အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
အပိုင်း(၇၃)
မင်းကပါရမီရှင်တစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်တယ်၊ သူ့ဓားသိုင်းကိုပေးချင်နေသော အရူးဓားသမား
“ပြဿာနာရှိတယ်လား”
ကုအန် မျက်လုံးလှန်ကာ ပြန်ပြောလိုက်လေသည်။ “နောက်တစ်ခါစကားကို သေချာနားထောင်ပြီးမှ ပြောလို့မရဘူးလား မဟုတ်ရင် ငါ့ကိုမျှော်လင့်ချက်တွေပေးပြီးမှ ရိုက်ချလိုက်သလိုပဲ”
ရှန်းကျန် ခေါင်းခါ၍ ပြောလိုက်၏။ “ပြဿနာက ဓားဂိုဏ်းမှာပဲရှိနေတာမဟုတ်ဘူး တာအိုဂိုဏ်းအတွက်လည်းရှ်ိနေတယ် အာဃာတဓားသိုင်းက ဓားဂိုဏ်းတစ်ခုတည်းရဲ့ တားမြစ်ဓားသိုင်းမဟုတ်ဘူး မဟာယုမင်းဆက်တစ်ခုလုံးက တားမြစ်ထားတဲ့ ဓားသိုင်းပဲ အာဃာတဓားသိုင်းထွက်ပေါ်လာတဲ့ အခါတိုင်း သွေးချောင်းစီးတဲ့ဖြစ်ရပ်တွေ ဖြစ်ရတယ်”
“လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က လူတစ်ယောက်က အဲ့ဓားသိုင်းတတ်မြောက်သွားပြီး လူပေါင်း သိန်းနဲ့ချီသတ်ဖြတ်ခဲ့တယ် နောက်ဆုံးမှသာ ငါတို့တာအိုဂိုဏ်းက အကြီးအကဲတစ်ယောက်လက်ချက်နဲ့ အပြင်းအထန်ဒဏ်ရာရသွားပြီး မဟာယုမင်းဆက်ကနေ ထွက်ပြေးသွားခဲ့တာ”
“အာဃာတဓားသိုင်းက ကောင်းကင်ကံကြမ္မာကိုတောင် ချိုးဖျက်နိုင်တဲ့ ဓားသိုင်းမျိုးလေ ကျင့်ကြံသူက အမုန်းအာဃာတတွေများလေလေ ဓားဆန္ဒကသန်မာလေပဲ သာမန်စိတ်ဝိညဉ်အမြစ်နဲ့ လူတစ်ယောက်ကတောင် လုံလောက်တဲ့ အမုန်းအာဃာတရှိလာရင် သူ့ရဲ့အကန့်အသတ်ကို ဖောက်ထွက်ပစ်နိုင်တယ်
ဒါပေမယ့် သူ့ရဲ့ကျင့်ကြံခြင်းမြင့်လာလေလေ သူ့ရဲ့အမုန်းတရားတွေက ပိုနက်ရှိုင်းလာတဲ့အချိန် ကျင့်ကြံခြင်းလမ်းလွဲသွားပြီး သွေးဆာနေတဲ့မိစ္ဆာတစ်ကောင် ဖြစ်သွားလိမ့်မယ် အဲ့တာကြောင့် ဂိုဏ်းတိုင်းက အဲ့ဒီဓားးသိုင်းကို တားမြစ်ထားကြတာပဲ”
ထိုအကြောင်းကြားသောအခါ ကုအန်မမေးဘဲ မနေနိုင်တော့ပေ။ “အဲ့ဒီလိုဆို ဘာလို့ဓားဂိုဏ်းက ဒီဓားသိုင်းကို ဖန်တီးခဲ့တာလဲ”
ရှန်းကျန်ဖြေလိုက်၏။ “အဲ့တာကို ဓားဂိုဏ်းရဲ့ ပါရမီရှင်တစ်ယောက်က ဖန်တီးခဲ့တာ တကယ်တော့ ဓားဂိုဏ်းက အဲ့ဒီကိစ္စကိုကိုင်တွယ်ဖြေရှင်းဖို့ တာ၀န်ရှိတယ် သူတို့က အာဃာတဓားသိုင်းကျမ်း မိတ္တူတွေအားလုံးကို ဖျက်ဆီးပစ်ခဲ့ပေမယ့် ဒီဓားသိုင်းက တစ်ချိန်မဟုတ် တစ်ချိန်တော့ ပြန်ပေါ်လာနေတုန်းပဲ ဖြစ်နိုင်တာက ဓားသိုင်းဖန်တီးသူက သူမသေခင် ဓားသိုင်းကျမ်းကို ကမ္ဘာတစ်ခုလုံးမှာ ဖြန့်ကျက်ခဲ့ပုံရတယ်”
ကုအန် မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။
ထိုဓားသိုင်းကျင့်ကြံခြင်းသည် ကျင့်ကြံသူကို အသိစိတ်ပါ ပျောက်ဆုံးသွားစေနိုင်နေ၏။
ထိုသို့ဆိုလျှင်တော့ ကုအန် စုဟန်ကို ထိုဓားသိုင်းကျင့်ခိုင်း၍ မဖြစ်တော့ပေ။ သူ သူ့တပည့်ကို သွေးဆာနေသော မိစ္ဆာတစ်ကောင် ဖြစ်မသွားစေလိုပေ။
ရှန်းကျန်ထပ်ပြောလိုက်သည်။ “မဟာယုမင်းဆက်က ဂိုဏ်းတိုင်းက အဲ့ဒီဓားသိုင်းကို ဆန့်ကျင်ကြတယ် ရှင်သူ့ကို ဆက်ကာကွယ်နေမယ်ဆိုရင် ဒုက္ခတွေအများကြီးကို ဖိတ်ခေါ်နေသလိုပဲ ဖြစ်လိမ့်မယ် အခြားဖြေရှင်းနည်းတစ်ခုတော့ ရှိတယ် အဲ့တာက ဓားဂိုဏ်းရှေ့မှာ သူ့ရဲ့ အာဃာတဓားသိုင်းကို ဖျက်ဆီးပြလိုက်ဖို့ပဲ
ဓားသိုင်းကိုဖျက်ဆီးပြတယ်ဆိုတာ မေ့လိုက်ရုံပဲမဟုတ်ဘူး သူ့ရဲ့ မရီဒြန်နဲ့ စိတ်ဝိညဉ်အမြစ်ကိုပါ ဖျက်ဆီးပစ်ရမှာ အဲ့တာကသူ့ကို သာမန်လူတစ်ယောက် ပြန်ဖြစ်သွားစေလိမ့်မယ်”
ကုအန်ခေါင်းညိတ်လိုက်ကာ ပြန်ပြောလိုက်သည်။
“ငါနားလည်ပါပြီ”
ကုအန် ဘာမှမပြောတော့ဘဲ ရှန်းကျန်ကို နှုတ်ဆက်ပြီးသာ ပြန်ထွက်လာခဲ့လိုက်၏။
ရှန်းကျန်မှာတော့ ထွက်ခွာသွားသော ကုအန်ပုံရိပ်ကိုကြည့်ပြီး ခေါင်းသာ ခါနေမိတော့သည်။
နောက်တစ်နေ့ မွန်းတည့်ချိန်တွင်
ကုအန် အပြင်စည်းမြို့သို့ ရောက်လာခဲ့၏။ မနေ့ညကလည်း သူ့ကျင့်ကြံခြင်းထဲကို သက်တမ်း ၁၀၀ပေါင်းထည့်လိုက်သောကြောင့် သူ့ကျင့်ကြံခြင်းသည် သိသိသာသာ တိုးတက်လာခဲ့သည်။
စုဟန်၏ပြဿနာသည် သူ့ကိုအလောတကြီးဖြစ်နေစေခဲ့ပြီး တစ်သားတည်းဖြစ်ခြင်းအဆင့် ၉ သို့ တတ်နိုင်သမျှမြန်မြန်ရောက်ဖို့ ကုအန် ကြိုးစားနေခဲ့၏။
ရီလန့် အိမ်သို့သွားနေရင်း ကုအန် စုဟန်အခြေအနေကို တွေးနေခဲ့သည်။
စုဟန်သည် သူ့တပည့်ဖြစ်သောကြောင့် ကုအန်သူ့ကို ကူညီချင်တာ သေချာ၏။ သို့သော်လည်း သူအကြောင်းပြချက်မဲ့ကြီးတော့ ကူညီလိုက်၍ မဖြစ်ပေ။ ထို့အပြင် အာဃာတဓားသိုင်းသည် စုဟန်ကို မိစ္ဆာတစ်ကောင်ဖြစ်သွားစေနိုင်ပြီး အနာဂတ်တွင် လမ်းလွဲသွားနိုင်ပေသည်။
