← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

၆၇)

ဒေါသထွက်နေသော ဒုဂိုဏ်းချုပ်

တာအို၀တ်ရုံပြာ၀တ်လူ၏ အသံသည် တိမ်ပင်လယ်ထက်တွင် ဟိန်းထွက်လာခဲ့ပြီး သူ့အကြည့်များမှာမူ ချင်းဟုန်ဓားပေါ်တွင်သာ ရောက်ရှိနေခဲ့သည်။

သူနတ်အာရံုကိုသံုး၍ စစ်ဆေးကြည့်သော်လည်း ထိုဓားပေါ်မှ ဓားချီများကိုဖောက်၍ ဓား၏မူလပုံစံကို မမြင်နိုင်ခဲ့ပေ။

သူ့ရှေ့မှလူ၏ဓားတာအိုတွင် အောင်မြင်မှုသည် သူတွေ့ခဲ့ဖူးသမျှလူထဲတွင် အသန်မာဆုံးဖြစ်မှန်း သံသယရှိစရာပင် မလိုပေ။

သို့သော် ထိုဓားမှဘာတုံ့ပြန်မှုမှ ထွက်မလာခဲ့ပေ။

တိတ်ဆိတ်နေခဲ့ပြီး ကြည့်ရသည်မှာ ကမ္ဘာကြီးပေါ်တွင် သူနှင့်ထိုသက်မဲ့ဓားနှစ်ချောင်းသာ ရှိသလို ဖြစ်နေခဲ့သည်။

ချင်းဟုန်ဓားထဲရှိ စိတ်ဝိညဉ်စွမ်းအင်အတက်အကျကိုတော့ သူခံစားမိသောကြောင့် ထိုဓားကို တစ်ယောက်ယောက်က ထိန်းချုပ်နေသည်ကိုလည်း သူသေချာသိနေခဲ့၏။ ထို့ကြောင့် သူ့စိတ်များတင်းကြပ်သွားခဲ့ပြီး တိုက်ပွဲတစ်ခုအတွက် ပြင်ဆင်ထားလိုက်လေသည်။

ထိုအခိုက်တွင် ချင်းဟုန်ဓားမှ ဓားဆန္ဒများ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။ ရုတ်ချည်းပင် အရပ်မျက်နှာပေါင်းစုံမှ မိုးကြိုးတိမ်တိုက်များ လိမ့်တက်လာခဲ့ပြီး ကမ္ဘာကြီးတစ်ခုလုံးသည် မှောင်မည်းလာခဲ့သည်။

ကြောက်မက်ဖွယ် ဓားဆန္ဒမှာလည်း တာအို၀တ်ရုံပြာနှင့်လူကို ချိန်ရွယ်ထားသောကြောင့် သူအသင့်ပြင်ထားလိုက်၏။

တိမ်ပင်လယ်ထက်တွင် ထောင်နှင့်ချီသော မိုးကြိုးများ ထွက်ပေါ်လာခဲ့ပြီး ခပ်‌ေဖျာ့‌ေဖျာ့မိုးကြိုးများသည် နဂါးအုပ်လိုက်ကြီးကဲ့သို့ပင် တိမ်ပင်လယ်ထက်တွင် ကခုန်နေခဲ့ကြသည်။ ချင်းဟုန်ဓားပေါ်မှ ဓားချီများမှာလည်း မီးတောက်များကဲ့သို့ပင် ကြမ်းကြမ်းတမ်းတမ်း တောက်လောင်လာခဲ့၏။

တာအို၀တ်ရုံပြာနှင့်လူလည်း ချက်ချင်းပင် သူမြင်းမြှီးနှင်တံကို ဝေ့ယမ်းလိုက်ရာ ကျန်းချီများထွက်ပေါ်လာပြီး သူ့ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတောင်ကြီးတစ်လုံး ဖြစ်တည်လာခဲ့သည်။ ထိုတောင်ထိပ်မှလည်း အသံတိတ်အော်ဟစ်နေဟန်ရသော နတ်ရုပ်ထုများ ထိုးတက်လာခဲ့၏။

တပြက်ပြက်လက်‌ေန‌ေသာ မိုးကြိုးများအောက်တွင် ချင်းဟုန်ဓားသည် မိစ္ဆာဓားတစ်ချောင်းကဲ့သို့ ဓားချီများဖုံးလွှမ်းထားခဲ့ပြီး တာအို၀တ်ရုံပြာနှင့်လူကို ဖိအားပေးနေခဲ့သည်။

ထို့နောက် ချင်းဟုန်ဓား ပျံတက်သွားခဲ့ပြီး ဓားဦးသည် တာအိုဝတ်ရုံပြာနှင့် လူဆီ ဦးတည်နေခဲ့၏။

ထိုအခါ တာအို၀တ်ရုံပြာနှင့်လူ လက်ဝါးတစ်ချက် ရိုက်ချလိုက်လေသည်။ သူ့ကိုယ်မှ ရွှေအလင်းတောင်ကြီးမှ စိတ်ဝိညဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး နတ်ရုပ်များသည်လည်း လက်ဖဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။ ထို့နောက် လက်ဝါးပေါင်းများစွာသည် စုပေါင်းသွားခဲ့ပြီး နဂါးငွေ့တန်းတစ်ခုထဲသို့ ချင်းဟုန်ဓားဆီ ဦးတည်သွားခဲ့သည်။

ချင်းဟုန်ဓား ရွေ့လျားလိုက်၏။

ဝုန်းးး!

ဓားချက်သည် တာအို၀တ်ရုံပြာနှင့် လူဆီရောက်ရှိသွားခဲ့ချေပြီ!

ဓားတစ်ချက်လှုပ်လိုက်သည်နှင့် လေပြင်းများ မိုးကြိုးများ ဟိန်းသံထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးပင် တုန်ခါသွားခဲ့ရသည်။

အေးစက်သော အလင်းတစ်ချက်ကောင်းကင်တွင် လက်သွားခဲ့ကာ ချင်းဟုန်ဓားသည် ကမ္ဘာပေါ်တွင် အမြန်ဆုံးသော အလင်းတစ်ခုကဲ့သို့ အတားအဆီးများကို ဖြတ်၍ ရှေ့သို့ ဦးတည်သွားခဲ့၏။

ဓားချက်နှင့်ထိသောအခါ ရွှေအလင်းမြစ်ကြီးသည် တိုက်ရိုက်ပင် ပြိုကွဲသွားခဲ့ရပြီး တာအို၀တ်ရုံပြာနှင့်လူ ကိုယ်ပေါ်ရှိ ရွှေအလင်းတောင်ကြီးမှာလည်း တစ်စစီဖြစ်သွားခဲ့ရပြီး သူအံ့ဩမင်သက်နေချိန်တွင် နောက်သို့ လွင့်ထွက်သွားခဲ့ရသည်။ သို့သော် သူမပြင်ဆင်ရသေးချိန် နောက်၁စက္ကန့်လောက်အကြာတွင် ဓားသည် သူ့ဆီသို့ အညှာအတာမဲ့စွာ ထပ်လိုက်လာခဲ့ပြန်၏။

သူလက်ဝါးတစ်ချက် ထပ်ထုတ်လိုက်ရာ သူ့ရှေ့ရှိ ဟင်းလင်းပြင်ပင် ခဲသွားခဲ့ပြီး အစိုင်အခဲတစ်ခုဖြစ်ပေါ်သွားကာ ချင်းဟုန်ဓားကို အတင်းတားဆီးလိုက်လေသည်။

ရုတ်တရက်!

တာအို၀တ်ရုံပြာနှင့်လူ၏ အမူအရာပြောင်းလဲသွားခဲ့ပြီး ကြိတ်၍ ကျိန်ဆဲလိုက်မိ၏။

ခလွမ်းးး….

မှန်ကွဲသံထွက်ပေါ်လာပြီး တာအို၀တ်ရုံပြာနှင့်လူ နောက်သို့ ဆုတ်လိုက်ရပြန်သည်။ အချိန်သည် နှေးသွားခဲ့ပုံရပြီး သူ့သူငယ်အိမ်ထဲတွင် သူ့ဆီတဖြည်းဖြည်းကပ်လာသော ချင်းဟုန်ဓား၏ ထိပ်ဖျားကိုမြင်လိုက်ရပြီး သူ့ဓားချီများသည်လည်း ပန်းပွင့်တစ်ပွင့်ကဲ့သို့ တစ်လက်လက်ထနေခဲ့၏။

ဝုန်းးးး!

