← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အပိုင်း(၆၃)

တစ်သားတည်းဖြစ်ခြင်းအဆင့်သို့ ချိုးဖျက်ခြင်း

ချန်းရွှမ်ကျင်း ရင်ဘတ်ထဲသို့ ဓားချီပါသော သစ်ရွက်ထိုးဖောက်သွားသောအခါ သူ့ကိုယ်ထဲရှိ စိတ်ဝိညဉ်စွမ်းအားများ ပျောက်ဆုံးသွားပြီး သူ့မျက်လုံးများမှာ ကြောက်ရွံ့မှုကြောင့် ပြူးကျယ်သွားကာ သတ္တိများလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ရသည်။

သူချက်ချင်းပင် ကိုယ်ထဲမှ အခြေတည်စိတ်ဝိညဉ်ကိုထုတ်၍ မိုးကုတ်စက်ဝိုင်းဆီ ထွက်ပြေးသွားလေတော့၏။

တောအုပ်ထဲတွင် ကုအန် ထွက်ပြေးသွားသော ချန်းရွှမ်ကျင်း၏ အခြေတည်စိတ်ဝိညဉ်ကို ကြည့်သာကြည့်နေခဲ့လိုက်သည်။ ကုအန် သူ့အားမသတ်လိုပေ။ သူ့ကိုသတ်ဖြတ်ခြင်းသည် သက်တမ်း ဆယ်ဂဏန်းလောက်ရရုံသာဖြစ်ပြီး သူ့ကိုလွှတ်ပေးကာ သူ့နောက်မှပုဂ္ဂိုလ်ကို သတိပေးလိုက်ခြင်းက ပိုကောင်း၏။

အကယ်၍သူအခု ချန်းရွှမ်ကျင်းကို သတ်လိုက်လျှင်တောင် သူ့နေရာတွင် တစ်ယောက်ယောက်အစားထိုးခံလိုက်ရရုံသာဖြစ်ပြီး ဘာမှထူးလာမည်မဟုတ်ပေ။

တကယ်လို့ သူ့သတိပေးမှုက အလုပ်မဖြစ်ခဲ့ဘဲ ဆန်းကြယ်တောင်ကြားသည် ဆက်လက်ခြိမ်းခြောက်ခံနေရဦးမည်ဆိုလျှင်တော့ ထိုအခါ ကုအန် သူ့နယ်မြေကို ကိုယ်တိုင်သာ အုပ်ချုပ်ဖို့ ကြိုးစားရပေလိမ့်မည်။

ညဉ့်ကောင်းကင်အောက်တွင် ကုအန်အကြည့်များသည် အေးစက်နေခဲ့၏။ ထို့နောက် သူထွက်ခွာသွားကာ တောအုပ်ထဲတွင်ပျောက်ကွယ်သွားလေတော့သည်။

ကျိုးယိကျင်း မတ်တပ်ရပ်နိုင်ဖို့ကိုပင် အတော်လေး ကြိုးစားခဲ့ရပြီး နောက်ဆုံးတွင်တော့ ရပ်နိုင်သွားခဲ့သည်။ သူ့တစ်ကိုယ်လုံးမှာမူသွေးများ အညစ်အကြေးများနှင့် ပေကျံနေခဲ့၏။ သူ သူ့အားကူညီခဲ့သော စီနီယာကို အော်ခေါ်ခဲ့ပါသော်လည်း မည်သူမှထွက်မလာခဲ့ပေ။

ထို့ကြောင့်သူဘာမှမတတ်နိုင်တော့ဘဲ တင်ပလ္လင်ခွေပြန်ထိုင်၍သာ သူ့ဒဏ်ရာများကို ကုသခဲ့လေသည်။

တစ်နေရာတွင်

ကုအန် တိုက်ပွဲမြေပြင်မှ မိုင်၁၀၀၀ခန့်ဝေးသောနေရာရောက်မှ ရပ်ခဲ့၏။

ထို့‌ေနာက် သစ်တောထဲရှိ သစ်ပင်တစ်ပင်အောက်တွင်ထိုင်ကာ စနစ်ကို ဖွင့်ကြည့်ခဲ့လိုက်သည်။

သူ၏တစ်သိန်းကျော်နေပြီဖြစ်သော သက်တမ်းများအား ကြည့်နေရင်း ကုအန် သက်ပြင်းတစ်ချက်ချလိုက်မိ၏။

ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ကပ်ဘေး ကိုသူဘယ်နှစ်ကြိမ်အထိတောင် ကျရှုံးသွားမလဲ ကုအန်လည်းမသိခဲ့ပေ။

သို့သော် သူ့စိတ်ကို ပြင်ဆင်ထားပြီးဖြစ်ပြီး ဘယ်နှစ်ကြိမ် ကျရှုံးကျရှုံး ချိုးဖျက်နိုင်သည်အထိ ကြိုးစားသွားမည်ဟု ကုအန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။

မဟုတ်ပါက သူလုံခြုံသည်ဟု ခံစားရတော့မည် မဟုတ်ပေ။

အရင်ဆုံး သက်တမ်း ၁၀၀၀၀ ထည့်လိုက်ကြတာပေါ့!

[သင်သည် သင်၏ကျင့်ကြံခြင်းတွင် သက်တမ်း၁၀၀၀၀ ပေါင်းထည့်ခဲ့ပါသည်]

[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်၁၀၀ ကျင့်ကြံခဲ့ပြီး မူလသစ်သားယန်ကျင့်စဉ်တွင် အောင်မြင်မှုရရှိခဲ့ကာ တစ်သားတည်းဖြစ်ခြင်းအဆင့်သို့ ဖောက်ထွက်နိုင်ခဲ့ပြီး မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်နိုင်ခဲ့သော်လည်း ဒြပ်ငါးမျိုးနတ်မိုးကြိုးစမ်းသပ်ချက်တွင် ကျရှုံးခဲ့သည်]

[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်၄၀၀ ကျင့်ကြံခဲ့ပြီး မူလသစ်သားယန်ကျင့်စဉ်တွင် အောင်မြင်မှုရရှိခဲ့ကာ တစ်သားတည်းဖြစ်ခြင်းအဆင့်သို့ ဖောက်ထွက်နိုင်ခဲ့ပြီး မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်နိုင်ခဲ့သော်လည်း ဒြပ်ငါးမျိုးနတ်မိုးကြိုးစမ်းသပ်ချက်တွင် ကျရှုံးခဲ့သည်]

….

ထပ်ပြီး ကျရှုံးနေတုန်းပဲလား!

နှစ်သုံးရာကြာတိုင်း ကပ်ဘေးစမ်းသပ်ချက်ကို ဆင့်ခေါ်နိုင်တာပဲ!

အဓိပတိဂိုဏ်းသည် မိစ္ဆာသိုင်းများကျင့်၍ ကောင်းကင်ကံကြမ္မာကိုပြောင်းလဲဖို့ ကြိုးစားခြင်းမှာ အံ့ဩစရာတော့မဟုတ်ပေ။ ဤအဆင့်ကိုဖောက်ထွက်ရန်မှာ အတော်လေးခက်ခဲလှပေသည်။

ဆယ်ကြိမ်အထိဆက်တိုက်ကျရှုံးအပြီးမှာတော့ ကုအန် နှလုံးသားလေး အနည်းငယ်တုန်လှုပ်လာခဲ့ဧ။။်

တကယ်ကြီး ဒီလောက်တောင်ခက်တာလား!

သူသည် အဆုံးအစမဲ့ဆန်းကြယ်ကောင်းကင်ခြေလှမ်း ကြီးမြတ်သောယင်ယန်ပြောင်းလဲခြင်း တို့ကိုလေ့ကျင့်ထားကာ နတ်သိုင်းနှစ်မျိုးကိုတတ်မြောက်ပြီး ဖြစ်ပါသော်လည်း ထိုအဆင့်သည် ဘာ‌ေကြာင့် ဤမျှခက်ခဲနေရပါသနည်း။

ကုအန်သူရင်ဆိုင်နေရသော မိုးကြိုးကပ်ဘေးတွင် ဒြပ်ငါးမျိုးရှိနေသည်ကို သတိပြုမိသွားခဲ့သည်။ ဖြစ်နိုင်တာက သူရင်ဆိုင်နေရသော ကပ်ဘေးသည် အခြားသူများထက် အများကြီးပိုခက်ခဲနေခြင်း ဖြစ်နိုင်ပါသလော။

ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ရောက်သွားပြီးသည့်နောက် မိုးကြိုးကပ်ဘေးများသည် အမျိုးအစားအမျိုးမျိုးရှိသည်ဟု လီယသူ့အား ပြောခဲ့ဖူး၏။ ကျင့်ကြံသူတိုင်းသည် သူတို့၏ပါရမီ ကျင့်ကြံသည့်နည်းစနစ်ကိုလိုက်၍ မတူညီသော ကပ်ဘေးမျိုးကို ရင်ဆိုင်ကြရပေသည်။

ထိုအကြောင်းပြန်တွေးမိပြီး ကုအန်မျက်လုံးများ စူးရှသွားခဲ့၏။

ဘယ်လောက်ပင်ခက်နေပါစေ သူအောင်မြင်အောင်လုပ်ရပေလိမ့်မည်!

