← Chapters

အခန်း (၈၁-၈၂)

Vol. 8 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 8 Ch. 81-82

အပိုင်း(၈၁)

ရှေးဟောင်းရွှေစားပိုး၊ အဓိပတိဂိုဏ်းကိုချဉ်းကပ်လာသော မိစ္တာဂိုဏ်း

ပြတင်းပေါက်မှကျော်၀င်လာသော လီယကိုကြည့်ပြီး ကုအန် အကူအညီမဲ့စွာ ပြောလိုက်သည်။

“ဘယ်ရတနာက ကျွန်တော့်ပြတင်းပေါက်ဘောင်တွေနဲ့ နှိုင်းလို့ရမှာလဲ”

ထိုစဉ် အစိမ်းရောင်၀တ်စုံ၀တ်ဆင်ထားသော လီယ ကုအန်နားရောက်လာပြီး သူ့ခါးမှအိတ်တစ်လုံးကိုဖြုတ်၍ စားပွဲပေါ်တင်ပေးလိုက်ကာ ဂုဏ်ယူစွာပြုံး၍ ပြောလိုက်၏။ “ဒီရတနာကိုမင်းကျိန်းသေပေါက်ကြိုက်လိမ့်မယ်”

ကုအန်နတ်အာရုံသုံး၍ ကြည့်လိုက်ပြီး မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။

“ဘာလို့ ကြမ်းပိုးတွေလဲ”

“ဒါတွေက ရှေးဟောင်းရွှေစားပိုးကောင်တွေ သူတို့သွားတွေက ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သတ္တုကိုမဆို ကိုက်ဖြတ်ပစ်နိုင်တယ် မင်းသာသူတို့ကို ရွှေစိတ်ဝိညဉ်စွမ်းအင်တွေများများကျွေးရင် သူတို့က မြန်မြန်ပိုသန်မာလာလိမ့်မယ် အထဲမှာ စုစုပေါင်း ၁၆ကောင်ရှ်ိတယ် သူတို့ထဲကတစ်ကောင်က ဘုရင်မပဲ သူကမင်းအိမ်ကိုလည်း စောင့်ရှောက်ပေးနိုင်သလို မင်းမိုင်းတွင်းတူးတဲ့အခါလည်း အကူအညီပေးနိုင်လိမ့်မယ်” လီယ ရယ်မော၍ ပြောလိုက်၏။

သူ့စကားကိုကြားသောအခါ ကုအန် စိတ်၀င်စားသွားမိပြီး မေးလိုက်သည်။ “ကျွန်တော်က သူတို့နဲ့ဘယ်လိုဆက်သွယ်ရမှာလဲ”

“သူတို့နဲ့ဆက်သွယ်ဖို့ အထူးနည်းလမ်းရှ်ိတယ် မင်းရဲ့သွေးနည်းနည်းယူပြီး ပိုးဘုရင်မပေါ်ချပေးလိုက် အဲ့နည်းနဲ့ မင်းနဲ့ပိုးဘုရင်မကြားမှာ စိတ်ဝိညဉ်စာချုပ်တစ်ခု ပေါ်လာလိမ့်မယ်” လီယပြောလိုက်ပြီး သူ့သိုလှောင်အိတ်ထဲမှ ထိုနည်းလမ်းအား အသုံးပြုနည်းစာအုပ်တစ်အုပ် ထုတ်ပေးလိုက်သည်။

ကုအန်စာအုပ်ကိုယူလိုက်ကာ ချက်ချင်းဖွင့်မဖတ်သေးဘဲ မေးလိုက်၏။ “ဂိုဏ်းတစ်ရာညီလာခံက အဆင်ပြေပြေပြီးသွားခဲ့ရဲ့လား”

လီယ ဘေးရှိခုံတစ်လုံးကိုယူ၍ ကုအန်ရှေ့တွင်ထိုင်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။ “အဆင်မပြေခဲ့ပါဘူး ဒါပေမယ့် အတော်လေးတော့ မျက်စိပွင့်သွားခဲ့တယ် ကမ္ဘာကြီးက ကျွမ်းကျင်သူတွေနဲ့ ပြည့်နှက်နေတာပဲ ပါရမီရှင်တွေဆိုတာ မြစ်ကိုဖြတ်ကူးနေတဲ့ ငါးတွေလိုပဲ ပေါများလွန်းတယ် ငါ့ပါရမီက ဂိုဏ်းတစ်ရာညီလာခံမှာဘာမှကိုမဟုတ်တော့ဘူး ထိပ်ဆုံး ၁၀၀ထဲပဲ ၀င်ခဲ့တယ် ကျိုးတောင်းယူလည်း ထိပ်ဆုံး ၁၀ယောက်ထဲပဲ ၀င်ခဲ့တယ်”

လီယ၏ အေးဆေးဖြစ်နေသော အမူအရာကိုကြည့်ပြီး ကုအန်လည်း သူ့ကိုစိတ်မပူမိတော့ပေ။

ထို့နောက် လီယ ဂိုဏ်းတစ်ရာညီလာခံတွင် ကြုံတွေ့ခဲ့ရသော အကြောင်းများကို ပြန်ပြောပြခဲ့ပြီး ကုအန်လည်း သေချာနားထောင်ခဲ့လေသည်။

လီယ ညနေစောင်းချိန်ထိပြောနေခဲ့ပြီး ထိုအချိန်တွင်ပင်ပြောစရာစကားများစွာ ‌ကျန်နေခဲ့သေးဧ။။်

ကုအန် တွေးဆနေဟန်ဖြင့် ပြောလိုက်သည်။ “ဒါ‌ဆို တတိယသခင်မလေးကပဲလုရှန်ကို ခြိမ်းခြောက်နိုင်ခဲ့တာပေါ့”

“သူ့ရဲ့ ချီလင်ခြေလှမ်းက တကယ်ပဲအံ့ဩစရာကောင်းတယ် သူကလုရှန်ကို ထိခိုက်အောင်လုပ်နိုင်ခဲ့တဲ့ တစ်ဦးတည်းသောသူပဲ ကံဆိုးတာက ခြေလှမ်း ၉လှမ်း လှမ်းပြီးတဲ့အချိန် ကောင်းကင်ကပ်ဘေးရောက်လာလို့ တိုက်ပွဲကိုရပ်လိုက်ရတယ် သူ့ကိုအဲ့ကတည်းက ထပ်မတွေ့ရတော့တာပဲ” လီယ ခေါင်းညိတ်ကာ ပြောလိုက်၏။

“ကောင်းကင်ကပ်ဘေးလား ဘာကိုဆိုလိုတာလဲ ချီလင်ခြေလှမ်းက အဲ့လောက်တောင်စွမ်းအားကြီးတယ်လား”

ကုအန်အံ့အားသင့်သွားမိသည်။သူလွန်ခဲ့သောနှနှစ်က ချီလင်ခြေလှမ်းဖြင့် ခြေလှမ်းများစွာ လျှောက်ခဲ့ပါသော်လည်း မည်သည့်ကပ်ဘေးကိုမှ မကြုံခဲ့ရပေ။

လီယခေါင်းခါကာ ပြောလိုက်၏။ “ငါလည်းဘယ်လိုလုပ်သိမှာလဲ သူ့မှာလျှို့ဝှက်ချက်တစ်ခုခုရှိနေတာတော့ သေချာတယ်”

မူလတာအိုအဆောင်!

