အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
အပိုင်း(၃၉)
စိတ်ဝိညဉ်အခြေတည်အဆင့်ရန်သူ၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော
“ဘာကိစ္စကြီးလဲ”
ကုအန် ပြုံး၍ မေးလိုက်သည်။ သူအပြင်စည်းမြို့သို့ ရောက်ကတည်းက မြို့ထဲရှိ လေထုသည် ဖော်ပြ၍မရသော တင်းကြပ်မှုတစ်ခုရှိနေသည်ဟု ခံစားခဲ့ရ၏။
ရီလန် ဖြေလိုက်သည်။ “ဂိုဏ်းချုပ်နဲ့ အကြီးအကဲကြီးတစ်ယောက်က အာဏာပြိုင်နေကြတယ် လတ်တလော ဧကရာဇ်က အဓိပတိဂိုဏ်းကိုလာပြီး အကြီးအကဲကြီးရဲ့ တိုက်ရိုက်တပည့်တစ်ယောက်ကို ပထမအဆင့် အမတအရာရှိ နိုင်ငံ့ဆရာသခင် အဖြစ် ခန့်အပ်လိုက်ပြီးတော့ အဲ့ဒီအကြောင်းကိုလည်း မင်းဆက်တစ်ခုလုံးသိအောင် ကြေငြာခဲ့တယ်
အဲ့ဒီကိစ္စက ဂိုဏ်းချုပ်အကြောင်းကောလဟလတွေဖြန့်ပြီး အာဏာလိုချင်နေတဲ့ အကြီးအကဲကြီးရဲ့ အာဏာလိုချင်စိတ်ကို ပိုပြီး မြင့်တက်သွားစေခဲ့တယ်”
လုကျိကျား မကျေနပ်နေပုံဖြင့် လက်သီးဆုပ်ထားလိုက်သည်။ ရီလန်ပြောပြီးသည့်နောက် သူလည်းတွန့်ဆုတ်နေဟန်ဖြင့် ဖြည့်ပြောလိုက်၏။ “ဂိုဏ်းချုပ်ရဲ့ လွှမ်းမိုးလိုတဲ့ပုံစံကြောင့် အကြီးအကဲအတော်များများကို အပြစ်ပြုမိခဲ့တယ်လေ ဒီနှစ်တွေမှာ တပည့်တွေ မတော်တဆဒဏ်ရာရမှု များလာတာတွေ အပြင်စည်းဂိုဏ်းအပြင်ဘက်နယ်မြေတွေကို မိစ္ဆာလမ်းစဉ်က ကျူးကျော်လာတာတွေ အဲ့လိုဖြစ်ရပ်တွေကြောင့် အကြီးအကဲတွေကြား မကျေနပ်မှုတွေ ပိုများလာခဲ့တာ အခု ဧကရာဇ်ရဲ့အထောက်အပံ့နဲ့ဆိုရင် ဂိုဏ်းချုပ်ကိုမေကျနပ်တဲ့ အတိုက်အခံအကြီးအကဲတွေက နောက်ဆုတ်ကြတော့မှာမဟုတ်ဘူး ဒါက ဂိုဏ်းတွင်းပဋိပက္ခတွေ ဖြစ်လာစေမှာပဲ မဟုတ်လား”
ကုအန် စိတ်၀င်တစားမေးလိုက်သည်။ “ဂိုဏ်းချုပ်မှာ အကြွင်းမဲ့အာဏာရှိနေတာမဟုတ်ဘူးလား သူ့ကျင့်ကြံခြင်းကရော အဓိပတိဂိုဏ်းမှာ အမြင့်ဆုံးမဟုတ်ဘူးလား”
“တကယ်တော့ မဟုတ်ဘူး ဂိုဏ်းချုပ်ဆိုတာကလည်း အကြီးအကဲတွေ မဲပေးပြီးရွေးချယ်ရတဲ့ ရာထူးတစ်မျိုးပဲ ပြီးတော့ ဂိုဏ်းထဲမှာအသန်မာဆုံးသူက ဂိုဏ်းချုပ်မဟုတ်ဘူး အမွေဆက်ဆံသူပဲ ပြောကြတာတော့ သူကအဓိပတိဂိုဏ်းမှာ နှစ်၁ထောင်အတွင်း ပါရမီအကောင်းဆုံးသူတဲ့ သူကပြင်ပလောကမှာ လှည့်လည်သွားလာနေရင်း တစ်ခါတလေမှ ဂိုဏ်းကိုပြန်လာတတ်တယ် ကျွန်တော်ကြားခဲ့တာ ကောလာဟလအရတော့ တကယ်သို့ အမွေဆက်ဆံသူသာ ဂိုဏ်းချုပ်ဒီနေ့ဖြစ်ချင်တယ်လို့ ပြောရင် နောက်နေ့ ဂိုဏ်းချုပ်ရာထူးက သူ့အတွက်ပဲတဲ့” လုကျိကျား စိတ်လှုပ်ရှားနေပုံဖြင့် အာပေါင်အာရင်းသန်သန် အမွေဆက်ဆံသူအကြောင်း ပြောနေခဲ့သည်။
“ဒီလောက်တောင် အံ့ဩစရာကောင်းတယ်လား သူ့နာမည်က ဘာတဲ့လဲ”
“အဟွတ် အဟွတ် ကျွန်တော်အဲ့လောက်တော့ မသိသေးပါဘူး”
လုကျိကျား ချောင်းအနည်းငယ်ဆိုးလိုက်ကာ သူ့ဆရာကြီးလုပ်နေမှု ကျရှံုးသွားသည့်အတွက် ရှက်ရွံ့သွားခဲ့၏။
ရီလန် သူ့အား စိတ်ရှုပ်စရာအကြည့်မျိုးဖြင့် ကြည့်လိုက်ပြီး ကုအန်ဘက်ပြန်လှည့်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ “တကယ်တော့ ဥပဒေရေးရာခန်းမမှာ ကျွန်မကြားခဲ့တဲ့ လျှို့ဝှက်ချက်တွေရှိတယ် အဓိကမြို့တော်ထဲက သူတိုင်းသိတဲ့ လျှို့ဝှက်ချက်တွေက အတွင်းစည်းနဲ့ အပြင်စည်းမြို့တွေအထိပါ ပြန့်နှံ့လာပြီ အစ်ကိုကြီး ဆန်းကြယ်တောင်ကြားမှာ ဂရုစိုက်မှရမယ်နော် အဲ့ဒီလူတွေက သူတို့ရည်ရွယ်ချက်အောင်မြင်ဖို့ ဘာမဆိုလုပ်ကြမှာ”
ကုအန် ရယ်၍ ပြောလိုက်သည်။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ တစ်ယောက်ယောက်က ဆန်းကြယ်တောင်ကြားတစ်ခုလုံးကိုရှင်းပစ်လိုက်ပြီး တစ်ဖက်ပြိုင်ဘက်ကို ကျဉ်းထဲကြပ်ထဲရောက်အောင် လုပ်လိုက်မှာမျိုးလား”
ထိုစကားများအား ပြောလိုက်ရသော်လည်း ကုအန်စိတ်ထဲတွင်တော့ မလွယ်ကူဘူးဟု ခံစားနေခဲ့ရသည်။
တစ်ယောက်ယောက်သည် လောဘမိစ္ဆာကိုပင် အပြင်စည်းဂိုဏ်းအပြင်ဘက်တွင် မွေးမြူခဲ့သည် မဟုတ်ပါလား။ ထိုသို့သောကိစ္စမျိုး ဘာလို့ထပ်မဖြစ်နိုင်ရမည်နည်း။
ဘယ်လိုပင် ဟန်ေဆာင်ေနေန သူ့စိတ်ပူနေမှုကို သိရှိနေသောရီလန်မှာတော့ ကုအန်လက်ကိုဆုပ်ကိုင်လိုက်ကာ စိတ်အေးအေးထားရန် ပြောလိုက်၏။ “အစ်ကိုကြီးစိတ်မပူပါနဲ့ ဆေးတောင်ကြားတွေမှာ ကင်းလှည့်တဲ့အချိန် တိုးမြှင့်ေပးဖို့ ကျွန်မဥပဒေရေးရာ ခန်းမမှာအဆိုပြုပြီး ကြိုးစားပေးသွားမယ်”
ကုအန် သူ့လက်ကို ပြန်ရုတ်လိုက်သည်။ သူခဏလောက် သတိလွတ်သွားခြင်းဖြစ်သော်လည်း ထိုကောင်မလေးသည် သူ့ကိုရှောင်တခင် တိုက်ခိုက်လိုက်နိုင်သေး၏။
