← Chapters

ဝူရှန်းအရှင်သခင်၏ စမ်းသပ်မှု...

Vol. 73 Ch. 1024

ဝူရှန်းအရှင်သခင်၏ စမ်းသပ်မှု...

Vol. 73 Ch. 1024

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

" ဝူရှန်းအရှင်သခင်ကို နတ်ဆိုးနတ်ဘုရားက တားဆီးထားတာလား။ " လင်းယွမ်က သူ၏ စိတ်ထဲမှ သံသယကို မေးလိုက်သည်။

နတ်ဆိုးများကို ရှင်းလင်းရန် ထာဝရအရှင်သခင်အသစ်တစ်ယောက်ကို ပျိုးထောင်ခြင်းထက် ရှိနေသော ထာဝရအရှင်သခင်များကိုယ်တိုင် တိုက်ရိုက်လှုပ်ရှားလိုက်ခြင်းက ​ပို၍ ရိုးရှင်းပေသည်။

ထာဝရအရှင်သခင်များက အလွယ်တကူ ပျိုးထောင်ရန် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ ပထမရင်းမြစ်ကမ္ဘာ၏ ဘိုးဘေး​များက အလွှာဆယ့်သုံးသို့ မတက်လှမ်းမီ အခြားသူများထံမှ အထူးလေ့ကျင့်မှုများကို ရရှိခဲ့သူများမဟုတ်ပေ။

ဝူရှန်းအရှင်သခင်က စမ်းသပ်မှုနယ်မြေမှတစ်ဆင့် ထာဝရအရှင်သခင်တစ်ယောက်ကို ပျိုးထောင်လိုသော်လည်း ထိုမျှော်လင့်ချက်က အလွန်သေးငယ်လှသည်။ ထို့ကြောင့် ဝူရှန်းအရှင်သခင်က တစ်စုံတစ်ခု၏ တားဆီးခြင်းကို ခံထားရပေလိမ့်မည်။

" နတ်ဆိုးနတ်ဘုရားလား။ " ရွှေရောင်ပုံရိပ်က ခေါင်းခါလိုက်သည်။ " နတ်ဆိုးနတ်ဘုရားက သန်မာတယ်ဆိုပေမယ့် ဝူရှန်းအရှင်သခင်ကို တားဆီးနိုင်စွမ်းမရှိဘူး။ "

" နတ်ဆိုးနတ်ဘုရားမဟုတ်ဘူးလား။ " လင်းယွမ်က အံ့အားသင့်သွားသည်။ " ဒါဆို ဘယ်သူလဲ။ "

" ငါလည်းမသိဘူး။ " ရွှေရောင်ပုံရိပ်က ပြန်ပြောလိုက်သည်။ " နတ်ဆိုးနတ်ဘုရားက နတ်ဆိုးကပ်ဘေးရဲ့ မူလအစမဟုတ်ဘူး။ "

" ကောင်းပြီ။ ငါပြောနိုင်တာ အကုန်ပြောပြီးသွားပြီ။ ဒီစမ်းသပ်မှုနယ်မြေကို ဝူရှန်းအရှင်သခင် ဖန်တီးထားတာဖြစ်ပြီး ဒီထဲက အမွေအနှစ်က မှော်စာလုံးလမ်းစဉ်ရဲ့ အနှစ်သာရကို ရှင်းလင်းထားတာပဲ။ " ရွှေရောင်ပုံရိပ်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။

" မင်းရဲ့ အချိန်လေဟာနယ် နားလည်မှုနဲ့ဆို စမ်းသပ်မှုကို အောင်မြင်ဖို့ မျှော်လင့်ချက် နည်းနည်းရှိတယ်။ မင်းမလုပ်နိုင်ရင်တောင် အမွေအနှစ်ရဲ့ အစိတ်အပိုင်းတစ်ခုကို ရရှိမှာဖြစ်ပြီး အဲ့ဒါက မင်းအတွက် အကျိုးအများကြီး ရှိစေလိမ့်မယ်။ "

