← Chapters

အခန်း (၅၃-၅၄)

Vol. 5 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 5 Ch. 53-54

၅၃)

ကုအန်၏ဒေါသ

နေလုံးကြီးသည် တ‌ေရွ့‌ေရွ့နှင့် အနောက်အရပ်သို့ အိကျသွားခဲ့ပြီး မှောင်ရီပျိုးစအချိန်သို့ ရောက်ရှိလာခဲ့သည်။

ကုအန် ကမ်းပါးတစ်ခုပေါ်တွင်ရပ်နေရင်း သူ့ရှေ့ရှိ ဆေးတောင်ကြားကိုကြည့်ကာ မျက်နှာပေါ်တွင် ကျေနပ်နေမှုများနှင့် ပြည့်နှက်နေခဲ့၏။

သူ့ရှေ့တွင် အလွန်မမြင့်သော တောင်တန်းကြီးများ ရှိနေပြီး ထိုတောင်များကြားတွင်မူ အရှည် ၁၀မိုင်နှင့် ၂ မိုင် ၃မိုင်လောက် ကျယ်သော တောင်ကြားကြီးတစ်ခု ရှိနေလေသည်။ တောင်ကြား၏ အစွန်များတွင် သစ်ပင်များ စီတန်းပေါက်ရောက်နေပြီး သဘာ၀က လေနှင့်လှိုင်းဒဏ်ကို ကာကွယ်ပေးထားသည့် အတားအဆီးကဲ့သို့ပင်။

ကုအန်ဘေးတွင်ရပ်နေသော ကုယူ ပြောလိုက်သည်။ “ဒီနားတစ်ဝိုက်မှာ အတွင်းစည်းတပည့်တွေရဲ့ ဂူတွေရှိတယ် တစ်လုံးတည်းတင်မဟုတ်ဘူး မင်းဒီကနေ မိုင်တစ်ရာပတ်လည်ကို ကျော်မသွားသေးသရွေ့ ဘာမိစ္ဆာသားရဲကိုမှတွေ့မှာမဟုတ်ဘူး”

ကုအန်ခေါင်းညိတ်ပြလိုက်ကာ အလွန်ကျေနပ်သွားခဲ့သည်။

သူ့ရှေ့တွင်မြင်နေရသည်မှာ ဆေးတောင်ကြားတစ်ခုတင်မဟုတ်ဘဲ သူ၏စီးဆင်းနေသော သက်တမ်းကိန်းဂဏန်းများ ဖြစ်နေသည် မဟုတ်ပါလား။

ကုယူ ကုအန်ပုခုံးကို ပုတ်လိုက်ကာ ဓားပျံကိုစီး၍ ထွက်ခွာသွားခဲ့၏။ ကုအန်လည်း လေထိန်းချုပ်ခြင်းအတတ်ကိုသုံး၍ သူ့ကိုယ်ကိုမြင်နိုင်သော လေဝဲများဖြင့် ထိန်းချုပ်လိုက်ကာ တောင်အောက်သို့ ခုန်ဆင်းသွားလိုက်သည်။

ကုယူ ဓားပျံစီးနေရင်း တစ်ခုခုကိုအာရုံခံမိလိုက်၍ နောက်ပြန်လှည့်ကြည့်လိုက်ပြီး မျက်ခုံးများ တွန့်‌ကွေးသွားခဲ့သည်။ သို့သော် သူပြန်တော့ မသွားခဲ့တော့ပေ။

မြေပေါ်သို့ ရောက်သောအခါ ကုအန် တောင်ကြားအ၀င်၀ဆီသို့ အရင်သွားလိုက်၏။ အ၀င်၀တွင် ကျောက်တုိင်တစ်တုိင်ရှိနေပြီး ကျောက်တုိင်ပေါ်တွင်လည်း ဘာစာမှ ရေးမထားပေ။

ထို့ကြောင့် ကုအန် သူ့လက်ကို ဓားအဖြစ်သုံးပြီး ဓားချီဖြင့် စာလုံးလေးလုံး ရေးခဲ့လိုက်သည်။

တတိယဆေးတောင်ကြား!

အနာဂတ်တွင် ဆေးတောင်ကြားများစွာ ပိုင်ဆိုင်ရဦးမည်ဖြစ်သောကြောင့် ကုအန် ယခုတောင်ကြားကို ရိုးရှင်းသောနာမည်သာ ပေးခဲ့လိုက်၏။

သူ့လက်ရေးသူ ပြန်ကြည့်ပြီး ကျေနပ်နေချိန်တွင် ကုအန် တောင်ကြားထဲရှ်ိဘယ်နေရာတွင် အိမ်ဆောက်ရမည်နည်းဟု စဉ်းစားနေခဲ့သည်။

ထို့နောက် အရင်ဆုံး တည်နေရာကူးပြောင်းခြင်းအစီအရင်ကို ဆောက်မည်ဟု ဆုံးဖြတ်လိုက်၏။

ဤသို့ဖြင့် ညနေဆည်းဆာအချိန် ကုန်ဆုံးသွားခဲ့ပြီး ညရောက်လာခဲ့သည်။

ကုအန် မီးပုံတစ်ခုဘေးရှိ ကျောက်တုံးပေါ်တွင် ထိုင်ရင်း ကျိရှောင်ယုပေးလိုက်သော တည်နေရာကူးပြောင်းခြင်းအစီအရင်တည်ဆောက်နည်း စာအုပ်ကို ဖတ်ကြည့်နေခဲ့၏။

ကုအန် တည်နေရာကူးပြောင်းခြင်းအစီအရင်ကို တည်ဆောက်ရန် တစ်ညလုံးပြင်ဆင်နေခဲ့ပြီး အဆင်သင့်ဖြစ်မှသာ သူ့တပည့်များကို ခေါ်လာ၍ မျိုးစေ့ကြဲမည်ဟု စဉ်းစားထားခဲ့သည်။

တည်နေရာကူးပြောင်းခြင်းအစီအရင်ကို အသက်သွင်းရန်မှာ စိတ်ဝိညဉ်ကျောက်တုံးများ လိုအပ်၏။ ကံကောင်းသည်မှာ ယခုအခါ ကုအန် အတော်လေး ချမ်းသာနေပြီ ဖြစ်သည်။ နတ်ဘုရားတို့၏ရာထူးများ စာအုပ်မှရသော စိတ်ဝိညဉ်ကျောက်တုံးများကို ထည့်မတွက်ရင်တောင် ယခုအခါသူ့တွင် ကုယူပေးခဲ့သော ထိပ်တန်းအဆင့် စိတ်ဝိညဉ်ကျောက်တုံး ၁၀၀၀ ရှိနေပြီဖြစ်ပြီး ထိုမျှပမာဏနှင့်ဆိုလျှင် သူအကြာကြီးထိ ဘာမှမလုပ်ဘဲပင် ထိုင်သုံးနိုင်ပေသည်။

ညဉ့်အချိန်ကုန်ဆုံးသွားသောအခါ ကုအန်၏ တည်နေရာကူးပြောင်းခြင်းအစီအရင် တည်ဆောက်မှု ပြီးဆုံးသွားခဲ့သောကြောင့် ဓားပျံကိုစီးနင်း၍ ဆန်းကြယ်တောင်ကြားသို့ ပြန်ခဲ့လိုက်၏။

ဆန်းကြယ်တောင်ကြားသို‌့ရောက်သောအခါ သူ့အိမ်ရှေ့တွင် တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခု တည်ဆောက်လိုက်သည်။ သူ၏အပြူအမူများမှာ တောင်ကြားရှိတပည့်များ၏ အာရုံကို ဖမ်းစားသွားခဲ့၏။

ရှောင်ချွမ်သူ့ဆီကပ်လာပြီး ဘာလုပ်နေတာလဲဟု စပ်စုခဲ့ရာ ကုအန်လည်း ဖုံးကွယ်မထားခဲ့ပေ။

ကုအန်သည် နောက်ဆေးတောင်ကြားတစ်ခုကို ထပ်မံပိုင်ဆိုင်သွားပြီး တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခု တည်ဆောက်နေခြင်းဖြစ်သည်ဟု ကြားလိုက်ရသောအခါ တပည့်များ အလွန်စိတ်၀င်စားသွားကြပြီး ကုအန်အား မေးခွန်းများ တစ်ခုပြီးတစ်ခု မေးလေတော့၏။

