← Chapters

ဂူးလ် (Ghoul)

Vol. 47 Ch. 700

ဂူးလ် (Ghoul)

Vol. 47 Ch. 700

ဖုန်းလိုင်းက ပြတ်တောက်သွားသည်။ ကောင်းမင်က ထိုလူအိုကြီးနှင့် နောက်ထပ်အနည်းငယ် စကားပြောချင်နေသေးသည်။

"သူ အခုလောက်ဆိုရင် သူ့အုတ်ဂူထဲမှာ လူးလိမ့်နေလောက်ပြီ"

ဝူဝေကို ရှေ့မှသွားစေလိုက်ပြီးနောက် ကောင်းမင်က ကျီးကန်းနက်ထံသို့ မက်ဆေ့တစ်စောင် ပို့လိုက်သည်။

'ငါးကတော့ အစာလာဟပ်ပြီ'။

မြို့စွန်ဘက်ရှိ နေမင်းကြီးသည် ပုပ်သိုးနေသော လိမ္မော်သီးတစ်လုံးကဲ့သို့ ရှိနေလေသည်။ ဝေဝါးပြီး စေးပျစ်သော နောက်ဆုံးအလင်းတန်းများနှင့်အတူ မိုးကုတ်စက်ဝိုင်းအောက်သို့ ငုပ်လျှိုးသွားတော့သည်။ ယနေ့ညသည် မနေ့ညထက်ပင် ပိုမှောင်မိုက်နေသလို ခံစားရပြီး အပူချိန်မှာလည်း သိသိသာသာ ကျဆင်းနေသည်။

"ပိုအေးလာတာလား"

ဝူဝေက သူမ၏ အင်္ကျီကော်လာကို တင်းတင်းဆွဲစိလိုက်သည်။ ကင်မရာကို မြှောက်ကာ အမှောင်ထုထဲက အဆောက်အအုံများကို ကြည့်လိုက်သည်။

ကျူးချွမ်းဆေးဝါးစက်ရုံဟောင်း၏ နယ်မြေမှာ အလွန်ကျယ်ဝန်းသည်။ ၎င်းတွင် ဆေးဝါးထုတ်လုပ်သည့် စက်ရုံနှင့် စမ်းသပ်စစ်ဆေးရေး စခန်းများသာမကဘဲ ဝန်ထမ်းအိမ်ရာ အဆောက်အအုံနှစ်လုံးလည်း ပါဝင်သည်။

"ဒီဘက်"

လမ်းကြားအဆုံးတွင် ကောင်းမင်သည် ကင်းလှည့်နေသော ညရဲတစ်ယောက်ကို တွေ့လိုက်ရသည်။ သူသည် အလွန်အရပ်ရှည်ပြီး အသားအရေက ဖြူဖျော့နေသည်။သူ့ လည်ပင်းတွင် အနက်ရောင် အကြောစိမ်းကလေးများ ထောင်ထနေသည်။ နှုတ်ခမ်းထောင့်တွင်လည်း ရှည်လျားပြီး ပါးလွှာသော အမာရွတ်တစ်ခု ရှိနေလေသည်။

မှောင်လာပြီးနောက် ညရဲသည် အနက်ရောင်မိုးကာအင်္ကျီကို ဝတ်ဆင်ထားသော်လည်း တစ်ကိုယ်လုံးကို လုံအောင်ဖုံးထားရသည်ကို နှစ်သက်ပုံမရပေ။

“ကျွန်တော်တို့ကို တင်းရှန်းက လွှတ်လိုက်တာပါ၊ အထဲဝင်ပြီး ရိုက်ကူးရေးလုပ်မလို့ပါ”

ကောင်းမင်က အကြောင်းပြချက်ပင် ပေးမနေတော့ဘဲ တင်းရှန်းပြင်ဆင်ပေးလိုက်သော ပိုက်ဆံများကို ထိုလူ့လက်ထဲ ထည့်ပေးလိုက်သည်။

