← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

၄၉)

တာအိုဖြန့်ကျက်ကျင့်စဉ်၊ နတ်စွမ်းအားပေါင်းချုပ်

ဝူရှင်းစကားကို ကြားသောအခါ ကုအန် ရယ်ချင်ပက်ကျိဖြစ်သွားခဲ့ရသည်။

ထို့နောက် ပြုံး၍ ပြောလိုက်၏။ “အစ်ကိုကြီးမျက်လုံးထဲမှာတော့ မင်းကအမြဲတမ်း ပါရမီရှင်တစ်ယောက်ပါပဲ အခုမင်းက အစ်ကိုကြီးကို မင်းကျင့်စဉ် ပြချင်လို့လား”

ဝူရှင်းခေါင်းညိတ်ကာပြောလိုက်သည်။ “တကယ်တော့ ကျွန်တော်ပြောတဲ့ ပါရမီရှင်ဆိုတာ တောင်ကြားထဲက အခြားတပည့်တွေနဲ့ယှဉ်ရင်ပြောတာပါ ကျွန်တော့်ညီကိုမောင်နှမတွေနဲ့ယှဉ်ရင်တော့ ကျွန်တော့် ပါရမီကသာမန်ပါပဲ ကျွန်တော်ကျင့်ကြံတဲ့ ကျင့်စဉ်နာမည်က တာအိုဖြန့်ကျက်ကျင့်စဉ်လို့ ခေါ်ပါတယ် ကျွန်တော့်ကို နတ်ဘုန်းကြီးတစ်ပါးက သင်ပေးသွားခဲ့တာ”

“အဲ့ဒီကျင့်စဉ်ကို ကျင့်ကြံမယ်ဆိုရင် ကျင့်ကြံသူရဲ့ ကျင့်ကြံခြင်းအဆင့်ကမတိုးတက်တော့ဘူး ဒါပေမယ့် သူတို့ကျင့်ကြံလုိက်တဲ့ ကျင့်ကြံခြင်းကိုတော့ စုထားပေးလိမ့်မယ် ကျွန်တော်ကတော့ စည်းကို ကျွန်တော့်အသက်အရမ်းမကြီးသေးခင် ဖွင့်ပစ်မယ်လို့ စီစဉ်ထားတယ် အဲ့ဒီအချိန်ကျ ကျွန်တော့်စိတ်ဝိညဉ်အမြစ်အရည်အသွေးနဲ့ သက်တမ်းက ပြောင်းလဲသွားလိမ့်မယ် ဒါပေမယ့် စည်းကတစ်ခါကျိုးပျက်ပြီးသွားရင်တော့ တာအိုဖြန့်ကျက်ကျင့်စဉ်က အကျိုးသက်ရောက်မှုရှိမှာ မဟုတ်တော့ဘူး”

သူ့စကားကိုနားထောင်ပြီး ကုအန် တာအိုဖြန့်ကျက်ကျင့်စဉ်ကို စိတ်၀င်စားသွားခဲ့သည်။

“အဲ့ဒီနတ်ဘုန်းကြီးက ဘယ်အဆင့်လဲ” ကုအန် စိတ်၀င်တစားမေးလိုက်၏။

သူ့စကားကိုကြားသောအခါ ဝူရှင်းခေါင်းခါကာ ပြောလိုက်သည်။ “ကျွန်တော်လည်း သေချာမသိဘူး သူကတော့ သူ့ကိုယ်သူ အမတရှာဖွေ တာအိုပညာရှင် တစ်ယောက်လို့ပြောတယ်”

“သူက တာအိုပညာရှင်ဆို မင်းကဘာလို့ နတ်ဘုန်းကြီးလို့ ခေါ်တာလဲ”

“သူ့ခေါင်းက ခေါင်းတုံးပြောင်ကြီးကိုမှ သင်္ကန်းတစ်ထည်ကိုရုံထားတယ်လေ ဘယ်လိုလုပ် တာအိုပညာရှင်ဖြစ်နိုင်မှာလဲ ကျွန်တော့်ပုံစံကလည်း သူနဲ့တွေ့ပြီးမှ ပြောင်းသွားရတာ ကျွန်တော့်အနာဂတ်မှာ သာမန်မဟုတ်တဲ့ ကံကြမ္မာမျိုးရှိတယ်ဆိုပြီး ကျွန်တော့်ကိုအတင်း ခေါင်းတုံးတုံးသွားတော့တာပဲ ကျွန်တော့်ခေါင်းပေါ်က အမာရွတ်က သူ့ကြောင့်ပေါ့ အဲ့တာကြောင့် ဆံပင်ပြန်မပေါက်နိုင်တော့တာ”

ပြောနေရင်း ဝူရှင်းသူအတော်လေး မှားယွင်းခဲ့သည်ဟု ခံစားနေခဲ့ရသည်။ ယခုအခါ သူလည်းကုအန်လို ချောမောပြီး ကောင်မလေးတွေဝိုင်းနေသော ဘ၀မျိုးကို လိုချင်နေမိ၏။

ကုအန်ဆက်မမေးတော့ဘဲ ဝူရှင်းအား တာအိုဖြန့်ကျက်ကျင့်စဉ်ထုတ်ပြရန်သာ ပြောလိုက်သည်။

ထိုကျင့်စဉ် မည်မျှ ဆန်းကြယ်မလဲဆိုတာကို သူသိချင်နေမိ၏။

ဝူရှင်းစာအုပ်ထုတ်တာ တာအိုဖြန့်ကျက်ကျင့်စဉ်အကြောင်း တစ်နာရီလုံးလုံး သေချာ‌ရှင်းပြခဲ့သည်။

တာအိုဖြန့်ကျက်ကျင့်စဉ်မှာ အတော်လေး နက်နဲလှသော ကျင့်စဉ်မျိုး ဖြစ်၏။ သူ၏ အသက်ရှူစနစ်မှာပင် ရှုပ်ထွေးလှပြီး ကုအန်လို ကျင့်ကြံခြင်းမြင့်သောလူမျိုးအတွက်တော့ ထိုစာအုပ်သည် ပို၍ပင် လျှို့ဝှက်ဆန်းကြယ်နေသေးသည်။

“စီနီယာအစ်ကိုကြီး မှတ်မိလား ဒါမှမဟုတ် မနက်ဖြန်ပြန်ကြည့်လို့ရအောင် ကျွန်တော်ချရေးပေးခဲ့ရမလား” ဝူရှင်း မေးလိုက်၏။

ကုအန်ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ “ကောင်းပြီလေ ဒီကျင့်စဉ်က အတော်လေးကြောက်စရာကောင်းတာပဲ မင်းရဲ့ကြင်နာမှုအတွက်ကျေးဇူးတင်ပါတယ် ဒီညတော့နားလိုက်ကြတာပေါ့”

“ကျွန်တော်တို့ကြား ကျေးဇူးတင်စရာလိုလို့လား ကျွန်တော်တို့ဆက်ဆံရေးကဘာမလို့လဲ” ဝူရှင်းရယ်မောလိုက်ကာ သူ့အစ်ကိုကြီးကို ကူညီလိုက်ရသည့်အတွက် ကျေနပ်နေခဲ့၏။

ထို့နောက် သူပြန်သွားခဲ့လေသည်။

ဝူရှင်းလှေကားမှ ဆင်းသွားသောအခါ ကုအန်တာအိုဖြန့်ကျက်ကျင့်စဉ်ကို စတင်ကျင့်ကြံကြည့်လိုက်၏။

…..