ကုအန်လည်း အစီအရင်တည်ဆောက်နေရင်း တစ်ခုချင်း ပြန်ဖြေပေးခဲ့သည်။

မွန်းတည့်ချိန်ရောက်သောအခါ အစီအရင်တည်ဆောက်ခြင်းပြီးဆုံးသွားခဲ့ပြီး အားလုံး၏ အကြည့်အောက်တွင် ကုအန် အစီအရင်တုိင်ထဲရှိ အကွဲကြောင်းထဲသို့ စိတ်ဝိညဉ်ကျောက်တုံးများ ထည့်လိုက်၏။ စိတ်ဝိညဉ်ကျောက်တုံးများ ၀င်သွားသောအခါ အစီအရင်သည် စတင်အသက်၀င်သွားပြီး စိတ်ဝိညဉ်စွမ်းအင်များ စီးဆင်းလာခဲ့သည်။

ဝုန်းးး

တည်နေရာကူးပြောင်းခြင်းအစီအရင်တုန်ခါသွားခဲ့ပြီး မြေကြီးပင် အနည်းငယ် လှုပ်ခါသွားခဲ့သည်။ ထို့နောက် ၀င်္ကပါကျောက်တိုင်နှစ်တိုင်ထိပ်မှ စိတ်ဝိညဉ်စွမ်းအင်များ ပေါ်ထွက်လာခဲ့ပြီး ကျောက်တိုင်နှစ်တိုင်ကြားတွင် အလင်းအလွှာတစ်ခု ထွက်ပေါ်လာခဲ့၏။

ထိုအခါ ကုအန် သူ့တပည့်များကိုလှည့်ကြည့်၍ အမိန့်ပေးလိုက်သည်။ “ဝူရှင်း အပြင်စည်းမြို့ကိုသွားပြီး အစေခံတပည့်သုံးယောက်သွားရှာခဲ့ စုဟန် ကျန်းချင်နဲ့ ယိယန် ငါနဲ့လိုက်ခဲ့ ကျန်တဲ့သူတွေက ဆန်းကြယ်တောင်ကြားကို စောင့်ရှောက်ထားကြ”

ထိုစကားကိုကြားသောအခါ ကျန်းချန် စုဟန်နှင့်ယိယန်တို့ စိတ်လှုပ်ရှားသွားကြပြီး ကုအန်နောက်မှ အစီအရင်ထဲသို့ လိုက်၀င်ခဲ့ကြသည်။

တခဏအကြာတွင် တည်နေရာကူးပြောင်းခြင်းအလင်းရောင်များ ပျောက်ဆုံးသွားခဲ့ပြီး အစီအရင်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့၏။

အခြားတစ်ဖက်တွင်

တတိယဆေးတောင်ကြားထဲတွင် ကုအန် သူ့တပည့်များအား ပေါင်းရှင်းရန် တာ၀န်ပေးထားပြီး သူက အဆောက်အဦးများဆောက်ဖို့ တာ၀န်ယူထားခဲ့သည်။

ပေါင်းရှင်းရန်က စုဟန်က ဓားကိုသုံးပြီး ယိယန်က လှံကို သုံးနေခဲ့၏။ ကျန်းချင်မှာမူ ခြေသိုင်းကိုသုံး၍ ပေါင်းများကို ရှင်းလင်းနေခဲ့သည်။

လျူဟွမ် လှံသိုင်းအနည်းငယ်သင်ပေးပြီးသွားကတည်းက ယိယန်သည် လှံကိုသာအသုံးပြုချင်နေခဲ့ပြီး ကုအန်အား အပြင်စည်းဂိုဏ်းမှ သံလှံတစ်ချောင်း၀ယ်ပေးရန် ပူဆာခဲ့၏။ သူပူဆာသည့် သံလှံသည် သာမန်သံလှံတစ်ချောင်းသက်သက်သာ မဟုတ်ဘဲ စိတ်ဝိညဉ်စွမ်းအား စီးဆင်းနိုင်သည့် သံလှံမျိုးဖြစ်သောကြောင့် အဆင့်နိမ့်မှော်အသုံးအဆောင်မျိုးဟူ၍ပင် သတ်မှတ်နိုင်ပေသည်။

ကုအန် ၀ယ်ပေးလိုက်သော်လည်း လှံသိုင်းကိုစိတ်မ၀င်စားသောကြောင့် ယိယန် ၏လေ့ကျင့်ခြင်းတွင်တော့ ဝင်မရှုပ်ခဲ့ပေ။

လှံသိုင်းစတင်လေ့ကျင့်ကတည်းက ယိယန်၏ခွန်အားသည် တစ်နေ့ပြီးတစ်နေ့ တိုးတက်လာခဲ့၏။ ကုအန်ပင် သူ့ဆန်းကြယ်တောင်ကြားတွင် စစ်မှန်သော ပါရမီရှင်တစ်ယောက်ရှိလာပြီဟု ခံစားလိုက်ရသည်။

ယိယန်ကျင့်ကြံခြင်းအဆင့်သည် အရင်လိုပင် ခပ်နှေးနှေးသာ တိုးတက်နေသော်လည်း သူ့တိုက်ခိုက်နိုင်စွမ်းမှာတော့ အများကြီးတိုးတက်လာခဲ့၏။ လှံသိုင်းကို ၆လခန့်ကျင့်ပြီးသောအခါ စုဟန်နှင့်ထန်ယု တို့နှစ်ယောက်ပေါင်းလျှင်ပင် သူ့ပြိုင်ဘက်မဟုတ်တော့ပေ။

ကုအန် လူတစ်ယောက်၏ပါရမီအရည်အသွေးကို သက်တမ်းသက်သက်ဖြင့် ဆုံးဖြတ်၍ မရတာကို သိလာခဲ့ရသည်။

ကြည့်ရသည်မှာ ဤကမ္ဘာတွင် စိတ်ဝိညဉ်အမြစ်အရည်အသွေးဖြင့် အရာအားလုံးကို ဆုံးဖြတ်၍ မရသည့်ပုံပင်။

ကုအန် စုဟန် ကျန်းချင်နှင့် ယိယန်တို့ကိုတမင်ရွေး၍ ခေါ်လာခဲ့ခြင်းဖြစ်၏။ ချူချင်းလီ ပြဿနာရှာသောကိစ္စဖြစ်ပြီးကတည်းက သူတို့သုံးယောက်လုံးသည် အတော်လေး ကြိုးစားကျင့်ကြံလာခဲ့ပြီး ကုအန်အပေါ်လည်း ပိုမိုလေးစားလာခဲ့ကြသည်။ ထို့ကြောင့် အနာဂတ်တွင် သူ့ကိုပြန်ကူညီနုိင်‌ေစရန် ကုအန်သူတို့ကို ကောင်းကောင်းပျိုးထောင်ပေးရန် ဆုံးဖြတ်လိုက်၏။

တတိယဆေးတောင်ကြားသည် အပြင်စည်းဂိုဏ်းနှင့် အတွင်းစည်းဂိုဏ်းကြားထဲတွင်ရှိသောကြောင့် စိတ်ဝိညဉ်စွမ်းအားလည်း ပိုမိုကြွယ်၀လေရာ သူတို့ကျင့်ကြံခြင်းကို ပိုမိုအထောက်အကူပြုပေသည်။ ရံဖန်ရံခါလည်း ကုအန်သူတို့ကို သင်ခန်းစာများသင်ကြားပေးမည်ဟု စဉ်းစားထားခဲ့သည်။

သူတို့သုံးယောက်လုံးသည် အတော်လေးကြိုးစားကြသူများဖြစ်ကြ၏။ ပေါင်းရှင်းလို့ မပြီးသေးခင်အထိ နည်းနည်းမှမနားခဲ့ကြဘဲ ဘယ်သူကပိုမြန်မြန်ပြီးမလဲ ဆိုတာကိုပင် ပြိုင်ဆိုင်နေခဲ့ကြသေးသည်။

သူတို့ရှင်း၍ပြီးသောအခါ ကုအန်လည်း အိမ်လေးလုံးဆောက်၍ ပြီးနေချေပြီ။

ကုအန်တို့လေးယောက် အိမ်များရှေ့တွင် စုထိုင်ကာ အနားယူလိုက်ကြ၏။ ထိုစဉ် စုဟန် ယိယန်အား မကြည်သောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်လေသည်။

ယိယန်မှာတော့ အတော်တည်ငြိမ်နေပြီး မောသည့်ပုံပင်မပေါ်ပေ။ လှံသိုင်းကိုစတင်လေ့ကျင့်ပြီးကတည်းက သူ့ခံနိုင်ရည်အားသည် အတော်လေး တိုးတက်လာခဲ့၏။

