← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အပိုင်း (၇)

နှစ်ပေါင်းသုံးထောင်သက်တမ်း

ကုအန် ချူကျင့်ဖုန်းအား မြင်လိုက်သောအခါ ချူကျင့်ဖုန်းလည်း ကုအန်အား မြင်သွားခဲ့သည်။

ကုအန် ချူကျင့်ဖုန်းအား သွားနှုတ်ဆက်ရန် ပြင်လိုက်ချိန်တွင် ချူကျင့်ဖုန်း အမြင့်ကြီးတစ်ချက်ခုန်လိုက်ပြီး ကုအန်ရှေ့သို့ ငန်းရိုင်းတစ်ကောင်ကဲ့သို့ ကျလာခဲ့၏။

“မင်းကကုအန်ပဲ ငါမင်းကိုမေးစရာတွေရှိတယ်” ချူကျင့်ဖုန်း သုန်မှုန်နေသောမျက်နှာဖြင့် ပြောလိုက်သည်။

ကုအန် ကြောက်လန့်ချင်ယောင်ဆောင်လိုက်ကာ ခါးညွတ်လိုက်ပြီး လေးလေးစားစားပြန်ပြောလိုက်၏။

“ဟုတ်ပါတယ် ဒီကစီနီယာဘာများသိချင်ပါသလဲ ကျွန်တော်မှန်မှန်ကန်ကန်ပြန်ဖြေပေးပါ့မယ်”

ကုအန်၏ ရိုးသားသောအမူအရာကို တွေ့လိုက်သောအခါ ချူကျင့်ဖုန်း၏အမူအရာ ပျော့ပြောင်းသွားပြီး ချိုချိုသာသာမေးလိုက်လေသည်။

“အဲ့ဒီညက လောဘမိစ္ဆာမနဲ့မင်းရင်ဆိုင်ခဲ့ရတယ်မလား မင်းလည်ပင်းကိုတောင်အဲ့ဒီမိစ္ဆာမက ချုပ်ထားခဲ့လိုက်သေးတယ် မင်းသူ့မျက်နှာကိုမှတ်မိလား”

ကုအန်ခေါင်းယမ်းလိုက်ကာ ပြောလိုက်၏။

“အဲ့ဒီညက အခန်းထဲမှာ မီးအိမ်ငြိမ်းသွားခဲ့ပြီးတော့ အလင်းရောင်မရှိခဲ့ပါဘူး အဲ့တာကြောင့်ကျွန်တော် သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမ‌မြင်ခဲ့ရဘူး နောက်ပြီး သူကရုတ်တရက်အခန်းထဲ၀င်လာပြီး ကျွန်တော့်ကိုကြောက်လန့်ပြီး မေ့မျောသွားအောင်လုပ်သွားတော့တာပဲ…”

ထိုအကြောင်းအား ပြန်ပြောနေရင်း ကုအန်ချီစွမ်းအားသုံးကာ သူ့မျက်နှာအား နီရဲတက်လာစေရန် ပြုလုပ်ထားလိုက်‌သည်။

ချူကျင့်ဖုန်း ကုအန်၏ ရှက်ရွံ့နေ၍ မျက်နှာများပင် နီရဲနေသော ပုံစံအားတွေ့လိုက်သောအခါ သူ့ဒေါသများ သိသိသာသာလျော့ပါးသွားခဲ့၏။

“ငါဘာလုပ်နေတာလဲ အစေခံတပည့်တစ်ယောက်ကို အနိုင်ကျင့်မိနေတာလား….”ချူကျင့်ဖုန်း သူ့ကိုယ်သူ ပြန်တွေးမိသွားသည်။

သူ့အမူအရာ ပိုပြီးငြင်သာလာခဲ့ကာ ပြောလိုက်၏။

“တကယ်လို့ မင်းတစ်ခုခုမှတ်မိတာ ဒါမှမဟုတ် ဘာကိုပဲထပ်ပြီးတွေ့တွေ့ ငါ့ကိုဆက်သွယ်လို့ရတယ်”

ထိုသို့ပြောပြီးနောက် ချူကျင့်ဖုန်း ကြက်ဥအရွယ်စိတ်ဝိညဉ်ကျောက်တုံးတစ်တုံးအား ထုတ်လိုက်ကာ “ဒါက အထူးစိတ်ဝိညဉ်ကျောက်တုံးပဲ မင်းဒီထဲကို စိတ်ဝိညဉ်စွမ်းအားထည့်ပြီး ငါနဲ့အဆက်အသွယ်လုပ်လို့ရတယ်”

ထိုကျောက်တုံးအား ကုအန်ဆီပေးပြီးသောအခါ ချူကျင့်ဖုန်း တစ်ဖန်ထပ်ခုန်လိုက်ပြီး သူ့ခါးမှပျံထွက်လာသော ဓားပျံပေါ်တက်ကာ ပျံထွက်သွားခဲ့လေသည်။

သူပဲစိတ်ထင်သည်လား သေချာမသိပေမယ့် ချူကျင့်ဖုန်းသည် လက်တစ်ဖက်မပြတ်ခင်ကထက်ပင် ပို၍သန်မာလာသည်ဟု ကုအန် ခံစားလိုက်ရ၏။

ကုအန်အများကြီးမစဉ်းစားတော့ဘဲ စိတ်ဝိညဉ်ကျောက်တုံးအား ကိုင်ကာ ဆေးတောင်ကြားဆီသို့သာ ပြန်လာခဲ့သည်။

“ငါရော ဘယ်တော့များမှ ကိုယ်ပိုင်သိုလှောင်အိတ်ရမှာလဲကွာ”

လူငယ်လေးသည် တောအုပ်ထဲရှ်ိ တောင်ခါးပန်းပေါ်သို့ တက်သွားနေရင်း နေရောင်ခြည်သည် သူ့ကိုယ်ပေါ်တွင် အရောင်စုံ၀တ်စုံတစ်ခုကဲ့သို့ ဖြာကျနေလေတော့သည်။

……….

ကာလယန္တယားကြီးလည်ပတ်နေရင်း နှစ်နှစ်တာကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

တောအုပ်ထဲသို့ ၀င်လာနေသော အသက် ၁၉ နှစ်အရွယ် ကုအန်၏အရပ်သည် အရင်နှနှစ်ကထက် အများကြီးပိုရှည်လာကာ သူ့ခန္ဓာကိုယ်မှာလည်း ပိုမိုတောင့်တင်းလာခဲ့၏။ သာမန်ချည်သားအင်္ကျီကိုသာ ၀တ်ဆင်ထားသော်လည်း သူ့ပုံစံသည် ရှင်းသန့်နေပြီး အထူးသဖြင့် သူ၏မျက်လုံးများသည် အလွန်တောက်ပနေလေသည်။ ဆံပင်များကိုမူ ခေါင်းနောက်တွင် မြက်ကြိုးတစ်ခုနှင့် စုချည်ထားပြီး ဆံစလေးနှစ်ခုသည် သူ့နှဖူးပေါ်တွင် ကျနေလေရာ သူ့အား လွတ်လပ်ပေါ့ပါးသော လူတစ်ယောက်အဖြစ် ပုံဖော်ပေးနေပြန်၏။

“စီနီယာအစ်ကိုကြီး ဘယ်လောက်ဝေးသေးလဲ”

ရှောင်ချွမ် အလွန်မောနေသော အသံဖြင့် မေးလိုက်လေသည်။

သူသည် ဆေးတောင်ကြားရှိ ကုအန်၏တစ်ဦးတည်းသော ဂျူနီယာဖြစ်ပြီး ကုအန်နောက် လျှောက်လိုက်ရသည်ကို ကြိုက်သောကောင်လေး ဖြစ်၏။ ကုအန် အပြင်စည်းဂိုဏ်းသားတစ်ယောက်အတွက် ဂူတစ်လုံးကိုစီမံနေရသည်ဟု ကြားသောအခါ သူလည်းလိုက်ချင်ကြောင်း ကုအန်ခွင့်မပြုမချင်း နားပူနားဆာလုပ်နေခဲ့သည်။

ကုအန်သည်လည်း နောက်ဆုံးတော့ထိုကောင်လေးအား အကြောင်းပြချက်တစ်ခုကြောင့် သဘောတူခဲ့လိုက်သည်။

ဂူပိုင်ရှင်ပြန်ရောက်နေပြီဟု ကျန်းချွမ်းချူထံမှ မနေ့ကကြားခဲ့ရသောကြောင့် မတော်တဆမှုများမှ ကာကွယ်ရန် သူ ရှောင်ချွမ်အား ခေါ်သွားခဲ့ခြင်းဖြစ်၏။

တစ်ဖက်လူ၌ မကောင်းသောရည်ရွယ်ချက်များရှိနေလျှင်တောင် နောက်လူတစ်ယောက်ပါလာသောအခါ သူ့အား ထိုသို့ပြုလုပ်ရန် တွန့်ဆုတ်သွားစေလိမ့်မည် မဟုတ်ပါလား။

