အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
အပိုင်း(၆၅)
မိစ္ဆာဖိနှိပ်ထီး၊ ချင်းဟုန်ဓား၏ တုန်ခါမှုများ
ညတစ်ညကုန်ဆုံးသွားခဲ့ပြီး နောက်တစ်နေ့ မနက်ရောက်သည့်အချိန်ထိ ဂိုဏ်းသားများ အပြင်စည်းမြို့ထဲသို့ အဆက်မပြတ်၀င်လာနေကြဆဲပင်။
မိစ္ဆာသုတ်သင်ခန်းမနှင့် ဥပဒေရေးရာခန်းမမှာမူ ၀င်လာသော တပည့်များ၏ ဂိုဏ်းသားတံဆိပ်ပြားများကို စစ်ဆေးနေခဲ့ကြသည်။
ကောင်းကင်ပြုပြင်စင်မြင့်ပေါ်တွင်မူ ဂိုဏ်းသားအများအပြားရောက်နေကြပြီ ဖြစ်ပြီး တရားထိုင်နေခဲ့ကြ၏။ ထိုအထဲတွင် ကျန်းချင်နှင့်စုဟန်တို့လည်း ပါပေသည်။ သူတို့သည် စင်မြင့်ထောင့်အစွန်အဖျားနားတွင် ထိုင်နေကြပြီး မျက်နှောင်ကြုံ့နေခဲ့ကြ၏။
“စီနီယာအစ်ကို ညီမလေးမကောင်းတဲ့ခံစားချက်ကြီးရနေတယ် ညီမလေးတို့ ထွက်သွားကြမလား” ကျန်းချင် တီးတိုးပြောလိုက်သည်။
ကျန်းချောင်သင်ပေးခဲ့သော ကျင့်စဉ်ကိုကျင့်ထားသော သူမတွင် ထက်မြက်သော အာရုံမျိုးရှိ၏။ ထိုမိစ္ဆာသုတ်သင်ခန်းမမှလူများ စင်မြင့်ထောင့်တွင် ရပ်စောင့်နေခဲ့ကြခြင်းမှာ သူမကိုမသက်မသာဖြစ်စေပြီး ဤနေရာမှ ထွက်ပြေးသင့်သည်ဟု ခံစားနေခဲ့ရသည်။
စုဟန်လည်း တစ်ခုခုမှားနေတယ်ဟု ခံစားနေခဲ့သောကြောင့် ခေါင်းညိတ်ပြလိုက်ကာ သူ့ဂျူနီယာညီမလေးနှင့်အတူ စင်မြင့်ပေါ်မှ ထွက်ခွာသွားခဲ့သည်။
ထိုသို့သော သံသယရှိ၍ ထွက်ခွာသွားသည့် သူများမှာ သူတို့နှစ်ယောက်သာမဟုတ်ဘဲ အခြားတပည့်များလည်း ရှိနေသေး၏။ သို့သော် အဓိပတိဂိုဏ်းကိုယုံကြည်ထားသည့် တပည့်အများအပြားလည်း ရှိနေသေးပေသည်။
မြို့အ၀င်ဂိတ်သို့ရောက်သောအခါ မိစ္ဆာသုတ်သင်ခန်းမမှ တပည့်များသည် ကျန်းချင်နှင့် စုဟန်တို့အား ယနေ့ မြို့အ၀င်သာ ခွင့်ပြုပြီး အထွက်လက်မခံဟု ပြောခဲ့ကြ၏။
စုဟန်၏အကြည့်များ မြို့ရိုးပေါ်တွင် ထောင်ထားသော အလံများပေါ်သို့ ရောက်သွားပြီး မျက်မှောင်ကြုံ့သွားခဲ့သည်။ ထိုအလံများသည် သူတို့၀င်လာခဲ့သော မနေ့ကထိ ရှိမနေခဲ့ကြသေးပေ။
“ဂျူနီယာညီမလေး အစ်ကိုအာရုံလွှဲထားမယ် ညီမလေးပြေးဖို့ပြင်တော့” စုဟန် အသံကူးပြောင်းခြင်းအတတ်ကိုသုံး၍ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျန်းချင် စုဟန်ကို စိုးရိမ်ဟန်ဖြင့် ကြည့်လိုက်၏။
ထို့နောက်တွင်တော့ စုဟန် ဓားကိုရုတ်တရက်ထုတ်လိုက်ကာ အပြင်စည်းဂိတ်မှလူများကို ရုတ်တရက်တိုက်ခိုက်လိုက်လေတော့သည်။
“မင်းလုပ်ရဲတယ်ပေါ့!”
ဂိတ်တံခါးမှ တပည့်များ ဒေါသဖြင့်အော်ပြောလိုက်ပြီး တိုင်ပင်စရာပင်မလိုဘဲ အခြားအနီးတစ်ဝိုက်မှ မိစ္ဆာသုတ်သင်ခန်းမ တပည့်များလည်း ရောက်ရှိလာကြပြီး သူ့ကို ဝိုင်းလိုက်ကြ၏။
ကျန်းချင် စုဟန်ကိုကူညီချင်ပါသော်လည်း သူဝိုင်းခံလိုက်ရသည်ကို တွေ့လိုက်ရသောအခါ သွားကူပါက နှစ်ယောက်လုံးဖမ်းခံလိုက်ရပြီး စုဟန်အားထုတ်မှုများ အလကားဖြစ်သွားပေလိမ့်မည် ဟုခံစားလိုက်ရသည်။
သူမချက်ချင်းပင် မြို့ဂိတ်၀ဆီသို့ ပြေးသွားခဲ့၏။ သို့သော် ၁၀၀နီးပါးရှိသော မိစ္ဆာသုတ်သင်ခန်းမမှ တပည့်များသည် သူမလမ်းကိုပိတ်ထားလိုက်ပြီး မြို့ရိုးပေါ်တွင်လည်း တပည့်များရှိနေသေးရာ လွတ်မြောက်ဖို့မှာ မလွယ်ကူလှပေ။
ကျန်းချင်လူအနည်းဆုံးရှိသည့်နေရာသို့ ရွေး၍ ပြေးသွားခဲ့သည်။ တချိန်တည်းမှာပင် သူတို့လိုထွက်ပြေးလိုသော တပည့်များမှာလည်း စတင်တိုက်ခိုက်ကြလေရာ ဂိတ်၀တွင် တိုက်ပွဲတစ်ခုဖြစ်ပေါ်လာလေတော့သည်။
မိစ္ဆာသုတ်သင်ခန်းမမှ တပည့်များ၏ ကျင့်ကြံခြင်းသည် အနည်းဆုံး အခြေခံတည်ဆောက်ခြင်းအဆင့် ၅ တွင်ရှိကြသူများဖြစ်ကြ၏။ ထို့ကြောင့် မကြာခင်တွင်ပင် စုဟန် အမှောက်သိပ်ခံလိုက်ရကာ မြေပေါ်လဲကျသွားပြီး လှုပ်ပင်မလှုပ်နိုင်တော့ပေ။
သူပြန်ထဖို့ ကြိုးစားချိန်တွင် ကျန်းချင်လည်း မြေပေါ်လဲကျသွားသည်ကို တွေ့လိုက်ရသောကြောင့် သူ့မျက်လုံးများ နီရဲလာခဲ့ကြလေသည်။
ကျန်းချင်အား ထိခိုက်အောင်တိုက်ခိုက်လိုက်သောသူသည် အနက်ရောင်၀တ်စုံကို၀တ်ဆင်ထားသော အမျိုးသမီးတစ်ယောက်ဖြစ်၏။ သူမသည် ဂိတ်တံခါးအပြင်ဘက်မှလာခဲ့ခြင်းဖြစ်ပြီး ဂိတ်ေရှ့တွင်ပိတ်ထားလိုက်ကာ အေးစက်စက်အသံဖြင့် ပြောလိုက်သည်။ “ဒီနေ့ငါတို့က မိစ္ဆာလမ်းစဉ်ကသူလျှိုတွေကို စစ်ဆေးနေတာပဲ ထွက်သွားဖို့ကြိုးစားတဲ့ဘယ်သူမဆို မိစ္ဆာကျင့်ကြံသူအဖြစ် သတ်မှတ်ခံရမယ်”
ထိုစကားကိုကြားသောအခါ အစက စိတ်ပူေနကြသော တပည့်များ သက်ပြင်းချနိုင်သွားခဲ့၏။
ဆိုတော့ ဒါကမိစ္ဆာသူလျှိုတွေကိုရှာဖို့ဆိုရင်တော့ ဒီလိုဖြစ်နေတာ အံ့ဩစရာတော့ မဟုတ်တော့ပါဘူး!
