← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အပိုင်း (၅)

ဒါပဲလားဟ

ညသည် အပ်ကျသံကိုပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေလေသည်။ အခန်းနံရံအား မှီထားရင်း ကုအန် သူ့နှလုံးခုန်သံများ အဘယ်ကြောင့် ထိုမျှမြန်နေသည်ကို အံ့ဩမိနေ၏။

အကြောင်းပြချက်တစ်ချို့ကြောင့် သူအပြင်က ဘာသံမှမကြားရသော်လည်း လောဘမိစ္ဆာသည် သူ့အိမ်ဆီသို့ ချဉ်းကပ်လာနေသည်ကို ကုအန် သိရှိနေသည်။

ကုအန် အကြည့်များသည် ပြတင်းပေါက်နှင့် အခန်းတံခါးဆီတွင် ပြေးလွှားနေ၏။ လရောင်မှာလည်း ပြတင်းပေါက်တံခါးနှင့် တံခါးမကြီးတို့ရှိ ဟ‌ေန‌ေသာကြားနေရာများမှ အခန်းထဲတိုး၀င်နေလေရာ ပို၍ပင် ကြောက်စရာကောင်းနေလေသည်။

ကုအန်ရင်ခွင်ထဲမှ ကြွက်ဖြူလေးသည်လည်း တဆတ်ဆတ်တုန်ခါနေသောကြောင့် လက်သည်းများက ကုအန်ရင်ဘတ်ကိုကုတ်မိသလို ဖြစ်နေ၏။ ကုအန် ထိုကောင်အား လွှင့်ပစ်လိုက်ချင်သော်လည်း မလုပ်ရက်ပေ။

အချိန်သည် တဖြည်းဖြည်းကုန်လွန်လာခဲ့၏။ ကုအန် သူ့အသက်ရှူသံအား ထိန်းညှိလိုက်ကာ အာရုံစိုက်ထားလိုက်သည်။

ကုအန် နေ့အလင်းရောင်ကို ယခုအချိန်လောက် တစ်ခါမှမမျှော်ခဲ့ဖူးချေ။

အဓိပဓိဂိုဏ်းသည် လုံး၀မလုံခြုံသော နေရာဖြစ်၏။

ထို့ကြောင့် အနာဂတ်တွင် သူ့သက်တမ်းများကို ပိုမိုစုဆောင်းထားကာ သိုသိုသိပ်သိပ်နေထိုင်ရင်း ပိုသန်မာလာစေရန်လည်း သူကြိုးစားရပေလိမ့်မည်။

ကုအန် အ‌တွေးလွန်နေရင်း အချိန်မည်မျှ ကုန်သွားသည်ကိုပင် မေ့လျော့‌သွားခဲ့သည်။ ထို့နောက် ရုတ်တရက် ကုအန်အကြည့်များ တံခါးမကြီးဆီသို့ ရောက်ရှိသွားခဲ့၏။

တံခါးသည် သူ့ရှေ့ဘယ်ဘက် တစ်မီတာလောက် အကွာတွင် ရှိနေခြင်းဖြစ်သည်။ ဟနေသော တံခါးကြားထဲမှ လရောင်ထိုးနေသောကြောင့် အရိပ်မဲတစ်ခု ပေါ်ပေါက်လာသည်ကို တွေ့လိုက်ရသောကြောင့် ကုအန် ကျောရိုးတစ်‌ေလျှာက်စိမ့်၍ပင် ကြက်သီးမွှေးညှင်းများ ထသွားခဲ့သည်။

လောဘမိစ္ဆာ!

သူလာနေလေပြီ !

ကုအန် နှလုံးသားတစ်ခုလုံး လည်ချောင်းသို့‌ ရောက်လာမတတ်ပင် ကြောက်လန့်နေလေသည်။

ရုတ်တရက်!

ကုအန်တစ်ကိုယ်လုံး တောင့်တင်းသွား၏။ စိုစွတ်နေသော လက်ကြီးတစ်ဖက် သူ့ခေါင်းအား လာထိနေသည်ကို သူခံစားနေရပြီး လက်ကြီးသည် သူ့လက်သည်းချွန်များဖြင့် သူ့နှဖူးအား ဖိလိုက်လေရာ ကုအန် ကျောရိုးတစ်လျှောက်လုံး အေးစိမ့်သွားရသည်။

သူ့အသိစိတ်တစ်ခုလုံး ဟာလာဟင်းလင်းဖြစ်နေပြီး ကြောက်ကြောက်နှင့် မော့ကြည့်လိုက်လေရာ သူ့အထက်အမှောင်ထုထဲမှ ထွက်ပေါ်လာသော ဖြူဖျော့နေသည့် လက်ကြီးတစ်ဖက်အား တွေ့လိုက်ရ၏။ ထိုလက်ကြီးသည် သူ့လက်သည်းချွန်ကြီးများဖြင့် ကုအန်၏ နှဖူးအား ဖိ၍ ထိုးဖောက်ပစ်တော့မလို လုပ်နေလေသည်။

လက်ပိုင်ရှင်ကိုမူ သေချာမမြင်ရဘဲ သူ့မျက်နှာသည်အမှောင်ထုထဲ၀င်နေပြီး ကြမ်းကြုတ်ပြီး အစီအစဉ်တကျမရှိသည့် မျက်နှာကိုသာ ဝိုးတဝါးမြင်နေရ၏။ သူ့မျက်နှာအား သေချာမမြင်ရသော်လည်း သူ့ပါးစပ်ထဲရှိ ချွန်မြနေသော အစွယ်များကိုတော့ ကုအန် သေချာမြင်လိုက်ရသည်။

မိစ္ဆာမကြီးသည် ပြုံးနေခဲ့ခြင်း ဖြစ်၏။ !

ကုအန် ထိုအပြုံးအား မြင်သောအခါ ရူးသွပ်လုနီးပါး ကြောက်လန့်သွားမိပြီး ဒေါသတကြီး သူ့လက်များကိုဆန့်ထုတ်လုိက်ကာ မိစ္ဆာမ၏မျက်နှာအား ဖြတ်ရိုက်ချလိုက်လေတော့သည်။

ဝုန်းးး!

အိမ်အမိုးသည် ပွင့်ထွက်သွားပြီး သွေးနှင့်အသားစများသည် အိပ်ခန်းထဲတွင် ပြန့်ကျဲသွားကာ အုတ်ကြွပ်ပြားအမိုးနှင့် ကြွေပြားများသည် လေထဲသို့ မီတာဒါဇင်နှင့်ချီ လွင့်ထွက်သွားခဲ့ကာ ညအမှောင်ထဲ ပျောက်ကွယ်သွားခဲ့၏။

ညကောင်းကင်သည် မဲမှောင်နေပြီး ဆေးတောင်ကြားပတ်ပတ်လည်ရှိ တောတောင်များသည် မိစ္ဆာကြီးများ တစ္ဆေကြီးများက ဆေးတောင်ကြားအား ရပ်ကြည့်နေကြသကဲ့သို့ တည်ရှိနေလေသည်။

အဟွတ် အဟွတ် အဟွတ်…..

လေထုထဲရှိ ဖုန်မှုန့်များကြောင့် ကုအန် ချောင်းတဟွတ်ဟွတ် ဆိုးနေရ၏။ သူ့ညာလက်သည် လေပေါ်သို့ မြှောက်ထားဆဲပင်ဖြစ်ပြီး လက်ဖဝါးတွင် သွေးစက်များ စိုရွှဲနေပြီး လောဘမိစ္ဆာ၏ သွေးများမှာ သူ့မျက်နှာတစ်ခုလုံးတွင် ပေကျံနေလေသည်။

ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီ ဖြစ်သော်လည်း ကုအန် စိတ်မအေးနိုင်သေးချေ။

လရောင်မှာ အခန်းထဲဖြာကျနေပြီး အခန်းထဲရှိပုံရိပ်များအား ဝိုးတဝါးမြင်နေရ၏။

နံရံပေါ်တွင် ထိတ်လန့်ဖွယ်ရာကောင်းသော သွေးတန်းကြီးတစ်ခု ရှိနေပြီး မိစ္ဆာမ၏ ဖြူဖျော့နေသော လက်ကြီးတစ်ဖက်မှာ ကုအန်ခြေထောက်အောက်တွင် ရှိနေလေသည်။

အသက်ဆယ်ရှိုက်စာခန့် ကြာသောအခါ ကုအန် စိတ်တည်ငြိမ်လာခဲ့၏။

[သင်သည် လောဘမိစ္ဆာ(အဆင့်၂) ဆီမှ သက်တမ်း ၅၂ နှစ် ရရှိခဲ့ပါသည်]

သူ့ရှေ့တွင်ပေါ်လာသော စာတန်းအားကြည့်လိုက်ပြီး ကုအန် ကြောင်သွားခဲ့သည်။

“အဲ့ဒီတော့ ဒီလိုကိုး”

ဤဖြစ်ရပ်ကြီး တစ်ခုလုံးသည် ရယ်စရာကောင်းနေသည်ဟု ကုအန် ခံစားနေရ၏။ သူသည် အလွန်အမင်းသန်မာနေခြင်းလား သို့မဟုတ် ချူကျင့်ဖုန်းတို့မှာပင် အလွန်အားနည်းနေခြင်းလား သူမသိတော့ချေ။

သူပဟေဠိဖြစ်နေစဉ်တွင် အခန်းတံခါးဖွင့်သံ ကြားလိုက်ရသောကြောင့် ကုအန် ချက်ချင်းလှဲချလိုက်ကာ လောဘမိစ္ဆာ၏ လက်အားဆွဲကာ သူ့ကိုယ်ပေါ်တွင် တင်ထားလိုက်၏။

ထိုလောက်နှင့် မလုံလောက်သေးပေ။ ကုအန် လောဘမိစ္ဆာ၏ လက်ဖဝါးကိုဆွဲဖြန့်လိုက်ပြီး သူ့လည်ပင်းပေါ်သို့ တင်ထားလိုက်ကာ မေ့လဲချင်ယောင် ဆောင်နေ‌လိုက်တော့သည်။

……..

