← Chapters

အခန်း (၉၁-၉၂)

Vol. 8 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 8 Ch. 91-92

အပိုင်း(၉၁)

သက်တမ်း ၇၀၀၀၀၀၊ ရှေးဟောင်းမျိုးစိတ်

ရှန်းကျန်စကားကိုကြားသောအခါ ကုအန် အမြန်ရှင်းပြလိုက်လေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါကနင့်ကိုခြောက်လိုက်ရုံပါ အဲ့လိုစာအုပ်မျိုးကို ဘယ်လိုလုပ်ရေးမှာလဲ”

ကုအန် သူ၏ရိုးသားဖြူစင်မှုကို ရှန်းကျန်အထင်လွဲမသွားစေရန် ရှင်းပြရန်လို၏။

ရှန်းကျန်သူ့အား ဖောက်ထွင်းမြင်ချင်သလို စိုက်ကြည့်နေခဲ့သည်။

“ကောင်းပြီ ငါနင့်ကိုယုံပါတယ်” ရှန်းကျန် နူးနူးညံ့ညံ့သာပြောလိုက်ခြင်းဖြစ်သော်လည်း သူ့အသံမှာ ခုနကနှင့်မတူ ပြောင်းလဲသွားသောကြောင့် ကုအန် သူ့အတွေးကိုမခန့်မှန်းနိုင်ဖြစ်သွားခဲ့ရ၏။

ထို့နောက်ကုအန် လက်ဖက်ရည်အိုးကိုယူကာ လက်ဖက်ရည်တည်လိုက်သည်။

လက်ဖက်ရည်ဆူသောအခါမှ လက်ဖက်ရည်‌ခွက်ကို ရှန်းကျန်ရှေ့ချပေးလိုက်စဉ်တွင် ရှန်းကျန်ပြောလိုက်၏။

“တကယ်တော့ ငါဒီကိုလာတာ နင်နဲ့အခြားကိစ္စတစ်ခုဆွေးနွေးချင်လို့”

“ပြောလေ” ကုအန်စားပွဲတွင်၀င်ထိုင်လိုက်ကာ ပြောလိုက်သည်။

ရှန်းကျန်ပြောလိုက်၏။ “ပြောကြတာတော့ ဆေးတောင်ကြားမှာ နေသွားခဲ့တဲ့ အကြီးအကဲထျန်းက ဂိုဏ်းချုပ်လုပိုင်ထျန်းဆို အဲ့တာဟုတ်လား”

ကုအန်ထိုကိစ္စကို ဖုံးကွယ်ထားစရာမလိုဘူးဟု ထင်သောကြောင့် ခေါင်းညိတ်ပြလိုက်သည်။

“တာအိုဂိုဏ်းနဲ့မဆိုင်ဘဲ ငါ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုအတွက် ငါ့ကိုဂိုဏ်းချုပ်လုနဲ့ မိတ်ဆက်ပေးစေချင်တယ်” ရှန်းကျန် ကုအန်ကိုကြည့်၍ ပြောလိုက်၏။

ကုအန် မျက်မှောင်ကြုံ့သွားကာ တွန့်ဆုတ်နေခဲ့သည်။

ထိုစဉ် ရှန်းကျန် သိုလှောင်အိတ်ထဲမှ အနီရောင်သေတ္တာတစ်လုံးထုတ်လိုက်ပြီး ပြောလိုက်၏။

“ဒါကအဆင့်ခြောက်စိတ်ဝိညဉ်သစ်ပင် ခရမ်းနှင်းဝါး ပဲ ဝါးတောအုပ်ကြီးတစ်ခုလုံးမှာမှ တစ်ပင်ပဲဖြစ်တည်နိုင်တဲ့အပင် ဒါကို ဆေးတောင်ကြားရဲ့ အစွန်မှာစိုက်လိုက်ရင် ခရမ်းနှင်း၀င်္ကပါတစ်ခုအလိုလိုပေါ်လာလိမ့်မယ် နောက်ပြီး သူ့ဝါးရိုးတွေကလည်း ဆေးဖော်စပ်တဲ့နေရာမှာ တန်ဖိုးကြီးတဲ့ပါ၀င်ပစ္စည်းတွေပဲ ဈေးအရမ်းကြီးတယ်”

“နင်ဘာကိုဆိုလိုချင်နေတာလဲ ငါတို့ဆက်ဆံရေးမှာ ဒါမျိုးအရာတွေလိုအပ်လို့လား” ကုအန် လေးလေးနက်နက်ပြောလိုက်ပြီး အနီရောင်သစ်သားသေတ္တာကို သိုလှောင်အိတ်ထဲကောက်ထည့်လိုက်လေသည်။ ထို့နောက် ခပ်တည်တည်ဆက်ပြောလိုက်၏။

“နင့်ကိစ္စဆိုရင် ငါကစကားတစ်ခွန်းလောက်ပြောရုံနဲ့ မငြင်းပါဘူး ကူညီမှာပါ ဒါပေမယ့်အစဉ်အလာဆိုတာကလည်း ဖျက်လို့မကောင်းဘူးလေ”

ရှန်းကျန် တခဏကြောင်အသွားခဲ့ကာ ပါးစပ်ကိုအုပ်၍ အူလှိုက်သည်းလှိုက်ရယ်မောလေတော့သည်။

သူမပြုံးလိုက်သောအခါ သူမမျက်လုံးများသည် အလွန်လှ၏။

ကုအန်၏ဟာသကြောင့် သူတို့ကြားရှ်ိ‌ နေရခက်နေသော လေထုမှာ ပြေလျော့သွားခဲ့ပြီး စကားသံများပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့လေသည်။

အကြာကြီးစကားပြောပြီးသောအခါမှသာ နောက်ဆုံးတွင် ရှန်းကျန်ပြန်သွားခဲ့၏။

ထို့နောက် ကုအန် ဆေးတောင်ကြားကို ပတ်ကြည့်ကာ ခရမ်းနှင်းဝါးစိုက်ရန် သင့်တော်သောနေရာကို ရွေးချယ်နေခဲ့သည်။

ကုအန် တောင်ကြား၏ တောင်ဘက်စွန်းနေရာတွင် ထိုအပင်ကိုစိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး ထန်ယုကိုလည်း ထိုနေရာကို သေချာကာကွယ်ဖို့ မှာထားလိုက်၏။

ကုအန် လုပိုင်ထျန်းဘယ်တော့ရောက်လာမလဲဆိုသည်ကိုလည်း သိချင်နေခဲ့မိသည်။

သူလုပိုင်ထျန်းကို ရောက်လာစေချင်ခြင်းမှာ ရှန်ကျန်းကြောင့်မဟုတ်ပေ။ လုပိုင်ထျန်း၏ ကတိကြောင့်ဖြစ်၏။

လုပိုင်ထျန်းသည် သူ့ကိုလိုတာမှန်သမျှတောင်းနိုင်သည်ဟု ပြောခဲ့သည် မဟုတ်ပါလား!