ကုအန် ထိုအရာကို တွေးလိုက်မိသည်။

“ကျိရှောင်ယုနဲ့ယှဉ်ရင် လုရှန်ရဲ့ ခွန်အားက ငါ့ကိုပိုပြီး မင်သက်သွားစေတာ သူကငါ့ရဲ့ပစ်မှတ်ပဲ အနာဂတ်မှာငါသူ့ကိုစိန်ခေါ်ပြီး ဂုဏ်သိက္ခာရှိရှိနဲ့ အနိုင်ယူချင်တယ်” လီယပြောလိုက်ရင်း သူ့ကိုယ်ထဲတွင် တိုက်ခိုက်လိုစိတ်များ ပြင်းပြလာခဲ့၏။

ကုအန် မေးလိုက်သည်။ “အစ်ကို့ကို သူကခြေလက်တွေချိုးသွားတာမဟုတ်လား သူ့ကိုမမုန်းဘူးလား”

လီယ ခေါင်းခါကာ ပြောလိုက်၏။ “အဲ့တာက သာမန်ပြိုင်ပွဲတစ်ခုပဲကို မုန်းစရာဘာရှိလဲ နောက်ပြီး အရှုံးပေးဖို့ ငြင်းဆန်ခဲ့တာက ငါပဲလေ စီနီယာပြောပုံအရတော့ သူကတကယ်တော့ အတော်လေးသနားစရာကောင်းတဲ့လူတစ်ယောက်ပါ သူ့ကိုယ်ထဲမှာ သူ့ကိုယ်ကိုအပိုင်စီးဖို့ကြိုးစားနေတဲ့ အခြားဝိညဉ်အကြွင်းအကျန်တွေရှိနေတယ် အဲ့တာကြောင့် သူကစရိုက်နှစ်မျိုး ဖြစ်နေပြီး တစ်ခါတလေမှာ ရင်းနီးဖော်ရွေ တစ်ခါတလေမှာကြမ်းတမ်းနေတတ်တာ”

အခြားစိတ်ဝိညဉ်အကြွင်းအကျန်လား!

ထိုအကြောင်း ကြားမှသာ ကုအန်စိတ်အေးသွားမိသည်။ ယခင်က သူလုရှန်ကို အမတတစ်ပါးပြန်လည်၀င်စားသောလူဟု ထင်နေခြင်းဖြစ်ပြီး လီယပြောပုံအရဆိုရင်တော့ ထိုသို့မဖြစ်နိုင်တော့ပေ။

“အခြားဝိညဉ်အကြွင်းအကျန်တွေက ဘာလို့သူ့ကိုယ်ထဲရှိနေတာလဲ” ကုအန် ပဟေဠိဖြစ်နေဟန်ဖြင့် မေးလိုက်သည်။

“ငါလည်းသေချာမသိဘူး ရတနာတချို့နဲ့ဆက်စပ်နေတာ ဒါမှမဟုတ် အခြားအကြောင်းအရင်းတစ်ခုကြောင့်ဖြစ်နိုင်တယ် သူအဲ့ဒီဝိညဉ်အကြွင်းအကျန်တွေအကုန်လုံးကို ရှင်းမပစ်နိုင်ခင်ထိတော့ နှောင့်ယှက်ခံနေရဦးမှာပဲ ငါသူ့ကို အရင်ကအဓိပတိဂိုဏ်းထဲမှာ မကြားဖူးတာ အံ့ဩစရာတော့မဟုတ်တော့ဘူး လုမိသားစုက သူ့ကိုကာကွယ်ပေးထားတာ သေချာတယ် ဪ သူ့အဖေက အရင်ဂိုဏ်းချုပ်ဟောင်း လုပိုင်ထျန်းလေ”

“လုပိုင်ထျန်းကလည်း ကျင့်ကြံခြင်းဖောက်ပြန်သွားပြီး အခုသူ့သားကလည်း ဝိညဉ်အကြွင်းအကျန်တွေရဲ့ နှောင့်ယှက်တာကို ခံနေရတယ် သူတို့သားအဖအဖြစ်အပျက်က တိုက်ဆိုင်မှုပဲလားဆိုတာ စိတ်၀င်စားစရာကောင်းတယ်”

လီယ သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်၏။ “တကယ်လို့ လုရှန်းသာ အဲ့ဒီဝိညဉ်အကြွင်းအကျန်တွေနှောင့်ယှက်တာ ခံမနေရရင် အခုချိန်ဆို အခြေတည်ဝိညဉ်‌ကိုတောင် ဖွဲ့စည်းပြီးနေလောက်ပြီ”

ကုအန် လုရှန်ကို ထိုသို့စာနာသနားသွားရလိမ့်မည်ဟု တစ်ခါမှမတွေးခဲ့ဖူးပေ။

“စကားမစပ် အစ်ကိုပြောတဲ့ စီနီယာဆိုတာ ဘယ်သူလဲ ကြည့်ရတာအတော်စွမ်းအားကြီးပုံရတယ်” ကုအန် မေးလိုက်၏။

“နာမည်မထုတ်ဖော်ချင်တဲ့ စီနီယာတစ်ယောက်ပါ တောင်းပန်ပါတယ် ငါသူ့အကြောင်းပြောပြလို့မရဘူး” လီယ ဖြေလိုက်သည်။

ဟမ့် အဲ့တာမင်းကိုယ်ထဲက အဖိုးကြီးပဲဖြစ်ရမယ်!

လီယကိုယ်ထဲရှိ စိတ်ဝိညဉ်သည် ပိုမိုသန်မာလာသည်ကို ကုအန် ခံစားမိနေခဲ့၏။

သူတစ်သားတည်းဖြစ်ခြင်းအဆင့်သို့ မရောက်သေးခင်ကပင် လီယကိုယ်ထဲရှိ စိတ်ဝိညဉ်ကိုခံစားမိခဲ့လျှင် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်း အဆင့်ကြီးမြတ်သောကျင့်ကြံသူများလည်း သူ့ကိုယ်ထဲမှ ဝိညဉ်ကို မြင်နိုင်လိမ့်မည်ဟု ကုအန်ရုတ်တရက် ခံစားလိုက်ရသည်။

သို့သော် လီယလေသံအရတော့ ထိုဝိညဉ်ကို ဘယ်သူမှ မတွေ့သေးပုံပင်။

ထိုအရာမှာ ကုအန်ကျင့်ကြံသောကျင့်စဉ်သည် အလွန်စွမ်းအားကြီးနေ၍လော သို့မဟုတ် အခြားအကြောင်းပြချက်တစ်ခုခုရှိနေမည်လော။

ညနေစောင်းမှောင်လာသည့်အချိန်ထိပင် လီယပြန်မည့်အရိပ်အယောင်မပြသေးဘဲ သူ့အတွေ့အကြုံများကို ပြောပြနေခဲ့လေသည်။

နောက်တစ်နေ့မနက်ရောက်မှသာ လီယ ‌ထွက်ခွာသွားခဲ့၏။

လီယထွက်သွားသောအခါ ကုအန် လီယပေးခဲ့သော စာအုပ်ကို ဖွင့်ဖတ်လိုက်ပြီး ရှေးဟောင်းရွှေစားပိုးကောင်များကို မည်သို့ စာချုပ်ချုပ်ရမည်ဟူသည်ကို လေ့လာလိုက်သည်။

…..

ကြည်လင်နေသော ကောင်းကင်ပြာကြီးအောက်ရှိ တတိယတောင်ကြားတွင်

ကုအန် လက်မြှောက်ကာ သူ့လက်ဖဝါးထဲရှိ ရွှေစားပိုးကောင်လေးကို အကြီးအကဲထျန်းအား ပြနေခဲ့၏။ ထိုကောင်‌လေးသည် အမှတ်တမဲ့ကြည့်ပါက ပိတုံးတစ်ကောင်နှင့်ဆင်သော်လည်း သေချာကြည့်လျှင် သူ့ပါးစပ်ပိုင်းက ပိတုန်းထက်ပိုကြီးသည်ကို တွေ့နိုင်ပေသည်။

“ရွှေစားပိုးကောင်တွေပဲ ဒီကောင်တွေကအတော်လေးရှားပါးတယ် အနည်းဆုံးတော့ ထိုက်ကန်မင်းဆက်မှာ တွေ့ဖို့ခက်တယ်” အကြီးအကဲထျန်း ချီးကျူးလိုက်၏။

“ဒါကကျွန်တော့်စီနီယာအစ်ကိုလီယဆီက လက်ဆောင်ပါ သူဂိုဏ်းတစ်ရာညီလာခံမှာ ထိပ်တန်း၁၀၀အတွင်း၀င်ခဲ့ပြီးတော့ ပြန်အလာမှာ ကျွန်တော့်အတွက်ယူလာခဲ့တာ” ကုအန်ပြုံး၍ ပြောလိုက်လေသည်။

သူသည် အကြီးအကဲထျန်းရှေ့တွင် လီယအကြောင်းတစ်ကြိမ်မကပြောခဲ့ပြီး အကြီးအကဲထျန်းဂိုဏ်းချုပ်ရာထူးပြန်ရသွားခဲ့လျှင် လီယကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ မျှော်လင့်နေခဲ့၏။