သုံးရက်ကြာသောအခါ ကုအန်သစ်တောထဲတွင် စုဟန်နှင့် ဓားသိုင်းဖလှယ်နေခဲ့သည်။

ချူချင်းလီ ဒုက္ခပေးခဲ့သောနေ့က စုဟန်သည် ကြောက်ရွံ့နေသော်လည်း ဓားတစ်လက်ကိုကိုင်၍ ရှေ့ဆုံးမှရပ်နေခဲ့သူ ဖြစ်၏။ ထို့ကြောင့် ကုအန်သူ့ကို အကွက်အနည်းငယ်သင်ပြပေးဖို့ ဆုံးဖြတ်ခဲ့လိုက်သည်။

စုဟန်အစက သူ့ဆရာပျင်း၍ လာကစားနေခြင်းဟုသာ ထင်ခဲ့သော်လည်း တကယ်တိုက်ခိုက်ရသောအခါမှာတော့ သူ့အထင်နှင့်အမြင်တက်တက်စင်အောင် လွဲသွားခဲ့သည်။

ကုအန်သည် သစ်သားဓားကိုသုံးကာ ရိုးရှင်းသော ခြေကွက်များနှင့် သာမန်ဓားကွက်များကိုသာ သုံးနေသော်လည်း စုဟန် တိုက်ကွက်မှန်သမျှကို အလွယ်တကူ ချေဖျက်ပြနေခဲ့၏။

စုဟန် အတော်လေးအံ့ဩတုန်လှုပ်သွားပြီး ကုအန်၏ပုံရိပ်မှာလည်း သူ့နှလုံးသားထဲတွင် ပို၍ မြင့်တက်သွားခဲ့သည်။

အကွက် ဒါဇင်အနည်းငယ် တိုက်ခိုက်ပြီးသောအခါ စုဟန်၏ဓား ကုအန်ကြောင့် မြေပေါ် ပြုတ်ကျသွားခဲ့၏။

စုဟန် သူ့လည်ပင်းအား ချိန်ထားသော သစ်သားဓားကိုကြည့်ပြီး တံတွေးမြိုချလိုက်မိကာ ကုအန်အား အံ့ဩနေသောမျက်လုံးများဖြင့် ကြည့်ရှုလိုက်သည်။

ကုအန် သူ့ဓားကိုပြန်ရုတ်လိုက်ပြီး ပြုံး၍ မေးလိုက်၏။ “ဘယ်လိုနေလဲ”

“အရမ်းအံ့ဩစရာကောင်းတယ်….”စုဟန် ရှက်ရွံ့စွာ ပြောလိုက်သည်။

ကုအန်ခေါင်းခါလိုက်ကာ “ငါကမင်းကိုမြှောက်ပင့်ခိုင်းနေတာ မဟုတ်ဘူး မင်းဘယ်လိုခံစားလိုက်ရလဲလို့ မေးနေတာ”

စုဟန်တခဏတိတ်ဆိတ်သွားကာ သေချာပြန်စဉ်းစားလိုက်၏။

နေဦး!

ထို့နောက် သူ့စိတ်ထဲအတွေးတစ်ခု၀င်လာပြီး တုန်လှုပ်သွားကာ မေးလိုက်လေသည်။ “ဆရာ ဆရာအခုသုံးလိုက်တာ အာဃာတကောင်းကင်နတ်ဓားသိုင်းထဲက ဓားကွက်တွေလား”

ကုအန် ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ် ငါလည်းအာဃာတကောင်းကင်နတ်ဓားသိုင်းကို နက်နက်ရှိုင်းရှိုင်းနားမလည်သေးဘူး ဒါပေမယ့် ဘာလို့မင်းဓားကွက်တွေကို ချေဖျက်နိုင်လဲ သိလား”

“ဘာလို့လဲ” စုဟန် စကားထောက်ပေးလိုက်သည်။

“ငါကမင်းထက်မြန်လို့”

“ဒါပေမယ့်…”

“မင်းက ငါကမင်းထက်နှေးတယ်လို့ ထင်တယ်မလား ဒါဆိုငါကဘာလို့ မင်းဓားကွက်တွေကို အလွယ်တကူချေဖျက်နိုင်နေတာလဲ”

“ဟုတ်ပါတယ်ဆရာ တကယ်ပဲဆရာကအရမ်းနှေးတယ်လို့ ခံစားရတယ် ဒါပေမယ့်…”

“သေချာစဉ်းစားကြည့် မင်းကငါ့ကိုပဲ ကြည့်နေလို့ ငါကနှေးတယ်လို့ ခံစားနေရတာ ဒါပေမယ့် ငါ့မျက်လုံးတွေက‌ေတာ့ အမြဲမင်းဓားကိုပဲ ကြည့်နေတာ မင်းဓားကွက်မထုတ်ခင်ကတည်းက ငါကမင်းဓားကွက်ကို ခန့်မှန်းပြီးနေပြီ အဲ့တာ‌ေကြာင့် မင်းတကယ်တိုက်ခိုက်တဲ့အခါကျ ခုခံသူငါက မင်းထက်နှေးနေရင်တောင် မင်းဓားကွက်ကို အလွယ်တကူ ချေဖျက်နိုင်နေတာပေါ့”

ကုအန် စိတ်ရှည်ရှည်ရှင်းပြလိုက်ရာ စုဟန်လည်း အစကသူတို့ဓားပညာဖလှယ်ခဲ့စဉ်က အသုံးပြုခဲ့သော ဓားကွက်များကို ပြန်စဉ်းစားနေခဲ့လေသည်။

ထို့နောက် စုဟန်သဘောပေါက်သွားခဲ့၏။

တကယ်တော့ သူတို့ဓားစထုတ်ကတည်းက ရလဒ်မှာ ထွက်ပြီးသား ဖြစ်နေခဲ့ခြင်း ဖြစ်ပေသည်။

စုဟန် ကုအန်အား အားကျသော အကြည့်များဖြင့် ကြည့်လိုက်ကာ “ဆရာ ဆရာကတကယ်ပဲအံ့ဩစရာကောင်းလွန်းတယ် ဆရာက အာဃာတကောင်းကင်နတ်ဓားသိုင်းကို တစ်ခါပဲကြည့်လိုက်တာတောင် ကျွန်တော့်ထက်ကောင်းအောင် လေ့ကျင့်နိုင်ခဲ့တယ်”

ကုအန် ရှေ့သို့လျှောက်နေရင်း ပြုံးလိုက်ကာ “တကယ်တော့ ငါလည်းဓားသိုင်းတွေကျင့်ပါတယ် အဲ့တာကြောင့် မင်းထက်ပိုလွယ်လွယ်နားလည်နေခဲ့တာ ဒါပေမယ့် ဒီကိစ္စကိုမင်းပဲသိထားရမယ်နော် ဘယ်သူ့ကိုမှပြောမပြရဘူး ငါ့မှာလည်း ရန်ညှိုးနည်းနည်းရှ်ိလို့ ငါဓားပညာကိုနားလည်တယ်ဆိုတာ ဘယ်သူမှသိလို့မဖြစ်ဘူး”

ထိုစကားကိုကြားသောအခါ စုဟန်ချက်ချင်းဒူးထောက်လိုက်ပြီး လက်မြှောက်လိုက်ကာ ကျိန်ဆိုလိုက်၏။

“ကျွန်တော်ဘယ်တော့မှဆရာဓားပညာကျွမ်းကျင်တယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောမိစေရပါဘူး တကယ်လို့များ ကျွန်တော်ပြောခဲ့မိရင် မိုးကြိုးပစ်ပြီး အသက်တိုပါစေ”

ကုအန်သူ့ကို အမြန်ဆွဲထူလိုက်ပြီး ပြောလိုက်သည်။

“ဒါမျိုးတွေလုပ်ဖို့ မလိုပါဘူး မင်းကတိပေးတယ်ဆိုရင်ပဲ ဆရာယုံပါပြီ”

ထိုသို့ပြောလိုက်သော်လည်း ကုအန် စုဟန်အပြုအမူကြောင့် အတော်လေး ကျေနပ်သွားခဲ့၏။

သူ့မူအရ စုဟန်အား ဓားသိုင်းသင်ပေးရခြင်းမှာ အတော်လေးစွန့်စားထားသော ကိစ္စမျိုး ဖြစ်ပေသည်။

ထို့နောက် ကုအန် စုဟန်အား ဓားပညာဆက်လက်သင်ကြားပေးခဲ့၏။ အာဃာတကောင်းကင်နတ်ဓားသိုင်းကို သူသေချာမလေ့ကျင့်ထားပါသော်လည်း ထိုက်ကန်နတ်မင်သက်ဓားသိုင်းတွင် အောင်မြင်ထားမှုကြောင့် သူ့အတွက် စုဟန်ကို လမ်းညွှန်ရသည်မှာ အတော်လေးလွယ်နေခဲ့လေသည်။

တစ်နာရီခန့်ကြာသောအခါ ကုအန် တောထဲမှပြန်ထွက်လာခဲ့ပြီး စုဟန်မှာတော့ ဓားသိုင်းကိုသာ ဆက်လေ့ကျင့်နေခဲ့၏။

ကုအန် တောင်ကြားအ၀င်၀သို့ရောက်သောအခါ ဆေးဥယျာဉ်၏ ခြံစည်းရိုးတွင် ယန်မင် နှင့်အတူရှိနေသော လူတစ်ယောက်ပုံရိပ်အား တွေ့လိုက်ရသည်။

ကျန်းချောင်!

