← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အပိုင်း(၅၇)အမတတစ်ပါး၏ အရှိန်အဝါ၊ တာအိုဂိုဏ်း၏ မြင့်မြတ်သမီးတော်

ကုအန် မိစ္ဆာသုတ်သင်ခန်းမတံဆိပ်ပြားကို မငြင်းဘဲ ယူလိုက်ကာ ပြုံး၍ ပြောလိုက်သည်။

“မဆိုးဘူး မင်းကအခုမင်းဖြစ်ချင်ခဲ့တဲ့ လူတစ်ယောက်ဖြစ်လာပြီပဲ”

ကုအန်စကားကိုကြားသောအခါ လုကျိကျား ပို၍ပင် အားတက်သွားခဲ့၏။ ထိုနောက်ရယ်မောကာ ပြောလိုက်သည်။ “ဒီနှစ်တွေအတွင်းမှာ ကျွန်တော့်အဖြစ်က ရေခဲပြင်ပါးပါးလေးပေါ် လမ်းလျှောက်နေရသလိုပါပဲ ပြဿနာတွေက အစ်ကို့ကိုပါ အမှုပတ်သွားစေမှာစိုးလို့ ကျွန်တော်အစ်ကို့ကိုတောင် မဆက်သွယ်ရဲခဲ့ဘူး ဒါပေမယ့် အခုကစပြီး မုန်တိုင်းကပြီးဆုံးသွားခဲ့ပြီ လေ‌ေပြတွေလည်းတိုက်ခတ်လာခဲ့ပြီ ကျွန်တော်တို့ အရင်လိုပဲ ပြန်ဆက်သွယ်လို့ရပြီ”

စကားအနည်းငယ်ထပ်ပြောပြီးသည့်နောက်တွင် လုကျိကျား မိစ္ဆာလမ်းစဉ်မှသူလျှိုများကို ဖမ်းရန်လိုသေးသည်ဟုဆိုကာ သူ့လူများနှင့် အမြန်ထွက်သွားခဲ့သည်။

ကုအန် ထွက်ခွာသွားသော သူ့ပုံရိပ်ကိုကြည့်ပြီး စိတ်ထဲတွင် ဝေခွဲမရဖြစ်နေခဲ့၏။

မိစ္ဆာသုတ်သင်ခန်းမသည် အပြင်စည်းဂိုဏ်းတွင် ဩဇာအကြီးဆုံးခန်းမဖြစ်လာခဲ့သော်လည်း သူတို့ဂုဏ်သတင်းမှာတော့ မကောင်းလှပေ။ ပြောကြသည်မှာ တစ်ယောက်ယောက်က မိစ္ဆာသုတ်သင်ခန်းမကို အပြစ်ပြုမိလျှင် ထိုခန်းမက ထိုလူအား မိစ္ဆာလမ်းစဉ်မှသူလျှိုဟုစွပ်စွဲကာ သေသည်အထိ သတ်ပစ်တတ်ကြသည်ဟု ပြောကြသည်။

ယခုအခါတွင်လည်း ကုအန် သူ့ပတ်၀န်းကျင်မှလူများ၏ လုကျိကျားတို့အပေါ် အထင်သေးနေမှုကို ခံစားနေခဲ့ရ၏။

ကုအန်အများကြီးမတွေးတော့ဘဲ အိမ်သို့သာ ပြန်လာခဲ့လိုက်သည်။

တစ်နာရီခန့်ကြာသောအခါ

ကုအန်တတိယတောင်ကြားသို့ ပြန်ရောက်လာခဲ့၏။ သူတောင်ကြားသို့ရောက်သည်နှင့် တောင်ကြားအ၀င်၀ရှိ ကျောက်တိုင်ကိုကြည့်နေရင်း အတွေးလွန်နေသော အကြီးအကဲထျန်းကို တွေ့လိုက်ရသည်။

ဤနှစ်များအတွင်း ကုအန် အကြီးအကဲထျန်းနှင့် ပိုမိုရင်းနှီးလာခဲ့၏။ အကြီးအကဲထျန်းသည် တကယ့်အစေခံတပည့်တစ်ယောက်လိုပင် ပြုမူနေလေရာ ကျန်းချင်တို့တစ်သိုက်ပင် သူ့ဆီမှထူးခြားတာဘာတစ်ခုကိုမှ သတိမထားမိခဲ့ကြပေ။ ကုအန်မှာလည်း သူ့အား အစေခံတပည့်တစ်ယောက်လိုပင် ဆက်ဆံခဲ့သည်။

“အကြီးအကဲထျန်းဘာလို့ ဒီမှာရပ်နေတာလဲ” ကုအန် အကြီးအကဲထျန်းဆီလျှောက်သွားရင်း မေးလိုက်သည်။

အကြီးအကဲထျန်းကုအန်ကို ကြည့်ကာ ဖြေလိုက်၏။

“တောင်ကြားသခင် ဘာလို့ဒီနေရာကို တတိယတောင်ကြားလို့ ခေါ်တာလဲဆိုတာကို အံ့ဩနေတာပါ ဖြစ်နိုင်တာက တောင်ကြားသခင်မှာ နောက်ထပ်ဆေးတောင်ကြားနှစ်ခု ရှိသေးလို့လား”

ကုအန် ကျောက်တိုင်ဘေးသို့ သွားလိုက်ပြီး အနည်းငယ်ရယ်မောလိုက်ကာ “အဲ့လိုမဟုတ်ပါဘူး နောက်ပြီး ကျွန်တော့်မှာလည်း ဆေးတောင်ကြားနောက်တစ်ခုပဲ ထပ်ရှိတာပါ တတိယတောင်ကြားလို့ ခေါ်တာကတော့ ကျွန်တော့်ရဲ့ ကိစ္စတွေအပေါ် ချဉ်းကပ်တဲ့မူဝါဒကြောင့်ပဲ ကျွန်တော်က ဘယ်တော့မှ ပထမ နဲ့ ဒုတိယနေရာအတွက် မယှဉ်ပြိုင်ဘူး တတိယနေရာအတွက်ပဲ ယှဉ်ပြိုင်တယ် ဘာလို့လဲဆိုတော့ ပထမနဲ့ဒုတိယဆိုတဲ့နေရာက ကြောက်စရာကောင်းပြီး အန္တရာယ်များတယ် တတိယနေရာကတော့ အလုံခြုံဆုံး မလို့ပဲ”

ကုအန်စကားကိုကြားသောအခါ အကြီးအကဲထျန်းမျက်လုံးများ အနည်းငယ်ကျယ်သွားကာ အတွေးထဲတွင် ထပ်မံ နစ်မျောသွားခဲ့ပြန်သည်။

ကုအန် သူ့ပုခုံးကိုပုတ်၍ ရယ်မောလိုက်ပြီး

“ဒီနေ့ကျွန်တော် ကြက်ကင်နဲ့ဝိုင်ကောင်းတွေ ယူလာခဲ့တယ် အတူတူစားကြသောက်ကြတာပေါ့ ဒါကအပြင်စည်းဂိုဏ်းမှာမွေးထားတဲ့ ကြက်လေ အဆင့်နိမ့်စိတ်ဝိညဉ်ကျောက်တုံး ၁၀တုံးတောင် ပေးရတယ်”

အကြီးအကဲထျန်းအတွေးလွန်နေခြင်းကို ရပ်တန့်လိုက်ပြီး ကုအန်နောက်မှ လိုက်သွားခဲ့၏။

ယိယန်တစ်ယောက်မှာတော့ ယခုအခါ တောင်ကြားအ၀င်၀တွင် လှံသိုင်းမကျင့်တော့ဘဲ ခြံ၀န်းထဲတွင် မတ်တပ်ရပ်ကာ လှံကိုလက်တွင်ကိုင်ထားရင်း တရားထိုင်သလို မျက်လုံးမှိတ်၍ မတ်မတ်ရပ်နေခဲ့သည်။ ဤသို့ဖြင်

့ သူနှင့်လှံကြားရှိ ဆက်သွယ်မှုကို ခံစားနေခြင်းဖြစ်၏။

“ယန်အာ ဒီကိုလာပါဦး ဆရာတို့နဲ့တစ်ခွက်လောက်သောက်ပြီး မင်းအစ်ကိုနဲ့အစ်မ အပြင်စည်းဂိုဏ်းရောက်သွားဝာာကို ဂုဏ်ပြုလိုက်ရအောင်” ကုအန် အော်ခေါ်လိုက်သည်။

