← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အပ်ုငး(၇၁)

ဓားတာအိုမြင့်မြတ်နယ်မြေ

အဖိုးကြီးသည် သူ့စာလုံးများကို ဖျက်ဆီးပစ်ဖို့ကြံနေတာကို တွေ့လိုက်သောအခါ ကုအန်အမူအရာပြောင်းလဲသွားခဲ့သည်။

ထိုအရာသည် ဘာကိုဆိုလိုနေပါသနည်း။

ငါ့ဓားဆန္ဒကို နားလည်သွားပြီးမှ ငါ့စာလုံးတွေကို ဖျက်ပစ်ချင်နေတာလား!

ကုအန် ကိုယ်တိုင်ပင်လှုပ်ရှားတော့ဖို့ ပြင်လိုက်သော်လည်း ကံကောင်းစွာဖြင့် သူ၀င်ပါစရာ မလိုခဲ့ပေ။

ရိုင်းစိုင်းလိုက်တာ!

မိုးခြိမ်းသံတမျှကျယ်လောင်သော အသံကြီးထွက်ပေါ်လာခဲ့ပြီး ထိုအသံကြီးပိုင်ရှင်မှာ လီရွှမ်တောက်၏ ဓားအစေခံ ယိလျူယွမ် မှလွဲ၍ အခြားသူမဟုတ်ပေ။

နတ်အသွင်ပြောင်းခြင်းအဆင့် ၉တစ်ယောက်အနေနှင့် ယိလျူယွမ်၏ တည်ရှိမှုမှာ ကြောက်စရာကောင်းနေခဲ့၏။ သူ့မိုးခြိမ်းသံလိုအသံကြီးသည် မြို့ထဲရှိလူတိုင်းကို အံ့ဩသွားစေခဲ့သည်။

ယိလျူယွမ်သာမကဘဲ စာလုံးအနီးတွင် ကျင့်ကြံနေကြသော ကြီးမြတ်သည့်ကျင့်ကြံသူများလည်း တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ထရပ်လာခဲ့ကြ၏။ မြေအောက်မိစ္ဆာဧကရာဇ်ပင် ကောင်းကင်ပေါ်မှလူကို မော့ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် အလိုမကျမှုများနှင့် ပြည့်နှက်နေခဲ့လေသည်။

ကုအန် သက်တမ်းစစ်ဆေးခြင်းကို ချက်ချင်းအသုံးပြုလိုက်၏။

[ပန်ယု (ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၂): ၁၂၇၉/၁၇၂၀/၁၇၇၀]

သူ့သက်တမ်းက နီးကပ်နေပြီပဲ!

ဒီလောက်ရူးသွပ်နေတာ အံ့ဩစရာမရှိတော့ပါဘူး!

ကောင်းကင်ပေါ်ရှိ ပန်ယုသည် ယိလျူယွမ်ကို ငုံ့ကြည့်ပြီး လှောင်ပြောင်လိုက်၏။ “နတ်အသွင်ပြောင်းခြင်းအဆင့်လောက်လေးနဲ့ ငါ့ကိုတားချင်တာလား”

နတ်အသွင်ပြောင်းခြင်းအဆင့်!

စင်မြင့်ပေါ်ရှိ တပည့်များသည် ကြောက်လန့်သွားကြပြီး ကြီးမြတ်သောကျင့်ကြံသူများတိုက်ပွဲကြားတွင် ညပ်သွားမည်စိုးသောကြောင့် အမြန်နောက်သို့ ဆုတ်လိုက်ကြလေသည်။

“မင်းကနတ်အသွင်ပြောင်းခြင်းအဆင့်ကိုအထင်သေးတယ်ဆိုတော့ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ဆိုရင်ရော”

အေးစက်နေသောအသံကြီးတစ်သံထွက်ပေါ်လာခဲ့၏။ သို့သော် ထိုအသံသည် မြေအောက်မိစ္ဆာအရှင်သခင်ဆီမှမဟုတ်ဘဲ အခြားကျင့်ကြံသူတစ်ယောက်ထံမှ ဖြစ်ပေသည်။ ကုအန် အရင်ကတည်းက သူ့အားမြင်ဖူးဧ။။် ထိုသူသည်အဓိကတိ ဂိုဏ်းအကြီးအကဲ၀တ်စုံကို ၀တ်ဆင်ထားပြီး ကျင့်ကြံခြင်းမှာ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၅ ဖြစ်သည်။

ပန်ယု အမူအရာအနည်းငယ် ပြောင်းလဲသွားခဲ့၏။ သူ့လက်ကို ပြန်ရုတ်လိုက်ပြီး အင်္ကျီလက်အိုးကိုခါလိုက်ကာ ပြောလိုက်သည်။ “ကောင်းပြီ မင်းတို့အဓိပတိဂိုဏ်းက လူအင်အားသာနေတာပဲ မှတ်သားလောက်ပါတယ် ငါထွက်သွားပေးမယ်”

စကားဆုံးသည်နှင့် သူထွက်ခွာသွားခဲ့ပြီး မျက်စိတ်တမှိတ်အတွင်း အပြင်စည်းမြို့ထဲမှ ပျောက်ကွယ်သွားခဲ့လေသည်။

“မင်းက ငါတို့အဓိပတိဂိုဏ်းရဲ့ ညဏ်အလင်းပွင့်တဲ့နေရာကို ဖျက်ဆီးဖို့ကြိုးစားပြီး ဒီတိုင်းထွက်သွားချင်တာလား”

အထင်အမြင်သေးနေသော အသံတစ်သံထွက်ပေါ်လာပြီး ထိုအသံသည် ကုအန်နှင့်လည်း ရင်းနှီးပေသည်။ ကုကျုံးမှ လွဲ၍ အခြားမဟုတ်ပေ။

ထို့နောက် ကုကျုံးထွက်ပေါ်လာပြီး အလျင်အမြန်ပင် ထွက်ပြေးသွားသော ကျင့်ကြံသူနောက်သို့ လိုက်သွားခဲ့၏။

ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်၅ ကျင့်ကြံသူမှာလည်း စင်မြင့်ပေါ်မှ ပျောက်ကွယ်သွားခဲ့လေသည်။

ကောင်းကင်ပြုပြင်စင်မြင့်ပေါ်ရှ်ိ လေထုဖိအား ပြန်လည်ကျဆင်းသွားပြီး တပည့်များသည် ခုနကထွက်ပေါ်လာခဲ့သော လူများအကြောင်းဆွေးနွေးနေခဲ့ကြပြီး အဓိပတိဂိုဏ်း၏ အင်အားကိုလည်း အံ့ဩသင့်နေခဲ့ကြသည်။

ကုအန်မှာတော့ ဤ အပြင်စည်းမြို့သည် သူ့ကိုအကြွေးတင်နေပြီဟု ခံစားနေခဲ့ရ၏။ ဘယ်တုန်းကထိုကဲ့သို့သော ကြီးမြတ်သောကျင့်ကြံသူများ အပြင်စည်းမြို့ထဲသို့ လာခဲ့ဖူးပါသနည်း။ ယခုအခါ မြို့ကို အစဉ်မပြတ်စောင့်ကြည့်နေသော ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်ပင်ရှိနေခဲ့ပြီး ကုအန်လည်း မြို့ထဲတွင်နေရသည်မှာ လုံခြုံသည်ဟု ခံစားလိုက်ရသည်။

ထိုအရာအားလုံးသည် သူ၏ လမ်းမှန်ဂိုဏ်းဟူသော စာလုံး၏ ကျေးဇူးများပင် ဖြစ်၏။

ထို့နောက် ကုအန်အစေခံတပည့်များနှင့်အတူ အကြီးအကဲထျန်းဆီသို့ သွားခဲ့သည်။

အစေခံတပည့်များမှာ အတော်လေး စိတ်လှုပ်ရှားနေခဲ့ကြဧ။။် ယနေ့တွင်သူတို့သည် အစေခံတပည့်များအဖြစ် ရာထူးတိုးခဲ့ရုံသာမက ကြီးမြတ်သောကျင့်ကြံသူနှစ်ယောက်ကြား အချင်းပွားမှုကိုလည်း တွေ့လိုက်ရသေးသည်။ နတ်အသွင်ပြောင်းခြင့်အဆင့်နှင့် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ဟူသော အဆင့်နာမည်များမှာ သူတို့ကို အတော်လေး စိတ်၀င်စားသွားစေခဲ့သည်။

“သွားရအောင် ပြန်ဖို့ အချိန်ရောက်ပြီ”

ကုအန် အကြီးအကဲထျန်း၏ ပုခုံးကို ပုတ်၍ ပြောလိုက်၏။

ထိုအခါမှသာ အကြီးအကဲထျန်း လက်တွေ့လောကသို့ ပြန်ရောက်သွားဟန်ဖြင့် မတ်တပ်ထရပ်ခဲ့လေသည်။

သူ၏အကြည့်များအရ အကြီးအကဲထျန်းသည် တစ်ခုခုပြောင်းလဲသွားသည်ဟု ကုအန်ခံစားနေခဲ့ရ၏။ သို့သော် သူ့စိတ်အထင်သက်သက်ပဲလားဆိုတာတော့ မသေချာပေ။

ထို့ကြောင့် သက်တမ်းစစ်ဆေးခြင်းကို သုံးလိုက်၏။

ဟမ်

ချီကျင့်ကြံခြင်းအဆင့်၈!