လုကျိကျား ထိုအဖြစ်အပျက်ကိုမြင်တွေ့သွား၍ ကြိတ်ရယ်လိုက်မိသော်လည်း ရီလန်၏ အကြည့်စူးစူးကြောင့် မမြင်ချင်ယောင်သာ ဆောင်လိုက်ရသည်။
“ငါနဲ့စာရင် မင်းတို့တွေကပိုဂရုစိုက်ဖို့ လိုကြတာပါ ဒီလိုအာဏာပြိုင်မှုတွေက အပြင်ဘက်မှာ မိစ္ဆာသွားသတ်ရတာထက်တောင် ကိုအန္တရာယ်များနေဦးမှာ” ကုအန် သူ့ထင်မြင်ချက်ကို ပြောလိုက်၏။
လုကျိကျားမှာတော့ ယုံကြည်ချက် အလွန်ပြင်းထန်နေပြီး သူလုံး၀မသေနိုင်ဘူးဟူ၍သာ ထင်မှတ်နေခဲ့သည်။
ရီလန်မှာလည်း သူသည် ဥပဒေရေးရာခန်းမမှ ဖြစ်သောကြောင့် တော်ရုံလူက သူ့အားအန္တရာယ်မပေးနိုင်၍ စိတ်ပူစရာမရှိဘူးဟု ပြောခဲ့၏။
ဥပဒေရေးရာခန်းမသည် အဓိပတိဂိုဏ်းရှိနယ်မြေတိုင်း၏ အုပ်ချုပ်ရေးကို တာ၀န်ယူထားရသော ခန်းမဖြစ်သောကြောင့် ထိုခန်းမ၏တပည့်များသည် သာမန်တပည့်များထက် အဆင့်မြင့်ကြပေသည်။ သို့သော် အားနည်းချက်မှာ ဖြစ်လာသမျှကိစ္စတိုင်းကို ဖြေရှင်းပေးနေရသဖြင့် သာမန်တပည့်များလောက် ကျင့်ကြံရန်အချိန် မရကြပေ။
ကုအန် ရီလန့်ကိုကြည့်ပြီး စိတ်ထဲအတော်လေးခံစားသွားခဲ့ရ၏။
လွန်ခဲ့သော နှစ်အနည်းငယ်က သူ့နောက်တကောက်ကောက်လျှောက်လိုက်နေသော ကောင်မလေးသည် ယခုအခါတွင် ထက်မြက်ကာ ရင့်ကျက်သော မိန်းမတစ်ယောက် ဖြစ်နေခဲ့လေပြီ။
သူတို့စကားဝိုင်းတွင် အချိန်အများစု၌ လုကျိကျားနှင့် ရီလန်သာ ပြောဆိုနေခြင်းဖြစ်ပြီး ကုအန်မှာတော့ အချို့သူသိချင်သောအချက်များကိုသာ ၀င်ထောက်၍ မေးမြန်းခဲ့၏။
သူပျိုးထောင်ပေးခဲ့တာ ဂျူနီယာညီလေး ညီမလေးများသည် ယခုအခါ သူ့ကိုပင်ပြန်လည်ထောက်ပံ့နိုင်နေပြီဖြစ်သောကြောင့် ကုအန်လည်း ၀မ်းသာနေမိသည်။
အကယ်၍ အနာဂတ်တွင် ဆန်းကြယ်တောင်ကြားမှတပည့်များသည် အပြင်စည်းဂိုဏ်းသာမကဘဲ အတွင်းစည်းဂိုဏ်းထဲသို့ပါ ၀င်ရောက်နိုင်ခဲ့ပါက သူ့တွင်နေရာတိုင်း၌ အဆက်အသွယ်ရှိသွားသည်ဟု ဆိုလိုနေသည် မဟုတ်ပါလား။
ထိုသို့တွေးမိသောအခါ ကုအန်စိတ်လှုပ်ရှားသွားရ၏။
နှစ်နာရီခန့်ကြာသောအခါ လုကျိကျားအရင်ပြန်သွားခဲ့သည်။ ရီလန်တစ်ယောက်မှာတော့ သူ့အိမ်သို့လိုက်၍ အရသာရှိသော အစားအသောက်များစားသောက်ရန် ဖိတ်ခဲ့သော်လည်း ကုအန်ငြင်းဆန်၍ အပြင်စည်းမြို့ထဲမှ ပြန်ခဲ့လိုက်၏။
ဓားပျံအားစီးနင်းကာ သူ့မျက်နှာပေါ်တိုက်ခတ်နေသော လေကိုခံစားရင်း ကုအန် ကျေနပ်နေခဲ့သည်။
ကောင်းကင်သည် တဖြည်းဖြည်းနီလာရောင်တောက်လာပြီး အမှောင်ထုပင် ချဉ်းနင်း၀င်ရောက်လာလေပြီ။
ကုအန်၏လက်ရှိကျင့်ကြံခြင်းမှာ ချီကျင့်ကြံခြင်း အဆင့် ၉သို့ရောက်နေပြီဖြစ်ရာ ကုအန်၏အလျင်သည် ထိုမျှမနှေးတော့ပေ။
နာရီ၀က်ခန့်ပျံသန်းပြီးသောအခါ တောအုပ်ထဲမှ ပုံရိပ်တစ်ခုသူ့ဆီ ပျံတက်လာသောကြောင့် ကုအန် ဓားပျံကို အရှ်ိန်လျှော့လိုက်ရ၏။
အဖြူရောင်၀တ်စုံကို၀တ်ဆင်ထားပြီး ဝိုင်ဘူးသီးခြောက်တစ်လုံးကိုကိုင်ထားကာ သောက်စားထားမှုကြောင့် နှာခေါင်းများပင်နီရဲနေသော အကြီးအကဲကြီးတစ်ယောက် ဓားပျံကိုစီးနင်းရင်း ကုအန်ရှေ့၌ ပေါ်လာခဲ့လေသည်။
“မိတ်ဆွေလေး ခဏစောင့်ပါဦး”
ကုအန် ထိုအကြီးအကဲအသံကိုကြားလိုက်ရာတွင် နတ်အာရုံကိုသုံး၍ အာရုံခံကြည့်ရာ သူ့ကျင့်ကြံခြင်းသည် အခြေခံတည်ဆောက်ခြင်းအဆင့်တွင်ရှိသည်ကို တွေ့လိုက်ရ၏။ သို့သော် ပိုသေချာစေရန် သက်တမ်းစစ်ဆေးခြင်းလုပ်ဆောင်ချက်ကို သုံး၍ ကြည့်လိုက်ရာတွင် စိတ်ဝိညဉ်အခြေတည် အဆင့် ၁ ဟု တွေ့လိုက်ရသည်။
[လင်းဖုထျန် (စိတ်ဝိညဉ်အခြေတည်အဆင့် ၁) : ၆၀၃/၈၀၀/၈၄၀]
ဘုရား ဘုရား!
စိတ်ဝိညဉ်အခြေတည်အဆင့်ဟ!
ထိုလူလည်း သူ့ကျင့်ကြံခြင်းကိုဖုံးကွယ်ပေးနိုင်သည့် ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားခြင်းကြောင့် ကုအန်ကြိတ်၍ ဆဲလိုက်မိသည်။
သူတို့နှစ်ယောက်လေထဲတွင် ဆုံသွားကြပြီး လင်းဖုထျန် ပြုံး၍ ပြောလိုက်၏။ “မိတ်ဆွေလေး ငါက ဥပဒေရေးရာခန်းမက လင်းခွန်ပါ မင်းကိုကိစ္စတစ်ခု စုံစမ်းမေးမြန်းစရာရှိလို့ပါ ဒီနားတစ်ဝိုက်မှာအခုတလော မိစ္ဆာလမ်းစဉ်က သူလျှိုအရိပ်အယောင်တွေတွေ့ခဲ့ရတယ်လေ မင်းငါနဲ့ဆွေးနွေးဖို့ တောထဲကို လိုက်လာပေးလို့ရမလား”
ကုအန် ယခုအချိန်တွင် ငြင်းဆန်နေလျှင် ပိုဒုက္ခတွေ့နိုင်သောကြောင့် ခေါင်းညိတ်ပြလိုက်လေသည်။ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ခြင်းမှာသာ ပိုသင့်တော်၏။
သူတို့နှစ်ယောက်တောအုပ်ထဲရောက်သောအခါ ကုအန် သစ်ရွက်နှစ်ရွက်ကို လက်ထဲညှပ်ထားခဲ့လိုက်သည်။
လင်းဖုထျန်ရှေ့မှသွားနေရင်း ထူးဆန်းသည့်လေသံဖြင့် ပြောလိုက်၏။ “မိတ်ဆွေလေး မင်း၀မ်းယင်ဂိုဏ်းက ရွှီရူယီ ကိုကြားဖူးလား”
သိတာပေါ့!