" အခု ပြောပါ။ မင်း စမ်းသပ်မှုနယ်မြေထဲကို ဝင်ချင်လား။ " ရွှေရောင်ပုံရိပ်က မေးလိုက်သည်။

" အဲ့ဒါက အန္တရာယ်ရှိလား။ " လင်းယွမ်က အန္တရာယ်ရှိလျှင် သူ၏ ကျင့်ကြံမှုအထွတ်အထိပ်သို့ ရောက်မှသာ ပြန်လာပေလိမ့်မည်။

" အန္တရာယ်လား။ " ရွှေရောင်ပုံရိပ်က သက်ပြင်းချလိုက်သည်။ " နတ်ဆိုးကပ်ဘေးကြောင့် ကျင့်ကြံသူတွေ မရေတွက်နိုင်အောင် သေဆုံးတာကို မြင်တွေ့ပြီးတဲ့နောက်မှာ ဝူရှန်းအရှင်သခင်က ဒီစမ်းသပ်မှုနယ်မြေထဲမှာ အန္တရာယ်တွေကို ထည့်သွင်းထားမှာမဟုတ်ပါဘူး။ မင်းစမ်းသပ်မှုကို မအောင်မြင်နိုင်ဘူးလို့ ထင်ရင် ငါမင်းကို ဘာအန္တရာယ်မှမရှိဘဲ အပြင်ကို ခေါ်ထုတ်ပေးမယ်။ " ရွှေရောင်ပုံရိပ်က ပြောလိုက်သည်။

" ဝူရှန်းအရှင်သခင်ရဲ့ အမွေအနှစ်က အရည်အချင်းမရှိတဲ့သူတွေ ကျင့်ကြံမိရင် ကုသလို့မရတဲ့ ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်။ မဟုတ်ရင် စမ်းသပ်မှုတောင် ရှိနေမှာမဟုတ်ဘူး။ "

" ဒါဆို ကျွန်တော် သဘောတူပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ဝူရှန်းအရှင်သခင်က အလွှာဆယ့်သုံး အချိန်သက်ရှိဖြစ်သောကြောင့် လင်းယွမ်က အမွေအနှစ်ကို မလိုချင်ဘဲနေမည်မဟုတ်ပေ။ ၎င်းအပြင် အန္တရာယ်မရှိမှတော့ သူက ငြင်းပယ်မည်မဟုတ်ပေ။

" ကောင်းပြီ။ မခုခံနဲ့။ " ရွှေရောင်ပုံရိပ်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ ပတ်ဝန်းကျင်မှ မှော်စာလုံးများက လင်းယွမ်ကို ဖုံးလွှမ်းသွားပြီး ဟင်းလင်းပြင်တစ်ခုသို့ ဆွဲခေါ်သွားသည်။

လင်းယွမ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ၎င်းက ကျယ်ပြောသော ကမ္ဘာကြီးတစ်ခု ဖြစ်ပြီး သူ၏ အကြည့်က ကမ္ဘာအလယ်တွင် ချိတ်ဆွဲထားသော ပန်းချီကားသုံးချပ်ဆီသို့ ရောက်ရှိသွားသည်။

ထိုပန်းချီကားကြီးသုံးချပ်တွင် ပထမတစ်ချပ်က ရွှေရောင်ချပ်ဝတ်နှင့် လူငယ်တစ်ယောက်ဖြစ်ပြီး ကြောက်စရာကောင်းသော အော်ရာက ပန်းချီကားကို ကျော်လွန်၍ ထွက်ပေါ်နေသည်။

နောက်တစ်ချပ်မှာ ပါးလွှာသော ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမက အနည်းငယ် ပြုံးနေသကဲ့သို့ မမြင်ရသော စိတ်စွမ်းအားများ ထွက်ပေါ်နေသည်။

နောက်ဆုံးပန်းချီကားမှာ အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်ဖြစ်သည်။ ရှေ့မှပန်းချီများနှင့် နှိုင်းယှဉ်လျှင် သူ၏ ထံမှ မည်သည့်အော်မှ ထွက်ပေါ်နေခြင်းမရှိိသော်လည်း လင်းယွမ်က ထိုပန်းချီကားမှ အကြီးမားဆုံး ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။