အများကြီးတွေးပြီးသည့်နောက်တွင်တော့ ထိုသိုင်းကျင့်မကျင့်ကိစ္စကို စုဟန်ကိုသာ ရွေးခိုင်းဖို့ ကုအန် ဆုံးဖြတ်လိုက်၏။ သူအများဆုံးလုပ်ပေးနိုင်သည့်အရာမှာ သူ့ကို ဒီတစ်ကြိမ်ကူညီပေးရုံသာ။ သူကဆက်ကျင့်ကြံချင်သည် ဆိုလျှင်တော့ သူလည်းဘာမှမတတ်နိုင်ပေ။
တစ်ချိန်တည်းမှာပင် သူအခြားကိစ္စတစ်ခုကိုလည်း တွေးလိုက်မိလေသည်။
သူသာ အာဃာတဓားသိုင်းထဲသို့ သက်တမ်း ၁၀၀၀၀လောက်ပေါင်းထည့်ခဲ့ပါက ထိုဓားသိုင်း၏ ကျင့်ကြံခြင်းဖောက်ပြန်သည့် အပိုင်းကို ပြင်ဆင်လိုက်နိုင်မည်လော။
သို့သော် ဤအရာသည် အနာဂတ်မှစမ်းကြည့်ရမည့် ကိစ္စသာ ဖြစ်ပေသည်။ သူအခု လုပ်လိမ့်မည်ဆိုလျှင်တောင် ဓားဂိုဏ်းကသူ့ကို ယုံလိမ့်မည်မဟုတ်ပေ။ ကုအန်ကလည်း ပြုပြင်ထားသော ဓားသိုင်းကို သူတို့ရှေ့တွင် သရုပ်ပြမပေးနိုင်ပေ။
စုဟန်အတွက် သူ့ကိုယ်သူတော့ ထုတ်ဖော်မပစ်နိုင်ပေ။
နာရီ၀က်ခန့်ကြာသောအခါ ကုအန်နှင့်ရီလန် ဥပဒေရေးရာခန်းမဂိတ်ပေါက်မှ ထွက်လာခဲ့၏။
“သူ့စိတ်နဲ့သူပဲဆိုတော့ အစ်ကိုကြီးသူ့အတွက် စိတ်ရှုပ်ခံမနေပါနဲ့တော့ ဒီကမ္ဘာကြီးမှာ ဘယ်သူကမှ ဘယ်သူ့ဘ၀အတွက် တာ၀န်ရှိမနေဘူးလေ သူ့ကိုအဓိပတိဂိုဏ်းကေန တိတ်တဆိတ်အဝေးကိုပို့ပေးဖို့ ညီမလေးစီစဉ်လိုက်ပါ့မယ်” ရီလန်ပြောလိုက်သည်။
ကုအန် ခေါင်းညိတ်လိုက်၏။ သူစုဟန်နှင့် အချိန်အတော်ကြာကြာ ညှိနှိုင်းခဲ့သော်လည်း စုဟန်သည် အာဃာတဓားသိုင်းကို စွန့်လွှတ်ရန် ငြင်းဆန်ခဲ့လေသည်။ သူ့ကျင့်ကြံခြင်းကို မပျက်ဆီးစေရဘူးလို့ ကုအန်ကတိပေးခဲ့ပါသော်လည်း မရခဲ့ပေ။
စုဟန်ပြောခဲ့သည်မှာ ထိုဓားသိုင်းသည် သူ့အဖေသူ့အားပေးခဲ့သော ဓားသိုင်းဖြစ်သည် သူနှင့်သူ့အဖေကြားက တစ်ခုတည်းသော ဆက်စပ်နေမှုဟု ဆိုခဲ့၏။ သူသည် ထိုဓားသိုင်းကိုသုံး၍ သူ့အဖေအတွက်လည်း ကလဲ့စားချေချင်နေခဲ့လေသည်။
ထိုသို့ပင် ပြောနေသောအခါတွင်တော့ ကုအန် လက်လျှော့လိုက်ရုံမှလွဲ၍ ရွေးစရာမရှိတော့ပေ။
“ဟုတ်ပါပြီ ဒုက္ခခံပေးလို့ကျေးဇူးပါညီမလေး” ကုအန် ရီလန့်ကို ပြောလိုက်၏။
ထို့နောက် သူတို့နှစ်ယောက်စကားခဏပြောခဲ့ကြပြီး ကုအန်ထွက်လာခဲ့လေသည်။
လမ်းပေါ်တွင် လျှောက်နေရင်း သွားလာလှုပ်ရှားနေသော လူအုပ်ကြီးကိုကြည့်ကာ ကုအန် အတော်လေးစိတ်မကောင်းဖြစ်နေခဲ့ရ၏။
လုကျိကျားသည် သူ့လမ်းသူလျှောက်နေရင်း နောက်ဆုံးတွင် ဒုက္ခိတတစ်ယောက်အဖြစ်အဆုံးသတ်သွားခဲ့ရပြီး ဆန်းကြယ်တောင်ကြားတွင်နေကာ ဝူရှင်းနှင့်အတူ တာအိုဖြန့်ကျက်ကျင့်စဉ်ကိုကျင့်ကာ အနာဂတ်တွင် ပြန်လည်မြင့်တက်လာနိုင်မလားဟုသာ မျှော်လင့်နေခဲ့ရသည်။
စုဟန်မှာလည်း စိတ်လိုလက်ရပင် နောင်တမရှိဘဲ အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံး၏ ရန်သူဖြစ်လာမည့် လမ်းစဉ်ကို လျှောက်လှမ်းခဲ့ပြန်၏။
ကုအန်သည် သန်မာသော်လည်း သူ့ဘေးရှိလူတိုင်း၏လမ်းစဉ်ကို ဆုံးဖြတ်မပေးနိုင်ခဲ့သလို သူတို့၏အတွေးကိုလည်း မပြောင်းလဲနိုင်ခဲ့ပေ။
လူတို့၏ကိစ္စများသည် အာဃာတများ စိတ်ခံစားချက်များကြောင့် ရှုပ်ထွေးပွေလီလွန်းလှပေသည်။
ကုအန် ထိုအကြောင်းကိုတွေးနေရင်း သူ့နှလုံးသားသည် ထူးဆန်းသောအခြေအနေတစ်ခုသို့ ရောက်ရှိသွားခဲ့၏။
သူမသိလိုက်ဘဲနှင့်ပင် ကောင်းကင်ပြုပြင်စင်မြင့်ပေါ်သို့ အလိုလိုတက်သွားမိခဲ့သည်။
သူလူတစ်ယောက်ကို တိုက်မိသွားမှသာ မိန်းမောနေသောအခြေအနေမှ နိုးထသွားခဲ့၏။
“တောင်းပန်ပါတယ်”
ကုအန် အမြန်တောင်းပန်လိုက်ပြီး သူ့နှလုံးသားထဲတွင်လည်း အံ့ဩမှုများဖြင့် ပြည့်နှက်သွားလေတော့သည်။
ဤအကြိမ်သည် ပထမဆုံးအကြိမ် ထိုကဲ့သို့ သူ့ကိုယ်သူပင်မေ့လျော့သွားသောအခြေအနေသို့ ရောက်ဖူးခြင်း ဖြစ်၏။ သူ့ကျင့်စဉ်များ သိုင်းများ အဆင့်တက်သည့်အချိန်တုန်းကပင် ထိုသို့ မခံစားဖူးခဲ့ပေ။
သူသေချာမသိသော်လည်း သူ့ကိုယ်ထဲတွင် အပြောင်းအလဲတချို့ဖြစ်သွားသည်ကိုတော့ ခံစားမိခဲ့ရသည်။
“မင်းလမ်းစဉ်ညဏ်အလင်းပွင့်နေတာလား” ကုအန်နှင့် တိုက်မိခဲ့သောလူ အေးစက်စက်အသံဖြင့် မေးလိုက်၏။
ကုအန် လှည့်ကြည့်လိုက်ရာ အစိမ်းရောင်၀တ်စုံ၀တ်ဆင်ထားပြီး ကျောတွင် ဓားသုံးလက်ထည့်ထားသော ဓားသေတ္တာတစ်လုံးလွယ်ထားသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။
ကုအန် ချက်ချင်း သက်တမ်းစစ်ဆေးခြင်းကို သုံးလိုက်၏။
[ဟန်မင်(ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၅) : ၅၈၇/၁၉၀၂/၂၇၈၀]
ဒီလူလည်း ကျင့်ကြံခြင်းဖုံးကွယ်လို့ရတဲ့ ကျင့်စဉ်ကျင့်ထားတာပဲ!
