← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အပိုင်း(၂၇)

၀မ်းယင်ဂိုဏ်း၊ ရွှီရူယီ

တစ်ကမ္ဘာလုံးက အပြင်စည်းဂိုဏ်းတပည့်တွေ တွေ့ဆုံပွဲတဲ့လား။

အပြင်စည်းဂိုဏ်းတပည့်တွေအကုန်လုံး အဓိပတိဂိုဏ်းမှာ လာဆုံကြမှာလား။

ဒါဆို ရွက်ဝါတစ်ထောင်မျှော်စင်လည်း ပါမှာလား။

ကုအန် စိတ်၀င်တစားနားထောင်နေမိသည်။ ထိုကဲ့သို့တွေ့ဆုံပွဲမျိုးသည် အမှန်တကယ်ပင် စိတ်လှုပ်ရှားစရာကောင်းတာ မှန်သော်လည်း ရွက်ဝါတစ်ထောင်မျှော်စင်ပါလာပါက သူ့ဆီချဉ်းကပ်ကာ အဓိပတိဂိုဏ်းမှ သတင်းများအား စု‌ေဆာင်း‌ေပးရန် ဖိအားလာပေးမှာကိုလည်း ကုအန်စိုးရိမ်နေမိ၏။

ချန်းလီတို့ စကားဝိုင်းသည် ပြိုင်ပွဲအကြောင်းမှ တဖြည်းဖြည်း အတွင်းစည်းဂိုဏ်းအကြောင်းကို ရောက်ရှိသွားခဲ့သည်။ အတွင်းစည်းဂိုဏ်းသည် မည်သို့သောနေရာဖြစ်သည်ကို ချန်းလီ အတော်လေးစိတ်၀င်စားနေခဲ့၏။

ရှောင်ချန်းကျန်လည်း အတိုချုပ်ရှင်းပြခဲ့သည်။ သူပြောသော အကြောင်းများမှာ ပျားပန်းခပ်မျှစည်ကားလှသော အပြင်စည်းမြို့များအကြောင်း၊ များစွာသော အမွေအနှစ်များအကြောင်၊ အလျှံအပယ်ပေးသော တာ၀န်ဆုလဒ်များအကြောင်း ဖြစ်၏။ သူ့စကားများကိုနားထောင်ရသည်မှာ ကုအန်အတွက် ပုံပြင်တစ်ပုဒ်ကို နားထောင်နေရသလိုပင် ဖြစ်နေခဲ့သည်။

သို့သော် ကုအန် ထိုအတွင်းစည်းဂိုဏ်းထဲသို့ မသွားလိုပေ။

အတွင်းစည်းဂိုဏ်းတပည့်များသည် အဆင့်တူမိစ္ဆာများကို နှိမ်နှင်းရရုံသာမကဘဲ ထိုက်ကန်မင်းဆက်ကိုလည်း ကာကွယ်ရသေးသည်။ ထိုက်ကန်မင်းဆက်အား ကျူးကျော်လာသော အခြားမင်းဆက်များရန်မှ ကာကွယ်ရခြင်း ဖြစ်၏။ ထိုအကြောင်းအား တွေးမိလိုက်ရုံဖြင့် ကုအန် ခေါင်းပင်ကိုက်သွားရသည်။

ကုအန် သူ့တာ၀န်အားလုပ်ဆောင်ပြီး ဆေးပင်များရိတ်သိမ်း၍ သက်တမ်းရာချီစုဆောင်းပြီးသောအခါ ချန်းလီဆီသို့သွားလိုက်ပြီး ပြန်ရန်ပြင်လိုက်သည်။

“နင်ကအတော်လေး အလုပ်ကြိုးစားတာပဲ ငါ့ဂူကိုရောအခုလိုမျိုး စီမံပေးလို့ရမလား” လီရွှမ်ယု ရုတ်တရက်မေးလိုက်၏။

ထိုစကားအား‌ကြားသောအခါ ချန်းလီ ပြုံးကာ ချက်ချင်း ၀င်ပြောလိုက်သည်။ “ဒီကောင်လေးအလုပ်လုပ်ပုံက တကယ်စိတ်ကျေနပ်စရာကောင်းတယ် စည်းကမ်းလည်းရှိတယ် နောက်ပြီးသူ့ကိုလီယညွှန်းထားတာဆိုတော့ စိတ်ချလို့လည်းရတယ်”

လီရွှမ်ယု ကုအန်ကိုစိုက်ကြည့်နေပြီး သူ့အဖြေကို စောင့်နေခဲ့သည်။

လူတိုင်း၏အကြည့်အောက်တွင် ငြင်းဆန်ရန် ခက်ခဲလှရာ ကုအန်ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်ခဲ့၏။

“စီနီယာတို့နှစ်ယောက် ဆက်ပြောကြပါဦး ကျွန်မသူ့ကို ကျွန်မဂူနဲ့ရင်းနှီးသွားအောင် လိုက်ပြလိုက်ဦးမယ်” လီရွှမ်ယု ပြောလိုက်ပြီး ထထွက်သွားခဲ့သည်။

ကုအန်လည်း ဦးညွတ်၍ အမြန်အရိုအသေပြုလိုက်ကာ လီရွှမ်ယုနောက် လိုက်သွားခဲ့ရ၏။

ဂူတံခါး ပြန်ပိတ်သွားသောအခါ ရှောင်ချန်းကျန်ပြုံး၍ ပြောလိုက်သည်။ “လီမိသားစုရဲ့ အာဃာတတွေက တကယ်ကို ရှုပ်ထွေးလွန်းတယ် လီရွှမ်ယုမှာရော လီယအပေါ် အာဃာတတစ်ခုခု ရှိနေမယ်လို့ အစ်ကိုထင်လား”

ချန်းလီ ခေါင်းယမ်းကာ ပြောလိုက်၏။ “ဘယ်လိုလုပ်ရှိနိုင်မှာလဲ သူသာလီယအပေါ် အာဃာတတစ်ခုခုရှ်ိနေရင် အရင်ကတည်းက ဘာလို့လီယအတွက် ပြောပေးနေခဲ့မှာလဲ သူပြောမပေးခဲ့ရင်လည်း လီယ အဲ့ကတည်းက ရှီယန်လက်ချက်နဲ့ သေနေလောက်ပြီ အခုတော့ရှီယန်ပျောက်နေတာ နှစ်အတော်ကြာနေပြီ ငါထင်တာတော့ သူလီယလက်ချက်နဲ့ သေသွားပြီထင်တယ်”

ရှောင်ချန်းကျန် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ကာ သူ့မျက်လုံးထဲတွင်လည်း သိမ်မွေ့သော ပြောင်းလဲမှုလေး တစ်ခု ဖြစ်သွားခဲ့လေသည်။

……

ဂူထဲမှ ထွက်လာပြီးသည့်နောက် ကုအန် လီရွှမ်ယုနှင့်အတူတူ ဓားပျံစီးနေခဲ့ရပြီး သူတို့ကြားတွင်တော့ လေးစားသမှုဖြင့် အကွာအဝေးတစ်ခု ခွာထားခဲ့သည်။

လီရွှမ်ယု နောက်တွင်ရပ်နေရင်း ကုအန်သူ့ဆီမှ တုနှိုင်းမဲ့ သန့်စင်သောရနံ့တစ်မျိုးကို ခံစားနေခဲ့ရပြီး ထိုရနံ့မှာ ဂူထဲရှိကျန်းချောင်ဆီမှရသောရနံ့ထက် အများကြီးပိုသာယာဖွယ်ကောင်းနေ၏။

ကျန်းချောင်သည် နေ့စဉ်သူ့ကိုယ်သူသန့်စင်သော်လည်း သူ့ကိုယ်မှ သေခြင်းရနံ့ကို ကုန်စင်အောင်ဆေးကြောမပစ်နိုင်သေးပေ။

သူတို့နှစ်ယောက်လုံး တိတ်ဆိတ်စွာ ဓားပျံစီးနေခဲ့ကြပြီး လီရွှမ်ယု၏ အေးစက်သောအမူအရာကြောင့် ကုအန်လည်း ဘာမှစမပြောရဲခဲ့ပေ။

သူ့ဂူသည် ချန်းလီဂူနှင့် သိပ်မဝေးဘဲ သိပ်မကြာခင်တွင် ဂူဆီသို့ ရောက်ရှိခဲ့ကြသည်။

လီရွှမ်ယုဂူ၏ အတားအဆီးအစီအရင်များသည် အခြားဂူများထက် အများကြီးပိုအား‌ေကာင်းသည်ကို ကုအန် ခံစားမိခဲ့၏။ ထိုခံစားချက်မှာ ဂူထဲရောက်သောအခါ ပို၍ပင် အားကောင်းလာခဲ့သည်။

ကြွယ်၀လိုက်တဲ့ စိတ်ဝိညဉ်စွမ်းအင်တွေ!

