← Chapters

အခန်း (၁၉၄၃-၁၉၄၆)

Vol. 103 Ch. 1943-1946

အခန်း (၁၉၄၃-၁၉၄၆)

Vol. 103 Ch. 1943-1946

အခန်း (၁၉၄၃) - သည်းမခံနိုင်တော့ရင် သည်းမခံနဲ့တော့

~လက်နက်ကိုင် လူထွားကြီးမှာ ယဲ့ဖန်၏ လက်ထဲမှ ပိုက်ဆံများကို မြင်လိုက်ရသည့် တခဏ၌ပင် မျက်လုံးများမှာ အရောင်တောက်သွားတော့၏။

သို့ရာတွင်၊ လူထွားကြီးက ချက်ချင်းတော့ မယူသေးပေ။ ဘေးဘီကို ဝေ့ကြည့်လိုက်ပြီး မည်သူမှ မကြည့်သည်မှာ သေချာမှ... တံတွေး တစ်ချက် မျိုချလိုက်ရင်း ယဲ့ဖန်၏ လက်ထဲမှ ပိုက်ဆံများကို စူးစိုက်ကြည့်ကာ မေးလိုက်လေသည်။

"ဒါက ဘာသဘောလဲ။"

"ငါ ပြောပြီးပြီလေ... ဒါက လေဆိပ်ရဲ့ အရေးကြီး ကုန်စည်တွေ ထားတဲ့ ဂိုဒေါင်ပါလို့။ ဝန်ထမ်း မဟုတ်ရင် ဝင်ခွင့်မရှိဘူး။"

"ငါ မင်းတို့ကို ဒီအတိုင်း ဝင်ခွင့်ပေးလို့ မရဘူးလေ။"

ယဲ့ဖန်ကမူ ခပ်ပြုံးပြုံးဖြင့်...

"ဘာမှ မဟုတ်ပါဘူး မိတ်ဆွေရာ... ဒါက ကျွန်တော်က မိတ်ဆွေနဲ့ သူငယ်ချင်း ဖြစ်ချင်လို့ ပေးတဲ့ လက်ဆောင် အသေးအမွှားလေး တစ်ခုပါပဲ။"

"မိတ်ဆွေလည်း ဒီမှာ အလုပ်လုပ်ရတာ မလွယ်ဘူး မဟုတ်လား။ ဒါက ကျွန်တော်.., မိတ်ဆွေကို ထမင်းတစ်နပ် ကျွေးတယ်လို့ပဲ သဘောထားလိုက်ပါ။"

လူထွားကြီးမှာမူ ပိုက်ဆံများကို အမြန်ပင် လှမ်းယူပြီး အိတ်ကပ်ထဲ ထိုးထည့်လိုက်တော့၏။ သူ၏ မျက်နှာထားမှာလည်း ချက်ချင်းပင် ပျော့ပြောင်းသွားပြီး...

"မင်းက လူကောင်း တစ်ယောက်ပဲဆိုတော့... ငါ မင်းကို သူငယ်ချင်းအဖြစ် လက်ခံလိုက်မယ်။"

"ဒါနဲ့... မင်းက အထဲကို ဘာလို့ ဝင်ချင်ရတာလဲ။"

"တို့တွေ သူငယ်ချင်း ဖြစ်သွားပြီ ဆိုပေမဲ့... မင်း အထဲမှာ ပြဿနာ တစ်ခုခု သွားရှာမယ် ဆိုရင်တော့... ငါလည်း အန္တရာယ် မခံနိုင်ဘူးနော်။"

ယဲ့ဖန်မှာမူ ထိုလူသည် ပိုက်ဆံယူပြီးသည့်တိုင် ဘာမှ မလုပ်ပေးသေးသည်ကို မြင်ရသောအခါ အနည်းငယ် အမြင်ကပ်သွားသော်လည်း... မျက်နှာ၌မူ အပြုံးကို မပျက်စေပေ။

"ဘာမှ မဟုတ်ပါဘူးဗျာ...ကျွန်တော့် မိန်းမရဲ့ မိသားစုကလည်း ဒီလို ဂိုဒေါင်မျိုး ဆောက်ဖို့ လုပ်နေလို့လေ။"

"အဲ့ဒါကြောင့် စတန့်စ် လေဆိပ်က ကုန်စည် ဂိုဒေါင်ရဲ့ တည်ဆောက်ပုံကို သဘောကျတာနဲ့... အထဲဝင်ပြီး ပညာလေး ဘာလေး ယူချင်လို့ပါ။"

"စိတ်ချပါ မိတ်ဆွေ... ငါ မင်းကို ဘာပြဿနာမှ မပေးပါဘူး။"

"ဪ... ဒါပဲလား။"

လူထွားကြီးက ယဲ့ဖန်နှင့် သူ့ဘေးမှ ရွှယ်လီ့ကို ကြည့်လိုက်၏။

သူတို့ နှစ်ဦး၏ ဝတ်ပုံစားပုံကို ကြည့်ရသည်မှာမူ တကယ့်ကို သူဌေးကြီးများ ဖြစ်ကြောင်း သိသာနေသောကြောင့် ဖြစ်ချေသည်။

"ဒါဆိုရင်တော့ ငါ့နောက်က လိုက်ခဲ့။"

လူထွားကြီးက ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် ဝေ့ကြည့်လိုက်ပြီး... ဘယ်သူမှ သတိမထားမိသည်မှာ သေချာမှ ယဲ့ဖန်တို့ကို လက်ယမ်း ခေါ်လိုက်လေသည်။

ယဲ့ဖန်နှင့် ရွှယ်လီတို့လည်း သူခေါ်ရာနောက်သို့ လိုက်ပါသွားကြ၏။ မကြာခင်မှာပင် ကွန်တိန်နာ တစ်လုံးကို ပြုပြင်ထားသည့် အဝတ်လဲခန်း တစ်ခုအတွင်းသို့ ရောက်ရှိသွားကြတော့သည်။

လက်နက်ကိုင် လူထွားကြီးက သန့်ရှင်းရေး ဝန်ထမ်း ဝတ်စုံ နှစ်စုံကို ထုတ်ပေးလိုက်ပြီး...