ကုအန် ရှောင်ချွမ်ကိုတော့ မထိခိုက်စေလိုဘဲ အကယ်၍ ဒုက္ခတစ်ခုခုဖြစ်လာခဲ့ပါက သူ့ နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ် သည်လည်း ဟာသတော့ ဟုတ်မနေပေ။

“ရောက်ခါနီးပါပြီ”

ကုအန် လှည့်မကြည့်ဘဲ ပြောလိုက်သည်။ ရိုးရိုးသားသားပြောရလျှင် ကျန်းချွမ်းချူသူ့အား ဘာကြောင့်နှစ်သက်ရသလဲဟူသော အချက်ကို သူစနားလည်လာခဲ့ပြီ ဖြစ်၏။

လိမ္မာသော ဂျူနီယာလေးတစ်ယောက်ရှ်ိခြင်းသည် သူ့အားအတော်လေး ဒုက္ခနည်းသွားစေခဲ့သည်။ ယခုပင် သူ့ဝါးခြင်းကို ရှောင်ချွမ်က သယ်ပေးထားသည် မဟုတ်ပါလား။

ရှောင်ချွမ် ညည်းတွားလိုက်မိ၏။ ထိုစကားအား သူကြားနေရသည်မှာ ရှစ်ကြိမ်ထက်မနည်းတော့ပေ။

၁၀ လီ ဆိုသည်မှာ သာမန်လူသားတစ်ယောက်အတွက် မနည်းလှသော အကွာအဝေးဖြစ်ပေသည်။ ပူပြင်းသောနေအောက်တွင် တောင်ကြောများကို ဖြတ်သွားရသောကြောင့် ရှောင်ချွမ် သေတော့မလိုပင် ခံစားနေရသည်။

ကုအန် သူ့အား အားပေးစကား ထပ်မပြောခဲ့တော့ပေ။ ဒီတစ်ခါ သူတို့တကယ်ပင် ရောက်တော့မည်ဖြစ်သောကြောင့် ဖြစ်၏။

နာရီ၀က်ခန့်ကြာသောအခါ ကုအန် ခြုံပုတ်များအား တွန်းဖယ်လိုက်ပြီး ဂူနံရံကြီးတစ်ခုဆီသို့ ရောက်ရှ်ိသွားခဲ့သည်။ ကုအန် ဂူကိုတန်းမဖွင့်ဘဲ လက်သီးဆုပ်လိုက်ကာ ပြောလိုက်၏။ “ဂျူနီယာကုအန်က စီနီယာ့ကို ကျောက်စိမ်းပြားပြန်အပ်ဖို့ ရောက်ရှိနေပါပြီ”

ရှောင်ချွမ်မှာမူ အခြားတစ်ဖက်ရှိ တောင်နံရံအား မှီနေပြီး အမောဖြေနေလေသည်။

သူ့နောက်ခံသည်လည်း ကုအန်လိုပင် နိမ့်ကျသောနောက်ခံမှ လာရသူဖြစ်၏။ ထို့‌ေကြာင့် သူ၏ အကန့်အသတ်ရှိသော အသိပညာနှင့်ဆိုပါက ဂိုဏ်း၏အပြင်စည်းတပည့်တစ်ယောက်အား တွေ့ရခြင်းဆိုသည်မှာ သူ့အတွက် ကြီးကျယ်သော ကိစ္စကြီး ဖြစ်သည်။

ဂျိန်းးး…

ကျောက်တံခါးပွင့်သွားပြီး အထဲမှ အသံတစ်သံထွက်ပေါ်လာခဲ့၏။

“၀င်လာခဲ့ပါ”

ကုအန် ရှောင်ချွမ်အား လှည့်ပြောလိုက်သည်။

“ငါ့ကိုအပြင်မှာစောင့်နေ”

ရှောင်ချွမ်တွင်လည်း အထဲသို့လိုက်၀င်ရဲလောက်သော သတ္တိမျိုး ရှိမနေခဲ့ချေ။ ဂူ၀င်ပေါက်သည်ပင် သူထင်ထားသည်ထက် အတော်လေးကြီးနေသည် မဟုတ်ပါလား။

ကုအန် ဂူထဲ၀င်သွားချိန်တွင် အရင် ၂ နှစ်ကထက် ပိုယုံကြည်ချက်ရှိနေလေ၏။

သူ၏ ယုံကြည်မှုသည် သူစုဆောင်းထားသော သက်တမ်းများမှ ရရှိလာခဲ့ခြင်းဖြစ်သည်။ သူ့သက်တမ်းသည် ယခုအချိန်တွင် ၃၄၀၀ ကျော်သို့ပင် ရောက်ရှိနေခဲ့လေပြီ။

ဂူထဲမှ ဆေးပင်များအပြင် ဤနှနှစ်အတွင်း ချန်းရွှမ်တန်သည် သူ့အား အဆင့် ၃ ဆေးပင်များအား ရိတ်သိမ်းရင် ညွှန်ကြားပေးခဲ့၏။ ထို့ကြောင့် သူ့သက်တမ်းသည် ၂နှစ်အတွင်း အလျင်အမြန်တိုးတက်လာခဲ့ခြင်း ဖြစ်ပေသည်။

လူတစ်ယောက်၏ ယုံကြည်မှုသည် သူ့ခွန်အားမှလာခြင်း ဖြစ်၏။ ယခုအခါ ကုအန်ကိုယ်ပေါ်တွင် စိတ်ဝိညဉ်အရိပ်အယောင် တစ်စွန်းတစ်စကိုသာ တွေ့နိုင်သော်လည်း သူသည် လွန်ခဲ့သော ၂နှစ်ကနှင့်မတူဘဲ များစွာပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဂူထဲသို့ ၀င်လိုက်သောအခါ ကျောက်စားပွဲတွင်ထိုင်နေသော လူတစ်ယောက်အား ကုအန်တွေ့လိုက်ရ၏။

ထိုလူသည် ခပ်ပိန်ပိန်နှင့် လူလတ်ပိုင်းအရွယ်လူကြီးတစ်ယောက် ဖြစ်‌သည်။ သူ၏ တာအို၀တ်စုံအား ကိုယ်ခန္ဓာတွင် ချည်ထားပြီး မီးခိုးရောင်ဆံပင်များ ချိုင့်၀င်နေသောမျက်လုံးများ ထင်ရှားသော ပါးရိုးများနှင့် အကြံကြီးသောလူတစ်ယောက်၏ သွင်ပြင်ပုံစံ ရှိ၏။

တစ်ချက်ကြည့်လိုက်သည်နှင့်ပင် ထိုလူသည် ကိုင်တွယ်၍ လွယ်မည့်လူမဟုတ်ကြောင်း ကုအန်သိလိုက်ရသည်။

[ကျူးမိုယန် (စွမ်းအင်ကျင့်ကြံခြင်းနယ်ပယ် အဆင့် ၉): ၅၈/၁၃၀/၁၄၀]

သူ၏ သက်တမ်းသည် ကျန်းချွမ်းချူထက်ပင် နည်းနေလေရာ သူ့ပါရမီသည် ကျန်းချွမ်းချူအောက်တွင်သာ ရှိမှန်း ဖော်ပြနေ၏။

သူ့ကျင့်ကြံခြင်း ကျန်းချွမ်းချူထက် မြင့်နေရခြင်းမှာ ဆေးဝါးများ အသုံးပြုထားခြင်းသာ ဖြစ်ရပေလိမ့်မည်။

ကုအန် တစ်ချက်အကဲခတ်ပြီးသည့်နှင့် ကျောက်စိမ်းပြားအားထုတ်ကာ ကျူးမိုယန်ဆီသွားလိုက်ပြီး လက်နှစ်ဖက်နှင့် ရိုရိုသေသေ သွားပေးလိုက်လေသည်။

ကျူးမိုယန် ကျောက်စိမ်းပြားအား ယူလိုက်ပြီး ချိုချိုသာသာပြောလိုက်၏။

“မင်းကောင်းကောင်းလုပ်ခဲ့တာပဲ ငါကျေနပ်တယ် ဒီအိတ်ထဲမှာ အလယ်အလတ်အဆင့်စိတ်ဝိညဉ်ကျောက်တုံး ၁၀ တုံးပါတယ် ယူသွားလိုက်”

ကျူးမိုယန် စားပွဲပေါ်မှ အ၀တ်အိတ်ကိုယူပြီး ကုအန်ကို ပေးလိုက်သည်။

ကုအန် အ၀တ်အိတ်အား ရိုရိုသေသေယူထားလိုက်ပြီး အိတ်ကိုမသိမသာစစ်ကြည့်လိုက်ကာ ကျူးမိုယန်အား ကျေးဇူးတင်စကား ပြောလိုက်၏။

