← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁)

စစ်မှန်သောနဂါးသွေးမျိုးဆက်

ကျိုးလင် ကုအန်အား ဓားသိုင်းသင်ပေးပြီးကတည်းက တွေ့သည့်အချိန်တိုင်း ကုအန်အား အကဲခတ်သည့်ပုံစံဖြင့် လိုက်ကြည့်နေလေရာ ကုအန်အတော်လေး စိတ်မသက်မသာဖြစ်နေခဲ့ရသည်။ ကံကောင်းစွာဖြင့် လီယ ရှိနေသောအခါမျိုးတွင်တော့ ကျိုးလင် မနှောင့်ယှက်ရဲခဲ့ပေ။

နေ့ရက်များ တစ်ရက်ပြီးတစ်ရက်ကုန်လွန်သွားကြပြီး ကျင့်ကြံသူများမှာတော့ ဆန်းကြယ်တောင်ကြား ကောင်းကင်ပေါ်မှ ဖြတ်ပျံနေကြဆဲပင်။

တစ်ယောက်ယောက်ပျံသန်းသွားတိုင်းလည်း ကုအန် သက်တမ်းစစ်ဆေးခြင်းလုပ်ဆောင်ချက်အား သုံး၍ စစ်ဆေးခဲ့သည်။ သူစစ်ဆေးရင်း စိတ်ဝိညဉ်အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် တွေ့ခဲ့ရသေး၏။ မည်သည့် ဂိုဏ်းမှစိတ်ဝိညဉ်အခြေတည်အဆင့် ကျင့်ကြံသူဖြစ်မှန်းတော့ မသိခဲ့ရပေ။

နွေဦးကုန်ဆုံးသွားကာ နွေရာသီရောက်ရှိလာခဲ့ပြီး ကုအန်၏အသက်လည်း ၂၈ ပြည့်သွားခဲ့သည်။

စိတ်ဝိညဉ်အခြေတည်အဆင့် ၉ သို့ရောက်ပြီးကတည်းက သူ့သက်တမ်းများပြုန်းတီးမသွားစေရန် ကုအန် ကျင့်ကြံခြင်းတွင် သက်တမ်းပေါင်းထည့်ခြင်းမျိုး မလုပ်တော့ဘဲ နောက်မှသာ တစ်ခါတည်းဖြင့် သက်တမ်းများများသုံးပြီး ချိုးဖျက်ပစ်မည်ဟု စဉ်းစားထားခဲ့သည်။

ပူအိုက်လှသော နွေရာသီနေ့ရက်များ ရောက်ရှိလာ‌လေပြီ။

တောအုပ်ထဲတွင် ကုအန်တစ်ယောက်‌ သစ်ပင်အောက်၌ လဲလျောင်း၍ စာအုပ်ဖတ်နေခဲ့ပြီး ဝူရှင်းမှာ ထန်ယု စုဟန်နှင့် ကျန်းချင်တို့ကို ပေါင်းရှင်းခိုင်းနေကာ ရှောင်ချွမ်နှင့် ရီလန်တို့မှာတော့ တောင်ကြားထဲတွင်သာ ကျင့်ကြံရန် နေခဲ့ကြ၏။

ထန်ယု ပေါင်းရှင်းရင်း သူ့နှဖူးပေါ်မှ ချွေးများကိုသုတ်လိုက်ပြီး ကုအန်ဖတ်နေသော အစိမ်းရောင်သူရဲကောင်း စာအုပ်အား စိတ်၀င်တစား တစ်ချက်ကြည့်လိုက်သည်။

ထိုစာအုပ်သည် မည်သို့သော စာအုပ်ဖြစ်သနည်း။

သူတို့တောင်ကြား၏ အကြီးမားဆုံးလျှို့ဝှက်ချက်မှာ အစိမ်းရောင်သူရဲကောင်း ခရီးသွားမှတ်တမ်းထဲတွင် မည်သို့သော အကြောင်းအရာမျိုး ပါသနည်း ဟူသော လျှို့ဝှက်ချက်ပင် ဖြစ်၏။

တပည့်သုံးယောက်လုံးသည် ထိုစာအုပ်အား ဖတ်ချင်နေပါသော်လည်း ထိုစာအုပ်အတွဲလိုက်တစ်ခုလုံးသည် သူတို့ဆရာကုအန်၏ သိမ်းဆည်းခြင်းကို ခံထားကြရပြီး စာကြည့်တိုက်ထဲတွင် တစ်အုပ်တစ်လေပင် ရှာမတွေ့ခဲ့ပေ။

ထိုစဉ် ရုတ်တရက် ခြုံ‌ပုတ်ထဲမှ အဖြူရောင်စိတ်ဝိညဉ်ကြွက်ကြီးတစ်ကောင် ပြေးထွက်လာပြီး ကုအန် ရင်ခွင်ထဲသို့ ခုန်၀င်သွားခဲ့၏။ ထိုကြွက်ကြီးမှာ ကုအန်၏ စိတ်ဝိညဉ်ကြွက်ဖြူလေးသာ ဖြစ်ပေသည်။

ကုအန် ကြွက်ဖြူလေးပါးစပ်ထဲမှ တစ်ခုခုကိုသတိထားမိလိုက်စဉ်တွင် ကြွက်ဖြူလေးသည် သူ့ပါးစပ်ထဲမှ ကြက်ဥအရွယ်ဥတစ်လုံးအား ထွေးထုတ်လိုက်၏။ ထိုဥခွံပေါ်တွင်လည်း အဖြူရောင်နှင့် အညိုရောင်အစင်းကြားများ ရှိနေကြသည်။

ကုအန် ထိုဥထဲမှ စိတ်ဝိညဉ်စွမ်းအား အတက်အကျကိုလည်း ခံစားမိနေခဲ့၏။

ဒါက မိစ္ဆာသားရဲဥများလား။

ကုအန် ဈေးနှုန်းအမျိုးမျိုးရှိသော မိစ္ဆာသားရဲဥများကို အပြင်စည်းမြို့ထဲတွင် တွေ့ဖူးခဲ့သည်။ ဈေးအကြီးဆုံးဥများမှာ နက္ခဗေဒနှင့်ဆိုင်သော မိစ္ဆာသားရဲဥများဖြစ်ကြပြီး ဈေးနှုန်းအားတွေ့သောအခါ ကုအန်ဦးခေါင်းများပင် စပ်ဖျဉ်းဖျဉ်းဖြစ်သွားခဲ့ရ၏။

ဝူရှင်းနှင့် အခြားသူများ သတိမထားမိခင် ကုအန် သားရဲဥအား သိုလှောင်အိတ်ထဲ ပစ်ထည့်လိုက်သည်။

ကြွက်ဖြူလေးမှာ သူလုပ်ခဲ့သည့်လုပ်ရပ်အား ဂုဏ်ယူ၀င့်ကြွားနေဟန်ဖြင့် သူ့ခေါင်းလေးအား မော့ထားလေရာ ကုအန်သဘောကျသွားပြီး ပွေ့ဖက်လိုက်ကာ အရမ်းတော်ကြောင်း ချီးကျူးပေးလိုက်၏။

ပေါင်းရှင်းပြီးသောအခါ ဝူရှင်းတို့ မျိုးစေ့ကြဲခဲ့ကြသည်။ အားလုံးပြီးသွားသောအခါတွင်မူ သူတို့အားလုံး ဆန်းကြယ်တောင်ကြားသို့ အတူတူပြန်ခဲ့ကြ၏။

လမ်းတွင် ထန်ယု ကုအန်ဘေးတွင်ကပ်လျှောက်နေရင်း လေဟုန်ကြွင်းခြေထောက်သိုင်းမှ သူနားမလည်သော နေရာများအား မေးမြန်းနေခဲ့သည်။ သူသည်ဓားကိုမကြိုက်သောသူဖြစ်လေရာ ကုအန်တပည့်သုံးယောက်ထဲ၌ လေဟုန်ကြွင်းခြေထောက်သိုင်းကို ကြိုးကြိုးစားစား ကျင့်ကြံသော တစ်ဦးတည်းသောသူ ဖြစ်၏။

ကုအန် ကြွက်ဖြူလေးအား ရင်ခွင်ထဲတွင်တင်းတင်းကြပ်ကြပ်ဖက်ထားရင်း ထန်ယုအား စိတ်ရှည်ရှည် ရှင်းပြပေးနေခဲ့သည်။

သူတို့တောင်ကြားသို့ရောက်သောအခါ မနက်ကတည်းက အပြင်စည်းဂိုဏ်းသို့ ထွက်သွားသော လီယ ပြန်ရောက်နေခဲ့ပြီး သူနှင့်အတူကျိုးလင်တော့ ပြန်ပါမလာခဲ့တော့လေရာ ကုအန် စိတ်သက်သာရာ ရသွားခဲ့သည်။

လီယ ကုအန်ဆီရောက်လာပြီး ပြောလိုက်၏။ “အပြင်စည်းဂိုဏ်းညီလာခံက ပြီးသွားပြီ အခုကဂိုဏ်းတွေကြား အရောင်းအ၀ယ်လုပ်ကြတဲ့ အချိန်ပဲ ဒီကာလအတောအတွင်းက ဂိုဏ်းပတ်၀န်းကျင်မှာ ကင်းလှည့်နေကြမယ့် တပည့်တွေရှိနေကြလိမ့်မယ် အဲ့ဒီတော့ ငါလည်းအပြင်စည်းဂိုဏ်းကို ပြန်သင့်ပြီ”

