ဒါဆို လာလေ
Vol. 47 Ch. 699
“ဒီလိုပိတ်ပင်ထားတဲ့ ရုပ်ရှင်တွေလိုမျိုးကို ငါ အွန်လိုင်းပေါ်မှာမြင်ဖူးတယ် ၊ မူရင်းဗွီဒီယိုတွေက အရမ်းဈေးကြီးပြီးတော့ လူတွေအများကြီး ဝယ်ကြတာ”
ကျားယိုကျစ်က တင်းရှန်း၏ အကြံပြုချက်ကို ထောက်ခံလိုက်သည်။
"ဒါက ပိုက်ဆံအမြန်ရမယ့် နည်းလမ်းပဲ၊ ဒါပေမဲ့ ကန့်သတ်နယ်မြေတွေထဲမှာ သွားရိုက်ဖို့ဆိုတာတော့ အရမ်း အန္တရာယ်များတယ်၊ လူတော်တော်များများ အသက်ရှင်လျက် ပြန်မထွက်လာနိုင်ကြဘူး၊ လုံးဝ အသည်းအသန် ဖြစ်နေတဲ့လူတွေပဲ ဒါကို သွားစမ်းကြတာ"
"အသည်းအသန် ဖြစ်နေတာလား၊ ကျွန်မတို့က အဲ့ဒီအတိုင်းဖြစ်နေတာပဲလေ"
ဝူဝေက လက်တစ်ဖက်ဖြင့် ကင်မရာကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကို ကောင်းမင်ထံ ဆန့်တန်းလိုက်သည်။
"ကျွန်မရဲ့ ဘတ်စ်ကားကတ် ပြန်ပေး"
ကောင်းမင်က ဝူဝေ၏လက်ကို ပုတ်ထုတ်လိုက်ပြီး ခဏမျှ တိတ်ဆိတ်စွာ စဉ်းစားနေမိသည်။ လီဆန်းစီ၏ မှတ်ဉာဏ်ထဲတွင် ကန့်သတ်နယ်မြေများနှင့် ပတ်သက်သော သတင်းအချက်အလက်များ သိပ်မရှိပေ။ ထိုနေရာအများစုသည် အလွန်အမင်းသွေးစွန်းသော ဖြစ်ရပ်ဆိုးများ ဖြစ်ပွားခဲ့သည့် နေရာများဖြစ်သည်ဟုသာ သူသိထားသည်။
"ဒါရိုက်တာလီ... ရှင် အမြဲတမ်း ရုပ်ရှင်တွေရိုက်ချင်နေခဲ့တာ မဟုတ်လား၊ တကယ်လို့ ကျွန်မတို့သာ ကန့်သတ်နယ်မြေထဲမှာ ပထမလူရှုထောင့်နဲ့ ရုပ်ရှင်ရိုက်နိုင်ရင် လုံးဝပေါက်သွားမှာပဲ၊ အဲ့ဒီအခါကျရင် အကြွေးဆပ်ဖို့ဆိုတာ အေးဆေးလေးဖြစ်သွားလိမ့်မယ်"
တင်းရှန်းကလည်း ဆက်လက်ဖျောင်းဖျသည်။
"အဲ့ဒီနေရာက ချိပ်ပိတ်ခံထားရတဲ့ အိမ်တချို့ဟာ ချမ်းသာတဲ့ရပ်ကွက်တွေမှာ ရှိနေတုန်းပဲ၊ အထဲမှာ ကျန်ခဲ့တဲ့ သေတ္တာတွေ၊ ပိုက်ဆံတွေနဲ့ ရှေးဟောင်းပစ္စည်းတွေ အများကြီး ရှိနိုင်တယ်၊ ဒါက အပိုဝင်ငွေတစ်ခုပဲလေ"
တင်းရှန်းသည် အလွန်ထက်မြက်သော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမက ကောင်းမင်ကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သည်။
လီဆန်းစီ၏ မြို့ကြီးအပေါ် နားလည်မှုမှာ အပေါ်ယံမျှသာ ရှိသေးသည်။ ညစောင့်ရဲများ ချိပ်ပိတ်ထားသော ထိုကန့်သတ်နယ်မြေများက မြို့ကြီး၏ ဖြစ်ရပ်မှန်လျှို့ဝှက်ချက်များကို ထိန်းသိမ်းထားသည့် နေရာများ ဖြစ်နိုင်ပေသည်။
"လူတစ်ယောက်၊ ကင်မရာတစ်လုံး၊ ပထမရှုထောင့်နဲ့ အထဲဝင်မယ်... တကယ်လို့ ခင်ဗျားအသက်ရှင်လျက် ပြန်ထွက်လာနိုင်ရင်..."
