မူလခန္ဓာကိုယ်ဆင်းသက်လာခြင်း...
Vol. 73 Ch. 1025
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
" ဟားဟားဟား..." ရွှေရောင်ချပ်ဝတ်နှင့်လူငယ်က ရယ်မောလိုက်ပြီး သူ၏ စွမ်းအားက ရုတ်တရက် အရှိန်အဟုန်ဖြင့် တိုးတက်လာသည်။
ရွှေရောင်ချပ်ဝတ်ပေါ်မှ မှော်စာလုံး သန်းပေါင်းများစွာက တောက်ပလာပြီး အချိန်လေဟာနယ်ကို အေးခဲကာ ဖိနှိပ်လိုက်သည်။
" ဒီမှော်စာလုံးလမ်းစဉ်က တော်တော်သန်မာတာပဲ။ " လင်းယွမ်က သေချာလေ့လာနေသည်။ ထိုလူငယ်၏ မှော်စာလုံးကျွမ်းကျင်မှုက လင်းယွမ်ရရှိထားသော မည်သည့်မှော်စာလုံး အမွေအနှစ်ထက်မဆို သာလွန်နေသည်ကို သူသတိထားမိသွားသည်။
" ဖိနှိပ်စမ်း " လူငယ်က ညာလက်ကို မြှောက်ကာ လင်းယွမ်ရှိရာသို့ ဖိချလိုက်သည်။
ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်က မှော်စာလုံးများအဖြစ် ပြောင်းလဲသွားပြီး လင်းယွမ်ကို ခဏအတွင်း ဖုံးလွှမ်းသွားသည်။
" မှော်စာလုံးတွေကို သုံးပြီး အချိန်လေဟာနယ်ကို ဖန်တီးတာလား။ " လင်းယွမ်၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ သူက နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး လူငယ်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
ရွှေရောင်ချပ်ဝတ်နှင့် လူငယ်က အနည်းငယ် အံ့အားသင့်သွားသည်။ " မင်းရဲ့ အချိန်လေဟာနယ်နားလည်မှုက မဆိုးပါဘူး။ ဒါပေမယ့် အများကြီး လိုအပ်နေသေးတယ်။ "
ဝုန်း...
ပတ်ဝန်းကျင်တစ်ခုလုံးက ရွှေရောင်မှော်စာလုံးများဖြင့် ချက်ချင်း ပြည့်နှက်သွားသည်။ မှော်စာလုံးများက ရစ်ပတ်စီးဆင်းနေပြီး ရွှေရောင်လှောင်အိမ်ကြီးတစ်ခုအဖြစ် ပေါ်လာသည်။
ဝုန်း....
လင်းယွမ်၏ အမူအရာက လေးနက်သွားပြီး သူကိုယ်တိုင်က လီယန်နေမင်းအဖြစ် တိုက်ရိုက် ပြောင်းလဲသွားသည်။ ထိုက်ယန်မူလစိတ်ဝိညာဉ်အနေဖြင့် ထိုတိုက်ကွက်ကို အသုံးပြုခြင်းက အလွန်ကြောက်စရာကောင်းလှသည်။ တစ်ချိန်တွင် ကမ္ဘာစွမ်းရည်ကလည်း အသက်ဝင်လာသည်။ ရွှေရောင်လှောင်အိမ်က တုန်ခါလာပြီး ကြေမွပျက်စီးသွားသည်။
" စိတ်ဝင်စားစရာပဲ။ ဒါပေမယ့် ခွန်အားဆိုတာ အရာအားလုံးရဲ့ အခြေခံပဲ။ " ရွှေရောင်ချပ်ဝတ်နှင့် လူငယ်က ဆက်လက်တိုက်ခိုက်နေပြီး ရွှေရောင်မှော်စာလုံးများက အချိန်လေဟာနယ်ထဲတွင် ပြည့်နှက်သွားသည်။
လင်းယွမ်က အားနည်းသည့်အနေအထားသို့ ရောက်သွားသည်။ သူက ရွှေရောင်ချပ်ဝတ်နှင့် လူငယ်၏ ခုခံရန် ခက်ခဲသွားသည်။
" ဒီတစ်ခါ ဆင်းသက်မှုမှာ အရင်းအမြစ်အားလုံးကို မူလခန္ဓာကိုယ်အတွက် ဦးစားပေးခဲ့တာ။ မူလစိတ်ဝိညာဉ်နှစ်ခုရဲ့ ကျင့်ကြံမှုကို လျစ်လျူရှုမိသွားတယ်။ " လင်းယွမ်က တွေးလိုက်သည်။