ကျန်းချင် သူ့နှဖူးပေါ်ရှိ ချွေးများကိုသုတ်ကာ မေးလိုက်သည်။ “ဆရာ ကျွန်မတို့သုံးယောက်ထဲနဲ့ ဒီလောက်နယ်မြေအကြီးကြီးကို စိုက်ပျိုးနိုင်ပါ့မလား”

“ရတာပေါ့ ဟိုတုန်းကဆို ဆန်းကြယ်တောင်ကြားကို ဆရာတစ်ယောက်တည်း စီမံစိုက်ပျိုးခဲ့ရတာ မင်းတို့ဆရာဦးလေး လီယနဲ့ မုန့်လန်က လျှောက်ပဲသွားနေခဲ့ကြတာလေ” ကုအန် ရယ်မောကာ ပြောလိုက်၏။

ကုအန် စကားကိုကြားသောအခါ ကျန်းချင် စပ်စုချင်သွားပြီး အတိတ်ကဇာတ်လမ်းများကို ထပ်ပြောခိုင်းနေခဲ့သည်။

စုဟန်နှင့်ယိယန်လည်း ကုအန်ကို အတော်လေးလေးစားကြသောကြောင့် ဂရုတစိုက်နှင့် နားထောင်နေခဲ့၏။

ယိယန်သည် သူ့လှံသိုင်းကို ကုအန်သင်ပေးထားခြင်းမဟုတ်သော်လည်း သူ့ဆရာ ကုအန်ကို အတော်လေးလေးစားဆဲသာဖြစ်သည်။ ကုအန်သာမရှိလျှင် ထိုဆန်းကြယ်သောကျင့်ကြံသူသည် ဆန်းကြယ်တောင်ကြားသို့ လာ၍ သူ့ကို လှံသိုင်းတစ်ခု ပေးသွားနိုင်မည်လော။

တစ်နာရီခန့် စကားပြောပြီးသောအခါ သူတို့အားလုံး ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ခဲ့ကြ၏။

သုံးရက်ကြာသောအခါ

ကုအန်တို့ တတိယဆေးတောင်ကြားထဲတွင် ပျိုးကြဲပြီးဖြစ်သော်လည်း အပင်ပေါက်လာရန် အချိန်လိုအပ်သေးသောကြောင့် သူတို့ဆေးတောင်ကြားသည် မြေကတုံးအတိုင်းသာ ရှိနေသေးသည်။

ထို့နောက် ကုအန်သူ့တပည့်များအား ဤနေရာတွင် ရွှေ့ပြောင်းနေထိုင်ရန် အရင်ဆုံး ဆန်းကြယ်တောင်ကြားဆီပြန်၍ အထုတ်အပိုးပြင်ခိုင်းလိုက်၏။

ထိုအကြောင်းကိုကြားသောအခါ အခြားတပည့်များလည်း စိတ်၀င်စားသွားကြပြီး တတိယဆေးတောင်ကြားသို့ သွားချင်သွားကြသည်။ သို့သော် ဝူရှင်းက သူတို့အားလုံးကို ဖိနှိပ်ထားခဲ့လိုက်၏။

ဆန်းကြယ်တောင်ကြား၏ တောင်ကြားသခင်တစ်ယောက်အနေနှင့် ဝူရှင်းသူတို့အား ထွက်သွားခွင့် မပြုနိုင်ပေ!

ဆန်းကြယ်တောင်ကြားက ငါ့အခြေခံအုတ်မြစ်ကွ!

……

တတိယတောင်ကြားတွင် ပျိုးကြဲပြီး တစ်နာရီခန့်ကြာသောအခါ ကျန်းချင်နှင့် အခြားနှစ်ယောက် တောင်ကြားကို စောင့်ရှောက်ထားခဲ့ကြ၏။ ကုအန်မှာတော့ အမြဲမနေတော့ဘဲ တစ်ခါတစ်ရံမှသာ လာတော့သည်။

သူတို့‌မှာလည်း တစ်ရက်တွင်အချိန်နည်းနည်းပေး၍သာ စစ်ဆေးပေးရခြင်းဖြစ်ပြီး ကျန်အချိန်များကို အေးအေးဆေးဆေးကျင့်ကြံနိုင်ကြ၏။

ညနေအချိန်ရောက်ရှိလာခဲ့ပြီး ကောင်းကင်ယံသည် နီညိုရောင်တောက်လာခဲ့သည်။

ကျန်းချင် သူ့အိမ်ထဲမှထွက်လာပြီး အကြောဆန့်လိုက်ကာ သူ့ပုံစံသည် အင်အားအပြည့်ဖြင့် ဖြစ်နေခဲ့၏။

ကျန်းချောင်သင်ပေးခဲ့သော ကျင့်စဉ်ကြောင့် ယခုရက်ပိုင်းအတွင်း သူ့ကျင့်ကြံခြင်းလျင်မြန်စွာ တိုးတက်လာခဲ့ပြီး အရင်နှင့်မတူတော့ဘဲ သူ၏ ကျင့်ကြံလိုစိတ်မှာ အဆုံးထိ မြင့်တက်နေခဲ့သည်။

ထိုစဉ် သူမတစ်ချက်လှည့်ကြည့်လိုက်ပြီး တောင်ကြားအ၀င်၀တွင် လှံသိုင်းကျင့်နေသော ယိယန်အား တွေ့သွားခဲ့၏။

“စွမ်းအင်မစုပ်ယူဘဲ လှံသိုင်းချည်းကျင့်နေတာ အသုံး၀င်ပါ့မလား” ကျန်းချင်တစ်ယောက်တည်း ခပ်တိုးတိုးပြောနေလိုက်သည်။ သို့သော် သူမသိချင်စိတ်ကိုချိုးနှိမ်ကာ ဆေးပင်များစစ်ဆေးရန်သာ ထွက်လာခဲ့၏။

နောက်ဆုံးတွင် ဤဆေးပင်များသည် သူ့ဆရာ၏ အားထုတ်ထားမှုများ မဟုတ်ပါလား။

တောင်ကြားအပြင်တစ်နေရာတွင်

ယိယန် နေရောင်အောက်၌ လှံသိုင်းကျင့်နေခဲ့လေသည်။ သူ့ကိုယ်မှ ချွေးများသည် မိုးရေများလို စီးကျနေသော်လည်း သူမရပ်နားခဲ့ပေ။ သူ့ကိုယ်ထဲမှ နာကျင်လာသော်လည်း သူမရပ်နားခဲ့ပေ။

ဤလှံသိုင်းသည် သူ၏တစ်ခုတည်းသော အခွင့်အရေးဖြစ်ပြီး သူတစ်သက်လုံး အစေခံတပည့်တစ်ယောက်အဖြစ်ဖြင့် နေမသွားလိုပေ။

“အထဲမှာ စိတ်ဝိညဉ်စွမ်းအားပိုများတာကို မင်းကဘာလို့ လှံသိုင်းကို အပြင်မှာလာကျင့်နေတာလဲ” အသံတစ်သံထွက်ပေါ်လာရာ ယိယန်အံ့ဩသွားပြီး အသံလာရာသို့ လှည့်ကြည့်လိုက်၏။

ထိုအခါ သူနှင့် ၁၀ကျန်းအကွာ‌ေလာက်ရှိ သစ်ပင်ထိပ်တစ်ခုပေါ်တွင် ရပ်နေသော အပြာရောင်၀တ်စုံကို၀တ်ဆင်ထားသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့၀တ်စံုပြာသည် လေထဲတွင် မျောလွင့်နေသောကြောင့် သူ့သဏ္ဍာန်မှာ အမတတစ်ပါးနှင့်ပင် တူနေသေး၏။

သူဘယ်အချိန်ကရောက်နေတာလဲ!

