အခန်း (၇၇-၇၈)
Vol. 8 Ch. 77-78
အပိုင်း(၇၇)
အနိုင်အရှုံးကိုဆုံးဖြတ်ပေးသော သစ်ရွက်နှစ်ရွက်
အဓိပတိဂိုဏ်း အပြင်စည်းမြို့ တောင်ဘက်ဂိတ်တံခါးရှေ့တွင်
“ဆရာသခင်ဓားအရှင် ခင်ဗျားနာရီ၀က်အတွင်း မလာဘူးဆိုရင် ကျုပ်က ကောင်းကင်ပြုပြင်စင်မြင့်ပေါ်က ခင်ဗျားစာလုံးတွေပေါ်မှာ နောက်ထပ်စာလုံးနှစ်လုံး ထပ်ရေးတော့မယ်”
ဟန်မင်၏ မိုးခြိမ်းသံလိုကျယ်လောင်သောအသံကြီးသည် ကောင်းကင်နှင့်မြေပြင်ကြားတွင် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။
သူ့စကားသံထွက်ပေါ်လာသောအခါ ကျင့်ကြံသူများကြား ဆွေးနွေးစရာ ဖြစ်လာခဲ့သည်။ အဓိပတိဂိုဏ်းမှတပည့်များမှာတော့ မျက်မှောင်ကြုံ့ထားကြပါသော်လည်း ဟန်မင့်ကို မစော်ကားရဲကြပေ။
ယခုအချိန်တွင် အဓိပတိဂိုဏ်းမှကျင့်ကြံသူများပင် ဆရာသခင်ဓားအရှင်လာလောက်တော့မည်မဟုတ်ဘူးဟု ခံစားနေကြရသည်။
ထိုအခါမှသာ မြို့ရိုးပေါ်ရှိ ကျိုးလင်သက်ပြင်းချနိုင်သွားခဲ့၏။ သူအစက ဟန်မင့်ကို ဆရာသခင်ဓားအရှင်၏ပြိုင်ဘက်လုံး၀ မဖြစ်နိုင်ဘူးဟု ခံစားခဲ့ရပြီး အထင်သေးခဲ့သော်လည်း တစ်လကြာအတူနေလာခဲ့ပြီးနောက်တွင်တော့ သူဟန်မင့်ကို မထိခိုက်စေလိုတော့ပေ။
ကျိုးယိကျင်းမှာတော့ အောက်ကိုသာခေါင်းငုံ့၍ စိုက်ကြည့်နေခဲ့ပြီး သူ့မသိစိတ်က ဆရာသခင်ဓားအရှင် လာမှာလုံး၀သေချာသည်ဟု ခံစားနေရ၏။
မြို့ထဲရှိ အသံများ ပိုမိုကျယ်လောင်လာခဲ့ကြသည်။
မှော်ဘူးသီးခြောက်ပျံကြီးပေါ်မှ ကျန်းချောင် ခပ်တိုးတိုးပြောလိုက်၏။ “ဆရာသခင်ဓားအရှင်က တကယ်ပဲ ဂိုဏ်းချုပ်ဖြစ်လောက်လား”
“ဖြစ်နိုင်တယ် ဟန်မင်က ချူရှင်းထက် အများကြီးပိုမသန်မာပေမယ့် သူ့ကိုအနိုင်ယူချင်ရင်တော့ ဆရာသခင်ဓားအရှင်က လူလုံးထွက်ပြရလိမ့်မယ် အဲ့တာကြောင့်သူပေါ်မလာတာ ဖြစ်လောက်တယ်” ဟူမို ပြောလိုက်သည်။
“ဆရာသခင်ဓားအရှင်က တကယ်ပဲ ဂိုဏ်းချုပ်ဖြစ်နေရင်တော့ အတော်လေးစိတ်၀င်စားစရာကောင်းလာပြီ အဲ့တာက သူတစ်ယောက်ထဲက ဇာတ်ကောင်နှစ်ကောင်အဖြစ် ပါ၀င်ကပြနေသလိုပဲ…”
သူ့အမူအရာသည် လှောင်ပြောင်နေပုံပေါ်ပြီး သူ့အသံမှာလည်း အထင်သေးနေဟန်ပေါက်နေခဲ့သည်။
သူတို့စီးနေသော ဘူးသီးခြောက်အောက်ခြေမှ အလင်းရောင်ဖျော့ဖျော့လေးတစ်ခု ထွက်ပေါ်နေပြီး ထိုအလင်းရောင်သည် သူတို့အား အပြင်ဘက်ရှိ အာကာသနှင့်ခြားနားပေးထားသော စည်းဖြစ်၏။
ကျန်းချောင်တစ်ခုခုထပ်ပြောဖို့ ပြင်လိုက်ချိန်တွင် တောင်ဘက်ဂိတ်တံခါးဆီသို့ ချဉ်းကပ်လာသော အားကောင်းသည့် ဓားဆန္ဒတစ်ခုကို ခံစားလိုက်ရလေသည်။
သူထိုဓားဆန္ဒလာသောအရပ်အား စိုက်ကြည့်လိုက်ပြီး သူ့ဘေးမှ ဟူမိုလည်း ထိုအရာအား စိုက်ကြည့်နေခဲ့၏။
တောင်ဘက်ဂိတ်တံခါးရှေ့တွင်
ဟန်မင် ဓားသေတ္တာကို ယူလိုက်ကာ ရှေ့သို့ ကိုက်၁၀၀ စာလောက် ရှေ့တိုးသွားပြီး ဓားသေတ္တာကို မြေကြီးထဲစိုက်ချလိုက်သည်။ ဓားသေတ္တာ၏အောက်ခြေ မြေကြီးထဲ၀င်သွားသောအခါ သေတ္တာထဲမှ ရတနာဓားနှစ်လက် ဘေးတစ်ဖက်တစ်ချက်စီမှ ထွက်ပေါ်လာခဲ့၏။
သေတ္တာအဖုံးပေါ် တင်ထားသော သူ့လက်ထဲမှလည်း အလွန်ကြီးမားသော ဓားဆန္ဒကြီးတစ်ခု ထွက်ပေါ်လာရာ လူတိုင်းအံ့အားသင့်သွားမိကြသည်။
ထို့နောက် ထိုဓားဆန္ဒကြီးသည် ချက်ချင်းပင် သစ်တောအုပ်ကြီးကို ဖြတ်သန်းလာသော ဓားဆန္ဒ၏ လမ်းကြောင်းရှေ့သို့ ၀င်ရောက်သွားခဲ့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုဓားဆန္ဒသည် ဟန်မင်၏ ဓားဆန္ဒကြီးနှင့် ထိပ်တိုက်တွေ့သွားခဲ့သည်။
ဟန်မင်၏ ဓားဆန္ဒသည် အပြာရောင်အလင်းအလွှာတစ်ခုဖြင့် ဖုံးအုပ်ထားသော ကိုက်နှစ်ရာခန့်ကြီးမားသည့် ဓားဆန္ဒကြီးဖြစ်ပြီး ထိုဓားဆန္ဒသည် အပြင်မှဓားဆန္ဒနှင့် ထိပ်တိုက်တွေ့သွားသောအခါ ချက်ချင်း ပြိုကွဲပျက်ဆီးသွားခဲ့၏။
ဟန်မင်မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး သူ့သူငယ်အိမ်တွင် သစ်ရွက်တစ်ရွက်၏ ပုံရိပ်မှာ ရောင်ပြန်ဟက်သွားခဲ့လေသည်။
ဝုန်းးးးး
သစ်ရွက်သည် သူ့ခေါင်းပေါ်မှ ဖြတ်၍သွားခဲ့ပြီး သစ်ရွက်နှင့်အတူပါလာသော အားကြီးက သူ့ဆံပင်များကို တဖျတ်ဖျတ်ခါသွားစေခဲ့ကာ သူပင် နောက်သို့ ခြေ၂လှမ်း ဆုတ်ပေးလိုက်ရသည်။
မြို့ရိုးပေါ်ရှိ ကျင့်ကြံသူများ၏ အမူအရာများ ချက်ချင်းပြောင်းလဲသွားခဲ့ပြီး ကျိုးယိကျင်း လက်ကိုမြှောက်၍ ဓားဆန္ဒမှထွက်ပေါ်လာသည့် အားများ မထိမှန်သွားစေရန် ကာကွယ်ထားလိုက်၏။
ထိုစဉ် မြို့ရိုးတွင် အသံကျယ်ကြီးတစ်ခုပေါ်လာကာ ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့သော်လည်း ပြိုကျတော့ မသွားခဲ့ပေ။
ဖုန်မှုန့်များ ပျောက်ကွယ်သွားသည့်နောက်တွင် မြို့ရိုးတွင် စိုက်နေသော သစ်ရွက်တစ်ရွက်ပေါ်လာခဲ့ပြီး ထိုသစ်ရွက်နားတစ်ဝိုက်ရှိ မြို့ရိုးနံရံများတွင် အက်ကြောင်းများ ပေါ်ပေါက်လာခဲ့သည်။
နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ရသော ဟန်မင်လည်း ပြန်လည်တည်ငြိမ်သွားခဲ့ပြီး ရှေ့သို့ပြန်တိုးကာ ဓားသေတ္တာထဲမှထွက်လာသော ရတနာဓားနှစ်လက်ကို ပြန်ကိုင်လိုက်၏။
ဟန်မင် မြေပေါ်တွင် မတ်မတ်ပြန်ရပ်လိုက်ကာ သူ့၀တ်စုံကို ပြန်ဆန့်လိုက်ပြီး သူ၏သန်မာသောပုံစံအား ပြန်ယူလိုက်သည်။
ထို့နောက် သစ်ရွက်ပျံထွက်ပေါ်လာခဲ့သော မိုးကုတ်စက်ဝိုင်းဆီသို့ စိုက်ကြည့်နေခဲ့ပြီး အဓိပတိဂိုဏ်းအတွင်းရှိ ကျင့်ကြံသူများမှာတော့ အသက်ပင် မရှူဝံ့ဘဲ ကြည့်ရှုနေခဲ့ကြ၏။
ဆရာသခင်ဓားအရှင် ရောက်ရှိလာချေပြီ!