ဒီလိုနေ့ခင်းကြောင်တောင်ကြီး ဆန်းကြယ်တောင်ကြားကို သူဘယ်လိုလာရဲတာလဲ!

ကုအန်စိတ်ထဲတွင်လန့်သွားခဲ့၏။

ကျန်းချောင်ကိုယ်တိုင်မှာပင် ဤနေရာသို့ သူ့အရှိန်အဝါကို ဖုံးကွယ်ထားခြင်းမျိုးမရှိဘဲ ရောက်လာခြင်းဖြစ်သောကြောင့် ကုအန် သူ့အစား၀င်စိတ်ပူပေးနေစရာမလိုဘူးဟု ခံစားလိုက်ရသည်။

ကျန်းချောင် သူတို့ဆီသို့သာ အေးအေးဆေးဆေးလမ်းလျှောက်၍ သွားလိုက်ပြီး သူတို့အနားရောက်သောအခါ “ယန်မင် လုပ်စရာရှိတာတွေသွားလုပ်လိုက်ဦး ငါသူ့ကိုဧည့်ခံလိုက်မယ်”

ယန်မင် ခေါင်းညိတ်ပြလုိက်ကာ အမြန်ထွက်သွားခဲ့၏။

ကျန်းချောင် ကုအန်ကိုလှည့်ကြည့်ပြီး ပြုံးပြလိုက်ကာ “မင်းတပည့်ကတကယ်ကို သိတတ်တာပဲ”

ကုအန် ပြောလိုက်သည်။ “အပေါ်ထပ်ကို သွားပြောကြရအောင်”

ကျန်းချောင်လည်း မငြင်းဘဲ အိမ်အပေါ်ထပ်သို့ လိုက်လာခဲ့၏။

အခန်းထဲရောက်သောအခါ ကုအန်တံခါးပိတ်လိုက်ပြီး လေသံတိုးတိုးဖြင့် မေးလိုက်‌သည်။ “ဆရာဘွားဘွား ဘာလို့ရောက်လာတာလဲ ပြီးတော့ နေ့ခင်းကြောင်တောင်ကြီးမှာ….”

ကျန်းချောင် အေးအေးဆေးဆေးထိုင်လိုက်ပြီး အဆောင်စာရွက်များကိုထုတ်ကာ တံခါးမကြီးနဲ့ ပြတင်းပေါက်များဆီပစ်၍ ကပ်လိုက်ပြီး လက်ဖက်ရည်‌ငှဲ့ကာ ပြောလိုက်၏။ “ဘာကြောက်စရာလိုလဲ ငါဒဏ်ရာအကြီးအကျယ်မရခင်ကလည်း ငါ့သရုပ်မှန်ကိုဘယ်သူမှမသိကြဘူး

ငါပုန်းနေရတဲ့ အကြောင်းအရင်းက ငါ့မှာရန်သူရှိနေလို့ အခုငါစုံစမ်းပြီးပြီ ငါ့ရန်သူ‌ေတွက သေကုန်ကြပြီ”

ကုအန် သူ့ရှေ့တွင်၀င်ထိုင်လိုက်ပြီး စိတ်၀င်တစားမေးလိုက်သည်။ “ရန်သူတွေက အဓိပတိဂိုဏ်းကပဲလား”

“အဲ့ဒီလူက ငါ့လိုမိစ္ဆာလမ်းစဉ်က သူလျှိုပဲ” ကျန်းချောင် အပြုံးနှင့်မတူသော အပြုံးတစ်ခုကိုပြုံးနေရင်း ပြောလိုက်၏။

ကုအန် အသေးစိတ်သိချင်နေပါသော်လည်း မေးရန်ပြင်လိုက်ချိန်တွင် ကျန်းချောင် လက်ကာပြလိုက်သည်။ “ထပ်မမေးနဲ့တော့ ငါဆန်းကြယ်တောင်ကြားမှာ ခဏနေဦးမယ် အခြေအနေတွေတည်ငြိမ်သွားမှ ပြန်မယ် နင်ဘာပြောချင်လဲ”

ကုအန်မျက်မှောင်ကြုံ့ကာ မေးလိုက်၏။ “ဘာဖြစ်ခဲ့လို့လဲ ဆရာဘွားဘွား”

ကျန်းချောင်သည် အတွင်းဒဏ်ရာရထားပါသော်လည်း အဆင်ပြေချင်ယောင်ဆောင်နေခြင်းဖြစ်မှန်း ကုအန် ခံစားမိနေခဲ့သည်။

ကျန်းချောင်မျက်လုံးများ ရှုပ်ထွေးသွားပြီး အေးအေးဆေးဆေးပြန်ပြောလိုက်၏။ “အဲ့ဒီကျိရှောင်ယုက တကယ်ပဲ မရိုးရှင်းဘူး ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ကိုရောက်သွားတာနဲ့ ငါ့တိုက်ကွက်ကို ခုခံနိုင်ခဲ့တယ် ငါ့အာရုံသူ့ဆီရောက်နေချိန် ကျိမိသားစုက စိတ်ဝိညဉ်အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်တိုက်ခိုက်တာခံလိုက်ရပြီး ဒဏ်ရာရလာခဲ့တာပဲ”

“ဆရာဘွားဘွားကို သူတို့သိသွားကြသေးလား” ကုအန် အမူအရာတောင့်တင်းသွားခဲ့သည်။

ကျန်းချောင်သူ့အား တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။ “ငါနင့်ကိုသင်ပေးထားတဲ့ မိစ္ဆာအရိပ်နတ်သိုင်းကို မေ့သွားတာလား ငါ့ခန္ဓာကိုယ်အစစ်နဲ့သွားခဲ့တာမဟုတ်ပါဘူး အဲ့တာကြောင့် နင်စိတ်ပူစရာမလိုဘူး”

ထိုစကားကိုကြားမှသာ ကုအန်သက်ပြင်းချနိုင်ခဲ့သည်။

ကုအန်ထပ်မေးလိုက်၏။ “ကျိရှောင်ယုရဲ့ မူလတာအိုအဆောင်ကိုရော တစ်ယောက်ယောက်ယူနိုင်သွားလား”

ကျန်းချောင်ခေါင်းခါလိုက်ကာ ပြောလိုက်သည်။ “ဘယ်သူမှ မအောင်မြင်ခဲ့ဘူး သူ့ရဲ့ချီလင်ခြေလှမ်းကြောင့် စိတ်ဝိညဉ်အခြေတည်အဆင့် ကျင့်ကြံသူတွေအနေနဲ့ သူ့အနားကပ်ဖို့ အရမ်းခက်နေတယ် ပိုသန်မာတဲ့ မိစ္ဆာလမ်းစဉ်က နတ်အသွင်ပြောင်းခြင်းအဆင့်သူလျှိုတွေကတော့ ကျိမိသားစုနဲ့ အဓိပတိဂိုဏ်းကအကြီးအကဲတွေတားဆီးတာ ခံလိုက်ရတယ် အဓိပတိဂိုဏ်းကအကြီးအကဲတွေက အတော်လေးကြောက်စရာကောင်းလွန်းတယ်…”

