ရွှမ်ထုံနတ် မိစ္ဆာဘုရင်
Vol. 3 Ch. 216
လုကျိုးယွမ် နတ်ဘုရားသင်္ချိုင်း အတွင်းသို့ တကယ် ဝင်ရောက်ခဲ့ခြင်း ရှိ မရှိကိုတော့ မည်သူမျှ အတိအကျ မသိကြပေ။
သို့သော် နတ်ဘုရားသင်္ချိုင်းနှင့် ပတ်သက်သည့် ထူးဆန်းသည့် ကောလဟလ များစွာကတော့ ထွက်နေစမြဲ ဖြစ်လေသည်။
ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ် ဖြစ်သည့် ဆန်းလျန်ကတော့ မိုးနှင့်မြေ အကြားရှိ လျှို့ဝှက်ချက်များကို အခြားသူများထက် ပိုပြီး သိရှိလေသည်။ ဆန်းလျန်၏ မိတ်ဆွေဟောင်းလေး ကျောက်ရှောင်ယွီ၏ ကြာပန်းကိုးပွင့် ကျောင်းတော်မှ ဘိုးဘေး တစ်ယောက်သည် နတ်ဘုရားသင်္ချိုင်းသို့ ရောက်ခဲ့ဖူးလေသည်။ ထိုဘိုးဘေးက နတ်ဘုရားသင်္ချိုင်းမှ ကျင့်စဉ်ကျမ်း တစ်ခုကိုပင် ယူလာခဲ့သေးသည်။ ထိုအချိန်က ကြာပန်းကိုးပွင့် ကျောင်းတော်မှ ထိပ်ဆုံးအဆင့်ထိ အောင်မြင်နေသည့် ဂိုဏ်းတစ်ခု ဖြစ်ပြီး လော်ဝါဒကြီးတစ်ခုလုံးကို ပြန်လည် ပေါင်းစည်းနိုင်ရန် ကြိုးစားခဲ့လေသည်။
နတ်ဘုရားသင်္ချိုင်းမှ ထိုဘိုးဘေး ယူဆောင်လာသည့် တာအို ကျင့်စဉ်ကျမ်း အမည်မှာ "မန္တန် အလင်း ချေဖျက်ခြင်းကျမ်း" ဖြစ်လေသည်။ ထိုကျမ်းစာအုပ်ထဲတွင် အလွန်မှ ကြောက်မက်ဖွယ်ရာ ကျင့်စဉ်များပါဝင်လေသည်။ သို့သော် ဆန်းလျန်က ထိုကျမ်းစာအုပ် အကြောင်းကို သိပ်မသိပါ။
"ပင်လယ် ဆိုတာက ကျယ်ပြန့်လွန်းတယ် ၊ လူတိုင်းက ကိုယ်နဲ့သက်ဆိုင်တဲ့ ကမ်းမှာပဲ နေလေ့ရှိကြတယ် ၊ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံဖို့ဆိုတာ ခက်ခဲလွန်းပါတယ် ၊ ဒါကြောင့် နတ်ဘုရား ဈေးပွဲတော် ကျင်းပတဲ့ နောက်ကွယ်မှာ တန်ခိုး စွမ်းအားကြီးမားတဲ့ တစ်စုံ တစ်ယောက်တော့ ရှိမယ်ထင်တယ် ၊ ဒီဈေးပွဲတော်ကို စီစဉ်တဲ့သူက ဘယ်သူလဲ ၊ အစ်မကို ဈေးပွဲတော် ရှိတယ်လို့ သတင်း ပေးတာရော ဘယ်သူလဲ”
ဆန်းလျန်က မေးလိုက်သည်။
နောက်ကွယ်မှ အကြောင်းအရာများအထိ အသေးစိတ်မှအစ စဉ်းစားတတ်သည့် ဆန်းလျန်၏ ဉာဏ်ရည် ထက်မြက်မှုကို ကူးချိုင်ဝေ့ မလေးစားဘဲ မနေနိုင်ပေ။ သူက အကြောင်းအရာ တစ်ခု၏ အဓိက အချက်ကို အမြဲတမ်း စုပ်ကိုင်နိုင်သူ ဖြစ်လေသည်။
"နတ်ဘုရား ဈေးပွဲတော်ကို စီစဉ်တဲ့သူက ရွှမ်ထုံ နတ်မိစ္ဆာဘုရင်ပဲ"
ကူးချိုင်ဝေ့က ပြန်ဖြေလိုက်သည်။