“ကျွန်တော်တို့ အတင်းစုဆောင်းတာတောင် လူတစ်ယောက်စာပဲ ရတယ်၊ ရိုက်ပြီးရင် ရလာတဲ့ အမြတ်တွေကို ခင်ဗျားနဲ့ ခွဲဝေပေးပါ့မယ်”

သူသည် ကြိုတင်ပြင်ဆင်ထားသော အကြွေးစာချုပ်တစ်ခုကို ထုတ်ပြလိုက်သည်။ ကောင်းမင်သည် အကြွေးတွေ ပိလာမည့်အရေးကို မကြောက်တော့ပေ။ သို့သော် ကံမကောင်းစွာဖြင့် ထိုညစောင့်ရဲက ၎င်းကို အရေးမလုပ်ပေ။သူက စာချုပ်ကိုပင် မကြည့်ဘဲ ဝူဝေကို ညွှန်ပြလိုက်သည်။

“သူ ဒီမှာနေခဲ့၊ မင်းက ကင်မရာယူပြီး ငါ့နောက်လိုက်ခဲ့၊ ငါ့တာဝန်ချိန်မကုန်ခင် မင်းကို အထဲရောက်အောင် ပို့ပေးမယ်”

ညရဲများသည် လောဘကြီးကြသော်လည်း အနည်းဆုံးတော့ သူတို့အလုပ်ကို သူတို့ အမှန်တကယ်လုပ်ပေးကြသည်။

သံမဏိပြားကြီး ကာထားသော တံခါးကြီးကို တွန်းဖွင့်လိုက်ရာ သံကြိုးခတ်သံများ တချွင်ချွင် မြည်ဟည်းသွားသည်။ ကောင်းမင်က ကင်မရာကို မနည်းသယ်နေရင်း ဝူဝေကို ပုန်းနေမည့်နေရာတစ်ခု ရှာရန် အချက်ပြလိုက်သည်။ထို့နောက် ညရဲနောက်သို့ လိုက်ကာ ကျဉ်းမြောင်းသော လမ်းကြားလေးတစ်ခုထဲသို့ ဝင်လာခဲ့သည်။

“ကျူးချွမ်းစက်ရုံဟောင်းက အရမ်းကျယ်တယ်၊ တကယ်တော့ နေရာတော်တော်များများက ဘေးကင်းပါတယ်၊ အန္တရာယ်အရှိဆုံး ကန့်သတ်နယ်မြေကတော့ ဆေးဝါးအသစ်စမ်းသပ်ရေးစခန်းက ဝန်ထမ်းတွေ နေခဲ့တဲ့ အဆောက်အအုံ အေရဲ့ လေးလွှာမှာပဲ”

ညရဲ၏ အသံက အနက်ရောင် မိုးကာအင်္ကျီအောက်မှ ထွက်ပေါ်လာသည်။ သူသည် ကောင်းမင်အား အန္တရာယ်အရှိဆုံး နေရာဆီသို့ ဦးဆောင်ခေါ်သွားနေသည်။

“ကန့်သတ်နယ်မြေက အိမ်ရာလား၊ ဆေးဝါးအသစ်ထုတ်လုပ်တဲ့နေရာမှာ ပြဿနာတက်ခဲ့တယ်လို့ ကျွန်တော် ကြားဖူးတယ်”

အင်တာနက်ပေါ်က သတင်းအချက်အလက်များက သိပ်မမှန်ကန်ကြောင်း ကောင်းမင် သဘောပေါက်လိုက်သည်။

