← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အပိုင်း (

၃၇)

ဧကရာဇ်၏ ခန့်အပ်မှု

အမြင့်ဆုံးနေနိုင်တဲ့ သက်တမ်း ၃၀၀၀!

ထိုကဲ့သို့ အရည်အသွေးနှင့်လူမျိုးကို ပထမဆုံးတွေ့ဖူးခြင်း ဖြစ်သည့်အတွက် ကုအန် အံ့ဩမိသွားသည်။

ထို့အပြင်သူသည် နတ်အသွင်ပြောင်းခြင်းအဆင့် ၈ လည်း ဖြစ်နေသေး၏။

သို့သော် သူ့လက်ရှိသက်တမ်းမှာတော့ အတော်လေးလျော့နည်းနေပြီး နတ်အသွင်ပြောင်းခြင်းအဆင့်တစ်ယောက် ရှိရမည့် သက်တမ်းမျိုး ဟုတ်မနေချေ။ နတ်အသွင်ပြောင်းခြင်းအဆင့် ၈ တစ်ယောက်သည် သက်တမ်း ၈၉၉ နှစ်တည်း နေရမည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။

သူသည် ဒဏ်ရာရပြီး သူ့သက်တမ်းအား ဆုံးရှုံးထားရသည်ဟု ကုအန် ထင်မိသည်။

ထိုသို့တွေးနေရင်း ကုအန် တောင်ကြားအ၀င်၀ဆီသို့ သွားလိုက်၏။ တစ်ဖက်လူသည် အဓိပတိဂိုဏ်းမှ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သော်လည်း အလွန်ရိုရိုသေသေဆက်ဆံနေ၍ မရပေ။ တစ်ဖက်လူသည် သူ့အရှိန်အဝါကို ဖိနှိပ်ထားသော‌ေကြာင့် ထိုသို့သွားဆက်ဆံလိုက်လျှင် သံသယဖြစ်စရာများ ဖြစ်သွားပေလိမ့်မည်။

အကယ်၍သူသာ တစ်ဖက်လူ၏ ကျင့်ကြံခြင်းအား ဖောက်မြင်နေရသည်ကို သိသွားပါက သူ့အားသံသယ၀င်သွားမည်မှာ သေချာပြီး အခန့်မသင့်လျှင် မိစ္ဆာလမ်းစဉ်မှ သူလျှိုဟုပင် ထင်မှတ်သွားနိုင်ပေသည်။

လီရွှမ်တောက် တောင်ကြားဆီလာနေရင်း လမ်းတစ်လျှောက်ရှိ ဆေးဥယျာဉ်များကို ကြည့်ရှုနေခဲ့၏။

ထိုစဉ် ကုအန် သူ့ရှေ့ရောက်သွားပြီး လက်သီးဆုပ်ကာ မေးလိုက်သည်။ “ကျွန်တော်က ဆန်းကြယ်တောင်ကြားသခင် ကုအန်ပါ ဒီကတာအိုမိတ်ဆွေရဲ့ နာမည်ရဲ့ လာရင်းရည်ရွယ်ချက်ကို သိပါရစေ”

လီရွှမ်တောက်၏အကြည့် ကုအန်ဆီရောက်သွားသောအခါ သူ့မျက်လုံးများမှာ သာမန်သာဖြစ်သော်လည်း ကုအန် ဖိအားကို ခံစားလိုက်ရသည်။

သို့သော် သူပြုံးလိုက်သောအခါမှာတော့ ထိုဖိအား ပျောက်ကွယ်သွားခဲ့၏။ ထို့နောက် နွေးနွေးထွေးထွေးပြောလိုက်သည်။ “ငါ့နာမည်က ရွှမ်တောက်ပါ မြို့တော်ကနေ ငါ့ကလေးကိုတွေ့ဖို့ အဓိပတိဂိုဏ်းကိုလာခဲ့တာပါ လမ်းခရီးကအရမ်းဝေးလွန်းတော့ ပင်ပန်းသွားလို့ စိတ်ဝိညဉ်စွမ်းအင် ပြန်ဖြည့်ဖို့ ဒီတောင်ကြားမှာ အနားယူချင်ပါတယ် ဒီကတောင်ကြားသခင်က နေစရာနေရာလေး စီစဉ်ပေးမယ်ဆိုရင် ကျေးဇူးတင်မိမှာပါ”

ထိုသို့ပြောသောအခါ ကုအန်မည်သို့ ငြင်းနိုင်တော့မည်နည်း။ သူအမြန်သဘောတူလိုက်ပြီး ရှောင်ချွမ်ကိုခေါ်ကာ နေစရာနေရာ စီစဉ်ပေးခိုင်းလိုက်လေသည်။

လီရွှမ်တောက် သံသယမဖြစ်စေရန် ကုအန် သူ့ကိုသေချာတောင်မကြည့်ခဲ့ပေ။

“မျိုးရိုးနာမည်ကလီ သူ့ကလေးဆီကိုအလည်လာတာဆိုတော့ တော်ဝင်မိသားစုက တစ်ယောက်ယောက်များဖြစ်နေမလား” ကုအန် စိတ်၀င်စားသွားမိသည်။

ဂိုဏ်းတွင်တောင်ကြားများစွာရှိသည့့်အနက် ဆန်းကြယ်တောင်ကြားကိုရွေးချယ်၍ လာခဲ့လေရာ သူသည် လီယနှင့်ပတ်သတ်မှုတစ်ခုခုရှိနေသောသူ ဖြစ်နိုင်၏။

ထို့နောက် ကုအန် ပုံမှန်အတိုင်းပင် ဆေးဥယျာဉ်များကို ကင်းလှည့်ခဲ့လိုက်သည်။

တစ်ဖက်တွင်

ရှောင်ချွမ် လီရွှမ်တောက်အား သာမန်ခပ်ရိုးရိုးအိမ်လေးတစ်လုံးထဲသို့ ခေါ်လာပြီး ပြောလိုက်၏။ “အိမ်ကတော့ ရိုးရှင်းပါတယ် ဒီကဆရာကြီးစိတ်မရှိဖို့ မျှော်လင့်ပါတယ် တကယ်လို့တစ်ခုခုလိုအပ်တယ်ဆိုရင် ကျွန်တော့်ကိုပါ ခေါ်လိုက်ပါ မဟုတ်ရင်လည်း ဆေးတောင်ကြားကဘယ်တပည့်ကိုပဲဖြစ်ဖြစ် ခေါ်လို့ရပါတယ်”

လီရွှမ်တောက် ခေါင်းညိတ်ပြလိုက်ပြီး မေးလိုက်သည်။ “တောထဲမှာ သိုးတွေရော သိုးကျောင်းနေတဲ့တပည့်တွေကိုရော တွေ့ခဲ့တယ် မင်းတို့ကဆေးတောင်ကြားမဟုတ်ဘူးလား ဘာလို့သိုးတွေအများကြီးရှိနေတာလဲ”

ရှောင်ချွမ်ဘာမှဖုံးကွယ်မထားဘဲ အမှန်အတိုင်းသာ ဖြေလိုက်၏။ “တောင်ကြားကအစကတော့ ဆေးပင်တွေပဲစိုက်တာပါ ဒါပေမယ့် ကျွန်တော့်စိတ်ဝိညဉ်အမြစ်အရည်အသွေးက နိမ့်ကျတော့ အပြင်စည်းဂိုဏ်းကို၀င်နိုင်ဖို့ လက်လျှော့ခဲ့ရတယ်လေ အဲ့တာကိုစီနီယာအစ်ကိုကြီးသိသွားပြီး ကျွန်တော်ကမွေးမြူရေးလုပ်ရတာဝါသနာပါတယ်ဆိုတာကြားတော့ ကျွန်တော်ဝါသနာပါတာကို လုပ်နိုင်ဖို့ စိတ်ဝိညဉ်ကျောက်တုံးတွေထုတ်ပေးပြီး သိုးခြံထောင်ပေးခဲ့တာ နောက်ပြီးအခြားတပည့်တွေကိုလည်း ကျွန်တော့်လိုမဖြစ်ဘဲ အပြင်စည်းဂိုဏ်းကို မကြာခင်ရောက်နိုင်ဖို့ စိတ်ဝိညဉ်ကျောက်တုံးတွေ ထောက်ပံ့ပေးခဲ့တယ်”

“အို စီနီယာအစ်ကိုကြီးဆိုတာ တောင်ကြားသခင်ကိုပြောတာလား”

“ဟုတ်ပါတယ်”

“ဒါ‌ဆို သူကမင်းတို့အားလုံးအတွက် လူကောင်းတစ်ယောက်လို့ သတ်မှတ်လို့ရတာပေါ့”

“ဟုတ်ပါတယ် ကျွန်တော့်အစ်ကိုကြီးက ကမ္ဘာပေါ်မှာအကောင်းဆုံးလူပဲ”

လီရွှမ်တောက် ကုအန်ကိုချီးကျူးလိုက်သောအခါ ရှောင်ချွမ်ပျော်ရွှင်သွားပြီး သူကိုယ်တိုင်လည်း ကုအန်ကောင်းကြောင်းများကို တောက်လျှောက်မရပ်မနား ဆက်ပြောနေခဲ့လေသည်။