အဲ့တာငါသတ်လိုက်တဲ့ တစ်ယောက်ပဲကို!
ရွှီရူယီနှင့် ချန်းကျိတို့သည် ဆေးတောင်ကြားတွင် နေရန်လာခဲ့ဖူးပြီး လီယတို့ကိုပင် ဒဏ်ရာရအောင်လုပ်ခဲ့သေးရာ သူမည်သို့ မေ့နိုင်မည်နည်း။
ကုအန် ရှုပ်ထွေးသွားယောင်ဆောင်လိုက်ပြီး မေးလိုက်သည်။ “ကျွန်တော် ၀မ်းယင်ဂိုဏ်းကိုတော့ကြားဖူးပါတယ် ဒါပေမယ့် ရွှီရူယီကဘယ်သူလဲ”
“ရွှီရူယီဆိုတာ ၀မ်းယင်ဂိုဏ်းကပါရမီရှင်တစ်ယောက်ပဲ ပြီးတော့ သူ့အဖေက ၀မ်းယင်ဂိုဏ်းရဲ့ လက်ထောက်ဂိုဏ်းချုပ် အခုရွှီရူယီက ဒီနယ်မြေထဲမှာသေဆုံးသွားရတဲ့အတွက် ၀မ်းယင်ဂိုဏ်းရဲ့သူလျှိုတွေက ဒီနေရာမှာလာပြီး စုံစမ်းထောက်လှမ်းနေကြတယ်” လင်းဖုထျန်းရှေ့သို့လျှောက်နေရင်း ပြောလိုက်၏။
ကုအန် ချက်ချင်း ခြေလှမ်းအနည်းငယ် နောက်သို့ ပြန်ဆုတ်လိုက်သည်။
သူ၏သတိထားနေသော ပုံစံကိုမြင်လိုက်သောအခါ လင်းဖုထျန်းရယ်မော၍ ပြောလိုက်၏။ “ဘာလဲ မိတ်ဆွေလေး မင်းကငါ့ကို၀မ်းယင်ဂိုဏ်းက သူလျှိုလို့ထင်လို့လား”
ကုအန် ခေါင်းခါကာ ပြောလိုက်သည်။ “ဒီဂျူနီယာက မထင်ဝံ့ပါဘူး ဒါပေမယ့် ရွှီရူယီကိုလည်း ဒီဂျူနီယာက တစ်ခါမှမကြားခဲ့ဖူးပါဘူး တကယ်လို့အကြီးအကဲကသာ ဥပဒေရေးရာခန်းမကဆိုရင် ဘာလို့ကျွန်တော့်ကို လာမေးဖို့ လိုတာလဲ”
“ဟားဟား…..”
လင်းဖုထျန်းအားရပါးရ ရယ်ပစ်လိုက်၏။ ထို့နောက် သူ့အင်္ကျီလက်အိုးကိုဝေ့ယမ်းလိုက်ရာ တောအုပ်ထဲ မိုင်အနည်းငယ်ထိပင် မြူခိုးများဖြင့် ဖုံးလွှမ်းသွားလေတော့သည်။
ကုအန် ကြောက်လန့်သွားဟန်ဖြင့် သူ့ညာလက်မှဓားကိုမြှောက်လိုက်ပြီး တောင့်တောင့်တင်းတင်းကြည့်နေခဲ့၏။
ထိုစဥ် လင်းဖုထျန်း သူ့ဘူးသီးခြောက်အိုးကိုဖွင့်လိုက်ရာ နံစော်နေသောအရက်နံ့များ အိုးထဲမှ ထွက်ပေါ်လာလေသည်။ ထို့နောက် ပြောလိုက်၏။ “မကြောက်ပါနဲ့ ဒီအိုးထဲမှာ မင်းကိုအဖော်ပြုပေးမယ့် မင်းဂိုဏ်းတူညီကို ၁၅ ယောက် ရှိနေပါသေးတယ်….”
ကုအန် အံကြိတ်ကာမေးလိုက်သည်။ “ခင်ဗျားကဘယ်သူလဲ ခင်ဗျားနောက်ခံကဘာလဲ တကယ်လို့ ကျွန်တော်သေရမယ်ဆိုရင်တောင် စိတ်ရှင်းရှင်းနဲ့ သေခွင့်ပြုပေးပါ”
“မင်းမခန့်မှန်းနိုင်သေးဘူးလား” လင်းဖုထျန် အေးစက်စက်ရယ်မော၍ ပြောလိုက်သည်။ ထို့နောက် အဝေးမှ ဆွဲဆုပ်လိုက်သည့် လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ ကုအန်ကို စိတ်ဝိညဉ်စွမ်းအားတစ်ခုက ဆွဲယူသွားဟန်ဖြင့် သူ့ဆီပါသွားခဲ့၏။
ကုအန် စိတ်ပျက်အားငယ်နေပုံဖြင့် လေထဲတွင် လင်းဖုထျန်ဆီသို့ ပါသွားခဲ့လေသည်။
လင်းဖုထျန် ဘယ်လက်ဖြင့် ကုအန်ကို ဆွဲယူနေရင်း ညာလက်ဖြင့်ဘူးသီးခြောက်ကိုဖွင့်ကာ သူ့ပါးစပ်ထဲ အရက်များ လောင်းထည့်နေခဲ့၏။
ဝုန်းးးး!
လေထဲရှိကုအန်ကိုယ်မှ ကြောက်စရာကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာပြီး လင်းဖုထျန်း၏ စိတ်ဝိညဉ်စွမ်းအားများကို ချေဖျက်လိုက်လေသည်။
ထိုစဉ် လင်းဖုထျန်း သူငယ်အိမ်များ ပြူးကျယ်သွားခဲ့ပြီး သူ့ဘ၀၏နောက်ဆုံးအကြိမ်အနေဖြင့် သစ်ရွက်တစ်ရွက်ကို မြင်လိုက်ရ၏။
ဓားချီများရစ်သိုင်းထားသော သစ်ရွက်သည် လင်းဖုထျန်း၏ နှဖူးကိုဖောက်ထွင်းသွားခဲ့ပြီး သွေးစက်များပြန့်ကျဲသွားခဲ့သည်။
ဝုန်းးးဝုန်းးးဝုန်းးးး
ရပ်တန့်မသွားသော ဓားချီေကြာင့် သစ်ပင်များ ပြိုလဲကုန်ကြပြီး ဖုန်ထုကြီးတစ်ခုဖြစ်ပေါ်လာကာ ထိုဖုန်ထုကြီးသည် မိုင်ပေါင်းများစွာ အထိ နံရံတစ်ခုကဲ့သို့ ဖြစ်ပေါ်သွားခဲ့၏။
လင်းဖုထျန်ခန္ဓာကိုယ်တုန်ရီနေပြီး သူ့မျက်နှာပေါ်တွင်လည်း မယုံကြည်နိုင်သော အမူအရာတစ်ခုရှိနေပြီး ဒေါသတကြီးပြောလိုက်သည်။ “မင်းး မင်းးး မင်းကျင့်ကြံခြင်းက…..ရွံစရာကောင်းလိုက်တာ….”