[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်၅၄၀၀ကျင့်ကြံခဲ့ပြီး မူလသစ်သားယန်ကျင့်စဉ်တွင် အောင်မြင်မှုရရှိခဲ့ကာ တစ်သားတည်းဖြစ်ခြင်းအဆင့်သို့ ဖောက်ထွက်နိုင်ခဲ့ပြီး မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်နိုင်ခဲ့သော်လည်း ဒြပ်ငါးမျိုးနတ်မိုးကြိုးစမ်းသပ်ချက်တွင် ကျရှုံးခဲ့သည်။

[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်၅၇၀၀ ကျင့်ကြံခဲ့ပြီး မူလသစ်သားယန်ကျင့်စဉ်တွင် အောင်မြင်မှုရရှိခဲ့ကာ တစ်သားတည်းဖြစ်ခြင်းအဆင့်သို့ ဖောက်ထွက်နိုင်ခဲ့ပြီး မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်နိုင်ခဲ့သော်လည်း ဒြပ်ငါးမျိုးနတ်မိုးကြိုးစမ်းသပ်ချက်တွင် ကျရှုံးခဲ့သည်။

……

ကျရှုံးသည်ဟူသော စာကြောင်းများ ကုအန်ရှေ့တွင် ဆက်တိုက်ပေါ်ပေါက်လာခဲ့၏။

ကုအန် စနစ်ကိုပြန်ကြည့်လိုက်ပြီး သူ့သက်တမ်းလေးများကို တွေ့လိုက်မှသာ အနည်းငယ်စိတ်သက်သာရာ ရသွားခဲ့သည်။

သူ့တွင် ယုံကြည်ချက်ရှိနေသေး၏။

သို့သော်လည်း သူသက်တမ်း ၁၀၀၀၀လုံး ကုန်သွားသည့်အချိန်အထိ မအောင်မြင်ခဲ့သေးပေ။

ထို့ကြောင့် ကုအန် ရင်နာနာနှင့်ပင် နောက်ထပ်သက်တမ်း ၁၂၀၀၀ထပ်ပေါင်းထည့်လိုက်သည်။

ကျရှုံး!

ကျရှုံး!

ကျရှုံး!

ကျရှုံး!

ကုအန်မျက်လုံးများ နီရဲသွားခဲ့ပြီး နောက်ထပ်သက်တမ်း ၁၂၀၀၀ ထပ်ပေါင်းထည့်လိုက်ပြန်သည်။

ကျရှုံး!

ကျရှုံး!

အောင်မြင်!

[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်၉၀၀ ကျင့်ကြံခဲ့ပြီး မူလသစ်သားယန်ကျင့်စဉ်တွင် အောင်မြင်မှုရရှိခဲ့ကာ တစ်သားတည်းဖြစ်ခြင်းအဆင့်သို့ ဖောက်ထွက်နိုင်ခဲ့ပြီး မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်နိုင်ခဲ့ကာ ဒြပ်ငါးမျိုးနတ်မိုးကြိုးစမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး တစ်သားတည်းဖြစ်ခြင်းအဆင့် ၁ သို့ရောက်ရှိသွားခဲ့သည်]

[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၁၂၀၀၀ ကျင့်ကြံခဲ့ပြီး သင်၏ကျင့်ကြံခြင်းအဆင့်တိုးတက်လာခဲ့သည်]

သူအောင်မြင်ခဲ့လေပြီ!

ကုအန် အခုမှသာ သက်ပြင်းချနိုင်သွား၏။ သက်တမ်းနောက်ထပ် ၂၄၀၀၀ ထပ်ပေါင်းထည့်အပြီးတွင်တော့ ကုအန် ချိုးဖျက်နိုင်ခဲ့လေပြီ။

သို့သော်ကုအန်ဖိအားတစ်ခုကိုတော့ ခံစားလိုက်ရ၏။

တစ်သားတည်းဖြစ်ခြင်းအဆင့်ပင် ထိုမျှခက်ခဲနေလျှင်နောက်အဆင့်များသည် မည်သို့ဖြစ်နေမည်နည်း။

သို့သော် တခဏတွေးအပြီးတွင်တော့ ကုအန် စိတ်အေးသွားခဲ့သည်။

သူသုံးစွဲရသည်မှာ လက်တွေ့ဘ၀က သက်တမ်းများမဟုတ်ဘဲ ကိန်းဂဏန်းများသက်သက်သာ မဟုတ်ပါလား။

ကုအန် စိတ်ကိုပြင်ဆင်လိုက်ပြီး သက်တမ်းအလွှာကို ဖွင့်ကာ ကျင့်ကြံခြင်းအဆင့်တက်ရန် ပြင်လိုက်၏။

မြေပြင်တွင် စိတ်ဝိညဉ်စွမ်းအင်များသည် မြင်နိုင်သည့်အလျင်နှင့်ပင် တဖြည်းဖြည်း စီးဆင်းလာခဲ့ကြသည်။ အသက်သုံးရှိုက်ခန့်ကြာသောအခါ သစ်သားစိတ်ဝိညဉ်စွမ်းအင်ကြောင့်ဖြစ်သော အစိမ်းရောင်စိတ်ဝိညဉ်လှိုင်းများပင် မြေပြင်ပေါ်တွင် ထွက်ပေါ်လာခဲ့၏။

စိတ်ဝိညဉ်စွမ်းအင်များသည် ကုအန်ကိုယ်ထဲသို့ မုန်တိုင်းတိုက်သလို တိုး၀င်လာခဲ့ကြလေပြီ!

ဒီဖြစ်စဉ်က ပိုပို ကြီးမားလာတာပဲ!

ယခုတစ်ခါ ဖြစ်ရပ်သည် သူအရင်ကြုံဖူးသမျှထက် ကြီးမားနေသည်ဟု ကုအန်ခံစားခဲ့ရသည်။ အဆင့်တစ်ဆင့်ချိုးဖျက်ခြင်းသာဖြစ်သော်လည်း ယခုအဆင့်အတွက် စိတ်ဝိညဉ်စွမ်းအင်လိုအပ်ချက်မှာ အရင်အဆင့်များနှင့် ယှဉ်လို့ပင် မရနိုင်ပေ။

စိတ်ဝိညဉ်စွမ်းအင်များ ကုအန်ကိုယ်ထဲတိုး၀င်လာသည်နှင့်အမျှ သူ့ကျင့်ကြံခြင်းလည်း စတင်တိုးတက်လာခဲ့ပြီး တစ်သားတည်းဖြစ်ခြင်းအဆင့်သို့ရောက်ရန် ကိုယ်တိုင်ကျင့်ကြံခဲ့ရသလိုပင် အတွေ့အကြုံများ သူ့စိတ်ထဲစီး၀င်လာခဲ့သည်။

…

အပြင်စည်းမြို့တွင်

စံအိမ်တစ်လုံးထဲတွင် ချန်းရွှမ်ကျင်း၏ အခြေတည်စိတ်ဝိညဉ်သည် ခုံတစ်လုံးရှေ့တွင်လွင့်မျောနေပြီး ခုံပေါ်ရှိ ရှေးဟောင်းကြေးမှန်တစ်ချပ်အား စိုက်ကြည့်နေခဲ့၏။

ထိုစဉ်ရုတ်တရက် မှုန်ဝါးနေသော မျက်နှာတစ်ခုမှန်ပြင်တွင် ပေါ်ပေါက်လာခဲ့ပြီး အသံတစ်သံထွက်ပေါ်လာခဲ့လေသည်။

“ငါ့ကိုဒီအချိန်ကြီးခေါ်ရလောက်အောင် ဘာကိစ္စလဲ”

“ကျွန်တော် သစ်ရွက်ပျံဓားအင်မော်တယ်သတ်တာ ခံရတော့မလို့ နောက်ပြီး ကျိုးယိကျင်း..သူကကျွန်တော်တို့ မဟာအစီအစဉ်ကြီးကို ရှုပ်ထွေးအောင်လုပ်ဖို့ကြံနေတယ်” ချန်းရွှမ်ကျင်း အံကြိတ်ကာ အနည်းငယ်ကြောက်ရွံ့နေဟန်ဖြင့် ပြောလိုက်သည်။