"နေပါဦး..."
ကောင်းမင်က သူ၏ငယ်သားသုံးယောက်ကို ကြည့်လိုက်သည်။
"လူတစ်ယောက်တည်းလား၊ ငါတစ်ယောက်တည်း ဝင်ရမှာလား"
"ကန့်သတ်နယ်မြေထဲကိုက ဘယ်သူမဆို ဝင်လို့ရတာမဟုတ်ဘူးလေ၊ အဲ့ဒါကြောင့် ညရဲတွေကို ကြိုပြီး လာဘ်ထိုးရတယ်၊ ကျွန်တော်တို့သုံးယောက် အတင်းစုဆောင်းလိုက်တာတောင် လူတစ်ယောက်စာပဲ ရတယ်"
ကျားယိုကျစ်က လက်ကျန်အကြွေစေ့အချို့နှင့် လက်ဝတ်ရတနာအချို့ကို ထုတ်ပြသည်။
"အားလုံးက ခင်ဗျားကိုပဲ အယုံကြည်ဆုံးမို့လို့ ခင်ဗျားအစား တခြားလူသွားဖို့ဆိုတာ မသင့်တော်ဘူးလေ"
"မင်းတို့ သုံးယောက်က တကယ့်ကို စဉ်းစားပေးတတ်တာပဲ"
ကောင်းမင်က ထိုပိုက်ဆံများကို ဆွဲယူကာ အိတ်ကပ်ထဲ ထိုးထည့်လိုက်သည်။
"ရှင် သဘောတူတယ်ပေါ့"
ကောင်းမင်၏ သဘောထားကြီးမှုကို မြင်သောအခါ ဝူဝေမှာ တုံ့ဆိုင်းသွားသည်။ သူမသည် စိတ်ရင်း အရမ်းဆိုးဝါးသူမဟုတ်ပေ။
"ငါ သဘောမတူရင် မနက်ဖြန် ကျူးချွမ်းအဖွဲ့ရဲ့ လူသားစမ်းသပ်ခန်းထဲ အပို့ခံရမှာကို စောင့်နေရမှာလား"
ကောင်းမင်က ဒေါသတကြီးဖြင့်
"မင်းတို့ သုံးယောက် ငါဘေးကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ပဲ ဆုတောင်းထားကြ၊ မဟုတ်ရင်တော့ မင်းတို့တွေ ငါ့ရဲ့ ဓာတ်ခွဲခန်းနမူနာတွေ ဖြစ်ကုန်ကြလိမ့်မယ်"
ကောင်းမင်သည် စတူဒီယိုထဲ လျှောက်သွားရင်း ပစ္စည်းများကိုပင် မသိမ်းဆည်းတော့ပေ။ သူသည် စားပွဲဆီသို့ သွားလိုက်ရာ သူ့ငယ်သားသုံးယောက်က သူ့အတွက် ထမင်းဘူးတစ်ဘူး ချန်ထားပေးသည်ကို တွေ့လိုက်ရသည်။ဝဝလင်လင် စားသောက်ပြီးနောက် ကောင်းမင်သည် သူ့ဖုန်းဖြင့် အချိန်အတော်ကြာအောင် သုတေသနလုပ်နေမိသည်။ သူတွေ့ရှိသော ရှာဖွေတွေ့ရှိချက်များက သူ့ကို ပိုသတိထားလာစေသည်။
ခရိုင် ၃အတွင်း ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားသော အဆောက်အအုံ လေးခု ရှိသည်။ ဂန်ရွှေလမ်းကြား (ဆင်းရဲသားရပ်ကွက်) ရှိ အမှတ် ၇၈၄၊ ဝမ်ရှန့်အသားသစ်တော အဆောက်အအုံ၏ ၁၉ လွှာ ၊ ကျူးချွမ်းဆေးဝါးစက်ရုံဟောင်း နှင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ် နှင့် အာရုံငါးပါးဘုရားကျောင်းခန်းမတို့ ဖြစ်သည်။ အတွင်းသိ လူများ၏ပြောပြချက်အရ ထိုဆင်းရဲသားရပ်ကွက်သည် အစပိုင်းတွင် မြို့တော်၏ အခြားနေရာများကဲ့သို့ပင် ဖြစ်ခဲ့သည်။ သို့သော်လည်း အမှတ် ၇၈၄ ကန့်သတ်နယ်မြေ ပေါ်ပေါက်လာပြီးနောက်ပိုင်း လူချမ်းသာများမှာ အစုလိုက်အပြုံလိုက် ထွက်ပြေးသွားကြသဖြင့် နောက်ဆုံးတွင် မြို့ကြီး၏ အကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
