← Chapters

အခန်း (၆၉၉-၇၀၀)

Vol. 70 Ch. 699-700

အခန်း (၆၉၉-၇၀၀)

Vol. 70 Ch. 699-700

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၉၉ + ၇၀၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

Characters – 18080

ပေါက်တူစမ်းချောင်း၏ လေထုသည် သေမင်းတမန်အရိပ်အယောင်များဖြင့် လေးလံထိုင်းမှိုင်းနေ၏။ ကျီနန်စီရင်စု၏ ကောင်းကင်ယံထက်တွင် နေမင်းကြီးသည် အနောက်ဘက်သို့ တဖြည်းဖြည်း တိမ်းညွတ်သွားလေသည်။ သုံးရက်ဆိုသော အချိန်ကာလသည် ကုန်ဆုံးလုနီးပါး ဖြစ်ကာ တစ်နာရီမျှပင် မလိုတော့ချေ။ အကယ်၍ ထိုအချိန်အတွင်း တုပိုင်သာ ရောက်မလာခဲ့လျှင် ပေမင်ဓားဂိုဏ်း၏ မဟာအကြီးအကဲ ကျီချန်ချို၏ ဓားသည် သွေးစွန်းတော့မည်ဖြစ်သည်။

မင်းသမီးနင်းရွှဲ့၏ စကားများသည် မှန်ကန်သယောင်ရှိသော်လည်း လက်တွေ့တွင်မူ လုံးဝမှားယွင်းနေလေ၏။ ဓားစာခံဆိုသည်မှာ အသက်ရှင်နေမှသာ အသုံးဝင်သည်ဆိုခြင်းက မှန်သော်လည်း ၊ ပစ်မှတ်ဖြစ်သူ တုပိုင်သာ ပေါ်မလာခဲ့လျှင် ဤဓားစာခံသုံးဦးသည် အမှိုက်သဖွယ် အသုံးမဝင်တော့ကြောင်း သက်သေပြရာရောက်သွားမည်ဖြစ်သည်။ ထိုအခါ သတ်ပစ်လိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။ ပေမင်ဓားဂိုဏ်း၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် ကျီချန်ချိုသည် နီရှန် ၊ လီတောက်ယွဲ့နှင့် ကျီချင်းကျူတို့ကို မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ပစ်ရန် ဝန်လေးမည်မဟုတ်ချေ။

သေမင်းနှင့် ရင်ဆိုင်နေရချိန်တွင် နီရှန်နတ်မိမယ်၏ မျက်နှာထက်၌ မယုံနိုင်လောက်အောင် တည်ငြိမ်မှုများကို တွေ့ရ၏။ လီတောက်ယွဲ့မှာမူ ကြေကွဲဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေပြီး ၊ ကျီချင်းကျူကမူ သတိမေ့မြောလျက် အသက်ငွေ့ငွေ့သာ ကျန်ရှိတော့သည်။

ကျီချန်ချိုက အေးစက်စွာ ပြောလိုက်သည်။ “တုပိုင် လာမှာမဟုတ်ဘူး”

နီရှန်နတ်မိမယ်က တည်ငြိမ်စွာ ပြန်ပြော၏။ “အစကတည်းက သူ မလာပါစေနဲ့လို့ပဲ ငါဆုတောင်းနေခဲ့တာ”

“ဒါပေမဲ့ မင်းဗိုက်ထဲမှာ သူ့ကလေးရှိနေတယ်လေ”

“သူ လာရင် သေချာပေါက် သေရမှာပဲ”

ကျီချန်ချိုက ခပ်ဟဟရယ်မောလိုက်ရင်း ဆိုလေ၏။ “ကြည့်ရတာ သူက သေရမှာကြောက်တဲ့ အတ္တသမားတစ်ယောက်ပဲ။ ဒါက ရှင်းနေတဲ့ ပွဲလေ။ သူလာရင် သေချာပေါက်သေရမယ် ၊ ဒါပေမဲ့ မင်းဗိုက်ထဲက ကလေးကတော့ ရှင်ခွင့်ရမယ်။ ဒါကိုတောင် သူမလာဘူးဆိုတော့ ကိုယ့်အသက်ကို ကလေးအသက်နဲ့တောင် မလဲနိုင်ဘူးဆိုတာ ပြလိုက်တာပဲ။ တုပိုင်က တော်တော် သွေးအေးတဲ့ကောင်ပဲ”

“ရှင် တော်တော် ယုတ်မာတာပဲ။ တခြားလူကို အတ္တကြီးတယ် ၊ သွေးအေးတယ်လို့ ဝေဖန်ဖို့ ရှင့်မှာ ဘာအခွင့်အရေးများ ရှိနေလို့လဲ”

“ငါတို့က လူယုတ်မာတွေလေ ၊ ဒါက သဘာဝပဲ။ ဒါပေမဲ့ တုပိုင်ကတော့ ကိုယ်ကျိုးစွန့်တဲ့ သူရဲကောင်းကြီး ဖြစ်ရမှာပေါ့။ သူ့သားအတွက် ရေကိုဆင်း မီးကိုနင်းပြီး အသက်စွန့်ရဲရမှာပေါ့”

ထိုကဲ့သို့ အရှက်ကင်းမဲ့လွန်းလှသော စကားများကို ပြန်လည်ချေပရန်မှာ မဖြစ်နိုင်ချေ။

“ဟူး...”

ကျီချန်ချိုက သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆက်ပြောသည်။ “ဂိုဏ်းချုပ်က တုပိုင်ကို အထင်ကြီးလွန်းနေတာပဲ။ တကယ်တော့ သူက သေမှာကြောက်တဲ့ အသုံးမကျတဲ့ကောင် တစ်ကောင်ပါပဲ။ ဒါပေမဲ့ သူ မတွေးမိတာ တစ်ခုရှိတယ်။ ဒီတစ်ကြိမ် လွတ်သွားရင်တောင် နောက်တစ်ကြိမ် လွတ်နိုင်ပါ့မလား။ ပေမင်ဓားဂိုဏ်းက သူ့ကို အဆုံးထိ လိုက်သတ်မှာပဲ။ ငါတို့ ပေမင်ဓားဂိုဏ်းရှေ့မှာ သူက ပုရွက်ဆိတ်လေး တစ်ကောင်လောက်ပဲ ရှိတာ။ မြှားကို သွားတားချင်နေတဲ့ နှံကောင်လိုပဲ ၊ တော်တော် ရယ်စရာကောင်းတယ်”

ထို့နောက် ကျီချန်ချိုသည် သူ၏ ဓားကို ဆွဲထုတ်လိုက်ပြီး ကျောက်တုံးပေါ်တွင် ဖြည်းညှင်းစွာ သွေးနေလိုက်၏။ လက်တွေ့တွင် သူ၏ ဓားမှာ အလွန်တရာ ထက်ရှနေပြီးဖြစ်ကာ သွေးရန်ပင် မလိုအပ်ချေ။ သူ၏ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်သော သိုင်းပညာစွမ်းရည်များကြောင့် ဓား၏ ထက်ရှမှုအပေါ် များစွာ မှီခိုနေရန် မလိုအပ်တော့ပေ။

အေးစက်နေသော ဓားသွေးသံသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ဖိအားများ ပေးစွမ်းနေ၏။ ဘေးပတ်လည်တွင်တော့ ငွေရောင်ဝတ်ရုံဆင်မြန်းထားသော တရားသူကြီး လေးဦးသည် တင်ပျဉ်ခွေထိုင်လျက် ကျောက်ရုပ်များသဖွယ် မလှုပ်မယှက် ရှိနေကြသည်။

ကျီချန်ချိုက တိုးတိတ်စွာ ရေရွတ်လိုက်၏။ “နာရီဝက်ပဲ လိုတော့တယ်။ တုပိုင် မလာရင် ငါ သတ်ရတော့မယ်။ နှမြောစရာပဲ... နှမြောစရာပဲ... တကယ် နှမြောစရာပဲ”

ရုတ်တရက် လေဟာနယ်ထဲမှ အခြားလူတစ်ယောက်၏ အသံက အေးစက်စွာ ထွက်ပေါ်လာလေ၏။ “နှမြောစရာပဲ... နှမြောစရာပဲ... တကယ် နှမြောစရာပဲ” ထို့နောက် နေဝင်ရီတရော အလင်းရောင်အောက်တွင် တုပိုင်၏ ပုံရိပ်သည် ဖြည်းညှင်းတည်ငြိမ်စွာဖြင့် ထွက်ပေါ်လာသည်။ နေမဝင်မီ နာရီဝက်အလိုတွင် တုပိုင် အမှန်တကယ် ရောက်ရှိလာသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နီရှန်နတ်မိမယ်နှင့် လီတောက်ယွဲ့တို့၏ မျက်ဝန်းများတွင် မယုံကြည်နိုင်မှုများ အပြည့်အနှက် ပေါ်လာကြ၏။

တုပိုင် တကယ် ရောက်လာ၏။ ဤသည်မှာ ကိုယ့်သေတွင်း ကိုယ်တူးပြီး သေမင်းထောင်ချောက်ထဲသို့ ဝင်လာခြင်းသာ ဖြစ်သည်။

သို့သော်လည်း သူတို့ကို ကယ်တင်ရန်အတွက် တုပိုင် လာခဲ့သည်။ ထိုအခိုက်အတန့်လေးတွင် အမျိုးသမီးနှစ်ဦး၏ နှလုံးသားများသည် ပြိုကျလုမတတ် ခံစားလိုက်ရလေသည်။ သူတို့၏ နှုတ်ခမ်းများမှ မည်သည့်စကားလုံးမျှ ထွက်ပေါ်မလာနိုင်တော့ဘဲ မျက်ရည်များသာ အဆက်မပြတ် စီးကျလာခဲ့သည်။ တုပိုင်ကို စိုက်ကြည့်နေသော သူတို့၏ မျက်ဝန်းများထဲတွင်တော့ နက်ရှိုင်းလှသော ချစ်ခြင်းမေတ္တာများသာ ပြည့်လျှံနေလေ၏။

ပေမင်ဓားဂိုဏ်း၏ မဟာအကြီးအကဲသည် တုပိုင်ကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။ “ခန့်ညားတဲ့ အဓိပတိတစ်ပါး ဖြစ်နေပြီးတော့ ဘာလို့ ဒီလောက်တောင် တုံးအလွန်းရတာလဲ။ မိန်းမနှစ်ယောက်နဲ့ မမွေးသေးတဲ့ ကလေးတစ်ယောက်အတွက် ကိုယ့်အသက်ကို လာပေးတယ်ပေါ့လေ”

လူသားများ၏ စိတ်အခြေအနေမှာ ရယ်စရာကောင်းလှပေသည်။ အစောက တုပိုင် မလာလျှင် သွေးအေးသည်ဟု ဝေဖန်နေခဲ့ပြီး ၊ ယခု တကယ်တမ်း လာအသေခံသောအခါတွင်လည်း တုံးအသည်ဟု သရော်နေကြပြန်၏။

“အရေးအကြီးဆုံးက မင်း လာအသေခံရင်တောင် နီရှန်ရယ် ၊ လီတောက်ယွဲ့ရယ် ၊ ကျီချင်းကျူရယ်က သေရမှာပဲလေ။ လူလည်း ကယ်လို့မရဘူး ၊ ကိုယ့်အသက်ပါ ပေးလိုက်ရပြီ။ ဒီလောက် တုံးအတဲ့ကောင်က ဒီအချိန်ထိ ဘယ်လိုလုပ် အသက်ရှင်နေတာလဲ”

တုပိုင်က တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။ “အကြီးအကဲ ကျီချန်ချို... ငါ ရောက်လာပြီ။ နီရှန် ၊ လီတောက်ယွဲ့နဲ့ ကျီချင်းကျူတို့ကို ငါ ခေါ်သွားမယ်။ ပြီးတော့ နောက်တစ်ချက် ထပ်တောင်းဆိုမယ်။ ခင်ဗျားကို ငါ ပါးတစ်ချက် ရိုက်ခွင့်ပေး။ ဒါဆိုရင် ဒီရန်ငြိုးကို ခဏတာ ကျေအေးပေးမယ်။ ခင်ဗျားကို ငါ ယာယီ ခွင့်လွှတ်ပေးလိုက်မယ်”