…,
“ဝိုးး ဆရာကအံ့ဖွယ်ပဲ ဒါကဘာဓားသိုင်းလဲ ကျွန်တော်သင်ချင်တယ်”
တခဏကြာ ဆွံ့အသွားပြီးသည့်နောက် အန်းဟောင် စိတ်လှုပ်ရှားစွာအော်ဟစ်ပြီး ထခုန်လိုက်လေသည်။
ကုအန် အန်းရှင်းလက်ထဲရှိ သစ်ရွက်ကိုထပ်ယူလိုက်ပြီး စိတ်လှုပ်ရှားနေသော အန်းဟောင်အား ကြည့်ကာ ပြောလိုက်၏။
“ဆရာမင်းကိုခုနကသင်ပေးတဲ့ ဓားသိုင်းကိုသုံးလိုက်တာ မင်းလည်းအဲ့ဒီဓားသိုင်းတတ်သွားရင် ငါ့လိုလုပ်နိုင်သွားလိမ့်မယ် ဒါပေမယ့် စစ်မှန်တဲ့ဓားလမ်းစဉ်အောင်မြင်မှုဆိုတာ မူလအဆင့်ကိုပြန်သွားခြင်းပဲ ဘာကြွားဝါမှုမှမရှိဘဲ ရပ်တန့်မရတဲ့စွမ်းအားမျိုးရှ်ိနေရမယ်” ကုအန်ခပ်တိုးတိုးပြောလိုက်ပြီး အန်းရှင်းဆီမှယူလိုက်သော သစ်ရွက်ကို အသာအယာရှေ့သို့ ပစ်လိုက်ပြန်သည်။
ကုအန်ပစ်လိုက်သော သစ်ရွက်သည် ရှေ့ ဆယ်လှမ်းအကွာလောက်သို့ ရောက်သွားခဲ့ပြီးနောက်တွင်တော့ မိုးကြိုးတစ်စင်းကဲ့သို့ ရုတ်တရက် လျင်မြန်စွာ ပျံသန်းသွားခဲ့၏။
ဤအချိန်တွင် သစ်ရွက်သည် ခုနကကဲ့သို့ သစ်ရွက်ထွက်သွားစဉ် ဖြစ်ကျန်ခဲ့သော ဂယက်များ ဖြစ်မသွားဘဲ ပုံမှန်သစ်ရွက်အတိုင်းသာရှိနေခဲ့ပြီး ထူးခြားချက်မှာ အလွန်လျင်မြန်နေခြင်းသာ ဖြစ်သည်။
အန်းဟောင် ပြောလိုက်၏။ “ကျွန်တော်က အသံကျယ်ပြီး ကြောက်စရာကောင်းတာကို ပိုကြိုက်တယ်”
ကုအန် သူတို့ပုခုံးများကို ကိုင်လိုက်ပြီး သူတို့သုံးယောက်လုံး လေထဲတွင် ပျောက်ကွယ်သွားလေတော့သည်။
လီ၁၅၀၀၀ အကွာရှိ အဓိပတိဂိုဏ်း တောင်ဘက်ဂိတ်တံခါးရှေ့တွင်
ဟန်မင် ဓားနှစ်လက်ကိုကိုင်ထားပြီး တိုက်ပွဲအတွက် အသင့်ပြင်ထားခဲ့၏။
ကောင်းကင်နှင့်မြေပြင်တစ်ခုလံုးလည်း တိတ်ဆိတ်နေခဲ့သည်။
လူတိုင်းသည် ဆရာသခင်ဓားအရှင်၏ နောက်ထပ်တစ်ကွက်ကို စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်၏။
ရုတ်တရက်
ဟန်မင့် သူငယ်အိမ်များ ကျဉ်းမြောင်းသွားခဲ့ပြီး သူ့လက်ထဲရှိဓားများကို ရှေ့သို့ ထုတ်လိုက်ကာ မှော်သိုင်းတစ်ကွက် ထုတ်လုိက်လေသည်။ သူ့ဓားသေတ္တာထဲမှ မထုတ်ရသေးသော ဓားတစ်ချောင်းမှာလည်း အလိုလိုဓားအိမ်ထဲမှ ထွက်ပေါ်လာပြီး ဓားသုံးချောင်းသည် သူ့ပတ်၀န်းကျင်တွင် စက်ဝိုင်းပုံလည်နေခဲ့၏။ ထို့နောက် သူ့လက်ညှိုးအား ညွှန်လိုက်သောအခါ ဓားသုံးချောင်း၏ ထိပ်ဖျားများသည် သူ့လက်ညှိုးညွှန်ရာသို့ ပြေးထွက်သွားလေတော့သည်။
ရတနာဓားသုံးချောင်းသည် လေထဲတွင် လည်ပတ်နေရင်း ကြောက်မက်ဖွယ်ကောင်းသော ဓားချီကြီးတစ်ခုထွက်ပေါ်လာကာ လေထဲတွင်ပင် နဂါးသုံးကောင်အဖြစ်ပြောင်းလဲသွားခဲ့ပြီး လမ်းတစ်လျှောက်လုံးရှိ သစ်ပင်များကို အမြစ်မှဆွဲနှုတ်သွားကာ ကောင်းကင်နှင့်မြေကြီးကိုတုန်ခါသွားစေခဲ့၏။ ဓားလမ်းကြောင်းတစ်ဝိုက်ရှိ ကျင့်ကြံသူများလည်း လေထဲသို့ လွင့်ထွက်သွားခဲ့ကြသည်။ ထိုမြင်ကွင်းသည် အတော်လေးပင် ကြီးကျယ်ခမ်းနားလှ၏။
အေးစက်နေသော အလင်းတစ်ချက်သည် လေထုကိုဖြတ်သန်းလာခဲ့ပြီး ထိုအရာသည် ဓားချီများ၀န်းရံနေသော သစ်ရွက်တစ်ခု ဖြစ်သည်။
ဒီမှာပဲ!
ဟန်မင် အေ၀းရှ်ိ သစ်ရွက်ကို ကြည့်ရှုနေခဲ့သည်။ ထိုသစ်ရွက်သည် ယခင်ကသစ်ရွက်လောက် အားကောင်းပုံမပေါ်သော်လည်း သူ့မသိစိတ်က ထိုသစ်ရွက်သည် ပို၍ပင် အန္တရာယ်များသည်ဟု ခံစားနေခဲ့ရ၏။
ရုတ်တရက် သစ်ရွက်သည် အရှိန်မြင့်လာပြန်သည်။
အေးစက်သောအလင်းရောင်သည် ဟန်မင်၏အားကောင်းသော ဓားချီကို ဖြိုခွဲသွားခဲ့ပြီး ရတနာဓားသုံးလက်ကို လမ်းကြောင်းလွဲသွားစေခဲ့ကာ ချက်ချင်းပင် ဟန်မင့်ဆီရောက်ရှိသွားခဲ့၏။
မြန်လွန်းတယ်!