သူတို့စိတ်ပူသည်မှာ အဓိပတိဂိုဏ်းသည်သူတို့ကို တစ်ခုခုလုပ်ဖို့ ကြံစည်နေသည်ဟု ထင်ခြင်းကြောင့်ဖြစ်ပေသည်။ ယခုလို မိစ္ဆာသူလျှိုရှာမည်ဆိုလျှင်တော့ သူတို့တွင် ဖုံးကွယ်ထားစရာဘာမှမရှိသည့်အတွက် ကြောက်စရာမလိုတော့ပေ။
စုဟန် ကျန်းချင်နှင့် အခြားတိုက်ခိုက်ခဲ့သော တပည့်များကိုမူ သူတို့၏ကျင့်ကြံခြင်းများကို စည်းတံဆိပ်အဆောင်စာရွက်သုံး၍ ပိတ်ထားခဲ့လိုက်ပြီး ကောင်းကင်ပြုပြင်စင်မြင့်ဆီသို့ ဖမ်းခေါ်လာခဲ့ကြသည်။
မွန်းတည့်ချိန်သို့ နီးကပ်လာသောအခါ အပြင်စည်းမြို့ရှိ ဂိတ်တံခါးများအားလုံးကို ပိတ်ပစ်လိုက်လေပြီ။
ထိုစဉ် ခေါင်းလောင်းသံကြီးတစ်ခု မြည်ဟည်းလာပြီး အသံတစ်သံအား ဂိုဏ်းသားအားလုံး ကြားခဲ့လိုက်ရသည်။
“တပည့်တိုင်း ကောင်းကင်ပြုပြင်စင်မြင့်ထက်မှာ စုဝေးရမယ်”
လမ်းပေါ်ရှိတပည့်များအားလုံးလည်း စင်မြင့်ပေါ်တက်လာခဲ့ကြပြီး နဂိုက အလွန်ကျယ်သော စင်မြင့်ကြီးသည် ဂိုဏ်းသားေသာင်းချီဖြင့် ပြည့်နှက်သွားခဲ့၏။
ဂိုဏ်းက မိစ္ဆာသူလျှိုရှာမည်ဟူသော သတင်းသည် ပျံ့နှံ့သွားခဲ့သောကြောင့် သူလျှိုမဟုတ်သောတပည့်များသည် စိတ်အေးနေခဲ့ကြကာ စင်မြင့်ပေါ်တွင် ကျင့်ကြံနေကြသူများပင် ရှိနေကြသေးသည်။
ရီလန် ဥပဒေရေးရာခန်းမမှ တပည့်များနောက်သို့လိုက်ကာ စင်မြင့်နားသို့ ရောက်ရှိလာခဲ့၏။ သူစင်မြင့်ပေါ်သို့တက်ရန် ပြင်လိုက်စဉ်တွင် မြေကြီးပေါ်တွင် အတန်းလိုက်ဒူးထောက်နေရသော တပည့်များကို ရုတ်တရက်တွေ့လိုက်ရသည်။ ထိုအထဲတွင် ကျန်းချင်နှင့်စုဟန်ကို သတိထားမိသွားသောကြောင့် သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့ရ၏။ သူတို့နှစ်ယောက်ပါးစပ်တွင်လည်း သွေးများဖြင့်ပေကျံနေပြီး တိုက်ပွဲတစ်ခုဖြစ်လာခဲ့သည်ဖြစ်မှန်း ထင်ရှားပေသည်။
ရီလန်အလျင်စလိုမလုပ်ဘဲ သူတို့နှစ်ယောက်ကို မည်သို့ကယ်ရမည်ကို သေချာစဉ်းစားနေခဲ့၏။
အများကြီးစဉ်းစားပြီးသည့်နောက် သူမအကူအညီတောင်းနိုင်မည့်လူမှာ လုကျိကျားတစ်ယောက်တည်းသာ ရှိမှန်း လက်ခံလိုက်ရသည်။
ဥပဒေရေးရာခန်းမသည် မိစ္ဆာသုတ်သင်ခန်းမ၏ လုံး၀ဖိနှိပ်ခြင်းကို ခံလိုက်ရပြီဖြစ်ပြီး ဥပဒေရေးရာခန်းမသခင်ပင်လျှင် မိစ္ဆာသုတ်သင်ခန်းမဖမ်းထားသော သူကိုလွှတ်ပေးအောင်လုပ်ဖို့ ခက်ခဲပေလိမ့်မည်။
ရီလန်ကုအန်ကိုလည်း စတင်စိတ်ပူလာခဲ့ပြီး ကုအန်မြို့ထဲ၀င်မလာဖို့သာ မျှော်လင့်နေခဲ့သည်။
ယနေ့ဖြစ်ရပ်သည် မိစ္ဆာသူလျှိုရှာဖွေတာထက် အများကြီးပိုနေမည်ဟု သူအမြဲခံစားနေရသောကြောင့် ဖြစ်၏။
သို့သော် ဥပဒေရေးရာခန်းမတပည့်တစ်ယောက်အနေနှင့် သံသယရှိရုံမျှဖြင့် သူထွက်ပြေးလို့လည်း မရသေးပေ။ စိတ်အတွင်းထဲတွင် သူမ အဓိပတိဂိုဏ်းအပေါ် ယုံကြည်မှုအချို့ရှိနေဆဲဖြစ်ပြီး မိစ္ဆာသုတ်သင်ခန်းမသည် အမှောင်ထဲမှသာ လှုပ်ရှားရဲခြင်းဖြစ်ပြီး အခုလိုမျိုး လူမြင်ကွင်းတွင်တော့ ဘာမှမလုပ်နိုင်လောက်ဘူးဟု ယုံကြည်ထားခဲ့သည်။
တစ်နေရာတွင်
ကျန်းချောင်နှင့် ခါးကုန်းကြီးတို့ မျှော်စင်တစ်ခု၏ ပြတင်းပေါက်တွင် ရပ်ကြည့်နေခဲ့ကြ၏။ သူတို့တင် မဟုတ်ဘဲ အတွင်းစည်းဂိုဏ်းမှ လာသော ဂိုဏ်းသားအချို့သည်လည်း ကောင်းကင်ပြုပြင်စင်မြင့်ဆီ မသွားကြဘဲ ဘာဆက်ဖြစ်မလဲ ဆိုသည်ကိုသာစိတ်၀င်တစား ကြည့်ရှုနေခဲ့ကြသည်။
“မနေ့ညက အားကောင်းတဲ့နတ်အာရုံတစ်ခု အပြင်စည်းဂိုဏ်းတစ်ခုလုံးကို စစ်ဆေးသွားတယ် သူ့ကျင့်ကြံခြင်းက နတ်အသွင်ပြောင်းခြင်းအဆင့်ကိုတောင် ကျော်နိုင်တယ်” ခါးကုန်းကြီးလေးလံနေသော အသံဖြင့် မျက်မှောင်ကြုံ့၍ ပြောလိုက်၏။
နတ်အသွင်ပြောင်းခြင်းအဆင့်ကိုတောင် ကျော်တာလား!