သစ်ရွက်ပျံ သူ့အသားထဲဖောက်၀င်လာစဉ်က ချန်းရွှမ်ကျင်း သေခြင်းတရားနှင့်ရင်ဆိုင်ရပြီဟု ခံစားမိခဲ့ရပြီး ယခုထိပင် ထိုအကြောက်တရားမှာ မပြေသေးပေ။

သူသာအနည်းငယ်နှေးသွားပါက သူလုံး၀ သုတ်သင်ခံလိုက်ရမည်ဟု ခံစားနေခဲ့ရသည်။

သူ့စကားကိုကြာသောအခါ မှန်ထဲမှလူ တိတ်ဆိတ်သွားခဲ့၏။

ချန်းရွှမ်ကျင်းလည်း သူ့ကိုမနှောင့်ယှက်တော့ဘဲ ငြိမ်ငြိမ်လေးသာ စောင့်နေလိုက်သည်။

တစ်ခဏကြာသောအခါ ချနး်ရွှမ်ကျင်းတစ်ခုခုကိုအာရုံခံမိသွားပြီး သူ့အမူအရာ ချက်ချင်းပျက်ယွင်းသွားခဲ့သည်။

“စိတ်ဝိညဉ်စွမ်းအင်တွေ မြေကြီးထဲနစ်၀င်နေပြန်ပြီ” သူတံခါးကိုကြည့်နေရင်း သစ်ရွက်ပျံဓားအင်မော်တယ် အချိန်မရွေးရောက်လာမှာ ကြောက်နေဟန်ဖြင့် တွန့်ဆုတ်စွာ ပြောလိုက်၏။

“မနက်ဖြန် ငါကိုယ်တိုင်အပြင်စည်းဂိုဏ်းကိုလာခဲ့မယ်” မှန်ထဲမှလူ၏ပုံရိပ်သည် ထိုစကားပြောကာ ပျောက်ကွယ်သွားခဲ့သည်။

ချန်းရွှမ်ကျင်းမှာတော့ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကိုသာ ဆက်ကြည့်နေခဲ့။။် ကောင်းကင်ယံတွင် တိမ်မည်းများ တဖြည်းဖြည်းဖုံးအုပ်လာပြီး ကြောက်စရာနိမိတ်ဆိုးဖြစ်ရပ်ကြီးတစ်ခု ချဉ်းကပ်လာသလိုပင်ဖြစ်ကာ ချန်းရွှမ်ကျင်းနှလုံးသားထဲ အကြောက်တရားများ ကြီးစိုးနေလေတော့သည်။

ထိုအဖြစ်အပျက်ကိုသတိထားလိုက်မိသူမှာ သူတစ်ယောက်တည်း မဟုတ်ပေ။ အခြားအပြင်စည်းဂိုဏ်းသားများလည်း သတိထားမိသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် အပြင်စညး်ဂိုဏ်း ကောင်းကင်ဆီသို့ တက်လာခဲ့ကြ၏။

လတ်တလောတွင် မိစ္ဆာကျင့်ကြံသူများ သောင်းကျန်းနေကြပြီး ဂိုဏ်းတပည့်များ မကြာခဏပျောက်ဆုံးနေချိန် ဖြစ်ပေသည်။ ဤသို့သောအချိန်မျိုးတွင် ယခုလိုဖြစ်ရပ် ဖြစ်ပွားလာလေ‌ရာ မည်သူက မကြောက်ဘဲနေမည်နည်း။

ရီလန် ဥပဒေရေးရာခန်းမမှ ဓားပျံကိုစီး၍ ပျံသန်းလာချိန်တွင် လမ်း၌ လုကျိကျားနှင့် တွေ့သွားခဲ့၏။ ထိုအခါ နှစ်ယောက်စလုံး ဓားပျံကို ရပ်တန့်လိုက်ကြသည်။

လုကျိကျားအမူအရာသည် တင်းမာနေခဲ့ပြီး ရီလန်ကိုတွေ့သောအခါတွင်မူ တွန့်ဆုတ်ဆုတ်ဖြင့် နှုတ်ဆက်လိုက်၏။

ရီလန် အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။ “ဒါနင်တို့ လက်ချက်ပဲလား”

လုကျိကျား ခေါင်းခါလိုက်ကာ “မဟုတ်ဘူး မိစ္ဆာသုတ်သင်ခန်မက ဂိုဏ်းတပည့်တွေကိုလည်း တပ်လှန့်ထားပြီးပြီ ဒီတစ်ခါက တကယ့်မိစ္ဆာကျူးကျော်မှု ဖြစ်နိုင်တယ်”

“တကယ့်မိစ္ဆာကျူးကျော်မှုတဲ့လား” ရီလန်‌ ထေ့ငေါ့ဟန်ဖြင့် ပြောလိုက်သည်။

လုကျိကျား မျက်မှောင်ကြုံ့သွားခဲ့၏။

ရီလန်ဆက်ပြောလိုက်သည်။ “စီနီယာအစ်ကိုလု အစ်ကိုလျှောက်နေတဲ့လမ်းကြောင်းက တကယ်ပဲမှန်တယ်လို့ ထင်နေတာလား သူတို့က အခြားတပည့်တွေအပေါ်မှာတောင် ဒီလောက်ရက်စက်နိုင်နေရင် တစ်နေ့အစ်ကိုတို့အပေါ်ရော ရက်စက်မလာနိုင်ဘူးလို့ တကယ်ထင်လား”

လုကျိကျား ဒေါသတကြီး ပြန်ခံပက်လိုက်၏။ “ငါက ဒီလမ်းကိုမလျှောက်ရင် ဘယ်လမ်းကိုလျှောက်ရမှာလဲ နင့်နောက်ကိုလိုက်ပြီး ဘယ်အချိန်ပျက်ဆီးမယ်မှန်းမသိတဲ့ ဥပဒေရေးရာခန်းမကို ၀င်ရမှာလား”

သူတို့နှစ်ယောက်လုံး တိတ်ဆိတ်သွားခဲ့ကာ တစ်ယောက်ကိုတစ်ယောက်ကြည့်နေပြီး အကြည့်များဖြင့် တိုက်ခိုက်နေခဲ့ကြသည်။

နောက်ဆုံးတွင်တော့ နှစ်ယောက်စလုံး အကြည့်လွှဲကာ ကိုယ့်လမ်းကိုယ်သာ ဆက်သွားခဲ့ကြ၏။

…..

ညဉ့်ကောင်းကင်သည် တုန်ခါနေကာ အလွန်ကြီးမားသော လေပွေလှိုင်းများ ပေါ်ထွက်လာပြီး သူ့အောက်ရှိ တောအုပ်သည် ရေလှိုင်းများ အဆက်မပြတ်အရိုက်ခတ်ခံနေရသလိုပင် တုန်ခါနေခဲ့သည်။

တောအုပ်ထဲရှိ တစ်နေရာတွင်တော့ ကုအန် ကိုဘယ်သူမှသတိမထားမိခဲ့ပေ။ ကုအန်ဆက်၍ တရားထိုင်နေခဲ့၏။

အချိန်တစ်နာရီကြာသွားချိန်အထိပင် သူ့ကျင့်ကြံမှာ ဆက်လက်တိုးတက်နေဆဲဖြစ်ပြီး တစ်သားတည်းဖြစ်ခြင်းအဆင့်သို့ပင် မရောက်နိုင်ခဲ့သေးပေ။

တစ်သားတည်းဖြစ်ခြင်းအဆင့်အတွက် စိတ်ဝိညဉ်စွမ်းအင်လိုအပ်ချက်မှာ သူထင်ထားတာထက်ပင် ပို၍ များနေသေးသည်။

ထိုသို့သောအဆင့်မျိုး၏ မိုးကြိုးကပ်ဘေးဆိုလျှင် မည်မျှကြောက်စရာကောင်းနေမည်နည်း။

ကုအန် သူမိုးကြိုးကပ်ဘေးအား အကြိမ်များစွာကျရှုံးခဲ့ရခြင်းသည် အကြောင်းပြချက်မဲ့ကျရှူံးခဲ့ရခြင်းမဟုတ်ဟု ခံစားလိုက်ရ၏။ အပြင်လောကတွင်ဆိုလျှင် ထိုသို့သော မိုးကြိုးကပ်ဘေးတစ်ခုကပင် ကျရှုံးပါက သူ့အသက်ကို နှုတ်ပစ်သွားနိုင်ပေသည်။

ကုအန်စိတ်ဝိညဉ်စွမ်းအားများကို အငမ်းမရ ဆက်လက်စုပ်ယူနေခဲ့ပြီး သူ့အမူအရာမှာတော့ တည်ငြိမ်နေခဲ့၏။