"သြော် … သူကိုး…"
ဆန်းလျန်က အံ့သြစွာဖြင့် ဆိုလိုက်သည်။
ရွှမ်ထုံနတ်မိစ္ဆာဘုရင်မှာ လေးစားစရာကောင်းသည့် နတ်မိစ္ဆာ ဘုရင်တစ်ပါး ဖြစ်လေသည်။ သို့သော် သူ၏ဇစ်မြစ်ကို မည်သူမျှ မသိကြပေ။ သူ့တွင် ကျင့်ကြံသူတို့၏ ကောင်းမွန်သည့် စိတ်ထားမျိုးကို ပိုင်ဆိုင်လေသည်။ သူက တာအို တရားသံ ကြားရရန်အတွက် အမြဲတမ်း ကြိုးစားနေလေ့ ရှိသည်။ ကျင့်စဉ်လမ်း လျှောက်လှမ်းနိုင်ရန် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် လောကတွင် အသက်ရှင်နေခြင်း ဖြစ်လေသည်။
သူက နတ်မိစ္ဆာတစ်ယောက် ဖြစ်သည့်အတွက် ကျင့်ကြံသူများကြားတွင် အမြဲတမ်း ခွဲခြားဆက်ဆံ ခံရလေသည်။ ထို့ပြင် သူ့ကို ဒုက္ခ ပေးချင်သူများစွာလည်း ရှိလေသည်။ သို့တိုင်အောင် သူက လက်မလျှော့ခဲ့ပါ။ သူက ရွှမ်ထျန်းဂိုဏ်းသို့ပင် သွားရောက်ကာ လုကျိုးယွမ်၏ တရားစကားများကို နာယူခဲ့သည်။
ထို့နောက်သူက ပင်လယ်တစ်ဖက်ဆီသို့ ထွက်ခွာသွားပြီး ကျင့်စဉ်လမ်းအဆင့် တက်ခဲ့လေသည်။ နတ်မိစ္ဆာများအနေဖြင့် ကျင့်စဉ်လမ်းကို လိုက်ရန် ခက်ခဲလွန်းလေသည်။ ထို့ကြောင့် ရွှမ်ထုံနတ်မိစ္ဆာက အခြားသော နတ်မိစ္ဆာများကိုလည်း ဝိညာဉ်စွမ်းအား ကောင်းမွန်စေရန် သင်ကြားပေးမှုများ ပြုလုပ်ပေးတတ်သည်။ အချိန်ကာလ ကြာလာသည်နှင့် အများ သူ့ဆီတွင် သင်ယူကြသည့် နတ်မိစ္ဆာများ များပြားလာပြီး အင်အား ကြီးလာလေသည်။
သူက ရွှမ်ထျန်းဂိုဏ်းသို့ အန္တရာယ်ကင်းကင်းဖြင့် ဝင်ရောက်ကာ လုကျိုးယွမ်ထံမှ တရားစကား နာယူနိုင်ခဲ့ခြင်းမှာ သူ၏တန်ခိုးစွမ်းအား ကြီးမားလွန်းသောကြောင့် မဟုတ်ပေ။ သူက လုကျိုးယွမ်ကို ကျင့်စဉ်လမ်းအကြောင်း ရိုးရိုးသားသား သိချင်စိတ်ဖြင့် မေးမြန်းခဲ့သောကြောင့် ဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ ရွှမ်ထုံနတ်မိစ္ဆာဘုရင်မှာ နှယ်နှယ်ရရ နတ်မိစ္ဆာတစ်ယောက်တော့ မဟုတ်ပေ။
နောက်နှစ်လနေလျှင် ကျင်းပမည့် နတ်ဘုရားဈေးပွဲတော်သို့ အနယ်နယ် အရပ်ရပ်မှ ကျင့်ကြံသူများ လာရောက်ကြမည် ဖြစ်လေသည်။ ထိုသို့ ကျင့်ကြံသူများ တစ်နေရာတည်းတွင် စုစည်းမိရန်မှာ ကြုံတောင့် ကြုံခဲကိစ္စပင် ဖြစ်လေသည်။
