အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အပိုင်း(၇၉)
သရဲမိခင်၊ လုရှန်ပြန်လာခြင်း
[သရဲမိခင်(တစ်သားတည်းဖြစ်ခြင်းအဆင့်၂) : ၃၇၅၀/၈၀၉၀/၅၄၀၀၀]
တစ်သားတည်းဖြစ်ခြင်းအဆင့်၂!
ဒီလောက်ကြောက်စရာကောင်းတဲ့ သက်တမ်း!
ပထမတစ်ခါ မြေအောက်ကမ္ဘာမိစ္ဆာဧကရာဇ်ကိုတွေ့ခဲ့ရပြီး ယခုအခါ သရဲမိခင်ကို တွေ့လိုက်ရပြန်သည်။
သရဲများမှာပင် သက်တမ်းရှိသည်ကို တွေ့လိုက်ရသောကြောင့် ကုအန် အံ့အားသင့်မိသွားခဲ့၏။ သေပြီးနောက်တွင် ဖြစ်ရသော သရဲဘ၀မှာပင် သက်တမ်းရှိနေသေးသည်။
သို့သော် သေချာတွေးကြည့်ပြီးနောက်တွင်တော့ ထိုအရာသည် အဓိပ္ပာယ်ရှိကြောင်း ခံစားလိုက်ရ၏။ အကယ်၍ သရဲများတွင်သာ သက်တမ်းမရှိပါက ဤကမ္ဘာကြီး၏ အရှင်သခင်များမှာ သရဲများ ဖြစ်နေမည် မဟုတ်ပါလား။
သူသက်တမ်း သိန်းနှင့်ချီ၍ရှိသော သရဲများအကြောင်း ကြားဖူးသော်လည်း သက်တမ်း သန်းချီရှိသော သရဲမျိုးကိုတော့ တစ်ခါမှမကြားဖူးပေ။ ဤအရာမှာ သူ့ကျင့်ကြံခြင်းနိမ့်ကျနေခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။ ဒါပေမယ့် သေချာသည်မှာ ဤကမ္ဘာကြီး၏ အရှင်သခင်များမှာ လူသားများသာ ဖြစ်ကြ၏။
စကြာ၀ဠာကြီးတွင် အရာအားလုံးအား ညီတူညီမျှဖြစ်နေအောင် ထိန်းညှိပေးထားသော စွမ်းအင်တစ်ချို့ရှိရမည်ဟု ကုအန် ခံစားနေရသည်။
လူသားများ၏ သက်တမ်းမှာ တိုလှသော်လည်း ကျင့်ကြံရာတွင်တော့ သူတို့တိုးတက်နှုန်းမှာ အလွန်လျင်မြန်လှပေ၏။
သရဲမိခင်သည် အသက်၂၀အရွယ် အခြေခံတည်ဆောက်ခြင်းအဆင့် အပြင်စည်းဂိုဏ်းကျင့်ကြံသူ ကောင်မလေးတစ်ယောက်အသွင်ကိုယူထားခြင်းဖြစ်ပြီး သူ့ကျင့်ကြံခြင်းကြောင့် ဘယ်သူမှလည်း သူ့ကို သတိမထားမိကြပေ။
ကုအန် သူ့ကိုသတိထားမိသွားမှာစိုးသောကြောင့် သူ့အကြည့်ကို သရဲမိခင်ဆီမှ ချက်ချင်းပင် လွှဲခဲ့လိုက်သည်။
အဓိပတိဂိုဏ်းထဲတွင် နွားခေါင်းနှင့် မြွေအသည်းရှိသူများ များစွာရှိနေကြသော်လည်း ထိုလူများသည် သူ့အတွက်ခြိမ်းခြောက်မှု ဖြစ်မလာသရွေ့ ကုအန်လည်း သူတို့ကို နှောင့်ယှက်လိမ့်မည် မဟုတ်ပေ။
“ကု မိတ်ဆွေလေး”
ထိုစဉ် ဟန်မင်ရုတ်တရက် ပြုံးကာ ကုအန်ဆီလျှောက်လာခဲ့၏။
သူသည် ဆရာသခင်ဓားအရှင်ကြောင့် ဆိုးဆိုးဝါးဝါးရှုံးနိမ့်ခဲ့ရပါသော်လည်း လုံး၀ရှက်မနေပေ။ ထိုအစား ပျော်နေပုံတောင် ပေါက်နေသေးသည်။
ဆရာသခင်ဓားအရှင်သည် သူ့ကို သစ်ရွက်တစ်ရွက်ကိုသုံး၍ မြို့ရိုးတွင် ချိတ်ဆွဲခဲ့သော်လည်း ထိုသစ်ရွက်ထဲတွင် ပါသော ဓားဆန္ဒမှာ သူ့ကိုအကျိုးဖြစ်ထွန်းစေခဲ့၏။ ဆရာသခင်ဓားအရှင်က သူ့ကိုလမ်းညွှန်ပေးလိုက်သည်ဟူ၍ပင် ဆိုနိုင်ပေသည်။
ဆရာသခင်ဓားအရှင်၏ စွမ်းအားနှင့်ဆိုပါက သူ့ကိုသတ်ချင်ပါက သူဘယ်လိုမှ အသက်ရှင်နိုင်မည် မဟုတ်ပေ။
ကုအန် သူ့ဆီလာနေသော ဟန်မင့်ကိုတွေ့သောအခါ လက်သီးဆုပ်၍ ဂါရ၀ ပြုလိုက်လေသည်။ ဟန်မင်သူ့အနားကပ်လာပြီး ရင်းရင်းနှီးနှီးပင် ပြောလိုက်၏။ “ကု မိတ်ဆွေလေး မင်းဒီရောက်နေပြီဆိုတော့ ငါနဲ့ဓားသိုင်းလာကျင့်ရမယ်နော် မင်းညွှန်းလိုက်တဲ့ တပည့်က အရမ်းတုံးလွန်းတယ် သူ့ကြောင့်ငါ့တာအိုနှလုံးသားတောင် ပျက်ဆီးတော့မလို့”
ပြောပြီး ဟန်မင် ကုအန်အား ကျိုးလင်ဆီ ဆွဲခေါ်သွားခဲ့သည်။
ကုအန်လည်း သူ့နောက်သို့လိုက်သွားရုံမှလွဲ၍ ဘာမှမတတ်နိုင်တော့ပေ။
ထို့နောက်ဟန်မင် ကုအန်အား ကျိုးလင်ဘေးတွင်ထားပြီး ဓားသိုင်းစတင်သင်ကြားတော့သည်။
တစ်နေရာရှိကျိုးလင်မှာတော့ အဆူခံနေရသော သူ့သားကို ကြည့်ရင်း ပြုံးနေကာ သူ့သားဘေးရှိ ကုအန်ကို အကဲခတ်နေခဲ့၏။
ကုအန်သည် ရုပ်ချောရုံမှလွဲ၍ ဘာမှထူးခြားမှုရှိမနေဘဲ သူ့ကျင့်ကြံမှုမှာလည်း သာမန်သာ ဖြစ်ပေသည်။ ကုအန်ကိုယ်ထဲက ဘယ်အရာကို ဟန်မင် တွေ့ခဲ့လဲဆိုတာ ကျိုးယိကျင်းခန့်မှန်း၍မရခဲ့ပေ။
ထို့နောက် ကျိုးယိကျင်းမျက်လုံးမှိတ်ကာ လမ်းမှန်ဂိုဏ်းဟူသော စာလုံးထဲရှိ ဓားဆန္ဒကိုသုံးသပ်နေလိုက်ပြီး ဟန်မင်တိုက်ခိုက်ခံလိုက်ရ၍ လွင့်ထွက်သွားသော မြင်ကွင်းကို ပြန်လည်စဉ်းစားနေခဲ့၏။ သူထိုနေရာတွင် တစ်ခုခုကို ခံစားမိတာသေချာသော်လည်း ဘယ်အရာလဲဆိုတာ သေချာမသိသေးဘဲ ဝေဝေဝါးဝါးသာ ဖြစ်နေခဲ့သည်။
တစ်နာရီခန့်ကြာသောအခါမှသာ ကုအန် ဟန်မင့်လက်ထဲမှ လွတ်မြောက်ခဲ့၏။
သူသည် ဟန်မင့်ဓားပညာအား တစ်ခါတည်းကြာရုံဖြင့် နားလည်ခဲ့သော်လည်း ဟန်ဆောင်သည့်အနေဖြင့် ခြောက်ခါလောက် ပြန်ပြန်ပြောခိုင်းနေခဲ့ရသည်။ ထိုအရာမှာ အတော်လေး ပင်ပန်းစရာကောင်းလွန်းလှ၏။