ကျိရှောင်ယု အန္တရာယ်ကင်းတာသိလိုက်ရမှသာ ကုအန်စိတ်အေးသွားခဲ့ရ၏။

ကျိရှောင်ယု‌ေရာ ကျန်းချောင်ရော မသေခြင်းသည် ဖြစ်သမျှထဲ အကောင်းဆုံးရလဒ်သာ ဖြစ်ပေသည်။

ထိုစဉ် ကျန်းချောင်ကို မျက်လုံးလှန်ကြည့်လိုက်ကာ ရယ်ကျဲကျဲလုပ်၍ မေးလိုက်၏။ “နင်ကျိမိသားစုကို သတင်းသွားပေးလိုက်တာမလား”

ကုအန်အမြန်ခေါင်းခါလိုက်ကာ ဖြေလိုက်သည်။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကျွန်တော်ကအဲ့လိုလူမျိုးမဟုတ်ပါဘူး”

“တကယ်လား”

“တကယ်ပါ ကျွန်တော်ကျိန်ပြောရဲပါတယ်”

ကုအန်လေးလေးနက်နက်ပြောလိုက်သည်။ ယခုပင် စုဟန်က သူ့ရှေ့တွင်ကျိန်ပြခဲ့ပြီး အခုသူလည်း ကျန်းချောင်ရှေ့တွင် ကျိန်ပြရတော့မည်လော။

ကျန်းချောင်ကုအန်အား အကဲခတ်သည့်ပုံဖြင့် ကြည့်လိုက်ပြီးပြောလိုက်၏။ “မလိုပါဘူး တကယ်တော့ငါကနင့်ကို ကျိမိသားစုကိုသတင်း‌ေပးတဲ့နေရာမှာသုံးဖို့ တွေးထားတာ အဲ့တာမှ ကျိရှောင်ယု အမြုတေဖွဲ့စည်းနေတဲ့အချိန် တိုက်ပွဲကြီးတစ်ခုဖြစ်လာပြီး ငါ့အတွက်အခွင့်အရေး ရှိမှာကိုး နှမြောစရာကောင်းလိုက်တာ ငါကနင့်ကိုအခုလိုလူဖြစ်နေမယ်လို့ မျှော်လင့်မထားခဲ့ဘူး ငါနင့်ကိုတကယ်ပဲ အထင်မှားသွားခဲ့တာပဲ” ကျန်းချောင် ၀မ်းနည်းနေပုံဟန်ဆောင်လိုက်ပြီး သက်ပြင်းတစ်ချက်ပင် ချလိုက်သေးသည်။

ကုအန် ဆိတ်‌ဆိတ်သာနေလိုက်၏။

ကျန်းချောင် သူ့‌ေလသံကိုပြောင်းလိုက်ပြီး ပြုံးလိုက်ကာ “ဒါပေမယ့် အခုလိုတွေဖြစ်တော့လည်း နင်ကငါ့ဘက်ကို ပိုပါတယ်ဆိုတာ သိလိုက်ရတာပေါ့ ငါ့ရဲ့နင့်အပေါ်ကြိုးစားအားထုတ်ထားမှုတွေက အလကားတော့ဖြစ်မသွားဘူးပဲ အနာဂတ်မှာ ဒီဆရာဘွားဘွားက နင့်ကိုကောင်းကောင်းဆက်ဆံပါ့မယ် ဂုဏ်ယူပါတယ် ဆရာဘွားဘွားရဲ့နှလုံးသားကို နင်အပိုင်ရသွားပြီ”

“ဆရာဘွားဘွား အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့ဗျာ”

“ဟားဟား ကြည့်ရတာနင်တော့ လမ်းမှန်ဂိုဏ်းတွေရဲ့ဘောင်ထဲမှာ နေရတာများပြီး ဟာသကိုတောင် ဟာသလိုမမြင်နိုင်တော့ဘူးပဲ”

ကျန်းချောင်ပါးစပ်ကိုအုပ်ကာ ရယ်နေသောကြောင့် ကုအန် ဘာပြန်ပြောရမယ်မှန်းမသိ ဖြစ်နေခဲ့၏။

ထိုအခိုက်တွင် ကျန်းချောင်သူ့သိုလှောင်အိတ်ထဲမှ ကြေးတံဆိပ်ပြားတစ်ခုထုတ်လိုက်ပြီး စားပွဲပေါ် တင်လိုက်သည်။

တံဆိပ်ပြားသည် လေးထောင့်ပုံရှိပြီး ထောင့်စွန်းများသည်ချွန်မနေဘဲ မျက်နှာ‌ပြင်ပေါ်တွင် စာအသေးလေးများ ရေးထား၏။

ကျန်းချောင်မျက်လုံးထဲတွင် လောဘအရိပ်ယောင်များတောက်နေပြီး ပြောလိုက်သည်။ “တကယ်တော့ ငါကျိမိသားစုကိုလာရတဲ့ အဓိကရည်ရွယ်ချက်က ဒီတံဆိပ်ပြားကြောင့်ပဲ ဒါကကျိမိသားစုရဲ့ နတ်စွမ်းအား ဆယ်မျိုးထဲက တစ်မျိုးကို မှတ်တမ်းတင်ထားတဲ့ နတ်စွမ်းအားပေါင်းချုပ်ပဲ ကျိမိသားစုခေါင်းဆောင်က ကျိရှောင်ယုကိုပေးတဲ့ ဂုဏ်ပြုလက်ဆောင်ဆိုလည်းဟုတ်တယ်

ဒီပစ္စည်းကိုဖွင့်ဖို့က ကျိမိသားစုတိုက်ရိုက်သွေးမျိုးဆက်အဆီအနှစ် လိုအပ်တယ် ဒါပေမယ့် နတ်အသွင်ပြောင်းခြင်းအဆင့်အထက်ကလူဆိုရင်တော့ အထဲက အစီအရင်တွေကိုဖျက်ဆီးပြီး ဒီတိုင်းတန်းဖွင့်နိုင်တယ်”

“ကျိမိသားစုက ကျိရှောင်ယုကို ချီလင်ခြေလှမ်းတင်မကဘဲ ဒီနတ်စွမ်းအားပေါင်းချုပ်ကိုလည်း ပေးထားသေးတယ် ကြည့်ရတာ သူတို့က သူမကိုအနာဂတ်မှာ မြင့်မြတ်ကုန်းမြေထိသွားနိုင်အောင် ကူညီပေးမယ့်ပုံပဲ”

နတ်စွမ်းအား ပေါင်းချုပ်တဲ့လား!

ကုအန်အကြည့်များ သူ့ရှေ့ရှိ ကြေးတံဆိပ်ပြားလေးပေါ်ရောက်သွားပြီး စိတ်၀င်စားသွားမိ၏။

ကျန်းချောင် ကြေးတံဆိပ်ပြားကိုကုအန်ဆီ တွန်းပို့လိုက်ပြီး ပြောလိုက်သည်။ “ဒီပစ္စည်းကို အခုတော့ နင်ယူထားဦး ပြီးရင် သဘာ၀ဂူ၈လုံးထဲမှာဖွက်ထား ငါကျိမိသားစုရဲ့တိုက်ရိုက်သွေးမျိုးဆက်အဆီအနှစ်ရမှ နင့်ကိုပြန်လာရှာမယ် အဲ့ဒီမတိုင်ခင်ကတော့ ဒီပစ္စည်းငါ့ဆီမှာရှိနေလို့ မဖြစ်ဘူး”

ကုအန် သူ့ရှေ့ရှ်ိ ကြေးတံဆိပ်ပြားကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်၏။

အပိုင်း(၅၀)

ကောင်းကင်နှင့်မြေကြီးလမ်းစဉ်၊ ထျန်းယတောင်ကြား

ကုအန် ကြေးနီပြားအား သူ့သိုလှောင်အိတ်ထဲထည့်လိုက်ကာ မေးလိုက်သည်။

“ဆရာဘွားဘွားလို ရွက်ဝါတစ်ထောင်မျှော်စင်က ပါရမီရှင်တစ်ယောက် မနာလိုဖြစ်ရလောက်အောင်ထိ ကျိမိသားစုရဲ့ နတ်သိုင်း ၁၀ ခုက တကယ်ပဲစွမ်းလို့လား”

