← Chapters

အခန်း (၆၉၃-၆၉၄)

Vol. 70 Ch. 693-694

အခန်း (၆၉၃-၆၉၄)

Vol. 70 Ch. 693-694

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၉၃ + ၆၉၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

Characters – 17050

နန်ကျင်းမြို့တော်တွင် တာ့နင်အင်ပါယာ၏ ခေါင်းဆောင်ဖြစ်သလို အစိုးရအဖွဲ့ အမတ်ချုပ်ဟောင်းဖြစ်သူ ဖန်းကျိုးသည် အလွန်ဆိုးရွားသော သတင်းဆိုးနှစ်ခုကို တစ်ခုပြီးတစ်ခု လက်ခံရရှိလိုက်လေ၏။

ပထမသတင်းမှာ တုပိုင်၏ ရှန်ဟိုင်ကွမ်အောင်ပွဲသတင်း ဖြစ်သည်။ ထိုသတင်းအပြီးတွင် သေတ္တာတစ်လုံးသည် သူ့ရှေ့သို့ ရောက်ရှိလာခဲ့ရာ သူ ဖွင့်ကြည့်လိုက်မိသည်။ သေတ္တာကို ဖွင့်လိုက်သည်နှင့် တွေ့လိုက်ရသည့် မြင်ကွင်းက ဖန်းကျိုး၏ နှလုံးသားကို ဆွဲဆုတ်လိုက်သလိုပင်။ သေတ္တာအတွင်း၌ကား... သူ့သား၏ သွေးသံရဲရဲ ခေါင်းပြတ်နှင့်တကွ ပေါင်ကြားမှ ဖြတ်တောက်ထားသော လိင်အင်္ဂါတစ်ချောင်း ပါရှိနေသည်ကို တွေ့လိုက်ရလေ၏။

မသေဆုံးမီက ဖြစ်ပေါ်ခဲ့သော သူ့သား၏ မျက်နှာအမူအရာမှာ ပကတိအတိုင်း ရှိနေဆဲဖြစ်ပြီး အကန့်အသတ်မဲ့ ကြောက်ရွံ့မှု ၊ ပုံပျက်ရှုံ့တွမှုများဖြင့် ပြည့်နှက်နေသည်။ တုပိုင်သည် သူ့သားကို သတ်ရုံတင်မကဘဲ မသတ်ခင်မှာ သင်းကွပ်ခဲ့သေးသည်မှာ ထင်ရှားလှပေသည်။ ရက်စက်လွန်းသည့် လုပ်ရပ်ပင်။

“တိုမိုဂွန်က စောက်သုံးမကျတဲ့ကောင်လား... ဝမ်ယန်ယင်းတူကရော ငတုံးလားဟ”

“စစ်သည် သုံးသိန်းတောင် ရှိတာကွာ... စစ်သည် လေးသောင်းလောက်ပဲ ရှိတဲ့ တုပိုင်ကို တိုက်တာ ရှုံးရသလား”

“အရှေ့ဘက် ပြည်ထောင်စုရဲ့ စစ်သင်္ဘောသစ်က အရမ်းစွမ်းအားကြီးတယ် မဟုတ်ဘူးလား။ အမြောက်သစ်တွေကလည်း ပြိုင်ဘက်ကင်းတယ်ဆို... ဘာလို့ ရှုံးနေသေးတာလဲ... ဘာလို့ ရှုံးနေသေးတာလဲလို့”

“တုပိုင်က ဘာလို့ နိုင်သွားတာလဲ။ သူက နတ်ဘုရားလား။ ဒါမှမဟုတ် သူက ဘုရားသခင်ရဲ့ သားတော်လား”

ဖန်းကျိုးသည် မျှော်လင့်ချက်မဲ့စွာဖြင့် ဟိန်းဟောက်အော်ဟစ်လိုက်ပြီးနောက် မျက်ရည်များ စီးကျလာလေတော့သည်။ သူ့သား... သူ အချစ်ဆုံး သား... သူ့၏ ဆက်ခံသူ... သူ့အရည်အချင်းများကို မပြသရသေးခင်မှာပင် ဤကဲ့သို့ ခွေးသေဝက်သေ သေဆုံးသွားရလေ၏။

“တုပိုင်... မင်း ငါ့သားကို သတ်ရဲတယ်ပေါ့... မင်း ငါ့သားကို သတ်ရဲတယ်ပေါ့လေ” ဖန်းကျိုး ဒေါသတကြီး အော်ဟစ်လိုက်သည်။

“တုဟွေး... အဲဒါ ခင်ဗျားရဲ့ သားလိမ္မာလေးလေ... ခင်ဗျားရဲ့ သားလိမ္မာလေးလေ”

နောက်ဆုံးတွင် တာ့နင်အင်ပါယာ ဖန်းမိသားစု၏ ခေါင်းဆောင်ကြီးသည် ဒေါသအဟုန်ကို မထိန်းနိုင်တော့ဘဲ သွေးတစ်လုပ် အန်ထွက်လာလေတော့၏။

တုဟွေးသည် လက်ကိုင်ပဝါတစ်ထည်ကို တိတ်ဆိတ်စွာ ကမ်းပေးလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ “အမတ်မင်း... ကျွန်တော် အမတ်မင်းကို အခါတစ်ရာမက ပြောခဲ့ဖူးပါတယ်။ ကျွန်တော် အနောင်တအရဆုံးက တုပိုင် မွေးလာတုန်းက ရေနှစ်မသတ်ခဲ့မိတာပါပဲလို့”

“ပေမင်ဓားဂိုဏ်းကရော ဘယ်ရောက်နေလဲ” ဖန်းကျိုး ထပ်မံ အော်ဟစ်လိုက်ပြန်သည်။ “ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူ့ကို သတ်ဖို့ လူလွှတ်ထားတယ်လို့ ပြောတယ်မလား။ ဘာလို့ သူ မသေသေးတာလဲ”

