အခန်း (၈၉-၉၀)
Vol. 8 Ch. 89-90
အပိုင်း(၈၉)
ဧကရာဇ်များနှင့် အမတများ
လုပိုင်ထျန်း၏ စကားများကိုကြားသောအခါ အန်းဟောင် ကုအန်ကို ပြန်မကြည့်ဘဲ မနေနိုင်တော့ပေ။ သူ့မျက်လုံးထဲတွင် ကုအန်သည် အလွန်သာမန်ဆန်နေခဲ့၏။ သူခုနက ကုအန်ရှေ့က၀င်ကာပေးလိုက်ခြင်းဆိုသည်မှာလည်း မသိစိတ်က အလိုလို အားနည်းသူကိုကာကွယ်ပေးလိုစိတ်ကြောင့် ဖြစ်သည်။
ထိုသို့သော သာမန်လူမျိုးကို အဘယ်ကြောင့် လုပိုင်ထျန်းက ဂိုဏ်းချုပ်နေရာ ပေးအပ်ချင်နေရသနည်း။
လုပိုင်ထျန်း၏အကြည့်ကိုရင်ဆိုင်ရင်း ကုအန် သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်၏။
“အဲ့ဒီလိုလည်း မဖြစ်သေးဘူးလေ ဂိုဏ်းချုပ် ကျွန်တော်တို့ ဆေးတောင်ကြားမှာ အချိန်တွေအကြာကြီးအတူတူရှိနေခဲ့တဲ့ အချိန်တွေကိုထောက်ပြီး ကျွန်တော့်ကိုညှာတာပေးပါဦး ကျွန်တော်တကယ်ပဲဒီပြဿနာတွေကြားဝင်မပါချင်ဘူး ကျွန်တော်က အေးအေးချမ်းချမ်းလေးပဲ ဆေးပင်တွေစိုက်ပျိုးနေချင်တာပါ”
ထိုစကားကိုကြားသောအခါ လုပိုင်ထျန်းမျက်မှောင်ကြုံ့သွားခဲ့သည်။
ဘယ်သူမှသူ့ကို မငြင်းရဲသော်လည်း ကုအန်မှာတော့ ငြင်းနေသည်မှာ တစ်ခါပင် မကတော့ပေ။
ကုအန် ဆက်ပြောလိုက်၏။
“ဒုဂိုဏ်းချုပ်ပြောတာတော့ ဂိုဏ်းချုပ်က ကျင့်ကြံခြင်းတစ်ခုတည်းကိုပဲ စိတ်နှစ်ထားတာဆို ဂိုဏ်းချုပ်ကျွန်တော့်ကို ဂိုဏ်းချုပ်ရာထူးလွှဲပြောင်းပေးချင်တာလည်း ဂိုဏ်းချုပ်တာ၀န်တွေကို ကျွန်တော်နဲ့ထားခဲ့ချင်လို့မဟုတ်လား ဒါဆိုရင် ဂိုဏ်းချုပ်ဘာလို့ အကြီးအကဲတွေရဲ့ အထက်မှာ နောက်ထပ်ရာထူးတစ်ခုမထားလဲ အဲ့ဒီရာထူးအတွက် အကန့်အသတ်ကို သုံးနေရာလို့ထားပေးလိုက် ပြီးရင် ဂိုဏ်းရဲ့ ကိစ္စကြီးငယ်မှန်သမျှကို သူတို့သုံးယောက်ကို လွှဲပေးထားလိုက် အဲ့ဒီသုံးယောက်ကိုလည်း အကြီးအကဲတွေကရွေးချယ်ပေးပြီး သူတို့က ဂိုဏ်းချုပ်အောက်မှာပဲရှိရမယ်
နောက်ပြီး ဂိုဏ်းချုပ်နေရာကိုလည်း သူတို့၃ယောက်ထဲကပဲ ရွေးမယ်လို့ သတ်မှတ်ထားလိုက် ဒါဆို အကြီးအကဲခန်းမလည်း ဆန့်ကျင်မှာမဟုတ်တော့ဘူး”
ထိုစကားကိုကြားသောအခါ လုပိုင်ထျန်း ကုအန်ကို စိုက်ကြည့်လိုက်ပြီး ဘာမှမတုန့်ပြန်ခဲ့ပေ။ ထို့နောက် သူ့အကြည့်သည် အန်းဟောင်ဆီရောက်သွားခဲ့၏။
“မင်းနာမည်ကဘယ်သူလဲ မင်းနဲ့ချူထျန်းချီပတ်သက်မှုက ဘယ်လိုလဲ” လုပိုင်ထျန်မေးလိုက်သည်။
အန်းဟောင် ချက်ချင်း လက်သီးဆုပ်အရိုအသေပေးလိုက်ပြီး ဖြေလိုက်၏။
“ကျွန်တော့်နာမည်ကအန်းဟောင်ပါ အသက်က ၁၆နှစ်ပါ ကျွန်တော်အဓိပတိဂိုဏ်းကို ရောက်တာ ၃နှစ်ေကျာ်ပဲရှိပါသေးတယ် ချူထျန်းချီကတော့ ကျွန်တော့်ဆရာပါ”
ထိုကောင်လေးသည် ညဏ်ကောင်းလှေပသည်။ ဖ
သူ့အသက်နှင့် ဂိုဏ်းသို့၀င်ခဲ့သည့်အချိန်ကို တမင်ထည့်ပြောသွားခဲ့၏။
သူ့အသက်ကိုပြောလိုက်ခြင်းကြောင့် သူ့ပါရမီကို ထင်ရှားသွားစေပြီး ဂိုဏ်းသို့၀င်သည့်အချိန်ကိုပြောလိုက်ခြင်းဖြင့် သူနှင့် ချူထျန်းချီကြားဆက်ဆံရေးသည် ထိုမျှမနက်ရှိုင်းကြောင်းအသိပေးလိုက်ခြင်းဖြစ်သည်။
ကုအန်လည်း အကယ်၍ လုပိုင်ထျန်းသာ အန်းဟောင်ကို သတ်ရန်ဆန္ဒရှိပါက သူလည်း၀င်ပါတော့မည်ဟု ဆုံးဖြတ်ထားခဲ့သည်။
အရိုးသားဆုံးပြောရလျှင် ဘယ်လိုပဲကြည့်နေနေ လုပိုင်ထျန်းသည် ဂိုဏ်းချုပ်နေရာနှင့် သင့်တော်သူတစ်ယောက်မဟုတ်ပေ။ သို့သော် ချူထျန်းချီ၏ လုပ်ရပ်များမှာမူ သူ့ထက်ပင် ပိုဆိုးနေသေးသည်။
“အန်းဟောင် မင်းကအဲ့ဒီကောင်းကင်စိတ်ဝိညဉ်အမြစ်ပိုင်ရှင်လား ဂိုဏ်းထဲ၀င်ပြီးမကြာခင် အကြီးအကဲခန်းမက ခေါ်သွားခဲ့တာလေ” ကုအန်တခုခုကိုမှတ်မိသွားဟန်ဖြင့် ၀င်ပြောလိုက်၏။
အန်းဟောင်ခေါင်းညိတ်ပြလိုက်ပြီး မာနလည်းကြီးးမနေသလို နှိမ့်ချ၍လည်းနေမနေသော ပုံစံဖြင့် လုပိုင်ထျန်းကို ကြည့်နေလိုက်သည်။
လုပိုင်ထျန်း အန်းဟောင်ကို အကဲခတ်လိုက်ပြီး ပြောလိုက်၏။ “ငါကမင်းကို ငါ့တပည့်ဖြစ်စေချင်ရင် မင်းကငါ့တပည့်ဖြစ်ဖို့ ဆန္ဒရှိမှာလား”
အန်းဟောင် အမြန်ပြန်ဖြေလိုက်သည်။ “ဒါပေါ့ ကျွန်တော်ဆန္ဒရှိပါတယ် ဒါပေမယ့် ကျွန်တော် ကျွန်တော့်ဆရာကိုတော့ပြန်မတိုက်ခိုက်နိုင်ပါဘူး သူနဲ့ကျွန်တော်က အကြိမ်နည်းနည်းပဲတွေ့ခဲ့ဖူးတာဆိုပေမယ့် ဆရာတပည့်ဆိုတဲ့ ဆက်ဆံရေးက ရှိနေတုန်းပါပဲ”
တစ်ယောက်ယောက်၏ အမိုးအောက်တွင် ရှိနေလျှင် ဦးခေါင်းကို ညွတ်ထားရပေမည်။
အန်းဟောင် လုပိုင်ရှင်းကို အလွန်သတိထားနေခဲ့သည်။ ခုနက လုပိုင်ထျန်းသုံးလိုက်သော သိုင်းမှာ အလွန်မိစ္ဆာဆန်လှပြီး မိစ္ဆာကျင့်ကြံသူများနှင့်ပင် တူနေခဲ့၏။
ထို့ကြောင့် သူအသက်ဆက်ရှင်အောင် ကြိုးစားရပေမည်။
ချူထျန်းချီ ကဘာမလို့လဲ!