ထိုစကားများကို ကြားလိုက်ရချိန်တွင် ကျီချန်ချိုသည် ကြောင်အမ်းသွားကာ သူ့နားကိုပင် သူမယုံနိုင်အောင် ဖြစ်သွားရလေသည်။

တုပိုင်...ရူးသွားပြီလား။

သေချာပေါက် သေရတော့မည့်သူ ၊ မသေခင်မှာပင် ကြောက်မက်ဖွယ် နှိပ်စက်မှုများကို ခံစားရဦးမည့်သူ ၊ ဤပုရွက်ဆိတ်ကဲ့သို့ အားနည်းသော လူငယ်က ဓားစာခံများကို ခေါ်သွားမည်ဟု ပြောရုံသာမက ၊ သူ၏ မျက်နှာကိုပါ ပါးရိုက်မည်ဟု ရူးသွပ်စွာ ကြေညာနေလေသည်။

ကျီချန်ချိုသည် အသိဉာဏ်ကင်းမဲ့နေသူတစ်ဦးနှင့် စကားနိုင်လုရန် စိတ်မဝင်စားတော့ချေ။ “အရူးတစ်ယောက် ကယောင်ကတမ်း လာပြောနေတာပဲ”

“တုပိုင်... မင်းရဲ့ ရေဘဝဲဘီလူးကြီးကော မပါလာဘူးလား”

“မပါလာဘူး။ သူက စွမ်းအင်နယ်မြေကနေ အဝေးကြီး ထွက်လို့မရဘူးလေ ၊ ထွက်ရင် သူ အရမ်း အားနည်းသွားလိမ့်မယ်။ ငါတစ်ယောက်တည်း လာခဲ့တာ”

ကျီချန်ချိုသည် အေးစက်စူးရှနေသော ဓားကို ဆွဲထုတ်လိုက်၏။ “ဒါဆိုလည်း အချိန်ဖြုန်းမနေတော့ဘူး။ မင်းကို သတ်ပြီး ပေမင်ဓားဂိုဏ်းကို ငါ ပြန်ရဦးမယ်။ ဒါမှ မိုးမချုပ်ခင် ညစာစားချိန် အမီရောက်မှာ... အကုန် လှုပ်ရှားကြ... သူ့ကို သတ်စမ်း”

အမိန့်သံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ငွေရောင်ဝတ်ရုံ တရားသူကြီး လေးဦးသည် ချက်ချင်းပင် ဓားများကို ဆွဲထုတ်လိုက်ကြပြီး တုပိုင်အား အပိုင်းပိုင်း ခုတ်ထစ်ရန် ဝိုင်းရံလိုက်ကြလေသည်။

“ကျီချန်ချို... ငါ ပြောပြီးသားနော်။ လက်နက်ချပြီး အညံ့ခံလိုက်ပါ။ ငါ့ကို ပါးရိုက်ခွင့်ပေးရင် မင်းကို ယာယီ ခွင့်လွှတ်ပေးမယ်လို့။ မဟုတ်ရင်တော့ မင်းတို့ ပေမင်ဓားဂိုဏ်းတစ်ခုလုံး ပြာကျပြီသာ မှတ်တော့။ ဘာလို့လဲဆိုတော့... မင်းတို့ရဲ့ ကြယ်ငါးပွင့် စွမ်းအင်ကာကွယ်ရေး အစီအရင်ကို ငါ ဖျက်ဆီးပစ်လိုက်ပြီ။ အခု ပေမင်ဓားဂိုဏ်းက ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းနဲ့ မီးနတ်ဘုရားဂိုဏ်းတို့ရဲ့ ရှေ့မှာ အကာအကွယ်မဲ့နေတဲ့ သားကောင်လေးလို ဖြစ်နေလောက်ပြီ”

ထိုစကားအဆုံးတွင် ကျီချန်ချို၏ မျက်နှာသည် ဆိုးရွားစွာ ပျက်ယွင်းသွားသည်။

**--**--**--**--**--**--**--**

ထိုအချိန်၌ပင် အခြားတစ်ဖက်ရှိ ပေမင်ဓားဂိုဏ်းဌာနချုပ်၌ ပေမင်ဂိုဏ်းချုပ် နင်တောက်ရွှမ်သည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလှသော သတင်းဆိုးတစ်ခုကို လက်ခံရရှိလိုက်လေ၏။

ပေမင်ဓားဂိုဏ်း၏ အခိုင်မာဆုံးသော မဟာဗျူဟာ ကာကွယ်ရေးစနစ်ဖြစ်သည့် ကြယ်ငါးပွင့် စွမ်းအင်အစီအရင်သည် လုံးဝ အလုပ်မလုပ်တော့ပေ။

ဤသည်မှာ သာမန်ကိစ္စမဟုတ်ပေ။ လုံးဝ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် ကပ်ဘေးကြီးတစ်ခုပင် ဖြစ်လေသည်။

ပေမင်ဂိုဏ်းချုပ် နင်တောက်ရွှမ်၏ ဦးနှောက်ထဲတွင် ပထမဆုံး ပေါ်လာသည့် အတွေးမှာ ပထမအဆင့် စစ်ရေးပြင်ဆင်မှုအမိန့်ကို ချက်ချင်း ထုတ်ပြန်ရန်ပင် ဖြစ်၏။ ကြယ်ငါးပွင့် စွမ်းအင်အစီအရင် ပျက်စီးသွားခြင်းသည် ရန်သူများ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဖြစ်နိုင်ခြေ အလွန်များပြားလှသည်။

ထိုရန်သူမှာ မီးနတ်ဘုရားဂိုဏ်း ဖြစ်နိုင်သလို ၊ အနောက်ကမ္ဘာမှ သွေးရောင်လက်ဝါးကပ်တိုင်ဂိုဏ်းလည်း ဖြစ်နိုင်ပေသည်။ သို့တည်းမဟုတ် ထိုအင်အားစုနှစ်ခု ပူးပေါင်းသွားခြင်းလည်း ဖြစ်နိုင်ချေရှိ၏။

လေဟုန်စီး သိမ်းငှက်အုပ်ကြီးများကို ချက်ချင်း လွှတ်တင်လိုက်ရာ ကောင်းကင်ယံတစ်ခုလုံး အမှောင်ကျသွားသကဲ့သို့ပင် ဖြစ်သွားလေသည်။ ထိုသိမ်းငှက်များသည် ပေမင်ဓားဂိုဏ်း ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်တစ်ခွင်သို့ လှည့်လည်ပျံသန်းကာ ကျူးကျော်လာမည့် ရန်သူတပ်ဖွဲ့များကို ကင်းထောက်ကြမည် ဖြစ်သည်။

မကြာမီမှာပင် ဧရာမသင်္ဘောကြီးများသည် ကျွန်းပေါ်မှ တစ်စင်းပြီးတစ်စင်း အလျင်စလို ထွက်ခွာသွားကြလေ၏။

ဓားများကို ဆုပ်ကိုင်ထားသော သိုင်းပညာရှင် ရာထောင်ချီသည် လှိုင်းတံပိုးများကြားမှ ထွက်ပေါ်လာကြသည်။ ပေမင်ဓားဂိုဏ်း တစ်ခုလုံးသည် သွေးထွက်သံယို စစ်ပွဲကြီးတစ်ခုအတွက် အပြည့်အဝ အသင့်ပြင်ဆင်ပြီးနေပြီ ဖြစ်၏။

“ဒေါင်... ဒေါင်... ဒေါင်... ဒေါင်...”

ကျွန်းအသီးသီးမှ သတိပေး ခေါင်းလောင်းသံကြီးများ အဆက်မပြတ် ဆူညံစွာ ထွက်ပေါ်လာသည်။ ဤအချိန်၌ အကြီးအကဲဖြစ်စေ ၊ သာမန်ဂိုဏ်းသားဖြစ်စေ မည်သည့်ကိစ္စကို လုပ်ဆောင်နေသည်ဖြစ်ပါစေ အချိန်တိုအတွင်း သက်ဆိုင်ရာ ကျွန်းများ၏ ရင်ပြင်များသို့ မပျက်မကွက် သွားရောက်စုဝေးကြရမည် ဖြစ်လေ၏။

ရွှပ်... ရွှပ်... ရွှပ်...

မဟာအကြီးအကဲ တစ်ဒါဇင်ကျော်နှင့် အကြီးအကဲ ရာပေါင်းများစွာတို့သည်လည်း သူတို့၏ တံခါးပိတ် ကျင့်စဉ်ဂူများထဲမှ အရေးတကြီး ပြေးထွက်လာကြ၏။

အူး...

ယဉ်ပါးအောင် မွေးမြူလေ့ကျင့်ထားသော သားရဲကြီးများသည်လည်း ဂူများထဲမှ တစ်ကောင်ပြီးတစ်ကောင် အသံနက်ကြီးများ ဟိန်းဟောက်ရင်း ထွက်ပေါ်လာကြလေသည်။ ကျွန်းတစ်ကျွန်းစီရှိ အဆောက်အအုံများ ၊ တောင်တန်းများနှင့် သစ်တောများကြားမှ သိုင်းပညာရှင်များသည် ပုရွက်ဆိတ်အုံ ပွင့်ကျလာသကဲ့သို့ အုံနှင့်ကျင်းနှင့် ထွက်ပေါ်လာကြလေ၏။

ကျွန်းတစ်ကျွန်းစီတွင် စုဝေးရောက်ရှိနေသော သိုင်းပညာရှင် အရေအတွက်မှာ ထောင်ပေါင်းများစွာ ရှိ၏။ ဤသည်မှာ ပေမင်ဓားဂိုဏ်း၏ အမြင့်ဆုံးသော ကာကွယ်ရေး ယန္တရားပင် ဖြစ်သည်။ ဤယန္တရားသည် အသက်အန္တရာယ် အကျရောက်ဆုံး အချိန်မျိုး၌သာ စတင်လည်ပတ်လေ့ရှိ၏။

ကြယ်ငါးပွင့် စွမ်းအင်အစီအရင် ပျက်စီးသွားခြင်းမှာ ပေမင်ဓားဂိုဏ်းအတွက် အဆိုးရွားဆုံးနှင့် အန္တရာယ်အရှိဆုံး အခိုက်အတန့်ပင် ဖြစ်ပေတော့သည်။

တစ်နာရီခန့် ကြာမြင့်ပြီးနောက် နင်တောက်ရွှမ်သည် အရပ်မျက်နှာအသီးသီးမှ ပြန်လည်ပေးပို့လာသော သတင်းအချက်အလက်များကို လက်ခံရရှိလိုက်လေ၏။

“မြောက်ဘက်မှာ ရန်သူတွေ ကျူးကျော်လာမယ့် အရိပ်အယောင် လုံးဝ မတွေ့ရပါဘူး”

“အနောက်ဘက်မှာလည်း ရန်သူ့အရိပ်အယောင် မရှိပါဘူး”

“အရှေ့ဘက်မှာလည်း မရှိပါဘူး”

​“တောင်ဘက်မှာလည်း မရှိပါဘူး”

​“မိုင်ရာပေါင်းများစွာ အကွာအဝေးအတွင်းမှာ မီးနတ်ဘုရားဂိုဏ်းနဲ့ အနောက်ကမ္ဘာက သွေးရောင်လက်ဝါးကပ်တိုင်ဂိုဏ်းတို့ကို မတွေ့ရပါဘူး”

​ပေမင်ဂိုဏ်းချုပ် နင်တောက်ရွှမ်သည် သက်ပြင်းရှည်ကြီးကို မချဘဲ မနေနိုင်တော့ပေ။ တော်သေးသည်ဟု ဆိုရမည်။ ရန်သူ့တပ်ကြီး ဝင်ရောက်စီးနင်းလာခြင်းမျိုး မဟုတ်သောကြောင့် အဆိုးရွားဆုံး အခြေအနေသို့ မရောက်သေးပေ။