လီယစကားကို‌ကြားသောအခါ ကုအန် တွန့်ဆုတ်နေဟန်ဖြင့် ပြန်ပြောလိုက်သည်။ “ဒါဆိုရင်တော့ ကျွန်တော် အစ်ကို့ကိုဆွဲမထားတော့ပါဘူး အစ်ကိုက အမတလမ်းစဉ်ကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ထားတော့ ကျွန်တော်ဆွဲထားလို့ ဘယ်ဖြစ်ပါ့မလဲ တကယ်လို့ ဒီနေရာကိုသတိရတယ်ဆိုရင်တော့ အချိန်မရွေးပြန်လာလို့ရပါတယ် ကျွန်တော်အသက်ရှင်နေသမျှ ကာလပတ်လုံး အစ်ကို့ကို ဒီနေရာက စောင့်နေပါ့မယ်”

လီယ ခေါင်းညိတ်ပြလိုက်ပြီး ကုအန်အား အိမ်ထဲသို့ ဆွဲခေါ်သွားကာ တံခါးသေချာပိတ်လိုက်ပြီး သိုလှောင်အိတ်ထဲမှ အဖြူရောင် ကျောက်စိမ်းပုလင်းသုံးလုံးထုတ်၍ စားပွဲပေါ် တင်လိုက်၏။ “ဒီဆေးပုလင်းသုံးလုံးက အခြေခံတည်ဆောက်ခြင်းဆေးပြား ထိပ်တန်းအဆင့်စိတ်ဝိညဉ်ဆေးရည်နဲ့ ဝိညဉ်သန့်ဆေးပြား ပုလင်းတွေပဲ ဒါတွေကိုသေချာဂရုစိုက်သိမ်းထား လွယ်လွယ်ထုတ်မပြနဲ့ အထူးသဖြင့် အခြေခံတည်ဆောက်ခြင်းဆေးပြားပဲ ဆေးပြားတစ်ပြားကို မင်းအတွက်ချန်ထား ပြီးတော့ မင်းတပည့်တွေကိုလည်း အရမ်းမယုံနဲ့ ဆေးတစ်လုံးအတွက် ဆရာကိုပြန်သတ်ကြတဲ့အဖြစ်တွေက အများကြီးရှ်ိတယ် လူတွေရဲ့ နှလုံးသားက ပြောင်းလဲနိုင်တယ်”

ကုအန် ကြက်သေသေနေပြီး လက်ကာပြလိုက်သည်။ “ကျွန်တော် ဒါတွေကို လက်မခံနိုင်ဘူး ကျွန်တော် တောင်ကြားသခင် နှစ်တစ်ရာလောက်လုပ်တောင် ဒီဟာတွေအတွက် တန်ကြေးကိုပြန်ပေးနိုင်မှာမဟုတ်ဘူး…”

“ဘာကို ပြန်ပေးမှာလဲ မင်းကငါ့ဂျူနီယာညီလေးပဲကို နောက်ပြီး ငါမင်းကိုနောက်ထပ်လည်း ထပ်လာနှောင့်ယှက်ဦးမှာ မင်းသာလက်မခံရင် ငါနောက်တစ်ခါမလာတော့ဘူးနော်” လီယ ခပ်တည်တည်ပြောလိုက်၏။

ထိုစကားကိုကြားသောအခါ ကုအန် တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ပင် လက်ခံလိုက်ရသည်။ သူ့ရင်ထဲတွင်လည်း အတော်လေးထိသွားခဲ့၏။

တန်ဖိုးကြီးဆေးများထက် လီယသူ့အပေါ်ထားသော ဂရုစိုက်မှုအား သူတွေ့လိုက်ရ၍ ဖြစ်ပေသည်။

လီယ ဆက်ပြောလိုက်သည်။ “မနေ့ညက ဒီကနေ မိုင်တစ်ရာလောက်အဝေးမှာ မိစ္ဆာကျင့်ကြံသူတွေအချင်းချင်း တိုက်ပွဲဖြစ်ခဲ့တယ် ဒဏ်ရာရသူတွေလည်း များတယ် အကုန်လုံးက ဂိုဏ်းပေါင်းစုံက ပါရမီရှင်တွေချည်းပဲ သူတို့ရဲ့သေဆုံးမှုက သူတို့ဂိုဏ်းအတွက်တော့ အစော်ကားခံရမှုပဲ အဲ့တာကြောင့် ဒီရက်တွေထဲ မင်းတောင်ကြားထဲက မထွက်တာအကောင်းဆုံးပဲ”

ကုအန် ခေါင်းညိတ်ပြလိုက်ပြီး တစ်ခုခုပြောရန်ပြင်လိုက်ချိန်တွင် လီယ လှည့်ထွက်သွားခဲ့၏။

သူသည် တံခါးမကြီးမှထွက်သွားခြင်းမဟုတ်ဘဲ ပြတင်းပေါက်မှ ခုန်ထွက်သွားခဲ့ခြင်း ဖြစ်ပေသည်။ ထို့နောက် သူ့ဓားပျံကိုစီးကာ ကောင်းကင်ပေါ်ပျံတက်သွားပြီး တောင်ထိပ်များနောက်တွင် ပျောက်ကွယ်သွားခဲ့၏။

ကုအန် စားပွဲပေါ်ရှိ ဆေးပုလင်းသုံးလုံးကို ကြည့်ပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေမိခဲ့သည်။

ထို့နောက်တွင်တော့ သက်ပြင်းတစ်ချက်ချလိုက်ကာ အင်္ကျီလက်အိုးကိုဝေ့ယမ်း၍ ဆေးပုလင်းများအား သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်၏။

….

ညဉ့်သန်းခေါင်အချိန်တွင် ကုအန် သဘာ၀ဂူ ၈ လုံးထဲသို့ ၀င်၍ နွယ်စိမ်းပင်ဆီ သွားခဲ့သည်။

သူရောက်သွားသောအခါ ဆေးမီးဖိုရှေ့တွင် တရားထိုင်နေသော ကျန်းချောင်ကို တွေ့လိုက်ရ၏။ သူမ၏ အရှိန်အဝါမှာ တဖြည်းဖြည်းပိုသန်မာလာပြီး ဗဟိုအူတိုင်ဖွဲ့စည်းခြင်း အဆင့် ၉ နှင့် သိပ်မဝေးတော့ပေ။ ကုအန် သူမအတွက် ပျော်ရွှင်မိသွားသည်။

သူမထွက်သွားပေတော့မည်!

“ချစ်ရတဲ့ တပည့်လေး ငါနင့်ကိုမမြင်ရတာတောင် ကြာပြီပဲ မင်းကဒီဆရာဘွားဘွားကို မေ့သွားပြီတောင် ထင်နေတာ” ကျန်းချောင်အသံ ထွက်ပေါ်လာခဲ့၏။

ကုအန် ကျန်းချောင်ဆီသွားလိုက်ပြီး ဂါရ၀ပြုလိုက်ကာ ပြောလိုက်သည်။ “ဆရာဘွားဘွား ကျွန်တော့်ကိုခေါ်ရင် ရှေ့က ချစ်ရတဲ့ ဆိုတဲ့ဟာ မထည့်လို့မရဘူးလား ဒီတပည့်က အဲ့ဒီစကားကို တကယ်မခံယူနိုင်လို့ပါ”

မိစ္ဆာကျင့်ကြံသူများသည် မိစ္ဆာကျင့်ကြံသူများသာ ဖြစ်ကြပေသည်။ သူတို့စကားများအား ဘယ်တော့မှ လေးလေးနက်နက်မပြောကြပေ။

ကျန်းချောင် နှုတ်ခမ်းသပ်လိုက်ပြီး ပြုံးလိုက်သော်လည်း ထိုအကြောင်းဆက်မပြောခဲ့ပေ။

ကုအန် သိုလှောင်အိတ်ထဲမှ မိစ္ဆာသားရဲဥကိုထုတ်လိုက်ပြီး ကျန်းချောင်အား ထုတ်ပြလိုက်၏။ “ဆရာဘွားဘွား ဒါက ဘယ်လိုမိစ္ဆာသားရဲဥမျိုးလဲ”

ထိုအခါ ကျန်းချောင် မျက်လုံးပွင့်သွားခဲ့သည်။ ကုအန် လက်ထဲရှိ ဥအား စိတ်မ၀င်စားဟန်ဖြင့် ဖြတ်ကနဲ တစ်ချက်ကြည့်လိုက်၏။ သို့သော် သူအကြည့်လွှဲတော့မည့် အချိန်တွင် တစ်ခုခုသည် သူ့ကိုဆွဲဆောင်သွားခဲ့ပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။

ပြန်လှည့်လိုက်ပြီး ကုအန် လက်ထဲရှိ ဥအား ဆွဲယူလိုက်၏။

ထို့နောက် ဥကိုသေချာအနီးကပ်ကြည့်ရှုနေပြီး သူ့အကြည့်များသည် ဥထဲရှ်ိတစ်ခုခုကို ဖောက်မြင်ရအောင် ကြိုးစားနေသလိုပင်။