ကုအန် ဟန်မင့်၏ စိတ်ပျက်နေသောအကြည့်အောက်တွင် အမြန်လစ်ထွက်လာခဲ့သည်။
အနာဂတ်တွင် သူကောင်းကင်ပြုပြင်စင်မြင့်သို့လာပါက ဟန်မင့်ကိုရှောင်ရပေတော့မည်။
ထိုလူနှင့်ရင်ဆုိင်ရသည်မှာ အတော်လေးပင်ပန်းလွန်းလှ၏။
ကုအန်ထိုသို့တွေးလိုက်ပြီး ဆေးခန်းမနှင့် စာအုပ်ခန်းမသို့သွားကာ သူ့အလုပ်များကိုလုပ်လိုက်ပြီး ကျန်းချောင်နှင့် တွေ့ရန် အကြီးအကဲကြီးစံအိမ်သို့ သွားခဲ့လေသည်။
ခန်းမထဲတွင်
ကျန်းချောင် ကုအန်ထံ သိုလှောင်အိတ်တစ်လုံးပစ်ပေးလိုက်ပြီး ပြောလိုက်ဧ
်။
“ဒီထဲမှာ ငါစုဆောင်းထားတဲ့ အဆင့်မြင့်ဆေးပင်မျိုးစေ့တွေပါတယ် သူတို့ရင့်မှည့်လာရင်နင်က ၂၀ရာခိုင်နှုန်း ဝေစုရမယ် မင်းဆရာဖွားဖွား ကမင်းအပေါ်မကောင်းဘူးလား”
ကုအန် နတ်အာရုံသုံး၍ အိတ်ထဲစစ်ဆေးလိုက်ပြီး မျက်လုံးများ တောက်ပသွားခဲ့၏။
မျိုးစေ့များမှာ အလွန်များလှပြီး အနိမ့်ဆုံးမှာပင် အဆင့်၄ ဆေးပင်များ ဖြစ်ကြသည်။
“ကျေးဇူးတင်ပါတယ် ဆရာဖွားဖွား” ကုအန် ကျေးဇူးတင်စကားပြောလိုက်၏။
ကျန်းချောင်သည် သူ၏အကြီးအကဲကြီးရာထူးနှင့်ဆိုပါက ကုအန်မဟုတ်ဘဲ မည်သူ့ကိုမဆို သူ့အပင်များစိုက်ရန် စေခိုင်းနိုင်သော်လည်း သူ့ကိုမျက်နှာသာပေးခဲ့ခြင်း ဖြစ်ပေသည်။
သူ့ကျေးဇူးတင်စကားကိုကြားသောအခါ ကျန်းချောင်ကျေနပ်သွားပြီး ပြောလိုက်၏။
“နွယ်စိမ်းသီးတွေကိုရောင်းဖို့ မကြိုးစားနဲ့ အဲ့တာတွေက ချီသွေးတွေနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ခွန်အားကို တိုးမြှင့်ပေးနိုင်တယ် သူ့တန်ဖိုးက စိတ်ဝိညဉ်ကျောက်တုံးတွေနဲ့ ဖြတ်လို့ရတာမဟုတ်ဘူး”
ကုအန် နွယ်စိမ်းသီးများအား ရောင်းခဲ့သောအကြောင်း သူသိသွားခြင်းဖြစ်သည်မှာ ထင်ရှားပေသည်။
ကုအန် ခေါင်းညိတ်ပြလိုက်၏။ ယခုအခါ သူ့တွင်စိတ်ဝိညဉ်ကျောက်တုံးမလိုအပ်တော့လေရာ သူဘာကိုမှရောင်းရန် မလိုတော့ပေ။
“ငါနောက်ကျရင် ပိုမြင့်တဲ့ရာထူးအဆင့်တွေကိုတက်ဖို့ ကြိုးစားမယ်လို့ စီစဉ်ထားတယ် အဲ့ဒီအခါ နင့်ဆေးတောင်ကြားက ငါ့အောင်မြင်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာလိမ့်မယ် ကောင်းကောင်းကျင့်ကြံ အနာဂတ်မှာ ငါ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်တစ်ယောက်ရဲ့ ရွှေအမြုတေကိုရှာပြီး လျှို့ဝှက်နည်းတွေနဲ့ နင့်ကို ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ရောက်အောင် လုပ်ပေးမယ်” ကျန်းချောင် ဆက်ပြောလိုက်၏။
ကုအန်လည်း ကျေးဇူးတင်စကား ထပ်ပြောလိုက်ရပြန်သည်။
ထို့နောက် ကျန်းချောင်ကုအန်ကို လက်ကာပြလိုက်ပြီး ထွက်သွားဖို့ အချက်ပြလိုက်လေသည်။
ကုအန် ထွက်သွားရင်း ခြေနှစ်လှမ်းလှမ်းပြီးချိန်တွင် နောက်မှ ကျန်းချောင်၏အသံထွက်ပေါ်လာခဲ့၏။
“ကုအန် နင်စာအုပ်တွေရေးလား”
ထိုစကားကြောင့် ကုအန်ရင်တစ်ချက်ခုန်သွားရသည်။
သူမသည် ဘာကိုဆိုလိုပါသနည်း။
ကျန်းချောင်သည် သူ့အကြောင်းသိသွားခြင်းလော။ သို့မဟုတ် သူ့အားသံသယရှိ၍ စမ်းသပ်ခြင်းလော။
ကုအန် နောက်ပြန်လှည့်လိုက်ကာ ပဟေဠိဖြစ်နေဟန်ဖြင့် မေးလိုက်၏။
“ဘာစာအုပ်တွေရေးတာလဲ ဆရာဖွားဖွား”
ကျန်းချောင်ကုအန်မျက်နှာကိုကြည့်လိုက်ရာ ဘာမသင်္ကာစရာကိုမှ မတွေ့ရသောကြောင့် ခေါင်းခါလိုက်ကာ ပြောလိုက်သည်။ “ဘာမှမဟုတ်ဘူး နင်သွားလို့ရပြီ”
ထိုအခါမှ ကုအန်လည်း ခေါင်းကုတ်ကာ ထွက်ခွာသွားလေတော့သည်။
ကျန်းချောင် ခုံပေါ်တွင်ထိုင်ကာ အချိန်အတန်ကြာ တွေးနေလိုက်ပြီး နောက်ဆုံးတွင်တော့ သိုလှောင်အိတ်ထဲမှ စာအုပ်တစ်အုပ်ထုတ်ကာ စတင်ဖတ်ရှုလေတော့ဧ။။်
စာအုပ်အဖုံးတွင်မူ စာလုံးလေးလုံးရှိနေလေသည်။
“အဓိပတိလျှို့ဝှက်မှတ်တမ်းများ!”
…..
နွေနေ့ရက်များသည် အလွန်ပူလောင်လှ၏။
၁၃နှစ်အရွယ် အန်းဟောင်သည် ရေထဲတွင်စိမ်နေကာ သူ့ခေါင်းကိုပင် ရေထဲငုပ်၍ထားခဲ့ပြီး မျက်နှာကိုသာ ရေပေါ်ဖော်ထားခဲ့သည်။
သူနှင့်မနီးမဝေးတွင်တော့ သစ်ပင်ကြီးတစ်ပင်အောက်တွင်ကျင့်ကြံနေသော အန်းရှင်းရှိနေပြီး သူသည်ကျင့်ကြံရာတွင် အခက်အခဲတွေ့နေပုံဖြင့် မကြည်မသာဖြစ်နေခဲ့၏။
ထိုစဉ် အရိပ်တစ်ခု အန်းဟောင်မျက်နှာပေါ် ကျလာခဲ့၍ အန်းဟောင် မျက်လုံးဖွင့်ကြည့်လိုက်ရာ ပုံရိပ်တစ်ခုကို တွေ့လိုက်ရလေရာ ချက်ချင်းပင် ရေထဲမှ ခုန်ထွက်လာခဲ့သည်။
“ဆရာ!”