ဘယ်လိုဖြစ်လို့ သူရုတ်တရက်ကြီး ၂ဆင့်တောင် ခုန်တက်သွားရတာလဲ!

သူကအမြဲတမ်းအဲ့လိုပဲလား!

ကုအန်စိတ်ထဲတွင် အံ့ဩနေခဲ့သော်လည်း အပြင်ပန်းတွင်တော့ ဘာမှမဖြစ်သလိုသာ ဟန်ဆောင်ထားခဲ့လေသည်။

တစ်နာရီခန့်ကြာသောအခါ ကုအန်တို့ တတိယတောင်ကြားသို့ ပြန်ရောက်လာခဲ့ကြပြီး တပည့်အသစ်များအား ရှောင်ချွမ့်ဆီအပ်ကာ နေရာချခိုင်းခဲ့၏။

ရှောင်ချွမ်သည် အစကတော့ တတိယတောင်ကြားကို ခဏလာလည်ခြင်းဖြစ်ပါသော်လည်း အကြိမ်အနည်းငယ်လည်ပြီးသောအခါ သူမပြန်လိုတော့ပေ။ သူမွေးမြူထားသော မိစ္ဆာသားရဲများကိုပင် တတိယတောင်ကြားသို့ ရွှေ့ခဲ့လိုက်သည်။ ကုအန်လည်း သူ့ကိုအတော်လေးနှစ်သက်လှသောကြောင့် သူ့ဆန္ဒကို မငြင်းဆန်နိုင်ခဲ့ပေ။

သူနှင့်ရွယ်တူများထဲတွင် ရှောင်ချွမ်သာ သူ့ဘေးတွင် ကျန်‌ေတာ့သည် မဟုတ်ပါလား။

ဝူရှင်းမှာလည်း သူ၏ ဂျူနီယာညီလေးဖြစ်ပါသော်လည်း သူသည်‌ေရှာင်ချွမ်နှင့်ယှဥ်လျှင် နောက်ကျပေသည်။ ထို့ကြောင့် ကုအန်နှလုံးသားထဲတွင် ဝူရှင်းက ရှောင်ချွမ်လောက် အရေးမကြီးပေ။

ငယ်ငယ်လေးကတည်းကပင် ရှောင်ချွမ်သည် သူ့နောက်တကောက်ကောက်လိုက်၍ သူပြောသမျှကို နာခံတတ်သော ကောင်လေးဖြစ်၏။ ထိုကဲ့သို့သော ဂျူနီယာညီလေးမျိုးကို သူတန်ဖိုးထားရပေလိမ့်မည်။

နောက်နှစ် ၂၀၀လောက်နေလျှင် သူ့မိတ်ဆွေဟောင်းများသေဆုံးသွားပြီး သူ့အတွက်ထိုကဲ့သို့ မိတ်ဆွေမျိုးထပ်ရတော့ရန် မလွယ်ကူသည်ကို ကုအန်သိပေသည်။ ထို့ကြောင့် သူရှိနေတုန်း တန်ဖိုးထားရမည် ဖြစ်၏။

တောင်ကြားသို့ပြန်လာပြီးသည့်နောက် အကြီးအကဲထျန်း သစ်ပင်ကြီးတစ်ပင်အောက်သို့သွားကာ တစ်ယောက်ထဲသာ တရားထိုင်နေခဲ့ပြီး အတွေးထဲတွင် နစ်မြောနေခဲ့လေသည်။

……

ရာသီများပြောင်းကာ အချိန်၂နှစ်ကျော်သည် ကုန်ဆုံးသွားခဲ့ရပြန်သည်။

ထိုနွေတွင် အသက်၄၆နှစ်ရှိပြီဖြစ်သော ကုအန် တောင်ထိပ်တစ်ခုပေါ်တွင်ရပ်ကာ သူ့အောက်ရှိရှူခင်းကို ကြည့်ရှုနေခဲ့၏။ သူမြင်သမျှအရာအားလုံးသည် ဆေးစိုက်ခင်းများသာ ဖြစ်နေပြီး သစ်ပင်ကြီးများကြားထဲတွင်ပင် ဆေးပင်များရှိနေသည်ကို မြင်နေခဲ့ရလေသည်။

အချင်းမိုင်၁၀၀ပတ်လည်ရှ်ိသောနယ်မြေကို ဆေးပင်များနှင့်အပြည့်ဖြည့်ရန် ကုအန် အချိန်၂နှစ်ကျော်ပင် ယူခဲ့ရ၏။ ဆေးခင်းများကိုကြည့်နေရင်း ကုအန်နှလုံးသားထဲတွင် စိတ်ကျေနပ်မှုများနှင့် ပြည့်နှက်နေလေတော့သည်။

ထိုစဉ်သူ့ဘေးသို့ ရှောင်ချွမ်ရောက်ရှိလာခဲ့၏။

“အစ်ကိုကြီး ယိယန်ထွက်သွားတာလည်း လပေါင်းများစွာကြာပြီဆိုတော့ ကျွန်တော်တို့ သူ့နေရာကိုဖြည့်ဖို့ နောက်ထပ် အစေခံတပည့်ထပ်ခန့်ကြမလား ကျွန်တော်တို့ ဆေးတောင်ကြားကအရမ်းကြီးတော့ တစ်ယောက်လျော့တာနဲ့ အခြားသူတွေက အများကြီးအလုပ်ပိုလုပ်နေရတယ်” ရှောင်ချွမ်ပြောလိုက်သည်။

ကုအန် ရှောင်ချွမ်လက်ထဲသို့ တောင်ကြားသခင်တံဆိပ်ပြား‌ေပးလိုက်ပြီး ပြောလိုက်၏။ “မင်းသွားခန့်လိုက် ဒါကမင်းဆုံးဖြတ်နိုင်စွမ်းကိုကြည့်ဖို့ အခွင့်အရေးပဲ”

ထိုစကားကိုကြားသောအခါ ရှောင်ချွမ့်မျက်နှာ၀င်းပသွားခဲ့ပြီး ကုအန်ကို ကျေးဇူးတင်ကြောင်းပြောကာ တောင်အောက်သို့ ပြေးဆင်းသွားလေတော့သည်။

ထိုစဉ် အပြင်စည်းမြို့ထဲမှ ဓားဆန္ဒတစ်ခုထွက်ပေါ်လာသည်ကို ခံစားလိုက်ရသောကြောင့် ကုအန်အကြည့်များ ထိုနေရာသို့ ရောက်သွားခဲ့၏။

တစ်ယောက်ယောက်သည် စင်မြင့်ပေါ်ရှိ ဓားဆန္ဒကို နားလည်သွားခဲ့ပြန်လေပြီ။

ဤ၂နှစ်အတွင်း စင်မြင့်ပေါ်ရှိ ဓားဆန္ဒကို နားလည်သွားသည့်သူ လေးယောက်တိတိပေါ်ထွက်လာခဲ့သောကြောင့် ကောင်းကင်ပြုပြင်စင်မြင့်နှင့် ဆရာသခင်ဓားအရှင်၏ ဂုဏ်သတင်းမှာ ထပ်မံ မြင့်တက်လာခဲ့ပြန်သည်။

ကောင်းကင်ပြုပြင်စင်မြင့်သည် ထိုက်ကန်မင်းဆက်မှ ဓားသမားများအတွက် မြင့်မြတ်နယ်မြေပင် ဖြစ်လာခဲ့ပြီး ဂိုဏ်းအသီးသီးကျောင်းအသီးသီးမှ ဓားကျင့်ကြံသူများသည် အဓိပတိဂိုဏ်းသို့လာ၍ ဓားဆန္ဒကို လေ့လာခဲ့ကြ၏။ အဓိပတိဂိုဏ်းမှာလည်း ထိုက်ကန်မင်းဆက်၏ ရှေ့ဆောင်လမ်းပြဂိုဏ်းပီသစွာပင် သူ့တို့ကို ခွင့်ပြုထားခဲ့လေသည်။