သူ့တွင် စစ်မှန်သော ဆရာသခင်တစ်ယောက်သာ ရှိပေသည်။
လုပိုင်ထျန်းရယ်မောလိုက်ကာ လှေကားပေါ်မှဆင်းလာခဲ့ပြီး ကုအန်နှင့် အန်းဟောင်တို့ဆီ ရောက်ရှိလာခဲ့၏။
“အခုကစပြီး အန်းဟောင်မင်းက ငါ့ရဲ့တိုက်ရိုက်တပည့်ပဲ ကုအန်ကတော့ ငါ့ကိုဆရာမတင်ချင်ဘူးဆိုလည်း အတင်းတိုက်တွန်းမနေတော့ပါဘူး ဒီကိစ္စတွေပြီးသွားလို့ လိုတာတစ်ခုခုရှိရင် မင်းငါ့ကို အချိန်မရွေးလာရှာနိုင်တယ် ငါလည်းမင်းဆေးတောင်ကြားကို မကြာခဏလာလည်ပါဦးမယ်”
လုပိုင်ထျန်း ပြေပြေပြစ်ပြစ်ပြောလိုက်ပြီး သူ့ပုံစံသည်ခုနကလိုဟုတ်မနေတော့ဘဲ ကြင်နာတတ်သော အကြီးအကဲတစ်ယောက်လိုပင် ဖြစ်နေခဲ့သည်။
ထို့နောက် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ကာ ကုအန်တို့အား စိတ်ဝိညဉ်စွမ်းအားသုံး၍ အဝေးသို့ တွန်းထုတ်လိုက်၏။
အန်းဟောင် မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူသည် တိမ်မည်းတစ်ခုပေါ်တွင်ရပ်နေပြီး သူ့ဘေးတွင် လုပိုင်ထျန်းနှင့် ကုအန်တို့ရှိနေသည်ကို တွေ့လိုက်ရသည်။
လုပိုင်ရှန်း၏ ကိုယ်မှကြောက်စရာကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသောကြောင့် အောက်ရှိကျင့်ကြံသူများ မိုးကြိုးတိမ်တိုက်များပေါ်သို့ မော့ကြည့်လိုက်ကြ၏။
ထိုစဉ် လုပိုင်ထျန်း လက်ညှိုးဖြင့်ညွှန်လိုက်ကာ စိတ်ဝိညဉ်စွမ်းအင်တစ်ခု သူ့လက်ညှိုးမှထွက်ပေါ်လာခဲ့ပြီး ၁၀မိုင်အကွာရှိ နတ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူကို လှမ်း၍ ရှင်းလင်းလိုက်လေသည်။
စိတ်ဝိညဉ်စုစည်းခြင်းလက်ချောင်း!
လုပိုင်ထျန်းလက်ချောင်းသိုင်းထုတ်သောအခါ ကုအန်လို ကြောက်စရာကောင်းသောအသံများထွက်ပေါ်မလာသော်လည်း စွမ်းအားမှာတော့ ကုအန်သိုင်းအောက် မလျော့ပေ။
လင်းပိုင်ထျန်း မိုးကြိုးတိမ်တိုက်များပေါ်မှနေပြီး မိစ္ဆာများကို လက်ညှိုးသိုင်းဖြင့် တစ်ကောင်တစ်ချက် သတ်ဖြတ်နေခဲ့၏။
အန်းဟောင်မှာမူ ကြောင်အနေခဲ့သည်။
ဒါဘာမှော်သိုင်းကြီးလဲ!
လုပိုင်ထျန်း၏အရှိန်အဝါသည် ပိုမိုသန်မာလာခဲ့ပြီး သူ့ကျင့်ကြံခြင်းလည်း ပိုမြင့်လာသည်ကို ကုအန် ခံစားနေခဲ့ရ၏။
မြေပြင်မှလူများသည် တစ်စပြီးတစ်စ လုပိုင်ထျန်းကို သတိထားမိလာကြပြီး မိစ္ဆာကျင့်ကြံသူများ တုန်လှုပ်နေကြသောကြောင့် အဓိပတိဂိုဏ်းသားများ စိတ်အားတက်ကြွလာခဲ့သည်။
“သူကဘယ်သူလဲ စွမ်းအားကြီးလိုက်တာ”
“နေဦး အဲ့တာအရင်ဂိုဏ်းချုပ်ဟောင်းမလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“မင်းပြောတာ ဂိုဏ်းချုပ်လုလား သူကဂိုဏ်းချုပ်လုလား”
“ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ရာချီသတ်ခဲ့တဲ့မိစ္ဆာက လက်ညှိုးတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလား သူကဘယ်လို ကျင့်ကြံဆင့်မျိုးကြီးလဲ”
“ဒီအရှိန်အဝါက ….ဘုရားဘုရား”
လုပိုင်ထျန်း ပြန်ရှင်လာသောသတင်းသည် မိစ္ဆာများကြားတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ မိနစ်၃၀အတွင်း ဂိုဏ်းထဲရှိ တိုက်ပွဲမြေပြင်တိုင်းတွင် လုပိုင်ထျန်းအသက်ပြန်ရှင်လာကာ သတ်ဖြတ်နေသော သတင်းက ပျံ့နှံ့သွားခဲ့၏။
အခြားအတွင်းစည်းဂိုဏ်းထဲတွင်
မိစ္တာကျင့်ကြံသူတစ်စုသည် အပျက်အဆီးများကြားထဲ၌ အစီအရင်စင်မြင်တစ်ခု တည်ဆောက်နေခဲ့သည်။ သူတို့ထဲမှ ခေါင်းဆောင်ဖြစ်ဟန်ရသော ခရမ်းရောင်၀တ်စုံ၀တ် အမျိုးသမီးသည် သူ့တပည့်များကို မေးလိုက်၏။
“မိစ္တာသခင် ရှုလျန်ဘယ်မှာလဲ သူကဘာလို့အစီအရင်တည်ဆောက်လို့မပြီးသေးတာလဲ”
ဘယ်သူမှသူ့မေးခွန်းကို ပြန်မဖြေနိုင်ခဲ့ကြပေ။ ကောင်းကင်ပျက်သုဉ်းဂိုဏ်း၏ တပည့်များသည် အဝေးကြီးရှိ ကြောက်မက်ဖွယ် အရှိန်အဝါကြီးကို ခံစားမိနေကြပြီး ကြောက်ရွံ့မိနေကြသည်။
ဆန်းကြယ်တောင်ကြားရှိယန်နီ လီယနှင့် အခြားသူများလည်း ထိုအရာကို သတိထားမိခဲ့ကြသည်။
တောင်ထိပ်ပေါ်တွင်ရပ်နေရင်း လီယမျက်မှောင်ကြုံ့သွားကာ မေးလိုက်၏။
“အဲ့တာကဘာအဆင့်လဲ”
ယန်နီလည်း သေချာမသိသောကြောင့် ပြန်မဖြေခဲ့ပေ။
သို့သော် သူထိုအရာကို မအံ့ဩမိပေ။ သမိုင်းတစ်လျှောက်လုံးတွင် အဓိပတိဂိုဏ်းသည် အန္တရာယ်များကို ပြောင်းပြန်လှန်ပစ်ခဲ့နိုင်ပြီး အမြဲရှင်သန်ကျန်ရစ်ခဲ့သောဂိုဏ်းဖြစ်သည်။ အခုထိ ဘယ်ဂိုဏ်းမှ အဓိပတိဂိုဏ်းလို နှစ်ပေါင်းများစွာ မတည်ရှိနိုင်သေးပေ။