အန်းဟောင် ကုန်းပေါ်ရောက်သည်နှင့် ရေစိုနေသော သူ့ဆံပင်များကို စိတ်ဝိညဉ်စွမ်းအင်သုံး၍ အခြောက်ခံလိုက်ရာ သူ့ခေါင်းမှ အငွေ့များ ထွက်လာခဲ့၏။
ထိုစဉ် မျက်နှာဖုံးတပ်ဆင်ထားသော ကုအန် ပြောလိုက်သည်။ “ဒီနေ့ ငါမင်းကိုဓားပညာသင်မပေးတော့ဘူး ခြေသိုင်းသင်ပေးမယ်”
ကုအန်စကားကိုကြားသောအခါ အန်းဟောင်မျက်လုံးများ တောက်ပသွားပြီး စိတ်လှုပ်ရှားသွားခဲ့သည်။
နောက်ဆုံးတွင် သူဓားသိုင်းကျင့်နေရခြင်းကို ရပ်တန့်နိုင်ပေတော့မည်။
အန်းဟောင်သည် အရည်အသွေးမြင့်သော စိတ်ဝိညဉ်အမြစ်ကို ပိုင်ဆိုင်ရုံသာမက သူ၏နားလည်နိုင်စွမ်းမှာလည်း မြင့်လွန်းလှပေသည်။ တစ်နှစ်ကြာလေ့ကျင့်ပြီးသည့်နောက်တွင် သူသည် ထိုက်ကန်နတ်မင်သက်ဓားသိုင်း၏ လှုပ်ရှားမှုနှင့် စိတ်နည်းစနစ်များကို တတ်မြောက်သွားခဲ့ပြီး သူ့ကိုယ်ပိုင်ဓားဆန္ဒဖွဲ့တည်နိုင်ရန်သာ ကျန်တော့၏။
ကုအန် ခြေထောက်ကိုမြှောက်လိုက်ကာ ရွှေကြက်ဖတစ်ကောင်ကဲ့သို့ ရပ်လိုက်ရာ ထိုပုံစံက အန်းဟောင်ကို အံ့ဩသွားစေခဲ့သည်။ ထိုမြင်ကွင်းက သစ်ပင်အောက်တွင် ကျင့်ကြံနေသော အန်းရှင်းကိုပင် ဆွဲဆောင်သွားခဲ့၏။
“ဒီသိုင်းကို လေပြင်းအရိပ်မဲ့ခြေထောက်သိုင်းလို့ခေါ်တယ် သေချာကြည့်ထား”
ကုအန် ထိုသိုင်းကို လက်ဆင့်ကမ်းပေးခဲ့ဖူးသည်မှာ ရီလန်တစ်ယောက်သာရှိပြီး အခြားသူများအတွက်မူ လေဟုန်ကြွင်းခြေထောက်သိုင်းသာ သင်ပေးခဲ့ခြင်း ဖြစ်ပေသည်။ ထိုသိုင်းသည် လေပြင်းအရိပ်မဲ့ခြေထောက်သိုင်း၏ အခြေခံပုံစံဖြစ်သော်လည်း တူညီမှုတော့ လုံး၀ရှိမနေပေ။
အနာဂတ်တွင် ရီလန်နှင့် အန်းဟောင် တွေ့ပြီး တစ်ယောက်နှင့်တစ်ယောက် သူတို့ခြေသိုင်းကို သတိထားသွားမိမှာကိုလည်း ကုအန် မကြောက်ပေ။သူတို့ ထိုသိုင်းကို သတိထားမိသွားမည်မှာ သူတို့တိုက်ခိုက်မှသာ ဖြစ်နိုင်မည်ဖြစ်ပြီး အကယ်၍ သူတို့နှစ်ယောက်တိုက်ခိုက်နေချိန်တွင် ထိုသိုင်းကိုမှတ်မိသွားပါက ထိုအခါ အန်းဟောင်သည် ရီလန့်ကို သက်ညှာပေးပေလိမ့်မည်။
တစ်နှစ်ကြာအတူတူနေခဲ့ပြီးသည့်နောက်တွင် ကုအန် အန်းဟောင်ကို သူ့ကလေးလိုပင် သဘောထားနေပြီ ဖြစ်၏။ အန်းဟောင်သည် အမွေဆက်ဆံသူကောင်းဖြစ်ပြီး အားနည်းသူအပေါ် ကြင်နာတတ်သော စိတ်ထားမျိုးရှိကာ လွတ်လပ်လိုသောစိတ်လေးလည်း အနည်းငယ်ရှ်ိပေသည်။
ကုအန်ခြေကန်ချက်ထုတ်လိုက်သည်နှင့် ချက်ချင်းပင် ခြေရိပ်များစွာ ပေါ်ပေါက်လာခဲ့ပြီး လေပြင်းများတိုက်ခတ်လာကာ အနီးတစ်ဝိုက်ရှိ သစ်ပင်များပင် လဲပြိုသွားပြီး သူတို့ဘေးရှ်ိမြစ်ထဲရှိ ရေများပင် ဆူပွက်ကုန်ကြသည်။ ထို့နောက် သူတို့နှင့် ခြေလှမ်းတစ်ရာအကွာရှ်ိ ကမ်းပါးလေးတစ်ခုတွင် ခြေရာများ ပေါ်ထွက်လာပြီး ကမ်းပါးပင် ပြိုကျသွားခဲ့ရပြန်၏။ မြင်ကွင်းမှာ အလွန်ခမ်းနားလှပေသည်။
အန်းဟောင်မှာ စိတ်လှုပ်ရှားလွန်း၍ ဆွံ့အနေပြီး အန်းရှင်းမှာတော့ မျက်လုံးများ ပြူးကျယ်နေခဲ့၏။
လွှမ်းမိုးလိုက်တဲ့ ခြေထောက်သိုင်း!
“ကျွန်တော်သင်ချင်တယ် ကျွန်တော်သင်ချင်တယ် ဒီသိုင်းက ထိုက်ကန်နတ်မင်သက်ဓားသိုင်းထက်တောင် စွမ်းအားကြီးတယ်လို့ ခံစားရတယ်” အန်းဟောင် စိတ်လှုပ်ရှားကာ ခြေကန်ချက်များပင် ထုတ်လိုက်ပြီး ပြောလိုက်သည်။
“ထိုက်ကန်နတ်မင်သက်ဓားသိုင်းက လေပြင်းအရိပ်မဲ့ခြေထောက်သိုင်းထက် ပိုစွမ်းအားကြီးတယ် ငါမင်းကို သူ့ရဲ့စွမ်းအားအကုန် ထုတ်မပြရသေးတာ” ကုအန်ပြောလိုက်၏။
“ဟီးဟီး ကျွန်တော်သိပါပြီ အနာဂတ်မှာ ထိုက်ကန်နတ်မင်သက်ဓားသိုင်းကျင့်ဖို့လည်း မမေ့စေရပါဘူး” အန်းဟောင်အမြန် အာမခံလိုက်သည်။
ထို့နောက် ကုအန်အရင်အတိုင်းပင် သူ့ကိုလေပြင်းအရိပ်မဲ့ခြေသိုင်းသင်ပေးလိုက်ပြီး အန်းဟောင်လည်း တစ်ကြိမ်တည်းနှင့်မှတ်မိသွားကာ စတင်လေ့ကျင့်လေတော့သည်။
အချိန်ကြာလာသည်နှင့်အမျှ သူ့နားလည်နိုင်စွမ်းမှာ ပို၍ပင် နက်နဲလာခဲ့၏။
ရုတ်တရက် ကုအန်အန်းဟောင်ကို အဓိပတိဂိုဏ်းသို့ ပို့သင်ပြီဟု ခံစာလိုက်ရသည်။
ထိုကောင်လေး၏ ပါရမီမှာ ကြောက်စရာကောင်းလွန်းလှ၏။ ကုအန်သည်သူ့ကို ကျင့်စဉ်နှင့် လျှို့ဝှက်သိုင်းများသာ သင်ပေးနိုင်ခြင်းဖြစ်ပြီး သူအဓိပတိဂိုဏ်းသို့၀င်မှသာ အခြေခံကို ပို၍ေကာင်းေအာင်တည်ဆောက်နိုင်ပေလိမ့်မည်။
