အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
အပိုင်း(၁၉)
သက်တမ်းအလွှာ၊ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ ချိုးဖျက်ခြင်း
သဘာ၀ လိုဏ်ဂူ ၈ လုံးထဲတွင် နွယ်စိမ်းပင်မှအသီးများ၏ အရောင်များသည် ဂူနံနှင့် မြေအောက်မြစ်ပေါ် ထိုးကျနေပြီး ရောင်ပြန်ဟပ်နေခဲ့ကာ ဂူထဲရှိ ဥယျာဉ်ကို အလှဆင်ပေးနေခဲ့သည်။
ကုအန် သစ်ပင်ကြီးအောက် ခါးထောက်၍ သူစိုက်ပျိုးထားသော အပင်များကို ကြည့်နေရင်း ကျေနပ်နေမိသည်။
“ကိုယ်စိုက်ပျိုးတာကို ကိုယ်ရိတ်သိမ်းရမယ်” ဆိုတဲ့ စကားပုံရှိတယ်လေ!
သူ့ကိုယ်သူ အတော်လေးကျေနပ်နေမိပြီးသည့်နောက်တွင်တော့ ကုအန် စိတ်၀င်စားမှုသည် အပင်များဆီမှ အခြားတစ်ခုဆီသို့ ရောက်ရှိသွား၏။
သူတစ်ခါတရံ လာရောက်အနားယူနိုင်ရန် ဤဂူထဲတွင် ကုအန် အိမ်တစ်လုံး ဆောက်ချင်နေခဲ့သည်။
သူသည် ယခုအခါ ငယ်ရွယ်နေဆဲဖြစ်သော်လည်း နောက်နှစ် ၅၀ ၆၀ လောက်ရောက်လျှင်သူလည်း သူ့ဆရာ ချန်းရွှမ်းတန်၏ လမ်းစဉ်သို့လိုက်ပြီး ဆေးတောင်ကြားကို သူ့တပည့်များနှင့်သာ လွှဲထားကာ ရိုးရှင်းသောဘ၀လေးတစ်ခုနှင့် နေထိုင်မည် ဖြစ်၏။
သို့သော် ယခုအချိန်တွင်တော့ ထိုအကြောင်းစဉ်းစားရန် စောလွန်းနေသေးပြီး ဆေးတောင်ကြား၏လက်ရှိ အခြေအေနအရ သူ့နေရာဆက်ခံမည့် စီနီယာတပည့်မျိုး မရှိသေးပေ။
အနာဂတ်အစီအစဉ်များသည် ကုအန်စိတ်ထဲ၌ စတင်ပုံပေါ်လာခဲ့သည်။
သူအရင်ဆုံး လက်ထောက်တောင်ကြားသခင်တစ်ယောက်အား လေ့ကျင့်ပေးရမည်။
ရှောင်ချွမ်သည် သာမန်ပါရမီသာရှိပြီး ထိုနေရာအတွက် အလွန်သင့်တော်သော်လည်း သူသည် ရိုးသားသော စရိုက်ရှိနေ၏။ ထို့ကြောင့် အနာဂတ်တွင် အပြင်လူများနှင့် ဆွေးနွေးညှိနှိုင်းရသော ကိစ္စများ ရှိလာသောအခါ အဆင်မပြေဖြစ်လာနိုင်သည်။
လုကျိကျားသည် တဖြည်းဖြည်း အပြင်စည်းဂိုဏ်းသို့ ရောက်သွားမည်ဖြစ်ရာ သူ့အား ထိုမေးခွန်းမှ ဘေးဖယ်ထားရမည်။
ရီလန်…
မဖြစ်သေးချေ။ သူ၏တာအိုနှလုံးသားအား ကာကွယ်ရန် ထိုကလေးမလေးကို တတ်နိုင်သမျှမြန်မြန်သူနှင့်အဝေးဆုံးသို့ ပို့ထားရမည်။
ဝူရှင်းအတွက်မူ ဆုံးဖြတ်ရန် အချိန်ပိုလိုအပ်နေသေးသည်။
သူအနာဂတ်တွင် တပည့်အသစ်များထပ်လက်ခံရမည်။ ထိုမျှသာ သူ့တွင် ရွေးချယ်စရာများ ပိုများလာမည် ဖြစ်၏။
ကုအန်တွေးနေရင်း အပေါ်သို့ မော့ကြည့်လိုက်သည်။
အပေါ်ရှိ နွယ်စိမ်းသစ်ပင်ကြီး၏ သစ်သီးများကို ကုအန် စိတ်၀င်စားမိနေ၏။ အချို့ရတနာသစ်ပင်များတွင် သူတို့၏ ကိုယ်ပိုင်ရတနာသစ်သီးများ ရှိတတ်ကြသည။် ထိုနွယ်စိမ်းပင်ကြီး၏ အသီးများကိုခူးလိုက်လျှင်ရော သူ့သက်တမ်း တိုးလာနိုင်ပါမည်နည်း။
ကုအန် တွေးပြီးမကြာခင် သူ့အတွေးကို အကောင်အထည်ဖော်လိုက်သည်။
အပေါ်သို့ တစ်ချက်ခုန်တက်လိုက်ပြီး အသီးတစ်လုံးအား ခူးခဲ့လိုက်၏။
ထို့နောက် အသီးအားလက်ထဲတွင်ကိုင်၍ မြက်ခင်းပြင်ပေါ်သို့ ပြန်ကျလာခဲ့သည်။ ထိုအသီးသည် ဖရုံသီးတစ်လုံးအရွယ်ခန့်ရှိပြီး အလေးချိန်မှာ ၇ကီလို ၈ကီလိုလောက် ရှိ၏။
ကုအန် သူ့အိတ်ထဲမှ စိတ်ဝိညဉ်ကာကွယ်ခြင်းစက္ကူအား ထုတ်၍ အသီးမှ စိတ်ဝိညဉ်စွမ်းအားများ စိမ့်ထွက်မသွားစေရန် ပတ်ထားလိုက်သည်။
နောက်ဆုံးတွင် ထိုအသီးများအားလုံးသည်လည်း ငွေကြေးများမဟုတ်ပါလော။
အသက်ရှူကြိမ် ဆယ်ကြိမ်စာလောက် ကြာပြီးသောအခါ ကုအန်ရှေ့တွင် စာကြောင်းတစ်ကြောင်း ပေါ်လာခဲ့သည်။
[သင်သည် နွယ်စိမ်းသီး (အဆင့်၆) အား ခူးခဲ့သည့်အတွက် သက်တမ်း ၈၅နှစ် ရရှိခဲ့ပါသည်]
သေစမ်း မိုက်တယ်ဟ!
၈၅နှစ်တောင်!
ကုအန်၏ နွယ်စိမ်းပင်အပေါ် အမြင်ပြောင်းလဲသွားခဲ့၏။
ထိုအပင်ကြီးသည် ငွေသစ်ပင်ကြီးသာ ဖြစ်ပေသည်။
ထိုအပင်ကို လုံး၀ ဆွဲနှုတ်မပစ်သင့်ပေ။
အဆုံးထိ ဂရုစိုက်ပြီး တန်ဖိုးထား စိုက်ပျိုးသင့်၏။
ကုအန် စိတ်လှုပ်ရှားစွာဖြင့် အသီးကို သိုလှောင်အိတ်ထဲထည့်လိုက်ပြီး အပင်ပေါ်ရှိ အသီးများကို ရေတွက်လိုက်သည်။ အပင်ပေါ် သူခူးလိုက်သော အသီးနှင့်အရွယ်တူ အသီးမျိုး ၁၆ လုံးရှိနေပြီး သေးနေသေးသည့် အလုံးများကိုတော့ ကုအန် ဖယ်ထားလိုက်၏။
ထို့နောက် သူစတင်လှုပ်ရှားလေတော့သည်။
အချို့အသီးများသည် အမြင့်ကြီးများတွင် ရှိနေကြပြီး ထိုနေရာသို့ ရောက်ရန် ကုအန်သစ်ပင်ပေါ်မှပင် တက်နေရ၏။
ထိုအခိုက်တွင် သူဓားပျံထိန်းချုပ်ခြင်းပညာအား တတ်မြောက်ချင်မိသွားသည်။
အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်သည့်တိုင် သူမပျံနိုင်သေးပေ။ မပျံနုိင်ရံုသာမက ဓားပျံစီးခြင်းကဲ့သို့သော အရာမျိုးလည်း မလုပ်နိုင်သေးချေ။
အားထုတ် ခူးဆွတ်ပြီးသည့်နောက်တွင်တော့ ကုအန် နွယ်စိမ်းသီး ၁၆ လုံးကို အောင်အောင်မြင်မြင် ခူးဆွတ်နိုင်ခဲ့ပြီး သူ့သက်တမ်းလည်း ၁၃၆၀ တက်သွားခဲ့သည်။
ယခုအခါ သူ့သက်တမ်းသည် ၈၄၀၀ သို့ပင် ရောက်ရှိလာခဲ့၏။
တဖြည်းဖြည်း သက်တမ်း ၁၀၀၀၀ နှင့် နီးကပ်လာခဲ့ချေပြီ။
လုံလောက်ပြီ!