တကယ်လို့ တစ်သားတည်းဖြစ်ခြင်းအဆင့်မှာပင် ထိုမျှစိတ်ဝိညဉ်စွမ်းအင်လိုအပ်လျှင် တကယ့်အမတများသည် မည်မျှပင် စွမ်းအားကြီးနေလိုက်မည်နည်း။

ကုအန် စိတ်ကူးယဉ်လောကထဲ၌ နစ်မြုပ်သွားလေတော့သည်။

ကမ္ဘာမြေပြင်မှ စိတ်ဝိညဉ်စွမ်းအင်များသည် သူ့ဆီတိုး၀င်နေခဲ့ပြီး မြေပြင်မှ ထွက်ပေါ်လာသော အစိမ်းရောင်ချီများကြောင့် ကုအန် သမုဒ္ဒရာအလယ်တွင် ရောက်နေရသလိုပင် ခံစားနေခဲ့ရသည်။

သက်တမ်းအလွှာအပြင်ဘက်တွင်မူ သစ်တောသည်ယမ်းခါနေခဲ့ပြီး ကျင့်ကြံသူအများအပြား ထွက်လာကြသော်လည်း မည်သူမှ ကုအန်ကို သတိမထားမိခဲ့ကြပေ။

သူ့ကြောင့်ဖြစ်ပေါ်သွားသော ဂယက်သည်ထိုမျှသာ မဟုတ်ပေ။ အဓိပတိဂိုဏ်းတစ်ခုလုံး ထိုဂယက်ကိုခံစားနေရခြင်းဖြစ်ပြီး အပြင်စည်းမြို့အပြင်ဘက်ရှိ သစ်တောတစ်ခုလုံး ယမ်းခါနေခြင်းမှာ အပြင်စည်းဂိုဏ်းတစ်ခုလုံးကို

သတိပေးလိုက်သလိုဖြစ်ကာ မလွယ်ကူဘူးဟု ခံစားသွားရစေ၏။

ထိုအတွေ့အကြုံကို ခံစားဖူးသော ကုအန်မှာတော့ နည်းနည်းလေးမှ ကြောက်မနေတော့ပေ။ မကြောက်သည့်အပြင် သူကစားပင် ကစားချင်နေသေးသည်။

မိစ္ဆာသိုင်းတွေကျင့်ချင်ပြီး အပြင်စည်းဂိုဏ်းသားတွေကို စတေးချင်တယ်ပေါ့ မင်းတို့အခုတော့ ဘယ်လောက် ကြောက်နေမလဲကြည့်ရသေးတာပေါ့!

အပြင်စည်းဂိုဏ်းသားများအား စတေးမည့် အကြံအစည်ကို ကုအန်လုံး၀ သဘောမကျခဲ့ပေ။ ထိုအရာမှာ သူ့တွင်မြင့်မြတ်သောနှလုံးသားရှိ၍ မဟုတ်ဘဲ စတေးခံရမည့်သူများကြားထဲတွင် သူလည်းပါနေ၍သာ ဖြစ်ပေသည်။

အချိန်များဆက်လက်ကုန်ဆုံးသွားခဲ့သည်။

ကျင့်ကြံသူများတစ်ယောက်ပြီးတစ်ယောက် သူ့ပေါ်မှဖြတ်ပျံသွားသော်လည်း သက်တမ်းအလွှာကြောင့် ဘယ်သူမှသတိမထားမိခဲ့ကြပေ။

နတ်အသွင်ပြောင်းခြင်းအဆင့် ဆယ်ယောက်ကျော်ထိုနေရာမှ ဖြတ်ပျံသွားပြီးဖြစ်ပြီး ကုအန် သူတို့ထဲတွင် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ကိုပင် မြင်လိုက်ရသေးသည်။

အဓိပတိဂိုဏ်းစည် အမှန်တကယ်ပင် ခွေနေတဲ့နဂါးတွေ ၀ပ်နေတဲ့ကျားတွေ ပြည့်နှက်နေသော နေရာသာ။

သူမြင်နေရသော ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူများ တဖြည်းဖြည်းတိုးလာခဲ့ပြီး ထိုထဲတွင် ကုကျုံးကိုပင် ကုအန်တွေ့ခဲ့ရသေး၏။

ကင်းလှည့်နေသော ကုကျုံး၏ အရှိန်အဝါသည် ကုအန်မြင်‌ဖူးနေကျ နူးညံ့သိမ်မွေ့သော ကုကျုံးအရှိန်အဝါမျိုး မဟုတ်ဘဲ အတော်လေး ကြောက်စရာကောင်းလှသည်။ သူ၏အရှိန်အဝါကြောင့် တောထဲရှိ သားရဲများပင် တုန်ခါနေခဲ့ကြ၏။

ညသည် ဆက်လက်ကုန်ဆုံးနေခဲ့သည်။

နောက်နာရီ၀က်ခန့်ကြာသောအခါ ကုအန် တစ်သားတည်းဖြစ်ခြင်းအဆင့်သို့ရောက်ရှိသွားခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး စတင်ပြောင်းလဲလာခဲ့၏။

သူ့ခန္ဓာကိုယ်နှင့် မူလဝိညဉ်ကြားပေါင်းစပ်မှုသည် ပိုမိုအားကောင်းလာခဲ့ပြီး မူလဝိညဉ်ထုတ်ရသည့် လုပ်ငန်းစဉ်သည် ပိုမိုလွယ်ကူလာသလိုခံစားလိုက်ရကာ သူ၏ ခန္ဓာကိုယ်ရော မူလဝိညဉ်ကိုပါ ထိန်းချုပ်နိုင်စွမ်းသည် အရင်ထက် အများကြီးတိုးတက်သ‌ွားခဲ့သည်။

ထိုခံစားချက်သည် ဖော်ပြ၍မရလောက်အောင်ပင် အတော်လေး အံ့ဩစရာကောင်းလှ၏။

တစ်သားတည်းဖြစ်ခြင်းအဆင့်သို့ ရောက်ရှိပြီးသည့်နောက် ကုအန်စိတ်ဝိညဉ်စွမ်းအားများလည်း ပိုမိုသန်မာလာကာ ပိုလည်းပေါများလာခဲ့သည်။

သူ၏ နတ်အာရုံသည်လည်း အများကြီးပိုကျယ်ပြန့်လာခဲ့၏။ သို့သော်သူ့အနားမှဖြတ်သွားသော ကျင့်ကြံသူကြီးများ သတိထားမိသွားမည်စိုးသောကြောင့် ကုအန် မစမ်းရဲသေးပေ။

ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ အရေအတွက်သည် ၁၀ယောက်ကိုပင် ကျော်လွန်သွားခဲ့သည်။

ကုအန် ကျိမိသားစုမှ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ကျင့်ကြံသူကိုလည်း မြင်ခဲ့ရပြီး ကျိမိသားစုသည် ဘာကြောင့် အဓိပဓိဂိုဏ်းထဲတွင် အိမ်တော်လာဆောက်ရဲလဲ ဟူသည့်အကြောင်းပြချက်ကို သိသွားခဲ့၏။

တစ်ခဏကြာပြီးသည့်နောက် ကုအန်၏ စိတ်ဝိညဉ်စွမ်းအား စုပ်ယူမှု အရှိန်လျော့လာခဲ့သည်။

ဤအရာသည် သူ့ချိုးဖျက်မှုပြီးဆုံးတော့မည်ဟူသည့် အချက်ပြမှုပင်။

ကုအန် နှလုံးသားလည်း တဖြည်းဖြည်းပြန်လည် တညငြိမ်လာခဲ့၏။

သက်တမ်းအလွှာကုန်ကျမှုသည် သက်တမ်း ၁၀၀၀ကိုပင် ကျော်သွားခဲ့သော်လည်း ကုအန်ထိုအရာကြောင့် စိတ်ညစ်မသွားခဲ့ပေ။ သက်တမ်းအလွှာသည် သူ့အား ကြီးမြတ်သော ကျင့်ကြံသူ တစ်ရာကျော်လက်ထဲမှ ကာကွယ်ပေးခဲ့သည် မဟုတ်ပါလား။

ကုအန် စိတ်ဝိညဥ်အ‌ေခြတည်အဆင့်မှစ၍ အထက်အဆင့် ကျင့်ကြံသူများကို ကြီးမြတ်သောကျင့်ကြံသူဟု သတ်မှတ်ထားခြင်း ဖြစ်သည်။

ထိုအရာသည် အရပ်မျက်နှာတစ်ခုတည်းမှလာသည့် ကြီးမြတ်သောကျင့်ကြံသူများသာ ဖြစ်ပြီး အခြားအရပ်မျက်နှာခုနှစ်ခုနှင့် မြို့များမှသာ အကုန်ရောက်လာပါက မည်မျှပင် များသွားလောက်မည်နည်း။