သို့သော် ကုအန် အန်းရှင်းအတွက်လည်း စဉ်းစားပေးနေရသေးသည်။
နောက်ဆုံးတွင်တော့ နှစ်ယောက်လုံးကို ပို့တော့မည်ဟု ကုအန်ဆုံးဖြတ်လိုက်၏။ ပါရမီဆိုသည်မှာ သူဘာမှလုပ်ပေးလို့ရသောအရာမဟုတ်ဘဲ အချိန်ကြာလေလေ သူတို့ကြား ကွာဟမှုမှာ ကြီးလာလေလေဖြစ်ရာ ကုအန်ဘာကို စိုးရိမ်နေရတော့မည်နည်း။
ထို့ကြောင့် နောက်နှစ်၀က်အတွင်း ကုအန်ကလေးများကို အဓိပတိဂိုဏ်းဆီပို့တော့မည်ဟု ဆုံဖြတ်လိုက်သည် ။
ဆယ်နှစ်အတွင်းအန်းရှင်းသည် ဂိုဏ်းတွင် နာမည်တစ်လုံးရလာမည်မှာ ထင်ရှား၏။
လီယနှင့် ကျိရှောင်ယုတို့ကို ဘယ်အချိန်တွင် လိုက်မှီသွားမလဲဆိုတာတော့ ကုအန် မသေချာပေ။
ကုအန် လီယနှင့်အန်းဟောင်တိုက်ခိုက်နေသော မြင်ကွင်းကိုပင် မြင်ယောင်နေပြီ ဖြစ်သည်။ လီယ၏ ယှဉ်ပြိုင်လိုသော ဗီဇနှင့်ဆိုပါက သူတို့နှစ်ယောက်တိုက်ခိုက်ရန်မှာ အချိန်တစ်ခုသာ လိုပေလိမ့်မည်။
အဓိပတိဂိုဏ်းတွင်းတွင် တပည့်များကြား ပြိုင်ဆိုင်မှုမှာ ပြင်းထန်လွန်းလှ၏။ လီယနှင့် အန်းဟောင်ကြား အသက် ၃၀ကျော်လောက် ကွာနိုင်သော်လည်း သူတို့ကို မျိုးဆက်တူများအဖြစ် သတ်မှတ်ပြီး ယှဉ်ပြိုင်ကြမည်မှာ သေချာပေသည်။
နွေနေပူပူအောက်တွင် အန်းဟောင် ချွေးများရွှဲနေပါသော်လည်း လေပြင်းအရိပ်မဲ့ခြေထောက်သိုင်းကို မမောနိုင်မပန်းနိုင် လေ့ကျင့်နေခဲ့၏။ သူ၏ ငယ်ရွယ်သောခန္ဓာကိုယ်တွင်လည်း ကြွက်သားမြှောင်းများရှိနေပြီး သူ၏သန်မာမှုကို ဖော်ပြနေလေသည်။
ကုအန်မှာတော့ ဘေးတွင်ရပ်၍သာ တိတ်တဆိတ်ကြည့်နေခဲ့၏။
…..
ထျန်းယတောင်ကြား
စွန်းဆန်သူ့နောက်တွင် ခြင်းတစ်လုံးလွယ်၍ လိုက်နေစဉ်တွင် ကုအန် မျိုးစေ့များ ကြဲနေခဲ့လေသည်။
သူ့ကိုအရမ်းသတိထားမိမသွားစေရန် တစ်ခါတလေတွင် ဆေးပင်ရိတ်သိမ်းတာအပြင် အခြားအလုပ်များကိုလည်း ကုအန် လုပ်၏။
“ငါပြန်လာပြီ!”
တောင်ကြားအ၀င်၀မှ အသံတစ်သံထွက်ပေါ်လာ၍ လှည့်ကြည့်လိုက်ရာ လုရှန်ကို တွေ့လိုက်ရလေသည်။
လုရှန်သည် အပြာရောင်၀တ်စုံကို၀တ်ကာခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ထားပြီး ကုအန်တို့ဆီသို့ လျှောက်လာနေခဲ့၏။ ယခုသူ့ပုံစံသည် အရင်ကအနီရောင်၀တ်စုံ၀တ်ထားစဉ်ကထက် ပို၍ ယောင်္ကျားပီသကာ ယုံကြည်မှုအပြည့်ရှ်ိနေသောပုံ ပေါ်ပေသည်။
“ဘယ်လိုနေလဲ ကိစ္စတွေအဆင်ပြေခဲ့လား”
တောင်ထိပ်ပေါ်တွင် ထိုင်နေသော ယိလျူယွမ် မေးလိုက်ရာ သူ့အသံသည် ထျန်းယတောင်ကြားတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့၏။
လျူဟွမ်လည်း သူ့လှံကိုကိုင်ကာ လုရှန်ပြန်အလာကို ကြိုဆိုလိုက်သဖြင့် ကုအန်လည်း အရိုအသေပေးကာ ကြိုဆိုရုံမှ လွဲ၍ မတတ်နိုင်တော့ပေ။
လုရှန်နှင့်ယှဉ်လျှင် လီယ ထိုဂိုဏ်းတစ်ရာညီလာခံတွင် မည်သည့်အဆင့်ရောက်ခဲ့လဲဆိုသည်ကို ကုအန် ပိုစိတ်၀င်စား၏။
လုရှန် ဘာမှအခက်အခဲမရှိခဲ့ပုံဖြင့် ပြုံးလိုက်ကာ “အဆင်ပြေခဲ့ပါတယ် လမ်းမှာ ဆူးညှောင့်နည်းနည်းတော့ရှိတာပေါ့ ဒါပေမယ့် မျှော်လင့်ထားတဲ့အတိုင်းပဲ ကျွန်တော်ဒုက္ခသိပ်မများဘဲ အကုန်လုံးကို ရှင်းလိုက်နိုင်ခဲ့တယ်”
သူ့စကားကိုကြားသောအခါ လျူဟွမ်ရော ယိလျူယွမ်ရော၏ မျက်နှာတွင် အပြုံးများပေါ်ပေါက်လာခဲ့သည်။ သူတို့သည် လီရွှမ်တောက်၏ သေအတူရှင်မကွာ အမှုတော်ထမ်းများ ဖြစ်သောကြောင့် လုရှန် အောင်မြင်မှာကို ၀မ်းသာကြ၏။ လုရှန်အောင်မြင်လေလေသူတို့အရှင် အကျိုးရှိလေလေပင်။
ယိလျူယွမ် ထပ်ပြောလိုက်ပြန်သည်။ “ကျိမိသားစု ကုမိသားစုနဲ့ ကျိုးမိသားစုက ပါရမီရှင်တွေကရော မခြိမ်းခြောက်နိုင်ဘူးလား”
လုရှန် ပြန်ပြောလိုက်၏။ “ကျိမိသားစုက ကျိရှောင်ယုလို့ခေါ်တဲ့ ကောင်မလေးကတော့ ကျွန်တော့်ကိုနည်းနည်းစိန်ခေါ်နိုင်တယ် ဒါပေမယ့်နည်းနည်းပါပဲ နောက်တော့ သူအရှုံးပေးသွားခဲ့တယ် ကျွန်တော်သူ့ကို သေချာမရိုက်လိုက်ရတာကိုတော့ နောင်တရမိတယ် သူ့အပြင် ကျွန်တော့်ကိုစိန်ခေါ်နိုင်တာကတော့ လက်တစ်ဆုပ်စာတောင် မရှိပါဘူး”
“အရှင်မင်းကြီးရဲ့ သားတော်ကရော ဘာတွေလုပ်ပြနိုင်ခဲ့လဲ” လျူဟွမ် မေးလိုက်သည်။
လုရှန် ခေါင်းခါလိုက်ကာ အထင်သေးဟန်ဖြင့် ပြောလိုက်၏။
