အခန်း (၆၉၇-၆၉၈)
Vol. 70 Ch. 697-698
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၉၇ + ၆၉၈
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
Characters – 16587
ပေမင်ဓားဂိုဏ်း ၊ မီးနတ်ဘုရားဂိုဏ်း ၊ ကပ်ဘေးလက်ဝါးကပ်တိုင်။ ဤအဖွဲ့အစည်းသုံးခုသည် ကမ္ဘာပေါ်တွင် အမြင့်မြတ်ဆုံးသော သိုင်းပညာအင်အားကြီးများ ဖြစ်ကြပြီး အတိုင်းအတာတစ်ခုအထိ ပြောရမည်ဆိုလျှင် ကမ္ဘာ့သိုင်းပညာယဉ်ကျေးမှု၏ လမ်းပြမီးရှူးတန်ဆောင်ကြီး သုံးခုလည်း ဖြစ်သည်။
သို့သော် သူတို့သည် ယခင်ကဲ့သို့ လောကီရေးရာများနှင့် ကင်းကွာခြင်း မရှိတော့ဘဲ လွန်ခဲ့သော ကာလကြာရှည်ကတည်းက ကျဆင်းယိုယွင်းခဲ့ကြပြီး ဖြစ်လေ၏။
ကပ်ဘေးလက်ဝါးကပ်တိုင်အဖွဲ့သည် တော်ဝင်ရောမအင်ပါယာ မဟာမိတ်အဖွဲ့နှင့် ခိုင်မြဲစွာ ပူးပေါင်းထားပြီး ၊ မီးနတ်ဘုရားဂိုဏ်းသည် နိုင်ငံပေါင်း တစ်ဒါဇင်ကျော်ကို တိုက်ရိုက်ထိန်းချုပ်ထားလျက်ရှိသည်။
မူလက ပေမင်ဓားဂိုဏ်းသည် လောကီရေးရာများနှင့် ကင်းကွာနေသေးသော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း သူတို့၏ လက်တံများသည် တာ့နင်အင်ပါယာ၏ မှူးမတ်အသိုင်းအဝိုင်းထဲသို့ အဆက်မပြတ် ထိုးဖောက်ဝင်ရောက်လာခဲ့လေ၏။ ယခုအခါတွင်မူ သူတို့၏ မြင့်မြတ်သန့်စင်သော မျက်နှာဖုံးများကို ဆွဲခွာလိုက်ပြီး အရှေ့ဘက် ပြည်ထောင်စု၏ လောကီအာဏာစက်နှင့် တိုက်ရိုက်ပူးပေါင်းကာ လက်တွဲထားကြသည်။
သို့သော် ကျဆင်းယိုယွင်းနေသည့် ပေမင်ဓားဂိုဏ်း ဖြစ်နေလျှင်ပင် ကောင်းကင်ဘုံနှင့် ဆန့်ကျင်နိုင်လောက်အောင် နက်နဲဆန်းကြယ်ပြီး စွမ်းအားကြီးမားသော အဖွဲ့အစည်းတစ်ခု ဖြစ်နေဆဲပင်။ ကမ္ဘာ့သိုင်းပညာ အဓိပတိ သုံးခုထဲမှ တစ်ခု ဖြစ်နေဆဲပင်ဖြစ်လေ၏။
တုပိုင်က ပေမင်ဓားဂိုဏ်းကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ချင်သည် ဆိုခြင်းမှာ မိုက်မဲသော အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
သို့သော် တုပိုင်သည် တာဝန်အရှင် ကောင်းကင်သခင် ဖြစ်လေ၏။ သူသည် အခြားသူများနှင့် မတူပေ။ တုပိုင်သည် တောင်ဘက်သို့ ဆက်လက်ခရီးနှင်ပြီးနောက် အမှောင်ထုညဉ့်နက်ထဲတွင် ပျောက်ကွယ်သွားလေ၏။
**--**--**--**--**--**--**--**
သူသည် ကျီနန်စီရင်စုသို့ တန်းတန်းမတ်မတ် သွားရောက်ခြင်း မပြုဘဲ လုံးဝ မျှော်လင့်မထားသော နေရာတစ်ခုဆီသို့ သွားရောက်ခဲ့သည်။
တုပိုင်သည် ပေမင်ဓားဂိုဏ်းထဲသို့ တစ်ဖန်ပြန်လည် ခိုးဝင်သွားခဲ့ခြင်းပင်ဖြစ်လေ၏။ ပေမင်ဓားဂိုဏ်းသည် အလွန်ကြီးမားပြီး ပထဝီဝင်အနေအထားအရ ဖုံးကွယ်ထားရန် အထူးနည်းပညာတစ်ခုကို အသုံးပြုထားရာ ယခင်က တုပိုင်အနေဖြင့် ဖောက်ထွင်းဝင်ရောက်ရန် မဖြစ်နိုင်ခဲ့ပေ။
သို့သော် ယခုအခါတွင်မူ သူသည် သူ၏ စွမ်းအင်အရှိန်အဝါကို လွယ်ကူစွာ ချုပ်တည်းထားနိုင်ပြီး ပေမင်ဓားဂိုဏ်း၏ စွမ်းအင်အတားအဆီးများကို လွယ်ကူစွာ ကျော်ဖြတ်သွားနိုင်ပြီ ဖြစ်လေ၏။