ကုအန် သူ့ရှေ့သို့ သွားလိုက်ပြီး ညာဘက်လက်ညှိုးနှင့်လက်ခလည်ကို နှချောင်းပူးကာ ဓားချီဖြင့် သူ့ရင်ဘတ်ကို ထိုးစိုက်လိုက်လေ၏။
ဝုန်းးးး
ဓားချီများထပ်မံထွက်ပေါ်လာပြီး လင်းဖုထျန်း၏ကိုယ်ကို တစ်စစီဖျက်ဆီးသွားကာ အနီးတစ်ဝိုက်ရှိ သစ်ပင်များကို ပြိုလဲသွားစေပြီး မိုင်အနည်းငယ်အထိပင် ငလျင်တစ်ခု လှုပ်ခတ်သွားစေခဲ့သည်။
ထိုစဉ် ဖုန်ထုထဲမှ ပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့၏။ ထိုပုံရိပ်သည် လင်းဖုထျန်း၏ မျက်နှာနှင့် ထူးဆန်းသောအသွင်အပြင်မျိုး ရှိပေသည်။ ဟုတ်ပေသည်။ ထိုအရာမှာ စိတ်ဝိညဉ်အခြေတည်အဆင့်များ ပိုင်ဆိုင်သော လင်းဖုထျန်း၏ စိတ်ဝိညဉ်သာ ဖြစ်၏။
လင်းဖုထျန်းဧ။် ဝိညဥ်သည် အရှေ့သို့ မြန်နိုင်သမျှမြန်မြန် ထွက်ပြေးသွားခဲ့လေသည်။ သို့သော် သူ့နားထဲတွင် လေထုထိုးခွဲသံတစ်ခုကို ကြားလိုက်ရ၏။
သူနောက်ပြန်လှည့်ကြည့်လိုက်ရာ သစ်ရွက်တစ်ရွက်ကိုသာ ထပ်မြင်လိုက်ရပြန်ပြီး ထိုသစ်ရွက်သည် သူ၏စိတ်ဝိညဉ်ကိုပါ တစ်စစီ စုတ်ဖြဲသွားလေတော့သည်။
အားလံုးပြီးသည့်ေနာက် ကုအန် သူ့ဓားကိုကိုင်ကာ သူ့ခန္ဓာကိုယ်တွင် ဓားချီများ ရစ်သိုင်းလိုက်ပြီး ဓားအလငး်တန်းတစ်ခုအဖြစ်ပြောင်းလဲလိုက်ကာ တောအုပ်ထဲ ၀င်ပြေးသွားခဲ့၏။
သူဆန်းကြယ်တောင်ကြားဘက်သို့ သွားနေခြင်းမဟုတ်ဘဲ အခြားတစ်ဖက်သို့ ဦးတည်သွားနေခြင်းဖြစ်ပေသည်။ ထိုသို့သွားနေရင်း သူ့ရှေ့တွင် စနစ်မှအချက်ပေးစာတစ်ခု ပေါ်လာခဲ့၏။
[သင်သည် လင်းဖုထျန်(စိတ်ဝိညဉ်အခြေတည်အဆင့် ၁)ကို အောင်မြင်စွာ သုတ်သင်ပြီး သက်တမ်း ၂၅နှစ် ရရှိခဲ့ပါသည်]
ထိုအရာသည် အတော်နည်းသော်လည်း ကုအန်တွေးမနေတော့ပေ။ လင်းဖုထျန်းသည် စိတ်ဝိညဉ်အခြေတည်အဆင့်ဖြစ်သော်လည်း သူ့အသက်သည် ၆၀၃နှစ်ရှိနေပြီဖြစ်ကာ အသက်ရှင်ဖို့ ၁၉၇နှစ်သာ ကျန်တော့သူ ဖြစ်ပေသည်။
ကုအန်ထိုအရာနှင့် ပတ်သက်ပြီးစိတ်မရှိခဲ့ပေ။ ထို့နောက် သူခဏဟိုသွားဒီသွား သွားခဲ့ပြီးသည့်နောက် ဘယ်သူမှလိုက်မလာတာ သေချာမှသာ ဆန်းကြယ်တောင်ကြားသို့ ပြန်ခဲ့၏။
ကုအန် အိမ်ထဲသို့ ပြတင်းပေါက်မှ၀င်လိုက်ပြီး စားပွဲတွင်၀င်ထိုင်ကာ ဝိုင်ထားသည့်ဗီရိုထဲမှ ဝိုင်တစ်ဂျားယူလိုက်ပြီး အားရပါးရသောက်ချလိုက်လေသည်။
ဝိုင်တစ်ဂျိုက်သောက်ပြီးသောအခါ ဝိုင်ဂျားကိုချလိုက်ချိန်တွင်ပင် သူ့လက်များ အနည်းငယ်တုန်ရီနေကာ နှလုံးခုန်များလည်း မြန်နေခဲ့သေး၏။
“ဟူးးး ဟူးးးး”
ကုအန် စိတ်လျှော့ထားနိုင်ရန် ကြိုးစားလိုက်သည်။
ဒါက ကြောက်စရာကြီးပဲ!
အိမ်ပြန်လာရင်း မိစ္ဆာလမ်းစဉ်သူလျှိုတစ်ယောက်ကို ရင်ဆိုင်ရခြင်း!
သူ့လုပ်ရပ်ကြောင့် အုတ်သော်သောင်းနင်းဖြစ်သွားမည်စိုးသောကြောင့် ကုအန်ဒီတစ်လအတွင်း အပြင်မထွက်တော့ဘဲ ခပ်ကုပ်ကုပ်သာနေဖို့ ဆုံးဖြတ်လိုက်သည်။
“အန္တရာယ်များလိုက်တာ ဒီနေ့ စိတ်ဝိညဉ်အခြေတည်အဆင့်တစ်ယောက်လာတယ်ဆို နောက်နေ့ နတ်အသွင်ပြောင်းခြင်းအဆင့်တစ်ယောက် ရောက်မလာနိုင်ဘူးလား ဒါမှမဟုတ် ပိုမြင့်တဲ့အဆင့်တွေတောင် ရောက်လာနိုင်တာပဲ….”
ကုအန် စနစ်ကိုဖွင့်လိုက်ရာ သက်တမ်းသည် ၉၁၀၀၀ ဖြစ်နေသောကြောင့် စိတ်သက်သာရာ ရသွားခဲ့၏။
အမတလမ်းစဉ်သည် အန္တရာယ်များနှင့် ပြည့်နှက်နေပေသည်။ ချီကျင့်ကြံခြင်းအဆင့် ၉ ကျင့်ကြံသူတစ်ယောက်မှာပင် စိတ်ဝိညဉ်အခြေတည်အဆင့်တစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံရသေး၏။ ထိုအရာသည် အမှန်တကယ်ပင် ကြောက်စရာကောင်းသည် မဟုတ်ပါလား။
ကုအန် ထိုလူ့ဘူးသီးခြောက်ထဲမှ တပည့်၁၅ယောက်၏ စိတ်ဝိညဉ်များအကြောင်း တွေးလိုက်မိချိန်မှာတော့ သနားမိသွားခဲ့သည်။
ယခုအချိန်တွင် သူဆေးပင်များကို ရသလောက်အမြန်ရိတ်သိမ်းပစ်တော့မည်ဖြစ်ပြီး သက်တမ်း ၁သိန်းပြည့်လျှင် လုပ်ဆောင်ချက်အသစ်တစ်ခုရမရ ကြည့်ရပေလိမ့်မည်။ ထို့နောက်တွင်တော့ အရင်ဆုံး သူ့ကျင့်ကြံခြင်းကို မြှင့်ဖို့ ကြိုးစားရမည် ဖြစ်၏။
ထို့နောက် ကုအန် သူ့ရင်ဘတ်ထဲမှ အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း စာအုပ်ကိုထုတ်လိုက်ပြီး အာရုံလွှဲဖို့ ကြိုးစားလိုက်တော့သည်။
ညဉ့်အချိန်ကျရောက်လာခဲ့ပြီး ပြတင်းပေါက်အပြင်မှ တပည့်များ၏ ဆူညံနေသံများကို ကြားနေရ၏။ ကုအန်နတ်အာရုံသုံး၍ စစ်ဆေးလိုက်ရာ ထန်ယုနှင့် စုဟန်တို့ လေ့ကျင့်တိုက်ခိုက်နေကြပြီး အခြားတပည့်များက စိတ်လှုပ်ရှားစွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ပုံမှန်ဆိုလျှင်တော့ သူလည်း၀င်နွှဲမည်ဖြစ်သော်လည်း အခုတော့ သူ့ခံစားချက်ထိုမျှ ကောင်းမနေပေ။
အစိမ်းရောင်သူရဲကောင်းစာအုပ်ကိုဖတ်နေရင်း ကုအန်တဖြည်းဖြည်းစိတ်အေးလာခဲ့ကာ စိုးရိမ်ပူပန်မှု အနည်းငယ်သာ ကျန်ရှိတော့၏။
တခဏကြာပြီးနောက်
အပြင်မှ ခြေသံများထွက်ပေါ်လာပြီး ကျန်းချင်တစ်ယောက် ကုအန် အိမ်တံခါးကို ဖွင့်လိုက်လေသည်။ “ဆရာ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ တိုက်ခိုက်နေကြပြန်ပြီ”
ထိုစဉ်ကျန်းချင် အကြည့် အစိမ်းရောင်သူရဲကောင်းစာအုပ်အဖုံးဆီ ရောက်သွားပြီး မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။
