← Chapters

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အပိုင်း(၇၅)

ကုအန်တပည့်တစ်ယောက် ခေါ်ယူခြင်း

သူ့ကျင့်ကြံခြင်းလုံး၀ တည်ငြိမ်သွားမှသာ ကုအန်သက်တမ်းအလွှာကို ပိတ်လိုက်၏။

ဤတစ်ကြိမ်တွင် သက်တမ်းအလွှာသည် နှစ်၈၀၀၀ကျော်ပင် ကုန်ကျခဲ့သည်။ ထိုနှုန်းနှင့်ဆိုပါက အနာဂတ်တွင် သက်တမ်းအလွှာကုန်ကျမှုသည်ပင် သူ့အတွက် ထည့်တွက်ရလောက်အောင် ကုန်ကျမည့်သက်တမ်းမျိုး ဖြစ်လာနိုင်ပေသည်။

သူသက်တမ်းများကို ပိုပြီးကြိုးကြိုးစားစား ရှာဖွေရန် လိုနေသေး၏။ လက်ရှ်ိတွင် သူသည် သက်တမ်းများ ချမ်းသာနေသည်ထင်ရပါသော်လည်း အမှန်တကယ်သိသာသော တိုးတက်ပြောင်းလဲမှုမျိုး လိုချင်ပါက သူ့သက်တမ်းများသည် လုံလောက်မနေသေးပေ။

ကုအန် ထရပ်ကာ အပျင်းကြောဆန့်လိုက်ပြီး သူ့ရင်ဘတ်ကို ထိကြည့်လိုက်လေသည်။

တစ်သားတည်းဖြစ်ခြင်းအဆင့်သည် ကြီးမားသောအကူးအပြောင်းတစ်ခု ဖြစ်နိုင်ပြီး ယခင်အဆင့်များနှင့် လုံး၀မတူဘဲ သက်တမ်းအကုန်အကျလည်း များလွန်းလှ၏။

နောက်တစ်ဆင့်သည် နှလုံးသားနှင့် ဆက်စပ်နေလောက်သည်ဟုလည်း ကုအန် ခံစားနေရသည်။ ယခုပင် သူ့နှလုံးသားထဲ၌ စိတ်ဝိညဉ်စွမ်းအင်များ သိပ်သည်းနေသည် မဟုတ်ပါလား။ ထိုအရာသည် ဘာကိုဦးတည်းနေသလဲဆိုတာတော့ ကုအန် သေချာမသိပေ။

ထို့နောက် ကုအန် ထိုနေရာမှ ထွက်လာခဲ့၏။

ကုအန် အဆုံးအစမဲ့ဆန်းကြယ်ကောင်းကင်ခြေလှမ်းကို အသုံးပြုလိုက်သောအခါ သူ့တည်နေရာကူးပြောင်းခြင်းအစွမ်းသည် ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် မိုင်ပေါင်းရာနှင့်ချီပြီး ရောက်နေခဲ့ကာ လမ်းတစ်လျှောက်တွင် တစ်သားတည်းဖြစ်ခြင်းအဆင့် ၉ ၏ နတ်အာရုံကိုလည်း ဖြန့်ကျက်ထားခဲ့သည်။

ရုတ်တရက်

ကုအန် ရုတ်တရက်‌ေခြလှမ်းများကိုရပ်တန့်လိုက်ပြီး အရပ်မျက်နှာတစ်ခုသို့ကြည့်ကာ သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။

တခဏတွန့်ဆုတ်နေပြီးသည့်နောက် ထိုအရပ်သို့ ဦးတည်သွားလိုက်လေသည်။

……

တောင်တစ်လုံးရှေ့ရှိ စမ်းချောင်းလေးတစ်ခုဘေးတွင် ကောင်လေးတစ်ယောက်သည် သွေးစီးကြောင်းများဖြင့် စွန်းပေနေပြီး ညစ်စုတ်နေခဲ့ကာ သူ့လက်ထဲတွင်မူ ကျောက်တုံးကြီးတစ်တုံးကို ကိုင်ထားခဲ့၏။ သူ့နောက်တွင်လည်း သူ့လိုပင် စုတ်ပြတ်နေသော ကောင်မလေးတစ်ယောက်သည် သူ့ရှေ့ရှိအရာကို ကြောက်ရွံ့နေသော မျက်၀န်းများဖြင့် ကြည့်နေခဲ့လေသည်။

ချောင်းတစ်ဖက်ကမ်းရှိ တောထဲတွင် ၂ကျန်းခန့်မြင့်သော ဝံပုလွေမိစ္ဆာကြီးတစ်ကောင်ရှိနေပြီး ထိုကောင်ကြီးသည် ရှေ့သို့ ဆက်လျှောက်လာနေခဲ့၏။ သူ့တွင် နက်မှောင်နေသော အမွှေးများရှိနေပြီး မနက်ခင်းအလင်းရောင်အောက်တွင်ပင် သူ့မျက်လုံးများသည် ကြမ်းကြုတ်မှုဖြင့် လင်းလက်နေခဲ့သည်။

ထိုစဉ် ဝံပုလွေမိစ္ဆာကြီးသည် ပါးစပ်ဟ၍ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့အကြည့်သည် သူ့ရှေ့ရှိ လူသားလေးနှစ်ယောက်အပေါ် ရောက်ရှိသွားခဲ့၏။

ကောင်လေးလက်‌များသည် ကြောက်ရွံ့မှုကြောင့် တုန်ခါနေသော်လည်း ရဲရင့်စွာပင် ရှေ့သို့ဆက်လှမ်းနေခဲ့သည်။

ကလေးနှစ်ယောက်လုံးသည် သူတို့နောက်ရှိ တောင်ပေါ်တွင် ရှိနေသော လူတစ်ယောက်ကိုတော့ မမြင်ခဲ့ပေ။ ထိုလူမှာ ကုအန် ဖြစ်၏။

ကုအန်သည် အဖြူရောင်၀တ်စုံကို လဲလှယ်ထားပြီး ဖြစ်ပြီး မျက်နှာတွင်လည်း နတ်အာရုံများကို ကာကွယ်နိုင်သည့် စည်းများထည့်သွင်းထား‌ေသာ မျက်နှာဖုံးတစ်ခု တပ်ဆင်ထားပြီး ဖြစ်သည်။ ထိုမျက်နှာဖုံးကို သူအားနေချိန်က ပြုလုပ်ထားခြင်း ဖြစ်၏။

တောင်ထိပ်တွင်ရှိနေသောကြောင့် ကုအန်၏ ၀တ်စုံကိုလေများ တိုက်ခတ်နေခဲ့ပြီး အဖြူရောင်၀တ်စုံစသည် လေတွင်လွင့်နေခဲ့စဉ် ကုအန် သူ့အောက်ရှ်ိကလေးနှစ်ယောက်အား သက်တမ်းစစ်ဆေးခြင်းသုံး၍ ကြည့်လိုက်လေသည်။

[ဂုံတန်: ၁၂/၉၉/၉၉၉]

[ပန်းလေး:၁၂/၇၈/၂၃၀]

အမြင့်ဆုံးနေနိုင်တဲ့သက်တမ်း ၉၉၉၉တဲ့လား!

ကုအန် သူ့မျက်လုံးများကိုပင် မယုံနိုင်ဖြစ်သွားခဲ့သည်။ ထိုကလေး၏ သက်တမ်းသည် ကျိမိသားစုပါရမီရှင်များထက်ပင် များနေသည် မဟုတ်ပါလား။

သူသည်လည်း မူလတာအိုအဆောင် ပိုင်ဆိုင်ထားခြင်း ဖြစ်နိုင်ပါသလော။

ထိုစဉ် ဝံပုလွေ မိစ္ဆာသည် ချောင်းတစ်ဖက်ကမ်းမှ ကောင်လေးဆီသို့ ခုန်၀င်လာခဲ့သည်။ ကုအန် လက်မြှောက်လိုက်ပြီး ဝံပုလွေနှင့် ကောင်လေးကြားသို့ ဓားချီတစ်စ ပစ်လိုက်၏။ ထိုအခါ သူတို့ကြားရှိ ကျောက်တုံးများ ကြေမွသွားပြီး ရေပြင်ဝုန်းဒိုင်းကြဲ ဆူပွက်သွားခဲ့ကာ ဝံပုလွေမိစ္ဆာလည်း ကြောက်လန့်ကာ ထွက်ပြေးသွားလေတော့သည်။