ရှင်သန်စေခြင်း ကျောင်းတော်တွင် ကျင့်စဉ် သင်ယူနေကြသည့် ကျင့်ကြံသူများစွာ ရှိလေသည်။ သို့သော် ထိုကျင့်ကြံသူများမှာ ကျင့်စဉ်လမ်းကို တက်လှမ်းနိုင်ခြင်း မရှိကြသေးပေ။ ကျင့်စဉ်လမ်းကို တက်ရောက်နိုင်ပြီ ဖြစ်သည့် ကျင့်ကြံသူများကတော့ သိပ်ပြီး မလာရောက်ကြပေ။
အကယ်၍ ချင်းရွှမ်နတ်တံခါး၏ ကျင့်စဉ် တစ်ရာ့ရှစ်ခုကို သင်ကြား ပို့ချပေးမည် ဆိုလျှင်တော့ အားလုံးသော ကျင့်ကြံသူများ လာရောက်ကြမည် ဖြစ်လေသည်။ သို့သော် ချင်းရွှမ် နတ်တံခါးကလည်း ထိုသို့ ပြုလုပ်မည် မဟုတ်ပေ။ မည်သည့် နတ်ဘုရားဂိုဏ်းမှ ထိုသို့ ပြုလုပ်ခြင်း မရှိပေ။
တကယ့် ပညာအစစ်အမှန်ကို လွယ်လွယ်နှင့် မပေးနိုင်ပေ။ ထိုသို့ မပေးရခြင်းမှာ အတ္တကြီးခြင်းကြောင့် မဟုတ်။ ကျင့်စဉ်များမှာ မိုးနှင့်မြေမှာ ပေါ်ထွက်လာသည့် ကျင့်စဉ် ပညာရပ်များ ဖြစ်သည့်အတွက် သေသေချာချာ ထိန်းသိမ်းရန် လိုအပ်သောကြောင့် ဖြစ်လေသည်။ တန်ဖိုးကြီးသည့် ကျင့်စဉ်ပညာရပ်များ လွယ်လွယ်နှင့် ပျံ့နှံ့သွားပါက လူသားများအလယ်တွင် မဖြစ်သင့်သည့် ကိစ္စရပ်များ ဖြစ်ကုန်မည် ဖြစ်လေသည်။
ဆန်းလျန်မှာ နတ်ဘုရား ဈေးပွဲတော်သို့ သွားရောက်ရန်အတွက် မပြင်ဆင်နိုင် အားသေးပါ။ သူ့တွင် ဖြေရှင်းရမည့် ပြဿနာ နှစ်ခု ရှိနေလေသည်။ ပထမတစ်ခုမှာ မှော်ဝင်ဝေလငါးကြီးဆီမှ တန်ခိုးစွမ်းအားများကို ထိန်းချုပ်ပြီး မိုးမြေ စွမ်းအားများကို စုစည်း အသုံးချနိုင်ရန် ဖြစ်ပြီး ဒုတိယတစ်ခုမှာ မှော်ဝင် ဝေလငါးကြီး ပြောသည့် ပင်လယ်မျက်လုံးကို ရှာဖွေရန် ဖြစ်လေသည်။ သူ့အနေဖြင့် ရေခဲအလင်း တန်ခိုးစွမ်းအား အသုံးပြုနိုင်ရန် အတွက် အစွန်းရောက် ယင် စွမ်းအားနှင့် အအေးစွမ်းအား များစွာ လိုအပ်လေသည်။
ထိုရေခဲ အလင်းစွမ်းအားဖြင့် နတ်ဘုရားဈေးပွဲတော်တွင် များစွာသော ပစ္စည်းများကို လဲလှယ်နိုင်မည် ဖြစ်လေသည်။
ကူးချိုင်ဝေ့ ဟိုင်သန်းအဆင့် တက်ရောက်နိုင်ရန် အတွက်တော့ သူမ၏ စိတ်ဝိညာဉ်မှာ အကောင်းဆုံး အခြေအနေ ဖြစ်အောင် ပြင်ဆင်မှုများ ပြုလုပ်ရဦးမည် ဖြစ်လေသည်။ ထိုအဆင့်ပြီးမှ ဆန်းလျန်က သူ၏ ဝိညာဉ်စွမ်းအားများကို အသုံးပြုကာ ယင်နှင့်ယန် ကိုပေါင်းစပ်ပြီး ဟိုင်သန်းအဆင့် တက်လှမ်းနိုင်အောင် ကူညီနိုင်မည် ဖြစ်လေသည်။
ထိုကိစ္စမှာလည်း သိပ်ပြီး အလျှင်လို စရာမရှိပါ။ နတ်ဘုရား ဈေးပွဲတော်ပြီးမှ ပြုလုပ်၍လည်း ရလေသည်။