အကြီးအကဲထျန်းခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကြည့်ရတာ ဒီလီယကပါရမီရှင်တစ်ယောက်ဖြစ်ရုံတင်မကဘူး သစ္စာတရားနဲ့မိတ်ဆွေတွေအပေါ်တန်ဖိုးထားတဲ့ လူတစ်ယောက်ပဲ ရွှေစားပိုးတစ်ကောင်ကတောင် အတော်တန်ဖိုးကြီးနေပြီ ၁၆ကောင်ဆိုတာကတော့ ပြောစရာတောင်မလိုဘူး”

ကုအန် သူ့ခါးရှိ အိတ်ကိုယူ၍ ဖွင့်လိုက်ရာ အိတ်ထဲမှ ရွှေစားပိုးများတစ်ကောင်ပြီးတစ်ကောင်ပျံထွက်လာခဲ့သည်။ ထိုထဲမှတစ်ကောင်သည် အခြားကောင်များထက် နှစ်ဆကြီးပြီး ကုအန်ပုခုံးပေါ်တွင် နားနေခဲ့၏။

သူတို့နားမှဖြတ်သွားသော ရှောင်ချွမ်လည်း ပိုးကောင်များကို မြင်သောကြောင့်၀င်စပ်စုလေရာ ကုအန်လည်းရွှေစားပိုးအကြောင်း ရှင်းပြလိုက်သည်။

…..

ညနေခင်းအချိန်သို့ရောက်သောအခါ တတိယတောင်ကြားရှိ တပည့်များအားလုံး ရွှေစားပိုးအကြောင်းသိနေကြပြီဖြစ်၏။ အနာဂတ်တွင် ထိုကောင်များအား တောင်ကြားရှိတပည့်များက တိုက်ခိုက်မည်စိုးသောကြောင့် ကုအန် အကုန်လုံးကိုပြောပြထားခြင်း ဖြစ်၏။ အနာဂတ်တွင် ထို‌ပိုးကောင်များသည် တတိယတောင်ကြားကို ကင်းလှည့်ကြမည့်သူများ ဖြစ်ကြပေသည်။

…….

ရာသီများပြောင်းလဲသွားခဲ့ပြီး အချိန်သုံးနှစ် ကုန်သွားခဲ့ပြန်လေသည်။

ကုအန်အသက်လည်း၅၀ပြည့်သွားပြီဖြစ်ပြီး ဤနှစ်များအတွင်း သူ့နေရက်များမှာ အလွန်အေးချမ်းနေခဲ့၏။ သူ့သက်တမ်းသည် ၃သိန်းကျော်နေပြီဖြစ်ပြီး သက်တမ်းစုဆောင်းနှုန်းမှာလည်း တစ်နေ့တခြားတက်လာခဲ့လေသည်။

တစ်နေ့တွင်

ရှောင်ချွမ် ရီလန်နှင့်အတူ တည်နေရာကူးပြောင်းခြင်းအစီအရင်မှ ရောက်လာခဲ့၏။

ထိုအခိုက်တွင် ကုအန်သည် ခွေးကြီးတစ်ကောင်အရွယ်ရှိနေပြီဖြစ်သော ကြွက်ဖြူလေးနှင့် ကစားနေခြင်း ဖြစ်ပေသည်။ ထိုစဉ် ရီလန့်ကိုတွေ့သောအခါ သွားနှုတ်ဆက်ရန် ပြင်လိုက်၏။

ရီလန့်အမူအရာမှာ မကောင်းဘဲ ကုအန်ကိုတွေ့သည်နှင့် ပြောလိုက်သည်။ “အစ်ကိုကြီးအထဲမှာသွားပြောရအောင်”

ကုအန်ခေါင်းညိတ်လိုက်ကာ ရီလန့်အား အိမ်ထဲသို့ ခေါ်သွားခဲ့၏။

အခန်းထဲရောက်သောအခါ ကုအန်တံခါးပိတ်လိုက်လေသည်။

ထို့နောက်ရီလန်စပြောလိုက်၏။ “အစ်ကိုကြီးဝူရှင်းက ရွက်ဝါတစ်ထောင်မျှော်စင်က သူလျိုတစ်ယောက်ပဲ”

ထိုစကားကိုကြားသောအခါ ကုအန်အမူအရာအကြီးအကျယ်ပြောင်းလဲသွားပြီး မေးလိုက်လေသည်။ “အဓိပ္ပာယ်မရှိတာ ညီမလေးမှာ သက်သေရှိလား”

ရီလန် စာရင်းစာအုပ်များကိုထုတ်ကာ ပြောလိုက်၏။ “ဒါက မိစ္ဆာသုတ်သင်ခန်းမက‌တပည့်တွေချန်ထားခဲ့တဲ့ မှတ်တမ်းတွေပဲ ဝူရှင်းကိုဂိုဏ်းခဲခေါ်လာတဲ့ သူကတော့သူလျှိုမဟုတ်ဘူး ဒါပေမယ့် သေချာခြေရာခံကြည့်မယ်ဆိုရင် သူတို့အကုန်လုံးက မိစ္ဆာလမ်းစဉ်ကိုပဲ ဦးတည်နေတာတွေ့ရလိမ့်မယ် နောက်ပြီး ရွက်ဝါတစ်ထောင်မျှော်စင်ကလည်း မျှော်စင်သခင်တစ်ယောက်ရဲ့သားကို ရှာနေတာအတော်ကြာပြီ

သူတို့ရှာနေတဲ့လူက ဘုန်းကြီးနဲ့တူပြီး ခေါင်းမှာလည်း အံ့ဩစရာအမာရွတ်တွေရှိတယ်တဲ့”

ကုအန် စာအုပ်များကိုယူကာ သေချာဖတ်ကြည့်လိုက်လေသည်။

ထိုစာအုပ်သည် မိစ္ဆာသူလျှိုများနှင့် အဆက်အသွယ်ရှိနေသော သူများ၏ နေ့စဉ်လှုပ်ရှားမှုများအကြောင်းမှတ်တမ်းတင်ထားခြင်းဖြစ်ပြီး ထိုထဲတွင် ဝူရှင်းလည်း ပါနေ၏။

ဝူရှင်းသည် အပြင်စည်းမြို့သို့ရောက်စဉ်က သူတို့ထံ အကြိမ်အနည်းငယ်သွားလည်ဖူးပေသည်။

မည်မျှအဆင်အခြင်မဲ့ရသနည်း။

ထိုကဲ့သို့သော ကိစ္စများကို ပို၍ပင် ဆင်ခြင်ရမည် မဟုတ်ပါလား။

ကုအန်ကြိတ်၍ဆဲလိုက်ပြီးဤကိစ္စကိုသိသည်မှာ ရီလန်တစ်ယောက်တည်းဖြစ်သောကြောင့် သိပ်တော့ စိတ်မပူခဲ့ပေ။

စာအုပ်များကို စစ်ဆေးပြီးသည့်နောက် ကုအန် ရီလန့်ကိုကြည့်ကာ ပြောလိုက်၏။

“ဒီကိစ္စကို ဘယ်သူတွေသိသေးလဲ”

“လက်ရှိတော့ ညီမလေးပဲသိတာ ပုံမှန်နေ့တွေမှာ ဥပဒေရေးရာခန်းမကလူတွေက အစေခံဂိုဏ်းသားတွေအကြောင်း စိတ်၀င်စားလေ့မရှိကြဘူး ဒါပေမယ့် ခန်းမက အဓိပတိဂိုဏ်းရဲ့တောင်ကြားသခင်တွေထဲမှာ ရွက်ဝါတစ်ထောင်မျှော်စင်ကသူလျှိုတစ်ယောက်ရှိနေတယ်လို့ သိထားတယ် ဘယ်သူလဲဆိုတာတော့ သေချာမသိဘူး ညီမလေးတို့အဲ့ကိစ္စကိုထပ်ပြီးစုံစမ်းချင်ပေမယ့် အထက်ကပိတ်ချခဲ့တယ်” ရီလန် မျက်မှောင်ကြုံ့ကာ ပြောလိုက်၏။

“ဘယ်သူကညီမလေးတို့ စုံစမ်းတာကို ပိတ်ပင်ခဲ့တာလဲ”