ထို့ကြောင့် လီရွှမ်တောက် ကုအန်ကိုပိုစိတ်၀င်စားသွားခဲ့ပြီး သူ့ဇာစ်မြစ်ကိုလည်း မေးမြန်းခဲ့၏။ ရှောင်ချွမ်လည်း ဘာမှတွေးမနေဘဲ သူသိသမျှ ကုအန်အကြောင်းများအား အကုန်အစင်ပြောပြလိုက်‌သည်။

ဥယျာဉ်ထဲတွင် စစ်ဆေးနေသော ကုအန် နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့၏။ ကြည့်ရသည်မှာ သူ၏ ထိုအရူးကောင်လေးများအပေါ် ကြင်နာပေးမှုက အလကားတော့ ဖြစ်သွားပုံမပေါ်ချေ။

လီရွှမ်တောက်သည် လီယနှင့်ပတ်သက်နေသောသူပဲဖြစ်ဖြစ် အဓိပတိဂိုဏ်းမှအကြီးအကဲတစ်ယောက်ပဲဖြစ်ဖြစ် ထိုကဲ့သို့အဆင့်မြင့်သည့်လူတစ်ယောက်သူ့အပေါ် အကောင်းမြင်သွားခြင်းမှာ ကောင်းသောအရာသာ ဖြစ်ပေသည်။

နောက်ဆုံးတွင် လီရွှမ်တောက်သည် ရွက်ဝါတစ်ထောင်တောင်ကြားမှလူတော့ မဖြစ်နိုင်ဘူး မဟုတ်လား။

နေဦး!

ရွက်ဝါတစ်ထောင်တောင်ကြား!

ရုတ်တရက် ကုအန် ကျောရိုးတစ်လျှောက် ကြက်သီးမွှေးညှင်းများထသွားပြီး သူ့အပြုံးမှာလည်း တောင့်တင်းသွားခဲ့သည်။

လီရွှမ်တောက်ရောက်ရှိလာမှုမှာ ဆန်းကြယ်တောင်ကြားရှိ တပည့်များကို စိတ်၀င်စားသွားစေခဲ့၏။ နောက်ဆုံးတွင် သူတို့ဆန်းကြယ်တောင်ကြားကို ဧည့်သည်လာရန်မှာ အလွန်ရှားပါးသော အရာသာ မဟုတ်ပါလား။

ထိုနေ့က အိမ်ထဲ ၀င်သွားပြီးကတည်းက လီရွှမ်တောက်အပြင်ကို လုံး၀ထပ်ထွက်မလာ‌ခဲ့တော့ပေ။ သူ့အိမ်ထဲတွင်သာ စိတ်ဝိညည်စွမ်းအင်ပြန်လည်ဖြည့်တင်းနေခဲ့သည်။

လီရွှမ်ရောက်ရောက်ရှိလာမှုကြောင့် ကုအန်လည်း သဘာ၀ဂူ ၈ လုံးဆီ မသွားရဲတော့ဘဲ ထိုရက်များတွင် သတိထား၍သာ နေဖို့ ဆုံးဖြတ်ထားခဲ့၏။

နောက်တစ်နေ့မနက်တွင် ကုအန် ပုံမှန်အတိုင်း တပည့်များနှင့် အကြောလျှော့လေ့ကျင့်ခန်း လုပ်နေခဲ့လေသည်။ ဆူဆူညံညံအသံများကြား၍ လီရွှမ်တောက်ထွက်ကြည့်လေရာ ယဉ်ကျေးမှုအရ ကုအန် နှုတ်ဆက်လိုက်၏။

နှုတ်ဆက်ပုံမှာ သူ့ကိုခေါင်းတစ်ချက်ညိတ်ပြရုံသာဖြစ်ပြီး သံသယ၀င်သွားမည်စိုးသော‌ေကြာင့် ဘာအပိုမှ မလုပ်ခဲ့ပေ။

စကြည့်ခါစက လီရွှမ်တောက် ထိုမျှစိတ်မ၀င်စားခဲ့သော်လည်း ကြည့်နေရင်း ထိုအရာသည် ဆန်းကြယ်‌ေနသည်ဟု ခံစားလိုက်ရသည်။

လေ့ကျင့်ခန်းပြီးသောအခါ ကုအန် တပည့်များကို လူစုခွဲလိုက်ပြီး သူကိုယ်တိုင်လည်း အိမ်သို့ပြန်ရန်ပြင်လိုက်၏။ အိမ်ပြန်လမ်းတွင် ကုအန်ရင်ဘတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်၍ ဖတ်ရှုနေခဲ့လေသည်။

ထိုအချိန်တွင် သူ့နေစဉ်လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်းသာ လုပ်နေခြင်းဖြစ်ပြီး လီရွှမ်တောက်ရောက်ရှိလာမှုက သူ့ကို ဘာအနှောင့်အယှက်မှ ဖြစ်မသွားစေခဲ့ပေ။

သို့သော် သူ့ခြံထဲသို့ရောက်သောအခါ လီရွှမ်တောက် ခေါ်သံကို ကြားလိုက်ရ၏။

“တောင်ကြားသခင် ဘာဖတ်နေတာလဲ” လီရွှမ်တောက် ပြုံး၍ မေးလိုက်သည်။

ကုအန် နောက်ပြန်လှည့်လိုက်ပြီး လက်ထဲမှစာအုပ်ကိုမြှောက်ပြကာ “နတ်ဘုရားတို့ရဲ့ ရာထူး စာအုပ်ပါ မိတ်ဆွေရောဖတ်ပြီးပြီလား”

လီရွှမ်တောက် အပြုံးပိုမိုပီသလာပြီး ပြောလိုက်သည်။ “အ‌ေသအချာကို ဖတ်ပြီးပါပြီ”

“အိုး ဒါဆိုကျွန်တော်တို့ စိတ်၀င်စားတာခြင်းတူသွားပြီပဲ”

“ဟားဟား တောင်ကြားသခင်နဲ့စတွေ့ကတည်းက ဆွေမျိုးသားချင်းတစ်ယောက်လို ခံစားခဲ့ရပါတယ် ဒါဆိုငါတို့ ဒီစာအုပ်အကြောင်းပြောကြမလား”

လီရွှမ်တောက်စကားကိုကြားသောအခါ ကုအန် မငြင်းဆန်နိုင်တော့ဘဲ ပြုံး၍သာ သဘောတူလိုက်ရ၏။

သူလီရွှမ်တောက်ကို အိမ်ပေါ်သို့ ဖိတ်ခေါ်လိုက်ရပြီး လီရွှမ်တောက် စားပွဲတွင်ထိုင်လိုက်သောအခါ ရေနွေးအိုးတည်ရန် စိတ်ဝိညဉ်စွမ်းအင်သုံး၍ မီးညှိလိုက်လေသည်။

လီရွှမ်တောက် အခန်းအပြင်အဆင်ကို ကြည့်လိုက်ပြီး ပြောလိုက်၏။ “တောင်ကြားသခင် မင်း ကျိုးဘုရင်ကို ဘယ်လိုထင်လဲ”

ဘုရား ဘုရား!

ရောက်ရောက်ခြင်းကို ဆောက်နဲ့ထွင်းတာပါလား !

ကုအန် လီရွှမ်တောက်ကို ကျောပေးကာ လက်ဖက်ရည်ငှဲ့နေရင်း ပြောလိုက်သည်။ “ဇာတ်လမ်းအရတော့ သူကရက်စက်တယ် လူမဆန်ဘူး ဒါပေမယ့် သေချာကြည့်ပြန်ရင်လည်း သူ့လုပ်ရပ်တွေက မူမမှန်ပြန်ဘူး”

ကုအန်စကားကို ကြားပြီးသည့်နောက် လီရွှမ်တောက် ပြန်ပြောလိုက်၏။ “ငါပထမဆုံးအကြိမ် အဲ့ဒီစာအုပ်ကိုဖတ်တော့ ကျိုးဘုရင်က ရူးနှမ်းတယ် အကြင်နာမဲ့တယ်လို့ထင်ခဲ့တယ် ဒါပေမယ့် ဒုတိယအကြိမ်ဖတ်တော့ တစ်ခုခုလွဲနေတယ်လို့ ခံစားလိုက်ရတယ် စာအုပ်ရဲ့ ကမ္ဘာကြီးထဲမှာ အမတတွေက တကယ်ရှိပြီး ဘုရင်ကျိုးက အဲ့တာကို ဂရုမစိုက်ခဲ့ဘူး အဲ့ဒီအခြေအနေမှာ သူက နွီဝါးရဲ့မြင့်မြတ်တဲ့ ပုံရိပ်ကို စော်ကားရဲခဲ့တယ် အဲ့တာက အဲ့ဒီခေတ်ရဲ့ ဧကရာဇ်အတွက် ဘာအကျိုးမှမရှိတဲ့ လုပ်ရပ်မျိုးပဲ”

“နောက်ပြီး မြင့်မြတ်တဲ့ အထက်ဘုံကနွီဝါးက သူ့ကိုစော်ကားတဲ့ လူသားတစ်ယောက်ကို တိုက်ရိုက်အပြစ်မပေးဘဲ ဧကရာဇ်ရဲ့နှလုံးသားကို ဖျက်ဆီးဖို့ မြေခွေးမတစ်ကောင်ကိုပဲလွှတ်ခဲ့ပြီး လူသားကမ္ဘာကို ကမောက်ကမဖြစ်စေခဲ့တယ် ဒီလိုလုပ်ရပ်က အမတတစ်ပါး လုပ်သင့်တဲ့အရာလား နတ်ဘုရားတစ်ပါး လုပ်သင့်တဲ့အရာလား”

