← Chapters

အခန်း (၅၁-၅၂)

Vol. 5 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 5 Ch. 51-52

၅၁)

ကျိုးတောင်းယူ၊ ရာစုနှစ်တစ်ခုအတွင်း အသန်မာ‌ဆုံးပါရမီရှင်

မိစ္ဆာတွေကိုဖမ်းမှာလား!

ထိုစကားကိုကြားသောအခါ ကုအန်စိတ်၀င်စားသွားမိသည်။

ကုအန်တို့ လှံပျံ အောက်သို့ ဖြည်းဖြည်းချင်းနိမ့်ဆင်းလာသောအခါ မြူနှင်းများကြားထဲမှ တောင်ကြားကို ထင်ထင်ရှားရှား မြင်လာခဲ့ရသည်။ တောင်ကြားသည် အပေါ်စီးမှကြည့်လျှင် အစိမ်း‌ေရာင်သမုဒ္ဒရာကြီးကဲ့သို့ စိမ်းစို‌ေနပြီး ဘေးပတ်လည်ရှိတောင်များမှ တောင်ကြားထဲသို့ စီး၀င်နေသော စမ်းချောင်းလေးများလည်းရှိကာ တောင်ကြားအစွန်တွင်မူ အနီးကပ်ကြည့်ပါက မြေအောက်ထဲသို့ စီး၀င်သွားသော ခပ်သေးသေးမြစ်နှစ်စင်းလည်း ရှိနေ၏။

မကြာခင်တွင် လျူဟွမ်နှင့်ကုအန် မြေပြင်ပေါ်သို့ ရောက်ရှိသွားပြီး လျူဟွမ်သူ့လှံတံကိုအ၀တ်ဖြင့်ပတ်၍ နောက်ကျောတွင် ပြန်လွယ်ထားလိုက်သည်။

“အခုကစပြီး မင်းကတောင်ကြားသခင်ပဲ မင်းကြိုက်တာလုပ်နိုင်ပြီ ငါ့ကိုလည်းအချိန်မရွေးအမိန့်ပေးလို့ရတယ်” လျူဟွမ် ပြောလိုက်၏။

ကုအန်ခေါင်းညိတ်လိုက်ကာ ကောင်းကင်စံအိမ်ဓားကိုထုတ်လိုက်ပြီး ပြောလိုက်သည်။ “ခင်ဗျားက ဒီနားတစ်ဝိုက်မှာ အဆောက်အဦးတွေဆောက်တာကစပေါ့ ကျွန်တော်ကပေါင်းတွေမြက်တွေရှင်းလိုက်မယ်”

ကုအန်လက်ထဲရှိ ကောင်းကင်စံအိမ်ဓားကိုမြင်သောအခါ လျူဟွမ်မျက်လုံးများ ပြူးကျယ်သွားပြီး ချက်ချင်းဒူးထောက်ချလိုက်ကာ ရိုရိုသေသေပြောလိုက်၏။ “နိမ့်ကျတဲ့လျူဟွမ်က ကောင်းကင်စံအိမ်ဓားသခင်ကို နှုတ်ဆက်ပါတယ်”

ကုအန်ထိုဓားကိုထုတ်လိုက်ရခြင်း ရည်ရွယ်ချက်မှာ လျူဟွမ်အား ကောင်းကောင်းမထိန်းချုပ်နိုင်မှာကို ကြောက်၍ ထုတ်ပြလိုက်ခြင်း ဖြစ်ပေသည်။

ရလဒ်မှာမူ အတော်လေးကောင်းနေ၏။

“ခင်ဗျားဘာလုပ်နေတာလဲ ထပါ ထထ” ကုအန် အလောတကြီးဖြစ်သွားချင်ယောင်ဆောင်‌လိုက်ပြီး လျူဟွမ်ကို ဆွဲထူပေးလိုက်သည်။

ပြန်ထပြီးသည့်နောက် လျူဟွမ်ရှုပ်ထွေးနေသော မျက်လုံးများဖြင့် လေးလေးနက်နက်ပြောလိုက်၏။ “အရှင်မင်းကြီးက တောင်ကြားသခင်ကို ကောင်းကင်စံအိမ်ဓားတောင်ပေးထားလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး”

ကုအန် အံ့ဩသွားဟန်ဖြင့် ပြန်မေးလိုက်သည်။ “အဲ့တာက ကိစ္စကြီးမလို့လား”

လျူဟွမ်ဖြေလိုက်၏။ “ထိုက်ကန်မင်းဆက်မှာ ဧကရာဇ်ဓားသုံးလက်ရှိတယ် ကောင်းကင်စစ်ဆေးဓား ကောင်းကင်စံအိမ်ဓား ကောင်းကင်အပြစ်ပေးဓား တွေပဲ ဓားတစ်လက်ချင်းစီကို မြင်တာက ဧကရာဇ်ကိုဖူးတွေ့လိုက်ရတာပဲလို့ မှတ်ယူရမယ် ဧကရာဇ်က ကောင်းကင်အပြစ်ပေးဓားကိုကိုင်ဆောင်ထားတယ် ကောင်းကင်အပြစ်ပေးဓားကတော့ အိမ်ရှေ့စံလက်ထဲမှာ ဧကရာဇ်ဓားတွေကို ဧကရာဇ်ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ ကိုင်ဆောင်နိုင်မှာမဟုတ်ဘူး အဲ့တာကြောင့် ဓားကိုတွေ့တာက ဧကရာဇ်ကိုတွေ့တာပဲ”

ထိုစကားကို ကြားသောအခါ လီရွှမ်တောက် နှလုံးသားထဲတွင် လီယမှာ အိမ်ရှေ့စံနှင့်ထပ်တူ အရေးပါနေသည်ဟု ကုအန်ခံစားလိုက်ရသည်။

လီရွှမ်တောက်၏ ခွင့်ပြုချက်သာမပါပါက လီယ ထိုဓားကို သူ့အ‌ေမဆီမှ အမွေဆက်ဆံနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ယခုအခါတွင်တော့ ဓားမှာ ကုအန်လက်ထဲ ရောက်နေချေပြီ။ လီရွှမ်တောက် ဘာတွေတွေးနေသလဲ ဆိုတာကို ကုအန်အံ့ဩနေမိ၏။

ကုအန်သည် ကိစ္စများကို အဆိုးဆုံးအခြေအနေထိ တွေးထားတတ်သူ ဖြစ်လေရာ လီရွှမ်တောက် အတွေးများသည် မရိုးရှင်းဘူးဟု ခံစားနေခဲ့ရသည်။ နောက်ဆုံးတွင်တော့ ဧကရာဇ်တိုင်း၏ နှလုံးသားသည် ပင်လယ်ပြင်ကဲ့သို့ ခန့်မှန်းရခက်သည် မဟုတ်ပါလား။

“ကျွန်တော်သိပြီ ဒါဆိုအလုပ်ဆက်လုပ်ကြတာပေါ့” ကုအန် ပြန်ပြောလိုက်သည်။

လျူဟွမ် မငြင်းဘဲ အလုပ်လုပ်ဖို့ ပြင်လိုက်သော်လည်း သူ့မျက်လုံးများကတော့ ကောင်းကင်စံအိမ်ဓားကိုသာ ခဏခဏ ပြန်ကြည့်မိနေခဲ့သည်။

ထို့နောက် ကုအန်သည် ကောင်းကင်စံအိမ်ဓားကို ပေါင်းရှင်းဖို့သုံးနေသည်ကို တွေ့သောအခါ သူဆွံ့အသွားခဲ့ရ၏။

တခဏကြာ ကြောင်အနေပြီးသည့်နောက်တွင်တော့ လျူဟွမ် နောက်ဆုံးတွင် စိတ်လျှော့၍ လှည့်ထွက်လာခဲ့လိုက်သည်။

တစ်နာရီခန့်ကြာသောအခါ

ထျန်းယတောင်ကြားတစ်ဝိုက်ရှိ ကျောက်ပြားများဖြင့် တည်‌ေဆာက်ထားသော အစီအရင်သည် အသက်၀င်လာခဲ့ပြီး အပြာရောင်အလင်းတန်းများ ကောင်းကင်ဆီသို့ ထိုးတက်သွားခဲ့၏။ ထို့နောက် အပြာရောင်အလင်းတန်းများသည် ထျန်းယ တောင်ကြားတစ်ခုလုံးအား စက်ဝိုင်းခြမ်းတစ်ခုကဲ့သို့ ဖုံးအုပ်သွားလေတော့သည်။

၀င်္ကပါအစီအရင်ကို အသက်သွင်းပြီးသည့်နောက် လျူဟွမ် အဆောက်အဦးများ စတင်ဆောက်လုပ်ခဲ့၏။

မွန်းတည့်ချိန်သို့ရောက်သောအခါ ကုအန် တောင်ကြားရှိ ပေါင်းပင်များအားလုံးကို ရှင်းလင်းပြီးသွားခဲ့သည်။ သူ့ခွန်အားကိုသာ ဖုံးကွယ်မထားရပါက သူ့ခြေတစ်ချက်နင်းလိုက်ရုံနှင့်ပင် ထိုနေရာတစ်ခုလုံးအား ရှင်းပစ်နိုင်၏။