ဆောင်းဦးရာသီသို့ ၀င်ရောက်လာပြီဖြစ်သောကြောင့် ရာသီဥတုမှာ ထိုမျှ ပူမနေတော့ပေ။

ကုအန် တစ်ယောက် စိတ်တည်ငြိမ်ခြင်းမြက်များစိုက်ပျိုးထားသော စိုက်ခင်းထဲတွင် ေ‌ဆးပင်များအား ရိတ်သိမ်းနေသည်ကို လီယနှင့် မုန့်လန်တို့ နှစ်ယောက် ခြံစည်းရိုးအပြင်မှ ကြည့်ရှုနေကြသည်။

လီယ၏ ခန္ဓာကိုယ်တစ်၀က်လောက်တွင် ပတ်တီးဖြူများ ရစ်ပတ်ထားရပြီး သူ့မျက်နှာတွင်လည်း မျက်လုံးနားထိရောက်နေသော ကြောက်စရာအမာရွတ်ကြီးနှစ်ခု ရှ်ိနေလေရာ သူမည်ကဲ့သို့သော အရာမျိုးကို ဖြတ်ကျော်ခဲ့ရခြင်း ဖြစ်သည်ကို ခန့်မှန်း၍ ရနိုင်၏။

မုန့်လန်မှာတော့ ဘာဒဏ်ရာမှရထားပုံ မပေါ်ချေ။ သူကုအန်အား ကြည့်နေရင်း အံ့ဩနေသည့်ပုံဖြင့် ပြောလိုက်သည်။

“ဒီကလေးက ပျော်ပျော်ရွှင်ရွှင်နဲ့ ဆေးရွက်ခူးနေနိုင်သေးတယ် မသိရင် လောဘမိစ္ဆာနဲ့ ရင်မဆိုင်ခဲ့ရသလိုပဲ”

လီယမှာတော့ ခံစားချက်မဲ့နေပုံပေါ်ပြီး ထိုအချိန်တွင် သူ့မျက်နှာပေါ်ရှိ အမာရွတ်များသည် သူ့အား ပို၍ ကြောက်စရာကောင်းသွားစေ၏။

“ဒုက္ခတွေကြားထဲမှာ သူပျော်စရာလေးရှာနေတာနေမှာပါ သူ့အခန်းထဲပြန်ရောက်ရင် အခုလိုပျော်နေနိုင်ဦးမလားဆိုတာ မင်းသိလို့လား”

လွန်ခဲ့သော လေးညက ဖြစ်ရပ်သည် မနေ့ညကဖြစ်သွားသလိုပင် လီယစိတ်ထဲစွဲထင်နေသေးသည်။ လောဘမိစ္ဆာနှင့် ရင်ဆိုင်ခဲ့ရသော ဖြစ်ရပ်ကို ပြန်တွေးမိတိုင်း လီယကြောက်ရွံ့နေဆဲပင် ဖြစ်၏။

သူကံကောင်း၍သာ အသက်ရှင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ချူကျင့်ဖုန်း၏ ဒဏ်ရာများမှာ သူ့ထက်ပင် ဆိုးဝါးလှပြီး လက်တစ်ဖက် ပြတ်ထွက်သွားမတတ်ပင် ထိခိုက်ခဲ့၏။ ချန်းရွှမ်တန် ကျန်းချွမ်းချူ နှင့် မုန့်လန် တို့သုံးယောက်မှာတော့ ဘာဒဏ်ရာမှ မရခဲ့ကြချေ။

နောက်နေ့မနက်သို့ ရောက်သောအခါ အဓိပတိဂိုဏ်းက အဆင့်မြင့်ကျင့်ကြံသူများအား ဆေးတောင်ကြားသို့ ပို့လွှတ်ခဲ့သည်။ သူတို့အားလုံးသည် ချူကျင့်ဖုန်းထက်ပင် အဆင့်မြင့်ကြပြီး အမြင့်ဆုံးလူမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ထိုသူတို့သည် ကုအန်အား မနေ့ညကဖြစ်ရပ်အကြောင်း အသေးစိတ်မေးမြန်းခဲ့ကြပြီး ကုအန်မှာလည်း အလွန်ကြောက်လန့်နေပြီး ဘာမှမသိလိုက်ဘူး ဟူ၍သာ ငြင်းဆန်နေခဲ့၏။

ထို့ကြောင့် ထိုကျင့်ကြံသူများသည် အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်ယောက်က ထိုအစေခံလေး၏ အသက်ကိုကယ်သွားခြင်းဖြစ်သည်ဟုသာ ကောက်ချက်ချလိုက်ကြသည်။ ကုအန် တွင် စိတ်ဝိညဉ်စွမ်းအင်ရှိသည့် အရိပ်အယောင်ပင် မရှိလေရာ လောဘမိစ္ဆာအား သူသတ်လိုက်သည်မှာတော့ လုံး၀မဖြစ်နိုင်ဟုသာ ထင်နေကြ၏။

ထို့နောက် ကြောက်လန့်နေသော ကုအန်အား အခန်းပြောင်းပေးလိုက်ပြီး သူ့ကိုယ်သူမလုံဖြစ်နေသော ကျန်းချွမ်းချူမှာ သူ့အား ပို၍ပင် ဂရုစိုက်ပေးနေခဲ့သည်။

လီယနှင့် မုန့်လန်တို့နှစ်ယောက် ကုအန်အကြောင်းပြောနေချိန်တွင် ကုအန်တစ်ယောက်မှာတော့ အဆင့်၂ ဆေးပင်များအား ရိတ်သိမ်းပြီး သက်တမ်းများအား စုဆောင်းနေရသောကြောင့် အလွန်ပင် ပျော်ရွှင်နေလေ၏။

အဆင့်၂ ဆေးပင်များသည် ကုအန်အား သက်တမ်း ၂နှစ်မှ ၅နှစ်အထိ တိုးမြှင့်ပေးနိုင်သည်။ သူသည် လီယနှင့်မုန့်လန်တို့အတွက်လည်း ကူရိတ်သိမ်းပေးဦးမည်ဖြစ်ရာ ဤစိုက်ခင်းရှိ အပင် ၆၀ လောက်ကို ရိတ်သိမ်းရမည် ဖြစ်၏။ ထိုသည်မှာ သူ့အတွက် အမှန်တကယ်ပင် ပျော်စရာကောင်းသော အတွေ့အကြုံလေးတစ်ခု ဖြစ်‌ေပသည်။

တစ်ချိန်တည်းမှာပင် သူလောဘမိစ္ဆာအကြောင်းလည်း မတွေးဘဲ မနေနိုင်ခဲ့ချေ။

လောဘမိစ္ဆာအား သတ်ဖြတ်လိုက်သည့်အတွက် သူ သက်တမ်း ၅၂ နှစ် ရရှိခဲ့၏။ ထိုသို့ဆိုလျှင် မိစ္ဆာများအား နှိမ်နှင်းခြင်းဖြင့် သက်တမ်းများ စုဆောင်း၍ရနိုင်သည်ဟူသော သဘောမဟုတ်ပါလား။

သို့သော် ထိုညက လီယနှင့် ချူကျင့်ဖုန်းတို့အဖြစ်အား တွေးလိုက်မိသောအခါ ကုအန် သူ့အတွေးကို ချက်ချင်းပယ်ဖျက်မိလိုက်သည်။

ဒါက မလိုပါဘူးလေ!