သေစမ်း!
ဟန်မင် ထိတ်လန့်သွားခဲ့ပြီး မသိစိတ်က လက်ဝါးကိုအပေါ်မြှောက်ကာ ရွှေရောင်ခေါင်းလောင်းအရိပ်အကာအကွယ်တစ်ခုဖြင့် သူ့ကိုယ်ကို ဖုံးအုပ်လိုက်သည်။
ဝုန်းးးး!
သစ်ရွက်သည် ရွှေခေါင်းလောင်းအရိပ်ကို တစ်စဆီဖျက်ဆီးသွားခဲ့ပြီး ဟန်မင်၏ ညာဘက်ပုခံုးကို ဖောက်ထွက်သွားခဲ့ပြီး သူ့ကိုယ်သည် နောက်သို့ လွင့်ထွက်သွားခဲ့ကာ သူ့အောက်ရှိမြေပြင်ပင် အက်ကွဲသွားခဲ့၏။
ဟန်မင်မှာတော့ မြို့နံရံဆီသို့ရောက်သည်အထိ လွင့်ထွက်သွားခဲ့ပြီး သူ့ကိုယ်နှင့်ထိသောနေရာရှိ နံရံပင် အက်ကြောင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။
မြို့နံရံပြိုကျမသွားရသည့်အကြောင်းအရင်းမှာ ထိုနံရံသည် အလွန်မာကြောနေ၍ မဟုတ်ဘဲ ကုအန်က သူ့ခွန်အားကို ထိန်းထားခဲ့၍ ဖြစ်၏။
မြို့နံရံပေါ်တွင် ကပ်နေသော ဟန်မင်မှာတော့ သွေးများအန်ကာ သူ့ခေါင်းသည် အသက်မရှိတော့သလို ငိုက်စိုက်ကျနေခဲ့သည်။
“ဆရာ…”
တုန်ခါနေသော မြို့နံရံပေါ်ရှိကျိုးလင် အော်ခေါ်လိုက်၏။
လူပေါင်းများစွာမှာတော့ ကြောင်အ၍ဟာ နေခဲ့ကြသည်။ မဟာယုမင်းဆက်ကအရူးဓားသမားကို ဆရာသခင်ဓားအရှင်က သစ်ရွက်နှစ်ရွက်တည်းဖြင့် အနိုင်ယူလိုက်မည်ဟု မည်သူကထင်ထားမည်နည်း။
ထိုအရာသည် သူတို့ကြားတွင် ကြီးမားသော ကွာဟမှုကြီးရှိကြောင်း ပြသနေခဲ့၏။
“သစ်ရွက်ပျံ ဓားအင်မော်တယ်! ဆရာသခင်ဓားအရှင်က သစ်ရွက်ပျံဓားအင်မော်တယ်ပဲ” အပြင်စည်းဂိုဏ်းတပည့်များ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
ဘူးသီးခြောက်ကြီးပေါ်တွင်မူ ဟူမို ပါးစပ်အဟောင်းသားဖြစ်နေခဲ့ပြီး သူ့ဆီမှ ဘာအသံမှ ထွက်မလာတော့ပေ။
ရီလန်မှာလည်း ဓားချီထွက်ပေါ်လာရာ ကောင်းကင်ဘက်သို့ အားကျသည့်မျက်၀န်းများဖြင့် ကြည့်ရှုနေခဲ့၏။
ထိုကဲ့သို့ နတ်ဘုရားတမျှစွမ်းအားမျိုးကို ပိုင်ဆိုင်ဖို့ ကျင့်ကြံသူတစ်ယောက်သည် မည်သည့်အဆင့်သို့ ရောက်နေရမည်နည်း။
ရှန်းကျန်မှာမူ မြို့ရိုးပေါ်မှတစ်ဆင့် မြေပေါ်ဆင်းလာပြီး စာရွက်နှင့်စုတ်တံကိုထုတ်ကာ နံရံပေါ်တွင် ကပ်နေသော ဟန်မင်၏ ပုံကို စတင်ရေးဆွဲလေတော့သည်။
….
ကောင်းကင်ပြာအောက်ရှိ တောင်တန်းနှင့် လယ်ကွင်းများအလယ်ရှိ ရေကန်ကြီးတစ်ခုဘေးတွင် မြို့လေးတစ်မြို့တည်ရှိ၏။
“တကယ်လို့မင်းကိုတစ်ယောက်ယောက်မေးရင် ဆရာ့ကိုထုတ်မပြောနဲ့ မင်းကဒီမြို့ကကလေးတစ်ယောက်လို့ပဲပြောရမယ်”ကုအန် ကလေးနှစ်ယောက်ကိုပြောလိုက်ပြီး မြေပြင်ပေါ် ချပေးလိုက်လေသည်။ ထို့နောက် သူတို့ပြန်လှည့်ကြည့်လိုက်ချိန်တွင်တော့ ကုအန်ကို ဘယ်နေရာမှာမှ မတွေ့ရတော့ပေ။
ထိုအခိုက်တွင် သူတို့ရောက်နေသောနေရာမှာ ရေညှိများဖြင့် ပြည့်နေသော မြေသားနံရံကြီးနှစ်ခုကြားရှိ လမ်းကြားလေးတစ်ခုထဲတွင် ဖြစ်၏။
အန်းရှင်းတစ်ခုခုပြောရန် ပြင်လိုက်ချိန်တွင် အန်းဟောင်သူ့ပါးစပ်ကို အုပ်၍ ပြောလိုက်သည်။ “ညီမလေး ဖားသွားဖမ်းရအောင်”
အန်းရှင်းကို အဓိပ္ပာယ်ပါပါတစ်ချက်ကြည့်လိုက်ပြီး အန်းရှင်းခေါင်းညိတ်ပြသောအခါမှသာ သူ့လက်ကို ဖယ်ပေးလိုက်၏။
ထို့နောက် သူတို့နှစ်ယောက်သည် လမ်းကြားလေးထဲမှ လူများဖြင့်ပြည့်နေသော လမ်းမကြီးပေါ်သို့ ရောက်ရှိသွားပြီး သူတို့မျက်နှာတွင်လည်း အပြုံးများဖြင့် ပြည့်နှက်နေတော့သည်။
နောက်ဆုံးတွင် သူတို့သည်ကလေးများသာ မဟုတ်ပါလား။
တစ်နေရာတွင်
မျက်နှာဖုံးကိုချွတ်ကာ အစိမ်းရောင်တာအို၀တ်စုံကိုလဲလှယ်ထားသော ကုအန် စားသောက်ဆိုင်တစ်ခုထဲသို့ ၀င်သွားခဲ့၏။
သူအပြင်ထွက်သည်မှာ အလွန်ရှားလေရာ အပြင်ရောက်တုန်းတော့ လူသားကမ္ဘာ၏ ရှူခင်းများကို ခံစားဦးမည်ဟု စီစဉ်ထားခြင်း ဖြစ်ပေသည်။
စားသောက်ဆိုင်၏ ဒုတိယထပ်သို့ရောက်သောအခါ ကုအန် ပြတင်းပေါက်ေဘးရှ်ိ ဝိုင်းတွင်ထိုင်ကာ ဆိုင်၏ အကောင်းဆုံးဟင်းလျာများကိုမှာလိုက်ပြီး ပြတင်းပေါက်အပြင်ဘက် လမ်းပေါ်ရှိ လူများကို ကြည့်ရှုနေမိ၏။
လမ်းပေါ်တွင် ပစ္စည်းမျိူးစူံရောင်းသောသူများ ခရီးသွားများနှင့် ပြည့်နှက်နေပြီး ကျင့်ကြံသူအနည်းငယ်ကိုပင် ကုအန်သတိထားလိုက်မိသေးသည်။
အစားအသောက်များရောက်မလာခင်တွင် မြို့ကိုဖြတ်သန်းသွားသော အားကောင်းသည့် နတ်အာရုံတစ်ခုကိုလည်း ကုအန်ခံစားလိုက်မိ၏။
မျှော်လင့်ထားသလိုပင် တစ်ယောက်ယောက်က လိုက်လာချေပြီ!
