← Chapters

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

၄၅)

ငါ့တပည့်ဖြစ်လာပါ

ကုအန် လှည့်ကြည့်လိုက်ရာ သူ့ဆီလျှောက်လာသော လီယငယ်သူငယ်ချင်း ကျိုးလင်ကိုတွေ့လိုက်ရသည်။

နှစ်ပေါင်းများစွာကြာသွားပြီးသည့်အချိန်မှာပင် ကျိုးလင်၏ကျင့်ကြံခြင်းသည် အခြေံတည်ဆောက်ခြင်းအဆင့် ၃ တွင်သာ ရှိနေသေးပြီး သူ၏ဓားပညာအပေါ်စွဲလန်းမှုကို မစွန့်လွှတ်နိုင်သေးတာ ထင်ရှား‌နေ၏။

ကုအန် လှည့်ကြည့်လိုက်ကာ လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။ “ငါ့မိသားစုက အလုပ်ကိစ္စတစ်ခုအတွက် ခေါ်ထားလို့ ဒီရောက်နေတာပါ”

“မင်းမှာမိသားစုရှိတယ်လား မင်းကမွေးကတည်းက အစေခံအဖြစ်မွေးလာတာမဟုတ်ဘူးလား” ကျိုးလင် စိတ်၀င်တစားမေးလိုက်၏။

ကုအန် ပြန်ပြောလိုက်သည်။ “တကယ်တော့ ကျွန်တော်က ကျိမိသားစုက အစေခံတစ်ယောက်ပါ အခုတတိယသခင်မလေးရဲ့ ဂုဏ်ပြုပွဲရှိလို့ အခြားအစေခံတွေနဲ့အတူတူ ကူညီဖို့ လာခဲ့တာပါ”

“ဘယ်လို မင်းကကျိမိသားစုကလား” ကျိုးလင် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

ကုအန် ပြန်ပြောလိုက်၏။ “စီနီယာအစ်ကိုလီက ပြောမပြဘူးလား”

ကျိုးလင်ခေါင်းခါကာ ပြောလိုက်သည်။ “သူကပြောမပြဖူးဘူး ဒါကအတော်လေး တိုက်ဆိုင်တာပဲ ငါ့အဖေကိုလည်း ဂုဏ်ပြုပွဲအတွက်ဖိတ်ကြားခံရတယ်လေ ငါကသူနဲ့လိုက်လာခဲ့တာ ဒါနဲ့ ကျိအိမ်တော်က ငါတို့နောက်မှာမဟုတ်လား မင်းကဘယ်ကိုသွားနေတာလဲ”

ကုအန်သည်မရိုးရှင်းဘူးဟုထင်‌ေန‌ေသာ‌ေကြာင့် ကုအန်အကြောင်းကိုသူအတော်လေးစိတ်၀င်စားနေပြီး ကိစ္စသေးသေးလေးပင် မလွတ်အောင် လိုက်မေးနေခဲ့သည်။

“ကျွန်တော်အတွင်းစည်းမြို့ထဲမှာ လျှောက်ကြည့်ချင်လို့ပါ”

“ဒါဆို ငါမင်းကိုအဖော်ပြုပေးပါရစေ ငါကအတွင်းစည်းဂိုဏ်းတပည့်မဟုတ်ပေမယ့် ငါ့အဖေကျေးဇူးကြောင့် အတွင်းစည်းမြို့ထဲကို ခဏခဏလာဖူးတယ်” ကျိုးလင် ထိုမျှပြောနေလေရာ ကုအန် ငြင်းမရတော့ပေ။

ထို့နောက်သူတို့နှစ်ယောက် စကားတပြောပြောနှင့် ဆက်လျှောက်ခဲ့ကြ၏။

ကျိုးလင် သူ့အဖေအကြောင်းပြောပြသောကြောင့် ကုအန် ဂိုဏ်းထဲရှိ ရာထူးအဆင့်အတန်းများအကြောင်း အတော်လေး သိသွားခဲ့ရသည်။

အဓိပတိဂိုဏ်းရှိတပည့်များသည် သူတို့၏ပါရမီအရ တစိုက်မတ်မတ်ကျင့်ကြံပါက ပိုမြင့်သော နယ်ပယ်များသို့ တက်လှမ်းနိုင်စွမ်းရှိသော်လည်း ကျိုးယိကျင်းကဲ့သို့ အကြီးအကဲခန်းမကို၀င်၍ အာဏာရနိုင်သော လမ်းကြောင်းကိုလျှောက်သူများလည်း ရှိကြ၏။

အခြာခန်းမများနှင့်မတူသည်မှာ အကြီးအကဲခန်းမသည် မြို့ထဲရှိ အာဏာကိုချုပ်ကိုင်ထားသော ခန်းမဖြစ်ခြင်း ဖြစ်ပေသည်။ အပြင်စည်းဂိုဏ်း၏ အကြီးအကဲများမှာ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်များဖြစ်ကြပြီး အတွင်းစည်းဂိုဏ်းရှိအကြီးအကဲများမှာတော့ နတ်အသွင်ပြောင်းလဲခြင်းအဆင့်များ ဖြစ်ကြ၏။

အကြီးအကဲခန်းမသည် မြို့တိုင်းတွင် အကြွင်းမဲ့အာဏာကို ကိုင်စွဲထားပြီး ပြောကြသည်မှာ ဗဟိုမြို့တော်တွင်ဆိုလျှင် သူတို့၏ အာဏာမှာပို၍ပင် ကြီးမားသေးသည်ဟု ဆိုကြသည်။ ဂိုဏ်းချုပ်ရာထူးကိုပင် သူတို့က ဆုံးဖြတ်နိုင်စွမ်းရှိကြ၏။ ထို့ကြောင့် အချို့စိတ်ဝိညဉ်အခြေတည်အဆင့်ကျင့်ကြံသူများသည် အပြင်စည်းဂိုဏ်းတွင်သာ အကြီးအကဲပြန်လုပ်ကြပြီး အကျိုးအမြတ်ရှာလေ့ရှိကြသည်။

ကျိုးယိကျင်းသည် အတွင်းစည်းဂိုဏ်းထဲသို့ အခုမှသာ ရောက်ရှိလာခြင်းဖြစ်ပြီး အကြီးအကဲခန်းမသို့ မဝင်ရသေးပေ။ သို့သော်သူသည် ယခုအချိန်တွင် စာအုပ်ခန်းမ၏ ခန်းမသခင်ဖြစ်နေပြီ ဖြစ်၏။

“အကုန်လုံးက အဲ့ဒီသစ်ရွက်ပျံဓားအင်မော်တယ်ကြောင့်ပဲ အခုငါ့အဖေက လုံး၀ရူးသွားပြီ အခုဆိုသူ့အချိန်တွေအကုန်လုံးကို နတ်ဘုရားတို့၏ ရာထူးများ စာအုပ်ကိုဖတ်ရင်းပဲဖြုန်းပစ်နေတယ် ဓားလေ့ကျင့်ဖို့လုံး၀ကိုစိတ်မ၀င်စားတော့ဘူး” ကျိုးလင် မကျေနပ်ပုံဖြင့် ပြောလိုက်သည်။

ကုအန်မေးလိုက်၏။ “အစ်ကိုရော နတ်ဘုရားတို့၏ရာထူးများ စာအုပ်က စိတ်၀င်စားစရာကောင်းတယ်လို့ မထင်ဘူးလား”

“တကယ်တော့ စိတ်၀င်စားစရာကောင်းပါတယ် ငါပြောပြမယ် စာအုပ်ထဲမှာ ငါအကြိုက်ဆုံး ဇာတ်ကောင်က ယန်ကျင်းပဲ ဘာလို့သူက ဓားကျင့်ကြံသူတစ်ယောက်ဖြစ်မနေရတာလဲ….”ကျိုးလင် နတ်ဘုရားတို့၏ရာထူးများ စာအုပ်အကြောင်းကို လမ်းတစ်လျှောက်လုံး အားရပါးရ ပြောလာခဲ့လေသည်။

ကုအန် တိတ်တဆိတ်သာ‌နေလိုက်ပြီး သူ့ပုံစံမှာ နတ်ဘုရားတို့၏ရာထူးများ စာအုပ်ကို အထင်သေးနေသလို ဟန်ဆောင်နေခဲ့၏။

တကယ်တော့ ကျိုးလင် ဖန်းအန်ကို ချီးကျူးလိုက်တိုင်း သူ့စိတ်ထဲတွင် ကြိတ်၍ ကျေနပ်နေခြင်းဖြစ်သည်။ သို့သော် သေချာတွေးကြည့်သောအခါတွင်တော့ သူ့ကျေနပ်နေမှုလေးများ ပျောက်ဆုံးသွားခဲ့၏။ အမှန်တကယ်တွင် ထိုစာအုပ်၏မူရင်းရေးသားသူမှာ အခြားတစ်ယောက်သာဖြစ်ပြီး သူကတော့ စိတ်ဝိညဉ်ကျောက်တုံးရှာရန်အတွက်သာ ဖြန့်ခဲ့ခြင်း ဖြစ်ပေသည်။