အားကောင်းသောလေထုတစ်ခု တာအို၀တ်ရုံပြာနှင့်လူ၏ မျက်နှာကိုတိုက်ခတ်သွားခဲ့ပြီး သူ၏ ဆံပင်စည်းထားသောတန်ဆာပင် လွင့်ထွက်သွားခဲ့ကာ အနက်ရောင်ဆံပင်များသည် လေထဲတွင် ကြမ်းတမ်းစွာ ကခုန်နေခဲ့ကြသည်။ သူ့နောက်ရှိ တိမ်ပင်လယ်မှာတော့ တစ်စဆီ ပြိုကွဲသွားခဲ့ရ၏။ ထိုစဉ် သူ့အထက်ရှိမိုးကြိုးတိမ်တိုက်များ ပျောက်ကွယ်သွားပြီး နေအလင်းရောင် ပြန်လည်ထွက်ပေါ်လာခဲ့သည်။

တာအို၀တ်ရုံပြာနှင့်လူ၏မျက်လုံးများ ပြူးကျယ်နေခဲ့ပြီး သူ့ရှေ့တွင် ရစ်ဝဲနေသော ဓားကို စိုက်ကြည့်နေခဲ့မိပြီး ခံစားချက်များ မတည်ငြိမ်နိုင်ဖြစ်နေခဲ့ရသည်။

ထိုဓားသည် သူ့ကိုအမှန်တကယ်ပင် ထိခိုက်နိုင်စွမ်းရှိပါသော်လည်း သူအကာအကွယ်မဲ့သွားသောအချိန်တွင် ရပ်တန့်သွားခဲ့၏။

သူ့အကြည့်အောက်တွင်ပင် ချင်းဟုန်ဓားသည် သူ့ဆီသို့ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။

သူတစ်ခုခုကိုနားလည်သွားပုံဖြင့် ရှောင်ခြင်းမျိုး ပြန်လည်တိုက်ခိုက်ခြင်းမျိုး မလုပ်ရဲတော့ပေ။

ချင်းဟုန်ဓားသည် သူ့ဆီသို့ဆင်းသက်လာပြီး သူ့ရင်ဘတ်ကို သုံးချက် အသာထိသွားပြီးသည့်နောက်တွင်တော့ သူလိုက်နေစဉ်ကထက် ပိုမြန်သော အလျင်ဖြင့် ပြန်လှည့်ထွက်သွားလေတော့သည်။

၀တ်ရုံပြာနှင့်လူဤတစ်ကြိမ်တွင် ထပ်မလိုက်တော့ပေ။ ထိုသို့လိုက်ခြင်းမှာ အဓိပ္ပာယ်မဲ့သောအရာသာဖြစ်ပြီး ထိုလူသည် သူပြိုင်ဘက်ပင် ဟုတ်မနေခဲ့ပေ။

သူ့အမူအရာမှောင်မည်းနေခဲ့ပြီး သူ့ပေါ်ထိုးကျနေသော နေရောင်မှာပင် အလွန်စူးရှနေသလို ခံစားနေခဲ့ရ၏။

….

အိမ်ထဲတွင် ကုအန်စာရေးနေခဲ့၏။ ထိုစဉ် နောက်လက်တစ်ဖက်ကိုမြှောက်လိုက်ပြီး သူ့ဆီပြန်လာသော ချင်းဟုန်ဓားကို ဖမ်းထားလိုက်သည်။

သူချင်းဟုန်ဓားကို တောင်ကြားတစ်ဝိုက်တွင် အကြိမ်အနည်းငယ်ပတ်ခိုင်းခဲ့ပြီး တောင်ကြားရှိတပည့်များ သတိမထားမိသောအခါမှ အိမ်ထဲသို့ ခေါ်ခဲ့ခြင်း ဖြစ်၏။

ခုနကတိုက်ပွဲပြီးသွားကတည်းက ကုအန် သူ့ဓားတာအိုပေါ်တွင် ယုံကြည်မှု မြင့်မားနေခဲ့လေသည်။

ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ချူရှင်းကိုသတ်ဖြတ်ခြင်းသည်သူ့အား သက်တမ်း ၉၃နှစ် ရရှိစေခဲ့၏။ သူခုနရင်ဆိုင်ခဲ့သော တာအို၀တ်ရုံပြာနှင့်လူမှာတော့ တစ်သားတည်းဖြစ်ခြင်းအဆင့်သို့ အခုမှရောက်လာခဲ့ပုံရပြီး သူ့အဆင့်သည် အများဆုံး တစ်သားတည်းဖြစ်ခြင်းအဆင့် ၂ ကိုတော့ မကျော်နိုင်ပေ။ သို့သော်လည်း သူသည်ပင် ထိုက်ကန်နတ်မင်သက်ဓားသိုင်း၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။

သူအရင်က အဆင့်တူခြင်းတိုက်ခိုက်လျှင် သူ၏တိုက်ခိုက်နိုင်စွမ်းသည် အတော်လေးအားနည်းသွားလိမ့်မည်ဟု ထင်ခဲ့မိသော်လည်း သူ့ကိုယ်သူ အထင်သေးမိနေပုံ ပေါ်ပေသည်။

တိုက်ပွဲအတွေ့အကြုံများများစားစား မရှိဘဲနှင့်ပင် ကုအန်၏ မှော်သိုင်းများနှင့် လျှို့ဝှက်သိုင်းများသည် အတော်လေးအစွမ်းထက်လှ‌၏။

သို့သော် သူသိရမည်မှာမည်သူက မှော်သိုင်းများနှင့်လျှို့ဝှက်သိုင်းများကို သက်တမ်းနှစ်ထောင်ချီသုံး၍ ကျင့်ကြံကြမည်နည်း။ ဤကျင့်ကြံခြင်းကမ္ဘာတွင် လူတိုင်းသည် စွမ်းအင်စုပ်ယူခြင်းကိုသာ အဓိကထား၍ ကျင့်ကြံကြခြင်း ဖြစ်ပေသည်။

ဒါပေါ့ ကိုယ့်ထက်အဆင့်နိမ့်သော သူများကို တိုက်ခိုက်ရသည်မှာတော့ အမြဲပို၍ အန္တရာယ်ကင်းနိုင်ပေလိမ့်မည်။

ကုအန် ချင်းဟုန်ဓားကို ဓားအိမ်ထဲပြန်ထည့်သိမ်းလိုက်ကာ စားပွဲတွင် ပြန်တင်ထားလိုက်၏။ ထို့နောက် နတ်အာရုံသုံး၍ ကြီးမြတ်သောကျင့်ကြံသူအတော်များများ ရောက်ရှိနေပြီဖြစ်သော အပြင်စည်းဂိုဏ်းကို တစ်ချက်လှည့်ကြည့်လိုက်သည်။

တပည့်ပေါင်းသောင်းနှင့်ချီ အသက်ရှင်ကျန်ရစ်ခဲ့လေရာ ချူရှင်း၏ အပြစ်များကို ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။ ရီလန်နှင့်အခြားသူများမှာလည်း ယခုအခါတွင် အန္တရာယ်ကင်းနေကြပြီ ဖြစ်၏။

ကြည့်ရသည်မှာ အဓိပတိဂိုဏ်းသည် ထိုမိစ္ဆာသိုင်းကို အချိန်ခဏတော့ စမ်းသပ်ဖို့ ဖြစ်နိုင်တော့မည် မဟုတ်ပေ။

ကုအန် ရေးထားခဲ့သော ကောင်းကင်ပြုပြင်စင်မြင့်ရှိ စာလုံးနှစ်လုံးမှာလည်း ကျင့်ကြံသူများ၏ အာရုံစိုက်စရာ ဖြစ်လာခဲ့‌လေသည်။ ကြီးမြတ်သောကျင့်ကြံသူများသည် ထိုစာလုံးထဲရှိ ဓားဆန္ဒကို အံ့ဩမိနေကြပြီး အပြင်စည်းဂိုဏ်းသားများမှာတော့ ချူရှင်းကို ကျိန်ဆဲနေကြကာ အထက်က ထိုကိစ္စကို စုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆိုနေခဲ့ကြသည်။

ချူရှင်းသည် အပြင်စည်းဂိုဏ်းကို ၀င်္ကပါတစ်ခုနှင့် ဖုံးအုပ်ထားခဲ့သောကြောင့် ဆန်းကြယ်တောင်ကြားထဲရှိ တပည့်များသည် ထိုအဖြစ်အပျက်ကြီးအကြောင်း ဘာမှမသိခဲ့ကြပေ။ အပြင်ရောက်နေသောတပည့်များသည် သူတို့အပေါ်ရှိ တိမ်များပြန့်ကျဲသွားသည်ကိုမြင်တုန်းက တစ်ချက်လောက် ကြည့်ရုံလောက်သာ သတိထားမိခဲ့သည်။

တစ်နာရီခန့်ကြာသောအခါ ဆန်းကြယ်တောင်ကြားပေါ်မှ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ဖြတ်ပျံသွားသောကြောင့် ဆန်းကြယ်တောင်ကြားရှ်ိတပည့်များ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြ၏။

ကုအန်မှာတော့ အိမ်ပေါ်မှဆင်းမလာခဲ့ဘဲ ကိစ္စများကို သတိမထားမိသလိုသာ ဟန်ဆောင်နေလိုက်သည်။

ယနေ့တွင်တော့ အဓိပတိဂိုဏ်းသည် ငြိမ်းချမ်းနိုင်တော့မည် မဟုတ်ပေ။

…..