လေထဲတွင် ဖုန်သဲများပြည့်နှက်သွားသောကြောင့် ဂုံတန် ချောင်းတဟွတ်ဟွတ်ဆိုးသွားပြီး မျက်လုံးများကိုပိတ်ထားလိုက်ရ၏။

သူ့မျက်လုံးများ‌ဖွင့်လိုက်သောအခါ သူ့ရှေ့ရှိချောင်းဘေးတွင် အနံ ကျန်း၀က်ခန့်ကျယ်ကာ ကျန်း၁၀၀ခန့်ရှည်သော အက်ကြောင်းကြီး တစ်ခုရှိနေသည်ကို တွေ့လိုက်ရလေသည်။

ထိုစဉ်အံ့ဩနေသော Guodanခြေသံကြားလိုက်ရ၍ နောက်လှည့်ကြည့်လိုက်၏။ ထိုအခါ ကုအန်ကို မြင်လိုက်ရသည်။

ကုအန်၏ ပုံစံသည် သာမန်ပုံစံသာဖြစ်သော်လည်း မျက်နှာတွင် မျက်နှာဖုံးတစ်ခုတပ်ဆင်ထားသောကြောင့် ဂုံတန်သူ့လက်ထဲရှိ ကျောက်တုံးကို မချရဲသေးပေ။

“ခင်ဗျား ခင်ဗျားကလူလား ဒါမှမဟုတ် မိစ္ဆာလား..” ဂူဒန် သတိထားနေဟန်ဖြင့် မေးလိုက်ပြီး သူ့အသံမှာလည်း အားနည်းကာ တုန်ရီနေလေသည်။

ကုအန် ပြန်ပြောလိုက်၏။ “ငါကလူပါ မဟုတ်ရင် ငါကဘာလို့မင်းကို ကယ်ခဲ့မှာလဲ”

ကုအန် အသက် ၄၀တန်း ၅၀တန်းလူတစ်ယောက်လေသံမျိုးဖြစ်အောင် အသံကိုပြင်၍ ပြောလိုက်သည်။

ထိုအခါမှသာ ဂုံတန် သက်ပြင်းချလိုက်နိုင်သော်လည်း သူ့လက်ထဲရှ်ိ ကျောက်တုံးကိုတော့ ချမပစ်သေးပေ။ သူဧ။် သတိကြီးသောအပြုအမူကိုမြင်ပြီး ကုအန်ပင် အထင်ကြီးသွားခဲ့ရ၏။

“မင်းအိမ်ကဘယ်မှာလဲ ငါမင်းကိုခေါ်သွားပေးမယ်” ကုအန် မေးလိုက်သည်။

ထိုစကားကိုကြားသောအခါ ဂံုတန် တိတ်ဆိတ်သွားခဲ့၏။

ထိုအခိုက်တွင် ဂံုတန်နောက်ရှိ ကောင်မလေး ထငိုသွားကာ ရှိုက်သံဖြင့် ပြောလိုက်လေသည်။

“သမီးအဖေနဲ့အမေကို မိစ္ဆာတွေစားသွားပြီ”

သူ့အသံသည် ရှိုက်သံလေးဖြင့်ပြောနေခြင်းဖြစ်ပြီး ဂံုတန့်မျက်လုံးများလည်း နီရဲနေခဲ့၏။

ထို့နောက် ဂုံတန် သူတို့အဖြစ်အပျက်ကို အကြောင်းစုံ ရှင်းပြခဲ့လေသည်။

မိစ္ဆာတစ်အုပ်သည် သူတို့ရွာသို့၀င်၍ တစ်ရွာလုံးကို၀င်ရောက်ဖျက်ဆီးသွားကာ လူကြီးများကို သတ်ဖြတ်စားသောက်သွားခြင်း ဖြစ်၏။ ကလေးများကိုမူ ဖမ်းခေါ်သွားပြီး ဂူထဲတွင်ထည့်ထားတာ နေ့တိုင်းစွပ်ပြတ်အိုးထဲထည့်၍ ထည့်ပြုတ်နေခြင်း ဖြစ်ပေသည်။ မနေ့ညကဂုံတန်တို့ထည့်ပြုတ်ခံရမည့်အလှည့်ဖြစ်ပြီး တောထဲတွင်အားကောင်းသော ငလျင်ကြီးလှုပ်ခတ်သွားပြီး မိစ္ဆာများ အုပ်စုကွဲ ပြေးလွှားကုန်ကြ၍သာ သူတို့လွတ်လာခြင်း ဖြစ်၏။

မနက်သို့ရောက်သောအခါ ဂူအပြင်တွင် မည်သည့်မိစ္ဆာအရိပ်အယောင်မှမတွေ့တော့သောကြောင့် သူတို့လျင်မြန်စွာပင် ထွက်ပြေးလာခဲ့ကြသည်။ သို့သော်လည်း ကံဆိုးစွာပင် ဘယ်လောက်မှမသွားရသေးဘဲ အခုလို ဝံပုလွေမိစ္ဆာကြီးနှင့် ထပ်တွေ့ခဲ့ရခြင်း ဖြစ်၏။

ကုအန်တိတ်ဆိတ်သွားခဲ့သည်။ ယခုအကြိမ်သည် သူ၏ပထမဆုံးအကြိမ် ကျင့်ကြံခြင်းကမ္ဘာမှသာမန်လူသားများ၏ နာကျင်မှုကို ကြားလိုက်ရခြင်း ဖြစ်၏။

သူသည် ငယ်စဉ်ကတည်းကပင် ကျိမိသားစုတွင်ကြီးပြင်းလာခြင်းဖြစ်ပြီး မိစ္ဆာများ၏ခြိမ်းခြောက်မှုမျိုးကို တစ်ခါမှ မခံခဲ့ရဖူးပေ။ ထို့နောက်တွင်လည်း အဓိပတိဂိုဏ်းကို၀င်၍ အေးအေးဆေးဆေး ဆေးပင်များရိတ်သိမ်းနေခြင်းဖြစ်ရာ သူ့ဘ၀သည် အတော်လေးအဆင်ပြေချောမွေ့သည်ဟု သတ်မှတ်၍ ရပေသည်။

သူနှင့်ယှဉ်ပါက ဤကလေးနှစ်ယောက်သည် အမှန်တကယ်ပင် နာကျင်ခံစားခဲ့ရသူများ ဖြစ်ကြ၏။

ကုအန်သူတို့ကို ကရုဏာသက်မိ‌သွားသော်လည်း ဂုံတန်၏ သက်တမ်းကြောင့် သူ့ကိုခေါ်သွားရန် ချီတုံချတုံဖြစ်နေမိခဲ့သည်။

ဂုံတန်သည် ထိုသို့သော သက်တမ်းမျိုးနှင့်ဆိုလျှင် သူသာကျင့်ကြံလိုက်ပါက များစွာသော ပြဿနာမျိုးကို ခေါ်လာမည့် ကောင်လေးမျိုး ဖြစ်၏။

ဂုံတန်ဟူသောကောင်လေးသည် သူ့မိသားစုတစ်ခုလံုးတွင် သူတစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သောကြောင့် ကြီးမြတ်သော ကံကြမ္မာမျိုးကို ပိုင်ဆိုင်ထားသလားဟူ၍ပင် ကုအန် သံသယဖြစ်မိသည်။ ထို‌ကောင်လေးသည် ရွာတွင်လည်း မသေခဲ့ရုံမက အစားခံရတော့မည့် အချိန်တွင်လည်း ကုအန်က သူတို့နားတွင် အဆင့်တက်၍ လွတ်သွားခဲ့ပြန်ဧ။။် ထို့အပြင် နောက်တစ်ခါ ဝံပုလွေဖမ်းတာ ခံရတော့မည့်အချိန်တွင်လည်း ကုအန်က ကယ်ခဲ့လိုက်ပြန်သည်။

တိုက်ဆိုင်မှုများသည် အများကြီးအတူတူစုနေလျှင်တော့ ထိုအရာသည် တိုက်ဆိုင်မှုဖြစ်တော့မည် မဟုတ်ပေ။

ကံကြမ္မာရဲ့ ကလေးငယ်များလား!