​ထိုစဉ် ပေမင်ဓားဂိုဏ်း၏ အစီအရင်အကြီးအကဲချက်ချင်း ရောက်ရှိလာပြီး တိုးတိုးလေး လျှောက်တင်လိုက်လေသည်။ “ဂိုဏ်းချုပ်... ဆယ့်တစ်လုံးမြောက် စွမ်းအင်ဥက္ကာခဲမှာ ကြီးမားတဲ့ ချို့ယွင်းချက်တစ်ခု ဖြစ်ပေါ်နေပါတယ်။ စွမ်းအင်တွေ လျှံထွက်နေပေမဲ့ ဘာကြောင့်လဲဆိုတာ လုံးဝ စစ်ဆေးလို့ မရသေးပါဘူး”

​နင်တောက်ရွှမ်က မေးလိုက်သည်။ “ပြင်ဆင်လို့ မရဘူးလား”

​အစီအရင်အကြီးအကဲက ခေါင်းခါလျက် ပြန်ဖြေလိုက်သည်။ “အဲဒီနေရာမှာ ဘာပြဿနာဖြစ်နေလဲဆိုတာ ရှာမတွေ့သေးပါဘူး။ ရေအောက်စွမ်းအင်ဥက္ကာခဲရဲ့ ထောင့်တိုင်းကို စစ်ဆေးပြီးပါပြီ။ စွမ်းအင်ယိုစိမ့်မှုလည်း မတွေ့ရပါဘူး။ ဒါပေမဲ့ စွမ်းအင်မျှတမှုပျက်စီးသွားတဲ့အတွက် ကြယ်ငါးပွင့် စွမ်းအင်အစီအရင်တစ်ခုလုံး အလုပ်မလုပ်တော့တာပါ”

​နင်တောက်ရွှမ် ရုတ်တရက် သတိရသွားကာ မေးလိုက်သည်။ “တုပိုင်က ကျီနန်စီရင်စုကိုသွားပြီး ကျီချန်ချိုနဲ့ တွေ့ဖို့ သဘောတူထားတယ် မဟုတ်လား”

​ငွေရောင်ဝတ်ရုံ တရားသူကြီးအကြီးအကဲက ဖြေကြားလိုက်သည်။ “မှန်လှပါ”

**--**--**--**--**--**--**--**

​ကျီနန်စီရင်စု၊ ပေါက်တူစမ်းချောင်း၌ တုပိုင်၏ စကားကို ကြားပြီးနောက် ပေမင်ဓားဂိုဏ်း မဟာအကြီးအကဲ ကျီချန်ချိုသည် အံ့အားသင့်သွားကာ သူ၏ လှုပ်ရှားမှုအားလုံးကို ရပ်တန့်လိုက်လေသည်။

​ပေမင်ဓားဂိုဏ်း၏ ကြယ်ငါးပွင့် ကာကွယ်ရေးအစီအရင်သည် ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်ပြီး မဟာအကြီးအကဲများအဖွဲ့မှလွဲ၍ မည်သူမျှ မသိရှိကြပေ။ ထို့အပြင် ဤအစီအရင်သည် ပေမင်ဓားဂိုဏ်း၏ အသက်သွေးကြောလည်း ဖြစ်သည်။ ကာကွယ်ရေးအစီအရင် ပျက်စီးသွားသည်နှင့် ဂိုဏ်းတစ်ခုလုံး မျိုးသုဉ်းပျောက်ကွယ်မည့် ကပ်ဘေးနှင့် ရင်ဆိုင်ရမည်ဟု အဓိပ္ပာယ်သက်ရောက်လေသည်။

​တုပိုင်သည် ပြင်ပလူတစ်ယောက်သာ ဖြစ်လေ၏။ သို့သော် အပြင်လူသည် အဘယ်ကြောင့် ကြယ်ငါးပွင့် ကာကွယ်ရေးအစီအရင်အကြောင်းကို သိနေရသနည်း။ ဤသည်မှာ လုံးဝ မဖြစ်သင့်သော ကိစ္စပင်။

​ကျီချန်ချိုက တုပိုင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

​“မင်းက သေဘေးကနေ လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား။ ကြယ်ငါးပွင့် ကာကွယ်ရေး အစီအရင်အကြောင်းကို မင်း ဘယ်ကနေ ကြားလာလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ ကြယ်ငါးပွင့် ကာကွယ်ရေးအစီအရင်ကို ဖျက်ဆီးနိုင်တဲ့လူ မရှိဘူး။ မင်းလိုလူဆိုရင် ပိုလို့တောင် မဖြစ်နိုင်သေးဘူး။ နေပါဦး... မင်းရဲ့ ကျင့်ကြံမှုအဆင့်ကကော ဘယ်လောက်ရှိလို့လဲ”

​မီးနတ်ဘုရားဂိုဏ်းက မည်မျှ စွမ်းအားကြီးသနည်း။ သွေးရောင်လက်ဝါးကပ်တိုင်ဂိုဏ်းသည်ကော မည်မျှ စွမ်းအားကြီးသနည်း။ သူတို့နှစ်ဖွဲ့စလုံး နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ကြသော်လည်း မည်သူကမျှ ပေမင်ဓားဂိုဏ်း၏ ကြယ်ငါးပွင့် ကာကွယ်ရေးအစီအရင်ကို မဖျက်ဆီးနိုင်ခဲ့ကြပေ။ ယခုလည်း အစီအရင်တွင် အပြောင်းအလဲ အနည်းငယ်သာ ဖြစ်ပေါ်နေခြင်းဖြစ်သဖြင့် ကျီချန်ချို လုံးဝ မယုံကြည်ပေ။ တုပိုင်က အချိန်ဆွဲနေသည်ဟုသာ သူ ထင်မှတ်နေလေ၏။

​တုပိုင်က ပြောလိုက်သည်။ ​“ငါ မင်းနဲ့ အဓိပ္ပာယ်မရှိတာတွေ ငြင်းခုန်မနေတော့ဘူး။ ငါတို့ ဒီအတိုင်းပဲ စောင့်နေကြတာပေါ့။ မကြာခင် ပေမင်ဓားဂိုဏ်းက လူတွေ လွှတ်လိုက်လိမ့်မယ်... တကယ်လို့ မင်းတို့ရဲ့ ပေမင်ဂိုဏ်းချုပ်သာ လုံလောက်အောင် ဉာဏ်ကောင်းမယ်ဆိုရင်ပေါ့”

​ကျီချန်ချိုက ပြောလိုက်သည်။ ​“ဒါက မင်းကို သတ်မယ့် အစီအစဉ်ကို နှောင့်နှေးစေမှာ မဟုတ်ဘူး ၊ အရှင်တုပိုင်။ မူလအစီအစဉ်အရဆိုရင် မင်းကို သတ်ပြီးရင် နီရှန့်ဗိုက်ထဲက ကလေးကို ချန်ထားပေးမလို့ပဲ။ ဒါပေမဲ့ အခုတော့ ချန်ထားပေးဖို့ မလိုတော့ဘူးလို့ ထင်တယ်။ မင်းက ငါ့ဒေါသကို လုံးဝ ဆွပေးလိုက်တာကိုး”

​တုပိုင် ရုတ်တရက် ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။ ​“အကြီးအကဲ ကျီချန်ချို... တကယ်လို့ ငါသေသွားရင် ဆယ်ရက်တောင် မပြည့်ခင်မှာပဲ ပေမင်ဓားဂိုဏ်းရဲ့ ကြယ်ငါးပွင့် ကာကွယ်ရေးအစီအရင် ပျက်စီးသွားပြီဆိုတာကို မီးနတ်ဘုရားဂိုဏ်းက သိသွားလိမ့်မယ်။ အနောက်ကမ္ဘာက သွေးရောင်လက်ဝါးကပ်တိုင်ဂိုဏ်းကလည်း တစ်လအတွင်း သိသွားလိမ့်မယ်။ အဲဒီအခါကျရင် ပေမင်ဓားဂိုဏ်းရဲ့ မျိုးသုဉ်းပျောက်ကွယ်ခြင်း ကပ်ဘေး ရောက်လာတာကို ငါ စောင့်ကြည့်နေလိုက်မယ်”

​ထို့နောက် တုပိုင်သည် မြေကြီးပေါ်တွင် ဝင်ထိုင်လိုက်ရင်း ဆက်ပြောလိုက်လေသည်။ “ငါ မင်းနဲ့ စကားအပိုတွေ ပြောမနေတော့ဘူး၊ ဒီအတိုင်း စောင့်နေလိုက်ကြစို့”

​ထို့နောက် သူသည် မျက်လုံးများကိုပင် မှိတ်ထားလိုက်လေသည်။

​ကျီချန်ချို ခေတ္တမျှ တွန့်ဆုတ်သွားပြီးနောက် ပြန်ပြောလိုက်လေသည်။ ​“ကောင်းပြီလေ... စောင့်ကြတာပေါ့။ မင်းမှာ အချိန် နှစ်နာရီပဲ ရှိတယ်”

​ပေမင်ဓားဂိုဏ်းမှ ကျီနန်စီရင်စုသို့ အမြန်ဆုံးလာလျှင် နှစ်နာရီအတွင်း ရောက်နိုင်ပေသည်။ ထို့ကြောင့် နှစ်နာရီအတွင်း ပေမင်ဓားဂိုဏ်းမှ လူတစ်ယောက်ယောက် လာရောက်တားဆီးခြင်း မရှိပါက ၊ ကျီချန်ချိုသည် တုပိုင် ၊ နီရှန် ၊ လီတောက်ယွဲ့နှင့် ကျီချင်းကျူတို့ကို သတ်ပစ်မည် ဖြစ်လေသည်။

​အချိန်များ တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားလေသည်။

​နာရီဝက်...

​တစ်နာရီ...

​သုံးနာရီ...

​လေးနာရီ...

​စောင့်ဆိုင်းနေစဉ်အတွင်း တိတ်ဆိတ်ငြိမ်သက်နေ၏။ လမင်းသည် ကောင်းကင်အလယ်သို့ ရောက်ရှိလာပြီး လရောင်များသည် ဤဧရိယာသို့ ဖြာကျနေလေသည်။ ညဉ့်နက်သန်းခေါင်ယံတွင် ပေါက်တူစမ်းချောင်းမှ ရေစီးသံကိုသာ သဲ့သဲ့ ကြားနေရလေ၏။

​ကျီချန်ချို မျက်လုံးဖွင့်လိုက်ပြီး ပြောလိုက်သည်။

​“တုပိုင်... အချိန်ပြည့်သွားပြီ။ ငါ စိတ်ပျက်မိပါတယ်။ ပေမင်ဓားဂိုဏ်းက ဘယ်သူ့ကိုမှ လာမတားခိုင်းပါလား။ မင်း သေလမ်းကို သွားရမယ့်အချိန် ရောက်ပြီ”

​ထို့နောက် သူနှင့် မဟာဆရာသခင် လေးဦးတို့သည် တစ်ပြိုင်နက် မတ်တတ်ရပ်လိုက်ကြလေသည်။

​ကျီချန်ချိုသည် ဓားကို ဆွဲထုတ်လိုက်သော်လည်း တုပိုင်ထံသို့ တန်းတန်းမတ်မတ် လျှောက်မသွားဘဲ လီတောက်ယွဲ့ထံသို့သာ လျှောက်သွားကာ သူမ၏ လည်ပင်းပေါ်သို့ ဓားတင်လိုက်လေသည်။

​ကျီချန်ချိုက အေးစက်စွာ ပြောလိုက်သည်။

“တုပိုင်... မင်းက ငါ့ဒေါသကို လုံးဝ ဆွပေးလိုက်တဲ့အတွက် မင်းရဲ့ မိန်းမကို မင်းရှေ့မှာတင် သတ်ပြမယ် ၊ ပြီးမှ မင်းကို သတ်မယ်”

​လီတောက်ယွဲ့ စကားတစ်ခွန်းမျှ မပြောပေ။ တုပိုင်ကိုသာ ချစ်ခင်မြတ်နိုးစွာ ကြည့်နေပြီး အသက်ချမ်းသာပေးရန် တောင်းပန်စကား တစ်ခွန်းမျှ ဟမလာခဲ့ပေ။

​တုပိုင်က အေးစက်စွာ ရယ်မောလိုက်သည်။

​“ဂိုဏ်းချုပ်နင်... ရောက်နေပြီပဲဟာ ၊ ဘာလို့ ကိုယ်ထင်မပြသေးတာလဲ။ ကျွန်တော့်ဆီကနေ တစ်ခုခု ခြိမ်းခြောက်ယူချင်နေတာလား”