တုဟွေးက ပြန်ဖြေလိုက်သည်။ “မဟာဆရာသခင်လေးပါး သွားသတ်ကြတာပါ၊ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ သူတို့တွေ အစအနမကျန် ပျောက်ချင်းမလှ ပျောက်သွားကြတယ်။ တုပိုင်ကတော့ ဘေးကင်းလုံခြုံနေတုန်းပါပဲ”

ဖန်းကျိုးက နာကျည်းစွာ ရေရွတ်လိုက်သည်။ “လက်တုံ့ပြန်ရမယ်... လက်စားချေရမယ်... လက်စားချေရမယ်... သေချာပေါက် လက်စားချေရမယ်”

ထို့နောက် သူသည် လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး ပါးစပ်ကို ပြင်းပြင်းထန်ထန် ပလုတ်ကျင်းကာ သွေးစများ ပါဝင်နေသော လက်ဖက်ရည်များကို ကြမ်းပြင်ပေါ်သို့ “ထွီ” ခနဲ ထွေးထုတ်လိုက်လေသည်။ ယဉ်ကျေးသိမ်မွေ့သော အမူအရာများ လုံးဝ မရှိတော့ချေ။

“ဒီအချိန်မှာ တုပိုင်က အနောက်တောင်ဘက်မှာ မရှိဘူး။ သူ့ရဲ့ အသန်မာဆုံး စစ်တပ်ကလည်း ရှန်ဟိုင်ကွမ်မှာ ရောက်နေတယ်။ စစ်တပ်ကို အနောက်တောင်ဘက်မှာ ချက်ချင်း ကမ်းတက်ခိုင်းလိုက်... တစ်သိန်း ၊ တစ်သိန်းခွဲ ၊ နှစ်သိန်း... အနောက်တောင်ဘက်မှာ ရှိတဲ့ စစ်တပ်ကို အကုန်ချေမှုန်းပြီး သူ့ရဲ့ အသိုက်အမြုံကို လုံးဝ ဖျက်ဆီးပစ်ရမယ်”

တုဟွေးက ပြန်ပြောလိုက်သည်။ “အမတ်မင်း... ကျွန်တော်တို့မှာ စစ်တိုက်ဖို့ အခွင့်အာဏာ မရှိပါဘူး။ ဒါ့အပြင် ကွမ်တုံ ၊ ဖူကျင်းနဲ့ ကျန်းနန်ဒေသမှာ ရှိတဲ့ အရှေ့ဘက် ပြည်ထောင်စုရဲ့ စစ်တပ် စုစုပေါင်းက တစ်သိန်းခွဲပဲ ရှိပါတယ်။ အဲဒီစစ်တပ်က ပြည်မကြီးကို ကာကွယ်ဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းနန်ဒေသတစ်ခုလုံးက အရှေ့ဘက် ပြည်ထောင်စုရဲ့ စီးပွားရေး အသက်သွေးကြော ဖြစ်နေလို့ပါပဲ။ ဒီကနေ နှစ်စဉ် တင်ပို့နေတဲ့ ပိုးထည် ၊ ကြွေထည်နဲ့ လက်ဖက်ခြောက်တွေက ငွေတုံး သန်းပေါင်းများစွာ တန်ဖိုးရှိပါတယ်”

ဖန်းကျိုးက အမိန့်ပေးသံဖြင့် ပြောလိုက်သည်။ “တုဟွေး... ရှောင်ကျွင်းဆီကို ခင်ဗျား ကိုယ်တိုင် သွားလိုက်။ တုပိုင်ကို ဒီလိုမျိုး ဆက်ပြီး ကြီးထွားခွင့်ပေးလို့ မဖြစ်တော့ဘူး ၊ သူ့ကို ချေမှုန်းပြီး သူ့ရဲ့ အနောက်တောင်ဘက်ဒေသကို မြေလှန်ပစ်ရမယ်လို့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် အကြံပြုပါရစေ။ ရှောင်ကျွင်းကို စစ်တပ်စေလွှတ်ပြီး ချက်ချင်း ကမ်းတက်ခိုင်းလိုက်ပါ။ ပြီးရင် သူ့ကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းခိုင်းလိုက်ပါ”

လက်ရှိအချိန်တွင် တုဟွေးသည် ကျန်းနန်ဘုရင်ခံ ဖြစ်ပြီး ဖူကျင်းနှင့် ကွမ်တုံဘုရင်ခံ ကောင်းထင်းတို့ နှစ်ဦးသည် တောင်ပိုင်းဒေသတစ်ခုလုံး၏ ထိပ်သီးခေါင်းဆောင်ကြီး နှစ်ဦး ဖြစ်ကြ၏။

ဖန်းကျိုးက ဆက်ပြောလိုက်သည်။ “ရှောင်ကျွင်းရဲ့ စီမံကိန်းထဲမှာ တုပိုင်က ဒီတစ်ကြိမ် သေချာပေါက် ပျက်စီးသွားလိမ့်မယ်လို့ ပါထားတာလေ။ ဒါ့အပြင် အရှေ့ဘက် ပြည်ထောင်စုရဲ့ နောက်ဆုံးပေါ် စမ်းသပ်စစ်သင်္ဘောလည်း တုပိုင်လက်ချက်နဲ့ ပျက်စီးသွားပြီ။ သင်္ဘောပေါ်က အမြောက်တွေတောင် တုပိုင်လက်ထဲ ရောက်သွားပြီတဲ့။ ဒါက အရှေ့ဘက် ပြည်ထောင်စုအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပဲ။ ဒါကို ဘုရင်ငယ်ဆီ အစီရင်ခံပြီး တာ့နင်အင်ပါယာအပေါ်ထားတဲ့ မဟာဗျူဟာ ဦးတည်ချက်နဲ့ တုပိုင်အပေါ်ထားတဲ့ မဟာဗျူဟာ သဘောထားကို ချက်ချင်း ပြောင်းလဲဖို့ ပြောရမယ်”

“ရှောင်ကျွင်းက ဒီအချိန် လူဇွန်းမှာ ရောက်နေပြီး ဂရိတ်ဗြိတိန် အိမ်ရှေ့စံမင်းသားနဲ့ စေ့စပ်ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်” ဖန်းကျိုးက တွက်ချက်လျက် ပြောသည်။ “သင်္ဘောနဲ့သွားရင် ဆယ်ရက်လောက်ဆို ရောက်နိုင်တယ်”

