အခန်း (၆၉၅-၆၉၆)
Vol. 70 Ch. 695-696
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၉၅ + ၆၉၆
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ဖန်းချန်သည် တုဟွေးအား စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်ပြီး ခပ်အေးအေးပင် ဆိုလိုက်၏။ “မင်းက တကယ့်ကို အမြင်ကျဥ်း ၊ ဗဟုသုတခေါင်းပါးပြီး ခေတ်နောက်ကျလွန်းနေတာပဲ။ အင်အားကြီးနှစ်ခုကို တစ်ပြိုင်နက် ရန်မစသင့်ဘူးဆိုတာ ဘယ်သူပြောတဲ့ စကားလဲ။ ရယ်စရာကောင်းလိုက်တာ။ တကယ်တော့ အင်အားကြီးသုံးစု အားပြိုင်နေတာကမှ ဒီကမ္ဘာကြီးရဲ့ အတည်ငြိမ်ဆုံး အခြေအနေပဲ။”
“သူတို့ကြားထဲမှာ ပဋိပက္ခတွေ ရှိနေတာက သဘာဝပဲလေ။ တစ်ဖွဲ့ဖွဲ့ကသာ အစွမ်းကုန် အင်အားကြီးမားမလာသရွေ့ ၊ ကျန်တဲ့နှစ်ဖွဲ့ပေါင်းပြီး အဲဒီတစ်ဖွဲ့တည်းကို ဝိုင်းတိုက်တယ်ဆိုတဲ့ အခြေအနေမျိုး ဘယ်တော့မှ ပေါ်လာမှာ မဟုတ်ဘူး။ မီးနတ်ဘုရားဂိုဏ်းက အနောက်ကမ္ဘာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတယ်။ သူတို့ကြားက ပဋိပက္ခတွေနဲ့ သဘောထားကွဲလွဲမှုတွေက ပိုပြီးတော့တောင် ပြင်းထန်လာဖို့ပဲ ရှိတာ။ အရှေ့ဘက်ပြည်ထောင်စုက ဒီနေ့ မီးနတ်ဘုရားဂိုဏ်းကို တိုက်မယ် ၊ မနက်ဖြန်ကျရင် အနောက်ကမ္ဘာကို ပြောင်းတိုက်မယ်။ ဒါကမှ ကမ္ဘာကြီးကို ပိုပြီး တည်ငြိမ်စေလိမ့်မယ်”
ဤအခြေအနေသည် ကမ္ဘာမြေ၏ သမိုင်းကြောင်းတစ်လျှောက် တရုတ်ပြည်သစ်၏ အခြေအနေနှင့် များစွာဆင်တူလှပေသည်။ ဆိုဗီယက်ပြည်ထောင်စုနှင့် မိတ်ပျက်နေချိန်တွင် အမေရိကန်ပြည်ထောင်စုနှင့်လည်း ပဋိပက္ခဖြစ်ပွားနေခဲ့ရာ ထိုအချိန်က အခြေအနေမှာ ဓားသွားပေါ် လမ်းလျှောက်နေရသကဲ့သို့ အန္တရာယ်များလှပေ၏။
ရှောင်ကျွင်းဖန်းချန်က ဆက်ပြောလိုက်လေသည်။ “တာ့နင်အင်ပါယာကို တိုက်ရိုက် ကမ်းတက်ပြီး ဘာလို့ ဝင်မဖျက်ဆီးတာလဲ... ဘာလို့ သူတို့နေရာမှာ အစားထိုး ဝင်မယူတာလဲလို့ မင်းငါ့ကို မေးခဲ့တယ်မလား။ အဲဒီအတွက် အကြောင်းရင်း နှစ်ချက် ရှိတယ်။ ပထမအချက်က မင်းကို ပြောပြလို့ မရဘူး။ ဒုတိယအချက်ကတော့ တာ့နင်အင်ပါယာက ငါ့အတွက် ကုန်ကြမ်းတွေ အများဆုံးရနိုင်တဲ့ နေရာဖြစ်သလို ၊ ငါ့ရဲ့ ကုန်ပစ္စည်းတွေကို ပြန်လည်ရောင်းချဖို့ အကြီးဆုံး စျေးကွက်ကြီး ဖြစ်နေလို့ပဲ။”
“တကယ်လို့ စစ်ပွဲသာ ဖြစ်ပွားခဲ့မယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေ ဘယ်လောက်ကြာကြာ ရပ်တန့်သွားမလဲ။ ငွေကြေးတွေ ဘယ်လောက်တောင် နစ်နာဆုံးရှုံးသွားမလဲ။ သေချာမှတ်ထား... စစ်ရေးဆိုတာ နိုင်ငံရေးအတွက်ဖြစ်ပြီး ၊ နိုင်ငံရေးဆိုတာကလည်း စီးပွားရေးအတွက်ပဲ”
တုဟွေးသည် စကျင်ကျောက်ပြားခင်းထားသော ကြမ်းပြင်ပေါ်သို့ သူ၏နဖူးဖြင့် ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်ရင်း တောင်းပန်လိုက်လေ၏။ “ကျွန်တော်မျိုး မိုက်မဲမိပါတယ် သခင်”
တကယ်တော့ ရှောင်ကျွင်းဖန်းချန် ထုတ်ဖော်မပြောပြခဲ့သော အခြားအကြောင်းအရင်းများ ရှိနေသေး၏။ ဥပမာအားဖြင့် အမေရိကတိုက်ရှိ ကိုလိုနီနယ်မြေတစ်ခုကို သူ သေချာပေါက် ရယူသိမ်းပိုက်ရမည် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် အလွန်တရာ စွမ်းအားကြီးမားပြီး အရေးပါလှသော အရာတစ်ခု ရှိနေသောကြောင့်ပင်။ ဤလျှို့ဝှက်ချက်ကိုမူ သူ မည်သူ့ကိုမျှ ပြောပြမည် မဟုတ်ချေ။