ကုအန် လက်ဖက်ရည်ခွက်ကို ကိုင်ကာ လီရွှမ်တောက်ရှေ့ ချပေးလိုက်သည်။

ထို့နောက် ရယ်မောလိုက်၏။ “တကယ်တော့ စာအုပ်ထဲမှာ အဲ့လိုမလျော်ညီတဲ့အရာတွေ အများကြီးပါနေတာပါပဲ နောက်ဆုံးတော့ဒါကလည်း လူသားတွေဖန်တီးရေးသားထားတဲ့ စာအုပ်ပဲမလား ပုံပြင်ကောင်းတစ်ပုဒ်အနေနဲ့တော့ နားလည်ပေးလို့ရပါတယ်”

လီရွှမ်တောက်၏ သရုပ်မှန်ကိုသေချာမသိသေးသောကြောင့် ကုအန် သူ့အထင်အမြင်ကို ပြတ်ပြတ်သားသား ထုတ်မပြောရဲခဲ့ပေ။

လီရွှမ်တောက် ခေါင်းခါလိုက်ကာ “ပုံပြင်ကမှားနေပေမယ့် ပုံပြင်ထဲက အချိန်ကာလကတော့ မှန်ကန်တယ် အဲ့ဒီခေတ်မှာ

ကောင်းကင်ဘုံက လူသားတွေရဲ့ ၃ပေအထက်မှာ ရှိပေမယ့် လူသားတွေက အဲ့ဒီနေရာကို ရောက်ဖို့ မဖြစ်နိုင်ခဲ့ဘူး”

လီရွှမ်တောက် နတ်ဘုရားတို့၏ ရာထူးများ စာအုပ်ကို အဲ့ဒီလို အဓိပ္ပာယ်ကောက်နေမယ်လို့ ကုအန် မျှော်လင့်မထားခဲ့ပေ။

“တကယ်လို့ ဧကရာဇ်ကျိုးကသာ အမတဂိုဏ်းတွေအကုန်လုံးကို လွှမ်းမိုးနိုင်တဲ့ စွမ်းအားရှိတယ်ဆို ဒီပုံပြင်ကို ဘယ်လိုရေးခဲ့တာလဲ”လီရွှမ်တောက် မေးလိုက်သည်။

ကုအန် တွေးဆလိုက်ပြီး ပြန်ဖြေလိုက်၏။ “ဒါဆို နောက်ဆုံးတိုက်ပွဲက မိုးထိဂိုဏ်းသခင်ကို ဆန့်ကျင်ခဲ့တာမဟုတ်ဘဲ ကျိုးဘုရင်ကို ဆန့်ကျင်တဲ့ တိုက်ပွဲ ဖြစ်လိမ့်မယ်”

လီရွှမ်တောက် လက်ဖက်ရည်ခွက်ကိုမ၍ ရေနွေးပူများကိုမှုတ်နေရင်း တခဏ ကြက်သေသေသွားခဲ့၏။

ကုအန် အဓိပ္ပာယ်ဖော်ရခက်သော အပြုံးမျိုး ပြုံးနေခဲ့ပြီး တိတ်ဆိတ်၍သာ နေလိုက်သည်။

လက်ဖက်ရည်တစ်အိုးတည်စာကြာချိန်လောက်ထိ လီရွှမ်တောက် ကုအန်အား ဆန်းကြယ်တောင်ကြားရှိ ကျင့်ကြံခြင်းအခြေအနေများကို အသေးစိတ်မေးနေခဲ့ပြီး ကုအန်လည်း တစ်ခုချင်းစီကို သေချာပြန်ဖြေခဲ့၏။

“အဓိပတိဂိုဏ်းကိုဝင်ပြီး မင်းက အမတလမ်းစဉ်ကို မလိုက်ဘဲ အပင်တွေပဲစိုက်နေတယ် အဲ့တာက မင်းအခွင့်အရေးကို ဖြုန်းတီးနေတာမဟုတ်ဘူးလား မင်းတကယ်ပဲဒီဘ၀ကို ကြိုက်တာလား” လီရွှမ်တောက်မေးလိုက်သည်။

ကုအန် အနည်းငယ်ပြုံးလိုက်ပြီး ပြန်ဖြေလိုက်၏။ “မရှိမဖြစ်လိုအပ်တဲ့အရာနဲ့ ကိုယ်ကြိုက်နှစ်သက်လို့ လိုအပ်တဲ့အရာဆိုတာရှိပါတယ် လူတိုင်းမှာ သူ့အတွေးနဲ့သူ ရှိကြတာပဲလေ ထာ၀ရအသက်ဆိုတာ လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတော့မဟုတ်ပါဘူး ဒါပေမယ့် ကျွန်တော့်ပါရမီက အရမ်းကောင်းနေမယ် ဆိုရင်တော့ ကျွန်တော်လည်း အမတလမ်းစဉ်ကို လိုက်မှာပေါ့”

လီရွှမ်တောက် စနောက်လိုက်သည်။ “မင်းကဘာကိုမှ ဖုံးကွယ်မထားတဲ့ စိတ်၀င်စားစရာလူတစ်ယောက်ပဲ”

“ဒီဘ၀မှာ နောက်ကိုပဲလှည့်ကြည့်ကြည့် ရှေ့ကိုပဲ မျှော်ကြည့်ကြည့် စကားလုံးလေးလုံးပဲ ရှိပါတယ် အဲ့တာက “အခက်အခဲတွေကြားထဲမှာ‌ ပျော်ရွှင်မှုကိုရှာဖွေခြင်း” ဆိုတဲ့စကားလုံးပဲ” ကုအန် အလေးမထားဟန်ဖြင့် ပြောလိုက်၏။

လီရွှမ်တောက်၏ ဆန်းကြယ်တောင်ကြားအပေါ် အလွန်စိတ်၀င်စားနေမှုကြောင့် ကုအန် သူ့ကို ရွက်ဝါတစ်ထောင်မျှော်စင်မှ လူဟု ပိုသံသယရှိလာခဲ့သည်။

လီရွှမ်တောက် လက်ဖက်ရည်ခွက်ကိုချ၍ ထပ်မေးလိုက်၏။ “လက်ရှိ ဘုရင်ကိုရော မင်းဘယ်လိုထင်လဲ သူက ကျိုးဘုရင် နဲ့ တူနေသလား”

ကုအန် ဆွံ့အသွားခဲ့သည်။

အခုပြောနေတဲ့ အကြောင်းအရာနဲ့ ဒါနဲ့က အတော်မဆီမ‌ဆိုင်တာကြီးမဟုတ်လားဟ!

သူတို့စကားဝိုင်းသည် အဘယ်ကြောင့် ထိုက်ကန်မင်းဆက် လက်ရှိ ဧကရာဇ်ဆီ ရုတ်တရက်ရောက်ရှိသွားရသနည်း။

ဤလူသည် ရွက်ဝါတစ်ထောင်မျှော်စင်မှမဟုတ်ဘဲ လီယ ၏ဆွေမျိုးတစ်ယောက်ယောက် ဖြစ်နေပါသလော။

ကုအန် တွေးတွေးဆဆ ပြန်ပြောလိုက်၏။ “ကျွန်တော်သိပ်မသိဘူး အဓိပတိဂိုဏ်းကိုမရောက်ခင်ကလည်း ကျွန်တော်က အိမ်အစေခံတစ်ယောက်သက်သက်ပါပဲ ဒီဆန်းကြယ်တောင်ကြားကိုရောက်လာတော့ အပြင်လောကက ကိစ္စတွေကိုကြားရတာ ပိုတောင်နည်းလာတယ် ဘာဖြစ်လို့လဲ လက်ရှိ ဧကရာဇ်က တစ်ခုခုလုပ်ခဲ့လို့လား”

လီရွှမ်တောက် ပြောလိုက်သည်။ “အဲ့ဒီလိုမဟုတ်ပါဘူး သူ ပလ္လင်ပေါ်မှာရှိနေတာ အတော်ကြာနေပြီလေ လူထုကြားထဲမှာရော ညီလာခံမှာရော အဲ့ဒီအကြောင်းအတော်များများပြောနေကြတယ် လူတွေက ပလ္လင်အာဏာကို ဧကရာဇ်က အကြာကြီးယူမထားသင့်ဘူးလို့ တွေးနေပုံရတယ် နောက်ပြီး အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးက ဧကရာဇ်ရဲ့ ကျင့်ကြံခြင်း အမတအဆင့်ကိုဖောက်ထွက်သွားပြီး ရုံးတော်ရဲ့အာဏာ အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးသွားနိုင်မှာကိုလည်း ကြောက်ကြတယ်”

ကုအန် စိတ်တင်းကြပ်သွားခဲ့သည်။

ဤကိစ္စတွင် လူတန်းစားအလွှာအသီးသီးမှလူများ ပါ၀င်နေသောကြောင့် သူအဆင်အခြင်မဲ့ မပြောရဲပေ။