လီရွှမ်ယု သူ့ဂူထဲရှိဆေးပင်များ၏ သဘာ၀များနှင့် အလေ့အထများကို စတင်ရှင်းပြနေခဲ့ပြီး ကုအန်လည်း ဂရုတစိုက်မှတ်သားနေခဲ့၏။

မိနစ်၃၀ခန့်ရှင်းပြပြီးသောအခါ သူကုအန်အား တံဆိပ်ပြားတစ်ခုပေးလိုက်သည်။ ထိုတံဆိပ်ပြားဖြင့် သူ့ဂူကိုဖွင့်နိုင်မည်ဖြစ်ပြီး ကြေးကိုတော့ ချန်းလီပေးသလိုပင် ပေးခဲ့၏။

ကုအန်အတွက်မူ ဆေးပင်များရိတ်သိမ်းနေရလျှင်ကို လုံလောက်ပြီဖြစ်သော်လည်း စိတ်ဝိညဉ်ကျောက်တုံးများရလျှင်လည်း သူငြင်းမည်မဟုတ်ပေ။

ထို့နောက် ကုအန်ခါးညွတ်အရိုအသေပြုလိုက်ကာ ပြန်ရန်ပြင်လိုက်သည်။

“နေဦး မင်းနဲ့လီယ ဆက်ဆံရေးကဘယ်လိုလဲ” လီရွှမ်ယု ရုတ်တရက်မေးလိုက်၏။

ကုအန် ရပ်လိုက်ကာ နောက်ပြန်လှည့်လိုက်ပြီး ဖြေလိုက်၏။ “လီယကကျွန်တော့်စီနီယာအစ်ကိုပါ အဲ့တော့ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့ဆက်ဆံရေးက ကောင်းတယ်လို့ဆိုနိုင်ပါတယ်”

လီရွှမ်ယု၏ လီယနှင့် ဆက်ဆံရေးမှာ မဆိုးတာသေချာသည်ကို ကုအန် ပြောနိုင်သည်။ ထို့အပြင် သူ့လိုအစေခံတပည့်လေးတစ်ယောက်ကိုသုံး၍လည်း ဘယ်သူကမှ လီယနှင့်တိုက်ခိုက်ဖို့ မကြိုးစားလောက်ပေ။

လီရွှမ်ယု ဘာမှထပ်မပြောတော့ဘဲ ခေါင်းသာညိတ်ပြခဲ့၏။

ကုအန်လည်း နောက်တစ်ကြိမ်ထပ်အရိုအသေပြု နှုတ်ဆက်လိုက်သည်။

အပြင်စည်းဂိုဏ်းသားများ၏ဂူအား စီမံပေးရခြင်းမှာ ပင်ပန်းသောအရာမျိုးမဟုတ်ပေ။ ဂူဆီသို့ တစ်လတစ်ကြိမ် သို့မဟုတ် တစ်လနှစ်ကြိမ်လောက်သာ လာပေးရန် လိုပေသည်။ ထို့ကြောင့် ကုအန် အခြားအလုပ်များပင် ထပ်လုပ်နိုင်သေးသည်ဟု ခံစားနေရ၏။

သူ၏ သက်တမ်းစုဆောင်းရေးလုပ်ငန်းစဉ်မှာလည်း သဘာ၀ဂူ ၈ လုံးနှင့် ဆန်းကြယ်တောင်ကြားကို အဓိကထားကာ အပြင်စည်းဂိုဏ်းသားများ၏ ဂူကို စီးပွားအခွဲများအဖြစ်သုံးရင်း အတော်လေး တိုးတက်လာခဲ့ရသည်။

ထို့ကြောင့် ကုအန် သက်တမ်းတစ်သိန်း အမြန်ဆုံး ပြည့်ရန် ရည်ရွယ်ထားခဲ့၏။

….

ဆောင်းနှင်းများ အရည်ပျော်ကာ နွေဦးသို့ ရောက်ရှိလာခဲ့ပြီး ဆန်းကြယ်တောင်ကြားတွင် ညနေဆည်းဆာအချိန်၌ မီးအိမ်များ ချိတ်ဆွဲထားသောစက္ကူစများဖြင့် လှပနေခဲ့သည်။

ကုအန် အိမ်ရှေ့၌ အငယ်ဆုံးလေးကျန်းချင် မြေကြီးပေါ်ထိုင်ကာ စက္ကူစများကိုဖြတ်နေရင်း မေးလိုက်၏။ “ဆရာ နွေဦးပွဲတော်ဆိုတာ ဘာအတွက်လုပ်တဲ့ပွဲတော်လဲ”

သူသည် ကုအန်ထက် ၉ နှစ်ငယ်ပြီး ချိုသာသော မျက်နှာ မျက်လုံးဝိုင်းကြီးများ သေးသွယ်လှပသောကိုယ်လုံးနှင့် ချိုသာသောကိုယ်နှုတ်အမူအရာရှိသူဖြစ်ရာ ရှောင်ချွမ်နှင့် လုကျိကျားတို့ပင် သူမကို ခင်မင်နှစ်သက်ကြသည်။

“ဆရာငယ်ငယ်တုန်းက အဖိုးကြီးတစ်ယောက်ပြောတာကို ကြားခဲ့ဖူးတယ် နွေဦးပွဲတော်ဆိုတာ နှစ်တစ်နှစ်ရဲ့အစမှာကျင်းပရတာ ဖြစ်ပြီး နှစ်ဟောင်းကိုနှုတ်ဆက်လို့ နှစ်သစ်ကိုကြိုဆိုတဲ့ပွဲတဲ့ အဲ့ဒီအချိန်မှာ လူတိုင်းကအခြားသူတွေကို တစ်နှစ်လုံး ကံကောင်း‌ကြဖို့လည်း ဆုတောင်းပေးကြတယ် ဆရာတို့ ဆန်းကြယ်တောင်ကြားမှာ အခြားဘာပွဲမှလည်း ကျင်းပလေ့မရှိဘူးဆိုတော့ ဒီနွေဦးပွဲတော်ပဲ ကျင်းပကြတာပေါ့” ကုအန် အနားတွင်ထိုင်ကာ မီးအိမ်တစ်လုံးလုပ်နေရင်း ဖြေလိုက်၏။

သူတို့အနီးတွင် ဝူရှင်း ရှောင်ချွမ်နှင့်ထန်ယုတို့မှာ မီးအိမ်များနှင့် စက္ကူနီများကို ချိတ်ဆွဲနေခဲ့ကာ ရီလန်မှာပန်းကန်များပြင်ဆင်နေခဲ့ပြီး စုဟန်မှာတော့ ဆေးစိုက်ခင်းများကို စောင့်ကြပ်နေခဲ့သည်။

ကုအန်စကားကိုကြားသောအခါ ကျန်းချင်မျက်နှာတစ်ခုလုံး မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားခဲ့၏။

နွေဦးပွဲတော်ကျင်းပမည့် စိတ်ကူးသည် ကုအန်စိတ်ထဲတွင် လွန်ခဲ့သော ရက်အနည်းငယ်က ဆန်းကြယ်တောင်ကြားရှိလူများ သူတို့မွေးရပ်မြေအကြောင်း ပြောနေသည်ကို ကြားရပြီး ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သူလည်း သူ့မွေးရပ်မြေဖြစ်သော ကမ္ဘာမြေကို လွမ်းဆွတ်သွားခဲ့ပြီး အထူးသဖြင့် နွေဦးပွဲတော်ကို ဖြစ်သည်။ ထို့ကြောင့် ဆန်းကြယ်တောင်ကြားတွင်လည်း ပထမဆုံးအကြိမ်အနေဖြင့် နွေဦးပွဲတော်ကျင်းပရန် ဆုံးဖြတ်ခဲ့လိုက်၏။

အနာဂတ်တွင်လည်း သူတို့အခြားပွဲတော်များလုပ်ရန် စီစဉ်ကာ ဆန်းကြယ်တောင်ကြားတွင်နေထိုင်ရသည့် ဘ၀ကို အထီးမကျန်စေရန် ပြုလုပ်နိုင်ပေသည်။