“မင်းသွားလို့ရပြီ” ကျူးမိုယန် လက်ကာပြလိုက်ပြီး ပြောလိုက်သည်။

ကုအန် ခေါင်းညိတ်လိုက်ပြီး ဦးညွတ်အရိုအသေပြုလိုက်ကာ လှည့်ပြန်ခဲ့၏။

သူ‌ေနာက်သို့ လှည့်လိုက်သောအချိန်တွင် ရုတ်တရက် သူ့မျက်လုံးက ဂူထဲရှိ တစ်စုံတစ်ခုအား သတိထားမိသွားလေသည်။ ကုအန် ဖြတ်ကနဲပင် သူ့ သက်တမ်းစစ်ဆေးခြင်းလုပ်ဆောင်ချက်အား ချက်ချင်းဖွင့်လိုက်မိ၏။

[လောဘမိစ္ဆာ(အဆင့်၂):၃၁/၁၄၀/၁၈၀]

ထို့နောက် ကုအန် အမူအရာတစ်ချက်မပျက်ဘဲ ဂူထဲမှ အမြန်ထွက်သွားခဲ့သည်။

ကျူးမိုယန် ဂူထဲမှ ပြန်ထွက်သွားသော ကုအန်၏ ပုံရိပ်အားကြည့်နေရင်း သူ့မျက်လုံးများသည် အေးစက်နေခဲ့ကာ သူတစ်ယောက်ထဲသာ ကြားနိုင်သော လေသံတိုးတိုးလေးဖြင့် ကျိန်းဝါးလိုက်၏။

“မင်းကံကောင်းသွားတယ်”

ကျူးမိုယန်၏ ဂူတွင် တပ်ဆင်ထားသော အတားအဆီးမှာ အဆင့်နိမ့်မှော်အတားအဆီးတစ်ခုသာ ဖြစ်သောကြောင့် နတ်နဂါးခွန်အားရေှးဟောင်းကျင့်စဉ်ကြောင့် ထက်ရှ‌ေသာအာရံုကို ပိုင်ဆိုင်ထား‌ေသာ ကုအန်တစ်‌ေယာက် ကျူးမိုယန်၏ ခပ်တိုးတိုး ရေရွတ်သံအား ကြားလိုက်ရလေရာ ကိစ္စများက ပိုမိုခက်ခဲလာပြီဟု ခံစားလိုက်ရသည်။

တကယ့် ပြဿနာကြီးတစ်ခုရှိနေပြီပဲ!

လောဘမိစ္ဆာများသည် ဤအနီးတစ်ဝိုက်လုံးကို တိုက်ခိုက်သတ်ဖြတ်ခဲ့သော်လည်း ကျူးမိုယန်၏ ဂူအား အဘယ်ကြောင့် အန္တရာယ်မပြုခဲ့သလဲဟု ကုအန်အရင်ကတည်းက သံသယရှိနေခဲ့ခြင်းဖြစ်၏။ ယခုတွင်တော့ ကျူးမိုယန်ကိုယ်တိုင်က လောဘမိစ္ဆာများနှင့် ပတ်သက်နေခြင်း‌ေကြာင့်ဖြစ်မှန်း သူသိလိုက်ရသည်။

“အစ်ကို အဆင်ပြေခဲ့လား” ရှောင်ချွမ် ဂူထဲမှထွက်လာသော ကုအန်အား စိတ်၀င်တစားမေးလိုက်၏။

ကုအန် တစ်ချက်ပြုးလိုက်ကာ ပြောလိုက်သည်။

“ပြေခဲ့ပါတယ် ပြန်ကြစို့ အိမ်ပြန်ချိန်ရောက်ပြီ”

ရှောင်ချွမ် ခေါင်းငြိမ့်လိုက်ပြီး သူတို့နှစ်ယောက်သည် လာရာလမ်းအတိုင်း ပြန်ခဲ့ကြလေတော့သည်။ လမ်းတွင် ရှောင်ချွမ် ကုအန်အား ဂူပိုင်ရှင်သည် မည်သို့သော လူဖြစ်မှန်း မေးမြန်းနေခဲ့၏။

ကုအန်လည်း ရှောင်ချွမ်စပ်စုမနေတော့အောင် အတိုချုံးသာ ရှင်းပြလိုက်သည်။

အပြန်လမ်းတစ်လျှောက်လုံးတွင် ကုအန် ရှောင်ချွမ်နှင့်စကားပြောလိုစိတ် ရှိမနေခဲ့ပေ။ သူ့စိတ်ထဲတွင် လောဘမိစ္ဆာနှင့် ကျုးမိုယန်၏ ကျိန်းဝါးသောစကားလုံးများကသာ ကြီးစိုးနေလေသည်။

မဖြစ်သေးပေ။ သူဘာမှမမြင်ခဲ့သလိုတော့ ဟန်ဆောင်နေ၍ မဖြစ်နိုင်ပေ။ ထိုအရာသည် အတော်လေးအန္တရာယ်များလွန်းလှ၏။

ကုအန် ချူကျင့်ဖုန်းပေးခဲ့သော စိတ်ဝိညဉ်ကျောက်တုံးအား သတိရမိသွားပြီး ချူကျင့်ဖုန်းအား အကူအညီတောင်းရန် ဆုံးဖြတ်လိုက်‌သည်။

သို့သော် အကူအညီမတောင်းခင်တွင် သူ့ကိုယ်သူအရင်ဆုံး ပိုအားကောင်းလာအောင် လုပ်ရန် လိုအပ်၏။

သုံးနှစ်လုံးလုံး မကျင့်ကြံဘဲနေခဲ့ပြီးနောက်တွင် ယခုလို ကျင့်ကြံခြင်းကိုတိုးရတော့မည်ဟူသော အတွေးက ကုအန်အား အတော်လေးစိတ်လှုပ်ရှားသွားစေခဲ့သည်။

နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်သည် သူ့အရှိန်အဝါအား ဖုံးကွယ်ပေးထားနိုင်သည်ဖြစ်ရာ သူ့တွင် စိတ်ဝိညဉ်စွမ်းအားများရှိလာလျှင်ပင် ပြဿနာမရှ်ိသေးပေ။ ထိုစွမ်းအားအား သူကောင်းကောင်းဖုံးကွယ်ထားနိုင်၏။ ဤတစ်ကြိမ်တွင် အရင်ဆုံး သူ့ကျင့်ကြံခြင်းအဆင့်အား တိုးမြှင့်ပြီး ပြီးမှသာ တိုက်ခိုက်ရေးနည်းလမ်းများကို တိုးမြှင့်မည်ဟု ကုအန်ဆုံးဖြတ်လိုက်သည်။

“ငါ လေဟုန်ကြွင်းခြေထောက်သိုင်းကို အဆင့်မြှင့်သင့်လား ဒါမှမဟုတ် လီမိသားစုဓား ၇ လက် ဓားသိုင်းကိုအဆင့်မြှင့်သင့်လား”

ကုအန် ဆုံးဖြတ်ချက် မပြတ်သားနိုင် ဖြစ်နေခဲ့သည်။

အချိန်အနည်းငယ်ကြာပြီးသည့်နောက် ကုအန်တို့နှစ်ယောက် ဆေးတောင်ကြားသို့ပြန်ရောက်လာခဲ့ကြပြီး ကုအန် ရှောင်ချွမ်ဆီမှ ဝါးခြင်းကိုယူလိုက်ပြီး သူ့ခြံ၀န်းထဲသို့ ပြန်လာခဲ့၏။

ဝါးခြင်းထဲတွင် လမ်းတစ်လျှောက်သူတို့ခူးခဲ့သော သာမန်ဆေးပင်များနှင့် ပြည့်နှက်နေလေသည်။

ရှောင်ချွမ်သည်လည်း ဘာမှမလုပ်နိုင်တော့လောက်အောင်ကို ပင်ပန်းသွားသောကြောင့် သူ့ခြံ၀န်းထဲသို့သာ ပြန်သွားခဲ့လိုက်၏။

ကုအန် သူ့အခန်းသို့ပြန်ကာ တံခါးပိတ်လိုက်ပြီး ဝါးခြင်းတောင်းကို စားပွဲပေါ်တင်လိုက်ပြီး အိပ်ယာပေါ်တွင် ခြေချိတ်ထိုင်လိုက်သည်။

အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး အရင်ဆုံး ဆေးတောင်ကြားထဲရှ်ိ လူများ၏ အရှိန်အဝါအား အာရုံခံလိုက်၏။

မုန့်လန်သည် မှော်သိုင်းများအား သစ်တောထဲတွင် လေ့ကျင့်နေခဲ့သည်။ ချန်းရွှမ်တန်တစ်ယောက်မှာတော့ ဆေးဖော်ရင်း အလုပ်ရှုပ်နေပြီး ကျန်းချွမ်းချူသည် သူ့အခန်းထဲတွင်သာ ကျင့်ကြံနေခဲ့၏။

ဟမ် ဘယ်သူမှငါ့ကိုဂရုစိုက်မနေပုံပါပဲ!