ကုအန် ဆက်မပြောရဲတော့သည်ကို တွေ့လိုက်သောကြောင့် လီရွှမ်တောက် ပြုံးလိုက်၏။

“ဧကရာဇ်ကို ဆယ်စုနှစ်နည်းနည်းကြာတိုင်း ပြောင်းသင့်တယ်လို့ထင်လား ဒါမှမဟုတ် ဧကရာဇ်တစ်ယောက်ကပဲ အာဏာကို အကြာကြီးယူထားသင့်လား မင်းရောဘယ်လိုထင်လဲ”

သူ့ကျင့်ကြံခြင်းသည် နတ်အသွင်ပြောင်းခြင်းအဆင့် ၈ ဖြစ်နေသောကြောင့် ကုအန် ထပ်ပြီး နှုတ်ဆိတ်မနေရဲတော့ပေ။

တခဏတွေးပြီးသည့်နောက် ကုအန် ပြောလိုက်သည်။ “ကျွန်တော့် အမြင်အရတော့ အဲ့တာက ဧကရာဇ်ရဲ့ ကိုယ်ကျင့်တရားပေါ်ပဲ မူတည်လိမ့်မယ် တကယ်လို့ သူကကောင်းမွန်ပြီး လောကကြီးကိုကောင်းကောင်း စီမံအုပ်ချုပ်နိုင်နေရင် အာဏာသူ့ဆီမှာ အကြာကြီးရှိနေတာက ပြဿနာမဟုတ်ဘူး တကယ်လို့ အဲ့လိုမင်းကောင်းတစ်ပါးက သက်တမ်းလည်း အများကြီးကျန်နေ‌သေးတဲ့အချိန် သူ့ရဲ့အသုံးမကျတဲ့သားကို ထီးနန်းလွှဲပေးလိုက်မယ်ဆိုရင် ပြည်သူတွေအတွက် ကပ်ဘေးတစ်ခုပဲ ဖြစ်လာလိမ့်မယ် နောက်ပြီး သာမန်ပြည်သူတွေက နှစ်ထောင်ချီမှဖြစ်မယ့် ကိစ္စတွေကိုလည်း ဂရုမစိုက်ပါဘူး သူတို့က နှစ်၁၀၀လောက်ပဲ နေရတာကိုး အဲ့တာကို‌ေတာင် အဲ့အချိန်လေးအတွင်း မင်းတွေ ခဏခဏပြောင်းနေရင် ဘာလို့ဒီလောက်ခဏလေးအတွင်းတောင် ခဏခဏပြောင်းနေလဲဆိုပြီး ဖြစ်ကုန်လိမ့်မယ်”

လီရွှမ်တောက် ရယ်မောလိုက်ပြီး သူ၏ခံစားချက် ပိုကောင်းသွားမှန်း ကုအန် ခံစားလိုက်ရသည်။

နေပါဦး!

လီယရဲ့ဆွေမျိုး၊မျိုးရိုးကလည်းလီ အရင်ဆုံးဆွေးနွေးတာက ကျိုးဘုရင်အကြောင်း၊ နောက်ထပ်ဆွေးနွေးတာက လက်ရှိဧကရာဇ်…

ကုအန် ကျိမိသားစုတွင်ရှိတုန်းက ကြားဖူးခဲ့သည့် အချက်အလက်များကို ပြန်စဉ်းစားလိုက်၏။ လက်ရှိဘုရင်သည် အမတကျင့်ကြံခြင်းကိုကျင့်ကြံပြီး သူပလ္လင်ပေါ်တွင် ရှိနေသည်မှာလည်း သက်တမ်း ၂၀၀ ပင် ရှိနေလေပြီ။

“မင်းပြောတာ အကျိုးအကြောင်းသင့်တယ် တကယ်တော့ ငါတို့က ဒီလိုလူတိုင်းပြောနေတဲ့ စကားသံတိုင်းကို လိုက်နားထောင်နေစရာမှမလိုတာ ငါတို့က ပြည်သူတွေဘယ်လိုရှင်သန်နေထိုင်နေရလဲ ဆိုတာကိုပဲ ကြည့်သင့်တာ” လီရွှမ်တောက်ရယ်မောရင်း ပြောလိုက်လေသည်။

ထိုစကားကို ကြားလိုက်ရသောအခါ ကုအန် အမူအရာချက်ချင်း ပြောင်းလဲသွားပြီး အလွန် ထိတ်လန့်သွားပုံဖြင့် “ခင်ဗျား ခင်ဗျားက….လက်ရှိဧကရာဇ်လား”

ပြောပြီးသည်နှင့် ကုအန် ထရပ်ရန် ကြိုးစားလိုက်၏။

ထိုစဉ် လီရွှမ်တောက်လက်မြှောက်လိုက်ရာ အား တစ်ခုက ကုအန်အား ပြန်ထိုင်စေရန် ဖိချလိုက်လေသည်။ တစ်ဖက်လူ သူ့ကျင့်ကြံခြင်းအား သတိထားမိမသွားအောင် ကုအန် လုံး၀ ပြန်မခုခံခဲ့ပေ။

“ထိုင်ပဲနေပါ မင်းငါ့ကို ဧကရာဇ်တစ်ပါးလိုဆက်ဆံစရာမလိုပါဘူး လီယရဲ့ အဖေလိုပဲသဘောထားပြီး ငါ့ကို ဦးလေးလို့ပဲခေါ်ပါ” လီရွမ်တောက်ပြုံး၍ ပြောလိုက်ပြီး သူ့အသံသည်အလွန်ညင်သာနေကာ တော်၀င်အငွေ့အသက်မျိုး လုံး၀ပါမနေခဲ့ပေ။

ကုအန် ဘာဆက်ပြောရမည်ကို မသိတော့ပေ။

နတ်အသွင်ပြောင်းလဲခြင်းအဆင့် ၈ ဧကရာဇ်တစ်ပါး!

ဒါက ပြဿနာကြီးပဲ!

လီရွှမ်တောက် ထပ်ပြောလိုက်၏။ “ကောင်းကင်စံအိမ်ဓားကို ထုတ်လိုက်ပါ”

ကုအန် ချက်ချင်းသိုလှောင်အိတ်ထဲမှ ကောင်းကင်စံအိမ်ဓားကို ထုတ်ပြလိုက်သည်။

ဓားကိုမြင်မြင်ချင်း လီရွှမ်တောက်၏အကြည့်များ ရှုပ်ထွေးသွားခဲ့ပြီး ဓားကိုယူကာ ငြင်ငြင်သာသာ ပွတ်ပေးနေခဲ့၏။

လီယပြောပုံအရ ထိုဓားသည် သူ့အဖေ သူ့အမေအား လက်ဆောင်ပေးခဲ့သော ဓားဖြစ်ပြီး သူ့အမေသေဆုံးသွားပြီးနောက် သူ့လက်ထဲရောက်လာသည်ဟု ဆိုခဲ့သည်။

ယခု လီရွှမ်တောက်၏အမူအရာရ လီယအမေနှင့် လီရွှမ်တောက်တို့ကြားတွင် နက်နဲသော အချစ်ဇာတ်လမ်းမျိုး ရှိခဲ့ရမည်ဟု ကုအန် တွေးမိသွား၏။

အချိန်အတော်ကြာသောအခါ

လီရွှမ်တောက် ကောင်းကင်စံအိမ်ဓားကိုချ၍ ကုအန်ဆီပြန်ပေးလိုက်ပြီး ပြောလိုက်သည်။ “အဓိပတိဂိုဏ်းမှာ မင်းကလီယရဲ့ အရင်းနှီးဆုံး မိတ်ဆွေပဲ မင်းကသူ့အသက်ကို ကယ်ခဲ့တယ်လို့တောင် ငါကြားခဲ့တယ် အခုငါမင်းကို ဒီဓားကိုပေးအပ်တယ် အခုကစပြီး မင်းက ကောင်းကင်စံအိမ်ဓားရဲ့ အရှင်သခင်ပဲ”

“နောက်ပြီး ငါတို့က အဓိပတိဂိုဏ်း အနီးအနားမှာ အဆင့်မြင့်ဆေးပင်တွေစိုက်ပျိုးဖို့ ဆေးတောင်ကြားတစ်ခုတည်ဆောက်ဖို့ စီစဉ်ထားတယ် မင်းကအဲ့ဒီဆေးတောင်ကြားကို ငါတို့အစား စီမံအုပ်ချုပ်ပေးရမယ် မင်းအတွက်လည်း မမျှမတမဖြစ်စေရပါဘူး လာမယ့်ရက်တွေမှာ မင်းကို အခြေခံတည်ဆောက်ခြင်းအဆင့်တင်မကဘူး ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ထိ ရောက်အောင်လုပ်ပေးဖို့က အဲ့လောက်ခက်တဲ့အလုပ်မဟုတ်ဘူး

ဒါပေမယ့် မင်းတစ်ခုကိုတော့ နားလည်ထားရမယ် အပြင်ပန်းမှာမင်းက အဓိပတိဂိုဏ်းရဲ့တပည့်ဆိုပေမယ့် မင်းရဲ့စိတ်နှလုံးသားကတော့ ငါတို့ဆီမှာပဲရှိရမယ်”

အပိုင်း(၃၈)

အာဃာတကောင်းကင်နတ်ဓားသိုင်း၊ အဓိပတိဂိုဏ်းတွင်း တုန်လှုပ်ဖွယ် ပြောင်းလဲမှု

လီရွှမ်တောက် သူ့စကားကို အဆုံးသတ်ပြီးသောအခါ ကုအန်ကိုပြုံး၍ ကြည့်လိုက်ပြီး ကုအန် ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့သည်။

ကုအန်တစ်ယောက်မှာတော့ ကြောင်အနေခဲ့၏။

ဧကရာဇ်သည် သူ့အား သူလျှိုတစ်ယောက်ဖြစ်စေချင်ခြင်း ဖြစ်သည်။

ဒါက ငါ့ကို သုံးထပ်ကွမ်းသူလျှိုဖြစ်အောင် လာလုပ်နေတာပဲဟ!