ကျန်းချောင်မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။
ထို့နောက် ခါးကုန်းအကြီးအကဲ မေးလိုက်၏။ “သခင်မလေး ဘာလို့ကျွန်တော့်ကို ဒီကိုခေါ်လိုက်တာလဲဆိုတဲ့အကြောင်းအရင်း ပြောဖို့အချိန်မရောက်သေးဘူးလား”
ကျန်းချောင် ကောင်းကင်ပြုပြင်စင်မြင့်ကိုကြည့်နေရင်း ဖြေလိုက်သည်။ “သစ္စာဖောက်တစ်ယောက်ကိုသတ်ဖို့”
သစ္စာဖောက်တစ်ယောက်လား။
ခါးကုန်းအကြီးအကဲ ပဟေဠိဖြစ်သွားခဲ့၏။
အချိန်များ ဆက်လက်ကုန်ဆုံးသွားခဲ့သည်။
ကောင်းကင်ပြုပြင်စင်မြင့်ပေါ်တွင် လူပေါင်း ၁သိန်းကျော် ရောက်ရှိလာပြီဖြစ်သော်လည်း စင်မြင့်တွင် နေရာလွတ်များ ကျန်ရှိနေဆဲပင်။
လုကျိကျား စင်မြင့်အစွန်တွင်ရပ်နေရင်း စင်မြင့်ရှိတပည့်များကို ကြည့်ရှုစစ်ဆေးနေခဲ့သည်။ သူ့မျက်နှာပေါ်ရှိ သတ်ဖြတ်ခြင်းအရှိန်အဝါမှာလည်း ပိုမိုအားကောင်းလာပြီး သူ့အား အန္တရာယ်ရှိသောလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
ထိုစဉ် ရီလန် သူ့ဆီချဉ်းကပ်လာပြီး လုကျိကျားသူ့ကိုမြင်သောအခါ မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။
“စုဟန်နဲ့ကျန်းချင်ကို နင့်လူတွေဖမ်းထားတယ် နင်သူတို့ကို လွှတ်ပေးလို့ရမလား” ရီလန် အသံတိုးတိုးဖြင့် မေးလိုက်သည်။
သူမသည် လုကျိကျားနှင့် အကြိမ်များစွာစကားများဖူးသော်လည်း ဂျူနီယာလေးနှစ်ယောက်အတွက်ဖြစ်သောကြောင့် အခုလိုတောင်းဆိုဖို့မှလွဲ ရွေးချယ်စရာမရှိခဲ့ပေ။
သူမသာ ဖမ်းခံရသူဖြစ်ပါက သေခြင်းကိုသာရွေးချယ်လိုက်မည် ဖြစ်သော်လည်း သူတို့နှစ်ယောက်သည် ကုအန်၏တပည့်များဖြစ်နေကြသောကြောင့် သူ့ပစ်ပယ်ထား၍ မရပေ။
ထိုစကားကိုကြားသောအခါ လုကျိကျားမျက်ခုံးများ ပိုမိုတွန့်ကွေးသွားသော်လည်း ခေါင်းညိတ်ပြလိုက်၏။
“ကျေးဇူးတင်ပါတယ်”
ပြောပြီးသည်နှင့် ရီလန် ပြန်လှည့်ထွက်သွားခဲ့သည်။
လုကျိကျားထွက်ခွာသွားသော ရီလန့်ပုံရိပ်ကိုကြည့်ပြီး တစ်ခုခုပြောချင်သော်လည်း သူ့ကိုယ်သူထိန်းထားလိုက်၏။ နောက်ဆုံးတွင် သူသက်ပြင်းတစ်ချက်သာ ချလိုက်နိုင်ပြီး စုဟန်နှင့်ကျန်းချင်တို့ကို ရှာရန် ထွက်လာခဲ့လိုက်သည်။
အမွှေးတိုင်တစ်၀က်ထွန်းစွာအချိန်လောက်ကြာသောအခါ သူ့နေရာသို့ စုဟန် ကျန်းချင်တို့နှင့်အတူ ပြန်ရောက်လာခဲ့ကြ၏။
ကျန်းချင် သတိထားနေဟန်ဖြင့်မေးလိုက်သည်။ “ဆရာဦးလေးလု အခုကတကယ်ပဲ မိစ္ဆာသူလျှိုတွေကို ဖမ်းဖို့ ပြင်ဆင်နေတာလား”
လုကျိကျားဘာမှမပြောဘဲ ခေါင်းသာညိတ်ပြလိုက်၏။
ကျန်းချင် ထိုအခါမှသာ သက်ပြင်းချလိုက်နိုင်ခဲ့ပြီး စုဟန်မှာတော့ လုကျိကျားနှင့်ပတ်သက်ပြီး တစ်ခုခုမှားနေသည်ဟု ခံစားနေခဲ့ရသည်။
ရုတ်တရက်
စင်မြင့်အနောက်ဘက်ရှိ အဆောက်အဦးကြီးတစ်ခုနောက်မှ အနီရောင်ထီးတစ်လက်ရုတ်တရက်ထွက်ပေါ်လာပြီး ထိုထီးသည် စင်မြင့်အလယ်တည့်တည့် လေထဲသို့ ရောက်ရှိလာလေရာ လူတိုင်း၏ အကြည့်များကို ဖမ်းစားသွားခဲ့၏။
အနီရောင်ထီးသည် လေထဲတွင် ပွင့်သွားခဲ့ပြီး ထီးထဲမှ အဖြူရောင်ကျောက်စိမ်းပုစီးစေ့များ ကျလာခဲ့ကြကာ ထိုပုတီးစေ့များသည် လေထဲတွင်ပင် ယမ်းခါနေခဲ့ပြီး အချင်းချင်းတိုက်မိနေကြ၍ ခေါင်းလောင်းသံကဲ့သို့အသံများ ထွက်ပေါ်လာခဲ့သည်။
ထိုစဉ် အသံကြီးတစ်သံထွက်ပေါ်လာခဲ့၏။
အနီရောင်ထီးမှ အားကောင်းသောစိတ်ဝိညဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး ရွှေရောင်ဖျော့ဖျော့စက်၀န်းတစ်ခုသည် ကျယ်ပြန့်လာခဲ့ကာ လျင်မြင်စွာ အပြင်စည်းဂိုဏ်းတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့ပြီး မြို့ရိုးပေါ်ရှိ အလံများနှင့် ချိတ်ဆက်သွားခဲ့သည်။
မြို့ထဲရှိလူတိုင်း ထိုထီးကို မော့ကြည့်နေခဲ့ကြပြီး အချို့မှာ အံ့ဩနေကြကာ အချို့မှာ ကြောက်လန့်နေခဲ့ကြသည်။
ထိုစဉ် ထီးနီအောက်တွင် အနက်ရောင်၀တ်ရုံ၀တ်ဆင်ထားသော လူတစ်ယောက် ရုတ်တရက်ပေါ်ပေါက်လာခဲ့၏။
“ငါက အတွင်းစည်းဂိုဏ်းက အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ချူရှင်းပဲ ဒီအပြင်စည်းဂိုဏ်းကို မိစ္ဆာသူလျှိုတွေ ရှင်းလင်းဖို့လာခဲ့တာ”
ချူရှင်းဟုခေါ်သောသူ ပြောလိုက်သည်နှင့် သူ့ကိုယ်မှ ထွက်ပေါ်လာသော ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် အရှိန်အဝါများသည် အပြင်စည်းမြို့ထဲရှိ လူတိုင်းကို ဖိအားအောက်တွင် ရောက်ရှိသွားစေခဲ့သည်။
ရီလန် လူပင်လယ်အောက်မှ ချူရှင်းကို မော့ကြည့်နေခဲ့ပြီး သူ့မျက်လုံးများတွင် အံ့ဩမှုများနှင့် ပြည့်နှက်နေခဲ့၏။
ထိုမျှဟိတ်ဟန်ကြီးသော အသွင်အပြင်ကိုပိုင်ဆိုင်ရန် လူတစ်ယောက်၏ ကျင့်ကြံခြင်းသည် မည်မျှမြင့်နေရမည်နည်း။
သူမတင်မဟုတ်ဘဲ လုကျိကျား ကျန်းချင်နှင့် စုဟန်တို့လည်း အံ့ဩမင်သက်နေခဲ့ကြသည်။ အပြင်စည်းတပည့်များ၏ အမြင်တွင် ချူရှင်းသည် အမတတစ်ပါးလို ဖြစ်နေခဲ့၏။
“အပြင်စည်းဂိုဏ်းမှာ မိစ္ဆာသုတ်သင်ခန်းကိုတည်ထောင်ပြီး မိစ္ဆာတွေကိုဖမ်းဆီးခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ ဒါပေမယ့် မိစ္ဆာသူလျှိုတွေက ကုန်မသွားသေးဘူးလေ အဲ့ဒီတော့ မိစ္ဆာသုတ်သင်ခန်းမကို အရင်ဆုံး စစ်ဆေးပါရစေ”
ချူရှင်းအသံသည် အေးစက်နေခဲ့သည်။ သူပြောပြီးသည်နှင့် သူ့အပေါ်ရှိ ထီးနီသည် လည်ပတ်လာခဲ့ပြီး နိမိတ်မေကာင်းေသာအသံကြီးများ ဟိန်းထွက်လာခဲ့၏။
ထိုအခါ လုကျိကျား မျက်နှာရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ရင်ဘတ်ကိုဖိကာ ဒူးထောက်ကျသွားခဲ့လေသည်။
သူတင်မဟုတ်ဘဲအခြား မိစ္ဆာသုတ်သင်ခန်းမမှ တပည့်များလည်း ထိုသို့ပင် ဖြစ်သွားခဲ့ကြပြီး အချို့ဆိုလျှင် နာကျင်စွာပင် အော်ဟစ်နေခဲ့ကြ၏။
“ဆရာဦးလေးလု ဘာဖြစ်လို့လဲ” ကျန်းချင် အမြန်မေးလိုက်ပြီး စိတ်ပူသွားခဲ့သည်။
လုကျိကျားမှာမူ သူ့ကိုယ်ကို ပိုးမွှားအကောင်တစ်ထောင်လောက်က ဝိုင်းကိုက်နေသလို ခံစားနေရသောကြောင့် နာကျင်မှုမှာ ပြင်းထန်လွန်းနေပြီး ဘာမှပြန်မဖြေနိုင်ခဲ့ပေ။ ကျန်းချင်နှင့် စုဟန်ကို ဝေးဝေးနေရန်သာ လက်ပြနိုင်ခဲ့သည်။
အပြင်စည်းဂိုဏ်းရှိတပည့်များမှာတော့ စင်မြင့်အစွန်တွင် နာကျင်စွာ အော်ဟစ်နေကြသော မိစ္ဆာသုတ်သင်ခန်းမမှ တပည့်များကိုကြည့်ကာ အံ့ဩမိနေခဲ့ကြ၏။
“ငါ့ခေါင်းပေါ်က မှော်အသုံးအဆောင်ကို မိစ္ဆာဖိနှိပ်ထီးလို့ ခေါ်တယ် အဲ့တာရဲ့ အလင်းရောင်အောက်မှာ မိစ္ဆာချီတွေအားလုံး လွင့်ပါးသွားပြီး မိစ္ဆာသိုင်းကျင့်ကြံသူတွေအကုန်လုံးလည်း သွေးရည်တွေအဖြစ် ပြောင်းလဲသွားရလိမ့်မယ်” ချူရှင်း၏အသံ ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။
ထိုစကားဆုံးသည်နှင့် ကောင်းကင်ပြုပြင်စင်မြင့်မှာတော့ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ရ၏။
တကယ်တော့ မိစ္ဆာသုတ်သင်ခန်းမက မိစ္ဆာတွေနဲ့ပြည့်နေတာလား!