​လေထုသည် စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားလေ၏။ ထို့နောက် လရောင်အောက်တွင် ခန့်ညားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး ပေါ်ထွက်လာလေသည်။

​ကျီချန်ချိုသည် ခါးကိုင်း၍ ဦးညွတ်လိုက်သည်။

​“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”

​ငွေရောင်ဝတ်ရုံ တရားသူကြီး လေးဦးသည်လည်း ဒူးထောက်လိုက်ပြီး ရိုသေစွာ ပြောလိုက်ကြသည်။

“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”

​ထို့နောက် ကျီချန်ချိုက မေးလိုက်သည်။

​“ဂိုဏ်းချုပ်... ဂိုဏ်းထဲမှာ တစ်ခုခု ဖြစ်လို့လား”

​နင်တောက်ရွှမ် ခေါင်းညိတ်လိုက်လေသည်။

​ကျီချန်ချို တုန်ရီစွာဖြင့် ထပ်မေးလိုက်သည်။

​“ကြယ်ငါးပွင့် စွမ်းအင်အစီအရင်မှာ တစ်ခုခု ဖြစ်သွားလို့လား”

​သူ၏ အသံကို နင်တောက်ရွှမ်၏ နားထဲသို့သာ ကြားအောင် စွမ်းအင်ဖြင့် ပို့လွှတ်လိုက်ခြင်း ဖြစ်ပြီး အခြားသူများ မကြားနိုင်ပေ။

​နင်တောက်ရွှမ် ခေါင်းညိတ်လိုက်ပြန်သည်။

​ကျီချန်ချို တကယ်ကို လုံးဝ တုန်လှုပ်ခြောက်ခြားသွားလေတော့သည်။

​ကြယ်ငါးပွင့် စွမ်းအင်အစီအရင်... ပေမင်ဓားဂိုဏ်း၏ အသက်သွေးကြော ဗဟိုချက်... မီးနတ်ဘုရားဂိုဏ်းနှင့် သွေးရောင်လက်ဝါးကပ်တိုင်ဂိုဏ်းတို့ကဲ့သို့ အလွန် စွမ်းအားကြီးသော အဖွဲ့များပင်လျှင် နှစ်ရာချီ ကြိုးစားခဲ့သော်လည်း မဖျက်ဆီးနိုင်ခဲ့သော အရာ။ ယခုတော့ တုပိုင်လက်ချက်ဖြင့် ပျက်စီးသွားရပြီတဲ့လား။

​နင်တောက်ရွှမ်သည် တုပိုင်ရှေ့သို့ ရောက်လာပြီး ပြောလိုက်သည်။

“ဘာအချက်တွေလဲ။ ကြယ်ငါးပွင့် ကာကွယ်ရေး အစီအရင်ကို မင်း ပြန်ပြင်ပေးနိုင်လို့လား”

တုပိုင်သည် အေးစက်စွာ ရယ်မောလိုက်သည်။

“ပြန်ပြင်မယ် ဟုတ်လား... ပြန်ပြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီကမ္ဘာကြီးမှာ အဲဒါကို ပြန်ပြင်နိုင်တာ ငါတစ်ယောက်တည်း ရှိတယ်။ ငါတို့ရဲ့ အခု ညှိနှိုင်းမှု အခြေအနေကတော့... ဒီလျှို့ဝှက်ချက်ကို မီးနတ်ဘုရားဂိုဏ်းနဲ့ သွေးရောင်လက်ဝါးကပ်တိုင်ဂိုဏ်းဆီ ငါ မပေါက်ကြားအောင် ဘယ်လို အချက်တွေနဲ့ တားဆီးမလဲ ဆိုတာပဲ”

နင်တောက်ရွှမ်က ပြန်ပြောလိုက်လေသည်။

“မင်း မလုပ်နိုင်ပါဘူး ၊ ဘာပဲပြောပြော မင်းက အရှေ့ဘက်ကမ္ဘာကလူပဲလေ”

တုပိုင်က တည်ငြိမ်စွာပင် ဆိုလေသည်။ “ကျွန်တော်က အတ္တကြီးတဲ့လူဗျ။ ကျွန်တော့်အသက်အန္တရာယ်ရှိလာရင် ဒါကို သေချာပေါက် လုပ်မှာပဲ”

ထို့နောက် တုပိုင်သည် ပြုံးလိုက်ပြီး ဆက်ပြောလိုက်လေသည်။

“တကယ်တော့ ကျွန်တော် သေသွားတာပဲဖြစ်ဖြစ် ၊ ပေမင်ဓားဂိုဏ်းက ကျွန်တော့်ကို ဖမ်းချုပ်ထားတာပဲဖြစ်ဖြစ် ၊ ဆယ်ရက်ကျော်သွားတာနဲ့ ဒီသတင်းက ချက်ချင်း ပျံ့နှံ့သွားမှာပါ။ အဲဒီအချိန်ကျရင် သွေးရောင်လက်ဝါးကပ်တိုင်ဂိုဏ်းနဲ့ မီးနတ်ဘုရားဂိုဏ်းတို့ကြားမှာ ပဋိပက္ခ ဘယ်လောက်ပဲ ကြီးကြီး ၊ သူတို့က ချက်ချင်း လက်တွဲပြီး ခင်ဗျားတို့ ပေမင်ဓားဂိုဏ်းကို လာဖျက်ဆီးကြမှာပဲ။ ဘာပဲပြောပြော ကမ္ဘာတစ်ခုလုံးမှာ ဒီလို စွမ်းအင်ရတနာသိုက်မျိုးက သုံးနေရာပဲ ရှိတာ မဟုတ်လား”

နင်တောက်ရွှမ်သည် တုပိုင်ကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးနောက်မှ ပြောလိုက်လေသည်။

“နီရှန် ၊ လီတောက်ယွဲ့နဲ့ ကျီချင်းကျူတို့ကို မင်းဆီ ပြန်ပေးလိုက်မယ်။ ပြီးတော့ ပေမင်ဓားဂိုဏ်းက မင်းကို ဆက်ပြီး လိုက်လံသတ်ဖြတ်တာကို ရပ်တန့်ပေးမယ်”

တုပိုင်က ခေါင်းခါလျက် ဆိုလေသည်။ “မလုံလောက်သေးဘူး”

နင်တောက်ရွှမ်က ထပ်ပြောလိုက်လေသည်။ “လုံလောက်ပါပြီ။ ဘာလို့လဲဆိုတော့ မင်းက တစ်ကိုယ်တည်းသမား မဟုတ်တော့ဘူးလေ။ တကယ်လို့ ငါ့ပေမင်ဓားဂိုဏ်းကသာ မင်းနဲ့ ရင်းနှီးတဲ့လူတွေကို လိုက်သတ်မယ်ဆိုရင် မင်း တားနိုင်မှာ မဟုတ်ဘူး”

တုပိုင်က စူးရှစွာ ကြည့်ရင်း ပြောလိုက်လေသည်။

“အကြီးအကဲ ကျီချန်ချို လုပ်ခဲ့တဲ့ ကိစ္စတချို့က ကျွန်တော့်ကို အရမ်း ဒေါသထွက်စေတယ်။ ကျွန်တော် စိတ်ကျေနပ်ဖို့ သူ့ကို ပါးအချက်အနည်းငယ်လောက် ရိုက်ဖို့ လိုတယ်။ ဒါကြောင့် သူ့ကို မလှုပ်ဘဲ နေခိုင်းပါ၊ ပြီးရင် ကျွန်တော် သူ့ကို ပါးလေးချက် ရိုက်မယ်”

ထိုစကားကို ကြားလိုက်သည်နှင့် ကျီချန်ချို၏ မျက်နှာမှာ အရောင်ပြောင်းသွားလေသည်။ နင်တောက်ရွှမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပြောလိုက်လေသည်။

“မင်း တကယ်ပဲ ဒီလောက်ထိ အရှက်ခွဲချင်တာလား။ မင်းက ဉာဏ်ကောင်းတဲ့လူပဲ။ ဒီလိုလုပ်ရပ်မျိုးက ရန်ငြိုးဖွဲ့တာကလွဲပြီး ဘာအကျိုးမှ မရှိဘူးဆိုတာ သိရဲ့သားနဲ့”

တုပိုင်က ရယ်မောလျက် ပြောလိုက်လေသည်။

“ဂိုဏ်းချုပ်နင်... ခင်ဗျားက ကျွန်တော့်ကို နှစ်ခါတောင် သတ်ဖို့ ကြိုးစားခဲ့တယ်။ ခင်ဗျားတို့က မျက်နှာဖုံးကွာကျပြီးသားပဲ ၊ ဘာတွေများ ရှက်စရာ ၊ ကြောက်စရာ ရှိနေသေးလို့လဲ”

နင်တောက်ရွှမ်က သတိပေးလိုက်လေ၏။ “တုပိုင်... မင်းရဲ့ မိန်းမကို သတ်ဖို့ ငါ့ကို ဖိအားမပေးနဲ့”

တုပိုင်သည် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ကာ ပထမဆုံး ငွေရောင်ဝတ်ရုံ တရားသူကြီးကို ခုတ်ပိုင်းပစ်လိုက်လေ၏။

ထို မဟာဆရာသခင်အဆင့် ငွေရောင်ဝတ်ရုံ တရားသူကြီးသည် မလှုပ်မယှက် ရပ်နေပြီး တုပိုင် ခေါင်းဖြတ်သတ်သည်ကို ငြိမ်ခံနေရသည်။ အစမှအဆုံး သူသည် လက်မောင်းကို တစ်ချက် လှုပ်လိုက်သော်လည်း နင်တောက်ရွှမ်ထံမှ အမိန့်မရသဖြင့် မည်သည့် ပြန်လည်တိုက်ခိုက်မှုမှ မပြုလုပ်ဘဲ အကျိုးဆက်အနေဖြင့် တုပိုင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။

“ရွှပ်...”

နောက်ထပ် ဓားချက်တစ်ချက်ဖြင့် တုပိုင်သည် ဒုတိယမြောက် ငွေရောင်ဝတ်ရုံ တရားသူကြီး၏ နှလုံးကို ထိုးဖောက်လိုက်ပြန်သည်။ ဒုတိယ ငွေရောင်ဝတ်ရုံ တရားသူကြီးလည်း အသတ်ခံလိုက်ရပြီး သူသည်လည်း ပြန်လည် ခုခံခြင်း မပြုခဲ့ပေ။

ထို့နောက် တုပိုင်က ပြောလိုက်လေသည်။

“ဂိုဏ်းချုပ်နင်... ခင်ဗျား ပြောတာ မှန်ပါတယ်။ တကယ်လို့ ခင်ဗျားက ကျွန်တော့်ဘေးနားက လူတွေကို သတ်လိုက်ရင် ဒီလျှို့ဝှက်ချက်ကို မီးနတ်ဘုရားဂိုဏ်းဆီ ကျွန်တော် ပေါက်ကြားနိုင်မှာ မဟုတ်တော့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ပေါက်ကြားလိုက်တာနဲ့ ခင်ဗျားက ကျွန်တော့်ကို သတ်ပစ်မှာလေ။ ဒါပေမဲ့ အခု ကျွန်တော်က ပေမင်ဓားဂိုဏ်းရဲ့ စွမ်းအင်ဥက္ကာခဲ တစ်လုံးကိုပဲ ဖျက်ဆီးထားရသေးတာ။ တကယ်လို့ ခင်ဗျားက ကျွန်တော့်ဘေးနားက လူတွေကို ထိခိုက်အောင် လုပ်မယ်ဆိုရင် ကျွန်တော်က ဒုတိယမြောက်နဲ့ တတိယမြောက် ဥက္ကာခဲတွေကိုပါ ထပ်ဖျက်ဆီးပစ်လိုက်မယ်။ အဲဒီအချိန်ကျရင် ခင်ဗျားတို့ ပေမင်ဓားဂိုဏ်းရဲ့ ရွှမ်းချီစွမ်းအင် ပါဝင်မှုနှုန်းက ဘယ်လောက်ထိ ကျဆင်းသွားမလဲ။ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ တွေးကြည့်ပါဦး”

