဆာသားရဲများကိုလည်း ကုအန် တွေ့ခဲ့ရသောကြောင့် ကုအန် ကြိတ်၍သာ သက်ပြင်းချလိုက်မိ၏။

တကယ့်ကို ကျင့်ကြံခြင်းကမ္ဘာပါပဲ!

……

တစ်လကြာပြီးနောက် ညဉ့်အချိန်တွင်

ကျန်းချောင် နွယ်စိမ်းပင်အောက်တွင် ခြေဆင်း၍ ထိုင်နေခဲ့ပြီး သူ၏ဖြူနုနေသော ခြေသလုံးသားလေးမှာ သူ့စကပ်အောက်မှ ထွက်ပေါ်နေခဲ့သည်။ သူ့လက်ထဲတွင် စာအုပ်တစ်အုပ်ကိုကိုင်ထားရင်း သူ့အနီးတွင် ဆေးပင်ခူးနေသော ကုအန်အား လှမ်းလှမ်းကြည့်နေခဲ့၏။

ထိုစဉ်ရုတ်တရက် သူ့လက်များကို လှည့်လိုက်ရာ လက်ထဲမှစာအုပ်သည် သူ့လည်ပင်းတစ်ဝိုက်တွင်ဆွဲထားသော ဆွဲသီးထဲသို့ ၀င်သွားခဲ့သည်။ ထို့နောက် သူအပျင်းကြော ဆန့်လိုက်၏။

“တပည့်လေး မင်းအလုပ်ကိုနားဦး မိစ္ဆာအရိပ်နတ်သိုင်းကိုကျင့်” သူပြောလိုက်သည်။

ကျန်းချောင်ပြောလိုက်ပြီး ဆေးမီးဖိုရှေ့သို့ ရောက်ရှိသွားခဲ့၏။ ဆေးမီးဖိုထဲတွင် ဆေးရည်များမှာ ရောနှောနေကြပြီး မီးဖိုအဖုံးပေါ်မှ အဖြူရောင်အငွေ့များ ထွက်နေကြသည်။

ကုအန် လှည့်မကြည့်ဘဲ ပြောလိုက်၏။ “အဆင်ပြေပါတယ်ဆရာဘွားဘွား ကျွန်တော်ခဏနေရင်ပြီးတော့မှာပါ”

ကျန်းချောင် တစ်ချက်ရယ်လိုက်ပြီး ခေါင်းယမ်းလိုက်ကာ တွေးလိုက်သည်။ “ဒီကလေးက တကယ်ပဲအလုပ်ကြိုးစားပြီး နာလည်းနာခံတတ်တယ် ငါသူ့အတွက် ဆေးနည်းနည်းတော့ဖော်‌ပေးသင့်တယ်”

အမွှေးတိုင်တစ်၀က်ထွန်းစာ အချိန်ကုန်ဆုံးသွားခဲ့၏။

ကုအန် ဆေးပင်များကို ကျန်းချောင်ဘေးတွင် အမျိုးအစားအလိုက် စီထားပေးခဲ့ရာ ကျန်းချောင်ပို၍ပင် စိတ်ကျေနပ်သွားခဲ့သည်။

ဒီကလေးက တကယ့်ကိုချီးကျူးစရာပဲ!

ကုအန်အတွက်လည်း သက်တမ်း ၁၃၀၀ လောက်တက်သွားခဲ့သောကြောင့် သူလည်းခံစားချက်ကောင်းနေခဲ့၏။ ထိုကဲ့သို့ အခွင့်အရေးမျိုးကိုရရန်မှာ မလွယ်ကူလှပေ။

“ဆက်လေ့ကျင့်နေဦး နင်နားမလည်တာတစ်ခုခုရှိရင် ငါ့ကိုအချိန်မရွေးမေးလို့ရတယ်” ကျန်းချောင် ဆေးမီးဖိုကိုကြည့်နေရင်း ငြင်ငြင်သာသာ ပြောလိုက်သည်။

ကုအန် ခေါင်းညိတ်ပြလိုက်ကာ မိစ္ဆာအရိပ်နတ်သိုင်းကို ဆက်လေ့ကျင့်နေလိုက်၏။ သူဒီသိုင်းကို ကျင့်နေသည်မှာ တစ်လလောက်ကြာသွားပြီဖြစ်သော်လည်း သိုင်းသည် သူ့စနစ်ထဲတွင်ပင် ပေါ်မလာသေးပေ။

ငါဒါကို တတ်မြောက်အောင်လုပ်ရမယ်!

သဘာ၀ဂူ ၈ လုံးထဲတွင် ကုအန်နှင့် ကျန်းချောင်တို့ ဆေးမီးဖိုအနီးတွင် တရားထိုင်နေကြပြီး ဆေးမီးခိုးများမှာ သူတို့အား ဖုံးအုပ်ထားနေလေသည်။

လေးရက်ကြာပြီးသည့်နောက် နောက်ဆုံးတွင် မိစ္ဆာအရိပ်နတ်သိုင်းမှာ ကုအန်စနစ်ထဲတွင် ပေါ်လာခဲ့ချေပြီ။

ကုအန် မျက်နှာပေါ်တွင် စိတ်ကျေနပ်နေသော အပြုံးကြီးတစ်ခုပေါ်လာပြီး စနစ်ကို ဖွင့်ကြည့်လိုက်၏။

[အမည်: ကုအန်]

[သက်တမ်း: ၂၇/၁၂၂၆၈]

[စိတ်ဝိညဉ်အမြစ် : ပထမတန်းစား ဒြပ်ငါးမျိုးစိတ်ဝိညဉ်အမြစ် (သစ်သားနှင့်မြေကြီးအမြစ်သည် ပို၍ ထင်ရှားသည်)]

[ကျင့်ကြံခြင်းအဆင့် : စိတ်ဝိညဉ်အခြေတည်အဆင့် ၈]

[ကျင့်ကြံခြင်းနည်းစနစ်များ : မီးထိန်းချုပ်ပညာ(မတတ်မြောက်သေး)၊ သန့်စင်သောသစ်သားယန် နတ်ကျင့်စဉ်(ကျွမ်းကျင်)၊ နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်(ကျွမ်းကျင်)၊ ဆေးတာအို(စဦးအဆင့်)၊ အနန္တအဆိပ်ဆန်းကြယ်ကျင့်စဉ်(မတတ်မြောက်သေး)၊ ယင်ယန်ပညာ(မတတ်မြောက်သေး)]