“ဝန်ထမ်းတစ်ယောက်က ဓာတ်ခွဲခန်းထဲက ဆေးအသစ်ကို အပြင်ထုတ်သွားခဲ့တယ်၊ အဲ့ဒီညမှာပဲ တစ်လွှာလုံးမှာရှိတဲ့ လူတွေ အကုန်သေကုန်ကြတာ၊ အလောင်းတိုင်း ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ မစုံကြတော့ဘူး၊ အချို့က လက်တွေ၊ ခြေထောက်တွေ၊ ကျောရိုးတွေ ဒါမှမဟုတ် ကိုယ်တွင်းအင်္ဂါတွေ ပျောက်နေကြတယ်၊ ငါတို့ စုံစမ်းစစ်ဆေးတုန်းက လူသတ်သမားကို ရှာဖို့ ကြိုးစားခဲ့ပေမဲ့ အလောင်းအရေအတွက်က ဝန်ထမ်းဦးရေစာရင်းနဲ့ ကွက်တိပဲ၊ လူသတ်သမားကလည်း အဲ့ဒီလေးလွှာမှာပဲ သေသွားပုံရတယ်”

ညရဲက ကောင်းမင်ကို ရပ်တန့်လျက် ပြောပြနေသည်။

“သတ်တဲ့နည်းလမ်းတွေက ရိုးရှင်းတယ်၊ ရက်စက်တယ်၊ ပြီးတော့ ထူးဆန်းတယ်၊ ဒါက အစုအပြုံလိုက် လူသတ်မှုထက်စာရင် အားလုံးစိတ်ရူးပေါက်ပြီး အသေခံသွားကြတဲ့ ပွဲကြီးတစ်ပွဲနဲ့ ပိုတူတယ်”

ရိုးရှင်းသော စကားလုံးများ ဖြစ်သော်လည်း ၎င်းတို့ဖော်ပြနေသော ညသည် ရှုပ်ထွေးပြီး ကြောက်မက်ဖွယ် ကောင်းလှပေသည်။

“ဒါနဲ့... အခုထိ ပျောက်နေတဲ့ ခြေလက်အင်္ဂါတွေကို ပြန်မတွေ့သေးဘူး၊ အဲ့ဒါတွေကို တစ်ယောက်ယောက်က စုစည်းပြီး အသက်သစ်တစ်ခုအဖြစ် ပြန်ဆက်ထားတယ်တဲ့၊ အဲ့ဒါက အဆောက်အအုံ အေထဲမှာ ပုန်းအောင်းနေတယ်လို့ ပြောကြတယ်”

ညရဲသည် သူ့ခြေလှမ်းများကို နှေးကွေးလိုက်ပြီး တိတ်တဆိတ် လှုပ်ရှားနေ၏။ အမှောင်ထုထဲတွင် မလှမ်းမကမ်းတွင် မားမားမတ်မတ်ရှိနေသော အိမ်ရာအဆောက်အအုံ နှစ်ခုကို မြင်နေရသည်။

ညလေအေးများကို ရင်ဆိုင်ရင်း ညရဲသည် ကောင်းမင်အား မိနစ်နှစ်ဆယ်ခန့် ဦးဆောင်ခေါ်သွားသည်။ သို့သော်လည်း အဆောက်အအုံနှင့် သူတို့ကြားက အကွာအဝေးမှာ လျော့မသွားဘဲ ပို၍ပင် ဝေးကွာသွားသလို ခံစားရသည်။

"လမ်းမှားသွားတာလား"

ကောင်းမင်သည် ကင်မရာကို ကိုင်ထားရသဖြင့် လက်မောင်းများ ညောင်းညာနေပြီဖြစ်သည်။ သူက မောဟိုက်နေသည့် ပုံစံဖြင့် နံရံကို မှီလိုက်သည်။

"မင်းမတိုင်ခင်ကလည်း အထဲဝင်ပြီး ရိုက်ချင်တဲ့လူတွေ ရှိခဲ့ဖူးတာပဲ၊ ဒါပေမဲ့ ဘယ်သူမှ အသက်ရှင်လျက် ပြန်မထွက်နိုင်ကြဘူး"

