အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
၄၇)
မိစ္ဆာအရိပ်နတ်သိုင်း
ကုကျုံး ကုအန်အား သူ့ဘ၀ဇာတ်ကြောင်းကို စာအုပ်တစ်အုပ်အဖြစ် ရေးသားခိုင်းခြင်း ဖြစ်ပေသည်။ ကုအန်အတွက်လည်း အကယ်၍သူရေးခိုင်းသည်က နတ်ဘုရားတို့၏ရာထူးများ စာအုပ်ထဲတွင် သူ့အားအဓိကဇာတ်ကောင်အဖြစ် ထည့်ရေးခိုင်းရင်တောင် ငြင်းမည်မဟုတ်ပေ။
အလဲအလှယ်အနေဖြင့် ကုအန်ရာထူးအား အပြင်စည်းဂိုဏ်းသားအဖြစ် တိုးမြှင့်ပေးရမည်ဖြစ်ပြီး ဆန်းကြယ်တောင်ကြားထက်နှစ်ဆပိုကြီးသော ဆေးတောင်ကြားတစ်ခုကို ကုအန်အား ပေးအပ်ရန်လည်း ပါ၏။
ခြောက်လကြာလျှင် ကုယူက သူ့အလဲအလှယ်အတွက်လိုအပ်သော ပစ္စည်းများကိုယူ၍ ကုအန်ဆီ လာပေလိမ့်မည်။
ဆေးတောင်ကြားတစ်ခုအတွက် စာတစ်အုပ်ရေးပေးရန်မှာ အတော်လေးကောင်းသော အလဲအလှယ်ဟု ကုအန်ခံစားနေရ၏။ သူ့တွင်လည်း အချိန်အများကြီး ပိုနေသည် မဟုတ်ပါလား။
ထိုညကကုကျုံးတို့ပြန်သွားပြီးသည့်နောက် တုယီ ကုအန်ဆီလာပြီး ကုကျုံးတို့ဘာကြောင့်လာလဲဟူသော ကိစ္စကို မေးမြန်းခဲ့သည်။
“ဂိုဏ်းလျှို့ဝှက်ချက်တွေနော် မင်းသိချင်တာသေချာလို့လား” ကုအန် လျှို့ဝှက်သောအသံဖြင့် ပြောလိုက်ရာ တုယီလည်း ဘာမှထပ်မမေးရဲတော့ပေ။
နောက်တစ်နေ့မနက်တွင် ကျင့်ကြံသူတစ်ယောက် ကုအန်ဆီလာပြီး တတိယသခင်မလေးပေးခိုင်းလိုက်သည်ဟု ဆိုကာ အစီအရင်အတွက် လိုအပ်သော ပစ္စည်းများထည့်ထားသည့် အိတ်တစ်လုံး လာပေးသွားခဲ့လေသည်။
ကုအန် ကျိရှောင်ယုအား မိစ္ဆာသူလျှိုများ အကြောင်းအသိပေးရမလား မပေးရဘူးလားဟူ၍ တွန့်ဆုတ်နေချိန်တွင် ကျိအိမ်တော်၌ အစောင့်ကျင့်ကြံသူများ ပိုတိုးလာသည်ကို ခံစားမိလိုက်ရာ ကျိမိသားစုလည်း ထိုအခြေအနေကို သတိပြုမိသွားပြီ ဖြစ်ကြောင်း သိရှိသွားခဲ့၏။
ထိုသို့ဆိုပါက သူဤကိစ္စအား စိတ်ပူစရာမလိုတော့ပေ။
မွန်းတည့်ချိန်တွင် ကုအန် တုယီနောက်မှ လိုက်၍ တည်နေရာကူးပြောင်းခြင်းအစီအရင်ကိုသုံးကာ အပြင်စည်းဂိုဏ်းသို့ ပြန်ခဲ့လိုက်သည်။
ထို့နောက် တုယီကိုနှုတ်ဆက်ပြီးသည့်နောက် ကုအန် ဆန်းကြယ်တောင်ကြားသို့ ပြန်ခဲ့၏။
သူ့စိတ်ထဲတွင် ဒုတိယဆေးတောင်ကြား၌ စိုက်ရမည့်အပင်များအကြောင်းကို စတင်အစီအစဉ်ဆွဲနေခဲ့သည်။
လီရွှမ်တောက်၏ ဆေးတောင်ကြားကိုပါ ထည့်တွက်ပါက သူ့တွင် ဆေးတောင်ကြားသုံးခုရှိလာမည်ဖြစ်ပြီး အနာဂတ်၌ သူ၏သက်တမ်းတိုးတက်နှုန်းသည် ထောင်တက်၍ သွားပေတော့မည်။
ယခုအခါ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်ရှ်ိနေပြီဖြစ်ပါသော်လည်း ကုအန် သူ့သက်တမ်းကို လုံလောက်သည်ဟု မခံစားရသေးပေ။ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်အထက်တွင် အဆင့်ပေါင်းများစွာကျန်နေသေးပြီး ထိုအဆင့်များမှာလည်း ပို၍မြင့်လေလေ ကျင့်ကြံခြင်းအဆင့်တက်ရန် သက်တမ်းပိုလိုလေလေပင်။
ကုအန်၏ ရည်ရွယ်ချက်မှာမူ ထာ၀ရအသက်ကိုရရှိ၍ အမတလမ်းစဉ်၏ ထိပ်ဆုံးသို့ ရောက်ရှိရန် ဖြစ်ပေသည်။
ဓားပျံကိုစီးကာ ကောင်းကင်နှင့်မြေပြင်ကြားရှိ လေထုကို ခံစားနေခဲ့ရင်း ကုအန် သူ၏လူငယ်ဘ၀လေးကို အပြည့်အ၀ကျေနပ်နေမိဧ။။်
ဆန်းကြယ်တောင်ကြားသို့ ပြန်ရောက်သောအခါ ကုအန်၏မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။
သူမြေပြင်ပေါ်သို့ဆင်းလိုက်သောအခါ သူ့ဓားပျံက သိုလှောင်အိတ်ထဲသို့ အလိုလိုပြန်၀င်သွားခဲ့၏။ ထိုအနီးအနားတွင် ပေါင်းရှင်းနေသော ယိယန်မှာ ကုအန်ကို တွေ့လိုက်သောအခါ ချက်ချင်းပြေးလာခဲ့လေသည်။
“ဆရာ နောက်ဆုံးတော့ ပြန်လာပြီပဲ မနေ့က စီနီယာတစ်ယောက် တောင်ကြားမှာနေဖို့ ရောက်လာခဲ့တယ်”
ယိယန် ချက်ချင်း သတင်းပို့လိုက်၏။
ကုအန် ခေါင်းညိတ်ကာပြောလိုက်သည်။ “ဆရာသိပြီ မင်းတော့အလုပ်ရှုပ်နေတော့မှာပဲ”
ထိုစဉ် ကုအန် ဆန်းကြယ်တောင်ကြားတစ်ဝိုက်တွင် ဆောက်ထားသည့် ၀င်္ကပါတစ်ခု၏ အပိုင်းအစများကို သတိထားမိခဲ့သည်။
ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါကိုလည်း သူသတိထားမိလိုက်ပါသော်လည်း မသိချင်ယောင်ဆောင်ကာ ထိုကျင့်ကြံသူ၏အရှိန်အဝါရှိသော အရပ်သို့ လျှောက်သွားလိုက်ရင်း လမ်းတစ်လျှောက်ရှိ ဆေးပင်များကို စစ်ဆေးနေခဲ့၏။
ဘုရားသခင်!
အဆင့် ၄ ဆေးပင် ၆ပင် ပျောက်နေတာပဲ!