ထိုစဉ် အကြီးအကဲထျန်း စိတ်၀င်တစားမေးလိုက်၏။

“ဒီနှစ်တွေမှာ တောင်ကြားသခင်ကရသမျှဆေးပင်တွေအားလံုးကုိတပည့်တွေအတွက် ဆေးတွေအဖြစ်ပြောင်းလဲပေးခဲ့တယ် တောင်ကြားသခင်ရဲ့ရည်ရွယ်ချက်က ဘာများလဲ သူတို့က တောင်ကြားသခင်ရဲ့တပည့်တွေဆိုရင်တောင် ဆရာတပည့်ဆက်ဆံရေးက အချိန်ကြာလာတာနဲ့အမျှ လွင့်ပါးလာမှာပဲလေ ဘာလို့အရင်းအမြစ်တွေကို ကိုယ့်အတွက်ကိုယ်မသုံးတာလဲ”

“နောက်ပြီးတော့ ငါကလည်း အရိုးအိုအိတ်ကြီးတစ်လုံးလိုပါပဲ ဘယ်နေ့သေမယ်မသိတာ ငါ့ကိုဆေးတွေပေးတာက ဖြုန်းတီးနေရုံသက်သက်ပဲ မဟုတ်လား”

နှစ်ပေါင်းများစွာ အတူတူနေလာပြီးသည့်နောက်တွင် အကြီးအကဲထျန်း ကုအန်ကို သဘောကျလာခဲ့သည်။ ထိုကောင်လေးသည် အခြားတပည့်များကဲ့သို့ သူ့ကိုလစ်လျူရှုမနေဘဲ သူ့ကျင့်ကြံခြင်းအတွက် ဆေးအချို့ပင် မျှဝေပေးခဲ့သေး၏။

သူ့ကျင့်ကြံခြင်းကျဆင်းသွားကတည်းက အကြီးအကဲထျန်း သူ့ကိုထိုသို့ကောင်းကောင်းဆက်ဆံမည့်လူမျိုး အဓိပတိဂိုဏ်းထဲတွင် ရှိတော့မည် မဟုတ်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

သူအရင်က အပြင်စည်းဂိုဏ်းအပေါ် ပစ်ထားမိခဲ့တာကိုပင် နောင်တရလာခဲ့၏။

ကုအန်ပြုံးကာ ပြောလိုက်သည်။ “ကျွန်တော်က သာမန်ပါရမီပဲရှိတဲ့လူတစ်ယောက်ပါ ကျင့်ကြံခြင်းတက်ဖို့အတွက် ရူးသွပ်နေတာမျိုးက ကျွန်တော့်ကို နာကျင်‌ေစတာကလွဲ ဘာမှဖြစ်လာစေမှာမဟုတ်ဘူး ဆေးတွေကို မျှော်လင့်ချက်ရှ်ိတဲ့ ဂျူနီယာလေးတွေဆီပေးလိုက်တာ ပိုကောင်းပါတယ် အကြီးအကဲထျန်းအတွက်ကတော့ အကြီးအကဲထျန်းက ကျွန်တော့်ထက်ကြီးပေမယ့် ကျွန်တော့်တပည့်အဖြစ် သတ်မှတ်ထားလို့ရပါတယ် ကျွန်တော်က တပည့်တိုင်းကို ညီညီမျှမျှပဲဆက်ဆံတယ်”

“ဆေးတွေက အကြီးအကဲထျန်းကျင့်ကြံခြင်းကို မတိုးတက်စေတော့ရင်တောင် သွေးချီကိုတော့တိုးစေတယ်မလား။ အဲ့ဒီအခါ နေလို့ထိုင်လို့ ပိုကောင်းတာပေါ့”

အကြီးအကဲထျန်း ရုတ်တရက် ကုကျုံး ကုအန်အကြောင်းပြောခဲ့စဉ်က ပြောခဲ့တာကို သတိရသွားခဲ့သည်။

“ဒီလူငယ်လေးကို သူ့ကျင့်ကြံခြင်းနိမ့်တာနဲ့ အထင်မသေးမိစေနဲ့ နတ်ဘုရားတို့၏ရာထူးများလို စာအုပ်ကို ရေးနိုင်တယ်ဆိုကတည်းက သူ့‌ကျင့်ကြံခြင်းကနိမ့်ပေမယ့် သူ့နှလုံးသားကကျယ်ပြန့်တာကို ဖော်ပြနေတယ် အဲ့ဒီစာအုပ်ကြောင့် ဂုဏ်သိက္ခာနဲ့ ကြွယ်၀ခြင်းတွေ ရနိုင်ပေမယ့် သူကအဓိပတိဂိုဏ်းမှာပဲ သိုသိုသိပ်သိပ်နေထိုင်ခဲ့တယ် သူ့အောင်မြင်မှုကို ဂုဏ်ဆာမနေဘူး ကျင့်ကြံခြင်းမဟုတ်ဘဲ စိတ်သဘောထားအရကတော့ သူ့ကို ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူလို့တောင် မှတ်လို့ရတယ်”

ထိုစကားများကို ပြန်ကြားယောင်မိသောအခါ အကြီးအကဲထျန်းမျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်လာခဲ့၏။

မကြာခင်တွင် သူတို့သုံးယောက် ကျောက်စားပွဲတွင်ထိုင်ကာ စားသောက်ကြလေတော့သည်။

ကုအန် ယနေ့စုဟန်နှင့်ကျန်းချင်တို့အား အပြင်စည်းဂိုဏ်းသို့ ပို့ခဲ့သည့်အတွေ့အကြုံများကို ပြန်ပြောပြနေခဲ့၏။ အကြီးအကဲထျန်းဘယ်လိုတုန့်ပြန်မည်ကိုသိချင်၍ ကုအန် မိစ္ဆာသုတ်သင်ခန်းမအကြောင်းပင် ထည့်ပြောခဲ့သေးသည်။

သို့သော် အကြီးအကဲထျန်းမှာတော့ ကြက်ရိုးကိုက်ပင် မပျက်ခဲ့ပေ။

ယိယန်ပြောလိုက်သည်။ “ကျွန်တော်တော့ မိစ္ဆာသုတ်သင်ခန်းမက အတော်လေးကောင်းတယ်လို့ထင်တယ် ကျွန်တော်ဆန်းကြယ်တောင်ကြားမှာနေတုန်းက မိစ္ဆာကျင့်ကြံသူတွေနဲ့ ကြုံခဲ့ရတယ်လေ အပြင်စည်းဂိုဏ်းက အတော်လေး ဖရိုဖရဲဖြစ်နေတာ အခုမိစ္ဆာသုတ်သင်ခန်းမရဲ့ ဂုဏ်သတင်းကလည်း မိစ္ဆာသူလျှိုတွေ ဖြန့်တာပဲ ဖြစ်ရမယ်”

ကုအန်ခေါင်းညိတ်လိုက်ကာ ဒါလည်းဖြစ်နိုင်တာပဲဟု တွေးနေခဲ့သည်။

မိစ္ဆာသုတ်သင်ခန်းမ စတည်ထောင်ကတည်းက ဆန်းကြယ်တောင်ကြားတွင် မည်သည့်မိစ္ဆာကျင့်ကြံသူကိုမှ ထပ်မတွေ့ရတော့ဘဲ ရွက်ဝါတစ်ထောင်မျှော်စင်မှသူများလည်း သူ့ကို လာမရှိကြတော့ပေ။

“ဆရာ ကျွန်တော်အခြေခံတည်ဆောက်ခြင်းအဆင့်ရောက်ရင် အပြင်စည်းဂိုဏ်းကိုမ၀င်ချင်ဘူး စစ်တပ်ထဲ၀င်ချင်တယ်”ယိယန် ရုတ်တရက်ပြောလိုက်၏။

ဘုရားသခင်!

ဒီကောင်ကဂိုဏ်းချုပ်ဟောင်းရှေ့မှာ ဂိုဏ်းကထွက်မယ့်အကြောင်းပြောနေတာပဲ!

