အခန်း (၆၉၁-၆၉၂)
Vol. 70 Ch. 691-692
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၉၁ + ၆၉၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကောလာဟလသတင်းများက ပိုမိုပြီး အသေးစိတ်ကျလာသလို ၊ နှစ်ဖက်အင်အားကွာဟချက်သည်လည်း အလွန်အမင်း ကွာခြားလွန်းလှသည်။ ထို့ကြောင့် လူအများစုမှာ မျှော်လင့်ချက်ရောင်ခြည် လုံးဝကင်းမဲ့သွားကြပြီဖြစ်၏။
ကောလာဟလများသည် အချိန်နှင့်အမျှ ပြောင်းလဲနေပြီး ပြောစကားများမှာလည်း အမျိုးမျိုးအဖုံဖုံ ကွဲပြားနေလေသည်။
“တုပိုင် မသေဘူးဟ။ သူလက်နက်ချသွားတာ။ သူ့ဟာသူ ဖြတ်ပြီးတော့ ဂျာချင်အင်ပါယာရဲ့ မင်းသားတိုမိုဂွန်ဆီမှာ အညံ့ခံလိုက်တာတဲ့။ အခုတော့ ဂျာချင်ဧကရာဇ်ဘေးက မိန်းမစိုးဖြစ်သွားပြီ။ ပြီးတော့ မင်းသမီးနင်းရွှဲ့ကိုပါ ယဇ်ပူဇော်ပြီး ဂျာချင်ဧကရာဇ်ဆီ ဆက်သလိုက်တယ်တဲ့ကွ။ မင်းသမီးလေးခမျာ ကိုယ်လုပ်တော်ဖြစ်သွားရှာပြီ”
“ပေါက်ကရတွေ မပြောစမ်းနဲ့။ နယ်စားမင်းတုပိုင်က ဘယ်တော့မှ လက်နက်ချမယ့်သူ မဟုတ်ဘူး”
“လက်နက်မချဘဲ နေပါ့မလားကွ။ သူခေါင်းဖြတ်ခံလိုက်ရပြီ။ သူ့စစ်တပ်တစ်ခုလုံးလည်း ပြာကျသွားပြီ။ ရှန်ဟိုင်ကွမ် ကျသွားပြီဟေ့။ ဂျာချင်စစ်တပ်တွေ သိန်းနဲ့ချီပြီး မြို့တော်ဆီ ချီတက်လာနေကြပြီ”
“ငါ့ဝမ်းကွဲအစ်ကိုတစ်ယောက် ရှန်ဟိုင်ကွမ်ကနေ ထွက်ပြေးလွတ်မြောက်လာတယ်။ ရှန်ဟိုင်ကွမ် ကျသွားတာနဲ့ နယ်စားမင်းတုပိုင် ရှုံးသွားတာတွေ ပြီးတော့ သူ့စစ်တပ်ကြီးတစ်ခုလုံး ပျက်စီးသွားတာကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာတဲ့။ တောင်ပေါ်က ဂျာချင်စစ်သည်တွေ မြို့တော်ဘက်ကို သတ်ဖြတ်ပြီး လာနေကြပြီ၊ မြို့တော် ကျတော့မယ်”
မြို့တော်အတွင်းရှိ လူထုထိတ်လန့်မှု မြင့်တက်လာသည်နှင့်အမျှ လူအများမှာ စတင်ထွက်ပြေးကြလေတော့သည်။ ဖန်းမိသားစု၏ သူလျှိုများသည်လည်း အခွင့်ကောင်းယူကာ မြို့တော်ရှိ လူမိုက်များနှင့် ပူးပေါင်းပြီး ပြဿနာမီးကို စတင်မွှေးကြလေတော့၏။
မြို့တော်တစ်ခုလုံးသည် ထိတ်လန့်ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှု နွံအိုင်ထဲသို့ နစ်မွန်းသွားကြရသည်။
ထိုအချိန်၌ပင် အရှေ့မြောက်ဘက်ဆီမှ မြင်းတပ်သားတစ်ယောက်သည် ဖုန်လုံးကြီးများကို ဖြတ်သန်းကာ ဒုန်းစိုင်းနှင်လာလေ၏။
သူသည် ရူးသွပ်စွာဖြင့် အော်ဟစ်လာသည်။ “အရေးပေါ် စစ်သတင်း... အရေးပေါ် စစ်သတင်းဟေ့... ရှန်ဟိုင်ကွမ်က အောင်ပွဲသတင်း... ကြီးကျယ်ခမ်းနားတဲ့ အောင်ပွဲသတင်းဟေ့”
“မဟာနယ်စားမင်းတုပိုင် အပြတ်အသတ် အနိုင်ရလိုက်ပြီ။ ရန်သူ နှစ်သိန်းကို ခေါင်းဖြတ်သတ်နိုင်ခဲ့တယ်။ ဂျာချင်တွေ ရှုံးနိမ့်သွားပြီဗျို့”
ထိုမြင်းတပ်သားသည် မြို့တော်လမ်းမတစ်လျှောက် အော်ဟစ်ကာ ဝင်ရောက်လာခဲ့သည်။ ရှန်ဟိုင်ကွမ် အောင်ပွဲခံပြီ။ နယ်စားမင်းတုပိုင် လုံးဝ အောင်ပွဲခံနိုင်ခဲ့ပြီး ရန်သူ နှစ်သိန်းကို ခေါင်းဖြတ်သတ်နိုင်ခဲ့ပြီ။