ထိုကလေးနှစ်ယောက်သည် ယခုအခါ မှီခိုအားထားစရာ မည်သည့်ဆွေမျိုးသားချင်းမှမရှိတော့သောကြောင့် ကုအန် သူတို့ကို နှစ်ယောက်တည်း ပစ်မထားခဲ့နိုင်ပေ။

တခဏကြာ တွေးပြီးသည့်နောက် ကုအန်သူတို့ကို အရင်ဆုံး လုံခြုံသည့်နေရာသို့ ခေါ်သွားမည်ဟု ဆူံးဖြတ်ခဲ့လိုက်သည်။

ထို့နောက် ကုအန် ခြေတစ်လှမ်းလှမ်းလိုက်ပြီး ရုတ်ချည်း ဂုံတန့်နောက်ရောက်သွားခဲ့ကာ ထိုကလေးနှစ်ယောက်ကို လက်တစ်ဖက်တစ်ချက်တွင် ချီ၍ လေထုကိုဖြတ်ကာ ထွက်ခွာသွားခဲ့၏။

ကလေးနှစ်ယောက်မှာလည်း ကြောင်အနေကြပြီး ငိုရမယ့်အစား တောင့်တင်းနေခဲ့ကြသည်။

အသက်ရှူကြိမ် ဆယ်ကြိမ်ခန့်ကြာသောအခါ

တောအုပ်ကြီးတစ်ခုထဲတွင် ကုအန် ကလေးနှစ်ယောက်အား မြေပေါ်သို့ ဖြည်းဖြည်းချပေးလိုက်၏။

ထို့နောက် သူ့သိုလှောင်အိတ်ထဲမှ ဆေးတစ်ပုလင်းယူကာ ကလေးများပါးစပ်ထဲသို့ လောင်းထည့်ပေးလိုက်လေသည်။

ဆေးများပါးစပ်ထဲလောင်းထည့်စဉ်က ကလေးများ အသည်းအသန်ရုန်းကန်ခဲ့ကြသော်လည်း ဆေးသူတို့လည်ချောင်းထဲရောက်သွားသောအခါ နွေးထွေးသော စီးကြောင်းတစ်ခုသည် သူတို့လည်ချောင်းထဲမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်ဟု ခံစားလိုက်ကြရ၏။ ထိုခံစားချက်မှာ အတော်လေး မှော်ဆန်လှပေသည်။

သူတို့နှစ်ယောက်မျက်လုံးများပြူးကျယ်သွားခဲ့ပြီး မယုံနိုင်ခြင်းများနှင့် ပြည့်နှက်သွားခဲ့၏။

ထို့နောက်ကုအန် သူတို့ရှေ့တွင် တင်ပလ္လင်ခွေထိုင်ချလိုက်ကာ မေးလိုက်သည်။

“မင်းတို့ အမတတွေဖြစ်လာဖို့ ကျင့်ကြံချင်ကြလား”

သူဂုံတန့်ကို သူ့အိမ်သို့ ဒီတိုင်းကြီးခေါ်မသွားနိုင်သော်လည်း သင်တော့သင်ပေးနိုင်သေးသည်။ ဤသို့ဖြင့် သူသည်အနာဂတ်တွင် အဓိပတိဂိုဏ်းသို့ရောက်ရှိသွားမည်ဖြစ်ပြီး သူနှင့်လည်းဆိုင်တော့မည် မဟုတ်ပေ။

အဓိပတိဂိုဏ်းအား ပါရမီရှင်တစ်ယောက်ပေးခြင်းဖြင့် ဤနှစ်များအတွင်းသူစုပ်ယူခဲ့သော အဓိပတိဂိုဏ်းမှစိတ်ဝိညဉ်စွမ်းအင်များအတွက်လည်း အကြွေးဆပ်ရာ ရောက်သေး၏။

“ခင်ဗျားက အမတတစ်ပါးလား” ဂုံတန် စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် မေးလိုက်လေသည်။

“မဟုတ်ပါဘူး ငါကကြိုးစားဆဲလူတစ်ယောက်ပါ အခုမင်းမှာသွားစရာမရှိဘူးဆိုမှတော့ ငါမင်းကိုအမတကျင့်ကြံခြင်း သင်ပေးနိုင်တယ် အဲ့တာဆို အနာဂတ်မှာ မင်းအဓိပတိဂိုဏ်းကို၀င်ပြီး နေစရာနေရာတစ်ခု ရှ်ိလာလိမ့်မယ်” ကုအန် အနာဂတ်တွင်သူတို့ အဓိပတိဂိုဏ်းတွင်တွေ့နိုင်သေးသောကြောင့် အသံကိုဖျက်၍ ပြောလိုက်သည်။

ဂုံတန် ချက်ချင်းခေါင်းညိတ်ပြလိုက်ပြီး ဆရာဟုပင် တန်းခေါ်လိုက်၏။

သူ့ဘေးရှိငေးကြောင်နေသော ပန်းလေးကိုလည်း ခေါင်းအတိုးငုံ့ခိုင်းကာ ပြောလိုက်သည်။ “အမြန် ဆရာလို့ခေါ်လိုက်လေ”

ပန်းလေး မသိစိတ်ကခေါ်လိုက်မိ၏။ “ဆရာ!”

ကုအန် ငြင်းဆန်လိုသော်လည်း သူတို့မျက်နှာလေးများကို ကြည့်မိသည့်အခါ မငြင်းဆန်နိုင်တော့ပေ။

“သေစမ်း!

ဒါကကြီးမြတ်တဲ့ ကံကြမ္မာရဲ့လွှမ်းမိုးမှုလား!

ယခုလိုလက်ခံလိုက်မိခြင်းသည် သူစိတ်ပျော့၍မဟုတ်ဘဲ ဂုံတန်၏ ကြီးမြတ်သောကံကြမ္မာသည် သူ့ကိုသက်ရောက်သွားခြင်းကြောင့်ဟု ကုအန် ခံစားလိုက်ရ၏။

အမတကျင့်ကြံခြင်းတွင် ကံကြမ္မာဆိုသည်မှာလည်း အလွန်ပင်အရေးပါသောအရာဖြစ်ပေသည်။

“ကောင်းပြီ အခုငါမင်းကို စိတ်ကျင့်စဉ်တစ်ခုသင်ပေးမယ် သေချာနားထောင်ပြီးမှတ်ထား” ကုအန် ပြောလိုက်၏။

ကလေးနှစ်ယောက်လုံးသည် ကုအန်ရှေ့တွင် ရိုရိုသေသေထိုင်လိုက်ကြပြီး ကုအန်စိတ်ဆိုးသွားမည်ကို ကြောက်ဟန်ဖြင့် ကုအန်ကိုသာ စိုက်ကြည့်နေခဲ့ကြသည်။

ကုအန် သစ်သားယန်မူလကျင့်စဉ်ကို ကလေးများအား သင်ပေးလိုက်၏။ သူအနာဂတ်တွင် သက်တမ်း ၁သန်းပြည့်သွားပါက ထိုကျင့်စဉ်ကိုအဆင့်မြှင့်ဦးမည်ဖြစ်သောကြောင့် ဂုံတန်ထိုကျင့်စဉ်ကို ပြီးပြည့်စုံအောင်တတ်မြောက်သွားမည်ကိုလည်း ကုအန် မကြောက်ခဲ့ပေ။

အမှန်တကယ်တွင် ဂုံအန်ထိုကျင့်စဉ်တွင် မည်မျှရောက်မည်ကိုပင် ကုအန်စိတ်၀င်စားနေမိသေးသည်။

ယခုထိ သူပိုင်ဆိုင်ထားသော ကျင့်စဉ်များ လျှို့ဝှက်သိုင်းများသည် အမတကမ္ဘာတွင် မည်သည့်အဆင့်ရှိမှန်း ကုအန် သေချာမသိသေးပေ။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။

ကုအန်၏ သင်ကြားမှုသည် နေ့တစ်၀က်ပင် ကြာမြင့်ခဲ့ပြီး အဓိကမှာ ပန်းလေးကို အဓိကထားသင်ပေးနေရ၍ ဖြစ်ပေသည်။ ဂုံတန်မှာတော့ သူပြောသမျှကို တစ်ခါတည်းနှင့်ပင် မှတ်မိသွားခဲ့၏။

အမြင့်ဆုံးသက်တမ်းရှိနေခြင်းဆိုသည်မှာ ဟာသတော့မဟုတ်ပေ။

ထို့ကြောင့် ကုအန် ဂုံတန်ကို ဘေးတွင်သွား၍ ကျင့်ကြံခိုင်းလိုက်ပြီး သူကတော့ ပန်းလေးကိုသာ သေချာရှင်းပြ၍ သင်ကြားပေးနေခဲ့လေသည်။