အပိုင်း(၄၀)
သစ်ရွက်ပျံဓားအင်ေမာ်တယ်အေကြာင်း ထပ်ကြားလိုက်ရခြင်း၊ နှစ်၁သိန်း သက်တမ်း
ကုအန်အစိမ်းရောင်သူရဲကောင်းစာအုပ်ကို ပိတ်လိုက်ကာ မေးလိုက်သည်။ “သူတို့ အရင်ကလည်း မကြာခဏလေ့ကျင့်နေကြပဲမလား ဘာလို့ ရန်ထဖြစ်သွားကြတာလဲ”
ကျန်းချင် အလျင်လိုနေသောအသံဖြင့် ပြန်ပြောလိုက်၏။ “စီနီယာအစ်ကို၂ က ဓားသိုင်းတစ်မျိုးကို ထုတ်သုံးလိုက်တယ် အဲ့တာကို စီနီယာအစ်ကိုကြီးက မင်းဓားသိုင်းက ပျော့လွန်းပါတယ်လို့ နောက်လိုက်တာ အဲ့လိုပြောခံရတော့ စီနီယာအစ်ကို ၂ စိတ်ပေါက်သွားပုံရပြီး စီနီယာအစ်ကိုကြီးကို ဓားနဲ့လိုက်ထိုးတော့တာပဲ သူ့ကိုတားလို့လည်း မရတော့ဘူး”
ထိုသို့ကြားလိုက်သောအခါ ကုအန် ချက်ချင်း ထရပ်လိုက်လေသည်။
ထို့နောက် သူတို့နှစ်ယောက် အိမ်ပေါ်မှ အမြန်ပြေးဆင်းသွားခဲ့ကြ၏။
ထိုအခိုက်တွင် အခြားတပည့်များမှာလည်း အားပေးနေခြင်းမျိုးမရှိတော့ဘဲ ဝိုင်း၀န်း၍ စုဟန် ကို ရပ်တန့်ရန် ဖျောင်းဖျနေခဲ့ကြသည်။
ညဉ့်အမှောင်ထုအောက်တွင် စုဟန်ဆံပင်များဖရိုဖရဲဖြစ်နေခဲ့ပြီး ကြမ်းကြုတ်သော တစ္ဆေတစ်ကောင်ကဲ့သို့ သူ့လက်ထဲမှ ဓားကိုခပ်ကြမ်းကြမ်း လွှဲခုတ်နေခဲ့ကာ သူ့မျက်လုံးထဲတွင်လည်း သွေးနီရောင် အလင်းတစ်ခု ရှိနေခဲ့၏။ သူ့ရှေ့ရှိ ထန်ယုမှာမူ စုဟန်ကို တောင်းပန်နေသည့်ပုံဖြစ်နေပြီး ၀တ်စုံတစ်ခုလုံး စုတ်ပြဲနေကာ ရင်ဘတ်ပေါ်တွင် ကြောက်စရာကောင်းလှသော ဓားဒဏ်ရာကြီးနှစ်ချက် ရှ်ိနေလေသည်။ ထိုဒဏ်ရာမှထွက်သော သွေးများကြောင့် သူ့ဘောင်းဘီတစ်ခုလုံးလည်း သွေးချင်းချင်းနီနေခဲ့၏။
ဝူရှင်းနှင့် ရှောင်ချွမ်တို့မှာလည်း အနားတိုး၍ တားဆီးချင်သော်လည်း စုဟန်၏ ကြမ်းတမ်းလှသော ဓားချက်များကြောင့် အနားကပ်မရဘဲ ဖြစ်နေခဲ့သည်။
ကုအန် ရောက်လာသည်ကိုမြင်သောအခါ တပည့်များ အမြန်လမ်းဖယ်ပေးလိုက်ကြ၏။
ကုအန် သူတို့နှစ်ယောက်ကြား အမြန်၀င်သွားလိုက်ပြီး ထန်ယု၏ ခြေကန်ချက်ကို ညာလက်နှင့် ကာလိုက်ကာ စုဟန်၏ လက်ကောက်၀တ်ကို ဘယ်လက်နှင့် ဖမ်းထားလိုက်သည်။
ထို့နောက် သူ့လက်ကို တစ်ချက်လှုပ်လိုက်ရာ ထန်ယု နောက်သို့ဆုတ်သွားခဲ့ရပြီး သူ့ဆရာ၏ လက်မောင်းအားကို အံ့ဩသွားခဲ့ရသည်။
နောက်သို့ရောက်မှသာ သူအသက်ကောင်းကောင်းရှူနိုင်ခဲ့ပြီး စုဟန်အား ကြောက်ရွံ့နေသော အကြည့်ဖြင့် ကြည့်လိုက်မိ၏။
ကုအန်၏ လက်ဖြင့် ဖမ်းဆုပ်ခြင်းခံထားရသောကြောင့် မလှုပ်နိုင်ဖြစ်နေချိန်တွင် ကုအန် သူ့လက်ကိုအားထည့်၍ ညှစ်လိုက်ရာ စုဟန်လက်ထဲရှိဓား မြေပြင်ပေါ်သို့ လွတ်ကျသွားခဲ့ရသည်။
“နိုးထတော့!”
ကုအန် လေးနက်သော လည်ချောင်းသံကြီးဖြင့် အမိန့်ပေးလိုက်ရာ စုဟန်မျက်လုံးထဲရှိ သွေးဆာနေသောအမူအရာများ တဖြည်းဖြည်း လွင့်ပျယ်လာခဲ့၏။
ခပ်လှမ်းလှမ်းမှကြည့်နေသော ဝူရှင်းမှာမူ အံ့ဩသွားခဲ့သည်။
စီနီယာအစ်ကိုကြီးရဲ့ လှုပ်ရှားမှုတွေက အရမ်းမြန်တာပဲ!
ကုအန်သည် ချီကျင့်ကြံခြင်းအဆင့် ၉ သို့ရောက်ရှိနေပြီဖြစ်ပါသော်လည်း သူတို့မျက်လုံးထဲတွင် ကုအန်အား သန်မာသောကျင့်ကြံသူတစ်ယောက်အဖြစ် မမြင်ခဲ့ပေ။ ထိုသို့မမြင်ရသည့် အဓိကအကြောင်းအရင်းမှာလည်း ကုအန်သည် သူ့ကိုယ်သူအလွန်နှိမ့်ချနေထိုင်တတ်၍ ဖြစ်ပေသည်။
ယခုမူ ကုအန်၏ လှုပ်ရှားမှုများကြောင့် ဝူရှင်း ကုအန်အပေါ်အမြင် ပြောင်းလဲသွားခဲ့ရ၏။
သူရုတ်တရက် စီနီယာအစ်ကိုကြီးသည် ထိုမျှမရိုးရှင်းဘူးဟု ခံစားလိုက်ရလေသည်။
ရှောင်ချွမ်မှာမူ မုန့်လန်နှင့်တုန်းကလည်း စီနီယာအစ်ကိုကြီးထိုသို့လုပ်သည်ကို မြင်ဖူးထားသောကြောင့် သာမန်ပဲဟူ၍သာ ထင်နေခဲ့၏။
ကုအန်၏ စိတ်ဝိညဉ်အမြစ်အရည်အသွေးသည် သာမန်သာဖြစ်သော်လည်း ရှောင်ချွမ့်နှလုံးသားထဲတွင် ကုအန်၏ သိုင်းပညာသည် အလွန်သန်မာသည်ဟု မှတ်ယူထားလေသည်။ အနည်းဆုံးတော့ သူယုံကြည်၍ရလောက်အောင် သန်မာပေ၏။
အခြားတပည့်များမှာလည်း ကုအန်၏ လှုပ်ရှားမှုများကို ပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်သောကြောင့် အတော်လေး အံ့ဩသွားကြ၏။ သူတို့ဆရာသည် ချီကျင့်ကြံခြင်း အဆင့် ၇ နှစ်ယောက်အား တစ်ချက်တည်းနှင့် ၀င်ထိန်းနိုင်လိုက်သည် မဟုတ်ပါလား။
ထိုသို့ အားလုံးအံ့သြေနကာ ဆွံ့အနေကြသော တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သူမှာ ကျန်းချန် ဖြစ်သည်။ သူစတင်ဖြိုခွဲလိုက်သောအခါ အခြားသူများမှာလည်း နောက်မှ လိုက်ပြောလာခဲ့ကြ၏။
“ဆရာ ဆရာကတကယ်ကြမ်းလွန်းတာပဲ”
“စီနီယာအစ်ကို၂ ထပါတော့”
“ဆရာ စီနီယာအစ်ကို ၂ က ကျင့်ကြံခြင်းဖောက်ပြန်သွားတာလား”
“အဲ့တာ စီနီယာအစ်ကို ၁ စီနီယာအစ်ကို၂ ကို သွားနောက်ပြောင်လို့ ဖြစ်ရတာပဲ စီနီယာအစ်ကို၂ အခုလို စိတ်တိုတာမျိုး တစ်ခါမှမမြင်ဖူးဘူး”
ကုအန် စုဟန်ကို ကြည့်နေချိန်တွင် တပည့်များ၏စကားသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
ထိုစဉ် စုဟန် ပျော့ခွေသွားကာ လဲကျတော့မလိုပင် ဖြစ်သွားခဲ့၏။ သူ့ညာလက်ကို ကုအန်ကိုင်ထားပေး၍သာ လဲကျမသွားခြင်း ဖြစ်သည်။
သူကုအန်ကို မော့ကြည့်လိုက်ပြီး အားနည်းစွာ ပြောလိုက်၏။
“ဆရာ ကျွန်တော်….”