ကုအန်မျက်လုံးများ ချက်ချင်း အေးစက်သွားခဲ့သည်။
တစ်ဖက်က ကျင့်ကြံသူသည် နတ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူဖြစ်နေလျှင်တောင် သူ့ဆေးပင်များကို သူမသိအောင် ခိုးယူခဲ့ပါက ထိုက်တန်သော တန်ကြေးတစ်ခုကို ပြန်ပေးရပေလိမ့်မည်။
ကုအန် ရှောင်ချွမ့်ခြံ၀န်းဆီသို့ သွားလိုက်ရာ ခြံ၀န်းထဲတွင် ဆေးဖော်နေသော လူတစ်ယောက်ကို တွေ့လိုက်ရ၏။ သူ့ရှေ့ရှိ ဆေးမီးဖိုကြီးသည် အလွန်ရှေးကျပုံပေါ်ပြီး အမြင့်မှာလည်း လူတစ်ရပ်စာပင် ရှိပေသည်။
ဆေးဖော်နေသောလူမှာမူ ပုပုကွကွနှင့် သူ့ဆံပင်ဖြူများကို ခေါင်းနောက်တွင် မြက်ကြိုးဖြင့် စုစည်းထားသော လူအိုကြီးတစ်ယောက်ဖြစ်၏။
[ချူချင်းလီ(နတ်အသွင်ပြောင်းခြင်းအဆင့် ၂) : ၄၈၆/၉၃၀/၁၀၅၀]
တစ်ဖက်လူသည် ကျင့်ကြံခြင်းအစစ်ကို ဖုံးကွယ်ထားသောသူ မဟုတ်တာသေချာမှ ကုအန် သူ့အနားသို့ကပ်လိုက်ကာ မေးလိုက်သည်။ “စီနီယာရဲ့ ဘွဲ့ထူးကို သိပါရစေ နောက်ပြီး စီနီယာက ဘယ်ကလာတာလဲဗျ”
ကုအန်၏လေသံသည် အရင်နှင့်မတူဘဲ အနည်းငယ်ကြမ်းတမ်းနေခဲ့၏။
ချူချင်းလီ ထရပ်လိုက်ပြီး ကုအန်ဘက်သို့ လှည့်ကြည့်လိုက်ကာ ပြုံး၍ ပြောလိုက်သည်။ “ငါက ချူချင်းလီပါ ဒီဆေးတောင်ကြားကို ဖြတ်သွားရင်း ရက်နည်းနည်းလောက်နေဖို့ တွေးမိပြီး နေဖြစ်တာပါ”
ကုအန် မေးလိုက်သည်။ “စီနီယာက အဓိပတိဂိုဏ်းကလား”
ကျိရှောင်ယုသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်တော့မည်ဖြစ်ရာ ကုအန် ထိုသူ၏ သရုပ်မှန်ကို သိရန် လိုအပ်၏။
သာမန်အားဖြင့် မည်သည့် နတ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူကမှ သူ၏ဆေးတောင်ကြားသို့ လာလည်မည်မဟုတ်ပေ။
အလုပ်ရှုပ်နေသော တပည့်များအားလုံးသည်လည်း ခြံထဲသို့ လှမ်းကြည့်နေခဲ့ကြသည်။ ထိုလူစရောက်လာစဉ်ကတည်းကပင် သာမန်လူမဟုတ်မှန်းသိသောကြောင့် သူတို့ဘာမှမလုပ်ရဲဘဲ သူတို့ဆရာပြန်အလာကိုသာ စောင့်နေခဲ့ကြခြင်း ဖြစ်၏။
“ဒါဆိုမင်းက ဒီဆေးတောင်ကြားရဲ့ သခင်လား” ချူချင်းလီ ရယ်မော၍ ပြောလိုက်လေသည်။
ကုအန် ပြန်ပြောလိုက်၏။ “ဟုတ်ပါတယ်စီနီယာ ဒါပေမယ့် စီနီယာဘာလို့ ကျွန်တော်မေးတာကို မဖြေတာလဲ”
ချူချင်းလီခေါင်းခါလိုက်ကာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူလေးတစ်ယောက်က ငါ့ကို ဒီလိုလေသံနဲ့ ပြောရဲနေတာပဲ”
သူရုတ်တရက် ထိုင်ချလိုက်ကာ မြေပြင်ကို လက်ဝါးနှင့် ရိုက်ချလိုက်၏။
ရုတ်တရက် ကမ္ဘာမြေကြီးတစ်ခုလုံး တုန်ခါသွားကာ တောအုပ်ထဲတွင် ဖွက်ထားသော အလံများသည် နေရာပေါင်းစုံမှ ထွက်ပေါ်လာပြီး မိစ္ဆာချီများ ထွက်ေပါ်လာခဲ့ကာ ဆန်းကြယ်တောင်ကြားကို အုပ်မိုးထားသော ၀င်္ကပါကြီးတစ်ခု ဖြစ်ပေါ်လာလေတော့သည်။
“ခင်ဗျား ဘာလုပ်ဖို့ကြိုးစားနေတာလဲ”
ကုအန် ကြောက်ချင်ယောင်ဆောင်ပြီး မေးလိုက်၏။
နေရာအသီးသီးမှ တပည့်များအားလုံးသည်လည်း ထိုအဖြစ်အပျက်ကို သတိထားမိသွားကြပြီး ကုအန်ဆီ ပြေးလာခဲ့ကြလေသည်။
ပထမဆုံးရောက်ရှိလာသူမှာ ရှောင်ချွမ်ဖြစ်ပြီး ထို့နောက် ယိယန် ဝူရှင်း ကျန်းချင်နှင့် စုဟန်တို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ကြ၏။ အခြားသူများလည်း ရောက်လာခဲ့ကြပါသော်လည်း သူတို့မှာကြောက်ရွံ့နေခဲ့ပြီး ခြံ၀န်းထဲသို့ မ၀င်ရဲကြဘဲ အပြင်မှသာ ရပ်ကြည့်နေခဲ့ကြသည်။
စုဟန် ရှေ့ဆုံးတွင် ဓားကိုင်၍ ရပ်နေသော်လည်း သူ၏တုန်ခါနေသော ခြေထောက်များက သူ၏ကြောက်ရွံ့နေမှုကို ဖော်ပြနေခဲ့၏။
ကျန်းချင်မျက်နှာ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေသော်လည်း ကုအန်ရှေ့တွင် ကာ၍ ရပ်ပေးနေလေရာ ကုအန် ပြုံးပင်ပြုံးချင်မိသွားခဲ့သည်။
ဒီအရူးမလေးကတော့!
ထို့နောက် ချူချင်းလီ သူ့လက်ဖဝါးကိုလှန်လိုက်ရာ မိစ္ဆာချီများ ပြန်ပျောက်သွားခဲ့၏။ သူထိုင်နေရာမှ မတ်တပ်ပြန်ရပ်လိုက်ပြီး ကြမ်းကြုတ်သောလေသံဖြင့် ပြောလိုက်သည်။ “အခုတောင်ကြားသခင်လည်း ပြန်ရောက်လာပြီဆိုတော့ ငါအချိန်ဖြုန်းနေဖို့ မလိုတော့ဘူးပေါ့ မင်းတို့ အသက်ရှင်ချင်သေးရင် ငါပြောတာနားထောင်ကြ မဟုတ်လို့ကတော့ အရှင်လတ်လတ်အရေခွံခွာ ဝိညဉ်ကိုထုတ်ပြီး မသေမရှင်ခံစားရအောင် လုပ်ပစ်မယ်”
သူ၏ကြောက်စရာကောင်းသော အရှိန်အဝါကြောင့် တပည့်တိုင်း ပိုမိုကြောက်ရွံ့သွားခဲ့ကြသည်။
ထိုစဉ် ဝူရှင်းသတ္တိမွေး၍ ပြောလိုက်၏။ “ကျွန်တော်တို့က အစေခံတပည့်လေးတွေသက်သက်ပါပဲ ကျွန်တော်တို့ဝိညဉ်ကိုသန့်စင်ရင်တောင် ဘာမှစီနီယာအတွက် အကျိုးရှိမှာမဟုတ်ပါဘူး စီနီယာကျွန်တော်တို့ကို ဘာလုပ်စေချင်တာလဲ ဆိုတာသာ ပြောပါ”
သူအမြန်ပြောလိုက်ပြီး တစ်ဖက်လူ၏ ကျင့်ကြံခြင်းအစစ်ကို ကုအန်နားမလည်မှာ စိုးရိမ်နေခဲ့လေသည်။
ချူချင်းလီ ပြန်ပြောလိုက်၏။ “ညဏ်ကောင်းတဲ့ကောင်လေးပဲ မင်းတို့က အခုကစ ဆေးတောင်ကြားမှာနေပြီး ငါ့အမိန့်ကိုပဲနာခံရမယ် ငါဒီဆေးတောင်ကြားကို ဆေးဖော်ဖို့သုံးချင်တယ် ထွက်ပြေးဖို့တော့စဉ်းတောင်မစဉ်းစားနဲ့ ငါ့၀င်္ကပါက အရောင်အဆင်းမဲ့ပြီး ဘယ်သူမှမမြင်ရနိုင်တဲ့ ၀င်္ကပါပဲ ၀င်္ကပါထဲကိုဖြတ်ပြေးမိရင် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတောင် ချက်ချင်း သွေးအိုင်ဖြစ်သွားလိမ့်မယ်”
ခုနက ၀င်္ကပါမှထွက်ပေါ်လာသော မိစ္ဆာချီများကို မြင်လိုက်ရသောကြောင့် လူတိုင်းသူ့စကားကိုယုံကြ၏။
ချူချင်းလီ ကုအန်ကို ခပ်လှောင်လှောင်ပြုံး၍ ကြည့်လိုက်ပြီး ပြောလိုက်လေသည်။ “တောင်ကြားသခင် အခုငါက ၀မ်းယင်ဂိုဏ်းကလာတာလို့ ပြောလိုက်ရင် မင်းဘာဖြစ်ချင်သေးလဲ”
၀မ်းယင်ဂိုဏ်း!