“ဆရာ ကျွန်တော့်ကိုယ်ထဲမှာ တစ်ခုခုရှိနေသလိုခံစားနေရတယ် အဲ့တာ စိတ်ဝိညဉ်စွမ်းအားဖြစ်နိုင်လား”

နေ့လည်ခင်းအချိန်တွင် ပန်းလေးကျင့်စဥ်ကို လေးလေးနက်နက်ဆင်ခြင်သုံးသပ်နေချိန်၌ ဘေးတွင်ထိုင်နေသော ဂုံတန်စိတ်လှုပ်ရှားစွာ ထအော်လိုက်၏။

သူ့အသံကိုကြားသောအခါ ပန်းလေးမျက်လုံးများ မယုံနိုင်မှုဖြင့် ပြူးကျယ်သွားခဲ့ပြီး သူမမျက်နှာပေါ်တွင်လည်း စိတ်ပျက်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

ထိုစဉ် ကုအန် အေးအေးဆေးဆေးပြောလိုက်၏။

“မင်းဘာလို့ ဒါလေးကိုရေးကြီးခွင်ကျယ်လုပ်ပြီး အော်ဟစ်နေတာလဲ မင်းဒီနားကမိစ္ဆာတွေကိုဒီမှာလာစုသွားအောင် လုပ်နေတာလား”

ကုအန်စကားကိုကြားသောအခါ ဂုံတန် ချက်ချင်းပါးစပ်ပိတ်သွားခဲ့လေသည်။

ညနေခင်းချိန်နီးလာသောအခါ ပန်းလေးနောက်ဆုံးတွင် သစ်သားယန်မူလကျင့်စဉ် ၏ပထမအဆင့်ကိုမှတ်မိသွားခဲ့၏။

ဤသို့ဖြင့်ညတစ်ညကုန်လွန်သွားခဲ့လေသည်။

ဂုံတန်သည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ပန်းလေးမှာတော့ စိတ်ဝိညဉ်စွမ်းအင်ကိုပင် မခံစားမိသေးပေ။

သာမန်ဒြပ်ငါးမျိုးစိတ်ဝိညဉ်အမြစ်ပိုင်သော လူတစ်ယောက်အဖို့ စိတ်ဝိညဉ်စွမ်းအင်ကို ခံစားရရန် တစ်လခန့်ကြာတတ်သည်ဖြစ်လေရာ ကုအန်ပန်းလေးကို စိတ်မပျက်ခဲ့ပေ။

နောက်တစ်နေ့ အာရုံတက်ချိန်တွင် ကုအန်ထွက်ခွာဖို့ ပြင်ခဲ့၏။

“ဂုံတန် ငါခဏထွက်သွားဦးမယ် ညနေကျပြန်လာခဲ့မယ် မင်းဂျူနီယာညီမလေးကို စောင့်ရှောက်ထား” ကုအန် ပြောလိုက်သည်။

ဂုံတန်မျက်လုံးများ ပွင့်သွားကာ စိတ်ညစ်သွားဟန်ဖြင့် ပြောလိုက်၏။ “ဆရာတကယ်ပြန်လာမှာလား ကျွန်တော်တို့ကို ပစ်မသွားပါနဲ့ ကျွန်တော်လျှောက်မအော်တော့ဘူးလို့ ကတိပေးပါတယ်”

ထိုစဉ် ပန်းလေးလည်းနိုးလာခဲ့ပြီး အမြန်ပြေးလာကာ ကုအန်လက်ကောက်၀တ်ကို ဆွဲထားလိုက်လေသည်။

ထိုအခါ ကုအန်နူးနူးညံ့ညံ့ပြုံးလိုက်ပြီး တင်းမာသောအသံဖြင့် ပြောလိုက်၏။ “ဆရာက မိစ္ဆာတွေသွားသုတ်သင်မလို့လေ မင်းကဆရာ့ကိုနှောင့်နှေးအောင်လုပ်ချင်လို့လား”

ထိုစကားကိုကြားသောအခါ ပန်းလေး ကုအန်ကို ချက်ချင်းလွှတ်ပေးလိုက်သည်။

ဂုံတန်မှာတော့ မျက်လုံးတစ်ချက်လက်သွားပြီး ပြောလိုက်၏။

“ဆရာ ကျွန်တော်တို့နှစ်ယောက်လုံး ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်တော့မှာဆိုတော့ ဘာလို့ကျွန်တော်တို့ကို နာမည်အသစ်မပေးတာလဲ”

သူ့ဆရာဆီမှ နာမည်အသစ်တစ်ခုရပါက သူနှင့်သူ့ဆရာကြား ဆက်ဆံရေးသည် ပိုမိုရင်းနှီးလာနိုင်သည်ဟု ဂုံတန် ခံစားနေခဲ့ရသည်။

ကုအန် တခဏတုန့်ဆိုင်းသွားပြီးနောက်တွင်တော့ ညာလက်ညှိုးကိုသုံးကာ ဓားချီဖြင့် မြေပေါ်တွင် စာလုံးများ ရေးသားလိုက်၏။

ဂုံတန် ကုအန်အနားအမြန်ပြေးလာပြီး မြေပြင်ကို ကြည့်လိုက်လေသည်။

သူတို့သည်တောသားများဖြစ်သော်လည်း သူတို့ရွာတွင် ကျောင်းဆရာတစ်ယောက်ရှိသောကြောင့် စာလုံးများကို အနည်းငယ်ဖတ်နိုင်၏။

ကုအန်ရေးပြီးသောအခါ ဂုံတန် ကုအန်ကိုမေးလိုက်သည်။

“အန်း အန်း ဘာကြီးလဲ… ဆရာဒုတိယတစ်လုံးက ဘယ်လိုဖတ်ရတာလဲ”

“မင်းနာမည်က အန်းဟောင်ပဲ ဒီနာမည်မှာ ဟောင် ဆိုတဲ့စကားလုံးက ကောင်းကင်ကိုကိုယ်စားပြုတယ် မင်းကအနာဂတ်မှာ မင်းဂျူနီယာညီမလေးအတွက် ကောင်းကင်ကြီးတစ်ခုဖြစ်ပြီး မင်းကိုယ်တိုင်အတွက်လည်း ကောင်းကင်ရဲ့အပိုင်းအစတစ်ခုကို ဖြတ်ထုတ်ယူနိုင်ရမယ်” ကုအန် ရှင်းပြလိုက်သည်။

“ပန်းလေးနာမည်ကတော့ အန်းရှင်း တဲ့ ငါ့တပည့်ကအေးချမ်းပြီး ရောင့်ရဲတတ်တဲ့ဘ၀မျိုးကို ရဖို့ဆရာမျှော်လင့်ပါတယ်” ကုအန် ငြင်သာစွာ ပြောလိုက်ပြီးနောက်တွင်တော့ လေထဲတွင် ပျောက်ကွယ်သွားခဲ့၏။

အန်းဟောင်ဟူသောနာမည်ကို ထပ်ထပ်ရွတ်နေရင်း ဂုံတန်လှည့်ကြည့်လိုက်ရာ ကုအန်ကို မတွေ့တော့ပေ။ထို့နောက် သူပြန်ငုံ့ကြည့်လိုက်ပြီး ဟောင် ဟူသောစာလုံးကိုမမေ့စေရန် “အန်းဟောင်…ဟောင်” ဟူ၍ အကြိမ်ကြိမ်ရွတ်ဆိုနေခဲ့လေသည်။

အန်းရှင်းမှာလည်း သူ့ဘေးတွင်ရပ်ကာ မြေပေါ်ရှိ စာလုံးများကိုအတူတူကြည့်နေခဲ့ကြ၏။

တစ်နေရာတွင်

ကုအန် အဓိပတိဂိုဏ်းသို့ အမြန်ပြန်ခဲ့လိုက်သည်။ သူပြန်ရောက်သောအခါ ဝူရှင်းသည် တပည့်များကို အကြောလျှော့လေ့ကျင့်ခန်းပင် လုပ်ခိုင်းနေလေပြီ။

တောင်ကြားအ၀င်၀သို့ လမ်းလျှောက်လာနေရင်း ကုအန် သူ့အပေါ်မှ ကျင့်ကြံသူများစွာ ပျံသန်းသွားသည်ကို တွေ့လိုက်ရ၏။ ကြည့်ရသည်မှာ မနေ့က သူလုပ်ခဲ့သောဂယက်မှာ အဓိပတိဂိုဏ်း၏ အာရုံကိုထပ်မံ ဆွဲဆောင်နိုင်ခဲ့ပြန်ပုံ ပေါ်‌လေသည်။