ထိုသည်ကိုမြင်လိုက်သောအခါ ကုအန် စိတ်ထဲတင်းကြပ်သွားခဲ့ရသည်။

ထိုသတ္တဝါလေးသည် တကယ်ပဲ သာမန်မဟုတ်တဲ့ သတ္တဝါ‌တစ်ကောင်ကောင် ဖြစ်နေသည‌်လော။

မနေ့ညက မိစ္ဆာကျင့်ကြံသူများအချင်းချင်း တိုက်ပွဲဖြစ်ခဲ့သည်ဟု လီယပြောတာကို ပြန်စဉ်းစားမိလိုက်ပြီး ကြွက်ဖြူလေးသည် ထိုဥကို တိုက်ပွဲအပြီး တိုက်ပွဲမြေပြင်မှ ရလာခြင်းလောဟု ကုအန် သံသယ၀င်မိသွား၏။ ဤနေရာတွင် နှစ်ပေါင်းများစွာနေလာခဲ့သော်လည်း ကုအန် မိစ္ဆာသားရဲဥ မပြောနှင့် မိစ္ဆာသားရဲတစ်ကောင်တစ်လေပင် ဤနေရာတွင် မတွေ့ခဲ့ရဖူးပေ။

“ဒါကတကယ်ကြီး ရှေးဟောင်းကောင်းကင်ဂိုဏ်းရဲ့ မြင့်မြတ်သားရဲပဲ” ကျန်းချောင် တစ်ယောက်တည်း ညည်းတွားပြောဆိုလိုက်သည်။

မြင့်မြတ်သားရဲလား။

ကုအန်မျက်လုံးများ ပြူးကျယ်သွားခဲ့၏။ ချက်ချင်းပင် သူ့ဆီဒုက္ခများသယ်လာသော ကြွက်ဖြူလေးကို ကုအန် လည်ပင်းညှစ်သတ်ချင်သွားခဲ့သည်။

ကျန်းချောင် သားရဲဥ ကိုကုအန်ဆီပြန်ပေးရင်း ပြောလိုက်၏။ “ဒါက စစ်မှန်တဲ့နဂါးသွေးမျိုးဆက်ရှိပြီး လူသားကမ္ဘာမှာ အတော်လေးရှားတဲ့ ကောင်းကင်နဂါးတစ်ကောင်ပဲ သူက အဆင့်၉ မိစ္ဆာသားရဲဖြစ်တဲ့အထိ ကြီးထွားလာနိုင်ပြီးတော့ တောင်တန်းတွေ ပင်လယ်တွေကို မှောက်လှန်ပစ်နိုင်တဲ့အထိ စွမ်းအားကြီးတယ် ရှေးဟောင်းကောင်းကင်ဂိုဏ်းရဲ့ မြင့်မြတ်သားရဲဖြစ်တာနဲ့အညီ ဒီနဂါးက သူ့တစ်ဘ၀လုံးမှာ သခင်တစ်ယောက်ကိုပဲ သခင်အဖြစ်သတ်မှတ်လိမ့်မယ် သူ့သခင်အပေါ် ရိုကျိုးပြီး ငြင်သာသလောက် အခြားသူတွေအပေါ်တော့ ရက်စက်ကြမ်းကြုတ်လိမ့်မယ် သူ့သခင်ကိုသာထိရင် ခြွင်းချက်မရှိ သတ်ပစ်မယ်ဆိုတဲ့ ကောင်မျိုးပဲ”

နဂါးအကြောင်းကြားလိုက်ရသောအခါ ကုအန်အမြန်ပြောလိုက်၏။ “ဒီလိုစွမ်းအားမျိုးနဲ့ဆိုရင်တော့ ဒီနဂါးကို အမတကျင့်ကြံခြင်းကမ္ဘာထဲ လှည့်လည်သွားလာတဲ့အခါ အကူအညီလိုအပ်မယ့် ဆရာဘွားဘွားဆီပေးလိုက်တာ ပိုကောင်းမှာပါ”

“တကယ်လား” အပြုံးဟုတောင် မဆိုနိုင်သော အပြုံးတစ်ခုကို ပြုံးလိုက်ရင်း ကျန်းချောင်မေးလိုက်သည်။

ကုအန် ရိုးရိုးသားသား ခေါင်းညိတ်ပြလိုက်၏။

ထိုသည်ကိုမြင်သောအခါ ကျန်းချောင်အမူအရာပျော့ပြောင်းသွားပြီး ရင်ထဲထိသွားရသည်။

ထိုကောင်လေးနှင့် စတွေ့ကတည်းက ထိုကောင်လေးသည် သူ့အပေါ် ရိုသေလေးစားကာ ထောက်ထားညှာတာခဲ့ပြီး သူ့အမိန့်များကိုလည်း တသွေမတိမ်းလိုက်နာခဲ့၏။ ယခုအခါလည်း ဟန်ဆောင်မှုကင်းမဲ့စွာ ပြောနေမှန်း ထင်ရှားနေပြန်သည်။

ကျန်းချောင်အခုလို နှစ်၇၀လုံးသေချင်ယောင်ဆောင်ခဲ့ရပြီး အခုလိုအခြေအနေမျိုးရောက်ခဲ့ရခြင်းမှာ နောက်ကျောဓားနှင့် အထိုးခံခဲ့ရခြင်းကြောင့် ဖြစ်၏။ ဤနှစ်များအတွင်း သူလူအတော်များများကို မုန်းမိနေခဲ့သည်။ ကုအန်ကိုလည်း စတွေ့ခါစက သူအတော်သတိထားနေခဲ့ပြီး ထို့ကြောင့် သူ့အစွမ်းများပြန်ရသောအခါ အရင်ဆုံးစမ်းသပ်ခဲ့ခြင်းဖြစ်၏။

ကျန်းချောင် ကောင်းကင်နဂါးဥကို ကုအန်လက်ထဲသို့ အတင်းပြန်ထည့်ပေးလိုက်သည်။ သူ့လက်များနှင့် ထိမိသောအခါ ကုအန် အေးစက်စက်ခံစားချက်တစ်ခုကိုပင် ခံစားလိုက်ရ၏။

“ထပ်ငြင်းမနေနဲ့တော့ နွယ်စိမ်းပင်ကိုကာကွယ်ဖို့ စွမ်းအားကြီးတဲ့ တည်ရှိမှုတစ်ခုခုလိုအပ်တယ် နင်ကောင်းကင်နဂါးကိုဒီမှာမွေးထားလိုက်ရင် ဒီနေရာရဲ့လုံခြုံရေးကို စိတ်ပူစရာမလိုတော့ဘူး” ကျန်းချောင် လေးလေးနက်နက်ပြောလိုက်သည်။

သူ့စကားမှာ အဓိပ္ပာယ်ရှိသည်ဟု ကုအန်လည်း ခံစားလိုက်ရ၏။

ဤနည်းလမ်းဖြင့် ဂူထဲရှိ သူ့ဆေးပင်များကို ကာကွယ်နိုင်ပေလိမ့်မည်။

ကုအန် သက်ပြင်းချကာ ပြောလိုက်သည်။ “ဒါဆိုရင်လည်း ကောင်းပါပြီ”

ထို့နောက် ကျန်းချောင် ကုအန်အား ကောင်းကင်နဂါး၏ဒဏ္ဍာရီများနှင့် အလေ့အထများကို ရှင်းပြခဲ့၏။

နဂါးအကြောင်းကြားရလေလေ ကုအန် ပိုစိတ်လှုပ်ရှားလာရလေလေဖြစ်ခဲ့ပြီး နောက်ဆုံးတွင်တော့ ကောင်းကင်နဂါးဥအား ကျန်းချောင် မွေးမြူပေးရန် နွယ်စိမ်းပင်အောက်တွင်ထားခဲ့ပြီး ပြန်လာခဲ့လိုက်တော့သည်။

……

နောက်လသို့ရောက်သောအခါ ဆေးတောင်ကြားပေါ်မှ ဖြတ်ပျံသွားသော ကျင့်ကြံသူအရေအတွက်သည် တဖြည်းဖြည်းလျော့နည်းလာခဲ့ပြီး နောက်ဆုံးသုံးရက်တွင်တော့ တစ်ယောက်မှ မလာကြတော့ပေ။ ထိုမှသာ ကုအန် တောင်ကြားအပြင်သို့ ထွက်ခဲ့၏။

သူ့သက်တမ်းအား ထောက်ပံ့ပေးနေသော အချိန်ပိုင်းအလုပ်များရှ်ိနေသေးရာ ကုအန် အလွတ်ခံ၍ မဖြစ်ပေ။

တိုက်ခိုက်ခြင်း သတ်ဖြတ်ခြင်းများနှင့် ယှဉ်ပါက အေးအေးဆေးဆေးနှင့် ဖြည်းဖြည်းချင်း သက်တမ်းစုရသည်ကိုသာ ကုအန် ပိုနှစ်သက်ပေသည်။

နေ့လည်ဘက်အချိန်တွင် ကုအန် ချန်းလီ၏ဂူသို့ အရင်ဆုံးသွားခဲ့သည်။ ချန်းလီ ဂူထဲတွင် မရှိလေရာ ကုအန် သူ့ဂူထဲရှိဆေးပင်များကို မိနစ် ၃၀ ခန့် စီမံပေးခဲ့ပြီး ပြန်လာခဲ့လိုက်၏။

နောက်ဂူတစ်လုံးမှာ လီရွှမ်ယု ၏ဂူ ဖြစ်ပေသည်။

……..