အမတကျင့်ကြံခြင်းကမ္ဘာကြီးသည် အမှန်တကယ်ပင် နဂါးများ ကျားများပုန်းအောင်းနေသော နေရာမျိုး ဖြစ်ပေသည်။
ကုအန် စိတ်၀င်တစားမေးလိုက်၏။ “လမ်းစဉ်ညဏ်အလင်းပွင့်တယ်ဆိုတာဘာလဲ ကျွန်တော်အတွေးလွန်နေရုံပါ”
ဟန်မင်သူ့အား စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ “တကယ်တော့ လမ်းစဉ်ညဏ်အလင်းပွင့်တယ်ဆိုတာ တစ်ခုခုကိုတွေးနေရင်း ကောင်းကင်နဲ့မြေပြင်နဲ့ပဲ့ထင်ထပ်သွားပြီး ဆန်းကြယ်တဲ့ အခြေအနေတစ်ရပ်ကို ၀င်ရောက်သွားတာမျိုးပဲ မင်းတောင်းပန်စရာမလိုပါဘူး ငါမင်းကိုရည်ရွယ်ချက်ရှိရှိ ၀င်တိုက်ခဲ့တာ မင်းရှေ့ဆက်သွားရင် ရှေ့က ကြီးမြတ်တဲ့ကျင့်ကြံသူကြီးတွေကို ၀င်တိုက်မိတော့မှာမလို့”
“လမ်းစဉ်ညဏ်အလင်းပွင့်တာက အဲ့လောက်တောင်အံ့ဩစရာကောင်းတယ်လား ဒါပေမယ့် ဘာလို့ ကျွန်တော့်ကျင့်ကြံခြင်းအဆင့်က ဘာမှပြောင်းလဲမသွားရတာလဲ” ကုအန် မေးလိုက်၏။ သူအမှန်တကယ်ပင် လမ်းစဉ်ညဏ်အလင်းပွင့်တာဘာလဲဆိုတာကို မသိခြင်း ဖြစ်ပေသည်။
ဟန်မင် လမ်းမှန်ဂိုဏ်းဟူသော စာလုံးကိုပြန်လှည့်ကြည့်လိုက်ကာ ပြောလိုက်၏။ “လမ်းစဉ်ညဏ်အလင်းပွင့်တယ်ဆိုတာ အတော်လေးရှားပါးတဲ့ ဖြစ်စဉ်ပါ အဲ့တာကို သင်ကြားလို့လည်းမရဘူး လုပ်ယူလို့လည်းမရဘူး လူတစ်ယောက်ရဲ့ ကိုယ်ပိုင်နားလည်နိုင်စွမ်းနဲ့ ကံတရားပေါ်မူတည်နေတာ တချို့လူတွေက ညဏ်အလင်းပွင့်ရင်း ကျင့်ကြံခြင်း ဖြတ်ကျော်နိုင်သွားတယ် တချို့ကတော့ ညဏ်အလင်းပွင့်ရင်း ဆန်းကြယ်တဲ့ လျှို့ဝှက်သိုင်းတွေကို ဖန်တီးနိုင်သွားတယ်
ငါလည်း လမ်းစဉ်ညဏ်အလင်းပွင့်ခြင်းကို ကြုံခဲ့ဖူးတယ် အဲ့ဒီကနေ ငါ့ကိုယ်ပိုင်ဓားသိုင်းကိုတီထွင်နိုင်ခဲ့တာ မင်းဘာကို နားလည်သဘောပေါက်သွားလည်း ငါမသိပေမယ့် အချိန်မီ အဲ့တာရဲ့အကျိုးအမြတ်ကို ယူလိုက်သင့်တယ်”
“လမ်းညွှန်ပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ စီနီယာ့နာမည်ကို သိခွင့်ရှိမလား” ကုအန် လက်သီးဆုပ်ဂါရ၀ပြုလိုက်ပြီး မေးလိုက်သည်။
ဟန်မင်ပြန်ပြောလိုက်၏။ “ငါ့နာမည်က ဟန်မင်ပါ မဟာယုမင်းဆက်က လာခဲ့တာ ဒီကို ဆရာသခင်ဓားအရှင်ရဲ့ ညဏ်ပညာကို ရှာဖွေလို့လာခဲ့တာ”
ထိုစကားကိုကြားသောအခါ ကုအန် မေးလိုက်သည်။ “စီနီယာ ဆရာသခင်ဓားအရှင်ရဲ့ ညဏ်ပညာကိုဘယ်လိုရှာဖွေမှာလဲ”
ထိုစဉ် ဟန်မင် ရုတ်တရက် အသံကျယ်ကြီးနှင့် အော်ပြောလိုက်၏။ “ငါက မဟာယုမင်းဆက်ကလာတဲ့ ဓားကျင့်ကြံသူ ဟန်မင်ပဲ ဒီကို ဆရာသခင်ဓားအရှင်ရဲ့ ညဏ်ပညာကိုစိန်ခေါ်ဖို့လာခဲ့တာ တစ်လအတွင်း အပြင်စည်းမြို့အပြင်ဘက်မှာ ဓားပညာယှဉ်ပြိုင်ချင်ပါတယ် တကယ်လို့ ဆရာသခင်ဓားအရှင်အနိုင်ရခဲ့ရင် ငါ့ရဲ့ဓားတာအိုကို အပြင်စည်းမြို့နံရံမှာ အဓိပတိဂိုဏ်းကတပည့်တွေ ကျင့်ကြံဖို့ ထားခဲ့ချင်ပါတယ်
ဒါပေမယ့် ဆရာသခင်ဓားအရှင်ရှုံးနိမ့်ရင် ဒါမှမဟုတ် မလာရဲရင်တော့ ဒီ လမ်းမှန်ဂိုဏ်းဆိုတဲ့စာလုံးရဲ့ ဘေးမှာ စာလုံးနှစ်လုံး ရေးထားခဲ့ပါမယ်”
မိုးခြိမ်းသံလို ကျယ်လောင်သော အသံကြီးသည် ကောင်းကင်တစ်ခွင်ဟိန်းထွက်လာခဲ့ပြီး တတိယတောင်ကြားသို့ပင် ရောက်ရှိသွားခဲ့သောကြောင့် တပည့်များ မော့ကြည့်လိုက်ကြ၏။
ကောင်းကင်ပြုပြင်စင်မြင့်မှ လူများအားလုံး၏ အကြည့်များသည် ဟန်မင့်ပေါ် ကျရောက်သွားခဲ့ကြသည်။
သူနှင့်ဟန်မင်ကို တစ်ဖွဲ့တည်းထင်သွားမည်စိုးသောကြောင့် ကုအန် မသိစိတ်က နောက်ဆုတ်သွားမိ၏။
သို့သော် ဟန်မင် ကုအန်ဆီလှည့်ကာ သူ့အနားရောက်လာခဲ့ပြန်သည်။
ဒီကိုမလာပါနဲ့ဟ!
ကုအန် အကူအညီမဲ့နေသလို ခံစားလိုက်ရ၏။
“မိတ်ဆွေလေး ငါမင်းအိမ်ကိုလိုက်ခဲ့လို့ရမလား ငါတို့လမ်းစဉ်ညဏ်အလင်းပွင့်ခြင်းအကြောင်း ဆွေးနွေးလို့ရတာပေါ့ နောက်ပြီး ငါနောက်တစ်ခေါက်လည်း ထပ်ပြီးညဏ်အလင်းပွင့်ချင်သေးတယ် ဒါပေမယ့် အောင်မြင်မြင် ကျရှုံးရှုံး ငါမင်းကိုငါ့ရဲ့ဓားပညာပေးခဲ့မယ်” ဟန်မင် ရင်းရင်းနှီးနှီးပြုံးကာ ပြောလိုက်သည်။
မနီးမဝေးတွင် ကျိုးယိကျင်းနှင့်အတူတူတရားထိုင်နေသော ကျိုးလင်လည်း ကုအန်ကိုမြင်သွားကာ မျက်လုံးများ တောက်ပသွားခဲ့၏။
သူ၏ကျင့်ကြံခြင်းအဆင့်အရ သူဟန်မင်၏စကားများကိုလည်း ကြားနေခဲ့ရသည်။
တကယ်ပဲကိုး!