ရုတ်တရက် လုံးဝ ပရမ်းပတာ ဖြစ်နေသော မြို့တော်ရှိ ပြည်သူများသည် သူတို့၏ နားကိုပင် မယုံနိုင်အောင် ဖြစ်သွားကြရသည်။
**--**--**--**--**--**--**--**
နန်းတော်အတွင်း၌ မဟာဆရာသခင် နင်ဇောင်ဝူသည် နန်းတော်အတွင်းရှိ သိုင်းပညာရှင် ရာပေါင်းများစွာကို ဦးဆောင်ကာ မင်းသားသုံးပါးအား အနောက်တောင်ဘက်သို့ လျှို့ဝှက်စွာ ခေါ်ဆောင်သွားရန် ပြင်ဆင်နေလျက်ရှိ၏။
ဧကရာဇ်ယုံတယ်သည် ရှန်ဟိုင်ကွမ်ရှိရာဘက်သို့ လှမ်းမျှော်ကြည့်ကာ နင်ဇောင်ဝူအား အမိန့်ပေးလိုက်သည်။ “သွားကြတော့... အကုန်သွားကြတော့... နောက်ကျသွားလိမ့်မယ်”
ထိုအချိန်၌ပင် မိန်းမစိုးတစ်ဦး အပြေးအလွှား ရောက်ရှိလာပြီး သူ၏နောက်တွင် သွေးထွက်သံယို ဖြစ်နေသော စစ်သည်တစ်ဦးလည်း ပါလာ၏။ ထိုသူမှာ မင်းသမီးနင်းရွှဲ့၏ ကိုယ်ရံတော်စစ်သည် ဖြစ်လေသည်။
သူသည် ဧကရာဇ်ယုံတယ်ရှေ့သို့ ပြေးဝင်လာပြီး ဒူးထောက်ကာ လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး... နယ်စားမင်းတုပိုင်ဆီက အရေးပေါ် စစ်သတင်း ရောက်လာပါပြီဘုရား”
ဧကရာဇ်မှာ တုန်ရီစွာဖြင့် မေးလိုက်သည်။ “ဘာတဲ့လဲ... ကျသွားပြီလား။ စစ်ပွဲက အခုမှ စတာ မဟုတ်ဘူးလား”
မင်းသမီးနင်းရွှဲ့၏ စစ်သည်က လျှောက်တင်လိုက်သည်။ “ရှန်ဟိုင်ကွမ်က ကြီးကျယ်ခမ်းနားတဲ့ အောင်ပွဲပါဘုရား... နယ်စားမင်းတုပိုင် အပြတ်အသတ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ရန်သူ နှစ်သိန်းကို ခေါင်းဖြတ်သတ်နိုင်ခဲ့ပြီး ဂျာချင်တွေ ရှုံးနိမ့်သွားပါပြီ”
“ဘာ...” ဧကရာဇ်ယုံတယ် လုံးဝ အံ့အားသင့်သွားပြီး ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ခါသွားကာ မတ်တတ်ပင် မရပ်နိုင်တော့ချေ။
သူ့နားကို သူ လုံးဝ မယုံနိုင်အောင် ဖြစ်သွားရသည်။ ပြီးခဲ့သည့် ရှန်ယန်တိုက်ပွဲ ရှုံးနိမ့်စဉ်က ဧကရာဇ်ယုံတယ်သည် မင်းသားဘဝသာ ရှိသေးသည်။ ထိုသတင်းဆိုးကို ကြားရစဉ်က သူသည် ခေါင်းမူးသွားပြီး မတ်တတ်ပင် မရပ်နိုင်အောင် ဖြစ်ခဲ့ရသည်။
ယခု ရှန်ဟိုင်ကွမ် အောင်ပွဲတွင်လည်း သူ၏ တုံ့ပြန်မှုမှာ အလားတူပင် ဖြစ်ပြီး ဦးနှောက်အတွင်းရှိ ဟန်ချက်ထိန်းစနစ် ယာယီ ချို့ယွင်းသွားသကဲ့သို့ ခေါင်းမူးဝေသွားရလေသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ သူ သွေးအန်မထွက်ခဲ့ပေ။
ထိုအချိန်တွင် သူ၏ အသက်ဆယ့်တစ်နှစ်အရွယ် သားတော်ကြီးက မေးလာသည်။ “ခမည်းတော်... သားတော်တို့ သွားရတော့မှာလားဟင်။ သားတော် မသွားချင်ဘူး ၊ ခမည်းတော်နဲ့ မယ်တော်ကို ထားမသွားချင်ဘူး”
ထိုအချိန်ကျမှသာ ဧကရာဇ်ယုံတယ် သတိဝင်လာပြီး ပြန်ပြောလိုက်သည်။ “သွားစရာ မလိုတော့ဘူး... မင်းတို့ သွားစရာ မလိုတော့ဘူး”