ဘယ်တော့မှပျောက်မသွားမယ့် တကယ့်အရိပ်လိုကောင်တွေပဲ….
သူ့ဘ၀တစ်ခုလုံး၌ ဖူရှောင်းမှလွဲလျှင် ကုအန်သတ်ဖူးသော လူတိုင်းမှာ ၀မ်းယင်ဂိုဏ်းမှသာ ဖြစ်ကြ၏။
ကုအန် ကြောက်ချင်ယောင်ဆောင်ပြီး အံကြိတ်လိုက်ကာ ပြောလိုက်သည်။ “ခုနက ကျွန်တော့်ရဲ့ ရိုင်းပြမှုကိုခွင့်လွှတ်ပါ စီနီယာ ကျွန်တော့်တပည့်တွေကို အန္တရာယ်မပေးသရွေ့ စီနီယာကျွန်တော့်ကို ကြိုက်တာခိုင်းလို့ရပါတယ် တကယ်လို့ ဝိညဉ်သန့်စင်ချင်တယ်ဆိုရင်လည်း ကျွန်တော်နဲ့သာ စလိုက်ပါ”
ထိုစကားကိုကြားသောအခါ ကုအန်တပည့်များ ရင်ထဲထိသွားခဲ့ကြသည။် သို့သော် ချူချင်းလီကိုကြောက်၍ သူတို့ဘာမှတော့ မပြောရဲခဲ့ကြပေ။
ဝူရှင်း သူ့အင်္ကျီလက်အိုးထဲရှ်ိ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထား သူ့ကိုယ်သူ ပြောလိုက်၏။ “တကယ်လို့ငါသာ ပိုကြိုးကြိုးစားစားကျင့်ကြံခဲ့ပြီး ငါ့ကျင့်စဉ်ရဲ့အစွမ်းကို အကုန်ထုတ်သုံးနိုင်ခဲ့ရင် အစ်ကိုကြီးအခုလိုအဖြစ်မျိုးနဲ့ ကြုံရမှာမဟုတ်ဘူး”
ကျန်းချင် ရှောင်ချွမ် စုဟန်နှင့် ယိယန်တို့အားလုံးလည်း ထိုသို့သာ ခံစားနေခဲ့ကြရသည်။
ချူချင်းလီ အားရပါးရရယ်မောလိုက်၏။
ကုအန် ထပ်ပြောလိုက်သည်။ “စီနီယာ ကျွန်တော့်အိမ်ထဲမှာ အဆင့် ၅ ဆေးပင်တွေရှိပါတယ် အဲ့တာတွေက ဆေးဖော်ဖို့ တကယ်ပဲသင့်တော်ကြပါတယ် စီနီယာလိုအပ်လား”
“မဆိုးဘူး မင်းကအတော်လေးသိတတ်တဲ့ကောင်လေးပဲ သွားယူလိုက်စမ်း” ချူချင်းလီ လက်ခါပြ၍ သွားယူခိုင်းလိုက်၏။
ကုအန်လည်း ချက်ချင်းပင် သူ့အိမ်ထဲသို့ ပြေး၍ ၀င်သွားခဲ့လေသည်။
အခြားသူများမှာတော့ ချူချင်းလီကို မျက်တောင်မခတ်ကြည့်ရှုနေကြပြီး သူတစ်ခုခုလှုပ်ရှားလိုက်မည်ကို ကြောက်ရွံ့နေခဲ့ကြ၏။
ချူချင်းလီ သူ့နားအားနှိုက်နေရင်း ကျန်းချင်အား ပြုံး၍ ကြည့်လုိက်ကာ ခေါ်လိုက်သည်။ “ကောင်မလေး ဒီနားလာပြီး ငါ့ကိုကူစမ်း”
သူ၏ကြောက်စရာကောင်းသော အပြုံးကြီးအား တွေ့လိုက်ရသောအခါ ကျန်းချင် ရွံရှာသွားခဲ့ပြီး ကြောက်လည်း ကြောက်ရွံ့သွားခဲ့၏။
သူဘာလုပ်သင့်သနည်း။
ခုနကသူထုတ်လွှတ်လိုက်သော ၀င်္ကပါအရ တောင်ကြားမှ မည်သူမှ ထိုမိစ္ဆာကြီး၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။
ကျန်းချင် စိတ်ရှုပ်ထွေးနေချိန်တွင် ခရမ်းနက်ရောင်ပုံရိပ်တစ်ခု ချူချင်းလီဘေးတွင် ရုတ်တရက်ပေါ်ပေါက်လာခဲ့လေသည်။
ချူချင်းလီ မျက်လုံးများ ပြူးကျယ်သွားပြီး ဘေးသို့လှည့်ကြည့်ရန် လုပ်လိုက်၏။
မြန်လိုက်တာ!
မဖြစ်နိုင်ဘူး!
ချူချင်းလီ လှည့်ကြည့်ဖို့ ကြိုးစားလိုက်ချိန်တွင်ပင် ထိုလူ၏ လက်သည် ဓားတစ်ချောင်းကဲ့သို့ ချူချင်းလီ၏ ရင်ဘတ်အား ထိုးဖောက်သွားကာ သူ့အား လေထဲသို့ မြှောက်ပစ်လိုက်လေသည်။
ချူချင်းလီ မျက်လုံးများ ပြူးကျယ်နေခဲ့ပြီး မယုံနိုင်ဟန်ဖြင့် သူ့အောက်မှ လူများကို ငုံ့ကြည့်နေမိ၏။
ထိုလူသည် သူ့ကိုယ်ကို ခရမ်းနက်ရောင်မီးတောက်များနှင့် ဖုံးအုပ်ထားပြီး မျက်နှာအသွင်အပြင်ကို မမြင်ရပေ။ ထို့အပြင် သူပေါ်လာပုံမှာလည်း ရုတ်တရက်ဆန်လှပေရာ မြေအောက်ကမ္ဘာမှ ရုတ်ချည်းရောက်ရှိလာသလိုပင် ထင်ရပေသည်။
ဝူရှင်း ကျန်းချင်နှင့် အခြားသူများသည် ရုတ်တရက်ရောက်ရှ်ိလာသော ပုံရိပ်ကြောင့် အံ့ဩသွားကြပြီး တစ်ပြိုင်နက်တည်း နောက်ဆုတ်သွားမိလိုက်ကြ၏။
“ရွက်ဝါတစ်ထောင်မျှော်စင်…..မိစ္ဆာအရိပ်နတ်သိုင်း…” ချူချင်းလီ တုန်ခါနေသော လေသံဖြင့် ပြောလိုက်သည်။
တစ်ဖက်လူ၏ တိုက်ကွက်သည် သူ့ဗဟိုအူတိုင်ကို တိုက်ရိုက်ဖျက်ဆီးသွားသောကြောင့် ချူချင်းလီ ဘာစိတ်ဝိညဉ်စွမ်းအင်ကိုမှ စုစည်း၍ မရတော့ပေ။ ထို့အပြင် ထိုလူသည် စိတ်ဝိညဉ်စွမ်းအားကိုသုံး၍ သူ့မူလဝိညဉ်ကို ဖိနှိပ်ထားသောကြောင့် သူဘယ်လိုမှ ထွက်မပြေးနိုင်အောင် ဖြစ်နေခဲ့ရ၏။
ဒီလူ့ကျင့်ကြံခြင်းက နတ်အသွင်ပြောင်းခြင်းအဆင့်ထက် မြင့်လိမ့်မယ်!