"ဒီနေရာမှာ စီမံခန့်ခွဲမှုက တော်တော် တင်းကျပ်တယ်လေ။ လူတွေကလည်း နေရာအနှံ့ ကင်းလှည့်နေတာ။ ပြင်ပလူတွေကတော့ လွတ်လွတ်လပ်လပ် သွားလို့ မရဘူး။"

"ဒီ သန့်ရှင်းရေး ဝတ်စုံတွေကို ဝတ်လိုက်ကြ။ ပြီးရင် တံမြက်စည်းနဲ့ ဂေါ်ပြားတွေကို ကိုင်ထား။ လူတွေ မရိပ်မိအောင် ဒီမှာ သန့်ရှင်းရေး လုပ်နေတဲ့ဟန် ဆောင်ရမယ်။"

ယဲ့ဖန်က ခေါင်းညိတ်လိုက်ပြီး သန့်ရှင်းရေး ဝတ်စုံကို ချက်ချင်းပင် လဲလှယ်လိုက်လေသည်။

သူသည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည့်အခါ... ဤနေရာ၌ ဘာဖြစ်လို့လဲ မသိသော်လည်း လုံခြုံရေး ကင်မရာများ သိပ်မရှိသည်ကို သတိထားမိလိုက်၏။ လူကိုယ်တိုင် စောင့်ကြပ်ခြင်းကိုသာ အဓိက သုံးထားသောကြောင့် ဖြစ်ချေသည်။

ထို့ကြောင့် သန့်ရှင်းရေး ဝတ်စုံ ဝတ်ဆင်ပြီး ဟန်ဆောင်ခြင်းမှာ သူနှင့် ရွှယ်လီအတွက်မူ ပို၍ အဆင်ပြေစေမည်မှာ အမှန်ပင် ဖြစ်၏။

ယဲ့ဖန်မှာမူ ဝတ်စုံ ဝတ်ဆင်လိုက်သည့်အခါ တကယ့် သန့်ရှင်းရေး သမားနှင့် တော်တော်လေး တူနေသော်လည်း...

ရွှယ်လီမှာမူ မတူပေ။

သူမကလည်း ယဲ့ဖန်ကို အတုယူပြီး ဝတ်စုံကိုမူ ဝတ်ဆင်လိုက်ခြင်း ဖြစ်သည်။

ဒါပေမယ့်... သူမ၏ မျက်နှာပေါ်မှ လှပသော မိတ်ကပ်များ၊ သေသပ်လှသည့် ဆံပင်ပုံစံနှင့် ကိုယ်ပေါ်မှ ရတနာများမှာမူ သူမသည် သာမန် အမျိုးသမီး တစ်ဦး မဟုတ်ကြောင်းကို အထင်အရှား ပြနေခြင်းပင် ဖြစ်၏။

ဒါကို မြင်လိုက်ရသည့် လူထွားကြီးမှာမူ... သူ၏ စိတ်ထဲ၌ မဟုတ်တာများ ပြန်လည် တွေးတောနေပြန်ပြီ ဖြစ်ချေ၏။ သူသည် စေတနာ ရှိဟန်ဆောင်ပြီး...

"မမလေး... မမလေးရဲ့ ပုံစံက သန့်ရှင်းရေး သမားနဲ့ လုံးဝ မတူဘူးနော်။"

"မမလေးရဲ့ ရတနာတွေကို ချွတ်ပြီး ကျွန်တော့်ဆီမှာ ခဏ အပ်ထားလိုက်တာ အကောင်းဆုံးပဲ။ အဲ့ဒီနောက်မှ မမလေးရဲ့ မိတ်ကပ်နဲ့ ဆံပင်ကို နည်းနည်း ပြန်ပြင်လိုက်ပေါ့။"

"မမလေးတို့ ပညာယူလို့ ပြီးသွားတဲ့ အခါကျမှ... ကျွန်တော့်ဆီမှာ ပြန်လာယူလို့ ရတာပေါ့။"

ရွှယ်လီမှာမူ အများကြီး မစဉ်းစားမိပေ။ ထိုလူ ပြောသည်မှာ ယုတ္တိရှိသည်ဟု ထင်သဖြင့် သူမ၏ ရတနာများကို စတင် ချွတ်လိုက်တော့သည်။

သို့သော်... သူမ ချွတ်လိုက်သည့် ရတနာများကို မြင်လိုက်ရသောအခါ လူထွားကြီးမှာမူ... သူ၏ လောဘကို မထိန်းနိုင်တော့ပေ။ သူသည် ထိုပစ္စည်းများကို ကြည့်ရင်းနှင့် တံတွေးများ မျိုချနေမိတော့၏။

ယဲ့ဖန်မှာမူ တစ်ချက် ကြည့်လိုက်ရုံနှင့်ပင်... ထိုလူသည် ရတနာများကို သိမ်းဆည်းလိုက်ပါက နောက်နောင် လွယ်လွယ်နှင့် ပြန်ပေးမည် မဟုတ်ကြောင်းကို ရိပ်မိလိုက်ပြီ ဖြစ်ချေသည်။

ဤလူထွားကြီးမှာ လောဘကြီးရုံတင် မကဘဲ... သူသည် လုံးဝကို စည်းကမ်းမရှိသည့် လူစားမျိုးပင်။

ဒီလိုလူမျိုးမှာ အချိန်မရွေး အလုပ်ကို ဖျက်ဆီးပစ်နိုင်သည် မဟုတ်ပါလော။

သူသည် လူထွားကြီး၏ ပခုံးပေါ်သို့ လက်တင်လိုက်ရင်း ပြုံးပြီး ပြောလိုက်၏။

"မိတ်ဆွေက တကယ်ကို စိတ်ရင်း ကောင်းတာပဲဗျာ။"

သို့သော်လည်း... ထိုလူ စိတ်လွတ်နေသည့် အခိုက်အတန့်၌ပင်၊ ယဲ့ဖန်က အတွင်းအားကို သုံးပြီး ထိုလူ၏ ဂုတ်ပိုးပေါ်မှ အပ်စိုက် အချက်အခြာ နေရာများကို ဝုန်းခနဲ ရိုက်ချလိုက်လေတော့သတည်း။

"အ..."

လူထွားကြီးထံမှ ညည်းတွားသံ တစ်ချက်သာ ထွက်ပေါ်လာပြီး... သူ၏ ခန္ဓာကိုယ်မှာ ရုတ်ချည်းပင် ပျော့ခွေ ကျသွားတော့၏။

သူ၏ ပခုံးပေါ်မှ သေနတ်ကြီးမှာလည်း မြေပြင်ပေါ်သို့ ကျတော့မည့် အခြေအနေ။

ယဲ့ဖန်မှာမူ လက်မြန်ခြေမြန်ပင် ရှိလှပေသည်။ သူသည် ထိုလူ၏ ခန္ဓာကိုယ်နှင့် သေနတ်ကို တစ်ခါတည်း ဖမ်းထိန်းလိုက်လေသည်။

ထို့နောက်မှာတော့ ထိုလူကို ရုံးခန်းတစ်ခုအတွင်းသို့ ဆွဲခေါ်သွားပြီး...