ဤနှစ်များအတွင်း မိစ္ဆာသုတ်သင်ခန်းမသည် ရွံစရာကောင်းလောက်အောင်ပင် မိစ္ဆာသူလျှိုများကို ဖမ်းဆီးပြခဲ့သည်။ သို့သော် ယခုတွင် သူတို့အားလုံးမှာ မိစ္ဆာကျင့်ကြံသူများ ဖြစ်နေလေရာ အခြားသူများမည်သို့ ဒေါသမထွက်ဘဲ နေမည်နည်း။
ကျိန်ဆဲသံအမျိုးမျိုး စင်မြင့်ပေါ်တွင် ထွက်ပေါ်လာလေတော့သည်။
လုကျိကျားမှာတော့ နာကျင်မှုကို အပြင်းအထန်ခံစားနေရပုံဖြင့် သူ့နှဖူးပင် မြေကြီးနဲ့ထိနေပြီဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်ခါနေခဲ့၏။
“သေစမ်း…အဲ့တာကမှန်နေတာပဲ…”
လုကျိကျား အံကြိတ်ထားလိုက်ပြီးသူ့မျက်နှာမှာလည်း ရှုံ့မဲ့နေခဲ့ရသည်။ သူ့စိတ်ဝိညဉ်စွမ်းအားများကို လုံး၀မထုတ်နိုင်တော့ဘဲ သူ့နှလုံးသားထဲတွင် အကြောက်တရားများနှင့် ပြည့်နှက်လာခဲ့၏။
ရုတ်တရက် သူ့ကိုယ်ထဲမှ မိစ္ဆာချီများထွက်ပေါ်လာပြီး ကောင်းကင်ပေါ် ပျံတက်သွားခဲ့သည်။ ထိုအဖြစ်အပျက်သည် သူတင်မဟုတ်ဘဲ မိစ္ဆာသုတ်သင်ခန်းမမှ တပည့်များအားလုံးဖြစ်သွားခြင်း ဖြစ်၏။ ထိုအရာများသည် ကောင်းကင်ပေါ်လျင်မြန်စွာ ပျံတက်သွားခဲ့ပြီး မိစ္ဆာဖိနှိပ်ထီးဆီသို့ ရောက်ရှိသွားခဲ့ကြသည်။
ထိုစဉ် ရီလန် လူအုပ်ထဲမှ ထွက်လာခဲ့ပြီး နာကျင်နေသော လုကျိကျားကို မြင်သွားခဲ့၏ယ
သူမချက်ချင်းပင် သူ့ဆီသွားလိုက်ပြီး သိုလှောင်အိတ်ထဲမှ ဆေးများထုတ်ကာ တိုက်လိုက်လေသည်။
ထိုလုပ်ရပ်ကြောင့် အခြားတပည့်များသူ့ကို ကျိန်ဆဲနေခဲ့ကြပါသော်လည်း ရီလန်မှာတော့ ဂရုပင်မစိုက်ပေ။
သို့သော် သူ့ဆေးများသည် အလုပ်မဖြစ်ခဲ့ပေ။
“ဂျူနီယာ ညီမလေး ….ပြေး….” လုကျိကျားအသံသည် အတော်လေးတိုးလျနေခဲ့ပြီး စကားလုံးတစ်လုံးချင်းဆီကို အားကုန်သုံး၍ ပြောနေရသလိုပင်။
ပြေး ဟူသောစကားလုံးကိုပြောပြီးသည်နှင့် သူ့ပါးစပ်ထဲမှ သွေးတစ်လုတ်ပင် အန်ထုတ်ခဲ့ရသည်။
“ဒီမှာ ဘာတွေဖြစ်နေတာလဲ”
ရီလန် မေးလိုက်ပြီး ခဏရပ်သွားပြီးသည့်နောက် အမြန်ထပ်ပြောလိုက်၏။ “ငါလည်းအခု ထွက်ပြေးလို့မလွတ်နိုင်တော့ဘူး အမှန်တရားပေါ်မလာခင်အထိ ဂိုဏ်းသားတွေအကုန်ညီညီညွတ်ညွတ် တောင့်ခံထားဖို့ လိုတယ် ဒါကပဲ ငါတို့အသက်ရှင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ”
လုကျိကျား ပြန်ဖြေရန် အားမရှိတော့ပေ။ သူ့လက်များကိုသာ ကောင်းကင်ပေါ်သို့ ထိုးပြလိုက်သည်။
ရီလန် လှည့်လိုက်ကာ လုကျိကျားညွှန်ပြသော အရပ်သို့ ကြည့်လိုက်သောအခါ သူတို့အထက်ရှိ ချူရှင်းကို တွေ့လိုက်ရ၏။
“နောက်ထပ် စင်မြင့်ပေါ်က လူတွေထဲ မိစ္ဆာသူလျှိုရှိမရှိ စစ်ဆေးရမယ်”
ချူရှင်းအသံထွက်ပေါ်လာရာ စင်မြင့်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ သံသယ၀င်စရာမရှိသော တပည့်များပင် ထိုအခိုက်တွင် ကြောက်လန့်သွားခဲ့ကြ၏။
မိစ္ဆာဖိနှိပ်ထီးသည် ထပ်မံလည်ပတ်လာကာ နိမိတ်ဆိုးအသံကြီးသည် တပည့်တိုင်း၏ နှလုံးသားကို တုန်ခါသွားစေခဲ့သည်။
ထိုစဉ် ရီလန်သူ့အောက်ရှိ ကောင်းကင်ပြုပြင်စင်မြင့်ကြမ်းပြင်မှ ထူးဆန်းသော သွေးစီးကြောင်းကြီးများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရ၏။ ထိုစီးကြောင်းများသည် သူမခြေထောက်အောက်တွင်ပင် ရှိနေခဲ့ကြသည်။ ထိုသွေးစီးကြောင်းကြီးမှ ပြင်းထန်သော စွမ်းအားကြီးများထွက်ပေါ်လာကာ သူမကိုယ်ထဲစီး၀င်လာခဲ့ပြီး စိတ်ဝိညဉ်စွမ်းအားများကို စည်းပိတ်သွားခဲ့ကာ လှုပ်မရအောင် ပြုလုပ်သွားခဲ့၏။
သူမတစ်ကိုယ်လုံးတုန်ခါသွားပြီး ထိုအရာကြောင့် ဝိညဉ်ဖြူဓားလည်း အသံတစ်သံ ထွက်ပေါ်သွားခဲ့သည်။
စင်မြင့်ပေါ်ရှိ တပည့်တိုင်းလည်း ရီလန်ကဲ့သို့ပင် ကြမ်းပြင်ပေါ်တွင် ဒူးထောက်သွားခဲ့ကြရပြီး သူတို့ခြေထောက်အောက်တွင်မူ ထူထဲသော သွေးစီးကြောင်းကြီးတစ်ခု ရှိနေခဲ့၏။
“မိစ္ဆာသူလျှိုတွေရဲ့ ကျူးကျော်မှုက ဒီလောက်တောင်ကြီးမားနေတယ်ဆိုရင်တော့ အပြင်စည်းဂိုဏ်းက ထပ်ရှိနေစရာမလိုတော့ဘူး”
ချူရှင်းအသံသည် ကောင်းကင်ထက်မှ ထွက်ပေါ်လာလေရာ စင်မြင့်ပေါ်ရှိလူတိုင်း အေးစက်သောအမှောင်ထုထဲ ကျရောက်သွားသလို ခံစားလိုက်ရလေသည်။
….