သူဆုံးအောင် မပြောနိုင်သေးခင်တွင် ခေါင်းစိုက်ကြကာ မေ့မျောသွားလေတော့သည်။
ကုအန် တပည့်နှစ်ယောက်ကို စုဟန်အား အခန်းထဲလိုက်ပို့ရန် ခိုင်းလိုက်ပြီး ထန်ယုအား လှည့်ကြည့်လိုက်၏။
သူ့ဆရာ၏အကြည့်အောက်တွင် ထန်ယု၏ မျက်နှာနီရဲလာခဲ့ပြီး မည်သို့ရှင်းပြရမည်ကို မသိဖြစ်နေခဲ့သည်။ ဒဏ်ရာများကြောင့် သူ့ရင်ဘတ်မှာလည်း အတော်လေးနာကျင်နေခဲ့၏။
“အခန်းထဲပြန်ပြီး သွေးတိတ်အောင်လုပ်လိုက်” ကုအန် ခပ်တည်တည်ပင် ပြောလိုက်သည်။
ကုအန်စကားကိုကြားသောအခါ ထန်ယုလည်း အမြန် အရိုအသေပေး၍ လှည့်ထွက်သွားခဲ့၏။
ထိုအခါ ကုအန် အခြားတပည့်များကို ကြည့်လိုက်ပြီး ပြောလိုက်လေသည်။ “မင်းတို့အခုထိ လူစုမခွဲသေးဘူးလား မင်းတို့ဒီနေ့ မကျင့်ကြံကြတော့ဘူးလား”
ပြောပြီးသည်နှင့် ကုအန် သူ့အိမ်ဆီသို့ ပြန်လာခဲ့လိုက်သည်။
တပည့်များမှာမူ လှည့်ထွက်သွားေသာ ကုအန် အား ကြည့်ပြီး အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ကုအန်သူတို့ကို ဘာမှဆူငေါက်သွားခြင်းမျိုးမရှိခဲ့သော်လည်း ကုအန် ဒေါသထွက်နေသည်ကို သူတို့ ခံစားမိခဲ့ကြသည်။
ကုအန်သူတို့အား ဆိုဆုံးမရန် ခံစားချက်ကောင်းမနေမှန်း သူတို့သိနေကြ၏။
ထိုညတွင် တောင်ကြားထဲရှိတပည့်များအားလုံး ကိုယ့်အတွေးနှင့်ကိုယ်ဖြစ်နေကြပြီး စိတ်မအေးနိုင် ဖြစ်နေခဲ့ကြလေသည်။
ကုအန် သူ့အိမ်ထဲတွင် နေနေရင်း ညဉ့်သန်းခေါင်အချိန်တွင် အားကောင်းသော နတ်အာရုံတစ်ခု သူ့အားဖြတ်သွားသည်ကို အာရုံခံခဲ့မိ၏။
သိသာစွာပင် သူနှင့် လင်းဖုထျန်း၏ တိုက်ပွဲကို အဓိပတိဂိုဏ်းမှ သိရှိသွားခဲ့လေပြီ။
နောက်တစ်နေ့မနက်တွင်
စုဟန် ကုအန်ကိုတောင်းပန်ဖို့ ရောက်လာခဲ့လေသည်။
“ငါ့ကိုတောင်းပန်လည်း အလကားပဲ မင်းထိခိုက်အောင်လုပ်ခဲ့တာ ငါ့ကိုမဟုတ်ဘူး” ကုအန် အေးအေးဆေးဆေးပင် ပြောလိုက်၏။
စုဟန် အံကြိတ်လိုက်ကာ “သူအရင် ကျွန်တော့်ရဲ့ဓားသိုင်းကို လှောင်ပြောင်ခဲ့တာ”
ကုအန် ပြန်မေးလိုက်သည်။ “ဒါဆိုမင်းကသူ့ကို မင်းဓားသိုင်းရဲ့မူလဇာစ်မြစ်ကို ပြောပြခဲ့ဖူးလား”
“ကျွန်တော်….”
“မင်းနဲ့ထန်ယုက ဆေးတောင်ကြားကို တစ်ရက်တည်း၀င်ခဲ့ကြတာ နောက်ပြီး မင်းတို့ကအရင်းနှီးဆုံးသူငယ်ချင်းတွေဆိုလည်းဟုတ်တယ် မင်းလည်းသူ့ကိုကောင်းကောင်းသိပါတယ် သူကပေါ့ပြက်ပြက်နေတတ်ပေမယ့် စိတ်ရင်းမကောင်းတဲ့လူတစ်ယောက်တော့ မဟုတ်ဘူး” ကုအန် လေးလေးနက်နက်ပြောလိုက်၏။ နှစ်ပေါင်းများစွာ အတူနေလာခဲ့ပြီးမှ သူတပည့်များ ရန်သူများဖြစ်သွားကြမည့်အဖြစ်မျိုး သူမလိုချင်ခဲ့ပေ။
သူစုဟန်အား အာဃာတကောင်းကင်နတ်ဓားသိုင်း လေ့ကျင့်နေခြင်းကိုေတာ့ မတားဆီးခဲ့ပေ။ ထိုသို့သော ကိစ္စမျိုးသည် တားဆီ၍ ရမည့်ကိစ္စမျိုးလည်း ဟုတ်မနေပေ။ သူသာအတင်းအကြပ်တားဆီးလိုက်လျှင် သူတို့ကြားရှိ ဆရာတပည့်ဆက်ဆံရေးတွင် အဖုအထစ်များပင် ရှိလာနိုင်ပေသည်။
ထန်ယုနှင့် အတူတူရှိနေခဲ့သော နေ့ရက်များအကြောင်း ပြန်စဉ်းစားရင်း စုဟန် နောင်တကြီးစွာ ရလာခဲ့၏။
ထန်ယုသည် သူ့ဓားသိုင်းက အစွမ်းမရှိဘူးလို့ လှောင်ပြောင်လိုက်သောအခါ အာဃာတကောင်းကင်နတ်ဓားသိုင်းအား တတ်မြောက်အောင်မလေ့ကျင့်နိုင်၍ ဖြစ်ပေါ်နေသော စုဟန်၏ သိမ်ငယ်စိတ်ကို သွားဆွပေးလိုက်သလို ဖြစ်သွားခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက်ကြား အခြေအနေများပိုမိုတင်းမာလာခဲ့ပြီး ထန်ယုလည်း ဒေါသထွက်လာကာ သူ့စကားများသည် ပိုမိုလွန်ကျူးလာသောကြောင့် နောက်ဆုံးတွင် စုဟန်ကျင့်ကြံခြင်းဖောက်ပြန်သည့် အခြေအနေထိပင် ရောက်ရှိသွားခဲ့၏။
“ဆရာ ကျွန်တော်မှားသွားပါတယ် ကျွန်တော်ပြီးရင် စီနီယာအစ်ကို ၁ ဆီသွားလိုက်ပါ့မယ်” စုဟန် သက်ပြင်းချကာ ပြောလိုက်သည်။
ကုအန်ပြန်ပြောလိုက်၏။ “အချိန်ဆွဲမနေနဲ့ အခုသွားလိုက် ငါလည်းဆေးပင်တွေသွားစစ်ဆေးရဦးမယ်”
ကုအန် မတ်တပ်ရပ်လိုက်ကာ စုဟန်ဆီ လျှောက်သွားလိုက်လေသည်။
ထို့နောက် သူတို့နှစ်ယောက် အိမ်ထဲမှ ရှေ့ဆင့်နောက်ဆင့် ထွက်သွားခဲ့ကြပြီး စုဟန် အခန်းတံခါးကို ပြန်ပိတ်ပေးခဲ့လိုက်သည်။ သူစုဟန်နောက်မှ လိုက်လာရင်း သူသိလိုသည်ကို မမေးဘဲ မနေနိုင်ခဲ့ပေ။
“ဆရာ ဘာလို့ကျွန်တော်မနေ့ညက အသိစိတ်ပျောက်သွားလဲဆိုတာ မမေးတော့တာလဲ”
ကုအန် လှည့်မကြည့်ဘဲ ပြောလိုက်၏။ “အဲ့တာက မင်းရဲ့ အာဃာတကောင်းကင်နတ်ဓားသိုင်းနဲ့ ပတ်သက်နေတာပဲဖြစ်ရမယ် ဒီဓားသိုင်းက မင်းအဖေမင်းကို ချန်ထားပေးခဲ့တဲ့ အမွေအနှစ်လေ လေ့ကျင့်တာမကျင့်တာက မင်းဆုံးဖြတ်ရမှာပါ မင်းရဲ့နှလုံးသားထဲမှာ ဘယ်အရာကအရေးအကြီးဆုံးလဲဆိုတာကို သေချာစဉ်းစားတွေးတောပြီး ဆုံးဖြတ်ဖို့လိုတယ်”
စုဟန် ခြေလှမ်းများနှေးကွေးသွားပြီး လှေကားရှေ့တွင် ရပ်ကာ သူ့ရှေ့မှ ထွက်သွားသော ကုအန်၏ပုံရိပ်ကို ဗလာမျက်လုံးများဖြင့် ကြည့်နေမိသည်။
ဘာကအရေးအကြီးဆုံးလဲ!