ကုအန် ထိုအရာကိုမလုပ်လိုသော်လည်း တစ်ဖက်လူသည် သူ့ထက် ရာထူးရော ကျင့်ကြံခြင်းပါ မြင့်နေလေရာ ငြင်းဆန်ဖို့ ခက်နေခဲ့၏။

မငြင်းဆန်လျှင်လည်း အနာဂတ်တွင် ပြဿနာပေါင်းများစွာ ဖြစ်လာပေလိမ့်ဦးမည်။

သူငြင်းလိုက်လျှင်တော့ ပြဿနာကိုအခု‌တင် တွေ့ရပေလိမ့်မည်။

သို့သော် ကုအန် သူပြောသည့်ထဲမှ အဆင့်မြင့်ဆေးပင်များဆိုသောစကားကြောင့် ပစ်ရမှာလည်းအဆီနဲ့တတင်း၀င်း စားရမှာလည်းသဲနဲ့တရှပ်ရှပ်ဆိုသလို ဖြစ်နေခဲ့သည်။

ကုအန် တွန့်ဆုတ်နေသောလေသံဖြင့် မေးလိုက်၏။ “ကျွန် ကျွန်တော့်မှာ ငြင်းဖို့အခွင့်အရေးရှိလား”

“ရှ်ိပါတယ် ဒါပေမယ့်မင်းငြင်းရင်တော့ ငါတို့ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးသလို မင်းရဲ့ဒီနေ့တစ်နေ့စာ မှတ်ညဏ်ကို ဖျောက်ပစ်ရလိမ့်မယ်” လီရွမ်တောက်ရယ်မောရင်း ပြောလိုက်သည်။

အကူအညီမဲ့နေသလိုခံစားနေရရင်း ကုအန်မေးလိုက်၏။

“ဘာလို့ကျွန်တော်လဲ ကျွန်တော့်ပါရမီကသာမန်ပါပဲ အရှင်မင်းမြတ်ရဲ့ ရာထူးအာဏာနဲ့ဆို အဓိပတိဂိုဏ်းထဲက တပည့်တစ်ယောက်ယောက်ကို ရှာဖို့က လက်ဖဝါးအပေါ်အောက် လှန်ရသလို လွယ်ကူနေမှာမဟုတ်လား”

လီရွှမ်တောက် ခေါင်းခါလိုက်၏။ “ငါက အဓိပတိဂိုဏ်းက တပည့်တစ်ယောက်ယောက်ကို လိုချင်တာမဟုတ်ဘူး နောက်ပြီးမင်းက လီယနဲ့လည်းရင်းနှီးတဲ့ဆက်ဆံရေးရှိတယ် ငါမင်းကို ချီးမြှောက်ချင်တာလည်းပါသလို မင်းရဲ့သာမန်ပါရမီကြောင့် မင်းရဲ့လိုအင်ဆန္ဒကိုဖြည့်ဆည့်ရတာက ငါ့အတွက်ပိုလွယ်တာရောကြောင့်ပဲ”

သူထပ်မပြောခင် ခဏလောက်ရပ်နေလိုက်ပြီး ဆက်ပြောလိုက်သည်။ “လူတွေက ဧကရာဇ်ကို အသက်မရှည်စေချင်ကြသလို ငါကလည်း ငါ့ရဲ့တောင်ကြားသခင်ကို ထာ၀ရအသက်ရှင်နေတာမျိူး မဖြစ်စေချင်ဘူး အဲ့ဒီ‌ေနရာမှာ မင်းကအတော်လေး လူသားဆန်တယ်”

ကုအန် ပြန်ပြောလိုက်၏။ “ဒီလိုသာဆိုတော့ ကျွန်တော်လက်ခံလိုက်ပါ့မယ်”

“အခုကစပြီး နောက်ဆယ်စုနှစ်တစ်ခုကြာလို့ အတိတ်ကိုပြန်ကြည့်လိုက်တဲ့အခါ မင်းရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် ဘယ်တော့မှ နောင်တရနေ ရမှာမဟုတ်ဘူး” လီရွှမ်တောက် ပြုံး၍ ပြောလိုက်သည်။

ကုအန် သူ့စိတ်၀င်စားမှုကို မထိန်းချုပ်နိုင်တော့ဘဲ ထုတ်မေးလိုက်၏။ “အရှင်မင်းကြီးက စီနီယာအစ်ကိုလီကို တစ်ချိန်လုံးစောင့်ကြည့်နေခဲ့တာလား”

“အခုငါတို့ သဘောတူညီချက်ရသွားပြီဆိုတော့ ငါ့ကို အရှင်မင်းကြီးလို့ ခေါ်နေစရာမလိုတော့ပါဘူး ငါ့ကို ဦးလေး လို့ပဲခေါ် ဒါကပိုရင်းနှီးစေတယ်” လီရွှမ်တောက် ခပ်တည်တည် ပြောလိုက်သည်။

သူ့ပုံစံမှာလည်း ကုအန် ကို စနောက်နေသည့်ပုံမပေါ်သောကြောင့် ကုအန် ဦးလေး ဟုတစ်ခါခေါ်လိုက်ရ၏။

လီရွှမ်တောက်ပြုံးလိုက်ပြီး ကုအန်မေးခွန်းကို ဖြေလိုက်သည်။ “အမှန်အတိုင်းပြောရရင် အဓိပတိဂိုဏ်းထဲမှာ ငါ့ရဲ့ နယ်ရုပ်တွေရှ်ိတယ် အဲ့တာကြောင့်ငါက လီယရဲ့ တည်ရှိမှုကို ကောင်းကောင်းသတိထားမိတယ်”

အရင်ကုအန်အထင်မှာ လီယနှင့် သူ့အဖေကြားတွင် နီးကပ်သောဆက်ဆံရေး မရှိဟု ထင်ခဲ့သော်လည်း ယခုအခါ ကိစ္စများမှာ ထိုသို့ဟုတ်နေပုံ မပေါ်ပေ။

သူတို့ကြားမှာ အထင်လွဲစရာကိစ္စတစ်ခုခုများ ရှိနေနိုင်မလား။

သူလီယကိုယ်စား မေးလိုက်ချင်သော်လည်း သိချင်စိတ်ကို မြိုသိပ်ထားလိုက်၏။

သူ့ရှေ့မှ ဧကရာဇ်သည် ထာ၀ရအသက်ကို မျှော်လင့်နေသော မင်းတစ်ပါးဖြစ်ပြီး ထိုသို့သောမင်းမျိုးအတွက် သူ့သားတော်အပေါ် အမြင်မှာ အတော်လေးရှုပ်ထွေးနေပေလိမ့်မည်။ အကယ်၍ သူမင်းသားတစ်ပါးပါးကို ချစ်ခင်မြတ်နိုးလျှင်တောင် သူ့ဆန္ဒကို စိတ်ထဲတွင်သာ သိမ်းထားမည် ဖြစ်၏။

မည်သည့်မင်းသားက မင်းသားသရဖူးအား ထာ၀ရ ဆောင်းနေချင်မည်နည်း။ မည်သည့်မင်းသားက မင်းသားအဖြစ်နှင့်သာ ပလ္လင်ကိုထာ၀ရ စောင့်စားနေချင်မည်နည်း။

ကုအန် အရင်ကထင်ခဲ့သည်မှာ လီယနှင့် လီရွှမ်ယုတို့၏ ပါရမီသည် အတော်လေးကောင်းသည်ဟု ထင်ခဲ့မိသည်။ သို့သော် လီရွှမ်တောက်ကို တွေ့ပြီးသည့်နောက် ပါရမီရှင်ဟူသော စကားအပေါ် သူ့အမြင်ပင် ပြောင်းသွားခဲ့ရ၏။

သွေးမျိုးဆက်ဆက်ခံမှု!

အသက် ၂၃၀ သာရှိသေးသော နတ်အသွင်ပြောင်းလဲခြင်းအဆင့် ၈ တစ်ယောက်….

ဒီဧကရာဇ်က နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကို အသက် ၁၀၀ အတွင်း ချိုးဖျက်ခဲ့တာတော့ မဟုတ်ဘူးမလား!