ထို့ကြောင့်ပင် အဓိပတိဂိုဏ်း၏ ဂုဏ်သတင်းသည် ထပ်မံ၍ပင် တိုးတက်သွားခဲ့ပြန်၏။

ကုအန် အကြိမ်တိုင်းထိုကိစ္စကို တွေးမိတိုင်း အကြီးအကဲခန်းမမှ အကြီးအကဲများကို အတော်လေး လေးစားသွားခဲ့ရသည်။

သူတို့သည် အမှန်တကယ်ကို စွမ်းသောပုဂ္ဂိုလ်များ ဖြစ်ကြ၏။ အာဏာကစားရာတွင် ကျွမ်းကျင်ရုံသာမက ပြဿနာများကို ဖြေရှင်းရာတွင်လည်း ကျွမ်းကျင်အဆင့် ဖြစ်ကြပေသည်။ သူတို့ အကြီးအကဲဖြစ်နေကြသည်မှာ အံ့ဩစရာမရှိတော့ပေ။

တောင်ပေါ်တွင် ခဏနေခဲ့ပြီးသည့်နောက် ကုအန် တောင်အောက်သို့ ပြန်ဆင်းလာခဲ့၏။

နှနှစ်ကုန်သွားသောအခါ သူ၏အဓိကဆေးပင်များ မရင့်မှည့်သေးသော်လည်း သူ့လက်ရှိသက်တမ်းမှာတော့ ခပ်မြန်မြန်ပင် တိုးတက်နေခဲ့သေးသည်။

ကုအန် သူဧ။်သက်တမ်း‌ေပါင်းထည့်‌ေသာ နေစဉ်အလုပ်ကို အစကပြန်စဖို့ ဆုံးဖြတ်ခဲ့လိုက်၏။

ညတိုင်းသူသည် ကျင့်ကြံခြင်းတွင် သက်တမ်း၅နှစ်စီ ပေါင်းထည့်နေခြင်းဖြစ်ပြီး သူ၏ကျင့်ကြံခြင်းမှာ တဖြည်းဖြည်းတိုးတက်လာခဲ့လေသည်။

တစ်သားတည်းဖြစ်ခြင်းအဆင့် ၁ ကျင့်ကြံခြင်းကြောင့် သူ့သည် တစ်နည်းနည်းဖြင့် အားနည်းနေသည်ဟုခံ‌စားနေခဲ့ရ၏။ အကယ်၍သာ ကောင်းကင်ပြုပြင်စင်မြင့်ပေါ်တွင် တစ်သားတည်းဖြစ်ခြင်းအဆင့် မိစ္ဆာအိုကြီးတစ်ကောင် ပေါ်လာခဲ့ပါက သူမည်သို့ လုပ်ရမည်နည်း။

ကုအန်တောင်ပေါ်မှ ခြေလျင်သာ ပြန်ဆင်းခဲ့ခြင်းဖြစ်ပြီး နေ့စဉ်ထိုသို့ လမ်းလျှောက်ရခြင်းသည် သူ့အားအပန်းပြေ‌ေစသည်ဟု ခံစားရသောကြောင့် ကုအန် အိမ်သို့ ခြေလျင်ဟာ ပြန်တတ်ပေသည်။

နာရီ၀က်ခန့်ကြာသောအခါ

ကုအန် မြစ်ကမ်းဘေးတွင် လမ်းလျှောက်နေစဉ် သူ့နောက်ကိုကောင်းကင်ပေါ်မှ ပုံရိပ်တစ်ခု ကျဆင်းလာခဲ့၏။

“မတွေ့တာကြာပြီနော်” လီယ ကုအန်ပုခုံးကိုပုတ်ကာ ခြောက်လှန့်ဖို့ ကြိုးစားလိုက်လေသည်။

လီယသည် မြေပြင်ပေါ်သို့ စွမ်းအင်ကိုဖုံးကွယ်ထားသည့် ကျင့်စဉ်တစ်မျိုးသုံးပြီး ကျလာခြင်းဖြစ်သောကြောင့် ကုအန် ကြောက်လန့်သွားချင်ယောင် ဆောင်ခဲ့လိုက်၏။

“အစ်ကိုဘယ်လိုရောက်လာတာလဲ” “ဒီနှစ်တွေရောအဆင်ပြေရဲ့လား” ကုအန် လီယကို အံ့ဩနေဟန်ဖြင့် မေးလိုက်သည်။

လီယဂုဏ်ယူစွာ ရယ်မောလိုက်ကာ “ဒါပေါ့ ကောင်းပါတယ် နောက်ဆုံးအကြိမ်မိစ္ဆာကျင့်ကြံသူကြောင့် ဒဏ်ရာရသွားကတည်းက ငါကြိုးစားပြီးကျင့်ကြံခဲ့တယ် ပြီးတော့ အောင်မြင်မှုလည်းရခဲ့တယ်”

“အဲ့လိုလား ကျွန်တော်တော့မယုံပါဘူး”

“ယှဉ်ကြည့်ချင်လား”

“မေ့လိုက်တော့ အစ်ကိုနဲ့ကျွန်တော့်ကြား အဆင့်ကွာဟချက်ကအကြီးကြီးပဲကို ဘယ်လိုလုပ်မျှတနိုင်မှာလဲ”

“မင်းသိရင်ပြီးတာပါပဲ”

“ဟီး”

ကုအန် ပြုံးလိုက်ကာ စိတ်ထဲတွင်တော့ တကယ်ချရင် အစ်ကို့မှာ မတ်တပ်ရပ်ဖို့ အခွင့်အရေးတောင်ရှိလိုက်မှာ မဟုတ်ဘူးလို့ တွေးနေခဲ့သည်။

သူတို့နှစ်ယောက်မြစ်ကမ်းဘေးတွင် အမြန်‌လမ်းလျှောက်နေခဲ့ကြပြီး စကားပြောနေခဲ့ကြ၏။

လီယ သူအတွင်းစည်းဂိုဏ်းသို့ သွားခဲ့သည့်အတွေ့အကြုံများ အကြောင်းကုအန်ကို ပြောပြနေခဲ့သည်။ သူအရင်ဆုံး အတွင်းစည်းဂိုဏ်းသို့၀င်ရန် အကြီးအကဲခန်းမသို့ အရင်သွား၍ ခွင့်တောင်းရ၏။ ကံဆိုးစွာဖြင့် ထိုအချိန်တွင် အပြင်စည်းဂိုဏ်းကပ်ဘေးဖြစ်ပွားခဲ့လေသည်။ ထိုအခါ လီယလည်း ကုအန်တစ်ခုခုဖြစ်သွားမှာကို အလွန်စိုးရိမ်သွားခဲ့သည်။

သူနေ့တစ်ရက်အချိန်ယူကာ ကုအန်ရှိရာ ဆန်းကြယ်တောင်ကြားသို့ ပြန်သွားခဲ့ပြီးသူရောက်သောအခါ ကုအန်မှာ တောင်ကြားတွင်ရှိမနေခဲ့ပေ။

ကုအန် အန္တရာယ်ကင်းသည်ဟု သိလိုက်ရသောအခါမှသာ သူအတွင်းစည်းဂိုဏ်းသို့ ပြန်သွားပြီး ကျင့်ကြံခြင်းတွင်အာရုံစိုက်နိုင်ခဲ့၏။

သူနောက်ထပ် မရှုံးနိမ့်ချင်တော့သလို အဆင့်ကျော်၍လည်း မတိုက်ခိုက်လို့တော့ပေ။ ထို့ကြောင့် သူကြိုးစား၍ ကျင့်ကြံရပေလိမ့်မည်။

“အစ်ကို ဒီနေ့ ဘာလို့ရောက်လာတာလဲ” ကုအန် စိတ်၀င်တစားမေးလိုက်၏။

လီယရယ်မောလိုက်ကာ “ဧကရာဇ်က ငါနဲ့လီရွှမ်ယုကို ဂိုဏ်းတစ်ရာညီလာခံတက်ဖို့ အမိန့်ပေးလိုက်တယ်လေ ညီလာခံက ကိစ္စအသေးလေးတော့မဟုတ်ဘူး အဲ့တာက မင်းဆက်ကိုးခုမှာရှိတဲ့ ဂိုဏ်းပေါင်း ၁၀၀ သိုင်းပြိုင်ရတာမျိုးပဲ ပြိုင်ပွဲ၀င်တွေရဲ့ ခွန်အားတွေကို မှတ်တမ်းတင်ပြီး အဆင့်အလိုက် အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးကိုလည်း ကြငြာပေးတယ် နောက်ပြီး ပြိုင်ပွဲမှာ အောင်နိုင်သူက စိတ်ကူးလို့တောင်မရတဲ့ အခွင့်အလမ်းတွေကို ရကြတယ်လေ