တုဟွေးက မေးလိုက်သည်။ “တကယ်လို့ ရှောင်ကျွင်းက အနောက်ကမ္ဘာနဲ့ ဆွေးနွေးပွဲ ပျက်သွားရင် အမေရိကတိုက်မှာ စစ်ပွဲ စတင်တော့မယ်ဆိုတဲ့ သဘောလား”

ဖန်းကျိုးက ပြန်ဖြေလိုက်သည်။ “မဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာပေါ့။ တကယ်လို့ ရှောင်ကျွင်းက အနောက်ဘက်ကိုပဲ အာရုံစိုက်နေမယ်ဆိုရင် တုပိုင်ဆိုတဲ့ မိစ္ဆာနဂါးက ဆက်ပြီး သန်မာလာလိမ့်မယ်”

**--**--**--**--**--**--**--**

လွန်ခဲ့သော ရက်အနည်းငယ်က... တာ့ဂျင်အင်ပါယာ၏ မြို့တော်ကြီး ရှန်းတူး၌ တာ့ဂျင်ဧကရာဇ် ဂျင်ထိုက်ဂျိသည် ရှန်ဟိုင်ကွမ်တိုက်ပွဲကို လုံးဝ ဂရုမစိုက်သလောက်ပင် ဖြစ်နေပြီး သူ၏ ယုံကြည်ရသော မိန်းမစိုးကိုပင် တိုက်ရိုက် အမိန့်ပေးထားသည်။

“ရှန်ဟိုင်ကွမ် ကျသွားတဲ့အချိန်ကျမှ ငါ့ကို လာပြော ၊ တာ့နင်အင်ပါယာရဲ့ မြို့တော်ကို ဝိုင်းရံထားတဲ့အချိန်ကျမှ ငါ့ကို လာပြော ၊ ကျန်တဲ့အချိန်တွေမှာ စစ်ပွဲအကြောင်းနဲ့ ငါ့ကို လာမရှုပ်နဲ့”

ဂျင်ထိုက်ဂျိ၏ အမြင်တွင် တိုမိုဂွန်နှင့် ဝမ်ယန်ယင်းတူတို့ ရှန်ဟိုင်ကွမ်ကို သိမ်းပိုက်ခြင်းနှင့် တာ့နင်မြို့တော်ကို သိမ်းပိုက်ခြင်းတို့သည် အလွန် လွယ်ကူပြီး အားစိုက်ထုတ်စရာပင် မလိုသော ကိစ္စများဟု ယူဆထားသည်။

ဂျာချင်တို့တွင် စစ်သည်အင်အား သုံးသိန်းနှင့် အမြောက် နှစ်ရာ ရှိသည့်အပြင် ၊ ဂျာချင်စစ်သည်များသည် အလွန် သန်မာကြကာ တာ့နင်အင်ပါယာ စစ်သည်များကို တစ်ယောက်ချင်းသော်လည်းကောင်း ၊ တစ်ယောက်နှင့် နှစ်ယောက် ၊ သုံးယောက် ယှဉ်၍သော်လည်းကောင်း တိုက်ခိုက်နိုင်စွမ်း ရှိကြပေသည်။

တိုမိုဂွန်နှင့် ဝမ်ယန်ယင်းတူတို့သည်လည်း ထိပ်တန်း စစ်ဗျူဟာမှူးများ ဖြစ်ကြသည်။ ထို့ကြောင့် ဤတိုက်ပွဲတွင် စိတ်လှုပ်ရှားစရာ လုံးဝ မရှိပေ။ ရှန်ဟိုင်ကွမ်ကို သိမ်းပိုက်ခြင်းတွင်သာမက တာ့နင်မြို့တော်ကို သိမ်းပိုက်ခြင်းတွင်လည်း စိတ်လှုပ်ရှားစရာ မရှိနိုင်ချေ။

ဂျင်ထိုက်ဂျိသည် ဤအချိန်တွင် အရာတစ်ခုတည်းကိုသာ ဂရုစိုက်နေသည်။ ယင်းမှာ သွေးမိစ္ဆာစစ်သည်အဖြစ် ပြောင်းလဲခြင်းပင် ဖြစ်သည်။

ရှာမန် ဂိုဏ်းချုပ်ကြီးသည် စမ်းသပ်မှုပေါင်း ရာချီ ပြုလုပ်ခဲ့ပြီး ဂျာချင်စစ်သည် ရာပေါင်းများစွာကို သေဆုံးစေခဲ့သော်လည်း ယခုထက်ထိ တိုးတက်မှု မရှိသေးပေ။

တာ့နင်အင်ပါယာ မြို့တော်ကို သိမ်းပိုက်ပြီးသည့်အချိန်သည် အရှေ့ဘက် ပြည်ထောင်စုနှင့် ရင်ဆိုင်ရမည့် အချိန်ဖြစ်ကြောင်း ဂျင်ထိုက်ဂျိ သိနေသည်။ အရှေ့ဘက် ပြည်ထောင်စုသည် တာ့နင်အင်ပါယာကို ဖျက်ဆီးရန်အတွက်သာ သူ့ကို အသုံးချနေခြင်း ဖြစ်ပြီး နန်ကျင်းရှိ ယန်မင်းသားကို တာ့နင်အင်ပါယာ၏ တရားဝင်အုပ်စိုးသူ ဖြစ်လာစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

တုပိုင်သည် ဂျင်ထိုက်ဂျိ၏ ပြိုင်ဘက် တစ်ခါမှ မဖြစ်ခဲ့ဖူးပေ ၊ အရှေ့ဘက် ပြည်ထောင်စုသာလျှင် သူ့ပြိုင်ဘက် ဖြစ်သည်။ တုပိုင် သေဆုံးသွားမှသာလျှင် အရှေ့ဘက် ပြည်ထောင်စုသည် ဂျင်ထိုက်ဂျိကို အနည်းငယ် အာရုံစိုက်လာပေလိမ့်မည်။