အပိုင်း(၇၆)

စစ်မှန်သော ဓားကျင့်ကြံသူတစ်ယောက်ဆိုသည်မှာ

တောင်ကြားအ၀င်၀မှ ၀င်လာသော ကုအန်ကိုမြင်သောအခါ ဝူရှင်း ကုအန်ဆီသို့ အပြေးလာကြိုခဲ့၏။

လုကျိကျားလည်း အခြားတပည့်များနှင့်အတူ အကြောလျှော့လေ့ကျင့်ခန်း လုပ်နေခြင်းဖြစ်သည်။ အခုအချိန်တွင်သူသည် ဝူရှင်း၏ ညာလက်ရုံးဖြစ်နေပြီ ဖြစ်၏။ သူကုအန်အား အဝေးမှတစ်ချက်လောက်ကြည့်လိုက်ပြီး အနားကိုတော့ မကပ်ရဲခဲ့ပေ။

သူပြန်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း လုကျိကျားကုအန်ကို မျက်နှာချင်းမဆိုင်ရဲသေးပေ။ သူကုအန်ကို အကြွေးတင်နေသလို ခံစားနေရသောကြောင့် ဖြစ်ပေသည်။

ကုအန်သည် သူ့အား ဆေးများစွာထောက်ပံ့၍ အပြင်စည်းဂိုဏ်းသို့ပို့ပေးခဲ့သော်လည်း နောက်ဆုံးတွင်သူသည် ကျင့်ကြံခြင်းမှ လမ်းလွဲ၍ တောင်ကြားသို့သာ ပြန်လာခဲ့ရ၏။ ထိုအကြောင်းတွေးမိတိုင်း သူနောင်တရသလို ခံစားနေရဆဲ ဖြစ်သည်။

သို့သော် မိစ္ဆာသုတ်သင်ခန်းမ၌ သူလုပ်ခဲ့သောအရာများနှင့် ယှဉ်ပါက ဤအရာသည် သူထိုက်တန်သော အရာသာဖြစ်၏။

ကုအန်မှာလည်း လုကျိကျားဆီမသွားခဲ့ပေ။ ထိုကောင်လေးကို လက်ရှိအချိန်တွင် ကိုယ့်ကိုကိုယ်သာ ပြန်လည်သုံးသပ်ခိုင်းရပေဦးမည်။

“စီနီယာအစ်ကိုကြီးမနေ့ညက စိတ်ဝိညဉ်စွမ်းအားတွေ ပျောက်ဆုံးတာထပ်ဖြစ်ခဲ့တယ် အရင်အကြိမ်တွေလောက်မများပေမယ့် အစ်ကိုကြီးအပြင်သွားရင် ဂရုစိုက်ဦးနော်” ဝူရှင်းကုအန်နားကပ်ကာ သတိပေးလိုက်၏။

ကုအန်ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။ “အစ်ကိုကြီးလည်း အဲ့တာကိုအာရုံခံမိလို့ အခုပြန်လာခဲ့တာ ဆေးတောင်ကြားရောဘယ်လိုနေလဲ”

“ဆေးတောင်ကြားကတော့ ဘာသက်ရောက်မှုမှ မခံခဲ့ရပါဘူး စကားမစပ် အစ်ကိုကြီးလာမယ့် မဟာယုမင်းဆက်က အရူးဓားသမားနဲ့ ဆရာသခင်ဓားအရှင်ကြား ပြိုင်ပွဲကို သွားကြည့်မှာလား”

“ဆရာသခင်ဓားအရှင်က ယှဉ်ပြိုင်ဖို့သဘောတူလိုက်ပြီလား”

“မတူရသေးဘူး ဒါပေမယ့် ဒီသတင်းကတောမီးလို ပျံ့နှံ့နေပြီ ဆရာသခင်ဓားအရှင်လည်း လက်ခံမှာသေချာပါတယ်”

သူတို့နှစ်ယောက် စကားတပြောပြောနှင့် ကုအန်အိမ်ဆီသို့ လျှောက်လာခဲ့ကြသည်။

လက်ရှိအချိန်တွင် ဆန်းကြယ်တောင်ကြား၌ တပည့်နောက်တစ်သုတ်ထပ်မံလက်ခံထားခဲ့ပြီး ထိုတပည့်များသည် တောင်ကြားသခင်အစစ်ဖြစ်သော ကုအန်အား စိတ်၀င်စားနေသောမျက်လုံးများနှင့် လိုက်ကြည့်နေခဲ့ကြ၏။

ပြောကြသည်မှာ တောင်ကြားသခင်သည် နှစ်အနည်းငယ်ကြာတိုင်း အပြင်စညး်ဂိုဏ်းသားတစ်သုတ် ထုတ်ပေးနိုင်သည်ဟုဆိုရာ သူတို့မည်သို့စိတ်မလှုပ်ရှားဘဲ နေမည်နည်း။

ဝူရှင်းနှင့် ရောက်တတ်ရာရာပြောပြီးသည့်နောက် ကုအန် အိမ်ပေါ်တက်လာခဲ့သည်။ သူအန်းရှင်းနှင့် အန်းဟောင် တို့အတွက် အ၀တ်အစားသစ်များချုပ်ပေးရန် စီစဉ်ထားခြင်း ဖြစ်၏။

တစ်နာရီခွဲခန့်ကြာသောအခါ ကုအန် သူ့အပင်လေးများကို စစ်ဆေးရန်တတိယတောင်ကြားသို့သွားခဲ့သည်။

တတိယတောင်ကြားသည် အလွန်ကျယ်သောကြောင့် သူ့ဆေးပင်လေးများ မပျက်ဆီးစေရန် ကုအန်ကိုယ်တိုင် စစ်ဆေးရန် လို၏။

အပင်တစ်ပင်သေခြင်းမှာပင် သူ့သက်တမ်းများ ဆုံးရှုံးရခြင်း မဟုတ်ပါလား။

တတိယတောင်ကြားရှိ တပည့်များမှာလည်း မနေ့က စိတ်ဝိညဉ်စွမ်းအင်များ ပျောက်ဆုံးရသည့်အကြောင်းကို ဆွေးနွေးနေကြပြီး ဖြစ်နိုင်ချေများကို ပြောဆိုနေခဲ့ကြသည်။ ကုအန်လည်း သူတို့နှင့် စကားခဏပင် ၀င်ပြောပေးခဲ့၏။

ညနေမရောက်ခင်တွင် ကုအန် တောင်ကြားမှ ပြန်လာခဲ့လေသည်။

ကောင်းကင်သည် ပုစွန်‌ဆီရောင်တောက်လာပြီး တောအုပ်တွင် အမှောင်ထုစတင်၀င်ရောက်လာခဲ့၏။

အန်းဟောင် သစ်ကိုင်းတစ်ကိုင်းပေါ်တွင်ရပ်နေရင်း အဝေးသို့မျှော်ကြည့်ကာ ကုအန်ပြန်အလာကို မျှော်နေခဲ့သည်။

သစ်ပင်အောက်တွင်မူ အန်းရှင်းမှာ ကြောက်ရွံ့နေသော အသံလေးဖြင့် မေးလိုက်၏။

“ဆရာပြန်မလာတော့တာမျိုး ဖြစ်နိုင်လား”

“မဖြစ်နိုင်တာ ဆရာကအဲ့လိုမျိုးလုပ်မှာမဟုတ်ဘူး သူပြန်လာမယ်လို့ပြောရင် သူပြန်ကိုလာလိမ့်မယ်” အန်းဟောင်ပြတ်သားသောအသံဖြင့် ပြောလိုက်သည်။

အမှန်တကယ်တော့သူလည်းသိပ်မသေချာသော်လည်း အတင်းကြိတ်မှိတ်၍ ယုံနေခြင်းသာ ဖြစ်၏။

ဆရာပြန်မလာတော့ဘူးဟူသော အတွေးမှာ သူ့ကိုလည်းကြောက်ရွံ့သွားစေခဲ့ကာ ငိုချင်နေခဲ့သော်လည်း အန်းရှင်းရှေ့တွင် သူငို၍ မဖြစ်ပေ။

သူ့အဖေက သူ့ကို ယောင်္ကျားများသည် ငိုနိုင်‌ေသာ်လည်း မိန်းမများရှေ့တွင်တော့ လုံး၀မငိုသင့်ဘူးဟု ဆုံးမထားဖူးသည်။

ထိုစဉ် ရုတ်တရက် အန်းရှင်း၏ ပုခုံးပေါ်သို့ လက်တစ်ဖက်ကျရောက်လာသောကြောင့် အန်းရှင်းအလန့်တကြားထအော်တာ ရှေ့သို့ ခုန်ထွက်လိုက်မိ၏။

ထိုအသံကိုကြားသောအခါ အန်းဟောင်လည်း အမြန်ပြန်လှည့်ကြည့်လိုက်ရာ တစ်နေ့လုံးသူစောင့်နေသော ပုံရိပ်ကို တွေ့လိုက်ရသည်။ အန်း‌ေဟာင် ပျော်ရွှင်များနှင့်ပြည့်နှက်သွားပြီး အကျယ်ကြီးအော်ခေါ်လိုက်၏။

“ဆရာ!”