ဆန်းကြယ်တောင်ကြားရှိ အိမ်ထဲတွင်
ကုအန် စာရေးနေရင်း သူ့စားပွဲလှုပ်လာ၍ စာရေးခြင်းကို ရပ်လိုက်ရ၏။
သူ့အကြည့်သည် ဓားပွဲပေါ်တွင် တင်ထားသော ချင်းဟုန်ဓားဆီ ရောက်ရှိသွားခဲ့သည်။ ထိုအခိုက်တွင် ချင်းဟုန်ဓားသည် ဓားအိမ်ထဲမှ ထွက်လာတော့မတတ်ပင် ယမ်းခါနေခဲ့ပြီး ဓားမှငှက်အော်သံလေးတစ်သံပင် ထွက်ပေါ်လာခဲ့၏။
ချင်းဟုန်ဓားကို ကြည့်နေရင်း ကုအန်အမူအရာ ပြောင်းလဲသွားခဲ့လေသည်။
အပိုင်း(၆၆)
ကောင်းကင်မှ ကျလာသောဓား
ကောင်းကင်ပြုပြင်စင်မြင့်ထက်တွင် တပည့်ပေါင်းသောင်းနှင့်ချီ၍ ဒူးထောက်ကျနေခဲ့ကြပြီး သူတို့ခြေဖဝါးအောက်ရှိ သွေးလမ်းကြောင်းကြီးမှာလည်း ပို၍ ကြီးမားလာကာ သူ၏တစ်ကိုယ်လုံးကိုပင် အုပ်သွားတော့မတတ် ဖြစ်လာခဲ့သည်။
“အကြီးအကဲ ကျွန်တော်က မိစ္ဆာလမ်းစဉ်ကသူလျှိုတစ်ယောက် မဟုတ်ပါဘူး!”
“ယုတ်မာလိုက်ကြကာ မိစ္ဆာလမ်းစဉ်ကသူလျှိုဒီလောက်များများရှိနေတယ်ဆိုတာ ဟာသကြီးပဲ အဓိပတိဂိုဏ်းက ဒီလောက်ယုတ်ညံ့လိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး ဒါနဲ့များသူတို့ကိုယ်သူတို့ ထိုက်ကန်မင်းဆက်ရဲ့ အကြီးမြတ်ဆုံးလမ်းမှန်ဂိုဏ်းလို့ ခေါ်နေကြသေးတယ် ဟားဟား ဒီလိုပုံစံနဲ့ ထိုက်ကန်မင်းဆက်လည်း ပျက်သုဉ်းဖို့ မကြာလောက်တော့ပါဘူး”
“ချူရှင်း ငါသေသွားလို့ သရဲဘ၀ရောက်သွားရင်တောင် မင်းကိုအလွတ်မပေးဘူးကွ”
“ဒီလိုလုပ်ရပ်တွေလုပ်နေတာ မင်းကိုနတ်ဘုရားတွေ အမြတ်ရှမှာ မကြောက်ဘူးလားကွ”
နာကျင်၍အော်ဟစ်နေသောအသံများ တောင်းပန်နေသံများနှင့် ဆဲဆိုနေသံများသည် အပြင်စည်းမြို့တစ်ခုလုံးတွင် ပြည့်နှက်သွားခဲ့သည်။
ကောင်းကင်ပြုပြင်စင်မြင့်၏ အလယ်ဗဟိုရှိ ကျောက်တိုင်ကြီးရှိ မြောင်းများထဲတွင် လတ်ဆတ်သော သွေးများနှင့် ပြည့်နှက်လာခဲ့ပြီး သွေးများကိုဝါးမြိုထားသော သွေးကြောများကဲ့သို့ ဖြစ်လာကာ မြင်ကွင်းမှာ အတော်လေးသွေးပျက်စရာကောင်းနေခဲ့၏။
ကောင်းကင်ယံတွင်လည်း တိမ်မည်းများဖြင့် အုံ့မှိုင်းလာခဲ့ပြီး တိမ်မည်းအုပ်ကြီးသည် ကောင်းကင်ကို ဖုံးလွှမ်းလာခဲ့ရာ အပြင်စည်းမြို့တစ်ခုလံုးအပေါ် အရိပ်မည်းကြီးတစ်ခု ကျနေသလိုပင်။
မိစ္ဆာဖိနှိပ်ထီးမှ ထွက်ပေါ်လာသော ရွှေရောင်ဖျော့ဖျော့အလင်းမှာလည်း အပြင်စည်းမြို့တစ်ခုလုံးကို ဖုံးအုပ်ထားနေဆဲ ဖြစ်သည်။ ကောင်းကင်ပြုပြင်စင်မြင့်ပေါ်တွင် မဟုတ်သော တပည့်များသည် မြို့ပြင်ထွက်ပြေးဖို့ ကြိုးစားခဲ့ကြသော်လည်း ထိုအလင်းအကာအရံကို ဖောက်မထွက်နိုင်ဘဲ ဖြစ်နေခဲ့ကြ၏။
ရီလန် တကိုယ်လုံးတုန်ခါနေကာ ထရပ်ရန် ကြိုးစားလိုက်သော်လည်း မလုပ်နိုင်ခဲ့ပေ။ သူ့စိတ်ဝိညဉ်စွမ်းအင်များ တဖြည်းဖြည်းကျဆင်းလာသည်ကို ခံစားလိုက်ရပြီး ရီလန် ကြောက်လန့်လာခဲ့မိသည်။
စုဟန်နှင့်ကျန်းချင်မှာလည်း ထို့အတူပင်။ စကားပင်မပြောနိုင်တော့ဘဲ သေဖို့ကိုသာ စောင့်နေခဲ့ကြရ၏။
မနီးမဝေးရှိ အိမ်တစ်လုံးထဲတွင်
ခါးကုန်းအကြီးအကဲ ချူရှင်းကို အံ့ဩနေသောအကြည့်ဖြင့် ကြည့်နေရင်း ပြောလိုက်လေသည်။
“သူဒီလောက် စွမ်းအားကြီးလာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး အဓိပတိဂိုဏ်းရဲ့ပါရမီရှင်တွေကတော့ တကယ့်ကို သာမန်မဟုတ်ကြတာပဲ အချိန်ဘယ်လောက်မှတောင် မကြာသေးဘူးလေ…”
ကျန်းချောင်မျက်လုံးထဲတွင်လည်း ကြောက်ရွံ့နေသော အရိပ်အယောင်များ ရှိနေခဲ့၏။ ချူရှင်းထံမှ ဖိအားသည် သူ့ကို ဘာမှအလျင်စလိုလုပ်မပစ်ဖို့ တားနေခဲ့သည်။ သူတို့ကြားရှိ ကွာဟချက်မှာ ကြီးမားလွန်းလှ၏။
“ဆိုတော့ ဒါက ဒဏ္ဍာရီလာ ကောင်းကင်နှင့်မြေပြင်နိဗာနအစီအရင်ပေါ့…”
ကျန်းချောင်တီးတိုးရေရွတ်လိုက်ရာ ခါးကုန်းအကြီးအကဲ သူ့ဘက်လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“သခင်မလေး ဒီ၀င်္ကပါက ကျွန်တော်တို့ကိုလည်း ခြိမ်းခြောက်နိုင်တယ် ကျွန်တော်တို့ အမြန်ထွက်သွားသင့်ပြီ”
ကျန်းချောင်ခေါင်းညိတ်ပြလိုက်၏။ သူ့ပစ်မှတ်မှာ ချူရှင်း ဟုတ်မနေပေ။ ယခုအခါ ချူရှင်း၏ ထွက်ပေါ်လာမှုသည် သူ့အား အံ့ဩသင့်သွားစေခဲ့ပြီး အထူးသဖြင့် ကောင်းကင်နှင့်မြေပြင်နိဗာန အစီအရင်သည် သူ့ကိုပင် ကြောက်လန့်သွားစေခဲ့သည်။
ထို့ကြောင့် သူတို့ချက်ချင်းပင် အပြင်စည်းမြို့မှ ဆုတ်ခွာဖို့ ပြင်ဆင်လိုက်ကြ၏။
ဝုန်းးး!