ထို့နောက် သူ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဆက်ပြောလိုက်သည်။ “ဘိုးဘွားတွေ စောင့်ရှောက်တာပဲ... ဘိုးဘွားတွေရဲ့ ကောင်းကင်ဘုံ ဝိညာဉ်တွေက ကောင်းချီးပေးလို့ ကျန့်ရှီးနယ်စားမင်း ဒီလောက် ကြီးကျယ်တဲ့ အောင်ပွဲမျိုး ရခဲ့တာ။ မြန်မြန်လုပ်စမ်း... ဒီသတင်းကို အင်ပါယာတစ်ခုလုံး သိအောင် အခုချက်ချင်း ဖြန့်လိုက်စမ်း”
ထို့နောက် သူသည် ခြေလှမ်းကျဲကြီးများဖြင့် နန်းတော်ရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းဆောင်ငယ်လေးထဲသို့ ဝင်သွားပြီး ဤသတင်းကောင်းကို မယ်တော်ကြီးအား သွားရောက် ပြောပြလေသည်။
ယခင်ဧကရာဇ် နတ်ရွာစံပြီးနောက် မယ်တော်ကြီးသည် သက်သတ်လွတ်စားပြီး ဘုရားစာရွတ်ဖတ်ကာ အချိန်ကုန်လွန်စေခဲ့ရာ နေ့စဉ်နီးပါး ဘုရားကျောင်းဆောင်ငယ်လေးထဲတွင်သာ နေထိုင်ခဲ့သည်။ နေ့စဉ် ဆုတောင်းသည်။
တုပိုင်၏ ရှန်ဟိုင်ကွမ်တိုက်ပွဲအတွက် ဆုတောင်းသည်။ တာ့နင်အင်ပါယာအတွက် ဆုတောင်းသည်။ သားတော်ဖြစ်သူ ဧကရာဇ်သစ်ယုံတယ်အတွက် ဆုတောင်းသည်။ သမီးတော် နင်းရွှဲ့အတွက် ဆုတောင်းပေးခဲ့သည်။
ဘုရားကျောင်းဆောင်ငယ်လေး၏ ပတ်လည်တွင် လူသူအရိပ်အယောင် လုံးဝ မရှိပေ။ ထိုအချိန်တွင် ဧကရာဇ် ခြေလှမ်းများကို အနည်းငယ် နှေးလိုက်ပြီး သူ၏ မျက်နှာပေါ်ရှိ အမူအရာများမှာလည်း အနည်းငယ် တည်ငြိမ်သွားလေ၏။
သူ ရပ်တန့်လိုက်ပြီး ငြိမ်သက်စွာ ရပ်နေလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ထိတ်လန့်နေသော စိတ်နှလုံးကို ပြန်လည် တည်ငြိမ်အောင် လုပ်ချင်သောကြောင့် ဖြစ်သည်။
တုပိုင် နိုင်သွားပြီလော။ သူ တကယ်ပင် ထပ်နိုင်သွားပြန်ပြီလော။ တာ့နင်အင်ပါယာ ပျက်စီးစရာ မလိုတော့ဘဲ မြို့တော်လည်း ကျဆုံးတော့မည် မဟုတ်သဖြင့် ဧကရာဇ်ယုံတယ် ဝမ်းသာသင့်သည်မှာ သေချာပါသည်။
သို့သော် ဤခံစားချက်မှာ တကယ်ကို ရှုပ်ထွေးလှပေသည်။ ဧကရာဇ်ယုံတယ် အပါအဝင် မည်သူကမျှ နိုင်မည်ဟု မထင်ထားခဲ့ကြပေ။ နှစ်ဖက် စစ်တပ်၏ အင်အားကွာဟချက်က အလွန်ကြီးမားပြီး ဂျာချင်တို့တွင် အမြောက် နှစ်ရာပင် ရှိသေးသည်။ မည်သို့ နိုင်နိုင်မည်နည်း။
အရေးအကြီးဆုံး အချက်မှာ ယခင်က စစ်သည် လေးသိန်းဖြင့် ဂျာချင်စစ်သည် နှစ်သိန်းကို တိုက်ခိုက်ခဲ့ရာတွင် ရှုံးနိမ့်ခဲ့ပြီး စစ်တပ်တစ်ခုလုံးနီးပါး ပျက်စီးခဲ့ရသည်။ ယခု တုပိုင်က စစ်သည် လေးသောင်းဖြင့် ဂျာချင်စစ်သည် သုံးသိန်းကို တိုက်ခိုက်ရာတွင်မူ ကြီးကျယ်သော အောင်ပွဲကို ရရှိခဲ့သည်။
ဤအချက်က ဧကရာဇ်ယုံတယ်ကို လူတွေ မည်သို့ ထင်မြင်စေမည်နည်း။ သူ့ကို မည်မျှပင် အရည်အချင်းမရှိဟု ထင်ကြမည်နည်း။ သို့ဆိုလျှင် ဧကရာဇ်ယုံတယ်သည် တုပိုင်ကို ရှုံးနိမ့်စေချင်ခဲ့သလော။