အဲ့တာက ဂိုဏ်းချင်းပြိုင်ဆိုင်မှုသက်သက်တင်မဟုတ်ဘူး တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဂုဏ်သိက္ခာနဲ့ ကံတရားအတွက် ပြိုင်ဆိုင်မှုဆိုလည်း ဟုတ်တယ်”

“စကားမစပ် ကျိမိသားစုက ကျိရှောင်ယုလည်း ပါလိမ့်မယ်” လီယ သတင်းမျ‌ှဝေပေးလိုက်၏။

ကုအန် မျိုးစုံသော မြင်ကွင်းများစွာကို စိတ်ကူးယဉ်လိုက်မိပြီး အတော်လေး စိတ်၀င်စားသွားခဲ့မိသည်။

သို့သော် သူသည် ပြိုင်ပွဲ၀င်ရန် အရည်အချင်း မပြည့်မှီပေ။ အကယ်၍ ပြည့်မှီလျှင်လည်း သူ၀င်ပြိုင်လိမ့်မည်မဟုတ်ပေ။

ထိုသို့သော ကိစ္စမျိုးသည် ကြားရတာသာကောင်းပြီး တကယ်၀င်ပြိုင်လို့ ကောင်းသော ကိစ္စမျိုးတော့ မဟုတ်ပေ။

“အစ်ကိုကျွန်တော်တို့ တတိယသခင်မလေးကို နိုင်ပါ့မလား” ကုအန်စနောက်လိုက်သည်။

လီယ ယုံကြည်မှုရှိစွာဖြင့် “အရင်ကဆိုရင်တော့ ငါမနိုင်ဘူး ဒါပေမယ့်အခုကတော့ အသေအချာတော့ ပြောမရတော့ပါဘူး”

ကုအန်သူ့အားတစ်ချက်ကြည့်လိုက်ပြီး ထိုကလေး၏သွေးချီများသည် တစ်ခုခုတော့မှားနေပြီဖြစ်မှန်း သိလိုက်ရသည်။

အဘယ်ကြောင့်သူ့တွင် မိစ္ဆာသားရဲတစ်ကောင်၏ အနှစ်သာရမျိုး ရှ်ိနေရသနည်း။

စကားတပြောပြောနှင့်ပင် သူတို့နှစ်ယောက်တောင်ကြားသို့ ပြန်လာခဲ့ကြ၏။ ထိုည‌နေတွင် သူတို့ ညဉ့်နက်သည်ထိ သောက်ခဲ့ကြပြီး အခြားတပည့်များမှာလည်း လီယပြောပြသော ဂိုဏ်းတစ်ရာစုဝေးပွဲအကြောင်းနားထောင်ရန် သူတို့နားသို့ စုလာခဲ့ကြသည်။ ထိုထဲတွင် အကြီးအကဲထျန်းပင် ပါသေး၏။

“စကားမစပ် ဂိုဏ်းချုပ်ဟောင်းလုပိုင်ထျန်းက အရင်တုန်းက ပုန်းကွယ်နဂါးစာရင်း နဂါးနှင့်ဖီးနစ်စာရင်း အမတကံကြမ္မာစာရင်း‌ေတွမှာ ထိပ်ဆုံးက ပါခဲ့တဲ့လူတစ်ယောက်ပဲ သူ့ခေတ်မှာ သူ့ကိုဘယ်သူမှ မယှဉ်နိုင်ကြဘူး ပြောကြတာတော့ သူက အဓိပတိဂိုဏ်းရဲ့ နှစ်၃၀၀၀အတွင်း အသန်မာဆုံး ဂိုဏ်းချုပ်ပဲတဲ့ ဒါပေမယ့်လည်း နောက်ဆုံးတော့ ကျင့်ကြံခြင်း ဖောက်ပြန်သွားခဲ့ရတယ်” လီယ သက်ပြင်းချ၍ ပြောလိုက်သည်။

ကုအန် မျက်လုံးများတွန့်ကွေးသွားပြီး အကြီးအကဲထျန်းက ထိုမျှပင် အံ့ဩစရာကောင်းသလားဟု တွေးလိုက်မိ၏။

ကုအန် သူ့သရုပ်မှန်ကိုသိနေတာ သိသွားမည်စိုးသောကြောင့် အကြီးအကဲထျန်းကိုတော့ လှည့်မကြည့်ရဲခဲ့ပေ။

ထန်ယု၀င်မေးလိုက်လေသည်။ “ဆရာဦးလေးလီ ဒီရာသီ ပုန်းကွယ်နဂါးစာရင်းရဲ့ ထိပ်ဆုံးနေရာကို ကျိုးတောင်းယူ ရသွားလောက်လား”

ပုန်းကွယ်နဂါးစာရင်းသည် အသက်၁၀၀အောက် ပါရမီရှင်များအား အဆင့်သတ်မှတ်ပေးသော စာရင်းဖြစ်၏။

ကျိုးတောင်းယူသည် လက်ရှိမျိုးဆက်၏ ရှေ့ဆောင်တစ်ယောက်ဖြစ်လာခဲ့ပြီး ကြည်ညိုဖွယ်အဓိပတိအမတစာအုပ်ကျေးဇူးကြောင့် သူ့ဂုဏ်သတင်းသည် ပို၍ပင် ကြီးမားလာခဲ့သည်။

လီယ ထန်ယုကိုကြည့်ကာ ပြောလိုက်၏။ “မင်းဘာတွေပြောနေတာလဲ စာရင်းရဲ့ထိပ်ဆုံးနေရာက ငါ့ဟာပဲ ဘာကျိုးတောင်းယူ ကမှာလဲ စောင့်ကြည့်နေလိုက်ပါ ဒီတစ်ကြိမ်မင်းဆရာဦးလေးက ကျိုးတောင်းယူကို အရှုံးရဲ့အရသာ ခံစားခိုင်းလိုက်မယ်”

အကြီးအကဲထျန်း ရယ်မောလိုက်ကာ ၀င်ပြောလိုက်သည်။ “တကယ်တော့ မင်းအကြီးဆုံးပြိုင်ဘက်က ကျိုးတောင်းယူမဟုတ်ဘူး အဓိပတိဂိုဏ်းထဲမှ ကျိုးတောင်းယူထက် ပါရမီကောင်းတဲ့လူတစ်ယောက်ရှိသေးတယ် သူကတံခါးပိတ်ကျင့်ကြံတာက မထွက်သေးလို့သာ လူတွေက သူ့ကိုမသိကြသေးတာ”

လီယ သူ့ကိုကြည့်၍ မေးလိုက်သည်။ “ဘယ်သူလဲ”

“လုရှန် သူကအသက်သုံးဆယ်နဲ့ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ကိုရောက်ခဲ့တာ”

“ဘာ”

အားလုံး ကြက်သေသေသွားခဲ့ရသည်။

သူတို့ထဲက အများစုသည် အသက်၃၀ကျော်များဖြစ်ကြပြီး ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ကို အိပ်မက်တောင် မက်ဖူးကြသူများ မဟုတ်ကြပေ။

ကုအန် အမူအရာလည်း ထူးဆန်းသွားခဲ့ရသည်။ လွန်ခဲ့သော ၂ နှစ်ခန့်က ထျန်းယတောင်ကြားဆီသို့ လူတစ်ယောက်‌ေရာက်လာခဲ့ပြီး ထိုလူ၏အမည်မှာ လုရှန် ဖြစ်၏။

ထိုစဉ်က သူလုရှန်နှင့် လုပိုင်ထျန်းကို ဆက်စပ်၍ မစဉ်းစားခဲ့မိသော်လည်း အခုတော့ ကြည့်ရသည်မှာ သူတို့နှစ်ယောက်ကြား ဆွေမျိုးတော်စပ်နေပုံ ရပေသည်။

လီရွှမ်တောက်သည် အမှန်တကယ်ပင် အံ့ဩစရာကောင်းလှပြီး အဓိပတိဂိုဏ်း၏ အလျှို့ဝှက်ဆုံးပါရမီရှင်ကိုပင် သူ့ဘက်တွင်ရအောင် ခေါ်ထားနိုင်ခဲ့၏။ ထိုအရာသည် အတော်လေးရက်စက်လှသော ရွှေ့ကွက်တစ်ခုလည်း ဖြစ်နေပေသည်။

အပိုင်း(၇၂)

ပြန်လည်မွေးဖွားလာသူ၊ ကုအန်၏ အမည်

အကြီးအကဲထျန် လုရှန်အကြောင်းပြောပြလိုက်ရာ တပည့်များသည် အဓိပတိဂိုဏ်း၏ထိပ်တန်းပါရမီရှင်အကြောင်း စိတ်၀င်စားသွားခဲ့ကြပြီး မေးခွန်းများ အသည်းအသန်မေးကြလေတော့သည်။