တစ်ညကုန်ပြီးသည့်နောက် နောက်တစ်နေ့မနက်တွင် ရီလန် စုဟန်နှင့် ကျန်းချင်တို့ ပြန်လာခဲ့ကြ၏။

ကုအန်သူတို့ကို အိမ်ထဲခေါ်တွေ့လိုက်ပြီး ဝူရှင်းနှင့်ရှောင်ချွမ်လည်း သူတို့နှင့်လိုက်လာခဲ့ကြသည်။ ကုအန်သူတို့ကိုလည်း အခန်းထဲ၀င်ခွင့်ပေးလိုက်၏။

ထို့နောက် ကျန်းချင် ယမန်နေ့က အဖြစ်အပျက်အား စတင်ပြောဆိုခဲ့ပြီး ဝူရှင်းနှင့် ရှောင်ချွမ်တို့မှာတော့ ထိုအဖြစ်အပျက်ကြောင့် အံ့ဩတုန်လှုပ်သွားမိခဲ့ကြသည်။

ရီလန်မှာတော့ ပုံမှန်နှင့်မတူဘဲ တိတ်ဆိတ်နေခဲ့ကာ အရင်လို ကုအန်ကိုပင် ကြည့်မနေခဲ့ပေ။ ကုအန် သူထိုသို့ဖြစ်နေရသော အကြောင်းအရင်းကိုခန့်မှန်းမိသော်လည်း သူ့မူမမှန်နေမှုကို မသိချင်ယောင်ဆောင်သာ ဆောင်ထားလိုက်၏။

ကျန်းချင်နှင့်စုဟန်တို့ ဇာတ်လမ်းကိုပြောပြီးသောအခါ ဝူရှင်းဒေါသတကြီး၀င်ပြောလိုက်သည်။ “ကျွန်တော်အရင်ကတည်းက အဓိပတိဂုိဏ်းကို အပြင်လောကကလူတွေထင်နေကြသလို လမ်းမှန်ဂိုဏ်းတစ်ခုမဟုတ်ဘူးလို့ ထင်နေခဲ့တာ ဒါပေမယ့် သူတို့က တပည့်တစ်သိန်းကျော်ကို စတေးလောက်တဲ့အထိ အရှက်မဲ့လိမ့်မယ်လို့တော့ ထင်မထားခဲ့ဘူး ရွက်ဝါတစ်ထောင်မျှော်စင်တောင် အဲ့ဒီလိုနှလုံးသားမဲ့တဲ့ လုပ်ရပ်မျိုးကို မလုပ်ခဲ့ဖူးဘူး”

ရှောင်ချွမ်လည်း စိတ်တိုသွားခဲ့ပြီး ဤနှစ်များအတွင်း ဆန်းကြယ်တောင်ကြားရင်ဆိုင်ခဲ့ရသော မိစ္ဆာကျင့်ကြံသူများအကြောင်းတွေးမိကာ အံကြိတ်လိုက်ပြီး ပြောလိုက်၏။

“စီနီယာအစ်ကိုကြီး ကျွန်တော်တို့ဘာလို့ အခြားဂိုဏ်းကိုမပြောင်းရမှာလဲ အခြား‌တစ်နေရာရာမှာ အပင်စိုက်တယ်ဆိုတာကလည်း အပင်စိုက်တာပဲလေ”

ကုအန်သူ့အား တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“အဓိပ္ပာယ်မရှိတာ အနာဂတ်မှာဒီလိုစကားတွေကို လျှော့ပြော ဘာပဲဖြစ်ဖြစ် ဒီကိစ္စကနှောင့်ယှက်ခံလိုက်ရတာပဲလေ အဓိပတိဂိုဏ်းထဲမှာလည်း လမ်းမှန်တဲ့လူတွေရှိနေပါသေးတယ်”

ကုအန် သူ၏ဤနေရာရှိ အခြေခံအုတ်မြစ်များနှင့် မခွဲခွာလိုပေ။ အထူးသဖြင့် သဘာ၀ဂူ၈လုံး ဖြစ်၏။

“ဗဟိုမြို့တော်ထဲမှာတော့ တရားမျှတမှုကိုလိုလားတဲ့ ကြီးမြတ်တဲ့ကျင့်ကြံသူတွေ ရှိနေကြပါသေးတယ် သူတို့က အပြင်စည်းဂိုဏ်းသားတွေကို ဒီကိစ္စအတွက် ဖြေရှင်းချက်သေချာပေါက်ပေးမယ်လို့ ပြောထားတယ် သူတို့ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲ ကြည့်ကြတာပေါ့

မနေ့ကအဖြစ်အပျက်ကကြီးလွန်းတယ် အဲ့တာက အမတကမ္ဘာကြီးတစ်ခုလုံးမှာ ပျံ့နှံ့သွားမှာပဲ နှုတ်ပိတ်ထားဖို့ မဖြစ်နိုင်ဘူး” ရီလန် ကုအန်ကို မကြည့်ဘဲ ပြောလိုက်သည်။

စုဟန်လည်း တစ်ခုခုကို ရုတ်တရက်သတိရသွားပုံဖြင့် ပြောလိုက်၏။ “ဆရာဦးလေးလု အပြင်းအထန်ဒဏ်ရာရသွားတယ် သူအသက်ရှင်နိုင်ခဲ့ရင်တောင် ကျွန်တော်ကြောက်မိတာက….”

ကုအန်လည်း မနေ့က လုကျိကျား၏ဆိုးဝါးသော အခြေအနေကို မြင်ခဲ့ပြီး ဖြစ်သည်။ သို့သော် သူလည်းထိုကိစ္စကို မကယ်တင်နိုင်ပေ။ လုကျိကျား၏ ကျင့်ကြံခြင်းသည် ကျဆင်းသွားခဲ့ပြီဖြစ်ပြီး အကယ်၍ သူအသက်ရှင်ခဲ့လျှင်တောင် ဒုက္ခိတတစ်ယောက်သာ ဖြစ်သွားမည်ဖြစ်ပြီး နောက်ထပ်‌ကျင့်ကြံဖို့မှာ ခက်ခဲသွားပေလိမ့်မည်။

ဝူရှင်း၏ တာအိုကျယ်ပြန့်ကျင့်စဉ်က ထိုကိစ္စကို ကူညီနိုင် မကူညီနိုင်တော့ သူလည်းမသိပေ။

“သူ့ကိုပြောလိုက်ပါ သူသာစိတ်မရှိရင် ဆန်းကြယ်တောင်ကြားကိုလာပြီး ငါ့ကိုလာရှာနိုင်ပါတယ် ငါတို့ပန်းပင်တွေအတူတူစိုက်ကြပြီး ဘ၀ကို အတူတူငြိမ်းငြိမ်းချမ်းချမ်းဖြတ်သန်းကြမယ်” ကုအန် သက်ပြင်းချလိုက်၏။

လုကျိကျားအကြောင်းပြောလိုက်ခြင်းကြောင့် အခန်းထဲရှိ လေထုသည် တင်းကြပ်သွားခဲ့ရသည်။

“ကောင်းပြီ မင်းတို့အားလုံးထွက်သွားလို့ရပြီ အစ်ကိုကြီး ဂျူနီယာညီမလေးရီနဲ့ စကားပြောလိုက်ဦးမယ်” ကုအန် လက်ကာပြလိုက်၍ ပြောလိုက်၏။

ထို့နောက် လူတိုင်းကုအန်ကို အရိုအသေပေး၍ ထွက်သွားခဲ့ကြသည်။

ကျန်းချင် အလိုက်သိစွာ တံခါးပြန်ပိတ်ပေးခဲ့ပြီး တံခါးမပိတ်ခင်တွင် ကုအန်ကို ပြုံးစိစိကြည့်သွားခဲ့ရာ ကုအန်ပင် ပြုံးမိသွားခဲ့ရ၏။