သို့သော် နတ်အာရုံသည် မြို့ကိုတစ်ခါသာ စစ်ဆေးသွားပြီး ထပ်ပေါ်မလာတော့ပေ။
ကုအန်လည်း အလောတကြီးဖြစ်မနေခဲ့ပေ။ ဒီနေ့တစ်နေ့လုံးကို အနားယူပစ်မည်ဟု သူစဉ်းစားထားခြင်း ဖြစ်ပေသည်။
အစားအသောက်နှင့်ဝိုင်များရောက်သောအခါ ကုအန် လမ်းမပေါ်ရှိ လှုပ်ရှားသွားလာနေသော လူများကိုကြည့်ရင်း တစ်ယောက်တည်း သောက်နေခဲ့၏။
ဤသို့ဖြင့် နေ၀င်ဆည်းဆာကုန်ဆုံးသွားကာ လထွက်ချိန်ရောက်လာခဲ့လေပြီ။
ညဉ့်အချိန်ထိပင် မြို့လေးသည် စည်ကားအသက်၀င်နေဆဲပင်။ မြို့ရှိ အဆောက်အဦးတိုင်းတွင် အနီရောင်မီးအိမ်များချိတ်ဆွဲထားပြီး မြို့ကိုဖြတ်၍ စီးနေသော မြစ်ငယ်လေးများမှာလည်း တသွင်သွင်စီးဆင်းနေကြဆဲသာ။
ထိုစဉ် ကုအန် ကျောက်တုံးတံတားတစ်ခုပေါ်သို့ လမ်းလျှောက်တက်လိုက်ရင်း သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။
သူမြို့ထဲရှ်ိမိစ္ဆာချီတစ်စကို အာရုံခံလိုက်မိသောကြောင့် ဖြစ်၏။
ထိုမိစ္ဆာသည် ထိုမျှသန်မာပုံမရဘဲ အဆင့်၂ မိစ္ဆာလောက်သာဖြစ်လောက်ကာ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့်ညီသော မိစ္ဆာမျိုး ဖြစ်ပေသည်။
ကုအန်အစကတည်းက သူ၏အောင်မြင်မှုအပေါ် ချီးကျူးသံများကို နားဆင်ခံစားရန် အဓိပတိဂိုဏ်းသို့ နောက်နေ့မနက်မှပြန်မည်ဟု စဉ်းစားထားသောကြောင့် အလျင်လိုမနေဘဲ ထိုမိစ္ဆာမြို့ထဲတွင် ဘာလုပ်နေလဲဆိုသည်ကို စုံစမ်းမည်ဟု ဆုံးဖြတ်လိုက်၏။
မြို့ကလေးသည် အပေါ်ယံတွင် မည်သည့်ကျင့်ကြံသူမှပင်မရှိသော နေရာဖြစ်လေရာ သူတို့အတွက် အဆင့် ၂ မိစ္ဆာဆိုသည်မှာ အတော်လေးသတိထားစရာကောင်းသော အရာဖြစ်ပေသည်။
ကုအန် အေးအေးဆေးဆေးပင် မိစ္ဆာချီရှိသော နေရာသို့ လမ်းလျှောက်လာခဲ့၏။
သူခြံ၀န်းတစ်ခုရှေ့သို့ ဖြတ်သွားသောအခါတွင်မူ ခေါ်သံတစ်သံကို ကြားလိုက်ရလေသည်။
“ဂျူနီယာညီလေးကု!”
ထိုအသံသည် အိုမင်းနေပြီး သံသယများအံ့ဩနေမှုများ ခံစားချက်များနှင့် ပြည့်နှက်နေ၏။
ကုအန် လှည့်ကြည့်လိုက်ရာ ခြံ၀န်းထဲရှိ သူ့ကိုကြည့်နေသော လူကြီးတစ်ယောက်ကိုတွေ့လိုက်ရသည်။
ထိုလူကြီးသည် ဆံဖြူကာ ခါးကုန်းပင်နေပြီဖြစ်ပြီး သူ့ပုံစံမှာ အသက် ၇၀ ၈၀ အရွယ်လူတစ်ယောက်၏ သဏ္ဍာန်ဖြစ်သည်။
ကုအန် မျက်မှောင်ကြုံ့သွားကာ တုံ့ဆိုင်းနေဟန်ဖြင့် မေးလိုက်၏။ “စီနီယာအစ်ကိုကျန်းလား”
ကျန်းချွမ်းချူ!
ကုအန် ကျန်းချွမ်းချူ၏ အရှိန်အဝါကိုပင် မေ့ချင်ချင်ဖြစ်နေပြီဖြစ်ပြီး သူ့ပုံစံမှာလည်း သိသိသာသာကို ပြောင်းလဲသွားခဲ့ရာ ကုအန် သူ့ကိုလုံး၀မမှတ်မိခဲ့ပေ။
အဖိုးကြီးသည် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ “တကယ်ကို မင်းပဲ ငါအခုပဲ ကျောက်တုံးတံတားပေါ်မှာ လူတစ်ယောက်ကိုတွေ့တော့ မင်းလို့ထင်ခဲ့တာ ဒါပေမယ့်တကယ်ပဲမင်းဖြစ်နေမယ်လို့ မမျှော်လင့်ခဲ့မိဘူး ဂျူနီယာညီလေးကု ဒီကိုဘယ်လိုရောက်လာတာလဲ အပြင်စည်းဂိုဏ်းသားဖြစ်သွားပြီး တာ၀န်လာလုပ်တာလား”
ကုအန် ခေါင်းညိတ်ကာပြန်ပြောလိုက်သည်။ “အဲ့ဒီလိုဟာမျိုးပဲ စီနီယာအစ်ကိုကရော ဒီမှာနေတာလား”
ဤအရာသည် တိုက်ဆိုင်လွန်းနေသည် မဟုတ်ပါလား!
ကျန်းချွမ်းချူရယ်မောကာ ပြောလိုက်၏။ “ဒီမြို့က အဓိပတိဂိုဏ်းပတ်၀န်းကျင်မှာ အချမ်းသာဆုံးမြို့လေ အဲ့တာကြောင့် ငါဒီမှာအနားယူဖို့ဆုံးဖြတ်ခဲ့တာ”
ထိုသို့ဆိုလျှင်တော့ ကိစ္စများသည် ရှင်းသွားချေပြီ!
ကုအန်လည်း ဤမြို့အား စည်ကား၍ အန္တရာယ်ကင်းသောကြောင့် ကလေးများအတွက် ရွေးချယ်ပေးခဲ့ခြင်း ဖြစ်ပေသည်။
ကျန်းချွမ်းချူ ကုအန် လက်ကောက်၀တ်ကိုဆွဲကာ ပြုံး၍ ပြောလိုက်၏။ “အထဲမှာသွားပြောရအောင် မင်းအလျင်လိုမနေဘူးမဟုတ်လား”
“အလျင်မလိုပါဘူး အလျင်မလိုပါဘူး” ကုအန် အမြန်တုန့်ပြန်လိုက်၏။ သူခြံ၀န်းထဲတွင် အခြားဘယ်သူ့ကိုမှလည်း မခံစားမိလေရာ ကြာပန်းလေး ဘယ်မှာလဲဟူသော မေးခွန်းကို အတော်လေးမေးချင်နေခဲ့သည်။
သူအရင်က ကျန်းချွမ်းချူ တစ်ယောက်တည်းပြောနေသည်ကို ခိုးနားထောင်ဖူးလေရာ ကျန်းချွမ်းချူ တောင်ကြားမှထွက်ခွာသွားရသော အကြောင်းအရင်းသည် ကြာပန်းလေး ဟူသော မိန်းကလေးကြောင့်ဖြစ်မှန်း သိရှိနေခဲ့၏။
အပိုင်း(၇၈)
လူသိနည်းသောမိစ္ဆာ ကုအန်၊ ကမ္ဘာတစ်ခုလုံးတွင် ကျော်ကြားခြင်း
နွေရာသီကုန်ဆုံးခါနီးအချိန်၏ လသည် ကောင်းကင်ယံတွင် ဝိုင်းစက်ကာ ထိန်လင်းနေသော်လည်း မကြာမီတွင် တိမ်မည်းများဖုံးအုပ်သွားခြင်းကို ခံလိုက်ရလေသည်။
ကုအန် ကျန်းချွမ်းချူ အိမ်ထဲတွင်ထိုင်ကာ ရောက်တတ်ရာရာများ ပြောဆိုနေခဲ့ကြ၏။ ကျန်းချွမ်းချူသည် ယခုနှစ်များအတွင်း သူ့အတွေ့အကြုံများအား ပြန်ပြောပြနေခြင်းဖြစ်သည်။
ကျန်းချွမ်းချူ၏ ဇာတ်လမ်းမှာ ကျောင်းတော်သားများရေးသော ပုံပြင်တစ်ပုဒ်နှင့်ပင် တူ၏။ သူသည် သူချစ်သောမိန်းမတစ်ယောက်အတွက် အဓိပတိဂိုဏ်းမှထွက်ခွာလာခဲ့ပြီး နောက်ဆုံးတွင်တော့ ထိုမိန်းမမှာ မိစ္ဆာတစ်ကောင် ဖြစ်နေခဲ့လေသည်။