သူသည် အတော်လေးထူးခြားလှပေသည်။

အရေးအကြီးဆုံးအချက်မှာ သူ၏ကျင့်ကြံခြင်းအားဖုံးကွယ်ထားရန် နည်းစနစ်တစ်ခုကို အသုံးပြုထားနိုင်ခြင်းဖြစ်၏။ ကုအန်တောင် သက်တမ်းစစ်ဆေးခြင်းလုပ်ဆောင်ချက်ကြောင့် မဟုတ်ပါက ဧကရာဇ်၏ကျင့်ကြံခြင်းအဆင့်ကို ဘယ်တော့မှ သိနိုင်မည်မဟုတ်ပေ။

သူအခုအချိန်ထိ အေးအေးဆေးဆေး လျှို့ဝှက်ကျင့်ကြံနိုင်နေခြင်းမှာလည်း အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးနှင့် ရုံးတော်ကို ကောင်းကောင်းလှည့်စားထားနိုင်၍သာ ဖြစ်ပေသည်။

ထိုနောက် လီရွှမ်တောက် ကုအန်အား တောင်ကြားအတွင်းရှိ ကိစ္စများနှင့် တပည့်များပြောသော နွေဦးပွဲတော်အကြောင်းများကို စတင်မေးမြန်းလေတော့သည်။

ကုအန်လည်း အခြားသူတွေကို ဖြေနေကျ လုပ်ကြံဇာတ်လမ်းကြီးကိုသာ ပြန်ပြောပြခဲ့၏။

လီရွှမ်တောက် နွေဦးပွဲတော်ကို စိတ်၀င်စားသွားပြီး ထိုနေ့တွင်သူလည်း ပါ၀င်မည်ဟု ဆုံးဖြတ်ခဲ့သည်။ သူ့စကားကို ကုအန်မည်သို့ ငြင်းနိုင်မည်နည်း။

တစ်နာရီခန့်ကြာသောအခါ သူတို့နှစ်ယောက် အိမ်ထဲမှ ထွက်လာကြပြီး နွေဦးပွဲတော်အတွက် ပြင်ဆင်နေသော တပည့်များဆီ သွားခဲ့လေသည်။ ဤသို့ဖြင့် ပျော်ပျော်ရွှင်ရွှင် ရယ်မော ပြင်ဆင်နေသော ဆန်းကြယ်တောင်ကြားရှိတပည့်များ၏ ပျော်ရွှင်နေမှုမှာ လီရွှမ်တောက်ကိုပင် ဖုံးလွှမ်းသွားလေတော့၏။

ညဉ့်အချိန်တွင် ကုအန် တောင်ကြားတွင်သိမ်းထားသော ထင်းများအားယူလာကာ မီးဖိုလိုက်ပြီး သူတို့၏ နွေဦးပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် စတင်ခဲ့လေသည်။

မီးရောင်သည် လီရွှမ်တောက်၏ မျက်နှာကို ထင်ဟပ်နေခဲ့ပြီး သူ့မျက်နှာပေါ်ရှိ အပြုံးကြီးအား သေသေချာချာမြင်နေခဲ့ရ၏။ သူအတော်လေး ပျော်ရွှင်နေခဲ့ကာ ရှောင်ချွမ်နှင့်ပင် ခွက်ချင်းတိုက်၍ သောက်နေခဲ့သေးသည်။ ထိုက်ကန်မင်းဆက်၏ ဧကရာဇ်တစ်ပါးအနေနှင့် သူ့အတွက် ယခုကဲ့သို့လူတွေနဲ့ ရောရောနှောနှောနေပြီး ပျော်ရွှင်ရရန်မှာ အတော်လေး ခက်ခဲလှ၏။

စုဟန် ထန်ယု နှင့်အခြား တပည့်များမှာလည်း ပုံပြင်ပြောခြင်း ကခုန်ခြင်း ကဲ့သို့သော ဖျော်ဖြေရေးများလုပ်၍ ညဉ့်နက်ချိန်ထိ နွေဦးပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ကျင်းပခဲ့ကြသည်။

နောက်တစ်နေ့ နေ့လည်ခင်းတွင် ကုအန် လီရွှမ်တောက်အား တောင်ကြားအ၀င်၀ဆီသို့ လိုက်ပို့ခဲ့၏။

“နောက်ထပ်နှနှစ်တဲ့လား ငါတကယ်ပဲမျော်လင့်နေမိပြီ”

လီရွှမ်တောက်သည် သူ့အား ဆေးတောင်ကြားဆီသို့ ခေါ်ဆောင်ရန် နောက်နှနှစ်ကြာလျှင် တစ်စုံတစ်ယောက်ကို ပို့လိုက်မည်ဟု ပြောခဲ့သည်။

ကုအန် ထို၂နှစ်အတွင်း သက်တမ်း ၁သိန်းပြည့်၍ နတ်အသွင်ပြောင်းလဲခြင်းအဆင့်သို ချိုးဖျက်ရမည်ဟု စီစဉ်ထားခဲ့၏။

မဟုတ်သေးပ။ သူနတ်အသွင်အဆင့်ထက် ကျော်လွန်ရန်ပင် လိုအပ်ပေသည်။ ဧကရာဇ်ကဲ့သို့သော ကျားရဲတစ်ကောင်နှင့် အလုပ်အတူတူလုပ်မည်ဆိုပါက သူထိုဧကရာဇ်ထက် အများကြီး ပိုသန်မာပေရန် လိုအပ်၏။ အကယ်၍ လီရွှမ်တောက်သာ တစ်ချိန်ချိန်မှာ သူ့အား အန္တရာယ်ပေးလာလျှင် မည်သို့လုပ်မည်နည်း။

ကုအန် လီရွှမ်တောက် ထွက်သွားသော အရပ်အား ကြည့့်နေရင်း ဧကရာဇ်သည် ဘာကြောင့် အပြင်စည်းဂိုဏ်းသို့ တစ်ယောက်တည်းထွက်လာရသလဲ ဟူသော အကြောင်းအရင်းကို စဉ်းစားနေမိသည်။

သူ့ရဲ့ တကယ့်လာရင်းရည်ရွယ်ချက်က လီရွှမ်ယု ကိုတွေ့ဖို့ ဖြစ်နိုင်မလား?

လီယပြောပုံအရ လီရွှမ်ယုသည် သူ၏အချစ်ဆုံးသမီးလေး ဖြစ်သည်ဟု ဆို၏။

ကုအန် သူများကိစ္စအား အများကြီးမတွေးတော့ဘဲ တောင်ကြားထဲပြန်၀င်ကာ ဆေးပင်အချို့ထပ်စိုက်ဖို့သာ ပြင်ဆင်လိုက်လေသည်။

……

နွေဦးသည် ကုန်ဆုံးသွားခဲ့ပြီး နွေရာသီရောက်ရှိလာခဲ့ကာ ထိုနွေရာသီနေ့ရက်များအလယ်၌ ကုအန်အသက် ၃၄နှစ် ပြည့်သွားခဲ့ရ၏။

ထိုနေ့တွင် တုယီ ကုအန်ဆီ ဆေးပင်များယူရန် ရောက်လာခဲ့သည်။

ဆေးတောင်ကြားအ၀င်၀တွင်

တုယီ ပြောလိုက်၏။ “ဒီနှစ်တွေအတွင်း မင်းကဆေးပင်တွေအများကြီး ထောက်ပံ့ပေးခဲ့တယ် မင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး သခင်လေး ကျိလင်က အတော်လေးကျေနပ်နေတယ် မကြာခင် မင်းအတွက် အခြေခံတည်ဆောက်ခြင်းဆေးပြားပို့ပေးပြီး အခြေခံတည်ဆောက်‌ခြင်းအဆင့်ကို အမြန်ဆုံး ရောက်အောင် ကူညီပေးလိမ့်မယ် တကယ်လို့ မင်းကတကယ့် အပြင်စည်းဂိုဏ်းသာစစ်စစ်ဖြစ်သွားပြီဆိုရင်တော့ သခင်လေးက မင်းကိုဒီတောင်ကြားရဲ့ စစ်မှန်တဲ့အုပ်ချုပ်သူဖြစ်လာဖို့ နည်လမ်းရှာပေးလိမ့်မယ်”

ပြောပြီးသည်နှင့် တုယီ ဓားပျံပေါ်တက်ကာ ပျံသန်းသွားလေတော့သည်။

ကုအန် ခေါင်းခါလိုက်ကာ ပြုံးလိုက်မိ၏။ လီရွှမ်တောက်နှင့် တွေ့တုန်းကလည်း လီရွှမ်တောက်သည် သူ့အား ထိုသို့တစ်ပုံစံတည်းတူသော စကားများကို ပြောသွားခဲ့သည် မဟုတ်ပါလား။

အနာဂတ်တွင် ကျိ မိသားစုသည် အဓိပတိဂိုဏ်းကို ဆန့်ကျင်ရန် အစီအစဉ်ရှိလာနိုင်သောကြောင့် သူကျိမိသားစုနှင့် ခပ်ဝေးဝေးနေနိုင်ဖို့ ကြိုးစားရပေလိမ့်မည်။

စွမ်းအားကြီးသော ဂိုဏ်းများကဲ့သို့ပင် မိသားစုကြီးများ၏ စွမ်းအားမှာလည်း တိုင်းတာ၍ မရလောက်အောင် ကြီးမားကြ၏။

ဤကုန်းမြေပေါ်တွင် မင်းဆက်များ တစ်ခုပြီးတစ်ခု တည်ထောင်ခြင်း ပျက်ဆီးခြင်း ဂိုဏ်းများ တည်ထောင်ခြင်း ပျက်ဆီးခြင်းများ ဖြစ်သော်လည်း မပျက်ဆီးဘဲ အချိန်အတော်ကြာထိ ကျန်ရှိနေရစ်သော မိသားစုကြီးများလည်း ရှိကြသည်။ ကျိမိသားစုသည် ထိုသို့သော မိသားစုကြီးများထဲမှ တစ်ခုဖြစ်၏။

ဟူးးး!