လက်ရှိအချိန်တွင် ကုအန်လိုနေသည်မှာ စတုတ္ထမြောက်ဆေးတောင်ကြားမဟုတ်ပေ။ အဆင့်မြင့်မျိုးစေ့များသာ ဖြစ်ပေသည်။ သူ၏ မိုင်တစ်ရာပတ်လည်ဆေးဉယျာဉ်ကြီးအား အဆင့်နိမ့်အပင်များဖယ်၍ အဆင့်မြင့်အပင်များနှင့်သာ အစားထိုးလိုက်နိုင်ပါက သူ့သက်တမ်းသည် ထောင်၍ တက်လာပေလိမ့်မည်။

အကယ်၍သူသာ သက်တမ်း တစ်သန်းပြည့်ပြီးနောက်ထပ် လုပ်ဆောင်ချက်အသစ်တစ်ခုရလာခဲ့ပါက ကုအန် သူ့သက်တမ်းများကိုသုံး၍ သူ့ကိုယ်သူအဆုံးစွန်ထိ မြှင့်တင်ပစ်မည်ဟု စီစဉ်ထားခဲ့၏။

ဤသို့ဖြင့် နေ့ရက်များ ကုန်ဆုံးသွားခဲ့သည်။

နောက်ဆုံးတွင် ဆောင်းဦးရာဦ၏ နေ့တစ်နေ့၌ လုပိုင်ထျန်း ရောက်ရှိလာခဲ့သည်။

သူသည် အနက်ရောင် နဂါးချည်ထိုး၀တ်စုံကို၀တ်ဆင်ထားပြီး သူ့ဆံပင်များကို ကျောက်စိမ်းသရဖူတစ်ခုအောက်၌ ရစ်ခွေထားလေရာ သူ့အသွင်အပြင်မှာ ယခင်က အကြီးအကဲထျန်းနှင့် တစ်ခြားစီဖြစ်နေပြီး စစ်မှန်သော ဂိုဏ်းချုပ်တစ်ယောက်၏ အသွင်အပြင်ဖြစ်သွားခဲ့သည်။

သူ့ကိုတွေ့သောအခါ ကုအန်ချက်ချင်း သက်တမ်းစစ်ဆေးခြင်း သုံးလိုက်၏။

[လုပိုင်ထျန်း(တစ်သားတည်းဖြစ်ခြင်းအဆင့်၉): ၇၅၅/၃၁၅၀/၃၂၀၀]

အိုးး သူကတစ်သားတည်းဖြစ်ခြင်းအဆင့် ၉ ကိုတောင်ရောက်နေပြီပဲ!

သို့သော် သူ့လက်ရှ်ိသက်တမ်းသည် သူ့အမြင့်ဆုံးသက်တမ်းနှင့် အလွန်ကပ်သွားပြီဖြစ်သောကြောင့် သူ့အတွက်ဆက်လက်တိုးတက်ဖို့မှာတော့ ခက်ခဲပေလိမ့်မည်။

ကုအန်ရုတ်တရက်တစ်ခုခုကို သတိရသွားခဲ့၏။ အရင်ကချူရှင်း အပြင်စည်းမြို့တစ်ခုလုံးကိုစတေး၍ အစီအရင်တည်ဆောက်ပေးခြင်းမှာ လုပိုင်ထျန်းအတွက် ပြင်ဆင်ပေးနေခြင်း ဖြစ်နိုင်ပါသလော။

မဟုတ်သေးပေ။ ထိုအရာမှာ မဖြစ်နိုင်ပေ။ လုပိုင်ထျန်းသည် ယခုအခါ ချူမိသားစုတစ်ခုလုံးကို ရှင်းထုတ်ပစ်လိုက်သောကြောင့် ထိုချူမိသားစုကိစ္စမှာ သူနှင့်မဆိုင်လောက်ပေ။

ကုအန်တွေးနေရင်း လုပိုင်ထျန်းကို နှုတ်ဆက်လိုက်လေသည်။

ထို့နောက် သူတို့နှစ်ယောက်စကားပြောရန် အိမ်ထဲသို့ ၀င်သွားခဲ့ကြ၏။

လုပိုင်ထျန်း သူ့ရင်ဘတ်ထဲမှ စာအုပ်လေးအုပ်ထုတ်ကာ စားပွဲပေါ်တင်လိုက်ပြီး ပြောလိုက်သည်။

“မင်းရဲ့အကြံအတိုင်း ဂုဏ်သိက္ခာမျှော်စင်ကို တည်ထောင်ခဲ့တယ် ဒါက မင်းကြည့်ဖို့ ဂုဏ်သိက္ခာမျှော်စင်က အဖွဲ့၀င်လေးယောက်ရဲ့ အချက်အလက်တွေပဲ”

ကုအန် ချက်ချင်းပင် စာအုပ်လေးအုပ်လုံးကိုယူပြီး တစ်ရွက်ချင်း လှန်ဖတ်ကြည့်လိုက်၏။ ထိုအခါ စာအုပ်ထဲတွင် နာမည်သက်သက်သာမဟုတ်ဘဲ သူတို့ဖြတ်သန်းခဲ့ရသော ဘ၀အတွေ့အကြုံများပါပါ၀င်နေပြီး အတော်လေး အသေးစိတ်ကျနေသည်ကို တွေ့လိုက်ရသည်။

နောက်ဆုံးစာအုပ်သည် ဆရာသခင်ဓားအရှင်အကြောင်းဖြစ်ပြီး သူ့စာအုပ်မှာတော့ နာမည်နှင့် စာကြောင်းအနည်းငယ်သာပါပေသည်။

ဆရာသခင်ဓားအရှင်! ကုကျား! ကျိဟန်ရှီ! ကျိုးယူ!

ထိုက်ကန်မင်းဆက်ရဲ့ အသန်မာဆုံး မိသားစုသုံးခုပဲ!

နောက်ပြီးသူတို့အကုန်လုံးက တစ်သားတည်းဖြစ်ခြင်းအဆင့်တွေ!

သူတို့သုံးယောက်ကို ကုအန် တွေ့ဖူး၏။

ယခုအချိန်ထိ ဂိုဏ်းထဲတွင် ကုအန်တွေ့ဖူးသော တစ်သားတည်းဖြစ်ခြင်းအဆင့် ကျင့်ကြံသူ ၆ယောက်ရှိပြီး သူတို့မှာ လုပိုင်ထျန်း ကျိဟန်ထျန်း ကုကျား ကျိဟန်ရှီ ကျိုးယူ နှင့် လဲ့ကျန်းတို့ ဖြစ်ကြပြီး ထိုခြောက်ယောက်မှာလည်း အဓိပတိဂိုဏ်း၏ စစ်မှန်သော အင်အားအကုန်မဟုတ်သေးပေ။

ထိုက်ကန်မင်းဆက်မှ ထွက်သွားသည်ဆိုသော စစ်မှန်သောအမွေဆက်ဆံသူကို ကုအန် အမြဲသတိရနေခဲ့၏။ သူသည်သာ အဓိပတိဂိုဏ်း၏ အသန်မာဆုံးပုဂ္ဂိုလ်ဖြစ်နိုင်ပေသည်။

ထိုသို့ အတွေးများနေရင်း ကုအန်မေးလိုက်၏။

“ဂိုဏ်းချုပ်ကျွန်တော့်ကိုဒါတွေပြနေတာ သင့်တော်လို့လား”

လုပိုင်ထျန်းရယ်မောလိုက်ကာ “တကယ်လို့ မင်းနောက်တစ်ခါ နတ်ဘုရားတို့၏ရာထူးများလို စာအုပ်မျိုးရေးမယ်‌ဆိုရင် အဓိပတိဂိုဏ်းကိုထည့်ရေးလို့ရတယ်လေ အခုမင်းရေးတဲ့ ကြည်ညိုဖွယ်အဓိပတိအမတ စာအုပ်မှာ အဓိပတိဂိုဏ်းပါ၀င်မှုက အကြမ်းဖျင်းဆန်လွန်းတယ် လုံလောက်အောင် မလေးနက်သေးဘူး”

“ကျွန်တော်နောက်ကျ ရေးလိုက်ပါ့မယ် အခုတော့ ကြည်ညိုဖွယ်အဓိပတိအမတ ကိုပဲအရင်ပြီးအောင်ရေးပါရစေ” ကုအန်ပြန်ပြောလိုက်၏။

ကြည်ညိုဖွယ်အဓိပတိအမတ စာအုပ်သည် အဆုံးထိဆိုလျှင် အနည်းဆုံး စာလုံးရေ ငါးသန်းလောက်ရှိမည်ဖြစ်သည်။ သို့သော် ကုအန်မှာ ယခုအခါ တစ်နှစ်မှ တစ်အုပ်လောက်သာ ရေးနေပြီး တစ်အုပ်တွင်လည်း စာလုံးရေ ၁သိန်းလောက်သာ ပါ၏။ တစ်ခါတလေဆိုလျှင် ၂နှစ်နေမှ ၁အုပ်ထွက်တာမျိုးပင် ရှိတတ်သေးသည်။ ထို့ကြောင့် ထိုစာအုပ်အဆုံးထိပြီးဖို့မှာ အဝေးကြီးလိုနေသေး၏။