ကန့်သတ်နယ်မြေတိုင်းတွင် ကိုယ်ပိုင်ဇာတ်လမ်းများ ရှိကြသည်။ ဝမ်ရှန့်အသားသစ်တော အဆောက်အအုံ၏ ၁၉ လွှာသည် တစ်ညတည်းနှင့် သွေးပင်လယ်ဝေခဲ့ခြင်း ဖြစ်သည်။ မည်သည့်အရာများ ဖြစ်ပျက်ခဲ့မှန်း ဘယ်သူမှ အတိအကျ မသိသော်လည်း ခရိုင် ၃ကို အုပ်ချုပ်နေသော ဝမ်ရှန့်ဂိုဏ်းမှာ ထိုအကြောင်းရင်းကြောင့်ပင် စတင်ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား ကန့်သတ်နယ်မြေဆိုသည်မှာ အမြဲတမ်းဆိုးရွားနေသည့်အရာ မဟုတ်ပေ။ ကျူးချွမ်းအဖွဲ့၏ ကြီးထွားလာမှုသည် ထိုကန့်သတ်နယ်မြေများအတွင်း သူတို့လုပ်ဆောင်ခဲ့သည့် အရာများကြောင့်ပင် ဖြစ်သည်။
ကန့်သတ်နယ်မြေတစ်ခုချင်းစီ၏ တည်နေရာကို အတည်ပြုပြီးနောက် ကောင်းမင်သည် သူ၏ "တော်တတ်လှသော" ငယ်သားသုံးဦးကို ဆင့်ခေါ်လိုက်သည်။
"ငါထွက်သွားပြီးရင် ဘယ်သူပဲလာရှာရှာ ငါက ကျူးချွမ်းဆေးဝါးစက်ရုံဟောင်းကို သွားတယ်လို့ပဲ ပြောလိုက်၊ မင်းတို့ ဘေးကင်းဖို့အတွက် ဆိုရင်တော့... ငါ အဲ့ဒီကန့်သတ်နယ်မြေထဲမှာ တစ်ခုခု ရှာတွေ့ထားတယ်လို့လည်း အရိပ်အမြွက်ပြောလိုက်လို့ရတယ်"
ကောင်းမင်သည် ရဲစခန်းက လူအိုကြီးကို ပိုက်ဆံပေးရန် ကျန်နေသေးသည်။ အကယ်၍ ထိုလူအိုကြီး စာတိုက်သို့ သွားကြည့်ပြီး အလှူငွေမရှိကြောင်း သိသွားလျှင် သူ့အား သေချာပေါက် လွှတ်ပေးမည် မဟုတ်ပေ။ ထို့ကြောင့် ဤသည်မှာ ထိုလူအိုကြီးကို ရှင်းပစ်ရန် အခွင့်အရေးတစ်ခုပင်။
ကျီးကန်းနက်သည် စခန်းတွင် တစ်ခုခုကို လုပ်ဆောင်ချင်နေခြင်းဖြစ်သည်။ ထိုလူအိုကြီးက သေချာပေါက် အဟန့်အတား ဖြစ်လာမည်ဖြစ်သဖြင့် သူ့ကို အရင်ဖယ်ရှားရပေမည်။
သက်ရှိလူသားများကို ဆေးဝါးများ ထိုးသွင်းကာ လမ်းပေါ်တွင် လူသတ်ခိုင်းနေသော လူအိုကြီးနှင့် နှိုင်းယှဉ်လျှင် ကျီးကန်းနက်သည် စခန်း၏သခင်ဖြစ်ရန် ပိုမိုသင့်တော်သည်ဟု ကောင်းမင် ယူဆသည်။
"ဒါရိုက်တာလီ... ရှင် တကယ်သွားတော့မှာလား"
ကောင်းမင် စိတ်မပြောင်းတော့သည်ကို မြင်သောအခါ ဝူဝေက အလွန်အန္တရာယ်များမည်ဟု ခံစားမိသွားသည်။ သူမ တစ်ခုခုထပ်ပြောရန် ပြင်နေစဉ် တင်းရှန်းက သူမကို ဘေးသို့ ဆွဲလိုက်သည်။
"ဒါရိုက်တာလီကို စိတ်ဓာတ် မကျစေနဲ့ဦး၊ နင်တကယ်ကြီး စိတ်ပူနေတယ်ဆိုရင် သူ့နောက်ကို လိုက်သွားပြီး အပြင်ကနေ စောင့်နေပေးလိုက်ပေါ့"