စားပွဲပေါ်၌ အိပ်ပျော်နေသည့် ပုံစံမျိုးဖြင့် တင်ထားလိုက်တော့၏။

တဆက်တည်းမှာပင်... ခုနက ထိုလူ၏ အိတ်ကပ်ထဲသို့ ထိုးထည့်ပေးခဲ့သည့် ပေါင်ငွေ တစ်ထောင်ကိုလည်း သူသည် ပြန်လည် ယူဆောင်

လိုက်လေတော့သတည်း။

အခန်း (၁၉၄၄) - သူက တကယ့်ကို ထူးချွန်လွန်းတာပဲ

~"မင်းရဲ့ ရတနာတွေကို ကိုယ့်ကို အကုန်ပေး။"

လူထွားကြီးကို နှိမ်နင်းပြီးနောက် ယဲ့ဖန်သည် ရွှယ်လီ့ထံသို့ သဘာဝကျကျပင် လျှောက်လှမ်းသွား၏။

ရွှယ်လီမှာမူ တွေဝေမနေဘဲ သူမ၏ ရတနာများကို ယဲ့ဖန်ထံသို့ လွှဲပြောင်းပေးလိုက်ပြီးနောက်၊ ကလေးငယ် တစ်ဦးပမာ အိပ်မောကျနေသော ထိုလူကြီးကို ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်လေသည်။

"သူ့ကို ဒီလိုမျိုး ရိုက်ချထားတာ ပြဿနာ မရှိဘူးလားဟင်။"

"မရှိနိုင်ပါဘူး။"

ယဲ့ဖန်က ခေါင်းခါပြလိုက်၏။

"ဒီနေရာက နည်းနည်းတော့ ထူးဆန်းတယ်။ လုံခြုံရေး ကင်မရာတွေကို တမင် ရှောင်ထားပုံရပြီး လူကိုယ်တိုင် စောင့်ကြပ်တာကိုပဲ အားကိုးနေကြတာ။"

"သူ့ကို သူ့နေရာမှာတင် အိပ်နေသလိုမျိုး ဟန်ဆောင်ခိုင်းထားလိုက်မယ်။ ဒီအတောအတွင်း ဘယ်သူမှ ပြဿနာလာမရှာသရွေ့တော့ ဘယ်သူမှ သတိထားမိမှာ မဟုတ်ပါဘူး။"

"ဒါဆိုရင်... ကျွန်မ မျက်နှာပေါ်က မိတ်ကပ်တွေကရော..."

ရွှယ်လီသည် ယဲ့ဖန်၏ စကားကို ကြားရသောအခါ ချက်ချင်းပင် သူမ၏ မိတ်ကပ်များဘက်သို့ အာရုံရောက်သွားတော့၏။ ဒီနေ့ သူမသည် ယဲ့ဖန်နှင့်အတူ လေးဖို့ဒ် အင်စတီကျုသို့ သွားရန်အတွက် မိတ်ကပ်ကို အထူးပင် လက်ရာမြောက်အောင် ပြင်ဆင်ထားခြင်း မဟုတ်ပါလော။ ဤနေရာ၌ မိတ်ကပ်ဖျက်ရန် ကိရိယာများလည်း မရှိသဖြင့် ဖျက်ရန်မှာ တကယ်ပင် ခက်ခဲလှပေသည်။

"ဒါကို ကိုယ့်ကိုပဲ လွှဲထားလိုက်စမ်းပါ။"

ယဲ့ဖန်က ပြုံးလျက် ဆို၏။ သူသည် အဝတ်လဲခန်းအတွင်းရှိ ရိုးရှင်းသော ကိရိယာအချို့ကို အသုံးပြုကာ၊ ရွှယ်လီနှင့် သူ၏ မျက်နှာများကို စတင် ပြုပြင်ပြောင်းလဲတော့သည်။

မိနစ်အနည်းငယ်ခန့် ကြာပြီးနောက်... ရွှယ်လီ မှန်ထဲသို့ ပြန်ကြည့်လိုက်သည့်အခါ မှင်သက်သွားရရှာ၏။

"ဘုရားရေ... သူဌေးက တကယ့်ကို ထိပ်တန်း အေးဂျင့်တစ်ယောက်လား။"

"ဟောလိဝုဒ် အက်ရှင်ကားတွေထဲက မင်းသားတွေတောင် ဒီလောက်အထိ စွမ်းရည်စုံပါ့မလားပဲ။"

"ကားမောင်းတာကအစ၊ ရုပ်ဖျက်တာ၊ ပုန်းကွယ်တာနဲ့ တိုက်ခိုက်တာတွေအထိ... စူပါမန်း တစ်ယောက်ကျနေတာပဲ။"

ယခုအခါ မှန်ထဲ၌ ပေါ်နေသော အမျိုးသမီးမှာ အလှပြင်ထားသည့် မြို့ပြအလှပဂေး တစ်ဦး မဟုတ်တော့ပေ။ သူမသည် ငယ်ရုပ်လေး အနည်းငယ် ကျန်ရှိနေသေးသော်လည်း၊ အသားအရေ အနည်းငယ် ညိုညစ်နေသည့် လူလတ်ပိုင်း အမျိုးသမီး တစ်ဦးနှင့်သာ တူနေတော့သည်။

ယဲ့ဖန်သည်လည်း ထိုနည်းတူပင်။ သူ၏ ခန့်ညားထည်ဝါသော အရှိန်အဝါများမှာ ပျောက်ကွယ်သွားခဲ့ပြီး၊ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များ၊ မရိတ်ရသေးသည့် မုတ်ဆိတ်မွေးများနှင့် ညှိုးငယ်နေသော မျက်နှာထားတို့ဖြင့် ဖြစ်နေ၏။ ခါးလေး အနည်းငယ် ကုန်းထားသည်မှာ... ဘဝကို စိတ်ကုန်နေသည့် လူလတ်ပိုင်း အမျိုးသား တစ်ဦးနှင့်ပင် တူနေတော့သည်။

ယဲ့ဖန်က ထိုစကားကို ကြားသောအခါ ပြုံးလိုက်မိ၏။

"ဘယ် ထောက်လှမ်းရေး အဖွဲ့အစည်းမှ ကိုယ့်ကို ငှားနိုင်လောက်တဲ့ အင်အား မရှိပါဘူး။"