တစ်ခါတည်း အရောက်သွားလိုက်ကြတာပေါ့!
သက်တမ်း ၁၀၀၀၀ ပြည့်လျှင် သူ့သက်တမ်းများကို ကျင့်ကြံခြင်းအဆင့်မြှင့်ရန် အသုံးပြု၍ရပြီဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်မြင့်လာ၍ အခြား ဂူ ၇ လုံးရှိ အန္တရာယ်များကိုရှင်းလင်းပြီးမှသာ သူအေးအေးချမ်းချမ်း နေနိုင်ပေလိမ့်မည်။
ကုအန် စိတ်ထဲတွင် အစီအစဉ်ချလိုက်ပြီး ထိုအစီအစဉ်ကို စတင်အကောင်အထည် ဖော်လေတော့သည်။
သဘာ၀ဂူ ၈ လုံး ထဲတွင် ဆေးပင်များ အလွန်ပေါများလှ၏။ ကုအန် ဆေးပင်များအား ရိတ်သိမ်းနေရင်း အကြည့်ကိုလည်း သူ့စနစ်ဆီမှ မခွာခဲ့ချေ။ စနစ်တွင် သက်တမ်း ၁၀၀၀၀ ပြည့်သွားမှသာ သူရိတ်သိမ်းခြင်းအား ရပ်မည် ဖြစ်သည်။
တစ်နာရီခန့်ကြာသွား၏။
ကုအန် ရှေ့တွင် စာတန်းတစ်ခုပေါ်လာခဲ့သည်။
[သင်သည် ပထမဆုံးအကြိမ်သက်တမ်း ၁၀၀၀၀ ပြည့်အောင် စုဆောင်းနိုင်ခဲ့သည့်အတွက် သက်တမ်းအလွှာ လုပ်ဆောင်ချက်အား ရရှိခဲ့ပါသည်]
[သက်တမ်းအလွှာ : အခြားသူများ သင့်အား ထောက်လှမ်းခြင်း ချောင်းကြည့်ခြင်း များမှ သက်တမ်းကိုအသုံးပြု၍ ကာကွယ်နိုင်သည်။ ကုန်ကျမည့် သက်တမ်းပမာဏသည် သင့်ထံမှထွက်ပေါ်လာသော အရှိန်အဝါနှင့် ကျင့်ကြံခြင်းအဆင့်အပေါ်တွင် မူတည်ပေသည်]
သက်တမ်းအလွှာလား
ဖတ်ဖတ်ချင်း “သက်တမ်းအားအသုံးပြုရမည်” ဟူသော စာတန်းအားမြင်ပြီး ကုအန် မျက်ခုံးကြုံ့မိသွားသည်။ ဤအရာသည် သူ့သက်တမ်းအား အလကားသက်သက် လာအကုန်ခံခိုင်းနေသည် မဟုတ်ပါလား။
သို့သော် ရှင်းပြချက်တစ်ခုလုံးအား ဖတ်ပြီးသောအခါ သူအတော်လေး အံ့ဩသင့်သွားမိသည်။
သူ၏ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ချိုးဖျက်ခြင်းမှာပင် ထိုမျှကြီးမားသော အဖြစ်အပျက်များအား ဖြစ်သွားစေခဲ့ရာ အကယ်၍ သူသာ ပိုမြင့်သည့် အဆင့်များသို့ ချိုးဖျက်လျှင် မည်သို့နေမည်နည်း။
ဤသို့သာဆက်သွားနေပါက တစ်ချိန်ချိန်တွင် အဓိပတိဂိုဏ်းတစ်ခုလုံးအား သတိပေးလိုက်သလိုပင် ဖြစ်သွားစေနိုင်သည်။
ယခုအခါ သူ့တွင်ထိုသို့ကြောက်စရာမျိုး မရှိတော့ပေ။
ဤလုပ်ဆောင်ချက်သည် အတော်လေး ကောင်းလှ၏။
ငါဒါကို ကြိုက်တယ်ကွာ!
ကုအန် ရယ်မောလိုက်ပြီး ဂူအပေါက်၀ဆီသို့ ပြန်သွားခဲ့တော့သည်။
သူဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်သောအခါမှသာ အခြား၀င်ပေါက်များကို ရှာရပေလိမ့်မည်။
သဘာ၀ဂူ ၈ လုံးထဲတွင် ကိုယ်ပိုင်၀င်္ကပါများ တပ်ဆင်ထားသော်လည်း အန္တရာယ်များက ရှ်ိနေသေးသည်။ ထို့အပြင် သက်တမ်းအလွှာလုပ်ဆောင်ချက်ကိုလည်း စမ်းသပ်လိုသေးသောကြောင့် ကုအန် အပြင်တွင်သာ အဆင့်ချိုးဖျက်ရန် ဆုံးဖြတ်လိုက်၏။
ကုအန် ဆေးတောင်ကြားသို့ ပြန်ရောက်သောအခါ ညဉ့်ပင် အတော်နက်နေချေပြီ။
ကုအန် ဆေးမှတ်တမ်းများ လျှို့ဝှက်သိုင်းများနှင့် ရှားပါးစာအုပ်များကို အလွယ်တကူဖတ်ရှု၍ရသော ချန်းရွှမ်တန်အရင်ကနေခဲ့သော အိမ်သို့ ပြောင်းရွှေ့နေထိုင်နေပြီ ဖြစ်သည်။
အိမ်ထဲသို့ ရောက်သောအခါ ကုအန် စိတ်ဝိညဉ်စွမ်းအင်များပါသော ရတနာများဖြင့် ပြုလုပ်ထားသည့် ဗီရိုဟု ချန်းရွှမ်တန် ပြောပြထားသော ဗီရိုဆီသို့ သွားကာ သူ့အိတ်ထဲမှ သစ်သီးများကို ဗီရိုထဲ ထည့်ထားလိုက်၏။
ထိုစဉ် ရုတ်တရက် ကုအန်တစ်ခုခုကို တွေးမိသွားပြီး သစ်သီးတစ်လုံးကို ပြန်ထုတ်ကာ စားပွဲပေါ် တင်ထားလိုက်သည်။
ထို့နောက် ရွက်ဝါတစ်ထောင်မျှော်စင် လျှို့ဝှက်သမိုင်းကြောင်း စာအုပ်အား ထုတ်၍ အေးအေးဆေးဆေး ထိုင်ဖတ်နေခဲ့၏။
မကြာခင်တွင် ကြွက်ဖြူလေးပြန်ရောက်လာခဲ့သည်။
ပြန်ရောက်ရောက်ခြင်း ထိုကောင်လေးသည် ကုအန် ပုခုံးပေါ် ပြေးတက်လာပြီးနောက် စားပွဲပေါ်ရှိ နွယ်စိမ်းသီးအား မြင်သွားခဲ့၏။
ထိုအခါ ကုအန် ထိုကောင်လေးကို ကိုင်၍ စားပွဲပေါ်တင်ပေးလိုက်ကာ သူဘာဆက်လုပ်မည်ကို စောင့်ကြည့်နေလိုက်သည်။
ကြွက်ဖြူလေးသည် နွယ်စိမ်းသီးကို အရင်အနံ့ခံကြည့်လိုက်ပြီးနောက် အသီးပေါ်သို့တက်ကာ တတိတိဝါးစားကြည့်နေခဲ့၏။
ဆေးပင်တစ်ရာပေါင်းချုပ်ကျမ်းထဲတွင် အဆင့်၅ အထက် ကောင်းကင်မြေပြင်ရတနာများအကြောင်းမဖော်ပြထားသောကြောင့် ကုအန် နွယ်စိမ်းသီး၏ အကျိုးသက်ရောက်မှုအား သိစေရန် ကြွက်ဖြူလေးကိုသုံး၍သာ စမ်းသပ်နိုင်သည်။
သူကြွက်ဖြူလေးကို စားမစား သူ့ဖာသူရွေးချယ်ခိုင်းခဲ့ပြီး အကယ်၍ အသီးသာအဆိပ်ရှိနေပါက သဘာ၀စိတ်ဝိညဉ်သားရဲ ဖြစ်သော ကြွက်ဖြူလေးသည် ထိုအဆိပ်ကို အာရုံခံမိသင့်၏။
အကယ်၍ သူအဆိပ်ကို အာရုံမခံနိုင်ခဲ့လျှင်တော့ ကုအန် ထိုကောင်လေးအား သဘောထားကြီးစွာဖြင့် ကောင်းကောင်းသင်္ဂြိုလ်ပေးမည် ဖြစ်သည်။
နွယ်စိမ်းသီးသည် ကြွက်ဖြူလေးထက် ဆယ်ဆလောက်ကြီးနေသောကြောင့် ထိုကောင်လေးအသီးအား တတိတိကိုက်စားရာတွင် အခက်အခဲဖြစ်နေသော်လည်း ကုအန် ဝင်မကူခဲ့ပေ။
သူစားနေတာကိုစောင့်နေရသည်မှာလည်း ပျင်းစရာကောင်းသောကြောင့် ကုအန်ဒီည အဆင့်ချိုးဖျက်ဖို့ ဆုံးဖြတ်လိုက်၏။
ကုအန် မတ်တပ်ရပ်လိုက်ပြီး သူ့အိမ်ထဲမှ တိတ်တဆိတ်ထွက်လိုက်ကာ ဆေးတောင်ကြားမှလူမသိသူမသိ ထွက်ခွာသွားခဲ့သည်။လမ်းတွင် သူသည် တောင်နှင့်တောင်ကြားပေါင်း အလုံး ၂၀ လောက်ကိုပင် ကျော်ဖြတ်ခဲ့၏။
ထို့နောက် ကုအန်အရင်ဆုံး သစ်ပင်ကြီးတစ်ပင်ပေါ်သို့တက်ကာ အနီးတစ်ဝိုက်တွင် ကျင့်ကြံသူတစ်ယောက်ယောက်ရှိနေသည့် အရိပ်အယောင် ရှိမရှိ စစ်ဆေးလိုက်သည်။ မရှ်ိတာ သေချာမှသာ တောင်ကြားတစ်ခုရှိ မြက်ခင်းပြင်ပေါ်သွား၍ တရားထိုင်လိုက်၏။
ကျင့်ကြံခြင်းတိုးရန် သက်တမ်းမသုံးရတာကြာပြီဖြစ်သောကြောင့် ယခုအကြိမ်ကို သူအတော်လေးလည်း မျှော်လင့်ထားခဲ့သည်။
သူ့တွင် သက်တမ်းအလွှာလည်း ရှိနေပြီဖြစ်ရာ ဤအကြိမ်တွင် အဆင့်ချိုးဖျက်ခြင်းကို သူအေးအေးဆေးဆေး လုပ်နိုင်ပေလိမ့်မည်။
“သက်တမ်း ၁၀၀၀ လောက်နဲ့ စစမ်းတာပေါ့ကွာ” သူ့တွင် သက်တမ်း ၁၀၀၀၀ ပိုင်ဆိုင်ထားသောကြောင့် ကုအန်အတော်လေး ရဲနေခဲ့၏။ ဤအရာသည် သက်တမ်း ၁၀၀၀ လောက်ပဲ မဟုတ်ပါလား။
ဒါက ရေအတိမ်အနက်ကို စမ်းသပ်ရုံလောက်ပဲကွ!
