စမ်းသပ်မှုနယ်မြေထဲသို့ ဆွဲခေါ်ခြင်း....
Vol. 73 Ch. 1023
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
" ဆရာရှေ့မှာရှိတဲ့ မှော်စာလုံးတစ်ခုစီက အထွတ်အထိပ် နတ်ဘုရားအရှင်သခင်တွေထက် ကျော်လွန်တယ်လို့ ခံစားရတယ်။ " မုန့်ရှီနှင့် တပည့်များက တုန်လှုပ်သွားကြသည်။
" ဆရာက အခု ရှေးဟောင်းနိုင်ငံခြောက်ခုထဲမှာ အသန်မာဆုံးလို့ ပြောကြတယ်။ ဘိုးဘေးခြောက်ယောက်တောင် ဆရာကို အလေးထားကြတယ်။ ဆရာတပည့်ဖြစ်ခွင့်ရတာ တကယ်ကံကောင်းတာပဲ။ " သူတို့က စိတ်ထဲမှ တွေးလိုက်ကြသည်။
လင်းယွမ်ဆီသို့် ရောက်သည်မှာ ကြာလာသည်နှင့်အမျှ နဂါးငွေ့တန်းဟူသော ဘွဲ့နှင့် ဘိုးဘေးများပင် သူ့ကို အလေးထားဆက်ဆံကြသည်ကို ပိုမိုသိရှိလာကြသည်။
" မင်းတို့ရဲ့ ကျင့်ကြံမှုမှာ သိချင်တာရှိရင် မေးပါ။ " လင်းယွမ်က မှော်စာလုံးများကို ဖျောက်လိုက်ပြီး သူ၏ တပည့်များကို ကြည့်လိုက်သည်။
ထိုတပည့်များက ရှေးဟောင်းနိုင်ငံ ခြောက်ခုတွင် သိုင်းတာအိုအတွက် အလားအလာ အကောင်းဆုံး ပါရမီရှင်များကို ရွေးချယ်ထားသူများဖြစ်သည်။ အနာဂတ်တွင် သူက အလွှာဆယ့်သုံးသို့ တက်လှမ်းပြီး သတ္တမမြောက် ရှေးဟောင်းနိုင်ငံကို တည်ထောင်ချိန်တွင် ထိုတပည့်များက ကိစ္စအရပ်ရပ်ကို ကိုင်တွယ်ပေးမည်ဖြစ်သောကြောင့် သူက ပုံမှန်လမ်းညွှန်ပေးနေခြင်းဖြစ်သည်။
" ဆရာ အချိန်ဆိုတာ စီးဆင်းနေတဲ့ ရေလိုပဲ။ ဒါပေမယ့် အဲ့ဒါက ဘယ်လိုစီးဆင်းတာလဲ။ ပြီးတော့ ဘယ်ကိုဦးတည်သွားနေတာလဲ။ " မုန့်ရှီက ပထမဆုံး မေးလိုက်သည်။
သိုင်းတာအို အချိန်ပါရမီရှင်ဖြစ်သဖြင့် လင်းယွမ်က မုန့်ရှီကို အလေးထားသည်။ ထိုသို့သော ပါရမီရှင်မျိုးက ဖရိုဖရဲဟင်းလင်းပြင်ရှိ အချိန်သွေးမျိုးဆက်ပါရှိသော အထူးသက်ရှိများနှင့် အဆင့်တူပင် ဖြစ်သည်။
" အချိန်..." လင်းယွမ်က ခဏစဉ်းစားပြီးနောက် သူ၏ ရှေ့တွင် မှော်စာလုံးတစ်ခု ထွက်ပေါ်လာသည်။
ထိုမှော်စာလုံးက ဒုတိယရင်းမြစ်ကမ္ဘာမှ အချိန်မှော်စာလုံးဖြစ်ပြီး အလွန်ရှုပ်ထွေးသော်လည်း စုစည်းပြီးချိန်တွင် စီးဆင်းနေသော အချိန်မြစ်တစ်စင်းကဲ့သို့ ဖြစ်နေသည်။ ဒုတိယရင်းမြစ်ကမ္ဘာမှ မှော်စာလုံးလမ်းစဉ်က အရာအားလုံးကို ပုံတူကူးယူနိုင်သည်။