ကုအန်စိတ်အေးသွားရသည့် တစ်ခုတည်းသောအရာမှာတော့ တစ်သားတည်းဖြစ်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကိုမှ သူမတွေ့ခဲ့ရခြင်း ဖြစ်ပေသည်။

အဓိပတိဂိုဏ်းထဲတွင် တစ်သားတည်းဖြစ်ခြင်းအဆင့် ကျင့်ကြံသူမရှိသည်မှာ မဖြစ်နိုင်သော်လည်း သေချာသည်မှာ ထိုသို့သော ကျင့်ကြံသူများသည် ဂိုဏ်း၏အထွတ်အထိပ်တွင် ရပ်တည်နေကြသူများ ဖြစ်လောက်၏။

အပိုင်း(၆၄)

ကောင်းကင်ပြုပြင်စင်မြင့်၊ ဆန်းကြယ်သော ၀င်္ကပါ

မနက်ခင်း၏ နေအလင်းရောင်သည် ကမ္ဘာမြေပေါ်ရှိ တောင်တန်းများ မြစ်ပြင်များအပေါ် ဖြန့်ကျက်ခဲ့လေပြီ။ ထိုအချိန်ထိ အပြင်စည်းမြို့ထဲတွင် တပည့်များ သွားလာလှုပ်ရှားနေခဲ့ကြကာ အလုပ်ရှုပ်နေခဲ့ကြသည်။

စံအိမ်တစ်ခုအတွင်း၌

ချန်းရွှမ်ကျင်း၏ အခြေတည်စိတ်ဝိညဉ်သည် ခန်းမတစ်ခုအတွင်းတွင် ဦးညွတ်၍ သူ့ကိုယ်မှာတောင့်တင်းနေခဲ့၏။

သူ့ရှေ့ရှိ ခုံပေါ်တွင်မူ အနက်ရောင်နဂါးချည်ထိုး၀တ်စုံကို ၀တ်ဆင်ထားသော လူတစ်ယောက်ထိုင်နေပြီး သူ၏မျက်နှာမှာ ငယ်ရွယ်ကာချောမောသော်လည်း သူ၏မျက်ခုံးမျက်လုံးများသည် အာဏာရှိသော လူတစ်ယောက်၏ အသွင်အပြင်ကို အပြည့်အ၀ ပုံဖော်ပေးနေခဲ့သည်။ သူ၏ ဆံပင်ရှည်များကိုမူ ချီလင်ရုပ်ပုံပါ ငွေရောင်သရဖူအောက်တွင် ရစ်ခွေထားပြီး ထိုနေရာတွင် ထိုင်နေရုံဖြင့် သူ့ကိုယ်မှ နှိုင်းတုမရသော အရှိန်အဝါများ ဖြာထွက်နေသလိုပင် ဖြစ်နေခဲ့၏။

“မင်းအစ်ကိုကို ရွက်ဝါတစ်ထောင်မျှော်စင်ကမိစ္ဆာကျင့်ကြံသူက သတ်သွားတယ် အခုမင်းကလည်း သစ်ရွက်ပျံဓားအင်မော်တယ်ကြောင့် အပြင်းအထန်ဒဏ်ရာရခဲ့တယ် ငါ့ကိုပြောစမ်းပါ ကျိုးယိကျင်းရဲ့ ဆရာက ရွက်ဝါတစ်ထောင်မျှော်စင်နဲ့ အဆက်အသွယ်ရှိနေတာ ဖြစ်နိုင်လား” ၀တ်ရုံနက်၀တ်ဆင်ထားသောလူ ဖြည်းဖြည်းချင်း မေးလိုက်သည်။

သူ့လေသံမှာ ပုံမှန်အတိုင်းသာရှိနေပြီး ဘာမှအရေးမကြီးသော ကိစ္စတစ်ခုကို ပြောနေသလိုပင်။

ချန်းရွှမ်ကျင်း အမြန်ခေါင်းမော့လိုက်ပြီး ဖြေလိုက်သည်။

“ကျွန်တော်တို့ ဒီဖြစ်နုိင်‌ေချကိုလည်း ထည့်မတွက်လို့တော့မရဘူး ရွက်ဝါတစ်ထောင်‌ေမျှာ်စင်က ဂိုဏ်းထဲမှာ သူလျှိုတွေအများကြီးထည့်ထားတယ်ဆိုတာက လူတိုင်းသိတဲ့ လျှို့ဝှက်ချက်ပဲ အရင်ကလည်း ဂိုဏ်းရဲ့အဆင့်မြင့်ပိုင်းထဲမှာကို သူလျှိုတွေရှိနေတယ်လို့ ဆရာပြောခဲ့ဖူးတယ်လေ အခုသူတို့က ကိုယ်ထင်မပြသေးရုံဘဲ မဟုတ်လား”

ယခုအခါ ကျိုးယိကျင်းကို ထိပါးခြင်းက သူ့ဆီအဆုံးမဲ့သော ပြဿနာများရောက်လာနိုင်သော်လည်း သူသာ ကျိုးယိကျင်း၏နောက်ခံကို ကြောက်စရာမလိုတော့လျှင်တော့ ကျိုးယိကျင်းကိုလည်း ထပ်ပြီးကြောက်နေစရာမလိုတော့ပေ။

၀တ်ရုံနက်လူ၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ့အကြည့်သည် သူ့ရှေ့တွင် ခေါင်းငုံ့နေသော ချန်းရွှမ်ကျင်းဆီ ရောက်သွားခဲ့၏။

ခန်းမသည် နောက်တစ်ကြိမ်ပြန်လည် တိတ်ဆိတ်သွားခဲ့ပြန်သည်။

တခဏကြာပြီးနောက်

၀တ်ရုံနက်နှင့်လူ ကြောက်စရာအသံကြီးဖြင့် ပြောလိုက်၏။ “၀င်္ကပါကို ပြင်ဆင်ထားတော့ လက်ရှိမိစ္ဆာကျင့်ကြံသူတွေကြောင့် ဖြစ်နေတဲ့ ကမောက်ကမဖြစ်ရပ်တွေကို ဖြေရှင်းပြီးသွားရင် အားလုံးကို ရွက်ဝါတစ်ထောင်မျှော်စင်‌အပေါ်လွှဲချလို့ရပြီ”

ချန်းရွှမ်ကျင်း အမြန်ပြန်ပြောလိုက်သည်။ “ဒါပေမယ့် လက်ရှိကျွန်တော့်အခြေအနေနဲ့ကျ ကြောက်မိတာက….”

“ဒီတစ်ကြိမ် ငါ့ဖာသာလုပ်လိုက်မယ်”

“ဘယ်လို မဖြစ်နိုင်ဘူးလေ ဒီကိစ္စက အောင်မြင်လားမအောင်မြင်ဘူးလား ဆုံးဖြတ်နိုင်သေးတာမှမဟုတ်တာ နောက်ပြီး တာအိုဂိုဏ်းကလည်း ကျွန်တော်တို့ကို စောင့်နေတယ်မဟုတ်လား”

“ဘယ်အရာကမှ အတိအကျကြီး အောင်မြင်မယ်လို့ မသေချာပါဘူး အမတလမ်းစဉ်ဆိုတာ ဆူးခင်းလမ်းကိုဖြတ်ရတာပဲ ငါတို့ဒါကိုစီစဉ်လာတာ ရာစုနှစ်တစ်ခုစာလောက်ရှိပြီ အဲ့ဒီအမှောင်ထဲကကောင်တွေကို ငါတို့အစီအစဉ်ကိုဖျက်ဆီးခွင့်မပေးနိုင်ဘူး ငါ့ကိုဖျောင်းဖြဖို့ မကြိုးစားနဲ့တော့”

ထိုစကားကိုကြားသောအခါ ချန်းရွှမ်ကျင်း သူ့စိုးရိမ်နေမှုများကိုဖုံးကွယ်ထား၍ သဘောတူလိုက်ရ‌ံုမှလွဲ၍ ဘာမှမတတ်နိုင်တော့ပေ။

ဆန်းကြယ်တောင်ကြားတွင်

ကုအန် သူ့တပည့်များနှင့်အတူ အကြောလျှော့လေ့ကျင့်ခန်း ကစားနေခဲ့၏။ မနေ့ညက ဖြစ်ရပ်ကြီးသည်တပည့်များကို ကြောက်လန့်သွားစေခဲ့ပြီး ယခုအခါ သူတို့သည်အဖွဲ့လေးများခွဲ၍ ထိုအကြောင်းကို ဆွေးနွေးနေခဲ့ကြသည်။

ထန်ယုမေးလိုက်၏။ “ဆရာ ဘာလို့အစောကြီးပြန်လာတာလဲ”