[လျှို့ဝှက်သိုင်းများ: လေပြင်းအရိပ်ခြေထောက်သိုင်း(အပြည့်အ၀ ပေါင်းစပ်ပြီး)၊ ထိုက်ကန်နတ်မှင်သက်ဓားသိုင်း(အပြည့်အ၀ ပေါင်းစပ်ပြီး)၊ရှစ်မျက်နှာခြေလှမ်းသိုင်း(မတတ်မြောက်သေး)၊ မိစ္ဆာအရိပ်နတ်သိုင်း(မတတ်မြောက်သေး)]

[မှော်သိုင်းများ : ဝိညဉ်ဖမ်းချုပ်ပညာ(မတတ်မြောက်သေး)၊ ဓားပျံထိန်းချုပ်အတတ်(အပြည့်အ၀ပေါင်းစပ်ပြီး)၊ ညှို့မျက်၀န်းပညာ(မတတ်မြောက်သေး)၊ သစ်သားအဆိပ်အစီအရင်(စဦးအဆင့်)၊ လေထိန်းချုပ်အတတ် (မတတ်မြောက်သေး)၊ အလောင်းကောင်ထိန်းချုပ်အတတ်(မတတ်မြောက်သေး)]

စနစ်ထဲမှာ ပေါ်လာသည်နှင့် ထိုအရာသည် အစစ်အမှန်ဖြစ်လာပေလိမ့်မည်။

ဤ၅နှစ်ကျော်အတွင်း ကျန်းချောင်သည် သူ့အား ကျင့်စဉ်နှင့် မှော်သိုင်းများ ၈ ခု သင်ပေးခဲ့သည်။

ထိုသို့သင်ကြားပေးခဲ့ခြင်းကြောင့် သူ့အပေါ် ကုအန်၏အမြင်များ ပြောင်းလဲသွားခဲ့၏။ မိစ္ဆာလမ်းစဉ်မှလူဟု ဆိုသော်လည်း သူသင်ကြားသည့်ပုံစံမှာ လမ်းမှန်းဂိုဏ်းများထက်ပင် သာနေသေးသည်။

ကုအန် ထရပ်လိုက်ကာ ကျန်းချောင်ကို ဦးညွတ်အရိုအသေပေးလိုက်ပြီး ပြောလိုက်၏။

“ဆရာဘွားဘွား ဒီညအတွက်တော့တော်ရအောင် ကျွန်တော်ပြန်နားတော့မယ်”

ကျန်းချောင် ဆေးမီးဖိုရှေ့တွင် တရားထိုင်နေရင်း သူ့ကိုယ်တစ်ဝိုက်၌ မိစ္ဆာချီများ ၀န်းရံနေခဲ့သည်။ သူမျက်လုံးမဖွင့်ဘဲ ပြန်ပြောလိုက်၏။

“မင်းပြန်သွားရင်လည်း ကျင့်ကြံခြင်းမှာအာရုံစိုက်ထား နင့်ကိုငါထွက်မသွားခင် အများဆုံး နောက်ထပ် ၂နှစ်ပဲ သင်ကြားပေးလို့ရတော့မယ်”

ကုအန် ဘာမှပြန်မပြောတော့ဘဲ လှည့်သာထွက်သွားလိုက်သည်။

ကျန်းချောင် မျက်လုံးတစ်လုံးဖွင့်လိုက်ပြီး ထွက်ခွာသွားသော ကုအန်ပုံရိပ်ကိုကြည့်ကာ တွေးလိုက်၏။ “ဒီကောင်လေး ၀မ်းနည်းသွားတဲ့ပုံပဲ နောက်ဆုံးတော့လည်း ဒီလောက်အံ့ဩစရာကောင်းတဲ့ ဆရာဘွားဘွားမျိုးကို သူဘယ်မှာရှာတွေ့နိုင်မှာမလို့လဲလေ ငါထွက်သွားရင်တော့ ဒီကလေးအထီးကျန်နေခဲ့ရမှာပဲ ငါပြန်သွားရင် ငါ့နေရာကိုယူဖို့တစ်ယောက်ယောက်စီစဉ်ပေးပြီး ဒီကလေး ရွက်ဝါတစ်ထောင်မျှော်စင်မှာ ဆက်ကျင့်ကြံနိုင်ဖို့ လုပ်ဦးမှ ပြီးရင် အဖေ့ကို အဲ့ဒီလူကိုရှာခိုင်းပြီး သူ့ကိုဓားတာအိုသင်ခိုင်းရမယ်”

ကုအန် ဂူထဲမှထွက်လာရင်း ဂူအ၀င်၀သို့ ရောက်ရှိလာခဲ့သည်။

ကုအန် သူ့နှလုံးသားထဲရှိ ပျော်ရွှင်မှုများကို မြိုသိပ်ထားရင်း အကျယ်ကြီးအော်ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်ထားနေရသည်။

နောက်ဆုံးတော့ သူထွက်သွားတော့မယ်လို့ ပြောလာလေပြီ!

ကျန်းချောင်သည် သူ့အားကောင်းကောင်းမွန်မွန်ဆက်ဆံသော်လည်း သူသဘာ၀ဂူ ၈ လုံးထဲတွင် တစ်ယောက်တည်းနေရတာကိုသာ ပိုကြိုက်၏။

ကုအန် အိမ်ပြန်လမ်း တောအုပ်ထဲတွင် သူ့ကျင့်ကြံခြင်းထဲသို့ သက်တမ်းတစ်နှစ်ပေါင်းထည့်ခဲ့လိုက်သည်။

လာမည့်ရက်များအတွင်းသူ စိတ်ဝိညဉ်အခြေတည်အဆင့် ၉ သို့ရောက်တော့မည်ဟု ခံစားနေရ၏။

သို့သော် မည်မျှနီးကပ်နေစေကာမူ အလောမကြီးဘဲ သူတစ်နေ့ကို သက်တမ်းတစ်နှစ်သာ ထည့်မည် ဖြစ်သည်။