ကုအန် စနစ်အား ဖွင့်လိုက်သည်။

[အမည်-ကုအန်]

[သက်တမ်း: ၁၉/၃၄၆၃]

[စိတ်ဝိညဉ်အမြစ်: သာလွန်ဒြပ်ငါးမျိုးစိတ်ဝိညဉ်အမြစ်

(ကျင့်ကြံခြင်းတိုးမြင့်လာစေရန် သက်တမ်းအားအသုံးပြု၍ ရသည်)]

[ကျင့်ကြံခြင်းအဆင့်: စွမ်းအင်စုပ်ယူခြင်း အဆင့် ၁(ကျင့်ကြံခြင်း တိုးမြင့်လာစေရန် သက်တမ်းအားအသုံးပြု၍ရသည်)]

[ကျင့်ကြံခြင်း နည်းစနစ်များ: မီးထိန်းချုပ်ခြင်းအတတ်(မကျွမ်းကျင်သေး)၊ နွေဦးသစ်သားကျင့်စဉ်(မကျွမ်းကျင်သေး)၊ နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်(ကျွမ်းကျင်) (ကျင့်ကြံခြင်းတိုးမြင့်လာစေရန် သက်တမ်းအား အသုံးပြု၍ရသည်)]

[လျှို့ဝှက်သိုင်းများ: လေဟုန်ကြွင်းခြေထောက်သိုင်း (မကျွမ်းကျင်သေး)၊ လီမိသားစုဓား၇လက်ဓားသိုင်း(မကျွမ်းကျင်သေး)(ကျင့်ကြံခြင်း တိုးမြင့်လာစေရန် သက်တမ်းအားအသုံးပြု၍ ရသည်)]

……

ကုအန် ဂရုတစိုက်ဖြင့် သူ့ကျင့်ကြံခြင်းထဲသို့ သက်တမ်း ၁ နှစ်‌ေပါင်းထည့်လိုက်သည်။

[သင်သည် စွမ်းအင်ကျင့်ကြံခြင်းကို တစ်နှစ်ကျင့်ကြံခဲ့ပါသော်လည်း သင်၏ သာမန်ပါရမီနှင့် သာမန်ကျင့်ကြံခြင်းစနစ်ကြောင့် သင်၏ကျင့်ကြံခြင်းစနစ်သည် အများကြီးတိုးတက်မလာခဲ့ပါ]

ထိုစာတန်းပေါ်လာသည်နှင့် ကုအန်ခန္ဓာကိုယ်ထဲတွင် အနည်းငယ်ပြောင်းလဲသွားခဲ့၏။

သူ့ကိုယ်ထဲရှ်ိ စိတ်ဝိညဉ်စွမ်းအင်ချည်မျှင်တစ်ခုသည် နှစ်ခုဖြစ်သွားခဲ့သည်။

ကုအန် ပါးစပ်အဟောင်းသားဖြစ်သွားပြီး သူ၏ နွေဦးသစ်သားကျင့်စဉ်အား တစ်ချက်ပြန်ကြည့်လိုက်မိ၏။

ထိုကျင့်စဉ်သည် သူကျွမ်းကျင်သော တစ်ခုတည်းသော စွမ်းအင်ကျင့်ကြံခြင်းကျင့်စဉ်တစ်ခုဖြစ်သည်။ မီးထိန်းချုပ်ခြင်းအတတ်မှာမူ သူကျိမိသားစုတွင်ရှိစဉ်က ထင်းခွဲရာတွင် အကူအညီဖြစ်စေရန် အစေခံအိုကြီးတစ်ယောက်သင်ပေးခဲ့သော အကူကျင့်စဉ်တစ်ခုမျှသာ ဖြစ်၏။

“မေ့လိုက်တော့ ကျင့်စဉ်တစ်ခုရဖို့ စောင့်နေဖို့အချိန်မရှိတော့ဘူး ငါ့မှာသက်တမ်းတွေရှိနေသမျှ သာမန်ကျင့်စဉ်တွေကိုတောင် တုနှိုင်းမဲ့နတ်ကျင့်စဉ်တွေဖြစ်အောင် ပြောင်းလို့ရနေတာပဲ”

ထိုသို့တွေးမိသောအခါ ကုအန်မျက်လုံးများ ပိုမိုကြည်လင်လာခဲ့သည်။

သက်တမ်း ၁၀၀ အား နွေဦးသစ်သား ကျင့်စဉ်တွင် ထည့်သွင်းအသုံးပြုရန် ကုအန် ဆုံးဖြတ်ချက်ချလိုက်၏။

[သင်သည် နွေဉီးသစ်သားကျင့်စဉ်ကို တစ်နှစ်ကျင့်ကြံခဲ့ပါသော်လည်း သင်၏ သာမန်နားလည်နိုင်စွမ်းနှင့် ပါရမီကြောင့် ထိုကျင့်စဉ်တွင် အနည်းငယ်သာ တိုးတက်လာခဲ့သည်]

[သင်သည် နွေဦးသစ်သားကျင့်စဉ်ကို ဆယ်နှစ်ကျင့်ကြံခဲ့သောကြောင့် ထိုကျင့်စဉ်ကို ကျွမ်းကျင်သွားခဲ့ပြီး သင်၏စွမ်းအင်စုပ်ယူသည့်နှုန်း တိုးတက်လာခဲ့သည်]

[သင်သည် နွေဦးသစ်သားကျင့်စဉ်ကို နှစ်ပေါင်း ၅၀ ကျင့်ကြံခဲ့သောကြောင့် ထိုကျင့်စဉ်တွင် အောင်မြင်မှုကြီးတစ်ခု ရရှိခဲ့ပြီး သင်၏ စွမ်းအင်စုပ်ယူသည့်နှုန်းသည် အရင်ထက် ၁၀ဆ တိုးတက်လာခဲ့သည်]

[သင်သည် နွေဦးသစ်သားကျင့်စဉ်ကို နှစ်ပေါင်း ၁၀၀ ကျင့်ကြံခဲ့ပြီး ထိုကျင့်စဉ်ကို အမြင်သစ်တစ်ခုနှင့် မြင်တွေ့နိုင်သွားသောကြောင့် နွေဦးသစ်သားကျင့်စဉ်ကို မူလနွေဦး ကျင့်စဉ်အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည်]

မူလနွေဦး ကျင့်စဉ်နှင့် ဆိုင်သော အချက်အလက်မှတ်ညဏ်များသည် ကုအန်စိတ်ထဲသို့ စီး၀င်လာခဲ့လေသည်။

မူလနွေဦးကျင့်စဉ်သည် နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်လောက် မရှုပ်ထွေးသောကြောင့် ခဏအကြာတွင် ကုအန်မျက်လုံးများ ပြန်ဖွင့်လာခဲ့၏။

မျက်လုံးပွင့်သည်နှင့် သူအရင်ဆုံး ဆေးတောင်ကြားရှိ လူများ၏ အသံများကို နားထောင်လိုက်သည်။ ရှောင်ချွမ်သည် အိပ်နေပြီး အခြားသူများမှာလည်း သူ့အလုပ်နှင့်သူ ရှုပ်နေလေရာ သူ့အားဘယ်သူမှ သတ်ိမထားမိခဲ့ကြပေ။

ယခုအခါ သူ့တွင်ရွေးချယ်စရာ နှစ်ခုရှိလာခဲ့၏။

သူ မူလနွေဦးကျင့်စဉ်အား ထပ်၍ အဆင့်မြှင့်သင့်သလော။ သို့မဟုတ် ထိုကျင့်စဉ်ကိုသုံး၍ တိုက်ရိုက်ပင် သူကျင့်ကြံခြင်းကို မြှင့်သင့်သလော။

ကျင့်ကြံခြင်းကျင့်စဉ် အဆင့်မြင့်လေလေ သူ့ကျင့်ကြံခြင်းကို မြန်မြန်ပို၍ မြှင့်နိုင်လေလေဖြစ်သော်လည်း ဘယ်အရာက သူ့အား ပိုပြီးသက်တမ်းအကုန်အကျ သက်သာစေမည်ကို ကုအန်စဉ်းစားနေရသည်။

အများကြီးတွေးပြီးသည့်နောက် ကျင့်ကြံခြင်းကျင့်စဉ်သည် အရေးအကြီးဆုံးအရာဖြစ်ပြီး ပေါ့ပေါ့ဆဆမလုပ်သင့်ဟု ခံစားမိလိုက်၏။

ထို့ကြောင့် အရင်ဆုံး မူလနွေဦးကျင့်စဉ်ကို သက်တမ်း ၁၀၀၀ ပေါင်းထည့်ပေးရပေလိမ့်မည်။

အပိုင်း (၈)

သန့်စင်‌ေသာသစ်သားယန်ကျင့်စဉ်၊ အစ်ကိုအကြီးဆုံးရာထူး

ကုအန် ကျင့်ကြံခြင်းနည်းစနစ်အား မြှင့်တင်ရန် သူ့သက်တမ်းအား ချက်ချင်းမသုံးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ် ကျင့်ကြံစဉ်က ရခဲ့သော အတွေ့အကြုံအရ ကျင့်စဉ်ကြောင့် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှု အလွန်ကြီးနေမည်ကို သူကြောက်ရွံ့နေမိသည်။

ညထိစောင့်လိုက်ကြတာပေါ့!