လီယလည်း သူ့နာမည်ကို သေချာမှတ်ထားလိုက်ပြီး ပြိုင်ပွဲကျလျှင် ထိုပါရမီရှင်ကိုအနိုင်ယူ၍ သူ၏ပါရမီကို သက်သေပြမည်ဟု ဆုံးဖြတ်ထားလိုက်၏။

ထိုညတွင် တတိယတောင်ကြားတစ်ခုလုံးသည် အသက်၀င်နေခဲ့ပြီး အကြီးအကဲထျန်းပင် စကားများနေခဲ့ကာ တစ်ခါတစ်ခါ အသံကျယ်ကြီးနှင့်ပင်ရယ်မောခဲ့သေးသည်။

အာရုံတက်ချိန်သို့ ရောက်သောအခါ လီယ ကုအန်ကို နှုဆ်ဆက်စကားပြောခဲ့၏။

“ငါသွားတော့မယ် ငါ့နာမည် ကမ္ဘာတစ်ခုလုံးမှာပျံ့နှံ့သွားမှာကို စောင့်နေပါ ညီလေးကု”

ထွက်ခွာသွားသော လီယ၏ ပုံရိပ်ကိုကြည့်ပြီး ကုအန် အားကျသလိုပင် ဖြစ်သွားခဲ့ရသည်။ လီယသည် အမြဲတမ်းရဲရင့်ကာ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေစဉ်တွင် သူ့မှာတော့ အရာတိုင်းကို အတွေးလွန် သတိထားနေတတ်ကာ ဆုံးဖြတ်ချက်လည်း မပြတ်သားတတ်ပေ။

သို့သော် ထိုအကျင့်ကြောင့်ရခဲ့သော လီယ၏ကြောက်စရာဒဏ်ရာများအကြောင်း ပြန်တွေးလိုက်မိချိန်မှာတော့ ကုအန် နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားခဲ့၏။

သူလီယကုိ အားကျခြင်းက အဆင်ပြေပေမယ့် အတုယူလို့တော့ မရပေ။

လီယထွက်သွားပြီးသည့်နောက် တောင်ကြားမှတပည့်များသည် ကိုယ့်အလုပ်ကိုယ်သာ ပြန်လုပ်ခဲ့ကြရသည်။ ဆေးတောင်ကြားသည် ပိုမိုကျယ်ပြန့်လာသောကြောင့် သူတို့တွင်လည်း နေ့စဉ်တာ၀န်များ ပိုများလာချေပြီ။

ကုအန် ဆန်းကြယ်တောင်ကြားကိုပြန်ကာ ဆေးဉယျာဉ်များကို စစ်ဆေးပြီးသည့်နောက် ထျန်းယတောင်ကြားဆီသို့ ထွက်လာခဲ့လိုက်၏။

လမ်းတွင် သူနေရာတစ်ခုတွေ့၍ ထိုနေရာတွင် သက်တမ်း၅နှစ်ပင် ပေါင်းထည့်လိုက်သေးသည်။ ထို့နောက်မှ ခရီးဆက်လာခဲ့၏။

ထျန်းယတောင်ကြားသို့ရောက်သောအခါ ကုအန် တောင်ကြားအ၀င်၀မှ တောင်ကြားထဲသို့ ၀င်၀င်ချင်း တောင်ကြားထဲတွင် ယိလျူယွမ်နှင့် လုရှန်တို့ လေ့ကျင့်နေကြသည်ကို တွေ့လိုက်ရသည်။

လုရှန်သည် အနီရောင်၀တ်စုံကို၀တ်ဆင်ထားပြီး သူ့ဆံပင်ရှည်များကို ကျောတွင် ချထားခဲ့၏။ ထို့ကြောင့် သေချာမကြည့်လျှင် သူ့ကို မိန်းမတစ်ယောက်နှင့်ပင် မှားသွားနိုင်ပေသည်။ သူ့လက်ထဲတွင် ဘူးသီးခြောက်အချိုးအစားမျိုးရှိသော ယပ်တောင်ကြီးတစ်ချောင်းကို ကိုင်ထားပြီး ယိလျူယွမ်၏ ဓားချက်များကို အားပင်စိုက်ထုတ်စရာမလိုသည့်ပုံစံဖြင့် ပြန်လည်တိုက်ခိုက်နေခဲ့၏။ သူတို့နှစ်ယောက်သည် လေထဲတွင် တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရည်တူနေဟန်ပင်။

ယိလျူယွမ်သည် သူ၏ကျင့်ကြံခြင်းကို ဖိနှိပ်ပြီးတိုက်ခိုက်နေသောကြောင့် လက်ရည်ညီနေခြင်းဖြစ်ပြီး မဟုတ်လျှင်တော့ လုရှန် သူ့ပြိုင်ဘက် ဘယ်လိုမှ မဖြစ်နိုင်ပေ။

ကုအန် လုပိုင်ထျန်းစကားကြောင့် မနေနိုင်တော့ဘဲ လုရှန်ကို သက်တမ်းစစ်ဆေးခြင်းဖြင့် နောက်တစ်ကြိမ်ထပ်စစ်ဆေးလိုက်ပြန်၏။

(လုရှန်(ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်၁) : ၇၅/၄၈၀/၄၉၀၀)

သူသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ အသက်၃၀တွင်ရောက်ခဲ့ပြီး နောက်ထပ် ၄၅နှစ်လုံးလုံး ကျင့်ကြံခြင်းထပ်မတက်တော့တာမျိုး ဖြစ်နိုင်ပါသလော။

အကယ်၍ သူ့အမြင့်ဆုံးနေနိုင်သည့်သက်တမ်းသာ ၄၉၀၀ မဟုတ်ပါက ကုအန်သူ့ကို အဓိပတိဂိုဏ်း၏ထိပ်တန်းပါရမီရှင်တစ်ယောက်ဟု လုံး၀ ထင်မိမည်မဟုတ်ပေ။

ကျိရှောင်ယုလို မူလတာအိုအဆောင်ကိုပိုင်ဆိုင်သော သူမျိုးမှ လွဲ၍ သက်တမ်း ၄၉၀၀ ဆိုသည်မှာ ကုအန်တွေ့ဖူးသမျှလူသားထဲ အများဆုံး ဖြစ်၏။

လုရှန်သည် ဒဏ်ရာရနေပုံလည်း မပေါ်လေရာ သူသည် ဝူရှင်းလို သာမန်မဟုတ်သည့် ကျင့်စဉ်တစ်မျိုးမျိုးကို လေ့ကျင့်ထားခြင်း ဖြစ်နိုင်ပါသလော။

ကုအန်ကို မြင်သောအခါ စွန်းတ စွန်းအာနှင့် စွန်းဆန်တို့ ကုအန်ဆီသို့ အမြန်ပြေးလာခဲ့ကြသည်။ ကုအန်သည် အပြင်မှလာတိုင်း သူတို့အတွက် အရသာရှိသော အစားအစာများယူလာတတ်သောကြောင့် ဖြစ်၏။

သူတို့သည် လျူဟွမ်ဖမ်းထားသော မိစ္ဆာသားရဲများဖြစ်သော်လည်း ကုအန်သည် သူတို့ကို အထင်အမြင်သေးစွာ မဆက်ဆံသောကြောင့် သူတို့နှင့်ကုအန်ကြား ဆက်ဆံရေးသည် အတော်လေး ကောင်းမွန်ပေသည်။

“ဒါက အဆင့် ၅စိတ်ဝိညဉ်သစ်သီး တစ်လုံးပဲ မင်းတို့ တစ်ယောက်တစ်လုံးပဲစားရမယ် မလုကြနဲ့နော်”

ကုအန် ကြက်သွေးရောင်ဖရဲသီးအရွယ် သစ်သီးသုံးလုံးကို ထုတ်လိုက်ပြီး မြေပေါ်ချပေးကာ သူတို့ဖာသာ ရွေးခိုင်းလိုက်၏။

ထို့နောက်တွင် သူဥယျဉ်များဆီသို့ လမ်းလျှောက်သွားလိုက်လေသည်။ ယနေ့သည် ရိတ်သိမ်းရမည့် နေ့ပင် ဖြစ်၏။

သူ့ဆေးတောင်ကြားကိုတိုးချဲ့ပြီးကတည်းက ကုအန် နေ့တိုင်း ဆေးပင်ရိတ်သိမ်း၍ရနေပြီး သူ၏လက်ရှိဘ၀ကို အတော်လေး ကျေနပ်နေမိခဲ့သည်။