အခန်းသည် တိတ်ဆိတ်သွားခဲ့သည်။

ရီလန်၏ အသက်ရှူသံပုံမှန်ဟုတ်မနေသည်ကို ကုအန်ခံစားမိခဲ့၏။ သူတစ်ချက်ပြုံးလိုက်ကာ ပြောလိုက်သည်။

“ဂျူနီယာညီမလေး ကြောက်နေတုန်းမဟုတ်လား ဆန်းကြယ်တောင်ကြားမှာ ရက်နည်းနည်းလောက်အနားယူလိုက်ရင်ရော ဘယ်လိုလဲ”

ရီလန်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ကုအန်ကိုလှည့်ကြည့်ပြီး ပြောလိုက်သည်။

“ညီမလေးတကယ်ပဲထိတ်လန့်သွားခဲ့ရပေမယ့် ကြောက်တာတော့မဟုတ်ပါဘူး အစ်ကိုကြီးပြောခဲ့တာကို ညီမလေးရုတ်တရက်နားလည်သွားခဲ့တယ် ညီမလေးတကယ်ကိုရူးခဲ့တာပဲ အမတကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်သင့်တယ် ညီမလေးတို့တောတောင်တွေထဲမှာ ပုန်းနေရင်တောင် မနေ့ကလို မိစ္ဆာကောင်မျိုးနဲ့တွေ့ခဲ့ရင် ဘာမှတုန့်ပြန်နိုင်စွမ်းမရှိဘဲ ညီမလေးတို့နှစ်ယောက်လုံးအတွက် ဆိုးဝါးတာတွေပဲ ဖြစ်လာစေလိမ့်မယ်”

ထိုစကားကိုကြားသောအခါ ရီလန်သူ့ကိုယ်သူဖိအားအများကြီး ပေးမိနေမှာကို စိတ်ပူသွားမိသည်။

“ဂျူနီယာညီမလေး အများကြီးမတွေးပါနဲ့ ကျင့်ကြံခြင်းမှာ ကြိုးစားတာက ကောင်းပါတယ် ဒါပေမယ့် မနေ့ကလိုအန္တရာယ်အဖြစ်အပျက်မျိုးကတော့ ရှားပါတယ်” ကုအန် လေးလေးနက်နက်အကြံပေးလိုက်၏။

ရီလန်ခေါင်းညိတ်ပြကာပြောလိုက်သည်။ “မနေ့က လာသတိပေးခဲ့တဲ့ ကြီးမြတ်တဲ့ကျင့်ကြံသူက ဘယ်သူလဲမသိပေမယ့် ညီမလေး သူ့ဆီက သင်ယူနိုင်ခဲ့တယ် ညီမလေးလည်းသူ့လိုစွမ်းအားကြီးလာတဲ့အချိန်ကျရင် ညီမလေးအစ်ကိုကြီးဘေးမှာ ရှိနေပေးမယ်”

သူမကုအန်ကို ပြုံး၍ ကြည့်လိုက်ဧ။။်

သူမပုံမှန်ပုံစံအတိုင်းပြန်ဖြစ်သွားတာကို မြင်မှသာ ကုအန်လည်း ပြုံးနိုင်သွားခဲ့သည်။

မကြာခင်တွင် ရီလန် မိစ္ဆာသုတ်သင်ခန်းမအကြောင်း ပြောပြခဲ့၏။ ထိုခန်းမမှာ ဂိုဏ်းသားတိုင်းနီးပါးသည် ကျင့်ကြံခြင်းပျက်ဆီးသွားခဲ့ကြရပြီး ဗဟိုမြို့တော်ကလည်း မိစ္ဆာသုတ်သင်ခန်းမကို စုံစမ်းဖို့ ပြင်ဆင်နေခဲ့သည်။ ရီလန် ရခဲ့သော သတင်းများအရ ထိုအဖြစ်အပျက်သည် ဗဟိုမြို့တော်ရှိ အကြီးအကဲခန်းမကိုပင် လှုပ်ခတ်သွားစေခဲ့သည်ဟု ဆိုခဲ့၏။

…..

နှစ်ရက်ကြာသောအခါ

တတိယတောင်ကြားထဲတွင်

ကုအန်ဆေးပင်များကို စစ်ဆေးနေရင်း ရုတ်တရက် တည်ရှိမှုနှစ်ခုကို အာရုံခံလိုက်မိသည်။ သို့သော် သူလှည့်မကြည့်ဘဲ ဆက်၍သာ ဆေးပင်ခူးနေခဲ့၏။

မကြာခင်တွင် ကုကျုံး လူတစ်ယောက်နှင့်အတူ ရောက်ရှိလာခဲ့လေသည်။ ထိုလူသည် ကုအန်နှင့်ယမန်နေ့က တိုက်ခိုက်ခဲ့သော တာအို၀တ်ရုံနှင့်လူမှလွဲ၍ အခြားမဟုတ်ခဲ့ပေ။

“ကုအန် ဒီကိုလာဦး” ကုကျုံးအဝေးကြီးမှ လှမ်းခေါ်လိုက်၏။

ကုအန် သူတို့ဆီ အမြန်လျှောက်သွားလိုက်ရင်း သက်တမ်းစစ်ဆေးခြင်းကိုသုံး၍ စစ်ဆေးကြည့်လိုက်သည်။

နတ်အာရုံဖြင့်လည်း လူတစ်ယောက်ကိုစစ်ဆေးနိုင်သော်လည်း သက်တမ်းစစ်ဆေးခြင်းဖြင့် စစ်ဆေးခြင်းမှာတော့ ပို၍ သေချာပေသည်။

[ကျိဟန်ထျန်း(တစ်သားတည်းဖြစ်ခြင်းအဆင့်၁): ၇၈၀/၃၃၀၀/၃၅၀၀]

တကယ်ကို တစ်သားတည်းဖြစ်ခြင့်အဆင့်၁ပဲ!

နောက်ပြီး သူ့မျိုးရိုးနာမည်ကလည်း ကျိတဲ့လား!

အရင်က ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ရှိသော ကျိ မျိုးရိုးနာမည်နှင့်လူကို သူတွေ့ဖူးသော်လည်း အခုတွင်တော့ တစ်သားတည်းဖြစ်ခြင်းအဆင့် ကျိမျိုးရိုးတစ်ယောက်လည်း ဂိုဏ်းထဲတွင် ပုန်းနေသည်ကို သိလိုက်ရလေသည်။

ကျိမိသားစု အုတ်မြစ်က တကယ်ကိုကြောက်စရာပဲ!

ကုအန် ကုကျုံးဆီသွားလိုက်ကာ လက်သီးဆုပ်၍ အရိုအသေပေးလိုက်၏။

ကုကျုံးပြုံးကာ ပြောလိုက်သည်။ “ကုအန် ဒါကဒုဂိုဏ်းချုပ်ပဲ သူကကျိမိသားစုက”

ထိုစကားကိုကြားသောအခါ ကုအန် ကျိဟန်ထျန်းအား ချက်ချင်းနှုတ်ဆက်လိုက်၏။

ကျိဟန်ထျန်းခေါင်းညိတ်ပြလိုက်ကာ ပြုံး၍ ပြောလိုက်သည်။ “ထုံးစံတွေမလိုပါဘူး အထူးသဖြင့်မင်းကလည်း ကျိမိသားစုကလာခဲ့တာမဟုတ်လား အပေါ်ထပ်ကို သွားပြောကြတာပေါ့”

ကုအန် ချက်ချင်းပင် ရှေ့မှဦးဆောင်၍ ခေါ်သွားလိုက်၏။

အပေါ်ထပ်သို့ရောက်သောအခါ ကုအန် တံခါးကိုပိတ်လိုက်ပြီး ကုကျုံးကလည်း စည်းတံဆိပ်တစ်ခု ချက်ချင်းချခဲ့လိုက်သည်။

ထိုစဉ် ရုတ်တရက် ကျိဟန်းထျန် စားပွဲကိုရိုက်ချလိုက်ပြီး ဒေါသတကြီး အော်ပြောလိုက်၏။

“ဒါက လုံး၀ကို သိက္ခာမဲ့တာပဲ ဥပဒေမဲ့လွန်းတယ် ဖန်းအန် မင်းဒီကိစ္စကိုရေးပြီး အဓိပတိဂိုဏ်းရဲ့အပြစ်တွေကို ကမ္ဘာတစ်ခုလုံးသိအောင် ထုတ်ဖော်ပစ်ရမယ်”

အပိုင်း(၆၈)

ဖန်းအန်ကို ရှာဖွေခြင်း

ငါ့ကိုရေးခိုင်းနေတာလား!