ဆန်းလျန်က စကားမပြောဘဲ ငြိမ်သက်နေသည့်တိုင် ကူးချိုင်ဝေ့က ဆန်းလျန်၏ စိတ်ထားကို နားလည်လေသည်။ ဆန်းလျန်သည် သူ၏ ကျင့်စဉ်လမ်း အဓိပ္ပာယ်ကို လွှဲပြောင်းပေးပြီး သူမဟိုင်သန်းအဆင့် တက်ရောက်နိုင်ရန် ကူညီမည်ဟု ဆိုလေသည်။ ဆန်းလျန် သူမအပေါ် ထားရှိသည့် ယုံကြည်မှုသည် သူမ၏ နှလုံးသားကို များစွာ လှုပ်ခတ် စေလေသည်။
ဆန်းလျန်ကဲ့သို့ အသိဉာဏ် မြင့်မားသည့် လူတစ်ယောက်သည် သူ့လုပ်ရပ်၏ အကျိုး သက်ရောက်မှုကို မသိ၍မဟုတ်၊ သိရှိမည်သာ ဖြစ်လေသည်။ သို့သော် ဆန်းလျန်သည် လွတ်လပ်မှုကို မြတ်နိုးသည့်တိုင် တာဝန်ယူမှုလည်းရှိသူ ဖြစ်လေသည်။
ဆရာသခင် ကျန်းရော့ရွှီးက ဂိုဏ်းချုပ် နေရာကို ဆန်းလျန်ကို ပေးအပ်သည့် အချိန်တွင် ဆန်းလျန် မငြင်းဆန်ခဲ့ပေ။ ဆန်းလျန်အနေဖြင့် အလွန် တာဝန်ကြီးသည့်တိုင် မဖြစ်မနေ လုပ်ဆောင် ပေးခဲ့လေသည်။ သူက ချင်းရွှမ် နတ်တံခါးအတွက် တာဝန်ယူမှုကို ထားရှိခဲ့သူ ဖြစ်လေသည်။
ယခု ကူးချိုင်ဝေ့ အနေဖြင့် ဆန်းလျန်၏ ယုံကြည်မှုဖြင့် ကူညီခြင်းကို လက်မခံလျှင် သူမအတွက် အောင်မြင်မှုရရန် အခြေအနေ ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဆန်းလျန်က အစ်မဖြစ်သူကို ပြန်ပေးဆပ်သည့် အနေဖြင့် ကူညီခြင်း ဖြစ်ပြီး ဖြစ်လာမည့် အကျိုးဆက်များကိုလည်း သူက တာဝန်ယူမည့်သူ ဖြစ်လေသည်။
ထိုစဉ်…
အပြင်ဘက်ဆီမှ ဆူညံသံများ ထွက်ပေါ်လာလေသည်။
ဆန်းလျန်က အပြင်ဘက်မှ အသံများကို တန်ခိုးစွမ်းအား အသုံးပြုကာ နားထောင်လိုက်ပြီး ကူးချုင်ဝေ့ကို ပြောလိုက်သည်။
"အစ်မ ၊ အပြင် ထွက်ကြည့်ရအောင်"
သူတို့ နှစ်ယောက် ခန်းမဆောင်တွင်းမှ အပြင်သို့ ထွက်လိုက်ကြလေသည်။
အပြင်ဘက်တွင် လက်ပြတ်ကြီး တစ်ခုကို ကိုင်ထားသည့် လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။ ထိုသူမှာ လက်တစ်ခုလုံးမှာ အဖြတ်ခံထားရပြီး သွေးများက တလဟော ကျဆင်းနေလေသည်။ သူက သူ၏ လက်ပြတ်ကြီးကို ပြန်ကိုင်ထားခြင်း ဖြစ်လေသည်။
သူက ဆန်းလျန်နှင့် ကူးချိုင်ဝေ့ကို တွေ့သည်နှင့် ဒူးထောက်ကာ အော်ဟစ် ငိုကြွေးလေသည်။
"ကျုပ်ကို သတ်လိုက်ပါ ၊ ဆန်းတန်ခိုးရှင်"
မလှမ်းမကမ်း တစ်နေရာတွင် ကျော်ရှောင်ချင်းသည် ဓားရှည်ကို ကိုင်ကာ ရပ်နေလေသည်။ သူက စကားတစ်ခွန်းမှ မပြောပါ။ သူ့ဘေးနားတွင်လည်း လူတစ်ယောက်မှ မရှိပါ။ အားလုံးက ခပ်ဝေးဝေး တစ်နေရာတွင် ရပ်နေကြလေသည်။