ထိုစကားကိုကြာသောအခါ နင်တောက်ရွှမ်၏ မျက်နှာမှာ ရုတ်တရက် ရှုံ့တွသွားရသည်။ သို့သော် သူသည် တုပိုင်ကို ကျောပေးထားဆဲပင် ဖြစ်သည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၉၉ + ၇၀၀ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

Characters – 18080

​ကုန်းကုန်းဧကရာဇ်။ မမသည်သာ တစ်ကမ္ဘာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

Characters – 18179

တုပိုင်သည် ပေမင်ဓားဂိုဏ်း၏ မဟာအကြီးအကဲဖြစ်သူ ကျီချန်ချို၏ ရှေ့မှောက်သို့ လျှောက်လှမ်းသွားကာ ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။

“အကြီးအကဲကျီ... ကျွန်တော် ပြောခဲ့သားပဲ။ ခင်ဗျားပါးကို ကျွန်တော် ရိုက်ခွင့်ရရင် ခင်ဗျားကို ယာယီ ခွင့်လွှတ်ပေးမယ်ဆိုတာလေ။”

ကျီချန်ချိုက အေးစက်ခက်ထန်သော လေသံဖြင့် တုံ့ပြန်လိုက်သည်။

“တုပိုင်... ငါနဲ့ ရန်ငြိုးဖွဲ့တာက မင်းအတွက် ဘာကောင်းကျိုးမှ ရှိလာမှာ မဟုတ်ဘူးကွ။”

“ဖြောင်းးး”

သူ စကားပင် ဆုံးအောင် မပြောလိုက်ရချေ။ တုပိုင်၏ လက်ဝါးက သူ၏ ပါးပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားလေပြီဖြစ်သည်။ ရိုက်ချက် ပြင်းထန်လွန်းလှသဖြင့် ကျီချန်ချို၏ မျက်နှာပေါ်တွင် နီရဲနေသော လက်ဝါးရာကြီးတစ်ခုက ထင်းခနဲ ပေါ်လာ၏။

ဂိုဏ်းချုပ် နင်တောက်ရွှမ်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွား၏။ ထိုပါးရိုက်သံက သူ၏ ကိုယ်ပိုင် မျက်နှာကို လာရောက်ရိုက်နှက်လိုက်သကဲ့သို့ပင် နာကျင်စွာ ခံစားလိုက်ရသောကြောင့်ဖြစ်သည်။ တုပိုင်က သူ၏ ရှေ့မှောက်တွင်ပင် ပေမင်၏ မဟာအကြီးအကဲအား ဤသို့ ပါးရိုက်လိုက်ခြင်းမှာ သူ့အား ပါးရိုက်စော်ကားလိုက်ခြင်းနှင့် မကွာခြားလှပေ။

ကျီချန်ချို၏ ရင်ထဲတွင် ဒေါသတရားများက မီးတောင်ပေါက်ကွဲသကဲ့သို့ အလွန်အမင်း ထောင်းခနဲ ထွက်ပေါ်လာပြီး သူ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိ၏။ သူ့စိတ်ထဲတွင် တုပိုင်အား လက်သီးတစ်ချက်တည်းနှင့် ပွဲချင်းပြီး ထိုးသတ်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေ၏။

သူသည် ပေမင်ဓားဂိုဏ်း၏ မဟာအကြီးအကဲ တစ်ယောက်ဖြစ်သည်။ ဤကမ္ဘာလောက၏ အထွတ်အထိပ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေနိုင်သော ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ဦးလည်း ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင်မူ တုပိုင်ကဲ့သို့သော သိုင်းပညာနိမ့်ပါးသူ လူငယ်တစ်ယောက်၏ ပြင်းထန်လှသော ပါးရိုက်စော်ကားခြင်းကို ခံနေရ၏။

ပေမင်ဓားဂိုဏ်း မဟာအကြီးအကဲ၏ မျက်လုံးထဲတွင် လောကီသားအားလုံးသည် သတ်ပစ်ချင်လျှင် အချိန်မရွေး သတ်ပစ်နိုင်သော ပုရွက်ဆိတ်ငယ်လေးများသာ ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ သူ သည်းခံလိုက်ရရသည်။ သည်းမခံ၍လည်း မရနိုင်ပေ။ ဂိုဏ်းချုပ် နင်တောက်ရွှမ်သည် ဘေးတွင် ရပ်နေသော်လည်း သူ့အား ကျောပေးထားခြင်းက ဤပါးရိုက်မှုကို နှုတ်ဆိတ်စွာဖြင့် ခွင့်ပြုပေးထားကြောင်း အထင်အရှား ပြသနေခြင်းပင် ဖြစ်၏။

“ဖြောင်းးး”

“ဖြောင်းးး”

“ဖြောင်းးး”

တုပိုင်သည် ဘယ်ပြန်ညာပြန်ဖြင့် ကျီချန်ချို၏ မျက်နှာကို နောက်ထပ် လေးချက်တိတိ ဆက်တိုက် ရိုက်နှက်လိုက်ရာ တစ်ဖက်လူ၏ မျက်နှာသည် ချက်ချင်းပင် ဖူးယောင်ကာ ရောင်ရမ်းသွားလေ၏။

ကျီချန်ချိုသည် တုပိုင်အား မိနစ်အနည်းငယ်ကြာမျှ အမုန်းတရားများဖြင့် စိုက်ကြည့်နေပြီးနောက် စကားတစ်ခွန်းမျှ ထပ်မဟတော့ဘဲ လှည့်ထွက်သွားလေသည်။ ခဏကြာသောအခါ နင်တောက်ရွှမ်သည်လည်း တန်းတန်းမတ်မတ်ပင် ထွက်ခွာသွား၏။ ငွေရောင်ဝတ်ရုံ ဝတ်ဆင်ထားသော တရားသူကြီး နှစ်ဦးသည်လည်း သေဆုံးသွားပြီဖြစ်သော အခြား တရားသူကြီးနှစ်ဦး၏ အလောင်းများကို ကောက်ယူသယ်ဆောင်လျက် တိတ်ဆိတ်စွာ ထွက်ခွာသွားကြလေတော့သည်။

နင်တောက်ရွှမ်၏ ဆုံးဖြတ်ချက်သည် အလွန်ပင် ပြတ်သားလှပေသည်။ သူသည် မည်သည့် ညှိနှိုင်းဆွေးနွေးမှုကိုမျှ မပြုလုပ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ယခုအခြေအနေတွင် တုပိုင်အနေဖြင့် ကြယ်ငါးပွင့် စွမ်းအင်အစီအရင်ကို ပြန်လည် ပြုပြင်ပေးရန် လုံးဝ မဖြစ်နိုင်ကြောင်း သူ ကောင်းစွာ သဘောပေါက် နားလည်ထားသောကြောင့်ပင် ဖြစ်၏။

ဤကိစ္စကို ယာယီအားဖြင့် အဆုံးသတ်ထားလိုက်ရုံသာ ရှိတော့သည်။ နောက်ထပ် ခြေလှမ်းတစ်ရပ် အနေဖြင့် နင်တောက်ရွှမ်သည် အချိန်နှင့်အမျှ အပြေးအလွှား လုကာ ကြယ်ငါးပွင့် စွမ်းအင်အစီအရင်ကို ပြန်လည်ပြုပြင်နိုင်ရန် နည်းလမ်းပေါင်းစုံကို အသုံးပြုရပေတော့မည်။ အကယ်၍သာ ပြုပြင်၍ ရသွားခဲ့သည်နှင့်တစ်ပြိုင်နက် သူ၏ မျိုသိပ်ထားရသော ဒေါသတရားအားလုံးကို တုပိုင်အပေါ်သို့ အညှာအတာမဲ့စွာ ပုံချလာပေလိမ့်မည်။

သို့သော် အစီအရင်အား ပြုပြင်၍ မရနိုင်ပါက အလွန်ပင် ဒုက္ခရောက်ရပေတော့မည်။ ထိုအချိန်သို့ ရောက်လာမှသာ တုပိုင်က ဤကြယ်ငါးပွင့် စွမ်းအင်အစီအရင်ကို ပြန်လည်ပြုပြင်ပေးရန်အလို့ငှာ ပေမင်ဓားဂိုဏ်းဘက်မှ မည်မျှ ကြီးမားသော အဖိုးအခကို ပေးဆပ်ရမည်နည်း ဆိုသည်ကို စဉ်းစားရပေတော့မည်။ လောလောဆယ် အခြေအနေတွင်မူ နှစ်ဦးနှစ်ဖက် ညှိနှိုင်းရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သေးချေ။

မည်သို့ပင်ဖြစ်စေကာမူ တုပိုင်နှင့် ပေမင်ဓားဂိုဏ်းကြားရှိ ဤစိတ်ဓာတ်စစ်ဆင်ရေး တိုက်ပွဲတွင်တော့ တုပိုင်က အပြတ်အသတ် အနိုင်ရရှိသွားခဲ့ပြီ ဖြစ်လေ၏။ ဤအချိန် ၊ ဤကာလမှစ၍ တုပိုင်သည် ပေမင်ဓားဂိုဏ်း၏ အသက်သွေးကြောကို တင်းကျပ်စွာ ဆုပ်ကိုင်ထားနိုင်ပြီ ဖြစ်သည့်အတွက် သူ့အား လျှို့ဝှက်လုပ်ကြံ သတ်ဖြတ်မှုများသည်လည်း လုံးဝဥဿုံ ရပ်တန့်သွားမည် ဖြစ်လေသည်။

ထိုအဖြစ်အပျက်များ ပြီးဆုံးသွားပြီးနောက် တုပိုင်သည် မဏ္ဍပ်ဆောင်ထဲသို့ ဝင်ရောက်လာခဲ့ပြီး နီရှန်နတ်မိမယ်အား ရှုပ်ထွေးလှသော မျက်ဝန်းများဖြင့် ငေးကြည့်လိုက်သည်။ ထို့နောက် သူမ၏ ဝမ်းဗိုက်ဆီသို့ သူ၏ အကြည့်များ ရွေ့လျားသွားရာ အမှန်တကယ်ပင် အနည်းငယ် စူထွက်နေသည်ကို တွေ့လိုက်ရ၏။

“ခင်ပွန်း... ကျွန်မ အနောက်တောင်ဘက်ကို သွားတော့မယ်နော်။”

နီရှန်နတ်မိမယ်က မည်သည့် ခံစားချက်မျှ မပါဝင်သကဲ့သို့ တည်ငြိမ်အေးဆေးစွာ ပြောလိုက်လေသည်။

ထိုစကားကြောင့် တုပိုင် အနည်းငယ် အံ့အားသင့်သွားသော်လည်း နှုတ်ဆိတ်စွာဖြင့်သာ ခေါင်းညိတ်ပြလိုက်တော့သည်။

ကျီချင်းကျူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လာပြီး သူ၏ အရှေ့တွင် ရှိနေသော တုပိုင်အား အလွန် ရှုပ်ထွေးလှသော အကြည့်များဖြင့် ငေးကြည့်လိုက်လေသည်။ သူသည် ပေမင်ဓားဂိုဏ်း၏ ရက်စက်သော ဖမ်းဆီးချုပ်နှောင်ခြင်းကို တစ်နှစ်ကျော်ကြာမျှ ခံစားခဲ့ရပြီး ယခုအချိန်တွင်မူ အားကိုးရာမဲ့နေသော လူမမယ် ကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေရသည်။

ယခင်အချိန်များကဆိုလျှင် သူသည် တုပိုင်၏ ရှေ့မှောက်တွင် မိုးပေါ်မှာ ပျံသန်းနေသည့် ကျီးတစ်ကောင်ပမာ မောက်မာဝင့်ကြွားစွာ နေထိုင်ခဲ့သူ ဖြစ်သည်။ သူ၏ အမြင်တွင် တုပိုင်ဆိုသည်မှာ အဆင့်အတန်းနိမ့်ကျလှသော လူ့အောက်တန်းစား တစ်ယောက်သာ ဖြစ်ခဲ့သည်။ ယခုအခါတွင်မူ အရာအားလုံးက ပြောင်းလဲသွားသည်။