ကြီးမားသော မြေပုံကြီးတစ်ခုရှေ့တွင် ရပ်လျက် ဂျင်ထိုက်ဂျိသည် သူ၏ အကြည့်များကို ယန်ဇီမြစ် တောင်ဘက်ဒေသဆီသို့ ပို့လွှတ်လိုက်သည်။ ဤနေရာသည် တာ့နင်အင်ပါယာ၏ ရောင်စုံကမ္ဘာ ဖြစ်ပြီး မရေမတွက်နိုင်သော လူဦးရေ ၊ ရွှေငွေများ ၊ စားနပ်ရိက္ခာများနှင့် ပိုးထည်ကြွေထည်များ ရှိနေသည်။

သို့သော် ထိုအချိန်၌ပင် အပြင်ဘက်မှ အလျင်အမြန် လျှောက်လာသော ခြေသံများကို ကြားလိုက်ရ၏။

“အရှင်မင်းကြီး...” မိန်းမစိုးကြီး တယ်ကျူးသည် တုန်ရီစွာဖြင့် ခေါ်လိုက်သည်။

ဂျင်ထိုက်ဂျိက မေးလိုက်သည်။ “ဘာလဲ... ရှန်ဟိုင်ကွမ်ကို သိမ်းလိုက်ပြီလား။ တိုမိုဂွန်နဲ့ ဝမ်ယန်ယင်းတူက တော်တော် မြန်တာပဲ”

သို့သော် သူ အနည်းငယ် ထူးဆန်းနေမိသည်။ ကျွန်ယုံ တယ်ကျူးသည် ပျော်ရွှင်စွာဖြင့် မြှောက်ပင့်ပြောဆိုရမည့်အစား အဘယ်ကြောင့် ကြောက်လန့်တကြား ဖြစ်နေရသနည်း။

“ဟိုင်တုန်းချင်းဆီက သတင်း ရောက်လာပါတယ်... ကျွန်တော်မျိုးတို့ ရှန်ဟိုင်ကွမ်တိုက်ပွဲမှာ ရှုံးနိမ့်သွားပါပြီတဲ့။ စစ်သည် သုံးသိန်း သေဆုံးဒဏ်ရာရတာ မရေမတွက်နိုင်ပါဘူးတဲ့” တယ်ကျူး၏ အသံသည် အစွန်းကုန် ထိတ်လန့်နေလေသည်။

ဂျင်ထိုက်ဂျိ မျက်နှာပျက်သွားကာ အော်ဟစ်လိုက်သည်။ “မဖြစ်နိုင်တာ... ကောလာဟလပဲ ဖြစ်မှာပါ။ တိုမိုဂွန်နဲ့ ဝမ်ယန်ယင်းတူက ငတုံးတွေမှ မဟုတ်တာ။ ဒီလို စစ်ပွဲမျိုးကို ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။ သွား... အဲဒီ ဟိုင်တုန်းချင်းငှက်ကို သွားသတ်ပစ်လိုက်။ လမ်းမှာ ကြားဖြတ်ခံလိုက်ရတာ နေမှာပါ။ အဲဒီငှက်ကို မွေးမြူတဲ့ကောင်ကိုပါ ဆွဲထုတ်ပြီး သတ်ပစ်လိုက်”

တယ်ကျူးက ဦးခိုက်လိုက်သည်။ “မှန်လှပါ”

‘ရှုံးတယ်တဲ့လား။ သုံးသိန်းနဲ့ လေးသောင်း တိုက်တာကို ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။ ဟာသပဲ’

သူ့မယုံသော်လည်း ဂျင်ထိုက်ဂျိ၏ စိတ်နှလုံးသည် ဂနာမငြိမ် ဖြစ်နေဆဲပင်။ မကြာမီ စစ်ဘက်ဆိုင်ရာ သတင်းပို့ချက်များ တစ်စောင်ပြီး တစ်စောင် ရောက်ရှိလာလေသည်။ ပျံလွှားငှက်စာ ၊ ဟိုင်တုန်းချင်းငှက်စာများအားလုံး၏ ပါဝင်သော အကြောင်းအရာမှာ အတူတူပင် ဖြစ်သည်။ ရှန်ဟိုင်ကွမ်တွင် ရှုံးနိမ့်သွားပြီဖြစ်၏။

စစ်မှန်သော သက်သေအတည်ပြုချက်ကို ယူဆောင်လာသူမှာ သူ့သားတော် မင်းသားကြီး ဟောက်ကော်ပင် ဖြစ်သည်။ သူသည် မြင်းများကို အရူးအမူး လဲလှယ်စီးနင်းကာ ရှန်ဟိုင်ကွမ်မှ ရှန်းတူးမြို့သို့ နှစ်ရက်အတွင်း အရောက် ပြန်လာခဲ့ခြင်း ဖြစ်သည်။

“ခမည်းတော်... ကျွန်တော်တို့ ရှုံးသွားပြီ”

“တုပိုင် မသေသေးဘူး။ သူ့စစ်တပ်က အရမ်း စွမ်းအားကြီးတယ် ၊ ကျွန်တော်တို့ရဲ့ ဂျာချင်စစ်သည်တွေထက်တောင် ပိုစွမ်းအားကြီးတယ်။ ပြီးတော့ သူက အရမ်းစွမ်းအားကြီးတဲ့ သားရဲစစ်တပ်တစ်ခုကိုလည်း ပိုင်ဆိုင်ထားတယ်”

“ကျွန်တော်တို့ရဲ့ စစ်သည် သုံးသိန်းမှာ နှစ်သိန်းလောက် အသတ်ခံလိုက်ရတယ်။ ကျန်တဲ့လူတွေ ထွက်ပြေးလာတာ တစ်သိန်းတောင် မပြည့်တော့ဘူး”

