ပြန်ရောက်လာသူ
Vol. 3 Ch. 217
လောကတွင် ကျင့်စဉ်လမ်းကို တက်လှမ်းနိုင်သည့်သူ အနည်းငယ်သာ ရှိကြလေသည်။ ပညာရှင် အစစ်အမှန် ဖြစ်လျှင် သူ့လူ ကိုယ့်ဘက်သား ဓားလျှိုများ လွှတ်ကာ စုံစမ်းစရာ မလိုပေ။
ဆန်းလျန် ဆိုသည်ကလည်း ရက်စက်ရမည့် အခြေအနေမျိုးတွင် ကမ်းကုန်အောင် ရက်စက်တတ်လေသည်။ သူ၏ နှလုံးသားက အကြင်နာတရား ကင်းမဲ့ခြင်း မရှိသည့်တိုင် လုပ်သင့်လုပ်ထိုက်သည်ကို တစ်ချက် မဆိုင်းဘဲ ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ပြုလုပ်တတ်သူ ဖြစ်လေသည်။
ထိုအချက်ကြောင့်ပင် ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ်ဖြစ်သူ ဆန်းတန်ခိုးရှင် "ဆန်းကျန်းရန်" ဆိုသည်မှာ ကျင့်ကြံသူများ အလယ်တွင် နာမည် ကျော်ကြားနေခဲ့ခြင်း ဖြစ်လေသည်။ ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ်သည် တန်ခိုးစွမ်းအား အဆမတန် မြင့်မားလွန်းသည့် အပြင် ချင်းရွှမ် နတ်တံခါးကို ထိပ်ဆုံးအဆင့်သို့ ရောက်အောင် ပို့ဆောင်ပေးမည် ဆိုသည့် ရည်မှန်းချက်မှာ အပြောသက်သက်မဟုတ်၊ အလုပ်ဖြင့် သက်သေပြနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ကြရပြီ။
နတ်ဘုရား ကျောင်းတော်ကြီး တစ်ခုမှ ခေါင်းဆောင်တစ်ယောက်၏ တည်ငြိမ်မှု၊ တိကျ ပြတ်သားမှုနှင့် အရှိန်အဝါ ကြီးမားမှုများမှာ မြင်တွေ့ရသူ အပေါင်းကို လေးစား အားကျစေမည် ဖြစ်သည်။
ဆန်းလျန်က သူ၏လုပ်ရပ်အတွက် ကျင့်ကြံသူများကို ရှင်းပြနေခြင်း မရှိပေ။ ကိုယ်လုပ်သည့် လုပ်ရပ်အတွက် အသေးစိတ် အချက်အလက်များကို ကိုယ်သိရန်သာလိုပြီး အခြားသူများ သိရှိရန် မလိုပေ။
ဆန်းလျန်သည် တင်းမာ ခက်ထန်သည့် မျက်နှာထားမျိုး ထားတတ်သူ မဟုတ်ပါ။ သို့သော် ယခုတော့ သူ၏ မျက်နှာမှာ တင်းမာ ခက်ထန်နေပြီး မည်သည့် ကျင့်ကြံသူမှ သူ့အနား မကပ်ရဲ ကြတော့ပေ။ ကျော်ရှောင်ချင်းမှာလည်း ကွမ်းချင်းနတ် ဘုရားဂိုဏ်းမှ သူလျိုကို ဓားဝိညာဉ်ဖြင့် အပိုင်းပိုင်း ဖြတ်ပြီးသည့်နောက် ဆန်းလျန်နောက်သို့ လိုက်ပါသွားလေသည်။
ကျော်ရှောင်ချင်းမှာ ယခင်က ဆန်းလျန်ကို လေးစားမှုမရှိဘဲ ဟန်ဆောင် နေခဲ့သည့်တိုင် အနေကြာလာသည်နှင့်အမျှ ဆန်းလျန်၏ တန်ခိုးစွမ်းအား မြင့်မားမှုနှင့် စိတ်နေ စိတ်ထားများကြောင့် တဖြည်းဖြည်း လေးစားလာခဲ့ပြီ ဖြစ်သည်။