သူဘ၀၏ အစပိုင်းနှစ်များတွင် ကျန်းချွမ်းချူသည် အမတလမ်းစဉ်ကံကြမ္မာကိုရှာဖွေရန် အဓိပတိဂိုဏ်းသို့ သွားခဲ့၏။ ဂိုဏ်းသို့ သွားသည့်လမ်းတွင် မိစ္ဆာများ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ကြာပန်း ဟုခေါ်သော မိစ္ဆာမလေးတစ်ယောက်က သူ့ကို၀င်၍ကယ်ခဲ့လေသည်။ ဤသို့ဖြင့် သူအသက်ရှင်သန်ခဲ့ရပြီး အဓိပတိဂိုဏ်းသို့ ရောက်လာခဲ့ရ၏။
သို့သော် သူသည် ဂိုဏ်းတွင်ရှိနေသည့် နှစ်တိုင်းတွင် ကြာပန်း၏ နွေးထွေးကြင်နာမှုများကိုသာ သတိရ၍ နေခဲ့သည်။ မိစ္ဆာတစ်ကောင်နှင့်လူသားတစ်ယောက်ကြားရှ်ိ ဆက်ဆံရေးသည် အချစ်ရှိန်များမြင့်တက်လာခဲ့ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မရောက်တော့တာ သေချာသွားသောအခါ ကျန်းချွမ်းချူ ဂိုဏ်းမှထွက်ခွာလာခဲ့၏။
ဂိုဏ်းပြင်သို့ရောက်၍ သူတို့ဆုံကြသောအခါ ဤမြို့သို့ရောက်လာခဲ့ကြပြီး အိမ်တစ်လုံး၀ယ်ကာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ကြပြီး သားတစ်ယောက်ပင် ရှိလာခဲ့သည်။
သို့သော် မိစ္ဆာတစ်ကောင်နှင့်အချိန်အကြာကြီး အတူတူဖြတ်သန်းခဲ့ရသော ကျန်းချွမ်းချူသည် အချိန်ကြာလာသည်နှင့် စိတ်ဝိညဉ်စွမ်းအားများ ယုတ်လျော့လာခဲ့ပြီး သူ့ချီသွေးများပင် ကျဆင်းလာခဲ့ရသည်။ ထိုအခါ ကျန်းချွမ်းချူအတွက် ၀န်ထုပ်၀န်ပိုးတစ်ခုဖြစ်မနေလိုသော ကြာပန်းလေးသည် မနက်ခင်းတစ်ခုတွင် နှုတ်ဆက်စကားပင်မပြောဘဲ ထွက်ခွာသွားခဲ့ဧ်။။
ဇာတ်လမ်း၏ ထိုအပိုင်းကိုရောက်သောအခါ ကုအန်တစ်ခုခုပြောချင်ပါသော်လည်း မြိုသိပ်၍သာ ထားလိုက်သည်။
“ငါက သူလှည့်စားတာခံလိုက်ရတယ်လို့ မင်းတွေးမှာကိုငါသိပါတယ် ဒါပေမယ့် အဲ့တာကိစ္စမရှိပါဘူး မိစ္ဆာတစ်ကောင်နဲ့ လူသားတစ်ယောက်ကြားက ဆက်ဆံရေးက နောက်ဆုံးမှာ ဒီလိုပဲဖြစ်မှာပဲလေ ငါတောင်ကြားကထွက်လာရတဲ့ အကြောင်းအရင်းကလည်း အမတလမ်းစဉ်ကို ဆက်မလျှောက်နိုင်တော့တာ သေချာလို့ပဲလေ အဲ့ဒီအတွက် ငါနောင်တမရပါဘူး သူ့သက်တမ်းက ငါ့ထက်အများကြီးရှည်လွန်းတယ် ငါ့မှာတော့ အချိန်အများကြီး မကျန်တော့ပါဘူး”
“သူမစောစောထွက်သွားတာကောင်းပါတယ် မဟုတ်ရင် သေကွဲကွဲရတဲ့ အဖြစ်မျိုး ကြုံနေရဦးမယ်” ကျန်းချွမ်းချူ တစ်ချက်ရယ်မောကာ ပြောလိုက်၏။ သူ့ပုံစံမှာ ရယ်မောနေဟန်ရသော်လည်း သူ့မျက်လုံးထဲတွင်တော့ လူသားကမ္ဘာ၏အခက်အခဲများကို မည်မျှကျော်ဖြတ်ထားရမှန်း ပေါ်လွင်နေခဲ့သည်။
သူ့ကိုကြည့်ရင်း ကုအန်အရင်က ဆန်းကြယ်တောင်ကြားသို့စရောက်ခါစက မြင်ဖူးသော ကျန်းချွမ်းချူ၏ ပုံရိပ်ကို ပြန်မတွေးဘဲ မနေနိုင်ခဲ့ပေ။
အချိန်သည် လူကိုပြောင်းလဲသွားစေနိုင်လေသည်။
ကျန်းချွမ်းချူတွင် အသက်ရှင်နေထိုင်ရန် အချိန် ၃နှစ်သာ ကျန်တော့ကြောင်းလည်း သူအာရုံခံနေမိသောကြောင့် ကုအန်စိတ်မကောင်းဖြစ်နေမိခဲ့၏။
တစ်နာရီခန့်ကြာသောအခါ ကုအန်အစက အာရုံခံမိခဲ့သော မိစ္ဆာစွမ်းအင်သည် ခြံ၀န်းရှေ့သို့ ရောက်ရှိလာခဲ့ပြီး ထိုကောင်လေးမှာ ကျန်းချွမ်းချူ၏ သားမှလွဲ အခြားလူမဟုတ်ခဲ့ပေ။
[ကျန်းပုကူ(အခြေခံတည်ဆောက်ခြင်းအဆင့်၂) : ၂၂/၄၆၀/၂၃၀၀]
အသက်၂၂နှစ်အရွယ် အခြေခံတည်ဆောက်ခြင်းအဆင့် ၂ တစ်ယောက်ဆိုသည်မှာ အမှန်တကယ်ပင် ပါရမီရှင်ဟု ဆို၍ရသော လူမျိုးဖြစ်ပေသည်။
မိစ္ဆာနှင့်လူသားကြားပေါင်းစပ်မှုသည် ပါရမီရှင်များကို မွေးထုတ်ပေနိုင်သည်လော။
မဖြစ်နိုင်ပေ။ ကြာပန်းလေး၏ ပါရမီမှာ အလွန်မြင့်လွန်းနေ၍သာ ထိုသို့ဖြစ်ခြင်းဖြစ်ရမည်ဟု ကုအန် တွေးလိုက်မိသည်။
“ပုကူ ဒါကမင်းရဲ့ဆရာဦးလေး ကုအန်တဲ့” ကျန်းချွမ်းချူ နံရံကိုကျော်တက်၍ ခြံ၀န်းထဲရောက်လာသော ကျန်းပုကူကို ခေါ်၍ ပြောလိုက်၏။
ကျန်းပုကူသည် အသက် ၁၆ ၁၇အရွယ်ပုံစံရှိသော ကောင်လေးဖြစ်ပြီး သူ့ဆံပင်များမှာ သူ့ပါးပေါ်သို့ အရိုင်းဆန်ဆန် ကျနေခဲ့သည်။
“တွေ့ရတာ၀မ်းသာပါတယ် ဆရာဦးလေးကု” ကျန်းပုကူ သူတို့နားရောက်လာပြီး ရိုရိုသေသေ နှုတ်ဆက်လိုက်၏။
ကုအန်ပြုံး၍ ခေါင်းညိတ်လိုက်ကာ သိုလှောင်အိတ်ထဲမှ ဆေးတစ်လုံးထုတ်၍ ပြောလိုက်သည်။ “ဒါကထိပ်တန်းအဆင့် စိတ်ဝိညဉ်ဆေးတစ်လုံးပဲ ဒါကိုငါတို့တွေ့ဆုံမှုလက်ဆောင်လို့ သတ်မှတ်လို့ရတယ်”
“ငါဘယ်လိုလုပ်လက်ခံနိုင်မှာလဲ”
“အစ်ကိုကြီးက ဒီဆေးလုံးကိုအထင်သေးနေတာလား”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အဲ့တာကအရမ်းတန်ဖိုးကြီးတဲ့ပုံ ပေါ်နေလို့ပါ”
သူတို့နှစ်ယောက်အနည်းငယ်ပြောဆိုပြီးသည့်နောက်တွင်တော့ ကျန်းချွမ်းချူမငြင်းနိုင်တော့ဘဲ ကျန်းပုကူကို ဆေးလုံးအား လက်ခံခိုင်းလိုက်လေသည်။
ကျန်းပုကူ ကုအန်အား စိတ်၀င်စားဟန်ဖြင့် ကြည့်လိုက်၏။ သူတစ်ခါမှ သူ့မိဘများထံမှ လွဲမှ ဘယ်သူ့ဆီကမှ လက်ဆောင်မရခဲ့ဖူးပေ။ ထို့ကြောင့် သူကုအန်ကို ချက်ချင်းပင် သဘောကျသွားမိသည်။