“အပြင်စည်းဂိုဏ်းရဲ့အကြီးအကဲကြီး ကျန်းချောင် ဒါပေမယ့် သူ့လူတွေပြောတာတော့ ဒီကိစ္စအတွက်အမိန့်က အတွင်းစည်းဂိုဏ်းထဲက လာတာလို့ ပြောတယ်”

ကျန်းချောင်းသည် သူ၏လုပ်ပိုင်ခွင့်ဖြင့် ကုအန်ကို မုန်တိုင်းများကြားမှ ကယ်တင်ခဲ့ခြင်း ဖြစ်ပေသည်။

ကုအန်သည် ရွက်ဝါတစ်ထောင်မျှော်စင်အတွက် ဘာအလုပ်မှမလုပ်ပေးဖူးသော်လည်း သူ့တွင်နွယ်စိမ်းပင်နှင့် ပတ်သက်မှုရှိရာ လုံး၀ကင်းသည်ဟုတော့ ပြောမရပေ။ ကုအန်သူ၏ အေးချမ်းနေသော လယ်သမားဘ၀ကိုလည်း အထိခိုက်မခံလိုခဲ့ပေ”

ထို့ကြောင့် ကုအန်ရှေ့သို့တိုးကာ ရီလန့် ပုခုံးနှစ်ဖက်ကိုလက်ဖြင့်ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်လေသည်။

“ဂျူနီယာညီမလေးဒီကိစ္စကို ဖုံးကွယ်ထားမှဖြစ်မယ် တကယ်လို့ဝူရှင်းက မိစ္ဆာလမ်းစဉ်ကလာခဲ့တယ်ဆိုရင်တောင် နှစ်တွေအကြာကြီးအတူတူရှိလာခဲ့တော့ သူကလူဆိုးတစ်ယောက်မဟုတ်ဘူးဆိုတာ အစ်ကိုကြီးသိတယ်”

ကုအန်သူ့ပုခုံးကိုကိုင်ထားသောကြောင့် ရီလန့်မျက်နှာအနည်းငယ်နီရဲနေပြီး ပြောလိုက်၏။

“အစ်ကိုကြီး အစ်ကိုကြီးကလည်း ရွက်ဝါတစ်ထောင်မျှော်စင်က သူလျှိုလား တကယ်လို့အဲ့လိုဆိုရင်ညီမလေးလည်း အစ်ကိုကြီးနောက်လိုက်ချင်ပါတယ်”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အစ်ကိုကြီးကသေသေရှင်ရှင် အဓိပတိဂိုဏ်းရဲ့ ဂိုဏ်းသားပဲ”

“ညီမလေးဂရုမစိုက်ဘူး အခုကစပြီး အစ်ကိုကြီးကဘယ်ဂိုဏ်းကို၀င်၀င်ကိစ္စမရှိဘူး ဒါပေမယ့်ညီမလေးကိုတော့ ခေါ်သွားရမယ်နော်”

“ဒါ‌‌ဆို ဒီကိစ္စကိုဖုံးကွယ်ပေးထားမှာလား”

“အင်း အခြားသက်သေတွေအကုန်လုံးကိုဖျက်ဆီးပြီးသွားပြီ အစ်ကိုကြီးလက်ထဲမှာရှ်ိတာက နောက်ဆုံးလက်ကျန်မိတ္တူပဲ”

ကုအန် ရီလန့်ကိုလွှတ်လိုက်ပြီး စာအုပ်များကို သိုလှောင်အိတ်ထဲ ထည့်လိုက်လေသည်။

ထို့နောက်ရီလန်ပြောလိုက်၏။ “တကယ်တော့ ဒါကကိစ္စသေးသေးလေးပါ အစ်ကိုကြီးသူ့ကိုကာကွယ်မယ်ဆိုတာ သိပါတယ်ညီမလေးလာခဲ့တာက ပိုအရေးကြီးတဲ့ကိစ္စကြောင့်ပဲ မိစ္ဆာဂိုဏ်းတွေက အဓိပတိဂိုဏ်းကိုကျူးကျော်ဖို့ ပြင်နေကြပြီ ဒီတစ်ကြိမ်ကတော့ တကယ်ကြီးကျူးကျော်ကြတော့မှာ ဗဟိုမြို့တော်က အကြီးအကဲခန်းမထဲက အကြီးအကဲတစ်ယောက်က သစ္စာဖောက်သွားခဲ့ပြီး ဒီသတင်းကိုလည်း ညီမလေးတို့ဥပေဒေရေးရာဌာနက ၀မ်းယင်ဂိုဏ်းမှာ ထည့်ထားတဲ့သူလျိုက ပေးခဲ့တာ

သတင်းက အထက်ကလူတွေဆီပါရောက်နေပြီ အခုဆို အတွင်းစည်းမြို့လေးမြို့လုံးက စစ်ပွဲအတွက်ပြင်ဆင်နေကြပြီ”

“အပြင်စည်းဂိုဏ်းမှာကျ အခြားဂိုဏ်းနဲ့ မင်းဆက်တွေက လာနေကြတဲ့လူတွေ အများကြီးရှ်ိနေသေးတော့ ဂိုဏ်းက သူတို့ကိုနှင်ထုတ်ဖို့ ခက်နေရတယ် တကယ်လို့သာ မိစ္ဆာလမ်းစဉ်က တကယ်ကျူးကျော်ခဲ့ရင် ဂိုဏ်းထဲကသူလျှိုတွေ ထွက်လာပြီး အတွင်းနဲ့အပြင် ညှပ်တိုက်ကြမှာပဲ”

မိစ္ဆာလမ်းစဉ်တိုက်ခိုက်ခြင်း!

ကုအန် ‌မျက်မှောင်ကြုံ့ကာ မေးလိုက်၏။

“အဓိပတိဂိုဏ်းမှာ ဒီလောက်ဂိုဏ်းသားသစ်တွေ တိုးနေတာတောင် သူတို့ကတိုက်ရဲသေးတယ်လား”

“ပြောကြတော့ မိစ္ဆာလမ်းစဉ်ကဂိုဏ်းတွေ မဟာမိတ်ဖွဲ့ထားကြတယ်တဲ့ သူတို့အဓိကရည်ရွယ်ချက်က အဓိပတိဂိုဏ်းကိုဖြိုခွဲပြီး ထိုက်ကန်မင်းဆက်က နယ်မြေတွေကို ခွဲယူဖို့ပဲ” ရီလန် ဖြေလိုက်သည်။

မိစ္ဆာဂိုဏ်းတွေ မဟာမိတ်ဖွဲ့တယ်တဲ့လား!

ကုအန် ခေါင်းရှုပ်သွားရ၏။ ထိုမိစ္ဆာဂိုဏ်းများသည် နောက်နှစ်တစ်ရာအတွင်း မိစ္ဆာကပ်ဘေးကြီးဖြစ်မှာကို မသိခဲ့ခြင်းလော။

ထို့နောက် စကားအနည်းငယ်ပြောပြီးသောအခါ ရီလန် ပြန်သွားခဲ့သည်။ ကုအန်လည်းသူ့အား တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် ဆန်းကြယ်တောင်ကြားထိ လိုက်ပို့ခဲ့၏။

ကုအန် တတိယတောင်ကြားသို့ ပြန်ရောက်သောအခါ သစ်ပင်တစ်ပင်အောက်တွင် ထိုင်နေရာ အကြီးအကဲထျန်းကို ရုတ်တရက် သတိထားမိသွားသည်။

သူအကြီးအကဲထျန်းအား စစ်ဆေးမကြည့်မိသည်မှာ အတော်ကြာလေပြီ။

ထိုအဖိုးကြီးသည် ကောင်းကင်ပြုပြင်စင်မြင့်သို့ သွားပြီးကတည်းက အဆင့် ၂ဆင့်တက်လာပြီး ငြိမ်သွားသည်မှာ ထူးဆန်းနေခဲ့၏။

ထိုသို့တွေးလိုက်မိပြီး ကုအန် သက်တမ်းစစ်ဆေးခြင်းကို လိုက်လိုက်လေသည်။

အပိုင်း(၈၂)

လမ်းမှန်ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းများကြားတိုက်ပွဲ၊ ဆေးတောင်ကြားကိုကာကွယ်ခြင်း

[လုပိုင်ထျန်း(ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်၃): ၇၅၄/၁၀၅၀/၃၂၀၀]

ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၃!