ယ

ယိယန် သူ့လက်ထဲရှိလှံကိုချလိုက်ပြီး ခပ်ကျယ်ကျယ်အော်မေးလိုက်သည်။ “စီနီယာ ဒီကိုဘာလို့ရောက်နေသလဲ သိပါရစေ”

သူတို့ရောက်ရှိနေသောနေရာသည် အတွင်းစည်းဂိုဏ်းနယ်မြေဖြစ်သောကြေ‌ာင့် သူတို့ဆီရောက်ရှိလာနိုင်သော သူတိုင်းသည် အတွင်းစည်းတပည့်များသာ ဖြစ်နိုင်သောကြောင့် တွေ့သမျှလူတိုင်းကို စီနီယာဟု ခေါ်ရမည်ဟု ကုအန်သူတို့ကို သင်ထားခဲ့သည်။

၀တ်စုံပြာနှင့်လူသည် သာမန်မျက်နှာမျိုးသာရှိသော်လည်း သူ့မျက်လုံးများမှာတော့ အကြည့်ချင်းစုံ၍ မကြည့်ရဲအောင်ပင် တောက်ပနေလေ၏။

“ဒီနေရာကို ဖြတ်လာရင်း မင်းလှံသိုင်းကျင့်နေတာတွေ့လို့ မင်းလှံသိုင်းက သာမန်တော့ဟုတ်ပုံမပေါ်ဘူး အဲ့ဒီသိုင်းထဲမှာ စိတ်ဝိညဉ်စွမ်းအားစုပ်ယူပြီး ခန္ဓာကိုယ်ကိုကြံ့ခိုင်စေတဲ့ နည်းလမ်းမျိုးတွေပါတယ် အတော်ရှားပါးတဲ့သိုင်းမျိုးပဲ”

သူ့အနားသို့ ထိုလူကပ်လာသောအခါ ယိယန် ကြောက်ရွံ့သွားခဲ့၏။ သူ့ဆရာမရှိဘဲ သူထိုကိစ္စကို မည်သို့ ဖြေရှင်းရတော့မည်နည်း။

“မင်းငါ့မေးခွန်းကို မဖြေရသေးဘူး” ကျိုးတောင်းလူ ထပ်မေးလိုက်သည်။ သူလေသံသည် ခပ်အေးအေးသာဖြစ်သော်လည်း သူအေးလေလေ ယိယန်မှာ ပိုဖိအားများ‌လာလေလေပင်။

ယိယန် အားမွေးပြီးပြန်ဖြေလိုက်၏။ “ကျွန်တော့်နောက်က‌နေရာက ကျွန်တော့်ဆရာရဲ့ ဆေးတောင်ကြားပါ မျိုးစေ့ကြဲထားတာ တစ်နာရီလောက်ပဲရှိသေးတာဆိုတော့ ဆေးပင်တွေကြီးထားမှုကို ကျွန်တော့်လေကျင့်မှုကြောင့် လျော့ကျသွားစေတာမျိုး မဖြစ်စေချင်လို့ပါ”

“ဒီလှံသိုင်းက မင်းဆရာသင်ပေးထားတာလား”

“မဟုတ်ပါဘူး အဲ့တာကဆရာ့ရဲ့မိတ်ဆွေတစ်ယောက်သင်ပေးသွားတာပါ”

“အဲ့ဒီလိုမိတ်ဆွေမျိုးရှိတဲ့ မင်းဆရာက သာမန်တော့ဟုတ်ပုံမပေါ်ဘူး ငါသူ့နာမည်ကိုသိလို့ရမလား”

“ကျွန်တော့်ဆရာနာမည်က ကုအန်ပါ”

ဖြေနေရင်း ယိယန် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ခန့်မှန်းလို့ မရဘဲ ဖြစ်နေခဲ့သည်။

ကျိုးတောင်းယူ လမ်းလျှောက်နေတာကို ရပ်လိုက်ပြီး ပြောလိုက်၏။ “ငါတို့ သိုင်းပညာဖလှယ်ကြရင်ရော ဘယ်လိုလဲ ငါစိတ်ဝိညဉ်စွမ်းအားရော မှော်အသုံးအဆောင်ပစ္စည်းရောမသုံးဘူး သိုင်းပညာသက်သက်ပဲ ဘယ်လိုလဲ”

ယိယန်မျက်မှောင်ကြုံ့လိုက်ပြီး အနည်းငယ် တွန့်ဆုတ်သွားခဲ့သည်။

“မင်းကြောက်လို့လား”

ကျိုးယူတောင်း၏စကားများသည် ယိယန်၏ တိုက်ခိုက်လိုစိတ်ကို ဆွပေးနေခဲ့၏။ သူသည် မိစ္ဆာလမ်းစဉ်မှ ကျင့်ကြံသူကြီးကိုပင် မကြောက်ခဲ့‌ရာ သူ့ရှေ့မှလူကို ဘာကြောင့် ကြောက်နေရမည်နည်း။

…..

မွန်းတည့်ချိန်တွင် ကုအန်တည်နေရာကူးပြောင်းခြင်းအစီအရင်ကိုသုံး၍ တတိယတောင်ကြားသို့ ရောက်လာခဲ့သည်။ အရင်ဆုံး နတ်အာရုံကိုသုံး၍ သူ့စိုက်ခင်းများကိုစစ်ဆေးကြည့်လိုက်ပြီး အကုန်လုံးအဆင်ပြေမှသာ သူ့တပည့်များကို စစ်ဆေးကြည့်လိုက်၏။

မကြာခင် ကုအန် တောင်ကြားအ၀င်၀တွင် လှံသိုင်းကျင့်နေသော ယိယန်ကို သတိထားမိသွားသည်။

ကုအန် သူ့ဆီချဉ်းကပ်လာတာကိုတွေ့သောအခါ ယိယန် ချက်ချင်းနောက်လှည့်လိုက်၏။

“ယန်အာ မင်းဘယ်လိုဒဏ်ရာရလာတာလဲ” ကုအန် ယိယန်နားသွားပြီး မေးလိုက်သည်။

တခဏကြာ တွန့်ဆုတ်နေပြီးသည့်နောက် ယိယန် ကုအန်ဘက်ပြန်လှည့်လိုက်ရာ စုတ်ပြတ်နေသော မျက်နှာနှင့် မျက်နှာပေါ်ရှိ လက်ဖဝါးရာကြီးကို ကုအန်တွေ့လိုက်ရ၏။

ယိယန် ကုအန်အား မနေ့ညနေက ဖြစ်ခဲ့သော အဖြစ်အပျက်ကို ပြန်ပြောပြခဲ့သည်။ ယိယန်စကားကိုကြားသောအခါ ကုအန်အတော်ဒေါသထွက်သွားခဲ့၏။

တစ်ယောက်ယောက်က ငါ့တပည့်ကို အနိုင်ကျင့်ရဲတယ်ပေါ့!

“သူ့နာမည်က ဘယ်သူလဲ ဘယ်ကလာတာတဲ့လဲ”

“ကျွန်တော်မသိဘူး သူကဘာမှပြောမပြခဲ့ဘူး သူပြောတာက သူအားရင်ကျွန်တော့်ကိုပြန်လာရှာဦးမယ်တဲ့”

“စိတ်မပူနဲ့ မင်းဆရာက မင်းကိုကူညီပေးမယ်”

ကုအန် ယိယန်ပုခုံးကိုပုတ်လိုက်ပြီး ဒဏ်ရာကုသရန်ဆေးများ ထုတ်ပေးလိုက်၏။

နောက်ရက်အနည်းငယ်အတွင်း ကုအန် တတိယတောင်ကြားတွင်သာနေရင်း သူ့တပည့်ကို ရိုက်နှက်သွားသည့်သူကို တွေ့ရန် စောင့်နေခဲ့သည်။

သို့သော် ကုအန် အပြင်စည်းဂိုဏ်းတပည့်ဂူများအား စီမံရန် ထွက်သွားရပြီး ပြန်လာသည့်အချိန်တွင် သူ့တပည့်မှာ ထပ်ရိုက်ခံထားခဲ့ရပြန်၏။

ထိုသူသည် သူ့တပည့်အားရိုက်နှက်ခဲ့ပြီး ထွက်သွားခဲ့ပြန်သည်။

ဤသို့ဖြင့် အချိန်များကုန်ဆုံးသွားခဲ့ကာ နှစ်လအတွင်း ယိယန် လေးခါ ရိုက်နှက်ခံခဲ့ရပြီး ထိုလေးခါလုံးသည် ကုအန်မရှိသောအချိန်တွင် ဖြစ်သွားခဲ့ခြင်း ဖြစ်၏။

ထိုလူသည် သူ့ကိုတမင်သက်သက်ရှောင်နေခြင်းဟုပင် ကုအန် ခံစားလာခဲ့ရသည်။

ထိုနေ့က မွန်းတည့်ချိန်တွင် ကုအန် သစ်ပင်တစ်ပင်အောက်၌ စာထိုင်ဖတ်နေခဲ့၏။ သူထိုင်နေသောနေရာသည် တောင်ကုန်းတစ်ခုပေါ်တွင်ဖြစ်ပြီး အောက်သို့လှမ်းကြည့်ပါက တောင်ကြားအ၀င်၀တွင် လှံသိုင်းကျင့်နေသော ယိယန်ကို ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရသည်။

ရုတ်တရက်

ကုအန် တစ်ခုခုကို အာရုံခံမိသွားပြီး သူ့မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားခဲ့၏။

နောက်ဆုံးတော့ သူရောက်လာချေပြီ!