အခြားသူများလည်း ကုအန်အား ကြည့်လိုက်ကြသည်။

ကုအန် ဖြေလိုက်၏။ “မင်းမနေ့ညက အဖြစ်အပျက်ကိုမသိလိုက်ဘူးလား မင်းတို့တစ်ခုခုဖြစ်သွားမှာကြောက်လို့ အမြန်ပြန်လာခဲ့တာပေါ့ကွ”

ထိုစကားကိုကြားသောအခါ တပည့်များအားလုံးရှက်ရွံ့သွားခဲ့ကြသည်။ သူတို့သည် အားနည်းလွန်းပြီး သူတို့ကြောင့် သူတို့ဆရာ၀န်ထုပ်၀န်ပိုးဖြစ်နေရသည်ဟူ၍လည်း ခံစားလိုက်ကြရ၏။

ရှောင်ချွမ် စိုးရိမ်နေဟန်ဖြင့် ထုတ်ပြောလိုက်သည်။ “စီနီယာအစ်ကိုကြီး အစ်ကိုကြီးဘာလို့ အတွင်းစည်းဂိုဏ်းထဲက ဆေးတောင်ကြားကိုမသွားတာလဲ ကျွန်တော်တို့တောင်ကြားကိုဖျက်သိမ်းလိုက်ရင်လည်း အဆင်ပြေပါတယ် ကျွန်တော်တို့က အပြင်စည်းဂိုဏ်းထဲမှာ ရှာဖွေနေလို့ရတယ် အဲ့ဒီလိုဆို အစ်ကိုကြီးဘေးကင်းတာပေါ့”

ရှောင်ချွမ်သေမှာကို မကြောက်ပေ။ သူစိုးရိမ်နေသည်မှာ သူတို့ကြောင့် ကုအန်၀န်ထုပ်၀န်ပိုးဖြစ်နေမှာကိုသာ။

ကုအန်သည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ့တွင် သူတို့နှင့်ယှဉ်၍မရသော အနာဂတ်ရှိပေသည်။ သူတို့ ကုအန်ကို အဘယ်ကြောင့် ဆွဲထားရက်မည်နည်း။

ကုအန်ပြောလိုက်၏။ “မင်းတို့အပြင်စည်းမြို့ကိုသွားချင်တယ်ဆိုလည်း အစ်ကိုကြီးကသွားခွင့်ပြုမှာပါ ဒါပေမယ့် သိထားရမှာက အပြင်စည်းမြို့ကလည်း ဆန်းကြယ်တောင်ကြားထက် လုံး၀ကြီး လုံခြုံနေတယ်မဟုတ်ဘူးဆိုတာပဲ အဲ့ဒီမှာလည်းနေ့တိုင်း လူတွေပျောက်နေကြတယ် အစ်ကိုကြီးမင်းတို့ကို ခြောက်လှန့်နေတာမဟုတ်ဘူးနော် မင်းတို့ဘာကိုပဲရွေးချယ်ရွေးချယ် အစ်ကိုကြီးကလက်ခံမှာပါ ဘယ်ကိုပဲသွားသွား ဆန်းကြယ်တောင်ကြားနဲ့ မင်းတို့ကြား ချိတ်ဆက်မှုက အမြဲရှိနေမှာပဲ”

ထိုစကားများသည် ကုအန်၏ နှလုံးသားထဲမှလာသော စိတ်ရင်းများသာ ဖြစ်ပေသည်။

ကုအန် လောကကြီးတွင် နေသင့်သလောက်နေပြီးပြီဖြစ်ပြီး ခွဲခွာခြင်းများ သေခြင်းများကိုလည်း ကြုံခဲ့ဖူးပြီး ဖြစ်၏။ ထို့ကြောင့် အခြားသူများ၏ ကံကြမ္မာကို သူအတင်းကြီး၀င်ရောက်စွက်ဖက်နေမည် မဟုတ်ပေ။

ကုအန်စကားကိုကြားသောအခါ တပည့်များတိတ်ဆိတ်သွားခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လုိက်ကြသည်။

ဝူရှင်းတစ်ခုခုကိုပြောရန် တွန့်ဆုတ်နေပုံရပြီး နောက်ဆုံးတွင်တော့ ထုတ်မပြောဖို့သာ ရွေးချယ်ခဲ့လိုက်၏။

“ထွက်သွားမယ် ဘာကိုထွက်သွားမှာလဲ ငါတို့လိုအစေခံတပည့်လေးတွေအနေနဲ့ အခြားဘယ်ကိုပဲသွားသွား ဆရာ့ဆီကလို ဆေးဝါးတွေရနိုင်မှာတဲ့လား တကယ်ဆိုဆန်းကြယ်တောင်ကြားက တပည့်အများကြီးမလိုပါဘူး ဒါပေမယ့်ဆရာက ငါတို့ကို ဘာထောက်ပံ့မှုမှ မလျှော့ဘဲ ခေါ်ထားခဲ့တာပဲလေ ငါတို့ကျေးဇူးကန်းလို့ မဖြစ်ဘူး”

ထန်ယု အရင်ဆုံးထွက်ပြောလိုက်လေသည်။ သူ့ဘ၀၏ အကြီးမားဆုံးနောင်တမှာ ချူချင်းလီ ကိစ္စတွင် စုဟန်ကဲ့သို့ ရှေ့ဆုံးတွင် မားမားမတ်မတ်ထွက်မရပ်နိုင်ခဲ့ခြင်း ဖြစ်ပြီး ယခုတွင်တော့ သူထိုသို့ အဖြစ်ခံတော့မည် မဟုတ်ပေ။

အရင်က စုဟန်သည် သူ့ဦးဆောင်မှုနောက်မှလိုက်ခဲ့ခြင်းဖြစ်သော်လည်း အခုတွင်တော့ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ပင် ရောက်ရှိသွားခဲ့သည်။ သူ့မှာတော့ ထိုအဆင့်သို့ ရောက်နိုင်မရောက်နိုင်ပင် မသေချာသေးပေ။ သူတို့ကြား ကွာဟမှုသည် ထိုအဖြစ်အပျက်မှစခဲ့ခြင်း ဖြစ်၏။

ထိုကိစ္စအား ထန်ယု ဘယ်သူ့ကိုမှပြောမပြခဲ့သော်လည်း သူ့စိတ်ထဲတွင်တော့ ကြိတ်၍ ရှက်နေခဲ့ရသည်။ ထို့ကြောင့်ပင် သူအနာဂတ်တွင် ကောင်းကောင်းနေထိုင်ပြီး သူ့ဆရာ၏ချစ်ခင်နှစ်သက်မှုကို ပြန်အရယူမည်ဟု ကျိန်ဆိုထားခဲ့ဧ။။်

သူစပြောလိုက်သည်နှင့် အခြားတပည့်များလည်း သူ့နောက်မှလိုက်၍ သဘောတူခဲ့ကြပြီး လေထုသည်ပြန်လည်အသက်၀င်လာခဲ့လေသည်။

ကုအန်ပြုံးလိုက်ကာ သူ့တပည့်များကို အကြောလျှော့လေ့ကျင့်ခန်းပြန်လုပ်ရန် အချက်ပြလိုက်၏။

သူတို့လေ့ကျင့်ခန်းလုပ်ပြီးသောအခါ ရီလန် ရောက်လာခဲ့ပြန်သည်။ သူမသည် ကုအန်ဘေးကင်းတာသေချာမှသာ အမြန်ပြန်ထွက်သွားခဲ့၏။

ကုအန် ပြတင်းပေါက်တွင်ရပ်ကာ အပြင်စည်းဂိုဏ်းရှိရာ အရပ်သို့ ကြည့်နေခဲ့သည်။

မနေ့ညကလောက် မများတော့သော်လည်း ကြီးမြတ်သောကျင့်ကြံသူများမှာ ကောင်းကင်တွင် ပျံသန်းနေကြဆဲပင်။

ယခုအခါကုအန်နတ်အာရုံသည် မိုင်ထောင်ချီအဝေးရှိ အတွင်းစည်းမြို့အထိပင် ဖြန့်ကျက်နိုင်နေပြီဖြစ်ပြီး ထိုအကွာအဝေးသည် သူ့အဆုံးသတ်ပင် မဟုတ်သေးပေ။

ကုအန် အပြင်စည်းမြို့ထဲတွင် ကြီးမားသော အစီအရင်စင်မြင့်ကြီးတစ်ခု တည်ဆောက်နေသာမြင်ကွင်းကို မြင်နေခဲ့ရသည်။ တပည့်များသည် ထိုအစီအရင်အတွက် စိတ်ဝိညဉ်ကျောက်တုံးများကိုပင် စတင် ရွှေ့နေကြပြီ ဖြစ်၏။ ကုအန် တိတ်တဆိတ်သာကြည့်နေလိုက်ပြီး ထို၀င်္ကပါအစီအရင်၏ ရည်ရွယ်ချက်ကို မခန့်မှန်းနိုင် ဖြစ်နေခဲ့သည်။

စိတ်ဝိညဉ်စွမ်းအင်များ နစ်မြုပ်သွားသည့် ဖြစ်ရပ်သည် အဓိပတိဂိုဏ်းကို ကသောင်းသနင်းဖြစ်သွားစေခဲ့ပြီး ဆယ်ရက်နီးနီးကြာမှသာ အပြင်စည်းဂိုဏ်းထဲရှိလေထုသည် အနည်းငယ်ပျော့ပြောင်းလာခဲ့၏။

ထိုဖြစ်ရပ်သည် ကုအန်ကိုလည်း သက်ရောက်စေခဲ့သည်။

…..