ဆန်းလျန် ကျွန်းပေါ် ရောက်သည့် အချိန်တွင် မှော်ဝင် ဝေလငါးကြီး၏ အသက်ဓာတ် စွမ်းအားများကို အသုံးပြုကာ ကျွန်းပေါ်တွင် မိုးရွာ ကျစေခဲ့လေသည်။ ထိုဝိညာဉ်စွမ်းအား မိုးရေစက်များကြောင့် ကျွန်းပေါ်တွင် ပန်းများ ချက်ချင်း ပွင့်လန်းလာခဲ့သလို လေပြေလေးများ တိုက်ခတ်လာပြီး လှပသည့် ပင်လယ်လှိုင်း ကြက်ခွပ်လေးများဖြင့် ရှင်သန်စေခြင်း ကျောင်းတော် ပတ်ဝန်းကျင်သည် နတ်ဘုံနတ် နန်းတစ်ခုအလား သာယာ အေးချမ်း သွားခဲ့လေသည်။
ဆန်းလျန်က မှော်ဝင် ဝေလငါးကြီး၏ စွမ်းအားစုစည်းမှုကို စမ်းသပ်ကြည့်သည့် အနေဖြင့် ထိုသို့ ပြုလုပ်လိုက်ခြင်း ဖြစ်လေသည်။ ထို့ပြင် သူက ယောကျ်ားလေး တစ်ယောက် ဖြစ်သည့်အတွက် ပန်းများကို နှစ်သက်ခြင်း မရှိလှပါ။ သူက တိတ်ဆိတ် ငြိမ်သက်သည့် နေရာများ၊ ဝါးရုံတောများ၊ မိုးမခပင်များကို နှစ်သက်သူ ဖြစ်လေသည်။
သို့သော် သူ၏ ဂိုဏ်းတူ အစ်မကတော့ မိန်းကလေး တစ်ယောက် ဖြစ်သည့်အတွက် ပန်းများကို နှစ်သက်မည် ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်က အစ်မဖြစ်သူ အတွက် ပန်းများ ပွင့်လန်းစေလိုက်ခြင်း ဖြစ်သည်။
ယခုတော့ ရှင်သန်စေခြင်း ကျောင်းတော် ပတ်ဝန်းကျင်တွင် ဝိညာဉ်စွမ်းအားများ စတင်စုစည်းလာပြီ ဖြစ်လေသည်။
ဆန်းလျန်သည် လေထဲတွင် ရပ်တန့် နေလေသည်။ သူ၏ ခန္ဓာကိုယ်မှ ဒြပ်စင်စွမ်းအား ရှစ်မျိုး ရောင်စဉ်တန်းများ ဖြာထွက်နေလေသည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါမှာ နေနှင့်လ အလားပင် ထွန်းလင်းတောက်ပ နေလေသည်။
ဆန်းလျန်က ထိုက်ရွှီးတန်ခိုး စွမ်းအားများကို အသုံးပြုကာ ကျွန်းပေါ်တွင် ရေစီးကြောင်းများကို စတင် ဖန်ဆင်း လိုက်လေသည်။ ရေစီးကြောင်းများမှ စမ်းချောင်းလေးများ အသွင် ပြောင်းလဲသွားပြီး စမ်းချောင်းလေးများ ပေါင်းဆုံ စီးဆင်းမှုမှ တစ်ဆင့် မြစ်တစ်စင်း ဖြစ်တည်လာလေသည်။ စမ်းချောင်းလေးများနှင့် မြစ်ရေ၏ စီးဆင်းမှုကြောင့် ကျွန်းတစ်ခုလုံးသည် အသက်ဓာတ် စွမ်းအားများ ပြည့်ဝလာလေတော့သည်။