ကြည်ညိုဖွယ်အဓိပတိအမတ စာအုပ်မှရသော စိတ်ဝိညဉ်ကျောက်တုံးများမှာလည်း အလွန်များပြားလှပြီး နတ်ဘုရားတို့၏ ရာထူးများထက်ပင် များပြားနေသောကြောင့် ကုအန် ထိုစာအုပ်ကို ဆက်မရေးဘဲလည်း မနေနိုင်ခဲ့ပေ။

လုပိုင်ထျန်း ပြုံးပြလိုက်ပြီး အတင်းတော့မတိုက်တွန်းခဲ့ပေ။

ထိုစဉ် ကုအန် ရှန်းကျန်၏ တောင်းဆိုမှုကို ပြောပြလိုက်၏။ လုပိုင်ထျန်းလည်း ချက်ချင်းသဘောတူလိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ အခုပင်တွေ့လို့ရသည်ဟု ပြောလိုက်သည်။

ထို့နောက် ကုအန်ထပ်ပြောလိုက်ပြန်၏။ “ဂိုဏ်းချုပ် ကျွန်တော့်ကို ပြောထားတဲ့စကားကအခုထိတည်သေးလား”

“ဘာလဲ မင်းစိတ်ပြောင်းသွားပြီး ဂိုဏ်းချုပ်ဖြစ်ချင်သွားပြီလား” လုပိုင်ထျန်း ကျေနပ်သွားပုံဖြင့် ပြောလိုက်သည်။

“မဟုတ်ပါဘူး ကျွန်တော်လိုတာရှိရင် ဂိုဏ်းချုပ်ဆီလာလို့ရတယ် ဆိုတဲ့စကားပါ ကျွန်တော်အဆင့်မြင့်ဆေးပင်တွေ ပိုလိုချင်လို့ ကျွန်တော် ဂိုဏ်းချုပ်အတွက်အဆင့်မြင့်ဆေးပင်တွေစိုက်ပေးပြီး ရင့်မှည့်လာတာနဲ့ ဂိုဏ်းချုပ်ဆီပြန်ပို့ပေးမှာပါ ကျွန်တော်က အဆင့်မြင့်ဆေးပင်တွေ မျိုးစုံစိုက်ပျိုးပြီး ကျွန်တော့်ကျင့်ကြံခြင်းလမ်းစဉ်ကို ပိုသန်မာအောင်လုပ်မလို့ပါ” ကုအန် အမြန်ရှင်းပြလိုက်၏။

ကျင့်ကြံခြင်းလမ်းစဉ်ကို အပင်စိုက်၍ သန်မာအောင်လုပ်ခြင်း…

လုပိုင်ထျန်း နှုတ်ခမ်းများတွန့်ကွေးသွားပြီး ကုအန်ကို ထူးဆန်းသည့်အရာတစ်ခုကိုကြည့်သလို ကြည့်လိုက်လေသည်။

သို့သော် နောက်ဆုံးတွင် လုပိုင်ထျန်းသဘောတူလိုက်ပြီး ရက်အနည်းငယ်ကြာလျှင် တစ်ယောက်ယောက်လွှတ်၍ ပို့ခိုင်းလိုက်မည်ဟု ပြောလိုက်၏။

ထို့နောက် ကုအန် ရှန်းကျန်ကိုသွားခေါ်လိုက်ပြီး သူမကို လုပိုင်ထျန်းဆီသို့ ခေါ်လာခဲ့လိုက်သည်။

သူတို့နှစ်ယောက်ဆုံသောအခါ ကုအန် အိမ်အောက်ဆင်းနေလိုက်ပြီး သူတို့စကားဝိုင်းကို မနှောင့်ယှက်ခဲ့ပေ။

ထိုအချိန်တွင် လုပိုင်ထျန်းကလည်း အခန်းကို စည်းတစ်ခုသုံး၍ ပိတ်ထားခြင်းဖြစ်ပြီး ကုအန် ခိုးနားထောင်ချင်တောင် နားထောင်၍ မရတော့ပေ။

သူတို့နှစ်ယောက် ၁နာရီခန့် စကားပြောပြီးသောအခါမှသာ ထွက်လာခဲ့ကြသည်။ လုပိုင်ထျန်းက အရင်ထွက်သွားခြင်းဖြစ်ပြီး ရှန်းကျန်မှာတော့ မသွားသေးဘဲ ကုအန်ဘေးတွင်ရပ်ကာ ထွက်ခွာသွားသော လုပိုင်ထျန်းပုံရိပ်ကို ကြည့်ရှုနေခဲ့၏။

ရှန်းကျန် ကုအန်ဘက်လှည့်၍ ပြုံးလိုက်ကာ မေးလိုက်သည်။

“ငါတို့ဘာအကြောင်းတွေပြောလဲဆိုတာ စိတ်မ၀င်စားဘူးလား”

ကုအန် ခေါင်းခါလိုက်ကာ “ငါမမေးရဲပါဘူး နောက်ပြီး သိလည်းမသိချင်ဘူး အဲ့လိုအရာတွေက ငါ့ဆီဒုက္ခတွေပဲ ယူလာလိမ့်မယ်”

“ငါသူ့ကို သတင်းနည်းနည်းပြောပြပြီး အဓိပတိဂိုဏ်းက အစွမ်းအထက်ဆုံး ဂီတမှော်သိုင်းတွေနဲ့ လဲလှယ်ခဲ့ဝာာ အဲ့ဒီသိုင်းတွေကို ငါတတ်သွားရင် နင့်အတွက် တီးခတ်ပြပေးမယ်” ရှန်းကျန်ပြုံးပြ၍ ပြောလိုက်ပြီး သူ့ဂူဆီသို့ပျံသန်းထွက်ခွာသွားခဲ့၏။

ကုအန်ထိုအကြောင်းကို အများကြီးမတွေးခဲ့ပေ။ နောက်ဆုံးတွင် ထိုအရာများမှာ ရှန်းကျန်ကိစ္စများသာ ဖြစ်ပြီး သူ့ကိုမခြိမ်းခြောက်လာသေးသရွေ့ ကိစ္စတော့မရှိပေ။

ကုအန် လုပိုင်ထျန်းဆီမှ ဆေးပင်များကိုသာ စောင့်နေခဲ့လိုက်သည်။

ငါးရက်ခန့်ကြာသောအခါ လုပိုင်ထျန်း၏လူရောက်လာခဲ့ပြီး သိုလှောင်အိတ်တစ်လုံးကို ပေးသွားခဲ့၏။ ကုအန်နတ်အာရုံသုံး၍ စစ်ဆေးကြည့်လိုက်သည်။

အဆင့်အလွန်မြင့်ကာ သိန်းနှင့်ချီသော မျိုးစေ့များကို တွေ့လိုက်ရပြီး သိုလှောင်အိတ်ထဲတွင် စာတစ်စောင်ပင် ပါနေသေးသည်။

ကုအန် သူ့အခန်းထဲပြန်ကာ စာကိုဖွင့်ဖတ်လိုက်၏။ လုပိုင်ထျန်းရေးထားသည်မှာထိုအပင်များသည် ဂိုဏ်းမှမဟုတ်ဘဲ သူ၏ကိုယ်ပိုင်အရင်းအမြစ်များဖြစ်ပြီး ကုအန်သာကောင်းကောင်းကြီးထွားအောင် စိုက်ပျိုးနိုင်ခဲ့ပါက ထိုဆေးပင်များထဲမှ အကျိုးအမြတ်တစ်၀က်ကိုရမည်ဖြစ်ပြီး ကောင်းကောင်းမကြီးထွားလာရင်တော့ သူတပည့်လုပ်ရမည်ဟု ရေးထားခဲ့သည်။

ထိုစာကိုဖတ်ပြီး ကုအန် အကူအညီမဲ့သွားခဲ့ရ၏။

လုပိုင်ထျန်းသူ့အားအဘယ်ကြောင့် တပည့်အဖြစ် အရမ်းလိုချင်နေရသလဲဆိုတာလည်း သူနားမလည်တော့ပေ။

…….