" ဒီပန်းချီကားသုံးချပ်ကို ဝူရှန်းအရှင်သခင်ကိုယ်တိုင် ရေးဆွဲခဲ့တာပဲ။ " ရွှေရောင်ပုံရိပ်က လင်းယွမ်၏ အနီးတွင် ပေါ်လာပြီး ပန်းချီကားသုံးချပ်ကို ကြည့်လိုက်သည်။

" ဝူရှန်းအရှင်သခင်ရဲ့ ပန်းချီကားတွေက အစစ်အမှန်တွေပဲ။ ဒီပန်းချီကားတွေထဲက အစွမ်းထက်ပုဂ္ဂိုလ်တွေကလည်း အစစ်အမှန်တွေဖြစ်ပြီး ပန်းချီကားထဲကနေ အပြင်ကို ထွက်လာနိုင်ကြတယ်။ " ရွှေရောင်ပုံရိပ်က ပြောလိုက်သည်။

" ပန်းချီကားတစ်ခုစီမှာ မတူညီတဲ့ စွမ်းအားတွေရှိတယ်။ ဝူရှန်းအရှင်သခင်က နောင်လာမယ့်စိန်ခေါ်သူတွေအတွက် အထူးရည်ရွယ်ပြီး ဆွဲခဲ့တာပဲ။ "

" မင်းအနေနဲ့ ဒီပန်းချီကားသုံးချပ်ရဲ့ တားဆီးမှုကို ဖြတ်ကျော်ပြီး ဟိုနေရာကို ရောက်နိုင်မယ်ဆိုရင် မင်းစမ်းသပ်မှုအောင်မြင်ပြီလို့ သတ်မှတ်လို့ရတယ်။ " ရွှေရောင်ပုံရိပ်က ကမ္ဘာ၏ အလယ်ဗဟိုကို ညွှန်ပြလိုက်သည်။ ထိုနေရာတွင် သေးငယ်သော တံခါးတစ်ချပ်က ဝေဝါးစွာ တည်ရှိနေသည်။

" ဒါက အတားအဆီးတွေကို ကျော်လွှားဖို့ပဲ။ သူတို့ကို အနိုင်ယူဖို့ မဟုတ်ဘူး။ မင်းရဲ့ လက်ရှိစွမ်းအားနဲ့ဆို ဒီပန်းချီကားသုံးချပ်ထဲက ပုဂ္ဂိုလ်တွေရဲ့ တားဆီးမှုကို တိုက်ရိုက်ကျော်ဖြတ်ဖို့ ခက်ခဲလိမ့်မယ်။ မင်းရဲ့ အချိန်လေဟာနယ်နားလည်မှုကို အသုံးချရင် ဒီစမ်းသပ်မှုကို ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ "

အချိန်လေဟာနယ်နိယာမကို အလုံးစုံကျော်လွန်သွားလျှင် မိမိကိုယ်တိုင်က ဟင်းလင်းပြင်ဖြစ်သွားမည်ဖြစ်ရာ စိတ်ကူးလိုက်ရုံဖြင့် ကမ္ဘာအလယ်ရှိ တံခါးသို့ ရောက်ရှိသွားမည်ဖြစ်သည်။ သို့သော် လင်းယွမ်၏ နားလည်မှုက ကျော်လွန်ရန် နီးကပ်ရုံသာဖြစ်ပြီး အလုံးစုံ ကျော်လွန်ခြင်းမရှိသေးပေ။

" အချိန်လေဟာနယ်နိယာမကို အလုံးစုံ ကျော်လွန်ရမှာလား။ " လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။