ကျင့်ကြံ သူများသည် ထိုမြင်ကွင်းကို သူတို့ဘဝတွင် မည်သည့် အခါမှ မေ့နိုင်ကြမည် မဟုတ်တော့ပေ။ မိုးနှင့်မြေမှ ဖန်ဆင်းခြင်း မဟုတ်ဘဲ လူသားတစ်ယောက်၏ စွမ်းအားဖြင့် သဘာဝတရားကို ဖန်ဆင်းပြခြင်း ဖြစ်လေသည်။
ချင်းရွှမ် နတ်တံခါး၏ ဂရုဏာဖြင့် အသက်ဓာတ် စွမ်းအားပြည့်ဝသည့် နတ်ဘုရား ကျောင်းတော်တစ်ခု မွေးဖွားလာခဲ့ပြီ ဖြစ်လေသည်။
ကူးချိုင်ဝေ့က ကြည်နူးစွာဖြင့် ပန်းလေးတစ်ပွင့်ကို ခူးယူလိုက်သည်။ ပန်းပွင့်လေးဆီမှ မွှေးကြိုင်သည့်ရနံ့ မရှိသည့်တိုင် လတ်ဆတ်သည့် ရနံ့ကို ခံစားရလေသည်။ ဂိုဏ်းချုပ်ဖြစ်သူ ဆန်းလျန် ပြောသကဲ့သို့ပင် “ကမ္ဘာလောကကြီးသည် အလှတရားများဖြင့် ပြည့်နေသည်” မဟုတ်ပါလား။ ထိုသို့ တွေးလိုက်မိသည်နှင့် သူမရင်ထဲတွင် တစ်ချက် လင်းလက်သွားကာ စကြာဝဠာ တစ်ခုလုံးကို သိမြင်သွား သကဲ့သို့ ခံစား လိုက်ရလေသည်။
ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ် ဆန်းတန်ခိုးရှင် "ဆန်းကျန်းရန်" သည် ရှင်သန်စေခြင်း ကျောင်းတော်တွင် ရောက်ရှိနေသည့် သတင်းသည် တမဟုတ်ချင်း ပျံ့နှံ့ သွားလေသည်။ တစ်ချိန်တည်းမှာပင် ဆန်းတန်ခိုးရှင်သည် သူ၏ မြင့်မားလွန်းသည့် တန်ခိုးစွမ်းအားကို အသုံးပြုပြီး ခြောက်သွေ့နေသည့် ရှင်သန်စေခြင်း ကျောင်းတော် နေရာကို နတ်ပြည် အလား သာယာလှပသည့် နေရာတစ်ခု ဖြစ်အောင် ပြောင်းလဲပေးလိုက်သည့် သတင်းမှာလည်း ပျံ့နှံ့ သွားလေသည်။
မှော်ဝင် ဝေလငါးကြီး၏ ဝိညာဉ်စွမ်းအားကို ဗဟိုပြုကာ အသုံးချပြီး မိုးမြေစွမ်းအားများကို စုစည်းကာ အသက်ရှည်စေခြင်း ကျောင်းတော် တည်ရှိရာ ကျွန်းကို မြေနေရာ အနေအထား ပြုပြင်ပေးခဲ့သည် သာမက ကာကွယ်မှုပါ ဆန်းလျန်က ပြုလုပ်ပေးခဲ့လေသည်။
နောင်နှစ်ပေါင်း ရာထောင်ချီသည့်အချိန်တွင် ကျွန်းတစ်ခုလုံးမှာ မိုးမြေစွမ်းအား အမြင့်မားဆုံးနေရာတစ်ခု ဖြစ်လာတော့မည် ဖြစ်လေသည်။
ထိုသတင်းကို ကြားသည်နှင့် ထိပ်တန်း ကျင့်ကြံသူများသည် ဆန်းတန်ခိုးရှင်ရှိရာ ရှင်သန်စေခြင်း ကျောင်းတော်သို့ အလျင်အမြန် ရောက်ရှိ လာကြလေတော့သည်။ သူတို့က ချင်းရွှမ် နတ်တံခါးမှ ဆရာသခင် ဖြစ်သူ ဆန်းတန်ခိုးရှင်နှင့် တရားဆွေးနွေး လိုကြလေသည်။ သို့သော် သူတို့ အားလုံး နောက်ကျသွားခဲ့ပြီ။ ဆန်းလျန်မှာ ရှင်သန်စေခြင်း ကျောင်းတော်မှ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပြီး မည်သည့် နေရာသို့ ထွက်ခွာသွားသည်ကို ကူးချိုင်ဝေ့ပင် သိရှိခြင်း မရှိပေ။