မျက်စိတစ်မှိတ်အတွင်း အချိန်ငါးနှစ်ကုန်ဆုံးသွားခဲ့လေသည်။

ထိုငါးနှစ်အတွင်း အဓိပတိဂိုဏ်းထဲတွင် မည်သည့်ထူးခြားသည့်ဖြစ်ရပ်မှမဖြစ်ခဲ့ဘဲ ကုအန်၏နေ့ရက်များမှာ အလွန်အေးချမ်းနေခဲ့၏။ သူ့တပည့်များမှာလည်း သူတို့အလုပ်နှင့်သူရှုပ်နေခဲ့ကြပြီး တစ်ခါတရံမှသာ ကုအန်ကို လာရှာတတ်သည်။

လမ်းမှန်းဂိုဏ်းနှင့် မိစ္ဆာလမ်းစဉ်ကြားတိုက်ပွဲမှာ ပြီးဆုံးသွားတာ ၅နှစ်ကျော်ကြာခဲ့ပြီဖြစ်ပါသော်လည်း ထိုအရာ၏ အကျိုးသက်ရောက်မှုမှာတော့ အခုထိ ရှိနေသေး၏။

မွန်းတည့်ချိန်တစ်ခုတွင် ကုအန် တည်နေရာကူးပြောင်းခြင်းအစီအရင်ကိုသုံးကာ ဆန်းကြယ်တောင်ကြားဆီသို့ ပြန်ခဲ့လိုက်သည်။

ယနေ့တွင် သူအတော်လေးခံစားချက်ကောင်းနေခဲ့၏။

သူခုနက တွက်ကြည့်လိုက်ရာ ယခုနှစ်သူစုဆောင်းနိုင်ခဲ့သော သက်တမ်းသည် ၁သိန်းပင်ကျော်သွားခဲ့ပြီး သူ၏သက်တမ်းစုစုပေါင်းမှာလည်း ၇သိန်းကျော်လာပြီဖြစ်ပြီး ၁သန်းနှင့် မဝေးတော့ပေ။

ဆန်းကြယ်တောင်ကြားသို့ ရောက်သောအခါ ကုအန် လီယရောက်နေသည်ကို သတိထားမိခဲ့၏။ လီယသည် အိမ်ပေါ်ထပ်၌ ‌ယန်နီနှင့်အတူ လက်ဖက်ရည်သောက်နေခဲ့လေသည်။

လီယသည် သူ့ကိုယ်သူမဖုံးကွယ်ထားရာ ကုအန်လည်း အိမ်ပေါ်သို့ တန်းတက်သွားလိုက်၏။

ကုအန် ၀င်လာသောအခါ လီယအရင်ပြောလိုက်သည်။

“ဂျူနီယာညီလေးကု ငါမြောက်ပင်လယ်တောင်မှာ တာ၀န်တစ်ခုသွားလုပ်မလို့ အဓိပတိဂိုဏ်းကထွက်သွားတော့မယ် စိတ်ဝိညဉ်အခြေတည်အဆင့်မရောက်မခြင်း ပြန်လာမှာမဟုတ်ဘူး”

ကုအန် စိတ်၀င်တစားမေးလိုက်၏။ “မြောက်ပင်လယ်တောင်ဆိုတာ ဘာလဲ”

လီယပြုံး၍ ဖြေလိုက်သည်။ “မြောက်ပင်လယ်တောင်ဆိုတာ ထိုက်ကန်မင်းဆက်ရဲ့ မြောက်ဘက်မှာရှိတာ သူ့အရွယ်အစားက ထိုက်ကန်မင်းဆက်တစ်ခုလုံးစာလောက်ကြီးတယ် နောက်ပြီး ပတ်ပတ်လည်မှာလည်း မင်းဆက်တွေဝိုင်းရံထားတယ် အဲ့ဒီနေရာက မိစ္ဆာတွေနဲ့ ကံကြမ္မာကောင်းလာရှာတဲ့ စမ်းသပ်ချက်တွေလာလုပ်တဲ့ ကျင့်ကြံသူတွေ ဆုံကြတဲ့နေရာပဲ ဒါပေါ့ အန္တရာယ်တော့များတယ်”

ထိုစကားကိုကြားသောအခါ ထိုမြောက်ပင်လယ်တောင်သည် သူ့ကျင့်ကြံခြင်းချိုးဖျက်ဖို့ သင့်တော်သည်ဟု ကုအန် ချက်ချင်းခံစားလိုက်ရ၏။

တစ်သားတည်းဖြစ်ခြင်းအဆင့် ၉ကို ချိုးဖျက်ခြင်းမှာ သူတွေးထားသည်ထက် ရုတ်ရုတ်သဲသဲဖြစ်သွားမှာသေချာပေသည်။ ထို့ကြောင့် သူအဓိပတိဂိုဏ်းနှင့် အဝေးဆုံးသို့ သွားရပေလိမ့်မည်။

ယန်နီ ၀င်ပြောလိုက်၏။ “နင်‌မြောက်ပင်လယ်ခွန်ငါးကို ရှာနေတာတော့ မဟုတ်ဘူးမလား”

လီယခေါင်းကုတ်လိုက်ကာပြောလိုက်သည်။ “ခင်ဗျား သိသွားပြန်ပြီ လွန်ခဲ့နှစ်အနည်းငယ်က မြောက်ပင်လယ်တောင်မှာ ခွန်ငါးပေါ်လာတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ် ကျွန်တော်သွားကြည့်ချင်ရုံပါ ဘာမှမလုပ်ဘူး အဲ့တာက ကျွန်တော့်အဖေစီစဉ်ထားတာတွေကနေ လွတ်မြောက်ဖို့ အခွင့်အရေးကောင်းပဲ”

ကုအန် ထိုင်လိုက်ကာ မေးလိုက်ပြန်သည်။ “မြောက်ပင်လယ်ခွန်ငါးဆိုတာဘာလဲ”

ယန်နီသူ့ကိုတစ်ချက်ကြည့်ကာ ဖြေလိုက်၏။ “နင်ကောင်းကင်ဝါးမြိုအမှောင်ငှက်ကို မှတ်မိတယ်မလား အဲ့ဒီလိုသာမန်မိစ္ဆာတွေနဲ့မတူတဲ့ ရှေးဟောင်းမျိုးစိတ်တွေ ရှိကြသေးတယ် သူတို့မှာ ဧရာမခန္ဓာကိုယ်ကြီးတွေရှိပြီး အသွင်ပြောင်းဖို့ကလည်း သာမန်မိစ္ဆာတွေထက် အဆများစွာ ပိုခက်တယ်

သူတို့ရဲ့ အရမ်းကြီးတဲ့အရွယ်အစားကြောင့် သူတို့ကို ‌ပင်လယ်နတ်ဘုရားတွေ တောင်နတ်ဘုရားတွေလို့ ခေါ်ကြတယ်”

ကုအန်ပိုစိတ်၀င်စားသွားခဲ့ပြီး အခြားရှေးဟောင်းမျိုးစိတ်များအကြောင်း ထပ်သိချင်လာခဲ့သည်။

ယန်နီလည်းအနည်းငယ်ထပ်ပြောပြလိုက်ရာ ကုအန် နှလုံးခုန်ပင် မြန်လာခဲ့ရ၏။

“ဟုတ်ပြီ ငါအခုသွားမှရတော့မယ် အခုဂိုဏ်းထဲမှာ အန်းဟောင်လို့ခေါ်တဲ့ ပါရမီရှင်တစ်ယောက်ပေါ်လာတယ် အသက်၂၂တည်းနဲ့ သူကအခု ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ကိုရောက်နေပြီ မယုံနိုင်စရာပဲ ငါပိုကြိုးစားဖို့လိုတယ် မဟုတ်ရင် သူ့ခြေနင်းတုံးပဲ ဖြစ်သွားလိမ့်မယ်” လီယ ထရပ်လိုက်ကာ ပြောလိုက်သည်။

သူ့စကားကိုကြားသောအခါ ကုအန် အန်းဟောင်ကျင့်ကြံခြင်းသည် အလွန်မြန်တာပဲဟု ခံစားလိုက်ရ၏။

ဤအချက်သည် လုပိုင်ထျန်း အန်းဟောင်အား မြင့်မြင့်မှန်းထားခြင်းကို သက်သေပြနေပြီး သူသည် အရင်းအမြစ်အတော်များများ ထောက်ပံ့နေပုံပေါ်ပေသည်။

ကုအန်တွေးနေစဉ်မှာပင် လီယ ပြတင်းပေါက်မှခုန်ကျော်၍ ထွက်ခွာသွားခဲ့၏။

မပြင်နိုင်တဲ့အကျင့်ဟောင်းတစ်ခု!