ဆန်းကြယ်တောင်ကြားနှင့် လီ၂၀အကွာ၌ ကုအန် သူ့အရှိန်အဝါကို ပတ်၀န်းကျင်နှင့်တသားထဲဖြစ်သည်အထိ ဖိနှိပ်လိုက်ပြီး သစ်ပင်အောက်တွင်ထိုင်ကာ သက်တမ်းတစ်နှစ်ပေါင်းထည့်နေခဲ့၏။

သက်တမ်းပေါင်းထည့်ပြီးသောအခါ ပတ်၀န်းကျင်မှ စိတ်ဝိညဉ်စွမ်းအင်များ သူ့ဆီတိုး၀င်လာကြသည်။

သစ်ရွက်များမှာလည်း ယမ်းခါနေကြပြီး တစ်နှစ်စာကျင့်ကြံပြီးသော ကုအန်ကို ချီးကျူးနေကြသလိုပင်။

မကြာခင်တွင် စိတ်ဝိညဉ်စွမ်းအင်များ ပုံမှန်ပြန်ဖြစ်သွားပြီး သစ်ရွက်များလည်းငြိမ်သက်သွားကာ ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။

ကုအန် မတ်တပ်ရပ်လိုက်ကာ ထွက်သွားဖို့ပြင်လိုက်စဉ် တစ်ခုခုကိုအာရုံခံမိလိုက်သောကြောင့် ချက်ချင်း သစ်ပင်နောက် ၀င်ပုန်းနေလိုက်သည်။

အသက်ရှူကြိမ် ၄ ကြိမ်ခန့်ကြာသောအခါ သူ့ခေါင်းပေါ်မှ လူနှစ်ယောက်ပျံသန်းသွားသည်ကို တွေ့လိုက်ရ၏။

ကုအန်၏ အမြင်အာရုံမှာ သာမန်မဟုတ်သောကြောင့် ထိုလူနှစ်ယောက်ကိုမြင်လိုက်ရပြီး သက်တမ်းစစ်ဆေးခြင်း ဖြင့်လည်း စစ်ဆေးလိုက်နိုင်သည်။

[ကျိုးယိကျင်(ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၉) : ၁၄၂/၄၉၀/၉၈၀]

[ကျိုးလင် (စိတ်ဝိညဉ်အခြေတည်အဆင့် ၂) :၂၇/၂၈၀/၁၄၀၀]

ဗဟိုအူတိုင်ဖွဲ့စည်းခြင်း အဆင့် ၉!

ထိုလူနှစ်ယောက်သည် မည်သည့်ဂိုဏ်းမှဖြစ်မှန်း ကုအန် စိတ်၀င်စားသွားမိသည်။

သူတို့ထွက်သွားသောအခါမှသာ ကုအန် ဆန်းကြယ်တောင်ကြားဆီ ပြန်လာခဲ့လိုက်၏။

နောက်တစ်နေ့တွင် ကုအန်ထုံးစံအတိုင်း တပည့်တွေကို အကြောလျှော့လေ့ကျင့်ခန်းလုပ်ခိုင်းနေစဉ်တွင် လီယ ထွက်လာပြီး အပြင်စည်းဂိုဏ်းသို့သွားလည်ဦးမည်ဟုဆိုတာ ထွက်သွားခဲ့သည်။

နေ့လည်မတိုင်ခင်တွင် လီယပြန်ရောက်လာခဲ့ပြီး သူနှင့်အတူ လူတစ်ယောက်လည်း ပါလာခဲ့၏။

ထိုသူသည် ကုအန် မနေ့ညက တွေ့လိုက်မိသော ကျိုးလင် ပင် ဖြစ်ပေသည်။

အပိုင်း(၃၀)

စိတ်ဝိညဉ်အခြေတည်အဆင့် ၉၊ သစ်သားစိတ်ဝိညဉ်ဓားသိုင်း

“ဂျူနီယာညီလေးကု မင်းကိုငါ့ငယ်သူငယ်ချင်း ကျိုးလင်နဲ့ မိတ်ဆက်ပေးမယ် သူကငါနဲ့ဓားပညာအကြောင်းဆွေးနွေးချင်လို့ လာခဲ့တာ သူကငါ့ခြံ၀န်းထဲမှာပဲ နေလိမ့်မယ်” လီယ ကုအန်ဆီသွားလိုက်ပြီး မိတ်ဆက်ပေးလိုက်သည်။

ကျိုးလင်သည် အဝါရောင်ဝတ်စုံကို၀တ်ဆင်ထားပြီး ချောမောခန့်ညား၍ မြင့်မြတ်သောမျက်နှာမျိုး ရှိပြီး သူ၏မာနကြီးမှုကိုလည်း လုံး၀ဖုံးကွယ်မထားပေ။ ခါးတွင်ရတနာဓားတစ်လက်ကိုချိတ်ဆွဲထားရာ အဆင့်အတန်းမြင့်သူတစ်ယောက်ဖြစ်မှန်းလည်း သိသာလှ၏။

လီယ ကုအန်ကို ကျိုးလင်နှင့်မိတ်ဆက်ပေးလိုက်သော်လည်း ကျိုးလင် ခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။

ကုအန် ဗွေမယူဘဲ ပြုံးပြလိုက်သည်။ “ဒါဆို စီနီယာအစ်ကိုလီပဲ သူ့ကိုခေါ်သွားပေးလိုက်ပါ”

လီယ ခေါင်းညိတ်ပြလိုက်ပြီး တောင်းပန်သည့်အကြည့်ဖြင့် ကုအန်ကို ကြည့်နေခဲ့၏။

ကျိုးလင် လီယခေါ်ရာသို့ လိုက်သွားပြီး စိတ်အားထက်သန်စွာ ပြောနေခဲ့သည်။

“ဒီ‌ေန့ ကျိမိသားစုက ကျိလင်ကတကယ်အံ့ဩစရာကောင်းတယ် မင်းသူ့ဓားပညာကိုမြင်ဖူးလား သူ့ဓားပညာကအတော်လေး သိမ်မွေ့တယ် ငါတော့ သူ့မှာဗိုလ်စွဲဖို့အခွင့်အရေးရှိတယ်လို့တောင် ခံစားရတယ်”

ကျိလင်လား!