သုံးရက်ကြာသောအခါ

ကုအန် ဆေးပင် စိုက်ပျိုးရန် မြေများကိုထွန်ယက်ပြီးစီးသွားခဲ့ပြီး လျူဟွမ်သူ့အား သိုလှောင်အိတ်ထဲမှ တန်ဖိုးကြီးဆေးပင်မျိုးစေ့များ ထုတ်ပေးခဲ့၏။ လျူဟွမ်ကိုယ်တုိင်လည်း တောင်ကြားတွင် အိမ်ငါးလုံးဆောက်၍ ပြီးသွားခဲ့ကာ မိစ္ဆာမျောက်သုံးကောင်လည်း ဖမ်းလာနိုင်ခဲ့သည်။

ထိုမျောက်သုံးကောင်သည် အဆင့်၂ မိစ္ဆာသားရဲများဖြစ်ကြပြီး လူလိုပင် လမ်းလျှောက်နိုင်ကြ၏။ သူတို့၏ အမွှေးထူထဲသော ခန္ဓာကိုယ်မှအပ သူတို့ပုံစံသည် လူနှင့် မခြားပင်။

လျူဟွမ် ကုအန်အား သူတို့ကိုနာမည်ပေးခိုင်းလေရာ ကုအန်လည်း သူတို့၏ ကျင့်ကြံခြင်းအဆင့်နှင့်လိုက်၍ စွန်းတ၊စွန်းအာ၊စွန်းစန် ဟုပေးလိုက်လေသည်။ ကုအန် နာမည်ပေးပုံကြောင့် လျူဟွမ်ပင် အတန်ကြာ ဆွံ့အသွားခဲ့ရပြန်သည်။

မိစ္ဆာမျောက်သုံးကောင်မှာတော့ သူတို့၏နာမည်များနှင့် ပတ်သက်၍ အတော်လေး စိတ်ကျေနပ်နေခဲ့ကြ၏။

ထို့နောက် ကုအန်မျောက်သုံးကောင်အား ဉယျာဉ်နားတစ်ဝိုက် လှည့်ပတ်ပြသပြီး သူတို့နေစ့ဉ်တာ၀န်များကို ရှင်းပြခဲ့သည်။

မျောက်သုံးကောင်သည် လူစကားနားလည်ပြီး အတော်လေးလည်း လိမ္မာလှရာ သူတို့နှင့် ဆက်ဆံရသည်မှာ အတော်လေးလွယ်ကူပေ၏။ လျူဟွမ်သည် သူတို့ဧ။်သေခြင်းရှင်ခြင်းကိုထိန်းချုပ်နိုင်သော ကျိန်စာတစ်မျိုးဖြင့် သူတို့ကိုချုပ်နှောင်ထားခြင်းဖြစ်သောကြောင့် မျောက်သုံးကောင်ပြဿနာရှာမည်ကိုလည်း ကုအန် မပူမိပေ။

ထိုစဉ် လျူဟွမ် အိမ်တစ်လုံးထဲတွင် လဲလျောင်းလိုက်ပြီး ရင်ဘတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ဖတ်လိုက်လေသည်။

စာအုပ်၏အမည်မှာ နတ်ဘုရားတို့၏ ရာထူးများ ဖြစ်၏။

သူသည် နတ်ဘုရားတို့၏ ရာထူးများ စာအုပ်၏ ပရိတ်သတ်အကြီးစားတစ်ယောက်ဖြစ်လေရာ ကုအန်လည်း သူနှင့်ထိုစာအုပ်အကြောင်း ဆွေး‌နွေးပေးလိုက်သည်။ ထိုအခါ လျူဟွမ်အလွန်စိတ်လှုပ်ရှားလှပြီး သူ၏နဂိုတည်ငြိမ်သော ပုံစံပင် ပျောက်ဆုံးသွားခဲ့၏။

ညနေခင်းသို့ရောက်သောအခါ ကုအန် လျူဟွမ်ကိုရှာလိုက်ပြီး သူ‌ဆန်းကြယ်တောင်ကြားသို့ ပြန်တော့မည့်အကြောင်းပြောလိုက်သည်။

အိမ်ပြန်လမ်းတွင် မိစ္ဆာသားရဲများ ရှိနေသောကြောင့် လျူဟွမ် ကုအန်အန္တရယ်ဖြစ်မည်ကို စိုးရိမ်နေခဲ့၏။ သို့သော် ကုအန်မှာတော့ တားမရဘဲ အိမ်ပြန်ဖို့သာ ပြောနေခဲ့သည်။

သူသေချာဂရုစိုက်ပါမယ် ဟူ၍လည်း ကုအန်ကတိအထပ်ထပ်ပေးနေခဲ့၏။

လျူဟွမ် ခဏစဉ်းစားလိုက်ပြီး သူ့သိုလှောင်အိတ်ထဲမှ အဆောင်စာရွက် ဆယ်ရွက်ထုတ်ကာ ကုအန်ကိုပေးလိုက်သည်။

“ဒီထဲမှာ ကိုယ်ပျောက်နိုင်စွမ်းပါတယ် မင်းစိတ်ဝိညဉ်စွမ်းအားထည့်လိုက်တာနဲ့ အဆောင်စာရွက်က မင်းကိုကိုယ်ပျောက်နိုင်အောင် လုပ်ပေးလိမ့်မယ် အဆင့်၃ မိစ္ဆာသားရဲဒါမှမဟုတ် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် တစ်ယောက်ယောက်နဲ့ မတွေ့သရွေ့ မင်းကိုဘယ်သူမှ မြင်နိုင်မှာမဟုတ်ဘူး တစ်ရွက်စီက အချိန်ငါးနာရီလောက် အသုံးခံတယ် အဲ့တာကြောင့် မင်းဆန်းကြယ်တောင်ကြားကို ပြန်ရောက်တဲ့အထိ သုံးလို့ရတယ်”

ကုအန် အဆောင်စာရွက်များကိုယူလိုက်ကာ လျူဟွမ်ကို ဦးညွတ်အရိုအသေပေးခဲ့လိုက်၏။

လျူဟွမ် မလွယ်ဘူးဟု ခံစားနေခဲ့ရပြီး အကြံပေးလိုက်သည်။ “ဘာလို့ မင်းအရင်ဆုံး အခြေခံတည်ဆောက်ခြင်းအဆင့်ကို မတက်လိုက်တာလဲ ငါ့မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးပြားတွေပါတယ်”

ကုအန် ခေါင်းခါလိုက်ကာ “ကျွန်တော့်မှာလည်း အခြေခံတည်ဆောက်ခြင်းဆေးပြားတွေရှိပါတယ် နောက်ပြီး ကျွန်တော်အိမ်ပြန်လမ်းကိုလည်း မှတ်မိပါတယ် အိတ်ထဲမှာ ဆေးတွေလည်းအများကြီးပါသေးတယ် အဲ့တာကြောင့် အရမ်းစိတ်မပူပါနဲ့”

ကုအန် ပြောပြီးသည်နှင့် ဓားပျံကိုစီးနင်းကာ ထွက်ခွာသွားခဲ့သည်။

ကုအန် တောင်ကြားမှထွက်ခွာသွားသောအခါ ၀င်္ကပါ၏တားဆီးခြင်းကို မခံခဲ့ရပါသော်လည်း ပြန်၀င်ရမည့် အခါတွင်တော့ ခက်ခဲပေလိမ့်မည်။

ထွက်ခွာသွားသော ကုအန်ပုံရိပ်ကိုကြည့်နေရင်း လျူဟွမ် မျက်ခုံးများ အနည်းငယ်တွန့်‌ေကွးသွားခဲ့ရ၏။

သူ့အရှင်သခင်၏ စကားများကိုပြန်တွေးကာ သူသက်ပြင်းသာ ချခဲ့မိလိုက်သည်။

လီရွှမ်တောက်သည် သူ့အား ထျန်းယတောင်ကြားကိုသာ ကာကွယ်ခိုင်းခဲ့ခြင်းဖြစ်ပြီး ကုအန် သေဆုံးသွားလျှင်တော့ အခြားဆေးတောင်ကြားသခင် တစ်ယောက်နှင့် အစားထိုးမည်ဟု ညွှန်ကြားထားခဲ့ခြင်း ဖြစ်၏။

…..