အကြီးအကဲထျန်း ကျင့်ကြံခြင်းကိုကြည့်ပြီး ကုအန်ကြိတ်၍ အံ့ဩသွားမိသည်။

အနာဂတ်တွင် အကြီးအကဲထျန်း သူ့အားသူမသိဘဲ ကျော်တက်မသွားစေရန် မျက်ချေမပြတ်စောင့်ကြည့်ရမည်ဟု ဆုံးဖြတ်လိုက်၏။

ကျင့်ကြံသူများသည် ကျင့်ကြံခြင်းအဆင့်မြင့်လာလေလေ သူတို့ကျင့်ကြံခြင်းကို ပိုပြီးဖုံးကွယ်တတ်လေလေပင်။ ထို့ကြောင့် ကြီးမြတ်သောကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်ကို သာမန်နတ်အာရုံဖြင့်သိနိုင်ရန်မှာ မဖြစ်နိုင်ပေ။

နောက်ဆုံးတွင် ကျင့်ကြံခြင်းကမ္ဘာဆိုသည်မှာ ပိုဖုံးကွယ်ထားနိုင်သည့်သူက သာစမြဲပင်။

ကံကောင်းစွာဖြင့် ကုအန်မှာလည်း သူ့ကျင့်ကြံခြင်းကိုကောင်းကောင်းဖုံးကွယ်ထားနိုင်ခဲ့ပြီး အနာဂတ်တွင်လည်း ထိုသို့ဖုံးကွယ်ထားနိုင်ဦးမည်ဟု သူယုံကြည်ပေသည်။

အကြီးအကဲထျန်း ကုအန်အကြည့်ကိုသတိထားမိသွားသောအခါ မျက်လုံးပွင့်လာခဲ့ပြီး အသာအယာခေါင်းညိတ်ပြလိုက်ကာ သူ့အခန်းထဲ ပြန်သွားခဲ့၏။

မိစ္ဆာလမ်းစဉ်က တိုက်ခိုက်တော့မည်ဖြစ်ပါသော်လည်း အကြီးအကဲထျန်းသည် စိုးရိမ်ပူပန်နေမှုမရှိဘဲ သူလုပ်စရာရှိတာကိုသာ လုပ်နေလေသည်။

….

နွေရာသီအဆုံးတွင် ရာသီဥတုသည် ပြန်၍ အေးလာပြန်လေသည်။

ကုအန် အပြင်စည်းမြို့သို့ရောက်သောအခါ ဥပဒေရေးရာခန်းမတွင် တပည့်များပိုတိုးလာရုံသာမက နတ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူများကိုလည်း မြို့ရိုးပေါ်တွင် တွေ့လာခဲ့ရ၏။

မြို့တစ်ခုလုံးရှိ လေထုသည်လည်း တင်းကြပ်နေဟန်ပင်။

မိစ္ဆာလမ်းစဉ်သည် အမှန်တကယ်ပင် တိုက်ခိုက်တော့ပေမည်။

ပုံမှန်အတိုင်း ကုအန် ကောင်းကင်ပြုပြင်စင်မြင့်ဆီသို့အရင်ဆုံးသွား၍ စစ်ဆေးလိုက်သည်။

ထိုအခါ မြေအောက်ကမ္ဘာမိစ္ဆာဧကရာဇ်နှင့် သရဲမိခင်တို့သည် ထိုနေရာတွင် ရှိနေကြသေးသည်ကို တွေ့လိုက်ရ၏။

မြေအောက်ကမ္ဘာမိစ္ဆာအရှင်သခင်သည် မိစ္ဆာများနှင့် ဆက်စပ်နေရမည်ဟု ကုအန်တွေးမိသော်လည်း ထိုအကြောင်းကို အထက်ကိုသတင်းပို့ဖို့ တုန့်ဆိုင်းနေမိခဲ့သည်။

သူ့ရည်ရွယ်ချက်ပန်းတိုင်မှာ အမတတစ်ပါးဖြစ်လာရန်ဖြစ်ပြီး အဓိပတိဂိုဏ်းမှာမူ နောက်နှစ်ပေါင်း ၁၀၀၀၀ကြာလျှင်ပင် ဆက်၍ တည်မြဲနိုင်ပါဦးမည်လော။

ကုအန်သည် တရားမျှတမှုကို ချစ်မြတ်နိုးသော သူရဲကောင်းတစ်ယောက် ဘယ်တုန်းကမှ မဟုတ်ခဲ့ပေ။ သူသည် သာမန်လူတစ်ယောက်သာ ဖြစ်ပေသည်။

စင်မြင့်တစ်ခုလုံးအား စစ်ဆေးကြည့်ပြီးသောအခါ ကုအန် အခြားမည်သည့်မရင်းနှီးသည့် ကျင့်ကြံသူကိုမှ မတွေ့တော့ပေ။ ကြည့်ရသည်မှာ အဓိပတိဂိုဏ်းသည် အပြင်လူအားလုံးကို ရှင်းလင်းပြီးသည့်ပုံပင်။

ထို့နောက် ကုအန် ကျန်းချောင်ဆီသို့ အလည်သွားလိုက်၏။

သူရောက်သွားသောအခါ ကျန်းချောင်သည် သူ့စံအိမ်တွင်ရှိမနေဘဲ အစေခံလေးများက ကုအန်ကို ခန်းမထဲမှစောင့်နေဖို့ ပြောခဲ့လေသည်။

ကုအန် ခန်းမထဲတွင်ရပ်နေရင်း ခန်းမတစ်ခုလုံးကို စစ်ဆေးကြည့်လိုက်၏။ ထိုအခါ ခန်းမထဲတွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော စည်းအစီအရင်များ ရှိနေသည်ကို အာရုံခံလိုက်မိသည်။

သူသည် ကျန်းချောင်ပေးခဲ့သော ကျိဝေအစီအရင်ကျမ်းကို မကြာခဏထုတ်၍ လေ့လာခဲ့သောကြောင့် သူ့အစီအရင်ပညာသည် သိသိသာသာတိုးတက်လာခဲ့ပြီး ယခုလို အာရုံခံနိုင်ခဲ့ခြင်း ဖြစ်၏။

စစ်ဆေးနေရင်း ကုအန်ရုတ်တရက် တစ်ခုခုကိုအာရုံခံလိုက်မိပြီး သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။

ဒီစံအိမ်ရဲ့အောက်‌ေခြမှာ သဘာ၀လိုဏ်ဂူ၈လုံးလို နေရာလွတ်ကြီးတစ်ခုရှ်ိနေတာပဲ!

တစ်နာရီခန့်ကြာသောအခါ ကျန်းချောင် ပြန်လာခဲ့၏။

သူခန်းမထဲသို့ ဝင်လိုက်ပြီးသည်နှင့် သူ့ညာလက်ကိုဝေ့ယမ်းလိုက်ရာ ခန်းမတံခါးများ အကုန်ပိတ်သွားခဲ့လေသည်။

ကုအန် မတ်တပ်ရပ်၍ အရိုအသေပေးဖို့ ပြင်လိုက်စဉ် ကျန်းချောင် ပြောလိုက်၏။

“အစဉ်အလာတွေမလိုဘူး ပြန်ထိုင်တော့”

သူမမျက်နှာသည် မည်းမှောင်နေပြီး တစ်ခုခုကိုမကျေမနပ်ဖြစ်နေသည်မှာ ထင်ရှားလှသည်။

ကုအန် သူ့ခါးမှ သိုလှောင်အိတ်တစ်လုံးကိုယူကာ သူ့ရှေ့ရှ်ိ စားပွဲတွင်တင်၍ ပြောလိုက်၏။

“ဒါကပထမအသုတ် ရိတ်သိမ်းလို့ရလာတဲ့ ဆေးပင်တွေပါ စစ်ဆေးကြည့်ပါဦး”

ကျန်းချောင်၏ဆေးပင်များမှာ အဆင့်မြင့်ဆေးပင်များဖြစ်သောကြောင့် ယခုမှသာ ဆေးပင်ပထမအသုတ် ရင့်မှည့်လာခြင်း ဖြစ်ပေသည်။

ကျန်းချောင် သိုလှောင်အိတ်ကိုမယူဘဲ မေးလိုက်၏။ “နင့်မှာ အခြားကိစ္စရှိတယ်မဟုတ်လား ဒီဆေးပင်ပေးရုံလောက်ဆို ဟူမို့ကို ပေးခဲ့လည်းရနေတာပဲ”