“စနစ်ရှင်... တကယ်ပဲ ဒီလိုလုပ်ချင်တာ သေချာရဲ့လား” အိပ်မက်စနစ်က မေးမြန်းလိုက်၏။ “ဒီလှုပ်ရှားမှုက အရမ်းကြီး အန္တရာယ်မများပေမဲ့ အစွန်းကုန် ရူးသွပ်ရာတော့ ကျနေတယ်”
တုပိုင် ပြန်ပြော၏။ “ပေမင်ဓားဂိုဏ်းက ငါ့အတွက်တော့ ဘီလူးကြီးတစ်ကောင်လိုပဲ။ သိုင်းပညာချင်း ယှဉ်ရင် ငါ သူတို့ကို ဘယ်လိုမှ မယှဉ်နိုင်ဘူး။ အခု သူတို့က အရှေ့ဘက် ပြည်ထောင်စုနဲ့ ဗြောင်ကျကျကို ပူးပေါင်းနေပြီလေ။ ဒီပွဲကို အနိုင်ရချင်ရင်တော့ ရူးမှရမှာပဲ”
“ပေမင်ဓားဂိုဏ်းက သောက်ရမ်းစွမ်းအားကြီးပါတယ်။ ဒါပေမဲ့ လူတစ်ယောက်က ဘယ်လောက်ပဲ သန်မာနေပါစေ အားနည်းချက်ဆိုတာ ရှိစမြဲပဲ။ တကယ်လို့ သန်မာတဲ့ကောင်တစ်ကောင်ရဲ့ ဥကို တစ်ယောက်ယောက်က ဆွဲညှစ်ထားလိုက်မယ်ဆိုရင် အဲဒီကောင်က လက်မြှောက်အရှုံးပေးရုံကလွဲပြီး တခြားရွေးစရာ မရှိတော့ဘူးလေ။ မဟုတ်ရင် သူက မိန်းမစိုး ဖြစ်သွားမှာပေါ့”
အိပ်မက်စနစ်က ဆက်ပြောလေ၏။ “အခု အရှင်က သူတို့ရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးတော့မှာ။ သူတို့က အရှင့်ကို ရူးရူးမူးမူးနဲ့ အသည်းအသန် လိုက်ရှာကြတော့မှာပဲ။ အရှင့်အပေါ်ထားတဲ့ သူတို့ရဲ့ ရန်လိုမုန်းတီးမှုက အထွတ်အထိပ်ကို ရောက်သွားလိမ့်မယ်”
တုပိုင် တုံ့ပြန်လိုက်၏။ “အခုလည်း သူတို့ရဲ့ ရန်လိုမုန်းတီးမှုက အထွတ်အထိပ် ရောက်နေတာပဲလေ ၊ ဘာမှမထူးပါဘူးကွာ”
လက်ရှိအချိန်တွင် တုပိုင် မည်သည့် နေရာသို့ ရောက်နေသနည်း။ ပေမင်ဓားဂိုဏ်း၏ တားမြစ်နယ်မြေအတွင်း ၊ ကမ္ဘာအက်ကွဲကြောင်း၏ အစွန်းတစ်ဖက်တွင် ရောက်ရှိနေခြင်းပင် ဖြစ်လေတော့သည်။
အိပ်မက်စနစ်က မေးမြန်းလိုက်ပြန်၏။ “စနစ်ရှင်... ငရဲအက်ကွဲကြောင်းထဲက ငရဲတံခါးတွေ အကုန်ပိတ်ပြီးသွားပြီဆိုတာ သေချာရဲ့လား။ အထဲမှာ ရှိတဲ့ ဝိညာဉ်မိစ္ဆာတွေ အကုန်သေသွားပြီဆိုတာကော သေချာလို့လား”
တုပိုင်က ပြောလိုက်လေ၏။ “ငါ သေချာပါတယ်ကွ”
အိပ်မက်စနစ်က သတိပေးလိုက်၏။ “ကျွန်တော် ကြိုပြောထားပါရစေ။ ကမ္ဘာအက်ကွဲကြောင်းထဲကို ဝင်လိုက်တာနဲ့ ကျွန်တော့်ခန္ဓာကိုယ်နဲ့ အရှင့်ခန္ဓာကိုယ် ချက်ချင်းကို ကွဲကွာသွားလိမ့်မယ်။ ကျွန်တော်က စွမ်းအင်ခန္ဓာကိုယ် သက်သက်ပဲ ဖြစ်သွားပြီး အရမ်းကို ပျက်စီးလွယ်သွားလိမ့်မယ်နော်။ တကယ်လို့ အဲဒီမှာ ဝိညာဉ်မိစ္ဆာတစ်ကောင်ကောင်များ ရှိနေမယ်ဆိုရင် လေတစ်ချက်မှုတ်လိုက်ရုံနဲ့တင် ကျွန်တော့်ကို ဖျက်ဆီးပစ်နိုင်တယ်”
တုပိုင်က နှစ်သိမ့်လိုက်လေ၏။ “စိတ်မပူပါနဲ့ကွာ ၊ ဝိညာဉ်မိစ္ဆာတွေ အကုန်သေသွားပါပြီ”
အိပ်မက်စနစ်က သက်ပြင်းချကာ ပြောလိုက်၏။ “အရင်တုန်းကတော့ ကျွန်တော်တို့က အရှင့်ကို ရူးသွပ်အောင် လုပ်ခဲ့တာလေ။ အခုတော့ အရှင်က ကျွန်တော်တို့ကို ပြန်ရူးသွပ်အောင် လုပ်နေပြီပဲ။ ကဲ... ကျွန်တော်တို့ အဆင်သင့် ဖြစ်ပါပြီ ၊ အရှင် ခုန်ချလို့ ရပါပြီ”
တုပိုင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ကမ္ဘာအက်ကွဲကြောင်းထဲသို့ ခုန်ချလိုက်လေတော့၏။
“ဝေါ...”