ငါ့ဟာငါ ဆေးပင်လေးစိုက်ပြီး အေးအေးဆေးဆေးနေချင်တာကို ဘာလို့ ငါ့ကိုပဲ လာရှုပ်နေကြတာလဲကွာ!

ထိုသို့ တွေးနေရင်း ကုအန် တောအုပ်ထဲသို့ ၀င်လာခဲ့လေသည်။

တောအုပ်ထဲတွင် ဓားသိုင်းလေ့ကျင့်နေသော လူတစ်ယောက်ရှိနေပြီး ထိုလူမှာ စုဟန် ဖြစ်ဧ။။်

ယခုအချိန်တွင် ကုအန် ကျင့်ကြံခြင်းသည် ချီကျင့်ကြံခြင်းအဆင့် ၇ သို့ရောက်ရှိနေပြီဖြစ်ပြီး တောင်ကြားထဲတွင် ကုအန် နှင့် ထန်ယု တို့နောက်သာ ကျသည်။

ထန်ယုသည် ခြေသိုင်းလေ့ကျင့်ခြင်းဖြစ်ပြီး စုဟန်မှာတော့ ဓားသိုင်းကျင့်ခြင်းဖြစ်၏။ သို့သော်လည်း သူလေ့ကျင့်ရသော ဓားသိုင်းမှာ လီယသင်ပေးခဲ့သော နက်နဲသည်ဆိုသည့်အရာနှင့် အဝေးကြီးတွင်ရှိသည့် သာမန်ဓားသိုင်းမျိုး ဖြစ်ပေသည်။

ကုအန် ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေရင်း စုဟန်ကို ဓားသိုင်းတွင် လမ်းညွှန်ပေးသင့် မပေးသင့် တွန့်ဆုတ်နေခဲ့၏။

စုဟန်သည် တာ၀န်ကျေပြီး ကြိုးကြိုးစားစား ကျင့်ကြံသူဖြစ်ရာ သူ့တွင် အပြစ်ပြောစရာဟူ၍ မရှိလောက်အောင် လိမ္မာသော ကောင်လေး ဖြစ်ပေသည်။

ဟမ်

သူလေ့ကျင့်နေတာ လီယ သင်ပေးခဲ့တဲ့ ဓားသိုင်းမဟုတ်ဘူးပဲ!

သေချာကြည့်လိုက်သောအခါ ထိုဓားသိုင်းသည် သူအရင်ကတစ်ခါမှ မမြင်ဖူးသော ဓားသိုင်းမျိုး ဖြစ်နေခဲ့၏။

ဒီကောင်လေး ကံကောင်းမှုတစ်ခုခုနဲ့ ကြုံခဲ့ရတာလား။

ငါတောင်မသိလိုက်ရပါလား။

ဘယ်တုန်းက ဖြစ်သွားတာများလဲ။

ကုအန် စိတ်၀င်စားသွားပြီး သစ်ရွက်ခြောက်များကို တမင်နင်းကာ သူရောက်လာမှန်း သိအောင် လုပ်လိုက်သည်။

သစ်ရွက်ခြောက်နင်းသံ ကြားလိုက်ရ၍ ကုအန်ရောက်လာပြီမှန်း သိသွားပြီး စုဟန် လေ့ကျင့်နေခြင်းကို ချက်ချင်းရပ်တန့်လိုက်ကာ လှည့်၍ အရိုအသေ ပေးလိုက်၏။

“စုဟန် အပြင်စည်းဂိုဏ်းမှာ လူတစ်ယောက်ရဲ့ ရာထူးအဆင့်အတန်းကို ကျင့်ကြံခြင်းနဲ့ပဲ သတ်မှတ်ကြတာ မင်းကဘာလို့ ဓားသိုင်းကျင့်ပြီး အလုပ်ရှုပ်ခံနေတာလဲ” ကုအန် ပြုံး၍ မေးလိုက်သည်။

စုဟန် ဘယ်လက်ဖြင့် ခေါင်းကုတ်လိုက်ပြီး “ကျွန်တော်က အပြင်စည်းဂိုဏ်းထဲ၀င်ဖို့ စိတ်မ၀င်စားပါဘူးဆရာ ဓားပညာရဲ့အနှစ်သာရကိုပဲ လိုချင်တာ”

“မင်းကဘာလို့ အဲ့လိုတွေးတာလဲ”

“အပြင်စည်းဂိုဏ်းကိုရောက်ရင် တာ၀န်တွေထမ်းဆောင်ရမယ်လေ တကယ်လို့ ကျွန်တော့်ခွန်အားကသာ မလုံလောက်ဘူးဆိုရင် ကျွန်တော့်အနာဂတ်ကို ဖျက်ဆီးလိုက်သလိုပဲ ဖြစ်သွားလိမ့်မယ်”

စုဟန် ခံယူချက်ကို ကုအန်သဘောကျသွားမိသည်။

တော်တယ် ငါ့အကြိုက်နဲ့တူတဲ့ ကောင်လေးပဲ!

ကုအန် စိတ်၀င်တစားမေးလိုက်သည်။ “မင်းဓားသိုင်းက မိသားစုအမွေအနှစ်လား”

စုဟန် ခေါင်းညိတ်ပြလိုက်၏။ “ကျွန်တော့်အဖေရဲ့ ဓားသိုင်းပါ ဒါပေမယ့် အဲ့တာကအရမ်းနက်နဲလွန်းတယ် ကျွန်တော်အခုထိ အဲ့တာရဲ့ အနှစ်သာရကို မဖမ်းဆုပ်နိုင်သေးဘူး”

“မင်းအဖေက တကယ်အရည်အချင်းရှိတဲ့သူပဲဖြစ်ရမယ် ငါကဓားကစားရတာကို မကြိုက်ပေမယ့် အပြင်စည်းဂိုဏ်းထဲမှာ ဓားသိုင်းမျိုးစုံကိုမြင်ဖူးတယ် ဘယ်ဓားသိုင်းကမှ မင်းအခု‌ေလ့ကျင့်နေတဲ့ ဓားသိုင်းကို မမှီဘူး” ကုအန် ပြောလိုက်သည်။

စုဟန် ခေါင်းခါလိုက်ဧ်။။ “ကျွန်တော့်အဖေက ဒုက္ခိတတစ်ယောက်ပါ ကျွန်တော်မှတ်မိတဲ့အရွယ်ကစ အဖေက မျက်လုံးကွယ်နေပြီး မှော်သိုင်းအရိပ်အယောင်လည်း တစ်ခုလေးတောင်မရှိဘူး ကျွန်တော်အသက် ၇နှစ်အရွယ်မှာ သူနေမကောင်းဖြစ်ပြီး သေဆုံးသွားတယ်လေ သူကျန်ခဲ့တဲ့ပစ္စည်းတွေထဲက ဒီဓားသိုင်းကိုတွေ့ခဲ့တာ”

ပြောပြီးသည်နှင့် သူ့ရင်ဘတ်ထဲမှ ဓားသိုင်းကိုထုတ်၍ ကုအန်ကို ပေးလိုက်လေသည်။

ကုအန် ယူလိုက်ပြီး သူ့မျက်ခုံးများ အနည်းငယ်ခွန့်ကွေးသွားခဲ့၏။

အာဃာတကောင်းကင်နတ်ဓားသိုင်း!

ဘယ်လိုထူးဆန်းတဲ့နာမည်မျိုးလဲ!

နာမည်အား မြင်လိုက်လျှင် မြင်လိုက်ခြင်း ကုအန် စုဟန်ကို ဆနး်ကြယ်တောင်ကြားမှ ထုတ်ပယ်လိုဖို့ တွေးမိသွားသည်။

ရှင်းလင်းစွာပင် ထိုကောင်လေးသည် အညှိုးအတေးအာဃာတများ ကိုသယ်ဆောင်ထားရသော ကောင်လေး ဖြစ်လောက်၏။

ကုအန် ဓားသိုင်းအား တစ်ရွက်ချင်းလှန်၍ ဖတ်ကြည့်လိုက်သည်။ သူ၏ စိတ်ဝိညဉ်အခြေတည်အဆင့် ကျင့်ကြံခြင်းအရ တစ်ခေါက်ဖတ်ပြီးသော အရာများကို မမေ့နိုင်တော့ပေ။ သို့သော် ထိုဓားသိုင်းကို အလွယ်တကူ တတ်မြောက်ခြင်း မတတ်မြောက်ခြင်းမှာတော့ ဖတ်သူ၏ ဓားတာအိုအပေါ် နားလည်သဘောပေါက်ခြင်းနှင့်သာ သက်ဆိုင်ပေသည်။

ကုအန် စာအုပ်ကို စုဟန်ဆီ ပြန်ပေးလိုက်ပြီး ပြောလိုက်၏။ “ဒီဓားသိုင်းက တကယ်ပဲ အစွမ်းထက်ပေမယ့် သူ့နည်းလမ်းတွေကတော့ ရက်စက်လွန်းတယ် မင်းဒါကိုလေ့ကျင့်ချင်တာ သေချာရဲ့လား”