မကြာခင်တွင် ကုအန် ကျိုးလင်အား သူ့ကို ကျမ်းစာတိုက်သို့ ခေါ်သွားပေးရန် ပြောလိုက်၏။

ကျမ်းစာတိုက်နှင့် စာအုပ်ခန်းမ၏ကွာခြားချက်မှာ ကျမ်းစာတိုက်သည် ကျင့်စဉ်များနှင့် မှော်သိုင်းကွက်များသာရှိသော စာကြည့်တိုက်ကြီးဖြစ်နေခြင်း ဖြစ်သည်။

လမ်းတွင် ကုအန် ဒြပ်ငါးမျိုးကျင့်စဉ်များအကြောင်း ကျိုးလင်ကိုမေးမြန်းလိုက်ရာ ကျိုးလင်ဆီမှ အထင်အမြင်သေးသော အကြည့်တစ်ချက်ကို ရရှိခဲ့၏။

အမတကျင့်ကြံခြင်းကမ္ဘာတွင် ကျင့်စဉ်များသည် အဓိကအားဖြင့် ဒြပ်စင်တစ်မျိုးတည်းကိုသာ အာရုံစိုက်၍ ကျင့်ကြံခိုင်းသော ကျင့်စဉ်များ ဖြစ်ကြသည်။ စိတ်ဝိညဉ်အမြစ်များစွာရှိသော သူတို့အတွက်မူ ထိုလူများ၏ပါရမီကြောင့် ဘာကိုမှ ကျင့်ကြံ၍ ရမည်မဟုတ်ပေ။ ထို့ကြောင့် ဒြပ်ငါးမျိုးလုံးအား အာရုံစိုက်၍ ကျင့်ကြံရသော ကျင့်စဉ်မျိုးဟူသည်မှာ အမှိုက်ကျင့်စဉ်သာ ဖြစ်၏။

ကျမ်းစာတိုက်သို့ ရောက်သောအခါ ကုအန် ဒြပ်ငါးမျိုးကျင့်စဉ်ကိုမရှာခဲ့ဘဲ ဒြပ်တစ်ခုချင်းစီ၏ အခြေခံကျင့်စဉ်များကိုသာ ရှာ၀ယ်ခဲ့သည်။ သူ့တွင် အမှိုက််ကျင့်စဥ်များအား နတ်ကျင့်စဥ်များအဖြစ် ပြောင်းလဲပေးနုိင်သည့် စနစ်ရှိသည့်အတွက် အခြေခံကျင့်စဉ်များထဲမှာမှ ဈေးအပေါဆုံးများကို ရွေး၀ယ်ခဲ့လေသည်။

စိတ်ဝိညဉ်ကျောက်တုံးတွေကို မျိုးစေ့တွေ၀ယ်ဖို့ ချန်ထားရမယ်!

ကုအန်ဘာလို့ ဒြပ်တစ်ခုချင်းစီ၏ ကျင့်စဉ်များအား ၀ယ်နေသလဲဟု ကျိုးလင် ပဟေဠိဖြစ်နေစဉ် ရုတ်တရက် သူ့တပည့်များအတွက် ၀ယ်နေခြင်းဖြစ်သည်ဟု အတွေးပေါက်သွားပြီး ကျိုးလင် ကုအန်ကိုလေးစားမိသွား၏။

ဆန်းကြယ်တောင်ကြားတွင်ရှိနေစဉ်ကတည်းက ကုအန်၏ တပည့်များအပေါ် ဆက်ဆံပုံကို သူမြင်ဖူးပြီးသား ဖြစ်ပေသည်။

ကုအန်သည် လီယကဲ့သို့ တော်၀င်မိသားစုမှလူမျိုးကိုလည်း ကပ်ဖားယပ်ဖားလုပ်၍ မဆက်ဆံတတ်သလို သူနှင့်အဆင့်အတန်းတူသူ သူ့ထက်နိမ့်ကျသူများကိုလည်း နှိမ့်ချ၍မဆက်ဆံဘဲ ကြင်နာတတ်သူဖြစ်၏။ လီယမှန်ပေသည်။ ကုအန်မှာ အမှန်တကယ်ပင် လူကောင်းတစ်ယောက် ဖြစ်၏။

ကျိုးလင် ကုအန်ကိုကြည့်နေရင်း ထိုသို့တွေးမိနေခြင်း ဖြစ်သည်။

“အစ်ကိုကျိုး ကျွန်တော့်ကို ၀င်္ကပါတွေကြည့်ဖို့ ခေါ်သွားပေးလို့ရမလား” ကုအန် ပြုံး၍ မေးလိုက်၏။

ကုအန်တောင်းဆိုချက်ကို ကြားသောအခါ ကျိုးလင် ခေါင်းညိတ်ပြ၍ သဘောတူလိုက်သည်။

သို့သော် ထိုနေရာသို့ ရောက်သောအခါ မြင်တွေ့လိုက်ရသည့် အရာမှာ ကုအန်ကိုစိတ်ပျက်သွားစေခဲ့၏။

ဤနေရာတွင် တည်နေရာကူးပြောင်းခြင်းအစီအရင်များ အမှန်တကယ်ရောင်းချပါသော်လည်း ဈေးမှာ သူတတ်နိုင်သော ပမာဏမျိုး ဟုတ်မနေပေ။

ထိုအကြောင်းအား နောက်နေ့မှသာ သူသေချာစဉ်းစားရပေလိမ့်မည်။ သူသည် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပါသော်လည်း သူလိုချင်သော အရာကို အတင်းအားသုံး၍ လုယူခြင်းမျိုးမှာတော့ လုပ်သင့်သောအရာမျိုး ဟုတ်မနေပေ။

အတွင်းစည်းဂိုဏ်းထဲသို့ ရောက်ကတည်းက အဓိပတိဂိုဏ်းသည် မကောင်းဆိုးဝါးအိုကြီးများကို ဖွက်ထားသည်ဟု ကုအန် ခံစားနေခဲ့ရသည်။ အတွင်းစည်းဂိုဏ်းအကြီးအကဲများမှာပင် နတ်အသွင်ပြောင်းခြင်းအဆင့်များ ဖြစ်ကြရာ အဓိက‌မြို့တော်ထဲတွင်ဆိုလျှင် အဘယ်ကြောင့် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်များ မရှိနိုင်ရမည်နည်း။

အဓိပတိဂိုဏ်းသည် တကယ်ပင် သန်မာလွန်းလှသည်။ မိစ္ဆာလမ်းစဉ်မှလူများသည် အပြင်စည်းဂိုဏ်းအပြင်ဘက်တွင် သေဆုံးခဲ့ကြရသော်လည်း ဘယ်သူမှ အဓိပတိဂိုဏ်းကို ပြဿနာလာမရှာရဲခဲ့ကြပေ။ ကျန်းချောင်လို ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် မိစ္ဆာလမ်းစဉ်မှ သူလျှိုပင်လျှင် အပြင်စည်းဂိုဏ်းအပြင်ဘက်တွင်သာနေရဲပြီး အပြင်စည်းဂိုဏ်းထဲသို့ပင် မ၀င်ရဲခဲ့ပေ။

ညနေဘက်မရောက်ခင် ကုအန် ကျိုးလင်အား နှုတ်ဆက်ကာ ကျိမိသားစုအိမ်တော်ဆီသို့ ပြန်လာခဲ့လိုက်သည်။

“ဘာလို့ အခုမှပြန်လာတာလဲ ငါသာမပါရင် မင်းအိမ်တော်ထဲကို ဝင်လို့မရဘူးနော်” တုယီ မကျေမနပ်ပြောလိုက်၏။

ကုအန် သူ့ပုခုံးအားပုတ်၍ ရယ်မောလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။ ဤသို့ဖြင့် သူတို့နှစ်ယောက် ကျိအိမ်တော်ထဲသို့ ဝင်ခဲ့ကြလေတော့သည်။

အထဲသို့ ရောက်သောအခါ ကုအန် အရှိန်အဝါများစွာကို အာရုံခံမိခဲ့၏။ ထိုအထဲတွင် နတ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါပင် ပါနေသေးသည်။

လမ်းတစ်လျှောက်လုံးတွင်လည်း သူတွေ့သမျှလူတိုင်းကို သက်တမ်းစစ်ဆေးခြင်းသုံး၍ လိုက်စစ်ဆေးနေခဲ့၏။

ကျိအိမ်တော်က လူအတော်စည်ပြီး ပါရမီရှင်တွေလည်း အတော်များတာပဲ!