သူသည် ပိုသန်မာလာစေရန် ထိုမျှအလျင်လိုနေစရာ မလိုအပ်ပေ။ ဒါဆို ဘာကြောင့် သူ့အသက်အား စွန့်စားနေရမည်နည်း။

သူစိတ်လိုက်မာန်ပါလုပ်လိမ့်မည် မဟုတ်ပေ။ ဖြည်းဖြည်းချင်း တိုးတက်လာလျှင်ပင် သူ့အတွက် အဆင်ပြေနေပြီ ဖြစ်၏။

တခဏကြာပြီးသည့်နောက်

ကုအန် စိုက်ခင်းထဲရှိ အပင် ၆၀ လုံးအား ရုတ်သိမ်းပြီးသွားခဲ့သည်။ အပင်များအား ဝါးခြင်းထဲထည့်လိုက်ပြီး မုန့်လန့်ဆီသို့ သွားကာခြင်းကိုကမ်းပေးလိုက်၏။

မုန့်အန် လည်ချောင်းတစ်ချက်ရှင်းပြီး ပြောလိုက်သည်။

“ဒီတစ်ခါတော့ မင်းပဲစီနီယာအစ်ကိုကြီးဆီ သွားပေးသင့်တယ် ညီကို”

ထိုနေ့ညက ရှက်စရာကောင်းလောက်အောင် ပုန်းနေခဲ့ပြီးသည့်နောက်တွင် မုန့်လန် ထပ်ပြီး ကုအန်‌အ‌ေပါ်အခွင့်အရေးယူရလောက်အောင်ထိ အရှက်မမဲ့နိုင်တော့ပေ။

ကုအန် မငြင်းတော့ဘဲ တစ်ချက်ပြုံးလိုက်ကာ ပြောလိုက်၏။

“ကောင်းပါပြီ”

သူလီယအား ယဉ်ယဉ်ကျေးကျေးခေါင်းငြိမ့်ပြလိုက်ပြီးသည့်နောက်တွင် ကျန်းချွမ်းချူ၏ အိမ်ဆီသို့ ဦးတည်သွားလိုက်တော့သည်။

လီယ ဘာမှဆက်မပြောတော့ဘဲ သစ်တောဆီသို့သာ လျှောက်သွားခဲ့၏။ မုန့်လန်မှာလည်း လီယထွက်သွားသည်အား ကြည့်နေရင်း အကြောင်းပြချက်မရှိ သူ့နှာခေါင်းအား ပွတ်နေလေသည်။

ခန်းမထဲတွင်….

ကုအန် ခန်းမထဲသို့ရောက်သောအခါ စိတ်တည်ငြိမ်ခြင်းမြက်များကို ကျန်းချွမ်းချူဆီ လွှဲအပ်ပေးလိုက်၏။ ကျန်းချွမ်းချူ ယူထားလိုက်ပြီး ကုအန်အား ချက်ချင်းမပြန်ခိုင်းသေးဘဲ မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား ကဲ့သို့သော အာလာပ သလ္လာပ များပြောနေခဲ့သည်။

ထိုနေ့ညက လောဘမိစ္ဆာကုအန်အား မည်သို့အန္တရာယ်ပေးခဲ့သည်ကို မကြာမကြာ‌ပြန်တွေးမိနေရာ ကျန်းချွမ်းချူ စိတ်မလုံဖြစ်နေခဲ့၏။ သူသည် စီနီယာအစ်ကိုကြီးတစ်ယောက်အနေနှင့် သူဂျူနီယာညီလေး အနိုင်ကျင့်ခံနေရချိန်တွင် ကာကွယ်မပေးနိုင်ခဲ့ဘဲ ပုန်း၍သာနေမိခဲ့သည်။

ပုံမှန်နေ့များတွင် ကုအန် မည်မျှရိုးသားပြီး နာခံတတ်သည်ကို တွေးမိသောအခါ ထိုကဲ့သို့သောတပည့်တစ်ယောက်သာ သေဆုံးသွားခဲ့ပါကဟု တွေးမိရုံနှင့်ပင် စိတ်မချမ်း‌ေမြ့စရာကောင်းလှ၏။

“ကုအန် လောဘမိစ္ဆာအကြောင်းကို ထပ်မပြောဘဲနေကြရအောင်ကွာ ဒီနေ့ငါကြားခဲ့တာက အဲ့ဒီလောဘမိစ္ဆာက ဂိုဏ်းထဲက အကြီးအကဲတစ်ယောက်မွေးထားတာတဲ့ကွ ဒီသတင်းက ပြန့်လို့မကောင်းဘူးဆိုတော့ ဘာမှမဖြစ်ခဲ့သလိုပဲ ဟန်ဆောင်လိုက်ကြတာပေါ့ကွာ” ကျန်းချွမ်းချူ ပြောလိုက်သည်။

ထိုစကားအားကြားသောအခါ ကုအန်မျက်ခုံးများတွန့်ချိုးသွားဧ။်။

ထိုသို့ဆိုလျှင်တော့ မိစ္ဆာမအချိန်အတော်ကြာထိ အဖမ်းမခံရဘဲ ဂိုဏ်းထဲလျှောက်သွားနေနိုင်သည်မှာ အံ့ဩစရာမရှိတော့ပေ။

ကျန်းချွမ်းချူ စိတ်မသက်သာဟန်ဖြင့် ထပ်ပြောလိုက်သည်။

“အဲ့ဒီလိုအကြီးအကဲတွေက ငါတို့သွားစော်ကားလို့ မရတဲ့သူမျိုးတွေလေ သူတို့စကားတစ်ခွန်းနဲ့တောင် ဒီဆေးတောင်ကြားတစ်ခုလုံးကို ပျောက်ကွယ်သွားအောင် လုပ်လိုက်လို့ရတယ် နိမ့်ကျတဲ့နေရာကလာရတဲ့ လူတစ်ယောက်အနေနဲ့ အဆင့်အတန်းတွေရဲ့ ကွာခြားချက်ကို မင်းကောင်းကောင်းသိမှာပါ သည်းခံလိုက်တာက ငါတို့အသက်ရှင်နေနိုင်မယ့် တစ်ခုတည်းသောလမ်းပဲ”

ထို့နောက် ကျန်းချွမ်းချူ သူ့အင်္ကျီလက်အိုးထဲမှ စာအုပ်တစ်အုပ်အား ဆွဲထုတ်လိုက်ကာ ပြောလိုက်သည်။

“ဒါကမင်းအတွက် ဆရာပြင်ဆင်ပေးထားတဲ့ လျှို့ဝှက်နည်းစနစ်ပဲ ဒါကိုရဖို့ ဆရာက သူ့ရဲ့ငါးနှစ်စာဂိုဏ်းအမှတ်တွေကိုသုံးခဲ့ရတယ် ဒါပေမယ့်တန်ပါတယ် မင်းကတကယ့်မတရားမှုကြီးကို ခံခဲ့ရတာပဲလေ”

ကုအန် ချက်ချင်းပင်ပျော်ရွှင်သွားမိကာ စာအုပ်ကိုလက်ခံလိုက်ပြီး နည်းစနစ်နာမည်အား ဖတ်လိုက်၏။

လေဟုန်ကြွင်းခြေထောက်သိုင်း!

“ကျေးဇူးပါအစ်ကိုကြီး ကျေးဇူးပါဆရာ” ကုအန် ချက်ချင်း ခါးညွတ်လိုက်ကာ ကျေးဇူးတင်စကားဆိုလိုက်သည်။

ကျန်းချွမ်းချူ တစ်ချက်ပြုံးလိုက်ကာ “မင်းအားတဲ့အချိန်တွေမှာ ဒီသိုင်းကိုလေ့ကျင့်ထား အနာဂတ်မှာ ဒီသိုင်းကမင်းကိုကာကွယ်ပေးလိမ့်မယ် သိုင်းကို မုန့်လန်ကိုလည်းမပေးနဲ့နော် လီယကတော့ သူ့ရဲ့ပါရမီကြောင့် ဆရာကသူ့ကို အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်အောင် ထောက်ပံ့ပေးမယ်လို့ပြောတယ် ငါထင်တယ် အလွန်ဆုံးနှနှစ်အတွင်း သူဒီဆေးတောင်ကြားကထွက်သွားလိမ့်မယ်”

ကုအန်ထိုအကြောင်းကို မအံ့ဩမိချေ။ လီယလို လူတစ်ယောက်အနေနှင့် ဆေးတောင်ကြားတွင် ရှိနေခြင်းမှာ သူ့ပါရမီအား ဖြုန်းတီးပစ်ခြင်းသာ ဖြစ်၏။

ထို့နောက် ကုအန်နှင့်အပြန်အလှန် အာလာပသလ္လာဘများ ပြောပြီးသည့်နောက် ကုအန်အား ပြန်ခွင့်ပြုလိုက်လေသည်။

ကုအန် တံခါးပိတ်၍ ထွက်သွားသောအခါမှသာ ကျန်းချွမ်းချူ တီးတိုးရေရွတ်မိသည်။

“တကယ်ရိုးသားတဲ့ကောင်လေးပဲ သူကအနာဂတ်မှာ ငါ့အစားဆရာ့ကိုစောင့်ရှောက်နိုင်မှာ သေချာတယ် ဒါဆိုနောက်ဆုံးတော့ ငါတောင်ကြားကနေ ထွက်သွားနိုင်တော့မယ်….ကြာပန်း‌ေရ…ငါ့ကိုစောင့်နေပါကွာ…”

ကုအန် လှေကားမှဆင်းနေရင်း သူ့ခြေလှမ်းများ ခဏရပ်တန့်သွားမိသည်။ သို့သော် သူဆက်၍သာ ဆင်းခဲ့လိုက်၏။