လီရွှမ်ယုမှာလည်း ဂူထဲတွင် မရှိလေရာ ကုအန်သူ့အလုပ်များကို လုပ်ရင်း စတင်အလုပ်ရှူပ်နေတော့၏။

ထိုက်ကန်မင်းဆက်ဧ။် မင်းသမီးတစ်ယောက်ဖြစ်သောကြောင့် လီရွှမ်ယု၏ဂူထဲတွင် ကုအန်မျှော်လင့်ထားသလို အဆင့်ငါးဆေးပင် မျိုးစေ့များပင် ရှိနေခဲ့သည်။

အဆင့်ငါး ဆေးပင်များသည် ရင့်မှည့်စေရန် အနည်းဆုံး ငါးနှစ်မှ ဆယ်နှစ်အထိပင် လိုအပ်လေ့ရှိ၏။ ကံကောင်းစွာဖြင့် ကုအန်တွင်လည်း ထိုအပင်များရင့်မှည့်ချိန်ထိ စောင့်ရန် အချိန်ရှိနေခဲ့သည်။

ကုအန် အလုပ်များလက်စသတ်နေချိန်တွင် မျှော်လင့်မထားဘဲ လီရွှမ်ယု ပြန်ရောက်လာခဲ့၏။

“နှုတ်ဆက်ပါတယ် စီနီယာအစ်မလီ” ကုအန် အမြန် လက်သီးဆုပ်ပြီးနှုတ်ဆက်လိုက်သည်။

အဖြူရောင်၀တ်စုံအား ၀တ်ဆင်ထားသော လီရွှမ်ယုသည် အရင်လိုပင် အေးစက်ပြီး မြင့်မြတ်နေဆဲပင်။ သို့သော် ကုအန်သူ့အရှိန်အဝါ မတည်မငြိမ်ဖြစ်နေသည်ကို ခံစားမိခဲ့၏။

သူမ ဒဏ်ရာရနေပြန်လေပြီ။

တိုက်ခိုက်ရတာ တကယ်ကြိုက်တဲ့ကောင်မလေးပဲ!

လီရွှမ်ယု ငြင်ငြင်သာသာပင် ပြောလိုက်သည်။ “နင်နဲ့လီယက ဆရာတူညီကိုတွေဆိုတော့ ငါ့ကိုလည်း စီနီယာလို့ခေါ်စရာမလိုပါဘူး ဂိုဏ်းတူအစ်မလို့ ခေါ်ရင်ရပါပြီ”

ထိုအခါ ကုအန်လည်း ရွေးစရာမရှိတော့ဘဲ ဂိုဏ်းတူအစ်မဟူ၍သာ ခေါ်လိုက်ရသည်။

လီရွှမ်ယု ဂူထဲကိုတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။

“နင်ကောင်းကောင်းလုပ်ထားတာပဲ နင့်ကိုဒီလိုအချိန်ပိုင်းအလုပ်နဲ့ ပတ်သက်ပြီး အခြားအလုပ်ရှင်တွေနဲ့ မိတ်ဆက်ပေးစရာလိုလား ငါ့မျက်နှာကိုထောက်ပြီး သူတို့ကနင့်ကို မမျှမတဆက်ဆံမှာတော့ မဟုတ်ဘူး”

“ကျွန်‌ေတာ် လိုပါတယ် ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်မလီ”

ကုအန် အမြန်ပြန်ပြောလိုက်သည်။ စိတ်ဝိညဉ်အခြေတည်အဆင့်မှ ဖောက်ထွက်ရန် သက်တမ်းတစ်သိန်းပြည့်အောင် စုဆောင်းဖို့ လိုနေချိန်ဖြစ်သောကြောင့် ကုအန် ထိုအခွင့်အရေးမျိုးကို မငြင်းနိုင်ပေ။

လီရွှမ်ယု ခေါင်းညိတ်ပြလိုက်၏။ “တစ်လအတွင်း ပြန်လာခဲ့”

ထို့နောက် ကုအန် လက်သီးဆုပ်အရိုအသေပြုလိုက်ပြီး ပြန်လာခဲ့လိုက်သည်။

သူထွက်သွားသောအခါ လီရွှမ်ယု ကုတင်ပေါ်တက်ပြီး သူ့ဒဏ်ရာများကို ကုသရန် ကျင့်ကြံလိုက်၏။ ထိုအခါ သူ့နှုတ်ခမ်းများ ချက်ချင်းဖြူဖျော့သွားပြီး သွေးတစ်လုတ် အန်ထုတ်ခဲ့ရသည်။

ဂူအပြင်ဘက်တွင် ကုအန် လီရွှမ်ယုဒဏ်ရာများပိုဆိုးလာပြီး အရှိန်အဝါပိုအားနည်းလာသည်ကို ခံစားလိုက်မိသော်လည်း သူ့ခြေလှမ်းများကို မရပ်တန့်ခဲ့ပေ။

သူ့တွင် ဒဏ်ရာကုသနိုင်သည့် အစွမ်းမျိုးမရှိပေ။ ထို့အပြင် လီရွှမ်ယုနှင့်လည်း သူအများကြီး မပတ်သက်လိုပေ။

….

အပြင်စည်းဂိုဏ်းညီလာခံ ပြီးဆုံးသွားသည့်နောက်တွင် ဆန်းကြယ်တောင်ကြားရှိ အခြေအနေများမှာ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

ကုအန် လီရွှမ်ယုနှင့် ပြန်တွေ့သောအခါ သူမဒဏ်ရာများသည် အတော်ကြီး သက်သာနေလေပြီ။ သူမသည် ကုအန်အား အပြင်စည်းဂိုဏ်းသား ငါးယောက်နှင့် ထပ်မိတ်ဆက်ပေးခဲ့၏။ ဤသို့ဖြင့် ကုအန် အပြင်စည်းဂိုဏ်းသား ၇ ယောက်၏ ဂူများကို စီမံပေးရလေတော့သည်။

ဂူတစ်လုံးချင်းစီသည် တစ်လုံးနှင့်တစ်လုံးကွဲပြားသောကြောင့် ကုအန် တောင်ကြားမှ သုံး လေးရက် တစ်ခါ ထွက်ရ၏။ ချီကျင့်ကြံခြင်းအဆင့်ငါးသည် ထိုဂူများမှ ဆေးတောင်ကြားသို့ တစ်ရက်တည်းနှင့်အသွားအပြန်လုပ်ဖို့ မလွယ်ကူလေရာ ကုအန်သူ့ကျင့်ကြံခြင်းကို ဓားပျံစီး၍ရနိုင်သော ချီကျင့်ကြံခြင်း အဆင့် ၆ သို့ မြှင့်ထားလိုက်သည်။

သူ ကောင်းကင်စံအိမ်ဓားကိုတော့ ထုတ်မပြခဲ့ပေ။ ထိုအစား အပြင်စည်းဂိုဏ်းထဲတွင် အလွယ်တကူ၀ယ်၍ ရနိုင်သော သာမန်ဓားတစ်ချောင်းကိုသာ အသုံးပြုခဲ့၏။

နွေရာသီကုန်ဆုံးကာ ဆောင်းဦးရောက်ရှိလာခဲ့ပြီး ဆန်းကြယ်တောင်ကြားသည် ရွက်ကြွေများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

ဆောင်းဦးရာသီ ပြီးဆုံးသွားသောအခါတွင်မူ နှင်းများကျလာခဲ့ပြီး ဆန်းကြယ်တောင်ကြားသည် နှင်းပြင်ကျယ်ကြီး ဖြစ်သွားခဲ့၏။

တစ်နေ့တွင် ကုအန် သူ့အခန်းထဲ၌ အာရုံစိုက်၍ စာရေးနေခဲ့လေသည်။

အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း စာအုပ်အား ဖတ်ပြီးသောအခါ ကုအန်လည်း သူ့ကိုယ်ပိုင်စာအုပ်တစ်အုပ် ရေးချင်လာခဲ့၏။ တိုက်ဆိုင်စွာဖြင့် သူနောက်ဆုံးတစ်ခေါက် အပြင်စည်းဂိုဏ်းသို့ရောက်ခဲ့စဉ်က စာရေးခြင်းဖြင့် စိတ်ဝိညဉ်ကျောက်တုံးများရှာနိုင်ကြောင်းလည်း ကြားခဲ့ရသည်။ သို့သော် စာပေစီစစ်ရေးမှာတော့ အလွန်တင်းကြပ်လှ၏။

ဤသို့ဖြင့် ကမ္ဘာမြေမှ ကူးပြောင်းလာသူတစ်ယောက်အနေနှင့် အဓိပတိဂိုဏ်းကို နည်းနည်းလောက်တော့ အံ့ဩသင့်သွားအောင် လုပ်ပစ်မည်ဟု ကုအန် ဆုံးဖြတ်လိုက်သည်။

စိတ်ဝိညဉ်ကျောက်တုံးများ များများရမှသာ သူလိုအပ်သော မျိုးစေ့များအား ၀ယ်နိုင်ပေလိမ့်မည်။

စာရေးခြင်းတွင် ဈန်၀င်နေစဉ် ကုအန် တစ်စုံတစ်ခုအား အာရုံခံမိပြီး မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။

မိုးကုတ်စက်ဝိုင်းမှ မိုးကြိုးတိမ်တိုက်များ လိမ့်တက်လာသောကြောင့် အပြင်ဘက်ရှိကောင်းကင်သည် မှောင်မည်းလာခဲ့သည်။ ကြောက်စရာကောင်းသော အင်အားထုကြီးတစ်ရပ်မှာ ကောင်းကင် မြေပြင် နှင့် တောအုပ်များကို ဖိနှိပ်ထားခဲ့၏။

အပိုင်း(၃၂)

