ငါ့နှလုံးသားထဲက မကောင်းဆိုးဝါး
Vol. 47 Ch. 701
"ငါ့မှာ ငါ့ကိုယ်ပိုင်လမ်းကြောင်းတွေ ရှိပါတယ်၊ ငါ့နောက်ကိုသာ လိုက်လိုက်၊ မင်းအတွက် ဆေးဝါးတွေ ဘယ်တော့မှ မပြတ်စေရဘူးလို့ ငါအာမခံတယ်"
လူအိုကြီးက ယုံကြည်မှုအပြည့်နှင့် ပြောဆိုလိုက်ရာ သူ့စကားလုံးများတွင် လျှို့ဝှက်ဆန်းကြယ်မှုများ စွဲထင်လို့နေသည်။
"ခင်ဗျားအဖွဲ့ထဲဝင်ဖို့ကတော့ နောက်မှ စကားပြောကြတာပေါ့၊ အခုတော့ သူ့ကို ခင်ဗျား ဖမ်းချုပ်ထားပြီးပြီပဲ၊ ကိုယ်တိုင်ပဲ လာခေါ်လိုက်တော့"
ဂူးလ်က ပျင်းရိနေပုံရသည်။ သူသည် လျှပ်စစ်ကျဉ်စက်ကို သိမ်းဆည်းလိုက်ပြီး အခန်းထောင့်တွင် ဝင်ထိုင်လိုက်ရာ သူ့ခန္ဓာကိုယ်သည် အနက်ရောင် မိုးကာအင်္ကျီအောက်တွင် လုံးဝ ပုန်းကွယ်သွားတော့သည်။
"ခေါင်းမာလိုက်တာ၊ ငါက မင်းကောင်းကျိုးအတွက် ပြောနေတာကွ"
လူအိုကြီးသည် ပတ်ဝန်းကျင်ကို တစ်ခေါက်စစ်ဆေးလိုက်ပြီး ဂူးလ်၏ တုံ့ပြန်မှုကို အကဲခတ်ကာ လေချွန်လိုက်သည်။
မတူညီသော အရပ်မျက်နှာအသီးသီးမှ ညရဲသုံးဦး ထွက်ပေါ်လာသည်။ လူအိုကြီးသည် သူတစ်ယောက်တည်း လာခဲ့ခြင်း မဟုတ်ပေ။ အကယ်၍ ဂူးလ်သည် အစောပိုင်းက သူ့ကို ရန်ပြုရန် ကြံစည်ခဲ့ပါက ယခုအချိန်တွင် ထိုလူများ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံထားရပေလိမ့်မည်။
"ခင်ဗျားက ငါ့ကိုသတ်ဖို့ လူတွေအများကြီး ခေါ်လာတာလား"
ဂူးလ်၏ မျက်လုံးများက ဦးထုပ်အောက်တွင် ပုန်းကွယ်နေပြီး သူ့လည်ချောင်းထဲမှ အရိုးချင်း ရိုက်ခတ်သံကဲ့သို့ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ သူ့အရေပြားအောက်တွင် တစ်ခုခု လှုပ်ရှားနေသကဲ့သို့ ရှိပြီး မိုးကာအင်္ကျီမှာလည်း တဖြည်းဖြည်း ဖောင်းကြွလာသည်။
"ဘေးကင်းတာက အကောင်းဆုံးပဲလေ"
လူအိုကြီးက လက်ဝှေ့ယမ်းလိုက်သည်။
"ဒီလောကကြီးမှာ လူဆိုးတွေ အရမ်းများလွန်းတယ်၊ အကုန်လုံးက တစ်ယောက်ကိုတစ်ယောက် လှည့်စားဖို့ပဲ ကြံနေကြတာ၊ ငါ့လို စိတ်ကောင်းရှိတဲ့ အဘိုးကြီးတွေဆိုတာ လှည့်စားခံရဖို့ အလွယ်ဆုံးပဲ၊ အရာအားလုံး သတိထားမှ တော်ကာကျမယ်"
"ဒါက ခင်ဗျားရဲ့ အသက်ရှည်နည်း လျှို့ဝှက်ချက်လား၊ ခင်ဗျားဘဝကို အလဟဿ ဖြုန်းတီးနေတာပဲ"
ဂူးလ်က အေးစက်စွာ လှောင်ပြောင်လိုက်ပြီး ထပ်မပြောတော့ပေ။
ညရဲနှစ်ဦး အခန်းထဲ ဝင်လာပြီး ဆေးပုလင်းကို စားပွဲပေါ်တင်ကာ သံလှောင်အိမ်ကို ဖွင့်လိုက်သည်။ သူတို့ထဲမှ တစ်ဦးက သံကြိုးတစ်ဖက်ကို ဆွဲကိုင်၍ မကောင်းဆိုးဝါး၏ လှုပ်ရှားမှုကို ကန့်သတ်လိုက်ပြီးနောက် လေးလံသော သံကွင်းတစ်ခုကို မကောင်းဆိုးဝါး၏ ပုခုံးတွင် ခတ်လိုက်သည်။