ထို့နောက် ကျင့်ကြံခြင်းထဲတွင် သက်တမ်း ၁၀၀၀ ပေါင်းထည့်လိုက်လေတော့သည်။
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၃၀ ကျင့်ကြံခဲ့ပြီး အခြေခံတည်ဆောက်ခြင်း အဆင့် ၈ သို့ ရောက်ရှိသွားခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၁၀၀ ကျင့်ကြံခဲ့ပြီး အခြေခံတည်ဆောက်ခြင်း အဆင့် ၉ သို့ ရောက်ရှိသွားခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၁၅၀ ကျင့်ကြံခဲ့ပြီး သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်တွင် အောင်မြင်မှုကြောင့် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့၀င်ရောက်ရန် ကပ်ဘေးစမ်းသပ်ခြင်းကို စတင်နိုင်ခဲ့သည်။ သင်သည် အသေးစားကောင်းကင်ကပ်ဘေးစမ်းသပ်ချက်ကို တောင့်မခံနိုင်ခဲ့ဘဲ သင်၏ကပ်ဘေးစမ်းသပ်ချက်သည် ကျရှုံးခဲ့ရသည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၂၀၀ ကျင့်ကြံခဲ့ပြီး သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်တွင် အောင်မြင်မှုကြောင့် ဗဟိုအူတိုင်အဆင့်သို့၀င်ရောက်ရန် ကပ်ဘေးစမ်းသပ်ချက်ကို စတင်နိုင်ခဲ့သည်။ သင်သည် အသေးစားကောင်းကင်ကပ်ဘေးစမ်းသပ်ချက်ကို တောင့်မခံနိုင်ခဲ့ဘဲ သင်၏ကပ်ဘေးစမ်းသပ်ချက်သည် ကျရှုံးခဲ့ရသည်]
…..
[သင်သည် စွမ်းအင်စုပ်ယူခြင်းကိုနှစ် ၄၅၀ ကျင့်ကြံခဲ့ပြီး သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်တွင် အောင်မြင်မှုကြောင့် ဗဟိုအူတိုင်အဆင့်သို့ ၀င်ရောက်ရန် ကပ်ဘေးစမ်းသပ်ချက်ကို စတင်နိုင်ခဲ့သည်။ သင်သည် အသေးစားကောင်းကင်ကပ်ဘေးစမ်းသပ်ချက်ကို တောင့်ခံနိုင်ခဲ့ပြီး ရွှေအူတိုင်ကို ဖွဲ့စည်းနိုင်ခဲ့ကာ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ ၀င်ရောက်နိုင်ခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်၅၀၀ ကျင့်ကြံခဲ့ပြီး ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၂ သို့ ရောက်ရှိသွားခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်၆၀၀ ကျင့်ကြံခဲ့ပြီး ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၃ သို့ ရောက်ရှိသွားခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်၇၀၀ ကျင့်ကြံခဲ့ပြီး ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၄ သို့ ရောက်ရှိသွားခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်၈၀၀ ကျင့်ကြံခဲ့ပြီး ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၅ သို့ ရောက်ရှိသွားခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်၁၀၀၀ ကျင့်ကြံခဲ့ပြီး ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၆ သို့ ရောက်ရှိသွားခဲ့သည်]
ကုအန် မျက်လုံးရှေ့တွင် စာကြောင်းများတစ်ခုပြီးတခု ပေါ်လာခဲ့သည်။
ကပ်ဘေးစမ်းသပ်ချက်ကို ခြောက်ကြိမ်မြောက်ကျရှုံးကြောင်း စာပေါ်လာပြီးသည့်နောက် ကုအန် အသက်ပင် မရှူနိုင်တော့ပေ။ ကပ်ဘေးစမ်းသပ်ချက်များသည် ထိုမျှ ခက်ခဲပါသလော။
နောက်ဆုံးစာကြောင်းပေါ်လာပြီးသောအခါ ကုအန်ခန္ဓာကိုယ်သည် သူ့အလိုလို စွမ်းအင်များကို စတင်စုပ်ယူလာခဲ့၏။ ထိုအခါ ကုအန်လည်း သက်တမ်းအလွှာကို အမြန်ဖွင့်လိုက်သည်။
[သက်တမ်းအလွှာ အသက်၀င်သွားပါပြီ၊ သက်တမ်း ကုန်ကျမှု : ၀ နှစ်]
ထိုစာတန်းပေါ်လာပြီး ကုအန် စိတ်ဝိညဉ်စွမ်းအင်များ အလွှာထဲသို့ သူ့အလိုလိုစီး၀င်သွားခဲ့ကာ ၀ သည် ၁ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“သက်တမ်းကုန်ကျမှုက အရမ်းမများဖို့ မျှော်လင့်ရတာပဲ…” ကုအန် တိတ်တိတ်လေး ဆုတောင်းနေမိ၏။
သဘာ၀စိတ်ဝိညဉ်စွမ်းအင်များသည် ကုအန်ကိုယ်ထဲသို့ တိုး၀င်နေခဲ့ကြသည်။
ဒီတစ်ခေါက်တွင် သူပြေးလွှားမနေခြင်းကြောင့် နာကျင်ခြင်းတော့ မဖြစ်ခဲ့ပေ။
သူ့ကိုဗဟိုပြု၍ မြေပြင်ကစိတ်ဝိညဉ်လှိုင်းများသည် သူ့ကိုယ်ထဲသို့ အဆက်မပြတ် အရူးအမူး တိုး၀င်နေခဲ့ကြ၏။ ကုအန်ကိုမူ မမြင်ရသော မီတာ ၅၀ ခန့်ရှိေသာ စက်ဝိုင်းခြမ်းပုံ စိတ်ဝိညဉ်အလွှာ တစ်ခုက ကာကွယ်ပေးထားခဲ့သည်။
ကုအန် ထိုအလွှာထဲမှ အပြင်သို့ကြည့်လိုက်သောအခါ အပြင်တွင် အနှောင့်အယှက်နည်းနည်းလေးပင် ရှိမနေဘဲ မြက်ပင်နှင့်သစ်ပင်များသည် သူ့ကြောင့်ဘာမှဖြစ်မသွားသလိုပင် ငြိမ်သက်နေကြ၏။
ဘာကြောင့် ဘာအနှောင့်အယှက်မှ ဖြစ်မသွားသလဲဆိုတာကို ကုအန်ရုတ်တရက် စိတ်၀င်စားသွားမိသည်။
ခဏကြာသော် သူနားလည်သွားခဲ့၏။
သက်တမ်းအလွှာထဲတွင် သူစုပ်ယူနေသော စိတ်ဝိညဉ်စွမ်းအားများမှာ အပြင်မှလာခြင်းမဟုတ်ဘဲ ကမ္ဘာမြေကြီးအတွင်းဘက်မှ လာခြင်းကြောင့် ဖြစ်ပေသည်။
ထိုမှသာ သူစိတ်ရှင်းသွားရ၏။
ကုအန်၏ ကျင့်ကြံခြင်း အခြေခံတည်ဆောက်ခြင်းအဆင့် ၉ သို့မရောက်ခင်တွင်ပင် သက်တမ်းအလွှာကြောင့် ကုန်ကျမှုမှာ ၅ နှစ်သို့ ရောက်ရှိလာခဲ့သည်။
ထိုအရာသည် အတော်လေး ဈေးကြီးလှသည်။
သူ့အရင်က ဈေးကြီးပေးဆော့ရသော ဂိမ်းများကိုပင် သတိရသွားစေ၏။
ထိုအရာအတွက် ဈေးကြီးသည် ဟူသော စကားတစ်လုံးသာ ရှိသည်။
ကုအန် စိတ်ထဲတွင် မကျေနပ်ချက်များကို ပြောဆိုနေရင်း သူနှင့်ခပ်ဝေးဝေးတောင်များဆီမှ အလင်းရောင်များကို ရုတ်တရက်မြင်လိုက်ရ၏။ သူ့မျက်လုံးများအား ကျဉ်းမြောင်းလိုက်ရာ တိုက်ခိုက်နေသော ကျင့်ကြံသူများအား ခပ်ရေးရေး မြင်လာရသည်။