နှင်းညလယ်က ဓားသမားနှစ်ယောက်၊ စိတ်ဝိညဉ်အခြေတည်အဆင့် vs စိတ်ဝိညဉ်အခြေတည်အဆင့်

“ဒါက…..မိုးကြိုးကပ်ဘေးလား”

ကုအန် ပြတင်းပေါက်အပြင်ဘက်ရှိ မိုးကြိုးတိမ်တိုက်များကို ကြည့်ကာ စိတ်၀င်စားသွားဟန်ဖြင့် မျက်ခုံးများ တွန့်ချိုးသွားခဲ့သည်။

ထိုမိုးကြိုးကပ်ဘေးသည် ဆန်းကြယ်တောင်ကြားနှင့် အလွန်ဝေးသည်ကို ခံစားနေရသောကြောင့် သူစိတ်တော့မပူခဲ့ပေ။

ထန်ယု စုဟန် နှင့် ကျန်းချင်တို့ ဥယျာဉ်ထဲတွင် နှင်းများအားရှင်းလင်းနေစဉ် ခေါင်းလှည့်ကြည့်လိုက်မိကြပြီး ရီလန်လည်း ကျင့်ကြံနေရင်း မျက်လုံးဖွင့်ကြည့်လိုက်မိသည်။ ရှောင်ချွမ်တစ်ယောက်လည်း သူ့အခန်းထဲမှထွက်၍ ကောင်းကင်ပေါ်မှ မိုးကြိုးတိမ်တိုက်များဆီသို့ အကြည့်ရောက်သွားခဲ့၏။

ဝူရှင်းမှာမူ တောင်ထိပ်ပေါ်ရှိ နှင်းထုထဲတွင် တရားထိုင်နေရင်း မိုးကြိုးတိမ်တိုက်များဆီသို့ စိုက်ကြည့်နေခဲ့သည်။

“ဒီလိုအားကောင်းတဲ့ ဓားဆန္ဒမျိုးက….”

ဝူရှင်းတစ်ယောက်တည်း ရေရွတ်လိုက်မိ၏။ သူ့ကျင့်ကြံခြင်းသည် နိမ့်ကျသော်လည်း ရွက်ဝါတစ်ထောင်ဝောာင်ကြားမှလူဖြစ်လေရာ လောကကြီးရှိ ကိစ္စအတော်များများအား မြင်ဖူးသူ ဖြစ်ပေသည်။

ကောင်းကင်တစ်ပြင်လုံးတွင် မိုးကြိုးတိမ်တိုက်များသည် ပင်လယ်ပြင်မှ အဆက်မပြတ် ထိုးတက်လာသော လှိုင်းလုံးများကဲ့သို့ လိမ့်တက်လာကြ၏။ တောအုပ်တစ်ခွင်လုံးလည်း မှောင်မည်းသွားခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကြားရှိ လေထုပိုမိုအားကောင်းလာသောကြောင့် တောအုပ်သည် ယိမ်းခါနေခဲ့ကာ တောအုပ်ထဲရှိ နှင်းထုကြီးမှာလည်း လှုပ်ယမ်းနေခဲ့သည်။

ကောင်းကင်စွမ်းအား၏နှောင့်ယှက်မှုကြောင့် ကုအန် စာရေးရာတွင် အာရုံစိုက်၍ မရတော့သောကြောင့် အိမ်ပြင်ထွက်ကာ သူ့တပည့်များအား ခေါ်၍ ဆေးဉယျာဉ်များကို သေချာဂရုစိုက်ထားရန် မှာကြားလိုက်၏။

တစ်နာရီခန့်ကြာသောအခါ ကျင့်ကြံသူများစွာသည် ဆေးတောင်ကြားပေါ်မှ ဖြတ်၍ မိုးကြိုးကပ်ဘေးရှိသော နေရာသို့ အပြေးအလွှားပျံသန်းသွားကြပြီး သူတို့ဧ။်ပံုရိပ်မှာ ဆေးတောင်ကြားအလွန် နှင်းထုထဲတွင် ပျောက်ဆုံးသွားကြသည်။

ထိုမြင်ကွင်းအားတွေ့သောအခါ ဘာဖြစ်နေမှန်းသေချာမသိရသောကြောင့် ဆေးတောင်ကြားမှ တပည့်များ ပိုမိုကြောက်လန့်ကုန်ကြ၏။

ညနေခင်းသို့ ရောက်သောအချိန်မှပင် မိုးကြိုးတစ်စင်းသည် ကောင်းကင်နှင့်မြေကြီးကိုဖြတ်၍ ကျဆင်းလာခဲ့သည်။

ကုအန် တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေရင်း ကောင်းကင်တစ်ခွင်လုံး တစ်ဖျတ်ဖျတ်လက်နေကာ မြေပြင်ပေါ်ရှိ နေရာတစ်ခုသို့ ပစ်ချလိုက်သော ကြောက်စရာမိုးကြိုးကြီးကို ကြည့်နေမိသည်။ လက်ကနဲပစ်ချလုိက်‌ေသာ မိုးကြိုးအရောင်သည် သူ့မျက်နှာပေါ်တွင် ထင်ဟပ်သွားပြီး လေပြင်းများကြောင့် သူ့၀တ်ရုံနက်မှာလည်း ယမ်းခါနေခဲ့၏။

“ကျင့်ကြံခြင်းဆင့်ကဲပြောင်းလဲခြင်းတုန်းက ငါအကြိမ်ပေါင်းများစွာ ကျရှုံးခဲ့တာ အံ့ဩစရာတော့မဟုတ်ဘူးပဲ ဒီမိုးကြိုးကပ်ဘေးက တကယ်ပဲကြောက်စရာကောင်းလွန်းတယ်”

ကုအန် ကြိတ်၍ သက်ပြင်းချလိုက်မိသည်။

စနစ်မှ ကျင့်ကြံခြင်းဆင့်ကဲပြောင်းလဲခြင်းသည် သာမန်ကျင့်ကြံခြင်းထက် သက်တမ်းပိုသုံးရသော်လည်း ပို၍ အန္တရာယ်ကင်း၏။ သူ၏ အောင်မြင်မှုကို ပြန်ကြည့်ရလျှင်လည်း အဓိပတိဂိုဏ်း၌ အသက်၂၈ နှစ်အရွယ် စိတ်ဝိညဉ်အခြေတည်အဆင့်ကျင့်ကြံသူ ကုအန်မှလွဲ မည်သူရှိမည်နည်း။

ထို့နောက်တွင်တော့ ကုအန် တောင်ပေါ်မှပြန်ဆင်းလာလိုက်ပြီး စာပြန်ရေးဖို့သာ ကြိုးစားခဲ့တော့သည်။

ထိုညတွင် မိုးကြိုးသံများ ဆူညံနေခဲ့လေရာ ဆေးတောင်ကြားရှိ လူတိုင်းအေးအေးချမ်းချမ်းမကျင့်ကြံနိုင်ခဲ့ကြပေ။

နောက်တစ်နေ့နေ့လည်ခင်းအချိန်ထိပင် မိုးကြိုးများ တဝုန်းဝုန်းပစ်နေဆဲဖြစ်ပြီး ကောင်းကင်နှင့်မြေပြင်ကြားရှိလေထုမှာတော့ ပိုမိုကြမ်းတမ်းလာခဲ့ကာ နှင်းမုန်တိုင်း ကျတော့မလိုပင် ဖြစ်နေခဲ့သည်။ ထို့ကြောင့် ကုအန် သူ့တပည့်များအား ရံဖန်ရံခါ ဆေးပင်များကို သွားစစ်ဆေးခိုင်းနေရ၏။

သုံးရက်နှင့်တစ်ည ကြာပြီးသွားမှသာ မိုးကြိုးများသည် ရပ်တန့်သွားခဲ့သည်။ ကောင်းကင်ပေါ်ရှိမိုးကြိုးတိမ်တိုက်များ လွင့်ပါးသွားခဲ့ပြီး နေပြန်ထွက်လာသောအခါမှသာ ဆေးတောင်ကြားရှိ တပည့်များ သက်ပြင်းချနိုင်ခဲ့၏။

သို့သော် သူတို့ပျော်ရွှင်မှုသည် နေ့တစ်၀က်ပင် မခံလိုက်ပေ။ နေ့တစ်၀က်ခန့်ကြာသောအခါ ထက်ရှပြီး လွှမ်းမိုးမှုရှိသော ဖိအားတစ်ခုသည် ကောင်းကင်နှင့်မြေကြီးကို ဖိနှိပ်ထားခဲ့ပြီး သူတို့ရင်ဘတ်ပေါ် တစ်ခုခုနှင့်ဖိခံထားရသလို ဖြစ်သွားလေရာ ကြောက်လန့်ကုန်ကြရပြန်သည်။

အိမ်ထဲ၌

ကုအန် လက်ထဲမှ စုတ်တံကိုချလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ မျက်မှောင်ကြုံ့၍ ကြည့်လိုက်၏။

အားကောင်းသော ဓားဆန္ဒတစ်ခုသည် မိုးကုတ်စက်ဝိုင်းဆီမှလာနေသည်ကို ကုအန်ခံစားလိုက်ရသော်လည်း ဘယ်လောက်အကွာအဝေးမှ လာသောဓားဆန္ဒဖြစ်သည်ကိုတော့ သူခန့်မှန်း၍ မရခဲ့ပေ။

“သူဘာလုပ်နေတာလဲ”

ကုအန် ပဟေဠိဖြစ်သွားခဲ့သည်။ မိုးကြိုးကပ်ဘေးအား ဖြတ်ကျော်ခဲ့သောသူသည် မိုးကြိုးကပ်ဘေးပြီးသည့်နောက် သူ့ဓားတာအိုအားနောက်တစ်ဆင့်မြှင့်နိုင်ခဲ့ခြင်းလော။

သူကဒီလောက်တောင် ကြမ်းရလားဟ!