ထိုစဉ် တိမ်မည်းများကြားထဲမှ နတ်ဘုရားများ အော်ဟစ်လိုက်သလို မိုးခြိမ်းသံကြီး ထွက်ပေါ်လာခဲ့သည်။
ချူရှင်းတစ်ချက်မော့ကြည့်လိုက်သော်လည်း သူ့အမူအရာမှာ တည်ငြိမ်နေဆဲပင်။ တစ်ချက်ကြည့်ပြီးသည်နှင့် သူ့အကြည့်များသည် သူ့အောက်ရှိ မြို့သားများပေါ်သို့ ပြန်ရောက်သွားခဲ့သည်။
ရုန်းကန်နေကြသော တပည့်သောင်းချီကိုကြည့်ပြီး သူ့မျက်လုံးထဲတွင် ကရုဏာသက်သွားသော အရိပ်အယောင်မျိုးပင် ပေါ်ပေါက်လာခဲ့၏။
“အဓိပတိဂိုဏ်း နှစ်ပေါင်းထောင်ချီတည်မြဲဖို့အတွက် မင်းတို့စတေးမှုက အလဟဿဖြစ်မသွားစေရပါဘူး” သူတီးတိုးရေရွတ်လိုက်ပြီး ကိုယ့်ကိုကိုယ်နှစ်သိမ့်လိုက်လေသည်။ ထိုအခါ သူ့မျက်လုံးထဲရှိ သနားနေသည့်အရိပ်အယောင်များ ပျောက်ဆုံးသွားခဲ့ပြီး ဆုံးဖြတ်ချက်ပြတ်သားသည့် အရိပ်အယောင်များသာ ကျန်ရစ်ခဲ့၏။
သူ့လက်ကိုမြှောက်လိုက်ကာ မိစ္ဆာဖိနှိပ်ထီးကို ဆုပ်ကိုင်လိုက်ပြီး စိတ်ဝိညဉ်စွမ်းအားထပ်ထည့်လိုက်ကာ စင်မြင့်ပေါ်ရှိ တပည့်များကို တစ်ချက်တည်းနှင့် သန့်စင်ပစ်ဖို့ ပြင်လိုက်လေသည်။
ရီလန် မြေပြင်ပေါ်တွင် လဲနေရင်း သူ့မျက်လုံးကိုကြိုးစားဖွင့်ထားဖို့ပင် ခက်ခဲလာရ၏။ မိုးကြိုးတိမ်တိုက်များအောက်တွင်ရှိနေသော ချူရှင်း၏ ပုံရိပ်မှာလည်း အတော်လေးကြောက်စရာကောင်းနေခဲ့သည်။
သို့သော် ထိုအခိုက်တွင် သူမြင်နေရသော ပုံရိပ်မှာ ချူရှင်း၏ပုံရိပ် ဟုတ်မနေပေ။
ကုအန် ဤကပ်ဘေးမှ လွတ်မြောက်နိုင်မလားဆိုတာကိုသာ သူစိတ်ပူနေခဲ့မိသည်။
သူ့နှလုံးသားထဲတွင် သူဒီကိုမလာခင် မနေ့က ကုအန်အား အဓိပတိဂိုဏ်းမှ ချက်ချင်းထွက်သွားရန် သတိမပေးခဲ့မိသည်ကို နောင်တရနေခဲ့၏။
ချူရှင်း၏ ယနေ့ခွင့်မလွှတ်နိုင်သောလုပ်ရပ်များအရ သူသည် အနီးတစ်ဝိုက်ရှိ အစေခံတပည့်များကိုလည်း အလွတ်ပေးတော့မည့်ပုံ မပေါ်ပေ။
သူမ၏ကိုယ်ပေါ်တွင် သွေးစီးကြောင်းများသည် ချိန်းကြိုးများကဲ့သို့ ပို၍ပင် အထပ်ထပ်ရစ်ပတ်လာခဲ့သည်။ ထိုသွေးစီးကြောင်းများသည် သူ့အား မြေကြီးထဲသို့ ဆွဲချနေခဲ့သလိုဖြစ်ပြီး သူ့မျက်ခွံများကိုပင် မဖွင့်နိုင်တော့ပေ။
သူ့ခါးရှိ ဝိညဉ်ဖြူဓားမှာလည်း သူသခင်၏ဒုက္ခကို ခံစားမိနေသလိုပင် တဆတ်ဆတ်တုန်ခါနေခဲ့၏။
ထိုစဉ်တွင်
ရီလန်တစ်ခုခုကို အာရုံခံမိသွားပြီး မသိစိတ်ကြောင့် မျက်လုံးများကို ရုတ်ချည်းဖွင့်လိုက်မိသည်။ တိမ်မည်းများကြောင့် ပျောက်ဆုံးနေပြီဖြစ်သော နေရောင်သည် သူ့မျက်နှာပေါ်သို့ ထိုးကျနေခဲ့၏။ သူတင်မဟုတ်ဘဲ အခြားတပည့်များမှာလည်း ထိုအလင်းရောင်ကြောင့် မျက်လုံးများ ပွင့်လာခဲ့ကြသည်။
စင်မြင့်ထောင့်ရှိ လုကျိကျားမှာလည်း မျက်လုံးထောင့်စွန်းမှတစ်ဆင့် ထိုအလင်းရောင်ကို မြင်တွေ့လိုက်ရ၏။ ကောင်းကင်ပေါ်တွင် တိမ်မည်းများသည် ပြင်းထန်သောအားတစ်ခု၏ တွန်းအားကြောင့် လွင့်ထွက်သွားခဲ့ကြပြီး ကောင်းကင်တွင် အလင်းရောင်များ ပြန်လည်ထွက်ပေါ်လာခဲ့သည်။
ကျန်းချောင်နှင့် ခါးကုန်းအကြီးအကဲမှာလည်း လမ်းပေါ်တွင် အမြန်ပြေးလွှားနေရင်း ထိုမြင်ကွင်းကြောင့် ရပ်ကာ ပြန်လှည့်ကြည့်ခဲ့ကြ၏။
မိစ္ဆာဖိနှိပ်ထီး၏ အပေါ်ရှိ ရွှေရောင်အကာအရံအပြင်ဘက်တွင် ဝဲပျံနေသော ဓားတစ်စင်းကို လူတိုင်းတွေ့လိုက်ကြရသည်။ ထိုဓားသည် ဓားချီများဖြင့် ၀န်းရံထားသောကြောင့် ဓားကိုယ်ထည်ကို သေချာမမြင်ရဘဲ သူ၏သေးသွယ်သော ပုံသဏ္ဍာန်ကိုသာ မြင်နေခဲ့ရသည်။
ချူရှင်း သူ့အပေါ်ရှိ ထီးကိုဖယ်ကာ မော့ကြည့်လိုက်ပြီး သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။
“ဘယ်သူလဲ!”
သူ့အသံထွက်ပေါ်လာခဲ့ပြီး ထိုအသံသည်လည်း တင်းမာနေခဲ့သည်။
ထို ဘယ်သူလဲ ဟူသော စကားသည် အပြင်စည်းမြို့ထဲရှိ လူတိုင်းကို မျှော်လင့်ချက်ရှိသွားစေခဲ့ပြီး ကောင်းကင်စင်မြင့်ပေါ်တွင် စည်းပိတ်ခံထားရသော လူတိုင်းသည် ကောင်းကင်ပေါ်သို့ မျှော်လင့်ချက်များ ပြည့်နေသော အကြည့်များဖြင့် မော့ကြည့်နေခဲ့ကြသည်။
ဝုန်းးးး!
ထိုစဉ် လွှမ်းမိုးတတ်သည့်ပုံပေါ်သော ဓားဆန္ဒသည် ကောင်းကင်ရှ်ိ ဓားအရိပ်ထံမှ ပေါက်ကွဲထွက်ပေါ်လာပြီး ရွှေရောင်အကာအကွယ်အလွှာအား စုတ်ဖြဲပစ်လိုက်၏။
ချူရှင်း အမူအရာ ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ သူချက်ချင်း မိစ္ဆာဖိနှိပ်ထီးထဲသို့ စိတ်ဝိညဉ်စွမ်းအားများ ထပ်ထည့်ပစ်လိုက်၏။ ထီးသည် ကြမ်းကြမ်းတမ်းတမ်းယမ်းခါလာခဲ့ပြီး ဓားချီအား ခုခံရန် ကြိုးစားနေခဲ့သည်။
“ဟမ်…”
ချူရှင်းမျက်လုံးများ အံ့ဩမှုကြောင့် ပြူးကျယ်သွားခဲ့ပြီး ဟမ် ဟူသော စကားတစ်လုံးဟာ ပြောနိုင်ခဲ့၏။ ကောင်းကင်မှဆင်းသက်လာသော ဓားအရိပ်သည် ထီး၏အကာအရံကိုဖြတ်၍ မိစ္ဆာဖိနှိပ်ထီး၏ စိတ်ဝိညဉ်စွမ်းအားများကို ဖျက်ဆီးသွားခဲ့ကာ သူ၏အသားကိုပင် ဖောက်ထွက်သွားခဲ့လေသည်။
ကြယ်ကြွေကျသလိုပဲ!