သူသစ်ပင်ပေါ်မှ အမြန်ခုန်ဆင်းလိုက်ပြီး ကုအန်ခါးအား သူ့လက်များဖြင့် ပြေးဖက်လိုက်လေတော့သည်။

အန်းရှင်းမှာလည်း ကုအန်ကိုမြင်သွားခဲ့ပြီး အန်းဟောင်လိုပင် ပြေးဖက်လိုက်၏။

သူတို့ကုအန်နှင့်သိခဲ့သည်မှာ ၂ရက်သာရှိသေးသော်လည်း သူတို့စိတ်ထဲတွင် ကုအန်ပုံရိပ်မှာ စွဲမြဲနေလေပြီ။

ကုအန် သူ့ခါးတွင်ကပ်နေသော ကလေးနှစ်ယောက်၏ ခေါင်းများကို နောက်သို့တွန်းလိုက်ပြီး နူးနူးညံ့ညံ့ပြောလိုက်သည်။ “ကောင်းကောင်းကျင့်ကြံခဲ့တာပဲ မင်းတို့မကြိုးစားရင် ဆရာကမင်းတို့ကိုထားခဲ့မှာနော်”

“ကျွန်တော်တို့နာမည်ကိုတောင် ဆရာပေးခဲ့တာပဲလေ အဲ့တာကိုဆရာက ကျွန်တော်တို့ကို ထားသွားဦးမှာလား” အန်းဟောင် မေးလိုက်၏။

ကုအန် သိုလှောင်အိတ်ထဲမှ အ၀တ်အစားနှစ်စုံထုတ်လိုက်ကာ ပြောလိုက်သည်။ “ဆရာမင်းတို့ကို မပြောခဲ့ဘူးလား အနာဂတ်မှာမင်းတို့က အဓိပတိဂိုဏ်းကိုသွားရမှာ ဆရာကမင်းတို့နဲ့ အမြဲအတူတူရှိနေမပေးနိုင်ဘူး မင်းတို့မှာ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်စွမ်းရှိလာရင် ဆရာကထွက်သွားမှာ”

ထိုစကားကိုကြားသောအခါ အန်းဟောင်မျက်နှာမည်းမှောင်သွားပြီး အန်းရှင်းလည်း နှုတ်ခမ်းကိုကိုက်ထားကာ မျက်လုံးများ နီရဲလာခဲ့၏။

ကုအန် သူတို့ခံစားချက်များကို လစ်လျူရှုထားလိုက်ပြီး သူတို့အား အ၀တ်အစားများပေးကာ တောထဲရှိ မြစ်ထဲသို့ ခေါ်သွားခဲ့လိုက်သည်။

နာရီ၀က်ခန့်ကြာသောအခါ အန်းရှင်းနှင့် အန်းဟောင်တို့ အ၀တ်အစားအသစ်များလဲပြီးသွားကြပြီဖြစ်ပြီး သူတို့ဆံပင်များကိုပင် သေချာစည်းနှောင်ထားခဲ့သည်။ ကလေးနှစ်ယောက်သည် အ၀တ်အစားသစ်များ၀တ်ထားပြီးသည့်နောက် သူတို့ပုံစံသည် အတော်လေးအံ့ဩစရာကောင်းပြီး မိသားစုကြီးများ၏ လူချမ်းသာကလေးများနှင့်ပင် တူနေသည်ကို မငြင်းနိုင်ပေ။ မိစ္ဆာများသည် သူတို့နှစ်ယောက်ကို နောက်ဆုံးတွင် ချန်ထားသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။ ထိုမိစ္ဆာများ သူတို့ကို မသတ်ပစ်ချင်တာတောင် ဖြစ်နိုင်သေးသည်။

ကုအန် သူတို့နှင့် ထိုညတစ်ညလုံး အတူတူနေခဲ့ပြီးမှသာ အဓိပတိဂိုဏ်းသို့ ပြန်လာခဲ့၏။

ထိုနေရာအနီးတစ်ဝိုက် မိုင်ထောင်ချီအတွင်းတွင် မည်သည့်စွမ်းအားကြီး မိစ္ဆာအရိပ်အယောင်မှမရှိဘဲ မြို့များ ရွာများသာရှိသောကြောင့် ဤနေရာသည် ထိုကလေးနှစ်ယောက်အတွက် အန္တရာယ်ကင်းပေသည်။

ဤသို့ဖြင့် နေ့ရက်များ ကုန်ဆုံးသွားခဲ့၏။

လူတိုင်းစောင့်ဆိုင်းနေကြသော လကုန်ချိန်သို့ ရောက်ရှိလာခဲ့သည်။

အပြင်စည်းမြို့တစ်ခုလုံးတွင် ကျင့်ကြံသူများနှင့်ပြည့်နှက်နေပြီး မြို့ပြင်ရှိ တောင်ကုန်းများပေါ်တွင်ပင် တရားထိုင်နေသော ကျင့်ကြံသူများနှင့် ပြည့်နှက်နေခဲ့၏။ အခြားအပြင်စည်းမြို့ ၇မြို့မှတပည့်များ၊ အပြင်စည်းမြို့လေးမြို့မှတပည့်များ ဗဟိုမြို့မှတပည့်များအပြင် အခြားဂိုဏ်းများမှ တပည့်များပင် ထိုစိန်ခေါ်ပွဲကို ကြည့်ရှုဖို့ ရောက်လာနေခဲ့ကြသည်။

အဓိပတိဂိုဏ်းသည် ထိုကိစ္စကိုဖုံးကွယ်မထားလေရာ ထိုက်ကန်မင်းဆက် ကျင့်ကြံခြင်းလောကတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး လူတိုင်းသည် ထိုပွဲကို စိတ်၀င်စားသွားခဲ့ကြ၏။

မြို့တောင်ဘက်ဂိတ်တံခါးတွင် ဟန်မင် မျက်လုံးမှိတ်၍ ရပ်နေခဲ့ကာ လူ့လက်များကို သူ့ရှေ့ရှိ ဓားသေတ္တာပေါ်တွင် တင်ထားကာ နွေလေညင်းများသည် သူ့ပုံရိပ်အား တိုက်ခတ်နေခဲ့သည်။

မြို့ရိုးပေါ်တွင်မူ ကျင့်ကြံသူများနှင့် ပြည့်နှက်နေပြီး ဟန်မင့်ကို ကြည့်ကာ တီးတိုးပြောဆိုနေခဲ့ကြ၏။

“ဆရာသခင်ဓားအရှင်လာဖို့က မသေချာလောက်ဘူးနော်”

“ငါတော့ သူမလာတာပိုကောင်းတယ်လို့ထင်တယ် တကယ်လို့ သူလာခဲ့ရင် သူ့သရုပ်မှန်ပေါ်သွားပြီး အနာဂတ်မှာ အဆုံးမရှိတဲ့ပြဿနာတွေကို ရင်ဆိုင်ရလိမ့်မယ်”

“ဒါပေါ့ သူလာမှာသေချာတယ် သူကအရမ်းစွမ်းအားကြီးတာ သူ့သရုပ်မှန်ကိုမဖော်ပြရင်တောင် ဒီကမ္ဘာပေါ်မှာ ဘယ်သူက သူ့ကိုနိုင်မှာမလို့လဲ”

“ပြောကြတာတော့ ဆရာသခင်ဓားအရှင်က ဂိုဏ်းချုပ်ဆို”

….