ကုအန်လုပ်နေနိုင်သည့်တစ်ခုတည်းသောအရာမှာ တစ်ဖက်လူသည် သူတို့ဆေးတောင်ကြားလေးအား မနှောင့်ယှက်ဖို့ ဆုတောင်းနေရန်သာ။

တစ်ဖက်လူ၏ ဓားဆန္ဒသည် အားကောင်းသော်လည်း တခဏကြာတိတ်တဆိတ်နှိုင်းယှဉ်ခဲ့ပြီးနောက် ထိုလူ၏ဓားဆန္ဒသည် သူ၏ ထိုက်ကန်နတ်မှင်သက်ဓားသိုင်းလောက် မနက်နဲသေးမှန်း ကုအန် သိသွားခဲ့သည်။

နောက်ဆုံးတွင်တော့ ထိုက်ကန်နတ်မှင်သက်ဓားသိုင်းသည် သူ၏ နှစ်၂၀၀၀စာ သက်တမ်းများကိုရင်းနှီးထားရသော အရာမဟုတ်ပါလား။

ဤလူသားလောက၌ နှစ်၂၀၀၀ကြာ အသက်ရှင်နိုင်သည့်ပုဂ္ဂိုလ် ဘယ်နှစ်ယောက်များ ရှိနေနိုင်ပါသနည်း။

….

ညဉ့်အချိန် သဘာ၀ဂူ ၈ လုံးထဲ၌

ကုအန် နွယ်စိမ်းပင်အောက်တွင်ထိုင်နေသော ကျန်းချောင်ဆီသွား၍ လက်သီးဆုပ် ဂါရ၀ပြုလိုက်၏။

“ကျိုးယိကျင်း တွေ့မသွားအောင် ဒီကိုအချိန်ခဏလောက်တော့ မလာနဲ့ဦး” ကျန်းချောင် မျက်လုံးပင်မဖွင့်ဘဲ ပြောလိုက်သည်။

ကျိုးယိကျင်းလား။

ကုအန် ထိုပုဂ္ဂိုလ်အား မှတ်မိသွားခဲ့၏။ သူသည် ကျိုးလင်၏ အဖေဖြစ်ပေသည်။ သူတို့နှစ်ယောက် ဆန်းကြယ်တောင်ကြားမှ ဖြတ်သွားစဉ်က ကုအန်ပင် သူတို့အပေါ် သက်တမ်းစစ်ဆေးခြင်းသုံး၍ ကြည့်လိုက်မိသေး၏။

ထိုစဉ်က ကျိုးယိကျင်း၏ကျင့်ကြံခြင်းသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၉ သာ ရှိသေးသည်။

မိုးကြိုးကပ်ဘေးအား ဖြတ်ကျော်ပြီးမှသာ စိတ်ဝိညဉ်အခြေတည်အဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်ပေလိမ့်မည်။

ကုအန် စိတ်ထဲထိုသို့အမြန်တွေးလိုက်မိသော်လည်း စိတ်ရှုပ်သွားဟန်ဖြင့်သာ ပြန်မေးလိုက်၏။ “ကျိုးယိကျင်းက ဘယ်သူလဲ”

“အရင်နေ့တွေတုန်းက မိုးကြိုးကပ်ဘေးဖြတ်ကျော်နေတဲ့လူပဲ မင်းဆရာပြောပုံအရတော့ သူ့ရဲ့ဘွဲ့နာမည်က ခန်းဟူရေကန်က ဓားရူး တဲ့”

ခန်းဟူရေကန်က ဓားရူးတဲ့လား!

ကုအန် စိတ်၀င်တစားထပ်မေးလိုက်သည်။ “ဆရာဘွားဘွား ဆရာဘွားဘွားအရင်ကသူ့ကို သိလား”

“အင်း သိတာပေါ့ တစ်ချိန်တုန်းက သူ့ကိုယ်သူအရမ်းအထင်ကြီးနေတုန်းကပေါ့ သူကငါ့ကို သူ့တာအိုလက်‌တွဲဖော်ဖြစ်စေချင်တဲ့တယ် နောက်ပြီးတော့ ငါ့ဆီကအကြိမ်ပေါင်းများစွာ အရှက်ခွဲခံခဲ့ရပြီးတော့ အတွင်းစည်းဂိုဏ်းထဲမှာ ဟားစရာ လူတစ်ယောက်ဖြစ်သွားခဲ့တယ် အဲ့ဒီကတည်းက သူ့ဘ၀တစ်ခုလုံးကို ဓားပညာထဲမှာ မြှုပ်နှံခဲ့ပြီး ဇာတ်မြှုပ်‌ေနလုိက်တာ ငါဒဏ်ရာရပြီး သေဟန်ဆောင်ခဲ့ရတဲ့အချိန်အထိပဲ အဲ့ကတည်းကငါသူ့ကို မမြင်ရတော့ဘူး” ကျန်းချောင် ပြောလိုက်သည်။

ထို့နောက် မျက်လုံးဖွင့်လိုက်ပြီး ကုအန်အား စနောက်လိုသော အပြုံးဖြင့်ပြုံးနေရင်း ကြည့်လိုက်ကာ ပြောလိုက်၏။ “ချစ်ရတဲ့တပည့်လေး နင်လည်းအနာဂတ်မှာခံစားချက်နောက်မလိုက်ရဘူးနော် ခံစားချက်နောက်လိုက်တာက နောက်ဆုံးမှာ နာကျင်ခြင်းတွေကိုပဲ ရစေလိမ့်မယ်”

ကုအန် ပြန်ပြောလိုက်သည်။ “သင်ကြားပေးလို့ ကျေးဇူးတင်ပါတယ် ဆရာဘွားဘွား ဒီတပည့်ကဆရာဘွားဘွားစကားတွေကို နှလုံးသားထဲမှာ မှတ်သားထားပါ့မယ်”

ထို့နောက် ကျန်းချောင် ကုအန်အား ထိုင်ခိုင်းလိုက်ပြီး အနန္တအဆိပ်ဆန်းကြယ်ကျင့်စဥ်ထဲမှ အဆိပ်သိုင်းများအကြောင်းကို သင်ကြားပေးခဲ့သည်။

အနန္တအဆိပ်ဆန်းကြယ်ကျင့်စဉ်ထဲတွင် စွမ်းအင်စုပ်ယူခြင်း နည်းစနစ်အပြင် အဆိပ်သိုင်းများလည်း အများအပြားပါ၀င်သောကြောင့် ထိုကျင့်စဉ်အား လေ့လာရန် အချိန်အများအပြားလိုအပ်၏။

ဤသို့ဖြင့် သဘာ၀ဂူ၈လုံးထဲတွင် ၂နာရီခန့် နေပြီးသောအခါမှသာ ကုအန်ဂူထဲမှ ပြန်လာခဲ့သည်။

……

သုံးရက်ကြာပြီးနောက် အာရုံတက်အချိန်တွင်

ကုအန်တပည့်များနှင့် အတူအကြောလျှော့လေ့ကျင့်ခန်း လုပ်နေခဲ့၏။ နှင်းထုကြီးအလယ်တွင် အရိုးကွဲမတတ်အေးသော လေများတိုက်ခတ်နေသော်လည်း ကုအန်တို့မှာတော့ ပေါ့ပေါ့ပါးပါးအ၀တ်များသာ ၀တ်ဆင်ထားခဲ့ကြသည်။

ဝှစ်!

လေထုဖြိုခွဲသံ တစ်သံထွက်ပေါ်လာသောကြောင့် လူတိုင်း အသံထွက်ပေါ်လာရာအရပ်ကို အလိုလိုလှည့်ကြည့်လိုက်မိကြ၏။ ထိုအခါ ဓားချီတစ်ခုသည် အရှေ့ဘက်တောင်ထိပ်တစ်ခုပေါ်ရှိ တောင်စောင်းတွင်ရှိသော သစ်ပင်ကြီးနှစ်ပင်ကို ခုတ်လှဲသွားပြီး မြေပေါ်တွင် လျှောစောက်ရာကြီးတစ်ခုပင် ဖြစ်သွားစေခဲ့ပြီး သစ်ပင်တန်းကြီးနှင့် တွေ့မှသာ အရှိန်သေကာ ရပ်တန့်သွားသည်ကို တွေ့လိုက်ကြရသည်။

ဧရာမဓားကြီးနှင့် ခုတ်ထားသလို အကွဲကြောင်းရာကြီးဖြစ်သွားသော တောင်စောင်းမှာ ကုအန်တို့အား အံ့ဩသင့်သွားစေခဲ့၏။

ထိုစဉ် စုဟန်ပြောလိုက်သည်။ “ဒါပထမအကြိမ်မဟုတ်တော့ဘူး ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် တစ်ချိန်ချိန်မှာ ဒီဓားချီတွေက ငါတို့ကိုဒုက္ခပေးလာနိုင်တယ်”

အခြားသူများလည်း စိတ်ရှုပ်သွားကြပြီး လေ့ကျင့်ခန်းပင် ကောင်းကောင်းမလုပ်နိုင် ဖြစ်သွားခဲ့ကြ၏။