ဤအမတကျင့်ကြံခြင်းလူသားကမ္ဘာတွင် သူ့လိုကမ္ဘာမြေမှ ကူးပြောင်းလာသူ တစ်ယောက်ယောက် ရှိနေဦးမလား ဆိုသည်ကိုလည်း ကုအန်သိချင်နေခဲ့၏။

ယခုသူပြောခဲ့သော အဖိုးအိုတစ်ယောက်ပြောပြခဲ့သည်ဟူသော ဇာတ်လမ်းမှာတော့ နွေဦးပွဲတော်အကြောင်း ပြောပြရန် သူပေးခဲ့သော အလိမ်အညာအကြောင်းပြချက်တစ်ခုသာ ဖြစ်ပေသည်။

ထိုစဉ် ဆန်းကြယ်တောင်ကြားသို့ ပုံရိပ်နှစ်ခုချဉ်းကပ်လာသည်ကို အာရုံခံလိုက်မိသောကြောင့် ကုအန် မျက်ခုံးများတွန့်ကွေးသွားခဲ့၏။ သူတို့မှာ ၁၀ မိုင်ပင် မဝေးတော့ပေ။

သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းသည် အခြေခံတည်ဆောက်ခြင်းအဆင့်သာ ဖြစ်သော်လည်း သူတို့ကိုယ်၌ သွေးချီများ ထူထဲစွာ ရှိနေကြသည်။

သူတို့ လူအများကြီးသတ်ခဲ့ဖူးတာပဲ!

ကမ္ဘာလုံးဆိုင်ရာ အပြင်စည်းဂိုဏ်းညီလာခံက စတော့မှာဆိုတော့ သူတို့ကဒီကိုလာတဲ့ မိစ္ဆာကျင့်ကြံသူတွေများလား။

ကုအန် ထိုမိစ္ဆာကျင့်ကြံသူများ သူတို့ဆန်းကြယ်တောင်ကြားဆီ မလာရန်သာ ဆုတောင်းနေခဲ့သည်။

သို့သော် သူ့အကြောက်တရားများသည် အမှန်တကယ်ဖြစ်လာခဲ့ပြီး ထိုနှစ်ယောက်သည် မကြာခင်တွင် တောင်ကြားဆီ တည့်တည့်ရောက်လာခဲ့ကြပြီး တောင်ထိပ်တစ်ခုပေါ်တက်ကာ တောင်ကြားကို ကြည့်ရှုစစ်ဆေးနေခဲ့ကြ၏။

ထိုနှစ်ယောက်သည် ယောင်္ကျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ဖြစ်ကြပြီး ခရမ်းရင့်ရောင်၀တ်စုံကို၀တ်ဆင်ထားကြကာ သူတို့၏ကြောက်စရာအသွင်အပြင်ကြောင့် နေ့ဘက်မှာပင် ကြောက်စရာသရဲနှစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။

မိန်းမ၏ ပုံစံသည် မြူဆွယ်လိုသော ကလက်တက်တက်ပုံစံရှိပြီး သူ့မျက်နှာတွင်လည်း အနက်ရောင်မိတ်ကပ်များကိုလိမ်းချယ်ထားကာ သူ့လက်သည်းများက လင်းယုန်ငှက်လက်သည်းများလို ရှည်လျားကြ၏။ ထိုမိန်းမသည် သူ့ပါးစပ်ကိုလက်နှင့်ကာ၍ ရယ်ကာ ပြောလိုက်သည်။

“အစ်ကိုရွှီ ကျွန်မတို့ အဓိပတိဂိုဏ်းအပြင်စည်းဂိုဏ်းနဲ့ သိပ်မဝေးတော့ဘူးနော် ဘာလို့ဒီမှာခဏမနားရမှာလဲ ဒီကအစေခံတပည့်တွေဆီက သတင်းနည်းနည်းပါးပါး ရနိုင်တာပေါ့”

သူ့ဘေးတွင် ရပ်နေသောအမျိုးသားသည် တောင့်တင်းကြံခိုင်သော ကိုယ်ခန္ဓာရှိပြီး ဦးခေါင်းတွင် သရဖူတစ်ခုကို တပ်ဆင်ထား၏။သူ့သရဖူပေါ်တွင်မူ ဒေါင်လိုက်မျက်လုံးနှင့်တူသော အနီရောင်ကျောက်တစ်လုံးကို မြှုပ်ထည့်ထားလေသည်။

“ချီကျင့်ကြံခြင်းအဆင့် ပိုးမွှားလေးတွေဆီက ဘာရနိုင်မှာ မလို့လဲ” ခရမ်းရောင်၀တ်လူ အေးစက်စက်ပြောလိုက်သည်။

သူသည် ၀မ်းယင်ဂိုဏ်းမှ ရွှီရူယီဖြစ်ပြီး သူ့မိတ်ဆွေ ချန်ကျိ နှင့်အတူ အပြင်စည်းဂိုဏ်းညီလာခံတွင် ပါ၀င်ဆင်နွှဲရန် ရောက်လာခဲ့ခြင်း ဖြစ်၏။

ချန်ကျိ ရယ်လိုက်သည်။ “အဓိပတိဂိုဏ်းကကောင်တွေက ဘယ်လိုကောင်တွေလည်းဆိုတာ အစ်ကိုရွှီလည်းသိတာပဲ သူတို့ခွန်အားကဘာမှမဟုတ်ပေမယ့် အရေအတွက်ကိုသုံးပြီး အနိုင်ကျင့်ချင်တဲ့ကောင်တွေ အဲ့တာကြောင့် ဒီနေရာမှာ ခဏနေပြီး ပြဿနာတွေမဖြစ်အောင် ရှောင်တာလည်း မကောင်းဘူးလား”

ထိုသို့ကြားသောအခါ ရွှီရူယီလည်း ချန်ကျိစကားက အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရပြီး ချန်ကျိနောက်မှလိုက်၍ တောင်ကြားထဲသို့ ဆင်းသွားခဲ့လေသည်။

ကုအန် ထိုသူများအား‌ေတွ့သည်နှင့် သူတို့သက်တမ်းအား ချက်ချင်း စစ်ဆေးလိုက်၏။

[ရွှီရူယီ (အခြေခံတည်ဆောက်ခြင်းအဆင့် ၉) : ၆၇/၃၈၉/၉၂၀]

[ချန်ကျိ(အခြေခံတည်ဆောက်ခြင်းအဆင့် ၇) : ၇၄/၃၇၀/၆၀၅]

ကြည့်ရတာ ဒီကောင်တွေကလည်း ပါရမီရှင်တွေပဲ!

ကုအန် ရုတ်တရက် မတ်တပ်ထရပ်လိုက်လေရာ ကျန်းချင်လည်း ကုအန်ကြည့်နေသော အရပ်အား ကြည့်လိုက်မိကာ ရွှီရူယီနှင့်ချန်ကျိ ကိုမြင်သွားပြီး ကုအန်နောက် အမြန်ပြေးပုန်းလိုက်လေသည်။

ရှောင်ချွမ် ဝူရှင်းနှင့် ထန်ယုတို့လည်း မိစ္ဆာကျင့်ကြံသူနှစ်ယောက် လာနေသည်ကို တွေ့လိုက်သောအခါ သူတို့လုပ်လက်စများကိုချပြီး ကုအန်ဆီ ပြေးသွားခဲ့ကြ၏။

ရွှီရူယီနှင့် ချန်ကျိတို့ မြေပေါ်ရောက်ရှိလာပြီး ဆေးစိုက်ခင်းများကို ကြည့်ရှူနေရာ ကုအန်ရင်ထဲ တင်းကြပ်သွားရသည်။

အဓိပတိဂိုဏ်းရဲ့ လုံခြုံရေးကဒီလောက်ပဲ စုတ်ပဲ့ရသလားဟ!

ဒီလိုပွဲတော်ကြီးရှိတဲ့အချိန်မှာတောင် ဂိုဏ်းတစ်ခုလုံးကို တပည့်တွေက ကင်းလှည့်မနေကြဘူး!