ကုအန် ယန်နီ့ဘက်လှည့်ကာမေးလိုက်သည်။ “သူကတော့သွားပြီ စီနီယာကရော”

“ငါကမသွားဘူး နင်နဲ့အတူတူ ဉယျာဉ်ထဲမှာ ဆေးပင်စိုက်နေရတာက တိုက်ပွဲတွေကြားထဲ တိုက်ခိုက်နေရတာထက် ပို‌နေလို့ကောင်းတယ်” ယန်နီ ပြန်ပြောလိုက်၏။

အပိုင်း(၉၂)

နွယ်စိမ်းပင် စိတ်ဝိညဉ်တစ်ခုဖြစ်လာခြင်း၊ တစ်သားတည်းဖြစ်ခြင်းအဆင့်အထက်က အဆင့်

တောအုပ်ထဲတွင် ကုအန် ယန်နီ့အား မျိုးစေ့စိုက်နည်းပြနေခဲ့သည်။ မျိုးစေ့အား မြေထဲမြှုပ်နေရင်း ကုအန် ယန်နီ့အားပြောလိုက်၏။

“ဒါက ရှက်တေးသီမြက်တဲ့ သူ့အရွက်တွေက အလွယ်တကူ ကိုင်းကျသွားတတ်တယ် နောက်ပြီး လေတိုက်တဲ့အခါလည်း ဒီမြက်က သီချင်းဆိုသံလို အသံတွေ ထွက်တတ်တယ်လေ မြက်အရွက်တွေ ကိုင်းကျသွားတဲ့အခါတော့ သူကြီးထွားမှု မနှောင့်နှေးအောင် အရွက်ကို ပြန်လှန်ပေးရတယ်..”

ယန်နီ ကုအန်ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ကုအန်ပြောသမျှကို စိတ်၀င်တစားနားထောင်နေခဲ့သည်။

လီယထွက်သွားသောအခါ ယန်နီသည် တောင်ကြားထဲတွင်‌နေ၍ ဆေးပင်စိုက်ပျိုးချင်သည်ဟု ပြောခဲ့၏။ ကုအန်အစက သူ့စကားကို အတည်မယူထားသော်လည်း မျှော်လင့်မထားဘဲ သူသည်အတည်ပြောနေခဲ့ခြင်း ဖြစ်နေခဲ့သည်။ သူမသည် ဆေးပင်စိုက်ပျိုးခြင်း၌ ပါဝင်လာခဲ့ပြီး ကုအန်ကိုလည်း မေးခွန်းများမေးတတ်ခဲ့၏။

သူမ၏ အမူအကျင့်ပြောင်းလာပြီးသည့်နောက်တွင် ယန်နီ ဆေးတောင်ကြားနှင့် ပိုမိုပေါင်းစည်းလာဟန်ရပြီး တောင်ကြားရှိတပည့်များနှင့်ပင် ပိုအဆင်ပြေလာခဲ့သည်။

ကုအန်သူမကို သဘောကျသွားပြီး တောင်ကြားမှလူ ဖြစ်လာစေ‌ချင်သောကြောင့် စိတ်ပါလက်ပါပင် သင်ကြားပေးနေခဲ့လေသည်။

“အခုကစပြီး ဒီဉယျာဉ်ထဲမှာရှ်ိတဲ့ အပင်တွေက စီနီယာ့တာ၀န်နော် စီနီယာက လူတွေကိုကာကွယ်နိုင်သလို ဒီအပင်တွေကိုလည်း ကာကွယ်နိုင်စွမ်းရှိမလား ကြည့်ကြတာပေါ့” ကုအန် ပြုံး၍ ပြောလိုက်၏။

ငြင်းဆန်ရမည့်အစား ယန်နီ့‌မျက်နှာပေါ်တွင် စိတ်၀င်စားသွားသည့် အရိပ်အယောင်တစ်ခုသာ ပေါ်လာခဲ့သည်။

ထို့‌နောက် ကုအန်ယန်နီ့ကို ဉယျာဉ်ထဲတွင်ထားခဲ့ပြီး ထွက်လာခဲ့လိုက်၏။

သူဆန်းကြယ်တောင်ကြားသို့ ပြန်ရောက်သောအခါ သစ်သားခြံစည်းရိုးတစ်ခုရှေ့တွင် ငိုင်‌ေန‌ေသာ ချူကျင့်ဖုန်းကို တွေ့လိုက်ရသည်။

ချူကျင့်ဖုန်းသည် တောင်ကြားသို့ စရောက်လာကတည်းက ထိုသို့ဖြစ်နေခြင်း ဖြစ်၏။ ကုအန်က သူ့အားတစ်ခုခုခိုင်းလျှင် သူထိုအရာအား လုပ်လိုက်ပြီး ပုံမှန်အချိန်များတွင်တော့ ထိုသို့သာ ငိုင်၍ နေပေသည်။

သူတို့၏ အတိတ်ပတ်သက်မှုများကို ထောက်ထားပြီး ကုအန်သူ့ကို ကူညီရန် ဆုံးဖြတ်လိုက်၏။

“အစ်ကိုချူ ကျွန်တော်ဓားသိုင်းတစ်ခုရထားတယ် ကျွန်တော့်ကို ကူညီပြီးတစ်ချက်လောက်ကြည့်ပေးလို့ရမလား” ကုအန် ပြုံးပြီး ချူကျင့်ဖုန်း ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။

ချူကျင့်ဖုန်း အမူအရာမဲ့စွာ ခေါင်းညိတ်ပြလိုက်ပြီး ကုအန်ခေါ်လာသော တောထဲသို့ ‌လိုက်လာခဲ့၏။

သူသည်လည်း ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ပေသည်။ သူ့ကျင့်ကြံခြင်းများ မရှိတော့သော်လည်း မှတ်ညဏ်များတော့ ကျန်ရှိနေသေးသောကြောင့် သူကုအန်ကို ကူညီနိုင်လိမ့်မယ်ဟု ခံစားနေခဲ့ရ၏။

အပြင်ပန်းတွင် တိတ်ဆိတ်၍သာနေသော်လည်း သူ့စိတ်ထဲတွင်မူ ကုအန်ကို အတော်လေး ကျေးဇူးတင်နေခဲ့သည်။

သူဆန်းကြယ်တောင်ကြားသို့စရောက်ခါစက ကုအန်ကိုတွေ့သောအခါ အပေါက်လေးတစ်ခုထဲသို့သာ ၀င်ပုန်းချင်လောက်အောင် ရှက်နေခဲ့ပါသော်လည်း ကုအန်က သူ့ကိုဘာမှခက်ခဲအောင်မလုပ်ခဲ့ပေ။ ထိုအစား သူ့ကိုကောင်းကောင်းသာ ဆက်ဆံပေးခဲ့၏။ ထိုဆက်ဆံမှုမှာလည်း ခဏလေးမဟုတ်ဘဲ အချိန်အကြာကြီးထိ ကောင်းကောင်းဆက်ဆံပေးနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အခြားတပည့်များပြောကြသလိုပင် ကုအန်သည် လူကောင်းတစ်ယောက်ဖြစ်နိုင်ပြီး ကြင်နာတတ်သောနှလုံးသားရှိသည့်လူဟု မှတ်ယူနိုင်၏။