ကောင်းကင်မှကျဆင်းလာသော ဓားရိပ်သည် ကောင်းကင်ပြုပြင်စင်မြင့်ပေါ် ဆင်းသက်သွားခဲ့၏။ သူ့ဓားသွားသည် စင်မြင့်ပေါ်စိုက်၀င်သွားကာ အဆက်မပြတ်တုန်ခါနေခဲ့သည်။ ထိုအခါ ဓားမှ အားကောင်းသော ဓားဆန္ဒများထွက်ပေါ်လာခဲ့ပြီး စင်မြင့်ပေါ်ရှ်ိ သွေးစီးကြောင်းများကို ပျက်ဆီးသွားစေခဲ့ကာ စင်မြင့်ဗဟိုရှိ ကျောက်တိုင်ကြီးကိုပင် တစ်စဆီ ဖျက်ဆီးသွားခဲ့၏။
ဓားဆန္ဒသည် ရီလန့်ကိုလည်း ဖြတ်သွားခဲ့ပြီး သူ့အ၀တ်အစားများကိုပင် လှုပ်ခတ်သွားစေခဲ့ကာ ရီလန် အိပ်မက်ဆိုးမှ ပြန်နိုးထလာရသလို ခံစားလိုက်ရသည်။
စုဟန်နှင့် ကျန်းချင်လည်း ထိုသို့ခံစားလိုက်ရပြီး အမြန်ထရပ်လိုက်ကြ၏။
တပည့်များတစ်ယောက်ပြီးတစ်ယောက် သွေးစီးကြောင်းများမှ လွတ်မြောက်ကာ ထလာခဲ့ကြပြီး စင်မြင့်ဗဟိုရှ်ိ ဓားအရိပ်ကို ကြည့်ရှုနေခဲ့ကြသည်။ ထိုဓားကို သူတို့ကြောက်ရွံ့နေကြခြင်းမဟုတ်ပေ။ ထိုဓားသည် သူတို့၏ ကယ်တင်ရှင်သာ ဖြစ်ပေသည်။
တစ်ချို့မှာတော့ ကောင်းကင်ပေါ်ရှိ ချူရှင်းကို မော့ကြည့်နေခဲ့ကြ၏။ ချူရှင်းသည် လေထဲတွင် မိစ္ဆာဖိနှိပ်ထီးကို ညာလက်ဖြင့်ကိုင်ထားဆဲဖြစ်ပြီး သူ့တစ်ကိုယ်လုံးသည် တုန်ခါနေကာ ဒွာရပေါက်များမှ သွေးများတရဝေါ ယိုစီးကျနေခဲ့ကြသည်။
“ဘာလို့လဲ….” ချူရှင်းအသံသည် တုန်ခါနေခဲ့၏။ သို့သော် သူ့စကားမဆုံးသေးခင်မှာပင် သူ့ကိုယ်ထဲမှ ဓားအလင်းတန်းများပေါက်ကွဲထွက်လာပြီး လေထဲတွင်ပင် ပြာမှုန်များအဖြစ် ပျောက်ကွယ်သွားခဲ့သည်။ သူ၏မူလဝိညဉ်ပင် မကျန်ရှိခဲ့ပေ။
ကောင်းကင်မှာလည်း မှောင်မည်းမနေတော့ဘဲ ဆည်းဆာအချိန်၏ ပုစွန်ဆီရောင်တောက်တောက် အရောင်ကို ထုတ်လွှတ်ပေးနေလေပြီ။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ….သူက ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်လေ..”
ခါးကုန်းအကြီးအကဲ၏ မျက်လုံးများ မယုံကြည်နိုင်မှုနှင့် ကြောက်လန့်မှုကြောင့် ပြူးကျယ်နေခဲ့သည်။
ကျန်းချောင်မှာလည်း သူ့တုန်လှုပ်နေမှုကို မထိန်းချုပ်နိုင်ခဲ့ပေ။ ချူရှင်းသည် နတ်အသွင်ပြောင်းခြင်းအဆင့်အထက်တွင် ရှိနေခြင်းဖြစ်ပြီး ချူရှင်းကို ဓားတစ်ချက်တည်းနှင့် သတ်ဖြတ်ပစ်ဖို့ဆိုလျှင် ထိုပုဂ္ဂိုလ်၏ကျင့်ကြံခြင်းသည် မည်သည့်အဆင့်သို့ ရောက်ရှ်ိနေရမည်နည်း။
သူမအကြည့်သည် ကောင်းကင်မှကျဆင်းလာပြီး ကောင်ကင်ပြုပြင်စင်မြင့်နှင့် ချိတ်ဆက်ထားကာ ကမ္ဘာကြီးတစ်ခုလံုးကို နှစ်ခြမ်းခွဲလိုက်သလို ဖြစ်သွားသော စွမ်းအင်လမ်းကြောင်းကြီးကို ကြည့်မိနေဆဲပင်။
အဲ့တာက ဓားချီပဲ!
ဒီလောက် ကြောက်စရာကောင်းလွန်းနဲ့ ဓားကျင့်ကြံသူမျိုး ဒီကမ္ဘာကြီးထဲမှာ တကယ်ပဲ မွေးဖွားလာခဲ့တာလား…
ထိုအခိုက်တွင် ကျန်းချောင် သူဒဏ်ရာမရခင်က ပါရမီပင်လျှင် သာမန်သာဖြစ်သည်ဟု ခံစားလိုက်ရသည်။ ထိုသို့သော ကျင့်ကြံသူမျိုးနှင့်ယှဉ်ပါက သူ့ပါရမီသည် အမတကမ္ဘာကြီးထဲတွင် ထုတ်ပြောရလောက်အောင်ပင် မတန်သေးပေ။
တတိယတောင်ကြားထဲတွင်
သစ်ပင်ကြီးတစ်ခုအောက်၌ အကြီးအကဲထျန်း အပြင်စည်းမြို့ရှိသည့် အရပ်သို့ ကြည့်ရှုနေခဲ့ပြီး ကောင်းကင်မှ ကောင်းကင်ပြုပြင်စင်မြင့်ထက်သို့ ကျဆင်းလာသော ဓားချီတန်းကြီးကို မြင်တွေ့နေခဲ့ရသည်။
“တစ်သားတည်းဖြစ်ခြင်း….”
အကြီးအကဲထျန်းတစ်ယောက်တည်း ကြားရုံအသံဖြင့် ရေရွတ်လိုက်၏။
တောင်ကြားထောင့်စွန်းရှ်ိ တောင်ထိပ်တစ်ခုပေါ်တွင် ယိယန်မတ်ရပ်နေခဲ့သည်။ ရုတ်တရက် ပြင်းထန်သောလေပြင်းတစ်ချက် တိုက်ခတ်သွား၍ သူ့ဘေးရှိ လှံကိုပင် ဆုပ်ကိုင်ထားလိုက်ရ၏။
ထိုစဉ် အဝေးမှဓားချီတန်းကြီးကို ကြည့်နေရင်း သူ့မျက်လုံးများလည်း ကျဉ်းမြောင်းသွားခဲ့ရသည်။
မိုင်ဒါဇင်အနည်းငယ် အကွာတွင်
ရှန်းကျန် ကမ်းပါးတစ်ခုပေါ်တွင် ရပ်နေခဲ့ကြပြီး သူ့ဂူ၏ အ၀င်၀မှာတော့ သူ့နောက်တွင် ရှိနေခဲ့၏။ လေပြင်းများသည် သူ့၀တ်ရုံနက်နှင့် မျက်နှာပေါ်ရှိ အနက်ရောင်ပုဝါစကိုပင် လှုပ်ခါနေစေခဲ့ပြီး သူ့မျက်နှာလေးပင် တစ်စွန်းတစ်စပေါ်နေခဲ့သည်။
သူ့မျက်လုံးများသည်လည်း အခြားသူများကဲ့သို့ပင် အဝေးရှိ ဓားချီတန်းကြီးကို စိတ်၀င်တစားကြည့်ရှုနေခဲ့၏။
အဓိပတိဂိုဏ်းက ဒီလိုအဆင့်ရှိတဲ့ ဓားသမားမျိုးကို ဖွက်ထားတာပဲ!