ဖရိုဖရဲဟင်းလင်းပြင်တွင် အလွှာဆယ့်သုံးအောက် အသန်မာဆုံးဖြစ်သော ဧကရာဇ်ရွှမ်ဟွမ်ပင် အချိန်လေဟာနယ်နိယာမ၏ အပြင်ဘက်သို့ ​​ခြေတစ်လှမ်းကျော်လွန်ရုံသာဖြစ်သည်။ အလုံးစုံကျော်လွန်ရန် လင်းယွမ်က ယုံကြည်ချက်ရှိသော်လည်း မည်မျှကြာမည်ကို မသိနိုင်ပေ။

" ဖြည်းဖြည်းလုပ်ပါ။ မင်းမှာ အချိန်အများကြီး ရှိတယ်။ ဒီစမ်းသပ်မှုက အချိန်အကန့်အသတ်မရှိဘူး။ " ရွှေရောင်ပုံရိပ်က ပြောလိုက်သည်။

ပန်းချီကားသုံးချပ်ထဲမှာ ပုဂ္ဂိုလ်များ၏ တားဆီးမှုကို ကျော်ဖြတ်နိုင်ရန် သာမန်ထာဝရသားတော်တစ်ယောက်၏ စွမ်းအားထက် သာလွန်ရန် လိုအပ်သည်။ ၎င်းက ဝူရှန်းအရှင်သခင်၏ အမွေအနှစ်ကို ရရှိရန် သတ်မှတ်ချက်ဖြစ်သည်။ သာမန်ထာဝရသားတော်ကို မကျော်လွန်နိုင်လျှင် ဘယ်လိုလုပ်ထာဝရအရှင်သခင်တစ်ယောက် ဖြစ်လာမှာလဲ။

" သူတို့ကို အထင်မသေးနဲ့။ " ရွှေရောင်ပုံရိပ်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " ဒီပန်းချီကားသုံးချပ်ထဲက ပုဂ္ဂိုလ်တွေကို ဝူရှန်းသခင်က လွတ်မြောက်ခြင်းအဆင့် အထွတ်အထိပ်လို့ သတ်မှတ်ထားတယ်။ သာမန်ထာဝရသားတော်တွေထက် အများကြီး ပိုသန်မာတယ်။ အဲ့ဒါကြောင့်ပဲ သူတို့ကို အနိုင်ယူဖို့မဟုတ်ဘဲ တားဆီမှုကို ဖြတ်ကျော်ပြီး အလယ်က တံခါးထဲဝင်ဖို့ပဲ သတ်မှတ်ထားတာ။ "

" သူတို့က တကယ် သန်မာတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ပန်းချီကားသုံးချပ်ထဲမှ ပထမနှစ်ယောက်မှာ ချောက်နက်နဂါး၏ စွမ်းအားမျိုးရှိကြပြီး နောက်ဆုံးတစ်ယောက်မှာ ချောက်နက်နဂါးကိုပင် အနည်းငယ် ကျော်လွန်နေသည်။ သီအိုရီအရ ထိုသို့သော အင်အားကြီးသူမျိုးက မတည်ရှိသင့်ပေ။

ပထမရင်းမြစ်ကမ္ဘာ စတင်ကတည်းက ချောက်နက်နဂါးတစ်ကောင်တည်းသာ ထွက်ပေါ်ခဲ့ပြီး ထိုမျှစွမ်းအားရရန် မရေတွက်နိုင်သော အခွင့်အလမ်းများနှင့် ကံကောင်းမှုများ လိုအပ်သည်။ ဒုတိယရင်းမြစ်ကမ္ဘာရှိ ထာဝရသားတော်များက ချောက်နက်နဂါး၏ စွမ်းအားသို့ နီးကပ်ရုံသာဖြစ်သည်။

" ဒါကြောင့် ဝူရှန်းအရှင်သခင်က စိန်ခေါ်သူတွေကို သူတို့ကို အနိုင်ယူဖို့ မသတ်မှတ်ခဲ့တာပဲ။ အဲ့ဒါက တကယ်မဖြစ်နိုင်လို့ပဲ။ " ရွှေရောင်ပုံရိပ်က ပြောလိုက်သည်။