ထိုသို့လည်း မပြောနိုင်ပေ၊ အကြောင်းမှာ သူသည် တိုင်းပြည်ပျက်သော ဘုရင်တစ်ပါး မဖြစ်ချင်သောကြောင့်ပင်။ သို့သော်လည်း သူသည် ဘုရင်တစ်ပါးအနေဖြင့် သေဆုံးရန် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ သူသည် လောကကြီးကို သူ၏ အရည်အချင်းအား သက်သေပြချင်ခဲ့သည်။
ယခုမူ သူ သက်သေပြခွင့် မရတော့သလိုပင်။ ရှန်ဟိုင်ကွမ်တိုက်ပွဲသည် တာ့နင်အင်ပါယာ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် တိုက်ပွဲ ဖြစ်သည်။
ယခု တုပိုင် အနိုင်ရရှိသွားပြီ ဖြစ်သဖြင့် ဤသည်မှာ ကောင်းကင်ကို ပြောင်းလဲပစ်လိုက်ခြင်းပင် ဖြစ်သည်။ ဤမျှ ကြီးမားသော စွမ်းဆောင်မှုအတွက် မည်သို့ ဆုချီးမြှင့်ရမည်နည်း။ ဤသည်မှာ အာဏာရှိသူတစ်ယောက်ထက်ပင် ပိုပေလိမ့်မည်။
သို့သော် မည်သို့ပင်ဖြစ်စေ ဤတိုက်ပွဲကို အနိုင်ရရှိခဲ့ပြီး တာ့နင်အင်ပါယာ ပျက်စီးစရာ မလိုတော့သဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်သင့်ပေသည်။
ခံစားချက်များကို ထိန်းချုပ်လိုက်ပြီးနောက် ဧကရာဇ်ယုံတယ် ဘုရားကျောင်းဆောင်ငယ်လေးဆီသို့ အမြန်လျှောက်သွားကာ ဦးညွတ်လျက် လျှောက်တင်လိုက်သည်။ “မယ်တော်ကြီး... ရှန်ဟိုင်ကွမ်က ကြီးကျယ်တဲ့ အောင်ပွဲ ရပါပြီ ၊ နယ်စားမင်းတုပိုင် နိုင်သွားပါပြီဘုရား”
အတွင်းဘက်မှ သစ်သားငါးရိုက်သံ ရပ်တန့်သွားလေ၏။
မယ်တော်ကြီး သက်ပြင်းရှည်ကြီး ချလိုက်ပြီး မိမိဘာသာ ရေရွတ်လိုက်သည်။ “ဗုဒ္ဓမြတ်စွာ ကယ်မတော်မူတယ်... နတ်ဒေဝါတွေ ကယ်မတော်မူတယ်။ ဧကရာဇ်မင်းကြီး... ကောင်းကင်ဘုံကနေ ကြားနိုင်ပါရဲ့လား။ တုပိုင် လုပ်နိုင်ခဲ့ပြီ၊ သူ မင်းကြီးကို ကတိပေးထားတဲ့အတိုင်း လုပ်နိုင်ခဲ့ပြီ”
**--**--**--**--**--**--**--**
မြို့တော်ရှိ ပြည်သူများသည် အစပိုင်းတွင် အမှန်ဖြစ်သည်ဟု မယုံကြည်နိုင်ကြပေ။ ဖန်းမိသားစု၏ သူလျှိုများကလည်း မယုံကြည်ကြသဖြင့် ကောလာဟလများကို ပို၍ ရူးသွပ်စွာ ဖြန့်ဝေကြလေတော့သည်။
“အလကားပါကွာ... ဒါတွေက သတင်းတုတွေပါ”
“တုပိုင် သေသွားပြီ... သူ့ကို ဂျာချင်မင်းသားက မြင်းငါးကောင်နဲ့ ကိုယ်တစ်ပိုင်းစီ ဆွဲဖြဲသတ်ပစ်လိုက်ပြီ”
“ရှန်ဟိုင်ကွမ် အောင်ပွဲက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ နေက အနောက်ဘက်က ထွက်လာလို့ မရပါဘူး။ ဒါတွေက ဂျာချင်တွေရဲ့ အကြံအစည်တွေပါ။ သူတို့က တုပိုင် နိုင်သွားပြီဆိုတဲ့ သတင်းကို တမင် ဖြန့်လိုက်တာ ၊ ဒါမှ မြို့တော်က လူတွေ ထွက်မပြေးကြမှာ ၊ ပြီးတော့ မြို့တော်တစ်ခုလုံးကို တစ်ကျော့တည်း ဖမ်းမိအောင်လို့ပေါ့”
“ဟုတ်တယ်... ဒါ အကြံအစည်ပဲ ၊ တုပိုင်ရဲ့ ညစ်ပတ်တဲ့အကြံအစည်ပဲ။ သူ လက်နက်ချသွားပြီ၊ ဂျာချင်မင်းသားက သူ့ကို မြို့တော်ကို တိုက်ခိုက်ဖို့ စစ်တပ်ကို ဦးဆောင်ခိုင်းနေတာ”
သို့သော် ဤဖန်းမိသားစု၏ သူလျှိုများ မည်မျှပင် ကြိုးစား၍ ကောလာဟလများ ဖြန့်ဝေစေကာမူ အချည်းနှီးသာ ဖြစ်သည်။ အကြောင်းမှာ တကယ့် သက်သေအထောက်အထားများ မကြာမီ ရောက်ရှိလာတော့မည် ဖြစ်သောကြောင့်ပင်။