ချူကျင့်ဖုန်း၏အကြည့်အောက်တွင် ကုအန် နတ်မင်သက်ဓားသိုင်း၏ အခြေခံဓားကွက်များကို ကစားပြလိုက်လေသည်။ သူ့ရွေ့လျားမှုများမှာ တုန့်ဆိုင်းကာ မချော‌‌မွေ့သော်လည်း ချူကျင့်ဖုန်း၏မျက်လုံးများ အရောင်တောက်လာခဲ့၏။

“ကု…တောင်ကြားသခင် ဒီဓားသိုင်းကဘာဓားသိုင်းလဲ” ချူကျင့်ဖုန်း စိတ်လှုပ်ရှားနေမှုကို ထိန်းချုပ်ထားရင်း မေးလိုက်သည်။

ဓားသမားတစ်ယောက်အနေဖြင့် ဓားသိုင်းတစ်ခု၏နက်နဲမှုကို သူအဘယ်သို့ မသိဘဲနေမည်နည်း။

ကုအန် ခေါင်းကုတ်ကာ ပြန်ဖြေလိုက်၏။ “ကျွန်တော်လည်း မသိဘူး ဒါကို ကျွန်တော်ကောင်းကင်ပြုပြင်စင်မြင့်ပေါ်ရောက်နေတုန်းက စီနီယာတစ်ယောက်ပေးသွားခဲ့တာ သူပြောတာတော့ ဒီဓားသိုင်းကိုသာတတ်သွားရင် ကမ္ဘာပေါ်မှာ ဓားနတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မယ်တဲ့”

ချူကျင့်ဖုန်း တွန့်ဆုတ်သွားခဲ့သည်။

ကုအန်ပြုံးကာ ပြောလိုက်၏။ “ဒီလိုဆိုရင်ရော အစ်ကိုသင်ချင်ရင် ကျွန်တော်သင်ပေးမယ် ဒါပေမယ့် အစ်ကိုက အရင်လိုချူကျင့်ဖုန်းပြန်ဖြစ်လာရမယ် ကျင့်ကြံခြင်းအဆင့်မရှိလည်း ဓားသိုင်းသက်သက်လေ့ကျင့်လို့ရပါတယ် စိတ်ဝိညဉ်စွမ်းအားမစုပ်ယူဘဲ ဓားပညာသက်သက်ညဏ်အလင်းပွင့်ခဲ့တဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ်တွေ သမိုင်းထဲမှာလည်း ရှ်ိခဲ့တာပဲမဟုတ်လား

အခြားသူတွေတောင်လုပ်နိုင်ရင် အစ်ကိုကဘာလို့ မလုပ်နိုင်ရမှာလဲ”

ကုအန်စကားကိုကြားသောအခါ ချူကျင့်ဖုန်း၏ အမူအရာပြောင်းလဲသွားခဲ့ပြီး စိတ်ထဲတွင် လွန်ဆွဲနေခဲ့သည်။

နောက်ဆုံးတွင်တော့ သူသဘောတူခဲ့လိုက်၏။

တကယ်တော့ သူလည်းထိုဘ၀မျိုးဖြင့် ဘယ်တုန်းကမှ မနေချင်ခဲ့ပေ။ သူ့ဘ၀တွင် ရှင်သန်စရာအဓိပ္ပာယ်ဟူ၍ ရှာမတွေ့တော့၍သာ ယခုလိုနေနေမိခြင်းဖြစ်သည်။

ယခုအခါ သူရုတ်တရက် ကုအန်စကားများက အဓိပ္ပာယ်ရှိသည်ဟု ခံစားသွားရ၏။ ကျင့်ကြံခြင်းမရှိလျှင် ဓားပညာလေ့ကျင့်မရဘူးဟု မည်သူက ပြောသနည်း။

ဓားကျင့်ကြံသူတစ်ယောက်သည် အခက်အခဲများကို ထိပ်တိုက်သာ ရင်ဆိုင်သင့်သည် မဟုတ်ပါလား။

ထို့ကြောင့် ချူကျင့်ဖုန်းထိုက်ကန်နတ်မင်သက်ဓားသိုင်းကို စတင်သင်ကြားခဲ့၏။ သူသည် ဓားကွက်များကို လျင်မြန်စွာ သင်ကြားနိုင်ခဲ့သောကြောင့် ကုအန်ပင်အံ့ဩသွားခဲ့ရပြီး ချူကျင့်ဖုန်းကိုယ်တိုင်လည်း ယုံကြည်မှုများ ပြန်လည်မြင့်တက်လာခဲ့သည်။

ညဉ့်အချိန်

သဘာဂူ၈လုံးထဲတွင်

“ငါမင်းကို နောက်၂နှစ်မဟုတ်ရင် ၃နှစ်အတွင်း အပြင်ထွက်ခိုင်းတော့မယ်” ကုအန် ကောင်းကင်နဂါး၏ခေါင်းကိုပွတ်ပေးပြီး ပြောလိုက်၏။

ကုအန် သူ့အဆင့်ချိုးဖျက်ခြင်းပြီးဆုံးသွားပါက ကောင်းကင်နဂါးကို မြောက်ပင်လယ်တောင်တွင် နေခိုင်းမည်ဟု စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

အရင်ကသူနဂါးလေးကို အသွင်ပြောင်းသိုင်းမျိုး ကျင့်ခိုင်းပြီး သူနှင့်အတူထားလိုသော်လည်း ကံဆိုးစွာဖြင့် ထိုသိုင်းမျိူးသည် ရှိမနေခဲ့ပေ။ သူနဂါးလေးကို မိစ္ဆာအရိပ်နက်သိုင်း သင်ပေးခဲ့သော်လည်း နဂါးလေး လေ့ကျင့်၍ မရခဲ့ပေ။

ထိုစကားကို ကြားသောအခါ ၅ ကျန်းခန့်ရှည်လျားနေပြီဖြစ်သော နဂါးလေးသည် စားလက်စ သိုးကိုပင် ချလိုက်ကာ သူတို့ဘယ်သွားမှာလဲဆိုတာကို စိတ်၀င်တစားမေးလိုက်ဧ။်။

ကုအန်လည်း မြောက်ပင်လယ်တောင်အကြောင်း ပြောပြလိုက်သောအခါ ကောင်းကင်နဂါးပို၍ပင် စိတ်လှုပ်ရှားလာခဲ့ရသည်။

ကုအန်နဂါးလေးအား အပြင်ရောက်လျှင် သူ့အကြောင်းနှင့် သဘာ၀ဂူ၈လုံးအကြောင်းအား လုံး၀ထုတ်မပြောရန် သတိပေးလိုက်ပြီး နဂါးလေးမှာလည်း ကတိပေးခဲ့၏။

အမှန်တော့ ထိုကိစ္စမှာ သိပ်တော့ကိစ္စမရှ်ိပေ။ ကုအန် မြောက်ပင်လယ်တောင်မှပြန်လာလျှင် သူ့ကျင့်ကြံခြင်းသည် တစ်သားတည်းအဆင့်ကိုကျော်လွန်နေမည်ဖြစ်ပြီး ရွက်ဝါတစ်ထောင်မျှော်စင်တစ်ခုလုံး လာလျှင်တောင် ကြောက်စရာလိုတော့မည် မဟုတ်ပေ။

ဒါပေါ့ သူနဂါးလေး ဘာမှပြောမှာမဟုတ်တာကိုလည်း ယုံပေသည်။

“အခုကစပြီး မင်းပိုကြိုးကြိုးစားစားကျင့်ကြံတာကောင်းလိမ့်မယ် အပြင်ရောက်ရောက်ချင်း မိစ္ဆာတစ်ကောင်စားတာ မခံရစေနဲ့” ကုအန်စနောက်လိုက်၏။

ကုအန် သူ့ခေါင်းကို ဝံ့ကြွားစွာမော့ထားလိုက်ပြီး ပြောလိုက်သည်။ “နဂါးတစ်ကောင်ကို မိစ္ဆာလေးတစ်ကောင်ကစားဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကုအန် နဂါးလေးခေါင်းကိုပွတ်ကာ နွယ်စိမ်းပင်ဆီသို့ လျှောက်သွားလိုက်၏။