ဝူရှင်း သက်ပြင်းချပြီး ပြောလိုက်သည်။ “ဓားကျင့်ကြံသူတွေရဲ့ ဓားတာအိုညဏ်အလင်းပွင့်မှုက ရက်အနည်းငယ်အတွင်းလည်း ပြီးဆုံးသွားနိုင်သလို ဆယ်စုနှစ်များစွာကြာမှ ပြီးဆုံးတာမျိုးလည်းရှ်ိတယ် ဒီပုဂ္ဂိုလ်ရဲ့ ညဏ်အလင်းပွင့်မှုက ဘယ်လောက်ကြာမှာလဲ ဘယ်သူသိမှာလဲ”

ကုအန် မျက်နှာပေါ်တွင် အမြဲလိုလိုမြင်တွေ့နေကြအရာမှာ အပြုံးတစ်ခုသာဖြစ်သော်လည်း ယခုအခါတွင်တော့ သူ့မျက်နှာပေါ်တွင် ထိုအပြုံးပျောက်ဆုံးနေခဲ့သည်။

အကြောင်းအရင်းမှာ သူ့ဥယျာဉ်ထဲရှိဆေးပင်များကို စိတ်ပူနေခြင်းကြောင့် ဖြစ်၏။

မနေ့က ကုအန် အပြင်စည်းမြို့သို့သွား၍ ဆေးခန်းမသို့သွားကာ ဤကိစ္စအကြောင်း သတင်းပို့ခဲ့ပါသော်လည်း ဆေးခန်းမ၏တုံ့ပြန်မှုမှာ ကုအန်တို့ ဤကာလအတွင်း အပြင်စည်းဂိုဏ်းမြို့သို့ ခဏလာနေရန်သာ ဖြစ်ပြီး ယခုနှစ်အတွက် ဆေးပင်ရိတ်သိမ်းမှုကို မေ့ပစ်လိုက်ဖို့သာ ပြောနေခဲ့သည်။ ဆန်းကြယ်တောင်ကြားမှ ဆေးပင်များဆုံးရှုံးမှုကိုလည်း လျော်ပေးဖို့ အစီအစဉ်ရှိပုံမရပေ။

ဆန်းကြယ်တောင်ကြားထဲရှိ ဆေးပင်များမှာ ကုအန်၏ အဖိုးတန်ရတနာလေးများ ဖြစ်နေလေရာ သူအဘယ်ကြောင့် ထိုရတနာလေးများအား အဆုံးရှုံးခံနိုင်မည်နည်း။

မဖြစ်သေးပေ။

ဤကိစ္စအား ဖြေရှင်းရမည့်နည်းလမ်းကို သူရှာရပေတော့မည်။

ကုအန် မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ပြတ်သားသော အလင်းတစ်ချက် လက်သွားခဲ့သည်။ သူ့အား စော်ကားလာမှုမှန်သမျှကို သူသည်းခံနိုင်သော်လည်း သူ့ဆေးပင်လေးများကို ထိပါးလာလျှင်တော့ သည်းခံမည်မဟုတ်ပေ။ ဆေးပင်လေးများအတွက် ကုအန် တိုက်ခိုက်ဖို့ပင် ဆန္ဒရှ်ိ၏။

“ကောင်းပြီ အမြန်လေ့ကျင့်ခန်းလုပ်ကြတော့ ပြီးရင် ကိုယ့်ဟာကိုယ်အခန်းထဲပြန်ပြီး ကျင့်ကြံနေကြ ဒီဓားကျင့်ကြံသူရဲ့ ညဏ်အလင်းပွင့်တာက နောက်နှစ်ရက်နေလို့မှ မပြီးသေးရင် ငါတို့အပြင်စည်းဂိုဏ်းမြို့မှာ ခဏသွားခိုလှုံကြမယ်”

ကုအန် ညွှန်ကြားလိုက်သည်။

ထိုစကားအား ကြားသောအခါ တပည့်များ ပျော်ရွှင်သွားကြပြီး ဆေးတောင်ကြားတွင် ထပ်နေနေရဦးမှာကိုတောင် စိတ်ပူသွားကြကာ အပြင်စည်းမြို့သို့သာ အမြန်သွားချင်နေကြတော့သည်။

ဆောင်းရာသီ၏ တိုတောင်းသော နေ့အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။

ညအချိန်သည် တဖြည်းဖြည်းရောက်ရှိလာခဲ့သည်။

တောင်ထိပ်တစ်ခုပေါ်တွင် ကျိုးယိကျင်းတရားထိုင်နေခဲ့ပြီး သူ့ရှေ့တွင်မူ မတ်မတ်ထောင်နေသော ဓားငါးချောင်း ရှိနေခဲ့သည်။ ထိုဓားများ၏ ပုံသဏ္ဍာန်မှာ တစ်ချောင်းနှင့်တစ်ချောင်း ကွဲပြားကြပြီး ဓားသွားပုံများပင် မတူညီနေခဲ့ပေ။

ညအချိန်ကျရောက်လာသောကြောင့် ကောင်းကင်တစ်ခွင်လုံးတွင် နှင်းမှုန်များဖြင့် ပြည့်နှက်နေခဲ့သည်။ ထိုနှင်းများ ကျိုးယိကျင်းကိုယ်ပေါ်သို့ ကျလာလျှင် နှင်းမှုန် နှင်းလွှာများမှာ အဖြူရောင်နှင်းရည်များအဖြစ် ပြောင်းလဲသွားကြသောကြောင့် သူ့အသွင်အပြင်မှာ ပို၍ပင် ကြောက်စရာကောင်းနေခဲ့၏။

ကျိုးယိကျင်းနှင့် ကိုက်၁၀၀ခန့်ဝေးသော ကမ်းပါးထိပ်တစ်ခုတွင်မူ ကျိုးလင် တရားထိုင်နေခဲ့သည်။ သူ့ကိုယ်အား အလံသုံးလက်က၀န်းရံထားခဲ့ပြီး သူ့ဆီလွင့်လာသော ဓားချီများကို ထိုအလံများက ကာကွယ်ပေးနေခဲ့၏။

ဓားချီများက ကျိုးလင်အား မထိခိုက်စေသော်လည်း ဓားချီများထိမှန်လာလျှင် သူ့၀င်္ကပါလှုပ်ခါသွားသောကြောင့် ကျိုးလင် တရားထိုင်နေရာမှ နိုးလာခဲ့သည်။

ထို့နောက် မျက်မှောင်အားတင်းတင်းကြပ်ကြပ်ကြုံ့ထားပြီး လိုအင်ဆန္ဒများပြည့်နေသော မျက်လုံးများနှင့် ကျိုးလင် သူ့ဖခင်ကို ကြည့်နေလေ၏။

နဂါးတစ်ကောင်သည် နဂါးကိုသာမွေးပြီး ဖီးနစ်ငှက်သည်လည်း ဖီးနစ်ငှက်ကိုသာ မွေးပေသည်။ ထိုသို့ဆိုလျှင် သူသည်အဘယ်ကြောင့် သူ့ဖခင်၏ဓားတာအို အမွေအနှစ်ကို မရရှ်ိခဲ့သနည်း။

သူ့အဖေ၏ သန်မာလှသော ဓားဆန္ဒများကို ခံစားမိပြီး ကျိုးလင် ပို၍ပင် သန်မာလာချင်စိတ် ပြင်းပြလာရသည်။

သူ့တွင် အရည်အသွေးမြင့်စိတ်ဝိညဉ်အမြစ်ရှိကာ သူ့ကျင့်ကြံခြင်းက ရွယ်တူများနှင့်ယှဉ်လျှင် အလွန်လျင်မြန်လှသော်လည်း သူ၏တစ်ခုတည်းသော ဆုတောင်းမှာ သူ့ဖခင်လို သန်မာသော ဓားသမားတစ်ယောက်ဖြစ်လာဖို့သာ ဖြစ်၏။

အကယ်၍ သူသာဓားပညာတွင် ညဏ်အလင်းပွင့်ဖို့ထိုမျှမကြိုးစားနေပါက သူ့ကျင့်ကြံခြင်းသည်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ၂ လောက်နှင့် ရပ်တန့်နေမည် မဟုတ်ပေ။

“ဟူးးး!”

ကျိုးလင်သက်ပြင်းချလိုက်ကာ ဓားတာအိုကိုဆက်လက်လေ့လာရန် ပြင်လိုက်ပြီး ဓားတာအိုတွင် နာမည်တစ်လုံးမထားခဲ့နိုင်သော သူ့အဖြစ်အား မကျေမနပ်ဖြစ်နေခဲ့သည်။

သူဆက်လက်ကျင့်ကြံဖို့ ပြင်လိုက်ချိန်တွင် သူ့အဖေထလာသည်အား ရုတ်တရက်မြင်လိုက်ရ၏။

အဖေညဏ်အလင်းပွင့်တာ ပြီးသွားပြီလား!