ရွှယ်လီ နောက်ထပ် တစ်စုံတစ်ခု မပြောနိုင်မီမှာပင်၊ သူက သူမထံသို့ တံမြက်စည်းနှင့် ဂေါ်ပြားကို ကမ်းပေးလိုက်လေသည်။

"အခုကစပြီး ကိုယ်တို့က ဒီနေရာရဲ့ သန့်ရှင်းရေး ဝန်ထမ်းတွေပဲ။"

"စကား အများကြီး မပြောမိအောင် သတိထား။ မင်းရဲ့ အသံက မင်းရဲ့ အသက်အရွယ်ကို ပေါ်မသွားစေနဲ့ဦး။"

"ဟုတ်... ဟုတ်ကဲ့ပါရှင်။"

ရွှယ်လီက ကပျာကယာ ပြန်ဖြေလိုက်သော်လည်း၊ ယဲ့ဖန်ကိုမူ စပ်စုလိုသော မျက်လုံးများဖြင့် ကြည့်နေမိတော့၏။ ယဲ့ဖန်ကတော့ ထိုအရာများကို ဂရုမစိုက်ဘဲ၊ တံမြက်စည်းကို ကိုင်ကာ အပြင်သို့ ထွက်လာခဲ့လေသည်။

အပြင်သို့ ရောက်သောအခါ သူ ပတ်ဝန်းကျင်ကို တစ်ချက်မျှ ဝေ့ကြည့်လိုက်၏။ သူ ထင်ထားသည့်အတိုင်းပင်၊ မည်သူမျှ သူတို့ ရှိနေသည်ကို သတိမထားမိကြပေ။

ယဲ့ဖန်က သူ့နောက်မှ လိုက်လာသည့် ရွှယ်လီကို လက်ဟန်ပြလိုက်ပြီးနောက်... နှစ်ဦးသားမှာ သန့်ရှင်းရေး လုပ်နေသည့်ဟန် ဆောင်ရင်း ပတ်ဝန်းကျင်ကို တိတ်တဆိတ် စောင့်ကြည့်နေကြတော့သည်။

သူတို့နှစ်ဦးမှာ ဂိုဒေါင် ဧရိယာတစ်ခုလုံးသို့ သန့်ရှင်းရေး ဝန်ထမ်းများအသွင်ဖြင့် ရဲရဲဝံ့ဝံ့ လျှောက်လှမ်းသွားစဉ်၊ ယဲ့ဖန်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ချက်ချင်း ရိပ်မိလိုက်၏။ ဤမျှ ကျယ်ဝန်းလှသော နေရာ၌ အဝင်ဝတွင်သာမက အတွင်းပိုင်း၌ပါ လုံခြုံရေး ကင်မရာ တစ်လုံးမျှ မရှိခြင်းမှာ အလွန်ပင် ထူးဆန်းလှပေသည်။

ဤနေရာ၌ လုံခြုံရေးများကို ဇုန်အလိုက် သတ်မှတ်ထားပြီး၊ အစောင့်တိုင်းမှာ လက်နက် အပြည့်အစုံဖြင့် မိမိတို့ တာဝန်ကျရာ နေရာကိုသာ ကင်းလှည့်နေကြခြင်း ဖြစ်ချေ၏။

၎င်းက အမှန်တကယ်ကို မူမမှန်ခြင်းတည်း။

ပရော်ဖက်ရှင်နယ် မဟုတ်သည့် ရွှယ်လီပင်လျှင် ယဲ့ဖန်၏ နောက်မှ လိုက်ပါလာရင်း တစ်ခုခု မှားနေကြောင်း သတိထားမိသွားတော့သည်။ သူမသည် ဘေးနားတွင် လူမရှိသည်မှာ သေချာမှ ယဲ့ဖန်၏ အနားသို့ တိုးကပ်ကာ တိုးတိုးလေး ကပ်ပြောလိုက်၏။

"ဒီဂိုဒေါင်က တစ်ခုခုတော့ မူပျက်နေပြီ ထင်တယ် သူဌေး။"

"လုံခြုံရေးက တင်းကျပ်လွန်းသလို၊ တစ်ဖက်မှာလည်း အရမ်း လွတ်နေသလိုပဲ။"

"အခုလို ခေတ်ကြီးမှာ လုံခြုံရေး ကင်မရာ တစ်လုံးမှ မရှိတဲ့ ဂိုဒေါင်ဆိုတာ ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး။ ပြီးတော့ ဒီ အစောင့်တွေ ကိုင်ထားတဲ့ လက်နက်တွေကလည်း စံနှုန်းတွေ မြင့်လွန်းနေတယ်နော်။"

ယဲ့ဖန်က ခေါင်းညိတ်ပြလိုက်ပြီး သူ၏ အသံကို နှိမ့်ထားလိုက်လေသည်။

"မင်းရဲ့ အခု အခြေအနေကို သတိထားဦး။ စကား အများကြီး မပြောနဲ့တော့။"

ရွှယ်လီ စကားစ ပြတ်သွားသောအခါ၊ ယဲ့ဖန်သည် ရတနာ လမ်းညွှန်ချက် ပြထားသည့် နေရာဆီသို့ ဦးတည် လျှောက်လှမ်းသွားတော့၏။

ဂိုဒေါင်အတွင်း၌ ဇုန်အလိုက် ကင်းလှည့်နေသော လက်နက်ကိုင် အစောင့်များအပြင်၊ ဂိုဒေါင် တစ်ခုချင်းစီ၏ အဝင်ဝတွင်လည်း လူများ စောင့်ကြပ်နေကြလေသည်။

ယဲ့ဖန်နှင့် ရွှယ်လီတို့ နှစ်ဦးမှာ ရတနာ လမ်းညွှန်ချက် ပြထားသည့် ဂိုဒေါင်နားသို့ အနည်းငယ် ချဉ်းကပ်မိသည်နှင့်... အဝင်ဝ၌ ဆေးလိပ်သောက်ရင်း စကားပြောနေကြသော အစောင့်များမှာ ချက်ချင်းပင် ရပ်တန့်သွားကြ၏။

ထိုသူတို့သည် မျက်လုံးများကို မှေးစင်းကာ ယဲ့ဖန်တို့ နှစ်ဦးကို စူးစမ်းစွာ ကြည့်လိုက်ကြလေတော့သတည်း။

—

အခန်း (၁၉၄၅) - မရည်ရွယ်ဘဲ ရန်သူကို သတိပေးမိခြင်း

~"ဘာလုပ်နေတာလဲ"