ဖန်းချန်က ဆက်လက်ရှင်းပြလေ၏။ “ညှိနှိုင်းဆွေးနွေးနေလည်း အလကားပဲ။ နောက်ကျရင် ငါတို့နဲ့ အနောက်ကမ္ဘာကြားမှာ ရေကြောင်းကနေ ကုန်းတွင်းအထိ ပြင်းထန်တဲ့ စစ်ပွဲတွေ သေချာပေါက် ဖြစ်လာလိမ့်မယ်။ ဒါ့အပြင် မီးနတ်ဘုရားဂိုဏ်းက အခွင့်ကောင်းယူပြီး ဝင်မတိုက်နိုင်အောင်လို့ အိန္ဒိယသမုဒ္ဒရာနဲ့ ကိုလိုနီနယ်သစ်တွေမှာလည်း တပ်တွေ ချထားဖို့ လိုသေးတယ်။”
“ဒါကြောင့် တုပိုင်ရဲ့ အနောက်တောင်ဘက်ဒေသကို ဖျက်ဆီးဖို့ တာ့နင်အင်ပါယာဆီ စစ်တပ်အင်အား အများကြီး စေလွှတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ စစ်တပ်ဆိုတာ အကျိုးအမြတ် အများဆုံးထွက်မယ့် နေရာမှာပဲ သုံးရတယ်။ တုပိုင်ရဲ့ အနောက်တောင်ပိုင်း ပြည်နယ်သုံးခုဆိုတာ ငါ့အတွက်တော့ ပြောပလောက်တဲ့ အရာမဟုတ်ဘူး။ တုပိုင်ဆိုတဲ့ကောင်ကလည်း ငါ့ရဲ့ စစ်သည် သောင်းချီ ၊ သိန်းချီနဲ့ လာတိုက်ရလောက်အောင် တန်ဖိုးရှိတဲ့ကောင် မဟုတ်ဘူး”
တုဟွေးသည် ရင်ထဲတွင် ခါးသီးသွားရသော်လည်း ရိုသေစွာဖြင့် ခေါင်းညိတ်အရိုအသေပေးလိုက်သည်။ “သခင်ပြောတာ မှန်လှပါတယ်။ ဒါပေမဲ့ သူ့ကို ဒီအတိုင်း ဆက်ပြီး ကြီးထွားခွင့်ပေးထားမယ်ဆိုရင် တစ်နေ့ကျရင် ကျွန်တော်တို့အတွက် ပြဿနာကြီး တစ်ရပ် ဖြစ်လာပါလိမ့်မယ်”
ဖန်းချန်က အထင်အမြင်သေးဟန်ဖြင့် ဆိုလိုက်၏။ “သူက အရမ်းကို နောက်ကျကျန်ရစ်နေခဲ့ပြီ။ ငါ့အတွက်တော့ သူက လူရိုင်းတစ်ယောက်လိုပဲ။ ဘယ်တော့မှ ငါ့ကို အမီလိုက်နိုင်မှာ မဟုတ်ဘူး။ ပေမင်ဓားဂိုဏ်းကိုပဲ သူတို့ရဲ့ အမြင့်ဆုံး အင်အားသုံးပြီး အဲဒီကောင်ကို သတ်ခိုင်းလိုက်”
တုဟွေးက စိုးရိမ်တကြီးဖြင့် ပြန်လည်တင်ပြလေသည်။ “ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ပေမင်ဓားဂိုဏ်းက မဟာဆရာသခင်လေးပါးကို စေလွှတ်ပြီး တုပိုင်ကို လုပ်ကြံခဲ့ပေမဲ့ သူတို့တွေ ပျောက်ချင်းမလှကို ပျောက်သွားခဲ့ကြပါတယ်”
ဖန်းချန်က အေးစက်စွာ ပြောလိုက်၏။ “ရေဘဝဲဘီလူးကြီးကြောင့် ဖြစ်မှာပေါ့။ အဲဒီကောင်ကြီးက ပေမင်ဓားဂိုဏ်းရဲ့ မဟာဆရာသခင်လေးပါးကို သတ်ပစ်လိုက်တာနေမှာ။ တုပိုင်ကို အဲဒီ ရေဘဝဲဘီလူးကြီးရဲ့ အကာအကွယ်အောက်ကနေ ထွက်လာအောင် အရင်လုပ် ၊ ပြီးမှ သတ်ခိုင်းလိုက်ပေါ့။ ဘယ်လိုလုပ်ရမလဲဆိုတာ အသေးစိတ်ကအစ မင်းတို့ကို ငါကပဲ သင်ပေးနေရဦးမှာလား”
တုဟွေးသည် ချက်ချင်းပင် အရိုအသေပေးလိုက်လေ၏။ “အမိန့်တော်အတိုင်းပါ သခင်”
ဖန်းချန်က အမိန့်ပေးလိုက်သည်။ “ငါကိုယ်တိုင် စာတစ်စောင် ရေးပေးလိုက်မယ်။ မင်းက ပေမင်ဂိုဏ်းချုပ်ဆီ ယူသွားလိုက်”
တုဟွေးသည် ထပ်မံ၍ အရိုအသေပေးလိုက်၏။ “အမိန့်တော်အတိုင်းပါ”
ဤသို့ဖြင့် ရှန်ဟိုင်ကွမ်တိုက်ပွဲ ပြီးဆုံးပြီးနောက် နှစ်ဆယ့်ငါးရက်အကြာတွင် တုပိုင်၏ ဒုတိယတပ်မကြီးမှ ဒုတိယတပ်မှူး ဦးဆောင်သော စစ်သည်အင်အား နှစ်သောင်းသည် နှစ်လခွဲကြာမျှ ခရီးရှည်ကြီး ချီတက်လာခဲ့ပြီးနောက် နောက်ဆုံး၌ ရှန်ဟိုင်ကွမ်သို့ ဆိုက်ရောက်လာလေတော့သည်။