ကုအန် အသံတိတ်ကျိန်ဆဲလိုက်သော်လည်း ဆန်းကြယ်တောင်ကြားသည် အဓိပတိဂိုဏ်းအတွက် ထိုမျှအရေးမပါသောအရာဖြစ်သည်ကို ကုအန် နားလည်ပေသည်။ သူတို့တောင်ကြားသည် အဆင့်နိမ့်ဆေးပင်များသာ စိုက်ရသော ဆေးတောင်ကြားလေးတစ်ခုသာ ဖြစ်၏။

ချန်ကျိ ဆေးပင်များဆီမှ လှည့်လိုက်ကာ ကုအန်တို့ကိုကြည့်ပြီး မေးလိုက်သည်။ “ဒီမှာ တောင်ကြားသခင်က ဘယ်သူလဲ”

ကုအန် ရှေ့ထွက်လိုက်ပြီး ဦးညွတ်လိုက်ကာ “ကျွန်တော်က တောင်ကြားသခင်ပါ ဒီကစီနီယာနှစ်ယောက် ဘာကိုအလိုရှိသလဲ သိခွင့်ရမလား ခဗျာ”

ချန်ကျိ ကုအန်အား ကလက်တက်တက်ကြည့်လိုက်ပြီး မေးလိုက်သည်။ “ကောင်လေး ငါတို့က အပြင်စည်းဂိုဏ်းညီလာခံကို လာတက်တဲ့ လင်မယားနှစ်ယောက်ပဲ အခုမင်းတို့တောင်ကြားမှာရက်နည်းနည်း အနားယူချင်တယ် ဘယ်လိုသဘောရလဲ”

ရွှီရူယီ၏ အကြည့်သည့် ကုအန်နောက်ရှိ ရီလန်နှင့် ကျန်းချင် တို့ဆီရောက်ရှိသွားပြီး သူ၏အေးစက်စက်အကြည့်သည် ထိုကောင်မလေးနှစ်ယောက်ကို ကြောက်လန့်သွားစေခဲ့သည်။ ထိုစဥ် ရီလန် မျက်ခုံးများတွန့်ကွေးသွားပြီး ကျန်းချင်ရှေ့တွင် ကွယ်ရပ်လိုက်၏။

ကုအန် လည်းမကျေမနပ်ဖြစ်သွားသော်လည်း ထိုစဉ်တောင်ကြားဆီသို့ နီးကပ်လာသော ရင်းနှီးနေသည့် အရှိန်အဝါတစ်ခုကို ခံစားမိလိုက်သည်။

သူမေးလိုက်၏။ “ဒီကနှစ်ယောက်က ဘယ်ဂိုဏ်းကလည်းဆိုတာ သိခွင့်ရှိမလားခဗျာ”

ချန်ကျိ မျက်လုံးများ အေးစက်သွားပြီး ထပ်ပြောရန် ပြင်လိုက်သည်။

“ဘာလို့ဒီကောင်နဲ့စကားပြောပြီး အချိန်ဖြုန်းနေမှာလဲ ငါတို့အတင်း၀င်နေမယ်ဆိုရင်ရော သူ့ချီကျင့်ကြံခြင်းအဆင့် ၅ လေးနဲ့ ငါတို့ကိုဘာလုပ်နိုင်မှာမလို့လဲ” ထိုစဉ် ရွှီရူယီ စိတ်မရှည်စွာ ၀င်ပြောလိုက်၏။

သူ့ဆီမှ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုထွက်လာပြီး ဤနေရာရှိလူအားလုံး အအေးခန်းထဲရောက်သွားသလို ဖြူဖျော့သွားခဲ့ကြသည်။

“မင်းတို့ ၀မ်းယင်ဂိုဏ်းကနှစ်ယောက်က အဓိပတိဂိုဏ်းနဲ့ ရန်သူတွေဖြစ်ချင်နေကြတာလား”

အေးစက်ပြီး ကြည်လင်နေသာအသံတစ်ခု ကောင်းကင်ပေါ်မှ ထွက်ပေါ်လာခဲ့သည်။ လူတိုင်းမော့ကြည့်လိုက်ရာ ဓားပျံပေါ်တွင် ဓားအမတတစ်ယောက်ကဲ့သို့ ရပ်တန့်နေသော လီရွှမ်ယုအား တွေ့လိုက်ရ၏။

“လီ ရွှမ် ယု!” ချန်ကျိ အံကိုကြိတ်၍ တစ်လုံးခြင်း ရေရွတ်လိုက်သည်။

လီရွှမ်ယု ဆက်ပြောလိုက်၏။ “ငါနဲ့လိုက်ခဲ့ကြ”

ပြောပြီးသည်နှင့် သူလှည့်ထွက်သွားပြီး တောင်များအနောက်သို့ ပျောက်ကွယ်သွားလေတော့သည်။

ရွီရူယီ လည်းခုန်ထွက်သွားလိုက်ပြီး သူလေပေါ်ရှိနေစဉ်တွင် သူ့ခါးရှိ ဘူးသီးခြောက်မှာ သူ့ခြေထောက်အောက်ရောက်သွားပြီး ချက်ချင်းကြီးလာခဲ့၏။ ချန်ကျိလည်း ဘူးသီးခြောက်ပေါ် ခုန်တက်ကာ လီရွှမ်ယုနောက် လိုက်သွားလိုက်သည်။

ထိုမှသာ ဆေးတောင်ကြားရှိလူများ သက်ပြင်းချလိုက်နိုင်ခဲ့၏။

“သူတို့ နှစ်ယောက်က မိစ္ဆာကျင့်ကြံသူတွေမလား” စုဟန် မေးလိုက်သည်။ ရွှီရူယီ၏ သတ်ဖြတ်ခြင်းအရှိန်အဝါမှာ သူ့အား ဖြူဖျော့သွားသည်အထိ ကြောက်လန့်သွားစေခဲ့၏။

ဝူရှင်း ပြောလိုက်သည်။ “ဟုတ်တယ် ၀မ်းယင်ဂိုဏ်းက အားကောင်းတဲ့မိစ္ဆာဂိုဏ်းတစ်ဂိုဏ်းပဲ”

ရှောင်ချွမ်လည်း ၀င်ပြောလိုက်၏။ “ငါတို့ အဓိပတိဂိုဏ်းက လမ်းမှန်ဂိုဏ်းတစ်ဂိုဏ်းမဟုတ်ဘူးလား ဘာလို့ မိစ္ဆာဂိုဏ်းတွေကို ဖိတ်ထားရတာလဲ”

တပည့်များသည် ကြောက်လန့်မှုကြောင့် တုန်ရီနေကြပြီး ထိုအကြောင်း ဆက်ဆွေးနွေးနေခဲ့ကြသည်။ အကယ်၍ လီရွှမ်ယုသာ ပေါ်မလာပါက သူတို့ဒီည ကပ်ဘေးကြီးတစ်ခုကို ရင်ဆိုင်ရပေလိမ့်မည်။

ကုအန် ခေါင်းလှည့်ကာ လီရွှမ်ယု တို့ထွက်သွားသည့် ဘက်ကို ကြည့‌်နေရင်း သူ့မျက်ခုံး

များ တွန့်ကွေးသွားခဲ့၏။

ထို့နောက် လူတိုင်းအား နွေဦးပွဲတော်အတွက် ဆက်လက်ပြင်ဆင်ခိုင်းလိုက်ပြီး သူကတော့ အခန်းထဲပြန်ကာ အနားယူဦးမည်ဟု ပြောကာ အခန်းထဲ၀င်သွားခဲ့သည်။

နေ၀င်ရီတရောအချိန် ရောက်ရှိလာခဲ့ကာ ကောင်းကင်သည် ကြက်သွေးရောင်တောက်နေခဲ့၏။

ကုအန် ပြတင်းပေါက်တွင်ရပ်နေရင်း တိုက်ပွဲတစ်ခုဖြစ်နေသည်ကို အာရုံခံမိနေခဲ့သည်။ ဝိုးတိုးဝါးတားသာ အာရုံခံမိသောကြောင့် ထိုတိုက်ပွဲသည် ဆန်းကြယ်တောင်ကြားနှင့် မိုင်၃၀ ခန့်အကွာပင် ဖြစ်နေခြင်း ဖြစ်ရပေမည်။

ရုတ်တရက် တစ်ခုခုကိုခံစားလိုက်ရသောကြောင့် ကုအန် ပြတင်းပေါက်မှခုန်ထွက်ကာ တောအုပ်ထဲ ပျောက်ကွယ်‌သွားလေတော့သည်။

တောအုပ်ထဲတွင် သစ်ပင်များ လဲကျနေကြပြီး မြေပြင်မှာလည်း ချိုင့်ရာခွက်ရာများ ရှိ‌နေကြ၏။ ချန်ကျိနှင့် ရွှီရူယီတို့နှစ်ယောက် ပုခုံးချင်းယှဉ်ရပ်နေကြရင်း သူတို့မျက်နှာတွင် အပြုံးတစ်ခု ရှိနေခဲ့သည်။