"ဒီနေရာက ပြင်ပလူတွေ လာလို့ ရတဲ့ နေရာ မဟုတ်ဘူး။ မြန်မြန် ထွက်သွားကြစမ်း"

မုတ်ဆိတ်ထူထူနှင့် ခက်ထန်သော မျက်နှာထား ရှိသည့် လူထွားကြီး တစ်ဦးက အရင်ဆုံး ဟောက်လိုက်လေသည်။ သူ၏ လေသံမှာ ရိုင်းစိုင်းလှသလို၊ အမူအရာမှာလည်း မထီမဲ့မြင် ပြုမူနေခြင်း ဖြစ်၏။ သူ၏ လက်ဟန်ပြပုံမှာ ယင်ကောင် နှစ်ကောင်ကို မောင်းထုတ်နေသည့်အလားပင်။

ရွှယ်လီမှာမူ ထိုမြင်ကွင်းကို ကြည့်ပြီး အနည်းငယ် မကျေမနပ် ဖြစ်သွားရရှာသည်။

သို့သော် ယဲ့ဖန်ကမူ ဂရုမစိုက်ဘဲ ပြုံးလျက်ပင် ထိုသူတို့ အနားသို့ တိုးကပ်သွား၏။

"အားလုံးပဲ ခင်ဗျာ... ဒီနေရာမှာ သန့်ရှင်းရေး ဝန်ဆောင်မှု လိုအပ်တယ်လို့ သတင်းရလို့ ကျွန်တော်တို့ ရောက်လာတာပါ။"

"တာဝန်ခံ ပုဂ္ဂိုလ်နဲ့ တစ်ချက်လောက် အရင် အတည်ပြုကြည့်ပါဦးလားဗျာ။"

"သန့်ရှင်းရေး ဝန်ဆောင်မှု ဟုတ်လား။" မုတ်ဆိတ်နှင့် လူကြီးမှာ ခေတ္တမျှ ကြောင်သွားပြီးမှ...

"အလကား အဓိပ္ပာယ်မရှိတာတွေ။ ဘယ်သူက မင်းတို့ကို လွှတ်လိုက်တာလဲ။"

"ဒီနေရာက ကန့်သတ်နယ်မြေ ဆိုတာ မင်းတို့ မသိဘူးလား။ သန့်ရှင်းရေးဆိုတာ ငါတို့လူတွေနဲ့တင် အမြဲတမ်း လုပ်နေကျပဲဟာကို။"

"ဟုတ်တယ်"

သူ့နောက်မှ အခြားသော အစောင့်များကလည်း ခေါင်းညိတ် ထောက်ခံကြလေသည်။

"မြန်မြန် ထွက်သွားစမ်း"

"ဒါ မင်းတို့ လာရမယ့် နေရာ မဟုတ်ဘူး။"

ယဲ့ဖန်မှာမူ ဂိုဒေါင် တံခါးဝသို့ ဆက်လက် ချဉ်းကပ်နေဆဲ ဖြစ်၏။ သူသည် ဂိုဒေါင်အတွင်းမှ လွင့်ပျံလာသော သွေးညှီနံ့များနှင့် လူတို့၏ အညစ်အကြေးနံ့များကို အထင်အရှား ရိပ်မိလိုက်လေသည်။

ဤနေရာ၏ မူမမှန်သော လုံခြုံရေး အခြေအနေများနှင့် ပေါင်းစပ်ကြည့်လျှင်... ဤရတနာ လမ်းညွှန်ချက် ပြထားသည့် နေရာ၌ ရတနာများ ရှိနေရုံတင် မကဘဲ၊ မကောင်းမှု ဒုစရိုက် တစ်ခုခုကိုလည်း ဖုံးကွယ်ထားကြောင်း ခန့်မှန်းရန် မခက်ခဲတော့ပေ။

သူသည် အနားသို့ ရောက်သည်အထိ ပြုံးလျက်ပင် ရှိနေဆဲပင်။

"ကျွန်တော်တို့ အထက်လူကြီးဆီက အမိန့်ရလို့ လာခဲ့တာပါဗျာ။"

"အထဲက တာဝန်ခံနဲ့ တစ်ချက်လောက် ဆက်သွယ်ကြည့်ပြီးမှ ဆုံးဖြတ်ပါဦးလား။"

ပြောပြောဆိုဆိုနှင့်ပင် သူသည် အိတ်ကပ်ထဲမှ အဆင့်မြင့် ဆေးလိပ် တစ်ထုပ်ကို ထုတ်ယူကာ၊ ထိုလူများကို ပေးသယောင် ဟန်ဆောင်လိုက်လေ၏။

"ဒါမှမဟုတ်ရင်... ကျွန်တော် ဒီအတိုင်း ပြန်သွားရင်လည်း အထက်ကို အစီရင်ခံရတာ ခက်လို့ပါဗျာ။"

"ငါ မင်းကို ထွက်သွားလို့ ပြောနေတယ်လေ... နားမကြားဘူးလား" မုတ်ဆိတ်နှင့် လူကြီးက ဆေးလိပ်ထုပ်ကို ပုတ်ထုတ်လိုက်တော့၏။

"ငါတို့ကို လာပြီး ဖားမနေနဲ့။"

"ဒါ မင်းတို့ ဝင်လို့ရတဲ့ နေရာ မဟုတ်ဘူး။ ငါတို့ ပြောတာကို နားမထောင်ဘူး ဆိုရင်တော့... ကိုယ့်အကြောင်း ကိုယ်သိစေရမယ်"

သူ့နောက်မှ အစောင့်များမှာလည်း ရက်စက်သော မျက်နှာထားများဖြင့် သေနတ်များကို ဆွဲထုတ်ရန် ပြင်လိုက်ကြလေသည်။

"ကောင်းပါပြီဗျာ... ကောင်းပါပြီ။"

ဒါကို မြင်လိုက်ရသောအခါ ယဲ့ဖန်သည် အခြား နည်းလမ်း မရှိသယောင် ဟန်ဆောင်ကာ၊ လက်ကို မြှောက်လျက် ဖြည်းဖြည်းချင်း နောက်ဆုတ်လိုက်တော့၏။ ထိုလူများ စိတ်အေးသွားသည့် တခဏ၌မူ၊ သူသည် ရွှယ်လီကို ဆွဲကာ အဝတ်လဲခန်းရှိရာသို့ အမြန်ဆုံး ပြန်လာခဲ့လေတော့သည်။

ထိုသို့၊ သူတို့ နှစ်ဦး ထွက်ခွာလာပြီးနောက်မှာတော့ ရွှယ်လီက စပ်စုလိုက်မိ၏။

"သူဌေး... တစ်ခုခု ရှာတွေ့ခဲ့တာလား။"