ကျိဟန်ထျန်း ဘာကြောင့်စိတ်တိုနေရသလဲဟူသော အကြောင်းပြချက်ကို သေချာမသိသေးသောကြောင့် ကုအန် ဘာမှပြန်မတုန့်ပြန်ရဲခဲ့ပေ။

တကယ်လို့ ကျိဟန်ထျန်းက သူ့ကိုထိုအကြောင်းရေးစေချင်တယ် ဆိုလျှင်လည်း သူလုံး၀ ရေးပေးလိမ့်မည်မဟုတ်ပေ။

“ခင်ဗျားဘာလို့ အဲ့လောက်အသံကျယ်နေတာလဲ”

ကုကျုံးမကျေနပ်ဟန်ဖြင့်ပြောလိုက်ပြီး ခုံတွင်၀င်ထိုင်လိုက်ကာ ကုအန်ကိုလည်း သူ့ဘေးတွင်ထိုင်ခိုင်းလိုက်သည်။ ကုအန်လည်း ခေါင်းညိတ်ပြလိုက်ပြီ ကုကျုံးဘေးရှိခုံတွင် ၀င်ထိုင်လိုက်၏။

ကျိဟန်ထျန်း စိတ်ထိန်းလိုက်ပြီး ပြောလိုက်သည်။

“ဂိုဏ်းသားတစ်သိန်းကျော်ကို အစီအရင်တည်ဆောက်ဖို့သုံးတာမျိုးက လမ်းမှန်ဂိုဏ်းတစ်ဂိုဏ်းလုပ်ရမယ့် ကိစ္စမျိုးလား တကယ်လို့ အဲ့ဒီဓားကျင့်ကြံသူသာ ၀င်သတိမပေးခဲ့ရင် ငါဘာမှတောင်သိလိုက်ရမှာ မဟုတ်ဘူး”

သူသည် အမှန်တကယ်ကိုထိုကိစ္စနှင့်ပတ်သက်ပြီး စိတ်တိုနေခဲ့ခြင်း ဖြစ်ပေသည်။

ထိုအချိန်က ဂိုဏ်းတွင် အားကောင်းသောဓားဆန္ဒတစ်ခုကို အာရုံခံလိုက်မိ၍ သူမိုင်ပေါင်းသောင်းနှင့်ချီအကွာတွင် တံခါးပိတ်ကျင့်ကြံနေရင်း ထွက်လာခြင်း ဖြစ်၏။ သို့သော် သူဂိုဏ်းသို့ရောက်သောအခါ ချူရှင်းကို မကယ်တင်နိုင်ခဲ့ဘဲ ဂိုဏ်းသားများ၏ ဆဲဆိုနေသံများကိုသာ ကြားလိုက်ရပြီး ထိုကိစ္စကိုသူသိသွားသောအခါ သူအတော်လေး ဒေါသထွက်သွားခဲ့ရသည်။ ထိုအချိန်ကတည်းက တန်းမဖြေရှင်းခဲ့သည်မှာ ဓားကျင့်ကြံသူအကြောင်းပိုစိတ်၀င်စားမိ၍ လိုက်သွားခဲ့ခြင်း ကြောင့်ဖြစ်၏။

အံ့ဩသင့်စရာကောင်းသည်မှာ ပြိုင်ဘက်ကို သူအလွယ်တကူပင် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပေသည်။

သူတစ်သားတည်းဖြစ်ခြင်းအဆင့်သို့ ရောက်ရှိသွားကတည်းက ထိုက်ကန်မင်းဆက်တွင် စိတ်ကြိုက်‌လှည့်လည်သွားလာကာ အရှုံးဟူသော ခံစားချက်ကိုလည်း မခံစားဖူးတော့ပေ။ သူ့ကိုစိန်ခေါ်နိုငိသည်မှာလည်း သေခါနီး အသက်ဆွဲဆန့်ထားကြ‌ေသာ မွန်းစတားအိုကြီးများသာ ကျန်တော့၏။ ထို့ကြောင့် သူအရှုံးကို မခံစားရသည်မှာ အတော်လေး ကြာခဲ့ပြီ ဖြစ်သည်။

သို့သော် ယခုအခါတွင်တော့ ထိုဓားကျင့်ကြံသူသည် သူ့ကိုကူညီသွားရုံသာမက အရှုံးကိုလည်း ပြသပေးသွားခဲ့၏။

“တကယ်လို့ အဲ့ဒီလူသာဝင်မစွက်ဖက်ဘဲ ငါလည်းသတိမထားမိခဲ့ဘူးဆိုရင် အဲ့ဒီအပြင်စည်းဂိုဏ်းမှာ ဖြစ်တဲ့ကိစ္စကို မိစ္ဆာလမ်းစဉ်က ဂိုဏ်းတွေအပေါ် အပြစ်ပုံချကြတော့မှာမဟုတ်လား” ကျိဟန်ထျန်း ကုကျုံးကိုစိုက်ကြည့်၍ မေးလိုက်သည်။

ကုကျုံးအနည်းငယ်သာ ပြုံးလိုက်ပြီး ဘာမှပြန်မဖြေခဲ့ပေ။ သို့သော် သူ့အဖြေမှာရှင်းလင်း၏။

ထို့နောက် ကျိဟန်ထျန်း ကုအန်ကိုကြည့်ကာ ပြောလိုက်သည်။

“မင်းလွန်ခဲ့တဲ့ ၃ရက်ကဖြစ်ခဲ့တဲ့ကိစ္စအားလုံးကို ရေးကိုရေးရမယ် မိစ္ဆာသုတ်သင်ခန်းမရဲ့ ဆိုးသွမ်းယုတ်ညံ့တဲ့လုပ်ရပ်တွေရော အပြင်စည်းဂိုဏ်းရဲ့ကပ်ဘေးကို ကယ်တင်ခဲ့တဲ့ ဓားကျင့်ကြံသူအကြောင်းကိုရောပဲ ၀င်စွက်ဖက်ခဲ့တယ်ဆိုကတည်းက အဲ့ဒီလူကလည်း အဓိပတိဂိုဏ်းကပဲလို့ ယူဆလို့ရတယ်

သူဝင်ပါလိုက်လို့သာ အဓိပတိဂိုဏ်းရဲ့ ပုံရိပ်ကို ထိန်းထားနိုင်ခဲ့တာ အနည်းဆုံးတော့ ဂိုဏ်းတစ်ခုလုံးက မိစ္ဆာဂိုဏ်းဖြစ်နေတာလို့ နာမည်အတပ်မခံရတော့ဘူးပေါ့”

ထိုလူသူ့ကို ချီးကျုးနေသော်လည်း ကုအန် ကျေနပ်မနေခဲ့ပေ။

ကုအန် ပြန်မ‌ေပြာဘဲ တစ်ခုခုကိုတွန့်ဆုတ်နေချင်ယောင် ဆောင်နေခဲ့လိုက်၏။

ကျိဟန်ထျန်း မျက်မှောင်ကြုံ့သွားကာ မေးလိုက်သည်။ “ဘာလဲ မင်းကမရေးချင်ဘူးလား”

ကုကျုံး ၀င်ပြောလိုက်၏။ “အဲ့ဒီလိုအဓိကကိစ္စကြီးမျိုးကို သူရေးလိုက်ရင် လူပေါင်းများစွာကို စော်ကားမိသလိုဖြစ်မှာပေါ့ ခင်ဗျားကသူ့ကို တစ်ခါလောက်တောင်းဆိုပြီး ဒုက္ခတွင်းထဲဆွဲပို့နေတာကိုး အဲ့တာတောင် ဘာလို့လဲ လို့မေးရဲနေသေးတယ်”

ထိုအခါမှသာ ကျိဟန်ထျန်းအခြေအနေကိုသတိထားမိသွားပြီး ရှက်ရွံ့သွားခဲ့လေသည်။

ကုအန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြောလိုက်၏။

“ကျွန်တော်လည်း အဓိပတိဂိုဏ်းအတွက် အလုပ်လုပ်ပေးချင်ပါတယ် ဒါပေမယ့်…”

ကုကျုံးပြုံးကာ မေးလိုက်သည်။ “မင်းဘာလိုချင်တာလဲ ပြောသာပြောလိုက်ပါ”

ကျိဟန်ထျန်းမျက်မှောင်ကြုံ့သွားသော်လည်း တိတ်ဆိတ်၍သာ နေခဲ့၏။

“ကျွန်တော့်ဆေးတောင်ကြားကို တိုးချဲ့ချင်ပါတယ် အထူးသဖြင့် တတိယတောင်ကြားကိုပါ ကျွန်တော့်ကို မိုင်၁၀၀လောက် တိုးချဲ့ခွင့်ပြုပါ အဲ့ဒီမှာကျွန်တော်က ဆေးပင်တွေထပ်စိုက်မှာမလို့ပါ ဂိုဏ်းကိုထောက်ပံ့မယ့် ဆေးပင်တွေကတော့အရင်လိုပဲ ပေးပါ့မယ် ကျွန်တော်လောဘမကြီးပါဘူး” ကုအန် လေးလေးနက်နက်ပြောလိုက်သည်။