"ထွက်လာစမ်း"
သားသတ်ရုံတွင် သတ်ဖြတ်ခံရမည့် ဝက်တစ်ကောင်ကဲ့သို့ ဖြစ်နေသည့် ထိုမကောင်းဆိုးဝါးကို ညရဲများ လူအိုကြီးရှေ့သို့ ဆွဲထုတ်လာခဲ့ကြသည်။
"ငါ ပြောသားပဲ... ဒီည မင်းဆီကို ငါလာခဲ့မယ်လို့"
လူအိုကြီးက စပ်ဖြဲဖြဲပြုံးရင်း ချဉ်းကပ်လာ၏။ သူ့မျက်နှာပေါ်ရှိ အရေးအကြောင်းများက စုပြုံသွားပြီး ကြည့်ရသည်မှာ ရွံရှာဖွယ် ကောင်းလှသည်။
"မစိုးရိမ်ပါနဲ့၊ မင်းကို ငါ အလွယ်တကူ အသေမခံပါဘူး၊ မင်း မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သွားရင်တောင် ငါမင်းကို ဘေးကင်းအောင်ထားမှာပါ"
လူအိုကြီး၏ မျက်နှာပေါ်တွင် မုန်းတီးမှု သို့မဟုတ် နာကျည်းမှု အရိပ်အယောင်များ မရှိပေ။ သန့်စင်စင်ကြယ်သော ဆိုးယုတ်မှု သက်သက်သာ ရှိနေသည်။
“မင်း ငါ့ကို လိမ်တုန်းက ငါတကယ် ပျော်နေခဲ့တာကွ၊ ဘာလို့လဲဆိုတော့ ငါ့ကို ဒီလိုမျိုး နောက်ပြောင်ရဲတဲ့လူ မတွေ့ရတာ အတော်ကြာပြီလေ၊ ငါက အများအားဖြင့် အရေးယူဖို့ အကြောင်းပြချက် ရှာမရတတ်ဘူး၊ ဒီအခွင့်အရေး ပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်”
နံနက်ခင်းသည် ကြည်လင်တောက်ပနေသော်လည်း ယခုအခါ အနက်ရောင်လိုင်းများဖြင့် ပြည့်နှက်နေသော မကောင်းဆိုးဝါး၏ မျက်လုံးများကို စိုက်ကြည့်ရင်း လူအိုကြီးသည် အနုပညာလက်ရာတစ်ခုကို ကြည့်နေသကဲ့သို့ ခံစားနေရသည်။
“ဆိုးယုတ်မှုဆိုတာ နှလုံးသားမှာ အမြစ်တွယ်နေတာပဲ၊ တစ်ခါ ထိန်းချုပ်မှုလွတ်သွားရင် အထိန်းအကွပ်မရှိ ကြီးထွားလာပြီး လူတွေကို သူတို့ရဲ့ စိတ်ခံစားချက်တွေအကျဉ်းသားအဖြစ် ပြောင်းလဲပစ်တော့တာပဲ”
အသားမာတက်နေသော သူ့လက်များဖြင့် ထို"မကောင်းဆိုးဝါး" ၏ ဦးခေါင်းကို ဖိချလိုက်သည်။ လူအိုကြီးသည် ၎င်း၏ ဆံပင်ကို ဆွဲကာ မျက်နှာကို မော့စေလိုက်သည်။
“ငါ့မှာ ဥယျာဉ်အကြီးကြီးတစ်ခု ရှိတယ်၊ အဲ့ဒီမှာ မင်းလိုလူတွေနဲ့ ပြည့်နေတာပေါ့၊ ရက်အနည်းငယ်ကြာရင် ဆိုးယုတ်မှုတွေက မင်းမျက်လုံးတွေထဲကနေ အပင်ရဲ့ အမြစ်တွေလိုမျိုး မြေကြီးထဲကို တိုးဝင်သွားလိမ့်မယ်၊ အဲ့ဒီနောက် တခြားလူတွေရဲ့ ဆိုးယုတ်မှုတွေနဲ့ ရောယှက်သွားပြီး မင်းရဲ့ အရေပြားတစ်ခုလုံးပေါ်မှာ ပျံ့နှံ့သွားလိမ့်မယ်၊ အဲ့ဒီအချိန်ကျရင်တောင် မင်းက သေဦးမှာ မဟုတ်ဘူး၊ မင်းကိုယ်မင်း လူသားတစ်ယောက်ကနေ တခြားအရာတစ်ခုအဖြစ် ပြောင်းလဲသွားတာကို ထိုင်ကြည့်နေရလိမ့်မယ်”