…
ထျန်းယတောင်ကြားတွင်
လီရွှမ်တောက် လုရှန် ယိလျူယွမ်နှင့် လျူဟွမ်တို့ တောင်ထိပ်တွင် ဘေးချင်းကပ်ရပ်နေခဲ့ကြပြီး အဓိပတိဂိုဏ်းရှိရာအရပ်သို့ ကြည့်ရှုနေခဲ့ကြသည်။
“ကြမ္မာဖီဆန်နတ်သိုင်း တကယ့်ကို စိတ်ကူးလို့မရလောက်အောင်ပါပဲ ဒီခေတ်ရဲ့ အကျော်ကြားဆုံး အသိအမှတ်လောက်စရာသိုင်းဆိုတဲ့အတိုင်းပါပဲလား” လီရွှမ်တောက် အသတ်အမှတ်ပြုလိုက်၏။
ယိလျူယွမ် ထေ့ငေါ့လိုက်သည်။ “ဘာကို အသိအမှတ်ပြုလောက်စရာသိုင်းကမှာလဲ အဲ့တာမိစ္ဆာသိုင်းဆိုတာ ထင်ရှားနေတာပဲ နောက်ပြီး အဓိပတိဂိုဏ်းအတွင်းက အကျင့်ပျက်ခြစားမှုတွေဆိုတာကလည်း သူ့လက်ထက်ကစခဲ့တာ”
လုရှန် ခေါင်းညိတ်ကာ ပြောလိုက်၏။ “အဲ့ဒီအဖိုးကြီးရဲ့ ဟန်ဆောင်သေဆုံးခြင်းက အဓိပတိဂိုဏ်းကိုသန့်စင်ပြီး မိစ္ဆာလမ်းစဉ်ကို တိုက်ခိုက်ဖို့ တမင်အကွက်ချထားတာလို့ ကျွန်တော်တွက်မိတယ် အဲ့တာသူ့ရဲ့ပုံစံပဲ အရမ်းမာနကြီးတယ် သူ့ရဲ့ကျင့်ကြံခြင်းနဲ့ဆို ဘယ်လိုကမောက်ကမအေခြအနေမျိုးကိုမှကြောက်နေမှာမဟုတ်ဘူး”
လုပိုင်ထျန်းအကြောင်းပြောသောအခါ လုရှန်လေသံသည် ရှုပ်ထွေးနေခဲ့သည်။
“တကယ်လို့ အဲ့ဒီပုဂ္ဂိုလ်သာ ဒီနားမှာရှိနေရင် လုပိုင်ထျန်းအတွက်ခက်ခဲမှာပဲ” ယိလျူယွမ် သက်ပြင်းချကာ ၀င်ပြောလိုက်၏။
လီရွှမ်တောက်မှာတော့ အဝေးဆီသို့သာ ကြည့်နေခဲ့ပြီး သူ့မျက်လုံးများမှာ ပိုမိုနက်ရှိုင်းလာခဲ့သည်။
အချိန်အတော်ကြာပြီးနောက်
လီရွှမ်တောက် အချိန်အတန်ကြာ တိတ်ဆိတ်နေသည်ကို တွေ့သောကြောင့် လုရှန်ပြောလိုက်၏။
“အရှင်မင်းကြီး စိတ်မပူပါနဲ့ အဲ့ဒီအဖိုးကြီးက သန်မာပေမယ့် သူ့ပါရမီက ကျွန်တော့်လောက်မကောင်းပါဘူး ကျွန်တော့်ကိုအချိန်သာပေး ကျွန်တော်သူ့ကို ကျော်တက်ပြမယ်”
လီရွှမ်တောက် ရယ်မောလိုက်ကာ “ဒါဆိုရင်တော့ မင်းကြိုးစားကျင့်ကြံရမယ် ငါကအမြဲတော့စောင့်မနေနိုင်ဘူး”
“ကျွန်တော် တစ်သားတည်းဖြစ်ခြင်းအဆင့်ကိုထိတွေ့နိုင်တဲ့နေ့ အဲ့ဒီအဖိုးကြီးရဲ့ခေါင်းကိုယူလာပြီး အရှင်မင်းကြီးဆီ ဆက်သပါ့မယ်”
လုရှန် ယုံကြည်ချက်ရှ်ိရှိပြောလိုက်လေသည်။
……
ညနေချိန်တွင်
ကုအန် တတိယတောင်ကြား၏ မြက်ခင်းပေါ်ဆင်းသက်လာခဲ့ပြီး ထွက်ခွာသွားသော လုပိုင်ထျန်းနှင့် အန်းဟောင်တို့ပုံရိပ်ကို ကြည့်ရှုနေခဲ့၏။
ကုအန် လုပိုင်ထျန်းတို့နှင့်လိုက်၍ မိစ္ဆာပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ သို့သော် ကုအန်သည် ဂိုဏ်းချုပ်မဖြစ်ချင်ဘူးဟုငြင်းလိုက်သောကြောင့် လုပိုင်ထျန်းသူ့အား ဘာဆက်ဖြစ်မည်ဆိုတာ ဆက်မပြတော့ဘဲ တောင်ကြားထဲ ပြန်ပို့လိုက်ခြင်း ဖြစ်၏။
လဲ့ကျန်းမှလွဲ၍ လုပိုင်ထျန်း မည်သည့်တစ်သားတည်းဖြစ်ခြင်းအဆင့်နဲ့မှ ထပ်မတွေ့တော့သော်လည်း လုပိုင်ထျန်းပြသခဲ့သော ခွန်အားသည် ကြောက်စရာကောင်းသည်ဟု ကုအန်ခံစားနေခဲ့ရသည်။
လက်ရှိ သူတို့နှစ်ယောက်တွင် ဆက်ဆံရေးကောင်းရှိသော်လည်း ထိုဆက်ဆံရေး ပြတ်တောက်သွားလျှင် မည်သို့လုပ်မည်နည်း။
လုပိုင်ထျန်းသည် အခုသာမဟုတ်ဘဲ အကြီးအကဲထျန်းအဖြစ် အသွင်ယူထားစဉ်ကတည်းက အားကောင်းသောသတ်ဖြတ်ခြင်းဆန္ဒများ ပိုင်ဆိုင်သည်ကို ကုအန်ခံစားမိခဲ့၏။
ထိုလူသည် သူ၏မူလဗီဇကို ကောင်းကောင်းဖုံးကွယ်ထားနိုင်သောကြောင့် အလွန်ပင်ကြောက်စရာကောင်းလှသည်။
တွေးနေရင်း ကုအန် သူ့နားရှိဆေးပင်များကို စစ်ဆေးနေခဲ့၏။
မကြာခင်တွင် သူ့ဘေးသို့ ပုံရိပ်တစ်ခုရောက်လာခဲ့ပြီး ထိုပုံရိပ်မှာ ရှန်းကျန်မှလွဲ၍ အခြားသူမဟုတ်ပေ။
“နင့်ကိုခုနက လိုက်ပို့တဲ့လူက ဂိုဏ်းချုပ်ဟောင်းလုပိုင်ထျန်းမဟုတ်လား” ရှန်းကျန် စိတ်လှုပ်ရှားနေဟန်ဖြင့် စိတ်၀င်တစားမေးလိုက်၏။
ကုအန်ခေါင်းညိတ်ပြကာ ပြန်မေးလိုက်သည်။
“ဘာလို့လဲ အရမ်းစိတ်၀င်စားလို့လား”
“ဒါပေါ့ သူကကျွန်မအဖေတစ်ဘ၀လုံးရန်သူလို့ သတ်မှတ်ထားတဲ့လူလေ ဒါနဲ့သူဘယ်လို ပြန်ရှင်လာတာလဲ နင်သူ့နောက်ကလိုက်လာတော့ ထူးခြားတစ်ခုခုမြင်မိသေးလား” ရှန်းကျန် စိတ်လှုပ်ရှားစွာပြောလိုက်ပြီး စာရွက်နှင့်စုတ်တံပင် ထုတ်လိုက်၏။