ထျန်းယတောင်ကြားမှ မိုင်တစ်ရာခန့်ဝေးသောနေရာသို့ ရောက်သောအခါ ကုအန် ရုတ်တရက် အရှိန်တင်ခဲ့လိုက်သည်။ ညဉ့်မမှောင်ခင် သူဆန်းကြယ်တောင်ကြားသို့ ပြန်ရောက်ချင်နေခဲ့၏။

နောက်လာမည့်နေ့ရက်များတွင် အပြင်စည်းဂိုဏ်းတပည့်ဂူများကို စီမံပေးရမည့်အပြင် ထျန်းယတောင်ကြားသို့သာ မကြာမကြာလာကြည့်ပေးရန် လိုနေသေးသောကြောင့် ကုအန် အလုပ်ရှုပ်ရပေတော့မည်။ မျောက်များသည် လိမ္မာသော်လည်း လုံး၀ကြီးယုံလို့ရပြီး လက်လွှတ်ပေးထားရလောက်အောင်ထိတော့ ကုအန် မရဲသေးပေ။

လျင်မြန်စွာ ပျံသန်းနေခဲ့သော်လည်း ကုအန် ပင်ပန်းရမည့်အစား အားအင်အပြည့်ဖြစ်နေခဲ့ကာ အလွန်တက်ကြွနေခဲ့၏။

နှစ်အနည်းငယ်အတွင်း သူ့သက်တမ်းသည် ခုန်ပေါက်၍ တိုးတက်လာပေတော့မည်!

ကုကျုံးကတိပေးထားသော ဆေးတောင်ကြားတစ်ခုမှာလည်း သူ့လက်ထဲတွင် ရှိနေသေးလေရာ သက်တမ်း ၁သန်း အိပ်မက်မှာ သူနှင့်ထိုမျှ မဝေးတော့ဘူးဟု ကုအန်ခံစားနေခဲ့ရသည်။

ကုအန် ရုပ်သေးပညာကိုလေ့လာရန်ပင် စဉ်းစားနေခဲ့ပြီး အနာဂတ်တွင် ဆေးတောင်ကြားတစ်ခု၌ ရုပ်သေးတစ်ရုပ်ထား၍ စီမံအုပ်ချုပ်ခိုင်းမည်ဟု တွေးထားခဲ့၏။

သို့သော် ထိုမတိုင်ခင်တော့ သူပြသထားသော ကျင့်ကြံခြင်းကို အရင်မြှင့်ရပေလိမ့်ဦးမည်။

ချီကျင့်ကြံခြင်းအဆင့် ၉ သည် ထျန်းယတောင်ကြားနှင့် ဆန်းကြယ်တောင်ကြားကို အသွားအပြန်လုပ်ရန် မလုံလောက်တော့ပေ။ အနာဂတ်တွင် ပြဿနာများ ဖြစ်လာနိုင်ပေသည်။

ဤသို့ဖြင့် ၁၅ ရက်ကုန်ဆုံးသွားခဲ့ပြန်၏။

ကုအန် အပြင်စည်းဂိုဏ်းသို့သွားကာ စာအုပ်ခန်းမမှ အကြီးအကဲလျူကို သွားတွေ့ခဲ့သည်။

အကြီးအကဲလျူသည် ကျူးချင်းလု ထက် အာဏာပိုရှိသည်ဟု သူခံစားမိသောကြောင့် ဖြစ်၏။

သူတို့နှစ်ယောက် အတွင်းခန်းထဲတွင် တွေ့ဆုံခဲ့ကာ အကြီးအကဲလျူ သူ့လက်ထဲရှ်ိ နတ်ဘုရားတို့၏ရာထူးများ နောက်ဆုံးထွက် စာအုပ်ကို ဖတ်နေရင်း ကျေနပ်နေခဲ့သည်။

“မဆိုးဘူး တကယ်ကိုမဆိုးဘူး အတော်လေးစိတ်လှုပ်ရှားစရာကောင်းလွန်းတယ် ငါတစ်ရွက်ပြီးတစ်ရွက်ဆက်လှန်နေမိတာကိုမရပ်နိုင်တော့ဘူး”

ထိုစဉ် ကုအန် အနည်းငယ်တွန့်ဆုတ်နေဟန်ဖြင့် ပြောလိုက်၏။ “အကြီးအကဲလျူ ကျွန်တော်တစ်ခုမေးစရာရှ်ိပါတယ်”

“မေးလေ” အကြီးအကဲလျူ မကြည့်ဘဲ ပြောလိုက်သည်။

“ကျွန်တော် အခြေခံတည်ဆောက်ခြင်းအဆင့်ကိုတက်ဖို့ ပြင်ဆင်နေတာပါ ဒါပေမယ့် ကျွန်တော်အပြင်စည်းဂိုဏ်းသား ဖြစ်မလာချင်ဘူး ကျွန်တော် ဆေးတောင်ကြားသခင်ပဲ ဆက်လုပ်နေချင်တယ် အဲ့တာကစာရေးဖို့အတွက် ပိုအဆင်ပြေလို့ပါ ကျွန်တော်အပြင်စည်းဂိုဏ်းသားဖြစ်လာရင်ကျ အပြင်ဘက်မှာတာ၀န်တွေထမ်းဆောင်ရင်း သေသွားမှာ ကြောက်မိတယ်…”

“ဒါပဲလား”

“အဲ့ဒီကိစ္စ အကြီးအကဲလျူစီစဉ်ပေးနိုင်မလား”

“ဒါပေါ့ ငါကုယူဆီကို တိုက်ရိုက်သွားပြောပေးမယ် သူ့အဖေက မင်းကိုမြင့်မြင့်မှန်းထားလို့ မင်းကိုကြည့်ရှုစောင့်ရှောက်ပေးဖို့ ငါ့ကိုပြောထားဖူးတယ် နောက်ပြီးမင်းတောင်းဆိုသမျှကိုလည်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးဖို့လည်းပါတယ်”

အကြီးအကဲလျူ ရယ်မော၍ ပြောလိုက်သည်။

ကုအန်လည်း ချက်ချင်းပင် ကျေးဇူးတင်ကြောင်း ပြန်ပြောလိုက်၏။

သူ့လက်ထဲမှ စာအုပ်ကိုချလိုက်ပြီး အကြီးအကဲလျူပြောလိုက်သည်။ “မင်းကအဓိပတိဂိုဏ်းရဲ့ အထူးပါရမီရှင်တစ်ယောက်လို့ သတ်မှတ်လို့ ရနေပါပြီ မင်းရေးထားတဲ့ နတ်ဘုရားတို့၏ ရာထူးများ စာအုပ်ကိုမပြောနဲ့ဦး မင်းနှစ်စဉ်ထောက်ပံ့တဲ့ ဆေးပင်တွေက‌တင် ငါတို့အပြင်စည်းဂိုဏ်းရဲ့ ထိပ်ဆုံးအဆင့် တောင်ကြား၃ခု စာရင်း၀င်နေပြီ နောက်ပြီး မင်းရေးထားတဲ့ နတ်ဘုရားတို့၏ရာထူးများ စာအုပ်ကြောင့် အဓိပတိဂိုဏ်းကို၀င်ချင်တဲ့ တပည့်တွေ နှစ်တိုင်း ၅၀ရာခိုင်နှုန်းလောက်ထိကို တိုးလာခဲ့တယ်

မင်းရဲ့ စွမ်းဆောင်ရည်က အပြင်စည်းဂိုဏ်းသားတွေ တာ၀န်လုပ်ပြီးဂိုဏ်းကို အကျိုးပြုတာထက် အများကြီး ပိုနေပါပြီ”

“စိတ်အေးအေးသာထား မင်းအနာဂတ်မှာ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ကိုရောက်ရင်တောင် ငါတို့မင်းကို တာ၀န်ထမ်းဆောင်ဖို့ ပို့မှာမဟုတ်ဘူး”

သူ့၀သီအတိုင်း အကြီးအကဲလျူ ရယ်မော၍ ပြောလိုက်ပြန်သည်။

သို့သော်စိတ်ထဲတွင်တော့ သူတောင် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ မရောက်နိုင်တာ ကုအန်မည်သို့ ရောက်နိုင်မည်နည်းဟု တွေးနေခဲ့၏။

ထိုစဉ် အကြီးအကဲလျူ တစ်ခုခုကိုသတိရသွားပုံ ဖြင့် ပြောလိုက်သည်။ “မကြာခင် ကျူးရှန်ဂိုဏ်းက ပါရမီရှင် ကျိုးတောင်းလူ အဓိပတိဂိုဏ်းက အသက်၁၀၀အောက် ပါရမီရှင်တွေကို လာစိန်ခေါ်ဖို့ စီစဉ်ထားတယ် အဲ့ဒီပွဲက အတော်လေး စည်ကားနေမှာပဲ မင်းနောက်စာအုပ်အတွက် အချက်အလက်တွေပိုရအောင် မင်းအဲ့ဒီပွဲကို လာကြည့်လို့ရတယ် အချိန်ကျလာရင် အဓိပတိဂိုဏ်းကို စာအုပ်ထဲ ထည့်ဖို့လည်း မမေ့နဲ့ဦးနော်”

နတ်ဘုရားတို့၏ရာထူးများ စာအုပ်သည် အဆုံးသတ်နှင့် နီးကပ်လာပြီဖြစ်သောကြောင့် အကြီးအကဲလျူ အထက်မှ ညွှန်ကြားချက်များ ရရှ်ိထားပြီး ဖြစ်၏။

ကုအန် ခေါင်းညိတ်ပြလိုက်ပြီး စိတ်၀င်တစားပြန်မေးလိုက်သည်။ “အဲ့ဒီ ကျိုးတောင်းလူက အရမ်းအစွမ်းထက်လို့လား”