ခန့်ညားကာ မာနကြီးသော မျက်နှာပိုင်ရှင် ကျိလင်၏ပုံရိပ်ကို ကုအန်မျက်လုံးထဲတွင် ပြန်မြင်ယောင်လာခဲ့သည်။ ကျိလင်မှာလည်း သူ့လိုပင် အဓိပတိဂိုဏ်းသို့ ကျိရှောင်ယု၏ လက်အောက်မှ ၀င်လာခဲ့ခြင်း ဖြစ်၏။ သူတို့များများစားစားမရင်းနီးသော်လည်း အရင်က တုယီမှတစ်ဆင့်ခံ၍ ကျိလင်အတွက်ဆေးပင်များစုဆောင်းရာတွင် ကုအန် ကူညီခဲ့ရဖူးသည်။

မျှော်လင့်မထားဘဲ ကျိလင်သည် ကမ္ဘာလုံးဆိုင်ရာ အပြင်စည်းဂိုဏ်းတပည့်တွေ့ဆုံပွဲ၌ နာမည်တစ်လုံးရအောင် လုပ်နိုင်ခဲ့ပြီး သူ့အသက်မှာလည်း ကုအန်ထက် အနည်းငယ်သာ ကြီး၏။

ဒါပေါ့ သူ၏တိုးတက်လာမှုမှာ သူရရှိခဲ့သော အရင်းအမြစ်များနှင့်လည်း သက်ဆိုင်ပေသည်။ အဓိပတိဂိုဏ်းနှင့် ကျိမိသားစုမှ အရင်းအမြစ်များပေါင်းလိုက်သောအခါ သူ၏ ကျင့်ကြံခြင်းမှာ လျင်မြန်စွာ တိုးတက်လာခဲ့သည်။

ကုအန် သစ်ပင်ဆီသို့ ပြန်သွားနေသော်လည်း သူ့အာရုံများမှာတော့ လီယတို့စကားဝိုင်းတွင်သာ ရှိနေခဲ့၏။

လမ်းမှန်ဂိုဏ်းများရော မိစ္ဆာဂိုဏ်းများရော၏ အပြင်စည်းတပည့်များပါ၀င်ယှဉ်ပြိုင်ကြသော အပြင်စည်းဂိုဏ်းညီလာခံကြီးမှာ စတင်ခဲ့လေပြီ။ လီယတို့ပြောစကားအရ ပြိုင်ပွဲမှာ တစ်ယောက်ချင်းတိုက်ခိုက်သည့် ပြိုင်ပွဲမျိုးသာဖြစ်ပြီး မည်သူမှအနိုင်မယူနိုင်သည့်သူမှာ တဖြည်းဖြည်းကျော်ကြားလာပေလိမ့်မည်။

ကုအန် ဘာလို့ ကျိရှောင်ယု၏ နာမည်ကိုမကြားရသလဲဟုတွေးလိုက်မိသော်လည်း ကျိရှောင်ယုသည် အပြင်စည်းဂိုဏ်းမှမဟုတ်မှန်း ချက်ချင်းပြန်တွေးမိသွားသည်။

ရှောင်ချွမ် ဝူရှင်းနှင့် အခြားသူများမှာတော့ ကျိုးလင်အကြောင်းစိတ်၀င်စားနေကြပြီး အုပ်စုဖွဲ့၍ သူ့အကြောင်း ဆေးနွေးနေခဲ့ကြ၏။

ကျိုးလင် ရောက်ရှိလာခြင်းသည် ဆန်းကြယ်တောင်ကြားအတွက် ဘာမှထူးခြားမသွားခဲ့ပေ။ သူသည် အစေခံတပည့်များကို အထင်သေးသောကြောင့် သူ့အချိန်များကို လီယနှင့် ဓားသိုင်းလေ့ကျင့်ခြင်းနှင့် သူ့အခန်းထဲတွင် ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။

သူတို့ရောက်ရှိလာမှုကြောင့် ကုအန်သဘာ၀ဂူ၈လုံးသို့ သွားခြင်းကို လျှော့ချလိုက်‌ေသာ်လည်း သူ့နေ့စဉ်သက်တမ်းပေါင်းထည့်သည့်အစီအစဉ်ကိုတော့ ဆက်လုပ်နေဆဲ ဖြစ်၏။

ဤသို့ဖြင့် တစ်လသည် လျင်မြန်စွာကုန်ဆုံးသွားခဲ့သည်။

နောက်ဆုံးတွင် ကုအန် စိတ်ဝိညဉ်အခြေတည်အဆင့် ၉ သို့ ရောက်ရှိသွားခဲ့၏။ ထိုညက သူ့အိမ်ပြန်လမ်းတွင် သူ့ကိုယ်သည် ငှက်မွှေးလေးလို ပေါ့ပါးနေသည်ဟု သူခံစားခဲ့ရသည်။

ဆန်းကြယ်တောင်ကြားသို့ ပြန်ရောက်သောအခါတွင် လီယခြံ၀န်းထဲ၌ တစ်ယောက်ယောက် ဓားသိုင်းကျင့်နေသည်ကို တွေ့လိုက်ရ၏။

ကုအန် သူ့အိမ်ထဲသို့၀င်သွားလိုက်ပြီး အခန်းထဲရောက်မှ ပြတင်းတံခါးဖွင့်ကာ ဓားသိုင်းလေ့ကျင့်နေခြင်းကို ကြည့်ရှုနေလိုက်သည်။

လေ့ကျင့်နေသူမှာ ကျိုးလင် မှလွဲ၍ အခြားသူမဟုတ်ပေ။

ကျိုးလင်စရောက်လာခါစ ကုအန်သူ့အား ဓားပါရမီရှင်တစ်ယောက်ဟု ထင်မှတ်ခဲ့၏။

သို့သော် တစ်လကြာ သူလေ့ကျင့်နေသည်အား ကြည့်ရှုပြီးသည့်နောက်တွင်တော့ ထိုကောင်၏ ဓားပါရမီမှာ အတော်ကြီးသာမန်ဆန်မှန်း ကုအန် သိလိုက်ရသည်။

ယခုအခါ သူ၏ဓားတာအိုမှာ အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ကျိုးလင်၏ ဓားပါရမီသည် စုဟန်ထက်ပင် နိမ့်ကျမှန်း ကုအန် အကဲဖြတ်နိုင်၏။