ကုအန် သူမကို မျက်လုံးလှန်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“အစ်မကြီး ညဏ်နည်းနည်းလောက်သုံးပေးလို့ မရဘူးလား အစ်မကြီးက သတ္တိရှ်ိပေမယ့်ကျွန်တော်မျိုးကကြောက်တယ်လေ ကျွန်တော်အစ်မကြီးကို အဲ့လိုတွေပြောပြလိုက်ရင် ဂိုဏ်းသစ္စာဖောက်ဖြစ်သွားမှာပေါ့”
ကုအန် ဘယ်လိုပင်ပြောနေနေ ရှန်းကျန်အရှုံးမပေးဘဲ ကုအန်နောက်လိုက်၍ အပူကပ်နေခဲ့၏။
“နင်ငါ့နောက်ဆက်လိုက်နေရင် ငါဆေးတောင်ကြားသူရဲကောင်းခရီးသွားမှတ်တမ်းဆိုတဲ့စာအုပ်ရေးတော့မှာနော် အဲ့ဒီစာအုပ်မှာ နင်ကဇာတ်လိုက်မင်းသားပထမဆုံးတွေ့တဲ့ အမျိုးသမီးပဲ နောက်ပြီးနင်ဆွဲတာထက် ပိုအသက်၀င်တဲ့ ပုံတွေပါထည့်ဆွဲမှာ” ကုအန် သူမကိုကြည့်ကာပြောလိုက်သည်။
သူ့စကားကို ကြားသောအခါ ရှန်းကျန်မျက်နှာ ရဲတက်သွားခဲ့၏။ ထို့နောက် ကုအန်ကိုကြည့်ကာ ခြေဆောင့်လိုက်ပြီး လှည့်ထွက်သွားလေတော့သည်။
ကုအန် ဘာကြောင့် သူမသူ့ကိုဆူငေါက်မသွားရသလဲဆိုတာ အံ့ဩနေမိ၏။
သူမပုံစံမှာ စိတ်ဆိုးနေပုံမပေါ်ပေ။
ကုအန်ခေါင်းယမ်းလိုက်ကာ ဆေးတောင်ကြားကိုသာ ဆက်၍ စစ်ဆေးနေလိုက်သည်။
နေ၀င်ကာ လထွက်လာခဲ့၏။
ထိုညသည်အဓိပတိဂိုဏ်းအတွက် ငြိမ်းချမ်းသောည မဟုတ်ပေ။ ကုအန်ဆန်းကြယ်တောင်ကြားသို့ ဖြတ်သွားသော အားကောင်းသည့် နတ်အာရုံကြီးများကို မကြာခဏဆိုသလို ခံစားနေခဲ့ရသည်။ အဓိပတိဂိုဏ်းထဲတွင်မူ မိစ္ဆာချီများ အားနည်းသွားခဲ့ပြီး အဓိပတိဂိုဏ်းသည် စစ်ပွဲတွင် အသာရသွားပုံ ပေါ်နေ၏။
လရောင်အောက်တွင် နှင်းမှုန်များ ကျဆင်းနေခဲ့လေသည်။
ကုအန်နှင့် လီယတို့ တံခါး၀ရှိ လှေကားတွင်ထိုင်ကာ အဓိပတိဂိုဏ်း၏သမိုင်းအကြောင်း ပြောဆိုနေခဲ့ကြသည်။ ပုံမှန်အားဖြင့် လီယမှာသာဒိုင်ခံပြောနေသူဖြစ်ပြီး ကုအန်က သိချင်သည်များကိုသာ၀င်၍ မေးမြန်းတတ်၏။
အာရုံတက်ချိန်ရောက်မှသာ အတွင်းစည်းဂိုဏ်းတံဆိပ်ပြားထဲမှ ဆင့်ခေါ်စာအမိန့်ရောက်လာခဲ့၍ လီယ မဖြစ်မေန အတွင်းစည်းဂိုဏ်းထဲသို့ ပြန်သွားခဲ့ရသည်။
လီယထွက်သွားသောအခါ ကုအန် ယန်နီ့ကိုရှာကာ အသံပို့လိုက်၏။
“အဓိပတိဂိုဏ်းစစ်ပွဲက ပြီးတော့မှာ စီနီယာမပြန်သေးဘူးလား”
ယန်နီ ကုအန်ကို ကြည့်ကာ အသံပြန်ပို့လိုက်သည်။
“ငါနင့်ကို စစ်ပွဲပြီးတဲ့အထိပဲကာကွယ်မှာလို့ ပြောမိလို့လား”
“ဘာကိုဆိုလိုတာလဲ”
“အခုကစပြီး ငါကနင့်ဘေးနားမှာပဲနေမှာ အဲ့တာက လီရွှမ်တောက်ရဲ့ ဆန္ဒပဲ”
“တကယ်လား”
“နင်သိချင် သူ့သွားပြန်မေးလေ”
ကုအန် တခဏတိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် အသံထပ်ပို့လိုက်၏။ “အရှင်မင်းကြီးက အရမ်းစွမ်းအားကြီးတယ်လား”
ကုအန် လီရွှမ်တောက်အပေါ် အခြားသူများ၏အမြင်ကို သိချင်နေခဲ့သည်။
လီရွှမ်တောက်သည် အမတဧကရာဇ်တစ်ပါးဖြစ်လိုခြင်းဖြစ်ပြီး လက်ရှိတွင် အမတကျင့်ကြံခြင်ဂိုဏ်းများက သူ့ကိုဖိနှိပ်ထားခဲ့ကာ ထိုကျင့်ကြံခြင်းဂိုဏ်းများထဲတွင်လည်း လုပိုင်ထျန်းမှာ အသန်မာဆုံး ဖြစ်နေ၏။
ထိုအချိန်တွင် လီရွှမ်တောက်က လုပိုင်ထျန်း၏သား လုရှန်ကို သူ့ဘက်တွင် သိမ်းသွင်းထားခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ယောက်ဧ။် ထိပ်တိုက်ရင်ဆိုင်ရမှုသည် ရှောင်လွှဲ၍ မရနိုင်ပေ။
လီရွှမ်တောက်၏ပါရမီနှင့် ဆိုပါက အနာဂတ်တွင် လုပိုင်ထျန်းနှင့်ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပေ။
သူ့ဖော်ပြထားသော ကျင့်ကြံခြင်းအဆင့်မှာလည်း ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သာဖြစ်လေရာ လုပိုင်ထျန်း သူကျင့်ကြံခြင်းအဆင့်မြင့်မလာခင် လာရောက်တိုက်ခိုက်ခြင်းမှ ကာကွယ်နိုင်သေးသည်။
ထိုအရာသည် အာဏာပိုင်များနှင့် အမတများကြားမှ ထိပ်တိုက်ရင်ဆိုင်မှုသာ မဟုတ်ပါလား။
“ကျင့်ကြံခြင်းကတော့ သာမန်ပဲ ဒါပေမယ့် နန်းတွင်းရေးရာကိစ္စလှည့်ကွက်တွေမှာတော့ တကယ်ပဲကြောက်စရာကောင်းတယ်” ယန်နီ့အသံသည် ထေ့ငေါ့ဟန်ပေါက်နေပြီး လီရွှမ်တောက်၏ သိက္ခာမဲ့မှုများကို မကျေမနပ်ဖြစ်နေသည်မှာ ထင်ရှား၏။
ကုအန်ထပ်ပြောဖို့ ပြင်လိုက်ချိန်တွင် တစ်ခုခုကိုအာရုံခံလိုက်မိပြီး ပြောလိုက်သည်။
“ကျွန်တော့်ဆေးတောင်ကြားကို နေ့တစ်၀က်လောက်စောင့်ရှောက်ထားပေးပါဦး ကျွန်တော်အပြင်စည်းမြို့ကို သွားစရာရှိလို့”
အနီးတစ်ဝိုက်ရှိ ပိုက်ကိုဖောက်၍ ထွက်လာခဲ့သော မိစ္ဆာကျင့်ကြံသူများ ရှိနေကြလေပြီ!