ကျိရှောင်ယုသည် အဓိပတိဂိုဏ်းသို့၀င်စဉ်က တပည့်ငါးယောက်သာ ခေါ်လာခဲ့ခြင်းဖြစ်သော်လည်း ကျိမိသားစုတွင် သူတို့ကဲ့သို့ မိသားစုခွဲများ များစွာရှ်ိနေသေးပြီး မိသားစုတိုင်းကလည်း နှစ်စဉ် အဓိပတိဂိုဏ်းသို့ ၀င်ရောက်နေကြခြင်း ဖြစ်ပေသည်။

[ကျိလင်(အခြေခံတည်ဆောက်ခြင်းအဆင့် ၉) : ၃၆/ ၃၃၀/ ၉၀၀]

၃၆နှစ်အရွယ် အခြေခံတည်ဆောက်ခြင်းအဆင့်၉ သန်မာလိုက်တာ!

ဒီကောင် ဆေးတွေအတော်လေးသုံးထားမယ်ဆိုတာ သေချာတယ်!

ကျိလင်သည် မာနမကြီးဘဲ ကုအန်ကိုလည်း ရည်ရည်မွန်မွန်သာ ဆက်ဆံခဲ့၏။ သူဆွဲထားသော ပန်းချီကားတစ်ချပ်ကိုပင် လက်ဆောင်ပေးခဲ့သေးသည်။ ကုအန်လည်း အရမ်းစိတ်လှုပ်ရှားသွားချင်ယောင်ဆောင်ကာ ပန်းချီကားကို ယူထားခဲ့လိုက်၏။

ထို့နောက် တုယီ ကုအန်အား သူတို့နေရမည့်နေရာသို့ ခေါ်သွားခဲ့သည်။ သူတို့နှစ်ယောက်သည် ခြံ၀န်းတစ်ခုထဲတွင် အတူတူနေရမည်ဖြစ်သော်လည်း ကံကောင်းစွာဖြင့် အိမ်တစ်လုံးစီတော့ခွဲ၍ နေခွင့်ရခဲ့ကြ၏။

ညဉ့်အချိန်တွင် ဘာကိစ္စမှဖြစ်မသွားခဲ့ပေ။

နောက်တစ်နေ့မနက်သို့ ရောက်သောအခါ ကုအန် တုယီနှင့်အတူ ခြံထဲမှထွက်လာခဲ့ကြသည်။

ထို့နောက် သူတို့နှစ်ယောက်သည် အိမ်တော်၏ ဂိတ်၀ရှေ့တွင် အခြားကျင့်ကြံသူများနှင့် အတူရပ်နေခဲ့ကြရ၏။ ခေါင်းဆောင်သည် သူတို့ကို နှစ်တန်းခွဲ၍ စီထားပြီး ဂိတ်ရှေ့တွင်ရပ်စောင့်ကာ ၀င်လာသူများကို ကြိုဆိုရန် ပြောထားခဲ့သည်။

တစ်နာရီခန့်ကြာသောအခါ ဧည့်သည်များ စတင်ရောက်ရှိလာခဲ့ကြ၏။

ပထမဆုံး ရောက်ရှ်ိလာသူမှာ စိတ်ဝိညဉ်အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။

ထိုပုဂ္ဂိုလ် ကျိအိမ်တော်ထဲ၀င်သွားသောအခါ အခြားအစေခံများ တိုးတိုးတိုးတိုး ပြောနေခဲ့ကြ၏။ သူတို့ပြောစကားအရ ထိုပုဂ္ဂိုလ်သည် ဥပဒေရေးရာခန်းမမှ ပြောရေးဆိုခွင့်ရှိသူ အကြီးအကဲတစ်ယောက်ဖြစ်သည်ဟု ကုအန်ကြားခဲ့ရသည်။

အချိန်များ တစ်စတစ်စကုန်ဆုံးလာခဲ့ပြီး ဧည့်သည်များလည်း တဖွဲဖွဲဆက်လက်ရောက်ရှိလာခဲ့ကြ၏။ သူတို့ထဲတွင် ကျင့်ကြံခြင်းအနိမ့်ဆုံးသူများမှာ စိတ်ဝိညဉ်အခြေတည်အဆင့် ကျင့်ကြံသူများဖြစ်ကြပြီး နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူအချို့ကိုပင် ကုအန် တွေ့ခဲ့ရသေးသည်။

လီရွှမ်တောက် သူ့ကျင့်ကြံခြင်းကို ဖုံးကွယ်ထားခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။ နတ်အသွင်ပြောင်းခြင်းအဆင့် ၈သည် အတော်လေးသန်မာသော ကျင့်ကြံခြင်းဖြစ်ပါသော်လည်း ပြိုင်ဘက်ကင်းသည့် အဆင့်နှင့်တော့ အဝေးကြီးလိုနေသေး၏။

ထိုဧည့်သည်များထဲမှ တစ်ယောက်သည် ကုအန်၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ ထိုသူသည် ဖူရှောင်း၏ဆရာဖြစ်ပြီး သူ့နာမည်မှာ လျူရွှမ်းယီ ဖြစ်ပေသည်။ ကုအန် ဖူရှောင်း၏စိတ်ဝိညဉ်အား ရှာဖွေခဲ့စဉ်က သူ့မျက်နှာကို ကောင်းကောင်းမှတ်မိနေခဲ့၏။

[လျူရွှမ်းယီ(စိတ်ဝိညဉ်အခြေတည်အဆင့်၉) : ၂၅၄/၈၀၄/၁၃၀၀]

အသက် ၂၅၄နှစ်တွင် စိတ်ဝိညဉ်အခြေတည်အဆင့် ၉ သို့ရောက်ရှိနေသူကို စစ်မှန်သော ပါရမီရှင်တစ်ယောက်ဟု မှတ်ယူနိုင်ပေသည်။

ကျိမိသားစုမှ လူများသည် လျူရွှမ်းယီအား ဂိတ်ဝမှာပင်သွား၍ နှုတ်ဆက်နေခဲ့ကြပြီး ပြုံးပြုံးရွှင်ရွှင်ပင် စကားပြောနေခဲ့ကြရာ သူတို့ကြားထဲတွင် ကောင်းမွန်သောဆက်ဆံရေး ရှိပုံပေါ်၏။

ထိုသို့သောလူတစ်ယောက်သည် မိစ္ဆာကျင့်ကြံသူဖြစ်နေမည်ဟု ဘယ်သူက ထင်မည်နည်း။

တစ်နာရီခန့်ကြာသောအခါ ကုအန် ရွက်ဝါတစ်ထောင်မျှော်စင်မှ နောက်ထပ် သူလျှိုတစ်ယောက်ကို ထပ်တွေ့လိုက်ရသည်။

ကျန်းချောင်!

[ကျန်းချောင် (စိတ်ဝိညဉ်အခြေတည်အဆင့်၁) : ၁၉၂/၇၀၀/၂၄၉၀]

၇နှစ်ကြာ မတွေ့ခဲ့ရသည့်နောက် သူမသည် စိတ်ဝိညဉ်အခြေတည်အဆင့်သို့ အောင်မြင်စွာ ချိုးဖျက်သွားခဲ့လေပြီ!

သူမသည် အတွင်းစည်းဂိုဏ်းတပည့်၀တ်စုံကို ၀တ်ဆင်ထားပြီး သူ့အမူအရာသည်အေးစက်‌နေခဲ့ကာ အရင်ကကုအန်တွေ့ဖူးသော ပြက်ချော်ချော်အမူအရာမျိုး ရှိမနေတော့ပေ။ သူမသည် ကုအန်အား တစ်ချက်သာကြည့်သွားပြီး သူတို့နှစ်ယောက်ဘာမှမဆိုင်သလိုပင် ကျိအိမ်တော်ထဲသို့ ၀င်သွားခဲ့၏။

“သူဘာလို့လာတာလဲ ဂုဏ်ပြုပေးဖို့သက်သက်လာတာတော့ မဖြစ်နိုင်ဘူးမလား” ကုအန် စိတ်ထဲ၌ ပဟေဠိဖြစ်နေခဲ့သည်။

ကျန်းချောင်သည် ကျိမိသားစုကို တိုက်ခိုက်ရန် အစီအစဉ်ဆွဲနေခဲ့ခြင်း ဖြစ်နိုင်ပါသလော။

“ဖန်း…”

ရုတ်တရက် ခေါ်သံတစ်ခုကြောင့် ကုအန် အံ့ဩမိသွားသည့်အချိန်တွင် သူအရင်က စာအုပ်ခန်းမတွင် တွေ့ခဲ့ဖူးသော ကုယူသည် သူ့ဆီသို့ အမြန်ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရ၏။

ကုယူ၏နောက်တွင်မူ ကောင်းမွန်စွာ ၀တ်ဆင်ထားသော သက်လတ်ပိုင်းရွယ် လူကြီးတစ်ယောက်ရှိနေပြီး သူ့အရှိန်အဝါမှာထူးခြားနေခဲ့ကာ ကျင့်ကြံခြင်းကိုဖုံးကွယ်ပေးနိုင်သော ကျင့်စဉ်တစ်ခုခုသုံးထားမှန်း သိသာလှသည်။

ကုအန် သက်တမ်းစစ်ဆေးခြင်းအားသုံး၍ ကြည့်လိုက်၏။

[ကုကျုံး(ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၂) ၆၉၀/၁၈၀၅/၂၈၀၀]

ဘုရားသခင်!

ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်!

အဓိပတိဂိုဏ်းက တကယ်ကြီး သူတို့ရဲ့ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူကို ဖုံးကွယ်ထားတာပဲ!

ထိုလူ၏ မျိုးရိုးနာမည်မှာ ကု ဖြစ်လေရာ ကုယူနှင့် သွေးတော်စပ်သူဖြစ်မှန်း ထင်ရှားလှပြီး ကုအန်အရင်က ခံစားမိသလိုပင် ကုယူသည် သာမန်လူတစ်ယောက် ဟုတ်မနေချေ။

“ကုအန် မင်းကကျိမိသားစုကလား” ကုယူ ကုအန်ဆီစိတ်လှုပ်ရှားစွာ လာလိုက်ပြီး မေးလိုက်၏။

ကုအန်ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည် “ကျွန်တော်က အစေခံလေးတစ်ယောက်ပါပဲ”

“မင်းအရည်အချင်းနဲ့ ဘာလို့အစေခံဖြစ်ရမှာလဲ ငါ့အဖေကိုပြောပေးပြီး မင်းကိုအတွင်းစည်းဂိုဏ်းထဲရောက်အောင် လုပ်ပေးမယ်” ကုယူ ခပ်ရဲရဲပြောနေသောကြောင့် ပတ်၀န်းကျင်ရှိလူများ၏အကြည့်များသည် သူတို့ဆီ ရောက်ရှိလာခဲ့၏။

ကုယူ ကုကျုံးဆီပြန်လှည့်ကာ ပြောလိုက်သည်ာ “အဖေ ဒါကျွန်တော်အဖေ့ကို ခဏခဏပြောဖူးတဲ့လူပဲ သူ့ကိုအဖေ့လက်အောက်မှာ ခေါ်ထားလိုက်ပါလား”

ကုယူ၏ စကားကြောင့် စိတ်ဝိညဉ်အခြေတည်အဆင့်များနှင့် နတ်အသွင်ပြောင်းခြင်းအဆင့်များသည် ကုအန်ကို အကဲခတ်ကြည့်ရှုလိုက်ကြလေသည်။

မဖြစ်တော့ဘူး!

ဒီကောင်လေးက ဘာတွေလုပ်နေတာလဲဟ!

ကုအန် စိတ်ထဲတွင်ကြိတ်၍ ကျိန်ဆဲလိုက်၏။

ကုကျုံး မျက်မှောင်ကြုံ့လိုက်ကာ ပြောလိုက်သည်။ “ဒီလို လူရှေ့သူရှေ့မှာ မင်းအပြုအမူက ဘာလဲ”

ကုအန် သက်ပြင်းချလိုက်မိ၏။ ကြီးမြတ်သောကျင့်ကြံသူကြီးများသည် စည်းမျဉ်းများကို ဘယ်လိုလိုက်နာရမလဲ ကောင်းကောင်းသိကြပေသည်။

ထို့နောက် ကုကျုံးမျက်နှာပေါ်တွင် တင်းမာနေသောအမူအရာများပျောက်ကွယ်သွားပြီး ကုအန်အား ညင်ညင်သာသာကြည့်လိုက်ကာ ပြုံး၍ ပြောလိုက်၏။ “မိတ်ဆွေလေး ငါ့နာမည်က ကုကျုံးပါ ကျေးဇူးပြုပြီး ငါ့ကိုမင်းဆရာအဖြစ် မသတ်မှတ်ချင်ဘူးလား”

ထိုစကားအား ကြားသောအခါ လူတိုင်းကြောင်အသွားကြပြီး တုယီပင် ကုအန်အား မယုံနိုင်သောအကြည့်ဖြင့် ကြည့်မိနေခဲ့သည်။

သက်ပြင်းချပြီးသော ကုအန်မှာလည်း ထပ်ပြီးတောင့်တင်းသွားရပြန်၏။

“ကျွန်တော့် စိတ်ဝိညဉ်အမြစ်ကသာမန်ပါပဲ ကျွန်တော်က ဒီကလူကြီးမင်းကို ဆရာအဖြစ်သတ်မှတ်ဖို့ မသင့်တော်မှာ ကြောက်ရွံ့မိပါတယ်” ကုအန် အကူအညီမဲ့စွာ ပြောလိုက်သည်။

ကုကျုံးရယ်မော၍ ပြန်ပြောလိုက်၏။ “ငါကတပည့်တွေကို အရည်အသွေးကိုကြည့်ပြီး ခေါ်တာမဟုတ်ဘူး ငါတို့ရဲ့ ဆက်နွယ်နေမှုကိုကြည့်ပြီးခေါ်တာ မင်းရေးထားတာကို ငါအတော်လေးကြိုက်တယ်…”

လူတိုင်းကြည့်နေသည့်အချိန်တွင် ကုအန် ထိုသို့သောအရာမျိုးကို မည်သို့လက်ခံ၍ ဖြစ်မည်နည်း။ ထို့အပြင် သူနှင့်အဆင့်တူသော လူတစ်ယောက်ကိုလည်း သူ့ဆရာအဖြစ် သူမသတ်မှတ်ချင်ပေ။ ချန်းရွှမ်တန်အား ဆရာတင်ခဲ့ရသည်မှာလည်း မဖြစ်မနေအခြေအနေဖြစ်၍သာ ဖြစ်၏။

“ကျွန်တော်ဒီကိစ္စကိုအခြားသူတွေနဲ့ တိုင်ပင်ဖို့လိုပါသေးတယ် ဒီကဆရာကြီးနားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်” ကုအန် သက်ပြင်းချလိုက်ကာ ခက်ခဲနေဟန်ဖြင့် ပြောလိုက်သည်။

ထိုစကားအားကြားသောအခါ ကုကျုံးရယ်မောလိုက်ပြီး ကုအန်ပုခုံးကိုပုတ်ကာ စကားတစ်ခွန်းပြော၍ ကျိအိမ်တော်ထဲသို့ ၀င်သွားခဲ့၏။

“ဂုဏ်ပြုပွဲပြီးရင် စကားအေးအေးဆေးဆေးပြောကြရအောင် မင်းငါ့တပည့်ဖြစ်မလာချင်ရင်တောင် ငါ့ကိုအလုပ်တစ်ခုကူလုပ်ပေး ဒါဆိုငါက မင်းတောင်းဆိုတာမှန်သမျှကို ဖြည့်ဆည်းပေးမယ်”

ကုယူလည်း ကုအန်အား မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး သူ့အဖေနောက်သို့ လိုက်သွားခဲ့လေသည်။

ဧည့်သည်တစ်သုတ်၀င်သွားပြီးသည့်နောက်တွင်တော့ ကျိမိသားစု၀င်များကုအန်ဆီကပ်လာကြပြီး ကုကျုံးပင် မျှော်လင့်ထားသည့် ဘယ်အရာကို ကုအန်ရေးခဲ့သလဲဟု မေးမြန်းနေခဲ့ကြ၏။

ကျင့်ကြံသူအိုကြီးတစ်ယောက် ဟာသလုပ်လိုက်သည်။ “နတ်ဘုရားတို့၏ ရာထူးများ ကိုမင်းရေးတာတော့ မဟုတ်ဘူးမလား”

ကုအန်ပြုံး၍ ပြောလိုက်၏။ “ကျွန်တော်လည်း အဲ့ဒီစာအုပ်ကိုရေးတာ ကျွန်တော်ဖြစ်ဖို့ ဆုတောင်းမိပါတယ်”

တုယီ ၀င်ပြောလိုက်သည်။ “သူရေးတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဖြစ်နိုင်တာက အပင်စိုက်တာနဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ်အုပ်ပဲဖြစ်ရမယ်”