စုဟန်သည် တောင်ကြားထဲ၌ ဓားပညာပါရမီ အကောင်းဆုံးသူ ဖြစ်ပေသည်။ သို့သော် သူတို့ပြောသည့်အကောင်းဆုံးစံသတ်မှတ်ချက်မှာ တောင်ကြားအတွင်းသာဖြစ်ပြီး အပြင်ဘက်တွင်တော့ သူ့ပါရမီမှာ ဘာမှဟုတ်မည် မဟုတ်ပေ။

တခဏကြာ ကြည့်ရှုပြီးသည့်နောက် ကုအန် ပြတင်းပေါက်ကို ပိတ်ခဲ့လိုက်၏။

အာရုံတက်ချိန်တွင် ကုအန် လှေကားပေါ်မှ ဆင်းလာလာချင်း လီယအိမ်ဘက်လှည့်ကြည့်လိုက်ရာ ခြံ၀န်းထဲတွင်ရပ်ကာ သူ့လက်ထဲရှိဓားကို မျက်မှောင်ကြုံ့၍ ကြည့်နေသော ကျိုးလင် ကိုတွေ့လိုက်ရသည်။

ထို့နောက် ကုအန် သူ့ဂျူနီယာညီလေး ညီမလေးများအားခေါ်ကာ အကြောလျှော့လေ့ကျင့်ခန်း လုပ်ခိုင်းလိုက်ရာ သူတို့အသံများက ကျိုးလင်၏ အာရုံကို ဆွဲဆောင်သွားခဲ့၏။

“တကယ်တော့ မင်းဓားပညာကို အဲ့လောက်အတင်းအကြပ် လေ့ကျင့်နေဖို့မလိုပါဘူး မင်းရဲ့အံ့ဩစရာ စိတ်ဝိညဉ်အမြစ် အရည်အ‌သွေးနဲ့ဆိုရင် မင်ကျင့်ကြံခြင်းမြင့်လာတာနဲ့အမျှ မင်းအတွက်ဓားလေ့ကျင့်ရတာ ပိုလွယ်လာမှာပဲ” လီယ ကျိုးလင်နား ကပ်ကာ ပြောလိုက်သည်။

ကျိုးလင်မျက်နှာ မည်းမှောင်သွားပြီး ပြန်ပြောလိုက်၏။ “မရဘူး ငါက ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ကိုဖြစ်ရမယ် ငါ့အဖေက ခန်းဟူ ရေကန်ရဲ့ အကြမ်းဆုံးဓားသမားတစ်ယောက်ပဲ”

လီယ သူ့ကိုနားချလိုသော်လည်း သူသည်လည်း သူ့အဖေကို သက်သေပြရန် ကြိုးစားနေသူဖြစ်‌ေလရာ မပြောတာသာ ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်၏။

ကျိုးလင် ကုအန်ဧ။်လှုပ်ရှားမှုများကို ကြည့်နေရင်း သူ့လှုပ်ရှားမှုများထဲ၌ နားလည်ရန်ခက်သော နက်နဲသည့် တစ်စုံတစ်ခုပါ၀င်နေသည်ဟု ခံစားနေရသည်။

ကျိုးလင်အစက သူအမြင်မှားနေသည်ဟု ခံစားခဲ့ရသော်လည်း သူကြည့်နေလေလေ သူမမှားဘူးဟု ခံစားလာရလေလေပင်။

လီယ ကျိုးလင်ကို မနှောင့်ယှက်တော့ဘဲ ကျင့်ကြံရန် တောထဲသို့ ၀င်သွားခဲ့၏။

ရွှီရူယီအား ရှုံးနိမ့်ခဲ့ရခြင်းကို သူများများစားစားထုတ်မပြောခဲ့သော်လည်း သူ့စိတ်ထဲ၌ ထိုကိစ္စမှာ အစိုင်အခဲတစ်ခု ဖြစ်နေခဲ့သည်။

သူ့အရှုံးနှင့် ထပ်မတွေ့လိုတော့ပေ!

အကြောလျှော့လေ့ကျင့်ခန်း လုပ်ပြီးသည့်အခါ ကုအန် ဂျူနီယာလေးများအား အလုပ်လုပ်ရန် ညွှန်ကြားခဲ့လိုက်၏။ ယခုအခါ တောင်ကြားတွင် အရာရာအား သူလိုက်ညွှန်ကြားပေးနေစရာ မလိုတော့ပေ။ ဝူရှင်းသည် စီနီယာအစ်ကိုကြီးတာ၀န်ကို တဖြည်းဖြည်းလက်လွှဲယူနေလေသည်။

ရှောင်ချွမ်မှာလည်း အငယ်များအား ဦးဆောင်ရသည်ကို မကြိုက်သောကြောင့် ဝူရှင်းဦးဆောင်နေသည်ကိုသာ ခွင့်ပြုထားခဲ့၏။

ထိုစဉ် ရီလန် ဘာမှမပြောဘဲ အခန်းထဲသို့သာ ကျင့်ကြံဖို့ ပြန်သွားခဲ့သည်။ သူမသည် အပြင်စည်းဂိုဏ်းစာမေးပွဲအတွက် အတော်လေးကြိုးစားနေခဲ့၏။

သူမတို့လို သာမန်ပါရမီသာရှိသော သူမျိုးအတွက် အပြင်စည်းဂိုဏ်းတပည့်ဖြစ်လာရန်မှာ ချီကျင့်ကြံခြင်းအဆင့် ၉ သို့ရောက်ရှိကာ အပြင်စည်းဂိုဏ်းစာမေးပွဲ၀င်ဖြေ၍ အောင်သွားပြီး ဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းဆေးလုံးပေးမှသာ ဖြစ်နိုင်ပေလိမ့်မည်။

အကယ်၍ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တိုက်ရိုက်ချိုးဖျက်နိုင်လျှင်တော့ ထိုကဲ့သို့သောအရာမျိုးတွေ လိုတော့မည် မဟုတ်ပေ။

သူ့ဂျူနီယာလေးများအတွက် အခြေခံတည်ဆောက်ခြင်းဆေးလုံးဖော်စပ်ပေးရန် သူ့ဆေးတာအိုကို မြှင့်သင့်မမြှင့်သင့် ကုအန် စိတ်ထဲတွင် လွန်ဆွဲနေခဲ့သည်။ အခြေခံတည်ဆောက်ခြင်းဆေးလုံးတွင် ပါ၀င်သော ဆေးပင်များမှာ တောင်ကြားတွင်အဆင်သင့်ရှိပြီးသားဖြစ်သော်လည်း သူ့အားစိန်ခေါ်နေသည့်အရာမှာ ဖော်စပ်ခြင်း အောင်မြင်မလား ရှုံးနိမ့်မလား ဆိုတာသာ ဖြစ်၏။