မိုင် ၃၀ အကွာတွင်
တောအုပ်အထက်တွင် ရှီယန် သူ့ဓားအားဝေ့ယမ်းကာ ဓားချီခုတ်ချက်များအား ထုတ်လွှတ်လိုက်ရာ တောအုပ်ထဲရှိ သစ်ပင်များကို လေကြမ်းများ တိုက်ခတ်သွားကာ သစ်ရွက်များကြွေကြကုန်ကြ၏။
အနက်ရောင်၀တ်စုံ၀တ်ဆင်ထားသော လီယမှာလည်း သစ်ပင်ထိပ်တွင်ရပ်နေရင်း သူ့ဓားအား မြှောက်လိုက်သည်။ ထိုအခါ စွမ်းအားကြီးသော ရွှေခေါင်းလောင်းပုံရိပ်တစ်ခု သူ့ဆီမှထွက်ပေါ်လာပြီး ရှီယန်၏ ဓားချီများအား ချေဖျက်ပစ်လိုက်၏။
ရှီယန်၏ အနက်ရောင်ဆံပင်များသည် လေထဲတွင် ယမ်းခါနေကြပြီး သူ့မျက်နှာတွင်လည်း ရက်စက်လိုမှုများနှင့် ပြည့်နှက်နေလေသည်။ သူအော်ရယ်လိုက်ကာ “လီယ ဒါကမင်းတတ်တာအကုန်ပဲလား ဒီလောက်အရည်အချင်းလေးနဲ့ မင်းက မင်းသားနေရာအတွက် ယှဉ်ပြိုင်ချင်သေးတယ်လား ဒီလောက်လေးနဲ့ မင်းကအတွင်းစည်းဂိုဏ်းကိုတောင် အသက်ရှင်လျက် ရောက်နိုင်ပါ့မလား”
လီယမျက်နှာ တင်းမာခက်ထန်နေပြီး သူ့အကြည့်သည် ဆန်းကြယ်တောင်ကြားဆီသို့ ရောက်ရှိနေ၏။
ဒီလိုလုပ်လို့ မဖြစ်ဘူး!
ဒီတိုင်းသာ တိုက်ပွဲဆက်ဖြစ်နေမည်ဆိုလျှင် သူတို့တိုက်ပွဲသည် ဆန်းကြယ်တောင်ကြားမှလူတွေကို သတိထားသွားစေမိလိမ့်မည်။
လီယ ကုအန်နှင့်အခြားသူများအား ဒုက္ခမရောက်စေချင်ပေ။ ထို့နောက် လီယရုတ်တရက်သူ့ဓားအား ထုတ်ကာ ဆန်းကြယ်တောင်ကြားနှင့် ဆန့်ကျင်ဘက်အရပ်သို့ ပျံသန်းသွားလေတော့သည်။ ရှီယန် လည်း သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်လာခဲ့ပြီး သူတို့နှစ်ယောက်သည် ညကောင်းကင်ပေါ်တွင် ဓားပျံများစီးပြီး ပျံသန်းနေခဲ့ကြ၏။
သက်တမ်းအလွှာထဲတွင် ကုအန်တစ်ယောက် တိုက်ခိုက်နေသော ကျင့်ကြံသူများအား သဲသဲကွဲကွဲမြင်မနေရပေ။ သို့သော် ကံကောင်းစွာဖြင့် အလင်းရောင်များမှာ တခဏအကြာတွင် ပျောက်ကွယ်သွားခဲ့သည်။
ကုအန် သွားလည်းမကြည့်ရဲခဲ့ပေ။ သူ့သက်တမ်းအလွှာသည် ထောက်လှမ်းခြင်း ချောင်းကြည့်ခြင်းများမှ ကာကွယ်ပေးနိုင်သည် ဆိုပါသော်လည်း လုံး၀ချိုးဖျက်မရခြင်းမျိုးတော့ ဟုတ်မနေပေ။ အကယ်၍ တစ်ယောက်ယောက်က မတော်တဆ သူ့သက်တမ်းအလွှာအား ၀င်တိုက်မိသွားလျှင် ဘယ်လိုလုပ်မည်နည်း။
အချိန်များလျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ကုအန်နှလုံးသားမှာလည်း ကျေနပ်မှုများနှင့် ပြည့်နှက်နေလေသည်။
ရွှေအူတိုင်သည် သူ့ကိုယ်ထဲ၌ စတင်ဖွဲ့စည်းနေခဲ့ချေပြီ!
သက်တမ်းအလွှာ ကုန်ကျမှုသည် သက်တမ်း၅၀ကျော်သွားသောအခါ ကုအန်၏ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းလည်း ပြီးဆုံးသွားခဲ့သည်။
ထိုမျှသက်တမ်းပမာဏသည် များပြားပါသော်လည်း ကုအန်လက်ခံနိုင်သော ပမာဏအတွင်းသာ ရှိနေသေး၏။
သက်တမ်းအလွှာအား အသုံးမပြုခင်က ထိုသက်တမ်းကုန်ကျမှုသည် အလွန်များပြားပြီး သူ့အား ခြောက်ကပ်သွားသည်အထိ ဖြစ်သွားစေမှာကို ကြောက်ရွံ့နေခဲ့သေးသည်။
သို့သော် ယခုအခါ သူ့ကြောက်ရွံ့မှုများသည် လေနှင့်အတူလွင့်ပျောက်သွားလေပြီ။
ထိုစဉ် နောက်ထပ်အတွေးတစ်ခု သူ့စိတ်ထဲပေါ်လာခဲ့၏။
သက်တမ်း ၁၀၀၀ နှင့် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၆ သို့ ရောက်လျှင် သူ့ကျင့်ကြံခြင်းတွင် နောက်ထပ်သက်တမ်းများ ထပ်သုံးသင့်ပါသလော။
အပိုင်း(၂၀)
စိတ်ဝိညဉ်အမြစ်ပြောင်းလဲခြင်း၊ စိတ်ဝိညဉ်အခြေတည်အဆင့် ကျင့်ကြံသူ
ညကောင်းကင်သည် တိတ်ဆိတ်နေခဲ့သည်။ တစ်ချက်တစ်ချက်ကြားရသော ငှက်နဲ့သားရဲအော်သံများမှအပ တောအုပ်တစ်ခုလုံးသည် အိပ်မောကျနေခဲ့၏။
ကုအန် သက်တမ်းအလွှာထဲတွင် တရားထိုင်နေရင်း လရောင်ကို ခံစားနေခဲ့သည်။
ယနေ့ည၏ လရောင်သည် အလွန်လှပနေ၏။
သူ့ကျင့်ကြံခြင်းမှာလည်း ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၄သို့ ရောက်ရှိလာပြီး ပြီးဆုံးရန် နီးကပ်လာခဲ့သည်။
ကုအန် ယခုအခါအဆင့်ချိုးဖျက်ခြင်းပြီးသွားပါက ကျင့်ကြံခြင်းတွင် သက်တမ်းများထပ်ပေါင်းထည့်ဦးမည်ဟု စဉ်းစားထားသည်။ ထို့နောက်မှ လျှို့ဝှက်သိုင်းတွင် သက်တမ်းပေါင်းထည့်မည်ဖြစ်၏။ စိတ်ဝိညဉ်အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လာလျှင်မူ လေပြင်းခြေထောက်သိုင်းလောက်နှင့် သူမကျေနပ်နိုင်တော့ပေ။
ဘယ်စိတ်ဝိညဉ်အခြေတည်အဆင့်ကျင့်ကြံသူက ခြေထောက်သုံးမည်နည်း။
သူသုံးရမည့်အရာမှာ ဓားသာ ဖြစ်ရပေလိမ့်မည်။
လီမိသားစုဓား ၇ လက် ဓားသိုင်းကို ကုအန်မျက်စိကျနေမိပြီး စိတ်ဝိညဉ်အခြေတည်အဆင့်ရောက်လျှင် ထိုဓားသိုင်းကို သုံးမည်ဟု ကုအန်စဉ်းစားထားသည်။
ချန်းရွှမ်တန်၏ ဆရာကို စိတ်ဝိညဉ်အခြေတည်အဆင့်ဟု ယူဆထားရပေမည်။
သူ့ရန်သူအင်အားကို ပိုမိုတွက်ဆထားမှသာ အမှန်တကယ် တိုက်ခိုက်ရပါက သူ့အတွက် နိုင်နိုင်ချေပိုများမည် ဖြစ်၏။
ကုအန် ခုနကတွေ့လိုက်သော ကျင့်ကြံသူများမှာတော့ တိုက်ခိုက်ပြီး ထွက်သွားပြီးကတည်းက လုံး၀ပြန်မလာကြတော့ရာ ကုအန်အတော်လေး စိတ်အေးသွားရသည်။
ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် တစ်ယောက်အနေနဲ့ ကုအန် အပြင်စည်းဂိုဏ်းတစ်ဝိုက်ကိုတော့ ကောင်းကောင်းလွှမ်းမိုးနိုင်၏။ အကယ်၍ တစ်ယောက်ယောက်သူ့အား လာနှောင့်ယှက်လျှင်တောင် ထိုကောင်သည် သူ့ခြေကန်ချက် တစ်ချက်ကိုပင် ခံနိုင်လိမ့်မည် မဟုတ်ပေ။
ဗဟိုအူတိုင်ဖွဲ့စည်းခြင်း အဆင့် ၅!