အပိုင်း(၉၀)
ဂုဏ်သိက္ခာမျှော်စင်
ပုံမှန်အားဖြင့် ကုအန် မိစ္ဆာကျင့်ကြံသူများကို တတ်နိုင်သလောက် ရှောင်ပါသော်လည်း တစ်ယောက်မှာတော့ ခြွင်းချက်ဖြစ်ပေသည်။
ထိုတစ်ယောက်မှာ ရှုကျဲဖြစ်၏။
ရှုကျဲသည် ကျိရှောင်ယုအား မိစ္ဆာစစ်တပ်ကြီးခေါ်လာပြီး သတ်ပစ်ဖို့ ကြိုးစားခဲ့ကာ သူ၏စွမ်းအားမှာ ကုအန်ကိုပင် အံ့အားသင့်သွားစေခဲ့သည်။
ဆန်းကြယ်တောင်ကြားမှ ထွက်ခွာသွားသောအခါ ကုအန် အပြင်စည်းမြို့ရှိရာအရပ်သို့ ပျံသန်းသွားခဲ့၏။ လမ်းတွင် သူမဟာယင်ယန်အသွင်ပြောင်းခြင်းကို သုံးပြီး မိစ္ဆာအရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်ပြီး အဆုံးအစမဲ့ဆန်းကြယ်ကောင်းကင်ခြေလှမ်းကိုသုံးကာ တောအုပ်ထဲ ပျောက်ကွယ်သွားခဲ့သည်။
ဆန်းကြယ်တောင်ကြားနှင့် မိုင်၂၀၀ခန့်ဝေးသော တောအုပ်ထဲတွင် ရှုကျဲ သစ်ပင်တစ်ပင်အောက်၌ ထိုင်နေခဲ့၏။ သူ့ဆံပင်များသည် ရှုပ်ပွနေပြီး သူ့အနက်ရောင်အ၀တ်အစားများမှာလည်း စုတ်ပြဲနေကာ သူ့ပုံစံမှာ အတော်လေးသနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေခဲ့သည်။
သို့သော် အလံသေးသေးလေးများမှာ သူ့အနားတွင်ဝဲပျံနေပြီး သူ့ကိုယ်အားအကာအကွယ်လွှာ တစ်ခုဖြင့် ဖုံးအုပ်ပေးထားခဲ့၏။
ထိုစဉ် ၀မ်းယင်ဂိုဏ်း လက်ထောက်ဂိုဏ်းချုပ်၏ မျက်နှာရုတ်ချည်းပြောင်းလဲသွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ သူအန်ထုတ်လိုက်သော သွေးများသည် ရှေ့မှမြက်ခင်းပေါ်သို့ ကျရောက်သွားသောအခါ မြက်ခင်းတွင် မီးခိုးနက်များပင် ထွက်လာခဲ့၏။
“သေစမ်း ကျိမိသားစု…”
ရှုကျဲအံတင်းတင်းကြိတ်၍ ပြောလိုက်ပြီး သူ့အသံမှာ အမုန်းများဖြင့် ပြည့်နှက်နေခဲ့သည်။
ကျိချန်း လိုက်ဖမ်းခြင်းကို ခံနေရစဉ်တွင် နောက်ထပ် ကျိမိသားစုမှ ကျင့်ကြံသူတစ်ယောက်က သူ့ကိုဝင်တိုက်ခိုက်ခြင်းဖြစ်ပြီး နှစ်ယောက်ဝိုင်းတိုက်ခံရသောကြောင့် သူ့အသက်ကို ဆုံးရှုံးရမလိုပင် ဖြစ်သွားခဲ့ရ၏။
မိစ္ဆာလမ်းစဉ်၏ ရွက်ဝါတစ်ထောင်မျှော်စင် ရှေးဟောင်းကောင်းကင်ဂိုဏ်း ၀မ်းယင်ဂိုဏ်း ကောင်းကင်ပျက်သုဉ်းဂိုဏ်းနှင့် အအေးအဆိပ်တောင်ကြားတို့ စုပေါင်းထားသောအင်အားသည် တစ်ရက်တည်းနှင့်ပင် ဖြိုခွဲခံလိုက်ရသောကြောင့် ရှုကျဲ၏ နှလုံးသားထဲတွင် အဓိပတိဂိုဏ်း၏ခွန်အားကို ဖြုံသွားခဲ့ရသည်။
ရှုကျဲ ကျိမိသားစုအကြောင်း ကိုတွေးမိသောအခါ သူ့ဂိုဏ်းထဲရှိ ကျိမိသားစု၀င်များကိုပင် ချက်ချင်းပြန်၍ သတ်ချင်သွားခဲ့၏။
သို့သော် ကျိမိသားစု၏ ခွန်အားကိုတွေးမိသောအခါ သူသက်ပြင်းသာ ချလိုက်မိသည်။
မေ့လိုက်တော့!
နည်းနည်းလေးထပ်သည်းခံလိုက်တာပေါ့!
တစ်နေ့မှာ ကျိမိသားစု၀င်အကုန်လုံးကို သုတ်သင်ပစ်မယ်!
ရှုကျဲအတွေးနွံနစ်နေစဉ်တွင် တောအုပ်ထဲ လေပြင်းတစ်ခုတိုက်ခတ်လာသောကြောင့် မသိစိတ်က အလိုလို လှည့်ကြည့်လိုက်မိ၏။
ဝုန်းးးး
ထိုစဉ် သူ့ကို၀န်းရံထားသော ၀င်္ကပါတစ်စစီပြိုကွဲသွားခဲ့ပြီး ခရမ်းရောင်ပုံရိပ်တစ်ခု သူ့ရှေ့တွင် ပေါ်ပေါက်လာခဲ့ကာ ထိုပုံရိပ်သည် လက်ညှိုးဖြင့် သူ့နားထင်ကို ထောက်ထားသောကြောင့် ရှုကျဲ လှုပ်မရတော့ပေ။
“မိစ္ဆာအရိပ်နတ်သိုင်း…စီနီယာက ရွက်ဝါတစ်ထောင်တောင်ကြားက ဘယ်ဆရာကြီးများလဲ”
ရှုကျဲ အမူအရာရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး သတိထားနေဟန်ဖြင့် မေးလိုက်၏။
ထိုမျှစွမ်းအားကြီးသော တည်ရှိမှုတစ်ခုသည် ရွက်ဝါတစ်ထောင်မျှော်စင်တွင် ရှိနေသည်လော။
“ငါ့မှာ မင်းအတွက်မေးခွန်းတစ်ခုရှိတယ်” ကုအန် အသံဖျက်၍ မေးလိုက်သည်။
ထိုအခါမှ ရှုကျဲသက်ပြင်းချလိုက်နိုင်ပြီး ယဉ်ယဉ်ကျေးကျေးပြန်ဖြေလိုက်၏။ “စီနီယာ ကျေးဇူးပြုပြီး မေးပါ”
သေစမ်း..ရွက်ဝါတစ်ထောင်မျှော်စင်!
မင်းတို့ဂိုဏ်းကိုဖျက်ဆီးဖို့ ငါ့ဂိုဏ်းကိုခေါ်ပြီး လာခဲ့မယ်ကွ!
ရုတ်တရက် ကုအန် ရှုကျဲသည် ရှုရူယီ၏အဖေဖြစ်ပြီး သူ့သား ရှုရူယီသည် သူ့လက်ထဲတွင် သေသွားခဲ့ရမှန်း သတိရသွားခဲ့သည်။
“စိတ်မရှိပါနဲ့”
ကုအန်အသံထွက်ပေါ်လာပြီးသည့်နောက် သူ့လက်ချောင်းထဲမှ ဓားချီတစ်စထွက်ပေါ်လာပြီး ရှုကျဲ၏ နားထင်ကို ဖောက်ထွက်သွားခဲ့ကာ သူ၏ မူလဝိညဉ်ကိုလည်း အပြင်းအထန်ထိခိုက်သွားစေခဲ့၏။
ရှုကျဲ မျက်လုံးများ ပိတ်ကျသွားပြီး မြေပေါ်လဲကျမသွားခင် ကုအန် ဝိညဉ်ဖမ်းချုပ်ပညာကိုသုံး၍ မှတ်ညဏ်ရှာဖွေလိုက်သည်။
ကျန်းချောင်သင်ပေးခဲ့သော မှော်သိုင်းများမှာ အလွန်ပင် အသုံး၀င်လှ၏။
ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်၉ တစ်ယောက်၏ မှတ်ညဏ်များသည် အလွန်ကျယ်ပြန့်ပါသော်လည်း ကုအန်သည် မနေ့ကသူထုတ်သုံးခဲ့သော မိစ္ဆာစစ်တပ်နှင့်ပတ်သက်သည့် မှော်သိုင်းများကိုသာ ရှာဖွေခြင်းဖြစ်သောကြောင့် အချိန်သိပ်မကြာလိုက်ပေ။
မိနစ်သုံးဆယ်ကြာသောအခါ
ကုအန် လက်ပြန်ရုတ်လိုက်ပြီး ရှုကျဲ၏ခန္ဓာကိုယ်လည်း မြေပေါ် လဲကျသွားခဲ့သည်။
[သင်သည် ရှုကျဲ(ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်၉) ကို သတ်ဖြတ်ခဲ့ပြီး သက်တမ်း ၁၅၃နှစ် ရရှိခဲ့ပါသည်]
မဆိုးဘူး သက်တမ်းက များသားပဲ!
ထို့နောက်ကုအန် ရှုကျဲ၏ သိုလှောင်အိတ်ကိုယူကာ သူ့အလောင်းကို ပြာချပစ်လိုက်လေသည်။
ထိုအရာများလုပ်ပြီးမှသာ ကုအန် ထိုနေရာမှ ထွက်ခွာသွားခဲ့၏။
ကုအန်ဆန်းကြယ်တောင်ကြားကိုမပြန်ဘဲ အပြင်စည်းမြို့သို့သာ ဆက်သွားခဲ့သည်။
အပြင်စည်းမြို့အပြင်တွင် ဧရာမတောင်တန်းကြီးတစ်ခုရှိနေပြီး သေချာကြည့်ပါက ထိုအရာသည် တောင်တန်းမဟုတ်ဘဲ ဧရာမငှက်ကြီးတစ်ကောင်၏ အလောင်းဖြစ်မှန်း မြင်နိုင်၏။
ကောင်းကင်ဝါးမျိုအမှောင်ငှက်!