သခင်ကျီက လေးစားမှုအပြည့်ပါသော လေသံဖြင့် ပြောလိုက်လေသည်။

“ဒီလို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် အရှင်တုပိုင်။”

တုပိုင်ကလည်း ရိုသေစွာဖြင့် အနည်းငယ် ဦးညွတ်လိုက်ပြီးနောက် ပြန်လည်ပြောဆိုလိုက်၏။

“သခင်ကျီ... အားနာစရာ မလိုပါဘူးဗျာ။ လက်ရှိ အနောက်တောင်ဘက်မှာ စစ်ရေးအခြေအနေတွေက တော်တော်လေး တင်းမာလေးလံနေပါတယ်။ ခင်ဗျားက ပိုင်ဆယ်ရဲ့ ဒုတိယတပ်မှူး တစ်ယောက်လေ။ ဒါကြောင့် အနောက်တောင်ဘက် စစ်မျက်နှာကို အမြန်ဆုံး ပြန်သွားနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။”

ကျီချင်းကျူမှာ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ရိုသေစွာဖြင့် ဦးညွတ်ကာ ပြန်လည်ဖြေကြားလိုက်လေသည်။

“ကောင်းပါပြီ... နားလည်ပါပြီ။”

နီရှန်နတ်မိမယ်သည် တုပိုင်၏ မျက်နှာကို အချိန်အတော်ကြာအောင် ငေးစိုက်ကြည့်နေပြီး သူမ၏ ရင်တွင်းမှ တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း ထုတ်ဖော်ပြောဆိုရန် သင့်လျော်သော စကားလုံးများကို ရှာမတွေ့နိုင်သကဲ့သို့ ဖြစ်နေရှာလေသည်။ နောက်ဆုံးတွင် သူမက ဖွဖွလေး ပြောလိုက်၏။

“ခင်ပွန်း... ဂရုစိုက်ပါနော်။ နီရှန် အရင်သွားနှင့်ပါမယ်။”

ထိုသို့ပြောဆိုပြီးနောက် သူမသည် နှုတ်ဆက်ကာ ထွက်ခွာသွားလေတော့သည်။

“နယ်စားမင်း... ဂရုစိုက်ပါဗျာ။ ကျွန်တော်လည်း အနောက်တောင်ဘက်ကို ပြန်နှင့်ပါတော့မယ်။”

ကျီချင်းကျူကလည်း ရိုသေစွာ နှုတ်ဆက်ကာ သူမတို့နောက်မှ လိုက်ပါထွက်ခွာသွားလေသည်။

လီတောက်ယွဲ့သည် တုပိုင်ကို တစ်လှည့် ၊ ထွက်ခွာသွားသော နီရှန်အား တစ်လှည့် ကြည့်လိုက်ပြီးနောက် တိုးတိတ်သော အသံဖြင့် ရေရွတ်လိုက်သည်။

“မောင်လေး... ကျွန်မ... ကျွန်မ ရှင့်ဘေးနားမှာပဲ အမြဲတမ်း နေချင်တယ်။”

**--**--**--**--**--**--**--**

တာ့ဂျင်အင်ပါယာ၊ ရှန်းတူးမြို့တော်။

“အားးး”

“အားးး”

“အားးး”

မှောင်မိုက်တိတ်ဆိတ်နေသော မြေအောက် လျှို့ဝှက်အခန်းကြီးထဲမှ ကြက်သီးမွေးညင်းထစရာ ကောင်းလောက်အောင် သနားစဖွယ် အော်ဟစ်ညည်းတွားသံများ တောက်လျှောက် ထွက်ပေါ်နေလေ၏။

ဤနေရာတွင် အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသော လူသတ်ပွဲကြီးကို ဆင်နွှဲကျင်းပနေခြင်းပင် ဖြစ်လေသည်။

အရပ်အမောင်းအားဖြင့် နှစ်မီတာကျော်ခန့် မြင့်မားတောင့်တင်းသော စစ်သည်တစ်ဦးသည် ဟန်လူမျိုးစစ်သည် ဆယ်ဦးကို တစ်ယောက်တည်း ရင်ဆိုင်ကာ အညှာအတာမဲ့စွာဖြင့် ချေမှုန်းသတ်ဖြတ်နေခြင်း ဖြစ်၏။ ထိုအရပ်ရှည်ရှည်နှင့် ထွားကြိုင်းလှသော စစ်သည်၏ မျက်နှာထားသည် ရေခဲတမျှ အေးစက်နေသော်လည်း သူ၏ မျက်လုံးအိမ်များအတွင်း၌မူ သတ်ဖြတ်လိုစိတ်များဖြင့် သွေးရောင်များ လွှမ်းမိုးနေလေ၏။

“ရွှပ်... ရွှပ်... ရွှပ်...”

သူ၏ လှုပ်ရှားမှုများသည် အလွန်တရာ သန်မာအားပါလှပြီး မြားတစ်စင်းပမာ အလွန် လျင်မြန်ဖျတ်လတ်လွန်းလှပေသည်။ အချိန်အားဖြင့် သုံးမိနစ်ခန့်သာ ကြာမြင့်ခဲ့သော်လည်း သူ တစ်ယောက်တည်း ၊ ဓားတစ်လက်တည်းဖြင့်သာ ဟန်စစ်သည် ဆယ်ဦးစလုံးကို လုံးဝ အပြတ်အသတ် သတ်ဖြတ်ချေမှုန်းနိုင်လိုက်၏။ သူ၏ ဤတိုက်ခိုက်နိုင်စွမ်းရည်သည် မြင်ရသူအပေါင်းအား အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ထို့အပြင် မှတ်သားဖွယ်ကောင်းသည်မှာ သူသည် မည်သည့် သံချပ်ကာကိုမျှ ဝတ်ဆင်ထားခြင်း မရှိသေးပေ။

အကယ်၍သာ သူ၏ တစ်ကိုယ်လုံးကို လုံခြုံစွာ ဖုံးအုပ်ထားနိုင်မည့် သံချပ်ကာကိုသာ ဝတ်ဆင်ပေးလိုက်မည်ဆိုပါက ဤစစ်သည်၏ တိုက်ခိုက်နိုင်စွမ်းသည် ယခုထက် ပိုမို၍ ကြောက်ခမန်းလိလိ ပေါက်ကွဲထွက်လာပေလိမ့်မည်။

တာ့ဂျင်အင်ပါယာ၏ ရှာမန် ဂိုဏ်းချုပ်ကြီး ဦးဆောင်ပြုလုပ်နေသော စမ်းသပ်မှုကြီးသည် နောက်ဆုံးတွင်တော့ အောင်မြင်သွားခဲ့ပြီ ဖြစ်လေသည်။ မရေမတွက်နိုင်သော စမ်းသပ်မှုပေါင်း နှစ်ရာကျော် ပြုလုပ်ခဲ့ပြီးသည့်နောက်တွင်မှ အနီရောင်ဆေးရည်နှင့် အနက်ရောင်ဆေးရည်တို့၏ အတိကျဆုံးနှင့် အထိရောက်ဆုံးသော အချိုးအစားကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်လေသည်။

တိကျစွာ ဖော်စပ်ထားသော ထိုဆေးရည်ကို ဂျာချင်စစ်သည်တစ်ဦး၏ ခန္ဓာကိုယ်အတွင်းသို့ အပ်ဖြင့် ထိုးသွင်းလိုက်လေသည်။ ထိုးသွင်းပြီး ခဏအကြာတွင်ပင် ထိုဂျာချင်စစ်သည်၏ ခန္ဓာကိုယ်သည် အံ့သြဖွယ်ရာကောင်းလောက်အောင် ပြောင်းလဲမှုကြီးကို ကြုံတွေ့လိုက်ရတော့သည်။

သူ၏ အရပ်အမောင်းသည် မူလ ၁.၇ မီတာမှနေ၍ ၂.၀ မီတာအထိ အံ့သြဖွယ်ကောင်းလောက်အောင် ရှည်ထွက်လာခဲ့သည်။ ကိုယ်အလေးချိန်သည်လည်း ၁၅၀ ကျင်းခန့်မှ ၃၀၀ ကျင်းခန့်အထိ သိသိသာသာ တိုးလာခဲ့သည်။ ယင်းအပြင် သူ၏ ခွန်အား ၊ အမြန်နှုန်းနှင့် လျင်မြန်ဖျတ်လတ်မှုတို့သည်လည်း ယခင်ကထက် အဆပေါင်းများစွာ တိုးတက်လာခဲ့၏။ ယေဘုယျအားဖြင့် သူ၏ တိုက်ခိုက်နိုင်စွမ်းသည် မူလထက် ဆယ်ဆခန့် တဟုန်ထိုး မြင့်တက်သွားလေတော့သည်။

ထို့ကြောင့် သွေးမိစ္ဆာစစ်သည် ဖန်တီးရေး စီမံကိန်းကြီးသည် အပြည့်အဝ အောင်မြင်သွားခဲ့ပြီဟု ဆိုရပေမည်။

တစ်ချိန်က ရွှေဧကရာဇ် ထယ်မူဂျင်၏ နာမည်ကျော် ကိုယ်ရံတော်တပ်ဖွဲ့ကြီးသည် တာ့ဂျင်အင်ပါယာတွင် တစ်ဖန်ပြန်လည် ရှင်သန်ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။ ယခု သူ့ရှေ့မှောက်တွင် မတ်တပ်ရပ်နေသော ဤသွေးမိစ္ဆာစစ်သည်သည် ရွှေဧကရာဇ်၏ ဂူသင်္ချိုင်းအတွင်းမှ တူးဖော်တွေ့ရှိခဲ့ရသော စစ်သည်များနှင့် တစ်ထပ်တည်း တူညီနေလေသည်။

ဂျင်ထိုက်ဂျိက သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

“ဒီဆေးရည် သေတ္တာနှစ်လုံးနဲ့ဆိုရင် သွေးမိစ္ဆာစစ်သည် ဘယ်နှယောက်လောက် ဖန်တီးနိုင်မလဲ။”

ရှာမန် ဂိုဏ်းချုပ်ကြီးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဖြေကြားလိုက်လေသည်။

“ငါးထောင်ပါ အရှင်မင်းကြီး။”

ဂျင်ထိုက်ဂျိက ကျေနပ်အားရစွာ ပြုံးလျက် ဆိုလိုက်၏။

“ငါးထောင်... နည်းတော့ နည်းပေမဲ့ လုံလောက်ပါတယ်လေ။”

ရှာမန် ဂိုဏ်းချုပ်ကြီးက ယုံကြည်မှု အပြည့်ဖြင့် ထပ်မံ၍ ပြောလိုက်လေသည်။

“တကယ်ကို လုံလောက်ပါတယ်။ တုပိုင်ရဲ့ စစ်တပ်ကို အပိုင်းပိုင်းအစစ ဖြတ်တောက်ချေမှုန်းဖို့ လုံလောက်ပါတယ်။ ပြီးတော့ အရှင်မင်းကြီး... မမေ့ပါနဲ့။ ဒီသွေးမိစ္ဆာစစ်သည်တွေနဲ့ တုပိုင်ရဲ့ ဗီဇပြောင်း ဝံပုလွေကြီးတွေ ပေါင်းစပ်လိုက်ရင် ပြီးပြည့်စုံတဲ့ ကောင်းကင်ဘုံဆန့်ကျင် မြင်းတပ်ဖွဲ့ကြီး ဖြစ်လာမှာပါ။ ဒီနာမည်ကျော် သွေးမိစ္ဆာစစ်သည် ငါးထောင်က တုပိုင်ရဲ့ စစ်တပ်ကို သတ်ဖြတ်နိုင်ရုံတင်မကဘဲ တုပိုင်ရဲ့ ဗီဇပြောင်း ဝံပုလွေကြီး လေးထောင်ကျော်ကိုပါ လုယူထိန်းချုပ်နိုင်မှာပါ။ ဒီသွေးမိစ္ဆာစစ်သည်တွေဟာ ဗီဇပြောင်း ဝံပုလွေကြီးတွေရဲ့ မွေးရာပါ သခင်တွေ ဖြစ်နေတဲ့အတွက် တုပိုင်လက်ထဲကနေ အဲဒီဝံပုလွေတွေကို အလွယ်တကူ လုယူထိန်းချုပ်နိုင်မှာပါ။”