“အရှေ့ဘက် ပြည်ထောင်စုက သူတို့ရဲ့ နောက်ဆုံးပေါ် စစ်သင်္ဘောကို လွှတ်ပြီး ရှန်ဟိုင်ကွမ်ကို တိုက်ခိုက်ခဲ့ပေမဲ့ ရေဘဝဲဘီလူးကြီးတစ်ကောင်က အဲဒီသင်္ဘောကြီးကို ဖျက်ဆီးပစ်လိုက်တယ်။ ကျွန်တော်တို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ကိုပါ ဖျက်ဆီးပစ်လိုက်ပါတယ်”

တကယ့် သက်သေအစစ်အမှန်ပင် ၊ ထင်ယောင်ထင်မှား ဖြစ်စရာ မရှိတော့ပေ။ ဂျင်ထိုက်ဂျိ၏ ရင်ဘတ်အတွင်းမှ စွမ်းအင်အရှိန်အဝါများသည် ပရမ်းပတာ ယောက်ယက်ခတ်သွားပြီး ၊ သူ၏ အတွင်းအားနှင့် ရွှမ်းချီစွမ်းအင်များသည် ကိုယ်တွင်းကလီစာများကို ရိုက်ခတ်မိသကဲ့သို့ ဖြစ်ကာ ရင်ဘတ်နှင့် ဝမ်းဗိုက်တစ်ခုလုံး မီးဟုန်းဟုန်း တောက်လောင်နေသကဲ့သို့ ခံစားလိုက်ရသည်။

‘ရှုံးပြီ... တကယ် ရှုံးသွားပြီ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’

စစ်သည် သုံးသိန်း ၊ ထိုအထဲမှ တစ်ဝက်ကျော်သည် ဂျာချင်အင်ပါယာ၏ အဓိက အင်အားစုများ ဖြစ်သည်။

ရင်ဘတ်တစ်ခုလုံးကို ဓားဖြင့် မွှေနှောက်လိုက်သကဲ့သို့ ခံစားလိုက်ရပြီးနောက် ဂျာချင်အဓိပတိ ၊ တာ့ဂျင်အင်ပါယာ၏ ဧကရာဇ် ဂျင်ထိုက်ဂျိသည် ဆက်လက်၍ မထိန်းနိုင်တော့ပေ။

“ဖူးးးး” သွေးတစ်လုပ် အရှိန်ပြင်းစွာ ပန်းထွက်လာလေတော့၏။

**--**--**--**--**--**--**--**

ပင်လယ်ပြင်တွင် ဆယ်ရက်ကြာ ခရီးနှင်ပြီးနောက် တုဟွေးသည် နောက်ဆုံးတွင် လူဇွန်းမြို့သို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် အရှေ့ဘက် ပြည်ထောင်စု၏ ဘုရင်ငယ်သည် ဂရိတ်ဗြိတိန်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားနှင့် အပြင်းထန်ဆုံး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေ၏။

တုဟွေး ဘုရင်ခံရုံးတော်သို့ ရောက်ရှိလာသည်။ ဤနေရာတွင် မြက်ခင်းစိမ်းများ ရှိပြီး ဗိသုကာလက်ရာပုံစံမှာ တာ့နင်အင်ပါယာနှင့် လုံးဝ ကွဲပြားခြားနားသည်။ အကယ်၍ တုပိုင်သာ ဤနေရာတွင် ရှိနေခဲ့လျှင် ဤအဆောက်အအုံများသည် အနောက်တိုင်းပုံစံများ ၊ ခေတ်သစ်ရောင်စုံများဖြင့် ပြည့်နှက်နေသည်ကို တွေ့ရပေလိမ့်မည်။

တုဟွေး ရှောင်မူကျစ်ထံသို့ ရောက်လာပြီး ပြောလိုက်သည်။ “အမတ်မင်းရှောင်... ရှောင်ကျွင်းကို လျှောက်တင်ပေးပါ။ တာ့နင်အင်ပါယာရဲ့ ကျန်းနန်ဘုရင်ခံ တုဟွေး အခစားဝင်ချင်ပါတယ်လို့။ အရေးပေါ်စစ်သတင်းပါလာပါတယ်လို့”

ခေတ်သစ်ကမ္ဘာမြေခု၏ သမိုင်းကြောင်းအရဆိုလျှင် ဤအချိန်တွင် အင်္ဂလန်နိုင်ငံသည် စတူးဝပ်မင်းဆက်၏ အဆုံးသတ်ကာလ ဖြစ်သည်။ ချားလ် (၁) သည် စကော့တလန်ကို သိမ်းပိုက်ရန် ကြိုးစားနေပြီး မကြာမီတွင် ပါလီမန်နှင့် ပြည်တွင်းစစ် စတင်တော့မည် ဖြစ်သည်။ ဆယ်နှစ်ကြာပြီးနောက် သူသည် ခေါင်းဖြတ်စက်သို့ ပို့ဆောင်ခံရပြီး လူသိရှင်ကြား ကွပ်မျက်ခံရသည့် ပထမဆုံး ဥရောပဘုရင် ဖြစ်လာပေလိမ့်မည်။

သို့သော် ဤကမ္ဘာတွင်မူ သမိုင်းကြောင်းအားလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဂရိတ်ဗြိတိန်နိုင်ငံသည် အချိန်ကြိုစော၍ ကြီးထွားလာခဲ့သည်။ စကော့တလန်နှင့် မြောက်အိုင်ယာလန်တို့ကို အုပ်စိုးထားရုံသာမက အမေရိကတိုက်သို့လည်း ကမ်းတက်ကာ လက်အောက်ခံကိုလိုနီနယ်မြေများအား သိမ်းပိုက်ထားပြီး ဖြစ်သည်။ ၁၈ ရာစု ၊ ၁၉ ရာစု အင်ပါယာကဲ့သို့ မကြီးထွားသေးသော်လည်း လုံလောက်စွာ အင်အားကြီးမားနေပြီ ဖြစ်၏။

ထို့အပြင် ဤကမ္ဘာရှိ ဥရောပသည် ၁၇ ရာစု ဥရောပထက် ပိုမို စည်းလုံးညီညွတ်ပြီး နိုင်ငံငယ်များနှင့် နယ်စားပယ်ရာ အများအပြားသည် တော်ဝင်ရောမအင်ပါယာ၏ အရိပ်အာဝါသအောက်တွင် ရှိနေကြသည်။