အပြင်စည်းဂိုဏ်းသားအတော်များများ သူတို့ဂူထဲမှ ပြောင်းကုန်ကြသောကြောင့် ကုအန်၏ သက်တမ်းတိုးနှုန်း လျော့နည်းသွားခဲ့ရသည်။ ထိုတပည့်များသည် အပြင်စည်းဂိုဏ်းမှ ထွက်ပြေးသွားခြင်းဖြစ်မှန်း သိသာလှသည်။

သို့သော် ကုအန်စိတ်တော့မပျက်ခဲ့ပေ။ သူ့တွင် ဆေးတောင်ကြားသုံးခုပင် ရှိနေခဲ့ပြီ မဟုတ်ပါလား။ အနာဂတ်တွင် သူ့သက်တမ်းမှာ ပိုတိုးလာဖို့သာ ရှိတော့၏။ ကုအန် တတိယတောင်ကြားကိုတိုးချဲ့ဖို့ပင် စီစဉ်ထားခဲ့သေးသည်။

ကုအန်သည် အပြင်စည်းဂိုဏ်းရှိကိစ္စများ အမြန်ပြီးဆုံးသွားမည့်အချိန်ကိုသာ စောင့်နေခြင်း ဖြစ်၏။ သူထိုကိစ္စများတွင် ၀င်ပါဖို့ကတော့ ပျင်းလွန်းနေခဲ့သည်။

ရှန်းကျန်ပြောပုံအရ မဟာယုမင်းဆက်၏ အကြီးကျယ်ဆုံးဂိုဏ်းဖြစ်သော တာအိုဂိုဏ်းပင် ထိုကိစ္စတွင် ပါ၀င်ပတ်သက်နေခဲ့သည်။ ကုအန်တွင် လူတိုင်းအား အခက်အခဲဒုက္ခများမှ ကယ်တင်ရလောက်အောင် သူတော်ကောင်းစိတ်ထားမျိုးလည်း ရှိမနေပေ။ ကမ္ဘာပေါ်တွင် လူပေါင်းများစွာရှိခြင်းဖြစ်ပြီး လူတိုင်းတွင်လည်း သူ့ဒုက္ခနှင့်သူ ရှိကြပေသည်။ သူကယ်ချင်ရင်တောင် လူတိုင်းကို မည်သို့ ကယ်ရမည်နည်း။

ထို့အပြင် ဤသို့သောကိစ္စမျိုးသည် ကိုင်တွယ်ရလည်း မလွယ်ကူပေ။ သူသာ ထိုကိစ္စကို အတင်းလိုက်နှောင့်ယှက်လိုက်ပါက အနာဂတ်တွင် အဓိပတိဂိုဏ်းသည် မိစ္ဆာကပ်ဘေးနှင့်ရင်ဆိုင်ရသောအခါ တောင့်မခံနိုင်ခဲ့ပါက သူသမိုင်းတရားခံ ဖြစ်သွားရပေလိမ့်မည်။ ဂိုဏ်းရှိလူတိုင်းသည် သူ့အား အပြစ်တင်ကုန်ကြလိမ့်မည် ဖြစ်၏။

သူကယ်တင်ခဲ့သောလူများမှာပင် သူသာ၀င်မရှုပ်ခဲ့ပါက ဂိုဏ်းထိုသို့ ဖြစ်သွားလိမ့်မည်မဟုတ်ဟုဆိုပြီး သူ့ကိုအပြစ်တင်ကောင်း တင်နေလိမ့်ဦးမည်။

ကုအန် လူများကိုတစ်သုတ်ပြီးတစ်သုတ်ကယ်နေပြီး သူ့တစ်ဘ၀လုံးကို လူကယ်ခြင်းလုပ်ငန်းစဉ်တွင် နစ်မြုပ်မသွားလိုပေ။ ထိုအတွေးမှာပင် သူ့ကိုပင်ပန်းသွားစေခဲ့လေသည်။

အချိန်များ ဆက်လက်ကုန်ဆုံးသွားခဲ့၏။

တစ်နေ့တွင် ကုအန်ထျန်းယတောင်ကြားကိုသွားပြီး ရင့်မှည့်နေသော ဆေးပင်များကိုရိတ်သိမ်းကာ မျောက်သုံးကောင်ကို ဆေးပင်မျိုးစေ့များ ကြဲခိုင်းခဲ့သည်။

ထိုစဉ် လျိုဟွမ်သူ့နောက်မှချဉ်းကပ်လာပြီး ပြောလိုက်သည်။

“လွန်ခဲ့တဲ့တစ်လလောက်က မြေကြီးစိတ်ဝိညဉ်စွမ်းအင်တွေလျော့ပါးသွားပြီး အဓိပတိဂိုဏ်းက ကြီးမြတ်တဲ့ကျင့်ကြံသူတွေလည်း ကင်းလှည့်နေတာကို တွေ့လိုက်ရတယ် အဓိပတိဂိုဏ်းမှာ ဘာဖြစ်သွားလို့လဲ”

ကုအန် ပြန်ဖြေလိုက်သည်။ “ကြည့်ရတာ မိစ္ဆာကျူးကျော်မှုတစ်ခု ဖြစ်ခဲ့ပုံပဲ ပြီးတော့ အစ်ကိုလီယလည်း မိစ္ဆာကျင့်ကြံသူတစ်ယောက်ကြောင့် ဒဏ်ရာရခဲ့သေးတယ် သူအခုအတွင်းစည်းဂိုဏ်းထဲမှာအားပြန်ဖြည့်နေတယ်”

ထိုစကားကိုကြားသောအခါ လျူဟွမ်မျက်မှောင်ကြုံ့သွားပြီး တောထဲသို့ ၀င်သွားခဲ့၏။

တခဏအကြာတွင် လျူဟွမ် တောအုပ်ထဲတွင် အဆောင်စာရွက်တစ်ရွက်အသုံးပြုနေသည်ကို ကုအန် နတ်အာရုံဖြင့် သတိထားမိသွားခဲ့သည်။ သူ့စိတ်ဝိညဉ်စွမ်းအား အဆောင်စာရွက်ထဲ ထည့်လိုက်ရုံဖြင့် အဆောင်စာရွက်သည် လောင်ကျွမ်းသွားကာ ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ကုအန်၏ လက်ရှိ တစ်သားတည်းဖြစ်ခြင်းအဆင့်အရ လျူဟွမ်နှင့် ချိတ်ဆက်နေသော စိတ်ဝိညဉ်စွမ်းအင်အမျှင်တစ်စသည် မိုးကုတ်စက်ဝိုင်းဆီသို့ ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် ပျံသန်းသွားသည်ကို ခံစားမိခဲ့ရသည်။

ကြည့်ရသည်မှာ လျူဟွမ် လီရွှမ်တောက် ဆီ သတင်းပို့နေပုံပင်။

ကုအန် ထိုအကြောင်းအများကြီးတွေးမနေတော့ဘဲ ဆက်၍သာ မျိုးစေ့ကြဲနေလိုက်၏။

မျိုးစေ့ကြဲပြီးသောအခါ မျောက်သုံးကောင်ကို လိုအပ်သည်များမှာပြီး ကုအန် ထျန်းယတောင်ကြားမှ ထွက်ခွာလာခဲ့သည်။

ထိုပူးပေါင်းကြံစည်မှုများ လှည့်ကွက်များနှင့်ယှဉ်လျှင် သူသည် သူ့ဆေးတောင်ကြားဖွံ့ဖြိုးတိုးတက်မှုကိုသာ ပို၍ စိတ်ဝင်စား၏။ သူ၏စွမ်းအင်များကို ဤနေရာတွင်ပဲ အသုံးပြုခြင်းသည် သူ့အတွက် မှန်ကန်သော လုပ်ရပ်တစ်ခုဖြစ်ပေသည်။

….