ထိုစကားကိုကြားသောအခါ ကျိဟန်ထျန်းမမေးဘဲ မနေနိုင်တော့ပေ။ “အဲ့တာပဲလား မင်းအဲ့ထက်ပိုပြီးတောင်းဆိုလို့ရတယ်မဟုတ်ဘူးလား”

သူထင်ခဲ့သည်မှာ ကုအန်သည်တန်ဖိုးကြီးသော အပေးအယူတစ်ခုလုပ်တော့မည်ဟုထင်ခဲ့သော်လည်း ထိုကဲ့သို့ကိစ္စသေးသေးလေးကိုသာ တောင်းဆို‌ခဲ့၏။

ကုအန်ခေါင်းညိတ်ကာပြောလိုက်သည်။

“ကျွန်တော်အဲ့တာပဲ လိုချင်ပါတယ် ကျွန်တော့်သာမန်ပါရမီနဲ့ဆိုရင် ရတနာတွေ ကျင့်စဉ်တွေရှိနေတာက ပြဿနာတွေကိုပဲဖြစ်လာစေမှာပါ ဆေးပင်စိုက်ပျိုးရတာကတော့ ကျွန်တော့်ဝါသနာပါ အဲ့တာက ကျွန်တော့်ကိုစာရေးတဲ့နေရာမှာ အထောက်အကူပြုပြီး ဂိုဏ်းကိုလည်းအကျိုးပြုနိုင်တယ်လေ”

ကျိဟန်ထျန်း ကုကျုံးကို ကြည့်လိုက်မိ၏။

ကုကျုံးရယ်မောကာ ပြောလိုက်သည်။ “သူ့ကိုအထင်မသေးနဲ့ အဲ့တာကတကယ်ကြီး သူတွေးတဲ့အရာပဲ မင်းကဖန်းအန်ရဲ့ ဂုဏ်သတင်းကိုသတိမထားမိလို့ပါ နောက်နေ့တွေရှာဖတ်ကြည့်လိုက် သူသာပြောရင် အကြီးအကဲခန်းမက သူ့ကို တပည့်ရင်းအဖြစ်ရာထူးတိုးပေးဖို့ ၀န်လေးနေမှာ မဟုတ်ဘူး”

“အို သူ့စာအုပ်တွေက အဲ့လောက်တောင်စွမ်းအားကြီးတယ်လား”

“နတ်ဘုရားတို့၏ ရာထူးများကို တစ်ချက်ဖတ်ကြည့်လိုက် မင်းကြိုက်သွားမှာသေချာတယ်”

“ကောင်းပြီလေ ငါအခုပဲဆုံးဖြတ်ပေးလိုက်မယ် မင်းကိုနောက်ထပ် မိုင်၁၀၀ ထပ်ပေးမယ် အဲ့ဒီမှာ မင်းစိုက်ချင်တာစိုက်လို့ရတယ် နောက်ပြီး အဆင့်၆ စိတ်ဝိညဉ်အကာအကွယ်၀င်္ကပါတစ်ခုလည်း ရမယ် ဒီကိစ္စကို ကုကျုံးက ကိုင်တွယ်လိုက်”

ကုကျုံးပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

ကုအန်လည်း အမြန်လက်သီးဆုပ်ကာ ကျေးဇူးတင်စကား ပြောလိုက်လေသည်။

ဤကိစ္စအပေါ် ဂိုဏ်းချုပ်အမြင်ကိုလည်း သိချင်၍ မေးမြန်းရာ ကျိဟန်ထျန်းသည် ထေ့ငေါ့သည့်လေသံဖြင့် သူကလံုး၀ကိုမသိချင်ယောင်ဆောင်နေတယ် လို့ပြောခဲ့၏။

ဂိုဏ်းချုပ်နဲ့ ဒုဂိုဏ်းချုပ်တို့က အစေးမကပ်ကြဘူးပဲ!

တစ်ချိန်တည်းမှာပင် ကျိဟန်ထျန်းသည် အကြီးအကဲထျန်းဟုကုအန်တို့သိ‌ေသာ လုပိုင်ထျန်းနှင့်ပတ်သက်သည့် မကျေနပ်ချက်များကိုလည်း ပြောခဲ့ပြန်သည်။

ကြည့်ရသည်မှာအကြီးအကဲထျန်းသည် သူ၏အသွင်အပြင်ကိုပါ ပြောင်းလဲပစ်လိုက်သောကြောင့် ကျိဟန်ထျန်းသူ့အား မှတ်မိပုံမပေါ်ပေ။

ထိုအခါမှသာ အကြီးအကဲထျန်းသည် အမှန်တကယ်ပင် ကျင့်ကြံခြင်းဖောက်ပြန်သွားခြင်းဖြစ်မှန်း ကုအန် ယုံကြည်သွားခဲ့ရသည်။ အကြီးအကဲထျန်းဂိုဏ်းချုပ်အဖြစ်ရှိနေစဉ်က သူသည် တံခါးပိတ်ကျင့်ကြံရခြင်းကို ကြိုက်နှစ်သက်ပြီး ဂိုဏ်းကိစ္စများကို ကိုင်တွယ်ပေးသည်မှာ ရှားပါးလှသောကြောင့် သူ့နာမည်သည် အလွဲသုံးစားလုပ်ခံခဲ့ရ၏။ ဤသို့ဖြင့်နောက်ဆုံးတွင် သူကျင့်ကြံခြင်းဖောက်ပြန်သွားပြီး ဂိုဏ်းက အကြီးအကဲချူထျန်းချီကို ဂိုဏ်းချုပ်အဖြစ် ရွေး‌ေကာက်တင်မြှောက်ခဲ့လေသည်။

အကြီးအကဲကျိဟန်ထျန်း၏စကားအရ သူအကြီးအကဲထျန်းကို သေနေပြီဟု ထင်ထားခြင်းဖြစ်မှန်း သိသာလှ၏။

ထိုအရာကြောင့် ကျိဟန်ထျန်းနှင့်ကုကျုံးတို့ ဆက်ဆံရေးကို ကုအန် သံသယဖြစ်သွားခဲ့ရသည်။

တစ်နာရီခန့်ကြာမှသာ ကျိဟန်ထျန်းနှင့်ကုကျုံးတို့ ထွက်ခွာသွားခဲ့ကြသည်။

ကုအန်မြက်ခင်းပေါ်တွင်ရပ်နေရင်း ထွက်ခွာသွားသော သူတို့ပုံရိပ်ကို ကြည့်နေခဲ့၏။

ထိုစဉ် အကြီးအကဲထျန်းသူ့နားကပ်လာပြီး စိတ်၀င်တစားမေးလိုက်သည်။ “အပြင်စည်းဂိုဏ်းမှာ ပြဿနာတစ်ခုခုရှိလို့လား”

ကုအန်ခေါင်းညိတ်ပြလိုက်ကာ အခြေအနေကိုရှင်းပြလိုက်ရာ အကြီးအကဲထျန်း မျက်မှောင်ကြုံ့သွားခဲ့ရသည်။

“အကြီးအကဲထျန်း ခင်ဗျားရောဘယ်လိုထင်လဲ အဓိပတ်ဂိုဏ်းက လမ်းမှန်ဂိုဏ်းလား မိစ္ဆာဂိုဏ်းလား” ကုအန် ထိုင်ချလိုက်ကာ သူ့ရှေ့ရှိ ဆေးပင်ကိုစစ်ဆေးလိုက်ရင်း ပုံမှန်လေသံဖြင့် မေးလိုက်၏။

အကြီးအကဲထျန်းတုံ့ပြန်လိုက်သည်။ “သူတော်ကောင်းနဲ့မိစ္ဆာကြားက စည်းကိုအတိအကျအဓိပ္ပာယ်သတ်မှတ်ဖို့ မလွယ်ပါဘူး သူတော်ကောင်းနဲ့မိစ္ဆာအကြောင်းဆွေးနွေးခြင်းက လက်ရှိအခြေအနေတွေမှာ မူတည်မနေသင့်ဘူး အနာဂတ်မှာပဲ နောင်လာနောင်သားတွေက ဆုံးဖြတ်ပေးသင့်တယ်”