သူတို့တစ်ဖက်တွင်မူ လီရွှမ်ယု သာမကဘဲ လီယလည်းရှ်ိနေခဲ့၏။

“လီမိသားစုရဲ့ ပျက်စီးခြင်းဓား ၉ လက်က တကယ်ကို ကြောက်စရာကောင်းတာပဲ ဒါပေမယ့်ကံဆိုးတာက မင်းကျင့်ကြံခြင်းအဆင့်က မလုံလောက်သေးဘူး” ရွှီရူယီ အေးစက်စက် ပြောနေရင်း သူ့လက်ချောင်းများကို လှုပ်ရှားလိုက်ရာ လက်ချောင်းထိပ်၌ ခရမ်းရောင်စွမ်းအင်များ ရစ်သိုင်းလာခဲ့သည်။

လီယ၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေပြီး ဓားကိုင်ထားသည့် သူ့ညာလက်မှာလည်း တုန်ရီနေခဲ့သည်။ သူ့ဘေးတွင်ရှိသော လီရွှမ်ယု အခြေအနေမှာလည်း အတူတူသာဖြစ်ပြီး မတူသည်မှာ သူ့ကိုယ်ပေါ်တွင် လီယလောက် ဒဏ်ရာများများစားစား ရှိမနေခြင်းပင်။

အပိုင်း(၂၈)

ရန်သူကိုသတ်ဖြတ်သွားသော သစ်ရွက်ပျံ၊ ဒီလိုယုံကြည်မှုရှိလွန်းတဲ့ ဓားချီ

ချန်ကျိ လီယကိုလစ်လျူရှုထားလိုက်ပြီး လီရွှမ်ယုကိုသာကြည့်နေပြီး လှောင်ပြုံးပြုံးလိုက်ကာ ပြောလိုက်သည်။

“လီရွှမ်ယု နင်ကကောင်းကင်နတ်မိမယ်လေးဆို အခုတော့ ဘယ်လိုလုပ်အခုလောက် ဖရိုဖရဲဖြစ်နေရတာလဲ ကြည့်ရတာ နင်တို့နှစ်ယောက်က ငါတို့ပြိုင်ဘက်ဟုတ်ပုံ မပေါ်ဘူးပဲ”

ရွှီရူယီ ရှေ့တိုးလာလိုက်ပြီး လီယဆီ ခြေလှမ်းအနည်းငယ် တိုးလာလိုက်၏။

ထိုစဉ် လီရွှမ်ယု ရုတ်တရက် သူဓားကို ရွှီရူယီ ဆီပစ်ချလိုက်သည်။ ဓားသည် လမ်းလယ်တွင် အရိပ်လေးခုအဖြစ် ကွဲထွက်သွားခဲ့ပြီး ဓားအရိပ်လေးခုလုံးသည် ရွှီရူယီ ဆီ ပြေး၀င်သွားခဲ့၏။

ရွှီရူယီ ချက်ချင်းပြန် တုန့်ပြန်လိုက်ပြီး သူ့လက်ထဲမှ ခရမ်းရောင်မီးတောက်များကဲ့သို့ စွမ်းအင်များထွက်ပေါ်လာပြီး လီရွှမ်ယု ၏ဓားများကို ကာကွယ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ချန်ကျိ လီရွှမ်ယုနောက်သို့ သရဲတစ်ကောင်ကဲ့သို့ ရောက်ရှိသွားပြီး သူ့လက်ထဲရှိ အနီရောင်ယပ်တောင်ကိုဝေ့ယမ်းလိုက်ရာ အနီရောင်အဆိပ်မြူများ ထွက်ပေါ်လာသောကြောင့် လီရွှမ်ယု အမြန်ခုန်ရှောင်လိုက်ရသည်။

အနီရောင်အဆိပ်မြူများသည် တောအုပ်တစ်ခုလုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားပြီး ထိုမြူထုထဲတွင် စပါးအုံးမြွေကြီးတစ်ကောင် လျင်မြန်စွာ သွားလာနေခဲ့ကာ ထိုမြွေကြီးသွားလာသော နေရာတိုင်းတွင် အနီရောင်အဆိပ်မြူများ ပို၍ ထူထဲလာကြ၏။ မကြာခင်တွင်ပင် အဆိပ်မြူများသည် လီယတို့ နှစ်ယောက်ကို ဝန်းရံသွားလေတော့သည်။

လီရွှမ်ယု ကုအန်ဘေးတွင် ရပ်နေခဲ့ပြီး ချန်ကျိမှာမူ သူတို့မြင်ကွင်းမှ ပျောက်ဆုံးနေကာ တောအုပ်အထက်မှ သူတို့ကို ငုံ့ကြည့်နေသော ရွှီရူယီ ကိုသာမြင်နေရသည်။

“အဓိပတိဂိုဏ်းပိုင်နက်ထဲမှာ မင်းငါတို့ကို သတ်ရဲသလား” လီယ မကြောက်မရွံ့ ပြန်မေးလိုက်၏။

ရွှီရူယီနှုတ်ခမ်းများ တွန့်ကွေးသွားပြီး လှောင်ပြောင်လိုက်သည်။ “ငါကြားတာတော့ အဓိပတိဂိုဏ်းလက်ရှိ ဂိုဏ်းချုပ်လက်ထက်မှာ ဂိုဏ်းကနယ်စပ်ရေးရာ ထိန်းချုပ်မှု တဖြည်းဖြည်းပိုအားနည်းလာတယ်လို့ ကြားတယ် ဂိုဏ်းသားတွေက နယ်စပ်မှာဖြစ်တဲ့ ပြဿနာတွေကို သူတို့ဖာသာပဲ ဖြေရှင်းရတယ် တကယ်တော့ အပြင်စည်းမြို့ ၈ မြို့က တံတိုင်းတွေလိုပဲ အထဲမှာသာ တကယ့်အဓိပတိဂိုဏ်းရဲ့ မြို့တွေကရှိတာ မြို့တွေရဲ့အပြင်ဘက်မှာတော့ တောရိုင်းဥပဒေသကိုပဲ ကျင့်သုံးတယ် မိစ္ဆာလမ်းစဉ်နဲ့ ဘာမှမကွာဘူး”

“အခုထိ ဘယ်သူမှရောက်မလာသေးတာကိုကြည့်ရင် အဓိပတိဂိုဏ်းက အပြင်စည်းဂိုဏ်းအပြင်ဘက်မှာ အစောင့်မရှိတာ သိသာတယ် ဒီနေ့ငါမင်းကိုသတ်နိုင်ပြီး မင်းညီမကို ဖမ်းလို့ရခဲ့ရင် အပြင်စည်းဂိုဏ်းညီလာခံ ကိုမတက်ရလည်း ကိစ္စမရှိပါဘူး ဘယ်လိုထင်လဲ”

“နောက်ပြီး အဲ့ဒီ‌ဆေးတောင်ကြားကလူတွေ အကုန်လုံးကိုလည်း သတ်ပစ်ရမယ် မင်းသားလေးလီ ကိုယ်တိုင်တောင် လာကာကွယ်တယ်ဆိုတော့ သူတို့ကမင်းနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိနေကြမှာပဲ”

ရွှီရူယီ တစ်ခုခုကို သတိရသွားပုံဖြင့် နှုတ်ခမ်းသပ်လိုက်မိသည်။

“ငါ့ကို အချိန်ဆွဲထားပေး” လီရွှမ်ယု လေသံတိုးတိုးလေးနှင့် ပြောလိုက်ပြီး တင်ပလ္လင်ခွေထိုင်လိုက်ကာ မှော်သိုင်းတစ်ခုကိုထုတ်လွှတ်ရန် ပြင်ဆင်လိုက်ရာ သူ့နှဖူးပေါ်တွင် ရွှေရောင်မီးတောက်လေးတစ်ခု မသိမသာထွက်ပေါ်လာခဲ့၏။

လီယ အမူအရာ တင်းမာသွားခဲ့သည်။ ထို့နောက် သူရုတ်တရက် ခုန်အုပ်တော့မည့် ကျားတစ်ကောင်ကဲ့သို့ ခါးညွတ်၍ ၀ပ်နေလိုက်ပြီး သူ့ဓားအားမြှောက်ထားလိုက်ရာ ဓားချီကြောင့် သစ်တောထဲရှိ‌ေမြပြင် မီတာဒါဇင်အနည်းငယ်ခန့်ထိ တုန်ခါသွားခဲ့ပြီး အနီရောင်အဆိပ်မြူခိုးများလည်း ယမ်းခါသွားကြ၏။