လှည်းများဖြင့် တင်ဆောင်လာသော လူခေါင်းပြတ်များ ရောက်လာ၏။ ကြွက်မြီးဆံကျစ်များ အားလုံးကို ကြည့်လိုက်သည်နှင့် ဂျာချင်စစ်သည်များ၏ ခေါင်းများ ဖြစ်ကြောင်း သိနိုင်ပေသည်။
လှည်းများဖြင့် တင်ဆောင်လာသော ခေါင်းယာဉ်တန်းသည် အဆုံးမရှိ ရှည်လျားလှပြီး ခေါင်းပေါင်းတစ်သိန်းခန့် ရှိမည်ဟု ထင်ရသည်။
“ရှန်ဟိုင်ကွမ် အောင်ပွဲဟေ့... ကျန့်ရှီးနယ်စားမင်း လူနှစ်သိန်းကို ခေါင်းဖြတ်သတ်ခဲ့တယ်။ ဒါက ခေါင်းတစ်ဝက်ပဲ ရှိသေးတယ်။ နယ်စားမင်းက မြို့တော်မှာ ကောလာဟလတွေ ဖြန့်ပြီး ဆူပူအုံကြွမှုတွေ ဖြစ်လာမှာကို စိုးရိမ်လို့ မြို့တော်က ပြည်သူတွေ ကြည့်ရှုနိုင်အောင် ဂျာချင်တွေရဲ့ ခေါင်းတွေကို ပို့ဆောင်ပေးဖို့ ကျွန်တော့်ကို စေလွှတ်လိုက်တာပါ”
“မြို့တော်က ပြည်သူအားလုံး စိတ်အေးချမ်းသာစွာနဲ့ နေထိုင် ၊ အလုပ်လုပ်၊ စီးပွားရှာနိုင်ပါပြီ။ ဘယ်ကောလာဟလရဲ့ လွှမ်းမိုးမှုကိုမှ မခံပါနဲ့”
“မဟာနယ်စားမင်းတုပိုင်က မကြာခင်မှာ သူ့စစ်တပ်ကို ဦးဆောင်ပြီး မြောက်ပိုင်းစစ်ပွဲ ဆင်နွှဲမယ်။ ဂျာချင်အင်ပါယာကို လုံးဝ ချေမှုန်းပစ်မယ်လို့လည်း ပြောခဲ့ပါတယ်”
ယခုအခါ မြို့တော်ရှိ ပြည်သူများသည် ရှန်ဟိုင်ကွမ် အောင်ပွဲကို လုံးဝ ယုံကြည်သွားကြလေ၏။ ရုတ်ခြည်းပင် မြို့တော်တစ်ခုလုံး လုံးဝ ပွက်လောညံသွားပြီး မကြာမီတွင် မြောက်ပိုင်းတစ်ခုလုံးလည်း လုံးဝ ပွက်လောညံသွားလေတော့၏။
“မဟာနယ်စားမင်းတုပိုင်... သက်တော်ရာကျော် ရှည်ပါစေ”
“ကောင်းကင်ဘုံက နတ်ဒေဝါ ဆင်းသက်လာတာပဲ”
“မဟာနယ်စားမင်းတုပိုင် သက်တော်ရာကျော် ရှည်ပါစေ... တာ့နင်အင်ပါယာ သက်တော်ရာကျော် တည်တံ့ပါစေ”
ပြည်သူများသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြလေ၏။ နောက်ရက်အနည်းငယ်တွင် မြို့တော်သည် တရုတ်နှစ်သစ်ကူးပွဲတော်ကဲ့သို့ စည်ကားနေပြီး ဤကြီးကျယ်သော အောင်ပွဲကို အောင်ပွဲခံနေကြလေသည်။
**--**--**--**--**--**--**--**
ထိုအချိန်တွင် တုပိုင်သည် သူရရှိလာသော အကျိုးအမြတ်များကို ရေတွက်နေလေ၏။ အရှေ့ဘက် ပြည်ထောင်စု၏ စစ်သင်္ဘောသစ်ကြီး လုံးဝ ပျက်စီးသွားပြီ ဖြစ်သော်လည်း တုပိုင် သေချာစွာ စစ်ဆေးနေဆဲ ဖြစ်သည်။ ထို့နောက် သူ ထပ်မံ အံ့အားသင့်သွားရပြန်သည်။
ဤစစ်သင်္ဘောသစ်သည် ရွက်သင်္ဘော ဖြစ်သော်လည်း သင်္ဘောပေါ်တွင် ပန်ကာတစ်ခုကို တွေ့ရှိခဲ့ရသည်။
ဤသည်က မည်သည်ကို သက်သေပြနေသနည်း။
ဤစစ်သင်္ဘောသစ်သည် တစ်ဝက်တစ်ပျက် သို့မဟုတ် အစမ်းသပ်ခံ သင်္ဘောတစ်စင်းသာ ဖြစ်သည်ကို ပြသနေသည်။ ပန်ကာများ ပါရှိခြင်းက အရှေ့ဘက် ပြည်ထောင်စုသည် ရွက်စွမ်းအင်ကို စွန့်လွှတ်ကာ ရေနွေးငွေ့အင်ဂျင်စွမ်းအင်ကို အသုံးပြုရန် ရည်ရွယ်ထားကြောင်း ဖော်ပြနေခြင်းပင်။