“အရင်ကငါ့အာရုံကမမှားခဲ့ဘူး ဒီကောင်ကတကယ်မရိုးရှင်းတာပဲ”
ကျိုးလင်ထဖို့ ကြိုးစားလိုက်သော်လည်း သူ့ဘေးကကျိုးယိကျင်းက ပြန်ဆွဲထားလိုက်၏။
“ပြဿနာမရှာနဲ့ အဲ့ဒီဟန်မင်ကရိုးရှင်းတဲ့လူမဟုတ်ဘူး သူ စိတ်ဝိညဉ်အခြေတည်အဆင့်မှာတုန်းက နတ်အသွင်ပြောင်းခြင်းအဆင့်တစ်ယောက်ကို ရင်ဆိုင်သတ်ဖြတ်ပစ်ခဲ့လို့ အရူးဓားသမား လို့ကျော်ကြားတဲ့သူပဲ” ကျိုးယိကျင်း တိုးတိုးပြောလိုက်ရင်း သူ့အကြည့်များသည် ဟန်မင့်ဆီရောက်နေခဲ့၏။
ထိုစကားကိုကြားသောအခါ ကျိုးလင် ကြက်သေသေသွားခဲ့သည်။
လူပေါင်းများစွာ၏ အကြည့်များအောက်တွင် ငြင်းဆန်ဖို့ ခက်သောကြောင့် ကုအန်ခေါင်းသာ ညိတ်ပြလိုက်၏။ ထို့နောက် သူထိုနေရာမှ အမြန်လျှောက်ထွက်သွားလိုက်ပြီး ဟန်မင်မှာမူ သူ့နောက်မှလိုက်လာခဲ့လေသည်။
ကောင်းကင်ပြုပြင်စင်မြင့်ထက်မှ လူများသည်လည်း ဟန်မင်ဟူသော နာမည်အကြောင်းစတင်ဆွေးနွေးနေကြပြီး သူ့အကြောင်းသည် လူသိများသောကြောင့် သူ့နာမည်သည် တခဏအတွင်းဂိုဏ်းထဲ ပျံ့နှံ့သွားခဲ့၏။
စင်မြင့်ထက်တွင်ထိုင်နေသော ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် အကြီးအကဲများမှာတော့ ဘာမှမပြောဘဲ ဟန်မင့်ကို ကြည့်ရုံသာ ကြည်နေခဲ့လေသည်။
ကုအန် တခဏတွေးလိုက်ပြီးနောက် ဟန်မင့်ကို တတိယတောင်ကြားသို့ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်၏။
ဟန်မင် အကြီးအကဲထျန်နှင့်တွေ့ပါက မည်သို့ဖြစ်သွားမည်ကို ကုအန်စိတ်၀င်စားမိနေခဲ့သည်။
လမ်းခရီးသည် တိတ်ဆိတ်နေခဲ့ပြီး လမ်းတစ်လျှောက်လုံး ကုအန်ရော ဟန်မင်ရော ဘာမှမပြောခဲ့ကြပေ။
သူတို့တတိယတောင်ကြားသို့ရောက်သောအခါ ဟန်မင် မမေးဘဲမနေနိုင်တော့ပေ။ “ဒီမိုင်တစ်ရာပတ်ပတ်လည်နေရာတစ်ခုလုံးကို မင်းပိုင်တာလား”
“ဟုတ်ပါတယ် ဘာဖြစ်လို့လဲ” ကုအန်ပြန်ပြောလိုက်သည်။
တခဏတိတ်ဆိတ်သွားပြီးနောက် ဟန်မင်ပြန်ပြောလိုက်၏။ “ငါမင်းကိုတပည့်အဖြစ်လက်ခံဖို့ စဉ်းစားထားခဲ့တာ ဒါပေမယ့် ဒီလိုဆေးဥယျာဉ်အကြီးကြီးကို ပိုင်ဆိုင်ထားပုံအရဆို အဓိပတိဂိုဏ်းက မင်းကိုမြင့်မြင့်တွေးထားပုံရတယ် အဲ့တာကင့ါကိုစိတ်ပျက်သွားစေခဲ့တယ်”
ခင်ဗျားကအခုပဲ ကျွန်တော့်ကိုစိန်ခေါ်ခဲ့ပြီး တပည့်လုပ်ခိုင်းချင်နေသေးတာလား!
ကုအန် ကြိတ်လှောင်လိုက်သော်လည်း ရယ်၍သာ ပြောလိုက်သည်။ “စီနီယာရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျွန်တော်က သတ်ဖြတ်ရတာ တိုက်ခိုက်ရတာကိုမကြိုက်ပါဘူး ကျင့်ကြံခြင်းနိမ့်တာ မြင့်တာကိုလည်း ဂရုမစိုက်ပါဘူး အဲ့တာကြောင့် စီနီယာ့ဆန္ဒကိုလေးစားစွာ ငြင်းပါရစေ”
သူတို့နှစ်ယောက် တောင်ကြားထဲရောက်ရှိသွားမှုသည် တပည့်များ၏ အာရုံကို ဖမ်းစားသွားခဲ့၏။
သစ်ပင်ကြီးတစ်ပင်အောက်တွင် တရားထိုင်နေသော အကြီးအကဲထျန်းလည်း မျက်လုံးများ ပွင့်လာခဲ့သည်။ ဟန်မင့်ကိုမြင်သောအခါ သူ့အမူအရာသိသိသာသာပြောင်းလဲသွားခဲ့ပြီး ဟန်မင်မှာတော့ သူ့ကိုမမှတ်မိခဲ့ပေ။
ကုအန်တို့ အိမ်ပေါ်သို့ရောက်ပြီး ထိုင်ပြီးသောအခါ ဟန်မင် သူ့လမ်းစဉ်ညဏ်အလင်းပွင့်ခြင်းအကြောင်း စတင်ပြောပြခဲ့ပြီး ကုအန်လည်း သေသေချာချာနားထောင်ခဲ့ဧ။။်
ဟန်မင်သည် သူ့အသက်၂၀၀တွင် လမ်းစဉ်ညဏ်အလင်းပွင့်ခဲ့ခြင်းဖြစ်ပေသည်။ ထိုအချိန်က သူသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၉ သို့မဖြတ်ကျော်နိုင်ဘဲ ဖြစ်နေခဲ့ပြီး သူ့ဘ၀၏ အကန့်အသတ်သို့ ရောက်ပြီဟု ခံစားခဲ့ရ၏။ ထို့ကြောင့် သူစိတ်ပျက်လက်ပျက်ဖြင့် ရေတံခွန်အောက်တွင် ခုနှစ်ရက်ခုနှစ်ညထိုင်နေခဲ့ပြီး နောက်ဆုံးတွင်တော့ လမ်းစဉ်ညဏ်အလင်းပွင့်သွားခဲ့လေသည်။
ထိုညက သူ့ဓားနှလုံးသား ရုတ်တရက်ညဏ်အလင်းပွင့်သွားခဲ့ပြီး သူ့ဓားဆန္ဒတိုးတက်သွားခဲ့၏။
သူ့စကားကိုနားထောင်ရင်း ကုအန် သက်တမ်းအကန့်အသတ်အကြောင်း တွေးနေခဲ့မိသည်။
ယနေ့အချိန်ထိ ကုအန် သက်တမ်းအကန့်အသတ်ကို ကျော်ဖြတ်နိုင်သော သူမျိုးကို မတွေ့ခဲ့ဖူးသေးပေ။ ကျင့်ကြံသူများသည် လက်ရှိသက်တမ်းကိုသာ ပြောင်းနိုင်ခြင်း ဖြစ်၏။
ထို့ကြောင့် လမ်းစဉ်ညဏ်အလင်းပွင့်ခြင်းကရော သက်တမ်းအကန့်အသတ်ကို ပြောင်းလဲပစ်နိုင်မည်လောဟု ကုအန် စဉ်းစားနေခဲ့မိသည်။
ကျင့်ကြံသူများသည် ကျင့်ကြံခြင်းမြင့်လေလေ သက်တမ်းတိုးလာလေလေဖြစ်သော်လည်း တိုးလာသော သက်တမ်းမှာ ကျင့်ကြံသူဧ။်အေခြအေန သဘာ၀ရတနာများ ကျင့်စဉ်များနှင့်သက်ဆုိင်ေနေသာေကြာင့်တစ်ယောက်နှင့်တစ်ယောက် မတူကြပေ။
လီရွှမ်တောက်ကို ဥပမာပြရလျှင် သူသည် နတ်အသွင်ပြောင်းခြင်းအဆင့်သာဖြစ်သော်လည်း သူ့လက်ရှ်ိသက်တမ်းသည် အချို့ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်များနှင့်ပင် ယှဉ်နိုင်ပေသည်။
ကျိရှောင်ယုဆိုလျှင်လည်း လီရွှမ်တောက်လိုပင် အခြေခံတည်ဆောက်ခြင်းအဆင့် ၉ နှင့် သက်တမ်း ၈၀၀ ကျော်ရှိနေသူ ဖြစ်၏။
အကယ်၍ ကျင့်ကြံသူတစ်ယောက်သည် ထိခိုက်ဒဏ်ရာရရှိခဲ့လျှင်တော့ ထိုသက်တမ်းမှာ ကျဆင်းသွားနိုင်သေးသည်။ ဥပမာ အကြီးအကဲထျန်းနှင့် လုကျိကျားတို့လိုပင်။
နောက်ဆုံးတွင် လူများသည် အချက်အလက်များသက်သက်မဟုတ်ကြသောကြောင့် ကိန်းသေတန်ဖိုးများ ရှိမနေနိုင်ပေ။
ဟန်မင် သူ့အကြောင်းပြောပြီးသည့်နောက် ကုအန်၏ လမ်းစဉ်ညဏ်အလင်းပွင့်ခြင်းအကြောင်းကိုလည်း မေးလိုက်၏။ ကုအန်လည်း အာဃာတဓားသိုင်းအကြောင်းကိုသာချန်ထားပြီး သူ့အဖြစ်အပျက်များအားလုံးကို ပြောပြလိုက်လေသည်။
သူပြောပြီးသောအခါ ဟန်မင် တွေးတောနေဟန်ဖြင့်ပြောလိုက်၏။
“တပည့်ရဲ့ လုံခြုံရေးကိုစိတ်ပူရင်း အခြားလူတွေရဲ့ ကံကြမ္မာကိုမထိန်းချုပ်နိုင်ဘူးဆိုတာ နားလည်သွားပြီး ညဏ်အလင်းပွင့်သွားခဲ့ရတာ ဒီလိုဆိုရင်တော့ မင်းကပါရမီရှင်တစ်ယောက် ဖြစ်ေကာင်းဖြစ်ေနနိုင်တယ်”
“တစ်လအတွင်း ငါနဲ့ ဆရာသခင်ဓားအရှင်နဲ့ ဓားပြိုင်ပွဲရှိတယ် အဲ့ဒီမှာ ငါသေချင်လည်းသေသွားနိုင်တယ် အဲ့တာကြောင့် ဒီလထဲမှာ ငါမင်းကို ငါ့ရဲ့ဓားတာအိုအားလုံးပေးလိုက်မယ် ဘယ်လိုလဲ”
အပိုင်း(၇၄)
တစ်သားတည်းဖြစ်ခြင်းအဆင့်၉ အထိချိုးဖျက်ခြင်း
ဓားတာအိုလွှဲပြောင်းပေးမှာလား!