………

လောဘမိစ္ဆာ၏ တိုက်ခိုက်မှုသည် တောင်ကြားထဲရှိ မည်သူ့ကိုမှ မသေဆုံးစေခဲ့သော်လည်း ဆေးတောင်ကြားရှိ လေထုမှာ သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။ လီယသည် ပိုမိုဆန်းကြယ်ပြီး လျှို့ဝှက်လာခဲ့ကာ သူ့တာ၀န်ပြီးသည်နှင့် တောအုပ်ထဲသို့သာ ၀င်သွားလေ့ရှိ၏။ မုန့်လန်ပင် အရင်ကထက်ပို၍ ကြိုးကြိုးစားစား ကျင့်ကြံနေလေသည်။

ကုအန် လေဟုန်ကြွင်းခြေ‌ထောက်သိုင်းအား တစ်လကြာ လေ့ကျင့်ခဲ့ပြီး ထိုသိုင်း သူ့စနစ်ပေါ်တွင် ပေါ်လာရန် ကြိုးစားခဲ့၏။ သို့သော် တစ်လကြာသည်အထိပင် ပေါ်မလာနိုင်ခဲ့လေရာ ကုအန်‌လက်လျှော့လိုက်ပြီး နောက်မှသာ ကံစမ်းတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

ရာသီများပြောင်းလဲသွား‌ေချပြီ။ ဆောင်းဦးရာသီ၏ မေပယ်ရွက်များသည် ဆေးတောင်ကြားတစ်ခုလုံးအား ဖုံးလွှမ်းနေခဲ့၏။

ကုအန်၏ ပုံရိပ်ကို ဆေးတောင်ကြား၏ နေရာအနှံ့အပြားတွင် တွေ့နေရပြီး ကုအန်သည် ဆေးတောင်ကြား၏ အလုပ်အရှုပ်ဆုံးလူ ဖြစ်လာခဲ့သည်။ ကျန်းချွမ်းချူသည် ကုအန်အား တစ်နေ့တစ်ခြားပိုပို ယုံကြည်လာခဲ့ပြီး ယခုအခါ ကုအန်အလုပ်လုပ်နေစဉ်တွင်ပင် လိုက်မကြီးကြပ်တော့ပေ။ ချန်းရွမ်တန် မှာမူ တစ်ချိန်လုံး သူ့အခန်းထဲတွင်အောင်း၍ ဆေးရည်များဖော်စပ်နေတတ်ပြီး သူ့ကို တစ်လတစ်ခါတွေ့ရဖို့ပင် မလွယ်ကူခဲ့ပေ။

ဆောင်းဦးကုန်၍ ဆောင်းရာသီရောက်လာသောအခါ နှင်းများသည် ဆေးတောင်ကြားအား တစ်ဖန်ဖုံးအုပ်သွားပြန်၏။

နှင်းခဲများကြားတွင်ပင် နှစ်သစ်တစ်နှစ်မှာ ရောက်ရှိလာခဲ့လေသည်။

နှင်းခဲများ အရည်မပျော်ခင်တွင် ပြင်ပမှလူအချို့ တောင်ကြားထဲသို့ အလည်လာခဲ့ကြ၏။ အထူးသဖြင့် ကုအန်နှင့်တွေ့ရန် လာလည်ကြခြင်းဖြစ်သည်။

အခန်းထဲတွင် ကုအန်တံခါးကိုပိတ်လိုက်ပြီး စားပွဲပေါ်ရှိ လက်ဖက်ရည်ပူပူကို ငှဲ့ကာ သူ့ရှေ့တွင်ထိုင်နေသော လူငယ်လေးအား ဧည့်ခံလိုက်၏။

ထိုလူငယ်လေးသည် အဓိပတိဂိုဏ်း၏ အပြင်စည်း၀တ်စုံဖြစ်သော အပြာရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး အခန်းအားလှည့်ပတ်ကြည့်ရှုလိုက်ကာ ပြောလိုက်သည်။

“ဒီတစ်နှစ်ခွဲအတွင်း မင်းဘယ်လိုတွေနေခဲ့လဲ”

ကျိရှောင်ယုနှင့်လိုက်၍ အဓိပတိဂိုဏ်းထဲ၀င်ခဲ့သော ကျိမိသားစု၀င် ငါးယောက်ထဲရှိ အစေခံနှစ်ယောက်မှာ ကုအန်နှင့် သူ့ရှေ့တွင်ရှိသော လူငယ်လေးဖြစ်သည်။

ထိုလူငယ်လေး၏ အမည်မှာ တုယီ ဖြစ်ပြီး စိတ်ဝိညဉ်အမြစ်လေးခုရှိကာ ကျိမိသားစုအကူအညီဖြင့် အပြင်စည်းဂိုဏ်းထဲ ၀င်နိုင်ခဲ့ခြင်း ဖြစ်၏။ ယခုအခါ တစ်နှစ်ကျော်အတွင်း သူအတော်လေး ပြောင်းလဲသွားခဲ့ပေသည်။

“မဆိုးပါဘူး” ကုအန်ပုံမှန်အတိုင်းသာ ပြန်ပြောလိုက်၏။

တုယီ ကုအန်အားကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်ကာ ပြောလိုက်သည်။

“မင်းဒီနေရာကိုလာချင်တဲ့ရည်ရွယ်ချက်ကို မစွန့်လွှတ်နိုင်သေးဘူးလား တတိယသခင်မလေးနဲ့ ကျိမိသားစုရဲ့ အကူအညီနဲ့ဆို မင်းကို အပြင်စည်းတပည့်ဖြစ်အောင်လုပ်ပေးဖို့ ဘာမှခက်မှာမဟုတ်ဘူး ဘာလို့ဒီနေရာမှာ ကျင့်ကြံဖို့မျှော်လင့်ချက်လည်း မရှိဘဲ လာဒုက္ခခံနေရတာလဲ”

ကုအန် တုယီ၏ ၁၅၀ ပင်မပြည့်သော သက်တမ်းနှင့် သူ၏ နှစ်တစ်ထောင်နီးပါးရှိသော သက်တမ်းကို ယှဉ်ကြည့်မိကာ ပြုံးလိုက်မိသည်။

“ငါ့အရည်အချင်းက သာမန်ပဲလေ နောက်ပြီး ငါက သေရမှာရော နာကျင်ရမှာကိုရောကြောက်တယ် အဲ့တာကြောင့် ဒီလိုအေးချမ်းပြီးတိတ်ဆိတ်တဲ့နေရာမျိုးက ငါနဲ့အသင့်တော်ဆုံးပါပဲ”

တုယီ ခေါင်းခါလိုက်ကာ မခိုးမခန့်ရယ်လိုက်ပြီး ကုအန်အား အနည်းငယ်ထပ်မံဝေဖန်အပြစ်တင်လိုက်ကာ သူ့လာရင်း ရည်ရွယ်ချက်အား ထုတ်ပြောလိုက်၏။ “သခင်လေး ကျိလင်က တတိယသခင်မလေးအတွက် ဂိုဏ်းထဲမှာ ဩဇာတည်ဆောက်ပေးဖို့ စီစဉ်နေတယ် အဆက်အသွယ်‌ေတွလည်း စုဆောင်းနေတယ် ငါတို့အားလုံးပါရမယ် ဆေးပစ္စည်းတွေစုဆောင်းပေးရမှာက မင်းတာ၀န်ပဲ ငါကခြောက်လတစ်ခါလာပြီး အဲ့ဒီပစ္စည်းတွေကို လာယူမယ်

ဒီပစ္စည်းတွေက သခင်လေးကျိလင်း အခြားတပည့်တွေနဲ့ မိတ်ဖွဲ့ဖို့အတွက် အစီအစဉ်မှာ အရေးပါတဲ့နေရာက ပါတယ်”

“ကောင်းပြီလေ ကိစ္စမရှိပါဘူး” ကုအန် ချက်ချင်း သဘောတူလိုက်သည်။ ဆေးပစ္စည်းများဆိုသည်မှာ သူ့အတွက်လည်း ထိုမျှ အရေးကြီးသောအရာများ မဟုတ်ကြပေ။

ကုအန် သဘောတူလိုက်သည်ကို တွေ့လိုက်သောအခါ တုယီ ပြုံးလိုက်၏။

တခဏကြာ စကားအနည်းငယ်ပြောပြီးသည့်နောက်တွင် ကုအန် တုယီအား တောင်ကြား၀င်ပေါက်အထိ လိုက်ပို့လိုက်ပြီးမှ ပြန်လာခဲ့လိုက်လေသည်။

ခြံ၀န်းထဲသို့ သူပြန်ရောက်သောအခါ လီယစောင့်နေသည်အား တွေ့လိုက်ရ၏။

လီယ ကုအန်ဆီလျှောက်လာရင်း စာအုပ်တစ်အုပ်ကုအန် ရင်ဘတ်ပေါ်သို့ ထိုးပေးလိုက်ကာ ပြောလိုက်သည်။

“ငါထွက်သွားဖို့ ပြင်ဆင်နေပြီ ဒီဓားသိုင်းကို နှုတ်ဆက်လက်ဆောင်လို့ သတ်မှတ်လို့ရတယ် ဒီ ၁၈လအတွင်း မင်းငါ့ကိုကူညီခဲ့တာတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်”

အပိုင်း (၆)