ကျန်းချောင် သူ့ဘေးရှိ သစ်သားဗီရိုကိုကြည့်နေရင်း ပြောလိုက်၏။ “အရမ်းအစွမ်းထက်တယ် အဲ့တာက မင်းကျင့်ကြံချင်တောင် ကျင့်ကြံလို့ရတဲ့သိုင်းမျိုးမဟုတ်ဘူး ကျိမိသားစုထဲမှာ အဲ့ဒီ သိုင်း၁၀ခုထဲက တစ်ခုခုကိုကျင့်ကြံနိုင်တဲ့သူက ပင်မကျိမိသားစုကြီးရဲ့အာရုံစိုက်မှုကိုရပြီး တိုက်ရိုက်သွေးမျိုးဆက်အဖြစ် ပင်မကျိမိသားစုထဲကို ခေါ်သွင်းခံရတယ်”

“ထိုက်ကန်မင်းဆက်မှာ အခြားဂိုဏ်းတွေအားလုံးပေါင်းရင်တောင် အဓိပတိဂိုဏ်းကို ယှဉ်ဖို့ခက်သလိုပဲ မြင့်မြတ်မိသားစုကြီးတွေကြားမှာလည်း ခွန်အားကွာဟမှု အရမ်းများကြတယ် ထိုက်ကန်မင်းဆက်ရဲ့ အထက်မှာတောင် ရပ်တည်နေကြတဲ့ မိသားစုကြီးသုံးခုရှိတယ် ကျိမိသားစုက အဲ့ထဲကတစ်ခုပဲ”

သူ့စကားများကိုကြားသောအခါ ကျိမိသားစုတွင်လည်း ရွက်ဝါတစ်ထောင်မျှော်စင်မှသူလျှိုများ ရှိနေရမည်ဟု ကုအန်ခံစားလိုက်ရသည်။

ထို့နောက် ကုအန်ထပ်မေးလိုက်၏။ “အခြားမိသားစုနှစ်ခုက ဘာတွေလဲ”

“ကျိုး နဲ့ ကု”

“ဘာလို့ လီမိသားစု မပါတာလဲ”

“ဟားဟား လီမိသားစုက အိမ်မွေးတိရစ္ဆာန်လေးတွေသက်သက်ပါပဲ”

ကျန်းချောင်၏လေသံသည် လီမိသားစုကို အထင်သေးနေပုံပေါက်နေပြီး ကုအန်၏ ထိုက်ကန်မင်းဆက်အပေါ် နားလည်မှုများလည်း ပြောင်းလဲသွားခဲ့ရသည်။

တော်၀င်မိသားစုက အသန်မာဆုံးမိသားစု မဟုတ်ဘူးတဲ့လား။

ဟုတ်တာပဲ လီရွှမ်တောက်ရဲ့သက်တမ်းကအတော်လေး အံ့ဩစရာကောင်းတယ်ဆိုပေမယ့် ကျိမိသားစုက ကျိရှောင်ယုနဲ့ယှဉ်ရင်တော့ အဝေးကြီးလိုနေသေးတယ်!

ကျိရှောင်ယုသည် ကုအန်တွေ့ဖူးသမျှထဲတွင် ပါရမီအကောင်းဆုံးသူဖြစ်၏။ ကုကျုံးသည်လည်း ကုမိသားစုမှဆိုတာ သေချာလှပြီး သူ့ကဲ့သို့ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ပင်ရှိနေလေရာ ကုမိသားစု၏ အင်အားကိုခန့်မှန်းနိုင်ပေသည်။

ကျိုးမိသားစုမှလူများနှင့်တော့ ကုအန်တစ်ခါမှ မတွေ့ဖူးပေ။

ဤအခွင့်အရေးကိုယူ၍ ကုအန် ကျန်းချောင်အား သူသိလိုသမျှ အမတကမ္ဘာကြီးနှင့်ပတ်သက်သော မေးခွန်းများကို ဆက်တိုက်မေးခဲ့၏။

မိနစ်၃၀ခန့်ကြာသောအခါ ကျန်းချောင်စိတ်မရှည် ဖြစ်လာခဲ့သည်။

“ဘာလို့နင့်မှာ မေးခွန်းတွေအရမ်းများနေတာလဲ အမြန်လုပ် ဒီအဖွားကြီးအတွက် နေစရာစီစဉ်ပေးတော့”

ဤအကြိမ်သည် ပထမဆုံးအကြိမ် ကျန်းချောင်ထံမှ သူ့ကိုယ်သူအဖွားကြီးဟုသုံးသည်ကို ကြားရခြင်းဖြစ်သောကြောင့် သူ့ဒဏ်ရာများသည် သည်းမခံနိုင်တော့လောက်အောင် ပိုဆိုးလာခြင်းဖြစ်မည်ဟု ကုအန်ခံစားလိုက်ရသည်။

ထို့ကြောင့် ကုအန် ကျန်းချောင်ကိုအောက်သို့ခေါ်သွား၍ နေစရာအမြန်စီစဉ်ပေးလိုက်၏။

အိမ်ထဲသို့၀င်သွားပြီးသည့်နောက်တွင် ကျန်းချောင် စိတ်ဝိညဉ်စွမ်းအားများသုံး၍ သူ့ဒဏ်ရာများကို စတင်ကုသနေပြီး အပြင်သို့ ပြန်ထွက်မလာတော့ပေ။

ထုိအချိန်တွင် ကျန်းချင် ကုအန်ဆီရောက်လာပြီး ကျန်းချောင်အကြောင်း စိတ်၀င်တစားမေးမြန်းခဲ့လေသည်။

ကျန်းချောင်သည် အတွင်းစည်းဂိုဏ်းမှဖြစ်သည်ဟု ပြောလိုက်ပြီးသည့်နောက်တွင်တော့ ကျန်းချင် ဘာမှဆက်မမေးရဲတော့ပေ။

ညဉ့်အချိန်တွင် ကုအန် သဘာ၀ဂူ၈လုံးထဲသို့ သွားလိုက်ပြီး ကြေးတံဆိပ်ပြားကို မြေကြီးထဲထည့်မြှုပ်ခဲ့၏။

ကျန်းချောင်ထွက်သွားမှသာ သူထိုကြေးပြားကို သေချာစစ်ဆေးကြည့်ရပေလိမ့်မည်။

……

ဆောင်းဦးကုန်ဆုံးသွားပြီး နှင်းမှုန်များသည် ကောင်းကင်မှ ဖြည်းညှင်းစွာ ကျဆင်းလာခဲ့ကြပြန်သည်။

တောင်ကြားထဲတွင် တစ်လခန့် ဒဏ်ရာကုသပြီးသည့်နောက် ကျန်းချောင်ကုအန်အား နှုတ်ဆက်၍ ပြန်သွားခဲ့၏။ ဓားပျံကိုစီးနင်း၍ ပျံသန်းထွက်ခွာသွားသော ကျန်းချောင်ကိုကြည့်နေရင်း သူပြန်သွားသည့်အရပ်သည် အတွင်းစည်းဂိုဏ်းနှင့် ဆန့်ကျင်ဘက်အရပ်ဖြစ်နေလေရာ သူမ အဓိပတိဂိုဏ်းမှ ထွက်သွားခြင်းဖြစ်မည်ဟု ကုအန် ခန့်မှန်းမိလိုက်သည်။

ထိုစဉ် ကုအန် ကျန်းချင်အခန်းဘက်သို့ ကြည့်လိုက်ရာ ကျန်းချောင်သင်ပေးသွားသော အထူးနည်းစနစ်တစ်ချို့ကို ကျင့်ကြံနေသော ကျန်းချင်ကို တွေ့လိုက်ရ၏။

ကျန်းချောင်ထွက်မသွားခင်က ကုအန်အား ကျန်းချင်ကိုနည်းနည်းသင်ပေးခဲ့သည်ဟု အသိပေးသွားခဲ့ပေသည်။