ထိုအဆင့်၇ စိတ်ဝိညဉ်ပင်သည် ကုအန်အတွက် အတော်လေး အရေးပါပေသည်။ ထို့ကြောင့် သူသဘာ၀ဂူ၈လုံးထဲရောက်တိုင်း နွယ်စိမ်းပင်ဘာထိခိုက်မှုမှ မရှိရလေအောင် စစ်ဆေးလေ့ရှိ၏။

သစ်ပင်ရင်းတွင်ရပ်နေရင်း ကုအန် အပေါ်ရှိ သစ်ကိုင်းများကို မော့ကြည့်လိုက်ကာ ‌မျက်မှောင်ကြုံ့သွားခဲ့သည်။

သူသစ်ကိုင်းများတစ်ချက်လှုပ်သွားသည်ကို သတိထားလိုက်မိသောကြောင့်ဖြစ်၏။ လှုပ်ခတ်သွားမှုမှာ အလွန်သေးငယ်သော်လည်း လှုပ်သွားတာ သေချာပေသည်။

ကောင်းကင်နဂါးမှာလည်း သိုးကင်ကိုသာ အားရပါးရ စားနေလေရာ သူစနောက်သည်လည်း မဖြစ်နိုင်ပေ။

ဒီသစ်ပင်မှာ စိတ်ဝိညဉ်တစ်ခုရှိလာတာ ဖြစ်နိုင်လား!

ကုအန် ထိုသို့တွေးမိလေလေ ထိုအရာမှာ ဖြစ်နိုင်ချေရှိသည်ဟု ထင်လာလေလေပင်။

နောက်ဆုံးတွင် နွယ်စိမ်းပင်သည် ရွက်ဝါတစ်ထောင်မျှော်စင်၏ မြင့်မြတ်သစ်ပင်ဖြစ်ပြီး စိတ်ဝိညဉ်တစ်ခုရှ်ိလာခြင်းဆိုသည်မှာ မဖြစ်နိုင်တာတော့ မဟုတ်ပေ။

ကုအန် ဆက်စောင့်ကြည့်လိုက်ရာ သစ်ပင်တွင် မည်သည့်ထူးခြားမှုမှပေါ်မလာတော့ဘဲ သူမြင်လိုက်ရသည့်အရာမှာ ပုံရိပ်ယောင်တစ်ခုကဲ့သို့ပင်။

ကုအန် နတ်အာရုံသုံး၍ သေချာစေရန် စစ်ဆေးလိုက်သော်လည်း ဘာထူးခြားတာကိုမှ မတွေ့ရတော့ပေ။ သို့သော် နတ်အာရုံသုံး၍ စစ်ဆေးခြင်းဖြင့် အပင်၏စိတ်ဝိညဉ်ကို ဤနေရာတွင် ဘာမှလျှောက်မလုပ်ရန် ခြိမ်းခြောက်နိုင်မည် ဖြစ်သည်။

နာရီ၀က်ခန့်နေပြီးသောအခါမှ ကုအန် ဂူထဲမှ ထွက်သွားခဲ့၏။

ယခုအခါသူ့တွင် စိတ်ပူစရာနောက်တစ်ခုရှ်ိလာပြီဖြစ်သော်လည်း စိတ်ပူရမယ့်အစား ကုအန် နွယ်စိမ်းပင်တွင်မည်သို့သော စိတ်ဝိညဉ်ပေါက်ဖွားလာမလဲဆိုတာကိုသာ စိတ်၀င်စားနေမိသည်။

….

နွေဦးများအဖန်ဖန်ပြောင်းကာ နှနှစ်ထပ်မံကုန်ဆုံးသွားခဲ့ပြန်၏။

ကုအန်၏သက်တမ်းသည်လည်း ကိုးသိန်းခွဲထိ ရောက်ရှိနေပြီဖြစ်ပြီး ဒီနှစ်ကုန်လျှင် တစ်သန်းပြည့်လိမ့်မည်ဟု သူခံစားနေခဲ့ရသည်။

တစ်နေ့တွင် ဆန်းကြယ်တောင်ကြားသို့ ရီလန်အလည်ရောက်လာခဲ့၏။

ထို့နောက် သူတို့နှစ်ယောက် အိမ်ပေါ်ထပ်ရှိ ပြတင်‌းပေါက်တွင်ရပ်ကာ အလုပ်ရှုပ်နေကြသော တပည့်များကို ကြည့်နေရင်း စကားပြောနေခဲ့ကြသည်။

ရီလန်သည် အမတကျင့်ကြံခြင်းကမ္ဘာရှ်ိ ထူးခြားသောဖြစ်ရပ်များကို ပြောပြနေခဲ့ပြီး ကုအန်မှာတော့ ထုံးစံအတိုင်း နားထောင်နေခဲ့၏။

အမတကျင့်ကြံခြင်းကမ္ဘာကြီးတွင် တခဏဂိုဏ်းဟူသောဂိုဏ်းတစ်ခုပေါ်ပေါက်လာခဲ့ပြီး ထိုဂိုဏ်းသည် မိစ္ဆာလမ်းစဉ်မှဂိုဏ်းများကို ကျူးကျော်ပြီး မှော်သိုင်းများ ရတနာများကိုလုယူပြီး အလျင်အမြန်ကြီးထွားလာသည်ဟု ဆိုပေသည်။ သို့သော် ထိုဂိုဏ်းသည် လမ်းမှန်ဂိုဏ်းများကိုတော့ မတိုက်ခိုက်ခဲ့ပေ။

အချို့ပြောကြသည်မှာ တခဏဂိုဏ်းကို အဓိပတိဂိုဏ်းကအထောက်အပံ့ပေးထားသည်ဟု ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် တခဏဂိုဏ်း၏ကျင့်ကြံသူများထဲမှတစ်ယောက်သည် အဓိပတိဂိုဏ်းမှ ဆရာသခင်ဓားအရှင်ကဲ့သို့ သစ်ရွက်များကိုအသုံးပြု၍ သတ်ဖြတ်ခြင်းကြောင့်ာဖြစ်၏။

ထိုအကြောင်းကြားသောအခါ ကုအန် စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ရသည်။ မည်သူက သူ့ဂုဏ်သတင်းကို အသုံးချနေခဲ့သနည်း။

“ညီမလေး ဂိုဏ်းတွေအတော်များများအကြောင်းပြောသွားပေမယ့် အဓိပတိဂိုဏ်းအကြောင်းတော့မပါဘူး ကြည့်ရတာအစ်ကိုတို့ဂိုဏ်းကအတော်လေးအေးချမ်းနေပုံရတယ်” ကုအန်ပြုံး၍ ပြောလိုက်သည်။

သူတကယ်လည်း ကျေနပ်နေခဲ့၏။ အဓိပတိဂိုဏ်းငြိမ်းချမ်းနေလေလေ သူ့အတွက်အေးချမ်းလေလေဖြစ်ပြီး ဤနှုန်းအတိုင်းနှစ် ၅၀လောက်သာ ရိတ်သိမ်းလိုက်ရပါက နှစ်၅၀ကျော်သွားရင် ထိုက်ကန်မင်းဆက်၌ သူ့ကိုနိုင်မည့်သူ ရှ်ိတော့မည် မဟုတ်ပေ။

ရီလန်တခဏတွေးလိုက်ပြီး ပြောလိုက်သည်။

“တကယ်တော့ တစ်ခုရှိသေးတယ် အခုကျင့်ကြံခြင်းကမ္ဘာမှာ တစ္ဆေသူခိုးလို့ ခေါ်တဲ့လူတစ်ယောက်ပေါ်လာတယ် သူကလမ်းမှန်ဂိုဏ်းကရော မိစ္ဆာဂိုဏ်းကပါမဟုတ်ဘူး”

“သူကလူချမ်းသာတွေဆီကခိုးပြီး ဆင်းရဲသားတွေဆီပြန်ပေးလေ့ရှိတယ် ဒါပေမယ့် သူ့ဂုဏ်သတင်းကြီးလာပြီး နှစ်၀က်လောက်နေတော့ သူရဲ့ဆန္ဒတစ်ခုကို ကြေငြာခဲ့တယ် သူပြောတာက အဓိပတိဂိုဏ်းက ထိုက်ကန်မင်းဆက်ရဲ့ အရင်းအမြစ် ၈၀ရာခိုင်နှုန်းလောက်ကို ယူထားတာက ကောင်းကင်အလိုကိုဆန့်ကျင်နေတယ်တဲ့ အဲ့တာကြောင့် သူကအဓိပတိဂိုဏ်းက ဆန်းကြယ်သန့်စင်ပင်ကို လာခိုးပြီး ကောင်းကင်ရေအိုင်အစွန်းမှာ စိုက်မယ်တဲ့”

ဆန်းကြယ်သန့်စင်ပင်!