အခြားသူများလည်း ထိုစကားဝိုင်းထဲ ၀င်ပါလာကြပြီး ကုအန်၏ တည်ရှိမှုမှာ အစေခံများကြားတွင် ထင်ရှားလာခဲ့၏။

ကုအန်ထိုအခြေအနေမှ မည်သို့ရှောင်ပြေးရမလဲဟု အကြံထုတ်နေချိန်တွင် ကျင့်ကြံသူတစ်ယောက်အိမ်တော်ထဲမှ ထွက်လာပြီး မေးလိုက်လေသည်။ “ကုအန်ကဘယ်သူလဲ တတိယသခင်မလေးက မင်းကိုခေါ်ခိုင်းလိုက်တယ်”

အပိုင်း(၄၆)

မူလတာအိုအဆောင်၊ မိစ္ဆာလမ်းစဉ်၏ ရည်ရွယ်ချက်

“သူက ကုအန်ပါ”

တုယီ အနည်းငယ်ကြောင်အနေသော ကုအန်ကို တွန်းလိုက်ရာ ကုအန်လည်း သတိဝင်သွားပြီး ပြောလိုက်၏။

“ကျွန်တော်က ကုအန်ပါ”

“လိုက်ခဲ့”

ထိုကျင့်ကြံသူ ပြောပြီးသည်နှင့် ကျိအိမ်တော်ထဲသို့ ပြန်၀င်သွားခဲ့လေသည်။

ကုအန် သူ့နောက်မှလိုက်သွားရင်း ကျိရှောင်ယု သူ့အားဘာလို့တွေ့ချင်နေသလဲဆိုတာကို စဉ်းစားနေမိ၏။

ကုအန်ငယ်ငယ်က သူနှင့်အနည်းငယ်သိကျွမ်းခဲ့ပါသော်လည်း သူတို့ကြားအဆင့်အတန်းကွာခြားမှုကြောင့် ရင်းနှီးခဲ့ခြင်းမျိုး မရှိခဲ့ပေ။

ကုအန် ထွက်သွားပြီးသည့်နောက် ဂိတ်၀ရှိ ကျင့်ကြံသူများ တုယီနားဝိုင်းလာပြီး ကုအန်အကြောင်း တစ်ယောက်တစ်ပေါက် ဝိုင်းမေးကြလေတော့သည်။ တုယီလည်း သူတို့မေးသမျှအား ပြန်ဖြေပေးရုံမှ လွဲ၍ ဘာမှမတတ်နိုင်ခဲ့ပေ။

တစ်နေရာတွင်

ကုအန် သူ့ရှေ့မှ ကျင့်ကြံသူနောက်သို့‌လိုက်လာရင်း ၂ လီခန့်ဝေးသောနေရာသို့ ရောက်သောအခါ ကျိရှောင်ယု၏ ခြံ၀န်းသို့ ရောက်လာခဲ့၏။

သူ့ရှေ့မှကျင့်ကြံသူသည် ကုအန်အား ၀င်သွားဖို့ အချက်ပြလိုက်ပြီး သူကိုယ်တိုင်မှာတော့ ခြံ၀န်းရှေ့မှ လှည့်ထွက်သွားခဲ့လေသည်။

ကုအန် ခြံ၀န်းအပြင်မှပင် ကျိရှောင်ယု၏ အရှိန်အဝါကို အာရုံခံမိနေခဲ့၏။ ကျိရှောင်ယုသည် အခြေခံတည်ဆောက်ခြင်းအဆင့် ၉ တွင်သာ ရှိနေသေးသော်လည်း သူ၏အရှိန်အဝါမှာ ကျိုးလင်ထက် အများကြီးပိုသန်မာပေသည်။

ထို့နောက် ကုအန် ဝါးရုံများဖြင့်ပြည့်နှက်နေပြီး လေနုအေးများတိုက်ခတ်နေကာ နွေဦးရာသီကဲ့သို့ ခံစားချက်ကိုပေးနေသည့် ခြံ၀န်းထဲသို့ ၀င်သွားလိုက်၏။

ဝါးပင်များကြားရှိ လမ်းကျဉ်းလေးတစ်ခုအတိုင်း လျှောက်လာရင်း မကြာခင်တွင် ကုအန် စိတ်ဝိညဉ်မြူများဆိုင်းနေသော ရေအိုင်လေးတစ်ခု ရှေ့သို့ ရောက်သွားခဲ့သည်။ မြူထဲတွင်မူ ပုံရိပ်တစ်ခုသည် တရားထိုင်နေခဲ့၏။

ကုအန် ထိုပုံရိပ်ဆီသို့ ချဉ်းကပ်သွားလိုက်ပြီး ရေအိုင်ထဲရှ်ိ ကျိရှောင်ယုအား ဂါရ၀ပြုလိုက်ကာ ပြောလိုက်သည်ာ “ကုအန်က တတိယသခင်မလေးကို ဂါရ၀ပြုပါတယ်”

အစိမ်းရောင်၀တ်စုံကို ၀တ်ဆင်ထားသော ကျိရှောင်ယုသည် ရေအိုင်အထက်တွင် တင်ပလ္လင်ခွေချိတ်၍ ထိုင်နေပြီး သူ့လက်နှစ်ဖက်ကို ဒူးနှစ်ဖက်ပေါ်သို့ တင်ထားခဲ့သည်။ သူ့ဆံပင်ရှည်များအား ပုလဲဆံထိုးသုံးချောင်းဖြင့်ထိုး၍ ဒီတိုင်းပင်ချထားပြီး သူ့နှဖူးပေါ်တွင် မှိန်ပြပြအနီရောင်အမှတ်အသားလေးတစ်ခု ရှိနေ၏။ ကုအန် အမြင်အရ ကျန်းချောင်တစ်ယောက်သာ သူနှင့်ယှဉ်နိုင်သော အလှမျိုး ရှိပေလိမ့်မည်။

ကျန်းချောင်၏ အပြစ်ကင်းခြင်းနှင့် ဆိုးသွမ်းခြင်းရောသွမ်းနေသော အမူအရာနှင့်မတူသည်မှာ ကျိရှောင်ယုတွင် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သမီးလေးတစ်ပါးကဲ့သို့ မြင့်မြတ်သော အမူအရာမျိုးရှိခြင်း ဖြစ်ပေသည်။

ကုအန် သူငယ်ငယ်က ကျိရှောင်ယုအား ပထမဆုံးအကြိမ် တွေ့ဖူးသည့်အဖြစ်ကိုပင် ပြန်စဉ်းစားမိသွား၏။ ထိုစဉ်ကတည်းကပင် ကျိရှောင်ယုသည် ကလေးတစ်ယောက်နှင့်မတူဘဲ သူ့မျက်လုံးများသည် နှစ်ပေါင်းများစွာဖြတ်သန်းခဲ့ရသော သူတစ်ယောက်ကဲ့သို့ ရင့်ကျက်တည်ငြိမ်လှသည်။

ထို့နောက် ကုအန် ချက်ချင်း သက်တမ်းစစ်ဆေးခြင်းကိုသုံး၍ စစ်ဆေးလိုက်၏။

[ကျိရှောင်ယု (အခြေခံတည်ဆောက်ခြင်းအဆင့်၉) : ၃၄/၈၃၀/၈၉၀၀]

ဘာကြီးလဲဟ!

အမြင့်ဆုံးနေနိုင်တဲ့သက်တမ်း ၈၉၀၀ တဲ့လား!

အဓိက အချက်က သူ့ရဲ့အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ကျင့်ကြံမှုလေးနဲ့ ဘာလို့လက်ရှိနေနိုင်တဲ့သက်တမ်းက ၈၃၀ ဖြစ်နေရတာလဲ အဲ့တာကလုံး၀မဖြစ်နိုင်တာကြီးမလား!