ရုတ်တရက် လေထုထဲတွင် ယာဉ်ပျံတစ်စီးဖြင့် ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရပြီး ကမ္ဘာအက်ကွဲကြောင်း နယ်ပယ်ထဲသို့ ဝင်ရောက်သွားလေသည်။
သာမန်လူများ အနေဖြင့် ကမ္ဘာအက်ကွဲကြောင်းထဲသို့ ဝင်ရောက်မည် ဆိုပါက ဝိညာဉ်အဖြစ်သာ ဝင်ရောက်နိုင်မည် ဖြစ်ပြီး ရုပ်ခန္ဓာကိုယ်မှာမူ လုံးဝ ပျက်စီးသွားပေလိမ့်မည်။
သို့သော် တုပိုင်သည် ရုပ်ခန္ဓာရော ၊ ဝိညာဉ်ပါ ကမ္ဘာအက်ကွဲကြောင်းထဲတွင် ဖြစ်တည်နေနိုင်စွမ်း ရှိလေသည်။
ဤထူးဆန်းသော နေရာသို့ သူ ထပ်မံ ရောက်ရှိလာခဲ့ပြန်ပြီဖြစ်၏။
ပတ်ပတ်လည်တွင် စွမ်းအင်နံရံများ ရှိနေလေ၏။ ကောင်းကင် မရှိ ၊ မြေကြီး မရှိ ၊ အဆုံးမဲ့ သေမင်းဥမင်လိုဏ်ခေါင်းများသာ ရှိလေသည်။ ဤနေရာသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ကမ္ဘာနှစ်ခု ဆုံတွေ့ခဲ့စဉ်က ကျန်ရစ်ခဲ့သော အမာရွတ် ၊ ပုံရိပ်ကြွင်း ဖြစ်ပေလိမ့်မည်။ ကမ္ဘာနှစ်ခု ဆုံစည်းခဲ့ဖူးသော နေရာသည် ယခု ဤကမ္ဘာ၏ အက်ကွဲကြောင်းတစ်ခု ဖြစ်လာခဲ့လေသည်။
ကမ္ဘာအက်ကွဲကြောင်းထဲသို့ ဝင်ရောက်လိုက်သည့် ခဏ၌ပင် အိပ်မက်စနစ်သည် တုပိုင်၏ ဦးနှောက်ထဲမှ ပျံထွက်လာလေ၏။
တုပိုင် တွေ့လိုက်ရသည်မှာ အလင်းနှင့် အရိပ် အစုအဝေး နှစ်ခု ဖြစ်လေသည်။ အနီရောင်နှင့် ရွှေရောင် အလင်းတန်းတို့သည် တစ်ခုနှင့်တစ်ခု ရစ်ပတ်ရှုပ်ထွေးနေကြလေ၏။
တုပိုင် ပြောလိုက်၏။ “မင်းရဲ့ ရုပ်ခန္ဓာကိုယ်ကို ငါ့မျက်စိရှေ့မှာ မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ”
ထို့နောက် သူသည် ထိုအလင်းနှင့် အရိပ်ကို သေချာကြည့်ရှုကာ ယင်းသည် စွမ်းအင်အစုအဝေးလား ၊ ဒေတာအစုအဝေးလား ဆိုသည်ကို သေချာ လေ့လာကြည့်လိုက်သည်။
“ကြည့်စရာ ဘာမှမရှိပါဘူး” အိပ်မက်စနစ်၏ အလင်းနှင့်အရိပ်သည် တန်းခနဲ ပျံထွက်သွား၏။ ထို့နောက် အိပ်မက်စနစ်က လမ်းပြကာ ရှေ့မှသွားပြီး တုပိုင်က နောက်မှ လိုက်ပါသွားလိုက်သည်။
“ကမ္ဘာအက်ကွဲကြောင်းထဲက နေရာလပ်ဆိုတာ မြေကြီးပေါ်ကနဲ့ မတူဘူး။ သူက အလွှာလိုက် ဖြစ်နေပြီး တစ်ခုနဲ့တစ်ခု ဖြတ်သန်းနေတာ” အိပ်မက်စနစ်က ရှင်းပြ၏။
ထိုအချက်ကို တုပိုင် ကောင်းကောင်းကြီး သိလေသည်။ ပြီးခဲ့သည့်တစ်ခေါက်က ကမ္ဘာအက်ကွဲကြောင်းထဲတွင် ခရီးသိပ်မဝေးလိုက်သော်လည်း မြေပြင်ပေါ်သို့ ပြန်ရောက်သောအခါ မိုင်ပေါင်း သောင်းချီ ဝေးကွာသော ဗိုက်ကင်းနိုင်ငံ ရေပိုင်နက်ထဲသို့ ရောက်ရှိသွားခဲ့ရ၏။ တာ့နင်အင်ပါယာသို့ ပြန်ရောက်ရန် သင်္ဘောဖြင့် နှစ်ဝက်ခန့် ပြန်လာခဲ့ရလေသည်။
အိပ်မက်စနစ်၏ အလင်းနှင့်အရိပ်သည် ရုတ်တရက် ပြန့်ကျဲသွားပြီး ကြီးမားသော သုံးဖက်မြင် အလင်းနှင့်အရိပ်ပုံစံအဖြစ် ပြောင်းလဲသွားသည်။ ယင်းသည် အလွန်ရှုပ်ထွေးသော သုံးဖက်မြင်ပုံစံတစ်ခု ဖြစ်ပြီး မှုန်ဝါးဝါးကြည့်လျှင် နေရာလပ်တည်ဆောက်ပုံတစ်ခုနှင့်ပင် သွားတူသေးသည်။
ထို့နောက် အိပ်မက်စနစ်သည် ရူးသွပ်စွာ တွက်ချက်မှုများ ပြုလုပ်လေတော့၏။ တုပိုင်က မေးလိုက်လေ၏။ “တွက်ချက်ရမယ့် ပမာဏက ဘယ်လောက်တောင် များလို့လဲဟ”
အိပ်မက်စနစ်က ပြန်လည်ဖြေကြားလိုက်၏။ “သိပ်တော့ မများပါဘူး။ ခေတ်သစ်ကမ္ဘာမြေက စူပါကွန်ပျူတာကို သုံးမယ်ဆိုရင် နေ့ဝက်လောက်နဲ့ တွက်ချက်လို့ ရပါတယ်”
ထိုတွက်ချက်မှု ပမာဏသည် အံ့မခန်း များပြားလှပေသည်။ ကြီးမားသော အလင်းနှင့်အရိပ်များ အဆက်မပြတ် စီးဆင်းပြီး ပေါင်းစည်းနေသည်ကို တုပိုင် အထင်သား မြင်တွေ့နေရလေ၏။
အိပ်မက်စနစ်၏ အလင်းနှင့်အရိပ်သည် စူပါကွန်ပျူတာတစ်လုံးကဲ့သို့ပင် အသည်းအသန် တွက်ချက်နေခြင်း ဖြစ်လေသည်။
သုံးနာရီကြာအောင် တွက်ချက်လိုက်ရလေ၏။
“တွက်ချက်မှု ပြီးဆုံးပါပြီ” အိပ်မက်စနစ်က အသိပေးလိုက်၏။ “ပေမင်ဓားဂိုဏ်း စွမ်းအားကြီးမားနေရတဲ့ အကြောင်းရင်းက ဒီနေရာမှာ ရှိတဲ့ ကွဲပြားခြားနားသော ကမ္ဘာမှ စွမ်းအင်နဲ့ အရှိန်အဝါတွေက အလွန် ကြွယ်ဝနေလို့ပါ။ ဒီနေရာမှာ ရှိတဲ့ ရွှမ်းချီ ပါဝင်မှုနှုန်းက အပြင်လောကထက် အဆပေါင်းများစွာကို ပိုများပါတယ်”
“ဝေါ...”