ကုအန် ခဏကြည့်ပြီးသည့်နောက် တောထဲတွင်ပြေးလွှားနေသော မိစ္ဆာသိုးများအား စစ်ဆေးရန် တောအုပ်ဘက်သို့ ထွက်လာခဲ့၏။

မိစ္ဆာသူလျှိုများလည်း ထွက်ခွာသွားပြီဖြစ်ရာ ကုအန် သူ၏အေးချမ်းသော လယ်သမားဘ၀လေးကို ပြန်လည်စတင်ရပေတော့မည်။

ကုအန် သူ၏ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၉ အား မကျေနပ်နိုင်သေးဘဲ မလုံလောက်သေးဘူးဟုသာ ခံစားနေခဲ့ရသည်။ သို့သော် သူ့သက်တမ်းများကို ၁သန်း ပြည့်သည်အထိစုပြီး ၁သန်းပြည့်လျှင် စနစ်မှ မည်သည့်စွမ်းအားမျိုး ထပ်မံရရှိလောက်မလဲဟု တွေးပြီး ကြိုးစားစုကြည့်ရန် စဉ်းစားထားခဲ့၏။

ထိုနေ့များတွင် ကုအန် အပြင်စည်းဂိုဏ်းသားဂူများကို စီမံပေးရန် တစ်ခါတရံတောင်ကြားမှ ထွက်ခွာသွားတတ်ပြီး အပြင်စည်းဂိုဏ်းသို့သွား၍လည်း အဆင့်မြင့် ဆေးမျိုးစေ့များ ထွက်၀ယ်ခဲ့လေသည်။

ဤသို့ဖြင့် ဆောင်းနှင်းများသည် ပိုမိုထူထဲလာကြပြီး ဆေးတောင်ကြားတစ်ခုလုံးအား ဖုံးအုပ်လာခဲ့ကြပြန်၏။

တစ်ညတွင် ကုအန် သဘာ၀ဂူ၈လုံးထဲသို့ ၀င်သွားခဲ့သည်။

ထို့နောက် သူမြှုပ်ထားသော ကြေး‌ပြားကို ပြန်တူးထုတ်လိုက်ပြီး နွယ်စိမ်းပင်အောက်သို့ သွား၍ ထိုင်လိုက်၏။ ထိုအချိန် ကောင်းကင်နဂါးလေး သူ့အနားသို့ကပ်လာလေရာ ကုအန် ပွတ်ပေးလိုက်သည်။

ရုတ်တရက် ကုအန် နဂါးလေး၏ခန္ဓာကိုယ် အတော်လေးပြည့်လာသည်ကို ခံစားမိလိုက်ပြီး ထိုအရာသည် ကောင်းသောလက္ခဏာတော့ ဟုတ်မနေပေ။

ထို့ကြောင့် နဂါးလေးအား အစားလျှော့စားဖို့ သတိပေးခဲ့လိုက်၏။ သူဖက်တီးနဂါးတစ်ကောင်အား မမွေးလိုပေ။

နဂါးလေးနှင့်ခဏ ကစားပြီးသည့်နောက် ကုအန် နတ်အာရုံကိုသုံး၍ ကြေးပြားအား စစ်ဆေးကြည့်လိုက်သည်။

ကျန်းချောင်သူ့အား မညာခဲ့ပေ။ ကြေးပြားထဲတွင် အစီအရင်များစွာရှိနေပြီး ဟင်းလင်း‌ဖြတ်ကျော်ခြင်းအဆင့်အောက်မှလူများ လုံး၀ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ပေ။

အုံးးး!

အသံတစ်သံထွက်ပေါ်လာခဲ့ပြီး ကြေးပြားထဲရှိ အစီအရင် အတားအဆီးများသည် အားသုံး၍ချိုးဖျက်ခံခဲ့ရသည်။ အစီအရင်ပြိုကွဲသွားသောအခါ ကုအန် စိတ်ထဲသို့ အချက်အလက်များစွာ တိုး၀င်လာခဲ့ကြ၏။

ထိုမှတ်ညဏ်များသည် အလွန်ရှုပ်ထွေးလှပြီး ပရမ်းပတာနိုင်သော အချက်အလက်များဖြစ်သောကြောင့် ကုအန်ပင် မျက်မှောင်ကြုံ့သွားရသည်။

အတားအဆီးကို ချိုးဖျက်ပြီးသည့်အချိန်မှာပင် သူ့ဆီတိုး၀င်လာသော အချက်အလက်များကို ပြန်စီပေးရန် အချိန်လိုအပ်နေသေး၏။

သို့သော် ကုအန်၏သန်မာလှသော နတ်အာရုံကြောင့် တခဏအတွင်း အချက်အလက်များကို နေရာတကျ စီစဉ်ထားနိုင်ခဲ့သည်။

ဒီနတ်စွမ်းအားကို ကောင်းကင်နှင့်မြေပြင်လမ်းစဉ် လို့ခေါ်တာပဲ!

….

ဆောင်းနှင်းများသည် ဖြူဖွေးသန့်နေကြပြီး ယခုနှစ်၌ အရင်နှစ်များထက်လည်း နှင်းပိုကျခဲ့၏။ ထို့ကြောင့် နှင်းခဲများကို သူ့တပည့်များအားရှင်းခိုင်းရုံမှလွဲ၍ ကုအန်ရွေးချယ်စရာမရှိခဲ့ပေ။

အရေးပေါ်လိုအပ်တာမျိုးမဟုတ်ပါက နှင်းခဲများရှင်းရာ၌ စိတ်ဝိညဉ်စွမ်းအားလည်း သုံးမရပေ။ ထိုအရာကိုလည်း ကုအန်က လေ့ကျင့်နည်းတစ်မျိုးဟု သတ်မှတ်ထားခဲ့သည်။

နှင်းမိုးသည်းနေခြင်းသည် နေ့တစ်၀က်ခန့်ကြာမှသာ ရပ်တန့်သွားခဲ့၏။

ကုအန် သူ့ဆေးပင်များကို စစ်ဆေးကြည့်လိုက်ပြီး တစ်ပင်မှ ပျက်ဆီးမသွားတာ တွေ့လိုက်ရမှသာ ပြုံးနိုင်ခဲ့သည်။

ဆေးပင်များအား ခဏကြည့်ပြီ့သည့်နောက် ကုအန် ဆေးတောင်ကြားအ၀င်၀တွင် ရပ်နေ‌ပြီး မိုးကာခမောက်နှင့် ကောက်ရိုး၀တ်ရုံကို ထပ်၀တ်ထားသော လူတစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုသူသည် သူ့ကျောတွင်လည်း အ၀တ်ဖြင့် သေချာပတ်ထားသော လှံရှည်တစ်ချောင်းကို လွယ်ထားခဲ့သည်။

[လျူဟွမ်(ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၈) : ၆၆/၄၀၀/၂၈၀၃]

အမြင့်ဆုံးနေနိုင်တဲ့သက်တမ်း ၂၈၀၀!

ဒါကမရိုးရှင်းဘူးပဲ!