“တကယ်တော့ သူကအတော်လေးအစွမ်းထက်တယ် မွေးကတည်းက အမွှာစိတ်ဝိညဉ်နဲ့မွေးဖွားလာခဲ့တာ နောက်ပြီး သူ့ရဲ့ ခန္ဓာကိုယ်က ကျိုးမိသားစုရဲ့ နှစ်ပေါင်းထောင်ချီ အားစိုက်ထုတ်မှုဖြစ်တဲ့ မိစ္ဆာနှိမ်နှင်းရွှေခန္ဓာ ကိုကျင့်ကြံထားတာ သူ့ကိုအဆင့်တူအတွင်း ဘယ်သူမှ အနိုင်မယူနိုင်ဘူး တစ်ခါကဆိုရင် သူအခြေခံတည်ဆောက်ခြင်းအဆင့် ၉ မှာရှိခဲ့စဉ်က ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၃ တစ်ယောက်ကိုတောင် အနိုင်ယူခဲ့ဖူးတယ် အဲ့ဒီမှာ သူ့ဂုဏ်သတင်းက အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးကို ပြန့်နှံ့သွားခဲ့ပြီး ရာစုနှစ်တစ်ခုအတွင်း အသန်မာဆုံး ပါရမီရှင်လို့ သတ်မှတ်ခံခဲ့ရတယ်” အကြီးအကဲလျူ တိုက်ပွဲအား သူကိုယ်တိုင် ကြုံခဲ့ရသလိုပင် အားတက်သရော ပြောပြနေခဲ့ရာ ကုအန်လည်း စိတ်၀င်တစားနားထောင်နေခဲ့၏။

သူ့ထက် အဆင့်မြင့်သော ရန်သူအားအနိုင်ယူနိုင်သော သူအားလုံးသည် ကုအန်မျက်လုံးထဲတွင် အဓိကဇာတ်ကောင်အရှိန်အဝါရှိကြသူများသာ ဖြစ်ကြပေသည်။

နောက်ဆုံးတွင်တော့ သူကိုယ်တိုင်ပင် ထိုသို့မလုပ်နိုင်သလို လုပ်လည်းမလုပ်ရဲပေ။

မိမိနှင့်အဆင့်တူရန်သူများကို တိုက်ခိုက်အနိုင်ယူရသည်ထက် မိမိထက် အားနည်းသောသူများကိုသာ အားသုံး၍ ဖိနှိပ်ပစ်ရခြင်းမျိုးကို ကုအန် ပိုမိုနှစ်သက်၏။

တစ်နာရီခန့်ကြာသောအခါ ကုအန် စာအုပ်ခန်းမမှ ထွက်လာခဲ့သည်။

မြို့ထဲတွင် လိုအပ်သောပစ္စည်းအနည်းငယ်၀ယ်ပြီးသည့်နောက် ကုအန် ဆန်းကြယ်တောင်ကြားသို့ ပြန်ခဲ့လိုက်၏။

နောက်တစ်နေ့မနက်တွင် ကုအန် တပည့်များအားလုံးကို လေ့ကျင့်ခန်းလုပ်ဖို့ စုလိုက်ပြီး သူမနေ့ညက အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည် ဟုကြေငြာလိုက်ရာ လူတိုင်းအံ့ဩသွားခဲ့ကြသည်။

ဝူရှင်းမှာတော့ စိတ်လှုပ်ရှားမှုရော တွန့်ဆုတ်နေမှုကိုပါ တစ်ပြိုင်တည်းခံစားသွားခဲ့ရ၏။

သူ့ဆရာသာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွားပါက အပြင်စည်းဂိုဏ်းသို့အပို့ခံရမည်ဖြစ်ပြီး တောင်ကြားသခင်နေရာသည် သူ့အတွက် ဖြစ်လာပေလိမ့်မည်!

“ဆရာ ဒါဆိုကျွန်မတို့ကို ထားသွားတော့မှာလား” ကျန်းချင် အမြန်မေးလိုက်ပြီး သူ့မျက်နှာလေးသည် သနားစရာကောင်းလောက်အောင်ပင် ညှိုးနွမ်းနေခဲ့သည်။

အခြားတပည့်များအားလံုး ကုအန်အား ထိုသို့ပင် ကြည့်‌ေနခဲ့ကြပြီး ဝူရှင်းမှာတော့ သူ့စိတ်လှုပ်ရှားနေမှုကို မြိုသိပ်ထားကာ စိတ်မကောင်းချင်ယောင် ဆောင်နေခဲ့၏။

ကုအန် သက်ပြင်းချကာ ပြောလိုက်သည်။ “ဟုတ်တယ်….”

တပည့်များအားလုံး၏ အမူအရာများ ညှိုးလျသွားခဲ့ပြီး ဝူရှင်းမှာတော့ စိတ်လှုပ်ရှားမှုကြောင့် နှလုံးခုန်ပင် မြန်လာခဲ့၏။

သူတို့အထဲတွင် ၀မ်းအနည်းဆုံးလူမှာ ရှောင်ချွမ်သာ ဖြစ်ပေသည်။ ကုအန် မရှိတော့လျှင် သူသည်တောင်ကြားထဲတွင် အသက်အကြီးဆုံး စီနီယာကြီးတစ်ယောက် ဖြစ်လာမည် မဟုတ်ပါလား။

“ဒါပေမယ့် ငါတို့တောင်ကြားရဲ့ နှစ်စဉ်ဆေးပင်အထွက်နှုန်းကကောင်းလို့ ဆရာက အပြင်စည်းဂိုဏ်းမှာ ဆရာ့ကိုဆေးတောင်ကြားမှာပဲထားပေးဖို့ တောင်းဆိုခဲ့တယ် သူတို့ကလည်း သဘောတူလိုက်တယ်” ကုအန် အမြန်ဆက်ပြောလိုက်၏။

တပည့်များ ခဏတာ ကြောင်အသွားကြပြီးသည့်နောက် ပျော်ရွှင်သွားခဲ့ကြကာ ကုအန်အနားတွင်ပင် ခုန်ပေါက်၍ အောင်ပွဲခံနေခဲ့ကြလေသည်။

ဝူရှင်းတစ်ယောက်မှာတော့ အေးခဲသွားခဲ့ပြီး အပြုံးတစ်ခုကိုသာ ဖျစ်ညှစ်၍ ထုတ်ထားခဲ့ရ၏။

ထိုသတင်း‌ေကြာင့် အပျော်ဆုံးလူမှာတော့ ရှောင်ချွမ်သာ ဖြစ်ပေသည်။ သူသည်အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တစ်သက်လုံး ရောက်နိုင်တော့မည်မဟုတ်ဘဲ သူ့အစ်ကိုကြီးကသာ တစ်သက်လုံး သူ့ကို တောင်ကြားတွင် အဖော်ပြုပေးနေပါက အပျော်ရွှင်ဆုံးလူမှာ သူသာ ဖြစ်ပေလိမ့်မည်။

ဆန်းကြယ်တောင်ကြားတစ်ခုလုံး ပျော်ရွှင်နေကြသောကြောင့် တခဏအကြာတွင် ဝူရှင်းလည်း ခံစားချက်များကို ထိန်းချုပ်သွားနိုင်ခဲ့ပြီး ပျော်ရွှင်လာခဲ့၏။

သူ့ခံစားချက်ကို မြင်သောအခါ ကုအန် သူ့အား ဘေးသို့ဆွဲခေါ်လာကာ အနာဂတ်တွင် ဆေးတောင်ကြားအသစ်တစ်ခု ရှိလာမည်ဖြစ်ပြီး အကယ်၍ ကုအန်က ဆန်းကြယ်တောင်ကြားတွင် ဆက်ရှိနေလျှင်တောင် ဆန်းကြယ်တောင်ကြားကို ဝူရှင်းဦးစီးရနိုင်သည်ဟု ပြောပြလိုက်သည်။

ဝူရှင်းသည် အနာဂတ်တွင် တောင်ကြားသခင်အဖြစ် အကြွင်းမဲ့အာဏာကို ရရှိနိုင်ပေလိမ့်မည်!

ထိုသတင်းသည် ဝူရှင်းကို အကြီးအကျယ်စိတ်လှုပ်ရှားသွားစေခဲ့သည်။

ဝူရှင်း၏ ပျော်ရွှင်နေသော အပြုံးကိုတွေ့လိုက်သောအခါ ကုအန် ချန်းရွှမ်တန်နှင့် ကျန်းချွမ်းချူကိုပင် တွေးမိသွားခဲ့၏။

ကိစ္စများသည် ပြောင်းလဲသွားခဲ့လေပြီ။

နေ့ရက်များ ကုန်ဆုံးသွားခဲ့ပြီး ထိုနေ့ရက်များအတွင်း ကုအန် အပြင်စည်းဂိုဏ်းသားဂူများသို့ နှစ်ရက်တစ်ခါ သွားပြီး ထျန်းယတောင်ကြားသို့တော့ တစ်လနှစ်ခါလောက် သွားခဲ့သည်။

ကုအန်သည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်သွားသည်ကို သိပြီးသောကြောင့် လျူဟွမ်လည်း ကုအန်ကို ထိုမျှ စိတ်ပူမနေတော့ပေ။

လျူဟွမ်သည် စာဖတ်ရခြင်းကို ကြိုက်နှစ်သက်သောကြောင့် ကုအန် သူ့အား အစိမ်းရောင်သူရဲကောင်း ခရီးသွားမှတ်တမ်း စာအုပ်တစ်အုပ် လက်ဆောင်ပေးခဲ့ဦ၏။

သို့သော် ကုအန် ထျန်းယတောင်ကြားသို့ရောက်တိုင်း လျူဟွမ် ထိုစာအုပ်ဖတ်နေသည်ကို တစ်ခါမှ မတွေ့ခဲ့ရပေ။

သူမကြိုက်လို့များလား!