အပိုင်း(၅၄)

မင်းဓားကအရမ်းမြန်လွန်းတယ်

ကုအန်၏ မျက်လုံးများအောက်တွင် ပုံရိပ်တစ်ခုသည် မြေပြင်ပေါ်ဆင်းသက်လာကာ ယိယန်ရှေ့သို့ ရောက်ရှိလာခဲ့သည်။

သူ့ကိုမြင်သောအခါ ယိယန် တောင့်တင်းသွားပြီး နောက်သို့ပင် ခြေနှစ်လှမ်းဆုတ်သွားခဲ့ရသည်။

[ကျိုးတောင်းယူ:ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၉: ၆၂/၉၀၀/၃၁၀၀]

သူကိုး!

ကုအန် လက်ရှိ အဓိပတိဂိုဏ်းအား ကိုင်လှုပ်နေသူနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ကျိုးယူတောင်းသည် နေရာအနှံ့က ပါရမီရှင်များကို လိုက်လံစိန်ခေါ်နေပြီး အခုထိလည်း တစ်ခါမှ မရှုံးသေးသောကြောင့် သူ့ဂုဏ်သတင်းသည် အပြင်စည်းဂိုဏ်းဆီသို့ပါ ရောက်ရှိလာခဲ့သည်။

ကျိုးယူတောင်း၏ ကျူးရှန်ဂိုဏ်းသည်လည်း အဓိပတိဂိုဏ်းနဲ့ ပဏာသင့်သော လမ်းမှန်ဂိုဏ်းတစ်ခု ဖြစ်နေလေရာ အဓိပတိဂိုဏ်းက အကြီးအကဲများသည် သူ့ကိုဘာမှလုပ်မရပေ။ ထို့ကြောင့် ကျိုးယူတောင်း အဓိပတိဂိုဏ်းထဲတွင်နေပြီး နှစ်၀က်လောက် ဂိုဏ်းထဲရှိပါရမီရှင်များကို ပတ်စိန်ခေါ်နေသော်လည်း သူ့ကိုဘယ်သူမှ ဘာမှလုပ်မရပေ။

ထို့အပြင် ကျိုးယူတောင်းသည် စိတ်ဝိညဉ်စွမ်းအားများမသုံးဘဲ သိုင်းသက်သက်ကိုသာ ပြိုင်ချင်းဖြစ်ပြီး တိုက်ခိုက်ရာတွင်လည်း ဘယ်သူ့ကိုမှ သတ်ဖြတ်လိုက်သည်အထိ မလုပ်ဖူးပေ။ ထို့ကြောင့် သု့လုပ်ရပ်ကို နှစ်၁၀၀အောက် ပါရမီရှင်များအား လိုက်လံစိန်ခေါ်နေခြင်းသက်သက်ဟု မှတ်ယူနိုင်ပေသည်။ ထို့ကြောင့် အဓိပတိဂိုဏ်းမှလူတိုင်းသည် ဂိုဏ်းထဲထိလာ၍ စော်ကားခံနေရသော်လည်း ဘာမှပြန်လုပ်မရဘဲ အံတကြိတ်ကြိတ်နှင့်သာ ကြိတ်ဒေါသထွက်နေခဲ့ကြရသည်။

ယခုအခါ အဓိပတိဂိုဏ်းတစ်ခုလုံးသည် ကျိုးတောင်းယူ၏တည်ရှိနေမှုကြောင့် ဖိအားတစ်ခုအောက်တွင် ရောက်နေခဲ့ကြရပြီး ဘယ်သူမှလည်း သူ့ကိုအနိုင်မယူနိုင်ခဲ့ကြပေ။ ကျိုးတောင်းယူသည် အသက် ၁၀၀အောက် ကျင့်ကြံသူတိုင်းကို စိန်ခေါ်သော်လည်း သူ့အသက်သည် အသက်၁၀ဝပြည့်ရန် ၃၈ နှစ်ပင်လိုနေသေး၏။ သူသည် ယှဉ်ပြိုင်ရာ၌ အဓိပတိဂိုဏ်းမှ အသက်၉၉နှစ်အရွယ်ရှိသူကိုပင် ယှဉ်ပြိုင်ခဲ့ရာ အဓိပတိဂိုဏ်းကို အကြောပေးထားသည်ဟူ၍ပင် ဆိုနိုင်ပေသည်။

သို့သော်လည်း အခုထိ သူ့ကိုဘယ်သူမှ မနိုင်မယူနိုင်သေးပေ။

ထိုစဉ် ကျိုးတောင်ယူ၏အကြည့်သည် တောင်ကုန်းပေါ်ရှိ ကုအန်ပေါ် ရောက်သွားခဲ့သည်။

ကုအန်ဖတ်လက်စစာအုပ်ကိုချထားလိုက်ပြီး အေးအေးဆေးဆေးပင် တောင်ကုန်းပေါ်မှ လမ်းလျှောက်ဆင်းလာခဲ့၏။

ထို့နောက် ကျိုးတောင်းယူနှင့် ယိယန်တို့နှစ်ယောက်ကြား ၀င်ရပ်လိုက်ပြီး လက်သီးဆုပ်ကာ မေးလိုက်သည်။ “ကျွန်တော်က ယိယန်ရဲ့ဆရာ ကုအန်ပါ ကျွန်တော့်တပည့်က ဘယ်စီနီယာကြီးကို အပြစ်ပြုမိသွားလဲ သိပါရစေ”

ယိယန် သူ့ရှေ့တွင်ရပ်နေသော ကုအန်ကိုကြည့်နေရင်း ရင်ထဲထိသွားရသည်။

ကုအန်ပြောပုံအရ ဤနေရာတွင် တွေ့ရသမျှလူတိုင်းသည် အတွင်းစည်းဂိုဏ်းသားများဟု ဆိုထားလေရာ သူ့ရှေ့မှလူသည်လည်း အနည်းဆုံး ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်နေသူသာ ဖြစ်ရပေလိမ့်မည်။

ယခုအခါ သူ့ဆရာသည် သူ့ကိုကာကွယ်ပေးရန် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အရှေ့တွင်ပင် ရပ်ပေးနေသည် မဟုတ်ပါလား။

“မင်းက သူ့ဆရာလား မင်းကျင့်ကြံခြင်းအဆင့်က စိတ်ပျက်စရာပဲ” ကျိုးတောင်းယူ မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။

ကုအန်ပြန်ပြောလိုက်၏။ “ကျွန်တော့်တပည့်ကျင့်ကြံခြင်းက ချီကျင့်ကြံခြင်းအဆင့်ပဲရှ်ိတာ ကျွန်တော့်ကျင့်ကြံခြင်းက ဘယ်လောက်ရှိနိုင်မှာမလို့လဲ”

ကုအန် စကားကြောင့် ကျိုးတောင်းယူ ဒေါသထွက်သွားခဲ့သည်။ “ငါကမင်းတပည့်ကို အနိုင်ကျင့်နေတာမဟုတ်ဘူး သူ့ကိုအသိအမှတ်ပြုပေးနေတာ”

ထိုစကားကိုကြားသောအခါ ယိယန် မျက်နှာရှက်လွန်း၍ စိမ်းတက်လာခဲ့၏။

ကုအန် သူ့ကိုစိုက်ကြည့်ရင်း ပြောလိုက်သည်။ “တကယ်ပဲ ခင်ဗျားက သူ့ကိုသင်ကြားပေးချင်တာဆိုရင် ရိုးရိုးရှင်းရှင်းပဲ သင်ပေးလို့ရပါတယ် အဲ့ဒီအတွက်ကျွန်တော့်တပည့်က ကျေးဇူးတောင်တင်နေလိမ့်ဦးမယ် ဒါပေမယ့် ခင်ဗျားလုပ်ခဲ့တာက သင်ကြားချင်ကြောင်းမပြဘဲ သူ့ကိုရိုက်နှက်ခဲ့ရုံပဲ ခင်ဗျားစိတ်ထဲမှာ သူ့ကိုအထင်သေးနေတယ်ဆိုတာ သိသာတယ်”

ကျိုးတောင်းယူသည် ထိပ်တန်း ပါရမီရှင်တစ်ယောက်ဖြစ်သောကြောင့် ကုအန် သူ့ကိုမစော်ကားလိုပေ။ သို့သ်ောလည်း သူ့ကိုလာအနိုင်ကျင့်ရင်တော့ သူငြိမ်ခံနေမည် မဟုတ်ပေ။