" ဒါက..." မုန့်ရှီက လင်းယွမ်ရှေ့မှ မှော်စာလုံးကို စိုက်ကြည့်နေသည်။ ထိုမှော်စာလုံးက သက်ရှိတစ်ခုကဲ့သို့ ဖြစ်နေပြီး ကျယ်ပြောသော အချိန်တာအိုကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
" လမ်းညွှန်မှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ။ " မုန့်ရှီက လေးစားစွာ ဦးညွှတ်လိုက်သည်။
လင်းယွမ် သာမန်အတိုင်း ဖန်တီးလိုက်သော အချိန်မှော်စာလုံးက မုန့်ရှီ၏ စိတ်ထဲတွင် မဟာတာအိုတစ်ခုပင်ဖြစ်သည်။ အခြားတပည့်များကလည်း အချိန်မှော်စာလုံးကို ကြည့်နေကြသည်။
" ဆရာ ကျွန်တော်က..." ဒုတိယနှင့် တတိယတပည့်များကလည်း လျင်မြန်စွာ မေးလိုက်ကြသည်။
လင်းယွမ်က သူတို့၏ မေးခွန်းများကို တစ်ခုချင်းစီ ဖြေကြားပေးပြီး သက်ဆိုင်ရာ မှော်စာလုံးများကို ဖန်တီးပြလိုက်သည်။ ဒုတိယရင်းမြစ်ကမ္ဘာတွင် ကျင့်ကြံမှုအတွက် လိုအပ်ချက်များကို သိသိသာသာ လျှော့ချပေးသည်။
ဒုတိယရင်းမြစ်ကမ္ဘာတွင် လင်းယွမ်၏ ထိုက်ယန်မူလစိတ်ဝိညာဉ်က အရပ်မျက်နှာတစ်ခုသို့ လျင်မြန်စွာ ပျံသန်းနေသည်။
" ငါအခု မဟာနတ်ဆိုး ၃၆ကောင်ကို နှိမ်နင်းပြီးပြီ။ အခုပိုဝေးတဲ့နေရာတွေကို ရှာဖွေကြည့်ရမယ်။ အမှန်တော့ ဒီကမ္ဘာက နတ်ဆိုးတွေက ငါ့အတွက် အန္တရာယ်ထက် အကျိုးအမြတ် ပိုများနေတယ်။ အနည်းဆုံးတော့ ငါ့ကို ထာဝရအရှင်သခင်တွေ သတိမထားမိအောင် ကာကွယ်ပေးထားသလိုပဲ။ " လင်းယွမ်က တွေးလိုက်သည်။
နတ်ဆိုးများသာမရှိလျှင် ထာဝရဂိုဏ်းများနှင့် ထာဝရအရှင်သခင်များ၏ စောင့်ကြည့်မှုကို မလွဲမသွေ ခံရပေလိမ့်မည်။ ရှေးဟောင်းနိုင်ငံခြောက်ခုမှ ဘိုးဘေးများက သူ့ကို အလေးထားဆက်ဆံကြသည်မှာ သူက အနာဂတ်တွင် အလွှာဆယ့်သုံးသို့ မလွဲမသွေ ရောက်မည်ကို မြင်တွေ့ခဲ့ကြသောကြောင့်ဖြစ်သည်။
" ငါ အလွှာဆယ့်သုံးကို မရောက်ခင် အချိန်သက်ရှိတွေနဲ့ မဆက်ဆံချင်သေးဘူး။ "