ကြီးမြတ်သောယင်ယန်ပြောင်းလဲခြင်း ဖြင့် အရိပ်တစ်ခုထုတ်ထားေသာ ကုအန် ဝူရှင်းအား တစ်ချက်ကြည့်လိုက်သည်။
ဝူရှင်းတစ်ခုခုကို နားလည်သွားပုံဖြင့် သူ့အမူအရာ ချက်ချင်းပြောင်းလဲသွားခဲ့၏။
ထို့နောက် ချူချင်းလီ ရင်ဘတ်ထဲသို့ ထိုးဖောက်နေသောလက်သည် လက်သီးအဖြစ်သို့ ပြောင်းလဲသွားပြီး ဓားချီများ ထွက်ပေါ်လာခဲ့ကာ ချူချင်းလီ၏ ခန္ဓာကိုယ်ကို တစ်စစီကွဲထွက်သွားစေခဲ့သည်။ သူ၏ မူလဝိညဉ်မှာတော့ ကုအန်လက်ထဲတွင် တွဲလောင်းလေး ဖြစ်နေခဲ့ပြီး သိုလှောင်အိတ်သည် ကုအန်ညာလက်ထဲသို့ ကျလာခဲ့၏။
သွေးများ ပြန့်ကျဲသွားခဲ့သည်။
ဝူရှင်းနှင့်အခြားသူများအားလုံးကို သွေးများစင်သွားခဲ့ကြပြီး ထိုအချိန်တွင် သူတို့ဘာမှမတုန့်ပြန်နိုင်ခဲ့ကြဘဲ ကြက်သေသေနေခဲ့ကြ၏။
“ဟင်း…..”
ချူချင်းလီ၏ မူလဝိညဉ် တုန်တုန်ရီရီဖြင့် တစ်ခုခုပြောရန် ပြင်လိုက်ချိန်တွင် ကုအန်လက်ထဲ၌ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
ထို့နောက် ကုအန်ပုံရိပ်လည်း လေထုထဲတွင် ပျောက်ကွယ်သွားခဲ့၏။
နောက် တစ်စက္ကန့်တွင် တံခါးဖွင့်သံတစ်သံထွက်ပေါ်လာပြီး ကုအန် အဆင့်ငါး ကျားသွေးပန်းပင်တစ်ပင်ကိုကိုင်ကာ အိမ်ပေါ်မှ ပြေး၍ ဆင်းလာခဲ့လေသည်။
ဝူရှင်းခြံ၀န်းရှေ့သို့ ရောက်သောအခါ သူအော်ပြောလိုက်၏။
“စီနီယာ ရူးရူးမိုက်မိုက်မလုပ်လိုက်နဲ့ဦးနော်!
ကုအန် ခြံ၀န်းကိုခုန်ကျော်၍ ၀င်လိုက်ပြီး ခြံထဲတွင် သွေးများပြန့်ကျဲနေသည်ကို တွေ့လိုက်သောအခါ ကြောက်ရွံ့သွားဟန်ဖြင့် သူ့တပည့်များကို ချက်ချင်း ရေလိုက်လေသည်။ တစ်ယောက်မှ ပျောက်မနေတာ တွေ့မှသာ သူစိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။
ထို့နောက် တောင့်တင်းနေသောအသံဖြင့် မေးလိုက်၏။ “ဟိုမိစ္ဆာ….ဘယ်ကိုသွားတာလဲ”
သူ့အသံသည် အလွန်တိုးလျနေပြီး ချူချင်းလီကြားသွားမှာကို အလွန်ကြောက်ရွံ့နေခဲ့လေသည်။
ကုအန်အသံကိုကြားမှသာ ကြောင်အနေရာမှသတိ၀င်လာပြီး ကျန်းချင် ကုအန် ၀တ်ရုံစကိုဆွဲထားလိုက်ပြီး ပြောလိုက်၏။
“ဆရာ သူသေသွားပြီ….သူက….”
အခြားတပည့်များလည်း သတိပြန်၀င်လာကြပြီး အရပ်မျက်နှာပေါင်းစုံသို့ လှည့်ကြည့်နေခဲ့ကြရာ ထိုအရိပ်ပြန်ပေါ်လာမည်ကို ကြောက်ရွံ့နေခဲ့ကြသည်။
အဖြစ်အပျက်အား နားလည်ရန် ကုအန်အချိန်အနည်းငယ် ယူလိုက်ရ၏။
ဟန်ဆောင်ရသည်မှာ အတော်လေး ပင်ပန်းလှပေသည်။
ကုအန် သူ့တပည့်များအား ဤနေရာတွင်ပဲထိုင်ကာ သတိနှင့်နေကြရန် ညွှန်ကြားလိုက်၏။
ထို့နောက် သူ့ညာဘက်ခြေဖဝါးအား စိတ်ဝိညဉ်စွမ်းအားထည့်ကာ မြေအောက်မှတစ်ဆင့် ဝင်္ကပါကို ဖျက်ဆီးပစ်ခဲ့သည်။
ရုတ်တရက် မိစ္ဆာချီများ ဆန်းကြယ်တောင်ကြားအထက်တွင် ပြန်ပေါ်လာပြီး တခဏအကြာတွင်တော့ ပြန်လည်ပျောက်ကွယ်သွားက ာ ၀င်္ကပါလည်း ပြိုကွဲသွားခဲ့၏။ ထိုအခါမှသာ တောင်ထိပ်ပေါ်မှ ရွက်ဝါများသည် တောင်ကြားထဲသို့ ပြန်လည် ကျရောက်လာလေတော့သည်။
“၀င်္ကပါမရှိတော့ဘူးလား” ယိယန် အံ့ဩသွားဟန်ဖြင့် မေးလိုက်၏။
ဝူရှင်းသက်ပြင်းတစ်ချက်ချကာ ကုအန်ကို ပြောလိုက်သည်။
“အစ်ကိုကြီး ကျွန်တော်တို့ စကားသွားပြောကြရအောင်”
ချူချင်းလီအား သတ်ဖြတ်ခြင်းအတွက် ကုအန် သက်တမ်း ၆၆ နှစ်ရလိုက်ရာ မဆိုးလှပေ။
စိတ်ထဲတွင် ကြိတ်ကျေနပ်နေသော်လည် းကုအန် ထူးဆန်းနေချင်ယောင်ဆောင်လိုက်ပြီး ဝူရှင်းအား သူ့အိမ်ထဲသို့ ခေါ်သွားခဲ့လိုက်၏။
သူတို့နှစ်ယောက်အိမ်ထဲ၀င်သွားသောအချိန် အခြားတပည့်များမှာတော့ လတ်တလောဖြစ်သွားသော အဖြစ်အပျက်များကို ဆွေးနွေးနေခဲ့ကြေလသည်။
အိမ်ထဲသို့ရောက်သောအခါ ဝူရှင်းတံခါးကိုပိတ်လိုက်ပြီး ကုအန်ဘက်လှည့်ကာ အံကြိတ်၍ ပြောလိုက်၏။ “တိုက်ခိုက်သွားတဲ့လူက ရွက်ဝါတစ်ထောင်တောင်ကြားက ကျင့်ကြံသူတစ်ယောက်ပဲဖြစ်ရမယ် ကျွန်တော့်အဖေက ကျွန်တော့်ကိုကာကွယ်ဖို့ လွှတ်လိုက်တာ ဖြစ်နိုင်တယ်….”