“ငါကြားတာတော့ မဟာယုမင်းဆက်က အရူးဓားသမားက နတ်အသွင်ပြောင်းခြင်းအဆင့်ကို ကျော်လွန်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီတဲ့ တကယ်လို့ဒီတိုက်ပွဲသာတကယ်ဖြစ်လာခဲ့ရင် သူ့နာမည်က သမိုင်းတွင်သွားမှာပဲ” တစ်ယောက်ယောက် ပြောလိုက်၏။

ကျိုးလင်နှင့် ကျိုးယိကျင်းတို့မှာလည်း မြို့ရိုးပေါ်တွင် ရပ်ကာ အောက်ရှိ ဟန်မင့်ပုံရိပ်ကို ကြည့်ရှုနေခဲ့ကြသည်။

ကျိုးလင်မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေခဲ့၏။ ဟန်မင့်ကို သူ့ဆရာအဖြစ် မှတ်ယူပြီးဖြစ်သောကြောင့် သူ့ဆရာ၏လုံခြုံရေးကို သူစိတ်ပူနေခြင်း ဖြစ်သည်။

ကျန်းချောင်နှင့် နတ်အသွင်ပြောင်းခြင်းအဆင့် ၉ ဟူမိုတို့မှာလည်း လေထဲရှိ ဘူးသီးခြောက်ကြီးတစ်ခုပေါ်တွင်ထိုင်ကာ နောက်လာမည့်တိုက်ပွဲအကြောင်း ဆွေးနွေးနေခဲ့ကြသည်။

ရီလန်မှာတော့ အပြင်စည်းမြို့ထဲရှိ အဆောက်အဉီးအမြင့်ကြီးတစ်ခုပေါ်တွင် ရပ်ကာ အောက်ရှိ တောင်ဘက်ဂိတ်တံခါးကို ကြည့်နေခဲ့၏။

ကောင်းကင်သည် အဇူရာရောင်တောက်နေပြီး တိမ်များလည်း ကင်းစင်နေကာ အပြင်စည်းမြို့အပြင်ဘက်ရှိ တောင်များပေါ်တွင်ပင် ကျင့်ကြံသူများနှင့်ပြည့်နှက်၍ စောင့်ဆိုင်းနေခဲ့ကြသော်လည်း ဆရာသခင်ဓားအရှင်၏ ပုံရိပ်ကို ဘယ်နေရာမှာမှ မတွေ့ရသေးပေ။

ရီလန့်အနားတွင် ဒါဇင်နှင့်ချီသော တပည့်များဝိုင်းရံနေခဲ့ကြပြီး ထိုတပည့်များသည်သူ၏လက်အောက်ငယ်သားများ ဖြစ်ကြသည်။ ထိုထဲတွက် ကျန်းချင်လည်း ပါပြီး သူတို့အားလုံးမှာ အောက်ဘက်သို့သာ စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့ကြ၏။

၅မိုင်အကွာတွင် ပုဝါနက်ဖြင့်မျက်နှာကို ဖုံးအုပ်ထားသော ရှန်းကျန် ရတနာစေတီတစ်ခုပေါ်တွင် ရပ်၍ တောင်ဘက်ဂိတ်တံခါးရှိ တိုက်ပွဲကို စောင့်ကြည့်နေခဲ့သည်။

ဓားသမားနှစ်ယောက်၏ တိုက်ပွဲသတင်းသည် တစ်လအတွင်းအမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးကိုပျံနှံ့သွားခဲ့ပြီး အဓိပတိဂိုဏ်းသာမက အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးပင် ထိုတိုက်ပွဲကို စောင့်ကြည့်နေခဲ့ကြ၏။

သောင်းနှင့်ချီသောမျက်လုံးများ၏ အလယ်ရှိ ဟန်မင်မှာတော့ မျက်လုံးများကိုမှိတ်ထားပြီး စိတ်ရှည်ရှည်သာ စောင့်နေခဲ့သည်။

တစ်နေရာတွင်

မိုင် ၁၅၀၀၀ အဝေး၌ တောအုပ်ကြီးတစ်ခုထဲတွင် ကုအန် အန်းဟောင်အား ဓားပညာသင်ကြားပေးနေခဲ့၏။

အန်းဟောင်သည် စွမ်းအင်စုပ်ယူခြင်းကို သုံးရက်သာစုပ်ယူပြီးသည့်နောက်တွင် ချီကျင့်ကြံခြင်းအဆင့် ၂ သို့ရောက်လာခဲ့ပြီး ယခုတွင်တော့ အဆင့် ၃ သို့ပင် ရောက်နေပြီဖြစ်သောကြောင့် ကုအန်သူ့ကို ထိုက်ကန်နတ်မင်သက်ဓားသိုင်းသင်ကြားပေးနေခြင်း ဖြစ်သည်။

အန်းရှင်းမှာတော့ အခုထိ စိတ်ဝိညဉ်စွမ်းအင်ပေါ်လာရန် ကျင့်ကြံနေရဆဲသာ ဖြစ်၏။

သူတို့နှစ်ယောက်ကြားရှိ ပါရမီကွာခြားမှုမှာ လွန်လွန်းလှပေသည်။

ကုအန် အန်းဟောင်အား ဓားသိုင်းသင်ပေးရာတွင်လည်း သူတစ်ကြိမ်သာပြဖို့လိုပြီး တစ်ကြိမ်ပြပြီးရုံနှင့် ထိုကောင်လေးသည် ဓားသိုင်းကို ချောချောမွေ့မွေ့ကစားနိုင်သွားခဲ့၏။

ထိုအရာသည် ပါရမီရှင်တစ်ယောက်၏ ဘ၀ပင်လော။

ကြီးမြတ်သောကျင့်ကြံသူကြီးများသည် ပါရမီရှင်များကို အသည်းအသန်လိုချင်ကြခြင်းမှာ အံ့ဩစရာတော့ မဟုတ်တော့ပေ။ သူပင် အန်းဟောင်ကို အနည်းငယ်သဘောကျလာခဲ့သည် မဟုတ်ပါလား။

ထိုစဉ် အန်းဟောင်ဓားသိုင်းကျင့်နေရင်း စိတ်၀င်တစားမေးလိုက်၏။ “ဆရာ ဒီဓားသိုင်းနာမည်ကဘာလဲ”

သူသည် သစ်သားဓားတစ်လက်ကိုကိုင်ထားခြင်းဖြစ်သော်လည်း သူလွှဲခုတ်လိုက်သောအခါ ထိုသစ်သားဓားမှာပင် အလွန်ထက်ရှနေသယောင် ဖြစ်နေခဲ့သည်။

“ထိုက်ကန်နတ်မင်သက်ဓားသိုင်း လို့ခေါ်တယ် မင်းကငါ့ဓားသိုင်းကို သင်ကြားပေးခဲ့တဲ့ တစ်ဦးတည်းသောတပည့်ပဲ အနာဂတ်မှာ ဒီဓားသိုင်းကို သိက္ခာမကျစေနဲ့နော်” ကုအန် ပြောလိုက်၏။

အန်းဟောင်သည် သူ၏ပါရမီနှင့်ဆိုပါက အဓိပတိဂိုဏ်းထဲသို့ရောက်သွားသည်နှင့် ဂိုဏ်းကတန်ဖိုးထားခြင်းကို ခံရပေလိမ့်မည်။ ထိုအပြင်သူသည် ဆရာသခင်ဓားအရှင်၏ အမွေခံလည်းဖြစ်နေလေရာ ပို၍ပင် ထူးခြားသွားမည် ဖြစ်သည်။

အနာဂတ်တွင် အဓိပတိဂိုဏ်းသည် အန်းဟောင်ကို ဖိနှိပ်ချင်သည် ဆိုလျှင်တောင် ဆရာသခင်ဓားအရှင်နှင့် ဆန့်ကျင်ဘက်တွင် နေသင့်သလားဟု နှစ်ခါပြန်စဉ်းစားရမည် ဖြစ်၏။

“ထိုက်ကန်နတ်မင်သက်ဓားသိုင်း…”အန်းဟောင်တီးတိုးရေရွတ်လိုက်ကာ မျက်လုံးများ တောက်ပလာခဲ့သည်။ သူထိုဓားသိုင်း၏ ဆန်းကြယ်မှုများကို ခံစားမိနေပြီဖြစ်၏။ သူတစ်ခါ လေ့ကျင့်လိုက်တိုင်း ဓားပညာနှင့်ပတ်သက်သည့် အမြင်သစ်များပေါ်ပေါက်လာပြီး ထိုခံစားချက်က သူ့ကိုစွဲလွန်းသွားစေခဲ့သည်။