ကောလဟလများ အရတော့ ဆန်းတန်ခိုးရှင်မှာ ပင်လယ်ထဲသို့ ထွက်ခွာသွားသည် ဟူ၍ ဖြစ်လေသည်။
ကွမ်းချင်း နတ်ဘုရားဂိုဏ်း တည်ရှိရာ ထိုက်ချန်းတောင်ထိပ် … ခန်းမဆောင်ကြီး တစ်ခုသည် လေထဲတွင် လွင့်မျောနေလေသည်။ တာအိုဆရာ ဟွမ်ကျန်းသည် ထိုခန်းမဆောင်ကြီးဆီသို့ ပျံသန်းသွားလေသည်။ ထို့နောက် ခန်းမဆောင်ကြီးရှေ့တွင် သူက ရပ်တန့်လိုက်သည်။
"လင်ရှောင် ခန်းမဆောင်"
ခန်းမဆောင်ကြီးရှေ့တွင် ရေးထိုးထားလေသည်။ ဟွမ်ကျန်းအရှင်၏ ပုံစံမှာ လွန်ခဲ့သည့် ငါးနှစ်က ပုံစံအတိုင်းပင် မပြောင်းလဲပေ။ သို့သော် ခံစားချက်မရှိသည့် သူ၏ မျက်နှာထက်တွင် ပင်ပန်းနွမ်းနယ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေလေသည်။ သူက ခန်းမဆောင်ကြီး အတွင်းသို့ လှမ်းဝင်လိုက်သည်။ သူက ကိုင်ဆောင်ထားသည့် ဖူချန်ကို အသာ ဝေ့ရမ်းလိုက်ပြီး ဒူးထောက် ချလိုက်သည်။
“ဆရာ… တပည့် ပြန်ရောက်ပါပြီ”
သူ့ရှေ့တွင် အဆင့် ကိုးဆင့်ရှိသည့် ကျောက်ဖြူ လှေကားထစ်များ ရှိလေသည်။ ကျောက်ဖြူသားများမှာ ကြည်လင်တောက်ပ နေလေသည်။ သို့သော် လှေကားထစ်များဆီမှ တိမ်တိုက်များ ကဲ့သို့ မြူခိုးငွေ့များ ထွက်ပေါ်နေလေသည်။ ထိုသို့ တိမ်ခိုးနှင့် မြူခိုးများ ထုတ်လွှတ်ပေးနိုင်သည့် ကျောက်ဖြူသားမှာ အလွန်မှ အရည်အသွေး ကောင်းမွန်သည့် ကျောက်ဖြူသား ဖြစ်လေသည်။ ထိုသို့သော ပစ္စည်းကောင်းမျိုးကို ရည်ရွယ်ချက်ပေါင်း များစွာဖြင့် အသုံးပြု ကြလေသည်။
တိမ်တိုက်မြူခိုးများ ထွက်နေသည့် ကျောက်ဖြူလှေကား ကိုးထစ်အဆုံးတွင် ပလ္လင်တစ်ခု ရှိလေသည်။ ထိုပလ္လင်မှာ ရွှေသားအတိဖြင့် ပြုလုပ်ထားပြီး နဂါးပုံသဏ္ဌာန် ထွင်းထုထားခြင်း ဖြစ်လေသည်။ တိမ်တိုက်မြူခိုးများ အလယ်တွင် နဂါးတစ်ကောင် ပျံသန်းနေ သကဲ့သို့ပင် အသက်ဝင်လှ လေသည်။ ထိုနဂါးပလ္လင်ထက်တွင် နတ်ဒေဝါ တစ်ပါး ထိုင်နေလေသည်။
“ထပါ…”
ထိုနတ်ဒေဝါက ပြောလိုက်သည်။