မူလက သူတို့သည် ရှန်ဟိုင်ကွမ် အဆုံးအဖြတ်တိုက်ပွဲကို အမီလိုက်ရန် ရည်ရွယ်ခဲ့ကြသော်လည်း ၊ တိုက်ပွဲမှာ ခန့်မှန်းထားသည်ထက် ပိုမိုစောစီးစွာ ဖြစ်ပွားခဲ့သဖြင့် မည်မျှပင် အသည်းအသန် ချီတက်လာခဲ့စေကာမူ အချိန်မမီလိုက်ချေ။ သို့သော်လည်း တုပိုင်၏ မြောက်ပိုင်းစစ်ပွဲကိုမူ အမီလိုက်နိုင်ခဲ့ပေသည်။
ရှန်ဟိုင်ကွမ်တွင် ရှိနေသော တုပိုင်၏ မူလတပ်အင်အားမှာ လေးသောင်းနှစ်ထောင် ရှိခဲ့ရာမှ တိုက်ပွဲအပြီးတွင် သုံးသောင်းခြောက်ထောင်ခန့်သာ ကျန်ရှိတော့လေသည်။ ထို့ကြောင့် သူသည် ရှန်ဟိုင်ကွမ်၌ စစ်သည်တစ်သောင်းခြောက်ထောင်ကို အစောင့်အဖြစ် ချန်ထားရစ်ခဲ့ရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် သူသည် ကျန်ရှိသော စစ်သည်အင်အား လေးသောင်းအား ဦးဆောင်၍ မြောက်ပိုင်းသို့ ချီတက်ကာ လျောင်တုန်းဒေသမှ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်သိမ်းပိုက်ပြီးနောက် ဂျာချင်အင်ပါယာကို တစ်ချက်တည်းနှင့် အပြတ်ချေမှုန်းပစ်မည် ဖြစ်လေ၏။
ဤမြောက်ပိုင်းစစ်ပွဲကို အတိုတောင်းဆုံးအချိန်အတွင်း အဆုံးသတ်ပြီးသည်နှင့် သူ၏ အနောက်တောင်ပိုင်းနယ်မြေသို့ ပြန်လည်ကာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထား အာရုံစိုက် လုပ်ဆောင်သွားတော့မည် ဖြစ်ပေသည်။
နည်းပညာအသစ်များကို အမီလိုက်ရန် အချိန်နှောင်းနေပြီဖြစ်ကြောင်း သူသိသည်။ ရေနွေးငွေ့သုံး အင်ဂျင်များနှင့် ပြောင်းဝရစ်ကြောင်းပါ ဟောင်ဝစ်ဇာအမြောက်များကို အရှေ့ဘက်ပြည်ထောင်စုက တီထွင်ပြီးစီးနေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် အခြားရွေးချယ်စရာ လမ်းကြောင်းတစ်ခုဖြစ်သည့် စွမ်းအင်ကဏ္ဍကိုသာ ဦးတည်ဖွံ့ဖြိုးအောင် လုပ်ဆောင်ရတော့မည်။
ဥပမာအားဖြင့် ဗိုက်ကင်းနိုင်ငံ၏ သံချပ်ကာစစ်သင်္ဘောရှိ စွမ်းအင်ဗဟိုချက်နှင့် တုပိုင်ကိုယ်တိုင် အသုံးပြုခဲ့ဖူးသော အမှောင်ထုဒြပ်စင် ဖျက်ဆီးခြင်းမြှား ကဲ့သို့သော အရာများပင် ဖြစ်သည်။ ဤနည်းလမ်းကသာလျှင် အရှေ့ဘက်ပြည်ထောင်စုကို ကျော်လွန်ကာ အနိုင်ယူနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပေသည်။
အဓိကအချက်မှာ တုပိုင်သည် ကမ္ဘာမြေအက်ကွဲကြောင်းမှ ဝိညာဉ်မိစ္ဆာ သွေးပုံဆောင်ခဲကို ရရှိထားခြင်းပင် ဖြစ်၏။ ပါရမီရှင် အဂ္ဂိရတ်ပညာရှင်နှင့် လူပုမျိုးနွယ် ပရောဖက်ဟောင်းဖြစ်သူ စစ်ခုန်းယဲ့အနေဖြင့် ထိုဝိညာဉ်မိစ္ဆာ သွေးပုံဆောင်ခဲကို လေ့လာရာမှ အောင်မြင်မှုအသစ်များ ရရှိလာလိမ့်မည်ဟု မျှော်လင့်ရလေသည်။
မင်းသမီးနင်းရွှဲ့မှာမူ အလွန်ပင် စိတ်ဓာတ်ကျနေရှာသည်။ သူမ၏ ဗိုက်ကလေးမှာ ပူထွက်လာခြင်း မရှိသေးသည့်အပြင် ၊ ရာသီသွေးကလည်း အချိန်မှန် ပြန်ဆင်းလာခဲ့သည်။
မင်းသမီးနင်းရွှဲ့က စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်သည်။ “ဘာလို့လဲဟင်။ ကျွန်မတို့ အတူမနေဖြစ်ကြဘူးဆိုရင်တော့ ထားပါတော့။ ဒီနှစ်လအတွင်းမှာဆို ကျွန်မတို့ နေ့တိုင်းနီးပါး အတူနေခဲ့ကြတာပဲကို။ ဘာလို့ ကလေးမရနိုင်သေးတာလဲ။ ကျွန်မဗိုက်မှာပဲ ပြဿနာရှိနေလို့များလား”
တုပိုင်က ပြုံးစစဖြင့် ဆိုလိုက်သည်။ “တကယ်တော့ ကိုယ့်ဘက်ကများ ချို့ယွင်းချက် ရှိနေသလားလို့ သံသယဖြစ်မိတယ်”