ထို့နောက် ချက်ချင်းပင် ပေမင်ဓားဂိုဏ်း၏ သုံးဖက်မြင်မြေပုံသည် အလင်းနှင့်အရိပ်ပေါ်တွင် ပေါ်လာလေ၏။
“ရွှမ်းချီပါဝင်မှုနှုန်း ဒီလောက်တောင် သိပ်သည်းနေရတဲ့ အကြောင်းရင်းက ဒီပင်လယ်ထဲကို အခြားကမ္ဘာတစ်ခုကနေ ကျဆင်းလာခဲ့တဲ့ စွမ်းအင်ဥက္ကာခဲ ၁၁ လုံး ရှိနေလို့ပါပဲ။ အဲဒီဥက္ကာခဲကြီးတွေက အချင်း ကီလိုမီတာ အနည်းငယ်စီ ရှိကြပါတယ်” အိပ်မက်စနစ်က ဆက်လက်ရှင်းပြလေ၏။ “ဒီစွမ်းအင်ဥက္ကာခဲ ၁၁ လုံးထဲမှာ တချို့က တောင်တွေ ၊ ကျောက်တုံးတွေ ၊ မြေကြီးတွေ ဖုံးအုပ်ထားပြီး ၊ တချို့က ပင်လယ်ကြမ်းပြင်မှာ ရှိတယ်။ တချို့ကျတော့ မြေပြင်ပေါ်မှာ ကျွန်းငယ်လေးတွေ ဖြစ်နေကြတယ်။ အတိုချုပ်ပြောရရင် ဒီအခြားကမ္ဘာက စွမ်းအင်ဥက္ကာခဲ ၁၁ လုံးဟာ ပေမင်ဓားဂိုဏ်းမှာ ကြီးမားတဲ့ စွမ်းအင်အစီအရင်ကြီးတစ်ခု ဖြစ်ပေါ်စေခဲ့ပါတယ်”
အိပ်မက်စနစ်သည် လေထုထဲတွင် ကြီးမားသော စွမ်းအင်အစီအရင်ပုံစံကို ရေးဆွဲပြလိုက်သည်။ အမှတ် ၁၁ ခုသည် ကြယ်ငါးပွင့် စွမ်းအင်အစီအရင်တစ်ခုကို ပုံဖော်ထားလေ၏။
အိပ်မက်စနစ်က ဆက်ပြောလိုက်၏။ “ဒီအခြားကမ္ဘာ စွမ်းအင်ဥက္ကာခဲ ၁၁ လုံးဟာ အချင်းချင်း တုံ့ပြန်မှုတွေ ၊ ဆွဲငင်မှုတွေ ၊ တွန်းကန်မှုတွေ ဖြစ်ပေါ်စေပါတယ်။ အတိုချုပ်ပြောရရင် အလွန်ရှုပ်ထွေးတဲ့ စွမ်းအင်တုံ့ပြန်မှုတွေကနေတစ်ဆင့် ဒီကြယ်ငါးပွင့် စွမ်းအင်အစီအရင်ထဲမှာ ရှိတဲ့လူတွေရဲ့ ကျင့်ကြံခြင်းနှုန်းက အပြင်လောကမှာ ရှိတဲ့လူတွေထက် အဆပေါင်းများစွာ ပိုမြန်ဆန်လာစေပါတယ်။ ဒါတင်မကသေးပါဘူး ၊ ဒီကြယ်ငါးပွင့် စွမ်းအင်အစီအရင်က ကာကွယ်ရေး အစီအရင်တစ်ခုလည်း ဖြစ်နေပါတယ်။ ဒါက သူ့ရဲ့ အဓိက လုပ်ဆောင်ချက်ပါပဲ”
“ကာကွယ်ရေး အစီအရင်ဟုတ်လား” တုပိုင် နားမလည်စွာ မေးမြန်းလိုက်လေ၏။
“ဟုတ်ပါတယ်” အိပ်မက်စနစ်က အတည်ပြုလိုက်၏။ “အရှင့်ရဲ့ ကမ္ဘာမြေပေါ်က နူကလီးယား ထီးရိပ်နဲ့ ဆင်တူပါတယ်။ ဒါက ပေမင်ဓားဂိုဏ်းရဲ့ အသက်သွေးကြော ဗဟိုချက်ဖြစ်သလို ပေမင်ဓားဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး နေရာလည်း ဖြစ်ပါတယ်။ တကယ်လို့ ပေမင်ဓားဂိုဏ်းကို အနောက်ကမ္ဘာက ကပ်ဘေးလက်ဝါးကပ်တိုင်အဖွဲ့ ဖြစ်စေ ၊ မီးနတ်ဘုရားဂိုဏ်း ဖြစ်စေ ၊ စွမ်းအားကြီးမားတဲ့ ရန်သူ လာရောက်တိုက်ခိုက်ခဲ့မယ်ဆိုရင် နင်တောက်ရွှမ်က ဒီကြယ်ငါးပွင့် စွမ်းအင်အစီအရင်ကို ဖွင့်လိုက်ရုံပါပဲ။ ဒီအတိုင်းအတာအတွင်း ဝင်ရောက်လာတဲ့ ဘယ်လို စွမ်းအားကြီး ရန်သူမဆို ပြာကျသွားမှာပါ။ ဒီစွမ်းအင်ပမာဏက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အင်အားနဲ့ မှန်းဆလို့ ရနိုင်တာမျိုး မဟုတ်ပါဘူး”
အချင်း ကီလိုမီတာ အနည်းငယ်ရှိသော စွမ်းအင်ဥက္ကာခဲတစ်လုံးတွင် ပါဝင်သော စွမ်းအင်က မည်မျှ အံ့မခန်း ဖြစ်မည်ကို တုပိုင် စိတ်ကူးကြည့်နိုင်လေသည်။