"ကြည့်ရတာ... အဲ့ဒီ ဂိုဒေါင်ထဲမှာ ဘာရှိလဲဆိုတာကို သူဌေးက သေသေချာချာ မြင်ချင်နေတဲ့ ပုံပဲနော်။"

"ဟုတ်တယ်။"

ယဲ့ဖန်က ရွှယ်လီကို အဝတ်လဲခန်းဆီသို့ ပြန်ခေါ်လာရင်းမှ ဖုန်းကို ထုတ်လိုက်၏။ သူသည် အစ္စဘယ်လ်လာ၏ လိပ်စာကို ရှာဖွေကာ စာတစ်စောင် စတင် ရေးသားလိုက်လေတော့သည်။

သူသည် အစောင့်များကို လှည့်စားကာ ဂိုဒေါင်တံခါး ဖွင့်ခိုင်းရန် ကြိုးစားခဲ့သော်လည်း၊ ၎င်းတို့က အကွက်ထဲသို့ ဝင်မလာခဲ့ပေ။ ထိုသို့ ဖြစ်လာမှတော့ သူသည် နည်းလမ်းပြောင်းကာ ရန်သူကို သတိပေးသည့် နည်းလမ်းကိုသာ သုံးရတော့မည် မဟုတ်ပါလော။

ဘာပဲဖြစ်ဖြစ်... ဒီဂိုဒေါင်က တစ်ခုခု မှားနေတာ အမှန်ပဲ။

အကာ်၍သာ သူတို့က ရဲတွေ လာတော့မည် ဆိုတာကို သိသွားလျှင်... သက်သေတွေကို ကြိုတင် ဖျက်ဆီးဖို့ လှုပ်ရှားလာကြပေလိမ့်မည်။

ဘာကြောင့် သူတို့က ရဲတွေ လာတာကို သိနိုင်သလဲ ဆိုတော့... အကြောင်းရင်းက ရှင်းလှပေသည်။ စတန့်စ် လေဆိပ်လို နေရာမျိုးမှာ ဒီလို ဒုစရိုက် ဂိုဏ်းအောင်းရာ နေရာကို ဖန်တီးနိုင်သည် ဆိုမှတော့... သူတို့နောက်ကွယ်မှာ အင်အားကြီး လူတွေ ရှိနေတာ သေချာနေပြီ မဟုတ်ပါလော။

ဒီလိုလူတွေအတွက် ရဲတပ်ဖွဲ့၏ လှုပ်ရှားမှုတွေကို ကြိုသိနေဖို့ ဆိုတာကတော့ အရမ်းကို လွယ်ကူသည့် ကိစ္စတစ်ခုသာ ဖြစ်၏။

သူတို့တွေ သက်သေဖျက်ဖို့ လှုပ်ရှားလာသော အချိန်ကျမှသာ... ယဲ့ဖန်အတွက် အခွင့်ကောင်း စောင့်ပြီး ကြားဖြတ် နှိုက်ယူဖို့ အခွင့်အရေး ရလာမှာ ဖြစ်ချေ၏။

"ကိုယ်…ခန့်မှန်းတာ မမှားဘူး ဆိုရင်တော့... ဒါဟာ ဒုစရိုက် ဂိုဏ်းတွေ အောင်းနေတဲ့ နေရာပဲ။"

ယဲ့ဖန်က ရွှယ်လီ့ကို အတိုချုံး ရှင်းပြလိုက်ပြီးနောက်၊ အစ္စဘယ်လ်လာထံသို့ သူ ရှာဖွေတွေ့ရှိခဲ့သည်များကို အကြောင်းကြားလိုက်လေသည်။

"ဘုရားရေ..."

အစ္စဘယ်လ်လာမှာ ယဲ့ဖန်၏ သတင်းကြောင့် အံ့အားသင့်သွားရရှာ၏။

"ကျွန်မ အခုချက်ချင်းပဲ အထက်လူကြီးတွေကို အကြောင်းကြားလိုက်ပါ့မယ်။ စတန့်စ် လေဆိပ်ကို ရှာဖွေဖို့ လူတွေ အမြန်ဆုံး လွှတ်ခိုင်းလိုက်မယ်လေ။"

သူမက ချက်ချင်းပင် စာပြန်ပို့လိုက်လေသည်။

ဒါကို မြင်သောအခါ ယဲ့ဖန်သည် ဖုန်းကို ပြန်သိမ်းလိုက်ပြီး ရွှယ်လီနှင့်အတူ အဝတ်လဲခန်းအတွင်း၌ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်တော့၏။

သူ တွက်ချက်ထားသည့်အတိုင်းပင်...၊

အစ္စဘယ်လ်လာ အထက်လူကြီးကို အကြောင်းကြားပြီး (၁၀) မိနစ်ပင် မပြည့်သေးမီမှာပင်၊ အနီးအနားရှိ ဂိုဒေါင်များမှာ ရုတ်ချည်းဆိုသလို ဆူညံပွက်လောရိုက်သွားရလေတော့သည်။

"လခွမ်း"

"အထက်က သတင်းတက်လာပြီ။ အနီးအနားက ရဲတွေဆီကို တိုင်ချက် ရောက်သွားပြီတဲ့။ တစ်ယောက်ယောက်က ဒီနေရာမှာ တစ်ခုခု မှားနေတယ်ဆိုတာ သိသွားပုံရတယ်ဟ။"

"ဟိတ်..မြန်မြန်... 'ဝက်လေးတွေ' ကို အခုချက်ချင်း ရွှေ့ကြစမ်း"

"မဟုတ်ရင်... ခဏနေရင် ရဲတွေ လာရှာတဲ့အခါ သဲလွန်စ တစ်ခုခု မိသွားရင်တော့... ငါတို့တွေ အကုန် သေကုန်ကြလိမ့်မယ်"

---

အခန်း (၁၉၄၆) - နောက်ထပ် စွမ်းရည် တစ်ခုကို ပြသခြင်း

~အဝတ်လဲခန်းအတွင်းရှိ ရွှယ်လီမှာမူ အပြင်ဘက်မှ ဆူညံသံများကို ကြားရသောအခါ မျက်ဝန်းအိမ်များ လှုပ်ရှားသွားရ၏။

"ရှူး..."