ကုအန် အံ့ဩသွားခဲ့ပြီး ကျိရှောင်ယုသည် အမွှာစိတ်ဝိညဉ်အမြစ်ပိုင်ရှင်သက်သက်ပဲ မဟုတ်ဘူးဟု ခံစားမိခဲ့ရသည်။

“နင်ခုနက ကောင်းကောင်းလုပ်ခဲ့တယ် ဂုဏ်ပြုပွဲပြီးရင် ကုကျုံးကိုသွားတွေ့သင့်တယ် နောက်ပြီး နင်စိတ်ဆန္ဒရှိရင် သူ့ကိုဆရာအဖြစ်လည်း သတ်မှတ်နိုင်တယ်” ကျိရှောင်ယု မျက်လုံးမဖွင့်ဘဲ ပြောလိုက်၏။

ဂိတ်တံခါးရှိ အဖြစ်အပျက်များကို သူသတိထားမိခဲ့လေသည်။

ကုအန် စိတ်ထဲတွင် မကျေမနပ်ပြန်ပြောလိုက်သော်လည်း အပြင်ပန်းတွင်တော့ ရိုရိုသေသေသာ တုန့်ပြန်လိုက်၏။ “တတိယသခင်မလေး အရိုးသားဆုံးပြောရရင် ကျွန်တော်သူ့ကို ဆရာမတင်ချင်ပါဘူး သူအဆင့်အတန်းက သာမန်မဟုတ်ဘဲ သူ့ကျင့်ကြံခြင်းကလည်း အရမ်းမြင့်နေမယ်ဆိုတာ ကျွန်တော်ပြောရဲပါတယ် ကျွန်တော့်လို သာမန်လူတစ်ယောက်က အဲ့လိုအစွမ်းထက်တဲ့ဆရာမျိုးရှိနေတာ ကျွန်တော့်ဆီဒုက္ခတွေပဲ ရောက်လာစေမှာပါ ကျွန်တော်က ကျွန်တော့်ဆေးတောင်ကြားမှာ အေးအေးချမ်းချမ်းလေးပဲ အသက်ဆက်ရှင်နေချင်တာပါ”

“နှစ်စဉ်တတိယသခင်မလေးကို ဆေးပင်တွေထောက်ပံ့နိုင်ရုံနဲ့တင် ကျွန်တော့်ဘ၀က လိုတာထက်ပို ပြည့်စုံနေပါပြီ”

ထိုစကားကိုကြားသောအခါ ကျိရှောင်ယု မျက်လုံးပွင့်သွားခဲ့သည်။ ထို့နောက် ကုအန်ဘက်သို့ မျက်လုံးတစ်ချက်စောင်း၍ ကြည့်ရှုလိုက်၏။ သူ့အကြည့်သည် ကုအန်၏ စိတ်နှလုံးအား ဖောက်၍ မြင်နေရသလို စူးရှသော အကြည့်မျိုးဖြစ်ပေသည်။

ကုအန် ထိုအကြည့်မှ ရှောင်ရှားရန် ခေါင်းငုံ့ထားလိုက်၏။

ကုအန် ခေါင်းငုံ့လိုက်ခြင်းမှာ ထိုအကြည့်အား ကြောက်လန့်၍ မဟုတ်ပေ။ လက်ရှိသူ၏သရုပ်မှာ ချီကျင့်ကြံခြင်းအဆင့်တွင်သာ ရှိသေးသဖြင့် သူသဏ္ဍာန်လုပ် သရုပ်တူအောင်တော့ လုပ်ရပေလိမ့်မည်။

“ဒါဆိုရင်လည်း ဆရာမတင်နဲ့ပေါ့ ဒါပေမယ့် ကုကျုံးက တွေ့ချင်တယ်ဆိုရင်တော့ နင်မဖြစ်မနေသွားတွေ့ပေးရမယ် ဒီကိစ္စကနင့်အတွက် တကယ်ခက်ခဲမယ်ဆိုတာ သိပါတယ် ငါ့ကိုပြော ငါနင့်အတွက်ဘာပြန်လုပ်ပေးနိုင်မလဲ ငါ့လုပ်ပိုင်ခွင့်အတွင်းမှာရှိတဲ့အရာမှန်သမျှ လုပ်ပေးနိုင်တယ်” ကျိရှောင်ယု ချိုချိုသာသာ ပြောလိုက်သည်။

ကျိရှောင်ယုသည် သူ့အား အသက်ဘေးမှတစ်ခါ ကယ်တင်ဖူးခဲ့သောကြောင့် ကျိရှောင်ယုအပေါ် ကုအန်ငယ်ငယ်ကတည်းပင် အမြင်ကောင်းရှိခဲ့၏။ ထို့ကြောင့် ယခုလို သူ့အားတောင်းဆိုလာသောအခါ ကုအန် ငြင်းမနေတော့ဘဲ ပြန်ပြောလိုက်သည်။

“တတိယသခင်မလေး ကျွန်တော်အခုနေရတဲ့ ဆေးတောင်ကြားက သေးလွန်းပါတယ် ကျွန်တော်က ဆေးပင်တွေပိုများများစိုက်ချင်တာ အဲ့တာကြောင့် ကျွန်တော့်ကို ဆေးတောင်ကြားနောက်တစ်ခု ထပ်ရဖို့ ကူညီပေးနိုင်မလား ကျွန်တော် ဆန်းကြယ်တောင်ကြားကနေလည်း မထွက်သွားချင်ပါဘူး အဲ့ဒီနေရာက ကျွန်တော့်နှလုံးသားနဲ့ ချည်နှောင်ထားတဲ့နေရာမလို့ပါ”

ကုအန်တောင်းဆိုချက်ကိုကြားသောအခါ ကျိရှောင်ယု တိတ်ဆိတ်သွားခဲ့သည်။

ထိုအချိန်တွင် ကုအန်လည်း အလျင်လိုမနေခဲ့ပေ။

အကယ်၍ သူမသာမကူညီနိုင်ခဲ့လျှင် သူ ကုကျုံးကို အကူအညီတောင်း၍ ရနိုင်သေး၏။

ကုကျုံးသူ့ဆီမှ ဘာလိုချင်လဲဆိုတာကို ကုအန် အကြမ်းဖျင်းတော့ ခန့်မှန်းမိနေခဲ့သည်။

ထိုသူသည် သူ့လို စာရေးသူတစ်ယောက်ထံမှ မည်သည့်အရာကို အလိုရှိပါမည်နည်း။

ကျိရှောင်ယု နောက်ဆုံးတွင် ပြောလိုက်သည်။ “ငါနင့်ကို အပြည့်အ၀တော့ ကတိမပေးနိုင်ဘူး ဆေးတောင်ကြားဆိုတဲ့ နေရာက ကျိအိမ်တော်မှ မဟုတ်ဘဲကိုး နောက်ပြီး နင်ကဆန်းကြယ်တောင်ကြားကနေလည်း ထွက်မသွားချင်ပြန်ဘူး ဒါပေမယ့် ငါအကောင်းဆုံးတော့ကြိုးစားပေးမှာပါ အဲ့ဒီကိစ္စကထားလိုက်တော့ နောက်အခြားတစ်ခုခုကိုတောင်းဆို”

ကုအန် ထပ်ပြောလိုက်သည်။ “ကျွန်တော့်ကို တည်နေရာကူးပြောင်းခြင်း အစီအရင်တစ်ခုလောက် ပေးနိုင်မလား ကျွန်တော့်မှာ ဆေးတောင်ကြားနှစ်ခုရှိလာတဲ့အခါကျ တောင်ကြားနှစ်ခုကြား လွယ်လွယ်သွားလာလို့ရအောင်ပါ”

“ဒါကတော့ မခက်ဘူး ဂုဏ်ပြုပွဲပြီးရင် ငါနင့်ဆီပို့ခိုင်းလိုက်မယ်” သူမပြန်ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် တတိယသခင်မလေး”

ကုအန် ပြုံးလိုက်ပြီး နောက်တစ်ကြိမ်ထပ်၍ အရိုအသေပေးလိုက်လေသည်။

ထိုစဥ် ကျိရှောင်ယု မျက်လုံးပြန်ပိတ်သွားပြီး မေးလိုက်၏။ “ဒါနဲ့ စကားမစပ် ကုကျုံးက နင့်ကိုတပည့်‌ေတာ်ချင်တဲ့အထိ စိတ်၀င်စားရလောက်အောင် နင်ရေးခဲ့တာက ဘာစာအုပ်လဲ”

ကုအန် ခဏစဉ်းစားကြည့်လိုက်ပြီး ထိုကိစ္စကို သူအဆုံးထိ လျှို့ဝှက်ထားနိုင်ဖို့မှာ မဖြစ်နိုင်ဘူးဟု ခံစားမိလိုက်သည်။ နောက်နေ့တွင် ထိုအကြောင်းအား ကျိရှောင်ယုမှ စုံစမ်းမည်မှာ သေချာ၏။ သူအမှန်အတိုင်းပြောလိုက်ခြင်းမှာသာ အကောင်းဆုံးဖြစ်ပြီး ထိုမှသာလျှင် အနာဂတ်တွင်သူ့အား ကျိမိသားစုမှ ကာကွယ်ပေးကောင်း ပေးပေလိမ့်မည်။

“နတ်ဘုရားတို့၏ ရာထူးများပါ”

ထိုစကားလေးလုံးကို ကြားသောအခါ ကျိရှောင်ယု မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ပထမဆုံးအကြိမ်အနေဖြင့် ကုအန်အား အံ့ဩနေသည့် မျက်လုံးများဖြင့် ကြည့်ရှုနေခဲ့လေသည်။