ကုအန်စကားကိုကြားသောအခါ ကျိုးတောင်းယူ၏ မျက်ခုံးများ ပိုမိုတွန့်ကွေးသွားခဲ့သည်။

သူကုအန်စကားများကို ပြန်လည်ချေပချင်သော်လည်း ကုအန်စကားများသည် မှန်နေကြောင်းလည်း သိနေခဲ့၏။ သူ့စိတ်ထဲတွင် အမှန်တကယ်လည်း ယိယန်ကို အထင်သေးနေခဲ့ခြင်း ဖြစ်သည်။ သင်ကြားပေးလိုသော ရည်ရွယ်ချက်နှင့်ရိုက်နှက်ခြင်းဆိုသည်မှာ သူစကားလှအောင် လျှောက်ပြောနေခြင်းသာ ဖြစ်၏။

“ဟမ့် မင်းလည်းငါနဲ့တိုက်ခိုက်ချင်နေပုံပဲ ကောင်းတယ် အရင်စည်းမျဉ်းအတိုင်းပဲ စိတ်ဝိညဉ်စွမ်းအားမသုံးဘူး သိုင်းကွက်သက်သက် ယှဉ်ကြမယ် ငါရှုံးရင် မင်းတပည့်ကိုတောင်းပန်ပြီး သူ့ကိုခန္ဓာသန့်စင်မှော်သိုင်းတစ်ခုပေးမယ် ဘယ်လိုလဲ” ကျိုးတောင်းယူ ကုအန်ကိုစိုက်ကြည့်၍ ပြောလိုက်ပြီး သူ့လေသံသည် အေးစက်နေခဲ့သည်။

“ဆရာ ထားလိုက်ပါတော့”

ယိယန် အမြန်ငြင်းခိုင်းလိုက်သည်။ ကျိုးတောင်းယူ၏ ခွန်အားကို သိနေသောကြောင့် သိုင်းကွက်သက်သက်ဆိုလျှင်ပင် သူ့ဆရာအတွက် လွယ်မည်မဟုတ်မှန်း သူသိနေခဲ့၏။

ကုအန် မေးလိုက်သည်။ “သိုင်းကွက်သက်သက်ပဲမဟုတ်လား”

“ဟုတ်တယ်”

ကုအန်စိတ်၀င်စားလာသည်ကိုမြင်သောအခါ ကျိုးတောင်းယူမျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့လေသည်။ သို့သော် သူ့အပြုံးမှာ အတော်လေးကြောက်စရာကောင်းနေခဲ့၏။

ကုအန် မျက်မှောင်ကြုံ့လိုက်ကာ ပြောလိုက်သည်။ “တကယ်လို့ ခင်‌ဗျားရှုံးရင် ခင်ဗျားရှုံးတာကိုကျွန်တော့်ကိုအပြစ်မပြောရဘူး နောက်ပြီး ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်လုံးကို ထပ်မနှောင့်ယှက်ရတော့ဘူး”

ဟီးဟီး ဒီကောင်ကငါနဲ့တကယ်ကြီး သိုင်းကွက်ချင်းလာယှဉ်ချင်နေတာပဲ!

ကျိုးတောင်းယူရယ်မောလိုက်ကာ “မင်းသဘောအတိုင်းပဲ အမြန်လက်နက်ထုတ်လိုက်တော့”

ကုအန် လက်မြှောက်လိုက်ကာ လေထဲသို့လက်ဟန်တစ်ခုပြလိုက်ရာ သူတို့နားရှိတောအုပ်ထဲမှ သစ်ကိုင်းတစ်ကိုင်းသူ့လက်ထဲ ရောက်လာခဲ့သည်။ ထို့နောက် ထိုသစ်ကိုင်းကို ဓားအဖြစ်ကိုင်ထားပြီး ကျိုးတောင်းယူထံ ချိန်ရွယ်ထားလိုက်၏။

ကျိုးတောင်းယူ ချက်ချင်း ကုအန်ဆီလျှောက်လာလိုက်ရာ သူတို့ကြားရှိ အကွာအဝေးသည် ပိုကျဉ်းလာခဲ့သည်။ ယိယန်တစ်ယောက်မှာတော့ဘေးတွင်ရပ်၍ သူ့ဆရာ ထိခိုက်သွားမည်ကို စိုးရိမ်နေခဲ့၏။

သူတို့ကြားတွင် ခြေ၇လှမ်းခန့်သာ ဝေးတော့သောအခါ ကျိုးတောင်းယူ ရုတ်တရက်အရှိန်တင်လိုက်ပြီး ကုအန် ၀မ်းဗိုက်အား ညာလက်သီးဖြင့် ပစ်ထိုးလိုက်လေသည်။

စိတ်ဝိညဉ်စွမ်းအင်သုံးမထားသော်လည်း သူ့လက်သီးမှ ကျားတစ်ကောင် ကျားသစ်တစ်ကောင်၏ ဟိန်းဟောက်သံများကဲ့သို့သော အသံများပင် ထွက်နေခဲ့၏။ ကျိုးတောင်းယူ၏ လက်သီး ကုအန်ကိုယ်ကို ထိမသွားသေးခင်တွင် ကျိုးတောင်းယူ သူ့ကိုယ်ပေါ်သို့ လွှမ်းခြုံထားသည့် ကြောက်စရာကောင်းသောစွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။

ဟူးးးး

ကျိုးတောင်းယူလက်သီးရပ်တန့်သွားပြီး သူ့သူငယ်အိမ်များလည်း ပြူးကျယ်သွားခဲ့ကာ သူ့အမူအရာသည် အံ့ဩလွန်း၍ တောင့်တင်းသွားခဲ့၏။

ယိယန်မှာလည်း သူ့ရှေ့ရှိ မယုံနိုင်စရာမြင်ကွင်းကို မျက်လုံးများပြူး၍ ကြည့်နေခဲ့သည်။

ကုအန်ကိုယ်သည် နောက်သို့ အနည်းငယ်လဲလျောင်းထားပြီး သူ့လက်ထဲရှိ သစ်ကိုင်းမှာမူ ကျိုးတောင်းယူ၏ လည်ပင်းကို သွားထောက်မိနေခဲ့ကာ ကျိုးတောင်းယူ၏ လက်သီးမှာတော့ ကုအန်ဗိုက်နှင့် ၂ပေလောက်အကွာတွင် ရှိနေခဲ့၏။

“တကယ်လို့ ကျွန်တော့်လက်ထဲကသာ တကယ့်ဓားဆိုရင် ခင်ဗျားဒဏ်ရာရသွားနိုင်လောက်လား”

ကုအန် ကျိုးတောင်းယူ၏ အံ့ဩနေသော အမူအရာကြည့်ပြီး အေးအေးဆေးဆေးပင် မေးလိုက်သည်။

တစ်ခဏကြာမှသာ ကျိုးတောင်းယူ သူ့လက်သီးကို ပြန်ဆုတ်လိုက်ပြီး ကုအန်လည်းဓားကို ပြန်ဆုတ်ခဲ့လိုက်၏။

ကျိုးတောင်းယူ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ယိယန်ကိုကြည့်ပြီး ပြောလိုက်သည်။

“တောင်းပန်ပါတယ် ငါအတော်လွန်သွားတယ်”

ထို့နောက်သူ့သိုလှောင်အိတ်ထဲမှ စာအုပ်တစ်အုပ်ယိယန်ဆီ ပစ်ပေးလိုက်ပြီး ကုအန်ဘက် ပြန်လှည့်ကြည့်လိုက်၏။

“မင်းဓားပညာက အရမ်းမြန်လွန်းတယ် မင်းကတကယ်ပဲဘယ်သူလဲ”

ကုအန် သစ်ကိုင်းကိုတောထဲပြန်ပစ်လိုက်ပြီး အေးအေးဆေးဆေးပြန်ပြောလိုက်သည်။ “ကျွန်တော်က ကျင့်ကြံရတာကိုမကြိုက်တဲ့ သာမန်စိတ်ဝိညဉ်အမြစ်နဲ့ ကျင့်ကြံသူတစ်ယောက်သက်သက်ပါပဲ ကျွန်တော်က ရိုးရိုးရှင်းရှင်းဓားလေ့ကျင့်ရတာကိုပဲ ကြိုက်တယ် ကျွန်တော့်ဓားသိုင်းက အစွမ်းမထက်ပါဘူး ဒါပေမယ့် လုံလောက်အောင်တော့မြန်တယ် တကယ်လို့သာ စည်းမျဉ်းတွေသတ်မှတ်မထားရင် ကျွန်တော်က ခင်ဗျားပြိုင်ဘက်ဘယ်လိုမှဖြစ်နိုင်မှာမဟုတ်ဘူး”

အကယ်၍ ကျိုးတောင်းယူသာ အရှုံးကိုလက်မခံပါက ကုအန်သူ့ကို မှတ်လောက်သားလောက်အောင် ဆုံးမပေးလိုက်မည်ဟု စဉ်းစားထားခဲ့သည်။ သို့သော် ကျိုးတောင်းယူသည် အရှုံးကိုလက်ခံကာ သူ့တပည့်ကိုပင် တောင်းပန်ခဲ့၏။ ထို့ကြောင့် ကျိုးတောင်းယူအပေါ် ကုအန်အမြင်များ ပြောင်းလဲသွားခဲ့ရပြန်သည်။

ဒီကောင်က မာနကြီးပေမယ့် ဆိုးသွမ်းနေတဲ့သူတော့ မဟုတ်ဘူးပဲ!