ဆန်းလျန်က ထိုသူကိုကြည့်ပြီး ခပ်ဖြည်းဖြည်းပင် မေးလိုက်သည်။
"ဘာဖြစ်တာလဲ"
"ဒီတပည့်က စကားပြော မဆင်ခြင်ဘဲ ဆန်းတန်ခိုးရှင်ရဲ့ ဓားသမားကို စော်ကားမိခဲ့ပါတယ် ၊ ဒါကြောင့် သေသင့်ပါတယ်"
ထိုသူက ဆန်းလျန်ကို ဦးအကြိမ်ကြိမ် ချရင်း ပြောလိုက်လေသည်။
သူ၏ လက်မောင်းမှ သွေးများ အဆက်မပြတ် ထွက်နေပြီး မြေပြင်ပေါ်ရှိ သွေးကွက်များမှာ ကြောက်စရာပင် ကောင်းလေသည်။
ခြေလက်များ အဖြတ်ခံရသည့် ကျင့်ကြံသူသည် ဆေးဝါးများဖြင့် အချိန်မီ ပြန်ဆက်နိုင်ပါက အကောင်းအတိုင်း ပြန်ဖြစ်နိုင်လေသည်။ ထို့ပြင် ခြေလက်ကို ဖြတ်ပစ်သူက အခြားသော တန်ခိုးပညာ တစ်ခု သုံးထားခြင်း မရှိလျှင် သွေးတိတ်အောင် လုပ်ပေးရန်မှာလည်း ခက်သည့် ကိစ္စမဟုတ်ပေ။
ထိုကျင့်ကြံသူ၏ ဒဏ်ရာမှာ ဓားဖြင့်သာ အဖြတ်ခံရခြင်း ဖြစ်ပြီး မည်သည့် တန်ခိုးစွမ်းအားမှ ပါဝင်ခြင်းမရှိပေ။
ကျော်ရှောင်ချင်းကြောင့် ခြေလက်များ ပြတ်ကုန်သည့် တပည့် နှစ်ယောက်ဖြစ်သည့် စိုကျင့်နှင့် စိုရွှမ်မှာ သူတို့၏ ခြေလက်များမှာ ပင်လယ်ထဲသို့ ကျကုန်သည့် အတွက် ဆန်းလျန်က ရှန်းစန်းပြဒါး ဆေးလုံးဖြင့် ကုသပေးခဲ့ရခြင်း ဖြစ်လေသည်။
ယခု သူ့ရှေ့မှ ကျင့်ကြံသူကတော့ ပြတ်သွားသည့် လက်တစ်ဖက်လုံး မျက်စိရှေ့တွင် ရှိနေသေးသည်။ ထို့ပြင် သူ၏ ဒဏ်ရာမှာလည်း သာမန်ဒဏ်ရာပင် ဖြစ်လေသည်။ ထို့ကြောင့် အကောင်းအတိုင်း ဖြစ်အောင် ပြန်လည် ကုသနိုင်မည် ဖြစ်လေသည်။ သို့သော် ထိုသူ၏ “သေသင့်သည်” ဟု တောင်းပန်နေမှုမှာ လိမ်စဉ် သက်သက်မျှသာ ဖြစ်လေသည်။
"မင်းက သေသင့်တယ် ပြောမှတော့ မင်းဆန္ဒအတိုင်း ဖြည့်ဆည်း ပေးရမှာပေါ့"
ဆန်းလျန်က ပြောလိုက်လေသည်။
ဆန်းလျန်က သူ၏လက်ညိုးနှင့် လက်ခလယ် နှစ်ချောင်းကို ထိုသူဆီသို့ ထိုးညွှန်လိုက်ပြီး တောက်လောင်နေသည့် မီးများ ထွက်ပေါ်လာလေသည်။ တောက်လောင်နေသည့် မီးများက ထိုသူဆီသို့ လောင်ကျွမ်းစေရန် ဝင်ရောက် သွားလေသည်။
လက်တစ်ဖက်ပြတ်နေသည့် ကျင့်ကြံသူမှာ ဆန်းလျန် ထိုကဲ့သို့ ပြုလုပ် လိမ့်မည်ဟု မထင်မှတ်ထားသည့် အတွက် ရုတ်တရက်ပင် သူ၏ တန်ခိုးစွမ်းအားကို ဖော်ထုတ်ကာ မီးများကို ကာကွယ် ထားလိုက်လေသည်။