မင်းသမီးနင်းရွှဲ့က နှာမှုတ်လိုက်ရင်း ပြန်လည်တုံ့ပြန်လိုက်သည်။ “ဟွန်း... ရှင်က သိပ်စကားကြီးစကားကျယ် ပြောတာပဲ။ အတူနေပြီးသွားတိုင်း ကျွန်မမှာ သေမတတ် ခံစားရတာကိုများ။ ရှင်သာ မစွမ်းဆောင်နိုင်ဘူးဆိုရင် ဒီကမ္ဘာပေါ်မှာ အသန်မာဆုံးယောက်ျားဆိုတာ ရှိတော့မှာတောင် မဟုတ်ဘူး”
တုပိုင် စကားမဆက်နိုင်တော့ပေ။ သူ သန်မာခြင်း ၊ မသန်မာခြင်းမှာ ကိုယ်ဝန်ရခြင်း ၊ မရခြင်းနှင့် သက်ဆိုင်ခြင်း မရှိပေ။
မင်းသမီးနင်းရွှဲ့က ဆက်ပြောသည်။ “ယောက်ျား... ရှောင်ကျွယ်နဲ့များ စမ်းကြည့်ပါလား။ ကိုယ်ဝန်ရမလားလို့လေ”
ထိုစကားကို ကြားလိုက်ရသောအခါ တုပိုင် ကြောင်အသွားလေ၏။
ရှောင်ကျွယ်ဆိုသည်မှာ ဘေးနားမှ ချောမောလှပသော အပျိုတော်လေးပင် ဖြစ်သည်။ မင်းသမီးနင်းရွှဲ့က တမင်သက်သက် ထုတ်ပြောလိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။ ထိုအချိန်၌ပင် အပျိုတော်လေးသည် လက်ဖက်ရည်လာပို့ရင်း မင်းသမီးနင်းရွှဲ့၏ စကားကို ကြားလိုက်ရသဖြင့် မျက်နှာတစ်ခုလုံး ရဲခနဲ ဖြစ်သွားရှာသည်။
“ဟွန်း...” အပျိုတော်လေးက နှာခေါင်းရှုံ့လိုက်ပြီးနောက် အစအနမကျန်အောင် ပြေးထွက်သွားလေတော့၏။
ထိုအချိန်တွင် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။ “အရှင်မင်းကြီး... ပေမင်ဓားဂိုဏ်းက တမန်တော် အခစားဝင်ခွင့် တောင်းခံနေပါတယ်”
တုပိုင် ထပ်မံ၍ ကြောင်အသွားရပြန်သည်။ ပေမင်ဓားဂိုဏ်းမှ လူများက သူ့ထံ လာရောက်တွေ့ဆုံသည်တဲ့လား။ ဤသည်က မည်သို့သော သဘောနည်း။
ခန်းမဆောင်အတွင်း၌ တုပိုင်သည် ပေမင်ဓားဂိုဏ်း၏ တမန်တော်ကို တွေ့ဆုံလိုက်ရသည်။ ရင်းနှီးနေသော မျက်နှာပင် ဖြစ်၏။ သူမသည် တာ့အန်ချိုကျွန်းမှ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ဖြစ်သည်။
ပေမင်ဓားဂိုဏ်းတမန်တော်က တုပိုင်ကို မြင်သည်နှင့် တဲ့တိုးပင် ပြောလိုက်သည်။ “ဂုဏ်ယူပါတယ် တုပိုင်... ရှင်တော့ အဖေဖြစ်တော့မယ်”
တုပိုင် အံ့အားသင့်သွားရသည်။ သူ ဖခင်ဖြစ်တော့မည်တဲ့လား။ ဤရက်ပိုင်းများတွင် သူသည် မင်းသမီးနင်းရွှဲ့နှင့် နေ့စဉ်နီးပါး အတူနေခဲ့သော်လည်း သူမတွင် ကိုယ်ဝန်မရခဲ့ချေ။ ထို့ကြောင့် တုပိုင်သည် သူ၏ မျိုးစေ့များ အောင်မြင်မှုမရှိလေသလောဟု သံသယဝင်နေခဲ့ခြင်း ဖြစ်သည်။ အမှန်ကိုပြောရမည်ဆိုလျှင် သူသည် မိန်းမစိုးဘဝမှ သာမန်ယောက်ျားစစ်စစ်ဘဝသို့ ပြောင်းလဲလာခဲ့သူ မဟုတ်ပါလော။
ပေမင်ဓားဂိုဏ်းတမန်တော်က ဆက်ပြောသည်။ “နီရှန် နတ်မိမယ်မှာ ကိုယ်ဝန်ရနေပြီ။ နှစ်လတောင် ကျော်နေပါပြီ။ ပြီးတော့ သူ့ရဲ့ တစ်ဦးတည်းသော ယောက်ျားက ရှင်ပဲ”
တုပိုင် အံ့သြမှင်တက်သွားရသည်။ ဤသည်က အမှန်ပင်လော။ သို့တည်းမဟုတ် ပေမင်ဓားဂိုဏ်းက လှည့်စားနေခြင်းများလား။
ပေမင်ဓားဂိုဏ်းတမန်တော်က ဆက်ပြောသည်။ “နီရှန်က သူရဲ့ မူလအဓိဋ္ဌာန် စိတ်ဆန္ဒကို သစ္စာဖောက်သွားခဲ့ပြီ။ ဒါကြောင့် ဂိုဏ်းချုပ်က သူ့ူကို ပေမင်ဓားဂိုဏ်းကနေ ထုတ်ပယ်လိုက်ပြီလေ။ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ သူနဲ့ သူ့ဗိုက်ထဲက ကလေးကို ရှင့်ဆီ ပြန်ပို့ပေးလိုက်မယ် ၊ အရှင်တုပိုင်”