ရီလန်သည် ချီကျင့်ကြံခြင်း အဆင့် ၉ သို့ရောက်ရှိရန် အချိန်အတော်ကြာလိုသေးရာ ကုအန်အတွက် ထိုကိစ္စစဉ်းစားရန် အချိန်အတော်များများ ရှိနေသေးသည်။ ရှောင်ချွမ်အတွက်မူ ရီလန်ထက်ပင် အချိန်ပို‌လိုနေသေး၏။

အမှန်တကယ်တွင် တောင်ကြားထဲရှိသူများ၏ သာမန်ပါရမီများအရ သူတို့တစ်ဘ၀လုံးကျင့်ကြံလျှင်ပင် ချီကျင့်ကြံခြင်းအဆင့် ၈ သို့ရောက်လိမ့်မည် မဟုတ်ပေ။

ကုအန် သူ့အိမ်သို့ပြန်ကာ အခန်းထဲသို့ရောက်သောအခါ ရင်ဘတ်ထဲမှ အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းစာအုပ်ကို ထုတ်လိုက်ပြီး သူ့မျက်နှာပေါ်၌ မျှော်လင့်ချက်များနှင့် ပြည့်နေခဲ့သည်။

ရာသီဥတုသာယာသောနေ့တွင် ဖတ်ရန် ထိုစာအုပ်မှ အခန်း ၅ ခန်းကို သူတမင်တကာချန်ထားခဲ့ခြင်းဖြစ်၏။

အစိမ်းရောင်သူရဲကောင်းနှင့် သူ၏ အစ်မယင် တို့ ဘုရားကျောင်းပျက်ကြီးထဲတွင် ဆုံတွေ့လိုက်ရသော ကြောင့် ဇာတ်ရှိန်မှာ တက်နေခဲ့သည်။ သူတို့သည် သူတို့ရင်ထဲရှိ မကျေနပ်ချက်များနှင့် အချစ်များကို ဖွင့်ထုတ်….

ကုအန် ဇာတ်လမ်းထဲတွင်မျောပါပြီး စိတ်လှုပ်ရှားနေချိန်တွင်

“ညီကိုကုအန်”

ကျိုးလင်၏အသံထွက်ပေါ်လာသောကြောင့် ကုအန် သူ့အားတွေ့ရန် အောက်ဆင်းခဲ့လိုက်ရ၏။

ကုအန်နှင့်တွေ့သောအခါ ကျိုးလင် အနည်းငယ်ရှက်နေခဲ့သည်။ ကုအန် သူ၏အရင်က မာနကြီးမှုများကို စိတ်ထဲထားမနေဘဲ မေးလိုက်၏။

“ညီကိုကျိုး ဘာကိစ္စရှိလို့လဲ”

ကျိုးလင် အံကြိတ်လိုက်ပြီး ပြောလိုက်သည်။

“ငါမင်းရဲ့ အကြောလျှော့နည်းစနစ်ကိုစိတ်၀င်စားလို့ပါ အဲ့တာကအတော်လေး သိမ်မွေ့လွန်းတယ် ငါ့ကို သင်ပေးလို့ရမလား”

“ကိစ္စမရှိဘူး အပင်အောက်သွားကြတာပေါ့” ကုအန် ချက်ချင်း ပြန်ပြောလိုက်၏။

ကုအန် တစ်ယောက်ထိုမျှလွယ်လွယ်သဘောတူလိုက်မည်ဟု ထင်မထားသောကြောင့် ကျိုးလင်ရုတ်တရက် ရှက်ရွံ့သွားခဲ့သည်။ ထို့နောက် ကုအန်နောက်မှ အမြန်လိုက်သွားခဲ့၏။

သူတို့နှစ်ယောက် ကုအန်အိမ်ရှေ့ရှိ ခြံ၀န်းထဲရောက်သောအခါ ကုအန် အချိန်မဖြုန်းတော့ဘဲ စတင်သင်ကြားပေးခဲ့သည်။

ကျိုးလင်တွင် ဓာတ်ပုံမှတ်ညဏ်ရှိသောကြောင့် ကုအန်သင်သမျှကို တစ်ခါတည်းနှင့် ချက်ချင်းလိုက်မှတ်နိုင်ခဲ့၏။

“အဲ့တာပဲလား” ကျိုးလင် မျက်မှောင်ကြုံ့ပြီး မေးလိုက်သည်။

ကုအန် ကြောင်သွားပုံဖြင့် ပြန်မေးလိုက်၏။ “မလုံလောက်သေးဘူးလား အဲ့တာအကွက်တွေအကုန်လုံးပဲလေ”

“စိတ်ဝိညဉ်နည်းစနစ်ကရော”

“စိတ်ဝိညဉ်နည်းစနစ်မရှိဘူးလေ”

“မဖြစ်နိုင်တာ စိတ်ဝိညဉ်နည်းစနစ်မပါဘဲ မင်းဘယ်လို…” ကျိုးလင် မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။

သူ့စကားများသည် ကုအန်ကို စိတ်ရှုပ်သွားစေပြီး ကုအန်ပြန်မေးလိုက်၏။ “ကျွန်‌ေတာ်လား”

ကျိုးလင် မကျေမနပ်ဖြစ်လာပြီး ပြောလိုက်သည်။ “မင်းဆီကနေ အခြားသူတွေနဲ့ မတူကွဲပြားတဲ့ ခံစားချက်မျိုးရတယ် ဒီအကွက်တွေကိုပဲ လုပ်နေတာချင်းတူပေမယ့် မင်းကကွဲပြားတယ် မင်းမှာစိတ်ဝိညဉ်နည်းစနစ်တစ်ခုရှိမှာ သေချာတယ်”

ကုအန် အကူအညီမဲ့နေသည်ဟု ခံစားလိုက်ရပြီး တွေးလိုက်မိ၏။

“ဒီကလေးက ဓားပညာကိုရူးသွပ်လွန်းပြီး အဆန်ချောင်သွားတာလားဟ!”