ညရဲက ရုတ်တရက် ရပ်လိုက်သည်။

"အထဲဝင်သွားတာနဲ့ သေမှာပဲ၊ မင်းကတော့ အခု သေလို့မဖြစ်သေးဘူး"

တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ကောင်းမင် သတိပြုမိသည်။သူ့ ကြွက်သားများကို တင်းလိုက်ပြီး ဈေးကြီးသော ကင်မရာကို လက်နက်တစ်ခုကဲ့သို့ အကာအကွယ်အဖြစ် အသုံးပြုလိုက်သည်။

"မင်းက တော်တော် သတ္တိရှိတာပဲ၊ ကန့်သတ်နယ်မြေထဲမှာ လာရိုက်ရဲတယ်၊ ပြီးတော့... ညရဲကိုတောင် လိမ်ရဲသေးတယ်ပေါ့"

သူ့လက်ထဲတွင် လျှပ်စစ်ကျဉ်စက်တစ်ခု ပေါ်လာပြီး တဇီဇီလျှပ်စစ်စီးနေသံမှာ အမှောင်ထဲတွင် သိသိသာသာ ထွက်ပေါ်နေသည်။ ညရဲ၏ လေသံသည် အေးဆေးတည်ငြိမ်ခြင်း မရှိတော့ဘဲ ရက်စက်စွာ ပျော်ရွှင်နေသည့် အငွေ့အသက်များ ပါဝင်လာသည်။ သူသည် ဖြစ်လာတော့မည့် အရာကို စိတ်လှုပ်ရှားနေဟဟန်ဖြင့် အသက်ပြင်းပြင်း ရှူလိုက်သည်။

"အဲ့ဒီ ခွေးအိုကြီးက စခန်းမှာ သက်တမ်းအရှည်ဆုံး ညရဲတစ်ယောက်ပဲ၊ သူ ဒီလောက်ကြာအောင် အသက်ရှင်နေနိုင်တာ အကြောင်းရင်းရှိတယ်၊ ငါတောင် သူ့ကို သွားမရှုပ်ရဲဘူး၊ မင်းလိုအရူးကတော့ လိမ်စရာလူရှားလို့ သူ့ကိုမှ သွားလိမ်တယ်လား"

"ခင်ဗျားတို့က တစ်ဖွဲ့တည်းလား"

ကောင်းမင်၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားပြီး အကြောက်တရားကြောင့် နှုတ်ခမ်းများ ဖြူဖျော့သွားသည်။

"တစ်ဖွဲ့တည်းလား၊ စခန်းမှာရှိတဲ့ လူတော်တော်များများက သူ့ကို သေစေချင်ကြတာလေ၊ ငါအပါအဝင်ပေါ့၊ ဒါပေမဲ့ သူက ငါ့အားနည်းချက်တစ်ခုကို သိထားတယ်"

ညရဲသည် လျှပ်စစ်ကျဉ်စက်ကို ဆုပ်ကိုင်လျက် မော့ကြည့်လိုက်ရာ သူ့ဦးထုပ်အောက်မှ နီရဲနေသော မျက်လုံးများကို မြင်လိုက်ရသည်။

"တကယ်တော့ ကန့်သတ်နယ်မြေကို လာစူးစမ်းတဲ့ လူတော်တော်များများက အထဲမှာ သေကြတာ မဟုတ်ပါဘူး၊ ငါပဲ သူတို့ကို သေတဲ့အထိ နှိပ်စက်ပြီး အလောင်းတွေကို အိမ်ရာထဲ သွားပစ်လိုက်တာလေ၊ ထူးဆန်းတာက နောက်တစ်နေ့ကျရင် အဲ့ဒီအလောင်းတွေ အကုန်ပျောက်ကုန်ရော၊ ဘယ်သူမှ ပြန်မတွေ့ကြတော့ဘူး"