အဆုံးမဲ့ဟင်းလင်းပြင်အမွေအနှစ်ကို ကျင့်ကြံနေသော်လည်း ၎င်းက ပြိုင်ဘက်ကင်းမဟာသူတော်စင်နှင့်သာ နှိုင်းယှဉ်နိုင်ပေသည်။ သို့သော် ရွှေရောင်ချပ်ဝတ်နှင့်လူငယ်က ပြိုင်ဘက်ကင်းမဟာသူတော်စင်များထက် များစွာ သာလွန်နေသည်။
" ဖရိုဖရဲထိုက်ယန်စွမ်းအား..." လင်းယွမ်က နောက်တစ်ကြိမ် လီယန်နေမင်းအဖြစ် ပြောင်းလဲလိုက်သည်။
" ဒီနည်းစနစ်က... " ရွှေရောင်ချပ်ဝတ်နှင့် လူငယ်က သူ၏ လက်များကို ရပ်ပြီး ခဏစောင့်ကြည့်လိုက်သည်။
" မင်းသွားနေတဲ့ လမ်းစဉ်နဲ့ အဆုံးစွန်ထိ ကျင့်ကြံနိုင်ရင် ထာဝရသားတော်အဆင့်ကို ရောက်နိုင်လိမ့်မယ်။ " ရွှေရောင်ချပ်ဝတ်နှင့် လူငယ်က ပြောလိုက်သည်။ " ဒါပေမယ့် မင်းက အဲ့ဒီအဆင့်ရောက်ဖို့ အများကြီး လိုပါသေးတယ်။ "
" ပြန်သွားပြီး နှစ်ပေါင်းတစ်ဘီလီယံလောက် ဆက်ပြီးကျင့်ကြံလိုက်ဦး။ ပြီးမှပြန်လာခဲ့။ " ရွှေရောင်ချပ်ဝတ်နှင့် လူငယ်က နောက်တစ်ကြိမ် လက်ဝှေ့ရမ်းလိုက်ရာ ရွှေရောင်မှော်စာလုံးများက နောက်တစ်ကြိမ် လှိုင်းထန်လာသည်။
ဝုန်း....
လင်းယွမ်က ရုတ်တရက် မိုင်ပေါင်းများစွာ နောက်ဆုတ်သွားရသည်။ သို့မှသာ ရွှေရောင်ချပ်ဝတ်နှင့် လူငယ်က လှည့်ထွက်သွားပြီး ပန်းချီကားထဲသို့ ပြန်ဝင်သွားတော့သည်။ လင်းယွမ်တစ်ယောက်တည်းသာ ထိုနေရာတွင် ရပ်ပြီး အတွေးနက်နေခဲ့သည်။
" ထိုက်ယန်မူလစိတ်ဝိညာဉ်တစ်ခုတည်းနဲ့ ဒီစမ်းသပ်မှုကို အောင်မြင်ဖို့ တကယ်ခက်ခဲတာပဲ။ "
" ဘယ်လိုခံစားရလဲ။ " ရွှေရောင်ပုံရိပ်က ဘေးတွင် ပေါ်လာသည်။ " ငါ့ရဲ့ အကြံပြုချက်အတိုင်းပဲ။ အချိန်လေဟာနယ်နိယာမကို အလုံးစုံကျော်လွန်နိုင်မှပဲ အခွင့်အရေးရှိလိမ့်မယ်။ "
" အချိန်လေဟာနယ်နိယာမကို အလုံးစုံကျော်လွန်ဖို့က အရမ်းနှေးလွန်းတယ်။ " လင်းယွမ်က ပြောလိုက်သည်။
"အရမ်းနှေးတယ်ဟုတ်လား။ " ရွှေရောင်ပုံရိပ်က အနည်းငယ် မှင်သက်သွားသည်။
" ကျွန်တော်မှာ အသုံးမပြုရသေးတဲ့ နည်းလမ်းတွေ ကျန်ပါသေးတယ်။ " လင်းယွမ်က ရွှေရောင်ပုံရိပ်ကို ကြည့်လိုက်သည်။ " ခဏလောက်စောင့်ပါဦး။ "
ချင်းယွမ်ကျမ်းစာတိုက်တွင် လင်းယွမ်က မျက်လုံးများဖွင့်ပြီး ဖြည်းညင်းစွာ ထရပ်ကာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ အချိန်လေဟာနယ်က ချက်ချင်း ဆုတ်ဖြဲခံလိုက်ရပြီး ကြောက်စရာကောင်းသော ရုပ်ခွန်အားနှင့် အတွင်းစကြာဝဠာ၏ စွမ်းအားများက အရာအားလုံးကို ထိုးဖောက်သွားသည်။
စမ်းသပ်မှုနယ်မြေ၏ အပြင်ဘက် ချိုင့်ဝှမ်းတစ်ဝိုက်တွင် မှော်စာလုံးများက ချက်ချင်း လင်းလက်လာသည်။ စမ်းသပ်မှုနယ်မြေတစ်ခုလုံးက ပြင်းထန်စွာ တုန်လာလာသည်။ ကျယ်ပြောလှသော အချိန်လေဟာနယ်နှင့် နတ်ဆိုးစွမ်းအားများက ဖျက်ဆီးခြင်းခံနေရသည်။