ကုအန်မေးလိုက်သည်။ “ဘာလို့လဲ”

ယိယန်ဆုံးဖြတ်ထားပုံဖြင့် ပြန်ပြောလိုက်၏။

“အဓိပတိဂိုဏ်းက စိတ်ဝိညဉ်အမြစ်အရည်အသွေးကို အဓိကထားတဲ့နေရာလေ ကျွန်တော့်သာမန်စိတ်ဝိညဉ်အမြစ်နဲ့ အဆင်ပြေနိုင်မှာမဟုတ်ဘူး စစ်တပ်ထဲမှာဆိုရင်တော့ ကျွန်တော်သာမန်စိတ်ဝိညဉ်အမြစ်ဖြစ်နေလည်း မိစ္ဆာတွေကိုသတ်ဖြတ်ပြီး သာမန်လူတွေကို ကယ်တင်လို့ရနေမှာပဲ ကျွန်တော်ငယ်ငယ်လေးတုန်းက ကျွန်တော့်မိဘတွေကို မိစ္ဆာတစ်ကောင်က သတ်ဖြတ်သွားခဲ့တာ အဲ့ဒီကတည်းက ကျွန်တော်ကျိန်ဆိုခဲ့တယ် တစ်နေ့မှာ မှော်သိုင်းတွေတတ်မြောက်တဲ့အခါ ကမ္ဘာအနှံ့က မိစ္ဆာကောင်တွေကို ရှင်းလင်းသုတ်သင်ပစ်မယ်လို့”

အကြီးအကဲထျန်း ယိယန်ကို ကြည့်ကာ ခေါင်းအသာအယာညိတ်လိုက်၏။

ကုအန်မှာတော့ ပြုံးလိုက်ကာ “မင်းမှာအဲ့ဒီလို ရည်မှန်းချက်တွေရှိနေမယ်လို့ ဆရာတစ်ခါမှ မတွေးခဲ့ဖူးဘူး ဒါပေမယ့် မင်းဆရာကမင်းကို ကူညီထောက်ပံ့ပါ့မယ်

ယိယန်လည်း ပြုံးလိုက်ပြီး ရုတ်တရက် ဝိုင်ကရားကိုကိုင်ကာ ကုအန်နှင့် အကြီးအကဲထျန်းအား ဝိုင်တစ်ခွက်စီငှဲ့ပေးလိုက်လေသည်။

သူတို့ကြားရှိ လေထုမှာ ပို၍ပင် နွေးထွေးလာခဲ့၏။ ယိယန်တစ်ယောက် သူ့ခံစားချက်များအား ဖွင့်ထုတ်ပြီးသည့်နောက် ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်သော အကြီးအကဲထျန်းပင် စကားများလာခဲ့သည်။

“ဆရာ နောက်ကျရင် ဆန်းကြယ်တောင်ကြားကတပည့်တွေကို ခေါ်လာဖို့ လိုဦးမှာလား” ယိယန်မေးလိုက်၏။

ကုအန်ခေါင်းခါကာ ပြောလိုက်သည်။ “မင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကိုရောက်တဲ့အထိ စောင့်လိုက်ကြတာပေါ့ တခြားတပည့်တွေရောက်လာရင် သူတို့ကြောင့် မင်းလမ်းကြောင်းအနှောင့်အယှက်ဖြစ်သွားမှာ ဆရာကြောက်မိတယ် တောင်ကြားအတွက်က ဆရာတို့သုံးယောက်နဲ့တင် လုံလောက်နေတာပဲလေ”

ထိုစကားကိုကြားသောအခါ ယိယန် စိတ်ထဲထိသွားခဲ့ရသည်။

ထို့နောက် ကုအန် ယိယန်အားအနာဂတ်အကြောင်းများပြောပြခဲ့ပြီး ဝိုင်တစ်ကရားကုန်၍ ယိယန်မူးသွားသောအခါမှသာ ရပ်တန့်ခဲ့၏။

….

နွေရာသီအဆုံးတွင် အပူရှိန်သည် ကောင်းကင်နှင့်မြေကြီးကြား တောက်လောင်နေခဲ့သည်။

ကုအန် ဆန်းကြယ်တောင်ကြားရှိ မြက်ခင်းပေါ်တွင် ရပ်နေရင်း ပျံသန်းသွားသော မိစ္ဆာသုတ်သင်ခန်းမမှ တပည့်လေးယောက်ကိုကြည့်ကာ ဆွံ့အနေခဲ့သည်။

ထိုစဉ် ဝူရှင်းရောက်လာပြီး ပြောလိုက်၏။

“အစ်ကိုကြီး နေ့ခင်းကြောင်တောင်ကြီး အိပ်မက်မက်နေတာလား သေတ္တာတွေအများကြီးပဲလေ သွားမစစ်ဘူးလား”

ထိုမိစ္ဆာသုတ်သင်ခန်းမမှ တပည့်လေးယောက်သည် လက်ဆောင်ပစ္စည်းများပို့ရန် လုကျိကျားလွှတ်လိုက်ခြင်းဖြစ်ပြီး ဆန်းကြယ်တောင်ကြားတွင် ကုအန် ပြန်မလာခင်ထိ နာရီ၀က်ခန့်စောင့်ပြီးမှသာ ပြန်သွားခဲ့ခြင်း ဖြစ်ပေသည်။

ကုအန်ဝူရှင်းကိုကြည့်ပြီး ပြုံးကာ ပြောလိုက်၏။

“မင်းစစ်လိုက်ပါ အစ်ကိုကြီးကတော့ ဆေးပင်တွေလို့ပဲထင်တယ်”

ထိုစကားကိုကြားသောအခါ ဝူရှင်းမျက်နှာပေါ်တွင် အပြုံးတစ်စ ထွက်ပေါ်လာခဲ့သည်။ ယုံကြည်ခံရသော ခံစားချက်သည် အလွန်ကောင်းပေ၏။

လက်ရှိ ကုအန်သည် ဆန်းကြယ်တောင်ကြားရှိ ကိစ္စမှန်သမျှကို ဝူရှင်းလက်ထဲလွှဲလိုက်ပြီဖြစ်ပြီး သူကိုယ်တိုင်မှာတော့ ဆေးပင်ခူးခြင်းလောက်တွင်သာ ၀င်ပါတော့သည်။ ဝူရှင်းမှာလည်း ကုအန် အစီအစဉ်ကို မငြင်းဘဲ လက်ခံခဲ့၏။

ထို့နောက် ကုအန် တည်နေရာကူးပြောင်းခြင်းအစီအရင်မှနေ၍ တတိယတောင်ကြားသို့ ပြန်သွားခဲ့လိုက်သည်။

မကြာခင်တွင် တတိယတောင်ကြားလို့ ရောက်သွားခဲ့၏။

ကျန်းချင်နှင့် စုဟန်တို့ အပြင်စည်းဂိုဏ်းထဲရောက်သွားကတည်းက တတိယတောင်ကြားသည် ပိုမိုတိတ်ဆိတ်လာခဲ့သည်။ ယိယန်မှာ သူ့အလုပ်ပြီးသည်နှင့် လှံသိုင်းကိုသာ လေ့ကျင့်နေတတ်ပြီး အကြီးအကဲထျန်းမှာတော့ နဂိုကတည်းက စကားနည်းသူသာ ဖြစ်၏။

ကုအန် တည်နေရာကူးပြောင်းခြင်းအစီအရင်မှ ထွက်လာသောအခါ ဆေးဥယျာဉ်ထဲတွင် ထိုင်ကာ အဆင့် ၄ ဆေးပင်တစ်ပင်ကို ကြည့်နေသော အကြီးအကဲထျန်းကို တွေ့လိုက်ရသည်။

ထိုအဖိုးကြီးသည် မကြာခဏ လက်တွေ့လောကမှ လွတ်ထွက်‌ေနတတ်ပြီး ကုအန်လည်း ထိုအရာကို အသားကျနေပြီ ဖြစ်၏။

ကုအန် သူ့အိမ်ကိုပဲသွားလိုက်ကာ ကျိဝေအစီအရင်ကျမ်းကို ထုတ်ဖတ်လိုက်လေသည်။

လွန်ခဲ့သောနှစ်များအတွင်းသူ ကျိဝေအစီအရင်ကျမ်းကို ကြိတ်လေ့လာနေခဲ့ခြင်းဖြစ်ပြီး ယခုအခါ အသိအမြင်အသစ်များပင် ရရှိနေပြီ ဖြစ်၏။

နာရီများစွာကြာသောအခါ ကုအန်တစ်ခုခုကိုခံစားမိလိုက်သောကြောင့် အစီအရင်ကျမ်းကို သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်ကာ အိမ်ထဲတွင် စောင့်နေလိုက်သည်။

“ကုအန် ကုအန် အမြန်ထွက်လာခဲ့ဦး”

ကုအန် ကုယူအော်သံကို ကြားလိုက်ရ၏။ ထိုကောင်သည် အဝေးကြီးမှ အော်နေခြင်းဖြစ်ပြီး အရင်ကထက်ပင် ပိုအသံကျယ်လာ‌ေသးသည်။

ကုအန် အိမ်ပေါ်မှ ဆင်းလိုက်ကာ အိမ်ရှေ့တွင်ထွက်၍ ရပ်နေလိုက်ပြီးမကြာခင်တွင် သူ့ဆီ ရွှေရောင်ဘီးတစ်လုံးကိုစီးကာ ပျံသန်းလာသော ကုကျုံးနှင့် ကုယူကို တွေ့လိုက်ရ၏။

မြေပေါ်ရောက်သောကုကျုံး သူ့မှော်အသုံးအဆောင်ကိုသိမ်းလိုက်ပြီး ကုယူမှာတော့ ကုအန်ဆီလျှောက်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သေလည်။

“ကုအန် မင်းရဲ့…”

“အဟမ်း”