ထို့ကြောင့် အချင်း ကီလိုမီတာ ရာပေါင်းများစွာ ရှိသော ဤစွမ်းအင်အစီအရင်ကြီးကို ဖွင့်လိုက်သည်နှင့် ထိုခဏ၌ ထွက်ပေါ်လာသော စွမ်းအားသည် ကောင်းကင်ဘုံနှင့် ဆန့်ကျင်နိုင်စွမ်း ရှိပေလိမ့်မည်။ ရန်သူ မည်မျှပင် စွမ်းအားကြီးပါစေ ၊ ပြာကျသွားရုံသာ ရှိပေလိမ့်မည်။
တုပိုင်က ဆက်လက်ပြီး မေးမြန်းလိုက်လေ၏။ “မီးနတ်ဘုရားဂိုဏ်းနဲ့ ကပ်ဘေးလက်ဝါးကပ်တိုင်အဖွဲ့မှာရော အဲဒီလို ကြီးမားတဲ့ စွမ်းအင်ကာကွယ်ရေး အစီအရင်မျိုး ရှိလား”
အိပ်မက်စနစ်က ပြန်လည်ဖြေကြားလိုက်၏။ “သေချာပေါက် ရှိတာပေါ့။ ဒါကြောင့်ပဲ သူတို့တွေ နှစ်ထောင်ချီ စစ်တိုက်နေကြတာလေ။ တိုက်ပွဲတွေ ဘယ်လောက်တောင် ဖြစ်ခဲ့ပြီးပြီလဲ မသိဘူး ၊ ဒါပေမဲ့ တစ်ဖက်နဲ့တစ်ဖက် ဘယ်သူမှ အပြတ်အသတ် မနိုင်ကြဘူး”
ထိုအခြေအနေသည် ကမ္ဘာမြေပေါ်ရှိ တရုတ် ၊ အမေရိကန်နှင့် ရုရှားတို့၏ နူကလီးယား ချိန်ခွင်လျှာ ယန္တရားနှင့် ဆင်တူနေ၏။
တုပိုင် မေးမြန်းလိုက်သည်။ “တကယ်လို့ ပေမင်ဓားဂိုဏ်းရဲ့ ကြယ်ငါးပွင့် စွမ်းအင်ကာကွယ်ရေး အစီအရင်သာ ပျက်စီးသွားမယ်ဆိုရင် ဘာဖြစ်မလဲ”
အိပ်မက်စနစ်က ပြောလိုက်လေ၏။ “သေစေနိုင်လောက်တဲ့ အကျိုးဆက်တွေ ဖြစ်လာမှာပေါ့။ ဒါက ကမ္ဘာပေါ်မှာ အဓိပတိသုံးဖွဲ့ ပိုင်ဆိုင်တဲ့ နယ်မြေလေ။ ကပ်ဘေးလက်ဝါးကပ်တိုင်အဖွဲ့နဲ့ မီးနတ်ဘုရားဂိုဏ်းတို့က ချက်ချင်း ပူးပေါင်းပြီး ပေမင်ဓားဂိုဏ်းကို ဖျက်ဆီးပစ်ကြလိမ့်မယ်။ ပြီးရင် ပေမင်ဓားဂိုဏ်းကို တစ်ယောက်တစ်ဝက် ခွဲယူလိုက်ကြမှာပေါ့”
သေချာ နားလည်သွားပြီးနောက် တုပိုင်သည် ဤကြယ်ငါးပွင့် စွမ်းအင်ကာကွယ်ရေး အစီအရင်ကို နူကလီးယား ထီးရိပ်ဟု တင်စားခြင်းက အလွန် သင့်လျော်သည်ဟု ခံစားလိုက်ရသည်။
အိပ်မက်စနစ်က ဆက်ပြောလိုက်သည်။ “ဒီကမ္ဘာမှာ ဒီကြယ်ငါးပွင့် စွမ်းအင်အစီအရင်ကို ဖျက်ဆီးနိုင်သူ ဘယ်သူမှ မရှိသလောက်ပါပဲဗျာ။ ဒါပေမဲ့... အရှင်ကတော့ လုပ်နိုင်ပါတယ်”
“ကြယ်ငါးပွင့် စွမ်းအင်အစီအရင်ဆိုတာ အလွန် စွမ်းအားကြီးပြီး အလွန် ရှုပ်ထွေးနက်နဲတဲ့ အစီအရင်ကြီးတစ်ခုဗျ။ စွမ်းအင်အမျိုးမျိုးက လုံးဝ မျှတနေမှရမှာပါ။” အိပ်မက်စနစ်က ဆက်ပြောလေ၏။ “အမှတ်တစ်ခုခုမှာ သူ့ရဲ့ မျှတမှု ပျက်စီးသွားတာနဲ့ ကြယ်ငါးပွင့် စွမ်းအင်အစီအရင်တစ်ခုလုံး ပျက်စီးသွားပါလိမ့်မယ်။ အဲကြ ပေမင်ဓားဂိုဏ်းက မျိုးသုဉ်းပျောက်ကွယ်မယ့် ကပ်ဘေးနဲ့ ရင်ဆိုင်ရတော့မှာပါ”
ကြယ်ငါးပွင့် စွမ်းအင်အစီအရင်၏ သုံးဖက်မြင်ပုံစံသည် ကြီးမားလာပြီး အခြားကမ္ဘာမှ စွမ်းအင်ဥက္ကာခဲတစ်လုံးသည် တုပိုင်၏ မျက်စိရှေ့တွင် ပေါ်လာလေ၏။
“ဒါက စွမ်းအင်ဥက္ကာခဲ ၁၁ လုံးထဲမှာ အသေးဆုံး တစ်လုံးပါပဲ။ အချင်း ၁,၃၀၀ မီတာ ရှိပါတယ်။ အခုအချိန်မှာ ပင်လယ်ကြမ်းပြင် အနက်ပိုင်းမှာ ရှိနေပါတယ်” အိပ်မက်စနစ်က ရှင်းပြ၏။ “ဒီစွမ်းအင်ဥက္ကာခဲရဲ့ စွမ်းအင်ထုတ်လွှတ်မှု မျှတခြင်းကို ဖျက်ဆီးလိုက်တာနဲ့ တိကျသေချာတဲ့ စက်ကိရိယာကြီးတစ်ခုမှာ ဝက်အူငယ်လေးတစ်ခု ကျိုးသွားသလိုမျိုး စက်ကြီးတစ်ခုလုံး ချက်ချင်း ရပ်တန့်သွားပါလိမ့်မယ်”