လင်းယွမ်က ရုတ်တရက် ရပ်တန့်လိုက်ပြီး အောက်မှ ချိုင့်ဝှမ်းတစ်ခုကို ကြည့်လိုက်သည်။ သူက ချိုင့်ဝှမ်းအတွင်းမှ မှော်စာလုံးလှုပ်ခတ်မှုများကို ခံစားလိုက်ရသည်။ " နောက်ထပ်ဂိုဏ်းအပျက်အစီးနေရာတစ်ခုလား။ "
လင်းယွမ်က ချိုင့်ဝှမ်အတွင်းသို့ တန်းမဝင်သွားဘဲ အနီးသို့ ချဉ်းကပ်သွားသည်။ ထိုအချိန်တွင် မှော်စာလုံးများက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားပြီး အေးစက်သော မျက်လုံးများနှင့် ရွှေရောင်ပုံရိပ်တစ်ခုက ချိုင့်ဝှမ်းအထက်တွင် ပေါ်ထွက်လာသည်။
" စမ်းသပ်မှုစတင်ပြီ။ ဒီဂိုဏ်းရဲ့ အမွေအနှစ်က ထူးခြားတယ်။ ဒါကို မလေ့လာခင် စမ်းသပ်မှုကို အရင်အောင်မြင်အောင် လုပ်ရမယ်။ " ရွှေရောင်ပုံရိပ်က လင်းယွမ်ကို ကြည့်လိုက်သည်။ " ဝင်ခဲ့။ "
ရွှေရောင်ပုံရိပ်က သူ၏ လက်ကို ဝှေ့ရမ်းပြီး လင်းယွမ်အား စမ်းသပ်မှုနယ်မြေထဲသို့ ပို့ဆောင်ရန် ပြင်ဆင်လိုက်သည်။ မမြင်ရသော လှိုင်းများက လင်းယွမ်ကို ဖုံးလွှမ်းသွားပြီး သူ့ကို ဆွဲခေါ်ရန် ကြိုးစားလိုက်သည်။
" ဟမ် " ရွှေရောင်ပုံရိပ်က အံ့အားသင့်သွားသည်။
ထိုဂိုဏ်းအပျက်အစီနယ်မြေက နက်ရှိုင်းသော အခြေခံရှိပြီး လွတ်မြောက်ခြင်းအဆင့် အထွတ်အထိပ်တစ်ယောက်ပင် ခုခံနိုင်စွမ်းမရှိပေ။ အနီးသို့ ရောက်လာသူတိုင်းက စမ်းသပ်မှုနယ်မြေထဲသို့ ဆွဲခေါ်ခံရမည်ဖြစ်သည်။
ရွှေရောင်ပုံရိပ်က လင်းယွမ်ကို ကြည့်လိုက်သည်။ ထိုလူငယ်၏ နည်းစနစ်များကို သူမသိရသော်လည်း အသက်အဆင့်က လွတ်မြောက်ခြင်းအဆင့်တွင်သာရှိသည်။ သို့သော် လင်းယွမ်က သူ၏ ဆွဲခေါ်မှုကို အလွယ်တကူ တားဆီးနိုင်ခဲ့သည်။
" သူ့ရဲ့ အချိန်လေဟာနယ်အပေါ် နားလည်မှုက အရမ်းနက်ရှိုင်းနေတာလား။ " ရွှေရောင်ပုံရိပ်က တွေးလိုက်သည်။ သူက အချိန်လေဟာနယ်စွမ်းအားကို အသုံးပြုပြီး ဆွဲခေါ်ခဲ့ခြင်းဖြစ်သည်။
အကယ်၍ တစ်ဖက်လူကလည်း အချိန်လေဟာမယ်နိယာမတွင် ကျွမ်းကျင်နေလျှင် သူက ဘာမှလုပ်နိုင်မည်မဟုတ်ပေ။ သို့သော် အချိန်လေဟာနယ်နားလည်မှုတွင် သူကိုင်တွယ်မရသော အဆင့်သို့ ရောက်ရှိရန် အလွန်ရှားပါးသည်။