ကုကျုံး ချောင်းဟန့်ပြလိုက်ရာ ကုယူတစ်ခုခုကို နားလည်သွားပုံဖြင့် ပါးစပ်ပိတ်သွားခဲ့၏။

ကုအန်ရပ်နေရင်းပြောလိုက်သည်။ “အစ်ကိုတို့နှစ်ယောက် အိမ်ပေါ်တက်ပြီး စကားပြောကြတာပေါ့”

ကုယူအမြန်ပင် အိမ်ပေါ်တက်သွားခဲ့ပြီး ကုကျုံးမှာမူ အကြီးအကဲထျန်းကိုပါ လိုက်ခဲ့ရန် လက်ဟန်ပြပြီး ခေါ်နေခဲ့သည်။

ထို့နောက် သူတို့လေးယောက် အခန်းထဲရောက်သောအခါ ကုကျုံးစည်းနှစ်ခုသုံး၍ အခန်းကို အလုံပိတ်ပစ်လိုက်၏။

ကုယူ မှာတော့ ကုအန်ကိုကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။ “ကြည်ညိုဖွယ်အဓိပတိအမတ စာအုပ်က တကယ့်ပြီးပြည့်စုံတဲ့ အောင်မြင်မှုတစ်ခုပဲ! အခုဆို အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးက စောင့်ကြည့်နေကြပြီ အဲ့တာတင်မဟုတ်ဘူး ငါတို့အိမ်နီးချင်း မင်းဆက်က‌လူတွေတောင် အဲ့ဒီစာအုပ်ကို အဓိပတိဂိုဏ်းဆီလာ၀ယ်သွားသေးတယ်”

“ဟားဟားဟား ကြည်ညိုဖွယ်အဓိပတိအမတ စထွက်လာတုန်းက လူဘယ်နှစ်ယောက်က ဖန်းအန်ကို ပါရမီတွေပျောက်ဆုံးသွားပြီလို့ ဝေဖန်ခဲ့လဲ အခုတော့ နှစ်အနည်းငယ်လေးအ‌တွင်းမှာ လူတိုင်းက အဲ့ဒီစာအုပ်နောက်ကိုပဲ လိုက်နေခဲ့ကြပြီ”

ကုယူ စိတ်လှုပ်ရှားနေသည်ကို ကြည့်ကာ ကုအန် ရယ်ရမလို ငိုရမလို ဖြစ်သွားခဲ့၏။

ထိုစာအုပ်အောင်မြင်သွားခြင်းကို ကုအန်လုံး၀ မအံ့ဩခဲ့ပေ။ နောက်ဆုံးတွင် အောက်ခြေမှ အမြင့်ဆုံးဆီတက်လာပြီး သခင်လေးများကို ပါးရိုက်သောစာအုပ်များသည် အမတကမ္ဘာ၏ သည်းခြေကြိုက် ဇာတ်လမ်းမျိုးသာ မဟုတ်ပါလား။

ကုကျုံးပြောလိုက်သည်။ “ငါတို့ဒီနေ့လာတာ အဲ့အကြောင်းပြောဖို့တင် မဟုတ်ဘူး ဒါပေမယ့်အဲ့တာနဲ့တော့ ဆက်နွယ်နေတယ် တာအိုဂိုဏ်းရဲ့ မြင့်မြတ်သမီးတော်က ငါတို့ဂိုဏ်းကိုလာကျင့်ကြံဖို့ ပြင်ဆင်နေတယ် သူကမင်းအတွက်လာတာပဲ တာအိုဂိုဏ်းက မဟာယူမင်းဆက်ကဖြစ်ပြီးတော့ ငါတို့နဲ့တောင်ယှဉ်နိုင်လောက်တဲ့အင်အားရှိတယ် သူတို့က မဟာယုမင်းဆက်က နံပါတ် ၁ ဂိုဏ်းပဲ”

“အချိန်ကျလာရင် တာအိုဂိုဏ်းရဲ့မြင့်မြတ်သမီးတော်က မင်းကိုလာတွေ့လိမ့်မယ် စိတ်မပူနဲ့ မပေါက်ကြားစေရဘူး မင်းကသူတစ်ယောက်တည်းနဲ့ တွေ့ပေးရမှာ သူကလည်း မင်းသရုပ်မှန်ကိုမပေါက်ကြားစေရဘူးလို့ ကတိပေထားတယ်”

ကုအန် ကြောင်သွားခဲ့သည်။

ငါက သူတို့သံတမန်ဌာနရဲ့ အစိတ်အပိုင်းဖြစ်လာတာလားဟ!

ကုကျုံးသူ့မုတ်ဆိတ်များကိုဆွဲကာ ပြုံးလိုက်၏။ “ကြည်ညိုဖွယ်အဓိပတိအမတ စာအုပ်က အဓိပတိဂိုဏ်းရဲ့ တိုးတက်ဖွံ့ဖြိုးလာမှုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါ၀င်နေတယ် အကြီးအကဲခန်းမကမင်းကို အရမ်းချီးကျူးနေတယ် တကယ်လို့မင်းသာ တာအိုဂိုဏ်းရဲ့မြင့်မြတ်သမီးတော်ကို ငါတို့ဂိုဏ်းမှာကြာကြာနေအောင် ဖျားယောင်းနိုင်ခဲ့ရင် အကြီးအကဲခန်းမက မင်းကို အဆင့်၇ စိတ်ဝိညဉ်အပင်ရဲ့ မျိုးစေ့ ချီးမြှင့်လိမ့်မယ်”

“အဲ့ဒီမျိုးစေ့က အပင်ပေါက်လာတာနဲ့ ဒီနေရာတစ်ဝိုက်က စိတ်ဝိညဉ်စွမ်းအားတွေကို တိုးမြှင့်ပေးလိမ့်မယ် မင်းပါရမီက သာမန်ပဲဆိုရင်တောင် စိတ်ပူစရာမလိုဘူး အနာဂတ်မှာ မင်းက ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်လာနိုင်လိမ့်မယ်”

“သူတို့က မင်းကို ကျင့်စဉ်တစ်ခုခု ဒါမှမဟုတ် အဆင့်မြင့်ဓမ္မအသုံးအဆောင်တစ်ခုခုပေးချင်ခဲ့တာ ဒါပေမယ့် ယုအာက မင်းကတိုက်ခိုက်ရတာထက် ဆေးပင်စိုက်ရတာ ပိုကြိုက်တာလို့ ၀င်ပြောခဲ့လို့ မင်းကို ဒီမျိုးစေ့ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာ အဲ့တာက မင်းဆေးတောင်ကြားက ဆေးပင်တွေကို ပိုမြန်မြန်လည်း ရင့်မှည့်စေပြီး အလွယ်တကူရိတ်သိမ်းလို့ရစေလိမ့်မယ် သူ့အကျိုးကျေးဇူးတွေက တိုင်းတာလို့မရအောင်ပဲ”

အပိုင်း(၅၈)

တကယ်လို့မင်းသာဂိုဏ်းချုပ်တစ်ယောက်ဖြစ်လာရင် မင်းဘာလုပ်မလဲ

အဆင့် ၇ စိတ်ဝိညဉ်သစ်ပင်!

အဲ့တာက နွယ်စိမ်းပင်နဲ့အဆင့်တူ အပင်မဟုတ်လား အဓိပတိဂိုဏ်းက တကယ်ကြီး ရွက်ဝါတစ်ထောင်မျှော်စင်ရဲ့ မြင့်မြတ်သစ်ပင်နဲ့ အဆင့်တူတဲ့ အပင်တစ်ပင်ကို ထုတ်ပေးတော့မှာများလား!

ကုအန် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး ထိုကဲ့သို့အရာမျိုးကို သူငြင်းလည်း မငြင်းနိုင်ပေ။

မြင့်မြတ်သမီးတော်ကို ဒီမှာထိန်းထားဖို့က ဘာအခက်အခဲတွေများ ရှိနိုင်လောက်မလဲ!

သူကစာအုပ်တွေဖတ်ရတာ မကြိုက်တာရော ဖြစ်နိုင်လောက်လား!

ငါသူ့ကို နတ်ဘုရားတို့၏ရာထူးများ စာအုပ်ရဲ့ ဇာတ်လမ်းအခွဲလေးတွေ ရေးပေးလိုက်မယ်ကွာ!