အပိုင်း(၄၈)
မူလသစ်သားယန်ကျင့်စဉ်၊ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၉
ဝူရှင်း၏ ရှုပ်ထွေးနေသော အမူအရာကိုမြင်ကာ ကုအန် အော်ရယ်နေချင်သော်လည်း သူ၏သရုပ်ဆောင်မှု အတွေ့အကြုံအရ သူမရယ်မိအောင် ထိန်းထားနိုင်ခဲ့သည်။
ကုအန် ၏အမူအရာမှာ တစ်ခုချင်းစီပြောင်းလဲသွားခဲ့ပြီး အရင်ဆုံး အံ့အားသင့်သွားကာ ပြီးနောက် စိတ်သက်သာရာရသွားပုံဖြစ်သွား၍ နောက်ဆုံးတွင်တော့ တောင့်တင်းသွားသည့်ပုံမျိုး ဖြစ်သွားခဲ့၏။
သူ့အစ်ကိုကြီး၏ အမူအရာကို မြင်သောအခါ ဝူရှင်းပို၍ပင် မနေတတ်မထိုင်တတ်ဖြစ်သွားခဲ့သော်လည်း ပြောပြလိုက်ရသည့်အတွက် နောင်တတော့ မရခဲ့ပေ။
နောက်ဆုံးအကြိမ် သူ့ခံစားချက်များကိုဖွင့်ထုတ်ခဲ့ပြီးသည့် အချိန်ကတည်းက သူ့အစ်ကိုကြီးသည် သူနှင့် အနီးကပ်ဆုံးလူဟု ဝူရှင်းခံစားခဲ့ရပြီး သူတို့ကြားတွင် လျှို့ဝှက်ချက်များ ရှိမနေသင့်ပေ။
“မင်းဒီကိစ္စကိုမပြောတာ ကောင်းမယ် မဟုတ်ရင်ငါမင်းကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး” ကုအန် သက်ပြင်းချလိုက်ကာ ခပ်တည်တည်ပြောလိုက်သည်။
ဝူရှင်းခေါင်းညိတ်ပြလိုက်ကာ ခုနကတိုက်ပွဲအကြောင်း ပြန်စဉ်းစားမိသွားပြီး သူ့ကျောရိုးတစ်လျှောက် အေးစိမ့်သွားခဲ့ရ၏။
ကုအန်စိတ်၀င်တစားမေးလိုက်သည်။ “မင်ခုနက လူကိုမှတ်မိလိုက်လား သူ့ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ”
ကုအန် ရွက်ဝါတစ်ထောင်မျှော်စင်၏ အင်အားအတိမ်အနက်ကို တီးခေါက်ကြည့်သည့်ပုံဖြင့် မေးလိုက်၏။
ကုအန်စကားကိုကြားသောအခါ ဝူရှင်းခေါင်းခါပြပြီး ပြောလိုက်သည်။ “ကျွန်တော် သူ့မျက်နှာအစစ်ကို မမြင်လိုက်ရဘူး ဒါပေမယ့်သူက စိတ်ဝိညဉ်အခြေတည်အဆင့် ဖြစ်လောက်တယ် သူ့လှုပ်ရှားမှုတွေက အရမ်းမြန်လွန်းတယ် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် လုပ်နိုင်တာမျိုး မဟုတ်ဘူး”
ကုအန် ဆွံ့အသွားခဲ့သည်။
အရူးကောင်လေး!
ကုအန် အသိအမှတ်ပြုဟန်ဖြင့် ပြန်ပြောလိုက်၏။ “မင်းပြောတော့ မင်းအဖေက မင်းကိုဂရုမစိုက်ဘူးဆို ဒါပေမယ့် အခုတော့မင်းကိုကာကွယ်ဖို့လူတောင် လွှတ်လိုက်ပါလား”
“သူကကျွန်တော့်ကိုတကယ်ဂရုမစိုက်ပါဘူး ဖြစ်နိုင်တာက ကျွန်တော့်ကြောင့် သူ့ဂုဏ်သိက္ခာကျမှာစိုးလို့ ဒါမှမဟုတ် အဓိပတိဂိုဏ်းကို တာဝန်နဲ့လာတဲ့ လူတစ်ယောက်ယောက်က လမ်းကြုံ၀င်ကယ်သွားတာမျိုး ဖြစ်နိုင်လောက်တယ်”
ဝူရှင်းသူ့ခံစားချက်များကို မပယ်ဖျက်နိုင်သေးဘဲ သူ့အဖေကသူ့ကိုဂရုစိုက်သည်ဟူသော အချက်ကို အတင်းငြင်းဆန်နေခဲ့သည်။
ထို့နောက် ကုအန် သူ့ကိုညွှန်ကြားချက်အနည်းငယ်ပေးပြီးသည့်နောက် ဝူရှင်း ပြန်သွားခဲ့၏။
ကုအန် ခြံ၀န်းအား တပည့်များကို မရှင်းခိုင်းသေးဘဲ ဝူရှင်းကို အပြင်စည်းမြို့သို့လွှတ်ကာ ဉပဒေရေးရာခန်းမမှ တပည့်များကို ခေါ်ခိုင်းလိုက်သည်။
ထိုကိစ္စကို တောင်ကြားထဲမှ တပည့်အားလုံး မြင်သွားသောကြောင့် ဖုံးကွယ်ထားဖို့ရာ မဖြစ်နိုင်တော့သောကြောင့် အဓိပတိဂိုဏ်းကိုသတင်းပို့ပြီး ကိုင်တွယ်ခိုင်းလိုက်ခြင်းမှာသာ ပို၍ ကောင်း၏။
ကုအန် ဆေးမီဖိုရှေ့တွင် ရပ်နေရင်း အိုးထဲရှိ ဆေးကိုသေချာကြည့်နေခဲ့သည်။ ထိုဆေးသည် မည်သည့်ဆေးမျိုးဖြစ်သည်ကို မသိနိုင်သောကြောင့် အဓိပတိဂိုဏ်းကိုသာ ပေးပြီး ဆုံးဖြတ်ခိုင်းဖို့ စီစဉ်ထားခဲ့၏။
ထိုညတွင်
ကုအန် သဘာ၀ဂူ ၈ လုံးထဲသို့သွားပြီး ပုံမှန်အတိုင်း ကောင်းကင်နဂါးအား သိုးသားကျွေးကာ ချူချင်းလီ၏ သိုလှောင်အိတ်ကို ထုတ်လိုက်သည်။
သိုလှောင်အိတ်ထဲကအရာမှန်သမျှကို ထုတ်ယူပြီးသည့်နောက်တွင်တော့ ကုအန် သိုလှောင်အိတ်ကို ဖျက်ဆီးပစ်လိုက်၏။
နတ်အသွင်ပြောင်းလဲခြင်းအဆင့်တစ်ယောက်သည် တကယ်ကို ချမ်းသာလွန်းလှသည်။ သူ့သိုလှောင်အိတ်ထဲ၌ စိတ်ဝိညဉ်ကျောက်တုံးများ စိတ်ဝိညဉ်ဆေးရည်များနှင့် ပြည့်နှက်နေ၏။
ကုအန်ပစ္စည်းများကို တစ်ခုချင်းစီစစ်ဆေးကြည့်လိုက်ပြီး အသုံးပြု၍မရသည့်ပစ္စည်းများအား ခြေရာခံလိုက်လာနိုင်ခြင်းမှ ကာကွယ်ရန် ဖျက်ဆီးပစ်လိုက်၏။
မှော်အသုံးအဆောင်ပစ္စည်းများကိုမူ ထိုပစ္စည်းများပေါ်ရှိ ချင်းချင်းလီ ၏အမှတ်အသားများကို ဖျက်ဆီးပစ်လိုက်ပြီး ပိုင်ရှင်မဲ့ပစ္စည်းများအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
နောက်ဆုံးတွင် ကုအန် သိုးသားရေပေါ်တွင်ရေးထားသော စာတစ်စောင်အားတွေ့သွားခဲ့၏။ ထိုစာသည် နတ်အာရုံကိုသုံး၍ ဖတ်ရသော စာမျိုးဖြစ်ပြီး နတ်အသွင်ပြောင်းလဲခြင်းအဆင့် အောက်မှလူများ မဖတ်နိုင်သော စာမျိုး ဖြစ်ပေသည်။
ထိုစာကိုဖတ်ပြီးသည့်နောက် ကုအန် ချူချင်းလီဘာကြောင့် အဓိပတိဂိုဏ်းသို့ လာရလဲဟူသော အကြောင်းအရင်းကို သိသွားခဲ့၏။ သူသည်လည်း မူလတာအိုအဆောင်အတွက် လာခဲ့ခြင်း ဖြစ်ပေသည်။
သူ၏တာ၀န်သည် အပြင်စည်းဂိုဏ်းရှိ ၀မ်းယင်ဂိုဏ်းသားတစ်ယောက်နှင့်တွေ့ဆုံပြီး မူလတာအိုအဆောင် ကိုခိုးယူရန် ဖြစ်၏။
ရွက်ဝါတစ်ထောင်မျှော်စင်အပြင် ၀မ်းယင်ဂိုဏ်းကလည်း အဓိပတိဂိုဏ်းထဲတွင် သူလျှိုအတော်များများလွှတ်ထားခဲ့ပြီး ချူချင်းလီလိုလူမျိုးနှင့်တွေ့ရမည့် သူလျှိုဆိုသည်မှာလည်း တော်ရုံသူလျှိုမျိုးတော့ မဟုတ်လောက်ပေ။
မိစ္ဆာလမ်းစဉ်က သူလျှိုတွေက နေရာတိုင်းမှာ ရှိနေတာပဲ!