“ကျွန်တော်က သူ့အဖေအရှင်မင်းကြီးကို အထင်ကြီးလေးစားပေမယ့် သူ့သားကတော့ သူ့ခြေဖျားတောင်မမှီဘူး ဪ ကျွန်တော်သတိထားမိအောင် လုပ်နိုင်ခဲ့တဲ့ လီယလို့ခေါ်တဲ့ မင်းသားတစ်ယောက်တော့ရှိတယ် သူ့ကိုအနိုင်ရဖို့ သူ့ခြေလက်တွေကို ရိုက်ချိုးပစ်ခဲ့ရတယ် ကျွန်တော်ထင်တာတော့ သူပြန်ေကာင်းဖို့ တစ်နှစ်နှနှစ်လောက်တော့ အနားယူရမယ်ထင်တယ်”
ထိုစကားကိုကြားသောအခါ လျူဟွမ့်မျက်နှာ ဖြူလျော်သွားခဲ့သည်။
ကုအန်လည်း မျက်မှောင်ကြုံ့သွားမိ၏။
အပိုင်း(၈၀)
ဆန်းကြယ်လိပ်ရေလှိုင်းလက်ဝါးသိုင်း၊ ကောင်းကင်စိတ်ဝိညဉ်အမြစ် ပေါ်ထွက်လာခြင်း
လီယ ဒဏ်ရာရသွားကြောင်းကြားလိုက်သောအခါ ကုအန် မကျေမနပ်ဖြစ်သွားခဲ့သည်။
ထိုကောင်သည် လီယကိုဒဏ်ရာရအောင် လုပ်လိုက်ရုံသာမက သိက္ခာကျအောင်ပင် ပြောဆိုနေခဲ့၏။
အရင်ကကုအန်ထင်ခဲ့သည်မှာ လုရှန် လီယကိုအနိုင်ယူနိုင်ခဲ့လျှင်တောင် လီရွှမ်တောက်မျက်နှာကို ထောက်၍ ထိခိုက်အောင်တော့ မလုပ်လောက်ဘူးဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုကောင်သည် မာနကြီးလွန်းပြီးလီရွှမ်တောက် မျက်နှာကိုပင် မထောက်ခဲ့ပေ။
အဝေးမှစကားပြောနေသော ယိလျူယွမ်လည်း ချက်ချင်း လုရှန်ရှေ့ရောက်လာကာ မျက်မှောင်ကြုံ့လိုက်ပြီး မေးလိုက်၏။
“မင်းဘာလို့သူ့ကိုအဲ့လောက်ထိခိုက်အောင် လုပ်လိုက်တာလဲ သူ့ကိုရှုံးအောင်လုပ်လိုက်ရုံနဲ့ မလုံလောက်ဘူးလား”
လီရွှမ်တောက်သည် ယိလျူယွမ်ရှေ့တွင်လည်း လီယအကြောင်း ပြောဖူးသည်မှာ ထင်ရှားပေသည်။
“ဘာလို့လဲ သူ့ကိုထိခိုက်အောင်လုပ်လို့မရဘူးလား သူက အိမ်ရှေ့မင်းသားလည်းမဟုတ်ဘူးလေ အိမ်ရှေ့မင်းသားနေရာယှဉ်ပြိုင်ဖို့တောင် အဝေးကြီးလိုသေးတယ်” လုရှန် မျက်မှောင်ကြုံ့၍ ပြောလိုက်ပြီး သူ့လေသံမှာလည်း မကျေနပ်ပုံ ပေါက်နေ၏။
“သူကအိမ်ရှေ့မင်းသားမဟုတ်ဘူးဆိုရင်တောင် သူကဧကရာဇ်ဂရုစိုက်တဲ့ မင်းသားတစ်ယောက်ဖြစ်နေတုန်းပဲ” ယိလျူယွမ်၏ အသံမှာ လေးလံနေပေသည်။
လျူဟွမ်လည်း မျက်နှာပျက်နေပြီး သူလည်းမကျေနပ်သည်မှာ သိသာ၏။
လုရှန် ထေ့ငေါ့လိုက်ပြန်သည်။ “သူ့ကို ဒါမျိုးလုပ်ဖို့ခွင့်မပြုဘူးလား ဒါဆို ငါ့ခြေလက်ရိုးတွေကို ပြန်လာချိုးလိုက်လေ”
ထိုအခိုက်တွင် လုရှန် ကုအန်ကိုမြင်လိုက်ပြီး ကုအန်ဆီ အမြန်ပြေးသွားလိုက်၏။
“တောင်ကြားသခင် ငါပထမနေရာရလာပြီနော် ဘယ်လိုလဲ ငါနဲ့ကျင့်ကြံမယ်မဟုတ်လား” ပြောလိုက်ရင်း လုရှန် သိုလှောင်အိတ်ထဲမှ ပုန်းကွယ်နဂါးစာရင်းခေါင်းဆောင် ဟူသောစာသားရေးထားသည့် ရွှေရောင်တံဆိပ်ပြားကို ထုတ်လိုက်လေသည်။
ကုအန် ခေါင်းညိတ်ပြလိုက်၏။ “ဒါဆိုလည်း သင်ကြတာပေါ့”
သူ့စကားကိုကြားသောအခါ လုရှန် ကုအန်အား ချက်ချင်း ဘေးဘက်သို့ ဆွဲခေါ်သွားလိုက်သည်။
ယိလျူယွမ် လျူဟွမ့်ကိုကြည့်ကာ မေးလိုက်၏။
“ငါတို့ဒီကိစ္စ အရှင်မင်းကြီးကိုသတင်းပို့သင့်လား”
လျူဟွမ်တခဏတွေးလိုက်ကာ ပြောလိုက်သည်။
“မလိုပါဘူး အရှင်မင်းကြီးမှာလည်း လီယကိုစောင့်ကြည့်နေတဲ့ လူတွေရှိမှာသေချာတယ်”
ယိလျူယွမ် သက်ပြင်းချလိုက်ကာ ခေါင်းယမ်းလိုက်ပြီး ပျောက်ကွယ်သွားခဲ့၏။
လုရှန် ကုအန်အား မြေနေရာလွတ်တစ်ခုသို့ ခေါ်လာခဲ့ရာ မိစ္ဆာမျောက်သုံးကောင်လည်း သူတို့နောက်သို့ စိတ်၀င်တစားလိုက်လာခဲ့သည်။
“မင်းကဘယ်လိုသိုင်းမျိုးကိုကြိုက်လဲ” လုရှန် သူ့လက်ဝါးကိုပွတ်ကာ စိတ်လှုပ်ရှားနေဟန်ဖြင့် မေးလိုက်၏။
“ဓားသိုင်းကလွဲလို့ ဘာဖြစ်ဖြစ်”
ကုအန် သဘောတူပြီး ထိုစကားသာ ပြောလိုက်သည်။
“ဒါဆိုငါမင်းကို လက်ဝါးသိုင်းသင်ပေးမယ် ငါ့မှာအရမ်းအစွမ်းထက်တဲ့ လက်ဝါးသိုင်းတစ်ခုရှ်ိတယ် အဲ့ဒီသိုင်းနဲ့ လီယရဲ့ ခြေလက်တွေကို ချိုးခဲ့တာပဲ” လုရှန် ဂုဏ်ယူစွာ အော်ရယ်လိုက်ပြီး ယိလျူယွမ်ကြားစေရန် တမင်အသံကျယ်ကြီးဖြင့် ပြောလိုက်၏။
ကုအန် ခေါင်းညိတ်ပြလိုက်သည်။ “ဒါဆို သင်လိုက်ရအောင် ဘယ်လောက်စွမ်းအားကြီးလဲ ကြည့်ကြတာပေါ့”
လုရှန် ချက်ချင်းပင် ကုအန်ကို စတင်သင်ကြားလိုက်ပြီး လက်ဝါးသိုင်း၏ လှုပ်ရှားမှုနည်းစနစ်များနှင့် စိတ်နည်းစနစ်များကို ပြသခဲ့လေသည်။
ဆန်းကြယ်လိပ်ရေလှိုင်းလက်ဝါးသိုင်း!