ကုအန် လျူဟွမ်ဆီသို့ ချက်ချင်း လျှောက်သွားလိုက်၏။

ကုအန် လက်သီးဆုပ်၍ နှုတ်ဆက်ပြီး မေးရန်ပြင်လိုက်ချိန်တွင် လျူဟွမ်‌ဆီမှ အသံထွက်လာခဲ့သည်။ “ဘယ်သူက တောင်ကြားသခင်ကုအန်လဲ”

လျူဟွမ်၏အသံတွင် ငယ်ရွယ်သော်လည်း ညဏ်ပညာကြီးသောဟန်မျိုးဖြင့် ပြည့်နှက်နေခဲ့သည်။

ကုအန် ပြန်ပြောလိုက်၏။ “ကျွန်တော်က တောင်ကြားသခင်ပါ ဒီကမိတ်ဆွေကဘယ်သူလဲဆိုတာ သိပါရစေ”

လျူဟွမ် ခေါင်းမော့ကြည့်လိုက်ရာ မိုးကာခမောက်အောက်မှ သူ၏ ခန့်ညားသောမျက်နှာထွက်ပေါ်လာခဲ့၏။ သို့သော် သူ့မျက်နှာဘယ်ဘက်ခြမ်းတွင်တော့ ထောင်သားများအတွက်မှတ်ပေးထားတတ်သော အမှတ်အသားကြီးတစ်ခု ရှိနေလေသည်။

“အရှင်မင်းကြီးက ငါ့ကိုဒီကိုလွှတ်လိုက်တာပါ မင်းကိုပြင်ဆင်စရာရှိတာပြင်ဆင်ဖို့ အချိန်၁နာရီပေးမယ် ပြီးရင်ငါ့နောက်လိုက်ခဲ့” လျူဟွမ်ပြောလိုက်ပြီး ကုအန်ကိုကျော်သွားကာ တောင်ကြားထဲသို့ ၀င်သွားခဲ့၏။

ထိုစကားကိုကြားသောအခါ ကုအန်မျက်လုံးများ ပျော်ရွှင်မှုကြောင့် တောက်ပသွားခဲ့သည်။

နောက်ဆုံးတော့ သူတို့ရောက်လာခဲ့ပြီ!

လီရွှမ်တောက်သူ့အတွက်ပြင်ပေးထားသော ဆေးတောင်ကြားသည် မည်မျှကျယ်နေမလဲဟု ကုအန် စိတ်လှုပ်ရှားနေခဲ့၏။

ထို့နောက် ကုအန်ဝူရှင်းအား ချက်ချင်းသွားရှာကာ သူတောင်ကြားမှ ခဏထွက်သွားဦးမည် ဖြစ်ကြောင်းအသိပေးခဲ့သည်။ သူမရှိချိန်တွင် တောင်ကြားကို ကောင်းကောင်းထိန်းသိမ်းစောင့်ရှောက်ထားရန်လည်း မှာခဲ့၏။

ကုအန် ခဏထွက်သွားမည်ဟု ကြားသောအခါ ဝူရှင်းအလွန် စိတ်လှုပ်ရှားသွားခဲ့သည်။ ကုအန်မှာတော့ သူ့အား ထပ်ခါတစ်လဲလဲ ဆေးပင်များကို ဂရုစိုက်ရန်မှာနေပြီး အထူးသဖြင့် သူပြန်မလာခင် ဆေးပင်များကို ရိတ်သိမ်းမပစ်ရန် မှာနေခဲ့၏။

ဝူရှင်း သူ့အစ်ကိုကြီး၏ ဆေးပင်ရိတ်သိမ်းရတာကြိုက်သော ဝါသနာကိုသိထားသောကြောင့် သူပြန်မလာခင်ရိတ်သိမ်းမပစ်ပါဘူးဟု ကတိပေးခဲ့သည်။

လျူဟွမ် သူ့မိသားစုမှလက်ဆင့်ကမ်းပေးခဲ့သော သိုင်းများကိုလေ့ကျင့်နေသော ယိယန် ဆီသို့ ချဉ်းကပ်သွားခဲ့၏။

လျူဟွမ်ချဉ်းကပ်လာသည်ကို တွေ့သောအခါ ယိယန် ကြောက်လန့်သွားကာ လေ့ကျင့်နေသည်ကို ရပ်တန့်လိုက်လေသည်။

လျူဟွမ်သူ့ရင်ဘတ်ထဲမှ သိုင်းကျမ်းတစ်အုပ်ကို ထုတ်ပြီး ပစ်ပေးလိုက်ကာ ပြောလိုက်၏။ “မင်းခန္ဓာကိုယ်က မဆိုးဘူး မင်းဒါကိုကျင့်လို့ရတယ်”

သိုင်းကျမ်းကိုဖမ်းထားလိုက်ပြီး ယိယန်ပြန်ပြောလိုက်သည်။ “ဒါပေမယ့် ကျွန်‌ေတာ့်စိတ်ဝိညဉ်အမြစ်တွေက သာမန်ပဲလေ….”

“စိတ်ဝိညဉ်အမြစ်တွေက လူတစ်ယောက်ရဲ့ စွမ်းအင်စုပ်ယူခြင်းနဲ့ ကျင့်ကြံခြင်းပါရမီကိုပဲ ဆုံးဖြတ်ပေးနိုင်တာ အဲ့တာအပြင် လူတစ်ယောက်ရဲ့ ပါရမီကိုဆုံးဖြတ်ပေးနိုင်တာတွေရှ်ိသေးတယ် မင်းရဲ့ခန္ဓာကိုယ်က သာမန်လူတစ်ယောက်ထက် အများကြီးသန်မာတယ် အဲ့တာကြောင့် လှံသိုင်းကျင့်တဲ့နေရာမှာ သင့်တော်တယ်

မင်းဒီသိုင်းကိုတတ်သွားရင် မြို့တော်ကိုသွားပြီး စစ်တပ်ထဲ၀င်လို့ရတယ် အဲ့ဒီမှာ အကျိုးပြုမှတ်တွေနဲ့ ကောင်းကင်မြေပြင်ရတနာတွေကို လဲလှယ်ပြီး မင်းရဲ့ကံကြမ္မာကို ပြောင်းလဲပစ်နိုင်တယ်”

လျူဟွမ်၏ စကားများကြောင့် ယိယန်မျှော်လင့်ချက်များ ရှင်သန်သွားခဲ့ပြီး အမြန်ကျေးဇူးတင်လိုက်လေသည်။

လျူဟွမ်အသာအယာခေါင်းညိတ်ပြလိုက်ကာ တောင်ကြားထဲရှ်ိ ဆေးပင်များအား လှည့်ပတ်ကြည့်နေခဲ့၏။

တစ်နာရီခန့်ကြာသောအခါ ကုအန်သူ့အားရှာပြီး ထွက်ခွာရန် အဆင်သင့်ဖြစ်ပြီဟု ပြောလိုက်သည်။

ထိုအခါ လျူဟွမ် သူ့နောက်ကျောမှ တလက်လက်တောက်ပနေသော ရွှေရောင်လှံရှည်ကြီးအား ဆွဲထုတ်လိုက်ရာ တောင်ကြားထဲမှလူများအားလုံး ငေးမောသွားခဲ့ရ၏။

လက်နက်ကောင်းပဲ!

ကုအန်ပင်ကြိတ်၍ ချီးကျူးမိခဲ့သည်။

လျူဟွမ် သူ့လှံရှည်ကြီးအား လေပေါ်ပစ်တင်လိုက်ပြီး သူ့ကိုယ်တိုင်လည်း ထိုလှံပေါ်သို့ ခုန်တက်လိုက်၏။ ထို့နောက် မြေပြင်ပေါ်တွင်ရပ်နေသောကုအန်အား တစ်ချက်လှမ်းကြည့်ပြီး ပြောလိုက်သည်။

“တက်ခဲ့”

ကုအန်ချက်ချင်းပင်သူ့နောက်သို့ ခုန်တက်ခဲ့လိုက်၏။

ကုအန်လှံပေါ်ရောက်လာသည်နှင့် လျူဟွမ်သူ့စိတ်ဝိညဉ်စွမ်းအားဖြင့် ထိန်းချုပ်လိုက်ရာ လှံရှည်သည် ကောင်းကင်ရှိ နှင်းမြူများကိုထိုးခွဲ၍ ပျံသန်းသွားလေတော့သည်။

တောင်ကြားထဲရှိ တပည့်များမှာတော့ လျူဟွမ်၏သရုပ်မှန်အကြောင်းဆွေးနွေးရင်း ကျန်နေခဲ့ကြ၏။

ကောင်းကင်အမြင့်ကြီးရှိ‌ေလများသည် အေးစက်နေကာ လေများကြောင့် ကုအန် ဆံပင်နက်များ ဝေ့ဝဲနေပြီး သူ၏ချောမောခန့်ညားသော မျက်နှာအား ဖော်ပြနေခဲ့သည်။

“မဆိုးဘူး မင်းစိတ်ဝိညဉ်စွမ်းအားထိန်းချုပ်နိုင်စွမ်းက ကောင်းသားပဲ တည်တည်ငြိမ်ငြိမ်ရပ်နေနိုင်တယ်”