သူ့အလောင်းသည် မြေပေါ်တွင် လဲလျောင်းကျနေခဲ့ပြီး ပေပေါင်း ထောင်နှင့်ချီ၍ရှည်လျားကာ ဘေးရှိ တောင်တန်းများအားလုံးထက်ပင် မြင့်နေသေးသည်။
ကုအန် ဓားပျံကိုစီး၍ ငှက်အလောင်းကြီးကိုကြည့်နေရင်း သူ့မျက်လုံးထဲတွင် အံ့ဩမှုများဖြင့် ပြည့်နှက်နေခဲ့၏။
ဒီလောက်ကြီးတဲ့ ငှက်ကြီးက သူ့သာမန်နေ့တွေဆို ဘယ်မှာနေတာများလဲ!
ထိုက်ကန်မင်းဆက်သည် ထိုငှက်ကြီးများ ကျက်စားသည့်နေရာမဟုတ်ဟု ကုအန်ခံစားနေရသောကြောင့် မိစ္ဆာလမ်းစဉ်သည် ထိုငှက်ကြီးကို မင်းဆက်အပြင်မှ ဖမ်းဆီးလာခြင်းဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။
တိုက်ပွဲကြီးပြီးသည့်နောက် အပြင်စည်းမြို့၏လုံခြုံရေးသည် ပိုမိုတင်းကြပ်လာခဲ့ပြီး အ၀င်အထွက်မှန်သမျှကို တစ်ယောက်ချင်းစီ စစ်ဆေးနေခဲ့၏။
ကုအန် မြို့ထဲရောက်သောအခါ ရီလန့်ကို အရင်ရှာလိုက်သည်။
ထို့နောက် လမ်းပေါ်တွင်ကင်းလှည့်နေသော ရီလန်အား တွေ့လိုက်ရ၏။
“စီနီယာအစ်ကိုကြီး ဘာလို့လာတာလဲ” ကင်းလှည့်ရင်း တင်းမာနေသော ရီလန့်မျက်နှုပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်လာခဲ့ပြီး သူ့အဖော်များမှာလည်း သူ့အားထားကာ ထွက်သွားခဲ့ကြသည်။ သူတို့သည် ကုအန်ကို မြင်ဖူးပြီးသားဖြစ်ပြီး ကုအန်နှင့်ရီလန်တို့ကြား ဆက်ဆံရေးကိုလည်း သိကြ၏။
“ညီမလေးကို တွေ့ဖို့လာခဲ့တာ ဒဏ်ရာရမထားဘူးမဟုတ်လား”
ကုအန် မေးလိုက်ပြီး ရီလန်လည်း ဒဏ်ရာမရကြောင်းခေါင်းခါပြလိုက်ကာ မနေ့က အဖြစ်အပျက်ကိုပြောပြရန် အိမ်တစ်လုံးထဲသို့ ခေါ်သွားခဲ့သည်။
မနေ့က တိုက်ပွဲကြီးပြီးသွားသည့်နောက်တွင် အပြင်စည်းမြို့သည် အကြီးအကျယ်ထိခိုက်ခဲ့ရပြီး အဓိကထိခိုက်မှုများမှာ မြေအောက်ကမ္ဘာမိစ္ဆာဧကရာဇ်ကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။ သူသည် အပြင်စည်းမြို့ထဲရှိ ဝင်္ကပါများကို ဖျက်ဆီးပစ်ခဲ့သောကြောင့် အပြင်စည်းမြို့ထဲရှိ တိုက်ပွဲသည် အတော်လေး ခက်ခဲကြမ်းတမ်းသွားခဲ့သည်။
မြေအောက်ကမ္ဘာမိစ္ဆာဧကရာဇ်ထွက်ခွာသွားသော်လည်း သူ့ပုံရိပ်အရိပ်မည်းကြီးမှာ အပြင်စည်းမြို့သားများ၏ နှလုံးသားထဲတွင် ကျန်ရှိနေဆဲပင်။
သူ့စကားကိုကြားသောအခါ ကုအန် အမတကျင့်ကြံခြင်းကမ္ဘာကြီး၏ ရက်စက်ကြမ်းတမ်းမှုများကို ပို၍ပင် သိလာခဲ့ရသည်။
ကံကောင်းစွာဖြင့် သူ့ဂရုစိုက်သော သူများမှာ ထိခိုက်မသွားခဲ့ပေ။
ရီလန်နှင့် တခဏကြာ စကားပြောပြီးသည့်နောက် ကုအန် နှုတ်ဆက်စကားပြောကာ ထွက်ခွာလာခဲ့၏။
ထို့နောက် ကောင်းကင်ပြုပြင်စင်မြင့်သို့ သွားကြည့်လိုက်ရာ စင်မြင့်ပေါ်တွင် အရင်ကနှင့်စာလျှင် လူအတော်နည်းနေပြီး ဖြစ်ပြီး ကျန်သောသူများမှာလည်း ဒဏ်ရာရနေကြကြောင်းတွေ့လိုက်ရသည်။
သရဲမိခင်လည်း ထိုနေရာတွင်ရှိနေဆဲဖြစ်ကာ သူမခန္ဓာကိုယ်တွင် ဒဏ်ရာများနှင့် ပြည့်နေပြီး သူ့ပုံစံမှာ အဓိပတိဂိုဏ်းအတွက် ရွပ်ရွပ်ချွံချွံတိုက်ပွဲ၀င်ထားသည့် တကယ်တပည့်တစ်ယောက်လိုပင်။
ကြည့်ရသည်မှာ သူသည် မြေအောက်ကမ္ဘာမိစ္ဆာဧကရာဇ်တို့နှင့် တစ်ဖွဲ့တည်းဟုတ်ပုံမပေါ်ပေ။
ကောင်းကင်ပြုပြင်စင်မြင့်အား တခဏကြာ စစ်ဆေးပြီးသည့်နောက် ကုအန် ကျန်းချောင်ကို သွားရှာလိုက်သည်။
ကျန်းချောင်သည် စံအိမ်ထဲတွင် ရှ်ိနေဆဲ ဖြစ်၏။ ကုအန် တံခါးအား ပိတ်လိုက်ပြီး သူမကိုကြည့်လိုက်ကာ မေးလိုက်သည်။ “ဆရာဖွားဖွားပြောတော့ အပြင်စည်းမြို့က မထိခိုက်နိုင်ဘူးဆို”
ကျန်းချောင် ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း သူ့နှုတ်ခမ်းများ ဖြူဖျော့နေကာ ချီသွေးများလည်း မတည်မငြိမ်ဖြစ်နေပြီး သူ့ပုံစံသည် ဒဏ်ရာရထားသည့် ပုံပင်။
“အခြေအနေတွေက ပြောင်းလဲသွားတယ် ငါရထားတဲ့ သတင်းကမှားနေခဲ့တယ် ကြည့်ရတာ ရွက်ဝါတစ်ထောင်မျှော်စင်က ငါ့ကိုလည်း သံသယဖြစ်နေတဲ့ပုံပဲ” ကျန်းချောင် သက်ပြင်းချကာ ပြောလိုက်သည်။
သူ့စကားကိုကြားသောအခါ ကုအန်ပျော်သွားသလိုခံစားလိုက်ရပြီး ပြောလိုက်၏။ “ဒီလိုဆို ဘာလို့ အမှောင်ကိုစွန့်ပြီး အလင်းမ၀င်လိုက်တာလဲ ရွက်ဝါတစ်ထောင်မျှော်စင်နဲ့ ဆက်ပတ်သက်စရာ မလိုတော့ဘူးလေ”
သူ့တွင် သူလျှိုသရုပ်များစွာရှ်ိနေသောကြောင့် ကုအန်အနည်းငယ် စိတ်မလုံသလိုခံစားနေရပြီး သူထိုထဲမှ သရုပ်တစ်ခုခုကို ဖြုတ်ချလိုနေခဲ့သည်။
ကျန်းချောင်ခေါင်းခါကာ ပြန်ပြောလိုက်၏။
“အဲ့ဒီလောက်မလွယ်ဘူး”
ကုအန် သူ့ကိုနှစ်သိမ့်မနေတော့ဘဲ မေးလိုက်သည်။ “စကားမစပ် ဆရာသခင်ဓားအရှင်ပေါ်လာခဲ့သေးလား”