တကယ်တမ်း စဉ်းစားကြည့်လျှင် ရယ်မောဖွယ် ကောင်းလှပေသည်။ မူလအဓိဋ္ဌာန် စိတ်ဆန္ဒကို ဖောက်ဖျက်သစ္စာဖောက်ခဲ့သူမှာ နင်တောက်ရွှမ်သာ ဖြစ်၏။ နီရှန်နတ်မိမယ်မှာမူ ပေမင်ဘိုးဘွားများ ဟောကိန်းထုတ်ခဲ့သော တာဝန်ရှင် ကောင်းကင်သခင်ကို အကာအကွယ်ပေးရင်း သူမ၏ မူလစိတ်ဆန္ဒကို အမြဲတမ်း စွဲမြဲစွာ ထိန်းသိမ်းခဲ့သူ ဖြစ်သည်။ သို့သော် ထိုအကြောင်းရင်းကြောင့်ပင် သူမသည် ပေမင်ဓားဂိုဏ်းတစ်ခုလုံး၏ ဘုံရန်သူ ဖြစ်လာခဲ့ရသည်။
ပေမင်ဓားဂိုဏ်းတမန်တော်က ခြိမ်းခြောက်သည့် လေသံဖြင့် ဆက်ပြောလိုက်သည်။ “ကျွန်မတို့ သူ့ကို ကျီနန်စီရင်စုက ပေါက်တူစမ်းချောင်းဆီ ခေါ်သွားမယ်။ ရှင် အဲဒီကိုလာပြီး သူ့ကို လာခေါ်လို့ရတယ်။ ဒါပေမဲ့ ကျွန်မတို့ သုံးရက်ပဲ စောင့်မယ်။ နောက်သုံးရက် နေဝင်ချိန်အထိ ရှင်သာ ကျီနန်စီရင်စုက ပေါက်တူစမ်းချောင်းကို အရောက်မလာခဲ့ရင်တော့ နီရှန်ကို သတ်ပစ်လိုက်မယ်။ အဲဒီအခါကျရင် ရှင်ဟာ ကိုယ့်သွေးသားရင်းချာကို ကိုယ်တိုင် ဆုံးရှုံးလိုက်ရမှာပဲ”
တုပိုင် ချက်ချင်း သဘောပေါက်လိုက်၏။ ဤသည်ကား သူ့ကို ရေဘဝဲဘီလူးကြီး၏ အကာအကွယ်နယ်မြေအတွင်းမှ ထွက်လာစေရန် မျှားခေါ်နေခြင်းပင် ဖြစ်သည်။ ပေမင်ဓားဂိုဏ်းသည် နီရှန်နတ်မိမယ်နှင့် သူမဝမ်းဗိုက်ထဲမှ ကလေးကို အသုံးချကာ ၊ တုပိုင်အား ရေဘဝဲဘီလူးကြီး၏ အကာအကွယ်အောက်မှ ထွက်လာစေရန် ခြိမ်းခြောက်လိုက်ခြင်း ဖြစ်၏။
ကျီနန်စီရင်စုသည် ရှန်ဟိုင်ကွမ်မှ လီပေါင်း တစ်ထောင်ရှစ်ရာကျော်မျှ ကွာဝေးပြီး ၊ ရေဘဝဲဘီလူးကြီး၏ အာဏာစက် လုံးဝ လက်လှမ်းမမီနိုင်သော နေရာဖြစ်သည်။ သို့ဖြစ်ရာ တုပိုင် ထိုနေရာသို့ သွားလိုက်သည်နှင့် တစ်နည်းအားဖြင့် ပြောရလျှင် သေတွင်းထဲသို့ ကိုယ်တိုင် ဆင်းသွားသကဲ့သို့ ဖြစ်ပေလိမ့်မည်။
သို့သော် သူ မသွားခဲ့လျှင် ပေမင်ဓားဂိုဏ်းက နီရှန်ကို တကယ်ပင် သတ်ပစ်မည်လော။ ထို့ပြင် သူမဝမ်းဗိုက်ထဲမှ ကလေးကိုကော သတ်ပစ်မည်လော။ ဤအခြေအနေက စကားတစ်ခွန်းကို သွား၍ အမှတ်ရစေသည်။ ယုတ်မာခြင်းသည် ယုတ်မာသူတို့အတွက် လွတ်မြောက်ခွင့် လက်မှတ်ဖြစ်ပြီး ၊ မြင့်မြတ်ခြင်းသည် မြင့်မြတ်သူတို့အတွက် ဂူသွင်းမှတ်တမ်း ဖြစ်သည်။
ပေမင်တမန်တော်က ဆိုလိုက်ပြန်သည်။ “ဒါပေမဲ့ ရှင်က ကိုယ့်သွေးသားရင်းချာကိုတောင် အရေးမစိုက်ဘူးဆိုရင်တော့ ကျွန်မ ခုနကပြောခဲ့တာတွေကို ဘာမှမကြားခဲ့ဘူးလို့သာ သဘောထားလိုက်ပါ။ ရှင် မလာလည်း ရပါတယ်။ ဒါပေမဲ့ ရှင်က ရေဘဝဲဘီလူးကြီးရဲ့ အကာအကွယ်အောက်မှာ တစ်သက်လုံး ပုန်းကွယ်နေလို့တော့ မရနိုင်ဘူးဆိုတာ သတိရပါ”
ထိုစကားက တုပိုင်၏ အားနည်းချက်ကို တည့်တည့်မတ်မတ် ထိမှန်သွားလေ၏။ ပေမင်ဓားဂိုဏ်းနှင့် မျက်နှာပျက်ပြီးကတည်းက သူသည် လုပ်ကြံမှုများကို ဆက်တိုက်ဆိုသလို ရင်ဆိုင်ခဲ့ရသည်။ ဤအတိုင်း ဆက်လက် တိမ်းရှောင်နေ၍ မဖြစ်တော့ချေ ၊ တစ်နည်းနည်းဖြင့်တော့ အဆုံးသတ်ရပေမည်။
တုပိုင်က တည်ငြိမ်စွာ မေးလိုက်သည်။ “ကျီနန်မှာ ငါ့ကိုသတ်ဖို့ ဘယ်သူ စောင့်နေမှာလဲ”
ပေမင်တမန်တော်က ပြန်ဖြေသည်။ “ပေမင်ဓားဂိုဏ်းရဲ့ မဟာအကြီးအကဲ ကျီချန်ချိုပါ။ သူ့ရဲ့ သိုင်းပညာအဆင့်အတန်းကို သိချင်ရင် တာ့ယန်တိုင်းပြည်ရဲ့ ဘုရင်ဟောင်း လီရူဟိုင်နဲ့ ယှဉ်ကြည့်လို့ ရပါတယ်။ ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်လောက်တဲ့ သိုင်းပညာမျိုးပါ”