ဤနည်းစနစ်တွင် ကျင့်ကြံသူ၏ ကိုယ်တွင်းအင်္ဂါများ ပိုမိုကြံ့ခိုင်လာစေရန် ဓားချီဖြင့် သန့်စင်ပစ်ရသော နည်းလမ်းမျိုးပါ၀င်ပြီး ထိုနည်းလမ်းသည် ကျင့်ကြံသူကို စိတ်ကူး၍အောင်မရသော နာကျင်မှုမျိုးကို ခံစားရပေလိမ့်မည်။ ထိုထဲမှ အချို့နည်းလမ်းများဆိုလျှင် ကုအန်ပင် မသိနိုင်လောက်အောင်လည်း နက်နဲနေပြန်၏။

သူ၏ ဓားတာအိုအောင်မြင်မှုများအရ ထိုဓားသိုင်းသည် ထူးဆန်းကာ ရက်စက်ကြမ်းကြုတ်သော ဓားသိုင်းမျိုးဖြစ်မှန်း ကုအန် အသေအချာပင် ပြောနိုင်ပေသည်။

ကြက်သေသေနေသော စုဟန် မေးလိုက်၏။ “ဆရာ ကျွန်တော်ဒါကို ကျင့်သင့်လား မကျင့်သင့်ဘူးလား ဆရာရော ဘယ်လိုထင်လဲ”

ကုအန် ခေါင်းခါလိုက်ကာ “ ဒီဓားသိုင်းက မင်းဆီကို နာကျင်မှုတွေပဲ ယူဆောင်လာမှာကို စိုးရိမ်လို့ပါ ငါမင်းရဲ့ နောက်ခံကိုလည်း မသိဘူး မင်းရဲ့ခံစားချက်တွေကိုလည်း မသိဘူး လေ့ကျင့်တာ မကျင့်တာက မင်းသဘောပါပဲ တကယ်လို့ မင်းမကျင့်ခဲ့ရင်လည်း ဒီဆန်းကြယ်တောင်ကြားက မင်းကို အမြဲကြိုဆိုနေမှာဖြစ်ပြီး မင်းကြိုက်သလောက်နေလို့ရတဲ့ နေရာတစ်ခု ဖြစ်နေဦးမှာပါ”

ကုအန်စကားများကို ကြားသောအခါ စုဟန် အာဃာတကောင်းကင်နတ်ဓားသိုင်းစာအုပ်ကို ရင်ဘတ်ထဲ ပြန်ထည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။

ကုအန် သူ့ရင်ဘတ်ထဲမှ စာအုပ်တစ်အုပ်ထုတ်လိုက်ပြီး စုဟန်အားပေးလိုက်သည်။ ထိုစာအုပ်သည် တုယီယူလာခဲ့သော နတ်ဘုရားတို့၏ ရာထူးများ စာအုပ်ဖြစ်၏။ တုယီပြောပုံအရ ကျိလင်လည်း ထိုစာအုပ်ကို အတော်လေးစွဲလန်းနေသည်ဟု ဆိုပေသည်။

“မင်းလိုချင်တဲ့ စာအုပ်” စုဟန်ကို စာအုပ်ပေးပြီးသည့်နောက် ကုအန် လှည့်ထွက်လာခဲ့လိုက်၏။

တစ်ချက်ပြုံးလိုက်ပြီး စုဟန် စာအုပ်ကို သိမ်းဆည်းထားလိုက်သည်။

ဆန်းကြယ်တောင်ကြားသို့ ပြန်နေရင်း ကုအန် သူ့တောင်ကြားရှိ တပည့်များအကြောင်းကို စဉ်းစားနေမိ၏။

အရင်ဆုံး လီယ ဝူရှင်း ပြီးတော့ အခုစုဟန်၊ သူတို့အားလုံးတွင် သာမန်မဟုတ်သောနောက်ခံများရှိနေကြပြီး အခုဆိုလျှင် ဆန်းကြယ်တောင်ကြားမှာတဖြည်းဖြည်း ပို၍ပင် နက်နဲလာနေခဲ့သည်။

တစ်ခုခုကတော့ မှားနေပြီပဲ!

တစ်နာရီခန့်ကြာသောအခါ ကုအန် သူ့အိမ်ဆီသို့ ပြန်ရောက်လာခဲ့၏။

အခြားတပည့်များတွင် မည်သည့်ပြဿနာမှ မရှ်ိနေသည်ကို တွေ့လိုက်ရသောအခါမှ ကုအန် စိတ်အေးသွားရသည်။

သို့သော် နောက်အတွေးတစ်ခုတွေးမိသွားသောအခါ အရာရာတိုင်းသည် အဓိပ္ပာယ်ရှိနေသည်ဟု ကုအန် ခံစားလိုက်ရပြန်၏။ အမတကျင့်ကြံခြင်း ကမ္ဘာလိုနေရာမျိုး၌ ထူးဆန်းသော နောက်ခံနှင့် ဘ၀ဇာတ်ကြောင်းမရှိသူ မည်သူရှိမည်နည်း။ လူတိုင်းသည် သူ့ဇာတ်ကြောင်းတွင် အဓိကဇာတ်ကောင်များသာ ဖြစ်ကြပေသည်။

ထိုည ညဉ့်နက်ချိန်တွင် ကုအန် သဘာ၀ဂူ ၈ လုံးထဲသို့ ၀င်လာခဲ့၏။

ကောင်းကင်နဂါးလေးနှင့် နာရီ၀က်ခန့် ကစားပြီးသောအခါ ကုအန် အာဃာတကောင်းကင်နတ်ဓားသိုင်းကို စတင်လေ့ကျင့်တော့သည်။

သိုင်းမျိုးစုံ တတ်မြောက်ထားလည်း သူ့အတွက် ဘာပြဿနာမှ ရှ်ိမည်မဟုတ်ပေ။ သူလုပ်ရမည်မှာ ထိုသိုင်းကို စနစ်ထဲ ပေါင်းထည့်ထားလိုက်ရုံသာ။

ရုတ်တရက် နွယ်စိမ်းပင်ခြေတွင် လေပြင်းများ တိုက်ခိုက်လာပြီး လေထုအား ပိုင်းဖြတ်သော အသံမျိုးစုံထွက်ပေါ်လာရာ နဂါးလေး ခပ်လှမ်းလှမ်းမှ နေ၍ ကုအန် ဓားလေ့ကျင့်သည့်ပုံရိပ်ကို ကြည့်ရှုနေခဲ့လေ၏။

…….

နွေရာသီ ကုန်ချိန်တွင်

ကုအန် အပြင်စည်းဂိုဏ်းသို့ အလည်သွားခဲ့လေသည်။သူ၏ ပထမရည်ရွယ်ချက်မှာ ဆေးခန်းမကို တစ်နှစ်စာ ဆေးပင်များ အပ်ရန်ဖြစ်ပြီး ဒုတိယရည်ရွယ်ချက်မှာ စာအုပ်ခန်းမတွင် စာမူအပ်ရန် ဖြစ်၏။

နတ်ဘုရားတို့၏ ရာထူးများ စာအုပ်အောင်မြင်သွားပြီးကတည်းက အကြီးအကဲလျူချန်းသည် သူ့ကို အထူးပုဂ္ဂိုလ်တစ်ယောက်အဖြစ် ဆက်ဆံခဲ့ပြီး ပေါက်ကြားသွားမည် စိုးသောကြောင့် စာမူကိုလည်း လူကိုယ်တိုင်ပဲ လက်ခံခဲ့သည်။

လျူချန်းသည် ကုအန်၏စာအုပ်ထဲတွင်ပါသောအကြောင်းအရာများကြောင့် မိစ္ဆာလမ်းစဉ်မှလူများက သူ့ကို အန္တရာယ်ပေးမည်ကို စိုးရိမ်နေခဲ့၏။ ထိုသို့ဖြစ်သွားလျှင် သူတို့စာအုပ်ခန်းမ၏ ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်ပေသည်။ သူ့စကားများကြောင့် ကုအန်လည်း ပို၍ ဂရုစိုက်နေခဲ့၏။

သူ့အလုပ်များ ပြီးသွားသည့်နောက်တွင်တော့ ကုအန် လုကျိကျားဆီသို့ သွားလည်ခဲ့သည်။ ကုအန်ကိုတွေ့သောအခါ လုကျိကျား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ပြီး အပြင်စည်းမြို့ထဲတွင် ရီလန်လည်း ရှိနေသောကြောင့် တွေ့ရန် ဖိတ်ခေါ်ခဲ့၏။

မြို့ပြင်ရှိ ဂူများမှာ ဈေးကြီးသောကြောင့် အပြင်စည်းဂိုဏ်းသားတိုင်း ဂူတစ်လုံးမပိုင်ဆိုင်နိုင်ခဲ့ပေ။ ထို့ကြောင့် စိတ်ဝိညဉ်ကျောက်တုံးခြွေတာရန် အများစုမှာ မြို့ထဲ၌သာ နေကြ‌ေလသည်။

ခြံ၀န်းထဲတွင် ထိုင်နေကြရင်း လုကျိကျား ကုအန်အတွက် ဝိုင်တစ်ခွက်ငှဲ့ပေးရင်းလုကျိကျား ကုအန်အား လေသံခပ်နိမ့်နိမ့်ဖြင့် ပြောလိုက်၏။

“အဓိပတိဂိုဏ်းထဲမှာ ကိစ္စကြီးတစ်ခု ဖြစ်ခဲ့တယ်”

All Chapters