ကုအန် ခေါင်းညိတ်ကာပြောလိုက်သည်။ “မိစ္ဆာလမ်းစဉ်က အဓိပတိဂိုဏ်းကိုတိုက်ခိုက်တော့မယ်လို့ ကြားနေရတယ် အဲ့တာဟုတ်လား”

ထိုသို့သော ကိစ္စမျိုးကိုမိစ္ဆာလမ်းစဉ်မှလူကိုမေးခြင်းမှာ ပို၍သေချာ‌၏။

ကျန်းချောင်ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဟုတ်တယ် အလွန်ဆုံး နှစ်၀က်အတွင်းမှာ လမ်းမှန်ဂိုဏ်းနဲ့ မိစ္ဆာဂိုဏ်းကြား တိုက်ပွဲကြီးတစ်ခုဖြစ်လာလိမ့်မယ် ဒီစစ်ပွဲဖြစ်ရတဲ့အကြောင်းအရင်းက ဒီနှစ်တွေမှာ အဓိပတိဂိုဏ်းက ပိုပိုအင်အားကြီးလာတာကြောင့်ပဲ အဲ့တာကြောင့် မိစ္ဆာဂိုဏ်းတွေကဒီလိုသာဆက်ဖြစ်နေရင် အနာဂတ်မှာသူတို့အတွက် မလွယ်ကူလောက်တော့ဘူးလို့တွေးပြီး စစ်ပွဲကို စချင်ခဲ့တာ နောက်ပြီး မိစ္ဆာဂိုဏ်းတွေအားလုံးပေါင်းမိသွားတော့

အဓိပတဂိုဏ်းကိုနိုင်နိုင်တယ်လို့ မျှော်လင့်ချက်လေးရှိလာတာကြောင့်လည်းပါတယ်”

ကုအန် အနည်းငယ်တွန့်ဆုတ်သွားကာ မေးလိုက်၏။ “ကျွန်တော်ကြားတာတော့ နောက်ထပ်နှစ်တစ်ရာနေရင် မင်းဆက်ကိုးခုအပြင်က မိစ္ဆာတွေရဲ့ ကျူးကျော်မှု စတော့မှာဆို အဲ့တာကို ကျွန်တော်တို့က မိစ္ဆာကျူးကျော်မှုစတဲ့အချိန်အထိ အေးအေးဆေးဆေးပဲ ကျင့်ကြံနေသင့်တာမဟုတ်လား”

ထိုစကားကို ကြားသောအခါ ကျန်းချောင်ကုအန်ကို တစ်ချက်ကြည့်လိုက်ပြီး ထေ့ငေါ့ဟန်ဖြင့် ပြောလိုက်၏။ “မိစ္ဆာတွေအကုန်လုံးက စည်းလုံးနေတယ်လို့ နင်ထင်လို့လား မင်းဆက်ကိုးခုအပြင်ဘက်က မိစ္ဆာတွေက သန့်စင်တဲ့မိစ္ဆာတွေသက်သက်ပဲမဟုတ်ဘူး သူတို့သာကျူးကျော်လာရင် ငါတို့မိစ္ဆာဂိုဏ်းတွေပါ သုတ်သင်ခံရမှာ လူသားတွေအတွက်ကတော့ ပြောစရာတောင်မလိုဘူး”

“နောက်ပြီး မင်းဆက်ကိုးခုမှာရှိတဲ့ အရင်းအမြစ်တွေက အကန့်အသတ်ရှိတယ် အဓိပတိဂိုဏ်းကပိုသန်မာလာလေလေ သူတို့က အခြားဂိုဏ်းတွေရဲ့ အရင်းအမြစ်တွေကို အပိုင်သိမ်းနိုင်လေလေပဲ ရှေးဟောင်းခေတ်ကတည်းက မိစ္ဆာဂိုဏ်းတွေနဲ့ လမ်းမှန်ဂိုဏ်းတွေကြား အရင်းအမြစ်ပြိုင်ဆိုင်မှုကြောင့်ပဲ စစ်ပွဲတွေဖြစ်ခဲ့တာ တရားမျှတမှုအတွက်ဆိုတာက အကြောင်းပြချက်သက်သက်ပဲ”

“အခုမိစ္ဆာလမ်းစဉ်က စစ်ပွဲကိုစဖို့ပြင်နေပြီဆိုတော့ နင်မကြာခင် အဓိပတိဂိုဏ်းရဲ့ မိစ္ဆာဆန်တဲ့အပိုင်းကို မြင်လာရလိမ့်မယ် မိစ္ဆာလမ်းစဉ်ဘက်က စစ်နိုင်သွားခဲ့ရင် ဒီမင်းဆက်မှာ အကောင်းနဲ့အဆိုးဆိုတာပြောင်းပြန်ပြန်ဖြစ်သွားလိမ့်မယ် တကယ်လို့သူတို့ရှုံးသွားရင်တောင် အဓိပတိဂိုဏ်းမှာ လက်ကျန်မိစ္ဆာလမ်းစဉ်ဂိုဏ်းအကုန်လုံးကို ရှင်းပစ်ဖို့ စွမ်းအားကျန်မှာမဟုတ်ဘူး”

ထိုစကားကိုကြားသောအခါ ကုအန် စိတ်မောသွားမိသည်။

ကျန်းချောင်ပြောသောအရာကို သူကောင်းကောင်းကြီးနား‌လည်ပေသည်။ သူအဆင့်ချိုးဖျက်သည့်အခါတိုင်း စိတ်ဝိညဉ်စွမ်းအား အများအပြားစုပ်ယူရန်လိုအပ်ပြီး သူစုပ်ယူလိုက်သောစွမ်းအင်များကြောင့် အဓိပတိဂိုဏ်းပင် ထိခိုက်သွားရသည်။ ဤအရာကို ကြည့်၍ နေရာတစ်ခုရှိ စိတ်ဝိညဉ်စွမ်းအင်၏ အရေးပါမှုကို သိနိုင်ပေသည်။

အကယ်၍သာမင်းဆက်တစ်ခုလုံးရှိ စိတ်ဝိညဉ်ကျောက်တုံးများနှင့် စိတ်ဝိညဉ်စွမ်းအင်များသည် ဂိုဏ်းတစ်ခုထဲတွင် စုစည်းနေခဲ့ပါက ထိုဂိုဏ်းသည် မည်မျှအင်အားကြီးသွားလိမ့်မည်နည်း။ မိစ္ဆာဂိုဏ်းများ စိတ်ပူသောအရာမှာလည်း ထိုအရာပင်။ ထို့ကြောင့် မိစ္ဆာကပ်ဘေးစဖို့ နှစ်၁၀၀ခန့်ပင်လိုသောအချိန်မှာပင် စစ်ပွဲကိုစခဲ့ခြင်း ဖြစ်၏။

တခဏကြာစဉ်းစားပြီးသည့်နောက် ကုအန် မေးလိုက်သည်။

“ဆရာဖွားဖွား ဆရာဖွားဖွားကဘယ်ဘက်မှာနေမှာလဲ”

ကျန်းချောင်ရယ်၍ပြောလိုက်၏။ “ငါကနိုင်တဲ့ဘက်မှာ နေမှာ နင်စိုးရိမ်စရာမလိုပါဘူး ငါတို့အပြင်စည်းမြို့မထိခိုက်နိုင်တာသေချာအောင် ငါလုပ်နိုင်တယ် နောက်ပြီး မြို့ထဲမှာလည်း ကြီးမြတ်တဲ့ ကျင့်ကြံသူတွေအများကြီးရှ်ိတယ် မိစ္ဆာလမ်းစဉ်က ဒီဘက်ခြမ်းကနေ ဝင်တိုက်ရဲမှာမဟုတ်ဘူး”

ထိုစကားကိုကြားမှသာ ကုအန် ကြိတ်၍ သက်ပြင်းချနိုင်ခဲ့ပြီး ဟာသပင်ပြန်ပြောလိုက်လေသည်။ “ကျွန်တော့်ဆေးတောင်ကြားလေး လုံခြုံနေသရွေ့ အဆင်ပြေပါတယ်”

“နင်ကြောက်နေတာလား ငါပြောပါတယ် နင့်ကိုကြိုးစားကျင့်ကြံပါလို့ နင်ကမှနားမထောင်ဘဲ”

“ကျင့်ကြံခြင်းဆိုတာ လောလို့ရတဲ့အရာမဟုတ်ပါဘူး”

“ဟမ့် နင့်မှာငါ့လိုဆရာတစ်ယောက်ရှိတာနင်ကံကောင်းတယ် နင်ပြန်ရင် ဟူမို့ကို၀င်တွေ့လိုက် နင့်ကျင့်ကြံခြင်း တိုးတက်ဖို့ ဆေးတစ်သုတ်ပြင်ပေးထားဖို့ ငါပြောထားပြီးပြီ နင်ကအသက် ၅၀ ‌ပြည့်တာတောင် အမြုတေမဖွဲ့စည်းနိုင်သေးဘူး ရှက်စရာပဲ အနာဂတ်မှာ နင့်ကိုနင် ငါ့တပည့်လို့မပြောနဲ့”

“ကျေးဇူးတင်ပါတယ် ဆရာဖွားဖွား!”