တုပိုင်က ပြောလိုက်လေ၏။ “ဒီစွမ်းအင်ဥက္ကာခဲရဲ့ စွမ်းအင်ထုတ်လွှတ်မှု မျှတခြင်းကို ဖျက်ဆီးချင်ရင် သောက်ရမ်း လွယ်ပါတယ်။ ငရဲမီးတောက်ကို သုံးပြီး ဒီစွမ်းအင်ဥက္ကာခဲကို မီးရှို့လိုက်ရုံပဲလေ။ ပေမင်ဓားဂိုဏ်း ကြယ်ငါးပွင့် စွမ်းအင်အစီအရင်ရဲ့ အဓိကထောင့်ချိုးတစ်ခု ပျက်စီးသွားတာနဲ့ စွမ်းအင်အစီအရင်တစ်ခုလုံး အသုံးမဝင်တော့ဘူးမလား”
အိပ်မက်စနစ်က ထောက်ခံလိုက်၏။ “ဟုတ်တယ်။ ပြီးတော့ ကမ္ဘာအက်ကွဲကြောင်းထဲကနေ မီးရှို့ရမှာ။ ဒါမှ သူတို့က ဒီငရဲမီးတောက်ကို ငြှိမ်းသတ်လို့ မရမှာလေ။ ဒီကမ္ဘာမှာ ဒီငရဲမီးတောက်ကို ငြှိမ်းသတ်နိုင်သူက အရှင်တစ်ယောက်တည်းပဲ ရှိတာပါ။ ပေမင်ဓားဂိုဏ်းရဲ့ ကြယ်ငါးပွင့် စွမ်းအင်အစီအရင်ကို ပြန်လည် ပြုပြင်ပေးနိုင်သူကလည်း အရှင်တစ်ယောက်တည်းပဲ ရှိပါတယ်”
တုပိုင်က မေးမြန်းလိုက်လေ၏။ “ဒါက ကြယ်ငါးပွင့် စွမ်းအင်အစီအရင်တစ်ခုလုံးကို လုံးဝ ဖျက်ဆီးပစ်လိုက်ရာ မရောက်ဘူးလားဟ။ ဘာပဲပြောပြော ငါက အရှေ့ဘက်ကမ္ဘာသားတစ်ယောက်လေ။ ဒီအဓိပတိနယ်မြေကို အနောက်ကမ္ဘာနဲ့ မီးနတ်ဘုရားဂိုဏ်းတို့ လက်ထဲ ပါသွားတာတော့ ငါ မမြင်ချင်ဘူး”
အိပ်မက်စနစ်က နှစ်သိမ့်လိုက်လေ၏။ “စိတ်မပူပါနဲ့ဗျာ။ ဒီစွမ်းအင်ဥက္ကာခဲက အချင်း ၁,၃၀၀ မီတာ ရှိပါတယ်။ သူ့ရဲ့ စွမ်းအင်က ငရဲမီးတောက်အသေးစားလေး လောင်ကျွမ်းဖို့အတွက်ဆိုရင် နှစ်ပေါင်း တစ်သောင်းကျော် လောက်ငပါတယ်ဗျ။ အက်ကွဲကြောင်း အနက်ပိုင်းမှာ အရှင် တွေ့ခဲ့ရတဲ့ ငရဲမီးတောက် အများအပြားက နှစ်ရာချီ ၊ နှစ်ထောင်ချီ လောင်ကျွမ်းနေခဲ့တယ်ဆိုတာ အရှင် မမေ့သင့်ပါဘူး”
“ကောင်းပြီလေ” တုပိုင်က ခေါင်းညိတ်ပြလိုက်၏။ “ဒါဆိုရင်... စကြစို့”
အိပ်မက်စနစ်သည် အလင်းစက်တစ်ခုအဖြစ် ပြန်လည် စုစည်းသွားပြီး ငရဲအက်ကွဲကြောင်းရှိ ငရဲဥမင်လိုဏ်ခေါင်း၏ ထောင့်တစ်နေရာကို ထိုးပြလိုက်လေ၏။
“ဒီနေရာပါ” အိပ်မက်စနစ် ညွန်ပြလိုက်သည်။ “ပေမင်ဓားဂိုဏ်းရဲ့ ၁၁ လုံးမြောက် အခြားကမ္ဘာ စွမ်းအင်ဥက္ကာခဲနဲ့ သက်ဆိုင်တဲ့ ကမ္ဘာအက်ကွဲကြောင်း ကိုသြဒီနိတ်က ဒီအမှတ်မှာ ရှိတယ်။ အရှင်က ငရဲမီးတောက် စွမ်းအင်နံရံကို ထုတ်လွှတ်ပြီး ငရဲအက်ကွဲကြောင်းကို ဖောက်လောင်စေလိုက်ရင် အဲဒီစွမ်းအင်ဥက္ကာခဲကို တိုက်ရိုက် မီးရှို့နိုင်လိမ့်မယ်”
ငရဲမီးတောက်သည် ဤနေရာရှိ စွမ်းအင်နံရံများကို ဖောက်ထွင်းလောင်ကျွမ်းနိုင်သော်လည်း လောင်ကျွမ်းမှု ရပ်တန့်သွားသည်နှင့် စွမ်းအင်နံရံများသည် အလိုအလျောက် ပြန်လည် ကုစားသွားမည် ဖြစ်လေ၏။ သို့သော် စွမ်းအင်ကို အဆက်မပြတ် ထောက်ပံ့ပေးနေသရွေ့ ဤငရဲမီးတောက်သည် ဆက်လက် လောင်ကျွမ်းနေမည် ဖြစ်ပေသည်။
“ဝေါ...”