ကျင့်ကြံခြင်းအဆင့်တိုးလာသည်နှင့်အမျှ ကုအန်၏ နတ်အာရုံမှာလည်း ပို၍အားကောင်းလာခဲ့သည်။
အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်၏ ကွာခြားချက်မှာ မိုးနှင့်မြေပမာပင်။
စိတ်ဝိညဉ်စွမ်းအား ကွာဟချက်မှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ဖြစ်ပြီး ယခုအခါတွင် ကုအန်သူ့နတ်အာရုံကို သိပ်သည်းပြီး အားလှိုင်းတစ်ခုကဲ့သို့ပင် တိုက်ခိုက်နိုင်နေပြီ ဖြစ်၏။
ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်မှသာ ကုအန် သူ့ကိုယ်သူစစ်မှန်တဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။
ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်တောင် ထိုမျှအင်အားကြီးနေပါက စိတ်ဝိညဉ်အခြေတည်အဆင့်ဆိုလျှင် မည်မျှပို၍ အင်အားကြီးနေမည်နည်း။
ကုအန် သူ့ကျင့်ကြံခြင်းထဲ သက်တမ်းများပေါင်းထည့်ရန် မစောင့်နိုင်တော့ပေ။
ကုအန် သူ့ကျင့်ကြံခြင်း ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၆ သို့ရောက်သည်အထိ စိတ်ရှည်ရှည်နှင့်စောင့်ခဲ့ရပြီး နောက်ဆုံးတွင် သူ့စနစ်အား ပြန်ဖွင့်ရန် အချိန်ကျလာခဲ့ချေပြီ။
သူ့အကြည့်သည် သူ၏စိတ်ဝိညဉ်အမြစ်အပေါ် ရောက်သွားခဲ့သည်။
သူတစ်ခါက ထိုအမြစ်များအဆင့်မြင့်လာစေရန် သက်တမ်းများထည့်ခဲ့ဖူးသော်လည်း ထိုအမြစ်များသည် အဆုံးမဲ့တွင်းကြီးကဲ့သို့ဖြစ်ပြီး သူ့အား စိတ်ဒဏ်ရာပင် ရသွားစေခဲ့၏။ ထို့ကြောင့် သူ့သက်တမ်းအား အခြားနေရာများတွင်သာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ကျင့်ကြံခြင်းနည်းစနစ်တိုးတက်လာလျှင်လည်း စိတ်ဝိညဉ်အမြစ်အရည်အေသွးသည် တိုးတက်လာနိုင်သေး၏။
ယခုအခါ သူသည်လုံလောက်အောင်သန်မာနေပြီး သူ့တွင်လည်း သက်တမ်းအများအပြားရှိနေလေရာ သူ့စိတ်ဝိညဉ်အမြစ်များအား စမ်းသပ်ရန် အချိန်ကျရောက်လာခဲ့ပြန်ပြီ။
တခဏကြာပြီးနောက် သူ့ကျင့်ကြံခြင်းတိုးတက်နေမှု ရပ်တန့်သွားသောအခါ ကုအန် စိတ်ဝိညဉ်အမြစ်အရည်အေသွးထဲသို့ သက်တမ်း ၂၀၀၀ တိုက်ရိုက်ပင် ပေါင်းထည့်ပစ်လိုက်သည်။
“သင်သည် စိတ်ဝိညဉ်အမြစ်အရည်အသွေးဆင့်ကဲပြောင်းလဲခြင်းတွင် သက်တမ်း ၂၀၀၀ ပေါင်းထည့်ပြီးပါပြီ”
“သင်သည် ကောင်းကင်နှင့်မြေကြီး၏ သဘာ၀နိယာမများအား နှစ်ပေါင်း ၁၀၀ ကြာလေ့လာခဲ့သောကြောင့် သင်၏ဒြပ်ငါးမျိုးစိတ်ဝိညဉ်အမြစ်သည် အရည်အသွေးတိုးလာခဲ့သည်”
“သင်သည် ကောင်းကင်နှင့်မြေကြီး၏ သဘာ၀နိယာမများအား နှစ်ပေါင်း ၂၀၀ ကြာလေ့လာခဲ့သောကြောင့် သင်၏ဒြပ်ငါးမျိုးစိတ်ဝိညဉ်အမြစ်သည် အရည်အသွေးတိုးလာခဲ့သည်”
…..
“သင်သည် ကောင်းကင်နှင့်မြေကြီး၏ သဘာ၀နိယာမများအား နှစ်ပေါင်း ၁၀၀၀ကြာလေ့လာခဲ့သောကြောင့် နောက်ဆုံးတွင် ကောင်းကင်နှင့်မြေကြီး၏ စစ်မှန်သောအဓိပ္ပာယ် သဲလွန်စတစ်ခုကို ဖမ်းဆုပ်နိုင်ခဲ့သည် သင်၏စိတ်ဝိညဉ်အမြစ်သည် ကောင်းကင်နှင့်မြေကြီး၏ ကောင်းချီးပေးခံရခြင်းကြောင့် စတင်ပြောင်းလဲလာခဲ့သည် သင်၏ စိတ်ဝိညဉ်အမြစ်ငါးမျိုးလုံး၏ အရည်အသွေးသည် ဒုတိယတန်းစားလူသား အရည်အသွေး အဖြစ်သို့ရောက်ရှိသွားပြီး ထိုထဲတွင် သစ်သားစိတ်ဝိညဉ်အမြစ်သည် အထင်ရှားဆုံးဖြစ်သည်”
“ကောင်းကင်နှင့်မြေကြီး၏ သဘာ၀နိယာမများအား နှစ်ပေါင်း ၁၂၀၀ ကြာလေ့လာခဲ့သောကြောင့် သင်၏ဒြပ်ငါးမျိုးစိတ်ဝိညဉ်အမြစ်သည် အရည်အသွေးတိုးလာခဲ့သည်”
…
“
သင်သည် ကောင်းကင်နှင့်မြေကြီး၏ သဘာ၀နိယာမများအား နှစ်ပေါင်း ၂၀၀၀ကြာလေ့လာခဲ့သောကြောင့် နောက်ဆုံးတွင် ကောင်းကင်နှင့်မြေကြီး၏ စစ်မှန်သောအဓိပ္ပာယ် သဲလွန်စတစ်ခုကို ဖမ်းဆုပ်နိုင်ခဲ့သည် သင်၏စိတ်ဝိညဉ်အမြစ်သည် ကောင်းကင်နှင့်မြေကြီး၏ ကောင်းချီးပေးခံရခြင်းကြောင့် စတင်ပြောင်းလဲလာခဲ့သည် သင်၏ စိတ်ဝိညဉ်အမြစ်ငါးမျိုးလုံး၏ အရည်အသွေးသည် ပထမတန်းစားလူသား အရည်အသွေး အဖြစ်သို့ရောက်ရှိသွားပြီး ထိုထဲတွင် သစ်သားစိတ်ဝိညဉ်အမြစ်နှင့် မြေကြီးစိတ်ဝိညဉ်အမြစ်သည် အထင်ရှားဆုံးဖြစ်သည်”
စာကြောင်းများ တစ်ကြောင်းပြီးတစ်ကြောင်း ကုအန်မျက်စိရှေ့တွင် ပေါ်လာခဲ့၏။
ကုအန် ပထမဆုံးစာကြောင်းကို မြင်ကတည်းကပင် သူ့နှလုံးသားထဲမှ သွေးများယိုစီးကျလာခဲ့ရသည်။
ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ဟာကြီးလဲ! ဒါကြီးက တကယ့်ကို အဆုံးမဲ့တွင်းကြီးပဲဟ!