ထို့ကြောင့် သူ့နောက်ထပ်ဘာစာအုပ်မှ ယူမလာခဲ့တော့ပေ။

ဒါပေမယ့် သူဘာလို့နတ်ဘုရားတို့၏ရာထူးများ စာအုပ်ကိုရော ဖတ်မနေတော့တာလဲ!

အပိုင်း(၅၂)

အတွင်းရေးပဋိပက္ခများ၊ တတိယမြောက်ဆေးတောင်ကြား

ဆောင်းရာသီ ကုန်ဆုံးသွားခဲ့ကာ နွေဦးသို့ရောက်ရှိလာခဲ့ပြီး နှစ်တစ်နှစ်၏အစသို့ ပြန်လည်ရောက်ရှိလာခဲ့ပြန်သည်။

ဆန်းကြယ်တောင်ကြားတွင် တပည့်များသည် နွေဦးပွဲတော်အတွက် ပြင်ဆင်ကာ အလုပ်ရှုပ်နေကြပြီး ကုအန်မှာတော့ လက်ထဲတွင် ကြွက်ဖြူလေးကိုပိုက်ကာ ဆေးဉယျာဉ်နားတွင် လမ်းလျှောက်နေခဲ့၏။

ကြွက်ဖြူလေးသည် ကုအန်လက်မောင်းထဲတွင် ၀င်အိပ်ရတာကိုကြိုက်နှစ်သက်သောကြောင့် မျက်လုံးလေးစင်းကာ အိပ်ပင်အိပ်ပျော်နေခဲ့သည်။

ထိုစဉ် လေထိုးခွဲသံတစ်သံထွက်ပေါ်လာသောကြောင့် ကုအန် လှည့်ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။

ရီလန် ပြန်ရောက်လာချေပြီ။

ရီလန် ကုလန်ဘေးသို့ ဆင်းသက်လာပြီး ဓားပျံကို သိုလှောင်အိတ်ထဲ ပြန်ထည့်သိမ်းလိုက်ကာ ပြုံး၍ ပြောလိုက်သည်။ “စီနီယာအစ်ကိုကြီး ညီမလေးပွဲတော်အမှီပြန်လာခဲ့တာ ညီမလေးကိုကြိုဆိုသေးတယ်မလား”

ကုအန် သူမကိုပြုံး၍ ကြည့်လိုက်ကာ

“ဥပဒေရေးရာခန်းမမှာ အလုပ်ရှုပ်မနေဘူးလား”

“ဘယ်လောက်အလုပ်ရှုပ်ရှုပ် နားဖို့အချိန်တော့ ရှ်ိပါတယ် ကျင့်ကြံခြင်းမှာ အနားယူဖို့လည်း လိုအပ်တယ်လေ အဲ့တာအစ်ကိုကြီးပြောခဲ့တဲ့စကားနော် ညီမလေး သေချာမှတ်ထားပြီး အခုထိလိုက်နာနေတုန်းပဲ” ရီလန် မျက်လုံးမှိတ်ပြလိုက်ကာ စနောက်နေဟန်ဖြင့် ပြောလိုက်၏။

တစ်ခဏကြာ စကားပြောပြီးသည့်နောက် ရီလန် ကုအန်အား အိမ်ထဲသို့ ဆွဲခေါ်သွားလိုက်ပြီး လမ်းတွင်ပြောလိုက်သည်။ “စီနီယာအစ်ကိုကြီး အခန်းထဲအရင်ဆုံးသွားကြရအောင် အစ်ကိုကြီးကိုပြစရာရှိတယ်”

ရတနာတစ်ခုခုများလား။

ကုအန် ကြွက်ဖြူလေးကို မြေပေါ်ပြန်ချလိုက်ပြီး ရီလန်နောက် လိုက်လာခဲ့သည်။

အခန်းထဲသို့ ရောက်သောအခါ ရီလန် အခန်းတံခါးကိုပင် မပိတ်တော့ဘဲ စားပွဲခုံဆီသို့သွားကာ သူ့သိုလှောင်အိတ်ထဲမှ သေတ္တာလေးတစ်ခုကိုထုတ်ကာ တင်လိုက်ပြီး ကုအန်ကိုပြုံးကြည့်၍ ပြောလိုက်၏။

“စီနီယာအစ်ကိုကြီး ဒါက စီနီယာအစ်ကိုကြီးအခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ရှိသွားတဲ့အတွက် ညီမလေးအထူးပြင်ဆင်ထားတဲ့ လက်ဆောင်ပါ”

“ဒါတွေမလိုပါဘူးကွာ ညီမလေးအခြေခံတည်ဆောက်ခြင်းအဆင့် ရောက်တုန်းကလည်းအစ်ကိုကြီးဘာမှ မပေးခဲ့ရဘူးလေ”

“စီနီယာအစ်ကိုကြီးရဲ့ အခြေခံတည်ဆောက်ခြင်းဆေးပြားကြောင့်သာမဟုတ်ရင် ညီမလေးဘယ်လိုလုပ် အခြေခံတည်ဆောက်ခြင်းအဆင့်ကိုရောက်နိုင်မှာလဲ ညီမလေးက ကိုယ်ပိုင်အရည်အချင်းနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကိုရောက်နိုင်မယ့် လူမျိုးမဟုတ်ပါဘူး” ရီလန် ခေါင်းခါလိုက်ကာ ပြုံး၍ ပြောလိုက်၏။

သူ့စကားကိုကြားသောအခါ ကုအန် ထပ်ငြင်းမနေတော့ပေ။ သေတ္တာကလေးကိုပဲ စိတ်၀င်တစား ကြည့်ရှုလိုက်လေသည်။

ရီလန် သေတ္တာကို ဖွင့်လိုက်သောအခါ သေတ္တာထဲမှ ဂျင်ဆင်းမြှစ်နှင့်တူသော သစ်မြစ်တစ်ခု ထွက်ပေါ်လာခဲ့၏။ သေချာသာ သတိထားမကြည့်ပါက ထိုသစ်မြစ်ထဲရှိ စိတ်ဝိညဉ်စွမ်းအားအတက်အကျကို သတိထားမိဖို့ မလွယ်ကူပေ။

[လူမျက်နှာပင်(ပြန်လည်ရှင်သန်ခြင်းအဆင့်) : ၀/၆၆၀/၂၂၀၀၀]

အမြင့်ဆုံးသက်တမ်း ၂၂၀၀၀ တဲ့လား!

ကုအန် မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။ ပြန်လည်ရှင်သန်ခြင်းအဆင့် ဟူသော စကားလုံးမျိုးကို သူပထမဆုံးမြင်ဖူးခြင်း ဖြစ်၏။

ရီလန် ရှင်းပြလိုက်သည်။ “ဒါက အဆင့်၆ စိတ်ဝိညဉ်ပင်ရဲ့ အမြစ်ပါ ဒါကိုမြေကြီးထဲထည့်စိုက်လိုက်ရင် နှစ်နည်းနည်းလောက်ကြာတာနဲ့ အပင် ပြန်ပေါက်လာပြီး ဒီနယ်မြေရဲ့ စိတ်ဝိညဉ်စွမ်းအားကို တိုးမြှင့်ပေးလိမ့်မယ်”

ကုအန် စိတ်၀င်တစားမေးလိုက်၏။ “ဒီလို အဖိုးတန်ရတနာမျိုးကို ညီမလေးဘယ်ကရလာတာလဲ”

ရီလန် ပြန်ဖြေလိုက်သည်။ “မကြာသေးခင်က ညီမလေးမိစ္ဆာလမ်းစဉ်က သူလျှိုတစ်ယောက်ကိုဖမ်းမိခဲ့တယ် သူကရွက်ဝါတစ်ထောင်မျှော်စင်ကသူလျှိုလေ ဒီသစ်မြစ်ကို သူ့ဂူထဲကတွေ့ခဲ့တာ ညီမလေးအထက်ကို သတင်းမပို့ခဲ့ဘူး”

“အဲ့တာက….ကောင်းပါ့မလား”