အကယ်၍ အကျိုးသက်ရောက်မှုတစ်ခုခု ရှိခဲ့ပါကလည်း ညအချိန်ဆိုလျှင် ကျန်းချွမ်းချူ နှင့် ချန်းရွှမ်တန်၏ အလွန်ကြောက်တတ်မှုကြောင့် သူတို့ထွက်ကြည့်ရဲလိမ့်မည် မဟုတ်ပေ။

ညအချိန်သည် အလျင်အမြန်ပင် ကျရောက်လာခဲ့သည်။

ကုအန် မူလနွေဦးကျင့်စဉ်အပေါ် အာရုံစိုက်ထားလိုက်ပြီး ထိုကျင့်စဉ်အား သက်တမ်း ၁၀၀၀ အသုံးပြုလိုက်လေတော့သည်။

ကောင်းကင်ကောင်းချီးပေးပါစေ ကျေးဇူးပြုပြီး ငါ့သက်တမ်း ၁၀၀၀ လေး အလကားဖြစ်မသွားပါစေနဲ့ကွာ!

ဆုတောင်းနေရင်း ကံကောင်းစေရန် ကုအန်ကြွက်ဖြူလေးအား ပွတ်နေခဲ့၏။

[သင်သည် သက်တမ်း ၁၀၀၀ ကို မူ‌လနွေဦးကျင့်စဉ် ဆင့်ကဲပြောင်းလဲသွားစေရန် အသုံးပြုခဲ့ပါသည်]

[သင်သည် မူလနွေဦးကျင့်စဉ်ကို ၁ နှစ်ကြာ ကျင့်ကြံခဲ့ပါသော်လည်း သင်၏သာမန် ပါရမီနှင့်နားလည်နိုင်စွမ်းကြောင့် အနည်းငယ်သာ တိုးတက်ခဲ့သည်]

[သင်သည် မူလနွေဦးကျင့်စဉ်ကို ၁၀ နှစ် ကျင့်ကြံခဲ့သောကြောင့် သင်သည်ထိုကျင့်စဉ်တွင် နားလည်သဘောပေါက်မှုနယ်ပယ်အသစ်သို့ပင် ရောက်ရှိသွားခဲ့သည်]

[သင်သည် မူလနွေဦးကျင့်စဉ်ကို နှစ် ၁၀၀ ကျင့်ကြံခဲ့သောကြောင့် ကမ္ဘာမြေကြီးနှင့်သစ်တောများအပေါ် ပိုမိုနက်နဲသော အမြင်တစ်ခု ရှိလာခဲ့ပြီး မူလနွေဦးကျင့်စဉ်တွင် ပိုမိုတိုးတက်လာခဲ့သည်]

[သင်သည် မူလနွေဦးကျင့်စဉ်ကို နှစ် ၂၀၀ ကျင့်ကြံခဲ့သောကြောင့် မူလနွေဦးကျင့်စဉ်သည် ခြောက်သွေ့နွေဦးသစ်တောကျင့်စဉ်အဖြစ် ပြောင်းလဲသွားခဲ့သည်]

[သင်သည် မူလနွေဦးကျင့်စဉ်ကို နှစ် ၅၀၀ ကျင့်ကြံခဲ့သောကြောင့် ခြောက်သွေ့နွေဦးသစ်တောကျင့်စဉ်သည် ပြောင်းလဲခြင်းအဆင့်သို့ရောက်ရှိသွားခဲ့ပြီး သင်၏ သစ်သားစိတ်ဝိညဉ်အမြစ်အား တိုးမြှင့်ပေးခဲ့သည်]

[သင်သည် မူလနွေဦးကျင့်စဉ်ကိုည နှစ် ၈၀၀ ကျင့်ကြံခဲ့သောကြောင့် သဘာ၀စိတ်ဝိညဉ်စွမ်းအားများကိုပင် အာရုံခံနိုင်လာခဲ့ပြီး ခြောက်သွေ့‌ေနွဦးသစ်တောကျင့်စဉ်သည် သန့်စင်သောသစ်သားယန် နတ်ကျင့်စဉ်အဖြစ် ပြောင်းလဲသွားခဲ့သည်]

[သင်သည် မူလနွေဦးကျင့်စဉ်ကို နှစ် ၁၀၀၀ ကျင့်ကြံခဲ့သောကြောင့် သန့်စင်သောသစ်သားယန် နတ်ကျင့်စဉ်တွင် ကျွမ်းကျင်အဆင့်သို့ရောက်ရှိသွားခဲ့ပြီး သင်၏သစ်သားစိတ်ဝိညဉ်အမြစ်အား တိုးမြှင့်နိုင်ခဲ့သည်]

ကုအန် သူ့ရှေ့တွင်ပေါ်လာသော စာကြောင်းများကိုကြည့်ရင်း အပျော်လွန်သွားခဲ့၏။ ထို့နောက် သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်၏ မှတ်ညဏ်များသည် သူ့စိတ်ထဲ စီး၀င်လာလေတော့သည်။

ကုအန် အမွေဆက်ဆံနေရင်း အသိလွတ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်မှ ထွက်လာသော အစိမ်းရောင်အလင်းတန်းများသည် အခန်းတစ်ခုလုံးအား ဖုံးလွှမ်းသွားခဲ့၏။

တစ်ချိန်တည်းမှာပင်

သူ့အခန်းထဲတွင် ကျင့်ကြံနေသော ကျန်းချွမ်းချူ မျက်လုံးပွင့်သွားခဲ့သည်။ သူ့ပြတင်းပေါက်အား ကြည့်လိုက်သည့်အချိန်တွင် လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး ပြတင်းတံခါးများ စတင်ယမ်းခါလာခဲ့၏။

သူကျင့်ကြံနေရာမှ အမြန်ထလာခဲ့ပြီး အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်ကာ ပြတင်းတံခါးကို ပိတ်ချလိုက်လေသည်။

ထို့နောက် ခုံပေါ်ရှိ ဆီမီးအိမ်ကို မီးမှိတ်လိုက်ပြီး အိပ်ယာထဲ ၀င်ပုန်းနေလိုက်၏။

“မဖြစ်တော့ဘူး ငါစောစောထွက်သွားမှကိုရတော့မယ် ဆေးတောင်ကြားကပိုပိုပြီး ကြောက်စရာကောင်းလာနေတယ်”

မုန့်လန်မှာလည်း သူ့စောင်အောက်တွင် ကြက်သီးတဖြန်းဖြန်းထကာ ကြောက်လန့်နေခဲ့ပြီး ရှောင်ချွမ်မှာတော့ တစ်နေ့လုံးအလွန်ပင်ပန်းခဲ့ရသောကြောင့် ဘာမှမသိတော့ဘဲ အိပ်ပျော်နေခဲ့ကာ မိုးချိန်းသံလို ဟောက်သံများပင် ထွက်ပေါ်နေခဲ့သည်။

ကျန်းရွှမ်တန် ဆေးမီးဖိုရှေ့တွင် တရားထိုင်နေခဲ့၏။ အပြင်ဘက်ရှိ လှုပ်ရှားမှုများကို အာရုံခံမိသောအခါ ညကောင်းကင်သို့ တစ်ချက်ကြည့်လိုက်ကာ သူ့အကြည့်သည် ရေတွင်းနက်ကြီးသကဲ့သို့ နက်ရှိုင်းနေပြီး အပြင်ဘက်ရှိ ကိစ္စများအပေါ် ကြောက်ရွံ့ခြင်းရော စိတ်၀င်စားခြင်းရောပါ ရှိမနေခဲ့ပေ။

နောက်ဆုံးတွင် ကုအန်မျက်လုံးပွင့်လာခဲ့သည်။ သူ့မျက်လုံးများအား ဖွင့်လိုက်သောအခါ ကမ္ဘာကြီးတစ်ခုလုံးသည် ပြောင်းလဲသွားသလို ခံစားလိုက်ရ၏။

သူသည် လေထုထဲရှိ သစ်သားစိတ်ဝိညဉ်စွမ်းအင်များကို ရှင်းရှင်းလင်းလင်းအာရုံခံမိနေပြီး အပင်များ၏ အသက်စွမ်းအားကိုပင် အာရုံခံမိနေခဲ့သည်။ မည်မျှ ဆန်းကြယ်လိုက်သနည်း။

ကုအန် တစ်ချက်တွေးလိုက်ပြီး စနစ်ကို ပြန်ကြည့်လိုက်ရာ သစ်သားစိတ်ဝိညဉ်အမြစ်အဆင့်မြင့်သွားသည်ကို တွေ့လိုက်သောအခါ အံ့ဩသွားခဲ့၏။