"နင်ကတော့ ယုတ်မာတဲ့မိန်းမပဲ၊ နင့်နှလုံးသားက တကယ်ကို ကောက်ကျစ်လွန်းတယ်"
"ငါက ဘာလို့ ယုတ်မာရမှာလဲ"
တင်းရှန်းက ဝူဝေ၏လက်ကို လွှတ်လိုက်သည်။
"ငါက ငါတို့လေးယောက်လုံး ဖော်မလင်ပုလင်းထဲမှာ အစိမ်ခံရမှာကို မလိုလားလို့ ပြောတာလေ၊ အဲ့ဒါ မှားလို့လား၊ ငါ့ရဲ့ လက်ဝတ်ရတနာတွေ အကုန်လုံးကို ညရဲကို လာဘ်ထိုးဖို့ ပေးခဲ့ပြီးပြီ၊ နင်မလိုချင်ဘူးဆိုရင် အကုန် ပြန်ပေး"
"ဘာတွေ ဆူညံနေကြတာလဲ၊ မင်းတို့တွေ ဒီမှာနေပြီး အိမ်ကို ကင်းစောင့်နေကြ"
ကောင်းမင် ကင်မရာများကို စစ်ဆေးပြီးနောက် ခဏလောက် အိပ်စက်အနားယူလိုက်သည်။ အချိန်နီးလာသောအခါ သူသည် သူ့အိတ်ကိုလွယ်၍ စတူဒီယိုထဲမှ ထွက်လာခဲ့သည်။
"ဒါရိုက်တာလီ... ကျွန်မကို စောင့်ပါဦး"
အနက်ရောင် အားကစားဝတ်စုံနှင့် လက်အိတ်များကို ဝတ်ဆင်ထားသော ဝူဝေက ကင်မရာကို ကောက်မလိုက်သည်။
"မင်းလည်း လိုက်မလို့လား"
ကောင်းမင် အနည်းငယ် အံ့အားသင့်သွားသည်။ သူ၏ ငယ်သားသုံးယောက်လုံးမှာ ကောက်ကျစ်ပါးနပ်သော သူရဲဘောကြောင်သူများဖြစ်သည်ဟု သူ ထင်ထားခဲ့သည်။ သို့သော်လည်း ဝူဝေသည် တင်းရှန်း၏ သွေးထိုးခံရပြီးနောက်တွင်ပင် သူ့နောက်လိုက်ရန် ဆုံးဖြတ်ခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ဘယ်လိုပဲဖြစ်ဖြစ် သေရမှာအတူတူပါပဲ၊ အခွင့်အရေးကို တစ်ခါလောက် စမ်းကြည့်တာပေါ့၊ ပြီးတော့ ရှင်တစ်ယောက်တည်း ကင်မရာကို သယ်လို့မရဘူးလေ”
ဝူဝေသည် ကောင်းမင်ထက် အရပ်ရှည်သဖြင့် သူ့ကို လုံခြုံမှုခံစားချက် ပေးစွမ်းနိုင်သည်။
“အရင်က ရှင့်ကို အရက်နဲ့ မိန်းမတွေကြောင့် ပျက်စီးနေတဲ့ အသုံးမကျတဲ့ အမှိုက်တစ်ကောင်လို့ ထင်ပြီး အထင်မှားခဲ့တာကို ကျွန်မဝန်ခံပါတယ်၊ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ရှင့်လုပ်ရပ်တွေက ရှင့်အပေါ် ထားတဲ့ ကျွန်မအမြင်ကို တကယ်ပဲ ပြောင်းလဲသွားစေခဲ့တယ်”
“ဒါဆို ငါတို့ နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် အမှိုက်လို့ ထင်နေကြတာပေါ့”
ကောင်းမင်က ခေါင်းခါလိုက်သည်။
“လိုက်ချင်ရင်လည်း လိုက်ခဲ့ပါ၊ ဒါပေမဲ့ တစ်ခုတော့ သိထားပေါ့ ၊ အန္တရာယ်ရှိလာရင် ငါကတော့ ကိုယ့်အသက်ကိုယ် အရင်လုပြီး ပြေးမှာပဲ”
“စိတ်မပူပါနဲ့၊ ရှင် ဘယ်လိုပြေးပြေး ကျွန်မကိုတော့ မမီနိုင်ပါဘူး”
“အားကိုးစရာပဲ”