“မြင့်မြတ်သမီးတော်က ဘယ်အချိန်ရောက်လာမှာလဲ” ကုအန် အသက်ပြင်းပြင်းတစ်ချက်ရှူကာ မေးလိုက်သည်။ သူ၏ပျော်ရွှင်နေမှုများကိုတော့ စိတ်ထဲတွင်သာ သိမ်းထားလိုက်ပြီး ထိုအစား စိတ်ပူနေသယောင်ဆောင်နေလိုက်၏။

အကြီးအကဲကုကျုံးပြုံး၍ ပြောလိုက်သည်။ “သူကအလွန်ဆုံး တစ်နှစ်အတွင်းရောက်လာလိမ့်မယ် မင်းအရမ်းစိတ်ပူနေစရာတော့ မလိုပါဘူး”

သူ့ဘေးတွင်ရပ်နေသော ကုယူလည်း ၀င်စ‌ေနာက်လိုက်၏။ “သူမင်းကိုကြွေသွားမှာလည်း စိတ်မပူပါနဲ့ သူကမင်းစာအုပ်တွေကိုပဲ ကြိုက်တာ”

ကုအန် ခေါင်းညိတ်ပြလိုက်သည်။ သူ၏ စာအုပ်ကိုကြိုက်သော သူတိုင်းသူ့ကိုပါကြိုက်လိမ့်မည်ဟု ထင်ရလောက်အောင်ထိတော့ ကုအန် ဘ၀င်မရူးသေးပေ။

ထိုစဉ် အကြီးအကဲကုကျုံး ဘေးတွင်ရပ်နေသော အကြီးအကဲထျန်းကိုမေးလိုက်၏။

“ဒီမှာနေရတာ ဘယ်လိုနေလဲ”

အကြီးအကဲထျန်းခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။ “အရမ်းကောင်းပါတယ် တောင်ကြားသခင်က ကျွန်တော့်ကိုကောင်းကောင်းဆက်ဆံတယ်”

ကုအန် နှလုံးသားထဲတွင် အကူအညီမဲ့နေသလို ခံစားလိုက်ရ၏။ အကြီးအကဲကုကျုံးသည် သူ၏ သွေးဝေးဆွေမျိုးတစ်ယောက်ကို ကုအန် သရုပ်မှန်ကို ပြရလောက်အောင် ယုံကြည်နိုင်မည်လော။

မဖြစ်နိုင်ပေ။

သူတို့ သရုပ်ဆောင်နေကြခြင်းဖြစ်မှန်းမှာ သိသာလှပေသည်။

ကုအန် ကုကျုံးအား တစ်ခုခုကို ပြောချင်ပေမယ့် တွန့်ဆုတ်နေဟန်ဖြင့် ကြည့်နေလိုက်၏။

အကြီးအကဲကုကျုံး ကုအန်စိတ်ကိုနားလည်ပုံဖြင့် ပြုံး၍ ပြောလိုက်သည်။ “သူမင်းရဲ့ ဖန်းအန် သရုပ်မှန်ကိုသိတာကြာပါပြီ သူက နတ်ဘုရားတို့၏ရာထူးများ စာအုပ်ကိုကြိုက်တယ်ဆိုလို့ ငါသူ့ကိုဒီကိုပို့လိုက်တာ သူ့အပြင် အကြီးအကဲခန်းမကလူတွေပဲ ဒီအကြောင်းသိကြတာပါ စိတ်မပူပါနဲ့ ငါတို့ကမင်းသရုပ်မှန်ကို မင်းထင်ထားတာထက် ပိုဂရုစိုက်ကြပါတယ်”

နတ်ဘုရားတို့၏ ရာထူးများ မတိုင်ခင်တွင်လည်း ဂိုဏ်းထဲတွင် စာအုပ်ရေးသော တပည့်များ ရှိခဲ့ကြ၏။ သို့သော်လည်း နတ်ဘုရားတို့၏ ရာထူးများ ကြောင့်ဖြစ်သွားသော ဂယက်မှာတော့ ထိုစာအုပ်များ နှိုင်းယှဉ်နိုင်သော အရာမဟုတ်ပေ။

စာအုပ်တစ်အုပ်သည် ဂိုဏ်းတစ်ဂိုဏ်းအား ဂိုဏ်းသားပိုများလာစေရန် အရင်းအမြစ်ပိုကြွယ်၀လာစေရန်အပြင် အခြားဂိုဏ်းများနှင့် ဆက်ဆံရေးများကိုပါ တိုးတက်လာစေရန် ပြုလုပ်ပေးနိုင်လိမ့်မည်ဟု ဘယ်သူမှ ထင်ထားမိခဲ့မှာ မဟုတ်ပေ။ အထူးသဖြင့် ကြည်ညိုဖွယ်အဓိပတိအမတ စာအုပ်ထွက်လာသောအခါ ကမ္ဘာပေါ်ရှိ ဂိုဏ်းတိုင်း၏ အာရုံသည် အဓိပတိဂိုဏ်းပေါ် ရောက်လာခဲ့ကြလေသည်။ ဂိုဏ်းထဲရှိ ရာထူးအမြင့်ပိုင်းတွင်ရှိနေသော ကုကျုံးမှာ ထိုအရာများကို ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရသည်။

ကုအန် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။

ထိုစဉ် ရုတ်တရက် ကုယူပြောလိုက်သည်။ “ကျိုးတောင်းယူက ကုယူအပေါ်အတော်လေးကောင်းတယ် ငါအရင်ကပြောခဲ့တာတွေကို ပြန်ရုတ်သိမ်းမယ်ကွာ နောက်စာအုပ်တွေမှာ ကုယူ သူ့ကိုအနိုင်မကျင့်ခိုင်းနဲ့တော့”

ကုအန် သူ့အားနားလည်ရခက်သော အကြည့်ဖြင့် ကြည့်လိုက်၏။

အကြီးအကဲကုကျုံးလည်း ပြုံးကာ ၀င်ပြောလိုက်သည်။ “ငါ့ပုံရိပ်ကလည်း မဆိုးဘူး ငါဘယ်သွားသွား လူတွေက ငါ့နာမည်ကို‌ေခါ်ပြီး ဘယ်အချိန်ငါ့သားအတွက် အဲ့ဒီမကောင်းဆိုးဝါးတွေကို လာရှင်းပေးမှာလဲလို့ပဲ မေးနေကြတယ်”

“အဟွတ် အဟွတ် ကျွန်တော်တို့ အဲ့တာကိုပြောလိုက်လို့မရဘူးနော် ပြောလိုက်ရင် နောက်အပိုင်းတွေစိတ်၀င်စားစရာမကောင်းဘဲ နေသွားလိမ့်မယ်” ကုယူ သာပြောလိုက်၏။

“အဲ့တာမှန်တယ်”

ထို့နောက် ကုအန် စကားလွှဲလိုက်ပြီး တာအိုဂိုဏ်းမှ မြင့်မြတ်သမီးတော်အကြောင်းများကိုသာ မေးမြန်းနေခဲ့လေသည်။ သူ့အကြောင်းအား တတ်နိုင်သလောက်များများသိထားခြင်းမှာ ကုအန်အတွက် ကောင်းသောအရာ ဖြစ်၏။

အကြီးအကဲကုကျုံးလည်း မြင့်မြတ်သမီးတော်အကြောင်းကို စတင်မိတ်ဆက်‌ခဲ့သည်။

“ရှန်းကျန်က တာအိုဂိုဏ်း ဂိုဏ်းချုပ်ရဲ့သမီးပဲ စိတ်ဝိညဉ်အမြစ်သုံးခုကြောင့် သူ့ပါရမီက အဲ့လောက်မဟုတ်ဘူးထင်ရပေမယ့် ဂီတ‌ေမှာ်သိုင်းပါရမီကတော့ ကြောက်စရာကောင်းအောင် မြင့်မားလွန်းတယ် ပြီးတော့သူက ကုချင်း စစ်တုရင် လက်ရေး နဲ့ ပန်းချီ ပညာတွေကို ချစ်မြတ်နိုးတယ်”

ကုကျုံး ရှင်းပြသည်ကိုနားထောင်ပြီး ရှန်းကျန်၏ ပင်ကိုစရိုက်သည် လွှမ်းမိုးတတ်သောသူ မဟုတ်ဟု ကုအန်ခံစားလိုက်ရသည်။

ကုချင်း စစ်တုရင် လက်ရေး နှင့် ပန်းချီပညာတွေကို ချစ်ခင်မြတ်နိုးသော သူသည် အတော်လေး နူးညံ့သိမ်မွေ့သောသူသာ ဖြစ်ရပေလိမ့်မည်။

….