ရွှီရူယီ မထီမဲ့မြင်ပြုံးလိုက်ပြီး သူ့သို‌ေလှာင်အိတ်ထဲမှ ကြောက်မက်ဖွယ်သရဲတစ်ကောင်ပုံပါပြီး ထိုသရဲသည် အချိန်မရွေးထိုအထဲမှ ထွက်လာတော့မလိုဖြစ်နေသော ခရမ်းရောင်အလံတစ်လက်ကို ထုတ်လိုက်သည်။

ထို့နောက် ဘယ်လက်ဖြင့် အပေါ်စီးမှ လက်ဝါးရိုက်ချက်တစ်ခု ရိုက်ချလိုက်ရာ လက်ဝါးရိပ်ကြီးတစ်ခုသည် လီယ ၏ ဓားချီများကို ဖိနှိပ်ထားလေ၏။

လီယ ရှုံ့မဲ့သွားသည်။ စိတ်ဝိညဉ်စွမ်းအင် ကွာခြားချက်ကြောင့် သူထိုလက်ဝါးရိုက်ချက်ကို တောင့်မခံနိုင်အောင် ဖြစ်သွားရသည်။

ထိုသို့အပြင်းအထန်တောင့်ခံနေစဉ်တွင် ရွှီရူယီ၏ ခရမ်းရောင်အလံမှ လေပွေတစ်ခုထွက်ပေါ်လာပြီး လီယ၏ နတ်ဝိညဉ်အား ကမောက်ကမဖြစ်သွားစေခဲ့၏။

မကောင်းတော့ဘူး!

လီယမျက်နှာဖြူဖျော့သွားခဲ့ပြီး မူးဝေလာခဲ့သည်။ ပို၍ ဆိုးသောအချက်မှာ သူ့ခန္ဓာကိုယ် လဲပြိုလာမှုကို သူမထိန်းနိုင်တော့ခြင်းပင်။

“သူကမင်းစိတ်ဝိညဉ်ကို ဖမ်းချုပ်နေတာ မင်းအတော်လေးအဆင်အခြင်မဲ့ပြီး ရဲတင်းနေတာပဲ”

ဘိုးဘေး၏အသံ လီယ စိတ်ထဲတွင် ထွက်ပေါ်လာပြီး သူ့အသံမှာ ဒေါသထွက်နေဟန်ဖြင့် လီယအားသတိပေးနေလေသည်။

ထိုစကားအားကြားသောအခါ လီယ ပို၍ပင် ကြောက်လန့်လာခဲ့၏။

“ထိုက်ကန်တော်၀င်မျိုးနွယ်ရဲ့ စိတ်ဝိညဉ်ကို ငါ့ကိုပေးမြည်းစမ်းပါ” ရွှီရူယီ လောဘတကြီး ပြောလိုက်သည်။

ဝှစ်…….

လေထုအား ပိုင်းဖြတ်သွားသော အသံတစ်သံထွက်ပေါ်လာလေရာ အဆိပ်မြူခိုးအလယ်ရှိ လီယရော တင်ပလ္လင်ခွေထိုင်နေသော လီရွှမ်ယုပါ ထိုအသံထွက်ပေါ်လာရာ အရပ်ကို လှည့်ကြည့်လိုက်မိကြသည်။

ထိုအသံမှာ ဓားချီအား သယ်ဆောင်ထားသော သစ်ရွက်တစ်ရွက်သည် လေအလျင်မျိုးဖြင့် လေထုကိုဖြတ်၍ ရွှီရူယီ ဆီသို့ ဦးတည်လာနေခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်၏။

ရွှီရူယီ သစ်ရွက်ကိုမြင်လိုက်ရသော်လည်း သစ်ရွက်၏အလျင်မှာ သူမရှောင်နိုင်လောက်အောင် လျင်မြန်လွန်းနေခဲ့သည်။

အုံးးးး!

သူ့ခေါင်းပွင့်ထွက်သွားခဲ့ကာ သွေးများသည် အဆိပ်မြူများထဲ လွင့်ထွက်သွားခဲ့၏။ သစ်ရွက်မှသယ်လာသည့် ပြင်းထန်‌ေသာ လေအားအရှိန်ကြောင့် အနီရောင်အဆိပ်မြူများ လွင့်ထွက်သွားခဲ့ပြီး မြူထုအလယ်ရှိ လီယလည်း ယိုင်လဲသွားခဲ့ရ၏။ တင်ပလ္လင်ခွေထိုင်နေသော လီရွှမ်ယုမှာ လေအားကို စိတ်ဝိညဉ်စွမ်းအင်ထုတ်၍ ကာကွယ်ခဲ့သော်လည်း မကာကွယ်နိုင်ခဲ့ဘဲ ထရပ်ပြီး နောက်သို့သာ အမြန်ဆုတ်ပြေးခဲ့ရသည်။

အစ်ကိုရွှီ!

ကြောက်မက်ဖွယ်လေထုကြီး အလယ်တွင် ချန်ကျိ အော်သံထွက်ပေါ်လာခဲ့ပြီး သူခုန်ထွက်တော့မည့် အချိန်တွင် နောက်ထပ် ဝှစ် ဟူသော လေထုကိုထိုးခွဲသွားသည့် အသံထွက်ပေါ်လာပြန်‌ေသာ‌ေကြာင့် သူ့လှည့်ကြည့် လိုက်သည်။ ကြောက်စရာလေထုသည် သူ၏အနီရောင်အဆိပ်မြူများကို ဖိနှိပ်ပြီး သူ့ကိုတိုက်ခတ်နေသောကြောင့် သူ့၀တ်စုံ မှာခန္ဓာကိုယ်နှင့် ကပ်နေခဲ့ပြီး ကောက်ကြောင်းများပေါ်လွင်နေခဲ့၏။

ထိုစဉ် သူမြင်လိုက်ရသော အရာမှာ သစ်ရွက်တစ်ရွက်သာ ဖြစ်ပေသည်။

အုံးးး!

သစ်ရွက်သည် သူ့ဦးခေါင်းခွံကိုဖြတ်တောက်သွားခဲ့ပြီး သစ်တောထဲတွင် သွေးစက်များ ပြန့်ကျဲသွားခဲ့၏။ သစ်ရွက်မှာ သူ့ခေါင်းအားဖြတ်သန်းသွားပြီးချိန်ထိ မရပ်တန့်သေးဘဲ သူ့လမ်းကြောင်းအတိုင်းဆက်သွားနေကာ သစ်ပင်အများအပြားကို ခုတ်လှဲခဲ့ပြီးမှသာ အပင်ကြီးတစ်ပင်၏ ပင်စည်တွင် စိုက်သွားခဲ့သည်။

ဘုန်း ! ဘုန်း !

ရွှီရူယီ၏ ခန္ဓာကိုယ်လဲကျသွားပြီး မကြာခင်တွင်ပင် ချန်ကျိ၏ ခန္ဓာကိုယ်လည်း လဲကျသွားခဲ့ပြီး တောထဲတွင် လေတိုးသံများသာ ကျန်နေခဲ့၏။

လီယ လဲကျနေရာမှ အားတင်း၍ ထထိုင်လိုက်ပြီး သူ့ဆံပင်များမှာ ရှုပ်ပွနေခဲ့ကာ အံ့ဩသင့်နေ၍ ဆွံ့အနေခဲ့မိသည်။

မလှမ်းမကမ်းရှိ လီရွှမ်ယုမှာလည်း သူ့လိုပင် ကြောက်ရွံ့နေခဲ့ပြီး ရွှီရူယီနှင့် ချန်ကျိ တို့အလောင်းကိုသာ ငေး‌ကြည့်နေခဲ့ဧ။။်

“သစ်ရွက်တစ်ရွက်က ရန်သူတွေကိုသတ်ဖြတ်သွားခဲ့တာ ဒီလို အားကောင်းတဲ့ဓားချီမျိုး ဒီပုဂ္ဂိုလ်က အနည်းဆုံး စိတ်ဝိညဉ်အခြေတည်အဆင့်မှာရှိရမယ် နောက်ပြီး သူ့ဓားတာအိုကလည်း အတော်လေးအဆင့်မြင့်တယ်” ဘိုးဘေး၏ အသံလီယစိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

လီယကြောင်အနေရာမှ နိုးထသွားပြီး အမြန်ထရပ်လိုက်ကာ လက်သီးဆုပ်ဂါရ၀ပြု၍ အော်ပြောလိုက်၏။ “ဘယ်စီနီယာကူညီခဲ့သလဲဆိုတာ သိပါရစေ”