ဤအချက်တစ်ချက်တည်းနှင့်ပင် လုံလောက်စွာ သက်သေပြနေပြီ ဖြစ်သည်။ အရှေ့ဘက် ပြည်ထောင်စု၌ ရေနွေးငွေ့အင်ဂျင်များ ပေါ်ပေါက်လာပြီ ဖြစ်ပြီး အများအပြားပင် အသုံးပြုနေပြီ ဖြစ်သည်။
စစ်သင်္ဘောများတွင် အများအပြား အသုံးမပြုရခြင်း၏ အကြောင်းရင်းမှာ အရှေ့ဘက် ပြည်ထောင်စုသည် ဗိုက်ကင်းနိုင်ငံ၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်အချက်အချာကို အသည်းအသန် လိုချင်နေသောကြောင့် ဖြစ်သည်။
နောက်တစ်ချက်မှာ သူတို့သည် သူတို့၏ အင်အားအပြည့်အဝကို စောစီးစွာ ဖော်ထုတ်မပြချင်သောကြောင့် ဖြစ်သည်။
ရန်သူ၏ အင်အားကို အနည်းဆုံး ခန့်မှန်းရမည်ဆိုလျှင်ပင် အရှေ့ဘက် ပြည်ထောင်စုတွင် ရေနွေးငွေ့အင်ဂျင်စွမ်းအင်သုံး သံချပ်ကာစစ်သင်္ဘောများ ရှိနေပြီ ဖြစ်သော်လည်း လူသိရှင်ကြား မပြသသေးခြင်း ဖြစ်ကြောင်း တုပိုင် ကောက်ချက်ချလိုက်မိသည်။
စစ်သင်္ဘောပေါ်မှ သိမ်းဆည်းရမိသော အမြောက်များနှင့် လက်ပစ်ဗုံးများကို ကြည့်၍ အံ့အားသင့်ဖွယ်ရာ အချက်တစ်ချက်ကိုလည်း ကောက်ချက်ချနိုင်ပေသည်။
အရှေ့ဘက် ပြည်ထောင်စုသည် ဖစ်ခရစ်အက်ဆစ်ဟုခေါ်သော ပြင်းအားမြင့် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို တီထွင်နိုင်ခဲ့ပြီး နောက်ပွင့်အမြောက်များကိုလည်း တီထွင်နိုင်ခဲ့ပြီ ဖြစ်သည်။
အသံတိတ်သေနတ် ရှိခြင်းက မဆန်းပေ ၊ ယခင်ကတည်းက ရှိခဲ့ပြီး ဖြစ်သည်။ သို့သော် လေလုံမှုပြဿနာကြောင့် တစ်ကမ္ဘာလုံးက ရှေ့ပွင့်အမြောက်များကိုသာ အများအပြား အသုံးပြုနေကြဆဲ ဖြစ်သည်။
ပြောင်းရှည်ကျည်ဆန်များ ပေါ်လာသောအခါ နောက်ပွင့်အမြောက်များ၏ ခေတ်ရောက်လာလေသည်။ အကြောင်းမှာ အမြောက်တစ်ကြိမ်ပစ်တိုင်း ပြောင်းဝထဲသို့ ယမ်းမှုန့်များ ထည့်စရာ မလိုတော့ဘဲ ယမ်းမှုန့်အားလုံး ကျည်ဆန်ထဲတွင် ပါဝင်နေသောကြောင့် ဖြစ်သည်။
ပြောင်းရှည်ကျည်ဆန်များ ပေါ်ထွက်လာခြင်းသည် ပြောင်းအတွင်း ရစ်ကြောင်းပါသော အမြောက်များပေါ်ထွက်လာခြင်းကို ဆိုလိုသည်။ အခြားသော ကမ္ဘာ့သမိုင်းတွင် ပြောင်းအတွင်း ရစ်ကြောင်းပါသော အမြောက်များကို ဆယ့်ကိုးရာစု အလယ်ပိုင်း ရောက်မှသာ အများအပြား အသုံးပြုလာကြခြင်း ဖြစ်သည်။
ပြောင်းအတွင်း ရစ်ကြောင်းပါသော ဟောင်ဝစ်ဇာအမြောက်နှင့် ဖစ်ခရစ်အက်ဆစ် ပေါက်ကွဲစေတတ်သော ပစ္စည်း... ထိုဝေါဟာရနှစ်ခုကို ကြားလိုက်ရသောအခါ တုပိုင်၏ ဦးရေပြားပင် ထုံကျင်သွားရလေသည်။
အရှေ့ဘက် ပြည်ထောင်စု၏ ဘုရင်ငယ် ဖန်းချန်သည် မည်သည့်အရပ်မှ လာသနည်း။ သူသည် အရှေ့ဘက် ပြည်ထောင်စုကို တစ်ကမ္ဘာလုံးထက် နှစ်တစ်ရာကျော် ကြိုတင် ဦးဆောင်နေသည်။
ဤအရာနှစ်ခု ပေါ်ထွက်လာခြင်းက မည်သည်ကို ဆိုလိုသနည်းဟု အချို့က နားမလည်သေးချေ။ ဤသည်မှာ ကုန်းတွင်းစစ်ပွဲ ဖြစ်စေ ၊ ရေကြောင်းစစ်ပွဲ ဖြစ်စေ အရှေ့ဘက် ပြည်ထောင်စုက အပြတ်အသတ် သာလွန်နေသည်ကို ဆိုလိုခြင်း ဖြစ်သည်။ အခြားနိုင်ငံများထက် ဆယ်စုနှစ်များစွာ သာလွန်နေသည်။