စိတ်ဝိညဉ်အမြစ်ငါးခုလုံး ပထမတန်းစား အဆင့်သို့ ရောက်သွားသည်ကို မြင်ရသောအခါမှသာ သူ့ခံစားချက် အနည်းငယ်ပြန်ကောင်းသွားရ၏။ သို့သော် သူနာကျင်နေဆဲဖြစ်သည်။ အထူးသဖြင့် သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်တွင် ပေါက်မြောက်ရုံဖြင့် သူ့သစ်သားစိတ်ဝိညဉ်အမြစ် ပထမတန်းစား ဖြစ်သွားခဲ့သည်ကို တွေးမိသောအခါမျိုးတွင် ပိုနာကျင်ရသည်။
ထိုသို့လည်း တွေး၍ မရသေးပေ။
သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်အား ရရှိရန် နှစ် ၁၀၀၀ အသုံးပြုခဲ့ရပါသော်လည်း သစ်သားစိတ်ဝိညဉ်အမြစ်တစ်ခုတည်းသာ အဆင့်မြင့်သွားခဲ့၏။ အမြစ်ငါးခုလုံး အဆင့်မြှင့်လိုလျှင် အနည်းဆုံး နှစ် ၅၀၀၀ လောက် သုံးရပေလိမ့်မည်။
ယခုလိုသာဆိုလျှင် အဘယ်ကြောင့် သူအခြားစိတ်ဝိညဉ်အမြစ်လေးခု၏ ကျင့်စဉ်များအား ကျင့်ဖို့လိုနေဦးမည်နည်း။
လူတစ်ယောက်အနေနှင့် သင်သည်အသစ်အသစ်များကို ရှာဖွေဖော်ထုတ်၍ သင့်အတွက်အကောင်းဆုံးလမ်းကို အမြဲရှာဖွေနေသင့်ပေသည်။
ကုအန် သူ့ကိုယ်သူအားပေးနေစဉ်တွင် မြေကြီးထဲမှ စိတ်ဝိညဉ်စွမ်းအင်များ တစ်ဖန် ထွက်ပေါ်လာပြန်၏။ ဤအခါတွင် သူ့ကျင့်ကြံခြင်းအဆင့်ကိုတိုးသွားစေခြင်းမျိုးမဟုတ်ဘဲ သူ့အရိုးအရွတ်များအား ပိုမိုမာကျောလာစေရန် ဖြစ်သည်။
နာကျင်မှု!
ကုအန် တစ်ခါမှမခံစားဖူးသော တုနှိုင်းမဲ့နာကျင်မှုမျိုးကို ခံစားနေရပြီး အံကိုကြိတ်၍သာ တောင့်ခံနေခဲ့ရ၏။
ကုအန် အာရုံလွှဲနိုင်စေရန် စနစ်အကြောင်းကိုသာ စတင်စဉ်းစားနေလိုက်သည်။
ကြည့်ရသည်မှာ စိတ်ဝိညဉ်အမြစ်အရည်အသွေးအား အဆင့်မြှင့်သည့်အပိုင်းသည် စနစ်တွင် အခက်ခဲဆုံးအပိုင်း ဖြစ်ပုံပေါ်၏။ ထိုအရာမှာလည်းအဓိပ္ပာယ်ရှိပေသည်။ စိတ်ဝိညဉ်အမြစ်အရည်အသွေးသည် လူတစ်ယောက်၏ အမြင့်ဆုံးသက်တမ်းအပေါ်တွင် မူတည်နေခြင်းဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်သည် လက်ရှိသက်တမ်းပေါ်တွင် မူတည်နေခြင်းဖြစ်သည်။ အမြင့်ဆုံးသက်တမ်းအား ချိုးဖျက်ရခြင်းမှာ အခက်ခဲဆုံးအပိုင်းသာ ဖြစ်ရပေလိမ့်မည်။
မည်သည့်အားထုတ်မှုကမှ ကောင်းကင်ကချမှတ်ပေးထားသော ကံကြမ္မာအား ချိုးဖျက်ခြင်းနှင့် နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။
ထိုအရာသည် ဘာကြောင့် အဓိပတိဂိုဏ်းက ပါရမီရှင်များအား အလွန်တန်ဖိုးထားရသလဲဟူသော အကြောင်းပြချက်ဖြစ်ပေသည်။ သူတို့အတွက် ကျိရှောင်ယုကဲ့သို့သော ပါရမီရှင်မျိုးသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ထက် ပိုအရေးပါ၏။
လူအများစုအတွက် စိတ်ဝိညဉ်အမြစ်နည်းလေလေ သူတို့တွင် ပါရမီရှိလေလေ ဖြစ်သည်။ လူတစ်ယောက်၏ စိတ်ဝိညဉ်စွမ်းအားသည် ၁၀၀ ရှိသည် ဆိုပါစို့။ သူ့တွင် စိတ်ဝိညဉ်အမြစ်နှစ်ခုသာရှိပါက သူ၏စိတ်ဝိညဉ်အမြစ်များသည် ထိုစွမ်းအားကို ၅၀ ၅၀ ခွဲ၍ ရမည်ဖြစ်ပြီး သူ့တွင် စိတ်ဝိညဉ်အမြစ် ငါးခု ရှိနေပါက သူ၏စိတ်ဝိညဉ်အမြစ်များသည် ထိုစွမ်းအားကို ၂၀ စီသာ ခွဲ၍ရကြမည် ဖြစ်၏။ တစ်ခါတလေတွင် လူများ၍လည်း ပွဲမစည်ဘဲ ဖြစ်နေတတ်လေသည်။
သို့သော် ထိုအရာသည် ကုအန်အတွက်တော့ ကွဲပြား၏။ သူ၏ စိတ်ဝိညဉ်အမြစ်ဆင့်ကဲပြောင်းလဲခြင်းမှာ သတ်မှတ်ထားသောပမာဏ ၁၀၀ ကိုကျော်လွန်သွားခြင်းဖြစ်ပြီး သူ၏စိတ်ဝိညဉ်အမြစ်ငါးခုလုံးသည် တပြိုင်တည်းတိုးတက်လာခြင်းဖြစ်ပေသည်။
စိတ်ဝိညဉ်အမြစ်တစ်ခုထဲကိုသာ အဆင့်မြှင့်လို့မရခြင်းမှာတော့ ၀မ်းနည်းစရာပင်။ လတ်တလောတွင် သူသည် သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်ကို ကျင့်ကြံနေသောကြောင့် အခြားစိတ်ဝိညဉ်အမြစ်များသည် သူ့အတွက် ထိုမျှအသုံး၀င်မနေပေ။ စိတ်၀ိညဥ်အမြစ်အရည်အေသွးများ တိုးတက်လာသော်လည်း သူ့ကျင့်ကြံခြင်းမှာတော့ ထိုမျှတိုးတက်လာဦးမည် မဟုတ်ပေ။
သို့သော် ကုအန် စာကြောင်းထဲတွင် ပထမတန်းစားအား အထူးပြုထားသည့် “လူသား” ဟူသော စကားလုံးကို သတိထားမိခဲ့သည်။
ထိုသို့ဆိုလျှင် လူသားခန္ဓာမဟုတ်ဘဲ သန့်စင်သောခန္ဓာနှင့် သန့်စင်သောစိတ်ဝိညဉ်များလည်း ရှိနေနိုင်သေးသည် မဟုတ်ပါလား။
ကုအန်အတွေးနယ်ချဲ့နေစဉ်တွင် သက်တမ်းအလွှာ၏ သက်တမ်းကုန်ကျမှုနှုန်းမှာလည်း စတင်လျော့ကျလာခဲ့သည်။ အဆင့်ချိုးဖျက်သည့် အချိန်မှစ၍ ယခုအထိဆိုလျှင် သက်တမ်း ၁၃၄ နှစ်ပင် ကုန်ဆုံးသွားခဲ့၏။
ကုအန်၏ စိတ်ဝိညဉ်အမြစ်များအရည်အသွေးဆက်လက်မြင့်တက်နေရင်း ကမ္ဘာကြီးအပေါ်သူ၏အမြင်များ ပြောင်းလဲသွားခြင်းကြောင့် သူ၏ စိတ်ဝိညဉ်စွမ်းအင်များလည်းအရင်နှင့်မတူ ပိုမိုကွဲပြားလာမှန်း ကုအန် သတိထားမိလိုက်သည်။
ကုအန်၏ နာကျင်သောခံစားမှုသည် ဆန်းကြယ်သောခံစားမှုဖြင့် အစားထိုးခြင်းကို ခံလိုက်ရလေပြီ။
အချိန်အတော်ကြာပြီးနောက်
ကုအန်၏ခန္ဓာကိုယ်သည် မည်သည့်စိတ်ဝိညဉ်စွမ်းအင်ကိုမှ ထပ်မစုပ်ယူတော့ဘဲ စနစ်တွင်လည်း သူ၏စိတ်ဝိညဉ်အမြစ်များအားလုံးမှာ ပထမတန်းစားအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် ကုအန်ထိုင်ရာမှမထသေးဘဲ ကျင့်ကြံခြင်းထဲသို့ သက်တမ်း နှစ် ၂၀၀၀ ပေါင်းထည့်လိုက်၏။
ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ ချိုးဖျက်စဉ်က ကပ်ဘေးစမ်းသပ်ချက် ကျရှုံးမှုများမှာ သူ့အားအခုထိ အရိပ်မဲကြီးလို လိုက်နေဆဲဖြစ်သည်။ ထို့ကြောင့်ယခုတစ်ခါတွင်လည်း တစ်ခါတည်းချိုးဖျက်နိုင်စေရန် သက်တမ်း ၂၀၀၀ ထည့်ခဲ့ခြင်းဖြစ်၏။
ကပ်ဘေးစမ်းသပ်ချက်တစ်ကြိမ်ကျရှုံးပါက ရှေ့သို့ဆက်မသွားနိုင်ဘဲ နှစ်၅၀ အလကားဆုံးရှုံးရပေသည်။ ပြီးမှသာ ရှေ့သို့ဆက်သွားနိုင်ခြင်းဖြစ်၏။ ထိုအရာသည် အတော်လေး အစစ်အမှန်ဆန်လှပေသည်။ အပြင်လောကတွင်လည်း ကပ်ဘေးစမ်းသပ်ချက်တွင် ကျရှုံးခဲ့ပါက ခန္ဓာကိုယ်ထိခိုက်သွားပြီး အချိန်အတော်ကြာ အနားယူရသည်။ ပြီးမှသာ ဆက်လက်ကျင့်ကြံ၍ ရ၏။
စိတ်ဝိညဉ်အခြေတည်အဆင့် ကပ်ဘေးစမ်းသပ်ချက်မှာမူ ကို၍ပင်ခက်ခဲနိုင်ပြီး ယခင်တစ်ခေါက် ကျရှုံးမှုထက် အကြိမ်ရေလုံး၀ မနည်းနိုင်ပေ။
စတော့!