ကုအန်ခံစားချက်များ ရှုပ်ထွေးသွားခဲ့ပြီးနောက် ဂူထဲရှိသူ၏ဆေးပင်များကို စစ်ဆေးခဲ့လေသည်။
……
နောက်တစ်နေ့မနက်တွင် ဝူရှင်း ထန်ယုနှင့်စုဟန်တို့ကိုခေါ်ကာ အပြင်စည်းဂိုဏ်းသို့ ထွက်သွားခဲ့၏။
မွန်းတည့်ချိန်သို့ ရောက်သောအခါ သူတို့သုံးယောက် ပြန်လာခဲ့ကြသည်။ ထိုမျှအမြန်ပြန်ရောက်ခြင်းမှာ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်တစ်ယောက်၏ လူတစ်ဒါဇင်ခန့်ဆံ့သော ဧရာမ အနီရောင်ယပ်တောင်ပျံကြီးကို စီးနင်းလာကြ၍ ဖြစ်သည်။ ထိုပေါ်တွင် ရီလန်လည်းပါလာခဲ့၏။
လူတိုင်းမြေပေါ်ရောက်သောအခါ ကုအန် သူတို့ကိုသွားနှုတ်ဆက်လိုက်သည်။
သူတို့ထဲမှခေါင်းဆောင်သည် ဥပဒေရေးရာခန်းမ၏ အကြီးအကဲ မုရုံယင် ဟုခေါ်သောလူဖြစ်၏။
[မုရုံယင်(ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်၃) ၂၆၈/၅၀၃/၉၀၈]
မုရုံယင်သည် ခရမ်းရောင်၀တ်စုံကို၀တ်ဆင်ထားကာ အရပ်ရှည်ပြီး ခန့်ညားသော လူတစ်ယောက်ဖြစ်ပေသည်။ သူ့ဆံပင်များသည် အမည်းနှင့်အဖြူရောနေပြီး သူ့လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းမှာ အဆင့်အတန်းမြင့်သော လူတစ်ယောက်အသွင်အပြင်ကို ထင်ဟပ်နေစေ၏။
ကုအန်ဆီမှ အဖြစ်အပျက်တစ်ခုလုံးကိုကြားပြီးသောအခါ မုရုံယင် အသာအယာခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“မင်းကောင်းကောင်းလုပ်ခဲ့တာပဲ ငါတို့ ဒီနယ်မြေတစ်ဝိုက်ကို ရှင်းလင်းထားလိုက်ပါ့မယ် နောက်ထပ်ဘယ်မိစ္ဆာမှ စိမ့်မ၀င်လာစေရဘူး”
ကုအန် အလျင်အမြန်ပင်ကျေးဇူးတင်ကြောင်း ပြောလိုက်၏။
ဥပဒေရေးရာခန်းမမှ တပည့်များသည် တောင်ကြားမှတပည့်များနှင့် စကားမပြောခဲ့ကြပေ။ သူတို့သည် ရှောင်ချွမ်၏ ခြံ၀န်းသို့သွား၍သာ သွေးစွန်းနေသော နံရံများနှင့် မြေကိုကြည့်လိုက်ကြပြီး ကြောက်ရွံ့သွားခဲ့ကြသည်။
မုရုံယင် ချူချင်းလီ၏ ဆေးမီးဖိုဆီသွားလိုက်ပြီး အထဲသို့ ကြည့်လိုက်ကာ မျက်မှောင်ကြုံ့သွားခဲ့၏။
ထိုအချိန်တွင် ရီလန်တစ်ယောက်မှာတော့ ကုအန်နားသို့ ကပ်၍ နှစ်သိမ့်ပေးနေခဲ့သည်။
တစ်နာရီခန့်ကြာသောအခါ မုရုံယင် ဆေးမီးဖိုကိုယူ၍ ဥပဒေရေးရာခန်းမမှ တပည့်များကိုခေါ်ကာ ပြန်ထွက်သွားခဲ့၏။
ထွက်ခွာသွားသော ဥပဒေရေးရာခန်းမမှ လူများကိုကြည့်နေရင်း ကျန်းချင် ကုအန်ကို မမေးဘဲမနေနိုင်ခဲ့ပေ။ “ဆရာ ဒီကိစ္စက ဒီလိုပဲပြီးသွားတာလား”
ကုအန် လည်းဥပဒေရေးရာခန်းမကို ထိုမျှမျှော်လင့်မထားဘဲ ထိုကိစ္စနှင့်ပတ်သက်ပြီး သူ့တွင် ဂိုဏ်းသို့သတင်းပို့လိုသော ရည်ရွယ်ချက်တစ်ခုသာ ရှိပေသည်။ ကုအန် မိစ္ဆာသူလျှိုတစ်ယောက်အဖြစ် အစွပ်စွဲမခံနိုင်ပေ။
“သူတို့စုံစမ်းကြမှာပါ အနည်းဆုံးတော့ မင်းဒေါ်လေးရီကို ယုံလို့ရတယ်” ကုအန် ပြုံး၍ပြောလိုက်သည်။
ကုအန် စကားကိုကြားသောအခါ ကျန်းချင်လည်း အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရ၏။
ဆန်းကြယ်တောင်ကြားအတွက် ချူချင်းလီသည် တဒင်္ဂပြဿနာသာဖြစ်သော်လည်း ကုအန်အတွက်တော့ အချက်ပေးသံ တစ်ခုဖြစ်ပေသည်။
ဆန်းကြယ်တောင်ကြားသည် ပြဿနာမည်မျှကို ရင်ဆိုင်ပြီးပြီနည်း။
မဖြစ်သေးဘူး!
အခုက ငါ့ကျင့်ကြံခြင်းကို မြှင့်ထားဖို့အချိန်ပဲ!
….
မသိလိုက်ခင်မှာပင် အချိန်၇ရက်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ထိုညနေ၌ ကုအန် ဆန်းကြယ်တောင်ကြားမှ တိတ်တဆိတ်ထွက်လာပြီး မိုင်တစ်ရာခန့်ဝေးသောတောအုပ်သို့ ရောက်သောအခါမှ တောအုပ်ထဲတွင် တင်ပလ္လင်ခွေထိုင်ချလိုက်၏။
ထို့နောက် စနစ်ကိုဖွင့်ပြီး သန့်စင်သောသစ်သားယန်နတ်ကျင်စဉ်ကို အာရုံစိုက်ထားလိုက်လေသည်။
သူအရင်ဆုံး သူ၏ကျင့်ကြံခြင်းကိုမမြှင့်ခင်တွင် ကျင့်စဉ်ကိုအရင်မြှင့်ရန် လိုအပ်၏။
ကုအန် ထိုကျင့်စဉ်ထဲသို့ သက်တမ်း ၁၀၀၀၀ ပေါင်းထည့်လိုက်သည်။
နောက်ဆုံးတွင် သန့်စင်သောသစ်သားယန်ကျင့်စဉ်သည် မူလသစ်သားယန်ကျင့်စဉ် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကုအန်လည်း ထိုကျင့်စဥ်အား တတ်မြောက်သောအဆင့်သို့ ရောက်ရှိသွားခဲ့၏။
မူလသစ်သားယန်ကျင့်စဉ်သည် နတ်သိုင်းတစ်ခုကိုလည်း နိုးထစေခဲ့ရာ ကုအန် ပျော်ရွှင်သွားခဲ့သည်။
ဤသို့ဖြင့် ကုအန်သက်တမ်းအလွှာကိုဖွင့်လိုက်ပြီး မူလသစ်သားယန်ကျင့်စဉ်၏ မှတ်ညဏ်များအား လက်ခံရယူခဲ့၏။
တစ်နာရီခန့်ကြာသောအခါ လွှဲပြောင်းမှုပြီးသွားပြီး ကုအန် နတ်သိုင်း၏ဆန်းကြယ်မှုကို နားလည်သွားခဲ့သည်။
ထိုနတ်သိုင်းနာမည်သည် အဆုံးမဲ့ယန်သစ်တော ဖြစ်ပြီး ကမ္ဘာမြေကြီးထဲသို့ စိတ်ဝိညဉ်စွမ်းအားထည့်ကာ နယ်မြေတစ်ခုကို ဖုံးလွှမ်းစေနိုင်သော ယန်သစ်တောကိုကြီးထွားစေသည့် ပညာဖြစ်၏။ ဤယန်သစ်တောသည် အနှစ်သာရ စိတ်ဝိညဉ်နှင့် သက်ရှိများ၏ စိတ်ဝိညဉ်စွမ်းအင်များကိုပါ စုပ်ယူနိုင်ပြီး အတော်လေး ကြောက်စရာကောင်းပေသည်။ အသုံးပြုသူတွင်သာ စိတ်ဝိညဉ်စွမ်းအင်လုံလုံလောက်လောက်ရှိနေပါက ထိုသိုင်းသည် မိုင်ပေါင်းထောင်ချီရှ်ိသော ကုန်းမြေကိုလွှမ်းမိုးပစ်နိုင်သည့် ယန်သစ်တောမျိုးကိုပင် ထုတ်လွှတ်နိုင်၏။
ကြမ်းလိုက်တဲ့နတ်သိုင်း!