သူဆေးပင်ခူးပြီးသောအခါ လုရှန်နှင့် ယိလျူယွမ်တို့လည်း လေ့ကျင့်ခြင်းကို ရပ်နားလိုက်ကြသည်။ နှစ်ယောက်လုံး ရပ်နားခဲ့ကြပြီးသည့်နောက် ယိလျူယွမ် လုရှန်၏ တိုက်ကွက်များကို စတင်ဝေဖန်ထောက်ပြခဲ့ပြီး လုရှန်မှာလည်း ရိုရိုကျိုးကျိုးပင် နားထောင်နေခဲ့၏။

“စီနီယာယိ ဘယ်တော့ကပ်ဘေးကျော်ဖြတ်မှာလဲ ကျွန်တော်က စီနီယာ ကပ်ဘေးကျော်ဖြတ်ပြီး ဆရာသခင်ဓားအရှင်ကို စိန်ခေါ်မယ့်အချိန်ကို စောင့်နေတာ” လုရှန် ယိလျူယွမ်သည် ဆရာသခင်ဓားအရှင်ကို အမှန်တကယ်ပင် အနိုင်ယူနိုင်သည့် လေသံဖြင့် ပြောလိုက်သည်။

ယိလျူယွမ် တုံးဆိုင်းသွားကာ “အလွန်ဆုံး နှစ်၀က်အတွင်းပေါ့ ငါအဓိပတိဂိုဏ်းရဲ့ ကပ်ဘေးဖြတ်ကျော်တောင်ကြားကိုသွားပြီး ဖြတ်ကျော်မှာ ဆရာသခင်ဓားအရှင်ကို စိန်ခေါ်ဖို့ကတော့ နောက်မှအ‌ေခြအ‌ေနကြည့်ကြတာပေါ့”

သူကောင်းကင်စင်မြင့်ကိုရောက်ပြီးကတည်းက ဆရာသခင်ဓားအရှင်နှင့် ယှဉ်ပြိုင်မည့်စိတ်ကူးကို စွန့်လွှတ်ခဲ့ခြင်းဖြစ်၏။

သူတို့ကြားရှိ ကွာဟချက်မှာ ကြီးမားလွန်းလှသည်။

ထိုသို့သော ဓားဆန္ဒမျိုးကိုမြင်ရပြီးကတည်းက သူနည်းနည်းလေးပင် မတိုက်ခိုက်ရဲတော့ပေ။

လုရှန် မျက်ခုံးများတွန့်ကွေးသွားပြီး သူ့မိန်းမဆန်သော မျက်နှာတွင် မကျေနပ်ဟန်များပေါ်လာကာ “ကြိုးစားကြည့်ပေါ့ စီနီယာယိနိုင်သွားတာလည်း ဖြစ်နိုင်တာပဲ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ကိုရောက်ရင် ဓားဆန္ဒကလည်း ပြောင်းလဲလာမှာပဲလေ စီနီယာယိမှာ တိုက်ခိုက်နိုင်စွမ်းရှိတာသေချာပါတယ် တကယ်လို့ရှုံးသွားလည်း ဘာဖြစ်လဲ ဆရာသခင်ဓားအရှင်ကို ပထမဦးဆုံး စိန်ခေါ်တဲ့သူအနေနဲ့ စီနီယာယိ နာမည်က ကမ္ဘာတစ်၀န်းလုံးမှာ ပျံ့နှံ့သွားမှာပဲ”

သူတို့နားမှ ဖြတ်သွားသော ကုအန် တိတ်တဆိတ်မှတ်ချက်ပြုလိုက်မိ၏။

ထိုကောင်သည် အမှန်တကယ်ပင် တို့မီးရှို့မီးလုပ်တတ်သောကောင်ဖြစ်ပေသည်။ သူထျန်းယတောင်ကြားသို့ စရောက်တုန်းကလည်း လျူဟွမ့်ကို အဓိပတိဂိုဏ်း၏ထိပ်တန်းလှံကျင့်ကြံသူအား သွားစိန်ခေါ်ဖို့ မြှောက်ပေးခဲ့ပြီး မိစ္ဆာမျောက်သုံးကောင်ကိုပင် တောထဲရှိ အဆင့်၃ မိစ္ဆာများကို စိန်ခေါ်ဖို့ မြှောက်ပေးခဲ့သေးသည်။

ထိုကောင်သည် သူတွေ့သမျှလူတိုင်းကိုပင် တစ်ယောက်ယောက်နှင့် စိန်ခေါ်တိုက်ခိုက်ရန် မြှောက်ပေးတတ်သူ ဖြစ်၏။

“ငါအဲ့အကြောင်း စဉ်းစားလိုက်ပါ့မယ်” ယိလျူယွမ် မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။

ထိုစဉ် သူတို့နားမှဖြတ်သွားသော ကုအန်ကို မြင်လိုက်သောအခါ လုရှန် ချက်ချင်း ကုအန်နား ပြေးကပ်သွားပြန်၏။ ထို့နောက် ကုအန်ပုခုံးကိုပုတ်လိုက်ကာ ရယ်မော၍ ပြောလိုက်သည်။

“တောင်ကြားသခင် မင်းကလည်း သာမန်လူတစ်ယောက်တော့မဟုတ်ဘူးလို့ ခံစားနေရတယ် တိုင်းပြည်ဆရာသခင်နေရာကို ချိန်လိုက်ရင်ရော ဘယ်လိုလဲ ငါက မှော်သိုင်းကွက်တွေသင်ပေးမယ် သင်ချင်တဲ့သိုင်းသာပြောလိုက်ကွာ”

ကုအန်ပြန်ပြောလိုက်၏။ “ကျွန်တော်အကြိမ်ပေါင်းများစွာ ပြောပြီးပါပြီ ကျွန်တော်ဘာအတွက်မှမယှဉ်ပြိုင်ချင်ဘူး သစ်ပင်ပန်းမန်တွေပဲ စိုက်ချင်တာပါ”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ လူတိုင်းမှာ အောင်မြင်ချင်တဲ့ နေရာရှိကြပါတယ်”

“ဒါဆို အစ်ကိုကရော ဘယ်နေရာမှာ အောင်မြင်ချင်တာလဲ”

“ငါက ကမ္ဘာပေါ်မှာအကြမ်းဆုံးလူ ဖြစ်ချင်တာ”

“ဒါဆို ဘာလို့မကျင့်ကြံဘဲ သူများတွေကိုပဲ လိုက်တိုက်တွန်းနေတာလဲ”

“ငါကကျင့်ကြံစရာမလိုဘူး အလိုလို ပြိုင်ဘက်ကင်း ဖြစ်လာမှာပဲ”

“ဒါဆိုရင်တော့ အစ်ကိုကအတော်အံ့ဩစရာကောင်းတာပဲ” ကုအန် ရွဲ့ပြောလိုက်၏။

ကြွားလိုက်တဲ့ကောင်!

ပြိုင်ဘက်ကင်းဆိုတဲ့စကားကို ငါ့ရှေ့မှာ လာသုံးရဲသေးတယ်!

ကုအန်ရုတ်တရက် အကြံတစ်ခုရသွားပြီး ရယ်မောကာပြောလိုက်သည်။ “အစ်ကိုလည်း ဂိုဏ်းတစ်ရာညီလာခံမှာ ပါမယ်လို့ကြားတယ် အဲ့ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ရင် ကျွန်တော်အစ်ကို့မှော်သိုင်းတွေကို သင်မယ်”

“တကယ်လား”

“တကယ်ပေါ့”

“တကယ်တော့ ငါအဲ့ဒီပြိုင်ပွဲမှာမပါချင်ဘူး ဒါပေမယ့် မင်းကပြောနေတော့လည်း စောင့်သာနေလိုက်ပါ ငါမနက်ဖြန် သွားတော့မယ်”

ပြောပြီးသည်နှင့် လုရှန်သူ့အိမ်ဆီသို့ ပြန်သွားခဲ့လေသည်။

ထိုစဉ် ယိလျူယွမ် ကုအန်နားရောက်လာပြီး အသံပို့ပညာသုံး၍ ပြောလိုက်၏။

“သူ့ကိုအရမ်းမစော်ကားမိစေနဲ့ ဗဟိုအူတိုင်ဖွဲ့စည်းပြီးကတည်းက သူကျင့်ကြံတိုင်း အိပ်မက်ထဲကို အလွယ်တကူရောက်ရောက်သွားတယ် တစ်ခါ‌တလေသူက အိပ်မက်ထဲမှာ ဧကရာဇ်တစ်ပါးဖြစ်နေတယ် တစ်ခါတလေကျ‌ လွှမ်းမိုးတတ်တဲ့ ဓားဧကရာဇ်တစ်ပါးဖြစ်နေပြီး တစ်ခါတစ်လေဆို မိစ္တာဧကရာဇ်တောင်ဖြစ်နေသေးတယ် သူပြောပုံအရ သူကဘ၀တိုင်းမှာ လူသားကမ္ဘာရဲ့အထွတ်အထိပ်ထိ တက်လှမ်းနိုင်ခဲ့တယ်တဲ့”