သူ့စကားအားကြားသောအခါ လီရွှမ်ယုလည်း ထလာပြီး လှည့်ပတ်ကြည့်ရှုလိုက်သည်။

ကံဆိုးစွာဖြင့် မည်သူမှ ပြန်မတုန့်ပြန်ခဲ့ပေ။

“ကောင်လေး အဲ့ဘက်ကိုသွားစစ်ကြည့်” ဘိုးဘေးအသံထွက်ပေါ်လာပြီး လီယအား အရပ်မျက်နှာတစ်ခုသို့ သွားခိုင်းလိုက်၏။

လီယ ရုတ်တရက်သွားလိုက်သော်လည်း သူ့ခန္ဓာကိုယ်မှာ စိတ်ဝိညဉ်ဖမ်းချုပ်ပညာနှင့် တိုက်ခိုက်ခံထားရသောကြောင့် နာကျင်နေပြီး တုန်ရီနေခဲ့သည်။

လီရွှမ်ယုမှာတော့ ရွှီရူယီတို့အလောင်းဆီသွားစစ်လိုက်ပြီး ဓားနှင့်နှစ်ချက်ထိုးကာ ဓားချီဖြင့် သူတို့နှလုံးသားများကို ခြေမွပစ်ခဲ့၏။

လီယ ခြေလှမ်းနှစ်ရာခန့် လျှောက်ခဲ့ပြီးသောအခါ သစ်ပင်ကြီးတစ်ပင်ရှေ့ ရောက်သွားခဲ့ပြီး သူ့အကြည့်မှာ ပင်စည်ကို ရောက်သွားခဲ့သည်။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်…..”

လီယ ပင်စည်တွင် စိုက်၀င်နေသော သစ်ရွက်ကို ကြည့်လိုက်ပြီး တုန်တုန်ရီရီပြောလိုက်၏။ ထိုသစ်ရွက်သည် သစ်ပင်၏ ပင်စည်တွင် စိုက်၀င်နေခဲ့ပြီး ပင်စည်အားနှစ်ခြမ်းခွဲထားကာ ပင်စည်သည် အချိန်မရွေးပေါက်ကွဲသွားတော့မည့်ပုံ ဖြစ်နေခဲ့သည်။

“ဒီပုဂ္ဂိုလ်က သူ့တိုက်ကွက်ကို ၁၀မိုင်အကွာလောက်က ပို့လွှတ်ခဲ့တာ ငါသူရှိတဲ့ အရပ်မျက်နှာကိုပဲ အာရုံခံလို့ရခဲ့တယ် သူ့တည်ရှိမှုကို အာရုံခံလို့ မရခဲ့ဘူး”

အကြီးအကဲ၏ အသံသည် ခံစားချက်များနှင့် ပြည့်နှက်နေပြီး ချီးကျူးစကားပြောလိုက်၏။

“ကြည့်ရတာ အဓိပတိဂိုဏ်းကအရမ်းတော့ဆိုးပုံမပေါ်ဘူး ဂိုဏ်းပတ်၀န်းကျင်မှာ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်က စောင့်ကြည့်နေတယ်”

လီယ သစ်ရွက်ကိုကြည့်နေရင်း သူ့ခံစားချက်များကို မထိန်းချုပ်နိုင် ဖြစ်နေခဲ့သည်။

ထိုအခိုက်တွင် လီရွှမ်ယုလည်း ရောက်ရှိလာခဲ့ပြီး သစ်ရွက်ကိုမြင်သွားကာ သူလည်း ထိတ်လန့်သွားခဲ့၏။

…..

ညအချိန်တွင် ဆန်းကြယ်တောင်ကြားထဲရှိ တောင်ကြားသခင်နေအိမ်တွင် မီးအိမ်များဖြင့် လင်းလက်နေပြီး အိမ်ထဲတွင် တပည့်များမှာ စားပွဲဝိုင်းတစ်ခုတွင် ဝိုင်းပတ်‌ထိုင်နေကြကာ ခွက်များတိုက်၍ သောက်စားနေခဲ့ကြသည်။

ရှောင်ချွမ်နှင့်ထန်ယုသည် အသောက်ပြိုင်ပွဲကျင်းပနေခဲ့ကြပြီး ရှောင်ချွမ်တစ်ယောက် မျက်နှာများနီရဲနေသော်လည်း အရှုံးမပေးချင်သောကြောင့် အတင်းပေ၍ ဆက်သောက်နေခဲ့၏။

သူတို့သောက်နေသော အရက်များသည် သာမန်အရက်များမဟုတ်ကြဘဲ ကုအန် အပြင်စည်းဂိုဏ်းမှယူလာသော စိတ်ဝိညဉ်ဝိုင်များ ဖြစ်ကြပေသည်။ ထိုဝိုင်၏ တန်ဖိုးမှာ တစ်ကရားလျှင် အဆင့်နိမ့်စိတ်ဝိညဉ်ကျောက်တုံး နှစ်တုံးဖြစ်ပြီး အစေခံတပည့်တစ်ယောက်၏ နှစ်လစာ လခနှင့် ညီ၏။

“ဒီနေ့ ငါတို့မိစ္ဆာကျင့်ကြံသူနှစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရတယ် နောက်ထပ်မိစ္ဆာကျင့်ကြံသူတွေတော့ ထပ်မလာလောက်တော့ဘူးမလား” စုဟန် ရုတ်တရက်ထမေးလိုက်ရာ အခန်းထဲရှိလေထု ငြိမ်သက်သွားခဲ့သည်။

အပြုံးများပျောက်ကွယ်သွားကြပြီး သူတို့စိတ်ထဲတွင် စိတ်ပူပန်မှုများ အစားထိုး၀င်ရောက်လာခဲ့၏။

ကုအန် ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။ “စိတ်မပူကြပါနဲ့ အပြင်စည်းတပည့်တွေက ကင်းလှည့်နေကြတာပဲလေ ဒီနေ့ပဲကြည့်ပါလား ဒီလိုကိစ္စဖြစ်ပြီးသွားပြီဆိုတော့ ကင်းလှည့်တာကိုပိုပြီး တင်းတင်းကြပ်ကြပ်တောင် လုပ်လာနိုင်သေးတယ်”

ကုအန်မှာတော့ စိတ်ပူမနေဘဲ ပျော်တောင်ပျော်ရွှင်နေသေးသည်။

ရွှီရူယီနှင့် ချန်ကျိတို့အား သတ်ဖြတ်လိုက်ခြင်းဖြင့် သူသက်တမ်း ၁၂၀ ပင် ရရှိခဲ့သေး၏။

ကျင့်ကြံသူများဆီမှ ရရှိသော သက်တမ်းသည် အတော်လေးပိုများသော်လည်း ကုအန် ယခုလိုအခြေအနေမျိုးနှင့်တော့ ထပ်မကြုံချင်ပေ။

ရန်သူအများအပြားအား သတ်ဖြတ်ပစ်ခြင်းသည် သူ့ဆီကို ဒုက္ခများသယ်ဆောင်လာမည်ဖြစ်ပြီး ဆေးပင်များမှ သက်တမ်းစုရခြင်းမှာသာ အန္တရာယ်ကင်းပြီး ပိုကောင်းသာ အရာဖြစ်ပေသည်။

အပြင်လောကတွင် ကျင့်ကြံသူများစွာရှိကြပြီး သင်သည် သင့်ထက်အားနည်းသူများကို အနိုင်ကျင့်တိုက်ခိုက်နိုင်သော်လည်း ထိုသို့တိုက်ခိုက်ရင်း နောက်ဆုံးတွင်တော့ သင့်ထက်သန်မာသူကိုတွေ့သွားမည်သာ။ ထိုအခါ သင့်အားစောင့်ကြိုနေသောအရာမှာ သေခြင်းတရားသာ ဖြစ်၏။

ဤလူသားကမ္ဘာတွင် အမြင့်ဆုံးကျင့်ကြံခြင်းနှင့် အားအကောင်းဆုံးသူများမှာ မည်သူ‌ေတွဖြစ်မှန်း ကုအန် မဆုံးဖြတ်နိုင်သေးပေ။

သို့သော် နောက်နှစ်ပေါင်းထောင်ချီ ရှင်သန်ပြီးလျှင်တော့ သူ့အား မည်သူမှနိုင်တော့မည်မဟုတ်ဟု ကုအန်ခံစားမိသည်။

ကုအန်စကားအားကြားသောအခါ လူတိုင်းစိတ်အေးသွားကြပြီး လေထုမှာပြန်လည် ပျော်စရာကောင်းလာခဲ့၏။