ဤတော်ဝင်ရောမအင်ပါယာသည် ကမ္ဘာမြေရှိ တော်ဝင်ရောမအင်ပါယာထက် များစွာ ပိုမို အင်အားကြီးမားသည်။ တော်ဝင်ရောမအင်ပါယာသည် ဥရောပတစ်ခုလုံးကို ကိုယ်စားမပြုသော်လည်း ဂျာမန်အင်ပါယာအဖြစ် သတ်မှတ်နိုင်ပေသည်။

**--**--**--**--**--**--**--**

“ရှောင်ကျွင်း... အရှေ့ဘက်ကမ္ဘာကြီးကို ဦးဆောင်ပြီး ကြီးထွားလာစေချင်တဲ့ ခင်ဗျားရဲ့ ဆန္ဒကို ကျွန်တော် ကောင်းကောင်း နားလည်ပါတယ်”

အိမ်ရှေ့စံမင်းသား ချာလီကန်နွန်က ပြောလိုက်သည်။ “တကယ်တော့ ရှောင်ကျွင်းက အရမ်းကောင်းမွန်တဲ့ အလုပ်ကို လုပ်ခဲ့ပါတယ်။ ခင်ဗျားက အရှေ့ဘက် ပြည်ထောင်စုကို ကမ္ဘာ့အင်အားကြီး သုံးခုထဲက တစ်ခုဖြစ်အောင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်”

ဤအိမ်ရှေ့စံမင်းသား ချာလီကန်နွန်သည် ကမ္ဘာမြေသမိုင်းထဲမှ ချားလ် (၂) မဟုတ်ပေ။ အသက်အရွယ်အားဖြင့် ကြည့်လျှင် ချားလ် (၂) သည် ဤအချိန်တွင် သုံးလေးနှစ်သားအရွယ်သာ ရှိသေးပြီး အာရှသို့ အလည်အပတ်လာရောက်ကာ အရှေ့ဘက် ပြည်ထောင်စုနှင့် ဆွေးနွေးပွဲကို ဦးဆောင်နိုင်မည် မဟုတ်ပေ။

“ဒါပေမဲ့... လေးစားရပါသော ရှောင်ကျွင်း” အိမ်ရှေ့စံမင်းသား ချာလီကန်နွန်က ဆက်ပြောသည်။ “အမေရိကတိုက်ဆိုတာ ကျွန်တော်တို့ရဲ့ ကိုလိုနီနယ်မြေပါ။ ဖွံ့ဖြိုးပြီး ဖြစ်စေ ၊ မဖွံ့ဖြိုးသေးသည် ဖြစ်စေ ၊ ရှာဖွေတွေ့ရှိပြီး ဖြစ်စေ ၊ မတွေ့ရှိသေးသည် ဖြစ်စေ ၊ အဲဒါတွေက တော်ဝင်ရောမအင်ပါယာ မဟာမိတ်အဖွဲ့ရဲ့ ကိုလိုနီနယ်မြေတွေပါ။ ဒါကြောင့် ခင်ဗျားရဲ့ စစ်တပ်က အမေရိကတိုက်ကို ကမ်းတက်လာတာက အနောက်ကမ္ဘာတစ်ခုလုံးကို စော်ကားရာ ရောက်ပါတယ်။ တကယ်တော့ အဲဒီမတိုင်ခင်အထိ ကျွန်တော်တို့က ရှောင်ကျွင်းကို ကျွန်တော်တို့ရဲ့ မိတ်ဆွေလို့ပဲ အမြဲ ယူဆခဲ့ကြတာပါ။ ခင်ဗျားရဲ့ စေ့စပ်ထားသူ မစ္စအိန်ဂျယ်ဆိုရင် မကြာသေးခင်ကပဲ ကျွန်တော့်နန်းတော်မှာ ဧည့်သည်အဖြစ် ရောက်လာပြီး ကျွန်တော်တို့ ပျော်ရွှင်စွာ စကားစမြည် ပြောခဲ့ကြပါသေးတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ကဆိုရင် ကျွန်တော်တို့ရဲ့ ကုန်သွယ်မှုပမာဏက သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်ကိုတောင် ကျော်လွန်ခဲ့ပါတယ်”

အရှေ့ဘက် ပြည်ထောင်စု၏ ဘုရင်ငယ် ဖန်းချန်က ပြန်ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသား... ကျွန်တော့်အနေနဲ့ တော်ဝင်ရောမအင်ပါယာရဲ့ ဂုဏ်သိက္ခာကို စော်ကားလိုစိတ် လုံးဝ မရှိပါဘူး။ ခင်ဗျားပြောသလိုပဲ ကျွန်တော်တို့က မူလကတည်းက မိတ်ဆွေတွေပါ ၊ ကျွန်တော့်ရဲ့ စေ့စပ်ထားသူကလည်း အနောက်ကမ္ဘာမှာ အခြေချနေထိုင်သူပါ။ တကယ်တော့ ဂရိတ်ဗြိတိန်နိုင်ငံရော ၊ တော်ဝင်ရောမအင်ပါယာရဲ့ အခြားသော အဖွဲ့ဝင်တွေရော မြောက်အမေရိကကိုပဲ ဖွံ့ဖြိုးအောင် လုပ်ထားကြတာပါ။ ကျွန်တော်တို့ စစ်တပ်က လူသူအရောက်အပေါက် နည်းတဲ့ မြေလွတ်မြေရိုင်းတစ်ခုမှာ ကမ်းတက်ခဲ့တာပါ ၊ တော်ဝင်ရောမအင်ပါယာရဲ့ ကိုလိုနီနယ်မြေကို ကျွန်တော်တို့ မထိပါဘူး”