ထိုအရာသည် မည်သို့ပြဿနာမျိုး ဖြစ်သနည်း။

သူသည် ပြန်လည်မွေးဖွားလာသော ကြီးမြတ်သည့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေနိုင်ပါသလော။

ကုအန် ရုတ်တရက် လုရှန်ကို အထင်မသေးရဲတော့ပေ။ အနာဂတ်တွင် ထိုကောင်သည် အရေးပါသော လူတစ်ယောက် ဖြစ်လာနိုင်ပေသည်။

နောက်တစ်နေ့မနက်တွင် ကုအန်ထွက်မသွားခင် လုရှန် ထွက်သွားခဲ့၏။ ထို့ကြောင့် ကုအန် ဂိုဏ်းတစ်ရာညီလာခံအကြောင်းပို၍ပင် စိတ်၀င်စားလာခဲ့ပြီး သူကိုယ်တိုင်ပင် သွားကြည့်ချင်လာခဲ့သည်။

ပုန်းကွယ်နဂါးစာရင်းသည် အသက်၁၀၀အောက် လူငယ်ပါရမီရှင်များအတွက် ပြိုင်ပွဲတစ်ခုဖြစ်၏။ ထိုစာရင်းထိပ်ဆုံးနေရာအား ကျိုးတောင်းယူ ကျိရှောင်ယု လီယနှင့် လုရှန် မည်သူရသွားမလဲဟူသော မေးခွန်းသည် အတော်လေး စိတ်၀င်စားစရာ ကောင်းလာခဲ့လေသည်။

လုရှန် ပြန်မလာခင်တွင် ကုအန် သူ့ကျင့်ကြံခြင်းအား တစ်သားတည်းဖြစ်ခြင်းအဆင့် ၉ သို့ မြှင့်ထားလိုက်မည်ဟု ဆုံးဖြတ်ထားလိုက်၏။

သူသည် ထိုပါရမီရှင်လေးများနှင့် တိုးတက်နှုန်း ကြိတ်၍ယှဉ်ပြိုင်နေခြင်း ဖြစ်ပေသည်။

….

မွန်းတည့်ချိန်တွင် ကုအန်ဆန်းကြယ်တောင်ကြားသို့ ပြန်ရောက်သောအခါ သူ့အိမ်ထဲတွင် ရင်းနှီးသောအရှိန်အဝါတစ်ခုကို အာရုံခံလိုက်မိ၏။

လမ်းတွင် ဝူရှင်းကိုနှုတ်ဆက်လိုက်ပြီး ကုအန် အိမ်ပေါ်ထပ်လို့ တက်လာခဲ့သည်။

အခန်းထဲရောက်သောအခါ စားပွဲတွင် စာအုပ်တစ်အုပ်ကိုကိုင်ကာ ထိုင်နေသော ရီလန်ကို တွေ့လိုက်ရ၏။

အိုး မဖြစ်ဘူးး!

ကုအန် ရီလန့်ဆီ အမြန်လျှောက်သွားလိုက်ကာ သူ့လက်ထဲမှစာအုပ်ကို ဆွဲယူပစ်လိုက်ပြီး တင်းမာသောမျက်နှာဖြင့် ပြောလိုက်သည်။

“မိန်းမပျိုလေးတစ်ယောက်က ဒါမျိုးစာအုပ်တွေဖတ်ဖို့ မသင့်လျော်ဘူးလေ”

အပြင်စည်းဂိုဏ်းကိစ္စဖြစ်သွားပြီးကတည်းက ရီလန် ကုအန်ဆီ တစ်ခါတလေမှသာ လာလည်တော့ပြီး သူ့အအချိန်အများစုကို အပြင်‌ေလာကတွင် လေ့ကျင့်

ခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့၏။ လက်ရှိအချိန်တွင် သူသည် ဥပဒေရေးရာခန်းမတွင်လည်း ရာထူးတိုးသွားပြီး အာဏာရှိနေပြီ ဖြစ်‌သည်။

ရီလန် ကုအန်ကို ကြည့်ပြီး ပြုံးလိုက်ကာ “ညီမလေး ကျန်းချင်ဆီကကြားခဲ့တာ အစ်ကိုကြီးက အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း ဖတ်ရတာ အရမ်းကြိုက်တယ်တဲ့ အစ်ကိုကြီးကြိုက်တဲ့စာအုပ်က ဘယ်လိုအမျိုးအစားမျိုးလဲဆိုတာ သိချင်လို့ပါ”

“ကျန်းချင်ပြောတဲ့ အဓိပ္ပာယ်မရှိတာတွေကို နားထောင်မနေနဲ့ အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းစာအုပ်က ဆရာချန်ခဲ့တာမလို့ အစ်ကိုကြီးမဖျက်ဆီးဘဲ အမှတ်တရအဖြစ်သိမ်းထားခဲ့တာ အဲ့တာကို ဖတ်လည်းမဖတ်ဘူး”

“အဲ့ဒီလိုလား”

“ဒါနဲ့ ဘယ်တုန်းကအစ်ကိုကြီးက နင့်ကိုရှင်းပြဖို့လိုသွားတာလဲ ညီမလေး”

“ဟမ့်”

ရီလန် သူမသိုလှောင်အိတ်ထဲမှ စာအုပ်တစ်အုပ်ထုတ်လိုက်ပြီး စားပွဲပေါ် ပစ်တင်လိုက်လေသည်။

ကုအန် ထိုစာအုပ်ကိုကြည့်ပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့၏။

အဓိပတိလျှို့ဝှက်မှတ်တမ်းများ!

ဘယ်လိုလုပ်ဒီစာအုပ်ကအဲ့လောက် နာမည်ကြီးလာတာလဲ!

ရီလန် ကုအန်ကိုကြည့်ကာ ပြောလိုက်သည်။

“ညီမလေးအဲ့စာအုပ်ထဲက ဇာတ်ကောင်နာမည် ကုအန်ကိုတွေ့တော့ တိုက်ဆိုင်မှုသက်သက်လို့ပဲထင်ခဲ့တာ အခု အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းကို နည်းနည်းလှန်ကြည့်လိုက်မိတော့ တိုက်ဆိုင်မှုလို့ မထင်တော့ဘူး အမှန်အတိုင်းပြောလိုက်ပါ အဓိပတိလျှို့ဝှက်မှတ်တမ်းက အစ်ကိုကြီးရေးထားတာမလား”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အစ်ကိုကြီးကစာမရေးဘူး အပင်တွေပဲစိုက်တာလေ”

“ဟီးဟီး ညီမလေးယုံမယ်ထင်လို့လား အစ်ကိုကြီးစာဖတ်ချင်ရင်လည်း နတ်ဘုရားတို့၏ရာထူးများတို့ ကြည်ညိုဖွယ်အဓိပတိအမတ တို့လိုစာအုပ်တွေ ရွေးလို့မရဘူးလား ဒီလိုကိုယ်ကျင့်သိက္ခာကင်းမဲ့ပြီး တာအိုနှလုံးသားကို ပျက်ဆီးစေတဲ့ စာအုပ်တွေ မဖတ်လို့မရဘူးလား”

“အဲ့တာကို တကယ်ကြီး အစ်ကိုကြီးရေးတာမဟုတ်ပါဘူး…”

ကုအန် ရှန်းကျန်ကိုသာ ကြိတ်၍ ကျိန်ဆဲနေမိတော့သည်။

ထိုစဉ် ရုတ်တရက်ရီလန် ထရပ်လိုက်ကာ ကုအန် ကြောက်လန့်ပြီး နောက်သို့ပင် အနည်းငယ်ဆုတ်သွားမိ၏။ ထို့နောက်ရီလန်သည် စားပွဲကိုပတ်၍ သူ့ဆီသို့လျှောက်လာပြီး သူမညာလက်ကို မြှောက်လိုက်လေသည်။

တစ်ယောက်ယောက်ကိုရိုက်တော့မလို့လားဟ!