ကုအန်ထိုနတ်သိုင်းအား အလွန်ကြိုက်နှစ်သက်နေမိခဲ့သည်။
ကုအန် စနစ်ကိုတစ်ချက်ပြန်ကြည့်လိုက်ပြီး သူ့ကျင့်ကြံခြင်းကို မြှင့်တင်ဖို့ စီစဉ်လိုက်၏။ ဤတစ်ကြိမ်တွင် ရုတ်ရုတ်သဲသဲထပ်ဖြစ်မသွားစေရန် ကုအန် နောက်တစ်ဆင့်သို့ မချိုးဖောက်ဘဲ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၉ အထိသာသွားမည်ဟု စဉ်းစားထားခဲ့သည်။
ကုအန်အရင်ဆုံး ကျင့်ကြံခြင်းထဲသို့ သက်တမ်း ၁၀၀၀ ပေါင်းထည့်လိုက်၏။
ထိုအခါ သူကျင့်ကြံခြင်းသည် အဆင့်၁ မှ အဆင့်၄ သို့ရောက်ရှိသွားခဲ့သည်။ ဤသို့ဖြင့် သူနောက်ထပ် သက်တမ်းထောင်ပေါင်းများစွာ ထပ်ထည့်ခဲ့ပြီးသည့်ေနာက် သူ့ကျင့်ကြံခြင်းသည် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၉ သို့ရောက်ရှိသွားခဲ့၏။ နောက်ဆုံးတွင် သူသက်တမ်းပေါင်း ၇၅၀၀ ပင် သုံးခဲ့ရသည်။
ယခုအခါကုအန်တွင် သက်တမ်း ၁၃၀၀၀ သာကျန်တော့သောကြောင့် ကုအန်ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်၏။
ကောင်းကင်နှင့်မြေပြင်၏ စိတ်ဝိညဉ်စွမ်းအင်များ ကုအန်ခန္ဓာကိုယ်ထဲသို့ တိုး၀င်လာနေသည့်အချိန်တွင် ကုအန် သူ့ခန္ဓာကိုယ်၏ ဆန်းကြယ်မှုများကို သတိထား၍ ကြည့်ရှုနေခဲ့လေသည်။ သူအမြဲတမ်း သက်တမ်းသုံးစွဲခြင်းအပေါ်တွင်သာ မှီခိုမနေသင့်ဘဲ သူ့ကိုယ်သူလည်းအားကိုးရန် လိုအပ်ပေသေးသည်။
စိတ်ဝိညဉ်စွမ်းအင်များသည် ကုအန်ကိုယ်ထဲသို့၀င်သွားပြီး ရွှေအမြုတွေထိပ်ဖျား၌ စုစည်းကာ စိတ်ဝိညဉ်စွမ်းအားများထုတ်လွှတ်ပေးပြီး သူ၏ ကြွက်သား အရိုး နှင့် မူလဝိညဉ်ကို အားဖြည့်ပေးပြီး ကုအန်၏ ကျင့်ကြံခြင်းသည် တဖြည်းဖြည်းတိုးတက်လာခဲ့၏။
ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်သို ရောက်ပြီးသည့်အခါမှာပင် ရွှေအမြုတေသည် ဒြန်တန်ထဲတွင် ကျန်ရှိနေဆဲ ဖြစ်ကာ ယခုအဆင့်တွင် ကုအန် ရွှေအမြုတေကိုပို၍ပင် ထင်ထင်ရှားရှား သတိထားမိလာခဲ့သည်။
ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သည်လည်း ကျင့်ကြံခြင်းလမ်းစဉ်၌ အခြေခံတည်ဆောက်ခြင်းတစ်ခုသာဖြစ်ပြီး ရွှေအမြုတေ၏ ဆန်းကြယ်မှုသည် စိတ်ဝိညဉ်အမြစ်ကဲ့သို့ပင် ပိုမြင့်သော ကျင့်ကြံခြင်းနယ်ပယ်များတွင် ပို၍ သိသာလာ၏။ စိတ်ဝိညဉ်အမြစ်တစ်ခုတည်းအား လေ့ကျင့်ခြင်းသည် ပိုမြင့်သော အဆင့်များသို့ ရောက်သောအခါ အတားအဆီးတစ်ခုဖြစ်လာနိုင်သည်ဟု ကုအန် အမြဲခံစားမိနေခဲ့သည်။
အမတများသည် တုနှိုင်းမဲ့စွမ်းအားရှင်များဖြစ်ကြပြီး ထိုသို့သော ပုဂ္ဂိုလ်များသည် လမ်းစဉ်တစ်ခုတည်းကို ကျင့်ကြံမည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။
ထိုအရာသည် မူလဝိညဉ်နှင့် ရွှေအမြုတေအတွက်လည်း အတူတူသာဖြစ်၏။ မူလဝိညဉ်သည် စိတ်ဝိညဉ်ဧ။် သရုပ်တစ်ခုသာဖြစ်ပြီး ကျင့်ကြံသူ၏စိတ်ဝိညဉ်ကို ခန္ဓာကိုယ်၏ ချုပ်နှောင်မှုမှ ကင်းလွတ်စေသော အရာဖြစ်ပေသည်။
နောက်လာမည့်ရက်များတွင် ကုအန်အခြားဒြပ်စင်များကို သူ၏ မူလသစ်သားယန်ကျင့်စဉ်နှင့် ပေါင်းစပ်ဖို့ ကြိုးစားမည်ဟု စဉ်းစားထားခဲ့၏။ သူသည် သူ၏ ဒြပ်ငါးမျိုး ကောင်းကင်းစိတ်ဝိညဉ်အမြစ်များနှင့် လိုက်ဖက်မည့် ဒြပ်ငါးမျိုးကျင့်စဉ်တစ်ခုကို ဖန်တီးေပတော့မည်။
နှစ်နာရီခန့်ကြာသောအခါ ကုအန် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၉ သို့ ရောက်ရှိသွားခဲ့သည်။ သူ့ကိုယ်ထဲသို့ တိုး၀င်လာသော ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညဉ်စွမ်းအင်များကြောင့် အပြင်စည်းဂိုဏ်းသည် နောက်တစ်ခါ လှုတ်ခတ်သွားခဲ့ရပြန်၏။
ထိုအရာသည် ကောင်းမွန်သောအရာဖြစ်ပေသည်။ ထိုမှသာ ဂိုဏ်းသည် မိစ္ဆာသူလျှိုများအပေါ် ပို၍ဖိဖိစီးစီးစုံစမ်းမည်ဖြစ်ပြီး သူလျှိုများဖိအား၀င်ကာ ကျိရှောင်ယု၏ ကပ်ဘေးကျော်ဖြတ်ခြင်းကို မနှောင့်ယှက်နိုင်မည် ဖြစ်၏။
ကုအန် ကျိရှောင်ယုကို ကူညီလိုက်နိုင်သည့်အတွက် ကြိတ်၍ကျေနပ်နေခဲ့လေသည်။
…..