လီရူဟိုင်၏ သိုင်းပညာက မည်မျှပင် စွမ်းအားကြီးမားသနည်း။ မဟာဆရာသခင် သုံးယောက်ဖြစ်သော လီတောက်ယွဲ့ ၊ ကျီလန်ထင်းနှင့် နီရှန်နတ်မိမယ်တို့ သုံးယောက်ပေါင်းပြီး ဝိုင်းတိုက်ခဲ့သော်လည်း သူ့ကို အနိုင်မရခဲ့ပေ။ အဓိကအချက်မှာ ကျီလန်ထင်းနှင့် နီရှန်နတ်မိမယ်တို့သည် ယွီမဟာဆရာသခင်အဆင့်နှင့် အလွန်နီးကပ်နေကြသည့် အဆင့်မြင့် မဟာဆရာသခင်များ ဖြစ်ကြသည်။ ယခု မဟာအကြီးအကဲ ကျီချန်ချို၏ သိုင်းပညာသည် လီရူဟိုင်ကဲ့သို့ပင် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်းရှိသည့် အဆင့်ဟု ဆိုလိုခြင်း ဖြစ်သည်။
ပေမင်တမန်တော်က ဆက်ပြောသည်။ “ဒါ့အပြင် အကြီးအကဲ ကျီချန်ချိုက သူတော်စင်ဝတ်ရုံ တရားသူကြီး အနည်းငယ်ကိုလည်း ခေါ်လာဦးမှာပါ။ ဒါကြောင့် ရှင်ကြောက်ရင် မလာဘဲ နေလို့ ရပါတယ်။ နီရှန်နတ်မိမယ်နဲ့ သူ့ဗိုက်ထဲက ကလေးကို ကျွန်မတို့ ကွပ်မျက်လိုက်ရုံပါပဲ ၊ ရှင် ဘာမှမကြားခဲ့ဘူးလို့သာ သဘောထားလိုက်ပါ”
တုပိုင် မျက်လုံးများကို မှိတ်ချလိုက်၏။ သူ့ဦးနှောက်သည် အလွန်လျင်မြန်စွာ လည်ပတ်နေပြီး တွက်ချက်မှုအမျိုးမျိုးကို အသည်းအသန် ပြုလုပ်နေတော့သည်။
ပေမင်တမန်တော်က အလျှော့မပေးဘဲ ဆက်ပြောသည်။ “တာ့အန်ချိုကျွန်းမှာ ရှင့်ကို အမေလို သဘောထားတဲ့ နှစ်တစ်ထောင် မြွေမိစ္ဆာကြီး ရှိတာကိုလည်း ကျွန်မတို့ သိပါတယ်။ ဒါပေမဲ့ သူ့ကိုတော့ လာပြီး အားကိုးမနေပါနဲ့။ ဒီတစ်ပွဲက... အဆုံးသတ်ပဲ”
တုပိုင်၏ မျက်နှာကြွက်သားများ အနည်းငယ် လှုပ်ခါသွားသည်။
တမန်တော်က ထပ်ဆိုသည်။ “အရှင်တုပိုင်... ရှင် ပေမင်ဓားဂိုဏ်းရဲ့ ဒီစမ်းသပ်မှုကို မဖြစ်မနေ ကျော်ဖြတ်ရပါမယ်။ တကယ်လို့ ဒီတစ်ကြိမ် ရှင် ထွက်ပြေးခဲ့ရင်တောင် နောက်တစ်ကြိမ်ကျရင်လည်း ရှင် တစ်သက်လုံး ကျွန်မတို့ရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကို ရင်ဆိုင်နေရမှာပါပဲ”
ထို့ကြောင့် ပြီးပြတ်သော အဆုံးသတ်တစ်ခု လုပ်ရပေမည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက် တုပိုင် မျက်လုံးဖွင့်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။ “နောက်သုံးရက်နေရင် ကျီနန်စီရင်စုက ပေါက်တူစမ်းချောင်းကို ငါ အရောက်လာခဲ့မယ်။ ဒါပေမဲ့ ငါ့ဘက်ကလည်း တောင်းဆိုစရာ အချက်တစ်ချက် ရှိတယ်”
ပေမင်တမန်တော်က မေးလိုက်၏။ “ပြောပါ”
တုပိုင်က ဆိုသည်။ “နီရှန် တစ်ယောက်တည်းနဲ့ မလုံလောက်ဘူး။ ကျီချင်းကျူနဲ့ လီတောက်ယွဲ့ကိုပါ ငါ့ဆီ ပြန်ပေးရမယ်”
ပေမင်တမန်တော်က ချက်ချင်းပင် သဘောတူလိုက်လေသည်။ တကယ်တော့ သူမသည် တုပိုင် ထိုအချက်ကို တောင်းဆိုလာမည့်အချိန်ကို ကြိုတင်စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ ပေမင်ဂိုဏ်းချုပ် နင်တောက်ရွှမ်ကလည်း ထိုကိစ္စကို ကြိုတင်သဘောတူပြီး ဖြစ်သည်။
“ကျွန်မတို့ နီရှန် ၊ ကျီချင်းကျူနဲ့ လီတောက်ယွဲ့တို့ကို ကျီနန်စီရင်စု ပေါက်တူစမ်းချောင်းဆီ အတူတူ ခေါ်လာခဲ့ပါမယ်။ ဒါပေမဲ့ သူတို့ သတိမေ့နေကြမှာပါ။ ကျွန်မ ထပ်ပြောပါရစေ။ အဲဒီနေရာမှာ ရှင့်ကို ကြိုဆိုနေမယ့်သူတွေက ပေမင်ဓားဂိုဏ်းရဲ့ မဟာအကြီးအကဲ ကျီချန်ချိုနဲ့ မဟာဆရာသခင်အဆင့်ရှိတဲ့ ငွေရောင်ဝတ်ရုံ တရားသူကြီး လေးယောက်ပါ။ ရှင်သွားရင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားလိမ့်မယ်”