ကြောက်မက်ဖွယ် သွေးမိစ္ဆာစစ်သည် ငါးထောင်နှင့် ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်စွမ်းရှိသော ကိုယ်ရံတော် ဗီဇပြောင်း ဝံပုလွေကြီး ငါးထောင်တို့သာ ပေါင်းစပ်လိုက်ပါက ထိုတပ်ဖွဲ့၏ တိုက်ခိုက်နိုင်စွမ်းသည် သာမန် မြင်းတပ် ငါးသောင်း၊ တစ်သိန်းထက်ပင် သာလွန်နိုင်ပြီး မြောက်ပိုင်းဒေသ တစ်ခုလုံးကို အလွယ်တကူ ရှင်းလင်းပစ်နိုင်ပေလိမ့်မည်။

လီယွမ်သည် ထိုစကားများကို ကြားပြီးနောက် စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး တုန်ရီနေလေတော့သည်။

“ဒီလို ကောင်းကင်ဘုံဆန့်ကျင် မြင်းတပ်ဖွဲ့သာ ကျွန်တော်တို့ဆီမှာ ရှိမယ်ဆိုရင် အရှင်မင်းကြီးအနေနဲ့ တုပိုင်ဆိုတဲ့ ကုန်းကုန်းကောင်ရဲ့ စစ်တပ်ကို အလွယ်တကူ သတ်ဖြတ်ပြီး တာ့နင်အင်ပါယာ တစ်ခုလုံးကို သိမ်းပိုက်နိုင်မှာ အသေအချာပါပဲ။”

ဂျင်ထိုက်ဂျိက အကဲခတ်သည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်လေသည်။

“ညီနောင် လီယွမ်... ငါ မင်းကို အကူအညီတောင်းစရာ တစ်ခုရှိတယ်။”

လီယွမ်သည် တွေဝေခြင်းမရှိဘဲ ချက်ချင်းပင် ဒူးထောက်လိုက်ပြီး ရိုသေစွာ ပြောလိုက်လေသည်။

“အမိန့်ရှိပါ အရှင်မင်းကြီး။”

ဂျင်ထိုက်ဂျိက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

“ငါ့ရဲ့ သွေးမိစ္ဆာစစ်သည် ငါးထောင်က မကြာခင်မှာ အဆင်သင့် ဖြစ်တော့မယ်။ ဒါပေမဲ့ ပြဿနာက သူတို့ဝတ်ဆင်ဖို့ သံချပ်ကာ မရှိသေးဘူး။ အသစ်လုပ်ဖို့ဆိုတာကလည်း အချိန်မမီနိုင်တော့ဘူး။ အရှေ့ဘက် ပြည်ထောင်စုရဲ့ သံချပ်ကာတွေက ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းပဲဆိုတာ ငါသိတယ်။ ပြီးတော့ ခွန်လွန်ကျွန် သံချပ်ကာတွေ အများကြီး သိုလှောင်ထားတာ ရှိတယ်မလား။ အဲဒီသံချပ်ကာတွေက ငါ့ရဲ့ သွေးမိစ္ဆာစစ်သည်တွေနဲ့ ကွက်တိပဲ။ ညီနောင် လီယွမ်အနေနဲ့ စာတစ်စောင်လောက် ရေးပြီး အရှေ့ဘက် ပြည်ထောင်စုကနေ ငါ့ကို ခွန်လွန်ကျွန် သံချပ်ကာ ငါးထောင်လောက် ထောက်ပံ့ပေးဖို့ ပြောပေးလို့ ရမလား။”

ထိုစကားကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် လီယွမ်၏ မျက်နှာသည် ထိတ်လန့်မှုကြောင့် အရောင် ပြောင်းသွားလေတော့သည်။

အဘယ်ကြောင့်ဆိုသော် ဂျင်ထိုက်ဂျိ၏ ဤစကားသည် သူ၏ အထောက်အထားမှန်ကို သိရှိနေခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း သက်သေပြလိုက်ခြင်း ဖြစ်သောကြောင့်ပင်။

ရုတ်တရက် ထိတ်လန့်သွားသော်လည်း လီယွမ်သည် အမြန်ပင် သတိပြန်ဆယ်ကာ ဦးခိုက်လိုက်ပြီး နာခံစွာ ပြန်လည်ဖြေကြားလိုက်လေ၏။ “အမိန့်တော်အတိုင်းပါ”

**--**--**--**--**--**--**--**

တာ့နင်အင်ပါယာ၊ ယုံတယ် နန်းသက် ပထမနှစ်၊ မတ်လ ၂၉ ရက်။

တုပိုင်သည် မကြာမီ စတင်တော့မည့် မြောက်ပိုင်းစစ်ပွဲကြီးအတွက် သန္နိဋ္ဌာန်ချကာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့လေ၏။

ရှန်ဟိုင်ကွမ်တွင် ယုံကြည်စိတ်ချရသော စစ်သည် တစ်သောင်းခြောက်ထောင်ကို အစောင့်အဖြစ် ထားရစ်ခဲ့ပြီး သူကိုယ်တိုင် စစ်သည် လေးသောင်းကို ဦးဆောင်ကာ လျောင်တုန်းဒေသကို ပြန်လည်သိမ်းပိုက်ရန်နှင့် ဂျာချင်များကို အမြစ်ပြတ် ချေမှုန်းရန်အတွက် မြောက်ဘက်သို့ ချီတက်သည်။

ချီတက်ရာ လမ်းတစ်လျှောက်လုံးတွင် တုပိုင်၏ စစ်တပ်သည် မည်သည့် အတားအဆီးမျှ မရှိဘဲ တစ်ဟုန်ထိုး အောင်ပွဲများ ဆက်တိုက် ခံယူနိုင်ခဲ့သည်။

ဧပြီလ ၅ ရက်နေ့တွင် တုပိုင်၏ စစ်တပ်သည် အရေးပါသော နင်းယွမ်မြို့ကို အောင်မြင်စွာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့လေသည်။

ထို့နောက် ဧပြီလ ၁၃ ရက်နေ့တွင် လျောင်တုန်းအရှေ့ဘက်ရှိ မဟာဗျူဟာကျလှသော အရေးပါသည့် မြို့ကြီး ကွမ်နင်မြို့ကိုပါ ထပ်မံ၍ အောင်မြင်စွာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

ဧပြီလ ၂၅ ရက်နေ့တွင် တုပိုင်၏ စစ်တပ်သည် ယခင်က ဘုရင်ခံရုံး စိုက်ခဲ့ဖူးသော လျောင်တုန်းဒေသ၏ အချက်အချာကျလှသည့် လျောင်ယန်စီရင်စုကို အပြင်းအထန် စတင်တိုက်ခိုက်ခဲ့လေသည်။

အချိန် နှစ်ရက်သာ ကြာလိုက်သည်။ တာ့ဂျင်အင်ပါယာ၏ အရေးပါသော လျောင်ယန်စီရင်စုသည် အလွယ်တကူ ကျဆုံးသွားရသည်။

သုံးရက်ခန့်မျှ အေးဆေးစွာ အနားယူပြီးနောက် တုပိုင်၏ စစ်တပ်သည် မြောက်ဘက်ဆီသို့ ဆက်လက် ချီတက်ခဲ့ကြပြီး တာ့ဂျင်အင်ပါယာ၏ အသည်းနှလုံးဖြစ်သော မြို့တော် ရှန်းတူးကို တိုက်ရိုက် ဦးတည်ချီတက်ခဲ့လေတော့သည်။

ဤစစ်ပွဲ၏ အစပိုင်းအခြေအနေသည် သူတို့ မျှော်လင့်ထားခဲ့သည်ထက်ပင် များစွာ ပို၍ ချောမွေ့လွန်းနေလေသည်။

ချီတက်ရာ လမ်းတစ်လျှောက်ရှိ တာ့ဂျင်အင်ပါယာ၏ မြို့စောင့်တပ်များ အားလုံးလိုလိုသည် တိုက်ပွဲပင် မဝင်ဘဲ ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ကြလေသည်။

တစ်လကျော်ဆိုသည့် အချိန်တို ကာလလေးအတွင်းမှာပင် တုပိုင်သည် ကျယ်ဝန်းလှသော လျောင်တုန်းနယ်မြေ၏ ၈၀ ရာခိုင်နှုန်းကို အခက်အခဲမရှိ သိမ်းပိုက်နိုင်လိုက်၏။

သို့သော် အရာအားလုံးသည် လိုသည်ထက်ပို၍ ချောမွေ့လွန်းနေပြီး ဤအခြေအနေသည် လုံးဝ ပုံမှန် မဟုတ်တော့မှန်း သိသာလှပေသည်။

တစ်ချိန်က အလွန်တရာ အင်အားကြီးမားခဲ့သော ဂျာချင်အင်ပါယာ၏ နာမည်ကျော် စစ်တပ်ကြီးသည် ယခုအခါတွင်မူ တာ့နင်အင်ပါယာ စစ်တပ်လောက်ပင် အသုံးမကျတော့သကဲ့သို့ ဖြစ်နေလေသည်။

ဖူဟုန်ပင်းက သံသယဝင်ဟန်ဖြင့် ပြောလိုက်လေသည်။

“အရှင်... ဒါက ပုံမှန် မဟုတ်တော့ဘူးနော်။”

သူက ဆက်လက်၍ ရှင်းပြလိုက်သည်။

“ဂျာချင်အင်ပါယာရဲ့ စစ်တပ်က ဒီလောက်အထိ အားနည်းညံ့ဖျင်းတာ မဟုတ်ဘူး။ ဒီနောက်ကွယ်မှာ ကြီးမားတဲ့ ပူးပေါင်းကြံစည်မှု တစ်ခုခု သေချာပေါက် ရှိနေရမယ်။”

တုပိုင်ကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လျက် ပြန်ပြောလိုက်၏။

“သေချာပေါက် ရှိတာပေါ့။ ငါတို့ အလွယ်တကူ သိမ်းပိုက်ခဲ့တဲ့ လျောင်တုန်းနယ်မြေတွေက ဂျင်ထိုက်ဂျိက တမင်သက်သက် စွန့်လွှတ်လိုက်တာတွေပဲ။ သူက ရှန်ယန်မှာ ကြီးမားတဲ့ ပိုက်ကွန်ကြီးတစ်ခု ထောင်ပြီး ငါ ဝင်လာမယ့်အချိန်ကို စောင့်နေတာ။ ငါ့ကို တစ်ချက်တည်းနဲ့ အပြတ်ချေမှုန်းပစ်ချင်နေတာလေ။”

ဖူဟုန်ပင်းက ဆက်ပြောလေသည်။

“ဒီတော့ ဂျင်ထိုက်ဂျိက ဂျာချင်အင်ပါယာရဲ့ ကျန်ရှိနေသေးတဲ့ စစ်တပ်အားလုံးကို တစ်နေရာတည်း စုစည်းပြီး ရှန်ယန်မှာ ငါတို့နဲ့ အသေအကြေ အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲဖို့ ရည်ရွယ်နေတာပဲဖြစ်ရမယ်။”

လီလင်းကလည်း ဝင်ရောက်ဆွေးနွေးလိုက်သည်။

“အကယ်၍သာ ဒီတိုက်ပွဲကို ကျုပ်တို့ နိုင်ခဲ့ရင် ဂျာချင်အင်ပါယာက ချက်ချင်းကို ပျက်စီးသွားတော့မှာပဲ။”

ဖူဟုန်ပင်းက အလေးအနက် သတိပေးလိုက်လေသည်။

“ဂျင်ထိုက်ဂျိရဲ့ ဗျူဟာအရ စဉ်းစားကြည့်မယ်ဆိုရင် အနိုင်ရဖို့က သိပ်မလွယ်ဘူး။ အခုအချိန်မှာဆိုရင် ရှန်ယန်မြို့ထဲမှာ အနည်းဆုံး စစ်သည် သုံးသိန်းလောက် စုဝေးရောက်ရှိနေလောက်ပြီ။”