ဤသည်မှာ ဗိုက်ကင်းနိုင်ငံ၏ သံချပ်ကာစစ်သင်္ဘောများသည် အရှေ့ဘက် ပြည်ထောင်စု ရေတပ်ရှေ့တွင် အသတ်ခံရုံသက်သက်သာ ဖြစ်ကြောင်း ဆိုလိုသည်။
စစ်သင်္ဘောနှစ်စင်းသည် နေ့ရောညပါ အမြောက်ကျည်ဆန် ထောင်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ကြသော်လည်း မနစ်မြုပ်ဘဲ ဆိပ်ကမ်းသို့ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည့် သမိုင်းကြောင်းမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ပြောင်းအတွင်း ရစ်ကြောင်းပါသော ဟောင်ဝစ်ဇာအမြောက်သည် ပို၍ ဝေးဝေး ပစ်နိုင်ပြီး ယင်း၏ စွမ်းအားမှာလည်း ဆယ်ဆနီးပါး တိုးလာ၏။
မူလက စစ်သင်္ဘောတစ်စင်းသည် အခဲကျည်ဆန် ရာပေါင်းများစွာ အထိခံနိုင်သော်လည်း ဖစ်ခရစ်အက်ဆစ် ပေါက်ကွဲစေတတ်သော လက်ပစ်ဗုံးများနှင့် အစားထိုးလိုက်မည်ဆိုပါက အရေးကြီးသော နေရာကို ထိမှန်ပါက အချက်ဆယ်ချက်မပြည့်မီ လုံးဝ ပျက်စီးသွားနိုင်ပေသည်။
ပြောင်းအတွင်း ရစ်ကြောင်းပါသော ဟောင်ဝစ်ဇာအမြောက်... ရေနွေးငွေ့အင်ဂျင်စွမ်းအင်... ဖစ်ခရစ်အက်ဆစ် ပေါက်ကွဲစေတတ်သော ပစ္စည်း... ဤသုံးခုပေါင်းလိုက်ပါက ကမ္ဘာ့အခြေအနေကို လုံးဝ ပြောင်းလဲပစ်နိုင်ပေသည်။
အရှေ့ဘက် ပြည်ထောင်စု၏ ဤဘုရင်ငယ်သည် ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းမိုးချင်နေသည်။ သူ၏ အမြင်တွင် သူ၏ ပြိုင်ဘက်များမှာ မီးနတ်ဘုရားလောကနှင့် အနောက်ကမ္ဘာမှ ဩဇာတိက္ကမ ကြီးမားသူ နှစ်ဦးတည်းသာ ဖြစ်သည်။
သူ၏ စွမ်းအင်နှင့် အရင်းအမြစ်များစွာကို ကမ္ဘာကြီးကို လွှမ်းမိုးရန်အတွက် ရင်းနှီးမြှုပ်နှံထားသည်။
တုပိုင်၏ ခန့်မှန်းချက် မှန်ကန်ပေသည်။ မကြာသေးမီက အရှေ့ဘက် ပြည်ထောင်စုသည် အိန္ဒိယသမုဒ္ဒရာတွင် မီးနတ်ဘုရားလောကနှင့် ရေကြောင်းတိုက်ပွဲ ဆင်နွှဲခဲ့သည်။
ယခုအခါ အရှေ့ဘက် ပြည်ထောင်စုနှင့် အနောက်ကမ္ဘာတို့သည် အမေရိကတိုက်ဟူသော အဆီအနှစ် ကြီးမားသည့် အသားတုံးကြီးကြောင့် ကြီးမားသော ပဋိပက္ခများနှင့် ပွတ်တိုက်မှုများ ဖြစ်ပွားနေကြလေ၏။
ဥရောပသားများသည် အမေရိကတိုက်သို့ ဆင်းသက်ခဲ့ကြပြီး အရှေ့ဘက် ပြည်ထောင်စုသည်လည်း အမေရိကတိုက်သို့ ဆင်းသက်လာမည် ဖြစ်သည်။
ဥရောပသားများသည် အာဖရိကကို ကိုလိုနီပြုခဲ့ကြပြီး အရှေ့ဘက် ပြည်ထောင်စုသည်လည်း အာဖရိကတွင် ကိုလိုနီနယ်မြေ အများအပြား တည်ထောင်ကာ ခွန်အားကြီးမားသော လူမည်းကျွန်များကို ဖမ်းဆီးပြီး ခွန်လွန်ကျွန်စစ်သည်များအဖြစ် ပြောင်းလဲပစ်မည် ဖြစ်သည်။