ညဉ့်အချိန် သဘာ၀လိုဏ်ဂူ ၈ လုံးထဲ၌

နွယ်စိမ်းပင်အောက်တွင် ကုအန် သစ်သားစိတ်ဝိညဉ်ဓားသိုင်းကို လေ့ကျင့်နေခဲ့လေသည်။

သစ်သားစိတ်ဝိညဉ်ဓားသိုင်းသည် ကျိုးလင် သူ့အား သင်ပေးခဲ့သော သိုင်းဖြစ်ပြီး ရှားပါးသော သိုင်းမျိုးမဟုတ်ပေ။ ထိုသိုင်းကို အပြင်စည်းဂိုဏ်းတွင်ပင် အလွယ်တကူ၀ယ်၍ ရနိုင်ပေသည်။

သို့သော် ထိုသိုင်းသည် သစ်သားစိတ်ဝိညဉ်ကို အခြေခံသော သိုင်းဖြစ်သောကြောင့် ကုအန်ထိုသိုင်းကို စနစ်မှ သက်တမ်းမထည့်ဘဲ ကိုယ်တိုင်သာ ကျင့်ကြံမည်ဟု ဆုံးဖြတ်ခဲ့လိုက်၏။

ထိုက်ကန်နတ်မင်သက်ဓားသိုင်းတွင် အောင်မြင်မှုများနှင့် သူ၏ ဒြပ်ငါးမျိုးကောင်းကင်စိတ်ဝိညဉ်အမြစ်များ၏ အရည်အသွေးအရ သက်တမ်းမထည့်ဘဲ ကျင့်လျှင်ပင် သူ့ကိုဓားသိုင်းအရာ၌ ပါရမီရှင်တစ်ယောက်ဟု မှတ်ယူနိုင်ပေသည်။

လက်ရှိအချိန်တွင် ကုအန် သစ်သားစိတ်ဝိညဉ်ဓားသိုင်းအား ကျွမ်းကျင်အဆင့်ထိ တတ်မြောက်နေပြီဖြစ်ပြီး နောက်အဆင့်သစ်တစ်ခုသို့ ခုန်ကူးနေချိန် ဖြစ်၏။

ကျင့်စဉ်များ မှော်သိုင်းကွက်များနှင့် လျှို့ဝှက်သိုင်းများကို ပုံမှန်အားဖြင့် အဆင့်များ ခွဲခြားထားကြသည်။ ထိုအဆင့်များမှာ လက်သင်အဆင့်၊ စတင်သိရှိခြင်းအဆင့်၊ ထိုးထွင်းသိမြင်ခြင်းအဆင့်၊ အသေးစားအောင်မြင်မှု၊ ပေါင်းစပ်ခြင်း၊ ကျွမ်းကျင်၊ အထွတ်အထိပ် နှင့် မူလပြန် အဆင့်တို့ ဖြစ်ကြ၏။

(Translator note: အရှေ့ပိုင်းတွေမှာ သိုင်းအဆင့်တွေအကြောင်းသေချာ ရေးမထားပါဘူး အခုမှ သေချာရေးထားတာဖြစ်လို့ နောက်အပိုင်းတွေမှာ ဒီအဆင့်တွေအတိုင်းပဲ သွားပါတော့မယ်)

သက်တမ်းမသုံးဘဲ ဒီတိုင်းလေ့ကျင့်ရခြင်းမှာ ဂိမ်းများတွင် အဆင့်တက်နေရသလို ခံစားရသောကြောင့် ကုအန် အတော်လေး စိတ်၀င်စားနေမိသည်။

ကောင်းကင်နဂါးမှာတော့ ၁ ကျန်းအကွာတွင် သစ်ပင်ပေါ်မှ ကုအန် ဓားသိုင်းလေ့ကျင့်နေသည်ကို ကြည့်ရှုနေခဲ့၏။ ယခုအခါ သူ၏အသွင်အပြင်မှာ တကယ့်နဂါးတစ်ကောင်၏ ဂုဏ်အရှိန်အ၀ါမျိုးကို ထင်ဟပ်နေချေပြီ။

တစ်နာရီခန့် လေ့ကျင့်ပြီးသောအခါမှ ကုအန် နားလိုက်‌သည်။

ကလက်..

ကောင်းကင်စံအိမ်ဓားအား ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သံမှာ နဂါးအော်သံကဲ့သို့ပင် ထွက်ပေါ်လာခဲ့၏။

ထို့နောက် ကုအန် ကောင်းကင်စံအိမ်ဓားအားသိုလှောင်အိတ်ထဲထည့်လိုက်ကာ အပျင်းကြောဆန့်လိုက်လေသည်။

ကောင်းကင်နဂါးမှာလည်း သစ်ပင်ပေါ်မှ ဆင်းသက်လာခဲ့ပြီး သူ့ထံမှ ကောင်လေးတစ်ယောက်၏ အသံမျိုး ထွက်ပေါ်လာခဲ့၏။

“သခင် ဒီဓားသိုင်းက တကယ့်ကိုအံ့ဖွယ်ပဲ ကျွန်တော့်ကို သင်ပေးလို့ရမလား”

ကုအန် သူ့ကိုပြုံး၍ ကြည့်လိုက်ကာ

“မင်းလက်သည်းတွေက ဓားကိုင်လို့ ရပါ့မလား”

“လက်သည်းတွေကို ဓားအဖြစ်သုံးရင်ရော ရလောက်လား” ကောင်းကင်နဂါးပြူးကြောင်ကြောင်ဖြင့် ပြန်မေးလိုက်၏။

ကုအန်တခဏ ငြိမ်သက်သွားပြီး အကြံတစ်ခု ရသွားခဲ့လေသည်။

စိတ်၀င်စားစရာပဲ!

ထို့နောက် သစ်သားစိတ်ဝိညဉ်ဓားသိုင်းစာအုပ်အား သိုလှောင်အိတ်ထဲမှ ထုတ်လိုက်ပြီး နဂါးလေးဆီ ပစ်ပေးကာ ပြောလိုက်ဧ။။်

“ဒါဆို ကိုယ့်ဖာသာကျင့်ကြည့် ငါပြန်လာရင် မင်းနားမလည်တာတွေ အကုန်ပြန်မေးနိုင်တယ်”

ကောင်းကင်နဂါးလည်း ဓားသိုင်းစာအုပ်ကို ဖမ်းလိုက်ကာ အမြန်ပြောလိုက်သည်။

“ကျွန်တော့်အတွက် ကြက်ကင်တွေယူလာပေးဖို့လည်း မမေ့နဲ့ဦးနော်”

ကုအန် ပြုံး၍ ခေါင်းညိတ်ပြလိုက် ဂူထဲမှ ပြန်ထွက်လာခဲ့၏။

ကောင်းကင်နဂါးမှာတော့ ဓားသိုင်းစာအုပ်ကို မြေပေါ်ချကာ သူ့လက်သည်းများဖြင့် တစ်ရွက်ချင်း လှန်ဖတ်နေခဲ့လေသည်။

ဂူထဲမှ ထွက်လာပြီးသည့်နောက် ကုအန် တောထဲသို့ ၀င်လာခဲ့၏။ ညဥ့်‌ေကာင်းကင်‌ေအာက်တွင် တောအုပ်သည် နှင်းများဖြင့်ဖုံးလွှမ်းနေပါသော်လည်း ကုအန် ခြေရာသည် နှင်းပြင်ပေါ်တွင် ကျန်မနေခဲ့ပေ။

နောက်တစ်နေ့မနက်ခင်းတွင် ကုအန် တပည့်များကို ပုံမှန်အတုိင်းပင် အကြောလျှော့လေ့ကျင့်ခန်းလုပ်ရန် ခေါ်ခဲ့သည်။ တတိယတောင်ကြားကိုမူ ရီလန် လာပြီးမှသာ သွားတော့မည်ဟု စီစဉ်ထားခဲ့၏။

ဤသို့ဖြင့် တစ်ရက်တွင် ရီလန် ရောက်လာခဲ့ပြီး ကုအန်သူ့ကိုအိမ်ထဲသို့ ခေါ်သွားလိုက်သည်။

ထို့နောက် ကုအန် သူမအား ဒီရက်ပိုင်းအတွင်း အဆင်ပြေမပြေ မေးလိုက်၏။ ရီလန်သည် ဤနှစ်များအတွင်း အလုပ်ရှုပ်နေလျှင်တောင် ကုအန်ဆီသို့တစ်နှစ်တစ်ခေါက်တော့ မရောက်ရောက်အောင် လာတတ်သည်။ ထိုအပြုအမူက ကုအန်ရင်ကို ထိမသွားစေဘူးဆိုရင်တော့ သူလိမ်နေတာသာ ဖြစ်ပေလိမ့်မည်။

“မနှစ်ကတည်းက အပြင်စည်းဂိုဏ်းကတပည့်တွေ ရံဖန်ရံခါ ပျောက်ဆုံးနေတယ် ညီမတို့ဥပဒေရေးရာခန်းမက တရားခံကိုရှာဖွေစုံစမ်းနေပေမယ့် မတွေ့ခဲ့ဘူး မိစ္ဆာသုတ်သင်ခန်းမက‌ေတာ့ တရားခံကိုမမိပေမယ့် အဲ့ဒီအစား သူတို့အပြစ်ရှိချင်စိတ်ကို ဖြေဖျောက်ဖို့ မိစ္ဆာလမ်းစဉ်က သူလျှိုတွေကို ရှာဖွေနေတယ်” ရီလန် သက်ပြင်းချလိုက်သည်။