ကုအန် ဘယ်သူက ဆရာသခင်ဓားအရှင်ယောင်ဆောင်နေလဲဆိုတာ စိတ်၀င်စားနေခဲ့သည်။
“အတုကြီး အဲ့ဒီပုဂ္ဂိုလ်က ဆရာသခင်ဓားအရှင်လုံး၀မဟုတ်ဘူး အဓိပတိဂိုဏ်းထဲမှာ နှစ်ရာချီပုန်းနေတဲ့မိစ္ဆာလမ်းစဉ်က သူလျှိုတစ်ယောက်ပဲ သူ့ကို ဆရာသခင်ဓားသခင်လို့ထင်ပြီး မိစ္ဆာလမ်းစဉ်က သိပ်မစိုးရိမ်တော့ဘဲ စစ်ပွဲကိုစခဲ့တာ”
ကျန်းချောင် သူ့နားထင်ကို နှိပ်နှယ်နေရင်း ပြောလိုက်သည်။
ကုအန် အံ့ဩနေဟန်ဖြင့် ပြန်မေးလိုက်၏။ “မိစ္ဆာလမ်းစဉ်က လူတွေက အချင်းချင်းပြန်ထိခိုက်အောင် လုပ်နေတာလား ဒါမှမဟုတ် အဲ့ဒီလူက သူ့ကိုယ်သူငါးစားလုပ်လိုက်တာလား”
ကျန်းချောင် ခေါင်းခါကာ ပြန်ပြောလိုက်သည်။ “ငါလည်းမသေချာဘူး အခုတော့ ငါ့စိတ်တွေရှုပ်ထွေးနေတယ် ပြောနေကြတာတော့ ချူထျန်းချီက ထွက်ပြေးသွားပြီး လုပိုင်ထျန်းက ဂိုဏ်းချုပ်နေရာကို ပြန်ယူခဲ့တယ်တဲ့ အခုဂိုဏ်းထဲမှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့လည်း စီစဉ်နေကြတယ် ဒီရက်တွေထဲ နင်ငါ့ဆီခဏခဏမလာနဲ့တော့ ငါဒီစစ်ဆေးမှုကို ကျော်ဖြတ်ဖို့လိုတယ်
ဒီမနက်က ငါသတင်းတစ်ခုရခဲ့တယ် ဂိုဏ်းထဲမှာ အကြီးအကဲခန်းမထက်မြင့်တဲ့ ဂုဏ်သိက္ခာမျှော်စင်ကို တည်ဆောက်တော့မယ်တဲ့ ဆရာသခင်ဓားအရှင်က သူတို့ထဲကတစ်ယောက်ပဲ နောက်ပြီး ဂုဏ်သိက္ခာေမျှာ်စင်အတွက် ဂိုဏ်းချုပ်က အကြီးအကဲခန်းမက နောက်ထပ်သုံးယောက်ထပ်ရွေးလိမ့်မယ်”
“ဂုဏ်သိက္ခာမျှော်စင်က ဂိုဏ်းကိုပြန်အုပ်ချုပ်ပြီး ဂိုဏ်းမှာ မလျော်ကန်တဲ့အပြုအမူလုပ်တဲ့သူမှန်သမျှကို ရှင်းပစ်လိမ့်မယ်”
လုပိုင်ထျန်းသည် ကုအန်၏ အကြံညဏ်ကို နားထောင်ခဲ့လေသည်။
အကြံကောင်းများကို နားထောင်ခြင်းမှာ ကောင်းသောအရာပင်!
ကုအန် ထိုအကြံကို လုပိုင်ထျန်းနှင့် ညှိနှိုင်ချင်ရုံဖြင့် ပေးခဲ့ခြင်းမဟုတ်ပေ။ အမှန်တကယ်ပင် အဓိပတိဂိုဏ်းကို တိုးတက်စေလို၍ ပေးခဲ့ခြင်းဖြစ်၏။ လုပိုင်ထျန်းမှာ ဂိုဏ်းကိစ္စများကို မကိုင်တွယ်လိုလျှင် အခြားသူများကို ကိုင်တွယ်ခိုင်းလိုက်ခြင်းမှာသာ အကောင်းဆုံး ဖြစ်သည်။
ထို့နောက် ကျန်းချောင် သိုလှောင်အိတ်တစ်လုံးကို ထုတ်လိုက်၏။ ထိုထဲတွင် သူစုဆောင်ထားသမျှပိုင်ဆုိင်မှု၈၀ရာခိုင်နှုန်းဖြင့် လဲလှယ်ထားသော ဆေးပင်မျိုးစေ့များ ပါ၀င်ပေသည်။ ထိုအပင်များသည် အဆင့် ငါ့းအထက်အပင်များသာ ဖြစ်ကြ၏။ ကျန်းချောင် မျိုးစေ့များကို ကုအန်ကိုပေးလိုက်ပြီး အပင်များရင့်မှည့်လာမှသာ သူ့ဆီလာပေးဖို့ မှာလိုက်လေသည်။
သူဆိုလိုသည်မှာ သူတို့နှစ်ပေါင်းများစွာကြာသည်အထိ မတွေ့ရတော့ဘူးဟု ဆိုလိုခြင်းပင်။
ကြည့်ရသည်မှာ ကျန်းချောင်ရင်ဆိုင်နေရသော အခြေအနေမှာ အတော်လေးဆိုးဝါးနေပုံရ၏။ ရွက်ဝါတစ်ထောင်မျှော်စင်က သူ့ကိုမယုံကြည်တော့ဘဲ အဓိပတိဂိုဏ်းမှာလည်း အချိန်မရွေး သူ့အကြောင်းကိုစုံစမ်း၍ ရသွားနိုင်သေးသည်။
သူသည် အမှန်တကယ်ပင် ရေခဲပြင်ပါးပါးလေးပေါ်၌ လမ်းလျှောက်နေခဲ့ရခြင်း ဖြစ်၏။
ကုအန်လည်း သူ့အားကံကောင်းစေရန် ဆုတောင်းပေးနေရုံမှလွဲ၍ ဘာမှမတတ်နိုင်တော့ပေ။
….
အဓိပတိဂိုဏ်းသား မိစ္ဆာဂိုဏ်း ငါးဂိုဏ်းက ကျူးကျော်သည့်သတင်းသည် မကြာခင်တွင် ကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံး၌ ပျံ့နှံ့သွားခဲ့ပြီး ထိုက်ကန်မင်းဆက်တစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့သည်။
အဓိပတိဂိုဏ်း၏အင်အားမှာလည်း မိစ္ဆာလမ်းစဉ်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပြီး နောင်လာမည့် အချိန်ကာလတစ်ခုအတွင်း ကျင့်ကြံခြင်းကမ္ဘာကြီးမှာ ငြိမ်သက်နေတော့မည် ဖြစ်၏။
လုပိုင်ထျန်း ဂိုဏ်းချုပ်ပြန်ဖြစ်သွားသောအခါ သူသည် အကြီးအကဲခန်းမကို အားနည်းအောင် ဂုဏ်သိက္ခာမျှော်စင်ကို တည်ထောင်လိုက်ပြီး မိစ္ဆာသူလျှိုများကိုလည်း ပိုက်စိပ်တိုက်ရှာခဲ့ကာ မိစ္ဆာသူလျှို ထောင်နှင့်ချီ၍ သတ်ဖြတ်ပစ်ခဲ့သည်။
ချူထျန်းချီ ထွက်ပြေးသွားမှုကြောင့် လုပိုင်ထျန်း၏ဒေါသများသည် ချူမိသားစုထံသို့ ကျရောက်သွားခဲ့၏။ ဂိုဏ်းထဲရှိ ချူမိသားစု၀င်တိုင်းသည် သေသည့်သူကသေ ထောင်ကျသည့်သူကကျနှင့် ဖြစ်ကုန်ကြပြီး ငယ်ရွယ်သော ကျင့်ကြံသူများကိုမူ ကျင့်ကြံခြင်းဖျက်ဆီးကာ စည်းတံဆိပ်တစ်ခုခပ်ပြီး အပြင်စည်းဂိုဏ်းသို့ အစေခံတပည့်များအဖြစ် ပို့ပစ်လိုက်ကြသည်။
ဆန်းကြယ်တောင်ကြားသည်လည်း ထိုချူမိသားစုအစေခံတပည့်တစ်ယောက်ကို ကြိုဆိုခဲ့ရသည်။
ထိုတစ်ယောက်မှာ ကုအန်သိသော တစ်ယောက်ဖြစ်၏။
ချူကျင့်ဖုန်း!