ယဲ့ဖန်က သူမကို တိတ်တိတ်နေရန် အချက်ပြလိုက်ပြီးနောက်၊ တံခါးကို အနည်းငယ် ဟကာ အပြင်ဘက်သို့ ချောင်းကြည့်လိုက်လေသည်။

ထိုအခိုက်အတန့်၌... ကုန်စည် ဂိုဒေါင် ဧရိယာတစ်ခုလုံးမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေတော့၏။ လုံခြုံရေး အစောင့်များစွာမှာ မုတ်ဆိတ်နှင့် လူကြီးတို့ စောင့်ကြပ်နေသော ဂိုဒေါင်နားသို့ စုရုံးလာကြလေသည်။ ၎င်းတို့သည် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ဝေ့ကြည့်နေကြ၏။

မုတ်ဆိတ်နှင့် လူကြီးသည် သူ၏ လူများကို ဂိုဒေါင်တံခါး ဖွင့်ရန် အမြန်ဆုံး အမိန့်ပေးလိုက်လေသည်။ လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသော အစောင့်များ၏ အကာအကွယ်ဖြင့်... ကုန်တင်ကားငယ် အချို့မှာ ဂိုဒေါင်အတွင်းသို့ မောင်းဝင်သွားကြတော့၏။

သူတို့ ဝင်သွားပြီး သိပ်မကြာမီမှာပင်... ပထမဆုံးသော ကုန်တင်ကားလေးသည် သံတိုင်များဖြင့် ပြုလုပ်ထားသော ကြီးမားလှသည့် လှောင်အိမ်ကြီး တစ်ခုကို တင်ဆောင်လျက် ဂိုဒေါင်အတွင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာလေသည်။

သို့သော် ထို လှောင်အိမ်အတွင်းမှ ပုံရိပ်များကို မြင်လိုက်ရသောအခါ ယဲ့ဖန်၏ မျက်လုံးအိမ်များမှာ ကျုံ့ဝင်သွားရတော့၏။ အဘယ်ကြောင့်ဆိုသော် ထို လှောင်အိမ်အတွင်း၌ ရှိနေကြသူများမှာ အခြားမဟုတ်ဘဲ... မေ့မြောနေကြသော လူသားများပင် ဖြစ်နေသောကြောင့် ဖြစ်ချေသည်။

ကုန်တင်ကားမှာ ထို လှောင်အိမ်ကို တင်ဆောင်လျက် အစောင့်များ၏ အကာအကွယ်ဖြင့် လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

ဒါကို မြင်သောအခါ ယဲ့ဖန်သည် ခုနက သူ အိပ်မွေ့ချထားသည့် ပထမဆုံး အစောင့်ရှိရာသို့ ပြန်သွားလိုက်၏။ သူသည် ထိုလူ၏ အဝတ်အစားများနှင့် လက်နက် ကိရိယာများကို အမြန်ဆုံး ချွတ်ယူလိုက်လေတော့သည်။

ထို့နောက် သူသည် မိမိ၏ သန့်ရှင်းရေး ဝန်ထမ်း ဝတ်စုံကို ချွတ်လိုက်ပြီး၊ ထိုလူ၏ ယူနီဖောင်းကို လဲလှယ် ဝတ်ဆင်လိုက်ကာ လက်နက်များကိုလည်း ဆွဲကိုင်လိုက်၏။

ပြုလုပ်ပြီးသောအခါတွင်မူ... သူသည် ထိုလူအား သန့်ရှင်းရေး ဝန်ထမ်း ဝတ်စုံကို ပြန်လည် ဝတ်ဆင်ပေးလိုက်ပြီးမှ ရွှယ်လီဘက်သို့ လှည့်ကြည့်လိုက်လေသည်။

ရွှယ်လီမှာမူ ယဲ့ဖန်၏ မြန်ဆန်လှသော လုပ်ရပ်များကြောင့် ကြောင်အမ်း ဆွံ့အလျက် ကျန်ရစ်ခဲ့ရရှာ၏။ သူသည် လုံခြုံရေး အစောင့် တစ်ဦးအဖြစ် ရုပ်ဖျက်လိုက်သည်ကို မြင်သောအခါ သူမ၏ မျက်လုံးများမှာ ပြူးကျယ်သွားရတော့သည်။

"သူဌေးက... အပြင်က အစောင့်တွေထဲကို ရောနှောပြီး ဝင်တော့မလို့လား။"

"ဟုတ်တယ်။"

ယဲ့ဖန်က ခေါင်းညိတ်လိုက်၏။

"ဒီလူတွေက တကယ်တမ်းကျတော့ လူကုန်ကူးတဲ့ အလုပ်ကို လုပ်နေကြတာပဲ။"

"အခု သတင်းရသွားပြီ ဆိုတော့... သက်သေတွေကို အမြန်ဆုံး ရွှေ့ဖို့ ပြင်နေကြပြီလေ။"

"ကိုယ် သူတို့ထဲမှာ ရောဝင်သွားပြီး... အဲ့ဒီ သက်သေတွေကို ဘယ်နေရာဆီ ပို့မလဲဆိုတာ လိုက်ကြည့်ရမယ်။ အဲ့ဒီကျမှ သူတို့ကို မမျှော်လင့်တဲ့ အချိန်မှာ ကြားဖြတ် တိုက်ခိုက်ရမှာပေါ့။"

"ဒါဆိုရင် ကျွန်မကရော..." ရွှယ်လီက သူမ ဝတ်ထားသည့် သန့်ရှင်းရေး ဝတ်စုံကို ငုံ့ကြည့်ကာ မေးလိုက်ရှာသည်။

"မင်းကတော့ သန့်ရှင်းရေး ဝန်ထမ်း တစ်ယောက်အဖြစ်ပဲ ဆက်နေဦး။" ယဲ့ဖန်က အတိုချုံး ညွှန်ကြားလိုက်၏။ "ခဏနေရင် ကိုယ် မင်းကို အပြင်ကို ပို့ပေးလိုက်မယ်။"

"အဲ့ဒီ အခွင့်အရေးကို သုံးပြီး လေဆိပ် ခန်းမထဲကို ပြန်သွားတော့။ ကိုယ့်ကို အဲ့ဒီမှာပဲ စောင့်နေလိုက်ဦးနော်။"

"နားလည်ပါပြီ။" ရွှယ်လီက ထပ်ပြီး မမေးတော့ပါဘူး။

ယဲ့ဖန် ရုပ်ဖျက်ပြီးသွားသောအခါ၊ ရွှယ်လီသည်လည်း ယဲ့ဖန်နှင့် ပူးပေါင်းပြီး... လုံခြုံရေး အစောင့်၏ မောင်းထုတ်ခြင်း ခံရသည့်ဟန် ဆောင်လျက် ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားလေတော့သည်။