လူအိုကြီးသည် မကောင်းဆိုးဝါးများနှင့် ရင်ဆိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ရာ သူတို့၏ အခြေအနေကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။ လွန်ခဲ့သော နာရီအနည်းငယ်က သူ့ကို လိမ်ခဲ့သော ဤလူငယ်သည် အသိစိတ်များ လုံးဝပျောက်ဆုံးသွားပြီဖြစ်သည်။ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။
လူအိုကြီးသည် သူ့မိုးကာအင်္ကျီကို မတင်လိုက်ပြီး ဆေးထိုးအပ်အမျိုးမျိုးနှင့် မျိုးစေ့ကဲ့သို့သော အစေ့အဆန်များ ပါရှိသည့် ငွေရောင်သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။ သူသည် ၎င်းတို့ကို ရွေးချယ်ပြီးနောက် နောက်ဆုံးတွင် အကြီးမား ဆေးထိုးအပ်ကြီးကို မြှောက်ပြလိုက်သည်။
"ဒီနေ့က အင်္ဂါနေ့ဆိုတော့ အရှိန်မြှင့်ဆေးနံပါတ် ၂ ကို သုံးကြတာပေါ့"
လူအိုကြီးက ဆေးထိုးအပ်ကို မကောင်းဆိုးဝါး၏ နားနောက်ဘက်သို့ ချိန်လိုက်သည်။
"ဒါလေးက ပစ္စည်းကောင်းပဲ၊ မှောင်ခိုဈေးကွက်မှာတောင် ဝယ်လို့ရမှာ မဟုတ်ဘူး၊ ငါက လူအများကြီးကို သုံးပြီး မွေးမြူထားရတာ"
လူအိုကြီးက ဂုဏ်ယူစွာ ရှင်းပြလိုက်သည်။ သူ့တပည့်များမှာမူ စိတ်မသက်မသာ ဖြစ်ဖွယ် မြင်ကွင်းတစ်ခု မြင်ရတော့မည်ကို သိသဖြင့် ခေါင်းလွှဲထားကြသည်။
ချွန်ထက်သော ဆေးထိုးအပ်ကြီး စိုက်ဝင်တော့မည့် အချိန်တွင် လူအိုကြီး၏နားရွက်များ လှုပ်ခတ်သွားသည်။ သူသည် အသက်အရွယ်နှင့် မလိုက်ဖက်စွာ လျင်မြန်စွာဖြင့် မြေပြင်ပေါ်က မကောင်းဆိုးဝါး အကာအကွယ်အဖြစ် အသုံးပြု ရှေ့သို့ လှန်ချလိုက်သည်။
သေနတ်သံများ တရစပ် ထွက်ပေါ်လာသည်။ သူခေါ်လာသော အခြားညရဲများမှာ တုံ့ပြန်မှု နှေးကွေးလွန်းသဖြင့် နှစ်ဦးသည် ကျည်ဆန်များဖြင့် ဗလပွဖြစ်သွားပြီး အခြားတစ်ဦးမှာမူ ခေါင်း၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် အပစ်ခံလိုက်ရသည်။ သို့သော်လည်း သူ့နှလုံးက မပေါက်ကွဲသွားသေးပေ။
ထိုလူက ဟိန်းဟောက်လိုက်သည်။သူ့ နှလုံးသားမှ များစွာသော အနက်ရောင်လိုင်းများက တစ်ကိုယ်လုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်။ သူ့ထံမှ ထွက်ပေါ်လာသော ဆိုးယုတ်မှုက သာမန်လူထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လှသည်။
ဓားကဲ့သို့ ထက်မြက်လှသော သူ့လက်ချောင်းများဖြင့် သူ့အရေပြားကို ထိုးခွဲလိုက်ရာ သွေးထွက်နေသော ဒဏ်ရာများအတွင်းမှ မရေမတွက်နိုင်သော အနက်ရောင် မျက်လုံးများ ပွင့်ဟလာကြလေသည်။