နောက်တစ်နေ့မနက် ကုအန်သူ့တပည့်များနှင့်အတူ လေ့ကျင့်ခန်းလုပ်နေချိန်တွင် ဆန်းကြယ်တောင်ကြားပေါ်မှ ကျင့်ကြံသူများ တဖွဲဖွဲ ပျံသန်းသွားနေခဲ့ကြ၏။
ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၁ မှ အဆင့်၉ သို့တိုက်ရိုက်တက်သွားသောအခါ စုပ်ယူရသော စိတ်ဝိညဉ်စွမ်းအားသည် နတ်အသွင်ပြောင်းခြင်းအဆင့် ၁ မှ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၁ သို့ရောက်အောင် စုပ်ယူရသော စိတ်ဝိညဉ်စွမ်းအင် ပမာဏအောက် လုံးမ၀မလျော့ဘဲ ပိုပင်ပိုနေနိုင်သေးသည်။ အဓိပတိဂိုဏ်း၏ အပြင်စည်းဂိုဏ်းမှာတော့ ထိုကိစ္စမျိုးကို နှစ်ကြိမ်ဆက်ကြုံတွေ့ခဲ့ရ၍ ပို၍ပင် တင်းတင်းကြပ်ကြပ်စစ်ဆေးလာခဲ့၏။
ကုအန် ဒီအချိန်များအတွင်း သက်တမ်းစုဆောင်း၍ အေးဆေးသာနေမည်ဖြစ်ရာ သူ့ကိုရှာတွေ့သွားမှာတော့ စိတ်ပူစရာမလိုတော့ပေ။
နောက်တစ်ကြိမ်သည် သူ့အလှည့်မဟုတ်ဘဲ ဆန်းကြယ်တောင်ကြား၏ ကြီးမားသော တိုးတက်ပြောင်းလဲမှုကြီးအတွက်သာ ဖြစ်ပေသည်။
ဆောင်းဦးလေများ တိုက်ခတ်နေပြီး ဆန်းကြယ်တောင်ကြားသည် ပုံမှန်အတိုင်းဟာ လည်ပတ်နေခဲ့၏။
ချူချင်းလီ၏ ကိစ္စဖြစ်ပြီးကတည်းက ဆန်းကြယ်တောင်ကြားရှ်ိ တပည့်များသည် ပို၍ပင် ကြိုးကြိုးစားစား ကျင့်ကြံလာခဲ့ကြသည်။
ဤသို့ဖြင့် တစ်လ ကုန်ဆုံးသွားခဲ့၏။
ထိုနေ့က ကုအန်သစ်ပင်တစ်ပင်အောက်တွင် ကျိဝေအစီအရင်ကျမ်းကိုထိုင်ဖတ်နေရင်း သူ့ဘေးရှိ ခွေး၀၀တစ်ကောင်ကြွက်ဖြူလေးကို ပွတ်သတ်ပေးနေခဲ့သည်။
ထိုစဉ် ရုတ်တရက်
ကုအန် အတွင်းစည်းဂိုဏ်းဘက်မှ ကြီးမြတ်သော ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူကြီးနှစ်ယောက် တိုက်ခိုက်နေသော တိုက်ပွဲအရှိန်အဝါကို အာရုံရလိုက်မိ၏။
ကြည့်ရသည်မှာ ကျိရှောင်ယုသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ကိုချိုးဖျက်နေပြီဖြစ်ပြီး မိစ္ဆာသူလျှိုများမှာလည်း မစောင့်နိုင်လောက်တော့ပေ။ ထို့ကြောင့် တိုက်ပွဲဖြစ်နေခြင်း ဖြစ်နိင်ပေသည်။
ကုအန် ကျန်းချောင်ကို မတွေးမိဘဲ မနေနိုင်ခဲ့ပေ။ သို့သော် သူလုပ်ပေးနိုင်တာလည်း ဘာမှရှိမနေပေ။ ကျန်းချောင် အဆင်အခြင်မဲ့ ဘာမှမလုပ်ဖို့သာ သူဆုတောင်းနေမိ၏။ သူမ၏စိတ်ဝိညဉ်အခြေတည်အဆင့် ၁ လေးနှင့် ကျိရှောင်ယု၏ ရွှေအမြုတွေကို ခိုးရန်မှာ အတော်လေးခက်ခဲလိမ့်မည်ဖြစ်သော ကိစ္စဖြစ်ပေသည်။
အတွင်းစည်းဂိုဏ်းသည် အပြင်စည်းဂိုဏ်းနှင့် အတော်လေးဝေးသောကြောင့် တောင်ကြားရှိတပည့်များမှာတော့ ဘာမှမခံစားမိခဲ့ကြဘဲ သူတို့အလုပ်များကိုသာ ပုံမှန်အတိုင်း လုပ်နေခဲ့ကြ၏။
ညရောက်သည်အထိပင် ကုအန် ထိုတိုက်ပွဲမပြီးသေးသည်ကို အာရုံခံမိနေခဲ့သည်။
လေအေးများ ပြတင်းပေါက်မှတိုး၀င်ချိန်တွင် ကုအန် အခန်းထဲရှိ ခုံပေါ်တွင်ထိုင်၍ စာဖတ်နေခဲ့၏။ ထိုစဉ် သူ့အခန်းဆီသို့ ခြေသံတစ်သံ ချဉ်းကပ်လာခဲ့လေသည်။
“စီနီယာအစ်ကိုကြီး ကျွန်တော်၀င်လာလို့ရလား” ဝူရှင်းအသံထွက်ပေါ်လာခဲ့၏။
ကုအန်ပြန်ပြောလိုက်သည်။ “၀င်ခဲ့ပါ”
ကုအန် သူ့လက်ထဲက အစိမ်းရောင်သူရဲကောင်းစာအုပ်ကို ချန်းရွမ်တန်၏ ဆေးပင်တစ်ရာကျမ်းနှင့် အမြန်လဲလိုက်၏။
ဝူရှင်းတံခါးကိုတွန်းဖွင့်ကာ ၀င်လာလိုက်ပြီး အခန်းထဲရောက်သော် တံခါးပြန်ပိတ်ကာ ကုအန်ထိုင်နေသောခုံဆီသို့ သွားလိုက်သည်။ ကုအန်လက်ထဲမှ ဆေးပင်တစ်ရာကျမ်းစာအုပ်ကို မြင်သောအခါတွင်မူ သူလေးစားအားကျသွားခဲ့ရ၏။
စီနီယာအစ်ကိုကြီးက လေ့လာနိုင်စွမ်းအားအေတာ်ကောင်းတယ် ငါသူ့ကို ကူကုိကူညီရမယ်!
ကုအန် မော့ကြည့်ကာမေးလိုက်သည်။ “ဒီအချိန်ကြီး ဘာကိစ္စရှိလို့လဲ”
ဝူရှင်းအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ပြောလိုက်၏။ “စီနီယာအစ်ကိုကြီး အစ်ကို ချီကျင့်ကြံခြင်းအဆင့် ၉ မှာပိတ်မိနေတာကြာပြီမလား”
ကုအန် မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။ သူဘာကို ဆိုလိုနေပါသနည်း။
မင်းက တပည့်ခေါင်းဆောင်နေရာနဲ့တင် မကျေနပ်နိုင်ဘဲ ငါ့ရဲ့ ရာထူးကိုပါ လိုချင်နေတာလားဟ!
ဝူရှင်းဆက်ပြောလိုက်သည်။ “စီနီယာအစ်ကိုကြီး တကယ်တော့ ကျွန်တော်က ပါရမီရှင်တစ်ယောက်ပါ ဒါပေမယ့် ကျွန်တော့်ကျင့်ကြံခြင်းကို ဖိနှိပ်ထားတဲ့ နတ်သိုင်းတစ်ခုကို ကျင့်ထားခဲ့တယ် အဲ့ဒီကျင့်စဉ်က ကျင့်ကြံခြင်းကိုစုဆောင်းပေးထားပြီး ရုတ်တရက်မှ ထပေါက်ကွဲပြီး ကျင့်ကြံသူရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ ကျင့်စဉ်မျိုးပဲ”