ကုအန်၏ အမူအရာကို မြင်သောအခါ ကျိုးလင် ပိုရှက်သွားခဲ့ရသည်။ သူ့အသိညဏ်ကလည်း ထိုအစေခံတပည့်လေး၌ ပြိုင်ဘက်ကင်း စိတ်ဝိညဉ်နည်းစနစ်မျိုး မရှိနိုင်ဘူးဟု သူ့ကို‌ပြောနေခဲ့၏။

သို့သော် သူခုနကခံစားခဲ့ရသော ခံစားချက်မှာလည်း မှားယွင်းမနေနိုင်ပေ။

သူငယ်ငယ်လေးကတည်းက သူ့တွင် လူတစ်ယောက်၏ ပါရမီနှင့် အရှိန်အဝါကိုအာရုံခံနိုင်စွမ်းရှိခဲ့ပြီး သူ့ဆရာကပင် သူ့တွင် လူတွေ၏ စစ်မှန်သောသဘာ၀ကို အာရုံခံနိုင်သည့် သိမ်မွေ့သောစိတ်ဝိညဉ်နှလုံးသား ရှိသည်ဟု ချီးကျူးခဲ့သေးသည်။

သူ့ရှေ့ရှိ အစေခံတပည့်မှာ လုံး၀ သာမန်လူတစ်ယောက် မဖြစ်နိုင်ပေ။

ကျိုးလင် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပြောလိုက်၏။ “ဒီလိုဆိုရင်ရော ငါမင်းကိုဓားပညာနည်းနည်းသင်ပေးမယ် မင်းကစမ်းကြည့်ပေါ့”

ကုအန် ငြင်းဆန်လိုသော်လည်း ကျိုးလင်၏ စိတ်အားထက်သန်မှုကို တွေ့လိုက်သောအခါ ငြင်းဆန်ရန် ခက်ခဲမည်ကို သိလိုက်ပြီး သဘောသာတူခဲ့လိုက်ရ၏။

အလကားသင်ယူရမည့် အခွင့်အရေးတစ်ခုကိုလည်း သူမဖြုန်းတီးပစ်နိုင်ပေ။

ကုအန်တွင် ဓားမရှိသည်ကို သတိထားမိသွားသောကြောင့် သူ့သိုလှောင်အိတ်ထဲမှ ဓားတစ်ချောင်းထုတ်ကာ ပေးလိုက်ပြီး သူကိုယ်တိုင်မှာတော့ ခါးမှ ရတနာဓားကိုထုတ်ကာ စတင်သရုပ်ပြလေတော့သည်။

ဒီကလေးက တကယ်ပဲ ဘယ်လိုဓားကစားရမလဲဆိုတာ မသိတာပဲ!

ဘာလို့ဓားတစ်လက်ကို ဒီလောက်မြန်မြန် လွှဲနေတာလဲ!

ကုအန် စိတ်ထဲတွင် စောဒကတက်လိုက်သော်လည်း အပြင်ပန်းတွင်တော့ သေချာအနီးကပ်ကြည့်ရှုနေလိုက်၏။

မနီးမဝေးတွင် စုဟန်နှင့်ထန်ယုတို့ ကုအန်တို့ကို ချောင်းကြည့်နေခဲ့ကြသည်။ အနီးကပ်လည်းမသွားရဲသောကြောင့် သူတို့ခပ်လှမ်းလှမ်းမှသာ ချောင်းကြည့်နေကြခြင်း ဖြစ်၏။

“ဆရာသာ ဒါကိုသင်လာရင် ငါတို့ကိုလည်းသင်ပေးနိုင်မှာမလား”စုဟန် မျှော်လင့်တကြီးပြောလိုက်ပြီး သူ၏ဓားပညာအပေါ်စွဲလန်းမှုမှာ သိသာလှသည်။ “အမတကျင့်ကြံခြင်းက တကယ်ပဲကျယ်ပြန့်လွန်းတယ် ဒါပေမယ့် ဓားပညာကသာ ငါ့နှလုံးသားကိုလှုပ်ခတ်စေတဲ့ တစ်ခုတည်းသော လမ်းကြောင်းပဲ”

ထန်ယု ခေါင်းညိတ်လိုက်ကာ ပြောလိုက်၏။ “ဆရာ သင်လာသရွေ့တော့ ငါတို့တောင်းဆိုတာနဲ့ သူပြန်သင်ပေးဖို့ လုံး၀ငြင်းမှာမဟုတ်ဘူး”

သူတို့ရင်ထဲတွင် ကုအန်သည် အကောင်းဆုံး ဆရာတစ်ယောက်သာ ဖြစ်ပေသည်။ သို့သော် ပြဿနာမှာ ကုအန် ကျိုးလင်ဆီမှ ထိုဓားပညာကို သင်၍တတ်လာနိုင် မနိုင်သာဖြစ်၏။

အဖြေမှာ ရှင်းပေသည်။ လီမိသားစုဓား ၇လက်သိုင်းတွင် သက်တမ်း ၂၀၀၀ သုံးထားသော ကုအန်၏ ဓားတာအိုမှာ အဆင့်တစ်ခုသို့ ရောက်ရှိနေပြီး ဖြစ်ပေသည်။

ကျိုးလင် သူ့ရှေ့တွင် ပြသနေသော ဓားပညာမှာ လီမိသားစုဓား၇လက်သိုင်း ကို အဆင့်မြှင့်ထားသော ပုံစံလောက်သာရှိပြီး ဖျက်ဆီးခြင်းဓား၉လက် နှင့်ပင် နှိုင်းယှဉ်၍မရပေ။

ကျိုးလင် သရုပ်ပြပြီးသည့်နောက် ကုအန်ဘက်လှည့်၍ မေးလိုက်သည်။ “ဘယ်လိုလဲ မင်းဘယ်လောက်မှတ်မိလဲ”

ကုအန် ခေါင်းခါပြလိုက်သည်။ “၂၀ ရာခိုင်နှုန်းလောက်ပေါ့ သိပ်တော့မသေချာဘူး အစ်ကို့ရဲ့ဓားပညာက အရမ်းနက်နဲလွန်းတယ် အဲ့တာကကျွန်တော့်ကို မိန်းမောသွားစေတယ် အဲ့တာကြောင့် အရင်ဆုံးပြတဲ့ အကွက်တွေကို ကျွန်တော်မေ့သွားပြီ”