တစ်စုံတစ်ယောက်၏ စိတ်ဝိညဉ်အမြစ်ကို ကျင့်စဉ်သုံး၍သာ တိုးမြှင့်၍ရမည်ဆိုပါက သူစနစ်၏ အဆုံးမဲ့တွင်းကြီးထဲသို့ သူ့သက်တမ်းများ ထည့်စရာမလိုတော့ပေ။ သူထိုတွင်းကြီးထဲ သက်တမ်းတစ်ခါထည့်ခဲ့ဖူး၏။ ထိုအတွေ့အကြုံမှာ သူ့အား စိတ်ဒဏ်ရာပင် ရသွားစေခဲ့သည်။

ကုအန် သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်အား လှည့်ပတ်လိုက်သောအခါ အရင်နှင့်မတူဘဲ သူလွယ်လွယ်ကူကူပင် လေထဲရှိ သစ်သားစိတ်ဝိညဉ်စွမ်းအားများအား စုပ်ယူနိုင်သည်ကို တွေ့လိုက်ရသည်။ သစ်သားစိတ်ဝိညဉ်စွမ်းအင်များသည် သူ့ကိုယ်ထဲသို့၀င်သွားပြီး ဒြန်တန်ဆီသို့ ရောက်ရှိသွားခဲ့ကာ သစ်သားစိတ်ဝိညဉ်စွမ်းအားများအဖြစ် ပြောင်းလဲသွားခဲ့၏။

ဖြစ်စဉ်တစ်ခုလုံးသည် ပေါ့ပေါ့ပါးပါးနှင့် အလွန်ပင် ချောမွေ့နေလေသည်။

အသက်တစ်ရှိုက်စာကပင် အရင်ကသူ နှစ်၀က်လောက်ကျင့်ကြံခြင်းထက် ပိုသာနေသေး၏။

ကုအန် ရုတ်တရက်အိပ်မက်များမက်နေသလားဟု တွေးမိသွားသည်။ သူသည် ညတွင်းချင်း ပါရမီရှင်တစ်ယောက်ဖြစ်လာခဲ့သည် မဟုတ်ပါလား။

ထို့ကြောင့် သူ့ကျင့်ကြံခြင်းအဆင့်အား အလောတကြီးမြှင့်နေရန် မလိုတော့ပေ။

ကုအန် သက်တမ်းစစ်ဆေးခြင်းလုပ်ဆောင်ချက်အား ဖွင့်ကြည့်လိုက်သောအခါ သူ့သက်တမ်း ၁၀၀၀လျော့ကျသွားခဲ့ပြီး သက်တမ်း ၁၀၀၀၀ ကိုကျော်လွန်သွားပါက စနစ်မှ လုပ်ဆောင်ချက်အသစ်တစ်ခု ပွင့်လာလောက်သည်ဟု ကုအန်ထင်မိသည်။

ထို့အပြင် လက်ရှ်ိသူ့ကျင့်ကြံခြင်းနှုန်းထားအရဆိုပါက ကျင့်ကြံခြင်းအဆင့်တိုးတက်လာစေရန် ကျင့်ကြံခြင်း၌သာ မှီခို၍ရနေပြီ ဖြစ်၏။

သူ့ကျင့်ကြံခြင်းအဆင့်တိုးရန် အလျင်လိုစရာမလိုတော့လေရာ ကုအန် သူ့တိုက်ခိုက်ရေးနည်းစနစ်များအား မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။

နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်သည် မည်သည့်တိုက်ခိုက်ရေးနည်းစနစ်မှ မပါသော အကူကျင့်စဉ်တစ်ခုသာ ဖြစ်၏။ ထို့ကြောင့် ကုအန်အကြည့်များ လေဟုန်ကြွင်းခြေထောက်သိုင်း အပေါ် ကျရောက်သွားခဲ့သည်။

လီမိသားစုဓား၇လက် သိုင်းသည် ဓားသိုင်းတစ်ခုဖြစ်ပြီး လေ့ကျင့်ရန် သူ့၌ ရတနာဓားတစ်လက် ရှိမနေခဲ့ချေ။ ထို့အပြင် ဓားသိုင်းများဧ။် အစွမ်းသည် ကျင့်ကြံသူ၏ ကျင့်ကြံခြင်းအဆင့်အပေါ် မှီတည်နေ၏။

လေဟုန်ကြွင်းခြေထောက်သိုင်းမှာမူ ဓားသိုင်းနှင့်မတူဘဲ သူ့အစွမ်းမှာ ခြေထောက်များပေါ်တွင်သာ မူတည်နေသည်။ ကုအန် အပြင်ခန္ဓာစွမ်းအားသည် အခြေခံတည်ဆောက်ခြင်းအဆင့် မိစ္ဆာတစ်ယောက်ကိုတောင် သတ်နိုင်လောက်အောင် အစွမ်းထက်နေပြီ ဖြစ်၏။ အကယ်၍ထိုစွမ်းအားကိုသာ လေဟုန်ကြွင်းခြေထောက်သိုင်းနှင့် ပေါင်းစပ်လိုက်ပါက သိသိသာသာပင် အစွမ်းတိုးလာ‌ေပလိမ့်မည်။

ထိုသိုင်းအပေါ် သူသက်တမ်းမည်မျှ အသုံးပြုသင့်သနည်း။

ကုအန် အနည်းငယ်တွေဝေသွားခဲ့သည်။ အကယ်၍ သက်တမ်းနည်းနည်းလေးသာသုံးခဲ့ပါက ဘာအဓိပ္ပာယ်မှ ရှိမည်မဟုတ်ပေ။ အကယ်၍ အသုံးများသွားလျှင်လည်း သူ့နှလုံးသားလေး နာကျင်ပေရလိမ့်မည်။

မေ့လိုက်တော့ကွာ အလယ်အလတ် နှစ် ၅၀၀ လောက်ပဲ သုံးလိုက်မယ်!

ထို့နောက် ကုအန် လေဟုန်ကြွင်း‌ခြေထောက်သိုင်းထဲသို့ နှစ်ပေါင်း ၅၀၀ ထည့်လိုက်လေတော့သည်။

[သင်သည် လေဟုန်ကြွင်းခြေထောက်သိုင်းအား ၁နှစ် လေ့ကျင့်ခဲ့သော်လည်း သင်၏ သာမန်နားလည်နိုင်စွမ်းကြောင့် အနည်းငယ်သာတိုးတက်လာခဲ့ပြီး လေဟုန်ကြွင်းခြေထောက်သိုင်း၏ စွမ်းအားအပြည့်အစုံအား ထုတ်သုံးရန် ကျရှုံးခဲ့သည်]

[သင်သည် လေဟုန်ကြွင်းခြေထောက်သိုင်းအား ၁၀နှစ် ကျင့်ကြံခဲ့ပြီး သင်၏ ကြိုးစားကျင့်ကြံမှုကြောင့် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိလာခဲ့သည်]

[သင်သည် လေဟုန်ကြွင်းခြေထောက်သိုင်းကို နှစ် ၁၀၀ ကျင့်ကြံခဲ့ပြီး ထိုသိုင်းအပေါ် အမြင်သစ်တစ်ခုရရှိသွားခဲ့ကာ သိုင်းသည် သူ၏အသန့်စင်ဆုံးပုံစံဖြစ်သော လေအရိပ်ခြေထောက်သိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်]

[သင်သည် လေဟုန်ကြွင်းခြေထောက်သိုင်းကို နှစ် ၂၀၀ ကျင့်ကြံခဲ့ပြီး လေအရိပ်ခြေထောက်သိုင်းကို အလုံးစုံနားလည်သွားခဲ့ကာ သင်၏ ခန္ဓာကိုယ်လှုပ်ရှားမှုသိုင်းများအကြောင်း နားလည်မှုသည် တိုးတက်သွားခဲ့သည်]

[သင်သည် လေဟုန်ကြွင်းခြေထောက်သိုင်းကို နှစ် ၄၀၀ ကျင့်ကြံခဲ့ပြီး လေအရိပ်ခြေထောက်သိုင်းသည် လေပြင်းအရိပ်မဲ့ ခြေထောက်သိုင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်]

[သင်သည် လေဟုန်ကြွင်းခြေထောက်သိုင်းကို နှစ် ၅၀၀ ကျင့်ကြံခဲ့ပြီး လေပြင်းအရိပ်မဲ့ခြေထောက်သိုင်း၏ ပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ကာ ခန္ဓာကိုယ်လှုပ်ရှားခြင်းနည်းစနစ်များအပေါ် နားလည်မှုတိုးတက်လာခဲ့သည်]

ခန္ဓာကိုယ်လှုပ်ရှားမှူနည်းစနစ်များအပေါ် နားလည်မှုတိုးမြင့်လာခြင်းဆိုသည်မှာ သူ၏ နားလည်နိုင်စွမ်း တိုးမြင့်လာသည်ဟုဆိုလိုခြင်း မဟုတ်ပါလော။

ကုအန် ထိုသို့တွေးအပြီးတွင် လေပြင်းအရိပ်မဲ့ခြေထောက်သိုင်းနှင့် သက်ဆိုင်သောမှတ်ညဏ်များ ကုအန်စိတ်ထဲ တိုး၀င်လာခဲ့လေသည်။

…..