အထူးသဖြင့် နောက်ဆုံးတစ်ယောက်မှာ ဝူရှန်းအရှင်သခင်က ကောင်းကင်အလင်းအရှင်သခင်ကို နမူနာယူပြီး ဖန်တီးထားခြင်းဖြစ်သည်။ ကောင်းကင်အလင်းအရှင်သခင်က အသန်မာဆုံး ထာဝရအရှင်သခင်တစ်ယောက်ဖြစ်သည်။ ကောင်းကင်အလင်းအရှင်သခင်၏ အတိတ်ကို ဘယ်သူမှမသိကြပေ။ သူစပေါ်လာချိန်တွင် ထာဝရအရှင်သခင်တစ်ယောက် ဖြစ်နေပြီဖြစ်သည်။

ဝူရှန်းအရှင်သခင်အပါအဝင် အခြားထာဝရအရှင်သခင်များက ကောင်းကင်အလင်းအရှင်သခင်ဆီမှ အကျိုးကျေးဇူးများ ရရှိခဲ့ကြသည်။

" ကျွန်တော် ကြိုက်တဲ့နည်းလမ်းသုံးလို့ရလား။ " လင်းယွမ်က ခဏစဉ်းစားပြီး မေးလိုက်သည်။

" ဒါပေါ့။ မင်းဘယ်လိုနည်းလမ်းပဲသုံးသုံး ကမ္ဘာအလယ်က တံခါးပေါက်ထဲကို ဝင်နိုင်ရင် မင်း စမ်းသပ်မှုကို အောင်မြင်ပြီ။ ဘာကန့်သတ်ချက်မှမရှိဘူး။ " ရွှေရောင်ပုံရိပ်က ပြောလိုက်သည်။

" ကောင်းပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

" ငါ့ရဲ့အကြံပြုချက်ကို နားထောင်ချင်လည်းရတယ်။ နားမထောင်ချင်လည်း ရတယ်။ " ရွှေရောင်ပုံရိပ်က ပြောလိုက်သည်။

" ကျွန်တော် အခု စမ်းကြည့်လိုက်မယ်။ " လင်းယွမ်က ပြောလိုက်သည်။

" သွားပါ။ ဝင်ပေါက်ရဲ့ မိုင်တစ်သောင်းအကွာကို ရောက်ရင် ပထမပန်းချီကားထဲက ပုံရိပ်က ထွက်လာလိမ့်မယ်။ "

" ကောင်း​ပြီ။ " လင်းယွမ်က ကမ္ဘာအလယ်သို့ ပျံသန်းသွားသည်။ သူက ပို၍ နီးကပ်သွားသည်နှင့်အမျှ ပန်းချီကားများ၏ ခမ်းနားထည်ဝါမှုကို ပို၍ ခံစားလာရသည်။

" ဝူရှန်းအရှင်သခင်က ဒါတွေကို ဘာမှမရှိရာကနေ ဖန်တီးခဲ့တာလား။ " လင်းယွမ်က အံ့ဩနေမိသည်။

လင်းယွမ်က ဝင်ပေါက်နှင့် မိုင်တစ်သောင်းအကွာသို့ ရောက်သောအခါ ပထမပန်းချီကားက ရေမျက်နှာပြင်ကဲ့သို့ လှိုင်းများ ဖြစ်ပေါ်လာသည်။ ရွှေရောင်ချပ်ဝတ်နှင့် လူငယ်က ပန်းချီကားထဲမှ အပြင်သို့ ထွက်လာသည်။

" မင်းက ၃၆၃၅ ယောက်မြောက် စိန်ခေါ်သူပဲ။ " လူငယ်က လင်းယွမ်ကို ပျင်းရိစွာ ကြည့်ပြီး ခေါင်းခါလိုက်သည်။ " ဒါပေမယ့် မင်းက ငါ့ကိုတောင် ကျော်နိုင်မယ့်ပုံမပေါ်ဘူး။ "

" စမ်းကြည့်တာပေါ့။ " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။ ချောက်နက်နဂါးနှင့် အဆင့်တူသူတစ်ယောက်ကို သူက ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းဖြစ်သည်။

All Chapters