တုပိုင်၏ လက်ဝါးပေါ်တွင် ဖြူဖျော့ဖျော့ ငရဲမီးတောက်တစ်ခု တောက်လောင်လာလေ၏။
အိပ်မက်စနစ်က သတိပေးလိုက်လေ၏။ “ဒီအမှတ်ကို တိတိကျကျ မီးရှို့ရမယ်နော်။ နည်းနည်းလေး လွဲသွားရင်တောင် မိုင်ပေါင်း တစ်ထောင်လောက်ကို ကွာခြားသွားလိမ့်မယ်”
တုပိုင် ခေါင်းညိတ်ကာ လက်ကို မြှောက်လိုက်ပြီး စွမ်းအင်နံရံပေါ်ရှိ သတ်မှတ်ထားသော ကိုသြဒီနိတ်အမှတ်ကို ငရဲမီးတောက်ဖြင့် ၁၀၀ ရာခိုင်နှုန်း တိကျစွာ မီးရှို့လိုက်သည်။ ချက်ချင်းပင် စွမ်းအင်နံရံတစ်ခုလုံး လွယ်ကူစွာ ပေါက်ထွက်သွားလေတော့၏။
ထိုအချိန်တွင် တုပိုင် တွေ့ရှိခဲ့သည်မှာ မှန်ကန်ပါက သူ ငရဲမီးတောက်ကို ပြန်လည် ရုပ်သိမ်းလိုက်လျှင်ပင် ယင်းသည် ဆက်လက် လောင်ကျွမ်းနေမည် ဖြစ်ပြီး မီးတောက်သည်လည်း ရုတ်တရက် ကြီးမားလာပေလိမ့်မည်။
“ဝေါ...”
ထင်မှတ်ထားသည့်အတိုင်းပင် မူလက လက်မအနည်းငယ်သာ ရှိသော မီးတောက်သည် ချက်ချင်းပင် တစ်ပေခန့်အထိ ကြီးမားသွားလေတော့၏။
အမှန်ပင် တိကျလှပေ၏။ ပေမင်ဓားဂိုဏ်း၏ ၁၁ လုံးမြောက် ဧရာမ စွမ်းအင်ဥက္ကာခဲကြီးသည် ငရဲမီးတောက်ဖြင့် မီးရှို့ခံလိုက်ရလေပြီဖြစ်၏။
တုပိုင်သည် သူ၏ အတွင်းအား ရွှမ်းချီစွမ်းအင်ကို ရုပ်သိမ်းလိုက်ပြီး လက်ဝါးပေါ်မှ ငရဲမီးတောက်ကို ငြှိမ်းသတ်လိုက်သော်လည်း တစ်ပေခန့်ရှည်သော ငရဲမီးတောက်သည် ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်ပြီး စွမ်းအင်များ အဆုံးမရှိသကဲ့သို့ ဖြစ်နေလေ၏။
ထိုအချိန်၌ပင်... ပေမင်ဓားဂိုဏ်း၏ ပင်လယ်ကြမ်းပြင်အောက်ရှိ အခြားကမ္ဘာ စွမ်းအင်ဥက္ကာခဲကြီးသည် ဆူနာမီလှိုင်းတံပိုးကြီး ဖြစ်ပေါ်သကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားလေတော့၏။
“ဘုန်းးး ဘုန်းးး ဘုန်းးး”
တစ်ချိန်တည်းမှာပင် မိုင်တစ်ရာ ပတ်လည်ရှိ ပင်လယ်ပြင်တွင် ပြင်းထန်သော တုန်ခါမှုများ ဖြစ်ပေါ်လာလေ၏။ ဤစွမ်းအင်ဥက္ကာခဲ၏ စွမ်းအင်မျှတမှု ပျက်စီးသွားပြီး ပေမင်ဓားဂိုဏ်း ကြယ်ငါးပွင့် စွမ်းအင်အစီအရင်၏ ဆုံမှတ်တစ်ခုတွင် ကြီးမားသော အမှားအယွင်း ဖြစ်ပေါ်လာလေတော့၏။
ထို့နောက် ပေမင်ဓားဂိုဏ်း၏ စွမ်းအင်အစီအရင်တစ်ခုလုံး လုံးဝ ရပ်တန့်သွားပြီး အသုံးမဝင် ဖြစ်သွားလေတော့သည်။
ချက်ချင်းဆိုသလိုပင် ပေမင်ဓားဂိုဏ်း၌ ရှိနေကြသူများသည် ပေမင်ဓားဂိုဏ်းအတွင်းရှိ ရွှမ်းချီစွမ်းအင် ပါဝင်မှုနှုန်း ကျဆင်းသွားသည်ကို လွယ်ကူစွာ ခံစားလိုက်ကြရလေ၏။ မတားဆီးနိုင်လျှင် ၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားပေလိမ့်မည်။
ထိုမျှမကသေးဘဲ သူတို့၏ မျက်နှာပေါ်တွင်လည်း ထူးခြားသော ယားယံမှုတစ်ခုကိုပါ ခံစားလိုက်ရလေ၏။
သေချာသည်မှာ ရွှမ်းချီစွမ်းအင် ပါဝင်မှုနှုန်း ကျဆင်းခြင်းသည် ကိစ္စသေးသာ ဖြစ်ပေ၏။ အဓိကအချက်မှာ ပေမင်ဓားဂိုဏ်း၏ ကာကွယ်ရေးစနစ် ပျက်စီးသွားခြင်းပင်ဖြစ်လေ၏။