ပြင်ဆင်မှုများ ပြီးဆုံးသွားပြီးနောက် ကောင်းမင်နှင့် ဝူဝေတို့ ဘတ်စ်ကားဂိတ်သို့ ရောက်လာကြသည်။ နေဝင်ရီတရော အချိန်ဖြစ်သဖြင့် လမ်းပေါ်တွင် ပျံကျဈေးသည်များ သိသိသာသာ နည်းပါးသွားပြီဖြစ်သည်။ လမ်းမများပေါ်တွင် သွေးစွန်းကွက်များနှင့် ရန်ပွဲများ၏ ခြေရာလက်ရာများကို မြင်တွေ့နေရသည်။
ဝမ်ရှန့်ဂိုဏ်းနှင့် ကျူးချွမ်းအဖွဲ့ကြားရှိ အခြေအနေသည် တင်းမာလာနေသည်။ အေးချမ်းသော နေ့ရက်များမှာ ကုန်ဆုံးတော့မည်ဖြစ်ပြီး လမ်းဘေးတွင် နေထိုင်သူများမှာ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်းကို အရင်ဆုံး သတိပြုမိနေကြသည်။
“ဒါရိုက်တာလီ... ဝမ်ရှန့်ဂိုဏ်းက ကျူးချွမ်းအဖွဲ့နဲ့ ညှိနှိုင်းနေတယ်လို့ ကျွန်မ ကြားတယ်၊ ဝမ်ရှန့်ဂိုဏ်း ဘော့စ်က သူ့သမီးရဲ့ အလောင်းကို အပေးအယူလုပ်ဖို့အတွက် သိမ်းထားတယ်တဲ့”
“သူတို့တွေက ဒါကို တကယ်ကြီး သည်းခံနိုင်ကြတာလား”
ကောင်းမင်က ထိုအချက်ကို ဂရုမစိုက်ပေ။ အဓိက သက်သေကို ကျီးကန်းနက်ထံ ပေးအပ်ထားပြီး ဖြစ်သည်။ နှစ်ဖက်အဖွဲ့ ညှိနှိုင်းနေသည်ကို ညရဲတပ်ဖွဲ့က သေချာပေါက် ငြိမ်ကြည့်နေမည် မဟုတ်ပေ။
ထိုနေ့မနက်က ကျီးကန်းနက်နှင့် စကားပြောဖြစ်ခဲ့သည့်အတွက် ညရဲတပ်ဖွဲ့သည် မြို့တော်ရှိ အခြားဂိုဏ်းများနှင့် မတူကြောင်း ကောင်းမင် သိထားသည်။ ဤအဖွဲ့အစည်းသည် အလွန်အမင်း ရန်လိုတတ်ပြီး ကိုယ်ပိုင်စည်းမျဉ်းများ ရှိကြသည်။ သူတို့နှင့် ညရဲများသည် ဤအမှောင်မြို့ကြီးတွင် အခြားသူများနှင့် ကွဲပြားနေသည်ဟု ဆိုရပေမည်။
“ကြည့်နေလိုက်... ပွဲကောင်းလာတော့မှာ”
ကျူးချွမ်းဆေးဝါးစက်ရုံဟောင်းသို့ သွားရာလမ်းတွင် များသောအားဖြင့် ထိုမှတ်တိုင်တွင် မရပ်လေ့ရှိသော ဘတ်စ်ကားဒရိုင်ဘာသည် ကောင်းမင်နှင့် ဝူဝေတို့ ထိုနေရာတွင် ဆင်းမည်ကို သိသောအခါ တစ်လမ်းလုံး မျက်နှာပျက်နေလေသည်။ သူတို့အား ကူးစက်ရောဂါ သယ်ဆောင်လာသူများကဲ့သို့ ကြည့်နေတော့သည်။
ညနေ ၅ နာရီခွဲအချိန်တွင် ကောင်းမင်၏ ဖုန်းမြည်လာ၏။ ညရဲအိုကြီး၏ ပျော်ရွှင်နေသော အသံကို ကြားလိုက်ရသည်။
“ငါ စာတိုက်မှာ ရောက်နေပြီ၊ အံဆွဲက အလွတ်ကြီးပဲကွ၊ ခေါင်းတစ်လုံး ထည့်လို့ရမယ့် အနေအထားပဲ ရှိတယ်”
“ဒါဆိုရင်လည်း ထည့်လိုက်ပေါ့”
ကောင်းမင်က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။ တစ်ဖက်မှ ဘာအသံမျှ ထွက်မလာတော့ဘဲ သေလုအောင် တိတ်ဆိတ်သွားသည်။
စက္ကန့်အနည်းငယ်အကြာတွင် လူအိုကြီး၏အသံ ထပ်ထွက်လာပြန်သည်။
"ဒီည ငါ မင်းဆီကို လာခဲ့မယ်၊ မင်း ပြေးမလွတ်စေရဘူး"
"ဒါဆိုရင်လည်း လာခဲ့လေ"