စကားဆုံးသည်နှင့် ဟွမ်ကျန်းက မတ်တပ်ရပ်လိုက်သည်။
နဂါးပလ္လင်ထက်တွင် ထိုင်နေသူမှာ ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ် ဆရာသခင် "ယွိမင်နတ်ဘုရား" ပင်ဖြစ်လေသည်။ ယွိမင်နတ်ဘုရားမှာ ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ နတ်ဘုရားငါးပါးတွင် တစ်ပါး အပါအဝင် ဖြစ်လေသည်။
“ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းက ရဲ့လျိုယွင်ဟာ နဂါး ဇာမဏီတွေလို တကယ်တော်တဲ့ သူပါပဲ၊ တပည့်နဲ့အတူ နံပါတ်သုံးဂိုဏ်း တူညီလေးနဲ့ နံပါတ်ငါးဂိုဏ်း တူညီလေးတို့ ငါးနှစ်လုံးလုံး တိုက်ခိုက်ခဲ့ပြီးမှ အသူရာချောက်က နတ်ဆိုးစစ်တပ်တွေကို အနိုင်ယူနိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စတွေ လုပ်နေရတာနဲ့ ချင်းရွှမ် နတ်တံခါးကို မတည်မငြိမ် ဖြစ်အောင် နှောင့်ယှက်ဖို့ လက်လွှတ်လိုက်ရတယ်”
ဟွမ်ကျန်းက ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ မကြာခင်မှာပဲ ကျုပ်တို့တွေ ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းကို ထိန်းချုပ်နိုင်မှာပါ၊ ဒါပေမဲ့ ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းမှာ ကျုပ်တို့ တိုက်ခိုက်မှုကို တွန်းလှန်နိုင်မယ့် ဒီလိုမျိုး လူတော် တစ်ယောက် ရှိနေမယ်လို့ ထင်မထားမိဘူး”
ယွိမင်နတ်ဘုရားက ပြောလိုက်လေသည်။
“တပည့်လည်း ဒီလိုပဲ ထင်မိပါတယ်၊ တစ္ဆေလမ်းခွဲနဲ့ တိရစ္ဆာန်လမ်းခွဲက ထူကျူအရှင်တွေက တန်ခိုးစွမ်းအား ကြီးမားပေမဲ့ နတ်ဘုရားတွေလိုတော့ အဆင့် မမြင့်မားကြပါဘူး၊ ထူကျူ အရှင်ယိုကျန့် ဒဏ်ရာ ပြန်သက်သာလာပြီး တန်ခိုးစွမ်းအား ပြန်မြင့်မားလာမှာကိုပဲ စိုးရိမ်ရတာ”
ဟွမ်ကျန်းက ပြန်ပြောလိုက်သည်။
“ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ကျုပ်တို့ ဘာပဲလုပ်လုပ် လောကကြီးကို ဖုံးကွယ်ထားဖို့ ဆိုတာ မဖြစ်နိုင်ဘူး၊ အထူးသဖြင့် လုကျိုးယွမ်ကို ဘာမှ ဖုံးကွယ်လို့ မရနိုင်ဘူး၊ ဒီတော့ ကျုပ်တို့ နတ်ဘုရားငါးပါး ဘာကိုပဲ လုပ်လုပ် လုကျိုးယွမ်ဆီက အကြံဉာဏ်ကို ယူရလိမ့်မယ်၊ ပြီးတော့ တုန်းဖုန်းကလည်း ကျိလင်ကို