ယဲ့ဖန်မှာမူ... မကျေမနပ် ဖြစ်နေသည့်ဟန် ဆောင်ကာ ရွှယ်လီ့ကို မောင်းထုတ်ပြီးနောက်၊ သေနတ်ကို ကိုင်ကာ မုတ်ဆိတ်နှင့် လူကြီးတို့ စောင့်ကြပ်နေသော ဂိုဒေါင်ဆီသို့ ဦးတည် လျှောက်လှမ်းသွားလိုက်၏။

ဂိုဒေါင်အတွင်း၌မူ... ယဲ့ဖန် ထင်ထားသည့်အတိုင်းပင်၊ ကုန်တင်ကားများ အပြင်... အနည်းဆုံး သံလှောင်အိမ်ကြီး (၁၀) လုံးမှ (၂၀) လုံးခန့် ရှိနေလေသည်။ လှောင်အိမ် တစ်ခုစီအတွင်း၌ သတိလစ်နေသူများ သို့မဟုတ် ထိတ်လန့်

တုန်လှုပ်နေကြသူများ ရှိနေကြ၏။

ထိုလူများအနက် တစ်စုံတစ်ယောက်က အသံထွက်မိသည်နှင့်... ချက်ချင်းပင် အပြင်းအထန် အရိုက်ခံရပြီး၊ ဆေးတစ်မျိုး ထိုးသွင်းခြင်း ခံလိုက်ရကာ နေရာမှာတင် မေ့မြောသွားကြရလေသည်။

မုတ်ဆိတ်နှင့် လူကြီးမှာ ထိုနေရာတွင် ရှိနေပြီး၊ လှောင်အိမ်များကို သယ်ယူရန် ကုန်တင်ကားများကို အပူတပြင်း အမိန့်ပေးနေ၏။

ယဲ့ဖန်သည် လှောင်အိမ်များစွာပေါ်တွင် သွေးစွန်းနေသည်ကိုလည်းကောင်း၊ မသန့်ရှင်းသည့် အညစ်အကြေးများ ရှိနေသည်ကိုလည်းကောင်း အထင်အရှား မြင်တွေ့နေရလေသည်။ ဤလူများကို ဖမ်းဆီးလာကတည်းက ဤလှောင်အိမ်များအတွင်း၌ပင် စားသောက် အိပ်စက် စွန့်ပစ်ခိုင်းထားကြောင်း ခန့်မှန်းရန် မခက်ခဲတော့ပေ။

"မြန်မြန် လုပ်ကြစမ်း"

"ခွေးကောင်တွေ"

"ဘာရပ်ကြည့်နေတာလဲ... 'ဝက်လေးတွေ' ကို မြန်မြန် ရွှေ့ကြစမ်းပါဆို"

"ခဏနေရင် ဒီဂိုဒေါင်ကိုပါ အကုန် သန့်ရှင်းရေး ပြန်လုပ်ရဦးမှာကွ... အချိန် သိပ်မကျန်တော့ဘူး"

မုတ်ဆိတ်နှင့် လူကြီးမှာ ဒေါသတကြီးဖြင့် ဆဲဆို ကြိမ်းမောင်းနေလေသည်။ သူ၏ အဆင့်အတန်းမှာ အတော်လေး မြင့်ပုံရပြီး၊ သူ၏ ဆဲဆိုသံများအောက်တွင် ကုန်တင်ကားများမှာ ပိုမို လျင်မြန်စွာ လှုပ်ရှားလာကြတော့၏။

မည်သူမျှ သတိမထားမိသည့် အချိန်၌... ယဲ့ဖန်သည် လုံခြုံရေး အဖွဲ့အတွင်းသို့ ရောနှော ဝင်ရောက်လိုက်ပြီး၊ ကုန်တင်ကားများကို လိုက်လံ ပို့ဆောင်ပေးသည့် အစောင့်များနောက်သို့ လိုက်ပါသွားလေသည်။

သူသည် လုံခြုံရေး အစောင့် တစ်ဦးအသွင်ဖြင့် ကုန်တင်ကားများနောက်သို့ တောက်လျှောက် လိုက်ပါသွားစဉ်မှာပင်... ဤကျယ်ဝန်းလှသော ကုန်စည် ဂိုဒေါင်ကြီး၏ နောက်ထပ် လျှို့ဝှက်ချက် တစ်ခုကို ရှာဖွေတွေ့ရှိသွားတော့၏။

ဤဂိုဒေါင် ဧရိယာ၏ အစွန်ဆုံးဘက်ရှိ... မထင်မရှား ကွန်တိန်နာ တစ်လုံး၏ အောက်တွင်၊ လျှို့ဝှက် မြေအောက် ခန်းမဆောင်ကြီး တစ်ခု ရှိနေခြင်း ဖြစ်ချေသည်။ ထို ကွန်တိန်နာ အတွင်း၌ လျှို့ဝှက် ခလုတ်နှင့် လျှို့ဝှက် လမ်းကြောင်း တစ်ခု ရှိနေ၏။

ထိုလမ်းကြောင်းအတိုင်း လိုက်သွားလျှင် အလွန် ကျယ်ဝန်းလှသော မြေအောက် လျှို့ဝှက်ခန်းသို့ ရောက်ရှိနိုင်ပေသည်။ အခြားသော ကုန်တင်ကားများ သယ်ဆောင်လာသည့် သံလှောင်အိမ် အားလုံးမှာလည်း ဤနေရာသို့သာ ရောက်ရှိလာကြခြင်း ဖြစ်၏။

ယဲ့ဖန်သည် အရေးကြီးသည့် အချက်အလက်များနှင့် အခြေအနေများကို စိတ်ထဲ၌ မှတ်သားထားလိုက်လေသည်။ သူသည် ပို့ဆောင်ခြင်း လုပ်ငန်းကို အဆုံးသတ်လိုက်ပြီးနောက်... မုတ်ဆိတ်နှင့် လူကြီးတို့ ရှိနေသည့် မူလ ဂိုဒေါင်ဆီသို့ ပြန်လည် ထွက်ခွာလာခဲ့တော့၏။

အဘယ်ကြောင့်ဆိုသော်... သူ ရှာဖွေနေသည့် ရတနာကြီးမှာမူ ထို ဂိုဒေါင်အတွင်း၌သာ ရှိနေဆဲ ဖြစ်ပြီး၊ အပြင်သို့ ထွက်မလာ

သေးသောကြောင့်ပင် ဖြစ်လေတော့သတည်း။

All Chapters