ဒဏ်ရာများအတွင်းရှိ ရစ်ခွေနေသော အနက်ရောင်လိုင်းများသည် ဖြည်းညင်းစွာဖြင့် ပြစ်မှုများအဖြစ် ပြောင်းလဲသွားသည်။ ညရဲ၏ နောက်ဆုံးကျန်ရှိနေသော အသိစိတ်က ဝါးမြိုခံလိုက်ရပြီး သူသည် လုံးဝ ရူးသွပ်နေသော မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သွားတော့သည်။
သူသည် နာကျင်မှုကို မခံစားရတော့ပေ။ သေနတ်ဒဏ်ရာများကလည်း သူ့ကို ချက်ချင်း မသေစေနိုင်ပေ။ သူသည် သူ့ဘဝ၏ နောက်ဆုံးအချိန်ကို အသုံးပြု၍ ဤကမ္ဘာကြီးတွင် နက်ရှိုင်းပြီး ကုစား၍မရသော ရုပ်ဆိုးလှသည့် အမာရွတ်တစ်ခု ချန်ထားခဲ့ရန် ဆုံးဖြတ်ထားပုံရသည်။
သေနတ်သံများ ရပ်တန့်သွားသောအခါ လူအိုကြီးသည် ချက်ချင်း အိမ်ထဲတွင် ပုန်းအောင်းရန် ပြင်လိုက်သည်။ သို့သော်လည်း ဂူးလ်က တံခါးကို ပိတ်လိုက်ပြီး ပြတင်းပေါက်နားတွင် ရပ်ကာ အေးစက်စွာ စောင့်ကြည့်နေလေသည်။
"မင်း အပြင်လူတွေကို ကူပြီး ငါ့ကို ဆန့်ကျင်နေတာလား၊ သစ္စာဖောက်ကောင်"
"ညရဲတစ်ယောက် ဖြစ်လာပြီဆိုရင် ဘယ်တော့မှ သစ္စာမဖောက်ရဘူး၊ စည်းမျဉ်းတွေကို လိုက်နာရမယ်၊ ဒါကို ခင်ဗျားက တခြားသူတွေထက် ပိုသိမှာပါ"
ကျီးကန်းနက်၏ အသံက ခေါင်မိုးပေါ်မှ ထွက်ပေါ်လာသည်။ ညလေညင်းကြောင့် သူ၏ မိုးကာအင်္ကျီသည် တလွင့်လွင့်ဖြစ်နေပြီး ဆင်းရဲသားရပ်ကွက်မှ ခွေးလူသားအချို့လည်း သူ့ဘေးတွင် ဝပ်နေကြသည်။
"ညရဲတွေရဲ့ ကျင့်ဝတ်အရ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်လို့မရဘူး၊ စည်းမျဉ်းကို ချိုးဖောက်ရင် ခင်ဗျားရဲ့ သခင်အပေါ် ကျူးလွန်ခဲ့တဲ့ အပြစ်တွေက ခင်ဗျားဆီ ပြန်ရောက်လာလိမ့်မယ်၊ အဲ့ဒါကို ခင်ဗျား စိုးရိမ်နေတာမို့လို့ တခြားအင်အားစုတွေကို သုံးပြီး ငါ့ကို ဖယ်ရှားဖို့ ကြိုးစားနေတာ မဟုတ်လား"
"ကျီးကန်းနက်"
လူအိုကြီးက မကောင်းဆိုးဝါးနောက်တွင် ပုန်းလိုက်သည်။
"မင်းသာ ညရဲတွေကို ပစ်ဖို့ အဲ့ဒီအောက်တန်းစားတွေကို သွေးထိုးခဲ့တယ်ဆိုရင် ဌာနချုပ်က မင်းကို ဘယ်တော့မှ အလွှတ်ပေးမျာ မဟုတ်ဘူးနော်"
"ခင်ဗျား မေ့သွားပြီလား၊ ကျူးချွမ်းဆေးဝါးစက်ရုံအိမ်ရာရဲ့ ကန့်သတ်နယ်မြေမှာ ထူးခြားချက်တစ်ခု ရှိတယ်၊ အလောင်းတစ်လောင်းကို အဲ့ဒီထဲ ပစ်ထည့်လိုက်ရင် နောက်နေ့မှာ ဘာသဲလွန်စမှ မကျန်ဘဲ ပျောက်သွားတယ်တဲ့"
ကျီးကန်းနက်က တွက်ချက်ထားပြီးသားဖြစ်သည်။