အာရုံဦး၏ နေရောင်ခြည်သည် ဆေးတောင်ကြားပေါ် စတင်တိုး၀င်လာခဲ့၏။ ထိုနေရောင်ခြည် ကုအန်အိမ်ပေါ် မရောက်သေးခင်မှာပင် ကုအန်၏အခန်းတံခါးသည် ပွင့်နေပြီးသား ဖြစ်‌ေနသည်။

ကုအန် ခြံ၀န်းထဲထွက်လာလိုက်ပြီး နေကိုမျက်နှာမူ၍ အကြောဆန့်လိုက်၏။

သူ့မျက်နှာတွင် အပြုံးကြီးတစ်ခုရှိနေသေးပြီး သူအခုထိ စိတ်လှုပ်ရှားမှု လျော့မသွားသေးပေ။

ထို့နောက် ကုအန်စနစ်အား ဖွင့်လိုက်၏။

[အမည်: ကုအန်]

[သက်တမ်း: ၁၉/၁၈၆၂]

[စိတ်ဝိညဉ်အမြစ်: ပထမတန်းစားသစ်သားစိတ်ဝိညဉ်အမြစ် သာမန်စိတ်ဝိညဉ်အမြစ်အထက်တွင်ရှိသော စိတ်ဝိညဉ်အမြစ်လေးခု (ကျင့်ကြံခြင်းတိုးမြင့်လာစေရန် သက်တမ်းအား အသုံးပြု၍ရသည်)]

[ကျင့်ကြံခြင်းအဆင့်: စွမ်းအင်စုပ်ယူခြင်း အဆင့် ၂ (ကျင့်ကြံခြင်းတိုးမြင့်လာစေရန် သက်တမ်းအားအသုံးပြု၍ ရသည်)]

[ကျင့်ကြံခြင်းနည်းစနစ်များ : မီးထိန်းချုပ်ခြင်းပညာ (မအောင်မြင်သေး)၊ သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်(ကျွမ်းကျင်)၊ နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်(ကျွမ်းကျင်) (ကျင့်ကြံခြင်းတိုးမြင့်လာစေရန် သက်တမ်းအားအသုံးပြု၍ ရသည်)]

[လျှို့ဝှက်သိုင်းများ : လေပြင်းအရိပ်မဲ့ခြေထောက်သိုင်း (ကျွမ်းကျင်)၊ လီမိသားစု ဓား၇လက် ဓားသိုင်း(မအောင်မြင်သေး) (ကျင့်ကြံခြင်းတိုးမြင့်လာစေရန် သက်တမ်းအားအသုံးပြု၍ ရသည်) ]

စွမ်းအင်စုပ်ယူခြင်း အဆင့် ၂!

မနေ့ညက သန့်စင်သောသစ်သားယန် နတ်ကျင့်စဉ်အား တစ်ညလောက် ကျင့်ကြံလိုက်ရုံနှင့် သူ့ကျင့်ကြံခြင်းသည် စိတ်ဝိညဉ်စုပ်ယူခြင်း အဆင့် ၂ သို့ပင် ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

သူသည် အရင်လို စွမ်းအားမရှိသော အမှိုက်တစ်စမဟုတ်တော့ပေ။

သက်တမ်းများအား အသုံးပြုရသည့် ခံစားချက်သည် အမှန်တကယ်ပင် အံ့ဩစရာကောင်းလှ၏။

သူ့သက်တမ်းများ‌ေကြာင့် ကုအန် သူ့အမတလမ်းခရီးမည်သို့ဆက်သွားရမည်နှင့် ပတ်သက်ပြီး အခြားအတွေးများလည်း ရှိနေသေးသည်။

သူသည် စွန့်စားရမှုများကို မကြိုက်ပေ။ အကယ်၍ မိစ္ဆာများနှင့် တစ္ဆေများအားလိုက်လံသတ်ဖြတ်ပါက သူ့သက်တမ်းလျင်မြန်စွာ တိုးလာနိုင်သည်ဆိုသော်လည်း အသက်အန္တရာယ်လည်း ရှိနေနိုင်သေးသည်။

သူဖြစ်ချင်သည်မှာ ထိုဘ၀မဟုတ်ပေ။ ကုအန် တောင်ကြားသခင်သာ ဖြစ်လိုခြင်း ဖြစ်သည်။

ချန်းရွှမ်တန်၌ အသက်ရှင်ရန် နှစ်များစွာ မကျန်တော့ဘဲ ကျန်းချွမ်းချူမှာလည်း တောင်ကြားသခင်ဖြစ်လိုသောလူ မဟုတ်ပေ။ ထို့ကြောင့်နောက်ဆုံး၌ တောင်ကြားသခင်နေရာသည် သူ့အတွက်သာ ဖြစ်လာရပေလိမ့်မည်။

ထိုအချိန်ရောက်လာပါက သူသည် တပည့်တစ်အုပ်နှင့်အတူနေထိုင်ပြီး တပည့်များအား ဆေးဥယျာဉ်များကို ဂရုစိုက်စေပြီး သူသည်တော့ ဆေးပင်များရိတ်သိမ်းခြင်းကိုသာ ပြုလုပ်နေမည် ဖြစ်သည်။

ကုအန် ခါးထောက်လိုက်ပြီး ပတ်၀န်းကျင်အား လှည့်ပတ်ကြည့်လိုက်၏။

တောင်ပေါ်တွင် ဆေးပင်များထပ်၍ စိုက်ပျိုး၍ ရနိုင်သေးပေသည်။

ချန်းရွှမ်တန်သည် ဆေးတောင်ကြားကို ထပ်၍ မချဲ့ထွင်ခဲ့ပေ။ သူသည် အဓိပတိဂိုဏ်းအတွက် အလုပ်လုပ်ပေးနေသော လုပ်သားတစ်ယောက်သာဖြစ်သောကြောင့် ဆေးစိုက်ခင်းအား ချဲ့ထွင်ခြင်းသည် သူ့အတွက်ဘာအဓိပ္ပာယ်မှ ရှိမနေပေ။

သို့သော် ကုအန်အတွက်တော့ ကွဲပြား၏။ သူသည် မည်သည့်ဆေးပင်ကိုမှ မလိုချင်ဘဲ သူလိုချင်သည်မှာ ထိုဆေးပင်နှင့်ပါလာသော သက်တမ်းသာ ဖြစ်သည်။

ထိုအကြောင်းတွေးလေလေ ကုအန်ပို၍ ပျော်ရွှင်လာလေလေဖြစ်လာခဲ့ကာ သူ့ကိုယ်ကိုဆန့်၍ လေထဲသို့ ခြေကန်ချက်များ ထုတ်လွှတ်လိုက်တော့သည်။

သူသည် လေဟုန်ကြွင်းခြေထောက်သိုင်းကို ကစားနေသည်ဖြစ်လေရာ အားပြင်းလှသောကန်ချက်များကြောင့် လေထုထဲတွင် လေလှိုင်းများ ထနေလေသည်။

မကြာမီတွင် မုန့်လန် သူ့ခြံထဲမှ ထွက်လာခဲ့ပြီး ကုအန်၏ အားပြင်းလှသော ခြေကန်ချက်များအား တွေ့လိုက်သောအခါ မျက်လုံးပြူးသွားခဲ့သည်။

၁၉ နှစ်အရွယ်ကုအန်၏ ခန္ဓာကိုယ်သည် ဖွံ့ဖြိုးမှုစုံသွားပြီဖြစ်သောကြောင့် တောင့်တင်းကြံ့ခိုင်နေပြီး သူ့ခြေကန်ချက်များသည် လေထုထဲသို့ ကြာပွတ်ရိုက်ချက်များပမာ ရိုက်ချနေ၏။ သူမရည်ရွယ်သော်လည်း ခြေကန်ချက်မှ ထွက်ပေါ်လာသော လေလှိုင်းများသည် မုန့်လန်၏ မျက်နှာသို့ပင် သွား၍ ရိုက်ခတ်နေလေသည်။

မုန့်လန် အလန့်တကြား မျက်လုံးပွတ်လိုက်ကာ သူကုအန်အား လူမှားနေသလားဟု သေချာပြန်ကြည့်လိုက်၏။

ဘယ်အချိန်ကတည်းက ကုအန် ထိုမျှ စွမ်းအားကြီးသွားခဲ့ရသနည်း။

မုန့်လန်၏ အကြည့်အား သတိထားမိသောအခါ ကုအန်ကစားနေခြင်းကို ရပ်လိုက်ပြီး မုန့်လန်ဘက်လှည့်လိုက်ကာ မေးလိုက်သည်။

“ငါမင်းကိုနိုးအောင် လုပ်မိလိုက်တာလား”