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်၁၀၀ ကျင့်ကြံခဲ့ပြီး သင်၏ကျင့်ကြံခြင်းအဆင့်သည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်း အဆင့် ၇ သို့ရောက်ရှိသွားခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်၂၀၀ ကျင့်ကြံခဲ့ပြီး သင်၏ကျင့်ကြံခြင်းအဆင့်သည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်း အဆင့် ၈ သို့ရောက်ရှိသွားခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်၃၀၀ ကျင့်ကြံခဲ့ပြီး သင်၏ကျင့်ကြံခြင်းအဆင့်သည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်း အဆင့် ၉ သို့ရောက်ရှိသွားခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၄၀၀ ကျင့်ကြံခဲ့ပါသည်။ သင်သည် သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်တွင် အောင်မြင်မှုကြီးများ ရရှိခဲ့ပြီး စိတ်ဝိညဉ်အခြေတည်အဆင့်ကပ်ဘေးအား စတင်နိုင်ခဲ့သည်။ သို့သော် ဆန်းရွှမ်ကောင်းကင်ကပ်ဘေးအား တောင့်မခံနိုင်ခဲ့သောကြောင့် ကပ်ဘေးစမ်းသပ်ချက် ကျရှုံးခဲ့ရသည်]
….
သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၁၅၀၀ ကျင့်ကြံခဲ့ပါသည်။ သင်သည် သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်တွင် အောင်မြင်မှုကြီးများ ရရှိခဲ့ပြီး စိတ်ဝိညဉ်အခြေတည်အဆင့်ကပ်ဘေးအား စတင်နိုင်ခဲ့သည်။ သို့သော် ဆန်းရွှမ်ကောင်းကင်ကပ်ဘေးအား တောင့်မခံနိုင်ခဲ့သောကြောင့် ကပ်ဘေးစမ်းသပ်ချက် ကျရှုံးခဲ့ရသည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၁၆၀၀ ကျင့်ကြံခဲ့ပါသည်။ သင်သည် သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်တွင် အောင်မြင်မှုကြီးများ ရရှိခဲ့ပြီး စိတ်ဝိညဉ်အခြေတည်အဆင့်ကပ်ဘေးအား စတင်နိုင်ခဲ့သည်။ နောက်ဆုံးတွင် ဆန်းရွှမ်ကောင်းကင်ကပ်ဘေးအား တောင့်ခံနိုင်ခဲ့ပြီး ကပ်ဘေးစမ်းသပ်ချက် အောင်မြင်ကာ စိတ်ဝိညဉ်အခြေတည်အဆင့်သို့ ရောက်ရှိသွားခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၁၈၀၀ ကျင့်ကြံခဲ့ပြီး သင်၏ကျင့်ကြံခြင်းသည် စိတ်ဝိညဉ်အခြေတည်အဆင့် ၂ သို့ ရောက်ရှိသွားခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၂၀၀၀ကျင့်ကြံခဲ့ပြီး သင်၏ကျင့်ကြံခြင်းသည် စိတ်ဝိညဉ်အခြေတည်အဆင့် ၃ သို့ ရောက်ရှိသွားခဲ့သည်]
သေစမ်း!
ကပ်ဘေးစမ်းသပ်ချက်ကို ၁၂ခါတောင် ကျရှုံးခဲ့တာဟ!
ကပ်ဘေးစမ်းသပ်ချက် ၆ ကြိမ်မြောက်ကျရှုံးကြောင်း တွေ့လိုက်ရသောအခါ ကုအန်နှလုံးအားလေး တွင်းအောက်ခြေသို့ နစ်မြုပ်သွားရပြီး ၁၂ကြိမ်ထိကျရှုံးသည်ကို တွေ့လိုက်ရသောအခါ ကုအန် အမြင်အာရုံများပင် ပျောက်ဆုံးသွားခဲ့ရသည်။
ကံကောင်းစွာဖြင့် သူနောက်ဆုံးတွင်တော့ ဖြည်းဖြည်းချင်း စိတ်ဝိညဉ်အခြေတည်အဆင့်သို့ ရောက်ရှိခဲ့သေးသည်။
စိတ်ဝိညဉ်အခြေတည်အဆင့်သို့ တက်ရောက်ရခြင်းသည် ထိုမျှ ခက်ခဲပါသလော။
ကုအန် အတွေးနယ်ချဲ့မိရင်း စနစ်တွင် ကျင့်ကြံခြင်းမြှင့်တင်သည့်အခါ ကုန်ကျသည့် သက်တမ်းသည် အပြင်လောကတွင်အမှန်တကယ်ကျင့်ကြံရာ၌ ကြာမည့် သက်တမ်းထက် အဘယ်ကြောင့် များနေရသနည်းဆိုတာကို နားလည်သွားခဲ့၏။
စနစ်တွင် သက်တမ်းပေါင်းထည့်ရခြင်းသည် အခြားမည်သည့်အကူအညီမှမပါဘဲ ကျင့်ကြံရခြင်းမျိုး ဖြစ်ပေသည်။ အပြင်လောကတွင်ကျင့်ကြံရာတွင် ရတနာများ စိတ်ဝိညဉ်စုဆောင်းခြင်း၀င်္ကပါများကိုသုံး၍ ကျင့်ကြံနိုင်ရာ အချိန်ပိုသက်သာနိုင်သော်လည်း စနစ်တွင်မူ ဘာအကူအညီမှမပါဘဲ ကျင့်ကြံရသည့်သက်တမ်းကိုသာ ထည့်တွက်ထားခြင်း ဖြစ်၏။
ကောင်းကင်နှင့်မြေပြင်၏ စိတ်ဝိညဉ်စွမ်းအားများကို ကုအန်ခန္ဓာကိုယ်က စတင်၍ ထပ်မံစုပ်ယူနေပြီး သက်တမ်းအလွှာ၏ သက်တမ်းကုန်ကျနှုန်းမှာလည်း ပြန်လည်မြင့်တက်လာခဲ့ပြန်သည်။
ကုအန် စိတ်လျှော့ထားလိုက်ပြီး သူ၏ကျင့်ကြံခြင်းအဆင့် မြင့်တက်နေမှုကိုသာ ခံစားနေလိုက်တော့၏။
….