“နတ်ဘုရားတို့၏ ရာထူးများစာအုပ်ကို နင်ရေးတာလား နင်ကဘာလို့ ကိစ္စအဲ့လောက်အများကြီးကို သိနေရတာလဲ” ကျိရှောင်ယု မေးလိုက်၏။

ကုအန် အကူအညီမဲ့နေပုံဖြင့် ပြန်ပြောလိုက်သည်။ “အဲ့တာက ကျွန်တော့်စိတ်ကူးသက်သက်ပါ တကယ့်အဖြစ်မှန်တွေမဟုတ်ပါဘူး”

ဝူရှင်းနှင့် ကျိုးလင် အပါအ၀င်လူပေါင်းများစွာသည် ထိုစာအုပ်ထဲမှ အကြောင်းအရာများမှာ တကယ့်ဖြစ်ခဲ့သည့် အဖြစ်အရပ်များဟု ယုံကြည်နေခဲ့ကြ၏။

ကုအန် ဇဝေဇဝါဖြစ်သွားခဲ့ပြီး စာအုပ်ခန်းမတွင် ရှာဖွေကြည့်ခဲ့မိသေးသည်။ သို့သော် စာအုပ်ခန်းမတွင် ရှေးတရုတ်ဒဏ္ဍာရီနှင့် ပတ်သက်သည့် မည်သည့်အကြောင်းအရာမှ မရှိမှသာ ကုအန် ထိုစာအုပ်သည် စိတ်ကူးယဉ်ထားရုံသက်သက်ဟု ယုံကြည်သွားခဲ့သည်။

“စိတ်ကူးသက်သက်တဲ့လား ဒါပေမယ့် နတ်ဘုရားတို့၏ရာထူးများ စာအုပ်ထဲက ကမ္ဘာက အရမ်းကျယ်ပြန့်ပြီး မှော်ပညာတွေကလည်း အရမ်းကို စွမ်းအားကြီးလွန်းတယ်လေ” ကျိရှောင်ယု လေသံတိုးတိုးဖြင့် ပြောလိုက်၏။

သိသာစွာပင် သူမလည်း ထိုစာအုပ်ကို နှစ်သက်သည်မှာ ထင်ရှားပေသည်။

ကုအန် မည်သို့ဆက်ပြောရမည် မသိတော့သလို ဟန်ဆောင်နေလိုက်၏။

“နင်ဒီအကြောင်းကို ဘယ်သူ့ကိုမှမပြောတာကောင်းတယ် နတ်ဘုရားတို့၏ရာထူးများ စာအုပ်က အခုဆို ထိုက်ကန်မင်းဆက်တစ်ခုလုံးမှာ ကျော်ကြားနေပြီ ဂိုဏ်းတိုင်းကလည့် နင့်ကိုလိုက်ရှာချင်နေကြတယ်” ကျိရှောင်ယု သတိပေးလိုက်လေသည်။

ထိုအကြောင်းတွေ့လိုက်ပြီး ကျိရှောင်ယု သူမလက်ကလေးကိုမြှောက်လိုက်ကာ လက်ခလည်ရှ်ိ ကျောက်စိမ်းလက်စွပ်ထဲမှ သေးငယ်သော ကြေးဓားလေးတစ်လက်ကို ထုတ်လိုက်ပြီး သူမလက်ဖဝါးပေါ် တင်ထားလိုက်၏။

“ဒါကအဆောင်ရတနာပဲ သုံးဖို့ စိတ်ဝိညဉ်စွမ်းအားကို အထဲကိုထည့်ပေးရုံပဲ ဒီရတနာက ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်က ကျင့်ကြံသူတွေကို သတ်နိုင်တယ် နင့်ကိုယ်နင်ကာကွယ်ဖို့ သိမ်းထားလိုက်”

သူမပြောလိုက်သည်။

ကျိရှောင်ယုစကားကြောင့် ကုအန် ကြေးဓားလေးကို သေချာကြည့်လိုက်မိ၏။

သူထိုကဲ့သို့ အဆောင်ရတနာမျိုးကို အခုမှ မြင်ဖူးခြင်း ဖြစ်ပေသည်။ အရင်က ကျန်းချောင်တော့ သူ့ကို ထိုရတနာများအကြောင်း ပြောပြထားဖူးခဲ့၏။ ထိုအဆောင်ရတနာများသည် ပိုင်ရှင်ကိုမှတ်မိစရာ မလိုဘဲ သူတို့ကိုအသုံးပြုရန် အထဲသို့ စိတ်ဝိညဉ်စွမ်းအင်ထည့်ပေးရုံသာ လိုအပ်ပြီး ကြီးမြတ်သောကျင့်ကြံသူများက သူတို့တပည့်များကို ကာကွယ်ပေးဖို့ ထိုသို့သော ရတနာများကို ပေးထားတတ်ကြသည်။ ယနေ့ သူထိုကဲ့သို့ ရတနာများကို ရလိမ့်မည်ဟု ကုအန် လုံး၀ထင်မထားခဲ့ပေ။

ကုအန် မငြင်းဆန်ဘဲ ကြေးဓားလေးကို လက်ခံထားလိုက်၏။

“နင့်အခန်းကိုပြန်ပြီး အနားယူတော့ ထပ်ရပ်စောင့်နေစရာမလိုတော့ဘူး”

ကျိရှောင်ယုမျက်လုံးပြန်မှိတ်လိုက်ပြီး သူ့လေသံသည် အရင်လို ပြန်ဖြစ်သွားခဲ့သည်။

ကုအန် ဦးညွတ်အရိုအသေပေးလိုက်ပြီး ပြန်လှည့်ထွက်ခဲ့လိုက်၏။

ခြံ၀န်းထဲက ထွက်သွားပြီးသောအခါ သူခံစားမိခဲ့သော ကျိရှောင်ယု၏ နားလည်ရခက်ပြီး ဆန်းကြယ်သော အရှိန်အဝါအကြောင်းကို စဉ်းစားနေခဲ့မိသည်။

သို့သော် သူနားမလည်သောအရာကို အများကြီးတွေးမနေတော့ဘဲ သူ့ခြံ၀န်းဆီသို့သာ ပြန်ခဲ့လိုက်တော့၏။

ဧည့်သည်များ ထပ်မံရောက်ရှိလာခဲ့ကြပြီး ကျိအိမ်တော်သည် ပို၍ စည်းကားလာခဲ့ပြီး နေရာတိုင်းတွင် လူများနှင့် ပြည့်နှက်နေခဲ့လေသည်။

ကုအန် သူ့ခြံ၀န်းဆီသို့ လမ်းလျှောက်လာရင်း လမ်းတွင် တစ်စုံတယောက်ကို တွေ့လိုက်ရ၏။

ကျန်းချောင်!

သူတို့နှစ်ယောက်သည် လျှောက်လမ်းတစ်ခုပေါ်တွင် မျက်နှာချင်းဆိုင်တွေ့ခဲ့ခြင်းဖြစ်ပြီး ကုအန် သူ့အားမသိချင်ယောင်ဆောင်နေခဲ့ကာ ကျန်းချောင်မှာလည်း ထို့အတူပင်။

သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ကျော်သွားကြပြီး မီတာ၀က်ခန့်ရောက်သောအခါ ကုအန် သူ့လက်ထဲသို့ ကျောက်စိမ်းပြားတစ်ပြားရောက်လာသည်ကို ခံစားလိုက်ရ၏။

“နင့်အခန်းကိုရောက်ရင် နတ်အာရုံသုံးပြီး စစ်ကြည့် ငါတို့အခုလိုပဲဆက်ပြီး မသိချင်ယောင်ဆောင်နေကြရအောင်”

ကျန်းချောင်အသံ ကုအန်နားထဲရောက်ရှိလာခဲ့လေသည်။ သူမသည် အသံပို့ပညာကိုသုံး၍ ပြောခဲ့ခြင်းဖြစ်၏။

ကုအန် ကျောက်စိမ်းပြားကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်ပြီး တစ်ချက်မှနောက်ပြန်မကြည့်ဘဲ သူစိမ်းနှစ်ယောက်လိုပင် ဆက်၍ ဟန်ဆောင်နေလိုက်သည်။

…..