ထိုစကားလုံးများ…

အဓိပတိဂိုဏ်းသည် ထိုမျှ ကောက်ကွေးနေရခြင်းမှာ အံ့ဩစရာတော့ မဟုတ်တော့ပေ။

ကုအန်ဘာမှထပ်မမေးတော့ဘဲ အကြီးအကဲထျန်းကိုလည်း ထပ်နှောက်ယှက်မနေတော့ပေ။

သူမိုင်တစ်ရာအပြည့် ဆေးပင်များမည်သို့စိုက်ပျိုးရမလဲဟူသော ကိစ္စကိုသာ အစီအစဉ်စဆွဲနေခဲ့၏။ ရှန်းကျန်မှလွဲ၍ အနာဂတ်တွင် အချင်းများမှုများ မဖြစ်ပွားရ‌ေအာင် ဤနားတစ်ဝိုက်ရှိ အတွင်းစည်းဂိုဏ်းသားဂူများကိုလည်း ရွှေ့ပေးဖို့ သူပြောထားပြီး ဖြစ်သည်။

အတွင်းစည်းဂိုဏ်းသားများသည် အပြင်စည်းဂိုဏ်းသားများနှင့် ကွာခြားလှ၏။ အတွင်းစည်းဂိုဏ်းသားဖြစ်လာသူများသည် ကောင်းမွန်သော ပါရမီရှိရုံသာမက နောက်ခံကောင်းများလည်း ရှိကြပေသည်။ သင်သွားရင်းလာရင်း အတွင်းစည်းဂိုဏ်းတွင် တွေ့ခဲ့သောလူတစ်ယောက်မှာပင် ထင်ရှားသောနောက်ခံနှင့်လူတစ်ယောက် ဖြစ်နေနိုင်၏။

ထိုကိစ္စနှင့်ဆက်စပ်ပြီး ကုအန်တစ်ခုခုကို နားလည်သွားခဲ့ရသည်။ ထိုက်ကန်မင်းဆက်သည် ဧကရာဇ်လက်အောက်တွင်ရှိခြင်းမဟုတ်သလို ဂိုဏ်းများနှင့်လည်း ဆိုင်မနေပေ။ အမှန်တကယ်တွင် မင်းဆက်တစ်ခုလုံးကို စိုးမိုးနေသူများမှာ လွှမ်းမိုးနုိင်‌ေသာ မိသားစုကြီးများသာ ဖြစ်ကြ၏။

ကျိမိသားစု၀င်တစ်ယောက်သည် ဒုဂိုဏ်းချုပ်ဖြစ်လာခဲ့ရုံသာမက သူတို့မိသားစု၀င်များကိုလည်း ထိုက်ကန်မင်းဆက်တစ်ခုလုံးရှိ ဂိုဏ်းတိုင်းတွင် နေရာချထားပေးနိုင်သေးသည်။

ကုမိသားစုနှင့် ကျိုးမိသားစုအကြောင်းမှာလည်း ပြောစရာပင် မလိုလောက်တော့ပေ။

ချူကျင့်ဖုန်းနှင့် ဂိုဏ်းချုပ် ချူထျန်းချီမှာလည်း မိသားစုတစ်ခုထဲမှလာခြင်းဖြစ်ရမည်ဟု ကုအန် ခံစားနေမိသည်။ ထိုသို့ဆိုလျှင် ချူမိသားစုသည်လည်း ကြောက်စရာမိသားစု တစ်ခုပင်။

သို့သော် ဤအရာများသည် သူနှင့်တော့ဆိုင်မနေချေ။ ကုအန် မိသားစုကြီးတစ်ခုထောင်ဖို့လည်း စိတ်၀င်စားမနေခဲ့ပေ။ သူသည် ကျင့်ကြံခြင်းလမ်းစဉ်တွင် သံယောဇဉ်များ ဖြစ်လာမည်ကို ကြောက်ရွံ့ပေသည်။

……

ကုကျုံး၏ ဆောင်ရွက်ပေးမှုမှာ အတော်လေး မြန်ဆန်လှ၏။ တစ်ပတ်မပြည့်သေးခင်မှာပင် ကုအန်အတွက် စီစဉ်ပေးနိုင်ခဲ့သည်။ အနီးတစ်ဝိုက်ရှိ အတွင်းစည်းဂိုဏ်းသားဂူများကို နေရာပြောင်းလိုက်ပြီး ကုအန်ဆီသို့လည်း အဆင့်၆ စိတ်ဝိညဉ်အကာအကွယ်အစီအရင်တစ်ခု ရောက်ရှိလာခဲ့၏။

စိတ်ဝိညဉ်အကာအကွယ်အစီအရင်သည် အထူးသဖြင့် စိတ်ဝိညဉ်စွမ်းအင်ကို တိုးမြှင့်ကာ ထိန်းသိမ်းပေးဖို့ သုံးရသော အစီအရင်တစ်ခု ဖြစ်ပေသည်။

ဤအစီအရင်နှင့် ဈေးကြီးသော ဆေးများနှင့်သာ ဆိုပါက အနာဂတ်တွင် သူ့ကျင့်ကြံခြင်းသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် စိတ်ဝိညဉ်အခြေတည်အဆင့် နတ်အသွင်ပြောင်းခြင်းအဆင့်များသို့ ရောက်ရှိခဲ့မည်ဆိုလျှင်တောင် ထိုအရာများကို အရင်းအမြစ်များကြောင့်ဟု လွှဲချ၍ ရတော့မည် ဖြစ်၏။

ထို့အပြင် ကုကျုံးသည် တတိယတောင်ကြားတွင် အစေခံတပည့် ၂၀ ခေါ်ယူဖို့လည်း ခွင့်ပြုပေးခဲ့သည်။ ပုံမှန်အားဖြင့် အစေခံတပည့်များကို အတွင်းစည်းဂိုဏ်းတွင် ခန့်ထားခွင့်ရှိမနေပေ။ အများဆုံးခေါ်လာနိုင်သည့် ပမာဏမှာ ၄ ယောက်တည်းသာ ဖြစ်သော်လည်း ကုအန်ကိုအထူးအခွင့်အရေးပေးသည့်အနေဖြင့် အစေခံတပည့်ခေါ်ယူခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်ကုအန်လည်း ထန်ယု အပါအ၀င် ဆန်းကြယ်တောင်ကြားမှ တပည့်၇ယောက် ထပ်ခေါ်ခဲ့၏။

ဝူရှင်းနှင့် ရှောင်ချွမ်တို့မှာမူ ဆန်းကြယ်တောင်ကြားတွင်သာ နေသော်လည်း သူတို့ကြိုက်သည့်အချိန် တတိယတောင်ကြားသို့ အလည်လာလို့ရကြောင်း ကုအန်ခွင့်ပြုပေးခဲ့လေသည်။

အချိန်များကုန်ဆုံးသွားခဲ့ကာ အပြင်စည်းဂိုဏ်းတွင် ဖြစ်ခဲ့သော ကပ်ဘေးသည် ၁လပင် ကြာသွားခဲ့လေပြီ။

တစ်ရက်တွင် ကုအန် အပြင်စည်းမြို့သို့ ရောက်ရှိလာခဲ့သည်။ မိစ္ဆာသုတ်သင်ခန်းမမရှိတော့သော အပြင်စည်းမြို့သည် အရင်လိုပင် ပြန်လည်စည်ကားနေပြီ ဖြစ်၏။ လမ်းပေါ်တွင် ဂိုဏ်းသားများ သွားလာလှုပ်ရှားနေကြကာ အရင်လိုတင်းကြပ်နေသည့် အမူအရာများ ရှိမနေကြတော့ပေ။

ထိုစဉ် ကုအန်လမ်းလျှောက်နေရင်း တစ်ယောက်ယောက်ကို သတိထားလိုက်မိ၏။

ကျန်းချောင်!

ချူရှင်းနှင့် ရင်ဆိုင်ခဲ့ရစဉ်က ကုအန်သူ့ကို နတ်အာရုံဖြင့် သတိထားမိလိုက်သော်လည်း မမြင်ချင်ယောင်သာ ဆောင်နေခဲ့လိုက်သည်။ တစ်လကြာပြီးနောက် သူထွက်သွားပြီထင်သော်လည်း ကျန်းချောင်သည် ရှိနေသေး၏။

ကျန်းချောင်သူ့ဆီလျှောက်လာပြီး ပြုံးကာ ပြောလိုက်သည်။

“ငါနဲ့လိုက်ခဲ့”

ကုအန် သူ့နောက်ရှိ ခါးကုန်းအကြီးအကဲကိုကြည့်ကာ သက်တမ်းစစ်ဆေးခြင်း ဖြင့်စစ်ဆေးလိုက်၏။

[ဟူမိုနတ်အသွင်ပြောင်းခြင်းအဆင့်၉ : ၉၇၀/၁၃၀၀/၁၅၇၀]

ကုအန် ထိုအဖိုးကြီးကိုယ်ထဲရှိ ပုန်းကွယ်နေသော မိစ္ဆာချီကို အာရုံခံလိုက်မိသည်။

ကျန်းချောင်မှာ အတော်လေးရဲတင်းလှ၏။ သူတစ်ယောက်တည်းရှိခြင်းမှာ ကိစ္စမရှိသော်လည်း နတ်အသွင်ပြောင်းခြင်းအဆင့် နောက်လိုက်တစ်ယောက်ကို ခေါ်လာခြင်းမှာတော့ အတော်လေးရဲတင်းသော အပြုအမူဖြစ်ပေသည်။

ကုအန်၏တွန့်ဆုတ်နေသော ပုံစံကိုကြည့်ပြီး ကျန်းချောင်တံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်၏။

အပြင်စည်းဂိုဏ်း၏ အကြီးအကဲကြီး!