“စိတ်မပူပါနဲ့အစ်ကိုကြီး အခြားဥပဒေရေးရာခန်းမကတပည့်တွေလည်း ပစ္စည်း‌အချို့ကို သိမ်းထားတတ်ပါတယ် အထက်ကလည်း အဲ့တာကို မသိချင်ယောင်ဆောင်ပေးထားတယ် ညီမလေးတို့ အရမ်းလောဘမကြီးခင်အထိ အဆင်ပြေတယ် နောက်ပြီး ဒီရတနာအကြောင်းကိုလည်း ဘယ်သူမှမသိပါဘူး”

ထိုစကားကိုကြားမှသာ ကုအန်စိတ်အေးသွားခဲ့ရသည်။ ထို့နောက် သေချာစဉ်းစားပြီး‌ပြောလိုက်၏။

“အနာဂတ်မှာ ညီမလေးဆေးပင်တစ်ခုခုလိုလာခဲ့ရင် အစ်ကိုကြီးကိုပဲပြောလိုက်ပါ အစ်ကိုကြီးမကြာခင် နောက်ဆေးတောင်ကြားတစ်ခုရတော့မှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကူညီလို့ရတာပေါ့”

ရီလန် ပြုံးလိုက်ကာ “ကောင်းပါပြီ ညီမလေးအခြားတပည့်တွေကို သွားရှာလိုက်ဦးမယ် သူတို့အတွက်လည်း လက်ဆောင်တွေပါလာခဲ့တယ်”

ကုအန် ခေါင်းညိတ်ပြလိုက်ရာ ရီလန် အခန်းထဲမှ ထွက်ခွာသွားခဲ့၏။

ကုအန် သူ့ရှေ့ရှိ သေတ္တာလေးကို ကြည့်နေရင်း ထိုအပင်ကို ဘယ်မှာစိုက်ရမလဲဟု စဉ်းစားနေခဲ့သည်။

အများကြီးတွေးပြီးသည့်နောက်တွင်တော့ ထိုအပင်ကို သူ့တတိယဆေးတောင်ကြားအတွက် သိမ်းထားလိုက်မည်ဟု ဆုံးဖြတ်ခဲ့လိုက်သည်။ ဆေးတောင်ကြားအသစ်တွင် စိတ်ဝိညဉ်စွမ်းအင်တိုးမြှင့်ပေးရန် လိုအပ်ပြီး စိတ်ဝိညဉ်စွမ်းအင်ကြွယ်၀မှသာ ဆေးပင်များလည်း အမြန်ရင့်မှည့်နိုင်ပြီ ဖြစ်၏။

ဆန်းကြယ်တောင်ကြားသည် သူ့စည်းချက်နှင့်သူ သွားနေခြင်းဖြစ်ပြီး စိတ်ဝိညဉ်သစ်ပင်မျိုး မလိုအပ်တော့ပေ။ ထျန်းယတောင်ကြားကိုမူ ပြောစရာပင် မလိုပေ။ သူများဆေးပင်များအတွက် သူကြားက ၀င်စိတ်ပူပေးနေစရာမလိုပေ။

ထျန်းယတောင်ကြားသည် လီရွှမ်တောက်၏ တောင်ကြားသာ ဖြစ်ပေသည်။ သူသည် ထိုတောင်ကြားအား ၀င်စီမံပေးနေရုံသာ ဖြစ်၏။ ထို့ကြောင့် သူတစ်ခုခုလိုပါက လီရွှမ်တောက်ကို ပြောလိုက်ရုံသာ ဖြစ်သည်။

ခဏကြာပြီးနောက် ကုအန် သေတ္တာကို သိုလှောင်အိတ်ထဲထည့်လိုက်ပြီး စုတ်တံကိုထုတ်ကာ စားပွဲပေါ်ရှိ စာရွက်ပေါ်တွင် စာလုံးများ စတင်ရေးသားခဲ့၏။

ရီလန်ရောက်ရှိလာခြင်းသည် ဆန်းကြယ်တောင်ကြားကို ပို၍အသက်၀င်သွားစေခဲ့သည်။

ညဉ့်အချိန်ရောက်သောအခါ နွေဦးပွဲတော်ကိုစတင်ကျင်းပခဲ့ပြီး တပည့်တိုင်းသည် စားပွဲတွင်အတူတူထိုင်ကာ သောက်စားနေခဲ့ကြ၏။ ထိုစဉ် ကျန်းချင် ရီလန်အား အပြင်စည်းဂိုဏ်းသားတစ်ယောက်၏ အတွေ့အကြုံများကို မေးမြန်းခဲ့ရာ ရီလန်လည်း မငြင်းဆန်ဘဲ ပြောပြခဲ့သည်။

ဥပဒေရေးရာခန်းမမှ တပည့်များသည် အပြင်စည်းဂိုဏ်းကို ကာကွယ်ရရုံသာမကဘဲ အပြင်လောကသို့သွား၍ အတွေ့အကြုံရှာရသည့် တာ၀န်မျိုးလည်း ထမ်းဆောင်ရသေးသည်။ ထိုအရာသည် ရီလန့်အတွက်လည်း ခြွင်းချက်မဟုတ်ခဲ့ပေ။

“အဲ့ဒီတုန်းက ငါ့တာ၀န်က မကောင်းဆိုးဝါးတွေကို ရှင်းလင်းသုတ်သင်ပစ်ဖို့ပဲ ငါတို့ကို ဂိုဏ်းက မကြာသေးခင်က အစေခံ၁၀၀၀လောက်သေခဲ့တဲ့ တောင်ပေါ်မြို့လေးတစ်ခုကို ပို့ခဲ့တယ်လေ မြို့သားတွေအန္တရာယ်ထပ်မဖြစ်တော့အောင် မြို့အာဏာပိုင်တွေက ဂိုဏ်းကိုအကူအညီတောင်းလို့ ဂိုဏ်းက ငါတို့ ၇ ယောက်ကို ပို့ခဲ့တာ….”

ရီလန် သူ့ကြောက်စရာအတွေ့အကြုံများအား ပြန်ပြောပြနေခဲ့ပြီး အချိန်မှာလည်း ညအချိန်ဖြစ်သောကြောင့် မိန်းကလေးတပည့်များသည် ကြောက်လန့်နေခဲ့ကြကာ အချင်းချင်းအတင်းတိုး၍ ကပ်ထားကြ၏။

သူ့နောက်သို့တစ်ကောက်ကောက်လိုက်နေတတ်သော ကောင်မလေးသည် ယခုလို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေနိုင်သောသူတစ်ယောက်ဖြစ်လာသည်ကို ကြည့်နေရင်း ကုအန် ပြုံးနေမိခဲ့သည်။

ရီလန်ပြောနေသော အကြောင်းအရာသည် သရဲများပေါ်လာသည့် နေရာသို့ရောက်လာသောအခါ တပည့်များအားလုံး ကြောက်လန့်ပြီး သူတို့နှလုံးများပင် လည်ချောင်းမှ ထွက်လာတော့မလို ဖြစ်နေခဲ့ကြသည်။ ထိုထဲတွင် ရှောင်ချွမ် ဝူရှင်း နှင့်စုဟန် တို့ပင် ပါနေခဲ့၏။

ဤသို့ဖြင့် ညဉ့်နက်ချိန်သို့ရောက်သောအခါမှသာ တပည့်များ ပြန်သွားခဲ့ကြသည်။

ရီလန် ကုအန်နှင့်အတူ ကုအန်အိမ်သို့ပြန်လိုက်လာသည့်အချိန်တွင် ကုအန် သူ့အား သူအခုမှရေးလာသော သိုင်းကျမ်းစာအုပ်တစ်အုပ် ပေးလိုက်၏။ “ဒါက အစ်ကိုကြီးအတွင်းစည်းဂိုဏ်းထဲက တွေ့လာတဲ့ ခြေထောက်သိုင်းတစ်ခုပဲ ညီမလေးအားရင် ကျင့်လို့ရတယ်”

လေပြင်းအရိပ်ခြေထောက်သိုင်း!