ယခုအချိန်မှစ၍ ပေမင်ဓားဂိုဏ်းတစ်ခုလုံးသည် ကိုယ်လုံးတီး ဖြစ်သွားသကဲ့သို့ ဖြစ်သွားပြီး အချိန်မရွေး သေစေနိုင်သော အန္တရာယ်နှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။
ပြီးဆုံးသွားလေပြီ။ ဤသည်ကား အစစ်အမှန် အဆုံးသတ်ချက်ပင် ဖြစ်လေ၏။ ဉာဏ်ပညာဖြင့် သတ်ဖြတ်ခြင်းပင် ဖြစ်ပေ၏။
အဓိကအချက်မှာ ဤအကြံဉာဏ်သည် အိပ်မက်စနစ်က ပေးခြင်းမဟုတ်ဘဲ တုပိုင်က အဆိုပြုခဲ့ခြင်း ဖြစ်လေ၏။
ဤအခြေအနေက သုံးလုံးပူးကမ္ဘာဝတ္ထုထဲမှ နံရံမျက်နှာမူသူ စီမံကိန်းကို သတိရစေလေ၏။ ကမ္ဘာမြေသည် သုံးလုံးပူးကမ္ဘာနှင့် ယှဉ်လျှင် အလွန် အားနည်းပြီး အလွန် သေးငယ်သော်လည်း အရေးကြီးသော အချိန်တွင် ကမ္ဘာမြေသားများသည် သုံးလုံးပူးကမ္ဘာနှင့် အတူတူ သေဆုံးနိုင်စွမ်း ရှိကြပေသည်။ ထို့ကြောင့် ကမ္ဘာမြေသားများတွင် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိလာခဲ့ခြင်း ဖြစ်လေ၏။
အိပ်မက်စနစ်က ချီးကျူးလိုက်လေ၏။ “စနစ်ရှင်... အရှင်က ကောင်းကင်ဘုံနဲ့ ဆန့်ကျင်နိုင်တဲ့ အလုပ်တစ်ခုကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပါပြီ။ အရှင့်တစ်ယောက်တည်းရဲ့ အင်အားနဲ့ ပေမင်ဓားဂိုဏ်းရဲ့ မဟာဗျူဟာ စွမ်းအင်ထီးရိပ်ကို ဖျက်ဆီးပစ်လိုက်နိုင်ပါပြီ။ နောက်ဆက်တွဲကတော့ သူတို့ရဲ့ လက်မြှောက်အရှုံးပေးခြင်းကို ထိုင်ခံစားဖို့ပါပဲ”
တုပိုင်က မေးမြန်းလိုက်လေ၏။ “ငါ အခု သွားသင့်ပြီ။ ကမ္ဘာအက်ကွဲကြောင်းထဲကနေ ကျီနန်ကို တိုက်ရိုက် သွားလို့ ရမယ်လား”
အိပ်မက်စနစ်က ရှင်းပြလိုက်လေ၏။ “မရဘူး။ ငရဲအက်ကွဲကြောင်းနဲ့ သက်ဆိုင်တဲ့ မြေပြင်ပေါ်က ပထဝီဝင် တည်နေရာတွေက အကန့်အသတ် ရှိပါတယ်။ အရှင်က ကိုသြဒီနိတ်တစ်ခု ရွေးရမယ်။ စွမ်းအင်ပါတဲ့ ဥက္ကာခဲအပိုင်းအစကို ရှာပြီး ငရဲမီးတောက်နဲ့ အပေါက်ဖောက်ကာ အဲဒီအပေါက်ကနေ ထွက်ရပါမယ်”
နောက်ဆုံးတွင် တုပိုင်သည် ရှန်းတုန်းကမ်းရိုးတန်းအနီးရှိ နေရာတစ်ခုကို ရွေးချယ်လိုက်ပြီး ငရဲမီးတောက်ဖြင့် အပေါက်ဖောက်ကာ ငရဲအက်ကွဲကြောင်းထဲမှ ထွက်လာပြီး ပင်လယ်ပြင်သို့ ပြန်ရောက်လာခဲ့သည်။
“ပြီးခဲ့တဲ့တစ်ခေါက်က မင်းသာ ငါနဲ့အတူ ငရဲအက်ကွဲကြောင်းထဲ လိုက်လာခဲ့ရင် ငါ ဗိုက်ကင်းနိုင်ငံ ရေပိုင်နက်ထဲ ရောက်သွားမှာ မဟုတ်ဘူးကွ။ ပြန်လာဖို့ နှစ်ဝက်ကျော် ကြာသွားခဲ့ရတယ်” တုပိုင်က ညည်းတွားလိုက်မိသည်။
ဤကိုသြဒီနိတ် တွက်ချက်မှုသည် အမှန်တကယ်ပင် အလွန် ရှုပ်ထွေးလှပေ၏။ အိပ်မက်စနစ်သာ မရှိလျှင် တုပိုင်၏ ဦးနှောက်ဖြင့် တွက်ချက်ရန် အလွန် ခက်ခဲပေလိမ့်မည်။
ယခုအခါ ပေမင်ဓားဂိုဏ်း၏ မဟာအကြီးအကဲ ကျီချန်ချိုကို သွားတွေ့ရန် ကျီနန်စီရင်စုသို့ သွားရမည့် အချိန်ရောက်လာပြီ ဖြစ်လေ၏။ ထိုရုပ်ဆိုးဆိုး မျက်နှာအိုကြီးများကို ဖြတ်ရိုက်ရမည့် အချိန်ရောက်လာပြီဖြစ်လေ၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၉၇ + ၆၉၈ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
Characters – 16587