လျူဟွမ် ချီးကျုးဟန်ဖြင့် ပြောလိုက်၏။

ကုအန် ပြန်ပြောလိုက်သည်။ “ကျွန်တော်က ဓားပျံပညာကိုရူးသွပ်လို့ အတော်လေးလေ့လာထားလို့ပါ”

“မင်းကျင့်ကြံခြင်းကနိမ့်ပေမယ့် အရှင်မင်းကြီးရဲ့အာရုံစိုက်မှုကိုရထားပုံထောက်ရင် မင်းမှာလည်း သာမန်မဟုတ်တဲ့အရည်အချင်းတွေရှိနေမှာပဲ ဆေးတောင်ကြားကိုရောက်ရင် အားလုံးကမင်းသဘောပဲ ငါကဆေးတောင်ကြားရဲ့ လုံခြုံရေးကို တာ၀န်ယူပေးမယ်”

လျူဟွမ်ဆေးတောင်ကြားအကြောင်းစတင်ပြောဆိုနေလေရာ ကုအန်သေချာ‌နားထောင်နေခဲ့၏။

လျူဟွမ် ပြောပုံအရ ဆေးတောင်ကြားသည် သူ့သခင်အတွက် အတော်လေးအရေးကြီးပေသည်။ အရှင်မင်းကြီးသည် အနာဂတ်တွင်အသုံးပြုရန် ပါရမီရှင်များကို ပျိုးထောင်ပေးလိုနေခြင်း ဖြစ်၏။ အကယ်၍ ကုအန်သာ ကောင်းကောင်းလုပ်ပါက အဖိုးတန်ဆေးပင်များကို သူပင်ဝေစုအနည်းငယ်ရရှိနိုင်သေးသည်။

လျူဟွမ်၏ပုံစံမှာ လီရွှမ်တောက်ကို အလွန်လေးစားသည့်ပုံပေါ်နေသောကြောင့် ကုအန် သူ့မျက်နှာရှိ အမာရွတ်အကြောင်း စိတ်၀င်စားသွားမိခဲ့၏။

ဆေးတောင်ကြား၏အမည်သည် ထျန်းယ တောင်ကြားဖြစ်ပြီး လီရွှမ်တောက်ပြောသလိုပင် အဓိပတိဂိုဏ်းနှင့် နီးသောနေရာတွင် ရှိသော်လည်း ဆန်းကြယ်တောင်ကြားနှင့်တော့ မိုင်ပေါင်းထောင်ချီဝေးပေသည်။

ထို့ကြောင့် တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခုတပ်ထားရန် ကုအန် အကြံပေးလိုက်သော်လည်း အဓိပတိဂိုဏ်းမှ သတိထားမိသွားမည်ဆိုသောကြောင့် လျူဟွမ်က သူ့အကြံကို ပယ်ချခဲ့၏။

ဤအရာသည် ကုအန်အား အတော်လေး စိတ်ပျက်သွာ‌းစေခဲ့သည်။

မင်းတို့က အဓိပတိဂိုဏ်းနားမှာ ဆေးတောင်ကြားလာထောင်ပြီး အဓိပတိဂိုဏ်းမသိအောင် လျှို့ဝှက်ချင်နေတာလားဟ!

သို့သော် သဘာ၀ဂူ၈လုံး၌ရှိသော ၀င်္ကပါကဲ့သို့ပင် လီရွှမ်တောက်တွင်လည်း တည်နေရာကိုဖုံးကွယ်ပေးထားနိုင်သော ၀င်္ကပါမျိုးရှိနေလိမ့်မည်ဟု ကုအန် တွေးမိခဲ့ဧ။။်

ကုအန်ပါနေသောကြောင့် လျူဟွမ် လှံပျံကိုဖြည်းဖြည်းချင်းသာ ပျံသန်းစေခဲ့သည်။ ထို့ကြောင့် ညဉ့်အချိန်ရောက်သည်အထိပင် သူတို့ ဆက်လက်၍ ပျံသန်းနေခဲ့ရသည်။

ဤဒေသတွင် မိစ္ဆာချီများထူထဲလာပြီး ရံဖန်ရံခါဆိုသလို ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် မိစ္ဆာသားရဲများကိုပင် တွေ့နေခဲ့ရ၏။

ထိုစဉ်ရုတ်တရက် အဆင့်၃ မိစ္ဆာငှက်တစ်ကောင်သည် သူတို့နားသို့ ချဉ်းကပ်လာခဲ့သည်။ လျူဟွမ် လက်သီးတစ်ချက်ကျွေးလိုက်ရာ သူ့လက်သီးမှ လှံတစ်လက် ပုံရိပ်ပေါ်လာပြီး မိစ္ဆာငှက်အား တစ်စစီစုတ်ဖြဲသွားခဲ့၏။

ထိုအဖြစ်အပျက်ဖြစ်ပြီးကတည်းက မည်သည့်မိစ္ဆာမှ သူတို့အနားမကပ်ရဲကြတော့ပေ။

နောက်တစ်နေ့မနက်မရောက်ခင်တွင် ကုအန် ထျန်းယ တောင်ကြားအား မြင်တွေ့ခဲ့ရသည်။

တောင်တန်းများကြားထဲတွင် နှင်းမြူများဝေ့ဝဲနေသော နေရာတစ်ခုရှိနေပြီး ထိုနှင်းမြူများကို နေရောင်ကထိုးနေသောအခါ ဝိုင်းပတ်နေသော ကြိုးကြားငှက်များပေါ် နေထိုးနေသကဲ့သို့ဖြစ်နေပြီး ထိုနေရာသည် အမတနယ်မြေတစ်ခုနှင့်ပင် တူနေခဲ့၏။

ကုအန်အကြည့်များ နှင်းမြူကိုဖောက်၍ ကြည့်လိုက်ပြီး ထျန်းယတောင်ကြားကို တွေ့လိုက်ရသောအခါ သူ့အမူအရာ ထူးဆန်းသွားခဲ့သည်။

တောင်တန်းများအကြားတွင်တည်ရှိသော ထျန်းယ တောင်ကြားသည် နယ်မြေအားဖြင့် ဆန်းကြယ်တောင်ကြားထက် နှစ်ဆလောက်ပိုကြီး‌၏။ ပတ်ပတ်လည်ရှိတောင်များပေါ်တွင် ကျောက်တုံးကြီးများကို တွေ့နေရပြီး ထိုအရာများသည် အသက်မသွင်းရသေးသော ၀င်္ကပါတစ်ခု၏ အပိုင်းအစများဖြစ်မှန်း ထင်ရှားပေသည်။

သို့သော် ပြဿနာမှာ ဤနေရာသည် မြက်ပင်များ ထူထဲစွာပေါက်ရောက်နေသော မြေရိုင်းတစ်ခု ဖြစ်နေခြင်း ဖြစ်၏။

ဤနေရာကို သူအစကပြန်ရှင်းရမည်ဟု ဆိုလိုနေသည် မဟုတ်ပါလား။

ကုအန် မမေးဘဲ မနေနိုင်တော့ပေ။ “ထျန်းယတောင်ကြားမှာ ကျွန်တော်တို့ နှစ်ယောက်ပဲရှိတာလား”

လျူဟွမ်ရှေ့သို့ကြည့်ကာ လှံရှည်ကို အောက်သို့ နိမ့်ဆင်းခိုင်းလိုက်ပြီး ပြောလိုက်၏။ “စိတ်ပူစရာမလိုဘူး ငါဒီနားက မိစ္ဆာသားရဲနည်းနည်းဖမ်းပြီး မင်းကိုကူညီခိုင်းလိုက်မယ် သာမန်အားဖြင့်တော့ ဒီတောင်ကြားမှာ ဘယ်သူ့ကိုမှ တပည့်အဖြစ်ခန့်မှာမဟုတ်ဘူး ငါတို့က အရှင်မင်းကြီးလူပို့ပေးတာကိုပဲ စောင့်ရမယ်”

All Chapters