တိုက်ခိုက်လိုက်တယ် မဟုတ်လား၊ ကျိလင်ရဲ့ စိတ်ဓာတ်နဲ့ဆိုရင် သိပ်မကြာခင်မှာပဲ ဒီကို ရောက်လာလိမ့်မယ်၊ ဆယ်နှစ်အတွင်း ကျုပ်တို့ အခြေအနေသာ တိုးတက် မလာဘူးဆိုရင် ကွမ်းချင်း နတ်ဘုရားဂိုဏ်းဟာ နောက်မှာ ကျန်ရစ်ခဲ့လိမ့်မယ်၊ ကျုပ်ပြောတဲ့ စကားကို မင်းနားလည်မယ်လို့ မျှော်လင့်ပါတယ်”
ယွိမင်နတ်ဘုရားက ပြောလိုက်သည်။
“အားလုံးကို တပည့် တာဝန်ထားလိုက်ပါ ဆရာ၊ ပြီးတော့ တပည့် တောင်ပေါ် ပြန်လာတဲ့လမ်းမှာ ဆန်းလျန်က ချင်းရွှမ်တောင်က ထွက်သွားတယ်ဆိုတဲ့ သတင်းကြားရတယ်၊ သူ့ကို ဘယ်လို ရှင်းလိုက်မရမလဲ ဆရာ”
ဟိုင်ကျန်းက လေးနက်သည့် အသံဖြစ် ပြောလိုက်လေသည်။
“ဆန်းလျန်ကိုသာ သတ်လိုက်မယ် ဆိုရင် ကျုပ်တို့နဲ့ ချင်းရွှမ် နတ်တံခါးကြားမှာ မပြေနိုင်တဲ့ ရန်ငြိုးတွေ ဖြစ်ကုန်လိမ့်မယ်၊ ကျုပ်တို့တွေထဲက တစ်ယောက်ယောက် လောကကို ကျော်လွန်ပြီး မိုးကောင်းကင် တံခါးကို သွားတဲ့အခါ ချင်းရွှမ်နတ်တံခါးရဲ့ ဘိုးဘေး နတ်ဘုရားတွေနဲ့ တွေ့ရင် ဖြေရှင်းလို့ရမှာ မဟုတ်တော့ဘူး၊ တာအိုကျင့်စဉ်လမ်းကို လျှောက်လှမ်းတယ်ဆိုတာ လောကနဲ့အညီ အသက်ရှည်ဖို့ အတွက် လျှောက်လှမ်းတာပဲ၊ အာဏာအတွက် တိုက်ခိုက်စရာ မလိုဘူး၊ ကျုပ်တို့လုပ်ဖို့က ဆန်းလျန်ရဲ့ ကျင့်စဉ်လမ်း နှောင့်နှေးသွားအောင် လုပ်ဖို့ပဲ၊ သူ့ရဲ့ အရည်အချင်းနဲ့ဆိုရင် နှစ်တစ်ရာတောင် မကြာဘူး နတ်ဘုရား တစ်ပါး ဖြစ်လာနိုင်တယ်”
ယွိမင်နတ်ဘုရား၏ စကားကြောင့် ဟွမ်ကျန်း သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။
သူ၏ ဆရာပြောသည်မှာ မှန်လေသည်။ ယခုအချိန်တွင် ဆန်းလျန်မှာ ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ ပြဿနာများကို ကိုင်တွယ်ရာတွင် ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ ဂုဏ်သိက္ခာ မထိခိုက်စေရန် အတွက် သူပိုပြီး သတိထားရမည် ဖြစ်လေသည်။
“မင်းအဝေးကို ရောက်နေတဲ့ ငါးနှစ်အတွင်း တပည့် အသစ်တစ်ယောက် ရထားတယ်၊ သူ့အရည်အချင်းက ဆန်းလျန်ထက် မနိမ့်ဘူး၊ သူ့ကို မင်းနည်းနည်း လေ့ကျင့်ပေးလိုက်ပြီး လော်ဝါဒနဲ့ ပတ်သက်တဲ့ ကိစ္စမှာ ပါဝင်ခိုင်းလိုက်ပါ”
ယွိမင်နတ်ဘုရားက ပြောလိုက်လေသည်။
***