ကုအန် ဂရုတစိုက်သေချာကြည့်ရှုနေလိုက်ပြီး လုရှန်ကို ခက်ခဲအောင်လုပ်ပစ်မည်ဟု ဆုံးဖြတ်လိုက်၏။
တောက်ပနေသော နေမင်းကြီးသည် အနောက်အရပ်သို့ တဖြည်းဖြည်း၀င်ရောက်သွားခဲ့သည်။
ညနေခင်းအချိန်သို့ရောက်သောအခါ လုရှန် အလွန်ပင်ပန်းနေဟန်ဖြင့် ပြောလိုက်၏။
“မင်းတကယ်ပဲမမှတ်မိတာလား ငါ့ကိုလာနောက်နေတာလား”
သူ့အသံသည် အလွန်ကျယ်လောက်လှရာ လျူဟွမ်နှင့် ယိလျူယွမ်ပင် သူတို့ရန်ဖြစ်မည်စိုးသောကြောင့် အမြန်အနားသို့ ရောက်လာခဲ့ကြသည်။
ကုအန် သက်ပြင်းချလိုက်ကာ
“ငါ့နားလည်နိုင်စွမ်းက အရမ်းနိမ့်ကျတယ်လို့ ပြောသားပဲ အဲ့တာကိုမင်းပဲအတင်းသင်ချင်နေတာလေ ပြီးတော့ ငါ့ကိုစိတ်ဆိုးနေပြန်ပြီ”
“ဒါပေမယ့်….မင်းကအဲ့လောက်ကြီးတော့ မဆိုးလောက်ဘူးမဟုတ်လား”
လုရှန် လုံး၀နားမလည်တော့သော်လည်း ကုအန်ပုံစံမှာလည်း ဟန်ဆောင်နေသည့်ပုံပေါ်မနေပေ။
ယိလျူယွမ်၀င်ပြောလိုက်၏။ “တောင်ကြားသခင်ရဲ့ ကျင့်ကြံခြင်းက ဆေးတွေကြောင့်သာဒီလောက်ထိရောက်လာတာ ငါမင်းကိုအရင်ကတည်းကပြောသားပဲ လူတိုင်းကို လိုက်တိုက်တွန်းမနေပါနဲ့ လူတွေရဲ့အခြေအနေတွေက တစ်ယောက်နဲ့တစ်ယောက်တူကြတာမဟုတ်ဘူး”
လျူဟွမ်လည်း ၀င်ပြောလိုက်ပြန်သည်။ “ဧကရာဇ်သု့ကိုတန်ဖိုးထားတာကလည်း သူ့ရဲ့အပင်စိုက်စွမ်းရည်ကြောင့်ပါ”
သူတန်ဖိုးထားသည်ဟူသော စကားကို သေချာဖိ၍ ပြောလိုက်၏။
လုရှန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြောလိုက်သည်။ “ကျွန်တော်မယုံဘူး ကျွန်တော်သူ့ကိုသင်ကို သင်နိုင်ရမယ်”
ကုအန် တုန့်ဆိုင်းနေဟန်ဖြင့် ပြောလိုက်၏။ “နောက်တစ်ခါမှပေါ့ ကျွန်တော်အခုတော့ပြန်ဖို့လိုသေးတယ်”
“မင်းကိုထွက်သွားခွင့် မပြုနိုင်ဘူး!”
ထိုစကားကိုကြားသောအခါ လျူဟွမ်နှင့် ယိလျူယွမ်တို့ လုရှန်ကို တားထားသည့်အချိန်တွင် ကုအန် တောင်ကြားမှ အမြန်ထွက်ခွာသွားခဲ့သည်။
“သေစမ်း တောင်ကြားသခင် မင်းပြန်ကိုပြန်လာရမယ်နော် မင်းသာ ဆန်းကြယ်လိပ်ရေလှိုင်းလက်ဝါးသိုင်းကို တတ်သွားရင် မင်းကိုယ်မင်းလည်း ကောင်းကောင်းကာကွယ်နိုင်လာမယ် ကောင်းကင်ကံကြမ္မာကိုတောင် ယှဉ်ပြိုင်နိုင်လာပြီး ပိုမြင့်တဲ့အဆင့်တွေကိုရောက်မှာနော်”
လုရှန် ကုရှန်နောက်ဘက်မှ အော်ပြောလိုက်၏။
ကုအန်လည်း သူ့ကိုနားမလည်နိုင်တော့ပေ။ ထိုကောင်သည် အဘယ်ကြောင့်အခြားလူတစ်ယောက်ကို ထိုမျှအတင်းကြီး သင်ကြားပေးချင်နေရသနည်း။
သူ့အိပ်မက်ထဲရှိ ဇာတ်ကောင်စရိုက်မျိုးစုံကြောင့် စိတ်ကျန်းမာရေးချို့ယွင်းသွားခြင်းလော။
ကုအန် ထိုအကြောင်းတွေးနေရင်း ဓားပျံကိုထိန်းချုပ်ကာ ညနေဆည်းဆာထဲ ပျောက်ကွယ်သွားလေတော့သည်။
နောက်ရက်များတွင် ကုအန် ထျန်းယတောင်ကြားသို့ရောက်တိုင်း လုရှန်သည် သူ့ကိုသိုင်းမျိုးစုံ သင်ကြားပေးခဲ့ပြီး ကုအန်မှာလည်း သူသင်ပေးသမျှကို တစ်ခုမှ မတတ်ခဲ့ပေ။ သို့သော် လုရှန်မှာလည်း အရှူံးမပေးခဲ့ပေ။ ကုအန် တစ်ခုမတတ်လျှင် နောက်တစ်ခုကို ပြောင်း၍ သင်ကြားပြန်သည်။
ဤသို့ဖြင့် အချိန်များကုန်ဆုံးသွားခဲ့ပြီး နှစ်တစ်နှစ်ကုန်ဆုံးချိန် ရောက်လာပြန်၏။
နှင်းများသည် တောအုပ်ကို မိုင်ပေါင်းထောင်နှင့်ချီ၍ ဖုံးအုပ်ထားလေသည်။
အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး မျက်နှာဖုံးတပ်ဆင်ထားသော ကုအန် တောထဲမှထွက်လာခဲ့ပြီး သူ့နောက်တွင်မူ အန်းရှင်းနှင့်အန်းဟောင်တို့ ပါလာခဲ့၏။
ပုံမှန်အားဖြင့် တက်ကြွနေတတ်သော အန်းဟောင်မှာ ယခုအခါတွင် နွမ်းလျနေခဲ့သည်။
ကုအန် လမ်းလျှောက်နေရင်း သူ့ရှေ့ရှိ နှင်းများဖုံးလွှမ်းနေသော တောင်ထိပ်များကိုကြည့်ကာ ပြောလိုက်၏။ “နောက်ထပ် မိုင်ပေါင်းရာဂဏန်းလောက်သွားပြီးရင် ငါတို့ အဓိပတိဂိုဏ်းကို ရောက်လိမ့်မယ် အဲ့ဒီအခါ မင်းစိတ်ဝိညဉ်စွမ်းအင်ကို ထုတ်ပြလိုက်တာနဲ့ သူတို့ကမင်းကို စိတ်ဝိညဉ်အမြစ်စမ်းသပ်ဖို့ မြို့ထဲကိုခေါ်သွားလိမ့်မယ်”
အန်းရှင်းနီရဲနေသော မျက်လုံးများဖြင့် မေးလိုက်၏။
“ဆရာသမီးတို့ ပြန်တွေ့ရဦးမှာလား”
“ဆရာမင်းတို့ကိုကယ်ခဲ့တာက လမ်းကြုံလို့ကယ်ခဲ့ရံု သက်သက်ပါပဲ အရာအားလုံးက ကံကြမ္မာရဲ့ အလိုကျအတိုင်းပဲ အဲ့တာကြောင့် အခုကစပြီးဆရာတို့ ထပ်တွေ့ရတော့မှာမဟုတ်ဘူး ဆရာ့အကြောင်းကိုလည်း ဘယ်သူ့ကိုမှ ပြောမပြရဘူး” ကုအန်သူတို့ကို နောက်ကျောကိုင်းကာ ပြောလိုက်သည်။
သူသည် အန်းဟောင်နှင့် အန်းရှင်းတို့အား ဘာမှမမျှော်လင့်ဘဲ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သူတို့ဆက်ဆံရေး အမြဲတည်တံ့နေဖို့လည်း သူမမျှော်လင့်ခဲ့ပေ။