အလွန်ကြွယ်၀သော အပြင်စည်းဂိုဏ်းတပည့်

ကုအန် လျှို့ဝှက်သိုင်းအား ယူလိုက်ပြီးချိန်တွင် သူ့နှလုံးသွားထဲတွင် နွေးထွေးသောခံစားမှုတစ်ခု ဖြစ်သွားရ၏။ လီယ တစ်နေ့တွင် ထွက်သွားလိမ့်မည်ဖြစ်သည်ကို သူသိထားပါသော်လည်း အမှန်တကယ် ထွက်ခွာသွားသောအခါတွင်မူ သူ့နှလုံးသားသည် မျှော်လင့်မထားဘဲ အတော်လေးလှုပ်ခတ်သွားခဲ့ရသည်။

ဤဆေးတောင်ကြား၌ သူ့တွင် သူငယ်ချင်းနှစ်ယောက်သာရှိပြီး ချန်းရွှမ်တန် နှင့် ကျန်းချွမ်းချူ ကိုမူ သူငယ်ချင်းဟု သတ်မှတ်၍ မရပေ။

ထိုသူငယ်ချင်းနှစ်ယောက်ထဲ၌ လီယသည် တိရစ္ဆာန်တစ်ကောင်နှင့်ဘာမှမခြားသော မုန့်လန်နှင့်ယှဉ်ရင် အတော်လေးကောင်းသောသူတစ်ယောက်ဖြစ်သည်။

“မင်းအခြေခံတည်ဆောက်ခြင်းအဆင့်ကိုတက်ဖို့ ပြင်ဆင်ပြီးပြီလား” ကုအန် မေးလိုက်သည်။

စနစ်၏ သက်တမ်းစစ်ဆေးခြင်းလုပ်ဆောင်ချက်ဖြင့် ကြည့်ရှုလိုက်သောအခါ လီယ၏ ကျင့်ကြံခြင်းသည် စွမ်းအင်ကျင့်ကြံခြင်းအဆင့် ၉ သို့ ရောက်ရှိနေပြီးဖြစ်မှန်း သူသိပြီးဖြစ်၏။ အမှန်တကယ်ပင် မြန်ဆန်လွန်းသော ကျင့်ကြံခြင်းအလျင်မျိုး ဖြစ်ပေသည်။

သစ်တောထဲတွင် သူ့အားလျှို့ဝှက်ညွှန်ကြားပေးနေသော စီနီယာကြီးတစ်ယောက်ယောက် ရှိနေခြင်းလော။

ဒါမှမဟုတ် လီယထံတွင် သစ္စာဖောက်ခံထားရပြီး ထိုစိတ်၏ ဖိစီးနှိပ်စက်နေခြင်းကို ခံနေရသော စိတ်ဝိညဉ်တစ်ခု ရှိနေခြင်းလော။

လီယ ခေါင်းအသာငြိမ့်လိုက်ပြီး ပြောလိုက်သည်။

“နောက်လကျ အခြေခံတည်ဆောက်ခြင်းအဆင့်ကိုတက်ဖို့ စီစဉ်ထားတယ်”

လီယ ခဏရပ်လိုက်ကာ ဆက်ပြောလိုက်၏။

“ဒီတစ်ခါခွဲခွာရတာက တစ်သက်လုံးစာအတွက်ဖြစ်သွားမှာကို ငါကြောက်မိတယ် မုန့်လန်ကို အရမ်းသည်းမခံပါနဲ့ မင်းသည်းခံလေလေ ဒီကောင်ကမင်းအပေါ် အမြတ်ထုတ်ချင်လေလေ ဖြစ်လာလိမ့်မယ် အနာဂတ်မှာ နောက်ထပ်တပည့်တွေ ဒီတောင်ကြားထဲရောက်လာဦးမှာပဲ စီနီယာတစ်ယောက်အနေနဲ့ မင်းကမင်းအနေအထားနဲ့လိုက်အောင် နေထိုင်ရမယ်”

ကုအန် ဆွံ့အသွားမိသည်။ တစ်နေ့တည်းနှင့် သူလူနှစ်ယောက်၏ ဆရာလုပ်ခြင်းအား ခံလိုက်ရသည် မဟုတ်ပါလား။

သို့သော် တုယီနှင့်ယှဉ်ရင် လီယဆရာလုပ်ခြင်းမှာ ပို၍စေတနာပါ‌ေလသည်။

ကုအန် ရုတ်တရက် တစ်စုံတစ်ခုအားဆုံးရှုံးသွားရသလို ခံစားလိုက်ရ၏။

သူငယ်ငယ်ကတည်းက ကျိမိသားစုထဲတွင် ရေခဲလွှာပါးလေးပေါ်တွင် လမ်းလျှောက်နေရသလို နေထိုင်ခဲ့ရခြင်းဖြစ်ပြီး သူ့တွင် စစ်မှန်သောသူငယ်ချင်းဟူ၍ မရှိခဲ့ပေ။ လီယလိုသူ့အား လက်ဆောင်ပေးသော သူငယ်ချင်းမျိုးလည်း မရှိခဲ့ဖူးချေ။

လီယပြောနေသည်မှာ မှန်သည်ကိုလည်း သူနားလည်ပေသည်။ ဤခွဲခွာမှုသည် တစ်သက်လုံးစာအတွက်သာ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ကုအန် မနေနိုင်မထိုင်နိုင် ပြန်သတိပေးလိုက်မိ၏။

“မင်းရောပဲ အရင်လိုစိတ်လိုက်မာန်ပါတွေမလုပ်နဲ့ အသက်ရှင်ကျန်နေဖို့က အရေးကြီးဆုံးပဲ အစေခံတပည့်တစ်ယောက်အနေနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ၂ နှစ်မပြည့်ခင် ရောက်ခဲ့တာကို ကြည့်ရင် မင်းပါရမီက ထိပ်တန်းပဲဆိုတာ သိသာတယ် မင်းအသက်ရှင်နေသရွေ့ တစ်ချိန်ချိန်မှာ ဒီကျင့်ကြံခြင်းလောကရဲ့ ထိပ်ဆုံးကိုရောက်ပြီး ကမ္ဘာကြီးကို လှုပ်ကိုင်နိုင်မှာ အသေအချာပဲ”

ကုအန်စကားအားကြားသောအခါ လီယပြုံးလိုက်မိသည်။

သူတို့နှစ်ယောက်ခြံ၀န်းထဲတွင် ရပ်နေရင်း စကားအနည်းငယ် ထပ်ပြောနေကြစဉ်တွင် မုန့်လန် ပြန်ရောက်လာခဲ့၏။ လီယထွက်သွားတော့မည်ဟု သိလိုက်ရသောအခါ သူလည်း အတော်လေးစိတ်ထိခိုက်သွားခဲ့ရသည်။

နောက်ဆုံးတွင် လီယထွက်ခွာသွားခဲ့၏။ သူသည် ကုအန်အား နှုတ်ဆက်စကားပြောပြီးသည့်နောက် ချန်းရွှမ်တန်နှင့် သွားတွေ့လိုက်ကာ ခဏအကြာတွင် ကျန်းချွမ်းချူရောက်လာပြီး သူ့အား တောင်ကြားအပြင်သို့ လိုက်ပို့ခဲ့လေသည်။

ဆေးတောင်ကြားရှိ နှင်းများသည် ကုန်စင်အောင်အရည်ပျော်သွားခြင်း မရှိသေးချေ။ ဆေးတောင်ကြားမှာလည်း ပို၍ပင် တိတ်ဆိတ်လာခဲ့၏။

ကုအန် အားလပ်ချိန်များတွင် လီယပေးခဲ့သော ဓားသိုင်းအား လေ့ကျင့်‌ခဲ့သည်။ ထိုဓားသိုင်းအပေါ် သူ့ရည်မှန်းချက်မှာလည်း မမြင့်ပေ။ သူ ဓားသိုင်းကို ကျွမ်းကျင်အဆင့်ရောက်သည်အထိ ကျင့်လိမ့်မည်မဟုတ်ဘဲ စနစ်တွင် ဓားသိုင်းနာမည်လေးပေါ်လာလျှင် ကျေနပ်ပြီ ဟူသောရည်မှန်းချက်နှင့်သာ လေ့ကျင့်နေခြင်း ဖြစ်၏။

လီယပေးခဲ့သော ဓားသိုင်းနာမည်မှာ “လီမိသားစုဓားခုနှစ်လက်” ဖြစ်ပေသည်။ နာမည်သည် အတော်လေးသာမန်ဆန်သည်ဟု ထင်ရသော်လည်း ဓားသိုင်းနာမည်တွင်ပါသော လီမိသားစုမှာ ထိုက်ကန်မင်းဆက် တော်၀င်မိသားစု၏မျိုးရိုး လီ ဖြစ်၏။ ထို့ကြောင့်လည်း ထိုဓားသိုင်းအား သူကြိုးကြိုးစားစားလေ့ကျင့်နေခဲ့ခြင်း ဖြစ်သည်။

ဟေမာန်ဆောင်းကုန်ဆုံး၍ နွေဦးရာသီသို့ ကူးပြောင်းလာသောအခါ ဆေးတောင်ကြားသည် ပြန်လည်အသက်၀င်လာခဲ့သည်။