တောအုပ်ထဲတွင် ဓားလေထိုးခွင်းသံများမှာ ဟိန်းထနေခဲ့၏။ ကုအန် ဘေးတွင်ရပ်ကာ ကြည့်ရှုနေခဲ့ပြီး သူ၏မျက်နှာဖုံးကြောင့် အန်းဟောင်ကိုစိတ်၀င်တစားကြည့်နေသော သူ့အမူအရာကိုတော့ အန်းဟောင် မမြင်ရပေ။

မနီးမဝေးတွင်တော့ အန်းရှင်းမှာ အန်းဟောင်အား အားကျသောမျက်၀န်းများဖြင့် ကြည့်ရှုနေခဲ့လေသည်။

သူမသည်လည်း ဓားပညာသင်ယူလို၏။

တစ်နာရီခန့်ကြာသောအခါ

အန်းဟောင်သည် ဓားချီကိုကျင့်ကြံနိုင်သွားခဲ့သည်။ သူ့ဓားအားလွှဲခုတ်လိုက်သောအခါ ဓားချီတစ်စထွက်ပေါ်လာပြီး ကုအန်နောက်ဘက်ရှိ သစ်ပင်ပင်စည်တွင် ဓားရာကြီးတစ်ခု ဖြစ်သွားခဲ့၏။

ဓားချီထုတ်လွှတ်နိုင်သွားပြီးသည့်နောက် အန်းဟောင်သည် ဓားကစားရာ၌ ငန်းတစ်ကောင်ကဲ့သို့ လျင်မြန်ကာ ချောမွေ့လာခဲ့ပြီး ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညဉ်စွမ်းအင်များမှာလည်း ဓားကစားနေသော သူ့ဆီသို့ စီး၀င်လာခဲ့ကြသည်။

ကုအန် ထိုမြင်ကွင်းအား ကြက်သေသေ၍ ကြည့်နေမိ၏။

ဒီကောင်က ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲဟ!

ကုအန်သူ့ကိုယ်သူ ရေပိုက်တစ်ခု၏ အဖုံးကိုဖွင့်လိုက်မိသည်ဟု ခံစားနေခဲ့ရသည်။ အကယ်၍သူသာ ထိုကောင်‌လေးကို မကယ်တင်ခဲ့ပါက အခုချိန်ဆိုလျှင် ထိုကောင်လေးသည် မိစ္ဆာကြီး၏ ဗိုက်ထဲတွင်ရောက်နေလောက်ပြီဖြစ်ပြီး ကမ္ဘာပေါ်တွင်လည်း မကောင်းဆိုးဝါးဆန်သောပါရမီရှင်တစ်ယောက် ပေါ်လာလိမ့်မည် မဟုတ်ပေ။

သူလီယ ကျိရှောင်ယု ကျိုးတောင်းယူ နှင့်အခြားပါရမီရှင်များကိုပင် အားနာသွားသလို ခံစားလိုက်ရ၏။

“စိတ်မကောင်းပါဘူး ဒါပေမယ့်အခုကစပြီး ဒီကမ္ဘာကြီးရဲ့ ထိပ်ဆုံးကပါရမီရှင်ဆိုတဲ့နေရာက ငါ့တပည့်အတွက်ပဲဖြစ်ရမယ်”

ကုအန်ကိုယ်တိုင်မှာတော့ ကမ္ဘာကြီး၏ ထိပ်ဆုံးဆိုသောနေရာကို စိတ်မ၀င်စားခဲ့ပေ။ နောက်ဆုံးတွင် ကျင့်ကြံသူတစ်ယောက်သည် မြေကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းသွားပါက ကောင်းကင်မှရန်သူများနှင့် ရင်ဆိုင်ရတတ်သည် မဟုတ်ပါလား။ သူသည် အမတလမ်းစဉ်ကို အဆုံးထိလျှောက်လှမ်းမည်ဟု ရည်ရွယ်ထားသူဖြစ်ရာ ကမ္ဘာများမှာလည်း တစ်ခုထက်ပိုရှိနေလိမ့်မည်ဟု သူယုံပေသည်။

မွန်းတည့်ချိန်တွင် ဓားလေ့ကျင့်‌ေန‌ေသာ အန်းဟောင်ကိုကြည့်ပြီး ကုအန် ပြောလိုက်၏။

“ရပ်တော့”

ကုအန်စကားကိုကြားသောအခါ အန်းဟောင်ဓားကစားနေခြင်းကို ရပ်လိုက်သည်။ သူ့နှဖူးပေါ်တွင် ချွေးများစီးကျကာ မောဟိုက်နေပါသော်လည်း သူ့မျက်လုံးများမှာတော့ အရောင်တောက်နေခဲ့၏။

“ဆရာ ကျွန်တော်ဘယ်လိုနေလဲ” အန်းဟောင် ဂုဏ်ယူစွာ မေးလိုက်လေသည်။

ကုအန် ပြန်ပြောလိုက်၏။ “မင်းကမင်းလက်ထဲကဓားကို ဂရုစိုက်လွန်းနေတယ် မှတ်ထား ဓားကမင်းလက်ထဲမှာရှိတာမဟုတ်ဘူး နှလုံးသားထဲမှာရှိတာ မင်းနှလုံးသားကစေစားတဲ့အတိုင်း မင်းဓားကဖြစ်လာရမယ် သစ်ရွက်တစ်ရွက်သွားကောက်ချေ”

ထိုစကားကိုကြားသောအခါ အန်းဟောင် ခေါင်းကုတ်လိုက်ပြီး သစ်ရွက်ကောက်ဖို့ လုပ်လိုက်လေသည်။

ကုအန် ဘေးတွင် စိတ်မကျေနပ်မှုများဖြင့် ပြည့်နေဟန်ရသော အန်းရှင်းကိုလည်း ပြောလိုက်၏။

“ရှင်းအာ သမီးလည်းသစ်ရွက်တစ်ရွက်သွားကောက်ခဲ့” ကုအန် နူးနူးညံ့ညံ့ပြောလိုက်သည်။

ရှင်းအာလည်း တုံ့ဆိုင်းမနေဘဲ သွားကောက်လိုက်၏။

တခဏကြာသောအခါ တပည့်နှစ်ယောက်လုံး သစ်ရွက်တစ်ရွက်စီကောက်၍ ကုအန်ရှေ့သို့ ရောက်လာခဲ့လေသည်။

ကုအန် အန်းဟောင်လက်ထဲမှ သစ်ရွက်ကိုအရင်ယူလိုက်ပြီး ပြောလိုက်၏။ “စစ်မှန်တဲ့ ဓားကျင့်ကြံသူဆိုတာ သာမန်သစ်ရွက်တစ်ရွက်နဲ့လည်း ကြောက်စရာကောင်းတဲ့ နတ်ဓားတစ်လက်ရဲ့ စွမ်းအားကို ဖျက်ဆီးပစ်နိုင်ရတယ်”

ကုအန် သစ်ရွက်ကို လက်ကြားတွင် ညှပ်ထားလိုက်ပြီး အရှေ့ဆီသို့ အသာအယာပင် ပစ်ချလိုက်လေသည်။ အန်းဟောင်နှင့် အန်းရှင်းလည်း ကုအန်လက်ထဲက သစ်ရွက်ကိုသာ သေချာလိုက်ကြည့်နေခဲ့၏။

ဝုန်းးး!

ထိုစဉ် ရုတ်တရက်လေပြင်းများ တိုက်ခတ်လာပြီး သူတို့ဆံပင်များ ထောင်သွားခဲ့ကြသည်။ သူတို့နှစ်ယောက်မျက်လုံးများမှာလည်း မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေခဲ့ကြ၏။

ပစ်လွှတ်လိုက်သော သစ်ရွက်တွင် ဓားချီများရုတ်ချည်းပေါ်ပေါက်လာခဲ့ပြီး သူတို့ရှေ့ရှိ တောအုပ်ကို အကြီးအကျယ်ဖျက်ဆီးသွားခဲ့ကာ မိုးကုတ်စက်ဝိုင်းထဲသို့ မျက်စိတစ်မှတ်အတွင်း ပျောက်ကွယ်သွားခဲ့လေသည်။

တောအုပ်ကြီးသည် ဆယ်မီတာလောက်အထိ တောကတုံးကြီးဖြစ်သွားခဲ့ကာ ဖုန်လုံးကြီးများမှာလည်း တောအပြည့်ဖြစ်နေခဲ့၏။

သစ်ရွက်ထွက်သွားသောအရပ်မှာမူ အဓိပတိဂိုဏ်း၏ အပြင်စည်းဂိုဏ်းရှိနေသော အရပ် ဖြစ်နေခဲ့လေသည်။

All Chapters