" သူက အချိန်လေဟာနယ်နိယာမကိုတောင် ကျော်လွန်လုနီးပါး ဖြစ်နေပြီထင်တယ်။ " ရွှေရောင်ပုံရိပ်က စိတ်ထဲတွင် ကောက်ချက်ချလိုက်သည်။ အချိန်လေဟာနယ်နိယာမကို ကျော်လွန်ခြင်းမှာ နဝမအဆင့်ကို ကျော်လွန်နေခြင်းဖြစ်သည်။
" ဒီတစ်ခါတော့ ရတနာတစ်ခုနဲ့ တိုးတာပဲ။ "
သူ၏ တည်ရှိမှုမှာ စမ်းသပ်မှုအားလုံးကို အောင်မြင်မည့် ဆက်ခံသူတစ်ယောက်ကို ပျိုးထောင်ပေးရန်ဖြစ်သည်။ ယခုကြည့်ရသည်မှာ လင်းယွမ်က စမ်းသပ်မှုအားလုံးကို အောင်မြင်ရန် မျှော်လင့်ချက်ရှိသည်။
" ဆွဲခေါ်ခံရမလို့ပဲ။ " လင်းယွမ်က စိတ်ထဲမှာ အံ့အားသင့်သွားသည်။
ပတ်ဝန်းကျင်မှ မှော်စာလုံးများအားလုံးက တပြိုင်နက် လှုပ်ရှားသွားခြင်းဖြစ်သည်။ အကယ်၍ သူက အချိန်လေဟာနယ်နားလည်မှုတွင် အထွတ်အထိပ်သို့ နီးကပ်မနေလျှင် သူက အတင်းအကျပ် ဆွဲခေါ်ခြင်းခံရပေလိမ့်မည်။
" ကောင်လေး မစိုးရိမ်နဲ့။ ငါက အန္တရာယ်ပြုဖို့ ရည်ရွယ်ချက်မရှိပါဘူး။ " ရွှေရောင်ပုံရိပ်က လင်းယွမ်၏ စွမ်းအားကို သိလိုက်သောကြောင့် ညင်သာစွာ ပြောလိုက်သည်။
" ခင်ဗျားက ကျုပ်ကို ဘယ်ကိုပို့ချင်တာလဲ။ " လင်းယွမ်က တိုက်ရိုက်မေးလိုက်သည်။
ယခင် တွေ့ရှိခဲ့သော များပြားသော ဂိုဏ်းအပျက်အစီးနေရာများတွင် ထိုသို့သော အခြေအနေမျိုး တစ်ခါမှမကြုံတွေ့ခဲ့ဖူးပေ။ လင်းယွမ်အနေဖြင့် သူမသိသော နေရာတစ်ခုကို ပို့ဆောင်ခံမည်မဟုတ်ပေ။
" ဒါက စမ်းသပ်နယ်မြေတစ်ခုပါ။ မင်းသာ ဒီစမ်းသပ်မှုကို အောင်မြင်ရင် အမြင့်ဆုံးအမွေအနှစ်ကို ရရှိလိမ့်မယ်။ " ရွှေရောင်ပုံရိပ်က စိတ်ရှည်စွာ ပြောလိုက်သည်။
" စမ်းသပ်မှုနယ်မြေလား။ " လင်းယွမ်က နားလည်သွားသည်။ " ဒါက ဘယ်ဂိုဏ်းရဲ့ စမ်းသပ်မှုနယ်မြေလဲ။ "
" ဒီစမ်းသပ်မှုနယ်မြေကို ဖန်တီးသူက ဝူရှန်းအရှင်သခင်ပဲ။ " ရွှေရောင်ပုံရိပ်က ပြောလိုက်သည်။
" ဝူရှန်းအရှင်သခင်လား။ " လင်းယွမ်က စိတ်လှုပ်ရှားသွားသည်။
ဝူရှန်းအရှင်သခင်က ထာဝရအရှင်သခင်တစ်ယောက်ဖြစ်ပြီး အလွှာဆယ့်သုံး အချိန်သက်ရှိဖြစ်သည်။ လင်းယွမ်ရရှိထားသော အချက်အလက်များအရ ဝူရှန်းအရှင်သခင်က အလွန်လျို့ဝှက်ဆန်းကြယ်သူဖြစ်သည်။ သူက ထာဝရဂိုဏ်းတစ်ခုကို မတည်ထောင်ဘဲ တစ်ကိုယ်တည်းလှုပ်ရှားသူဖြစ်ပြီး ပန်းချီလမ်းစဉ်တွင် အလွှာဆယ့်သုံးသို့ ရောက်ရှိခဲ့သူဖြစ်သည်။