ကုအန်စကားကိုကြားသောအခါ ကျိုးတောင်းယူမျက်နှာ ပြောင်းလဲသွားပြီး အံကြိတ်ကာ မေးလိုက်၏။ “မင်းတကယ်ပဲ ဒီ‌ေန့ကိစ္စကို ဘယ်သူ့ကိုမှမပြောဘူးလား”

“ကျွန်တော်ကခင်ဗျားနာမည်ကိုတောင်မသိတာ ဘယ်လိုပြောရမှာလဲ” ကုအန်ပြန်ပြောလိုက်သည်။

ထိုအခါမှ ကျိုးတောင်းယူ သက်ပြင်းချလိုက်နိုင်ပြီး ကုအန်ကို လက်သီးဆုပ်ဦးညွှတ်အရိုအသေပြုလိုက်ကာ သူလာတုန်းကထက်ပင် ပိုမြန်သောအလျင်ဖြင့် ပြန်သွားခဲ့၏။

ယိယန် ကုအန်နားကပ်လာပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“ဆရာ ဆရာ့ဓားကအရမ်းမြန်လိမ့်မယ်လို့ ထင်မထားမိဘူး သူ့ကိုတစ်ကွက်တည်းနဲ့ကို အနိုင်ယူလိုက်တာပဲ”

ကုအန် တောင်ကြားကိုတစ်ချက်ကြည့်လိုက်၏။ ကျန်းချင်သည် သူ့အခန်းထဲတွင် ကျင့်ကြံနေပြီး စုဟန်မှာတော့ တောအုပ်ထဲတွင် ဓားသိုင်းလေ့ကျင့်နေခဲ့သည်။ ဘယ်သူမှ ယခုအဖြစ်အပျက်ကို သတိမထားမိခဲ့ပေ။

“ဒီကိစ္စကို ဘယ်သူ့မှမပြောနဲ့ ငါတို့ဆရာတပည့်နှစ်ယောက်ကြားက လျှို့ဝှက်ချက်တစ်ခုအဖြစ်ပဲ ထားကြရအောင် မင်းစီနီယာအစ်ကိုကြီး အစ်မကြီးတွေကိုတောင် မပြောနဲ့” ကုအန် ယိယန်ကို ညွှန်ကြားလိုက်သည်။

ကုအန်အမြန်ခေါင်းညိတ်လိုက်ပြီး သူ့ဆရာနှင့်သူ့ကြား ပိုမိုရင်းနှီးသွားသည်ဟု ခံစားလိုက်ရ၏။

ကျိုးတောင်းယူအား သင်ခန်းစွာပေးလိုက်ခြင်းမှာ ကုအန်အတွက် ကိစ္စအသေးလေးတစ်ခုသာ ဖြစ်ပေသည်။ သူတတိယတောင်ကြား၌သာ စောင့်နေစရာမလိုအောင် သူထိုကောင်အား သင်ခန်းစာပေးလိုက်ခြင်းဖြစ်၏။

သို့သော်

တစ်လခန့်ကြာပြီး ကုအန်တတိယဆေးတောင်ကြားသို့ ပြန်ရောက်လာသောအခါ ကျိုးယူတောင်း၏ ပုံရိပ်ကို ဆေးတောင်ကြားအ၀င်၀တွင် တွေ့လိုက်ရသည်။

ယိယန်သည် လှံသိုင်းကိုလေ့ကျင့်နေပြီး ကျိုးတောင်းယူက သူ့ဘေးတွင် ရပ်ကြည့်နေခဲ့၏။

ကျိုးတောင်းယူ ကုအန်ကို သတိထားမိသွားသောအခါ ကုအန်ဘက်သို့လှည့်၍ ရင်းရင်းနှီးနှီး လက်ပြနှုတ်ဆက်ခဲ့သည်။

ကုအန် မျက်လုံးထဲတွင် မနှစ်မြို့သော အလင်းတစ်ချက်လက်သွားပြီး သူ့ဆီလျှောက်သွားလိုက်၏။

တောင်ကြားအ၀င်၀သို့ ရောက်သောအခါ ကုအန်မျက်မှောင်ကြုံ့ပြီး မေးလိုက်သည်။ “မင်းဘာလို့ ဒီမှာထပ်ရောက်နေတာလဲ”

ထိုကောင်သည် အဓိပတိဂိုဏ်းတွင်သာ နေ့တော့ရန် ဆုံးဖြတ်ထားခြင်းလော!

ကျိုးတောင်းယူ စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောလိုက်သည်။ “ငါမင်းဓားသိုင်းကို ဘယ်လိုချိုးဖျက်ရမလဲဆိုတာ သိသွားပြီ လာလာ နောက်တစ်ပွဲချကြရအောင်”

“ငါတို့ကိုမင်းထပ်မနှောင့်ယှက်တော့ဘူးလို့ သဘောတူထားတယ်မလား မင်းစကားမတည်တာလား”

“ဒါမင်းကိုနှောင့်ယှက်တာမဟုတ်ပါဘူး မင်းလိုတာသာတောင်းကွာ ငါ့ကိုဓားတစ်ကွက်ပဲပြပေး”ကျိုးတောင်းယူ အမြန်ရှင်းပြလိုက်သည်။

ယိယန် ဘေးမှ၀င်ပြောလိုက်၏။ “ဆရာသူဒီမှာစောင့်နေတာ ၄ရက်တောင်ရှိပြီ”

ကုအန်မျက်မှောင်ကြုံ့သွားကာ တုံ့ဆိုင်း‌သွားခဲ့သည်။

ကျိုးတောင်းယူတစ်ခုခုကို စဉ်းစားမိပုံဖြင့် သူ့သိုလှောင်အိတ်ထဲမှ အ၀တ်အိတ်လေးတစ်လုံးကိုထုတ်ကာ ပြောလိုက်၏။

“ဒါက အဆင့်၄ ဆေးမျိုးစေ့တွေပဲ အကုန်မင်းဟာပဲကွာ ငါနဲ့သာ သိုင်းဖလှယ်ပေး ငါနိုင်ချင်တာမဟုတ်ဘူး မင်းဆီက သင်ယူချင်ရုံပဲ”

ကုအန် အ၀တ်အိတ်ကိုယူလိုက်ပြီး အထဲကိုတစ်ချက်ကြည့်လိုက်ကာ သက်ပြင်းချလိုက်၏။

“ဒီတစ်ခါပဲနော်”

“နောက်တစ်ခါမရဘူး”

ကျိုးတောင်းယူ စိတ်လှုပ်ရှားသွားပြီး ဒီတစ်ခါတော့ ကုအန် သူ့အရှုံးကို၀န်ခံအောင် လုပ်ပစ်မည်ဟု စဉ်းစားနေခဲ့သည်။

ထို့နောက် သူ့သိုလှောင်အိတ်ထဲမှ ဓားတစ်လက်ထုတ်လိုက်ပြီး ကုအန်ဆီပစ်ပေးလိုက်ကာ ပြောလိုက်သည်။ “ဒါကအလယ်အလတ်အဆင့် ဓားပျံပဲ အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတွေအတွက် အရမ်းသင့်တော်တယ် ဒါကမင်းအတွက်ပဲ အခုဒီဓားကိုယူပြီး ငါ့ကိုတိုက်တော့”

ပြောပြီးသည်နှင့် ကျိုးတောင်းယူ လှံရှည်တစ်ချောင်းအား ဆွဲထုတ်လိုက်လေသည်။

ကောင်းလိုက်တဲ့အကွက်!