ကုအန် ရယ်မောလိုက်သော်လည်း စိတ်ထဲတွင်တော့ ကြိတ်၍ပြန်ပြောလိုက်၏။

အသက် ၅၀အရွယ် တစ်သားတည်းဖြစ်ခြင်းအဆင့် ၉ တစ်ယောက်ကို ကြားတောင်ကြားဖူးလို့လား!

ငါသာပြောလိုက်ရင် သူကြောက်လွန်းလို့ သေသွားမှာတောင် စိုးရတယ်!

ထို့နောက် ကုအန် မိစ္ဆာလမ်းစဉ်ရှိ အမြင့်ဆုံးကျင့်ကြံခြင်းအဆင့်အကြောင်းမေးလိုက်ပြီး ကျန်းချောင်မှာလည်း သေချာမသိခဲ့ပေ။ သူပြောသည်မှာ အရင်လိုလုပိုင်ထျန်းသာ ရှိသေးပါက မိစ္ဆာလမ်းစဉ်သည် လုံး၀ကျူးကျော်ရဲမှာမဟုတ်သော်လည်း လက်ရှ်ိဂိုဏ်းချုပ် ချူထျန်းချီနှင့်ဆိုလျှင်တော့ အနိုင်အရှုံးမှာ ဆုံးဖြတ်ရခက်သွားပြီဟု ဆို၏။

ထိုစကားကြောင့် ကုအန် မိစ္ဆာလမ်းစဉ်မှလူများအစား ရင်မောသွားမိသည်။

လုပိုင်ထျန်းမှာ မသေသေးပေ!

“စကားမစပ် ဆရာဖွားဖွား မြေအောက်ကမ္ဘာမိစ္ဆာဧကရာဇ်ကို ကြားဖူးလား”

ကျန်းချောင်တခဏတွေးကာ ခေါင်းခါပြလိုက်သည်။

“မကြားဖူးဘူး ဘာဖြစ်လို့လဲ”

“ဘာမှမဟုတ်ပါဘူး စာအုပ်တစ်အုပ်ထဲမှာတွေ့တာသူကအရမ်းစွမ်းအားကြီးတယ်ဆိုလို့ ဆရာဖွားဖွားမသိရင်တော့ ထားလိုက်ပါတော့ ကျွန်တော်လည်း ပြန်သင့်ပြီ”

ကုအန် ပြောပြီးသည်နှင့် အရိုအသေပေးကာ ထွက်ခွာသွားလေတော့သည်။

….

ကျန်းချောင်နှင့် စကားပြောပြီးသည့်နောက် ကုအန်၏စိုးရိမ်မှုများပျောက်ကွယ်သွားခဲ့ပြီး သူ့နေ့ရက်များမှာ ပုံမှန်အတိုင်းသာ ပြန်ဖြစ်သွားခဲ့၏။

…..

သုံးလကြာသောအခါ

ဆောင်းဦးရာသီရောက်ရှိလာခဲ့ပြီး တတိယတောင်ကြားတွင် အဝါရောင်သစ်ရွက်ခြောက်များဖြင့် ပြည့်နှက်နေခဲ့သည်။

မနက်စောစောအချိန်တွင် ကုအန်တပည့်များနှင့်အတူ အကြောလျှော့လေ့ကျင့်ခန်းလုပ်နေခဲ့ပြီး သူတို့နှင့်အတူ အကြီးအကဲထျန်းလည်း ပါ၀င်၏။ ယခုအခါ အကြီးအကဲထျန်းသည် ပိုမိုသန်မာလာပြီဖြစ်ပြီး သူ့ကျင့်ကြံခြင်းမှာ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၉ သို့ပင် ရောက်ရှ်ိနေပြီ ဖြစ်သည်။

သူ့ကိုယ်ထဲတွင် စိတ်ဝိညဉ်စွမ်းအင်အတက်အကျကိုလည်း အာရုံမခံမိလေရာ ထိုအဖိုးကြီးမည်သို့ကျင့်ကြံနေသလဲ ကုအန်လည်း မသိတော့ပေ။

အကြောလျှော့လေ့ကျင့်ခန်းလုပ်ပြီးသောအခါ ကုအန် တပည့်များကို လူစုခွဲခိုင်းလိုက်ပြီး သူလည်း အိမ်ပြန်ရန် ပြင်လိုက်၏။ သူ့အိမ်ရှေ့သို့ ရောက်သောအခါ ကုအန်ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။

ရပ်တန့်သွားရခြင်းမှာ ပုံရိပ်နှစ်ခုသူ့ဆီသို့ ကောင်းကင်မှပျံလာနေသည်ကို မြင်လိုက်ရ၍ဖြစ်ပြီး ထိုပုံရိပ်များမှာ ဒုဂိုဏ်းချုပ်နှင့် အကြီးအကဲကုကျုံးမှလွဲ၍ အခြားမဟုတ်ပေ။

ဥယျာဉ်ထဲတွင် ဆေးပင်များစစ်ဆေးနေသော အကြီးအကဲထျန်းလည်း လှည့်ကြည့်လိုက်ပြီး ဒုဂိုဏ်းချုပ်တို့ကို တစ်ချက်ကြည့်ပြီးသောအခါ ပြန်၍ အကြည့်လွှဲသွားခဲ့၏။

မြေပေါ်ရောက်သောအခါ အကြီးအကဲကုကျုံးကုအန်အား အိမ်ပေါ်ထက်သို့ စကားပြောရန် ခေါ်သွားခဲ့လေသည်။

အခန်းထဲရောက်သည်နှင့် ကုကျုံးလုပ်နေကြအတိုင်း အခန်းကို စည်းများဖြင့် ပိတ်လိုက်၏။

ဒုန်းးး!

ကျိဟန်ထျန်း စားပွဲကို လက်ဝါးဖြင့်ရိုက်လိုက်လေရာ ကုအန် ရင်ခုန်သွားရပြန်သည်။

သေစမ်း!

သူတို့လာတိုင်း ငါ့စားပွဲလေးကိုဒီလိုပဲရိုက်နေတော့မှာလားဟ!

ကုအန် မဟာယင်ယန်ပြောင်းလဲခြင်းသိုင်းကိုသုံးကာ မိစ္ဆာကျင့်ကြံသူအဖြစ်ပြောင်းပြီး ထို ကျိဟန်ထျန်းကို အခန်းထဲမှကန်ထုတ်ပစ်ချင်စိတ်ပင် ပေါ်လာခဲ့ရ၏။

သူ့အခန်းထဲမှ ပရိဘောဂပစ္စည်းများသည် သစ်သားကောင်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ထိုပစ္စည်းများ ထိခိုက်ပျက်ဆီးသွားပါက သူ့နှလုံးသားလေး နာကျင်သွားရပေလိမ့်မည်။

“ချူထျန်းချီက တကယ်ပဲလွန်လာပြီ ချူမိသားစုတစ်ခုလုံး ဒီလောက်ပျက်ဆီးနေမယ်လို့ ငါထင်မထားမိခဲ့ဘူး ဖန်းအန်မင်းဒီအကြောင်းကို စာအုပ်တစ်အုပ်ရေးပြီး လူတိုင်းသိအောင် ဖော်ထုတ်ရမယ် ငါတို့အဓိပတိဂိုဏ်းက ဒီမင်းဆက်ရဲ့ ရှေ့ဆောင်လမ်းပြဂိုဏ်းတစ်ခုပဲ အဲ့တာကြောင့်ဒီကိစ္စကို လူတိုင်းသိအောင်လုပ်ကိုလုပ်ရမယ်” ကျိဟန်ထျန်း ဒေါသသံဖြင့် ပြောလိုက်သည်။

ထပ်ပြီးတော့လား!