အိမ်ရှေ့စံမင်းသား ချာလီကန်နွန်က ပြောလိုက်သည်။ “ရှောင်ကျွင်း... ကျွန်တော် ပြောပြီးပါပြီ ၊ ထပ်ပြောပါရစေ။ ကမ္ဘာသစ်တစ်ခုလုံးက ဖွံ့ဖြိုးပြီး ဖြစ်စေ ၊ မဖွံ့ဖြိုးသေးသည် ဖြစ်စေ ကျွန်တော်တို့ တော်ဝင်ရောမအင်ပါယာရဲ့ ကိုလိုနီနယ်မြေထဲမှာ ပါဝင်ပါတယ်။ တကယ်တော့ ခင်ဗျားတို့ စစ်တပ်က ဩစတြေးလျနဲ့ ပတ်ဝန်းကျင်နယ်မြေတွေကို ထိန်းချုပ်လိုက်တာက ကျွန်တော်တို့ စိတ်ကို တော်တော်လေး အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေဖြစ်မှုကို ထောက်ထားပြီး ကျွန်တော်တို့ ရင်ထဲက ဒေါသကို မြိုသိပ်ထားခဲ့ကြတာပါ။ ဒီတစ်ကြိမ် အမေရိကတိုက်ကိစ္စမှာ ခင်ဗျားတို့ ပါဝင်ပတ်သက်လာတာက စစ်ပွဲဖြစ်လုနီးပါး အခြေအနေကို ခြေတစ်လှမ်း လှမ်းလိုက်သလိုပါပဲ”

အိမ်ရှေ့စံမင်းသား ချာလီကန်နွန်သည် လက်ဖက်ရည်ကြမ်း တစ်ခွက်ကို သောက်လိုက်ပြီး ဆက်ပြောလိုက်သည်။ “ရှောင်ကျွင်း... ဒီလို ကောင်းမွန်တဲ့ လက်ဖက်ရည်က ဘုရားသခင်ပေးတဲ့ လက်ဆောင်ပါပဲ။ ကျွန်တော်တို့ နှစ်စဉ် ခင်ဗျားတို့ရဲ့ လက်ဖက်ရည်အတွက် ငွေအသပြာ ဘယ်လောက်တောင် သုံးစွဲနေရသလဲ။ ဆယ်သန်းလား ၊ ဒါမှမဟုတ် အဲဒီထက် ပိုမလား။ ဒါကြောင့် မမေ့ပါနဲ့ ၊ ခင်ဗျားမှာ အနောက်ကမ္ဘာနဲ့ ပတ်သက်တဲ့ ကြီးမားတဲ့ အကျိုးစီးပွားတွေ ရှိနေပါတယ်။ တကယ်လို့ စစ်ပွဲသာ တကယ် ဖြစ်ပွားခဲ့ရင် ဒီအကျိုးစီးပွားတွေ အကုန်လုံး ပျက်စီးသွားနိုင်ပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ခင်ဗျား အိန္ဒိယသမုဒ္ဒရာထဲမှာ မီးနတ်ဘုရားဂိုဏ်းနဲ့ မပျော်ရွှင်စရာ တိုက်ပွဲတစ်ခု ဖြစ်ခဲ့သေးတယ်မလား။ ကျွန်တော် မှတ်မိသလောက်ဆိုရင် အဲဒီပဋိပက္ခက တော်ဝင်ရောမအင်ပါယာရဲ့ မင်းသားကြီး ကြားဝင်စေ့စပ်ပေးလို့ ပြီးသွားခဲ့တာပါ။ ကမ္ဘာတစ်ခုလုံးမှာ အင်အားကြီး သုံးဦးပဲ ရှိပါတယ်။ ခင်ဗျားက နှစ်ဦးစလုံးနဲ့ တစ်ပြိုင်နက် ရန်ဖြစ်ချင်နေတာလား”

ထိုအချိန်တွင် အပြင်ဘက်မှ ရှောင်မူကျစ် တံခါးကို ခပ်ဖွဖွ ခေါက်လိုက်ပြီး ပြောလိုက်သည်။ “ရှောင်ကျွင်း... တာ့နင်အင်ပါယာရဲ့ ကျန်းနန်ဘုရင်ခံ တုဟွေးက အရေးပေါ် စစ်သတင်း ပါလာလို့ အခစားဝင်ခွင့် တောင်းနေပါတယ်”

အရှေ့ဘက် ပြည်ထောင်စု၏ ဘုရင်ငယ် ဖန်းချန်က ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသား... ဒီနေ့ ဆွေးနွေးပွဲကို ဒီမှာပဲ ရပ်နားလိုက်ကြရအောင်။ ကျွန်တော် ခင်ဗျားအတွက် သက်တောင့်သက်သာရှိတဲ့ ညစာစားပွဲနဲ့ ကပွဲတစ်ခု ပြင်ဆင်ထားပါတယ်။ ခင်ဗျားကို ဧည့်ခံပြုစုခွင့် ပေးပါဦး”

“ဂုဏ်ယူစရာပါပဲ” ဂရိတ်ဗြိတိန် အိမ်ရှေ့စံမင်းသားက ပြောလိုက်သည်။ “တကယ်တော့ ကျွန်တော်ကသာ ရှောင်ကျွင်းကို ဧည့်ခံပြုစုသင့်တာပါ။ ခင်ဗျားက ကမ္ဘာ့အင်အားကြီး သုံးခုထဲက တစ်ခုကို အုပ်ချုပ်နေတာလေ ၊ ကျွန်တော်ကတော့ သင်ယူနေဆဲ လူတစ်ယောက်ပါ”

**--**--**--**--**--**--**--**

“ကျွန်တော်မျိုး တုဟွေး... ရှောင်ကျွင်းကို ဂါရဝပြုပါတယ်” ကျန်းနန်ဘုရင်ခံ တုဟွေး ဦးညွတ်ဂါရဝပြုလိုက်သည်။