ကျိုးလင် မျက်မှောင်ကြုံ့လိုက်ပြီး ကုအန်အား ပြန်ကစားပြခိုင်းလိုက်၏။

ထို့ကြောင့် ကုအန် ကျိုးလင်ပြသွားသော ဓားကွက်များကို ပြန်ကစားပြလိုက်သည်။ သူ့အကွက်များမှာ တစ်ချက်တစ်ချက် တွန့်ဆုတ်သွားလိုက် တောင့်တင်းသွားလိုက် ဖြစ်နေခဲ့၏။

ချောင်းကြည့်နေသော ထန်ယုနှင့် စုဟန်တို့မှာတော့ စိတ်ပျက်သွားခဲ့ကြသည်။ ကြည့်ရသည်မှာ သူတို့ဆရာ ဘာမှမတတ်ခဲ့ပုံပင်။

ကုအန် စမ်းတဝါးဝါးဖြင့် ကစားပြပြီးသည့်နောက် ကျိုးလင် ကုအန်ကို နောက်တစ်ကြိမ်ထပ်ပြခဲ့၏။ ဤတစ်ကြိမ်မှာတော့ သူပို၍ နှေးနှေးလေး ပြခဲ့ခြင်းဖြစ်သော်လည်း ကုအန်မှာတော့ ဘာမှကို မမှတ်မိခဲ့ပေ။

နာရီ၀က်ခန့် သင်ကြားပြီးသည့်နောက်တွင်တော့ ကုအန် အကြောင်းရှာကာ ထွက်ပြေးသွားလေတော့သည်။

စိတ်တိုနေသော ကျိုးလင်လည်း လီယပြန်လာသောအခါ ကုအန်သူ့ကို စနောက်သွားသည်ဟု ပြန်တိုင်ခဲ့၏။

ထိုအကြောင်းကိုကြားသောအခါ လီယ စိတ်ပျက်လက်ပျက် ပြုံးလိုက်ပြီး ပြောလိုက်သည်။

“သူ့မှာတကယ်ပဲ ဓားတာအိုပါရမီပါမလာခဲ့တာပါ နောက်ပြီးတော့ သူကဓားသိုင်းလေ့ကျင့်ရတာကိုလည်း အတော်မကြိုက်ဘူး”

“တကယ်လား”ကျိုးလင် ဒေါသပြေသွားသော်လည်း မနက်က ကုအန် ဆီမှထွက်ပေါ်လာသော ဆန်းကြယ်သည့်အရာများကိုတော့ ဖျောက်ပစ်၍ မရသေးပေ။ ကုအန် တစ်ခုခုကို ဖုံးကွယ်ထားသည်ဟု သူခံစားနေရ၏။

“သူကငါ့ဂျူနီယာညီလေးပဲကို ငါမသိဘဲနေမလား”

ထို့နောက် လီယသူ့ကို သတိပေးသည့်ပုံဖြင့် တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ “သူ့ကိုနှောင့်ယှက်နေတာ ရပ်လိုက်ပါတော့ မင်းကိုဒီမှာနေခွင့်ပေးထားတာတင် အတော်ကောင်းလှပြီ မင်းသူ့ကိုဆက်နှောင့်ယှက်နေမယ်ဆိုရင် အပြင်စည်းဂိုဏ်းကိုပြန်ပြီး မင်းအဖေကိုသာ သွားရှာလိုက်တော့”

ကျိုးလင် ကုအန်၀င်သွားသော အိမ်ထဲသို့ကြည့်နေကာ အတွေးလွန်နေခဲ့လေသည်။

အိမ်ထဲ၌

ကုအန် ကုတင်ပေါ်တွင် တရားထိုင်ကာ ကျိုးလင်သင်ပေးခဲ့သော ဓားသိုင်းကို ပြန်ပုံဖော်ကြည့်နေခဲ့၏။

ထို့နောက် သူ့မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်ရာ မျက်လုံးထဲတွင် ဓားရောင်တစ်ချက် လက်သွားခဲ့လေသည်။

စနစ်တွင်စစ်ကြည့်လိုက်သောအခါ လျှို့ဝှက်သိုင်းကျမ်းများနေရာ၌ “သစ်သားစိတ်ဝိညဉ်ဓားသိုင်း” ဟူသော စာကိုတွေ့လိုက်ရ၏။

သစ်သားဝိညဉ်လား။

ဒါဆိုဒါက သစ်သားပါရမီနဲ့ သက်ဆိုင်တဲ့ ဓားသိုင်းများလား။

ကုအန်၏ သန့်စင်သောသစ်သားယန် နတ်ကျင့်စဉ်မှာလည်း သစ်သားပါရမီနှင့် ဆိုင်သော ကျင့်စဉ်မျိုးဖြစ်သည်။ ထို့ကြောင့် သစ်သားနှင့်ပတ်သက်သော သိုင်းများကိုကျင့်သောအခါ သူ့အတွက် သာမန်သိုင်းများထက် နှစ်ဆပိုလွယ်နေခဲ့၏။ အရင်ကလည်း ကျန်းချောင်သင်ပေးသော သစ်သားအဆိပ်အစီအရင်ကို သူအလွယ်တကူပင် တတ်မြောက်ခဲ့ဖူးပေသည်။

သို့သော် သူ့သက်တမ်းများကို ဓားပညာတိုးမြှင့်ရာတွင် သုံးဖို့ အစီအစဉ်ရှိမနေပေ။ သူသက်တမ်း တစ်သိန်းထိရောက်အောင်သာ စုဆောင်းချင်နေခဲ့၏။

သက်တမ်း ၁၀၀၀ပြည့်တုန်းက သက်တမ်းစစ်ဆေးခြင်းလုပ်ဆောင်ချက်ကိုရရှိခဲ့ပြီး သက်တမ်း ၁၀၀၀၀ ပြည့်သောအခါ သက်တမ်းအလွှာကို ရရှိခဲ့လေရာ သက်တမ်း ၁၀၀၀၀၀ ပြည့်လျှင် မည်သို့သော လုပ်ဆောင်ချက်မျိုးကို ရရှိမလဲဆိုသည်ကိုသာ ကုအန် စိတ်၀င်စားနေခဲ့သည်။

All Chapters