ဂိုဏ်းချုပ်နေရာပြောင်းလဲသွားကတည်းက ရီလန်နှင့် လုကျိကျားတို့ကြား အဆက်အသွယ် ကျဲသွားခဲ့၏။ အဓိကအချက်မှာ သူတို့ခန်းမနှစ်ခု၏ အဆင်အပြေမှု‌များကြောင့် သူတို့ကိုယ်တိုင်လည်း အဆက်အသွယ်ပါးသွားရခြင်း ဖြစ်ပေသည်။

ကုအန် ရယ်မောကာ ပြောလိုက်၏။ “ဒါဆိုရင်လည်း မိစ္ဆာသုတ်သင်ခန်းမပဲ ရှာပါစေပေါ့ ညီမလေးတို့က ကျင့်ကြံခြင်းမှာပိုပြီးတော့တောင် အာရုံစိုက်လို့ရသေးတယ်”

ရီလန် ခေါင်းခါလိုက်ကာ ပြောလိုက်သည်။ “အဲ့ဒီလောက် မရိုးရှင်းဘူး မိစ္ဆာသုတ်သင်ခန်းမခေါင်းဆောင်က ဥပဒေရေးရာခန်းမကို လွှမ်းမိုးပစ်ချင်နေတာ အခုကြည့်ရတာ အပြင်စည်းဂိုဏ်းအကြီးအကဲကြီးကလည်း အဲ့ဒီလိုဖြစ်ချင်နေပုံရတယ် ညီမတို့ ဉပဒေရေးရာခန်းမသာ ဘာကိစ္စကိုမှ မဖြေရှင်းပေးနိုင်တော့ရင် တဖြည်းဖြည်းနဲ့ အလိုလိုပြိုကွဲသွားရလိမ့်မယ်”

“အဲ့တာလည်းအဆင်ပြေပါတယ် ဥပဒေရေးရာခန်းမပြိုကွဲသွားရင် ညီမလေးပြန်လာခဲ့လိုက်ပေါ့ အစ်ကိုကြီးထောက်ပံ့ပေးနိုင်တဲ့ ဆေးဝါးတွေက ဥပဒေရေးရာခန်းမက ထောက်ပံ့ပေးနိုင်တာထက်တော့ မနည်းပါဘူး”

“အဲ့ဒီလိုမဖြစ်ဘူးလေ ညီမလေးကိုပေးလိုက်ရင် အစ်ကိုကြီးအတွက်ကရော ဘယ်လိုလုပ်မှာလဲ”

ရီလန် အပြင်ပန်းတွင် ငြင်းလိုက်သော်လည်း စိတ်ထဲတွင်တော့ အတော်လှုပ်ရှားသွားခဲ့သည်။

ရီလန်ငြင်းလိုက်သောအခါ ကုအန် ဘာမှထပ်ပြောမနေခဲ့တော့ပေ။ အခြားကိစ္စများကိုသာ စကားလွှဲခဲ့လိုက်၏။

ရီလန် ဆန်းကြယ်တောင်ကြားတွင် ရက်အနည်းငယ်ထပ်နေဦးမည်ဟု ဆိုသောကြောင့် ကုအန်လည်း နွေဦးပွဲတော်ပြီးမှသာ တတိယတောင်ကြားကို သွားတော့မည်ဟု ဆုံးဖြတ်ခဲ့လိုက်သည်။

……

နွေဦးပွဲတော်ပြီးသောအခါ နှင်းခဲများသည် လုံး၀ အရည်ပျော်သွားခဲ့၏။ ကုအန် အရင်ဆုံး ထျန်းယတောင်ကြားသို့သွားကာ သက်တမ်း ထောင်ချီ ရိတ်သိမ်းခဲ့လိုက်ပြီး အပင်အသစ်များ စိုက်လာခဲ့လေသည်။ ထိုနေရာတွင် နှစ်ရက်နေပြီးမှသာ တတိယတောင်ကြားသို့ ကုအန် သွားခဲ့လိုက်သည်။

ဆန်းကြယ်တောင်ကြားသည် အတော်လေးစည်ကားလှပြီး ထျန်းယတောင်ကြားတွင်လည်း မိစ္ဆာမျောက်သုံးကောင် ရှိ၏။ သို့သော် တတိယတောင်ကြားသည်တော့ ကုအန် ရောက်သည့်အခါတိုင်း အမြဲလိုလို တိတ်ဆိတ်ခြောက်ကပ်နေတတ်သည်။

ယိယန်နှင့် အကြီးအကဲထျန်းသည် တစ်ယောက်တည်းနေရခြင်းကိုသာ ကြိုက်သူများဖြစ်ကြပြီး တစ်ယောက်နှင့်တစ်ယောက် အနှောင့်အယှက်မပေးကြပေ။

ကုအန် ဆေးဉယျာဉ်ထဲသွားလိုက်ပြီး ရင့်မှည့်နေသော ဆေးပင်များအား ရိတ်သိမ်းခဲ့၏။

ထိုစဉ် အကြီးအကဲထျန်းသူ့ဆီချဉ်းကပ်လာပြီး စိတ်၀င်တစား မေးလိုက်လေသည်။

“တောင်ကြားသခင်ဆေးပင်တွေကို ဘာလို့ အမြဲကိုယ့်ဟာကိုယ်ပဲ ရိတ်သိမ်းတာလဲ”

ကုအန် ပြန်ပြောလိုက်၏။ “ကျွန်တော်လည်း တစ်ခုခုတော့ လုပ်ကိုလုပ်နေရမယ်လေ နောက်ပြီး ကျွန်တော်ဆေးပင်ရိတ်သိမ်းတဲ့အခါ ဂိုဏ်းကိုအကျိုးပြုနေတယ်လို့ ခံစားရပြီး အဲ့ခံစားချက်က စိတ်ကျေနပ်စရာကောင်းတယ်”

ထိုစကားကိုကြားသောအခါ အကြီးအကဲထျန်းရယ်မောကာ ပြောလိုက်သည်။

“တောင်ကြားသခင်က တကယ်ပဲဂိုဏ်းကို အကျိုးပြုနေတာပါ”

“အထက်ကလူကြီးတွေလည်း ဒီလိုပဲတွေးဖို့ မျှော်လင့်ပါတယ်” ကုအန် အနည်းငယ်ရယ်၍ ပြောလိုက်ကာ ဆေးပင်ဆက်ခူးနေလိုက်၏။

ထိုစဉ် ရုတ်တရက် အကြီးအကဲထျန်း မေးလိုက်ပြန်သည်။ “တကယ်လို့ တောင်ကြားသခင်သာ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်လာရင် ဘာလုပ်မယ်လို့ စဉ်းစားထားလဲ”

ကုအန် နှလုံးခုန်မြန်သွားပါသော်လည်း ဘာမှမဖြစ်သလို ဆေးပင်ဆက်ခူးနေကာ ဖြေလိုက်သည်။ “နေ့ခင်းကြောင်တောင်အိပ်မက်မက်နေတာမဟုတ်လား အကြီးအကဲထျန်း အကြီးအကဲထျန်းကမှ ဂိုဏ်းချုပ်မဟုတ်တာ ဘယ်လိုလုပ် ကျွန်တော့်ကို ဂိုဏ်းချုပ်နေရာ လွှဲပေးလို့ ရမှာလဲ ပြီးတော့ ကျွန်တော်က ဆေးတောင်ကြားတစ်ခုကိုပဲ အုပ်ချုပ်နိုင်တာ အဓိပတိဂိုဏ်းက သန်းချီတဲ့တပည့်တွေကို မဟုတ်ဘူး”

“ကျွန်တော့် ကျင့်ကြံခြင်းအဆင့်နဲ့ဆို ကျွန်တော်ဂိုဏ်းချုပ်ဖြစ်လာရင်တောင် ဘယ်သူက ကျွန်တော့်စကားကို နာခံမှာမလို့လဲ”

ကုအန် လုံး၀ ဂိုဏ်းချုပ်ဖြစ်မလာချင်ပေ။

သူသည် အေးအေးချမ်းချမ်းသာ ကျင့်ကြံလိုခြင်းဖြစ်ပြီး ခေါင်းပေါ်တွင် တာ၀န်များ ထမ်းမထားလိုပေ။ တကယ်လို့ သူသာ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်လာပြီး အနာဂတ်တွင် သူမနိုင်သော ရန်သူတစ်ယောက်နှင့်တွေ့ပါက သူဒီတိုင်းကြီးဂိုဏ်းကိုထား၍ မည်ကဲ့သို့ ထွက်ပြေးရတော့မည်နည်း။