ရီလန် သိုင်းကျမ်းကိုတစ်ချက်ကြည့်လိုက်ကာ ဖွင့်မဖတ်‌ေသးဘဲ သိုလှောင်အိတ်ထဲသို့သာ ထည့်သိမ်းထားလိုက်၏။ “စီနီယာအစ်ကိုကြီး အနာဂတ်မှာ လုကျိကျားနဲ့ဆက်ဆံတဲ့အခါ သတိထားတာ ပိုကောင်းလိမ့်မယ်”

“သူဘာဖြစ်လို့လဲ” ကုအန် ပဟေဠိဖြစ်သွားဟန်ဖြင့် မေးလိုက်သည်။

ရီလန် သက်ပြင်းချကာ ပြောလိုက်၏။ “ညီမလေးတို့ ဂိုဏ်းထဲကအတွင်းရေး ပဋိပက္ခတွေအကြောင်းပြောဖူးတာ မှတ်မိလား အခုဂိုဏ်းချုပ်ကိုဆန့်ကျင်နေတဲ့ အကြီးအကဲက လျှို့ဝှက် တပည့်တွေ ခန့်အပ်နေတယ် လုကျိကျားက အပြင်စည်းဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ကို ဆရာတင်လိုက်တယ် အဲ့ဒီအကြီးအကဲက ဂိုဏ်းချုပ်ကိုဆန့်ကျင်နေတဲ့ အကြီးအကဲဘက်ကပဲ ကိစ္စတွေသာ ဒီလိုမျိုးဆက်ဖြစ်နေရင် ဂိုဏ်းတွင်းပဋိပက္ခတွေပိုဆိုးလာပြီး ဂိုဏ်းကကမောက်ကမဖြစ်ကုန်မှာ သေချာတယ်”

“တကယ်လို့ ဂိုဏ်းချုပ်သာ အာဏာပြန်ရသွားခဲ့ရင် သူက သူ့ရန်သူဘက်ကပါတဲ့တပည့်တွေအကုန်လုံးကို ရှင်းထုတ်ပစ်မှာပဲ အဲ့ဒီအခါ လုကျိကျားလည်း လွတ်မြောက်နိုင်မှာမဟုတ်ဘူး”

“ညီမလေးသူ့ကို သတိပေးဖို့ကြိုးစားပါသေးတယ် ဒါပေမယ့် သူကနားမထောင်ဘူး သူပြောတာတော့ အမတကျင့်ကြံခြင်းလမ်းစဉ်က ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်တွေကြားစွန့်စားရတာက သာမန်မထင်မရှားဘ၀နဲ့ နေရတာထက်ပိုကောင်းတယ် ပြောတယ် သူ့ရွေးချယ်မှုက မမှားပါဘူး ညီမလေးစိတ်ပူတာက အစ်ကိုကြီးသူနဲ့အရမ်းနီးနီးကပ်ကပ်နေမိရင် သူ့ပြဿနာတွေက အစ်ကိုကြီးကို လာနွယ်မှာစိုးရိမ်တာ သူလည်း အဲ့လိုပဲတွေးမိမှာသေချာတယ် အဲ့တာကြောင့် အခုဆန်းကြယ်တောင်ကြားကို ပြန်မလာခဲ့တာ”

ထိုစကားများကို ကြားလိုက်သောအခါ ကုအန်တိတ်ဆိတ်သွားခဲ့သည်။

သူလုကျိကျား၏ ရွေးချယ်မှုအပေါ် ၀င်မစွက်ဖက်လိုပေ။ အဘယ်ကြောင့်ဆိုသော် လုကျိကျားပြောသည်မှာလည်း မှန်နေခြင်းကြောင့် ဖြစ်၏။ အမတကျင့်ကြံခြင်းလမ်းစဉ်ဆိုသည်မှာ အမြဲတန်း အခက်အခဲများနှင့် ပြည့်နှက်နေခြင်း ဖြစ်ပေသည်။

သူသည် စွမ်းအားနောက်မလိုက်ရသည့်အကြောင်းအရင်းမှာ သက်တမ်းများအား အလွယ်တကူစုဆောင်း၍ ရနေ၍သာ ဖြစ်၏။ ထို့ကြောင့် သူများကို ဘယ်လိုကျင့်ကြံရမည်ဟု သူသွားဆရာလုပ်နေ၍လည်း မဖြစ်ပေ။

ရီလန် အပြင်စည်းဂိုဏ်းအကြောင်းများအား ကုအန်ကို ဆက်လက်ပြောပြနေခဲ့သည်။ အံ့ဩစရာကောင်းသည်မှာ အဓိပတိဂိုဏ်း၏ အတွင်းရေးပြဿနာများသည် ကျိမိသားစု၊ တော်၀င်မိသားစုတို့နှင့် အများကြီးပတ်သက်ဆက်နွယ်နေခြင်း ဖြစ်၏။ ကုအန်လည်း စိတ်၀င်တစား နားထောင်နေမိခဲ့သည်။

တစ်ညလုံး စကားပြောခဲ့ကြသော်လည်း သူတို့နှစ်ယောက်သည် မမောနိုင်မပန်းနိုင် ဖြစ်နေခဲ့ကြ၏။

ရီလန်ထွက်မသွားခင်တွင် ကုအန်သူမအား လေပြင်းအရိပ်ခြေထောက်သိုင်းကို လေ့ကျင့်ရန် မမေးလျော့ဖို့ သေချာသတိပေးခဲ့ပြီး ရီလန်လည်း ခေါင်းညိတ်ပြလိုက်ကာ ထွက်ခွာသွားခဲ့သည်။

ရီလန်ထွက်ခွာသွားသောအခါ ကုအန် သူ့တပည့်များအား အကြောလျှော့လေ့ကျင့်ခန်းလုပ်ဖို့ ခေါ်ခဲ့လိုက်၏။

…..

ပျင်းစရာကောင်းသော နွေနေ့တစ်နေ့တွင် ကုအန် ပြတင်းပေါက်တွင် ရပ်နေရင်း ကောင်းကင်အား မျက်မှောင်ကြုံ့၍ ကြည့်နေခဲ့သည်။

သူကုယူအား စောင့်နေခြင်း ဖြစ်၏။

နှစ်၀က်ပြည့်သွားပြီ သူဘာလို့ မလာသေးတာလဲ!

ကုအန် သူ့တတိယမြောက်ဆေးတောင်ကြားကို နေ့တိုင်းစောင့်မျှော်နေခြင်းဖြစ်ပြီး မျိုးစေ့များကိုပင် အသင့်ပြင်ထားခဲ့ပြီး ဖြစ်သည်။

တစ်ခုခုများ ဖြစ်သွားလို့များလား။

ကုအန် စိတ်ပူလာမိ၏။ အရင်လက သူအပြင်စည်းမြို့သို့ ရောက်ချိန်တွင် အပြင်စည်းမြို့ထဲတွင် အနက်ရောင်၀တ်ရုံ၀တ်ထားသော တပည့်များကို ဟိုတစ်စု ဒီတစ်စု တွေ့ခဲ့ရ၏။ ပြောကြသည်မှာ အပြင်စည်းဂိုဏ်း၏ အကြီးအကဲအသစ်က မိစ္ဆာသုတ်သင်ခန်းမ ဟူသော ခန်းမအသစ်တစ်ခုတည်ထောင်လိုက်ပြီး ထိုအနက်ရောင်၀တ်တပည့်များသည် ထိုခန်းမကဟူ၍ ပြောနေကြသည်။

မိစ္ဆာသုတ်သင်ခန်းမသည် အကြီးအကဲကြီး၏ လက်အောက်တွင်ရှိပြီး သူကိုယ်တိုင်ထိန်းချုပ်သော ခန်းမတစ်ခု ဖြစ်၏။ ထိုခန်းမရှိ အနိမ့်ဆုံးကျင့်ကြံခြင်းရှိသည့် တပည့်မှာပင် အခြေခံတည်ဆောက်ခြင်းအဆင့် ၅ ဖြစ်ပြီး သူတို့အား ဂိုဏ်းမှဆက်ဆံပုံမှာ အခြားခန်းမများထက် ပိုမိုသာလွန်ပေသည်။

အဓိပတိဂိုဏ်းတွင် အပြင်စည်းမြို့၈မြို့ရှိပြီး ယခုလို အပြင်စည်းဂိုဏ်းမှာပင် ထိုသို့ဖြစ်နေလျှင် အတွင်းစည်းဂိုဏ်းနှင့် ဗဟိုမြို့တော်မှာဆိုလျှင်တော့ ပြောစရာပင် လိုမည်မဟုတ်တော့ပေ။ ထိုသို့သော အတွင်းရေးပဋိပက္ခမျိုးသည် ကုကျုံးကိုလည်း ရိုက်ခတ်သွားမှာ သေချာ၏။

ဟူးးး!

စိတ်အနှောင့်အယှက်ဖြစ်လိုက်တာ!

အဲ့တာက ငါ့စိုက်ပျိုးရေးကိုပါ လာထိခိုက်နေတာပဲ!

ရုတ်တရက် ကုအန် ပြဿနာရှာနေသူများကို လက်သီးတစ်ချက်လောက် ပစ်ကျွေးလိုက်ချင်စိတ် ဖြစ်လာရသည်။

ထိုစဉ် ကုအန် တစ်စုံတခုကို အာရုံခံလိုက်မိပြီး သူ့မျက်နှာပေါ်တွင် အပြုံးကြီးတစ်ခု ပွင့်လန်းလာလေတော့သည်။

သူရောက်လာပြီ! နောက်ဆုံးတော့သူရောက်လာပြီကွ!

ကုအန် ကုယူ၏ အရှိန်အဝါကို အာရုံခံလိုက်မိ၏။ သို့သော် မသိချင်ယောင်ဆောင်ကာ လှေကားအောက်သို့ ဆင်းမသွားခဲ့ပေ။

တခဏအကြာတွင် ကုယူ ဆန်းကြယ်တောင်ကြားထဲသို့ ဆင်းသက်လာခဲ့သည်။

“ကုအန်!”