"စခန်းက လေးစားစရာအကောင်းဆုံး ခွေးအိုကြီးဟာ လုပ်ဖော်ကိုင်ဖက်တွေကို ကယ်ဖို့ ကန့်သတ်နယ်မြေထဲ ဝင်သွားရင်း ဘယ်တော့မှ ပြန်ထွက်မလာတော့ဘူးပေါ့"
"စိတ်လိုက်မာန်ပါ မလုပ်နဲ့၊ သေချာစဉ်းစား၊ ညရဲတိုင်းရဲ့ အတွင်းထဲမှာ မကောင်းဆိုးဝါးတစ်ကောင် နေထိုင်နေကြတာပဲ၊ ငါ့နှလုံးသားထဲက ဆိုးယုတ်မှုတွေကို မွေးမြူလာတာ ဆယ်စုနှစ်ချီနေပြီ၊ မင်း ငါ့ကို ထွက်ပေါက်မပေးဘူးဆိုရင် ငါ့ရဲ့ ဆိုးယုတ်မှုတွေကို အစွမ်းကုန် ထုတ်သုံးနိုင်ဖို့ ဓာတ်ကူပစ္စည်းကို ငါ့ဘာသာ ထိုးသွင်းပစ်မယ်၊ ပြီးရင် ကန့်သတ်နယ်မြေအဆင့်ထိ အန္တရာယ်ရှိတဲ့ မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ဖန်တီးပစ်မယ်"
လူအိုကြီးက ထောင့်တစ်ထောင့်သို့ တိုးကပ်သွားသည်။ ကျီးကန်းနက် လူဘယ်နှစ်ယောက် ခေါ်လာသလဲ သူမသိသလို ပတ်ဝန်းကျင်ကလည်း ဘေးကင်းပုံမရပေ။
"ခင်ဗျားက ငါတို့စခန်းတင်မက ခရိုင် ၃မှာပါ သက်တမ်းအရှည်ဆုံး ညရဲပဲ၊ ခင်ဗျား နောက်ကွယ်မှာ ဘာတွေလုပ်နေလဲဆိုတာ ဌာနချုပ်က သိပေမဲ့ ခင်ဗျားဆီက မကောင်းဆိုးဝါးကို ကြောက်လို့ သည်းခံနေကြတာ"
ကျီးကန်းနက်သည် ထိုလူအိုကြီးကို မည်မျှ ကိုင်တွယ်ရခက်ကြောင်း သိသည်။ သူသည် သတ်ဖြတ်လိုစိတ်ကို အာရုံခံနိုင်စွမ်း ရှိရုံသာမကဘဲ ဆိုးယုတ်မှုများကိုလည်း မွေးမြူထားသူဖြစ်သည်။သူသည် သူ့ကိုယ်သူ အချိန်ကိုက်ဗုံးတစ်လုံးအဖြစ် ပြောင်းလဲထားခဲ့ဖြင်းဖြစ်သည်။
"ညရဲတွေကို သူတို့ရဲ့ အန္တရာယ်အဆင့်ပေါ် မူတည်ပြီး လစာပေးတာပဲ၊ ငါ့ရဲ့ အန္တရာယ်အဆင့်ကို မြှင့်တင်တာဟာ ငါတို့ရဲ့ အင်အားနဲ့ ပိုင်ဆိုင်မှုကို မြှင့်တင်တာ မဟုတ်လား"
အသက်နှင့် လောင်းကြေးထပ်နေရချိန်တွင် လူအိုကြီးသည် အပြင်လူများကို ဂရုမစိုက်တော့ဘဲ ညရဲများ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ကို တိုက်ရိုက်ထုတ်ဖော်လိုက်သည်။
"ဒီမြို့တော် အပြင်ကလာတဲ့ ခရီးသည်တွေပဲ ညရဲ ဖြစ်နိုင်တာ၊ ငါတို့ရဲ့ သွေးကြောထဲမှာ မြို့ကြီးနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သန့်စင်တဲ့ သွေးတွေ စီးဆင်းနေတာ၊ ဒါပေမဲ့ ဒီသွေးတွေက ငါတို့ကို ဘာပေးခဲ့လို့လဲ၊ အမဲလိုက်ခံရတာ၊ ဝိုင်းပယ်ခံရတာ၊ ဓာတ်ခွဲခန်းမှာ အသုံးချခံရတာတွေပဲ မဟုတ်လား၊ ငါ အသက်ရှင်ဖို့ အရာအားလုံး လုပ်မယ်၊ အတားအဆီးမှန်သမျှကို ဖယ်ရှားမယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း ဆိုးယုတ်မှုတွေနဲ့ ပျိုးထောင်မယ်၊ ဘာလို့လဲဆိုတော့ ငါတို့ရဲ့ အခြေအနေကို ငါ ပြောင်းလဲချင်လို့ပဲ"