ထိုအရာကိုကြားသောအခါ ကုအန် ချက်ချင်းမျက်မှောင်ကြုံ့သွားခဲ့၏။

ထိုအပင်သည် ဂိုဏ်းမှသူ့ကိုပေးထားသော အဆင့်၇ စိတ်ဝိညဉ်သစ်ပင်ပင် မဟုတ်ပါလား။ ထိုအရာကို သူမည်သို့ အခိုးခံရမည်နည်း။

တစ္ဆေသူခိုးက တကယ်ပဲ သေချင်နေတာကိုး!

သူ့လုပ်ရပ်များကြောင့် ကုအန်သူ့အသက်ကိုတော့ ချမ်းသာပေးမည် ဖြစ်သည်။ သို့သော် နောက်မလုပ်ရဲအောင် မှတ်လောက်အောင်တော့ ဆုံးမမှ ဖြစ်ပေလိမ့်မည်။

ကုအန် စိတ်၀င်တစားမေးလိုက်သည်။ “အဲ့ဒီ တစ္ဆေသူခိုးက ကြောက်စရာကောင်းလား”

“ဒါပေါ့့ မဟုတ်ရင် သူဂိုဏ်းတွေ အများကြီးကိုစော်ကားထားပြီး ရတနာတွေ ခိုးထားပြီး ဘယ်အသက်ရှင်နိုင်ပါ့မလဲ” ရီလန် ဖြေလိုက်၏။

ကုအန်ရယ်မောလိုက်ပြီး ရီလန်၏ ကျင့်ကြံခြင်းအခြေအနေကို မေးမြန်းလိုက်လေသည်။

သက်ရှိတိုင်းသည် နောက်ဆုံးတွင် ခွဲခွာရမည်ဆိုသော်လည်း ကုအန် ရီလန်နှင့်သူ သေကွဲကွဲရမည့်အဖြစ်မျိုးကိုတော့ တတ်နိုင်သလောက် နှေးပြီးတော့သာရောက်လာစေချင်ပေသည်။

ရီလန့်မှာလည်း ထိုသို့အတွေးရှ်ိပြီး ကုအန်သူ့လောက် သက်တမ်းရှည်ပါစေလို့ ဆုတောင်းနေခဲ့၏။

တခဏကြ‌ာသောအခါ ရီလန် ရုတ်တရက်မေးလိုက်သည်။

“အစ်ကို လက်ရှိဧကရာဇ်နဲ့သိလား”

ကုအန် မျက်ခုံးများတွန့်ကွေးသွားကာ ပြန်မေးလိုက်သည်။ “ဘာလို့မေးတာလဲ ညီမလေး”

“ဧကရာဇ်က နွေဦးပွဲတော်ကိုကြေငြာခဲ့ပြီး အဲ့ဒီပွဲတော်ကို ပြည်နယ်တိုင်းကျင်းပရမယ်တဲ့ သူ့နွေဦးပွဲတော်က အစ်ကိုကြီးရဲ့ နွေဦးပွဲတော်နဲ့ တစ်ပုံစံတည်းတူနေတယ်” ရီလန် ပြောလိုက်၏။

ကုအန်ပုံမှန်အတိုင်းသာ ပြန်ဖြေလိုက်သည်။ “အစ်ကိုကြီးလည်း အဲ့ဒီပွဲတော်အကြောင်းကို နာမည်မသိတဲ့ အကြီးအကဲကြီးတစ်ယောက်ဆီက ကြားခဲ့တာလေနောက်ပြီး ဒီမှာနွေဦးပွဲတော်ကျင်းပနေတာလည်း နှစ်အတော်ကြာနေပြီဆိုတော့ တစ်ယောက်ယောက်သိသွားတာမျိုးက ဖြစ်နိုင်ပါတယ်”

ရီလန်လည်း ထိုကိစ္စသည် အကျိုးအကြောင်းသင့်သည်ဟု ခံစားလိုက်ရသော်လည်း ကုအန်ကို သတိပေးလိုက်၏။

“အခုတလော အထက်ကနေ လီရွှမ်တောက်ကို စုံစမ်းဖို့အမိန့်တွေရနေတယ် နောက်ပြီး ဂိုဏ်းကတပည့်တွေကိုလည်း မြို့တော်ကိုပိုလွှတ်နေတယ် ကြည့်ရတာ ပလ္လင်နဲ့ပတ်သက်ပြီး တစ်ခုခုပြဿနာရှ်ိနေပုံရတယ်”

“ဘာကိုဆိုလိုတာလဲ ဂိုဏ်းက ပလ္လင်နေရာကိုလည်း သိမ်းချင်နေတာလား”

“အဲ့ဒီလိုတောာ့မဟုတ်ဘူး လက်ရှိအိမ်ရှေ့စံက ဂိုဏ်းကတပည့်လေ နောက်ပြီး အိမ်ရှေ့စံနေရာရထားတာလည်း နှစ်ရာချီနေပြီဆိုတော့ ဂိုဏ်းကသူ့ကိုထောက်ပံ့ချင်တာ ပုံမှန်ပါပဲ”

ကုအန် အနောက်ဘက်ပေတစ်ရာလောက်အကွာရှိ ဥယျာဉ်တွင် ရေလောင်းနေကာ သူတို့စကားဝိုင်းကိုခိုးနားထောင်နေသော ယန်နီ့ကို တစ်ချက်လှည့်ကြည့်လိုက်၏။

တခဏကြာပြောပြီးသည့်နောက် ရီလန် ပြတင်းပေါက်ကိုပိတ်ကာ ကုအန်နှင့် အခြားကိစ္စများကို ဝေမျှခဲ့ပြီး သူ့စကားများအနည်းငယ်ပင် အရှိန်လွန်လာသောကြောင့် ကုအန်သူမကို ခပ်တင်းတင်း ဆုံးမိလိုက်လေသည်။

ထို့နောက် ရီလန် ကုအန်ကို ရှက်ဒေါသဖြင့် တစ်ချက်ကြည့်ကာ ထွက်ခွာသွားလေတော့သည်။

ကုအန် ထွက်ခွာသွားသော ရီလန့်ပုံရိပ်ကိုကြည့်နေရင်း သူ့အတွေးများသည်မြောက်ပင်လယ်တောင်ဆီသို့ ရောက်ရှိသွားခဲ့၏။

ကုအန် သူ့ချိုးဖျက်မှုအတွက်ပြင်ဆင်ရန် မြေပုံတစ်ခု စာအုပ်ခန်းမတွင် အရင်သွားရှာရပေမည်။

တစ်သားတည်းဖြစ်ခြင်းအဆင့်အထက်တွင် မည်သည့်အဆင့်ရှိမှန်းလည်း ကုအန်အတော်လေး စိတ်ဝင်စားမိနေခဲ့သည်။

ထို့နောက် ကုအန် လှေကားမှဆင်းလာကာ တည်နေရာကူးပြောင်းခြင်းအစီအရင်စီ သွား‌ေနစ ဥ်ယန်နီသူ့ကို ရုတ်တရက်တားလိုက်ပြီး အသံပို့လိုက်၏။

“အိမ်ရှေ့စံကို သတိထား သူသာနင်ကလီယနဲ့ရင်းနှီးတယ်ဆိုတာသိရင် နင့်ကိုအလွတ်ပေးမှာမဟုတ်ဘူး”

All Chapters