ကုအန်မသိစိတ်က ချက်ချင်းငြင်းလိုက်မိသည်။
ကုအန်သည် ထိုက်ကန်နတ်မင်သက်ဓားသိုင်း၊ နှင့် သစ်သားစိတ်ဝိညဉ်ဓားသိုင်းကို တတ်ကျွမ်းပြီး အာဃာတဓားသိုင်းသည်ပင် သူ့စနစ်ထဲတွင် ရောက်နေပြီဖြစ်ရာ သူ့သက်တမ်းများကို အခြားဓားသိုင်းများကျင့်၍ မဖြုန်းလိုတော့ပေ။
နောက်ဆုံးတွင်သူသည် သက်တမ်းများသုံး၍လည်း ဓားပညာကိုအဆင့်မြှင့်နိုင်လေရာ အဘယ်ကြောင့် ဓားသိုင်းအများအပြားသင်ကြားနေရန် လိုအပ်တော့မည်နည်း။
ကုအန် တောင်းပန်ဟန်ဖြင့် ပြောလိုက်သည်။ “စီနီယာ ကျွန်တော်က ဓားတာအိုကို စိတ်မ၀င်စားပါဘူး ထပ်ပြောရရင် ကျွန်တော်က ဘယ်တိုက်ခိုက်ခြင်းနည်းစနစ်ကိုမှ စိတ်မ၀င်စားတာပါ ပုံမှန်နေ့တွေမှာ ကျွန်တော်ကကျင့်ကြံတာတောင်ရှားပါတယ် ကျွန်တော်က သစ်ပင်ပန်းမန်တွေစိုက်ရတာကိုပဲ ကြိုက်တာပါ”
ဟန်မင် မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။
ကုအန် စိတ်ညစ်သွားချင်ယောင်ဆောင်လိုက်ပြီး ရှင်းပြလိုက်သည်။ “စီနီယာ ကျွန်တော်ကစီနီယာ့ကို တမင်ကန့်လန့်တိုက်နေတာမဟုတ်ပါဘူး ကျွန်တော့်နားကလူတိုင်းကို လိုက်မေးလို့ရပါတယ် တောင်ကြားကတပည့်တိုင်း ကျွန်တော့်ပုံစံကို သိကြပါတယ် ကျွန်တော့်စိတ်ဝိညဉ်အမြစ်ကသာမန်ပဲဆိုတော့ ကျွန်တော့်ဘ၀ကို အမတလမ်းစဉ်လျှောက်လှမ်းပြီး အချိန်ကုန်ခံမယ့်အစား လွတ်လွတ်လပ်လပ်ပျော်ရမယ့်လမ်းကိုပဲ ရွေးခဲ့တာပါ”
ဟန်မင်သူ့ကိုကြည့်ကာ တိတ်ဆိတ်သွားခဲ့သည်။
ကုအန်လည်း ဘာမှထပ်မပြောတော့ပေ။
တခဏကြာမှသာ ဟန်မင် ပြန်ပြောလိုက်၏။
“ငါနောက်ဆုံးတော့ မင်းဘာလို့ အလွယ်တကူညဏ်အလင်းပွင့်ခဲ့တာလဲဆိုတာ နားလည်သွားပြီ မင်းရဲ့စိတ်အခြေအနေက ကျင့်ကြံသူအများစုထက် သာလွန်နေတာပဲ စွဲလန်းမှုတွေကိုစွန့်လွှတ်ပြီး လူသားကမ္ဘာရဲ့ အနန္တအခြေအနေတွေကို တွေ့ကြုံခံစားတာကမှ ကောင်းကင်နဲ့မြေပြင်ရဲ့ စစ်မှန်တဲ့အဓိပ္ပာယ်ကို အလွယ်တကူနားလည်နိုင်တဲ့ သော့ချက်ပဲ”
သူတို့နှစ်ယောက် လမ်းစဉ်ညဏ်အလင်းပွင့်ခြင်းအကြောင်းဆက်လက်ဆွေးနွေးနေခဲ့ပြီး ဟန်မင် ကုအန်ကို ဓားပညာသင်ကြားပေးချင်သည့်အကြောင်း ဆက်မပြောခဲ့တော့ပေ။
တစ်ရက်နှင့်တစ်ညလုံးလုံးစကားပြောပြီးမှသာ ဟန်မင် ထွက်သွားခဲ့၏။
သူသည် အဓိပတိဂိုဏ်းတွင် သင့်တော်သော အမွေခံတစ်ယောက်ရှာဦးမည်ဟု စီစဉ်ထားခဲ့လေသည်။
ကုအန်လည်း ကျိုးလင်အား ညွှန်းပေးလိုက်၏။
သူထွက်သွားပြီးသောအခါ ကုအန် တတိယတောင်ကြားကို ကင်းလှည့်ခဲ့သည်။
ထိုစဉ်အကြီးအကဲထျန်းရောက်လာပြီး မေးလိုက်၏။ “တောင်ကြားသခင် ခုနကရောက်လာတဲ့ လူက သာမန်ဟုတ်ပုံမပေါ်ဘူး သူ့အ၀တ်အစားကိုကြည့်ရတာ မဟာယုမင်းဆက်ကလူဖြစ်ပုံပေါ်တယ် သူကတောင်ကြားသခင်ဆီက ဘာလိုချင်လို့တဲ့လဲ”
“သူကကျွန်တော့်ကို တပည့်အဖြစ်လက်ခံပြီး သူ့ဓားတာအိုကိုသင်ပေးချင်လို့ပါ”
“အဲ့တော့ တောင်ကြားသခင် လက်ခံခဲ့လား”
“ဘယ်လိုလုပ် လက်ခံလို့ရမှာလဲ တကယ်လို့ကျွန်တော်လက်ခံလိုက်ရင် အဓိပတိဂိုဏ်းကို သစ္စာဖောက်လိုက်သလိုဖြစ်သွားမှာပေါ့ ကျွန်တော်ကမသန်မာပေမယ့် ဂိုဏ်းအပေါ်တော့ သစ္စာရှ်ိပါတယ်”
ကုအန် သာမန်ပုံစံဖြင့်ပင်ပြောနေခဲ့ပြီး သူထိုသို့ပြောလေလေ အကြီးအကဲထျန်းက သူ့ကိုရိုးသားသည်ဟု ထင်လေလေပင်။
အကြီးအကဲထျန်း ကုအန်ဟန်ဆောင်နေသည်ဟူ၍လည်း လုံး၀မထင်ခဲ့ပေ။ တတိယဆေးတောင်ကြားတွင် နှစ်ပေါင်းများစွာနေလာပြီသည့်နောက် ကုအန်သည် သူလုပ်သမျှအရာတိုင်းတွင် အလေးအနက်ရှိကာ တပည့်များကိုလည်း ကောင်းကောင်းဆက်ဆံပြီး ကျင့်ကြံခြင်းကိုစိတ်မ၀င်စားခြင်းမှလွဲ၍ သူ့တွင်အပြစ်ရှာစရာဟူ၍ မရှိသည့်လူဖြစ်မှန်း သူသိလာခဲ့ရသည်။
အကြီးအကဲထျန်း ကုအန်အား ကင်းလှည့်ရာတွင် အဖော်လုပ်ပေးခဲ့ပြီး လမ်းတစ်လျှောက်သူတို့နှစ်ယောက်စကားများ ပြောလာခဲ့ကြ၏။
ထိုအချိန်အတွင်း ကုအန် အကြီးအကဲထျန်းအား ဆရာတပည့်ဟူသောဆက်ဆံရေးအပေါ် သူ့အမြင်ကို မေးမြန်းခဲ့သည်။
နှစ်ပေါင်း ၇၀၀ကျော်အသက်ရှင်လာခဲ့သော အကြီးအကဲထျန်းတွင် ထိုကိစ္စအပေါ်မည်သို့အမြင်မျိုးရှိမည်ကို ကုအန်စိတ်၀င်စားနေခဲ့၏။ သူ့တွင် အသက်အရွယ်ကြီးရင့်သူများကို အတုယူရန်အစီအစဉ်မရှိေသာ်လည်း သူတို့ပြောစကားကိုနားထောင်ရခြင်းမှာတော့ သူ့ကို အကျိုးဖြစ်ထွန်းစေနိုင်ပေသည်။