ဝူရှန်းအရှင်သခင်၏ ပန်ချီများက အကန့်အသတ်မရှိသော လျို့ဝှက်ချက်များ ပါဝင်ပြီး ပန်းချီဟုဆိုသော်လည်း အမှန်တကယ်တွင် ပြည့်စုံသော ကမ္ဘာကြီးများဖြစ်ကြသည်။ ဝူရှန်းအရှင်သခင်၏ ရည်မှန်းချက်မှာ ဤရင်းမြစ်ကမ္ဘာနှင့် နှိုင်းယှဉ်နိုင်သော ပန်းချီကားတစ်ချပ်ကို ရေးဆွဲရန်ဖြစ်သည်။
" ဒီစမ်းသပ်မှုနယ်မြေက ဝူရှန်းအရှင်သခင်ကိုယ်တိုင်ဖန်တီးခဲ့တာလား။ လင်းယွမ်က မေးလိုက်သည်။
" ဒါက သိသာနေတာပဲမဟုတ်လား။ " ရွှေရောင်ပုံရိပ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
" ဝူရှန်းအရှင်သခင်က ဘာလို့ဒီစမ်းသပ်မှုနယ်မြေကို ဖန်တီးခဲ့တာလဲ။ "
" ဝူရှန်းအရှင်သခင်က နတ်ဆိုးကပ်ဘေးမကျရောက်ခင်ကတည်းက ကြိုမြင်ခဲ့တယ်။ ဒီကမ္ဘာကြီးက ထာဝရပျက်စီးခြင်းထဲကို ကျရောက်သွားမယ်ဆိုတာ သူသိခဲ့တယ်။ ဒါကြောင့် နတ်ဆိုးကပ်ဘေးကျရောက်ပြီးတဲ့နောက်မှာ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေကို ပျိုးထောင်ပေးဖို့ ဒီစမ်းသပ်မှုနယ်မြေတွေကို ဖန်တီးခဲ့တာပဲ။ "
" ဝူရှန်းအရှင်သခင်က ဒီနတ်ဆိုးတွေကို ရှင်းလင်းဖို့အတွက် ထာဝရအရှင်သခင်တစ်ယောက်ကို ပျိုးထောင်ပေးချင်ခဲ့တာပဲ။ " ရွှေရောင်ပုံရိပ်က ပြောလိုက်သည်။
" နားလည်ပါပြီ။ " လင်းယွမ်က အတွေးနက်နေသည်။
ထာဝရအရှင်သခင်များက အနာဂတ်အချိန်အတိုင်းအတာများကို မြင်နိုင်ကြသည်။ ကမ္ဘာကြီးအသွင်ပြောင်းလဲမှုက အလွှာတယ့်သုံးအောက် သက်ရှိများအတွက် ရုတ်တရက် ကျရောက်လာသော ကပ်ဘေးတစ်ခု ဖြစ်သော်လည်း အချိန်သက်ရှိများက ၎င်းကို မြင်တွေ့ပြီးသား ဖြစ်ပေလိမ့်မည်။
အစောပိုင်းတွင် လင်းယွမ်က နတ်ဆိုးများ သောင်းကျန်းနေချိန်တွင် အလွှာဆယ့်သုံး အချိန်သက်ရှိများ ဝင်မပါခဲ့သည့် အကြောင်းရင်းကို သိချင်ခဲ့သည်။ ယခုကြည့်ရသည်မှာ ထာဝရအရှင်သခင်များက ထိုကိစ္စအတွက် အစီအစဉ်များ ချမှတ်ခဲ့ပုံရသည်။