“ပြော” ဖန်းချန်က အမိန့်ပေးလိုက်၏။

တာ့နင်အင်ပါယာ၏ ကျန်းနန်ဘုရင်ခံ တုဟွေးက လျှောက်တင်လိုက်သည်။ “ရှန်ဟိုင်ကွမ်တိုက်ပွဲ ပြီးဆုံးသွားပါပြီ။ တုပိုင်က အပြတ်အသတ် အောင်ပွဲခံနိုင်ခဲ့ပြီး ရန်သူ နှစ်သိန်းကို ခေါင်းဖြတ်သတ်နိုင်ခဲ့ပါတယ်။ ဂျာချင်အင်ပါယာ အထိနာသွားပါတယ်။ အရှေ့ဘက် ပြည်ထောင်စုက စေလွှတ်လိုက်တဲ့ စမ်းသပ်စစ်သင်္ဘောနဲ့ အမြောက်သစ်တွေက ရှန်ဟိုင်ကွမ်ကို တိုက်ခိုက်ခဲ့ပေမဲ့ ရေဘဝဲဘီလူးကြီးတစ်ကောင်ကြောင့် ပျက်စီးသွားခဲ့ရပြီး အမြောက်သစ်တွေ အကုန်လုံး တုပိုင်လက်ထဲ ရောက်သွားပါတယ်”

ရှောင်ကျွင်း ဖန်းချန်၏ မျက်နှာသည် ရွဲ့စောင်းသွားပြီး လက်ထဲမှ ခွက်သည် အနည်းငယ် အားထည့်လိုက်ရုံဖြင့် ကွဲကြေသွားလေသည်။

တုဟွေးက ဆက်ပြောသည်။ “တုပိုင်က ဖန်းကျန်ကျစ်ရဲ့ ဥပါဖြတ်လိုက်ပြီး သူ့ခေါင်းကို အမတ်မင်းဖန်းကျိုးဆီ ပို့လိုက်ပါတယ်”

အချိန်အတော်ကြာပြီးနောက် ရှောင်ကျွင်း ဖန်းချန်က မေးလိုက်သည်။ “ခင်ဗျား ဘယ်လို ထင်လဲ”

တုဟွေးက ပြန်ဖြေလိုက်သည်။ “အမတ်မင်းဖန်းကျိုးက တုပိုင် မရှိခိုက် အခွင့်ကောင်းယူပြီး တာ့နင်အင်ပါယာရဲ့ အနောက်တောင်ဘက်ကို တိုက်ရိုက် စစ်တပ်စေလွှတ်ကာ သူ့ရဲ့ အနောက်တောင်ပိုင်း ပြည်နယ်သုံးခုကို လုံးဝ ဖျက်ဆီးပစ်ဖို့ ရှောင်ကျွင်းကို အသနားခံစာ တင်လိုက်ပါတယ်”

ဖန်းချန်က ပြောလိုက်သည်။ “မင်းသားချာလီနဲ့ ငါ ဘာအကြောင်း ပြောနေလဲဆိုတာ ခင်ဗျား သိလား”

တုဟွေးက ပြန်ဖြေသည်။ “ကမ္ဘာသစ် ကိုလိုနီနယ်မြေ ပိုင်ဆိုင်မှုအတွက် ဆွေးနွေးနေတာကို ကျွန်တော်မျိုး သိပါတယ်”

ထို့နောက် တုဟွေးသည် ပြောရမလို ၊ မပြောရမလို တွန့်ဆုတ်နေလေသည်။

“ပြောစမ်းပါ” ဖန်းချန်က ခွင့်ပြုလိုက်သည်။

တုဟွေးက လျှောက်တင်လိုက်သည်။ “ဒီကမ္ဘာမှာ အနောက်ကမ္ဘာ ၊ မီးနတ်ဘုရားဂိုဏ်းနဲ့ အရှေ့ဘက် ပြည်ထောင်စုဆိုပြီး အင်အားကြီး သုံးခု ရှိပါတယ်။ ကျွန်တော်တို့က မီးနတ်ဘုရားဂိုဏ်းနဲ့ ရေကြောင်းပဋိပက္ခ ဖြစ်ခဲ့ပြီးပါပြီ။ အခု အနောက်ကမ္ဘာနဲ့ပါ ကြီးမားတဲ့ ပဋိပက္ခ ဖြစ်ပွားတာက ပညာရှိရာ မရောက်ပါဘူး။ အင်အားကြီး နှစ်ဦးနဲ့ တစ်ပြိုင်နက် ရန်သူဖြစ်ရတာ မကောင်းပါဘူး”

“အင်း...” ဖန်းချန်က ပြောသည်။ “ဆက်ပြော”

တုဟွေးက ဆက်ပြောလိုက်သည်။ “ဒါ့အပြင် ပြည်ပကို မချဲ့ထွင်ခင် ပြည်တွင်းကို အရင် ငြိမ်သက်အောင် လုပ်သင့်ပါတယ်။ ရှောင်ကျွင်းအနေနဲ့ မဟာဗျူဟာ အဓိကအချက်ကို တာ့နင်အင်ပါယာအပေါ် ထားရှိဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ တာ့နင်အင်ပါယာကို သိမ်းပိုက်နိုင်မှသာ အရှေ့ဘက်ကမ္ဘာတစ်ခုလုံး လုံးဝ စည်းလုံးညီညွတ်သွားမှာပါ။ ပြီးတော့ ကျွန်တော့်ဘက်က နားမလည်နိုင်တဲ့ အချက်တစ်ချက် ရှိပါသေးတယ်။ ဘုရင်ငယ်ရဲ့ စစ်အင်အားနဲ့ဆိုရင် တာ့နင်အင်ပါယာကို တိုက်ရိုက် ကမ်းတက်ပြီး လွယ်လွယ်ကူကူ ဖျက်ဆီးပစ်လို့ ရပါတယ်။ ဘာလို့ ဒီလို မလုပ်ဘဲ နိုင်ငံရေးနည်းလမ်းနဲ့ ရုပ်သေးဧကရာဇ်ကို ထောက်ပံ့နေတာလဲ။ ဘာလို့ တာ့နင်အင်ပါယာကို တိုက်ရိုက် မဖျက်ဆီးတာလဲ”

ထိုအချက်သည် တုဟွေးအတွက် အမြဲတမ်း နားမလည်နိုင်စရာ ဖြစ်နေခဲ့သော ကိစ္စပင် ဖြစ်လေ၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၉၃ + ၆၉၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

Characters – 17050

All Chapters