ပိုဝေးဝေးရောက်ဖို့ ပိုရှည်တဲ့လက်နက်နဲ့ တိုက်မယ်ပေါ့!

ကုအန်လက်ထဲတွင် ဓားပျံကိုကိုင်ထားရင်း ရယ်ရမလို ငိုရမလိုပင် ဖြစ်သွားခဲ့၏။

ကျိုးတောင်းယူ ကုအန်အမူအရာကိုကြည့်ပြီး နေရထိုင်ရခက်သွားကာ အမြန်ရှင်းပြလိုက်သည်။

“စည်းမျဉ်းကအတူတူပဲ စိတ်ဝိညဉ်စွမ်းအားမသုံးမရဘူး သိုင်းကွက်သက်သက်ပဲ”

ဤတစ်ကြိမ်တွင် သူတို့ဖြစ်ရပ်ကို ကျန်းချင်နှင့်စုဟန်တို့လည်း သိရှ်ိသွားပြီး အမြန်ပြေးလာခဲ့ကြ၏။ သို့သော် သူတို့တောင်ကြားအ၀င်၀သို့ မရောက်ခင်တွင် ကုအန်ပထမဆုံး သိုင်းကွက်ကို ထုတ်လိုက်လေသည်။

သူ့လက်ထဲရှ်ိ ဓားပျံကို ကျိုးတောင်းယူဆီပစ်၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

ကျိုးတောင်းယူ သူငယ်အိမ်များ ပြူးကျယ်သွားပြီး

ကုအန် ဘယ်လောက်မြန်သည်ကို တွေးနေမိသည်။

မဟုတ်သေးဘူး ဒီကောင့်ခန္ဓာကိုယ်အားသက်သက်က ကြောက်စရာပဲ!

ကျိုးတောင်းယူ ဘေးသို့တစ်လှမ်းတိုး၍ ဓားပျံကိုရှောင်လိုက်ပြီး ဓားပျံ‌ေနာက်တွင် ကုအန်ကပ်ပါလာသည်ကို မြင်လိုက်သောကြောင့် သူ့လက်ထဲရှ်ိ လှံရှည်ဖြင့် ထိုးစိုက်ပစ်လိုက်၏။

ကုအန် မျက်စိတစ်မှိတ်အတွင်း ခေါင်းကိုဘေးတစ်ချက်စောင်း၍ ရှောင်လိုက်ပြီး လှံတံအရင်းကို ကိုင်၍ ပြန်ဆွဲလိုက်ကာ သူ့လက်ချောင်းများကို ဓားသဏ္ဍာန်လုပ်၍ ကျိုးတောင်းယူဆီ ထိုးစိုက်ပစ်လိုက်သည်။

အရာအားလုံးသည် လျင်မြန်စွာဖြစ်သွားခြင်းဖြစ်ပြီး ယိယန်ပင် သေချာမမြင်လိုက်ရပေ။

သူတို့နှစ်ယောက်ရပ်သွားသောအခါ ကုအန်လက်ချောင်းများက ကျိုးတောင်းယူ လည်ချောင်းဆီ ရောက်နေချေပြီ။

ကျိုးတောင်ယူလက်ထဲတွင် လှံရှည်ရှိနေသေးသော်လည်း သူ့ကိုယ်မှာတော့ တောင့်တင်းနေခဲ့၏။

“မင်းဘာလို့အဲ့လောက်မြန်နေတာလဲ…..မင်းကအခြေခံတည်ဆောက်ခြင်းအဆင့်၁ ရော ဟုတ်လို့လား”ကျိုးတောင်းယူ နှဖူးမှချွေးများထွက်နေပြီး အံတင်းတင်းကြိတ်ကာ မေးလိုက်သည်။

ကုအန်ပြန်ပြောလိုက်သည်။ “တကယ်လို့ ငါတို့စိတ်ဝိညဉ်စွမ်းအားသာ သုံးကြေးဆိုမင်းကငါ့ထက်ပိုမြန်တာပေါ့ မင်းစည်းကမ်းက ငါ့ကိုအကျောပေးထားတာလေ မင်းဟာမင်း မင်းစည်းမျဉ်းကြောင့် ငါ့ကိုရှုံးသွားတာ ငါဘာမှညစ်တာ မဟုတ်ဘူး ငါတို့သာမန်ကျင့်ကြံသူတွေမှာလည်း ဂုဏ်သိက္ခာကိုယ်စီ ရှိကြပါတယ်”

ကုအန် သူ့လက်ကိုရုတ်လိုက်သောအခါ ကျိုးတောင်းယူ မျက်နှာနီရဲ၍ ကျန်ခဲ့ပြီး အံကြိတ်တာ ပြောလိုက်ပြန်၏။ “ငါမင်းသိက္ခာကို စော်ကားနေတာမဟုတ်ဘူး”

“နှုတ်ဆက်ပါတယ်”

ကျိုးတောင်းယူ ထွက်ပြေးသွားလေတော့သည်။

ကျန်းချင်နှင့်စုဟန်တို့ရောက်လာသောအခါ ကုအန်သူတို့ကို ဘာမှမပြောခဲ့ဘဲ ဓားပျံကိုကောက်၍သာ လမ်းလျှောက်ပြန်သွားခဲ့လိုက်၏။

နောက်တစ်လကြာသောအခါ ကျိုးတောင်းယူ ဆေးမျိုးစေ့များယူ၍ ထပ်လာခဲ့ပြန်သည်။ ကုအန်လည်း မျိုးစေ့များ မျက်နှာကြောင့် သူ့ကိုလက်ခံလိုက်ပြန်၏။

ဤတစ်ကြိမ်တွင် ကုအန်သူ့အား သုံးကွက်သုံးပြီးမှ အနိုင်ယူနိုင်ခဲ့ရာ ကျိုးတောင်းယူ ရင်ထဲတွင် ငွေရောင်မျှော်လင့်ချက်လေးတစ်ခု ပေါ်ပေါက်လာခဲ့ရသည်။

အချိန်များကုန်ဆုံးသွားခဲ့ပြီး နောက်တစ်နှစ်သို့ ကူးပြောင်းသွားခဲ့ပြန်၏။

ဆောင်းနှင်းများသည် ထျန်းယတောင်ကြားကို လွှမ်းခြုံထားခဲ့သည်။

ကုအန် မျောက်သုံးကောင်ကိုအဖော်ပြု၍ ဆေးတောင်ကြားကို ကင်းလှည့်နေခဲ့၏။ ဘာမှထူးခြားတာမတွေ့မှသာ သူ့အိမ်သို့ ပြန်လာခဲ့လိုက်သည်။ ဤနှစ်အတွင်း သူ ပျိုးကြဲခြင်းဖြင့်သာ အလုပ်ရှုပ်နေ‌ခဲ့သော်လည်း အပြင်စည်းဂိုဏ်းသားဂူများနှင့် ဆန်းကြယ်တောင်ကြားကြောင့် သူ့သက်တမ်းတိုးနှုန်းမှာ ထိူမျှလျော့မသွားခဲ့ပေ။ နောက်နှစ်များတွင် ထျန်းယတောင်ကြားနှင့် တတိယ‌ဆေးတောင်ကြားတို့ ရိတ်သိမ်းချိန်ရောက်လျှင်တော့ သူ့သက်တမ်းမှာ ထောင်၍ တက်‌လာပေလိမ့်မည်။

ကုအန်အိမ်ရှေ့သို့ရောက်သောအခါ လျူဟွမ် သူ့ဆီသို့ရောက်လာပြီး နေရထိုင်ရခက်ကာ တွန့်ဆုတ်နေဟန်ဖြင့် ပြောလိုက်၏။ “မင်းစာအုပ်တွေ ယူမလာတာကြာပြီနော်”

“စာအုပ်ဖတ်ချင်လို့လား ကျွန်တော်ကခင်ဗျားမကြိုက်ဘူး ထင်လို့လေ”

“ဆေးတောင်ကြားကပျင်းစရာကောင်းလွန်းတယ် တာအိုနှလုံးအားကို အပန်းဖြဖို့ တစ်ခုခုတော့လိုအပ်သေးတယ်မလား”

“ကောင်းပြီလေ နောက်တစ်ခေါက်လာရင် နတ်ဘုရားတို့၏ရာထူးများ နောက်ဆုံးထွက်စာအုပ်ယူလာခဲ့မယ်”

“အဟွတ် အဟွတ်…အစိမ်းရောင်သူရဲကောင်းစာအုပ် နောက်ထပ်အပိုင်းနည်းနည်းယူလာရင်လည်း သိပ်တော့မဆိုးပါဘူး”

All Chapters