တစ်ချိန်တည်းမှာပင်
အရူးဓားသမားဟန်မင် ဆရာသခင်ဓားအရှင်အား စိန်ခေါ်သော သတင်းသည် အဓိပတိဂိုဏ်းမြို့များကြားတွင် လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီး လူတိုင်း ထိုကိစ္စအပေါ် စိတ်၀င်စားသွားခဲ့ကြ၏။
ဟန်မင်သည် ကျော်ကြားသော ဓားကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး ဆရာသခင်ဓားအရှင်မှာလည်း လက်ရှိအချိန်တွင် အဓိပတိဂိုဏ်း၏ နာမည်ကျော်ဓားသမားတစ်ယောက်ဖြစ်ပေသည်။ ထိုသို့သောလူနှစ်ယောက်ကြားက တိုက်ပွဲကို မည်သူကမကြည့်ချင်ဘဲ နေမည်နည်း။
ပို၍အရေးကြီးသည့်အချက်မှာ အဓိပတိဂိုဏ်းတပည့်များသည် ဆရာသခင်ဓားအရှင်၏ မျက်နှာအစစ်ကို မြင်တွေ့လိုကြခြင်းဖြစ်၏။
လ၀က်ခန့်ကြာချိန်ကုအန် ထျန်းယတောင်ကြားသို့ရောက်သောအခါ လျူဟွမ်နှင့် ယိလျူယွမ်တို့လည်း ထိုကိစ္စအကြောင်းဆွေးနွေးနေသည်ကို ကြားလိုက်ရလေသည်။
ထိုကြောင့် ကုအန်လည်း စိတ်ယိုင်လာခဲ့ရ၏။
အစကသူထိုစိန်ခေါ်မှုကို လက်မခံဘူးဟုစဉ်းစားထားခြင်းဖြစ်ပြီး သူမသွားလျှင်ပင် အဓိပတိဂိုဏ်းကအကြီးအကဲများက ဟန်မင့်ကို သူ့စာလုံးများအား ဖျက်ဆီးခွင့်ပြုလိမ့်မည် မဟုတ်ပေ။
သို့သော် ယခုလိုအခြေအနေများအရ သူ့ဂုဏ်သိက္ခာထိုးတက်နေသည့်အချိန်တွင် သူသာမသွားခဲ့လျှင် သူ့ဂုဏ်သိက္ခာကို ထိခိုက်စေမည် မဟုတ်ပါလား။
ထိုသို့တော့ မဖြစ်သေးပေ။
သူသန်မာလာရမည့် လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရပေတော့မည်။
ဟန်မင်သည် အဆင့်ကျော်၍ သတ်ဖြတ်နိုင်သော ပါရမီရှင်တစ်ယောက်ဖြစ်ပေသည်။ သူ၏ တစ်သားတည်းဖြစ်ခြင်းအဆင့်၁ နှင့် ဓားကိုလည်းအဝေးမှသာ ထိန်းချုပ်ရမည်ဆိုလျှင် သူရှုံးသွားပါက မည်သို့လုပ်မည်နည်း။
တစ်သားတည်းဖြစ်ခြင်းအဆင့် ၉ ကိုအမြန်ဆံုး ရောက်အောင်လုပ်ရမယ်!
……
ညဉ့်နက်ချိန်တွင် ကုအန် အဆုံးအစမဲ့ဆန်းကြယ်ကောင်းကင်ခြေလှမ်းကိုသုံး၍ အဓိပတိဂိုဏ်းမှ ထွက်လာခဲ့၏။
သူဒီညတွင် တစ်သားတည်းဖြစ်ခြင်းအဆင့်၉ သို့ရောက်အောင် ကြိုးစားပေတော့မည်။
ဤကမ္ဘာကြီးသည် အမြဲတမ်းပင် ခန့်မှန်းရခက်သောအရာများဖြင့်ပြည့်နှက်နေပြီး သူ၏ တဖြည်းဖြည်းသန်မာလာမည့်စည်းချက်ကို နှောင့်ယှက်မည့်လူတစ်ယောက်ယောက်မှာ အမြဲရှိနေတတ်သည်။
အဓိပတိဂိုဏ်းအား ကုအန်အနည်းငယ်အားနာလာသောကြောင့် ဒီတစ်ခါတော့ ဂိုဏ်းထဲတွင်အဆင့်မတက်တော့ဘဲ လူသူဝေးသော နေရာတစ်ခုတွင် သွားတက်မည်ဟု ဆုံးဖြတ်ခဲ့၏။
အဓိပတိဂိုဏ်းမှ မိုင်၂၀၀၀၀ခန့်သွားပြီးသောအခါ ကုအန် ရပ်တန့်လိုက်၏။ သူသည် တောတောင်နက်နက်ထဲရောက်နေခြင်းဖြစ်ပြီး ထိုနေရာတွင် မိစ္ဆာချီများ သရဲချီများဖြင့် ပြည့်နှက်နေလေသည်။
ကုအန်သစ်ပင်တစ်ပင်အောက်တွင် ထိုင်ပြီး သက်တမ်းအလွှာကို ဖွင့်လိုက်၏။
သူထိုထက်ဝေးဝေးတော့ မသွားရဲတော့ပေ။ မတော်တဆ လှည့်လည်သွားလာနေသော ဆရာကြီးတစ်ယောက်ယောက်နှင့် တွေ့မည်စိုးသောကြောင့် ဖြစ်သည်။
ကုအန် အရင်ဆုံးကျင့်ကြံခြင်းထဲသို့ သက်တမ်း ၁၀၀၀ပေါင်းထည့်လိုက်ရာ သူ့ကျင့်ကြံခြင်းသည် တစ်သားတည်းဖြစ်ခြင်းအဆင့် ၂ သို့ရောက်ရှိသွားပြီး ကမ္ဘာမြေကြီးထဲမှ စွမ်းအင်များ သူ့ဆီစီး၀င်လာခဲ့၏။
ထို့နောက် သက်တမ်း ၁၀၀၀ထပ်ထည့်လိုက်ပြန်သည်။
သူနောက်ထပ်သက်တမ်း ၁၀၀၀ပြီး၁၀၀၀ထပ်ထည့်နေခဲ့၏။
တစ်သားတည်းဖြစ်ခြင်းအဆင့် ၉ သို့မရောက်မခြင်း ကုအန် သက်တမ်း ၁၈၀၀၀လောက် သုံးခဲ့ရသည်။ တစ်သားတည်းဖြစ်ခြင်းအဆင့် ၅သို့ရောက်သောအခါ လက်ရှိကုအန်ရောက်နေသော နေရာ၏ စိတ်ဝိညဉ်စွမ်းအင်သိပ်သည်းမှုအရ အဆင့်တစ်ဆင့်တက်ဖို့ သက်တမ်း ၃၀၀၀ ပင်လိုအပ်လာခဲ့သည်။
ထိုမျှလောက်ပမာဏကို ကုအန်လက်ခံနိုင်သေး၏။ နောက်ဆုံးတွင် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၉ မှ တစ်သားတည်းဖြစ်ခြင်းအဆင့်သို့ ဖောက်ထွက်တုန်းကပင် သက်တမ်းသောင်းနှင့်ချီ ကုန်ခဲ့သည် မဟုတ်ပါလား။
လက်ရှိသူ့တွင် သက်တမ်း ၂သိန်းကျော်ကျန်နေသေးသည်ကိုတွေ့ကာ ကုအန် အနည်းငယ်စိတ်သက်သာရာရသွားပြီး အဆင့်တက်ခြင်းကိုသာ ကောင်းကောင်းခံစားလိုက်လေသည်။