" ဘာဖြစ်တာလဲ။ " ရွှေရောင်ပုံရိပ်၏ အမူအရာက ပျက်ယွင်းသွားသည်။
စမ်းသပ်မှုနယ်မြေ၏ စိတ်ဝိညာဉ်အနေဖြင့် သူက ယခုအချိန်တွင် နယ်မြေတစ်ခုလုံးအပေါ် ကျရောက်နေသော ဖိအားကို ကောင်းစွာ နားလည်လေသည်။
" မူလနတ်ဆိုးတွေလား။ " ရွှေရောင်ပုံရိပ်က မူလနတ်ဆိုးများ ဝန်းရံတိုက်ခိုက်နေခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းလိုက်သည်။
" တကယ်ကို ထာဝရအရှင်သခင် ဖန်တီးထားတဲ့ ဟင်းလင်းပြင်လို့မပြောရဘူး။ " လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။
သူ၏ မူလခန္ဓာကိုယ်က ထိုက်ယန်မူလစိတ်ဝိညာဉ်ကို လမ်းညွှန်မှုအဖြစ် အသုံးပြုပြီး တိုက်ရိုက်ဆင်းသက်ရန် ကြိုးစားခဲ့သော်လည်း အပြင်မှ မှော်စာလုံးများက တားဆီးထားသည်။ သို့သော် လင်းယွမ်က အတင်းအကျပ် ဝင်ရောက်လိုလျှင် ဝင်ရောက်နိုင်ပေသည်။ ရလဒ်အနေဖြင့် စမ်းသပ်မှုနယ်မြေတစ်ခုလုံးက ပြိုလဲပျက်စီးသွားပေလိမ့်မည်။
" ဒီစမ်းသပ်မှုနယ်မြေက ဒီအဆင့်ထိ ရောက်နိုင်တာ မှော်စာလုံးတွေကြောင့်လား။ " လင်းယွမ်က မှော်စာလုံးများကို ကြည့်လိုက်သည်။ ၎င်းတို့ကို စုစည်းလိုက်သောအခါ ကြီးမားသော စွမ်းအားကို ထုတ်ဖော်နိုင်လေသည်။
" ဝူရှန်းအရှင်သခင် " လင်းယွမ်က ထိုထာဝရအရှင်သခင်ချန်ခဲ့သော အမွေအနှစ်ကို ပို၍ မျှော်လင့်လာမိသည်။
" ကောင်လေး ဒီစမ်းသပ်မှုနယ်မြေက ဆက်ရှိနိုင်မှာ မဟုတ်တော့ဘူးထင်တယ်။ " ရွှေရောင်ပုံရိပ်က လေးနက်စွာ ပြောလိုက်သည်။ " မင်းမှာစွမ်းအားရှိတုန်း မင်းရဲ့ ခန္ဓာကိုယ်ကို ချက်ချင်း ဖျက်ဆီးလိုက်ပါ။ "
ရွှေရောင်ပုံရိပ်က မူလနတ်ဆိုးများ ဤနေရာကို ရှာတွေ့နိုင်မည်ဟု မယုံကြည်သော်လည်း အဆိုးဆုံးရလဒ်များအတွက် ကြိုတင်ပြင်ဆင်ထားရပေလိမ့်မည်။ အကယ်၍ နတ်ဆိုးများ၏ သတ်ဖြတ်ခြင်းခံရလျှင် ကိုယ်ပွားတစ်ခုတည်း သတ်ခံရမည်မဟုတ်ဘဲ စိတ်စွမ်းအားပါ တိုက်စားခံရမည်ဖြစ်ပြီး မူလခန္ဓာကိုယ်ပါ ပျက်စီးသွားပေလိမ့်မည်။ ထို့ကြောင့် နတ်ဆိုးများကို မရင်ဆိုင်ဘဲ ကိုယ်ပွားတစ်ခုကို ဖျက်ဆီးလိုက်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်သည်။
" ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ရမှာလား။ " လင်းယွမ်က ရွှေရောင်ပုံရိပ်ကို ကြ့်လိုက်သည်။
" မစိုးရိမ်နဲ့။ ဒီစမ်းသပ်မှုနယ်မြေပျက်စီးသွားရင်တောင် တခြားစမ်းသပ်မှုနယ်မြေတွေ ရှိပါသေးတယ်။ မင်းနောက်ထပ်နယ်မြေတစ်ခုကို ရှာတွေ့ပါလိမ့်မယ်။ " ရွှေရောင်ပုံရိပ်က ပြောလိုက်သည်။