ကုယူ အော်ခေါ်လိုက်ရာ တောင်ကြားထဲရှိ တပည့်များအားလုံးသူ့ကို သတိထားမိသွားကြသည်။

ကုအန် တံခါးဖွင့်လိုက်ကာ ကုယူကိုကြည့်လိုက်ပြီး ပြောလိုက်၏။ “အစ်ကိုကု ဒီကိုလာ ကျွန်တော်တို့ဒီမှာပြောရအောင်”

ကုယူ သံလိုက်အိမ်မြောင်ကို သူ့သိုလှောင်အိတ်ထဲ ပြန်ထည့်လိုက်ပြီး လှေကားမှ တက်သွားခဲ့သည်။

အခန်းထဲသို့ ရောက်သောအခါ ကုအန် တံခါးကိုပြန်ပိတ်လိုက်ပြီး ကုယူအား လက်ဖက်ရည်တစ်ခွက်ငှဲ့ပေး၍ ဧည့်ခံလိုက်၏။ သို့သော်ကုယူ မထိုင်သေးဘဲ ထိုအစား စာအုပ်စင်ပေါ်တွင်သာ တစ်ခုခုကို အသည်းအသန် ရှာဖွေနေခဲ့သည်။

“ကျွန်တော် နတ်ဘုရားတို့၏ရာထူးများ နောက်ဆုံးအပိုင်းကို မရေးရသေးဘူး” ကုအန် ပြောလိုက်၏။

ကုယူ စိတ်ပျက်သွားခဲ့ကာ စားပွဲဆီသို့သာ ပြန်လှည့်လာလိုက်ပြီး သူ့သိုလှောင်အိတ်ထဲမှ စာအုပ်များနှင့် တံဆိပ်ပြားတစ်ခု ထုတ်ပေးလိုက်လေသည်။

“ဒါကမင်းရဲ့ တောင်ကြားသခင်တံဆိပ်ပြားပဲ မင်းဆေးတောင်ကြားက အပြင်စည်းဂိုဏ်းနဲ့ အတွင်းစည်းဂိုဏ်းကြားမှာရှိတယ် အပြင်စည်းဂိုဏ်းနဲ့ မိုင်၁၀၀တောင်မဝေးဘူး အဲ့တာကြောင့် မင်းရဲ့အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံခြင်းနဲ့ဆိုရင် အသွားအပြန်လုပ်ဖို့က ပြဿနာမဟုတ်ဘူး နောက်ပြီးဒါက ငါ့အဖေရဲ့ ဘ၀အတွေ့အကြုံမှတ်တမ်းတွေ မင်းဒါတွေကို အခြေခံပြီး ရေးနိုင်တယ်

ငါ့အဖေပြောတာတော့ မင်းကအတိအကျရေးစရာမလိုဘူးတဲ့ အဲ့တော့ မင်းစိတ်ကြိုက်သာပြောင်းရေး ဒါမှမဟုတ် ဒီအတွေ့အကြုံတွေကို အခြေခံပြီး စိတ်ကူးယဉ်ပုံပြင်တစ်ပုဒ်သာ ရေးပစ်လိုက်” ကုယူ ရှင်းပြလိုက်ပြီး ကုအန်သူပြောထားသည်ကို မမေ့ဖို့လည်း တစ်ချက်ကြည့်၍ အရိပ်အမြွက်ပြလိုက်သည်။

ကုအန် လက်ဖက်ရည်ခွက်ကိုချလိုက်ကာ သူ့ရှေ့ကို တောင်ကြားသခင်တံဆိပ်ပြားကိုယူ၍ စစ်ဆေးကြည့်လိုက်၏။ ဆန်းကြယ်တောင်ကြား တံဆိပ်ပြားနှင့် မတူသည်မှာ ဤတံဆိပ်ပြားသည် ကြေးမဟုတ်ဘဲ ငွေဖြူရောင်ဖြစ်ပြီး အထဲတွင်လည်း အစီအရင်စည်းအလွှာများစွာ ပါ၀င်နေသည်။

“ပြီးရင် ငါမင်းကို ဆေးတောင်ကြားကိုခေါ်သွားမယ် နောက်မင်းဟာမင်းသွားတဲ့အခါ လမ်းပျောက်သွားခဲ့ရင် တံဆိပ်ပြားထဲကို မင်းစိတ်ဝိညဉ်စွမ်းအားထည့်လိုက် အဲ့တာဆိုမင်းကိုတံဆိပ်ပြားက လမ်းပြပေးလိမ့်မယ်” ကုယူ လက်ဖက်ရည်တစ်ငုံသောက်လိုက်ကာ ဆက်ပြောလိုက်သည်။

ကုအန် ခေါင်းညိတ်ပြလိုက်ပြီး သူ၏ဆေးတောင်ကြားအသစ်လေးအား မြင်ရန် မစောင့်နိုင် ဖြစ်နေခဲ့၏။

ကုယူတစ်ခုခုအား သတိရသွားပုံဖြင့် ပြောလိုက်သည်။

“စကားမစပ် မင်းငါ့အကြောင်းရေးတဲ့အခါကျ ကျိုးတောင်းယူ ကိုလည်းထည့်ရေးပေး သူ့ကို အမတကျင့်ကြံခြင်းကမ္ဘာမှာ အသန်မာဆုံးလူငယ်ပါရမီရှင်အဖြစ်ထည့်ရေးပေး ဒါပေမယ့် သူကငါ့ကိုအရမ်းအားကျ‌ေနပြီးတော့ ငါ့ခေါင်းဆောင်မှုနောက်ကိုပဲ လိုက်ချင်တဲ့လူ ဖြစ်ရမယ်”

ကုအန် မျက်နှာ ရှုံ့မဲ့သွားခဲ့၏။ “ဒါက အကြံကောင်းတော့ ဟုတ်ပုံမရဘူးနော် အစ်ကိုကု ကျွန်တော်အဲ့လိုရေးလိုက်ရင် ကျွန်တော်ဒုက္ခရောက်သွားမှာပေါ့”

“မင်းလိုချင်တာသာပြောကွာ ငါလုပ်ပေးမယ်”

“အဲ့တာက ဈေးနှုန်းကြောင့်မဟုတ်ပါဘူး”

“ထိပ်တန်းစိတ်ဝိညဉ်ကျောက်တုံး ၁၀၀”

“သူကအဲ့တာကို ဖတ်မိသွားရင် ကျွန်တော့်ကို လိုက်စုံစမ်းတော့မှာသေချာတယ်….”

“ထိပ်တန်းစိတ်ဝိညဉ်ကျောက်တုံး ၁၀၀၀ အဲ့တာငါ့မှာရှိတာ အကုန်ပဲကွာ”

“ဒဲ့မ‌ေရးဘဲ အဓိပ္ပာယ်နှစ်ခွ ထွက်တဲ့ပုံစံမျိုးနဲ့ရေးကွာ အဲ့တာဆိုရင်ရော ရလောက်လား”

ထိုနေရာအရောက်တွင် ကုအန် မျက်ခုံးများ တွန့်ကွေးသွား‌ပြီး ပြောလိုက်သည်။

“ကောင်းပြီလေ ဒါပေမယ့် ဇာတ်ကောင်တစ်ကောင်ပဲ ပြောင်းပေးမှာနော်”

“သဘောတူတယ်”

ကုအန် ကတိပေးလိုက်သော်လည်း စာအုပ်ထဲတွင် ကျိုးတောင်းယူကို ပုတ်ခတ်သော စာမျိုးရေးမည်မဟုတ်ပေ။ သူ့ဇာတ်လမ်းထဲတွင် ကျိုးတောင်းယူနှင့် ကုယူတို့သည် ချစ်ခင်ကြပြီး တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်နေသော ညီကိုများအဖြစ် ပုံဖော်လိုက်မည် ဖြစ်၏။ ဒါဆို သူဘယ်သူ့ကိုမှ စော်ကားစရာမလိုတော့ပေ။

ကုယူသည် ကျိုးတောင်းယူသည် မုန်းတီး၍ ထိုသို့လုပ်ခိုင်းခြင်းမဟုတ်သည်ကို ကုအန် ခံစားမိနေခဲ့သည်။ သူ့ဆန္ဒမှာ အပြင်လောကတွင် ကျိုးတောင်းယူကို သူ့လက်အောက်တွင် မထားနိုင်၍ စာအုပ်ထဲတွင် ထားလိုသောသဘောသာ ဖြစ်၏။

အမှန်တကယ်တွင် ကုယူသည် ကျိုးတောင်းယူကို မနာလိုနေခြင်းသာ ဖြစ်ပေသည်။ ကုအန်သာ စာအုပ်ထဲတွင် ကျိုးတောင်းယူနှင့် ကုယူကို ချစ်ခင်ကြသော ညီကိုများအဖြစ်ပုံဖော်လိုက်ပြီး သူတို့ကြားထဲတွင် စိတ်ခံစားချက်နှင့်ဆိုင်သော ဇာတ်အလှည့်အပြောင်းလေးများ ထည့်လိုက်ပါက ကုယူ ကျေနပ်သွားမှာ သေချာ၏။

တစ်နာရီခန့် အနားယူပြီးသည့်နောက်တွင် သူတို့နှစ်ယောက် ဓားပျံကိုစီးနင်း၍ ဆန်းကြယ်တောင်ကြားမှ ထွက်ခွာသွားခဲ့လေသည်။

All Chapters