သူ့နှုတ်ခမ်းထောင့်က အမာရွတ်မှာ စိတ်လှုပ်ရှားမှုကြောင့် တွန့်လိမ်နေလေသည်။ ထိုသို့သော အချိန်မှာပင် ညရဲက ကောင်းမင်ကို နှစ်သိမ့်နေသေးသည်။

"မကြောက်ပါနဲ့ကွာ၊ ဒါတွေကို ငါပြောပြနေတာက မင်းကို သတ်ပြီး နှုတ်ပိတ်ဖို့ မဟုတ်ပါဘူး၊ မင်းကိုငါ ဝအောင်နှိပ်စက်ပြီးတဲ့အခါကျရင် ဆေးတစ်မျိုးထိုးပြီး မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ပြောင်းလဲလိုက်မယ်၊ ပြီးရင် အသက်ရှင်လျက်နဲ့ အဲ့ဒီခွေးအိုကြီးဆီ လက်ဆောင်ပို့ပေးမှာပါ"

"သူက ခင်ဗျားရဲ့ အားနည်းချက်ကို သိထားတယ်၊ ငါကလည်း သူနဲ့ မတည့်ဘူး၊ ငါတို့နှစ်ယောက် ပေါင်းပြီး သူ့ကို ရှင်းပစ်လိုက်ရင် အားလုံးအတွက် အဆင်ပြေသွားမှာ မဟုတ်ဘူးလား"

ကောင်းမင်က ကြောက်ရွံ့မှုကြောင့် တုန်ရင်နေရင်း ဟန်ချက်ပျက်သွားသကဲ့သို့ ကင်မရာကို ဖက်၍ ရွှံ့နွံထဲသို့ နောက်ပြန်လဲကျသွားသည်။

"မင်းစားသောက်နေတုန်း မင်းပန်းကန်ထဲက ဝက်သားတုံးနဲ့ မိတ်ဖွဲ့တတ်လို့လား၊ မင်းကို ရိုးတယ်လို့ခေါ်ရမလား ဒါမှမဟုတ် တုံးတယ်လို့ ခေါ်ရမလား"

ညရဲက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ လျှပ်စစ်အလင်းတန်းက ညအမှောင်ထုကို ဖြတ်သန်းသွားတော့သည်။

...

"အဟွတ် အဟွတ်"

လူအိုကြီးသည် နှာခေါင်းနှင့် ပါးစပ်ကို ပိတ်၍ လက်ချောင်းတစ်ချောင်းဖြင့် မိုးကာအင်္ကျီ၏ အနားစကို ပင့်တင်လိုက်သည်။ သူ၏ တိမ်ဖုံးနေသော မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။ သူသည် နေ့ခင်းဘက်က မြင်တွေ့ခဲ့ရသော ပုံစံနှင့် လုံးဝကွဲပြားနေခဲ့သည်။

"ဂူးလ် (Ghoul)... ငါရှာခိုင်းထားတဲ့ လူက ဘယ်မှာလဲ"

စုတ်ပြဲနေသော လိုက်ကာကို မတင်လိုက်ရာ လျှပ်စစ်ကျဉ်စက်နှင့် ဆော့ကစားနေသည့် ညရဲက တံခါးဝတွင် ရပ်နေလေသည်။

"အထဲမှာလေ"

"သူ့ကို အပြင်ထုတ်ခဲ့"

လူအိုကြီးက သတိကြီးသူဖြစ်ရာ အိမ်ထဲပင် ဝင်မလာပေ။

"သူ့ကို အခု အပြင်ထုတ်လို့ မရမှာစိုးတယ်"