ကုအန် သူ့တပည့်များ၏ ကိစ္စများကို အများကြီးတွေးနေဖို့ အချိန်မရှိပေ။ သူပြောသင့်သည်များကို ပြောပြီးပြီဖြစ်၏။ ဒါမှ နားမလည်သေးဘူးဆိုလျှင်လည်း ဆန်းကြယ်တောင်ကြားမှ ထွက်သွားခိုင်းမည်ဖြစ်ပြီး သူနောက်ဘယ်တော့မှ တွေ့တော့မည် မဟုတ်ပေ။
ကုအန် ဥယျာဉ်ထဲရှိဆေးပင်များကို ကြည့်ရှုနေရင်း မည်သည့်ဆေးပင်များက ရင့်မှည့်ခါနီးပြီလဲ ဆိုတာကို သေချာစစ်ဆေးနေခဲ့သည်။
နှစ်တစ်သိန်းပြည့်ရန် အလျင်လိုနေပြီဖြစ်သောကြောင့် ကုအန် ရင့်မှည့်ချိန်ထိမစောင့်တော့ဘဲ ရင့်မှည့်ခါနီးသော ဆေးပင်များကို ခူးပစ်တော့မည် ဖြစ်၏။
ဒါပေါ့ ရင့်မှည့်ရန်အတော်လိုနေသေးသော အပင်များကိုတော့ သူခူးလိမ့်မည်မဟုတ်ပေ။ ဘယ်လောက်ပင် အလျင်လိုနေပါစေ သူ၏အုတ်မြစ်ကို ဖျက်ဆီးပစ်ရန်အထိတော့ သူမရူးသေးပေ။
ယခုအခါ သူ့တွင် သက်တမ်းစုဆောင်းရန် နည်းလမ်းမျိုးစုံရှိနေပြီဖြစ်သောကြောင့် ကုအန် အရမ်းတော့ စိတ်ပူမနေခဲ့ချေ။
…..
တောင်ပေါ်ရှိ တောအုပ်အထက်တွင် ကျင့်ကြံသူများသည် မှော်အသုံးအဆောင်မျိုးစုံကို စီးနင်း၍ ပျံသန်းနေကြကာ တောအုပ်ထဲရှိ ရှာဖွေစုံစမ်းနေသော ဥပဒေရေးရာခန်းမမှ တပည့်များကို ကြည့်ရှုနေကြသည်။
ချူကျင့်ဖုန်းလည်း ဓားပျံပေါ်တွင် ရပ်နေခဲ့ပြီး သူ၏ညာဘက် အင်္ကျီလက်အိုးမှာ လေနှင့်အတူလ္ငင့်မျောနေခဲ့၏။ သူ့တွင်အရင်လို ငယ်ရွယ်နုပျိုသော အရှိန်အဝါမျိုးမရှိတော့ဘဲ ယခုအခါ သူ့အရှိန်အဝါမှာ အရင်ထက်များစွာပိုမိုရင့်ကျက်လာခဲ့သည်။
ဘူးသီးခြောက်ကြီးတစ်ခုကိုစီး၍ ပျံသန်းနေသော အဖိုးကြီးတစ်ယောက်သည် ချူကျင့်ဖုန်းအနားသို့ရောက်လာပြီး သစ်ရွက်တစ်ရွက်ကိုပေးလိုက်ပြီး ပြောလိုက်၏။ “ဒါက သစ်ရွက်ပျံဓားအင်မော်တယ်ပဲဆိုတာ သေချာတယ် အနီးတစ်ဝိုက်မှာ ၀မ်းယင်ဂိုဏ်းက လင်းဖုထျန်းရဲ့ စိတ်ဝိညဉ်ဘူးသီးခြောက်အိုးကို တွေ့ခဲ့တယ် အိုးထဲမှာတော့ အဓိပတိဂိုဏ်းကတပည့် ၁၅ယောက်ရဲ့ ဝိညဉ်တွေရှိနေတယ်”
ချူကျင့်ဖုန်း သစ်ရွက်ကို သေချာကြည့်ရှုစစ်ဆေးလိုက်၏။ သစ်ရွက်မျက်နှာပြင်ပေါ်တွင် တစ်ချက်ကြည့်ရုံနှင့် မတွေ့နိုင်ဘဲ သေချာကြည့်မှ မြင်နိုင်သော ဓားအမှတ်အသားများဖြင့် ပြည့်နှက်နေလေသည်။
သူတွေးတွေးဆဆပြောလိုက်၏။ “ဒါဆို သစ်ရွက်ပျံဓားအင်မော်တယ်က ကျွန်တော်တို့ဂိုဏ်းကတစ်ယောက်ပဲပေါ့”
အကြီးအကဲခေါင်းညိတ်ပြီး ပြောလိုက်သည်။ “အဲ့လိုပဲဖြစ်ရမယ် ကျိုးယိကျင်းကိုတိုက်ခိုက်တာကတော့ ဂိုဏ်းတွင်းပဋိပက္ခတွေကြောင့် ဖြစ်နိုင်တယ် လင်းဖုထျန်းကို သူသတ်လိုက်တာကို ကြည့်ရင် သူသာကျိုးယိကျင်းကို သတ်ချင်ရင် ကျိုးယိကျင်းအသက်ရှင်နိုင်မှာမဟုတ်ဘူး”
ချူကျင့်ဖုန်း တိတ်ဆိတ်သွားခဲ့သည်။
အကြီးအကဲ သူ၏လေထဲတွင်လွင့်နေသော အင်္ကျီလက်အိုးအား ကြည့်၍ ပြောလိုက်၏။ “ကျင့်ဖုန်း အခုကမင်းလက်တွေကို ပြန်ကုသဖို့အချိန်ရောက်နေပြီနော် ဘယ်လက်နဲ့ပဲ မင်းဓားသိုင်းကိုအသုံးပြုနေမယ်ဆိုရင် ကြာလာရင် အဲ့ဒီအကျင့်ကို ဖျောက်ဖို့ ပိုခက်လာလိမ့်မယ်”
“ဘာလို့ ကျွန်တော်ကကုသသင့်တာလဲ သစ်ရွက်ပျံဓားအင်မော်တယ်က သစ်ရွက်တစ်ရွက်ကိုတောင် ဓားအဖြစ်အသုံးပြုနိုင်ရင် ကျွန်တော်က ဓားတစ်လက်ကိုသုံးဖို့ ဘာလို့ညာလက်ကို မရှိမဖြစ်လိုနေရမှာလဲ” ချူကျင့်ဖုန်း ပြန်ခံပြောလိုက်သည်။
ရီလန်တစ်ယောက် လျှိုမြောင်တစ်ခုထဲတွင်ရပ်နေရင်း သူ့ရှေ့ရှိလျှိုမြောင်အဆုံးသည် ကုန်းမြေနှင့် ပင်လယ်၏အဆုံးသတ်ဖြစ်နေသလို ကြောင်ငေး၍ ကြည့်နေမိ၏။
“ငါကြားခဲ့တာတော့ ဒါကိုလုပ်ခဲ့တဲ့သူက သစ်ရွက်ပျံဓားအင်မော်တယ်တဲ့ ဒီကြောက်စရာမြင်ကွင်းကြီးက သစ်ရွက်တစ်ရွက်တည်းကြောင့် ဖြစ်သွားတာတဲ့လေ” အမျိုးသမီးတပည့်တစ်ယောက် အံ့ဩနေဟန်ဖြင့် ပြောလိုက်သည်။
ပတ်၀န်းကျင်ရှိတပည့်များအားလုံးလည်း သစ်ရွက်ပျံဓားအင်မော်တယ်၏ ကြောက်မယ်ဖွယ်စွမ်းအားကို အံ့ဩမိနေကြပြီး ရီလန်လည်း သူ့ကိုအတော်လေး အားကျနေမိ၏။
ထိုမျှသန်မာသော ခွန်အားမျိုးရှိစေရန် လူတစ်ယောက်၏ ကျင့်ကြံခြင်းသည် မည်မျှ မြင့်နေရမည်နည်း။
ရီလန် ထိုနေရာမှနေ၍ အရပ်မျက်နှာတစ်ခုသို့ လှည့်ကြည့်လိုက်ပြီး သူ့မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာလေတော့သည်။
…..