အပြင်စည်းဂိုဏ်းခေါင်းဆောင်နေရာနှင့် ညီမျှသော ရာထူး!

ကုအန်သူမအား အံ့ဩနေသော အမူအရာဖြင့်ကြည့်လိုက်သည်။ သူမထိုအရာအားရရှိရန် မည်သို့လုပ်ခဲ့ပါသနည်း။

ကုအန်အမြန်ပင် သူ့နောက်မှလိုက်သွားခဲ့လိုက်၏။

မကြာခင်တွင် ကုအန် ကျန်းချောင်စံအိမ်သို့ ရောက်ရှိသွားခဲ့သည်။ ထိုနေရာတွင် အစေခံများစွာရှိနေကြသော်လည်း သူတို့ထဲရှိ ဘယ်သူ့တွင်မှ မိစ္ဆာချီမရှိခဲ့ပေ။

ကျန်းချောင်ကုအန်အား ခန်းမကြီးတစ်ခုထဲသို့ ခေါ်သွားလိုက်ပြီး ဟူမိုမှာတော့ တံခါးတွင်ရပ်ကာ အထဲသို့ ဘယ်သူမှချောင်းကြည့်၍ မရစေရန် မှော်သိုင်းတစ်ခုခင်းကျင်းနေခဲ့သည်။

ကုအန် ကျန်းချောင်၏ စားပွဲထိပ်တွင် ခြေချိတ်ကာ ထိုင်နေ‌ေသာ ပုံရိပ်ကိုကြည့်နေရင်း သူ့တွင် အပြင်စည်းအကြီးအကဲကြီးတစ်ယောက်၏ အသွင်အပြင်မျိုး ဘယ်လိုမှမရှိနိုင်ဘူးဟု ခံစားနေခဲ့ရ၏။

“ဆရာဖွားဖွား ဘယ်လိုလုပ်ခဲ့တာလဲ” ကုအန် မမေးဘဲ မနေနိုင်တော့ပေ။

ကျန်းချောင်ပြန်ပြောလိုက်သည်။ “မင်းဆရာဖွားဖွားမှာ ကျယ်ပြန့်လွန်းတဲ့ နတ်သိုင်းတွေရှိတယ်လေ အပြင်စည်းဂိုဏ်းအကြီးအကဲလောက်က ဘာမှမဟုတ်ပါဘူး တစ်နေ့မှာ ဂိုဏ်းချုပ်တောင် ဖြစ်လာနိုင်သေးတယ်”

ကုအန်ရယ်မောကာ ပြောလိုက်၏။ “တကယ်လို့ ဆရာဖွားဖွားသာ ဂိုဏ်းချုပ်ဖြစ်သွားရင် ရွက်ဝါတစ်ထောင်မျှော်စင်ကို သစ္စာရှိမှာလား အဓိပတိဂိုဏ်းကို သစ္စာရှိမှာလား”

“တကယ်လို့ငါသာ ဂိုဏ်းချုပ်ဖြစ်လာရင် ဘယ်လိုလုပ် မိစ္ဆာကျင့်ကြံသူဟုတ်ပါတော့မလဲ ရွက်ဝါတစ်ထောင်မျှော်စင်က သူတို့မျှော်စင်သခင်နေရာ ကမ်းလှမ်းရင်တောင် ငါကလှည့်ကြည့်မှာမဟုတ်ဘူး” ကျန်းချောင် ရွက်ဝါတစ်ထောင်မျှော်စင်ကို အထင်သေးနေဟန်ဖြင့် ပြောလိုက်သည်။

ကုအန် ထိုအခိုက်တွင် ရွက်ဝါတစ်ထောင်မျှော်စင်သည် အဓိပတိဂိုဏ်းတွင်သူလျှိုများ ထည့်ထားနိုင်သော်လည်း ဘာကြောင့် မအောင်မြင်ရသလဲ ဟူသော အကြောင်းပြချက်ကို နားလည်သွားခဲ့၏။

ရွက်ဝါတစ်ထောင်မျှော်စင်မှ ကျင့်ကြံသူများ မျက်လုံးထဲတွင် ရွက်ဝါတစ်ထောင်မျှော်စင်သည် အဓိပတိဂိုဏ်းထက် အဆင့်အများကြီး နိမ့်ပေသည်။

“အခုကစပြီး ရွက်ဝါတစ်ထောင်မျှော်စင်က ဘယ်သူပဲလာမေးမေး နွယ်စိမ်းပင်အကြောင်းထုတ်မပြောရဘူး နွယ်စိမ်းပင်က နင်နဲ့ငါနဲ့ပဲ သက်ဆိုင်တာ ရွက်ဝါတစ်ထောင်မျှော်စင်နဲ့ မဟုတ်ဘူး နားလည်လား” ကျန်းချောင် လေးလေးနက်နက်ပြောလိုက်၏။

ကုအန် ခေါင်းညိတ်ပြလိုက်သည်။

တောင်းပန်ပါတယ် တကယ်တော့ အဲ့တာက ကျွန်တော်နဲ့ပဲဆိုင်တာပါ!

ကျန်းချောင်ရယ်မောလိုက်ာ “လိမ္မာတယ် ပြောစမ်းငါ့ကို နင်ဘာလိုအပ်သလဲ”

ကုအန်တခဏတွေးကာ ပြန်ပြောလိုက်၏။

“ဥပဒေရေးရာခန်းမက ရီလန့်ကို ရာထူး‌တိုးပေးလို့ရမလား သူကကျွန်တော့်ဆရာတူညီမလေးပါ အခြားကိစ္စတွေကတော့ လတ်တလောမလိုသေးပါဘူး ကျွန်တော့်ရဲ့ အတွင်းစည်းဂိုဏ်းထဲက ဆေးတောင်ကြားကလည်း ပိုကျယ်ပြန့်လာပြီဆိုတော့ အခြားအရာတွေမလိုသေးပါဘူး တတယ်လို့ဆရာဖွားဖွား အဆင့်မြင့်ဆေးပင်တွေ စိုက်ချင်ရင် ကျွန်တော့်ကို မျိုးစေ့ပေးလိုက်ပါ ကျွန်တော်စိုက်ပြီး ရင့်မှည့်လာတဲ့အခါ ဆရာဖွားဖွားအတွက် ပြန်ယူလာပေးမယ်”

ကျန်းချောင်မျက်နှာပေါ်ရှိ အပြုံးပိုမိုတောက်ပလာကာ “မ‌ဆိုးဘူး ငါတပည့်ရွေးမမှားခဲ့ဘူးပဲ စိတ်မပူနဲ့ မင်းဆရာဖွားဖွားကမင်းကို သာမန်တွေးမထားဘူး ဒါပေါ့ မင်းကိုထိခိုက်အောင်လုပ်မှာလည်း မဟုတ်ဘူး”

“နောက်ပြီးတော့ မင်းအတွက်အလုပ်တစ်ခုရှိတယ်”

ကုအန် ပြန်မေးလိုက်သည်။ “ဆေးပင်စိုက်တာအပင် ကျွန်တော်က အခြားဘာတွေလုပ်ပေးနိုင်သေးလို့လဲ ဆရာဖွားဖွား”

“နေ့တိုင်းဖန်းအန်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ထား ငါရထားတဲ့သတင်းတွေအရ ဖန်းအန်ရဲ့ကျင့်ကြံမှုက မမြင့်ဘူးတဲ့ နောက်ပြီးသူက အပြင်စည်းဂိုဏ်းထဲမှာပဲ ပုန်းနေတယ် သူဘယ်သူလဲဆိုတာတော့ အကြီးအကဲခန်းမက အပြင်းအထန်ကို လျှို့ဝှက်ထားတယ်”

All Chapters