ကျိုးယိကျင်း မတ်တပ်ရပ်ကာ ကျိုးလင်ရှိနေသော တောင်ထိပ်ဘက်သို့ ကြည့်နေခဲ့သည်။ သို့သော် သူ့အကြည့်မှာ အနည်းငယ်ပိုမြင့်ပြီး ကျိုးလင်နောက်ဘက်ရှိ ပိုမြင့်သောတောင်ထိပ်ကိုကြည့်နေခဲ့ခြင်း ဖြစ်၏။ ညအမှောင်ကြောင့် မှောင်မည်းနေသော တောင်ထိပ်ပေါ်တွင် သက်ရှိအရိပ်အယောင်တစ်စွန်းတစ်စမှ မတွေ့ရသော်လည်း ကျိုးယိလင် ထိုလူဆီမှထွက်ပေါ်နေသော ဓားဆန္ဒကို ခံစားမိနေဆဲသာ။

သူ့ရှေ့ရှိ ဓားငါးလက်မှာလည်း ကြောက်စရာရန်သူအား ရင်ဆိုင်နေရသကဲ့သို့ တုန်ခါလာကြလေသည်။

တောင်ထိပ်ပေါ်တွင် ရပ်နေသော ကျိုးလင်မှာမူ ဘာမှမသိဘဲ အော်ပြောလိုက်၏။

“အဖေ ညဏ်အလင်းပွင့်တာ ပြီးသွားပြီလား”

ကျိုးယိလင်း ကျိုးလင်ကို ပြန်ဖြေမည့်အစား သူနောက်ကို ကြည့်၍ အော်ပြောလိုက်သည်။

“ဘယ်က တာအိုမိတ်ဆွေရောက်လာတာလဲ ကျွန်တော်မသိပါဘူး တာအိုမိတ်ဆွေကဘာလို့ လူလုံးထွက်မပြရတာလဲ”

ဆယ်မိုင်အဝေးတွင်

ကုအန် ၀တ်စုံအဖြူကို၀တ်ဆင်ကာ မျက်နှာပေါ်တွင် သစ်သားမျက်နှာဖုံးကို တပ်ဆင်ထားပြီး တောင်ထိပ်ပေါ်တွင် ရပ်နေခဲ့သည်။ နတ်အာရုံဖြင့် စစ်ဆေးခြင်းမှကာကွယ်နိုင်ရန် မျက်နှာဖုံးအောက်တွင်လည်း စိတ်ဝိညဉ်စွမ်းအင်သုံး၍ သူ့မျက်နှာကို ထပ်ဖုံးထားခဲ့သေးသည်။

သူ၏အဖြူရောင်၀တ်စုံမှာ တဖွဲဖွဲကျဆင်းနေသော နှင်းမှုန်များနှင့်ပင် ရောနှောနေခဲ့ပြီး အဖြူရောင်နှင်းလွှာကို ခြုံထားသလိုပင် ဖြစ်နေခဲ့၏။

သူ၏ညာလက်ထဲတွင်မူ ဓားချီတစ်မျှင်ပါသော သစ်ရွက်တစ်ရွက်အား ကိုင်ထားခဲ့သည်။

ထိုတောင်ထိပ်အမြင့်ပေါ်မှ သူကျိုးလင်ကိုရော ကျိုးယိလင်ကိုပါ ကောင်းကောင်းမြင်နေခဲ့ရ၏။

သူ့ဓားဆန္ဒအားမထုတ်လွှတ်ခင်တွင် ကုအန် ပတ်ပတ်လည် မိုင်တစ်ရာ၀န်းကျင်ကို အရင်စစ်ဆေးခဲ့ပြီး မည်သည့်စွမ်းအားကြီးကျင့်ကြံသူမှ မရှိတာသေချာမှသာ ဓားဆန္ဒထုတ်၍ လူလုံးပြခဲ့ပြီး တောင်ထိပ်ပေါ်တက်လာခဲ့ခြင်း ဖြစ်ပေသည်။

ကုအန် မလိုအပ်ဘဲသတ်ဖြတ်ရခြင်းမျိုးကို မကြိုက်သော်လည်း ကျိုးယိလင်သည် သူ့ဆေးပင်များအား ခြိမ်းခြောက်လာပြီဖြစ်သောကြောင့် ထိုလူကြီးအား သူမောင်းထုတ်ရပေတော့မည်။

“ညဏ်အလင်းပွင့်တဲ့ နေရာမှားရွေးမိတဲ့ မင်းကိုယ်မင်းသာ အပြစ်တင်လိုက်ပါတော့” ကုအန် တစ်ယောက်တည်း ခပ်တိုးတိုးရေရွတ်လိုက်၏။ ထိုသို့ပြောနေရင်းလည်း သူစိတ်ဝိညဉ်စွမ်းအားများအား သစ်ရွက်ထဲသို့ လွှဲပြောင်းပေးနေခဲ့သည်။

တစ်ဖက်တွင် ကျိုးလင်မှာလည်း သူ့အဖေစကားအား ကြားလိုက်သောအခါ နောက်သို့ချက်ချင်းပြန်လှည့်ကြည့်လိုက်၏။ သို့သော် သူ၏ အခြေခံတည်ဆောက်ခြင်းအဆင့်သာရှိသော ကျင့်ကြံခြင်းကြောင့် ဆယ်မိုင်အဝေးရှိလူကို မမြင်နိုင်ခဲ့ပေ။ ပိုဆိုးသည်မှာ ညဉ့်အမှောင်ထုထဲတွင် နှင်းမြူများလည်း ဖုံးလွှမ်းနေရာ သူဘာမှမမြင်နိုင် ဖြစ်နေခဲ့သည်။

ရောက်ရှ်ိလာသူကို မမြင်ရသောကြောင့် ကျိုးလင်စိတ်ထဲ တင်းကြပ်သွားခဲ့ရ၏။

တစ်ဖက်လူ၏ ဓားဆန္ဒမြင့်တက်လာသည်ကို ခံစားမိသောကြောင့် ကျိုးယိလင်ဤတိုက်ပွဲအား မရှောင်လွှဲနိုင်တော့သည်ကို သိသွားခဲ့သည်။

“မိစ္ဆာလမ်းစဉ်က သူလျှိုများလား ဒါမှမဟုတ် ဖြစ်နိုင်တာက သူတို့တစ်ယောက်ယောက်ပို့လိုက်တာလား” ကျိုးယိလင် မျက်လုံးထဲတွင် အလင်းတစ်ချက်လက်သွားခဲ့၏။ ကျိုးယိလင်သူ့ရှေ့ရှ်ိဓားများထဲမှ သေးသွယ်ပြီး နီလာရောင်တောက်နေသော ဓားအား ဆုပ်ကိုင်‌လိုက်လေသည်။ သူဓားအားဆုပ်ကိုင်လိုက်သည်နှင့် ဓားမှမီးတောက်များ ထွက်ပေါ်လာလေရာ မှောင်မည်းနေသောညဉ့်အခါတွင် ထင်ထင်ရှားရှား တောက်ပနေခဲ့၏။

ထို့နောက် သူ့ဓားအားဆွဲထုတ်လိုက်ပြီး တစ်ချက်ခုတ်ပိုင်းလိုက်ရာ ညကောင်းကင်တွင် မီးတောက်လှိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

“အေးစက်နေတဲ့ကောင်းကင်အောက်မှာ မီးတောက်ဝါးမြိုဓားသိုင်းကို သုံးတာ…..ကြည့်ရတာ ဒီရက်ထဲ ညဏ်အလင်းပွင့်မှုက အဖေ့ဓားတာအိုကို ထပ်ပြီးတိုးတက်သွားစေခဲ့ပြီပဲ” ကျိုးလင် ခေါင်းလှည့်၍ သူ့အဖေလက်ထဲရှိ မီးတောက်ဓားကိုကြည့်နေရင်း သူ့မျက်နှာ‌ေပါ်တွင် အားကျမှုများ ပြည့်လျှံလာခဲ့၏။

တစ်ဖက်လူသည် မည်သူဖြစ်ပါစေ သူ့အဖေသည် ရှုံးနိမ့်နိုင်သောသူ မဟုတ်ပေ!

“တာအိုမိတ်ဆွေက စကားပြောဖို့ ငြင်းဆန်ခဲ့တယ်ဆိုတော့ ကျွန်တော့်ညဏ်အလင်းပွင့်မှုကို နှောင့်ယှက်ဖို့ရောက်လာတာလို့ပဲ မှတ်ယူရတော့မယ် အေးစက်တဲ့ နှင်းထုအလယ်မှာ ဘယ်သူ့ဓားဆန္ဒက ပိုသန်မာသလဲ စမ်းကြတာပေါ့” ကျိုးယိကျင်း၏ အေးစက်စက်အသံသည် ကောင်းကင်နှင့်မြေပြင်ကြားတွင် ထွက်ပေါ်လာပြီးနောက် သူ့ကိုယ်ထဲမှလည်း ဓားဆန္ဒများ ပေါက်ကွဲထွက်လာခဲ့လေသည်။

ထို့နောက် သူရပ်နေသော တောင်တစ်ခုလုံး တုန်ခါလာခဲ့ပြီး ခပ်လှမ်းလှမ်းရှိ ကျိုးလင်ရပ်နေသော တောင်မှာပင် ယမ်းခါလာခဲ့ရသည်။

ဆယ်မိုင်အဝေးတွင်

“စကားများလိုက်တာ”

ကုအန် တစ်ယောက်တည်းကြားနိုင်သောအသံဖြင့် ခပ်တိုးတိုးပြောလိုက်၏။ ပြောပြီးသည့်နှင့် သူ့လက်ထဲရှ်ိ သစ်ရွက်ကို ပစ်လွှတ်လိုက်လေတော့သည်။

သူပစ်လွတ်လိုက်၍ ပျံသန်းသွားသောအရာမှာ သစ်ရွက်တစ်ရွက်သာမဟုတ်ဘဲ အချိန်နှင့်အာကာသကို ဖောက်ထွင်းသွားသော နတ်ဓားတစ်လက် ဖြစ်၏။

All Chapters