ကုအန် အဓိပတိဂိုဏ်းသို့ ရောက်ခါစက ဆန်းကြယ်တောင်ကြားတွင် လောဘမိစ္ဆာတစ်ကောင်ဧ
။် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ထိုအချိန်က ချန်းရွှမ်းတန်သည် မိစ္ဆာကို ရှင်းလင်းရန် အတွင်းစည်းဂိုဏ်းသား ချူကျင့်ဖုန်းကိုခေါ်ခဲ့ပြီး ချူကျင့်ဖုန်း လောဘမိစ္ဆာကြောင့် လက်တစ်ဖက်ပင် ပြတ်သွားခဲ့ရ၏။ သို့သော်လည်း နောက်ဆုံးတွင် ချူကျင့်ဖုန်းသည် ကုအန်ကိုကူညီကာ ဆန်းကြယ်တောင်ကြားတစ်ဝိုက်ရှိ မိစ္ဆာမှန်သမျှကို ရှင်းလင်းပေးခဲ့သည်။
ယခုအခါ ချူကျင့်ဖုန်း၏မျက်နှာကိုတွေ့လိုက်သောအခါ သူ့မျက်နှာသည် အတော်လေးအိုစာသွားသောကြောင့် ကုအန်စိတ်မကောင်းဖြစ်သွားခဲ့ရ၏။
နောက်ဆုံးအကြိမ်သူတို့ အဆက်အသွယ်ရှိခဲ့စဉ်က ချူကျင့်ဖုန်းသည် အကူအညီလိုပါက ချူမိသားစုဆီသို့ အချိန်မရွေးလာနိုင်ကြောင်း ပြောခဲ့သည်။
သို့သော် အချိန်များကုန်ဆုံးသွားခဲ့ပြီး ယခုအချိန်တွင် ချူမိသားစုပင် ကျဆုံးသွားခဲ့ရလေပြီ!
ချူကျင့်ဖုန်းသည် လက်တစ်ဖက်ပြတ်ပုံစံနှင့်ပင် ရှိနေဆဲဖြစ်ကာ အ၀တ်အစားအစုတ်အပြတ်များကို ၀တ်ဆင်ထားပြီး သူ့ဆံပင်များမှာ ရှုပ်ပွနေခဲ့သည်။ သူ့မျက်နှာပေါ်တွင် မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးငုတ်တိုများ ရှိနေခဲ့ပြီး ထိုအမွှေးများကြောင့် သူ့ရုပ်မှ ပို၍ အသက်ကြီးသလို ဖြစ်နေခဲ့၏။
“အစ်ကိုချူ လူတစ်ယောက်က အသက်ရှင်နေသေးသရွေ့ မျှော်လင့်ချက်ဆိုတာ မသေဆုံးသွားပါဘူး အစ်ကိုကြိုးစားတာနဲ့အမျှ အနာဂတ်မှာ အထက်ကလူတွေက အစ်ကို့ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးရင်ပေးမှာပေါ့” ကုအန် သူ့ကိုနှစ်သိမ့်ရန် ကြိုးစားလိုက်သည်။
ဝူရှင်းသည် တောင်ကြားမှ တိတ်တဆိတ်ထွက်ခွာသွားခဲ့ပြီ ဖြစ်ပြီး ယခုအခါ ဆန်းကြယ်တောင်ကြားသည် ကုအန်လက်ထဲသို့ ပြန်ရောက်လာခဲ့ပြန်၏။ ထို့ကြောင့် ကုအန် တောင်ကြားကိုလက်လွှဲနိုင်ရန် တောင်ကြားထဲရှိ ပါရမီရှင်များကို ပျိုးထောင်ပေးရဖို့ လိုသည်ဟု စဉ်းစားထားခဲ့သည်။
ချူကျင့်ဖုန်းသည် ရွေးချယ်မှုကောင်းတစ်ခုဟု သူခံစားနေရ၏။
အကယ်သာ ချူကျင့်ဖုန်းသာ အနာဂတ်တွင် ကောင်းကောင်းနေထိုင်ပါက သူချူကျင့်ဖုန်းအား ဝူရှင်းပေးခဲ့သော တာအိုဖြန့်ကျက်ကျင့်စဉ် ပေးလိုက်မည်ဖြစ်သည်။
တာအိုဖြန့်ကျက်ကျင့်စဉ်သည် အဆင့်များချိုးဖျက်ရန် အချိန်အကြာကြီးထိ စိတ်ဝိညဉ်စွမ်းအင်များကိုစုဆောင်းထားရသော ကျင့်စဉ်မျိုးဖြစ်လေရာ ကျင့်ကြံ၍မရသော ချူကျင့်ဖုန်းကို ကယ်တင်နိုင်လောက်ပေသည်။
ချူကျင့်ဖုန်း ထုံအအကြီး ခေါင်းညိတ်ပြလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။
ကုအန်သူ့အား ခက်ခဲအောင်မလုပ်ချင်သောကြောင့် တောင်ကြားရှိတာ၀န်များအကြောင်းအနည်းငယ်ရှင်းပြလိုက်ပြီး ပြန်ခိုင်းလိုက်လေသည်။
ချူကျင့်ဖုန်း အခန်းထဲမှ ထွက်သွားသောအခါ တံခါးကိုပင် ပြန်ပိတ်ပေးခဲ့၏။ သူ့ပုံစံသည် အတော်လေး ရိုကျိုးနေသော ပုံစံပေါ်နေသော်လည်း သူ့အမူအရာများအရ ကုအန်ကို ရိုသေေလးစား၍မဟုတ်ဘဲ အားငယ်နေခြင်းသာ ဖြစ်ကြောင်း ကုအန်သိပေသည်။
ဟူးးး!
သနားစရာကောင်လေး!
ကုအန် ခေါင်းခါလိုက်ကာ စုတ်တံကို ကိုင်လိုက်ပြီး စာအုပ်တစ်အုပ်စတင်ရေးသားခဲ့၏။
လမ်းမှန်ဂိုဏ်းနှင့် မိစ္ဆာများကြားစစ်ပွဲကြီးပြီးဆုံးသွားခဲ့ပြီး နှစ်၀က်ခန့်ကြာသောအခါ နွေနှင့်နွေဦးရာသီများ ကုန်ဆုံးသွားခဲ့ပြီး ဆောင်းရာသီပြန်လည်ရောက်ရှိလာခဲ့သည်။ ကုအန်၏ အသက်မှာလည်း ၅၁နှစ် ပြည့်သွားခဲ့ပြီး ထိုကာလအတွင်းရရှ်ိခဲ့သော အတွေးအမြင်သစ်များကို စာအုပ်ထဲထည့်ရေးရန် အသင့်ဖြစ်နေခဲ့၏။
ညနေခင်းတစ်ခုတွင် ကုအန် အိမ်ထဲမှထွက်လာခဲ့ပြီး တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲ၀င်ကာ တတိယတောင်ကြားသို့ ရောက်ရှိလာခဲ့သည်။
ထိုစဉ် ရှန်းကျန်၏အရှိန်အဝါကို သူ့အိမ်ထဲတွင် အာရုံခံလိုက်မိ၏။
ကုအန်သူမအား စာအုပ်ထဲထည့်ရေးမည်ဟု ခြိမ်းခြောက်လိုက်ပြီးကတည်းက သူတို့ကြား အဆက်အသွယ်ပြတ်နေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သူမပြန်ပေါ်လာပြီဖြစ်ရာ သူနှင့် စာရင်းလာရှင်းခြင်း ဖြစ်နိုင်ပါသလော။
နောက်ဆုံးတွင် သူမသည် မြင့်မြတ်သမီးတော်တစ်ပါးဖြစ်ပြီး သူမဂုဏ်သိက္ခာကို ဂရုမစိုက်ဘဲ ဘယ်နေမည်နည်း။
ကုအန် ထိုသို့တွေးနေရင်း အိမ်ပေါ်သို့ တက်လာခဲ့၏။
အခန်းထဲဝင်လိုက်သောအခါ မျက်နှာတွင် ပုဝါကိုစည်းထားဆဲဖြစ်ပြီး ဘာမှလုပ်မနေဘဲ ဝင်လာေသာသူ့ကို ကြည့်နေသော ရှန်းကျန်ကို တွေ့လိုက်ရသည်။
တစ်ခုခုတော့မှားနေပြီ!
အဲ့တာသူ့ပုံမှန်ပုံစံမဟုတ်ဘူးမလား!
သူအသိစိတ်လွတ်သွားတာ ဖြစ်နိုင်လောက်လား!
ကုအန်တံခါးကို အမြန်ပြန်ပိတ်လိုက်ကာ တစ်ခုခုပြောရန်ပြင်လိုက်ချိန်တွင် ရှန်းကျန်အရင်မေးလိုက်လေသည်။
“နင် ဆေးသူရဲကောင်းခရီးသွားမှတ်တမ်း စာအုပ်ကို စရေးနေပြီလား”