" စီနီယာ နားလည်မှုလွဲနေပြီ။ " လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။ သူ၏ မူလခန္ဓာကိုယ် ဆင်းသက်လာခြင်းက စမ်းသပ်မှုနယ်မြေ၏ စိတ်ဝိညာဉ်အား မူလနတ်ဆိုးများ တိုက်ခိုက်နေသည်ဟု ထင်မှတ်သွားစေခဲ့သည်။
" နားလည်မှုလွဲနေတာလား။ " ရွှေရောင်ပုံရိပ်က လင်းယွမ်ကို ကြည့်လိုက်သည်။
" ဒါက ကျွန်တော် မူလခန္ဓာကိုယ် ရောက်လာတာပဲ။ " လင်းယွမ်က ပြောလိုက်သည်။ " ကျွန်တော်ရဲ့ မူလခန္ဓာကိုယ်က အချိန်အကြာကြီးလာနေရမှာစိုးလို့ တိုက်ရိုက်ဆင်းသက်ဖို့ လုပ်နေတာပါ။ "
ထိုစကားကို ကြားသောအခါ ရွှေရောင်ပုံရိပ်က ချက်ချင်း ဆွံ့အသွားသည်။ စမ်းသပ်မှုနယ်မြေတစ်ခုလုံး တုန်ခါနေပြီး ပြိုလဲလုနီးပါး ဖြစ်စေတာက နတ်ဆိုးများမဟုတ်ဘဲ လင်းယွမ်ဖြစ်နေသည်။
" စီနီယာမယုံရင် ကျွန်တော်ရဲ့ မူလခန္ဓာကိုယ် အပြင်မှာရှိပါတယ်။ " လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။
" ခဏစောင့်ဦး။ " ရွှေရောင်ပုံရိပ်က သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။
လင်းယွမ်၏ စကားက မယုံကြည်နိုင်ဖြစ်နေသော်လည်း လင်းယွမ်၏ စကားအဆုံးတွင် အပြင်ဘက်မှ အတင်းအကျပ် ဝင်ရောက်နေမှုက လျင်မြန်စွာ ငြိမ်သက်သွားခဲ့သည်။ ထိုအချက်က လင်းယွမ်ပြောသည်မှာ အမှန်ဖြစ်နိုင်သည်ဟု ရွှေရောင်ပုံရိပ်က ခံစားရစေသည်။
ထိုခဏတွင် ရွှေရောင်ပုံရိပ်က ရပ်နေသည့်နေရာမှ ပျောက်ကွယ်သွားပြီး အပြင်ဘက် ချိုင့်ဝှမ်း၏ အထက်တွင် ပေါ်လာခဲ့သည်။ လူငယ်တစ်ယောက်က ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူငယ်၏ အသွင်အပြင်မှာ စမ်းသပ်မှုနယ်မြေမှ လင်းယွမ်နှင့် တစ်ထပ်တည်းတူသော်လည်း အော်ရာကမူ အလွန်ကွာခြားနေသည်။
" စီနီယာ..." လင်းယွမ်က ရွှေရောင်ပုံရိပ်ကို ပြုံး၍ နှုတ်ဆက်လိုက်သည်။
" မင်းလား။ " ရွှေရောင်ပုံရိပ်က အသက်ပြင်းပြင်းရှုလိုက်သည်။
လင်းယွမ်၏ မူလခန္ဓာကိုယ်ကို မြင်သောအခါ အပြင်ဘက်ရှိ လင်းယွမ်နှင့် အတွင်းရှိ လင်းယွမ်တို့မှာ ကြောင်းကျိုးဆက်နွယ်မှုတစ်ခုရှိနေကြောင်း သူသတိထားမိလိုက်သည်။
" ငါမင်းကို အထဲကို ခေါ်သွားပေးမယ်။ " ရွှေရောင်ပုံရိပ်က ခဏတိတ်ဆိတ်သွားပြီး ပြောလိုက်သည်။
" ကောင်းပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
အချိန်လေဟာနယ်လှိုင်းတစ်ခု ဖြတ်သန်းသွားပြီး လင်းယွမ်က စမ်းသပ်မှုနယ်မြေအတွင်းသို့ တိုက်ရိုက်ရွှေ့ပြောင်းခြင်းခံလိုက်ရသည်။ ထိုက်ယန်မူလစိတ်ဝိညာဉ်က စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မူလခန္ဓာကိုယ်အတွင်းသို့ ပေါင်းစည်းသွားသည်။