တုပိုင်က အေးဆေးပင် ပြန်ပြောလိုက်သည်။ “အဲဒါ မင်း စိတ်ပူစရာ မလိုပါဘူး။ ပြန်သွားပြီး မင်းတို့ဂိုဏ်းချုပ်ကိုသာ ပြောလိုက် ၊ နောက်သုံးရက်နေရင် ငါ ရောက်လာမယ်လို့”
ပေမင်တမန်တော်က အပြီးသတ် ဆိုလိုက်သည်။ “ဒါဆိုရင် ရိုင်းရိုင်းစိုင်းစိုင်းပဲ ပြောလိုက်ပါရစေ။ နောက်သုံးရက် နေဝင်ချိန်အထိ ရှင် ရောက်မလာခဲ့ရင်တော့ နီရှန် ၊ ဂူသခင်ကျီနဲ့ လီတောက်ယွဲ့တို့ကို ကျွန်မတို့ သေချာပေါက် ကွပ်မျက်လိုက်ပါမယ်”
တုပိုင်က ပြတ်သားစွာ ဆိုလိုက်သည်။ “ငါ သေချာပေါက် လာခဲ့မယ်။ ငါနဲ့ ပေမင်ဓားဂိုဏ်းကြားက ဒီရန်ငြိုးတွေကို အပြီးတိုင် ရှင်းလင်းပစ်ရတော့မယ်”
“ကောင်းပါပြီ... အရှင်တုပိုင်ကို ကျီနန်ကနေ စောင့်ကြိုနေပါ့မယ်” ထို့နောက် ပေမင်တမန်တော်က ထွက်ခွာသွားလေတော့သည်။ သူမသည် အစမှ အဆုံးထိ ယဥ်ကျေးဟန်ရသော်လည်း မျက်လုံးများသည်တော့ လှောင်ပြောင်လိုဟန်တို့ဖြင့် ပြည့်နှက်နေလေ၏။
**--**--**--**--**--**--**--**
ဖူဟုန်ပင်းက အလောတကြီး တားမြစ်လိုက်၏။ “အရှင်... လုံးဝ သွားလို့ မဖြစ်ပါဘူး”
မင်းသမီးနင်းရွှဲ့သည် တုပိုင်နှင့် နီရှန်နတ်မိမယ်တို့ ပတ်သက်ခဲ့သည့် ကိစ္စကိုပင် အရေးမစိုက်နိုင်တော့ဘဲ စိုးရိမ်တကြီး ဝင်ပြောရှာသည်။ “ယောက်ျား... ရှင် သွားလို့ မဖြစ်ဘူးနော်။ သူတို့က နီရှန်နဲ့ ဗိုက်ထဲက ကလေးကို တကယ်တော့ သတ်ရဲမှာ မဟုတ်ပါဘူး။ ဓားစာခံတွေကို သတ်လိုက်တာနဲ့ တစ်ပြိုင်နက် သူတို့အတွက် ဘာမှအသုံးဝင်တော့မှာ မဟုတ်ဘူးလေ”
မည်သို့ပင် တွေးတောကြည့်စေကာမူ တုပိုင် သွား၍ လုံးဝ မဖြစ်ချေ။ သွားလျှင် သေလမ်းသာ ရှိပေမည်။ ပေမင်ဓားဂိုဏ်း၏ မဟာအကြီးအကဲ ကျီချန်ချို၏ သိုင်းပညာက ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်လောက်သည့် အဆင့်ရှိသည် မဟုတ်ပါလော။ ထို့ပြင် သူ၏အနီး၌ နောက်ထပ် မဟာဆရာသခင် လေးယောက်ပင် ရှိနေသေးသည်။ ရေဘဝဲဘီလူးကြီး၏ အကာအကွယ်သာ မပါလျှင် တုပိုင်အနေဖြင့် ဤလူငါးဦး၏ ဝိုင်းဝန်းလုပ်ကြံမှုမှ မည်သို့လုပ် လွတ်မြောက်နိုင်မည်နည်း။ အသက်ရှင်နိုင်မည့် ဖြစ်နိုင်ချေမှာ လုံးဝ သုညသာ ဖြစ်လေသည်။
တုပိုင်က ပြန်လည်ရှင်းပြလိုက်သည်။ “ငါ သွားရမယ့် အကြောင်းရင်းက နီရှန်နဲ့ ဗိုက်ထဲက ကလေးအတွက် သက်သက် မဟုတ်ဘူး။ ပေမင်ဓားဂိုဏ်းနဲ့ ဖြစ်နေတဲ့ ရန်ငြိုးကို အပြီးတိုင် ရှင်းပစ်ချင်လို့ပဲ။ ငါ သူတို့ရဲ့ လိုက်လံလုပ်ကြံမှုကို အဆုံးမရှိ ထိုင်ခံနေလို့ မဖြစ်တော့ဘူး။ လောကမှာ သူခိုးကသာ နေ့တိုင်း အခွင့်အရေးချောင်းပြီး ခိုးလို့ရတာ ၊ သူခိုးရန်ကို နေ့တိုင်း ထိုင်စောင့်ပြီး ကာကွယ်နေရတဲ့သူဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ”
မင်းသမီးနင်းရွှဲ့က အလျင်စလို ဆိုလိုက်သည်။ “ဒါဆို ကျွန်မပါ လိုက်ခဲ့မယ်”
တုပိုင်က ချက်ချင်းပင် ငြင်းပယ်လိုက်၏။ “မလိုက်ခဲ့နဲ့။ ငါတစ်ယောက်တည်းပဲ သွားမယ်”
ဖူဟုန်ပင်းက စိုးရိမ်တကြီး အော်ဟစ်ကာ ထပ်မံတားဆီးရန် ကြိုးစားလိုက်ပြန်သည်။ “အရှင်...”