ထိုစဉ် ရုတ်တရက်အန်းဟောင်ဒူးထောက်ချလိုက်ပြီး အန်းရှင်းမှာလည်း လိုက်၍ ဒူးထောက်လိုက်ကာ ကျောပေးထားသော ကုအန်ကို ကန်တော့လိုက်ကြလေသည်။
ဤအကြိမ်တွင် ကုအန်လည်း သူတို့ကိုမတားတော့ဘဲ သူတို့ဧ။် သုံးကြိမ်ကန်တော့၍ အရိုအသေပေးမှုကို လက်ခံလိုက်၏။ မြေပြင်ကြီးခပ်ပြင်းပြင်းနှဖူးနှင့်တိုက်၍ ကန်တော့ခဲ့သောကြောင့် အန်းဟောင်၏နှဖူးတွင် သွေးများပင် စို့သွားသော်လည်း သူနာကျင်သည်ဟု မခံစားရဘဲ သူ့ရှေ့ရှိ သူ့ဆရာ၏ပုံရိပ်ကိုသာ စိုက်ကြည့်နေခဲ့သည်။
သူမိစ္ဆာဂူထဲရှိ ကြောက်စရာအတွေ့အကြုံကြီးနှင့် မိစ္ဆာဝံပုလွေကြီးကို ဘယ်တော့မှ မေ့သွားလိမ့်မည် မဟုတ်ပေ။
“ဆရာ ဆရာကဘယ်သူပဲဖြစ်နေနေ ကိစ္စမရှိပါဘူး ကျွန်တော်ဆရာ့ရဲ့ ကြင်နာမှုကို အမြဲမှတ်ထားပါ့မယ် ကျွန်တော်အနာဂတ်မှာ ကြိုးစားကျင့်ကြံပြီး တစ်နေ့မှာ ကျွန်တော့်နာမည်က ကမ္ဘာတစ်ခုလုံးထိ ကျော်ကြားသွားတဲ့အခါ ဆရာကျွန်တော့်နာမည်ကိုကြားပြီး အကူအညီလိုလာခဲ့ရင် ကျွန်တော့်ဆီအချိန်မရွေးလာခဲ့လိုရပါတယ် ဒီတပည့်က အကြိမ်တစ်ထောင်သေရမယ်ဆိုရင်တောင် မတွန့်ဆုတ်ဘဲ ဆရာ့အတွက် သေပေးနိုင်ပါတယ်”
ထိုစဉ် ကုအန်အင်္ကျီလက်အိုးကိုတစ်ချက် ဝေ့ယမ်းလိုက်ရာ နှင်းမုန်တိုင်းတစ်ခုတိုက်ခတ်သလို ဖြစ်သွားပြီး အန်းဟောင်တို့နှစ်ယောက် မျက်နှာကို အုပ်ထားလိုက်ရသည်။
“မင်းဆရာ့ကိုကူညီချင်ရင် အရင်ဆုံး နှစ်ပေါင်းတစ်ထောင်အထိ အသက်ရှင်နေနိုင်အောင်ကြိးစားပါ”
ကုအန်၏ အသံသည် သူတို့နှစ်ယောက်နားထဲတွင် ထွက်ပေါ်လာခဲ့ပြီး နှင်းမုန်တိုင်းပျောက်ကွယ်သွား၍ သူတို့မျက်လုံးပြန်ဖွင့်နိုင်ချိန်တွင်တော့ ကုအန် ပုံရိပ်မှာပျောက်ကွယ်သွားခဲ့လေပြီ။
အန်းရှင်း အန်းဟောင်ကိုကြည့်ကာ ဘာဆက်လုပ်ရမလဲဆိုတာ အန်းဟောင်ဆုံးဖြတ်တာကို စောင့်နေခဲ့လေသည်။
အန်းဟောင် မတ်တပ်ထရပ်လိုက်ပြီး မိုးကုတ်စက်ဝိုင်းကို ကြည့်ကာ ပြောလိုက်၏။ “အန်းရှင်း ငါတို့ဆရာ့ကို စိတ်ပျက်စေလို့ မဖြစ်ဘူး”
ထို့နောက်သူတို့နှစ်ယောက်သည် တဖွဲဖွဲကျနေသော နှင်းများက သူတို့ကိုမရပ်တန့်နိုင်သလို ရှေ့သို့ဆက်သွားခဲ့ကြသည်။
တစ်ဖက်ရှ်ိ ကုအန်မှာတော့ ဆန်းကြယ်တောင်ကြားသို့ ပြန်လာခဲ့၏။
အရင်ဆုံး တောင်ကြားရှိဆေးပင်များကို စစ်ဆေးကာ သူ့အခန်းထဲသို့ ပြန်လာခဲ့လိုက်သည်။ ထိုတစ်လျှောက်လုံးတွင် သူ့နတ်အာရုံဖြင့် အန်းရှင်းနှင့်အန်းဟောင်တို့ကို အချိန်ပြည့် ကြည့်ရှုနေခဲ့ခြင်း ဖြစ်၏။
ထိုကလေးများသည် အဓိပတိဂိုဏ်းနှင့် မိုင်သုံးရာတောင်မဝေးတော့သော်လည်း ယခုအခါ အဓိပတိဂိုဏ်းထဲတွင် အခြေအနေများမှာ ကမောက်ကမဖြစ်နေသောကြောင့် သူကလေးများကို စိုးရိမ်နေသေးသည်။
နောက်ရက်များတွင်လည်း သူဘာပဲလုပ်နေနေ နတ်အာရုံကိုတော့ ကလေးများဆီတွင်သာ ထား၍ သူတို့ အဓိပတိဂိုဏ်း၏ အပြင်စည်းဂိုဏ်းသို့ ရောက်သည်အထိ စောင့်ကြည့်ပေးနေခဲ့၏။
အန်းဟောင်တို့ အပြင်စည်းမြို့သို့ရောက်သွားပြီး အန်းဟောင်သူ၏ ချီကျင့်ကြံခြင်းအဆင့် ၉ စွမ်းအားကို ဖော်ထုတ်လိုက်သည်နှင့် မြို့ထဲရှိ အပြင်စည်းဂိုဏ်းအကြီးအကဲတစ်ယောက်မှာ ချက်ချင်းပင် သူ့ကို လက်ခံခဲ့လေသည်။
ကုအန် ထိုအပြင်စည်းမြို့ကို ရွေးချယ်လိုက်ရသည့်အကြောင်းအရင်းမှာ ထိုမြို့ထဲတွင် ကြီးမြတ်သည့်ကျင့်ကြံသူများနှင့် ပြည့်နေပြီး ထိုမှသာ အန်းဟောင်ခြုံခိုတိုက်ခိုက်ခံရတာမျိုး ခန္ဓာကိုယ်သိမ်းပိုက်ခံလိုက်ရတာမျိုး မဖြစ်တာ သေချာမည်ဖြစ်သောကြောင့် ဖြစ်၏။
နှစ်သစ်သို့ ရောက်ရှိလာခဲ့ပြီး ဆန်းကြယ်တောင်ကြား၏ နွေဦးပွဲတော်တွင်
ကုအန် ရီလန် ကျန်းချင် ဝူရှင်း ရှောင်ချွမ် ထန်ယုနှင့် အခြားသူများ စားပွဲရှည်ကြီးတစ်ခုတွင်ထိုင်ကာ နွေဦးပွဲတော်ကျင်းပနေကြပြီး အခြားအစေခံတပည့်များမှာလည်း နောက်စားပွဲတစ်ခုခွဲကာ ကျင်းပနေခဲ့ကြသည်။
“ကြားပြီးပြီလား အပြင်စည်းဂိုဏ်းမှာ ကောင်းကင်စိတ်ဝိညဉ်အမြစ်ပေါ်လာလို့တဲ့ အဓိကမြို့တော်က အကြီးအကဲတွေတောင် အံ့ဩကုန်ကြတယ် သူ့နာမည်က အန်းဟောင်တဲ့ ဒီနှစ်မှ ၁၄နှစ်ပြည့်မှာ အဲ့တာကို သူ့ကျင့်ကြံခြင်းက အခြေခံတည်ဆောက်ခြင်းအဆင့်ကိုရောက်တော့မယ် တကယ့်ကိုအံ့ဩစရာပဲ
သူနဲ့ယှဉ်ရင် င့ါကျင့်ကြံခြင်းက ၀က်တစ်ကောင်လိုနှေးတယ်လို့ ခံစားနေရတယ်” ကျန်းချင် ဝိုင်ခွက်ကို ကောက်မော့လိုက်ပြီ းပြောလိုက်သည်။
ကောင်းကင်စိတ်ဝိညဉ်အမြစ်!