မုန့်လန် ကုအန်အနားအမြန်လျှောက်လာလိုက်ပြီး သေချာအကဲခတ်လိုက်ကာ မေးလိုက်၏။

“မင်းဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီးသန်မာသွားရတာလဲ မင်းမနေ့ညတုန်းက တိုက်သွားတဲ့ မကောင်းဆိုးဝါးလေထုကြီးကို သတိထားမိလား အဲ့တာကမင်းနဲ့သက်ဆုိင်‌ေနတာလား”

ကုအန် မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး ပြောလိုက်သည်။

“ဟုတ်တယ် ငါ့ကြောင့်ပဲ မနေ့ညက ငါ့ဆရာသင်ပေးခဲ့တဲ့ လေဟုန်ကြွင်းခြေထောက်သိုင်းကို လေ့ကျင့်နေခဲ့တာ အဲ့တာကစွမ်းအားကြီးလွန်းလို့ ကောင်းကင်နဲ့ မြေပြင်ကို တုန်ခါသွားစေပြီး မကောင်းဆိုးဝါးလေထုကို ထုတ်လွှတ်လိုက်တာပဲ မင်းသတိထားမိတယ်ဆို ဘာလို့မနေ့ညက ငါ့ခွန်အားကို ကိုယ်တိုင်လာမကြည့်တာလဲ”

မုန့်လန် မနေ့ညက သူ၏ရှက်စရာအပြုအမူအား ၀န်မခံလိုသောကြောင့် ပြန်ခံပက်လိုက်သည်။

“မင်းခြေသိုင်းက ကြမ်းချင်ကြမ်းလိမ့်မယ် ဒါပေမယ့် စိတ်ဝိညဉ်စွမ်းအားမပါဘဲ မနေ့ကလို လေထုမျိုးကို ဘယ်လိုလုပ် ထုတ်နိုင်မှာလဲ နောက်ပြီး မနေ့ညက လေထုတင်မဟုတ်ဘူး စိတ်ဝိညဉ်စွမ်းအင်အတက်အကျလည်း ဖြစ်သွားသေးတယ် မိစ္ဆာတစ်ကောင်ကောင်က သဘာ၀စိတ်ဝိညဉ်စွမ်းအားတွေကို စုပ်ယူနေတာ ဒါမှမဟုတ် စွမ်းအားကြီးတဲ့ကျင့်ကြံသူတစ်ယောက် အဆင့်တက်တာပဲ ဖြစ်ရမယ်”

ကုအန် လှောင်ရယ်ရယ်လိုက်ပြီး မုန့်လန်အား ဆောင့်ကန်ချလိုက်လေတော့သည်။

“မင်းငါ့ကို ကန်ရဲတယ်ပေါ့ မင်းကအာခံချင်နေတာလား လီယသွားပြီးကတည်းက မင်းကငါ့ကို အစ်ကိုကြီးတစ်ယောက်အနေနဲ့ကို မသတ်မှတ်တော့တာလား” မုန့်လန် အထွန့်တက်လိုက်သည်။

“မင်းကို အစ်ကိုကြီးလို့သတ်မှတ်ရအောင် မင်းကဒီမှာငါနဲ့တစ်သက်လုံး နေမှာမလို့လား

မင်းကအပြင်စည်းတပည့်မဖြစ်ချင်တော့ဘူးလား”

“ပြောတာကောင်းတယ် ဒါတော့ မင်းမှန်တယ် ငါကမင်းနဲ့မတူဘူး”

ထို့နောက်သူတို့နှစ်ယောက် အချင်းချင်း စနောက်ဆော့ကစားနေခဲ့ကြ၏။

အချိန်အနည်းငယ်ကြာပြီးသည့်နောက် ကျန်းချွမ်းချူ ကုအန်အား ရှာပြီး တောင်ကြားနေရာအနှံ့ တစ်လက်မမကျန်လိုက်ပြခဲ့ကာ တောင်ကြားထဲရှ်ိ ဆေးပင်များအကြောင်းလည်း အသေးစိတ် ရှင်းပြလိုက်သည်။

ကုအန် ဂရုတစိုက်နားထောင်နေရင်း တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရ၏။

ဤအရာသည် လူတစ်ယောက်မှ တစ်ယောက်အား သူ့နောက်ဆုံးဆန္ဒကို တာ၀န်လွှဲနေသလို ဖြစ်နေသည် မဟုတ်ပါလား။

မနေ့ညက အခြေအနေသည် သူ့အား ထိုမျှပင် ကြောက်သွားစေခဲ့တာလား။

ကုအန် သူ့အား ဖျောင်းဖြချင်သော်လည်း ထိုဆန္ဒကို ချိုးနှိမ်ထားလိုက်သည်။ ကျူးမိုယန်သည် လူကောင်းတစ်ယောက်မဟုတ်ပေ။ သူသည် လောဘမိစ္ဆာများအတွက် ညစ်ပတ်သောအလုပ်များ လုပ်ပေးနေသူဖြစ်၏။ သူနှင့် ကျန်းချွမ်းချူသည် သူငယ်ချင်းကောင်းများ ဖြစ်လေရာ ဤကိစ္စတွင် ကျန်းချွမ်းချူလည်း ပါ၀င်ပတ်သက်ကောင်း ပတ်သက်နေနိုင်သေးသည်။

ကုအန် အစ်ကိုကြီးနေရာအား လုံး၀မမက်မောမှန်း ကျိန်ပင် ကျိန်ပြောဝံ့ဧ။။် သူအခုလို ဆုံးဖြတ်လိုက်ခြင်းမှာ ကျန်းချွမ်းချူ၏ တည်ရှိနေမှုအား ကြောက်သောကြောင့်သာ ဖြစ်သည်။

သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်အား တတ်မြောက်ပြီးသည့် နောက်တွင် ကုအန် ချူကျင့်ဖုန်းအား အလောတကြီးမဆက်သွယ်လိုတော့ပေ။ ပထမဆုံးအနေနှင့် သူ့တွင် သူ့ကိုယ်သူကာကွယ်နိုင်ရန် အင်အားရှိနေပြီဖြစ်ပြီး ဒုတိယအနေနှင့် သူရန်သူကို ရန်သွားမစလိုပေ။

သူတောင်ကြားကို ပြန်ရောက်သည်မှာ အခုမှသာဖြစ်ပြီး နောက်နေ့တွင် ချူကျင့်ဖုန်းရောက်လာပါက သံသယဖြစ်စရာများ ဖြစ်သွားနိုင်သည်။

ကုအန် ကျူးမိုယန်အား မကြောက်သော်လည်း သူ့နောက်ရှိ လူကိုတော့ ကြောက်ရွံ့၏။ ကျန်းချွမ်းချူပြောစကားအရ ထိုလူသည် ရာထူးအမြင့်ပိုင်းထဲမှဖြစ်ပြီး ဆေးတောင်ကြားတစ်ခုလုံးပေါင်းလျှင်တောင် သူ့အား ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် အခြေအနေအား စောင့်ကြည့်ရင်း သူကျင့်ကြံခြင်းတိုးလာအောင် ကျင့်ကြံနေခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။

အချိန်အတော်ကြာ အနီးတစ်ဝိုက်ရှိ တောင်များကိုပါ လိုက်ပြပြီးသည့်နောက် ကျန်းချွမ်းချူ ပင်ပန်းသွားပြီး စကားပင်မပြောနိုင်တော့ဘဲ ကုအန်ကို ချန်းရွှမ်တန်ဆီသို့သာ ခေါ်သွားခဲ့သည်။

ကုအန် ချန်းရွှမ်တန်ရှေ့ရှ်ိ ဆေးမီးဖိုအား မြင်သောအခါ သူ့မျက်လုံးထဲတွင် စိတ်၀င်စားမှုများဖြင့် ပြည့်နှက်သွားခဲ့၏။

သူကြားထားသည်မှာ ချန်းရွှမ်တန်သည် ဆေးတာအိုတွင် ကျွမ်းကျင်သောသူဖြစ်ပြီး အကယ်၍သူသာ ထိုပညာအား ချန်းရွှမ်တန်ဆီမှ သင်ကြားနိုင်ခဲ့လျှင် အတော်ကောင်းပေလိမ့်မည်။

သူတစ်ကြိမ်သာသင်ပြီး ထိုပညာထဲ သူ့သက်တမ်းများ ပေါင်းထည့်ပေးလိုက်ပါက ချက်ချင်းပင် ဆေးတာအို မဟာဆရာသခင်တစ်ယောက်အဖြစ် ပြောင်းလဲသွားမည် ဖြစ်၏။

ချန်းရွှမ်တန် ထလိုက်ပြီး ကုအန်အား ကြည့်လိုက်ကာ ပြောလိုက်သည်။

“အခုကစပြီး မင်းကဆေးတောင်ကြားရဲ့ အကြီးဆုံးတပည့်ဖြစ်သွားပြီ”

ထိုစကားအားကြားသောအခါ ကုအန် အံ့ဩသွားပြီး ကျန်းချွမ်းချူအား အလောတကြီးမေးလိုက်၏။

“အစ်ကိုကြီး အစ်ကိုကြီးကဘာဖြစ်လို့လဲ”

All Chapters