သစ်တောသည်ယိမ်းခါနေကာ လေပြင်းများတိုက်ခတ်လာပြီး ကုအန်အောက်မြေပြင်မှ အစိမ်းရောင်စိတ်ဝိညဉ်စွမ်းအင်များ ထိုးတက်လာကြ၏။
“ဂါးးးးးးး”
ထိုစဉ် အဝေးမှ သားရဲဟိန်းသံကြီးတစ်သံ တောထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်
ကုအန် စိတ်ထဲတွင် အနည်းငယ်လန့်သွားမိခဲ့သည်။ ထိုမိစ္ဆာသားရဲ၏ အဆင့်သည် နတ်အသွင်ပြောင်းခြင်းအဆင့်အောက် မနိမ့်သောကြောင့်ဖြစ်၏။ ထိုသို့ကြောက်စရာကောင်းသော သားရဲမျိုးသည် ဤဒေသတွင် ပုန်းအောင်းနေခြင်း ဖြစ်သည်။
သားရဲကြီးဟိန်းဟောက်သံထွက်ပေါ်လာအပြီးတွင်တော့ အခြားသားရဲများလည်း နောက်မှလိုက်၍ ဟိန်းဟောက်လိုက်လေရာ သူတို့ဟိန်းဟောက်သံများနှင့် ကောင်းကင်ကိုမှောက်လန်ပစ်တော့မလိုပင် ဖြစ်သွားခဲ့ရ၏။
ကောင်းကင်သည် တိမ်များထူထဲနေပြီး ကြယ်ရောင် လရောင်များမှာလည်း မှေးမိန်နေလေရာ ကောင်းကင်ပေါ်ရှိ အရာသည် တိမ်လား မိစ္ဆာလားဆိုတာကို ပြောရခက်နေခဲ့သည်။
ထိုအခိုက်တွင် ကုအန် မိစ္ဆာထောင်ချောက်ထဲ ရောက်နေပြီဟု ခံစားလိုက်ရ၏။ သူဘေးပတ်၀န်းကျင်တစ်ခုလုံးတွင် မိစ္ဆာအော်သံများနှင့် ဆူညံနေပြီး အတော်လေးသွေးပျက်စရာပင် ကောင်းနေခဲ့သည်။
တောအုပ်ထဲရှိအပင်များမှာလည်း အချိန်မရွေးအမြစ်မှ ကျွတ်ထွက်တော့မလိုပင် ယမ်းခါနေခဲ့ကြ၏။
တောအုပ်နောက်ရှိ အမှောင်ထုထဲတွင် တောင်ကြီးများ စတင်ရွေ့လျားလာခဲ့ကြသည်။ ကုအန်ကြည့်လိုက်သောအခါ အနည်းဆုံး ပေ၃၀၀ခန့်ရှည်သော လိပ်ပုံစံ ဘီလူးမိစ္ဆာကြီးသည် သူ၏ကျောပေါ်တွင် တောင်ကြီးကိုသယ်မထားခြင်းဖြစ်မှန်း တွေ့လိုက်ရ၏။ ထိုမိစ္ဆာကြီးရွေ့လျားလိုက်သည်နှင့် လေထုထဲတွင် ဖုန်မှုန့်များနှင့် ပြည့်နှက်သွားခဲ့လေသည်။
တောင်ပတ်ပတ်လည်တွင် ဝိညဉ်နှင့်တစ္တေများမှာလည်း ဘီလူးကြီး၏ အစေအပါးများကဲ့သို့ ဝိုင်းရံ၍ စစ်တစ်တစ်တပ်ကဲ့သို့ လိုက်ပါနေကြသေး၏။
ထိုက်ကန်မင်းဆက်တွင် ကျင့်ကြံသူများစွာရှိသော်လည်း မိစ္ဆာနတ်ဆိုးများ သရဲများအားလုံးကို ရှင်းလင်းမပစ်နိုင်သည်မှာ အံ့ဩစရာတော့ မဟုတ်တော့ပေ။ သူဤနေရာသို့ လာခဲ့သည့်လမ်းတွင် ရွာသွားများအသံများကိုလည်း ကြားခဲ့ရသောကြောင့် သူထုိက်ကန်မင်းဆက်အပြင်သို့ မရောက်သေးမှန်းလည်း ကုအန် သိနေသည်။
ထိုက်ကန်မင်းဆက်သည် အလွန်ပင် ကျယ်ပြန့်လွန့်လှပြီး သူ့အရင်ကမ္ဘာထက်ပင် ကြီးသေး၏။ ထိုကျယ်ပြန့်သော နယ်မြေကြီးတွင်လည်း မိစ္ဆာ သရဲများမှာ အလွန်များပြားနေပြန်သည်။
အခြားမင်းဆက် ၈ ခုမှာတော့ ထိုက်ကန်မင်းဆက်ထက် အတော်လေး သေးငယ်၏။ သို့သော်လည်း ရှန်းကျန်ပြောပုံအရ ဤမင်းဆက် ၉ ခုပေါင်းသည့်နယ်မြေသည်ပင် ကုန်းမြေတိုက်ကြီးတစ်ခုလုံးနှင့် ယှဉ်ပါက ထောင့်ချိုးေလးတစ်ခုသာဖြစ်သည်ဟု ဆိုပေသည်။
ဤကမ္ဘာကြီးသည် အမှန်တကယ်ပင် အဆုံးမရှိလောက်ပေ!
ကမ္ဘာမြေပြင်မှ အဆုံးမဲ့သောစိတ်ဝိညဉ်စွမ်းအားများသည် ကုအန် ကိုယ်ထဲသို့ စီး၀င်နေပြီး သူ့ကျင့်ကြံခြင်းသည် တဖြည်းဖြည်းမြင့်တက်လာနေခဲ့သည်။
တစ်သားတည်းဖြစ်ခြင်းအဆင့် ၁ မှ အဆင့်၉ သို့ရောက်ရှိရန် သက်တမ်း ၁၈၀၀၀ သုံးလိုက်ရခြင်းမှာ အံ့ဩစရာတော့ မဟုတ်တော့ပေ။ လိုအပ်သော စိတ်ဝိညဉ်စွမ်းအင်လိုအပ်ချက်မှာ အတော်လေး များလှ၏။ သူအဆင့်တက်နေသည့် အဖြစ်အပျက်ဂယက်သည် ဤနေရာတစ်ဝိုက် မိုင် ၁၀၀၀၀ ၀န်းကျင်သို့သာမကဘဲ အဓိပတိဂိုဏ်းအထိပါ အဖျားခတ်သွားနိုင်သည်ဟု ကုအန် ခံစားနေခဲ့ရသည်။
တစ်သားတည်းဖြစ်ခြင်း အဆင့်၉ တောင်ထိုမျှလိုအပ်နေလျှင် ထိုထက်ပိုမြင့်သော အဆင့်များသို့ရောက်ပါက သူအဆင့်တက်သည့်အဖြစ်အပျက်သည် ထိုက်ကန်မင်းဆက်တစ်ခုလုံးကိုပင် ရိုက်ခတ်သွားနိုင်မည်လော။
ထိုသို့ဖြစ်ရသည့် အဓိကအကြောင်းအရင်းမှာ သက်တမ်း ၁၈၀၀၀စာ စိတ်ဝိညဉ်စွမ်းအင်ကို တစ်ခါတည်းစုပ်ယူပစ်လိုက်သောကြောင့် ဖြစ်ရခြင်း ဖြစ်၏။ သူစုပ်ယူလိုက်သော စိတ်ဝိညဉ်စွမ်းအင်ပမာဏသည် အလွန်များပြားပြီး ဤနေရာတစ်ခုတည်းနှင့် မလုံလောက်သောကြောင့် ဤနေရာတွင်စိတ်ဝိညဉ်စွမ်းအင်ကုန်သွားပါက ကမ္ဘာမြေကြီးသည် နောက်တစ်နေရာမှ သွား၍ ဖြည့်ယူနေရသောကြောင့် ဖြစ်သည်။
လက်ရှိအချိန်တွင်တော့ သူအဆင့်ချိုးဖျက်ခြင်းတွင်သာ အာရုံစိုက်ထားရမည်ဖြစ်၏။
ဘယ်သူမှငါ့ရဲ့ပိုသန်မာလာခြင်းကနေ မတားဆီးနိုင်ဘူး!