ကောင်းကင်သည် တိမ်များဖြင့် ပြည့်နှက်နေခဲ့ပြီး အပြင်စည်းမြို့ထဲတွင် လူများစုဝေးနေခဲ့ကြသည်။

စုဟန်နှင့် ကျန်းချင် ကျောက်တိုင်တစ်ခုရှေ့တွင်ရပ်နေကြရင်း စုဟန် အကျယ်ကြီးအော်ဖတ်လိုက်၏။ “ကောင်းကင်ပြုပြင်စင်မြင့်”

သူတို့ရှေ့တွင် မိုင်ဒါဇင်နှင့်ချီကြီးမားသော အစီအရင်စင်မြင့်ကြီးတစ်ခုရှိနေခဲ့ပြီး အတော်လေး ခမ်းနားလှပေသည်။ စင်မြင့်၏ အစွန်တိုင်းတွင် ကိုယ်နေဟန်အမျိုးမျိုးဖြင့်ရပ်နေသော အမတရုပ်ထုများလည်း ရှိနေခဲ့ဧ။။်

စင်မြင့်၏ ဗဟိုတည့်တည့်တွင်မူ ကျန်းတစ်ရာခန့်ရှည်လျားသော ကျောက်တိုင်ကြီး တစ်ခုရှိနေလေသည်။ ထိုကျောက်တိုင်၏ မျက်နှာပြင်တွင် အဖုအချိုင့်များရှိနေပြီး လူသားတစ်ယောက်၏ မရီဒျန်များနှင့်တူနေပြီး ဆန်းကြယ်သော သင်္ကေတများလည်း ပါရှိနေခဲ့၏။

“စီနီယာအစ်ကို ဒီကောင်းကင်ပြုပြင်စင်မြင့်ရဲ့ရည်ရွယ်ချက်က ဘာလို့ထင်လဲ ဘာလို့ဂိုဏ်းက အပြင်စည်းဂိုဏ်းသားတွေ အကုန်လုံးကို ပြန်ခေါ်ပြီး မနက်ဖြန် ဒီစင်မြင့်မှာစုဖို့အမိန့်ပေးလိုက်တာလဲ” ကျန်းချင် အနည်းငယ်မျက်မှောင်ကြုံ့၍မေးလိုက်သည်။ သူ့လေသံမှာ အတော်လေး မကျေနပ်နေပုံပင်။

စုဟန် ကောင်းကင်ပြုပြင်စင်မြင့်ကိုကြည့်နေရင်း ဖြေလိုက်သည်။ “ငါလည်းမသိဘူး ထင်တာတော့ လွန်ခဲ့တဲ့လကဖြစ်တဲ့ စိတ်ဝိညဉ်စွမ်းအင်လျော့နည်းသွားတဲ့ ကိစ္စနဲ့ဆိုင်မယ်ထင်တယ်”

ဂိုဏ်းသားများစွာသည် အပြင်မှပြန်လာခဲ့ကြပြီး သူတို့ရှေ့ရှိ ကောင်းကင်ပြုပြင်စင်မြင့်ကြီးကိုတွေ့သောအခါ အံ့ဩသွားကြပြီး အချင်းချင်းလူစု၍ ဆွေးနွေးနေခဲ့ကြသည်။

ဒီလောက်ကြီးတဲ့ စင်မြင့်ကြီးနဲ့ တည်ဆောက်ထားတဲ့ ၀င်္ကပါက ဘယ်လောက်တောင် အားကောင်းနေလိုက်မလဲ!

ကျန်းချင် ဆက်ကြည့်မနေတော့ဘဲ လှည့်ထွက်လိုက်သောအခါ ရင်းနှီးသောပုံရိပ်တစ်ခုကို မြင်လိုက်ရသလို ခံစားလိုက်ရပြီး ပြန်ကြည့်မိသောအခါတွင်တော့ ဘာကိုမှ မမြင်လိုက်ရတော့ပေ။

“ထူးဆန်းတယ်….”ကျန်းချင် တိုးတိုးလေးရေရွတ်လိုက်၏။

လူအုပ်နှင့် သိပ်မဝေးသောနေရာတွင် အပြာရောင်၀တ်စုံကို၀တ်ဆင်ထားသော ကျန်းချောင် သူ့ရှေ့ရှ်ိ စင်မြင့်ကြီးကို ကြည့်ရှုနေခဲ့သည်။

ကျောပေါ်တွင် ဘို့ကြီးတစ်ခုရှိကာ လက်ထဲတွင်ကြိမ်လုံးတစ်လုံးကို ကိုင်ထားသော အဖိုးကြီးတစ်ယောက်လည်း သူ့ဘေးတွင် ရှိနေခဲ့၏။

“သခင်မလေး ဒီအစီအရင်စင်မြင့်က မရိုးရှင်းဘူး မနက်ဖြန် ပြဿနာကြီးတစ်ခုဖြစ်လာမှာ ကြောက်မိတယ် ကျွန်တော်တို့ တကယ်ပဲနေသင့်ရဲ့လား” အဖိုးကြီး ပြောလိုက်သည်။

သူတင်မဟုတ်ဘဲ အခြားတပည့်များအားလုံးသည်လည်း သံသယအမျိုးမျိုးဖြင့် စိုးရိမ်နေခဲ့ကြ၏။

ကျန်းချောင် မကြည့်ဘဲပြန်ဖြေလိုက်သည်။ “အဲ့တာက တကယ်ပဲမရိုးရှင်းဘူး စင်မြင့်ထဲက စည်းတွေက အတော်လေးရှုပ်ထွေးလွန်းတယ် တည်ဆောက်ဖို့ဆယ်စုနှစ်နဲ့ချီ ပြင်ဆင်ထားပုံရတယ် ဒါပေမယ့် ကျွန်မတို့ဒီရောက်နေပြီဆိုမှတော့ မနက်ဖြန် ဘာဖြစ်မလဲ ကြည့်သွားရတာပေါ့”

အဖိုးကြီးကျန်းချောင်ကိုကြည့်လိုက်ကာ ပြောလိုက်သည်။ “သခင်မလေး အများကြီးပြောင်းလဲသွားတာပဲ ဒီအဓိပတိဂိုဏ်းထဲမှာ တွယ်တာစရာလူတစ်ယောက်ယောက်များ ရှိနေလို့လား”

“ဟုတ်တယ် အဲ့တာကြောင့်ကျွန်မရှင့်ကိုခေါ်ခဲ့တာ”

“ဟီးဟီး ကြည့်ရတာ ဒီအရိုးအိုကြီးတွေက အလုပ်ပြန်လုပ်ဖို့ လိုနေပြီထင်တယ်”

သူတို့နှစ်ယောက်သည် သာမန်အတိုင်းသာစကားပြောနေကြပြီး သူတို့စကားတွင် ရွက်ဝါတစ်ထောင်မျှော်စင်အကြောင်းမပါ၍ ဘယ်သူမှ သူတို့ကို သံသယမ၀င်မိခဲ့ကြပေ။

ကောင်းကင်ပြုပြင်စင်မြင့်၏ အခြားတစ်ဘက်တွင် လူနှစ်ယောက်သည် ၉ထပ်ရှိသော မျှော်စင်တစ်ခု၏ အစွန်းတွင် ရပ်နေခဲ့ကြသည်။ သူတို့ထဲမှ တစ်ယောက်သည် ချန်းရွှမ်ကျင်း၏နောက်ခံ ၀တ်ရုံနက်နှင့်လူ ဖြစ်၏။

၀တ်ရုံနက်လူ၏အကြည့်များသည် အောက်ရှိ ကောင်းကင်ပြုပြင်စင်မြင့်ကို ကြည့်နေခဲ့ပြီး သူ့အကြည့်များသည် တစ်ခုခုကိုတွေးနေသလို နက်နဲနေခဲ့သည်။

ထိုစဉ် သူ့ဘေးမှ လူငယ်လေးမေးလိုက်၏။

“ဆရာ ဒီအပြင်စည်းမြို့ကတပည့်တွေအားလုံးကတော့ ပြန်လာကြမှာ ကျွန်တော်တို့ ဒီအနီးအနားက ဆေးတောင်ကြားတွေ သားရဲကွင်းတွေ နဲ့ မိုင်းတွင်းက အစေခံတပည့်တွေကိုရော စုလိုက်ရမလား”

ထိုအသံသည် ချန်းရွှမ်ကျင်း အသံဖြစ်မှန်း မှားစရာပင် မလိုပေ။

သူသည် ငယ်ရွယ်သောတပည့်တစ်ယောက်၏ ခန္ဓာကိုယ်ကို ယူထားခြင်း ဖြစ်ပေသည်။

အနက်ရောင်၀တ်ရုံနှင့်လူ ပြောလိုက်၏။

“မလိုဘူး အစေခံတပည့်တွေ များလေလေ သူတို့ကျင့်ကြံခြင်းအဆင့်က သန့်စင်မှုလျော့လေလေ ဖြစ်လိမ့်မယ်”

All Chapters