ရှန်ယန်ကဲ့သို့ ခိုင်ခံ့သော မြို့ကြီးတစ်မြို့ကို စစ်သည် သုံးသိန်းမျှက စောင့်ကြပ်နေခြင်း ဖြစ်လေသည်။ တုပိုင်၏ လက်အောက်ရှိ စစ်သည် လေးသောင်းမျှဖြင့် ထိုမြို့ကြီးအား တိုက်ခိုက်သိမ်းပိုက်ရန်မှာ အမှန်တကယ်ပင် ခက်ခဲကြမ်းတမ်းလှပေသည်။

တုပိုင်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

“ရှန်ယန်မြို့ထဲမှာ ငါတို့ကို စောင့်နေမယ့် စစ်သည်က သုံးသိန်းထက်တောင် ပိုကောင်း ပိုလိမ့်မယ်လို့ ငါ ထင်တယ်။ ပြီးတော့ ဂျင်ထိုက်ဂျိက ငါ့အတွက် ကြီးမားတဲ့ အံ့အားသင့်စရာ လက်ဆောင်တစ်ခုလည်း သေချာပေါက် ပြင်ဆင်ထားဦးမှာပဲ။ ဒီအချိန်ဟာ သူ့အတွက် အရင်က ဘယ်အချိန်နဲ့မှ မတူတဲ့ အခွင့်အရေးကောင်း တစ်ခု ဖြစ်နေမှာကိုး။ သူ့အမြင်မှာတော့ ဒီရှန်ယန် အဆုံးအဖြတ်တိုက်ပွဲကို သူ နိုင်ပြီးသားလို့တောင် ကြိုပြီး တွေးထင်နေလောက်ပြီ။”

တုပိုင် သူ့ရှေ့ရှိ လက်ဖက်ရည်တစ်ခွက်ကို ဖြည်းညှင်းစွာ သောက်လိုက်ပြီး ဆက်ပြောလိုက်သည်။

“ဒါပေမဲ့... တကယ်တမ်း ဘယ်သူ နိုင်မလဲဆိုတာကတော့ ကံတရားက သတ်မှတ်ပြီးသားပါကွာ။”

ဖူဟုန်ပင်းက တစ်စုံတစ်ခုကို စဉ်းစားတွေးတောဟန်ဖြင့် ပြောလိုက်၏။

“အရှင်... ဘာကြောင့်မှန်းတော့ မသိဘူးဗျာ။ မကြာသေးခင်ကစပြီး ကျွန်တော်တို့ရဲ့ ဗီဇပြောင်း ဝံပုလွေတပ်ဖွဲ့က နည်းနည်း ဂနာမငြိမ် ဖြစ်နေကြတယ်။”

တုပိုင်က မည်သို့မျှ မအံ့သြဘဲ တည်ငြိမ်စွာပင် ပြန်ဖြေလိုက်လေသည်။

“ငါ သိတယ်။”

**--**--**--**--**--**--**--**

လီယွမ်သည် အောက်ဘက် ရင်ပြင်တွင် ပြည့်နှက်နေသော ကြောက်မက်ဖွယ် သွေးမိစ္ဆာစစ်သည်များကို ငုံ့ကြည့်ရင်း လုံးဝ တုန်လှုပ်ခြောက်ခြားသွားလေတော့သည်။

အရှေ့ဘက် ပြည်ထောင်စုမှ မှာယူထားသော သံချပ်ကာများ အချိန်မီ ရောက်ရှိလာပြီဖြစ်၏။ အထူးသတ္တုများဖြင့် သေချာစွာ သွန်းလုပ်ထားသော ခွန်လွန်ကျွန် သံချပ်ကာ အသစ်စက်စက်များသည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ နာမည်ကျော် သံချပ်ကာများထက်ပင် အရည်အသွေး မလျော့နည်းပေ။

“ဒေါင်... ဒေါင်... ဒေါင်...”

စစ်သည်တစ်ဦးသည် ကြီးမားသော ဓားကို ကိုင်ဆောင်ကာ သွေးမိစ္ဆာစစ်သည်တစ်ဦး ဝတ်ဆင်ထားသော သံချပ်ကာကို အစွမ်းကုန် ခုတ်ပိုင်းစမ်းသပ်လိုက်လေသည်။ သို့သော် ရလဒ်အနေဖြင့် သံချပ်ကာပေါ်တွင် တိမ်ဝင်သော ဓားရာတစ်ခုသာ ထင်ကျန်ရစ်ခဲ့၏။

အထူးဆေးရည်ဖြင့် ပြောင်းလဲဖန်တီးထားသော ဤသွေးမိစ္ဆာစစ်သည်များ၏ တိုက်ခိုက်နိုင်စွမ်းသည် မူလကတည်းက တစ်ယောက်တည်းနှင့် သာမန်စစ်သည် ဆယ်ယောက်ကို ယှဉ်နိုင်လောက်အောင် ကောင်းကင်ဘုံနှင့် ဆန့်ကျင်နိုင်စွမ်း ရှိနေပြီး ဖြစ်လေသည်။

ယခုအခါ ထိုသို့သော စွမ်းအားရှင်များက တစ်ကိုယ်လုံးကို လုံခြုံစွာ ဖုံးအုပ်ထားနိုင်သော သံချပ်ကာများကိုပါ ထပ်မံဝတ်ဆင်လိုက်သည့်အခါတွင်တော့ စစ်မြေပြင်တွင် သူတို့၏ စွမ်းအားက မည်မျှအထိ ကြောက်စရာကောင်းနေမည်နည်း။ လုံးဝ စိတ်ကူးကြည့်၍ပင် မရနိုင်တော့ချေ။ ထို့အပြင် ဤကဲ့သို့ ကြောက်ခမန်းလိလိ သွေးမိစ္ဆာစစ်သည်မျိုး စုစုပေါင်း ငါးထောင်တိတိပင် ရှိနေ၏။

အပြင်းအထန် လက်နက်တပ်ဆင်ထားသော သွေးမိစ္ဆာစစ်သည် ငါးထောင် ရင်ပြင်တွင် စီတန်းရပ်နေသည်ကို ကြည့်လိုက်ရုံဖြင့်ပင် သူတို့ ပေးစွမ်းနိုင်သော ခြိမ်းခြောက်မှု အရှိန်အဝါသည် သာမန် စစ်တပ် တစ်သိန်းထက်ပင် များစွာ သာလွန်နေလေတော့သည်။

လီယွမ်က မြှောက်ပင့်သော လေသံဖြင့် ဆိုလိုက်သည်။

“ဂုဏ်ယူပါတယ် အရှင်မင်းကြီး... တကယ်ကို ဂုဏ်ယူပါတယ်။ တုပိုင်က အရင်တုန်းက ရခဲ့တဲ့ အောင်ပွဲတွေကြောင့် သေချာပေါက် ခေါင်းမူးနေလောက်ပြီ။ အရှင်မင်းကြီးဆီမှာ ဒီလို ကောင်းကင်ဘုံဆန့်ကျင် လူသတ်လက်နက်တွေ ရှိနေတယ်ဆိုတာကို သူ ဘယ်လိုမှ မျှော်လင့်ထားမှာ မဟုတ်ဘူး။ အရှေ့ဘက် ပြည်ထောင်စုက ထောက်ပံ့ပေးထားတဲ့ အမြောက် ၁၀၀ နဲ့ပါ ပေါင်းလိုက်မယ်ဆိုရင် ဒီစစ်ပွဲက မစခင်ကတည်းက အဖြေထွက်နေပါပြီ အရှင်မင်းကြီး။”

နယ်စားမင်း ယွမ်ထိန်ကလည်း အားကျမခံ ကြေညာလိုက်လေသည်။

“ဂုဏ်ယူပါတယ် အရှင်မင်းကြီး... အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ ဒီအချိန်ဟာ တုပိုင်ဆိုတဲ့ သူခိုးကောင် ပျက်စီးရမယ့် အချိန်ပါပဲ။ ဘုရားသခင်က ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ အလိုတော်ရှိနေပါပြီ။ တာ့နင်အင်ပါယာ ပျက်စီးဖို့ဆိုတာ လက်တစ်ကမ်း အလိုမှာပါပဲ။”

လက်နက်ချ အညံ့ခံထားသော နယ်စားမင်း လန်အောက်သည်လည်း ရိုသေစွာ ဦးခိုက်လိုက်ပြီး ပြောလိုက်လေသည်။

“ဂုဏ်ယူပါတယ် အရှင်မင်းကြီး... ရှန်ယန်တိုက်ပွဲဟာ တုပိုင်ရဲ့ သင်္ချိုင်းဂူပါပဲ။ သူ့စစ်တပ်တစ်ခုလုံး ပြာကျဖို့ ကံပါလာပြီးသားပါ။”

ဂျင်ထိုက်ဂျိသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ၏ စိတ်ထဲတွင် လေးနက်စွာ ရေရွတ်လိုက်လေ၏။

“တုပိုင်... မင်းရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့်အချိန် ရောက်လာပြီ။ ငါ့ရဲ့ တာ့ဂျင်အင်ပါယာ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် အချိန်လည်း ရောက်လာပြီ။”

**--**--**--**--**--**--**--**

သန်းခေါင်ယံအချိန်သို့ ရောက်သောအခါ တုပိုင်သည် ပုံမှန်အတိုင်းပင် အိပ်ရာဝင်ခဲ့လေ၏။ သို့သော် နောက်တစ်စက္ကန့်တွင်တော့ သူ လုံးဝ ကြောင်အမ်းသွားရလေတော့၏။

အဘယ်ကြောင့်ဆိုသော် သူ၏ ကုတင်ပေါ်တွင် ချောမွေ့လှပသော အမျိုးသမီးခန္ဓာကိုယ်တစ်ခုက အသင့်စောင့်ကြိုနေသောကြောင့်ပင်။

ကုတင်တစ်ခုလုံးတွင်လည်း မက်မောဖွယ်ရာ မိန်းမပျို၏ ရနံ့များဖြင့် ပြည့်နှက်မွှေးကြိုင်နေလေသည်။ ဤအမျိုးသမီးသည် မိစ္ဆာမလေးတစ်ကောင်ကဲ့သို့ အလွန်တရာ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားလေသည်။

ချောမွေ့သည် ၊ ပြည့်ဖြိုးသည် ၊ အံ့သြဖွယ် ကောင်းလောက်အောင်ပင် လှပလွန်းလှပေသည်။

“ဘာစကားမှ မပြောပါနဲ့... ကျွန်မရဲ့ ခန္ဓာကိုယ်ကိုပဲ အပြည့်အဝ ခံစားလိုက်ပါ။ မနက်ဖြန်မိုးလင်းတာနဲ့ ဘာမှမဖြစ်ခဲ့သလိုပဲ သဘောထားလိုက်ပါမယ်။”

ထိုအမျိုးသမီးက အလွန် ဆွဲဆောင်မှုရှိသော လေသံဖြင့် တီးတိုးပြောလိုက်လေသည်။ သူမ၏ လေသံသည် ပြာလဲ့နေပြီး သူမ၏ ထွက်သက်ဝင်သက်များသည်ပင် ပြင်းထန်သော ကာမစိတ်ကြွဆေးတစ်ခွက်ကဲ့သို့ တုပိုင်အား ရစ်မူးစေလေသည်။

“ကျွန်မက ကလေးတစ်ယောက်ပဲ လိုချင်တာပါ။ ကျွန်မ ခင်ပွန်း နင်တောက်ရွှမ် လုံးဝ သိမှာ မဟုတ်ပါဘူး။ ကျွန်မက လီတောက်ယွဲ့ထက် ငယ်တယ် ၊ နီရှန်ထက်လည်း ပိုလှတယ်။ ရှင် နတ်ပြည်ရောက်သွားသလို ခံစားရအောင် ကျွန်မ အကောင်းဆုံး လုပ်ပေးမှာပါ။ နီရှန်က တစ်သက်လုံး ကိုယ်ဝန်မရသင့်တဲ့သူပါ၊ ဒါပေမဲ့ ရှင်က သူ့ကို ကိုယ်ဝန်ရအောင် လုပ်ပေးနိုင်ခဲ့တယ်။ ရှင်က ကျွန်မအတွက် တစ်ခုတည်းသော အခွင့်အရေးပဲ။”

ကုန်းကုန်းဧကရာဇ်။ မမသည်သာ တစ်ကမ္ဘာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

Characters – 18179

All Chapters