ကုအန် မျက်လုံးမှိတ်ထားလိုက်ကာ သူ့ကြောင့်ဖြစ်သွားသော ဂယက်ကို လစ်လျူရှူထားလိုက်လေတော့သည်။
……
လိုဏ်ဂူကျယ်ကြီးတစ်ခုထဲတွင် မီးအလင်းရောင်သည် တဖျတ်ဖျတ်ယမ်းခါနေခဲ့ပြီး ဂူထဲရှိ အရိပ်ကြီးသည် ယိုင်ထိုးနေခဲ့၏။
ထိုအရိပ်ကြီးသည် မီးဖိုပေါ်တွင်တင်ထားသော အချင်းဆယ်ပေလောက်ရှိသော သံအိုးကြီး၏ အရိပ်သာ ဖြစ်ပေသည်။ သံအိုးကြီးထဲတွင် စွတ်ပြုတ်ရည်များမှာ တပွက်ပွက်ဆူနေပြီး မျက်နှာပြင်ပေါ်တွင် အရိုးများမှာ မြုပ်လိုက် ပေါ်လိုက်ဖြစ်နေခဲ့၏။
ဂူနံရံရှေ့တွင်မူ ချည်နှောင်ခံထားရသော အသက်၁၂ခန့်ရှိသော လူသားကလေးနှစ်ယောက်ရှ်ိနေပြီး တစ်ယောက်မှာ ယောင်္ကျားလေးဖြစ်ကာ တစ်ယောက်မှာမိန်းကလေး ဖြစ်ပေသည်။
ကောင်လေးသည် ဂူနံရံပေါ်ရှိ အစွန်းထက်နေသော ကျောက်ချွန်ဖြင့် သူ့လက်ရှိလျှော်ကြိုးကိုပွတ်၍ ဖြတ်နေခဲ့၏။ သူ့လက်ေကာက်၀တ်တွင် သွေးချင်းချင်းရဲလာသော်လည်း ကောင်လေးသည် မရပ်တန့်သွားသည့်အပြင် လက်ကောက်၀တ်အရိုးပေါ်လာသည်အထိပင် ကြိုးဖြင့်ပွတ်တိုက်နေခဲ့သည်။
သူ့ဘေးရှိ ကောင်မလေးမှာမူ မြေပြင်ပေါ်တွင် ဒူးထောက်ကျနေခဲ့ပြီး ဂူအ၀င်၀ကိုသာ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ကြည့်နေခဲ့၏။
ထိုစဉ် ဂူကြီးသည် ပြင်းပြင်းထန်ထန်လှုပ်ခါသွားပြီး ကြောက်စရာကောင်းသော မိစ္ဆာလေထုတိုက်ခတ်သွားခဲ့ပြီး ဂူအပြင်မှ လူတစ်ယောက်၏ဦးခေါင်းခွံထုံကျင်သွားလောက်အောင် ကြောက်စရာကောင်းသော မိစ္ဆာအော်သံများ ထွက်လာခဲ့လေသည်။
ထိုအသံကြီးကြောင့် ကလေးများ၏ နှုတ်ခမ်းများ ဖြူလျော့သွားခဲ့ပြီး ကြောက်ရွံ့မှုကြောင့် တကိုယ်လုံးလည်း တုန်ခါနေခဲ့ကြ၏။
နောက်ဆုံးတွင်တော့ ကောင်လေးသည် သူ့လက်ကောက်၀တ်ရှိ လျှော်ကြိုးကို ဖြတ်တောက်နိုင်ခဲ့လေပြီ။ သူသည် အမြန်ပင် သူ့ကိုယ်ပေါ်ရှိကြိုးများကို ဖြည်ချလိုက်ပြီး ကောင်မလေးကိုလည်း ကြိုးဖြည်ပေးရန် ပြင်လိုက်သည်။
သို့သော် ကောင်မလေးအားချည်နှောင်ထားသော ကြိုးများသည် အလွန်တင်းကြပ်နေပြီး သူ့လက်တွင်လည်းအားမရှိတော့သောကြောင့် ကြိုးကိုဖြည်ပေးရန် ခက်နေခဲ့၏။
“ရှူးးး ရှူးးး”
ထိုစဉ် လိုဏ်ဂူအပြင်ဘက်မှ ခပ်ပြင်းပြင်း အသက်ရှူသံကြီးထွက်ပေါ်လာရာ ကြိုးဖြည်နေသော ကောင်လေးလက်များ ရပ်တန့်သွားပြီး သူ့မျက်လုံးထဲတွင်လည်း စိတ်ပျက်အားငယ်သော အရိပ်အယောင်များ ပေါ်လာခဲ့လေသည်။
ဂူအ၀င်၀လမ်းဆီသို့ ကြည့်လိုက်သောအခါ ဆူဖြိုးကြီးမားသော ပုံရိပ်ကြီးတစ်ခု၏ အရိပ်ကိုဂူနံရံတွင် မြင်လိုက်ရပြီး ကလေးနှစ်ယောက်၏ မျက်နှာများ ဖြူဖျော့သွားခဲ့၏။
ရုတ်တရက်!
တစ်ခုခုက ဆူဖြိုးသောပုံရိပ်ကြီးကို ဆွဲထုတ်သွားသလိုပင် ပုံရိပ်ကြီးသည် ရုတ်ချည်းပျောက်ဆုံးသွားခဲ့လေသည်။
ထို့နောက် တစ်ခုခုကိုဝါးစားနေသော အသံများ ဂူအ၀င်၀မှ ထွက်ပေါ်လာခဲ့၏။ ဂူနံရံတွင် မှီထားသောကောင်လေးသည် အသံတစ်သံမှထွက်မသွားစေရန် သူ့ပါးစပ်ကို အုပ်ထားမိခဲ့ပြီး ကောင်မလေးမှာတော့ သူ့ရှေ့တွင်ရှိသောအရာကို မကြည့်ရဲပုံဖြင့် မျက်လုံးများကို ပိတ်ထားခဲ့သည်။
……
ကမ္ဘာမြေပြင်ရှ်ိ စိတ်ဝိညဉ်စွမ်းအင်များ ကျဆင်းလာမှုကြောင့် မိစ္ဆာများသည် တောထဲတွင် ခြေဦးတည့်ရာ ထွက်ပြေးနေကြခဲ့၏။ ဤညသည် တောအုပ်၏ ကြမ္မာငင်သော ညတစ်ညသာ။
နှစ်နာရီခန့်ကြာပြီးသောအခါမှာပင် ကုအန်ကျင့်ကြံခြင်းသည် တစ်သားတည်းဖြစ်ခြင်း အဆင့် ၆သို့သာ ရောက်ရှိသေးသည်။ မိုးလင်းမှသာ တစ်သားတည်းဖြစ်ခြင်းအဆင့် ၉ သို့ရောက်တော့မည်ဟု ကုအန် ခန့်မှန်းမိလိုက်ဧ။။်
အရင်အခါများနှင့် ယှဉ်ရင် ယခုအကြိမ်သူချိုးဖျက်ခြင်းသည် အဆပေါင်းများစွာ စိတ်ဝိညဉ်စွမ်းအင်ပို၍ ကုန်ကြသောကြောင့် ချိုးဖျက်သည့်အချိန်မှာလည်း အတော်လေး ကြာနေခဲ့ခြင်း ဖြစ်ပေသည်။
သာမန်တစ်သားတည်းဖြစ်ခြင်းအဆင့် ကျင့်ကြံသူများဆိုလျှင်တော့ သူတို့ကျင့်ကြံခြင်းသည် ဖြည်းဖြည်းချင်းသာ မြင့်တက်ခြင်းဖြစ်သောကြောင့် အဆင့်ငယ် ချိုးဖျက်ရုံနှင့် ကုအန်လို ဂယက်မျိုး ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။ ကုအန်မှာတော့ သက်တမ်းသောင်းနှင့်ချီပြီး တစ်ကြိမ်တည်းကျင့်ကြံလိုက်သောကြောင့် ယခုလိုအဖြစ်မျိုး ကြုံနေရခြင်း ဖြစ်၏။
ကုအန် စိတ်ရှည်ရှည်နှင့်သာ စောင့်ဆိုင်းနေခဲ့သည်။
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။
အာရုံတက်ချိန်ရောက်ရှိလာခဲ့ကာ နေအလင်းရောင်သည် ကောင်းကင်ပေါ်တွင် စတင်ထွက်ပေါ်လာခဲ့ချေပြီ။ တောအုပ်ထဲရှိ အထက်မှာမူ မိစ္ဆာတိမ်တိုက်များဖုံးအုပ်နေဆဲ ဖြစ်ပြီး တောအုပ်ထဲတွင်လည်း မိစ္ဆာစွမ်းအင်များမှာ မြူခိုးများနှယ် စီးဆင်းနေခဲ့ကြသည်။
ကုအန် သစ်ပင်အောက်တွင်ထိုင်နေရင်း မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့၏။
တစ်သားတည်းဖြစ်ခြင်းအဆင့်၉ အောင်မြင်သွားချေပြီ!
ထိုအဆင့်သို့ရောက်သည်နှင့် ကုအန် သူ၏နတ်အာရုံ အကြီးအကျယ်တိုးတက်သွားသည်ကို ခံစားလိုက်ရသည်။ သူ့နှလုံးသားထဲတွင်ပင် လျှံထွက်တော့မတတ် စိတ်ဝိညဉ်စွမ်းအင်များနှင့် ပြည့်သိပ်နေသည်ဟု ခံစားနေရ၏။
သူစုပ်ယူနေသော မြေကြီးစိတ်ဝိညဉ်စွမ်းအင်များမှာ တဖြည်းဖြည်းအရှ်ိန်လျော့လာခဲ့ပြီး လက်ရှိတွင် ကုအန် အရင်ကထက် အဆ၁၀၀ မကသန်မာလာသည်ဟု ခံစားနေခဲ့ရသည်။
တစ်သားတည်းဖြစ်ခြင်းအဆင့် ၉ သည် အဆင့်၁ နှင့်ဘာမှကို မဆိုင်ပေ။
တစ်သားတည်းဖြစ်ခြင်းအဆင့် ၁ တစ်ယောက်သည် သူ့ကို အဆင့်ကျော်၍ သတ်နိုင်လိမ့်မည်ဟု သူမယုံပေ။
ထိုအတွေးပေါ်လာသည်နှင့် ကုအန် ချွေးအေးများထွက်လာပြီး တာအိုနှလုံးသားပင် ထိခိုက်မလို ဖြစ်သွားခဲ့ရသည်။
သူထိုကဲ့သို့ လုံး၀မတွေးသင့်ပေ။ အဆင့်ကျော်၍ သတ်ဖြတ်ခံလိုက်ရသော လူတိုင်း၏စိတ်ထဲတွင် မသေခင်က ထိုအတွေးရှ်ိနေခဲ့ကြသည်သာ။
သူဘယ်သူ့ကိုမှ အထင်မသေးသင့်ဘဲ အချိန်တိုင်း ရန်သူနှင့် ရင်ဆိုင်ဖို့ အသင့်ပြင်ထားရပေလိမ့်မည်။ ထိုမှသာ အမှန်တကယ်ရင်ဆိုင်ရသည့်အခါ အားကုန်ထုတ်၍ တိုက်ခိုက်နိုင်မည် ဖြစ်၏။