လီယထွက်ခွာသွားပြီးသည့်နောက် ကျန်းချွမ်းချူသည် ရှောင်ချွမ်ဟု‌ေခါ်‌ေသာ ၁၄ နှစ်အရွယ်ကောင်လေးတစ်ယောက်အား တောင်ကြားသို့ ခေါ်လာခဲ့၏။

ထိုကောင်လေးသည် အလွန်စကားနည်းသော ကောင်လေးတစ်ယောက်ဖြစ်ပြီး သူဆေးတောင်ကြားသို့ ၀င်လာပြီးသည့်နောက် ကုအန်နှင့်မုန့်လန်တို့ နှင့် ပြောဆိုဆက်ဆံသည့်အကြိမ်မှာ နည်းပါးလှသည်။ ကုအန် သူ့အား ဆေးပင်ရိတ်သိမ်းသည့်နေရာတွင် အကြိမ်များစွာကူညီပေးပြီးသည့်နောက်တွင်တော့ ကုအန်အား ပိုမိုခင်မင်လာခဲ့ပြီး အရင်ထက်ပို၍ စကားပြောလာခဲ့၏။ သို့သော် ခြုံငုံပြောရလျှင်မူ သူသည် စကားနည်းသောကောင်လေးတစ်ယောက်သာ ဖြစ်နေသေးပေသည်။

အချိန်သည် နွေဦးမှ နွေရာသီသို့ပင် ကူးပြောင်းလာခဲ့၏။ စနစ်၏ ဖော်ပြချက်အရ သူအသက် ၁၇နှစ်ပြည့်ပြီးသွားမှန်း ကုအန် သိလိုက်ရသည်။

သူငယ်ငယ်ကတည်းကပင် သူ့‌မွေးနေ့ကို သူမသိခဲ့ရဘဲ ထိုအကြောင်းနှင့်ပတ်သက်၍ ဂရုလည်းမစိုက်ခဲ့ပေ။

သူ့မွေးနေ့ထက်ပို၍ သူစိတ်၀င်စားသည့်အရာမှာ မည်သည့်အချိန်တွင် အဆင့် ၃ စိတ်ဝိညဉ်မြက်ကို သူရိတ်သိမ်းရမလဲ ဆိုတာသာ ဖြစ်သည်။

ဆေးတောင်ကြားရှိ ဆေးပင်အများစုသည် ရိတ်သိမ်းရန် အချိန်များစွာစောင့်ဆိုင်းရသည့်အတွက်ကြောင့် ကုအန်၏ သက်တမ်းသည် အမြဲတိုးနေခြင်း မဟုတ်ဘဲ ဒီကာလများတွင် တိုးတက်နှုန်းမှာ နှေးကွေးနေခဲ့ရ၏။

တစ်နေ့တွင် ကျန်းချွမ်းချူ ကုအန်အား ခေါ်တွေ့ခဲ့လေသည်။

“ဂျူနီယာညီလေးကု ငါ့မှာ ဆုလဒ် မြတ်မြတ်ကလေးရမည့် တာ၀န်တစ်ခုရှိတယ် မင်းယူချင်လား” ကျန်းချွမ်းချူ တောက်ပနေသော အပြုံးဖြင့် ပြောလိုက်သည်။

ကုအန် မျက်ခုံးများတွန့်ကွေးသွား၏။ ဆေးတောင်ကြားတွင် ထိုကဲ့သို့သော တာ၀န်များ ဘယ်တုန်းကရှိသွားပါသနည်း။

သူ့သိချင်စိတ်အား မြိုသိပ်လိုက်ကာ ကုအန်မေးလိုက်သည်။

“ကျွန်တော်မေးပါရစေ စီနီယာအစ်ကိုကြီး တာ၀န်ကဘယ်လိုတာ၀န်များလဲ”

“အတွေ့အကြုံရဖို့ အပြင်ကို ၂ နှစ်လောက် ခရီးထွက်ရမယ့် အပြင်စည်းတပည့်တစ်ယောက်ရှိတယ် တာ၀န်က သူပြန်မလာခင် ၂ နှစ်အတွင်း သူ့ဂူထဲက ဆေးပင်တွေကို ဂရုစိုက်ပေးရမှာပဲ သူပြန်လာရင်သူက အဲ့တာ၀န်အတွက် မင်းကို အလယ်အလတ်အဆင့် စိတ်ဝိညဉ်ကျောက်တုံး ၁၀ တုံးပေးလိမ့်မယ်” ကျန်းချွမ်းချူ ပြောလိုက်၏။

ထိုစကားအားကြားလိုက်သောအခါ ကုအန်နှလုံးသားလေး တုန်ရီသွားခဲ့သည်။

စိတ်ဝိညဉ်ကျောက်တုံးများကို အဆင့်နိမ့် အလယ်အလတ် အဆင့်မြင့် နှင့် အထွဋ်အထိပ်ဟူ၍ လေးမျိုး ခွဲထား၏။ အဆင့်တစ်ခုချင်း၏ ကွာခြားချက်မှာလည်း အဆ ၁၀၀ လောက်ပင် ကွာခြားပေသည်။ အလယ်အလတ်အဆင့် စိတ်ဝိညဉ်ကျောက်တုံးတစ်တုံးသည် အဆင့်နိမ့်စိတ်ဝိညဉ်ကျောက်တုံး ၁၀၀ နှင့်ညီ၏။ ယခုအခါ ကုအန်၏လစာမှာ တစ်လလျှင် အဆင့်နိမ့်ကျောက်တုံး တစ်တုံးသာ ဖြစ်သည်။ သို့သော် တာ၀န်အား ပြီးဆုံ‌ေအာင်လုပ်နုိင်ခဲ့လျှင် သူသည် အဆင့်နိမ့်စိတ်ဝိညဉ်ကျောက်တုံး ၁၀၀၀ ရပေလိမ့်မည်။ ထိုအရာသည် နှနှစ်အတွင်း စိတ်ဝိညဉ်ကျောက်တုံး ၁၀၀၀ ရမည့်တာ၀န်ဖြစ်၏။ သူမည်သို့ မတုန်လှုပ်ဘဲ နေနိုင်မည်နည်း။

ကုအန် အနည်းငယ်တွန့်ဆုတ်နေပြီး မေးလိုက်သည်။

“အဲ့ဒီစီနီယာက ယုံကြည်လို့ရပါ့မလား”

ကျန်းချွမ်းချူ ရယ်ရယ်မောမောနှင့် ပြန်ပြောလိုက်ပြီး အာမခံလိုက်၏။

“မဆိုးဘူး ဂျူနီယာညီလေးကု မင်းကတကယ်သတိကြီးတာပဲ အဲ့ဒီအပြင်စည်းတပည့်က ငါ့မိတ်ဆွေပါ ဂိုဏ်းထဲကိုငါနဲ့တစ်နှစ်ထဲ ၀င်ခဲ့တာ ယုံလို့ရတယ် နောက်ပြီး မင်းကရိုးသားပြီး အလုပ်ကြိုးစားလို့လည်း ငါကမင်းကိုဒီတာ၀န်ပေးရဲတာ မုန့်လန်လိုကောင်သာဆို ဒါမျိုးတာ၀န်မပေးရဲဘူး နောက်ပြီး သူ့ဂူကလည်း ငါတို့ဆေးတောင်ကြားနဲ့မဝေးဘူး ဒီကနေဆို လီတစ်ဒါဇင်လောက်ပဲဝေးတယ် မင်းအဲ့ဒီဂူကို တစ်လ ၂ ခါလောက် သွားပေးရင် ရပြီ”

တခဏတုန့်ဆိုင်းနေပြီးသည့်နောက်တွင်တော့ ကုအန် ထိုတာ၀န်အား လက်ခံလိုက်၏။

လက်ရှိအချိန်တွင် သူတစ်လခွဲလောက်ထိ မည်သည့်စိတ်ဝိညဉ်မြက်ကိုမှ ရိတ်သိမ်းရန် အခွင့်အရေး ရှိမနေပေ။ သူ့သက်တမ်းများ မတိုးဘဲ ရပ်တန့်နေသည်အား ကြည့်ရသည်မှာ သူ့အတွက်အတော်လေး စိတ်မသက်မသာဖြစ်စေ၏။ သက်တမ်းများရင်း၍ သက်တမ်းများပိုတိုးရန် ပြုလုပ်ရသည့် ခံစားချက်လေးကို သူလွမ်းနေခဲ့လေသည်။

နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်သည် သူ့အား တစ်လလျှင် အသက်တစ်နှစ် တိုးစေ၏။ အကယ်၍ သူ့တွင်သာ သက်တမ်းစုဆောင်း၍ ရသည့်စနစ်မရှိပါက ထိုမျှ ပမာဏသည် သူ့အတွက်ကျေနပ်စရာ ဖြစ်ပေလိမ့်မည်။ သို့သော် ယခုတွင်တော့ သူထိုမျှနှင့် မရောင့်ရဲနိုင်တော့ပေ။

ထို့အပြင် နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်သည် သက်တမ်းမည်မျှထိ တိုးမည်ကိုလည်း သူသံသယရှိသေးသည်။ နောက်ဆုံးတွင် အရာအားလုံး၌ အကန့်အသတ်ရှိသည် မဟုတ်ပါလား။