ဂူးလ်ဟု အမည်ရသော ညရဲသည် လျှပ်စစ်ကျဉ်စက်ဖြင့် သံလှောင်အိမ်တစ်ခုကို ခေါက်လိုက်သည်။ မျက်လုံးထဲတွင် ဆိုးယုတ်မှုများ ပြည့်နှက်နေသော မကောင်းဆိုးဝါးတစ်ကောင်သည် သံတိုင်များကို ဆုပ်ကိုင်ကာ ဟိန်းဟောက် အော်ဟစ်လိုက်သည်။ ၎င်း၏ လက်များမှာ ကြမ်းတမ်းသော သံတိုင်များကြောင့် ပြတ်ရှနေသော်လည်း ထွက်လာသော သွေးများက ၎င်းကို ပို၍ပင် လှုံ့ဆော်ပေးနေသည်။

“ဒီနေ့မနက်က စခန်းကို လာခဲ့တဲ့လူပဲ”

ထိုလူအိုကြီးက ထိုလူ၏မျက်နှာကို အသေအချာ စစ်ဆေးပြီးနောက် အကြိမ်ကြိမ် အတည်ပြုလိုက်သည်။ သို့သော်လည်း သူက အထဲသို့ ဝင်ရန် ငြင်းဆန်နေဆဲပင်။

“သူ ဒီနေ့မနက်အစောပိုင်းက စခန်းကို လာခဲ့ပြီး ကျီးကန်းနက်က သူ့ဆီမှာ တစ်ခုခု မေ့ကျန်ခဲ့တယ်လို့ ပြောတယ်၊ ပြီးတော့ သူတို့နှစ်ယောက် ဆင်းရဲသားရပ်ကွက်ဘက်ကို သွားကြတယ်၊ သူတို့ တစ်ခုခု ကြံစည်နေကြတယ်လို့ ငါသံသယရှိတယ်... ဒါပေမဲ့ အခု မင်းက သူ့ကို မကောင်းဆိုးဝါးဖြစ်အောင် ပြောင်းပစ်လိုက်ပြီဆိုတော့ သဲလွန်စ ပြတ်သွားပြီ”

“ခင်ဗျားက ငါ့ကို အပြစ်တင်နေတာလား”

ပိန်ပိန်ရှည်ရှည် ညရဲက အဖိုးကြီးကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ဒီလူကို ယူသွား၊ ပြီးရင် ငါလိုချင်တာ ပေး”

“မင်း ကန့်သတ်နယ်မြေမှာ ကင်းလှည့်ဖို့ ပြစ်ဒဏ်ပေးခံထားရတာ အတော်ကြာနေပြီပဲ၊ စခန်းကို ပြန်လာဖို့ မစဉ်းစားဘူးလား”

လူအိုကြီးက သူ့မိုးကာအင်္ကျီအောက်မှ ကြည်လင်နေသော ဖန်ပုလင်းနှစ်လုံးကို ထုတ်လိုက်သည်။ ပုလင်းထဲတွင် သွေးခဲများနှင့်တူသော ဖြူပျစ်ပျစ် အရည်များ ပါရှိသည်။

“ငါ့အဖွဲ့ထဲ ဝင်လိုက်၊ မင်း ကန့်သတ်နယ်မြေထဲမှာ လုပ်ခဲ့တဲ့ကိစ္စတွေကို ငါ မသိချင်ယောင် ဆောင်ပေးမယ်၊ ပြီးတော့ မင်းအပတ်တိုင်း ရနေတဲ့ ဆေးပမာဏကိုလည်း နှစ်ဆတိုးပေးမယ်”

ကြည်လင်နေသော ဖန်ပုလင်းများကို စိုက်ကြည့်ရင်း ဂူးလ်သည် အမာရွတ်ကို လျှာဖြင့် ထိမိသည်အထိ မသိစိတ်ဖြင့် လျှာသပ်လိုက်မိသည်။ ထို့နောက် သူ့အမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

“ငါ သိချင်တာက... ငါတို့အားလုံးက ညရဲတွေချည်းပဲ၊ ခင်ဗျားက ဘာလို့ အမြဲတမ်း ဆေးအသစ်တွေကို ရနေရတာလဲ”

All Chapters