ကုအန် ဆိတ်ဆိတ်သာနေလိုက်ပြီး အရင်တစ်ခါသူလုပ်ပေးခဲ့မိတာကိုပင် နောင်တရနေခဲ့၏။

ကုကျုံးထိုင်လိုက်ကာ စိတ်အနှောင့်အယှက်ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။ “ဘာလို့ အရမ်းအလောတကြီးဖြစ်နေတာလဲ ဘာလို့အခုမှ သူ့အကျင့်ကိုဘာမှမသိသလို လုပ်နေတာလဲ ငါတော့မင်းက ဂိုဏ်းချုပ်ဖြစ်ချင်နေတာလို့ပဲထင်တယ် နောက်ပြီးဒီတစ်ကြိမ်ဖန်းအန်ကို အသုံးမချပါနဲ့ သူက ဂိုဏ်းမှာ ဂိုဏ်းသားသစ်တွေရစေဖို့ ဂိုဏ်းရဲ့မျက်နှာစာတစ်ခုလိုဖြစ်နေပြီ သူ့ကိုဂိုဏ်းတွင်းပြိုင်ဆိုင်မှုမှာ ဓားတစ်လက်လိုအသုံးမချချင်စမ်းပါနဲ့”

ကုအန် ကုကျုံးကိုကြည့်လိုက်ကာ အသံတိတ်သူ့စကားများကို ထောက်ခံလိုက်၏။

ကျိဟန်ထျန်းသက်ပြင်းချကာ ပြောလိုက်သည်။ “ငါတကယ်ပဲ ဂိုဏ်းချုပ်ဖြစ်ချင်ပါတယ် ငါသာဂိုဏ်းချုပ်ဖြစ်လာခဲ့ရင် အဓိပတိဂိုဏ်းကိုပိုကောင်းအောင် လုပ်ပေးနိုင်မှာပဲ

အခု ချူထျန်းချီလုပ်နေတာတွေကိုကြည့်လေ သူ့အပေါင်းအပါတွေက လောဘမိစ္ဆာကို မွေးခဲ့တယ် နောက်ပြီး အပြင်စည်းဂိုဏ်းတစ်ခုလုံးကိုတောင် စတေးပစ်ဖို့ ကြံခဲ့သေးတယ် ငါအရင်က သူ့ကိုဆရာသခင်ဓားအရှင်လို့ ထင်ခဲ့မိလို့ ယုံခဲ့တာ ဒါပေမယ့် သူမဟုတ်တာထင်ရှားနေပြီလေ

အခုမိစ္ဆာလမ်းစဉ်က ငါတို့ကိုခြိမ်းခြောက်လာနေတဲ့အချိန် သူ့ရဲ့မကောင်းသတင်းတွေက ဂိုဏ်းထဲမှာ ပျံ့နှံ့နေပြီ ငါတို့အဓိပတိဂိုဏ်းက တကယ်ပဲ အန္တရာယ်ရှိနေပြီ”

လောဘမိစ္ဆာကို ဖန်တီးခြင်းလား!

ကုအန် ကြိတ်၍ အံ့အားသင့်မိသွား၏။ သူ့အရင်က ချူကျင့်ဖုန်းထံမှကြားခဲ့သည်မှာ လောဘမိစ္ဆာကို ချူမိသားစု၏ ပြိုင်ဘက်များက မွေးခဲ့ခြင်းဟု ကြားခဲ့ခြင်းဖြစ်သည်။

အခုကြည့်ရသည်မှာ ထိုကိစ္စတွင် သူမသိသော ဇာတ်လမ်းများ ရှိနေသေးပုံပင်။

ထိုအရာသည် မိသားစုတွင်းပြဿနာလော သို့မဟုတ် လံကြုတ်ဇာတ်ကြီးပဲ ဖြစ်နေသလော။

“ချူထျန်းချီက တကယ်ပဲစိတ်ပျက်စရာကောင်းတယ် သူအစက ချူရှင်းရဲ့ အပေါင်းအပါတွေကို ပြင်းပြင်းထန်ထန်အပြစ်ပေးခဲ့တော့ ငါလည်းသူ့ကို ဆွေမျိုးသားချင်းတွေကိုတောင် မညှာတာဘဲ အပြစ်ပေးတတ်တဲ့သူလို့ အထင်ကြီးခဲ့မိတာ ဒါပေမယ့် အခုတော့ကြည့်ရတာ အဲ့တာက သူ့ကိုယ်သူကာကွယ်ခဲ့ရုံသက်သက်ပဲထင်တယ် ဘာပဲဖြစ်ဖြစ် အခုတော့သူ့ကိုဆန့်ကျင်ဖို့ အရမ်းခက်နေပြီလေ အကြီးအကဲခန်းမက အကြီးအကဲတွေကလည်း သူ့ကိုထောက်ပံ့ပေးထားကြတယ် သူကတာအိုဂိုဏ်းနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတယ်” ကုကျုံးခေါင်းယမ်းကာ ပြောလိုက်သည်။

ထိုစကားကိုကြားသောအခါ ကုအန် ဇဝေဇဝါဖြစ်သွားရ၏။

သူတို့အခုလိုပြောနေမှုများသည် ဘာကိုရည်ရွယ်နေပါသနည်း။

သူ့လိုအပြင်စည်းဂိုဏ်းတပည့်လေးတစ်ယောက်ကို ထိုကဲ့သို့ကိစ္စများအားလုံး ပြောပြနေခြင်းမှာ ဘာကိုဆိုလိုနေပါသနည်း။

ထိုအရာသည် သူ့ခံစားချက်များကိုနှိုးဆွပေးပြီး အဓိပတိဂိုဏ်း၏အမှောင်ထုထဲက ကိစ္စများကို သူ့သဘောဆန္ဒဖြင့် ဖော်ထုတ်ရန် သူ့ရှေ့တွင်လာ၍ သရုပ်ဆောင်ပြနေခြင်းမှန်း သေချာပေသည်။

သူတို့နှစ်ယောက်လည်း ချူထျန်းချီလုပ်သမျှ အမှားများကို ဆက်လက်ပြောဆိုနေခဲ့ပြီး သူတို့ပြောသည်ကို ‌နားထောင်ကာ ကုအန်ပင် ဒေါသထွက်လာမိသည်။

အကယ်၍ ချူထျန်းချီသာ သူတို့ပြောသလိုလူဖြစ်နေပါက ထိုလူသည် အမှန်တကယ်ပင် ပြစ်တင်ရှုံ့ချခံရသင့်၏။

သို့သော်လည်း အပြင်ပန်းတွင်တော့ ကုအန် ဘာအမူအရာမှ မပြခဲ့ပေ။

ထိုစဉ် ကုကျုံးကုအန်ကိုကြည့်၍ ပြောလိုက်သည်။ “အဓိပတိဂိုဏ်းက မကြာခင်ကပ်ဘေးတစ်ခုကိုကြုံရလိမ့်မယ် မင်းတတိယတောင်ကြားမှာ တန်ဖိုးကြီးဆေးပင်တွေအများကြီးရှိတော့ ငါတို့ဒီနေရာကို ကာကွယ်ရမယ် အဲ့တာကြောင့် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၅၀ပို့ဖို့စီစဉ်ထားတယ် မင်းရောဘယ်လိုထင်လဲ”

ကျိဟန်ထျန်း ဖြည့်ပြောလိုက်၏။ “ကုမိသားစုနဲ့ ကျိမိသားစုက ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၂၅ယောက်စီ ထောက်ပံ့ပေးမှာ သူတို့ထဲမှာ ရှောင်ယုလည်းပါလာလိမ့်မယ် သူကတော့မင်းတောင်ကြားကို ကာကွယ်ဖို့အပြင် စစ်ပွဲကိုလည်းရှောင်နိုင်ဖို့ ဒီကိုပို့ထားမှာ”

All Chapters