ထွန်းတောက်စ နေ၀န်းကြီးသည် လူသားကမ္ဘာပေါ် အလင်းဖြန့်ကျဲနေပြီး ဆေးတောင်ကြားကိုလည်း ချန်မထားခဲ့ပေ။ ကုအန် တောင်ထိပ်ပေါ်တွင် ရပ်နေရင်း ရွက်ဝါများဖြင့် ပြည့်နှက်နေသော တောအုပ်ကြီးကို ငေးကြည့်နေမိသည်။ တောင်ထိပ်ပေါ်ရှိလေမှာ သူ၀တ်ရုံစကို တိုးဝှေ့တိုက်ခတ်နေပြီး နေရောင်မှာလည်း သူ့ကိုယ်ပေါ်ထိုးချနေလေ၏။ ယခုအချိန်တွင် ကုအန်သည် အချိန်မရွေး အမတ တစ်ပါး ဖြစ်လာနိုင်ပြီ ဖြစ်သည်။
သူသည် စဦးစိတ်ဝိညဉ်ကို ဖွဲ့စည်းပြီးသွားပြီဖြစ်ပြီး ယခုအခါ အစစ်အမှန် စိတ်ဝိညဉ်အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေလေပြီ။
သူ့ကိုယ်သူဆုချသည့်အနေနှင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း ချီကျင့်ကြံခြင်းအဆင့် ၃ မှ အဆင့်၄ သို့ တိုးထားလိုက်၏။ ထို့အပြင် ယခုအချိန်မှစ၍ သူ၏ကျင့်ကြံခြင်းကို တစ်နှစ်လျှင် တစ်ဆင့် တိုးမည်ဟု ကုအန် စီစဉ်ထားလိုက်သည်။
ကုအန် သူ့စနစ်လေးအား ဖွင့်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
[အမည်: ကုအန်]
[သက်တမ်း: ၂၂/၄၅၀၂]
[စိတ်ဝိညဉ်အမြစ် : ထိပ်တန်းအဆင့် စိတ်ဝိညဉ်အမြစ်ငါးခု (သစ်သားနှင့်မြေကြီး စိတ်ဝိညဉ်အမြစ်များသည် ပို၍ ထင်ရှားပေသည်) (ကျင့်ကြံခြင်းတိုးမြင့်လာစေရန် သက်တမ်းကိုအသုံးပြု၍ ရသည်)]
[ကျင့်ကြံခြင်းအဆင့် : စိတ်ဝိညဉ်အခြေတည်အဆင့် ၃ (ကျင့်ကြံခြင်းတိုးမြင့်လာစေရန် သက်တမ်းကိုအသုံးပြု၍ ရသည်)]
[ကျင့်ကြံခြင်းနည်းစနစ် : မီးထိန်းချုပ်ပညာ(မကျွမ်းကျင်သေး)၊ သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်(ကျွမ်းကျင်)၊ နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်(ကျွမ်းကျင်)၊ ဆေးတာအို(စဦးအဆင့်)(ကျင့်ကြံခြင်းတိုးမြင့်လာစေရန် သက်တမ်းအား အသုံးပြု၍ရသည်)]
[လျှို့ဝှက်သိုင်း : လေပြင်းအရိပ်မဲ့ခြေထောက်သိုင်း (ပေါင်းစည်းခြင်းနှင့်နားလည်ခြင်း)၊ လီမိသားစုဓား ၇ လက် ဓားသိုင်း(မကျွမ်းကျင်သေး)၊ ရှစ်မျက်နှာခြေလှမ်းသိုင်း(မကျွမ်းကျင်သေး) (ကျင့်ကြံခြင်းတိုးမြင့်လာစေရန် သက်တမ်းအားအသုံးပြု၍ ရသည်) ]
ကုအန် အနာဂတ်တွင် လီမိသားစုဓားသိုင်းတွင် သက်တမ်းပေါင်းထည့်ရန် စီစဉ်ထားလိုက်သည်။ ထို့နောက်တွင်တော့ သူ့သက်တမ်းကို နှစ်၁၀၀၀၀၀ ပြည့်သည်အထိ စုဆောင်းထားမည်ဟု စဉ်းစားထား၏။
အခုတော့ သူ၏စိတ်လှုပ်ရှားနေသော နှလုံးသားလေး တည်ငြိမ်သွားစေရန် ရက်အနည်းငယ် အနားယူဖို့ လိုအပ်နေလေသည်။
သူ၏လက်ရှိ စိတ်ဝိညဉ်အခြေတည်အဆင့်နှင့် ဆိုပါလျှင် အဓိပတိဂိုဏ်းဆီသို့သွား၍ ဂုဏ်သိက္ခာရှိသော ရာထူးတစ်ခုခုကို အလွယ်တကူ ရယူနိုင်၏။ သို့သော် သူထိုရာထူးအား ယူလိုက်လျှင် ဂိုဏ်းမှသူ့အား မိစ္ဆာများအား နှိမ်နှင်းခိုင်းခြင်းနှင့် မိစ္ဆာလမ်းစဉ်မှလူများနှင့် တိုက်ခိုက်ရခြင်းကဲ့သို့သော အမိန့်မျိုးကို ပေးလာလောက်သည် ဟူသောအတွေးက သူ့အား ထိုသို့မလုပ်ရန် တွန်းအားပေးနေခဲ့သည်။
သူသည် သူ၏မူလရည်ရွယ်ချက်ကို မမေ့သေးပေ။
ဘယ်သူပဲ သူ့အားလာခေါ်နေနေ ကိစ္စမရှိပေ။ သူသည် ဆေးတောင်ကြားထဲတွင်သာ အဆုံးထိ ပုန်းအောင်းနေမည်သာ။
တစ်ခါတရံတော့ ကောင်းကင်နှင့်မြေကြီး ရတနာများကို ရှာဖွေရန် ထွက်သွားနိုင်သော်လည်း သူ၏မူလရည်ရွယ်ချက်ဖြစ်သော ဆန်းကြယ်တောင်ကြားကိုတော့ မေ့လိမ့်မည် မဟုတ်ပေ။
မြင့်မားသောရာထူးသည် သူ့အား သက်တမ်းစုဆောင်းရာတွင် ပိုလျင်မြန်စေနိုင်သော်လည်း အကျိုးကျေးဇူးနှင့်အတူ အန္တရာယ်များလည်း တွဲပါလာစေနိုင်သည်။ နောက်ဆုံးတွင် အလျင်လိုလောက်စရာ ရန်သူမျိုးလည်း သူ့တွင် ရှိမနေပေ။
ကုအန် ပြန်လှည့်လိုက်ကာ တောင်အောက်သို့ ခြေလျင်သာ ဆင်းသွားခဲ့လိုက်၏။
စိတ်ဝိညဉ်အခြေတည်အဆင့်တွင် ပျံသန်းနိုင်ပြီဖြစ်သော်လည်း ကုအန် လမ်းလျှောက်ဆင်းဖို့သာ ရွေးချယ်ခဲ့သည်။
သူဆေးတောင်ကြားသို့ ပြန်ရောက်သောအခါ ရှောင်ချွမ်နှင့် အခြားသူများ သူ့အားနှုတ်ဆက်ရန် ထွက်လာကြ၏။
“စီနီယာအစ်ကိုကြီး တောင်ပေါ်ကိုအစောကြီးတက်သွားတာလား” ရီလန် ကုအန်အားနှုတ်ဆက်လိုက်သည်။ သူစိတ်ထင်တာလား မသိပေမယ့် ယနေ့တွင် သူ့အစ်ကိုကြီး ပို၍ချောနေသလိုပင် သူထင်မိ၏။
ကုအန် ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။ “အစ်ကိုကြီး မျိုးစေ့တွေ သွားစစ်တာပါ မင်းတို့လည်းဒီနေ့တောင်ပေါ်မှာ လက်တွေ့ဆင်းရမယ်နော်”
ရီလန် ခေါင်းညိတ်ပြ၍ သဘောတူလိုက်ပြီး ကုအန်တစ်ခုခုထပ်မေးလာစေဖို့ မျှော်လင့်နေခဲ့၏။ သို့သော် ကုအန်မှာ သူ့အိမ်ဆီသို့သာ ပြန်သွားခဲ့သည်။
မဝေးသောတစ်နေရာတွင် ဝူရှင်း ကုအန်၏ပုံရိပ်အားကြည့်နေရင်း တွေးနေမိ၏။
“သစ်တောထဲမှာ လျှို့ဝှက်ချက်တစ်ခုခုရှိတာ သေချာတယ် ငါအဲ့တာကို ရှာကိုရှာတွေ့ရမယ်”
ကုအန် လှေကားများမှတက်လိုက်ပြီး အခန်းဆီရောက်၍ တံခါးဖွင့်လိုက်သောအခါ စားပွဲပေါ်တွင် ဘောလုံးတစ်လုံးလို ဖောင်းကားနေသော ကြွက်ဖြူလေးအား တွေ့လိုက်ရလေသည်။ နွယ်စိမ်းသီးကိုတော့ ဘယ်မှာမှ ရှာမတွေ့တော့ပေ။
ဒီကောင်အသက်ရှူနေတုန်းပဲ မသေသေးဘူး!
ကုအန် ချက်ချင်း သက်တမ်းစစ်ဆေးခြင်းကို ဖွင့်လိုက်သည်။
[အဖြူရောင်စိတ်ဝိညဉ်ကြွက်: ၁၂/၁၂၀/၁၈၀]
ဟမ်!
ကြွက်လေး၏ သက်တမ်း နှစ်၇၀ တိုးလာခဲ့ခြင်းဖြစ်၏။ အရင်ကထိုကြွက်တွင် နေထိုင်နိုင်ရန် သက်တမ်း ၅၀ သာရှိတာကို ကုအန် မှတ်မိနေခဲ့သည်။
နွယ်စိမ်းသီး၏ စွမ်းအားသည် ထိုမျှပင် ကြီးပါသလော။
ကုအန် ချက်ချင်း သစ်သားဗီရိုအားဖွင့်ရာ နွယ်စိမ်းသီးတစ်လုံးအား ထုတ်၍ ကိုက်ချလိုက်၏။