လင်းဖုထျန်းသေဆုံးသွားပြီးကတည်းက ဆန်းကြယ်တောင်ကြားပေါ်မှ ကျင့်ကြံသူများ နေ့တိုင်းဖြတ်ပျံနေခဲ့ကြသည်။ သူတို့အများစုသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများဖြစ်ကြပြီး ထိုထဲတွင် ရီလန်ကိုပင် ကုအန်တစ်ခါတလေ တွေ့လိုက်ရသေး၏။
အကြိမ်တိုင်း သူမသည်တောင်ကြားဆီအလည်မလာခဲ့ဘဲ အပေါ်မှသာ ဖြတ်ပျံသွားခဲ့သည်။
သို့သော် သူမသည် တစ်လအတွင်း ဆန်းကြယ်တောင်ကြားပေါ်မှ လေးခါလောက် ဖြတ်ပျံနေလေရာ ကုအန် သူ့ရည်ရွယ်ချက်ကို မည်သို့မသိဘဲ နေတော့မည်နည်း။
“ဒီကောင်မလေးကတော့….”
ကုအန် ပြတင်းပေါက်တွင်ရပ်နေရင်း တောင်ပေါ်မှပျံသန်းသွားသော ကျင့်ကြံသူများကိုကြည့်နေရင်း နွေးထွေးသောခံစားမှုတစ်ခုခံစားလိုက်ရသည်။
ထို့နောက် စနစ်ကိုဖွင့်ကြည့်ကာ သက်တမ်း ၉၉၉၉၉ ဟူသော စာတမ်းကိုကြည့်နေရင်း လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
ထိုအရာဖြစ်လာပေတော့မည်!
ယခုညတွင် သူသည် နောက်ထပ်နယ်ပယ်တစ်ခုအား တက်လှမ်းနိုင်ပေတော့မည်!
ဤလတွင် သူမရင့်မှည့်သေးသော အပင်များကိုပါ ရိတ်သိမ်းခဲ့သောကြောင့် နောက်နှစ်အတွက်သူ၏ ဆေးပင်အထွက်နှုန်းလျော့ကျသွားရပေလိမ့်မည်။ သို့သော် ထိုအရာသည် တစ်နှစ်သာဖြစ်ပြီး နောက်ထပ်နှစ်များတွင်တော့ သာမန်အတိုင်း ပြန်ဖြစ်သွားမည်သာ။
ကုအန် ကျန်သည့် သက်တမ်း ၁၀နှစ်ကိုတော့ ဒီတိုင်းချန်ထားပြီး ညကျမှ တိတ်တဆိတ်ရိတ်သိမ်းလိုက်မည်ဟု စဉ်းစားထားခဲ့သည်။
ယခုတော့ စောသေးသည်ဖြစ်သောကြောင့် ကုအန်အခန်းထဲတွင်သာ ထိုင်မနေနိုင်သောကြောင့် လှေကားမှ အောက်သို့ ဆင်းလိုက်၏။
ခြံထဲသို့ ရောက်သောအခါ ခပ်လှမ်းလှမ်း အရှေ့ဘက်ရှိတောင်ထိပ်တစ်ခုပေါ်တွင် ဓားသိုင်းကျင့်နေသော စုဟန် ကိုမြင်လိုက်ရသည်။ ထိုညက ရန်ပွဲဖြစ်ပြီးကတည်းက စုဟန်သည် တစ်သီးတခြားပိုနေတတ်လာပြီး အခြားသူများမှာလည်း သူ့ကိုနှောင့်ယှက်မိလျှင် စိတ်ရူးပေါက်သွားမည်ဆိုးသောကြောင့် မကပ်ရဲဘဲ ဖြစ်နေခဲ့ကြ၏။
ထန်ယုနှင့် စုဟန်တို့ကြားရှိ ဆက်ဆံရေးမှာတော့ ပိုတိုးတက်လာခဲ့လေသည်။ အာဃာတကောင်းကင်နတ်ဓားသိုင်း၏ ဇာစ်မြစ်ကိုသိသွားပြီးသည့်နောက် ထန်ယု စုဟန်အား ပြန်တောင်းပန်ခဲ့၏။ သို့သော် တောင်းပန်ပြီးချိန်တွင်တော့ သူပို၍ပင် ကြိုးစားလေ့ကျင့်လေတော့သည်။
တောင်းပန်ခြင်းသည် တောင်းပန်ခြင်းသာဖြစ်ပြီး အကြီးဆုံးတပည့်တစ်ယောက်အနေနှင့် သူစုဟန်ကို ထပ်ပြီး မရှုံးနိမ့်လိုတော့ပေ။
ကုအန် ဥယျာဉ်ခြံစည်းရိုးရှေ့တွင် ရပ်နေရင်း ပြုံးနေခဲ့၏။
“ဆရာ ဘာတွေအရမ်းပျော်နေတာလဲ” ကျန်းချင် ကုအန်အနားကပ်လာပြီး စိတ်ဝင်တစားမေးလိုက်လေသည်။
ကုအန် သူမဆံပင်များကို ပွတ်ပေးလိုက်ရင်း ပြုံးလိုက်သည် “ဘာလို့လဲ ဆရာကမကြာခဏမပြုံးတတ်လို့လား”
ကျန်းချင် တခစ်ခစ်ရယ်လိုက်၏။ “ဆရာ ဒီနေ့ခံစားချက်ကောင်းနေတယ်ဆို ဘာလို့ကျွန်မကို လေဟုန်ကြွင်းခြေထောက်သိုင်း သင်မပေးတာလဲ”
ကုအန် တအံ့တဩမေးလိုက်သည်။ “မင်းက ဓားသိုင်းတွေ ခြေသိုင်းတွေကျင့်ရတာကို မုန်းတယ်လို့ ဆရာကထင်ထားတာ ဘာလို့ပြောင်းလဲသွားတာလဲ”
“ကျွန်မ ဒေါ်လေးရီလန်လို ဥပဒေရေးရာခန်းမက တပည့်တစ်ယောက်ဖြစ်ချင်လို့” ကျန်းချင် လက်သီးဆုပ်၍ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
ရီလန် တောင်ကြားပေါ်မှဖြတ်သွားစဉ်တွင် ဝူရှင်းနှင့်ရှောင်ချွမ်တို့ သူ့ကိုမြင်လိုက်ကြပြီး သူ့အကြောင်းပြောနေခဲ့ကြလေသည်။ ထိုစဉ် ထိုနားတွင် မြက်နှုတ်နေသော ကျန်းချင်လည်း ရီလန့်အကြောင်းကြားသွားခဲ့ပြီး အားကျမိသွားကာ ဥပဒေရေးရာဌာနသို့ ၀င်ချင်သွားခဲ့၏။
ကုအန် ရယ်မော၍ ပြောလိုက်သည်။ “ကောင်းပြီလေ ဆရာသင်ပေးပါ့မယ်”
သူစာဖတ်နေလျှင် ထိုကောင်မလေးသည် ခဏခဏလာရှုပ်တတ်သောကြောင့် သူ့ကိုအမြန်ဆုံးအပြင်စည်းဂိုဏ်းထဲ ပို့နိုင်လိုက်လျှင်လည်း ကောင်းသည့်အရာသာ ဖြစ်ပေသည်။
ထို့နောက် ကုအန် ကျန်းချင်အား လေဟုန်ကြွင်းခြေထောက်သိုင်း စတင်သင်ကြားပေးခဲ့၏။
ညဉ့်နက်ချိန်သို့ရောက်သောအခါ တပည့်များ ကိုယ့်အခန်းကိုယ်ပြန်သွားကြချိန်တွင် ကုအန် ဆန်းကြယ်တောင်ကြားမှ ခိုးထွက်လာခဲ့သည်။ ထွက်မလာခင်တွင် အဆင့် ၃ စိတ်ဝိညဉ်ဆေးပင်နှစ်ပင်ကိုလည်း ဉယျာဉ်ထဲမှ တိတ်တဆိတ် ရိတ်သိမ်းလာခဲ့၏။