စိတ်ဝိညဉ်အခြေတည်အဆင့် ကျင့်ကြံသူများကို သစ်ရွက်များသံုး၍ သတ်ဖြတ်တတ်သော သစ်ရွက်ပျံဓားအင်မော်တယ်ကိုပင် သူမသတိရသွားခဲ့သည်။ ထိုပုဂ္ဂိုလ်၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း ဘယ်သူမှမသိကြဘူး မဟုတ်ပါလား။
ရီလန် စင်မြင့်၏ထောင့်စွန်းတွင် မတ်တပ်ပြန်ရပ်နိုင်သွားခဲ့၏။ သူ့ရှေ့တွင်မူ သောင်းနှင့်ချီသော တပည့်များ ရှိနေခဲ့ကြသည်။ လူအုပ်ကြီးကြောင့် သူ့ရှေ့ရှ်ိ ဓားရိပ်ကို သူမမြင်နိုင်ခဲ့ပေ။ သို့သော် သူ့အကြည့်သည် ခါးပေါ်ရှ်ိ ဝိညဉ်ဖြူဓားပေါ် ရောက်ရှိသွားခဲ့၏။
ဓားသည် အနည်းငယ်တုန်ခါနေဆဲ ဖြစ်ပေသည်။
ထို့ကြောင့် စိတ်ရှုပ်ထွေးသွားသော အရိပ်အယောင်များ သူ့မျက်လုံးထဲတွင် ဖြတ်ပြေးသွားခဲ့၏။
ထိုစဉ် သူ့ရှေ့မှတပည့်များသည် ဓားမှထွက်ပေါ်လာသော အသံကြီးကြောင့် နောက်သို့ ဆုတ်လာခဲ့ကြသည်။ ရီလန်လည်း ထိုအသံကြီးအား ကြားလိုက်ရ၏။
ထိုအသံသည် ဓားတစ်လက်ဖြင့် ကျောက်တုံးကို ထွင်းနေသော အသံမျိုး ဖြစ်ပေသည်။
ရီလန် ရုတ်တရက် ဓားပျံကိုစီးကာ ကောင်းကင်ပေါ်သို့ ပျံတက်ခဲ့လိုက်၏။ ထိုသို့လုပ်သူမှာ သူတစ်ယောက်တည်းတင်မဟုတ်ဘဲ အခြားတပည့်များသည်လည်း မြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်ရစေရန် ကောင်းကင်ပေါ် ပျံတက်ခဲ့ကြသည်။
ထိုအခါ ကောင်းကင်ပေါ်ရောက်ရှိသွားသောလူတိုင်း ၏မျက်လုံးများ ပြူးကျယ်သွားခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် ချူရှင်းကိုသတ်ဖြတ်သွားခဲ့သော ဓားရိပ်သည် လျင်မြန်စွာရွေ့လျားနေခဲ့ပြီး ကျောက်တုံးစင်မြင်ပေါ်တွင် စာလုံးများ ထွင်းနေ၍ ဖြစ်သည်။
စာအုပ်ခန်းမမှ အကြီးအကဲလျူချန်း မျက်ခုံးများတွန့်ကွေးသွားကာ ထိုစာလုံးကို အသံထွက် ဖတ်လိုက်၏။ “လမ်း မှန် ဂိုဏ်း..”
ဓားရိပ်သည် နောက်ဆုံးစာလုံးကိုရေးပြီးသောအခါ ကောင်းကင်ပေါ်ပျံတက်သွားပြီး မိုးကုပ်စက်ဝိုင်းအတွင်းသို့ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့လေသည်။
ကောင်းကင်ပြုပြင်စင်မြင့်ပေါ်ရှိ လူတိုင်းမှာတော့ စင်မြင့်အလယ်ရှိ စာလုံးကြီးနှစ်လုံးကိုသာ ကြည့်ရှုနေခဲ့ကြသည်။
လမ်းမှန်ဂိုဏ်း!
စာလုံးရေးသွားသော ဓားချက်များသည် ကြီးမားကာ ကြမ်းတမ်းလှပြီး အဆုံးစွန်သော ထက်ရှမှုနှင့် သတ်ဖြတ်ခြင်းအရှိန်အဝါများလည်း ပါရှိနေခဲ့၏။
ကျန်းချောင်နှင့် ခါးကုန်းအကြီးအကဲတို့လည်း ထိုဓားလုံးကို အမြန်လာကြည့်ခဲ့ကြပြီး လမ်းမှန်ဂိုဏ်းဟူသော စာလုံးကိုမြင်သောအခါ ရွက်ဝါတစ်ထောင်မျှော်စင်မှ မိစ္ဆာကျင့်ကြံသူနှစ်ယောက် ကြက်သေသေသွားခဲ့ကြရသည်။
ထိုက်ကန်မင်းဆက်၏ လမ်းမှန်ဂိုဏ်းကြီးသည် မိစ္ဆာဂိုဏ်းများသာပြုလုပ်တတ်သော အရာမျိုးကို ပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင် ဆန်းကြယ်သောဓားကျင့်ကြံသူတစ်ယောက် ကြား၀င်လာခဲ့ကာ လမ်းမှန်ဂိုဏ်း ဟု ရေးသွားခဲ့၏။
ထိုအရာသည် ဘာကိုဆိုလိုနေပါသနည်း။
အဓိပတိဂိုဏ်းတွင် ယုတ်ညံ့သောကျင့်ကြံသူများရှိသကဲ့သို့ တရားမျှတမှုကိုမြတ်နိုးသော ကြီးမြတ်သည့်ကျင့်ကြံသူမျိုးလည်း ရှိနေခြင်း ဖြစ်နိုင်ပါသလော။
ကျန်းချောင်အရင်ကတည်းကပင် အဓိပတိဂိုဏ်းကို လမ်းမှန်ဂိုဏ်းဟု တစ်ခါမှ မထင်ခဲ့ဖူးပေ။ သူတို့သည် အပေါ်ယံကောင်းပြပြီး ကမ္ဘာကြီးကိုအရူးလုပ်နေသည်ဟူ၍သာ သူထင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခါတွင်တော့ အဓိပတိဂိုဏ်းသည်လည်း ထိုမျှတော့ မဆိုးပါဘူးဟု ခံစားလိုက်ရ၏။
…..
ဆန်းကြယ်တောင်ကြားရှိ အိမ်ထဲတွင်
ကုအန် စားပွဲတွင်ထိုင်နေရင်း သူ့မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားခဲ့သည်။
တစ်ယောက်ယောက်သည် သူ၏ ချင်းဟုန်ဓားနောက်မှ လိုက်နေခဲ့သောကြောင့် သူဓားကိုပြန်သိမ်းဖို့ အခက်တွေ့နေခဲ့၏။
သူသည် ဓားကို သူ၏ဓားဆန္ဒဖြင့်ထိန်းချုပ်နေခဲ့ခြင်း ဖြစ်ပေသည်။ သူထုတ်လွှတ်လိုက်သော တိုက်ကွက်မှာလည်း သာမန်တိုက်ကွက်မျိုးမဟုတ်ဘဲ ထိုက်ကန်နတ်မင်သက်ဓားသိုင်းမှ ဓားကွက်တစ်ကွက် ဖြစ်၏။
ပေါင်းစည်းခြင်းအဆင့်ကိုရောက်နေတဲ့ ထိုက်ကန်နတ်မင်သက်ဓားသိုင်း!
“မင်းကလိုက်ချင်နေတယ်ဆိုမှတော့ လိုက်ခဲ့ပေါ့ အဓိပတိဂိုဏ်းထဲမှာ သူတို့ခေါင်းကိုချိန်ထားတဲ့ ဓားတစ်လက်ရှိနေတယ်ဆိုတာ သူတို့ကိုပြလိုက်တာပေါ့” ကုအန် ထိုသို့ တွေးလိုက်လေသည်။ ထို့နောက် သူ့စုတ်တံကို ကောက်ကိုင်လိုက်ပြီး အလုပ်နှစ်ခုတစ်ပြိုင်တည်းလုပ်ဖို့ ကြိုးစားခဲ့၏။
ချင်းဟုန်ဓားသည် သူနှင့် မိုင်၆၀၀၀လောက်အကွာတွင်ရောက်ရှိနေပြီဖြစ်ပြီး အကွာအဝေးမှာလည်း ထပ်မံမြင့်တက်လာနေသေးသည်။
တိမ်ပင်လယ်ထက်တွင် ဓားချီများဖြင့် ဖုံးလွှမ်းထားသော ချင်းဟုန်ဓားသည် ပျံသန်းနေခဲ့၏။
ရုတ်တရက် ဓားသည် ရပ်တန့်သွားခဲ့ပြီး တိမ်စိုင်များထက်တွင် ရစ်ဝဲနေခဲ့သည်။
အသက်ရှူကြိမ်သုံးကြိမ်ခန့်ကြာသောအခါ ရွှေရောင်အလင်းတန်းတစ်ခု မိုးကုတ်စက်ဝိုင်းမှ ထွက်ပေါ်လာပြီး ချင်းဟုန်ဓားနှင့် မိုင် ၁၀၀အတွင်းသို့ ချဉ်းကပ်လာခဲ့၏။
ရွှေရောင်အလင်းတန်းပျောက်ကွယ်သွားသောအခါ ထိုထဲမှ အပြာရောင်တာအို၀တ်ရုံကို၀တ်ဆင်ထားပြီး လက်ထဲတွင် မြင်းမြီးနှင်တံတစ်ချောင်းကိုင်ထားသော လူကြီးတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ သူ့ပုံစံသည် အမတတစ်ပါးနှင့်ပင် တူနေသော်လည်း လက်ရှိအချိန်တွင် သူ့မျက်နှာသည် အလွန်လေးနက်နေခဲ့၏။
“မင်းကတကယ်ပဲ ဘယ်သူလဲ
ထိုက်ကန်မင်းဆက်မှာေတာ့ တစ်သားတည်းဖြစ်ခြင်းအဆင့် ဓားကျင့်ကြံသူမရှိဘူး” တာအို၀တ်ရုံပြာနှင့်လူ လေးနက်သော အသံဖြင့် မေးလိုက်သည်။