အခြားသူများလည်း အံ့ဩသွားကြပြီး ဝူရှင်းေမးလုိက်လိုက်၏။ “တကယ်ကြီးလား ထိုက်ကန်မင်းဆက်မှာ ကောင်းကင်စိတ်ဝိညဉ်အမြစ်ပေါ်မလာတာ နှစ်ပေါင်းရာနဲ့ချီနေပြီ”
“အဲ့တာအမှန်ပဲ ငါတို့ဥပဒေရေးရာခန်းမက လူတွေတောင် သူ့ကိုဂိုဏ်းချုပ်လာခေါ််မသွားခင် ရက်အနည်းငယ် စောင့်ရှောက်ခဲ့ရသေးတယ်” ရီလန်ခေါင်းညိတ်ကာ ၀င်ပြောလိုက်သည်။
ထို့နောက် ကောင်းကင်စိတ်ဝိညဉ်အကြောင်းစကားဝိုင်းကို ဆက်လိုက်ကြပြီး ဝူရှင်းသည် ကောင်းကင်စိတ်ဝိညဉ်အမြစ်နှင့်ပတ်သက်သော ဒဏ္ဍာရီများအကြောင်းကို ပြောပြနေခဲ့၏။ ထိုအခါ ရီလန်မျက်မှောင်ကြုံ့သွားခဲ့သည်။
“ဒီကလေးကဘာလို့ဒီလောက်အများကြီးသိနေတာလဲ သူ့မှာပြဿနာတစ်ခခုခုရှိနေတာလား”
ရီလန် ဝူရှင်းကိုကြည့်ကာ တွေးနေမိ၏။ သူဝူရှင်းကိုသိတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း လူများမှာ ပြောင်းလဲတတ်ပေသည်။
မဖြစ်တော့ပေ။ သူဝူရှင်း၏မှတ်တမ်းများအား စစ်ဆေး ရပေတော့မည်။
ကုအန်မှာမူ လူတိုင်းအန်းဟောင်အကြောင်းဆွေးနွေးနေသည်ကို နားထောင်ရင်း ပြုံး၍သာနေခဲ့၏။
သူ၏ ပျင်းစရာလယ်သမားဘ၀လေးတွင် အန်းဟောင်မည်မျှထိ မြင့်တက်သွားမည်ကို စောင့်ကြည့်ရသော စိတ်လှုပ်ရှားစရာအလုပ်တစ်ခု တိုးလာပြန်ချေပြီ။
စကားအနညး်ငယ်ပြောပြီးသည့်နောက် သူတို့စကားဝိုင်းသည် အမတကျင့်ကြံခြင်း ကမ္ဘာကြီးအကြောင်းဆီသို့ ရောက်ရှိသွားခဲ့သည်။ မြို့တော်တွင် မိစ္ဆာကျူးကျော်မှုတစ်ခုရှိခဲ့ပြီး မိစ္ဆာများသည် ဧကရာဇ်ကိုလုပ်ကြံရန် ကြိုးစားခဲ့ကြပြီး ဧကရာဇ်မှာ ကံကောင်း၍သာ အသက်ရှင်သန်နိုင်ခဲ့၏။ ထိုကိစ္စကို ဧကရာဇ်သည်သေချာ စုံစမ်းခဲ့ပြီး ထိုကိစ္စကြောင့် ရှင်းလင်းခံလိုက်ရသော မိသားစုများပင် မနည်းပေ။
လီရွှမ်တောက်သည် သူ၏ နတ်အသွင်ပြောင်းခြင်းအဆင့် ၉ ကျင့်ကြံခြင်းကို ဖုံးကွယ်ထားကြောင်းသိသောကြောင့် ကုအန် ထိုကိစ္စကိုသိပ်တော့ စိတ်မ၀င်စားခဲ့ပေ။
နှစ်ဟောင်းကုန်၍ နှစ်သစ်ကိုကြိုဆိုသော နွေဦးပွဲေတာ်ကို အာရုံတက်ချိန်အထိပင် ကျင်းပခဲ့ပြီး မနက်ရောက်မှသာ ရီလန်နှင့် ကျန်းချင်တို့ ပြန်သွားခဲ့ကြသည်။
သူတို့ပြန်သွားသောအခါ ကုအန် အရသာရှိသောအစားအသောက်များယူ၍ သဘာ၀ဂူရှစ်လုံးထဲသို့ တိတ်တဆိတ်သွားခဲ့လိုက်၏။
နွယ်စိမ်းပင်ပေါ်တွင် ရှိနေသော ကောင်းကင်နဂါးသည် ကုအန်ကိုတွေ့သောအခါ အလွန်ပျော်ရွှင်သွားပြီး ကုအန် ဆီ အမြန်ပြေးလာခဲ့လေသည်။ ယခုအခါသူသည် ၂ကျန်းခန့် ရှည်နေပြီဖြစ်ပြီး သူ့ခေါင်းပေါ်ရှိ ချိုများမှာလည်း အပြည့်အ၀ဖွံ့ဖြိုးနေပြီ ဖြစ်ပြီး သူ့ပုံမှာ နဂါးအစစ်တစ်ကောင်နှင့်တူနေပြီဖြစ်ကာ သူ၏အနက်ရောင်ကြေးခွံများက လည်း အေးစက်စက်အရောင်များပင် တောက်ပနေခဲ့၏။
“သခင်ဘယ်တော့ ကျွန်တော့်ကို အပြင်ထွက်ခိုင်းမှာလဲ” ကောင်းကင်နဂါး ကုအန်မျက်နှာအား သနားစရာမျက်နှာဖြင့်ကြည့်၍ ပြောလိုက်သည်။
ကုအန် သူ့ခေါင်းကိုပွတ်ကာ ရယ်၍ပြောလိုက်၏။
“ငါမင်းကိုပြောထားတယ်မလား မင်းအပြည့်အ၀ဖွံ့ဖြိုးပြီးသွားရင်ထွက်ရမယ်လေ အပြင်လောကမှာ မင်းအသားကို ချက်စားချင်နေကြတဲ့လူတွေ အများကြီးရှိတယ်”
“ဘယ်လောက်ကြီးမှ အပြည့်အ၀ဖွံ့ဖြိုးမှာလဲ ကျွန်တော်ကတော့ အခုအရမ်းသန်မာနေပြီခံစားနေရတယ် ဆရာတောင်ကျွန်တော့်ကိုနိုင်တော့မှာမဟုတ်ဘူး” ကောင်းကင်နဂါးပြန်ပြောလိုက်သည်။
ကုအန်သည် နွယ်စိမ်းပင်အောက်တွင် ဓားသိုင်းကျင့်ဖူးသော်လည်း စွမ်းအားကုန်ထုတ်မသုံးခဲ့ရာ နဂါးလေးသည်ကုအန်၏ စွမ်းအားကို မသိသေးပေ။
ထိုစကားကိုကြားပြီး ကုအန်အဖြေတစ်ခုခုတော့ပေးမှ
ဖြစ်တော့မည်ဟု ခံစားလိုက်ရ၏။
“ငါတစ်ခုခုစဉ်းစားပါဦးမယ်” ကုအန် တွေးတောနေဟန်ဖြင့် ပြောလိုက်သည်။
ကုအန် ကျန်းချောင်ဆီသို့သွားကာ အသွင်ပြောင်းသိုင်းတစ်ခုခုရှိမလားဟု သွားတောင်းပြီး နဂါးလေးကို မြွေအဖြစ်ပြောင်းခိုင်းပြီး အပြင်လောကတွင် သူ့ကိုအဖော်ပြုခိုင်းမည်ဟု စဉ်းစားလိုက်မိ၏။
ကုအန်၏ အကြံကိုကြားလိုက်သောအခါ နဂါးလေးအလွန်ပျော်ရွှင်သွားခဲ့လေသည်။
ဂူထဲတွင် တစ်နာရီခန့် နဂါးလေးကို အဖော်ပြုပေးပြီးသောအခါ ရင်းနှီးသောအရှိန်အဝါတစ်ခုခုတောင်ကြားကိုလာနေသည်ကို အာရုံခံလိုက်မိသောကြောင့် ကုအန် သူ့အိမ်သို့ အမြန်ပြန်လာခဲ့၏။
ထို့ေနာက် ကုအန်အခန်းထဲပြန်ကာ စာဖတ်ချင်ယောင်ဆောင်နေလိုက်သည်။
မကြာခင်တွင် ပုံရိပ်တစ်ခုသည် ပြတင်းပေါက်ကိုကျော်၍ ၀င်လာခဲ့ပြီး ကြမ်းပေါ်မရောက်ခင်ပင် သူ့ဆီမှ အသံထွက်လာခဲ့၏။
“ဂျူနီယာညီလေးကု မင်းအတွက်ငါဘာရတနာမျိုး ယူလာလဲ ခန့်မှန်းကြည့်”