သို့သော် ဆန်းလျန်ဆီမှ ထွက်ပေါ်လာသည့် မီးများမှာ ထိုသူဆီသို့ ရောက်ရှိသွားခြင်း မရှိပါ။ လမ်းတစ်ဝက်တွင် ပျောက်ကွယ် သွားလေသည်။
ဆန်းလျန်က ထိုသူကို အေးစက်စွာဖြင့် စိုက်ကြည့်လိုက်ပြီး…
"မင်းရဲ့ တန်ခိုးစွမ်းအားက မဆိုးဘူးပဲ ၊ ဒါပေမယ့် မင်းက သိပ်ပြီး မိုက်မဲတဲ့ သူပဲ ၊ ရှောင်ချင်း ဒီမိတ်ဆွေကို နောက်ဘဝကို ပို့ပေးလိုက်တော့"
ဆန်းလျန်က စကားဆုံးသည်နှင့် ထိုသူကို လှည့်ပင် မကြည့်တော့ဘဲ ထွက်ခွာသွားလေသည်။ ကျော်ရှောင်ချင်းထံမှ အစိမ်းရောင် ဓားဝိညာဉ် လက်ခနဲတစ်ချက် တောက်ပသွားပြီး လက်ပြတ်နေသည့် ကျင့်ကြံသူမှာ အပိုင်းပိုင်း ပြတ်သွား လေတော့သည်။
အမှန်တော့ ထိုကျင့်ကြံသူမှာ ကျော်ရှောင်ချင်း အကြောင်းကို လျှောက်ပြောနေခြင်း ဖြစ်လေသည်။ သူက ချင်းကျန်းဂိုဏ်း မည်မျှ အသုံးမကျကြောင်း စော်ကားပြောနေသည့် အတွက် ကျော်ရှောင်ချင်းက ဒေါသထွက်ပြီး သူ၏လက်ကို ဖြတ်လိုက်ခြင်း ဖြစ်လေသည်။
ထိုကျင့်ကြံသူက ထိုအခွင့်အရေးကို အသုံးချကာ ဆန်းလျန်ကို ချဉ်းကပ်ဖို့ ကြိုးစားခြင်း ဖြစ်လေသည်။ သို့သော် ဆန်းလျန်က မေးခွန်းတစ်ခုပင် မမေးဘဲ ထိုသူ၏ တန်ခိုးစွမ်းအားကို စမ်းသပ် ကြည့်လိုက်လေသည်။ ထိုသူ အသုံးပြုလိုက်သည့် တန်ခိုးစွမ်းအားမှာ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ထင်ရှားသည့် တန်ခိုးစွမ်းအား တစ်ခုဖြစ်လေသည်။
ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ လူများသည် ချင်းရွှမ် နတ်တံခါးအကြောင်း စုံစမ်းရန် အတွက် ရှင်သန်စေခြင်း ကျောင်းတော်တွင် လာရောက် ခိုလှုံချင်ယောင် ဆောင်လေ့ ရှိကြလေသည်။ ထိုသူမှာလည်း ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ လူတစ်ယောက်ပင် ဖြစ်လေသည်။ သို့သော် ထိုသူက ရုတ်တရက် သတိလွတ်သွားပြီး ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ တန်ခိုးစွမ်းအားကို ပြသလိုက်သည့် အတွက် မည်သူမည်ဝါ ဖြစ်ကြောင်းကို အလိုလို ဖော်ထုတ်ပြီးသား ဖြစ်သွားရလေသည်။
ဆန်းလျန်သည် ထိုကဲ့သို့သော သူများအကြောင်းကို ခေါင်းထဲသို့ မထည့်ချင်ပါ။
အချို့သော သူများသည် သူတို့ကိုသူတို့ ဉာဏ်ကောင်းလှပြီဟု ထင်နေကြသည့်တိုင် အလွန်တုံးသည့် သူများ ဖြစ်ကြလေသည်။
***