ကုအန် ဆက်ဖြစ်လာမည့်ကိစ္စများကိုတွေးပြီး ခေါင်းပင်ကိုက်လာခဲ့ရသည်။

ကံကောင်းစွာဖြင့် ရီလန် သည် သူ့ကိုရိုက်ဖို့ လက်မြှောက်လိုက်ခြင်းမဟုတ်ပေ။ ထိုအစား ကုအန် ၀တ်ရုံကိုသာ ဆွဲဆန့်ပေးလိုက်ပြီး ခေါင်းအနည်းငယ်ငုံ့ကာ လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။ “အစ်ကိုကြီး အစ်ကိုကြီးကတကယ်ပဲ အဲ့လိုကိစ္စမျိုးတွေကိုကြိုက်တယ်ဆိုရင် ညီမလေး အမွှာကျင့်စဉ်တစ်ခုရှာပြီး အစ်ကိုကြီးကိုကူညီနိုင်ပါတယ်…”

ကုအန် သူမ၏နားများ နီရဲလာသည်ကိုပင် မြင်နေရခဲ့၏။

သူအမြန်ပင် နောက်ဆုတ်လိုက်ပြီး သူမလက်ကို အမြန်ဖယ်လိုက်ကာ တင်းမာနေသော လေသံဖြင့် ပြောလိုက်သည်။ “ဂျူနီယာညီမလေး အဲ့လိုမစနောက်ပါနဲ့ ညီမလေးအခုလိုတွေ ဆက်စနောက်နေမယ်ဆိုရင် အစ်ကိုကြီး…”

ရီလန် ကုအန်ပုံစံကိုကြည့်ကာ ပါးစပ်ကိုလက်နှင့်အုပ်၍ တခစ်ခစ်ရယ်မောလေတော့သည်။

“ဟုတ်ပြီ ဟုတ်ပြီ ညီမလေးမစတော့ဘူး ညီမလေးက အခြားကိစ္စကြောင့်ရောက်လာတာပါ အစ်ကို့တပည့်စုဟန်ကိစ္စ” ရီလန့်မျက်နှာ လေးနက်သည့်ပုံစံသို့ ပြောင်းလဲသွားခဲ့၏။

ကုအန် မျက်မှောင်ကြုံ့သွားကာ မေးလိုက်သည်။

“သူဘာဖြစ်လို့လဲ”

“အစ်ကိုကြီးသူ့ရဲ့ မိသားစုဓားသိုင်း အာဃာတဓားသိုင်းကိုသိလား”

“အစ်ကိုကြီးမြင်ဖူးတယ် အဲ့ဒီဓားသိုင်းကပြဿနာရှိလို့လား”

“အင်း အဲ့တာကသူ့ရဲ့မိသားစုဓားသိုင်းမဟုတ်ဘဲ မဟာယုမင်းဆက်က ဓားဂိုဏ်းရဲ့ အပြင်လူတွေကို သင်ကြားမပေးတဲ့ တားမြစ်ဓားပညာတစ်ခုဖြစ်နေတာပဲ စုဟန်က အပြင်မှာသွားလေ့ကျင့်တဲ့အခါ မိစ္ဆာတွေကိုသတ်ဖို့ အဲ့ဒီဓားသိုင်းကို ထုတ်သုံးလေ့ရှိတယ် အဲ့ဒီမှာ တစ်ယောက်ယောက်က အဲ့ဒီဓားသိုင်းကို မှတ်မိသွားခဲ့တယ်”

“အဲ့ဒီသတင်းက ပျံ့နှံ့သွားခဲ့ပြီးတော့ နောက်ဆုံးမှာ ဓားဂိုဏ်းက စုဟန်ကို ဖမ်းဖို့ပြင်နေပြီလို့ ညီမလေးကြားခဲ့တယ်”

“အဲ့ဒီလောက်တောင် ဆိုးတယ်လား”

ကုအန် အံ့ဩသွားခဲ့သည်။ စုဟန်လို သာမန်ပါရမီနှင့် ကျင့်ကြံသူလေးတစ်ယောက်က အဘယ်ကြောင့် ၀တ္ထုအဓိကဇာတ်ကောင်တွေလို ဇာတ်လမ်းမျိုး ဖန်တီးနေရပါသနည်း။

ရီလန် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ “ညီမလေးအခုတော့ သူ့ကို ဥပဒေရေးရာခန်းမမှာ ဖွက်ထားလိုက်ပြီ ဒါပေမယ့် ဓားဂိုဏ်းသာရောက်လာရင် ဥပဒေရေးရာခန်းမကလည်း သူ့ကိုကာကွယ်ပေးနိုင်မှာမဟုတ်ဘူး နောက်ဆုံးကျ အဓိပတိဂိုဏ်းကလည်း အပြင်စည်းဂိုဏ်းတပည့်လေးတစ်ယောက်အတွက်နဲ့ မဟာယုမင်းဆက်က ဂိုဏ်းကြီးတစ်ဂိုဏ်းကို အပြစ်လုပ်မှာမဟုတ်ဘူး”

ကုအန် တခဏတွေးလိုက်ပြီး ပြောလိုက်၏။ “အစ်ကိုကြီး နည်းလမ်းရှာကြည့်ပါ့မယ်”

ရီလန် သူ့ကိုနှစ်သိမ့်လိုက်သည်။ “တကယ်လို့ အစ်ကိုကြီးအတွက် ဒုက္ခအရမ်းများမယ်ဆိုရင် ဒီတိုင်းပဲထားလိုက်ပါ အစ်ကိုကြီးလည်းသူ့ကို တစ်သက်လုံးကာကွယ်မပေးနိုင်ဘူးလေ ညီမလေးလာပြောတယ်ဆိုတာကလည်း သူကအစ်ကိုကြီးအတွက် ဘယ်လောက်ထိအရေးပါသလဲ မသေချာလို့ နောက်ကျမှ အစ်ကိုကြီးကို နောင်တရသွားမှာမျိုး မဖြစ်စေချင်ဘူး”

ကုအန် ခေါင်းညိတ်ပြလိုက်ကာ သူ့အတွက် အများကြီးစဉ်းစားပေးသည့် ရီလန့်ကို ချီးကျူးလိုက်၏။

ရီလန် အကြာကြီးမနေခဲ့ပေ။ သူထွက်သွားသောအခါ ကုအန် တတိယတောင်ကြားသို့ တည်နေရာကူးပြောင်းလိုက်ပြီး ရှန်းကျန်ဆီသွားလည်ဖို့ ပြင်လိုက်လေသည်။

ရှန်းကျန်သည် သူ့ဂုဏ်သတင်းအား ထိခိုက်အောင်လုပ်ထားသောကြောင့် သူလည်းရှန်းကျန်ထံမှ အကူအညီပြန်တောင်းရန် လိုပေ၏။

အရင်က ရှန်းကျန်သူ့အား သူမဂူဆီသို့ ဖိတ်ခဲ့ဖူးသောကြောင့် ကုအန်ထိုဂူဆီသို့ မည်သို့သွားရမည်ကို သိပေသည်။

မိနစ်၃၀ခန့်ကြာသောအခါ ကုအန် ရှန်းကျန်ဂူဆီသို့ ရောက်လာခဲ့၏။

“ရှင်ကျွန်မကို လာရှာတယ်ဆိုတာမျိုး ကတကယ်ကိုရှားတဲ့ဖြစ်ရပ်မျိုးပဲ” ရှန်းကျန်ပြုံး၍ ပြောလိုက်သည်။ သူမသည် ဂူထဲတွင် မျက်နှာစည်းပုဝါတပ်မထားဘဲ သူမ၏ ငေးမောဖွယ်အလှတရားကို ပြသထားခဲ့၏။

သူမသည် မှင်များတစ်စက်စက်ကျနေသော စုတ်တံကိုကိုင်ထားခဲ့သည်။ ကုအန်လည်း ဂူနံရံများကို လှည့်ကြည့်လိုက်ရာ ကပ်ထားသော စာရွက်များစွာကို တွေ့လိုက်ရ၏။

ဒီကောင်မလေးကတော့…

ဘာလို့သူပုံဆွဲနေပြန်တာလဲ!

ကုအန် သူ့အကြည့်ကို အမြန်လွှဲလိုက်ပြီး ပြောလိုက်သည်။ “ကျွန်‌ေတာ့်တပည့်တစ်‌ေယာက်မဟာယုမင်းဆက်က ဓားဂိုဏ်းနဲ့ပတ်သက်ပြီး ဒုက္ခရောက်နေလို့ပါ မိန်းက‌ေလး ကူညီပေးနိုင်မလား”

“ဓားဂိုဏ်းလား ကိစ္စမရှိပါဘူး သူတို့ကတာအိုဂိုဏ်းကို လေးစားမှုတော့ ထားရတယ်” ရှန်းကျန် ခပ်ရဲရဲပင် ပြောလိုက်သည်။

ထိုအခါ ကုအန်လည်း ဖြစ်စဉ်တစ်ခုလုံးကို ပြောပြလိုက်၏။

နားထောင်ပြီးသောအခါ ရှန်းကျန် မျက်မှောင်ကြုံ့သွားပြီး တုံ့ဆိုင်းနေဟန်ဖြင့် ပြောလိုက်သည်။ “ကြည့်ရတာတော့ ပြဿနာရှိမယ့်ပုံပဲ…”

All Chapters