ကျန်းချွမ်းချူကုအန်အား ဆန်းကြယ်တောင်ကြားတွင်းမှအခြေအနေများကို မေးမြန်းလိုက်ပြီး ကုအန်လည်း ဘာမှကွယ်ဝှက်မထားဘဲ ပြန်ဖြေလိုက်၏။
ချန်းရွှမ်တန်နှင့် မုန့်လန်တို့နှစ်ယောက်လုံးသေသွားပြီဟု ကြားလိုက်ရသောအခါ ကျန်းချွမ်းချူ ၀မ်းနည်းသွားခဲ့ပြီး ကုအန်ကိုလည်း အနာဂတ်တွင် ဂရုစိုက်ရန် မှားနေခဲ့သည်။
ထို့နောက် လီယသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ရောက်သွားပြီဟု ပြောသောအခါ ကျန်းချွမ်းချူ လျှာကိုက်မိမတတ် အံ့ဩသွားခဲ့ပြီး သူအရင်ကတည်းက လီယသည် အမြင့်သို့တက်သွားမည့်လူဖြစ်မှန်း သိနေသည်ဟု ပြောနေခဲ့၏။
သူတို့အချိန်အတော်ကြာ စကားပြောပြီးသောအခါမှသာ ကုအန် ထွက်ခွာလာခဲ့သည်။
ကုအန် ထွက်သွားသောအခါ ကျန်းချွမ်းချူ လှမ်းအော်ပြောလိုက်၏။
“ဂျူနီယာညီလေးကု မင်းကအခြေခံတည်ဆောက်ခြင်းအဆင့်ကိုရောက်နေပြီဆိုတော့ မင်းပါရမီကအရမ်းဆိုးရွားနေတာမဟုတ်ဘူးလို့ ပြနေတာပဲ အနာဂတ်မှာ ကောင်းကောင်းကျင့်ကြံပြီး ဒီအစ်ကိုကြီးကိုယ်စား ကမ္ဘာကြီးကို နှစ်၃၀၀ ၄၀၀စာ လောက်ပိုကြည့်ခဲ့ပေးစမ်းပါကွာ”
ကုအန် တံခါး၀တွင်ရပ်နေရင်း ပြန်လှည့်ကြည့်လိုက်ကာ အသာအယာခေါင်းညိတ်ပြခဲ့လေသည်။
သူတို့စကားဝိုင်းအစမှအဆုံးအထိ ကျန်းချွမ်းချူသည် ကုအန်အကြောင်းဘာကိုမှမမေးခဲ့ဘဲ သူတို့အတိတ်အကြောင်းများကိုသာ ပြန်ပြောခဲ့ခြင်း ဖြစ်၏။
ကုအန် ခြံ၀န်းပြင်သို့ရောက်သောအခါ မနေနိုင်ဘဲ ခြံ၀န်းထဲသို့ ပြန်လှည့်ကြည့်လိုက်မိသည်။ ထိုအခါ ကျန်းပုကူသည် သူ့အဖေအား သူဒီနေ့ဒုက္ခရောက်ခဲ့သည်ဆိုသည့်အကြောင်းပြန်ပြောပြနေပြီး သူမြို့ထဲတွင် ကောင်လေးတစ်ယောက်နှင့် တိုက်ခိုက်ခဲ့ရသည်ဟု ပြန်ပြောပြနေခဲ့၏။
သူရင်ဆိုင်ခဲ့ရသော ကောင်လေးမှာ အန်းဟောင်မှ လွဲ၍ အခြားသူမဟုတ်ပေ။ သူတို့ကြား ကျင့်ကြံခြင်းကွာဟချက်ကြီးမားသော်လည်း ကျန်းပုကူသည် အန်းဟောင်အား သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်မရှိသောကြောင့် အနည်းငယ်တိုက်ခိုက်ပြီးသည်နှင့် ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။
ထိုအရာသည် ကံကြမ္မာသာ ဖြစ်ပေလိမ့်မည်။
ကျန်းပုကူသည် သက်တမ်း ၂၃၀၀ ပင်ရှိပြီး အနာဂတ်တွင် မိစ္ဆာဂိုဏ်းများကြား၌ ထင်ရှားလာမည့်သူဖြစ်မှန်း ထင်ရှားလှ၏။ တစ်ဖက်ရှိ အန်းဟောင်မှာမူ ပို၍သာသေးသည်။ သူသည် တစ်ကမ္ဘာလုံးတွင် ပါရမီအကောင်းဆုံးလူဟုပင် ပြော၍ရသော သူဖြစ်၏။
နှစ်ပေါင်းများစွာကြာ၍ သူတို့ပြန်လည်တွေ့ဆုံသောအခါ ထိုကလေးများသည် တစ်ချိန်က မြို့ငယ်လေးတစ်ခုတွင် တိုက်ခိုက်ခဲ့ကြသည့် အကြောင်းကို မှတ်မိနိုင်ပါဦးမည်လော။
ကုအန် နှုတ်ခမ်းထောင့်စွန်းများတွန့်ကွေးသွားပြီး ညအမှောင်ထုထဲတွင် ပျောက်ကွယ်သွားလေတော့သည်။
……
အာရုံတက်ချိန်တွင်
တောနက်တစ်ခု၏ ကမ်းပါးစွန်းတစ်ခုတွင် အန်းဟောင်နှင့် အန်းရှင်းသည် ကုအန်၏ ဘေးတစ်ဖက်တစ်ချက်၌ တရားထိုင်၍နေခဲ့ကြပြီး မနက်ခင်းနေရောင်သည် သူတို့ပေါ် ထိုးကျလာခဲ့၏။
အန်းဟောင်၏ ပါးတွင်လက်သည်းရာ သုံးခုရှိနေပြီး ထိုလက်သည်းရာမှာ ကျန်းပုကူကြောင့် ရခဲ့ခြင်းဖြစ်သည်။ သူ ကျန်းပုကူအားမကျေနပ်၍ တစ်ညလုံးမြို့ထဲတွင် လိုက်ရှာခဲ့ပါသော်လည်း လုံး၀မတွေ့မှသာ ထိုမြို့မှထွက်လာခဲ့ခြင်းဖြစ်ပြီး စိတ်ထဲတွင်တော့ မကြေမချမ်းဖြစ်နေသေး၏။
ထိုစဉ် ကုအန် တရားထိုင်နေရာမှ ထရပ်လိုက်ပြီး ပြောလိုက်သည်။ “ဆရာသွားစရာတစ်ခုရှိတယ် ညနေမှပြန်လာခဲ့မယ် ဟောင်အာ မင်းညီမလေးကိုသေချာဂရုစိုက်ထားရမယ်နော်”
ပြောပြီးသည်နှင့် ကုအန် ကမ်းပါးစွန်းမှ ပျောက်ကွယ်သွားခဲ့၏။
အန်းဟောင်နှင့်အန်းရှင်းတို့ မျက်လုံးဖွင့်လိုက်၍ ဟိုဟိုဒီဒီကြည့်လိုက်သောအခါတွင်တော့ သူတို့ဆရာကို မတွေ့ရတော့ပေ။
“ဆရာကတကယ်ပဲဘာလို့ထင်လဲ သူကဘာလို့ညီမလေးတို့နဲ့ ညဘက်ပဲအတူတူရှိနိုင်ရတာလဲ” အန်းရှင်း စိတ်၀င်တစားမေးလိုက်သည်။
အန်းဟောင် မေးစေ့ကိုပွတ်ကာတွေးတောလိုက်ပြီး
“ရွာကို လွန်ခဲ့တဲ့၂နှစ်လောက်ကလာတဲ့ ပုံပြင်ပြောသူတွေပြောပြတဲ့ ကျန်းဟူပုံပြင်တွေကို မှတ်မိတယ်မလား ငါထင်တာတော့ ဆရာကကမ္ဘာပေါ်က ထိပ်တန်းမိစ္ဆာတွေထဲက တစ်ယောက်ပဲဖြစ်ရမယ် ဒါပေမယ့် သူ့ဂုဏ်သတင်းနဲ့ပတ်သက်ပြီးလူတွေက အထင်လွဲနေကြတာ တကယ်ကသူကလူကောင်းလေ မဟုတ်ရင် ငါတို့ကို ဘာလို့ကယ်ခဲ့မှာလဲ သူက သူ့ဂုဏ်သတင်းကြောင့် ငါတို့ကိုထိခိုက်မှာစိုးနေတာ ဖြစ်ရမယ်”
အန်းရှင်းမျက်လုံးများပြူးကျယ်သွားပြီး မေးလိုက်သည်။
“တကယ်လို့ ဆရာကမိစ္ဆာဆိုရင် အခုရောဘာသွားလုပ်တာဖြစ်နိုင်မလဲ”
“ငါမသိဘူး ဒါပေမယ့်ကိစ္စမရှိပါဘူး သူကငါတို့ဆရာပဲလေ ငါတို့အပေါ်ကိုလည်းကြင်နာတယ် ငါတို့ကလည်းအဲ့ဒီကြင်နာမှုကို မှတ်ထားရမယ်”
“ဟုတ်”
…..