ကုအန် အဓိပတိဂိုဏ်းအပေါ် အရမ်းတော့ သစ္စာရှိမနေပေ။

အကြီးအကဲထျန်းရယ်မောလိုက်ပြီး ထပ်မမေးတော့ပေ။

ကုအန် ဆေးပင်ခူးပြီးသောအခါ အကြီးအကဲထျန်း ကုအန်နောက်မှ အိမ်ထဲသို့ လိုက်လာခဲ့လေသည်။

“တကယ်တော့ ငါ့မှာ သာမန်မဟုတ်တဲ့ကျင့်စဉ်တစ်ခုရှိတယ် တောင်ကြားသခင်ကျင့်ကြံချင်လား အကြီးအကဲကုကျုံးတောင် အဲ့ဒီကျင့်စဉ်အကြောင်းမသိဘူး” အကြီးအကဲထျန်း ရုတ်တရက် မေးလိုက်၏။

“ကျွန်တော် မသင်ချင်ပါဘူး ဒီအချိန်မှာ စာအုပ်ရေးတာလောက် ဘာကပိုကောင်းမှာမလို့လဲ အကြီးအကဲထျန်းမြင်တယ်မလား ကျွန်တော်ကပုံမှန်အားဖြင့် ဘယ်မှာကျင့်ကြံလို့လဲ ကျွန်တော့်ကျင့်ကြံခြင်းက ဆေးဝါးတွေအပေါ်မှာပဲ မူတည်နေတာ”

“မင်းကငယ်သေးတာပဲလေ အဲ့တာကိုဘာလို့….”

“အကြီးအကဲထျန်းနားမလည်ဘူးမဟုတ်လား အဲ့တာကို ပျော်ပျော်နေတာ လို့ခေါ်တယ် ကျွန်တော်က ကိုယ့်လုပ်နိုင်စွမ်းအတွင်းနေရတာကိုပဲ ကြိုက်တယ် ဒါပေါ့ အဲ့တာကကျွန်တော့်အမြင်သက်သက်ပါပဲ လူတိုင်းမှာက မတူညီတဲ့အမြင်တွေရှ်ိကြတယ်” ကုအန် ပုံမှန်အတိုင်းပြောလိုက်၏။

ဒီအဖိုးကြီး ဒီနေ့ကျမှ ဘာတွေဖြစ်နေတာလဲ!

ငါ့တာအိုနှလုံးသားကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား!

အကြီးအကဲထျန်းဆက်ပြောဖို့ ကြိုးစားလိုက်သော်လည်း ထိုအချိန်တွင် ကောင်းကင်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ သူတို့နှစ်ယောက်လုံး ကောင်းကင်ဆီမော့ကြည့်လိုက်ကြ၏။ ကောင်းကင်ပေါ်တွင် ကုကျုံးတစ်ယောက် သူ့မှော်အသုံးအဆောင်ကို စီး၍ ပျံသန်းလာခဲ့ကာ သူ့နောက်တွင်မူ အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားသော အမျိုးသမီးတစ်ယောက် ပါလာခဲ့‌သည်။ ထိုအမျိုးသမီးသည် သူ၏မျက်နှာကိုအနက်ရောင်ပုဝါဖြင့် အုပ်ထားလေရာ သူ၏ တောက်ပနေသော မျက်၀န်းတစ်စုံကိုသာ မြင်နေရ၏။

တာအိုဂိုဏ်းက မြင့်မြတ်သမီးတော် ရောက်လာပြီလား!

ကုအန် အကြီးအကဲကုကျုံးတို့အား သွားကြိုပြီး နှုတ်ဆက်ရမည်ဖြစ်သောကြောင့် အကြီးအကဲထျန်းကိုသာ ဆေးပင်များ သွားသိမ်းခိုင်းခဲ့လိုက်သည်။

ထို့နောက် သူသက်တမ်းစစ်ဆေးခြင်းကိုသုံး၍ ကြည့်လိုက်၏။

[ရှန်းကျန် (ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၂) ၇၈/၆၆၀/၁၀၅၀/]

ရွှေဘီးလုံးမြေပေါ်ဆင်းသက်လာသောအခါ ကုကျုံးပြုံး၍ ပြောလိုက်သည်။ “ကုအန် ဒါက တာအိုဂိုဏ်းက မြင့်မြတ်သမီးတော် ရှန်းကျန်ပဲ မင်းသူ့ကို ကောင်းကောင်းဆက်ဆံရမယ်နော်”

ပြောပြီးသည်နှင့် ကုကျုံး သူ့နောက်ရှိ အမျိုးသမီးကိုနှုတ်ဆက်ကာ ရွှေဘီးလုံးကိုစီး၍ ပျံထွက်သွားခဲ့၏။

ရှန်းကျန် ကုအန်ကိုကြည့်နေခဲ့ပြီး သူ့မျက်လုံးများမှာ ကြယ်ကလေးများကဲ့သို့ လင်းလက်နေလေသည်။ ထိုမျက်လုံးများကို ကြည့်ရုံနှင့်ပင် ရှန်းကျန်သည် ထင်မထားလောက်အောင် လှပသော မိန်းကလေးတစ်ယောက်ဖြစ်မှန်း သိသာပေ၏။

ကုအန် လက်သီးဆုပ်အရိုအ‌ေသ‌ေပးလိုက်ကာ ပြောလိုက်၏။

“ကျွန်တော့်နာမည်က ကုအန်ပါ တွေ့ရတာ၀မ်းသာပါတယ် မိန်းကလေးရှန်း”

ရှန်းကျန် အသာအယာခေါင်းညိတ်လိုက်ကာ စိတ်၀င်တစားမေးလိုက်သည်။ “နတ်ဘုရားတို့၏ရာထူးများနဲ့ ကြည်ညိုဖွယ် အဓိပတိအမတ ရှင်ဘာကို ပိုကြိုက်လဲ”

ငါ့ကို လာစမ်းသပ်နေတာပဲ!

ကုအန် အနှောင့်အသွားလွတ် ပြန်ဖြေလိုက်သည်။ “နှစ်အုပ်လုံးကို ကြိုက်ပါတယ် လူတစ်ယောက်အနေနဲ့ စာအုပ်တစ်အုပ်တည်းကိုကြိုက်ဖို့ မဖြစ်နိုင်ဘူးမဟုတ်လား စိတ်ခံစားချက်ပေါ်မူတည်ပြီး လူတွေက မတူကွဲပြားတဲ့စာအုပ်တွေကို ဖတ်ကြပါလိမ့်မယ်”

ထိုစကားကိုကြာသောအခါ ရှန်းကျန်မျက်လုံးများ အရောင်တောက်သွားခဲ့၏။

“တကယ်တော့ ကျွန်မလည်းစာအုပ်တစ်အုပ်ရေးထားပါတယ် ရှင်ကြည့်ချင်သလား” ရှန်းကျန် စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးများတဖြတ်ဖြတ်ခတ်ကာ မေးလိုက်သည်။

ကုအန်တွင်လည်းငြင်းစရာအကြောင်းရှိမနေပေ။

“ကျွန်တော်တစ်ချက်‌ေလာက် ကြည့်ရအောင် အပေါ်ထပ်မှာ သွားပြောကြမလား”

ရှန်းကျန်လည်း ခေါင်းညိတ်ပြလိုက်ပြီး ကုအန်နောက်မှနေ၍ အပေါ်ထပ်သို့ လိုက်လာခဲ့၏။

ယောင်္ကျားနှင့် မိန်းမနှစ်ယောက်တည်း အခန်းထဲတွင် ရှိနေရခြင်းမှာ နေရထိုင်ရခက်မည်စိုးသောကြောင့် ကုအန် တံခါးကိုဖွင့်ထားလိုသော်လည်း ရှန်းကျန်မှာတော့ အခန်းထဲရောက်သည်နှင့် တံခါးကို ပိတ်ခဲ့လေသည်။

စားပွဲတွင် ထိုင်ပြီးသောအခါ ရှန်းကျန် သူ့သိုလှောင်အိတ်ထဲမှ စာအုပ်တစ်အုပ်ကိုထုတ်ခဲ့၏။ ထို့နောက် သူမတွန့်ဆုတ်နေဟန်ဖြင့် မျက်ခုံးများ အနည်းငယ် တွန့်ကွေးနေခဲ့သည်။ တခဏကြာ တွေးပြီးသောအခါမှသာ သူ့လက်ထဲမှ စာအုပ်ကို ကုအန်လက်ထဲ ထည့်လိုက်၏။

ကုအန် စာအုပ်ကိုယူလိုက်ပြီး အဖုံးကိုမြင်လိုက်သည်နှင့် မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။

အနက်ရောင်သူရဲကောင်း ခရီးသွားမှတ်တမ်းလား!

All Chapters