ကုအန် သူ့ကိစ္စများကို မတွေးတော့ဘဲ သူ့ဂျူနီယာလေးများနှင့်သာ ပျော်ပျော်ရွှင်ရွှင်စကားပြောဆိုပြီး သူတို့ ကျင့်ကြံခြင်းရည်ရွယ်ချက်များကို မေးနေခဲ့သည်။ ဤသို့ဖြင့် သူတို့စကားဝိုင်းလေးသည် အရှိန်တက်လာခဲ့ပြီး ကုအန်ပင် အနည်းငယ် သောက်ခဲ့မိ၏။

ဆန်းကြယ်တောင်ကြား၏ ပထမဆုံးနွေဦးပွဲတော်မှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။

ညဉ့်နက်သောအခါမှသာ လူတိုင်းလူစုခွဲ၍ ကိုယ့်အိမ်ကိုယ်ပြန်သွားခဲ့ကြ၏။

ထို့နောက် ကုအန် သဘာ၀ဂူ၈လုံးထဲသို့ ၀င်သွားခဲ့သည်။

ကျန်းချောင်သည် နွယ်စိမ်းပင်အောက်တွင် ကျင့်ကြံနေခဲ့ပြီး သူ့ပတ်၀န်းကျင်၌ မိစ္ဆာချီများ ၀န်းရံနေခဲ့၏။

ကုအန် ပွဲတော်မှညစာယူလာပြီး သူ့ဆီသွားလိုက်ကာ ပြောလိုက်သည်။ “ဆရာဘွားဘွား ဒီနေ့က ဆန်းကြယ်တောင်ကြားရဲ့ နွေဦးပွဲတော်နေ့ပါ ဒီညစာက ပွဲတော်အတွက် ဂျူနီယာညီလေးညီမလေးတွေ ပြင်ပေးထားကြတာပါ ဆရာဘွားဘွားမြည်းကြည့်မလား ဒီညစာက ဆရာဘွားဘွားရဲ့ ခွန်အားတွေပြန်ပြည့်အောင်လုပ်တဲ့နေရာမှာ ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်”

ထိုစကားအားကြားသောအခါ ကျန်းချောင်မျက်လုံးဖွင့်လိုက်ပြီး ရှုပ်ထွေးနေသောအမူအရာဖြင့် မေးလိုက်သည်။

“နွေဦးပွဲတော်ဆိုတာ ဘာလဲ”

ကုအန်လည်း ကြိုတင်ပြင်ဆင်လာသော သူ့လိမ်စင်ဇာတ်လမ်းကြီးကို ပြန်ပြောပြလိုက်သည်။

“ဟမ် ပွဲတော်တစ်ခုကျင်းပတယ်ဆိုတာ အကြံကောင်းတစ်ခုပါပဲ လူတွေကိုပိုစည်းလုံးသွားစေတယ်” ကျန်းချောင် ခေါင်းညိတ်၍ သဘောတူလိုက်ပြီး ကုအန်လက်ထဲရှိ ခြင်းတောင်းကို ကြည့်လိုက်၏။

ကုအန် တောင်းကိုချကာ တောင်းထဲမှ ဟင်းအမယ်များကို တစ်ခုချင်းထုတ်လိုက်ပြီး ဝိုင်တစ်ကရားကိုလည်း တစ်ခါတည်းထုတ်လိုက်လေသည်။

ဝိုင်ကရားကိုမြင်သောအခါ ကျန်းချောင်မျက်လုံးလှန်ကြည့်လိုက်ပြီး ပြောလိုက်၏။ “မင်းရဲ့ကြင်နာမှုဆိုတော့လည်း ငါငြင်းလို့ဘယ်ဖြစ်မလဲ”

ထို့နောက် သူမုန့်ခွက်ကိုကိုင်ကာ တစ်ပန်းကန်လုံးကို သူ့ပါးစပ်ထဲ လောင်းချလိုက်၏။ ထိုသည်ကိုမြင်သောအခါ ကုအန် အမြန် ဝိုင်ငှဲ့ပေးလိုက်သည်။

“ဆရာဘွားဘွား တကယ်တော့ ကျွန်တော့်မှာမရှင်းတဲ့ ကိစ္စလေးတစ်ခုရှိပါတယ်”

“ပြော..”ကျန်းချောင် ပလုတ်ပလောင်းပြောလိုက်၏။ ထို့နောက် ဝိုင်ခွက်ကိုယူကာ တစ်ခါတည်းမော့ချပစ်လိုက်ပြန်ရာ သူ့နှုတ်ခမ်းတစ်ဝိုက်၌ ဆီများဝိုင်များ ပေကျံနေလေသည်။

“ဘာလို့ ရွက်ဝါတစ်ထောင်မျှော်စင်က သူလျှိုတွေကို အပြင်စည်းဂိုဏ်းအပြင်မှာ ထားတာလဲ ဆန်းကြယ်တောင်ကြားလိုနေရာမျိုးက ဘာသတင်းမှလည်း ရနိုင်မှာမဟုတ်ဘူးလေ” ကုအန် မေးလိုက်သည်။

ကျန်းချောင်သူ့အား တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။ “ဘယ်သူက မင်းကိုသတင်းရှာခိုင်းလို့လဲ မင်းအလုပ်က ဒီနေရာမှာ နွယ်စိမ်းပင်အပြည့်အ၀ကြီးရင့်လာတဲ့အချိန်အထိ စောင့်ပေးဖို့ပဲ နောက်ကျရင် ဒီနေရာက ရွက်ဝါတစ်ထောင်မျှော်စင်ရဲ့ အဓိကခြေကုပ်စခန်းဖြစ်လာလိမ့်မယ် သတင်းစုဆောင်းဖို့လိုကိစ္စတွေကိုတော့ အခြားသူတွေလုပ်လိမ့်မယ်”

ထိုသို့ကြားလိုက်သောအခါ ကုအန် ကိစ္စများကပိုမလွယ်ကူတော့သလို ခံစားလိုက်ရသည်။

ဘယ်လို ခြေကုပ်စခန်းတစ်ခုဖြစ်လာဖို့တဲ့လား။

ကုအန် မျက်မှောင်ကြုံ့မိသွားပြီး မေးလိုက်၏။ “ဆန်းကြယ်တောင်ကြားက ခြေကုပ်စခန်းဖြစ်နိုင်တဲ့ တစ်ခုတည်းသောနေရာလား”

“ဘယ်ဟုတ်မလဲ ဆန်းကြယ်တောင်ကြားအပြင် အနည်းဆုံးနောက်ထပ်ဆေးတောင်ကြားငါးခု က ရွက်ဝါတစ်ထောင်‌ေမျှာ်စင် သူလျှိုတွေရဲ့ထိန်းချုပ်မှု‌ေအာက်မှာ ရှိသေးတယ် သူတို့က တစ်ယောက်နဲ့တစ်ယောက် သရုပ်မှန်ကို မသိကြဘူး ဒါပေမယ့် လွန်ခဲ့တဲ့နှစ်တစ်ရာလောက်ကတော့ အချို့က တပည့်ရင်းတွေဖြစ်လာခဲ့ကြတယ် အခုဆိုရင် အကြီးအကဲတွေတောင် ဖြစ်ရင်ဖြစ်နေလောက်တယ်”ကျန်းချောင် သာမန်ပုံစံဖြင့် ပြောလိုက်သည်။

ကုအန် ဆွံ့အသွားခဲ့၏။

အဓိပတိဂိုဏ်းက အဲ့လောက်တောင်စိမ့်၀င်ရ လွယ်နေတာလားဟ!

ကျန်းချောင် ပြောင်စင်သွားသောပန်းကန်ကိုချလိုက်ပြီး ကြက်ပေါင်တစ်ချောင်းကို ကောက်ကိုင်လိုက်ကာ တခစ်ခစ်ရယ်ရင်း ပြောလိုက်သည်။ “အရသာက မဆိုးဘူး ငါအစာမစားတာ အတော်ကြာနေပြီဆိုပေမယ့် တစ်ခါတလေ စားသောက်ချင်စိတ်ဆန္ဒလေးကို ဖြည့်ဆည်းပေးလိုက်တာလည်း ကောင်းတာပါပဲ ဆုလဒ်အနေနဲ့ နောက်ကျရင် ငါမင်းကို ရွက်ဝါတစ်ထောင်မျှော်စင်ရဲ့ လျှို့ဝှက်သိုင်းတစ်ခု သင်ပေးမယ်”

All Chapters