တုပိုင်က ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်သည်။ “ကျီချန်ချိုက လီရူဟိုင်နဲ့ ယှဉ်နိုင်လောက်တဲ့အထိ သိုင်းပညာ အရမ်းစွမ်းအားကြီးတယ်ဆိုတာ ငါသိပါတယ်။ ကျန်တဲ့ မဟာဆရာသခင် လေးယောက်အကြောင်းကိုတော့ ထည့်တောင် ပြောမနေနဲ့တော့။ ဒါပေမဲ့ ငါက ဘာမှ ကြိုတင်မပြင်ဆင်ထားဘဲနဲ့တော့ ကိုယ့်သေတွင်းကိုယ် တူးမှာ မဟုတ်ပါဘူး။ ရေဘဝဲဘီလူးကြီးရဲ့ အကာအကွယ်နဲ့ အကူအညီ မပါရင်တောင်မှ ငါ ဒီပွဲကို အနိုင်ရအောင် တိုက်နိုင်ပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကထက်တောင် ပိုပြီးတော့ လွယ်ကူနေဦးမှာပါ”
ပြီးခဲ့သော တစ်ခေါက်က ပေမင်ဓားဂိုဏ်းသည် သာမန် မဟာဆရာသခင်လေးယောက်ကို စေလွှတ်၍ တုပိုင်အား လိုက်လံလုပ်ကြံခဲ့ရာ ထိုစဉ်က တုပိုင်မှာ သေလုနီးပါး အခြေအနေသို့ ရောက်ရှိခဲ့ရသည်။ နောက်ဆုံးတွင် ရေဘဝဲဘီလူးကြီး ကူညီလိုက်မှသာ ထိုလေးယောက်ကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်၏။
တုပိုင်က လေးနက်စွာ ကတိပေးလိုက်သည်။ “ငါ အထိအခိုက်မရှိဘဲ ပြန်လာနိုင်မှာ သေချာရုံတင်မကဘူး ၊ နီရှန်ကိုပါ ဘေးကင်းလုံခြုံစွာ ပြန်ခေါ်လာခဲ့မယ်”
မင်းသမီးနင်းရွှဲ့သည် မျက်ရည်များ ဝဲတက်လာလျက် ပြောလိုက်ရှာသည်။ “သေချာ ကတိပေးနော်... ဘာလို့လဲဆိုတော့ အခု ရှင်က တစ်ကောင်ကြွက် မဟုတ်တော့ဘူး ၊ ကျွန်မက ရှင့်မိန်းမလေ။ ပြီးတော့ ရှင်က ဒီအင်ပါယာတစ်ခုလုံးရဲ့ မျှော်လင့်ချက်ပဲ”
တုပိုင်က ပြုံး၍ ပြောလိုက်သည်။ “ငါ ကတိပေးပါတယ်။ ဒီပွဲကို ငါ သေချာပေါက် အနိုင်တိုက်ပြီး ပေမင်ဓားဂိုဏ်းရဲ့ မျက်နှာကို ဖြတ်ရိုက်ပြမယ်”
မင်းသမီးနင်းရွှဲ့သည် သူ့နှုတ်ခမ်းအား အကြင်နာပေးလိုက်ပြီး အားပေးစကား ဆိုလိုက်လေ၏။ “ကျွန်မ ယောက်ျားက အတော်ဆုံးပဲလို့ ယုံကြည်တယ်”
တစ်နာရီခန့် အကြာတွင်တော့... တုပိုင်သည် ဗီဇပြောင်း ဝံပုလွေကြီးကို စီးနင်းလျက် ရှန်ဟိုင်ကွမ်မှ ထွက်ခွာကာ တောင်ဘက်အရပ်သို့ အလျင်အမြန် ချီတက်သွားလေတော့သည်။
**--**--**--**--**--**--**--**
ရှန်းတုန်းပြည်နယ် ၊ ကျီနန်စီရင်စု... ပေါက်တူစမ်းချောင်းအနီး။
ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်စွမ်းရှိသည့် သိုင်းပညာရှင် ၊ ပေမင်ဓားဂိုဏ်း၏ မဟာအကြီးအကဲ ကျီချန်ချိုနှင့် မဟာဆရာသခင်အဆင့်ရှိ ငွေရောင်ဝတ်ရုံ တရားသူကြီး လေးယောက်တို့သည် မြေပြင်ထက်၌ တည်ငြိမ်စွာ ထိုင်ချနေကြ၏။
နီရှန်နတ်မိမယ် ၊ ကျီချင်းကျူနှင့် လီတောက်ယွဲ့တို့ သုံးဦးမှာမူ မဏ္ဍပ်ဆောင်အတွင်း၌ ရှိနေကြ၏။ ကိုယ်ဝန် သုံးလမပြည့်သေးသော်ငြား သေချာစွာ အကဲခတ်ကြည့်လိုက်ပါက နီရှန်၏ ဝမ်းဗိုက်အောက်ပိုင်းလေးမှာ အနည်းငယ် စူထွက်နေသည်ကို မြင်တွေ့နိုင်ပေသည်။ သူမ တကယ်ပင် ကိုယ်ဝန်ဆောင်ထားရ၏။ တုပိုင် တကယ်ပင် ဖခင်တစ်ယောက် ဖြစ်လာတော့ပေမည်။
ကျီချန်ချိုသည် ကောင်းကင်ပေါ်မှ နေမင်းကို မော့ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်၏။ “နီရှန်... နေမဝင်ခင်အထိ တုပိုင်သာ ရောက်မလာခဲ့ဘူးဆိုရင်တော့ ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့တော့။ ငါက မင်းလို ချွေးမမျိုးကို သိပ်လိုချင်ခဲ့တယ်ဆိုတာ မင်းကိုယ်တိုင်လည်း သိပါတယ်။ ဒါပေမဲ့ အချိန်တန်လာပြီဆိုရင်တော့ ငါ မင်းကို သတ်ရမှာပဲ”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၉၅ + ၆၉၆ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team