ကုအန် လက်ခံလိုက်သည်အားမြင်သည်နှင့် ကျန်းချွမ်းချူ ကုအန်အား တောင်ကြားအပြင်ဘက်သို့ ခေါ်သွားခဲ့၏။

ကုအန် တောင်ကြားမှ မထွက်သည်မှာ ၂ နှစ်လောက်ရှိသွားပြီဖြစ်သောကြောင့် ယခုအခါ ထိုနေရာမှ ထွက်လာရခြင်းသည် သူ့အား အနည်းငယ်ကြောက်လန့်နေစေခဲ့သည်။

ကုအန် တောင်ကြားမှ စတင်ထွက်ခွာလိုက်‌သည်နှင့် တောင်တန်းများနှင့် တောအုပ်များက သူ့အား ဆီးကြိုနေပေသည်။ နေရောင်ခြည်သည် သစ်ပင်များကြားထဲမှ သက်တန့်ရောင်စဉ်တန်းများကဲ့သို့ ဖြာကျနေပေရာ သူ့ရှေ့ရှိ မြင်ကွင်းအား ပို၍ပင် အလှဆင်နေလေသည်။

ကျန်းချွမ်းချူ သူ့ခါးအားပုတ်လိုက်ရာ သိုလှောင်အိတ်ထဲမှ ဓားတစ်ချောင်းထွက်လာခဲ့၏။ ထို့နောက် ကုအန်လက်အား ကိုင်၍ ဓားပေါ်ခုန်တက်ကာ ပျံသန်းလေတော့သည်။

ကုအန် ကြောက်ရွံ့နေသောကြောင့် ကျန်းချွမ်းချူခါးအား အတင်းဖက်ထားမိ၏။ နွေလေပူများမှာလည်း သူ့အနက်ရောင်ဆံပင်များအား ရှုပ်ပွသွားအောင် တိုးဝေ့တိုက်ခတ်နေသည့်အချိန်တွင် ကုအန် အနည်းငယ်မနာလိုပင် ဖြစ်သွားရသည်။

ဓားပျံထိန်းချုပ်ခြင်း ဆိုသည်မှာ ကျင့်ကြံသူတစ်ယောက်၏ အမှတ်အသားပင် မဟုတ်ပါလား။

ကျန်းချွမ်းချူတွင် ထိုကဲ့သို့ ပညာမျိုးပိုင်ဆိုင်ထားလိမ့်မည်ဟု သူထင်မထားခဲ့ပေ။

သူ့ခါးအား တင်းနေအောင်ဆုပ်ကိုင်ထားသည်အား ကြည့်ပြီး ကျန်းချွမ်းချူ ရယ်မောလိုက်သည်။

“ဂျူနီယာညီလေးကု မင်းမျက်လုံးကိုဖွင့်ထားပြီး လမ်းတစ်လျှောက်သေချာလေ့လာထားတာ ပိုကောင်းမယ်နော် နောက်ကျ ဒီကိုမင်းဖာသာမင်းလာရမှာ”

ကုအန် မနေနိုင်ဘဲ ထုတ်မေးလိုက်မိ၏။

“စီနီယာအစ်ကိုကြီး ကျွန်တော့်ကိုရော ဒီဓားပျံထိန်းချုပ်ခြင်းပညာ သင်ပေးလို့ရလား”

“မင်းကြိုးကြိုးစားစားကျင့်ကြံပြီး စွမ်းအင်ကျင့်ကြံခြင်းအဆင့် ၄ ကိုရောက်ရင် ငါမင်းကိုသင်ပေးမယ်”

“စွမ်းအင်ကျင့်ကြံခြင်း အဆင့် ၄ ….”

“မင်းသာကြိုးကြိုးစားစားကျင့်ကြံမယ်‌ဆို တစ်နေ့တော့ အဆင့် ၄ ကိုရောက်မှာပါ”

ထိုစကားများအား ပြောနေချိန်တွင် ကျန်းချွမ်းချူ သူ့ရင်အားကော့ထားမိပြီး သူ့စိတ်မှာလည်း အတော်လေးကျေနပ်နေမိသည်။

သူ့စိတ်ထဲ၌ မတွေးဘဲမနေနိုင်ခဲ့ပေ။

“အခုအချနိန် ဂျူနီယာညီလေးကုရဲ့ မျက်လုံးထဲမှာ ငါ့ပုံရိပ်က အကြီးကြီးဖြစ်နေပြီပဲ အနာဂတ်မှာ သူငါ့ကိုအတုယူပြီး ကြိုးကြိုးစားစားကျင့်ကြံဖို့ မျှော်လင့်ပါတယ်”

သူ့မျက်လုံးထဲတွင် ကုအန်သည် ကျင့်ကြံခြင်းအားစိတ်မ၀င်စားခြင်းမှ လွဲ၍ နေရာတိုင်းတွင် တော်သောကောင်လေးဖြစ်ပေသည်။ သူသည် သူ့အားလပ်ချိန်များ၌ ကျင့်ကြံရမည့်အစား စာအုပ်များဖြင့်သာ အချိန်ကုန်နေတတ်၏။

ကုအန်မှာမူ ဆွံ့အနေလေသည်။ စွမ်းအင်ကျင့်ကြံခြင်းအဆင့် ၄ သို့ရောက်ရန်မှာ အရမ်းခက်လိမ့်မည်လော။

ငါ့သက်တမ်း ၁၀၀ လောက် သုံးလိုက်ရင် ရောက်လောက်လား။

မဟုတ်သေးဘူး။ ဒါဆို ငါ့သက်တမ်း ၅၀၀ လောက်ဆိုရင်ရော ရောက်လောက်မှာလား။

တကယ်လို့ ၅၀၀ ကတောင် မလုံလောက်ရင်တော့

ဒါက ကြောက်စရာပဲ!

သူတို့ညီအစ်ကိုနှစ်ယောက်သည် ဓားပျံပေါ်တွင် စကားတပြောပြောနှင့် ပျံသန်းနေခဲ့ကြလေသည်။

မကြာခင်တွင် ကျန်းချွမ်းချူဓားပျံအား တောအုပ်ထဲသို့ ဆင်းသက်စေခဲ့၏။ မြေပြင်ပေါ်ရောက်သွားသည့် အချိန်ထိပင် ကုအန် ဓားပျံစီးရသောအရသာကို တောင့်တနေမိသည်။

ကျန်းချွမ်းချူ ကုအန်အား တောအုပ်အတွင်းပိုင်းသို့ ခေါ်သွားခဲ့ပြီး ကျောက်နံရံတစ်ခုရှေ့သို့ ရောက်သောအခါမှသာ ရပ်တန့်ခဲ့၏။ ထို့နောက် ကျန်းချွမ်းချူ ကျောက်စိမ်းပြားတစ်ခုအား ထုတ်ကာ ကျောက်နံရံပေါ်ရှိ အပေါက်တစ်ခုတွင် ထည့်လိုက်လေသည်။

“ဒီဂူက အတားအဆီးရှိတယ် မင်းနောက်လာရင်လည်း ဒီကျောက်စိမ်းပြားကို ယူလာဖို့လိုတယ် မပျောက်စေနဲ့နော် ပျောက်ရင်ပြဿနာတက်သွားလိမ့်မယ်” ကျန်းချွမ်းချူ သတိပေးလိုက်သည်။

ကုအန် ခေါင်းငြိမ့်လိုက်၏။ ကျောက်စိမ်းပြားထည့်ပြီးသည့်နောက် ကျောက်နံရံကြီးမှာ တုန်ခါလာပြီး ကျောက်တံခါးတစ်ချပ်ပေါ်ပေါက်လာကာ ပွင့်သွားလေသည်။

ကျန်းချွမ်းချူ ကျောက်စိမ်းပြားကိုပြန်ထုတ်လိုက်ပြီး ကုအန်အား အထဲခေါ်သွားခဲ့၏။

သူတို့နှစ်ယောက် အမှောင်ထဲပျောက်ကွယ်သွားပြီး မကြာခင်တွင် ကျောက်တံခါးကြီးမှာ အလိုလိုပြန်ပိတ်သွားလေတော့သည်။

ဂူကြီးသည် ကုအန်ထင်ထားသည်ထက်ပင် ပိုကြီးနေ၏။ ဂူ၏ အရှည်မှာပင် ပေ ၃၀ လောက်ရှည်လျားပေသည်။ သူတို့နှစ်ယောက် ကျောက်ဂူထဲရှိ အခန်းတစ်ခန်းသို့ ရောက်သွားသောအခါ ကုအန်အကြည့်သည် အခန်းထဲတွင် စိုက်ပျိုးထားသော ဆေးပင်များဆီ ရောက်သွားခဲ့သည်။

အပင်များကို ကြပ်ကြပ်သိပ်သိပ်စိုက်ပျိုးထားခြင်းဖြစ်ပြီး ခန့်မှန်းချေ အပင် ၁၀၀ လောက်ပင် ရှိလောက်၏။ လက်ရှိ ကုအန်၏ နားလည်မှုအရ ထိုအပင်များသည် သာမန်အဆင့်သာရှိသော ဆေးပင်များလည်း မဟုတ်လောက်ပေ။