မိစ္ဆာကြီးဟု သူတပည့်များခေါ်နေသော ကုအန်မှာတော့ ဆန်းကြယ်တောင်ကြားသို့ပြန်ကာ ချက်ချင်းပင် တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် တတိယတောင်ကြားသို့ ရောက်သွားခဲ့သည်။
သူမျှော်လင့်ထားသလိုပင် တိုက်ပွဲကြီးပြီးသည့်နောက် သူ့ကိုရှာဖွေနေသူများစွာ ရှိနေကြ၏။
ကုအန် သူ့အခန်းထဲသို့ ရောက်သောအခါ စားပွဲတွင် ပုံဆွဲနေသော ရှန်းကျန်ကို တွေ့လိုက်ရသည်။
“မြင့်မြတ်သမီးတော်ရှန်း ဒီနေရာကိုမင်းအိမ်လို့ သတ်မှတ်ထားတာလား လာချင်တဲ့အချိန်ကိုလာနေတော့တာပဲ ငါ့ကိုအပြစ်ပြုမိမှာမကြောက်ဘူးလား” ကုအန် အကူအညီမဲ့စွာ ပြောလိုက်၏။
သူ့ကိုကြည့်ပင်မကြည့်ဘဲ ရှန်းကျန် အမြန်အမိန့်ပေးလိုက်လေသည်။
“အမြန်ဒီကိုလာပြီး ကြည့်စမ်းပါ”
ကုအန် ချက်ချင်းသူ့ဆီသို့သွားကာ သူရေးဆွဲနေသော ပုံကိုကြည့်လိုက်မိသောအခါ မျက်မှောင်ကြုံ့သွားမိ၏။
“အဲ့တာဟန်မင်လား”
“ဟုတ်တယ် ဘယ်လိုလဲ ငါ့လက်ရာက ကောင်းရဲ့လား”
“နင်ဟန်မင့်ကို စော်ကားမိပြီး သူကနင့်ကိုအညှိုးအတေးထားသွားမှာ မကြောက်ဘူးလား”
“သူလုပ်ရဲမှာလား ငါ့အဖေကသူသွားရှုပ်လို့ရတဲ့သူမဟုတ်ဘူး”
နောက်ခံကောင်းရှိရခြင်းမှာ အမှန်တကယ်ပင်အံ့ဩစရာကောင်းလှပေသည်!
ကုအန် သေချာကြည့်လိုက်သောအခါ ရှန်းကျန်၏ ပန်းချီပညာသည် သာမန်မဟုတ်သည်ကို ခံစားလိုက်မိ၏။ ဟန်မင် နံရံတွင် ချိတ်ဆွဲခံထားရသော ပုံကို ပြတ်ပြတ်သားသားပင် ရေးဆွဲထားပြီး နံရံပေါ်ရှိအက်ကြောင်းများပင် ပါနေသေးသည်။
“နင်ငါ့လက်ရာကို ဘယ်လိုထင်လဲ” ရှန်းကျန် ဂုဏ်ယူနေဟန်ဖြင့် မေးလိုက်၏။
ထို့နောက် ကုအန်သူ့လက်ထဲရှိ စုတ်တံကိုယူကာ စာရွက်ပေါ်တွင် စုတ်ချက်အနည်းငယ် ဆွဲလိုက်လေသည်။
ရှန်းကျန် ကုအန်ကိုကြည့်ကာ မျက်လုံးများကျဉ်းမြောင်းသွားခဲ့ပြီး စာရွက်ကိုကြည့်လိုက်မိချိန်မှာတော့ သူ့မျက်လုံးမှား ပြူးကျယ်သွားခဲ့၏။
ကုအန်သည် သူ့ပုံတွင် လေပြင်းများနှင့် အရိပ်များကျနေပုံကို ထည့်ဆွဲလိုက်ခြင်းဖြစ်ပြီး ထိုအရာများပုံထဲရောက်သွားသောအခါ ပုံမှာပို၍အသက်၀င်ကာ ရုပ်လုံးကြွလာခဲ့လေသည်။ ဤအရာမှာ ကမ္ဘာမြေရှိ ကာတွန်းစာအုပ်ေရးဆွဲသည့်နည်းပညာမှလွဲ၍ အခြားမဟုတ်ပေ။
ရှန်းကျန် ကုအန်ဘက်လှည့်ကြည့်လိုက်ပြီး မမေးဘဲမနေနိုင်တော့ပေ။ “နင်ကပန်းချီပညာကိုလည်း သိတာလား”
“နည်းနည်းပါ”
“ဒါဆို ကဗျာနဲ့ဂီတရော”
“အဲ့တာတွေလည်း နည်းနည်းစီသိတယ်”
ရှန်းကျန်မျက်လုံးထဲရှိ အထင်ကြီးလေးစားနေသော အရိပ်အယောင်များကိုကြည့်ကာ ကုအန် မေးကိုပင် အလိုလိုမော့ထားမိလေသည်။
ငါ့ရှေ့မှာလာကြွားချင်တယ်ပေါ့ ဟမ့်!