ကုအန် သူ့အခန်းခဲတွင် တင်ပလ္လင်ခွေချိတ်၍ ထိုင်နေခဲ့ပြီး သူ့လက်ထဲမှ ကျောက်စိမ်းပြားကို ကိုင်ကြည့်နေခဲ့၏။

ထို့နောက် နတ်အာရုံကိုသုံး၍ ကျောက်စိမ်းပြားကို စစ်ဆေးကြည့်လိုက်သည်။

ကျောက်စိမ်းပြားထဲတွင် ကျန်းချောင်ချန်ထားခဲ့သော နတ်အာရုံတစ်ခုရှိနေခြင်းဖြစ်ပြီး သူဘာကြောင့် ကျိအိမ်တော်သို့ လာခဲ့ရသလဲဟူသော အကြောင်းကို ပြောပြထားခြင်းဖြစ်၏။

ကျန်းချောင်၏ လက်ရှိပစ်မှတ်မှာ ကျိရှောင်ယု ဖြစ်ပေသည်။

သူမတင်မဟုတ်ဘဲ ရွက်ဝါတစ်ထောင်မျှော်စင်နှင့် အခြားမိစ္ဆာဂိုဏ်းများအားလုံးမှာလည်း သူလျှိုများလွှတ်၍ ကျိရှောင်ယုကိုယ်ထဲမှ မူလတာအိုအဆောင်ကို ရယူရန် ပစ်မှတ်ထားနေခဲ့ကြသည်။

မူလတာအိုအဆောင်သည် သွေးမျိုးဆက်များကဲ့သို့ပင် အလွန်ထူးခြားသောစွမ်းအားတစ်မျိုးဖြစ်ပြီး မွေးရာပါ ပါလာသောအရာမျိုး ဖြစ်၏။ ထိုမူလတာအိုအဆောင်အား ပိုင်ဆိုင်ထားသူသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ရောက်၍ အူတိုင်ဖွဲ့စည်းသောအခါ ရွှေအူတိုင်ကို ဖွဲ့စည်းနိုင်မည်ဖြစ်ပြီး ထိုအခြေအနေ၌ သူ့ကိုယ်ထဲမှ ရွှေအူတိုင်ကို ဆွဲထုတ်ယူနိုင်လျှင် မူလတာအိုအဆောင်ကို ရရှိမည် ဖြစ်သည်။

ကျန်းချောင်ပြောစကားအရ မူလတာအိုအဆောင်သည် နှစ်၁၀၀၀၀ မှတစ်ခါပေါ်သောအဖြစ်အပျက်ဖြစ်ပြီး ကောင်းကင်စိတ်ဝိညဉ်အမြစ်ထက်ပင် ရှားပါးသေး၏။ သူ့တွင် သက်တမ်းအား သဘာ၀အတိုင်း တိုးမြှင့်ပေးနိုင်သော အစွမ်းမျိုးလည်း ပါ၀င်ပေသည်။

ကျိရှောင်ယုတွင် ထိုမျှလောက်သော သက်တမ်းမျိုး ရှိနေသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ ထိုအရာသည် မူလတာအိုအဆောင်ကြောင့် မဟုတ်ပါလား။

ယခုအချိန်တွင် ကုအန် ဝေခွဲရခက်နေခဲ့သည်။ တစ်ဖက်တွင် ကျန်းချောင်ရှ်ိနေပြီး တစ်ဖက်တွင် ကျိရှောင်ယုရှိနေ၏။ သူဘယ်သူ့ကို ကူညီရမည်နည်း။

မေ့လိုက်တော့!

သူထိုကိစ္စထဲတွင် ၀င်မပါချင်ပေ။ ထို့အပြင် ကျန်းချောင်သည် လှုပ်ရှားရန်အတွက် ဂုဏ်ပြုပွဲပြီးပြီး ကျိရှောင်ယု ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်မည့်အချိန်ထိ စောင့်ရဦးမည်ဖြစ်သည်။ထိုအချိန်သို့ ရောက်လျှင်သူလည်း ဆေးတောင်ကြားသို့ပြန်ရောက်နေပြီဖြစ်ပြီး ကျိအိမ်တော်တွင် ရှိနေတော့မည် မဟုတ်ပေ။

သို့သော် ကုအန် ကျိရှောင်ယုကိုယ်ပေါ်ရှိ မူလတာအိုအဆောင်၏ အရှိန်အဝါများကိုတော့ စိတ်၀င်စားနေခဲ့သည်။

သူ့လို ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် လိုချင်စိတ်ဖြစ်အောင်လုပ်နိုင်သော မူလတာအိုအဆောင်ထဲတွင် မူလစွမ်းအား မည်မျှအထိ ပါ၀င်နေလိမ့်မည်နည်း။

အချိန်များကုန်ဆုံးသွားခဲ့ပြီး ဂုဏ်ပြုပွဲသည် ချောချောမွေ့မွေ့ပြီးဆုံးသွား‌ခဲ့ပြီး မိစ္ဆာသူလျှိုများသည် အလောတကြီး မပြုမူခဲ့ကြပေ။

မွန်းတည့်ချိန်တွင် ကျိရှောင်ယုသည် သူ၏ ချီလင်ခြေလှမ်းကို ပြသခဲ့ပြီး ကုအန်လည်း သူ့ခြံ၀န်းထဲမှ ကြည့်ရှူခဲ့ရသည်။

ကျိရှောင်ယုသည် ခြံ၀န်းထဲမှ ထွက်လာပြီး ကောင်းကင်ပေါ်သို့ တစ်လှမ်းချင်းလျှောက်၍ တက်သွားကာ သူ့ခြေထောက်အောက်တွင် ချီလင်ပုံရိပ်တစ်ခုကို ဖြစ်ပေါ်စေခဲ့၏။ ခြေလှမ်းခုနှစ်လှမ်းထိ လှမ်းပြီးသောအခါ ချီလင်ပုံရိပ်ကြီးသည် သူ့ကိုယ်ပေါ်တွင်ပင် ပေါ်ပေါက်လာခဲ့သည်။ ရုတ်တရက်ကြည့်လိုက်လျှင် နီညိုရောင်ချီလင်ခုနှစ်ကောင်သည် ကောင်းကင်ပေါ်တွင် ရပ်နေခဲ့ကြသလိုပင် ဖြစ်နေပြီး အတော်လေး ထင်ရှားလှ၏။

သူ၏စူးရှသော အမြင်အရ ခြေခုနှစ်လှမ်းသည် ကျိရှောင်ယု၏ အဆုံးသတ်မဟုတ်သေးဘဲ သူမသည် ခြေလှမ်း၉လှမ်းအထိ လှမ်းနိုင်သည်ဟု ကုအန် ပြောနိုင်ပေသည်။

သို့သော် ချီလင်ခြေလှမ်း၏ နောက်ဆုံးအဆင့်မှာ ၉လှမ်းတည်းဟုတ်မနေပေ။ ထိုခြေလှမ်းသိုင်းအား ပြီးပြည့်စုံသည့်အဆင့်အထိ တတ်မြောက်သွားပါက အသုံးပြုသူသည် ခြေလှမ်း တစ်ထောင်အထိ သွားနိုင်ပြီး သူ့ရန်သူအား ချီလင်ပုံရိပ်များကိုသုံး၍ ဝိုင်းပတ်ပြီး ရှုပ်ထွေးသွားအောင်ပင် ပြုလုပ်နိုင်ဧ။။်

ဘာပဲဖြစ်ဖြစ် ကျိရှောင်ယု၏ အသက်၃၄နှစ်တည်းနှင့် ချီလင်ခြေလှမ်းကို တတ်မြောက်သွားခြင်းမှာတော့ အသိအမှတ်ပြုစရာသာ ဖြစ်သည်။ ထိုသိုင်းနှင့်ဆိုပါက သူမသည် သူနှင့်အဆင့်တူသူများအား အလွယ်လေး အနိုင်ယူနိုင်ပေလိမ့်မည်။

ညနေခင်း၌ တုယီ ကုကျုံးနှင့် ကုယူကိုခေါ်ကာ သူ့ဆီရောက်လာခဲ့၏။

သူတို့အား ထားခဲ့ပြီးသည့်နောက် တုယီ မနှောင့်ယှက်ရဲတော့ဘဲ ပြန်ထွက်သွားခဲ့သည်။

တစ်နာရီခန့်ကြာပြီးသောအခါ ကုကျုံးလည်း ကျေနပ်နေသော အပြုံးတစ်ခုဖြင့် ပြန်သွားခဲ့၏။

ကုအန်သူတို့အား ခြံပေါက်၀ထိလိုက်ပို့ခဲ့လေသည်။ ထိုစဉ်ကုယူနောက်ပြန်လှည့်လာကာ မျက်စိတစ်ဖက်မှိတ်ပြပြီး ပြောလိုက်၏။

“မှတ်ထားနော် စာအုပ်ထဲမှာ ငါကမိန်းကလေးသူငယ်ချင်းချောချောလှလှလေးတွေ အများကြီးရှိရမယ် အများဆုံး နောက်နှစ်၀က်အတွင်း ငါမင်းကို ပြန်လာရှာမယ် မင်းတောင်းဆိုထားတဲ့ ဆေးတောင်ကြားကိစ္စတော့ စိတ်ပူစရာမလိုဘူး”

All Chapters