အပြင်စည်းတပည့်တိုင်းသည် ဒီလောက်ထိ ချမ်းသာကြသည်လော။

ကျန်းချွမ်းချူ ကုအန်အား မည်သည့်အပင်များကို ရိတ်သိမ်းသင့်ကြောင်းနှင့် အပင်များ၏ စိုက်ပျိုးပုံ အသေးစိတ်အချက်အလက်များကို ညွှန်ပြနေလေသည်။

အချို့အပင်များသည် အချိန်မီမရိတ်သိမ်းပါက စိတ်ဝိညဉ်မီးတောက်များ ပေါက်ကွဲထွက်သွားနိုင်ပြီး ရလဒ်အနေနှင့် အခြားအပင်များအားလုံးကိုပါ ပျက်ဆီးသွားစေနိုင်၏။

ထို့အပြင် စားပွဲပေါ်တွင် မျိုးစေ့အချို့လည်း ရှိသေးသည်။ ကုအန် ရိတ်သိမ်းပြီးသွားပါက ထိုမျိုးစေ့များကို ပြန်စိုက်ပေးဖို့ လိုသေး၏။

အပြင်စည်းတပည့်သည် စားပွဲပေါ်တွင် စိတ်ဝိညဉ်ကာကွယ်ခြင်းစက္ကူများကိုလည်း အဆင်သင့် တင်ထားပေးခဲ့သည်။

“ကောင်းပြီ ငါအခုပြန်တော့မယ် မင်းပြီးသွားရင် ကိုယ့်ဖာသာပြန်ခဲ့ရမယ် အရင်ဆုံး သေချာလမ်းရှာပြီးပြန်ခဲ့ တကယ်လို့ မင်းညနေထိ ပြန်မရောက်သေးဘူး‌ဆိုမှ ငါမင်းကိုပြန်လာရှာမယ်” ကျန်းချွမ်းချူ ပြောလိုက်ပြီး ကုအန်လက်ထဲ ကျောက်စိမ်းပြားထည့်ပေးခဲ့ကာ ပြန်သွားခဲ့၏။

ကုအန် အပင်များကို ချက်ချင်းမရိတ်သိမ်းခဲ့ပေ။ ထိုအစား ကျောက်အခန်းကို အရင်လေ့လာလိုက်သည်။

အခန်းသည် ရိုးရှင်းလှ၏။ ကျောက်အိပ်ယာတစ်လုံး ကျောက်စားပွဲတစ်လုံးနှင့် ကျောက်ခွေးခြေခုံလေးနှစ်လုံးသာ ရှိပေသည်။ ထိုအရာများအပြင် ကျောက်နံရံပေါ်တွင်တော့ နွယ်ပင်များနှင့် ဖုံးအုပ်ထားသော စာအုပ်အချို့ရှိ၏။

ကုအန် ထိုစာအုပ်များအား ကြည့်ချင်သည့် ဆန္ဒမျိုး ရှိမနေချေ။ အကယ်၍ အခန်းပိုင်ရှင်ကျင့်ကြံသူက ထိုစာအုပ်များအပေါ် အကာအကွယ်အတားအဆီးများ ပြုလုပ်ထားလျှင် ဘယ်လိုလုပ်မည်နည်း။

ကုအန် ရိုးရိုးသားသားနှင့် သက်တမ်းစုဆောင်း၍သာ နေချင်သည်။ မည်သည့်ပြဿနာမှ မရှာချင်ပေ။

ထို့နောက် ကုအန် ရင့်နေသော အပင်များအား စတင်ရိတ်သိမ်းတော့သည်။

[သင်သည် အဆင့် ၃ စိတ်ဝိညဉ်မီးတောက်မြက်အား ရိတ်သိမ်းပြီး သက်တမ်း ၉ နှစ် ရရှိခဲ့ပါသည်]

ရှူးးးးး…….

အဆင့် ၃ အပင်ပဲ!

ရုတ်တရက် ကုအန် သူ၏အပင်များအပေါ် အကဲဖြတ်မှု မှားယွင်းခြင်းလား ဒါမှမဟုတ် ဂိုဏ်း၏အပြင်စည်းတပည့်များအပေါ် ပေးသော အခွင့်အ‌ေရးများက သူတို့ဆေးတောင်ကြား၏ အမြင့်ဆုံးရာထူးအပေါ် ပေးသော အခွင့်အရေးများထက်ပင် သာနေခြင်းလား မသိတော့ချေ။

မေ့ထားလိုက်တာကောင်းပါတယ် ဒါကိုပဲအရင်လုပ်ကြတာပေါ့!

ပထမအသုတ် ရိတ်သိမ်းရသော ဆေးပင်များသည် စုစုပေါင်း ၁၁ပင်ရှိပြီး ထို၁၁ပင်မှ ကုအန် သက်တမ်း ၈၉ နှစ် ရသွားခဲ့သည်။ ထို့ကြောင့် သူ့ သက်တမ်းစုစုပေါင်းမှာ ၁၂၆၄ နှစ်သို့ပင် ရောက်ရှိလာခဲ့၏။

သက်တမ်းစစ်ဆေးခြင်းစနစ်ဖြင့် စစ်ဆေးကြည့်သောအခါ ကုအန် သူ့ပတ်၀န်းကျင်တွင် အဆင့် ၄ စိတ်ဝိညဉ်မြက်ပင် တစ်ပင်ကိုပင် တွေ့ခဲ့ရသည်။

ဘယ်လိုတောင်ကောင်းလိုက်တဲ့ အပြင်စည်းတပည့်ဘ၀လဲ!

ရေရှည်စီးပွားရေးအတွက် ထိုသို့သော တပည့်မျိုးနှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ထားရမည်ဟု ကုအန် တွေးထားလိုက်၏။

နေပါဦး!

ထိုသို့ဆိုလျှင် သူ အခြားဂိုဏ်းတပည့်များအတွက်ရော ယခုကဲ့သို့တာ၀န်မျိုးကို သူယူ၍ရသည် မဟုတ်ပါလား။

နောက်ဆုံးတွင် ဂိုဏ်းတပည့်တိုင်းသည် အပြင်သို့ အတွေ့အကြုံခရီးထွက်ရသည်သာ။

“မဟုတ်သေးဘူး ဒီတာ၀န်ကိုပဲ ငါအရင်ပြီးအောင်လုပ်ရမယ် ကျန်တာကနောက်မှ ဖြည်းဖြည်းချင်းသွားမယ်”

ထိုတာ၀န်မျိုးရှာ‌ေနရင်း အကယ်၍ သူ့ဆီမှခြိမ်းခြောက်ငွေညှစ်မည့် လူဆိုးတစ်ယောက်ယောက်နှင့် တွေ့လျှင်မည်သို့ လုပ်မည်နည်း။ ကုအန် ထိုကိစ္စကိုလည်း ထည့်စဉ်းစားရပေလိမ့်မည်။

သူသည် အစေခံတပည့်တစ်ယောက်သာဖြစ်ပြီး အကယ်၍သူသာ တရား၀င်တပည့်တစ်ယောက်ယောက်နှင့် ပြဿနာဖြစ်ခဲ့ပါက ခံရမည့်သူမှာ သူသာ‌ဖြစ်ပေလိမ့်မည်။

ထို့နောက် ကုအန် စိတ်ဝိညဉ်မီးတောက်မြက်မျိုးစေ့များအား စတင်စိုက်ပျိုးတော့သည်။

မိနစ်သုံးဆယ်ကြာပြီးသည့်နောက်….

ကုအန် ဂူထဲမှ ထွက်လာလိုက်ပြီး ဂူတံခါးကိုပြန်ပိတ်လိုက်ကာ ဆေးတောင်ကြားဆီသို့ ဦးတည်ပြန်လာခဲ့၏။

လောဘမိစ္ဆာကဲ့သို့ မိစ္ဆာတစ်ကောင်ကောင်နှင့် တွေ့မည်စိုးသောကြောင့် ကုအန် တောင်ကြားဆီ အမြန်သုတ်လာခဲ့လေသည်။

နတ်နဂါးခွန်အား ရှေးဟောင်းကျင့်စဉ်၏ အစွမ်းကြောင့် တစ်နာရီမပြည့်ခင်မှာပင် ကုအန် ဆေးတောင်ကြားအ၀င်၀ဆီသို့ ရောက်ရှိလာခဲ့၏။ သူတောင်ကြားအ၀င်၀သို့ ရောက်သောအခါ တစ်ယောက်ယောက်ရှိ‌ေနသည်ကို သတိထားမိလိုက်သည်။

ချူကျင့်ဖုန်း!

ချူကျင့်ဖုန်း၏ ညာလက်တစ်ဖက်သည် ပြတ်တောက်နေခဲ့ကာ သူ့မျက်နှာမှာလည်း ကြမ်းတမ်း‌ခက်ထန်နေပြီး အနက်ရောင်၀တ်စုံတစ်ခုကို ဝတ်ဆင်ထား၏။ သူ၏ပုံစံမှာ ယခင်ကနှင့် လုံး၀မတူတော့ပေ။

All Chapters