“ဟုတ်ပါတယ် နောက်ဆုံးတော့နင်က နတ်ဘုရားတို့၏ရာထူးများလိုစာအုပ်ကို ရေးခဲ့တဲ့လူပဲ” ရှန်းကျန် အသိအမှတ်ပြုလိုက်၏။်
ထို့နောက် ကုအန်မေးလိုက်သည်။ “နင်ကဘာလို့ ဒါကိုဆွဲချင်တာလဲ”
သူသည် ဟန်မင်နှင့် အညှိုးအတေးရှိနေခြင်း ဖြစ်နိုင်ပါသလော။
“ရိုးရိုးသားသားပြောရရင် ငါဆရာသခင်ဓားအရှင်အကြောင်းအတော်လေး စိတ်၀င်စားမိနေတယ် သူက တစ်သီးတခြားနေပြီး ချောမောခန့်ညားတဲ့ဓားသမားတစ်ယောက်လို့ အမြဲခံစားနေရတယ် လူတွေအများကြီးလာကြည့်နေချိန်မှာတောင် သူ့ကိုယ်သူလူလုံးထွက်မပြခဲ့တာက ငါထင်တဲ့ သူ့ဇာတ်ကောင်ကမှန်နေတယ်ဆိုတာ သက်သေပြနေတာပဲ” ရှန်းကျန်စိတ်ဝင်စားနေဟန်ဖြင့် ဖြေလိုက်၏။
ကုအန် နှုတ်ခမ်းများတွန့်ကွေးသွားပြီး ပြောလိုက်သည်။
“တကယ်လို့သူက ဆွဲဆောင်မှုမရှ်ိတဲ့ အဖိုးကြီးတစ်ယောက်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”
“မဖြစ်နိုင်တာ စာရေးတာအပြင် ငါဆရာသခင်ဓားအရှင်အကြောင်းလည်း စုံစမ်းဦးမယ်လို့ စီစဉ်ထားတယ် ငါသူ့ကိုရှာကိုရှာတွေ့ရမယ်”
“တွေ့ရင် ဘာလုပ်ဖို့လဲ”
“တာအိုမိတ်ဆွေတစ်ယောက်လုပ်ဖို့ပေါ့ ဖန်းအန်ငါနင့်ဆီခဏခဏလာနေတာ နင့်ကိုကြိုက်နေလို့လို့ မထင်နဲ့နော် ငါကကျင့်ကြံရတာ မကြိုက်ပေမယ့် ငါ့တာအိုမိတ်ဆွေကတော့ ကမ္ဘာပေါ်က ထိပ်တန်းကျင့်ကြံသူတစ်ယောက်ဖြစ်ရမယ် ဒါမှ သူကငါစာအုပ်တွေရေး ပုံတွေဆွဲတဲ့အခါ ဖြစ်လာမယ့်တိုက်ခိုက်မှုတွေကနေ ငါ့ကိုကာကွယ်ပေးနိုင်မှာလေ” ရှန်းကျန် ကုအန်ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး သူမပုံဆွဲစာရွက်များကိုယူကာ တံခါးဆီသို့ ထွက်ခွာသွားလေတော့သည်။
ကုအန် ခေါင်းယမ်း၍သာ ပြုံးလိုက်မိ၏။
ရှန်းကျန် တောင်ကြားမှထွက်ခွာသွားသောအခါမှ ကုအန်အောက်သို့ဆင်း၍ သူ့တတိယတောင်ကြားရှိေဆးပင်များကို စစ်ဆေးလိုက်သည်။
သူအောက်သို့ရောက်သောအခါ တောင်ကြားရှိတပည့်များသည် ဆရာသခင်ဓားအရှင်အကြောင်းဆွေးနွေးနေကြဆဲဖြစ်ပြီး သူတို့မျက်နှာတွင်လည်း လေးစားအားကျနေသော အပြုအမူများဖြင့် ပြည့်နှက်နေခဲ့၏။ သူတို့၏ ချီးကျူးသံများကိုနားထောင်ရင်းကုအန်လညး အတော်လေး ကျေနပ်နေခဲ့လေသည်။
ယခုပင် သူ့ခွန်အားအားထုတ်ပြထားသော်လည်း ကုအန်မာနတော့ ကြီးမသွားခဲ့ပေ။ သူသက်တမ်းများအား ကြိုးစား၍ စုဆောင်းဖို့လိုသေးကြောင်း ကုအန်သိ၏။
တစ်သားတည်းဖြစ်ခြင်းအဆင့် ၉ မှာ သူ့အတွက် ကျေနပ်ရလောက်အောင် မလုံလောက်သေးပေ။
…
မျက်စိတစ်မှိတ်အတွင်း တစ်နှစ်ကုန်ဆုံးသွားခဲ့ပြီး နောက်နှစ်နွေရာသီသို့ ရောက်ရှိလာခဲ့ပြန်သည်။
ယခုအချိန်တွင် ကုအန် အန်းဟောင်တို့နှင့် အမြဲအဖော်မလုပ်တော့ဘဲ တစ်လနှစ်ခါလောက်သာ သွားတော့၏။ အန်းဟောင် ကျင့်ကြံခြင်းသည် ချီကျင့်ကြံခြင်းအဆင့် ၉ သို့ရောက်ရှိနေပြီဖြစ်ရာ သူ့ကိုယ်သူရော အန်းရှင်းကိုပါ ကာကွယ်နေနိုင်ပြီ ဖြစ်သည်။
ပြီးခဲ့တဲ့လက ကုအန် သူ့ကို စစ်ဆေးမှုတစ်ခုလုပ်ခဲ့ပြီး အန်းဟောင်မှာလည်း ထိုစစ်ဆေးမှုကို အောင်မြင်ခဲ့၏။ စစ်ဆေးမှုမှာ အရင်က သူတို့ကိုသတ်ရန် ကြိုးစားခဲ့သော ဝံပုလွေမိစ္ဆာကို သတ်ဖြတ်ရခြင်း ဖြစ်ပေသည်။ ကုအန် ထိုမိစ္ဆာအား တမင်ပင် မသတ်ဘဲချန်ထားခဲ့ရခြင်းမှာ ယခုလို လုပ်ချင်သောကြောင့် ဖြစ်၏။
သူတို့ကို အဓိပတိဂိုဏ်းဆီမပို့ရသေးသည့် အကြောင်းအရင်းမှာတော့ အန်းရှင်း၏ ကျင့်ကြံခြင်းသည် မလုံလောက်သေးသောကြောင့် ဖြစ်ပြီး သူတို့နှစ်ယောက်လွန်းမှာလည်း ငယ်ရွယ်လွန်းသေးကာ ကုအန်သူတို့ကို သင်ကြားပေးဖို့ လိုနေသေးပေသည်။
နေ့တစ်နေ့၏ မွန်းတည့်ချိန်တွင် ကုအန် အပြင်စည်းမြို့သို့တစ်ယောက်တည်းသွားကာ ကောင်းကင်ပြုပြင်စင်မြင့်ဆီသို့ ရောက်ရှိလာခဲ့၏။
ကောင်းကင်ပြုပြင်စင်မြင့်တွင် ကျင့်ကြံသူများ ပိုမိုများပြားလာခဲ့ပြီး အဓိပတိဂိုဏ်းမှမဟုတ်သော ကျင့်ကြံသူများလည်း အများအပြား ရှိနေကြလေသည်။
ဆရာသခင်ဓားအရှင် မဟာယုမင်းဆက်မှ အရူးဓားသမားကို အနိုင်ယူလိုက်သောသတင်းသည် ကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့ပြီး တကမ္ဘာလုံးမှ ဓားကျင့်ကြံသူများသည် ကောင်းကင်ပြုပြင်စင်မြင့်သို့လာ၍ ဆရာသခင်ဓားအရှင်၏ ဓားဆန္ဒကို ကြည့်ရှုခဲ့ကြ၏။ အပြင်စည်းဂိုဏ်းတပည့်များကြားတွင်လည်း ဆရာသခင်ဓားအရှင်ဟူသော ပုံရိပ်မှာ သူတို့အားအကျရဆုံး ပုံရိပ်တစ်ခု ဖြစ်လာခဲ့သည်။
တစ်နှစ်ကြာချိန်ထိပင် ကုအန် သူတို့ဆရာသခင်ဓားအရှင်အကြောင်း ဆွေးနွေးနေကြဆဲ ဖြစ်သည်ကို ကြားနေရသေးသည်။
အဓိပတိဂိုဏ်းသည်လည်း သူတို့ဂိုဏ်းဆီလာသော အနယ်နယ်အရပ်ရပ်မှကျင့်ကြံသူများကို ခွင့်ပြုထားခဲ့ပြီး ကောင်းကင်ပြုပြင်စင်မြင့်တွင် လုံခြုံရေးပိုမိုတင်းကြပ်လိုက်တာကိုသာ လုပ်ခဲ့၏။
ထိုစဉ် ကုအန် စင်မြင့်ပေါ်ရှိတစ်နေရာတွင် ကျိုးလင်ကို စိတ်မရှည်စွာ ဆူငေါက်နေသော ဟန်မင့်ကိုတွေ့လိုက်ရလေသည်။ ကျိုးလင်မျက်နှာမှာတော့ မှိုင်းပျ၍ နေလေ၏။
ဤအရာသည် သူမြင်လိုသော မြင်ကွင်းဖြစ်ပေသည်။ ထိုသို့သော မြင်ကွင်းမျိုးကို မြင်လို၍ ကုအန် ကျိုးလင်ကို ညွှန်ပေးလိုက်ခြင်း ဖြစ်၏။
ကျိုးလင်သည် ကျင့်ကြံခြင်းတွင် ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း ဓားပညာတွင်မူ ချစ်သည့်စိတ်တစ်ခုမှလွဲ၍ အခြားနေရာများတွင် တုံးအလွန်းလှသည်။
ထိုမြင်ကွင်းအား အနည်းငယ်ကြည့်ရှုပြီးသည့်နောက် ကုအန် အာရုံသည် စင်မြင့်ပေါ်ရှိ အခြားကျင့်ကြံသူများဆီ ရောက်ရှိသွားခဲ့၏။ စင်မြင့်ပေါ်တွင် အခြား သူမသိေသာကြီးမြတ်သည့် ကျင့်ကြံသူများ ရှိနေမလားဆိုတာကို သူစစ်ဆေးရပေဦးမည်။
စင်မြင့်တစ်ခုလုံးအား စစ်ဆေးပြီးသည့်နောက် ကုအန် တွေ့ရှ်ိသွားခဲ့သည်။
တကယ် ရှိနေတာပဲ!