ရေနွေးငွေ့အင်ဂျင်သုံး စစ်သင်္ဘော ဖြစ်စေ ၊ ပြောင်းအတွင်း ရစ်ကြောင်းပါသော ဟောင်ဝစ်ဇာအမြောက် ဖြစ်စေ ၊ ဖစ်ခရစ်အက်ဆစ် ပေါက်ကွဲစေတတ်သော ပစ္စည်း ဖြစ်စေ... အရှေ့ဘက် ပြည်ထောင်စုသည် ယင်းတို့ကို အများအပြား တပ်ဆင်ခြင်း မပြုရသေးဘဲ ယခုအခါ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၏ အရေးကြီးသော ကာလတွင် ရှိနေကြောင်း တုပိုင် ခန့်မှန်းမိသည်။
အရှေ့ဘက် ပြည်ထောင်စုက အပြည့်အဝ တပ်ဆင်ပြီးသွားသည်နှင့်တစ်ပြိုင်နက် မီးနတ်ဘုရားလောကနှင့် အနောက်ကမ္ဘာတို့အတွက် ကပ်ဘေးကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ယခုတစ်ကြိမ်တွင် တုပိုင် များစွာ အကျိုးအမြတ် ရရှိခဲ့ပေသည်။ ဤပြောင်းအတွင်း ရစ်ကြောင်းပါသော အမြောက် ကိုးဆယ်လုံးသည် သူ့အပိုင် ဖြစ်သွားပြီ ဖြစ်သည်။ သိသိသာသာ ရှည်လျားသော ပြောင်းဝကို ကြည့်ရင်း တုပိုင် မေးလိုက်သည်။ “ဖူဟုန်ပင်း... ငါတို့ရဲ့ တစ်ဆယ့်နှစ်ပေါင် အမြောက်နဲ့ ယှဉ်ရင် ဒီအမြောက်က ပိုရှည်တယ်။ အလေးချိန်ကကောကွ”
ဖူဟုန်ပင်းက ပြန်ဖြေလိုက်၏။ “ပိုပေါ့ပါတယ် ၊ အမြောက်ကိုယ်ထည်ကတောင် ပိုပါးသေးတယ်။ ဒါကြောင့် လျှို့ဝှက်သတ္တု အများကြီး သုံးထားတာ ဖြစ်ရမယ်”
သေချာပေါက်ပင် ဤအမြောက်များကို တစ်ဆယ့်နှစ်ပေါင် အမြောက်များဟု မခေါ်ဆိုနိုင်တော့ပေ၊ အကြောင်းမှာ သူသည် ပြောင်းရှည်ကျည်ဆန်များကို အသုံးပြုနေပြီ ဖြစ်သောကြောင့်ပင်။
“ကျည်ဆန် ဘယ်လောက်ကျန်သေးလဲ” တုပိုင် မေးလိုက်ပြန်သည်။
“သုံးရာသုံးဆယ့်ငါးတောင့် ရှိပါတယ်” ဖူဟုန်ပင်းက ချက်ချင်းပြန်ဖြေသည်။
ဤအရေအတွက်သည် အမှန်တကယ်ပင် မများလှပေ။ ယခင်က အချက်ရာပေါင်းများစွာနှင့် ပေါင်းလိုက်လျှင် စုစုပေါင်း အချက် ၅၀၀ ခန့်သာ ရှိသည်။
အမြောက်ကျည်ဆန် အချက် ၅၀၀ သာ တင်ဆောင်လာသော စစ်သင်္ဘောတစ်စင်းသည် အလွန် နည်းပါးလှသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် အရှေ့ဘက် ပြည်ထောင်စုသည် ယင်းတို့ကို အများအပြား တပ်ဆင်ခြင်း မပြုရသေးကြောင်း သိနိုင်ပေသည်။
“အရှေ့ဘက် ပြည်ထောင်စုက ငါတို့ ထင်ထားတာထက် ပိုအင်အားကြီးပြီး ပိုတိုးတက်တယ်ပြီ” တုပိုင်က လေးနက်စွာ ဆိုလိုက်သည်။
“မြောက်ပိုင်းစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ပြီး အနောက်တောင်ပိုင်းကို ပြန်သွားရမယ်။ အင်အားအပြည့်နဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ် ၊ မဟုတ်ရင် အရှေ့ဘက် ပြည်ထောင်စုက ငါတို့အပေါ် သံမဏိလက်သီးနဲ့ မထုချေခင်အထိ စောင့်နေရင် နောက်ဆုံးကျရင် ကပ်ဘေးကြီး ဖြစ်သွားလိမ့်မယ်”
“စစ်တပ်ကို အနားပေး ၊ ဒဏ်ရာရသူတွေကို ကုသပေးပြီး ဂျာချင်အင်ပါယာကို အတိုတောင်းဆုံးအချိန်အတွင်းမှာ ချေမှုန်းပစ်ဖို့ ကြိုးစားကြစို့” တုပိုင် အမိန့်ပေးလိုက်သည်။
“အမိန့်တော်အတိုင်းပါ”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၉၁ + ၆၉၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team