ပင်လယ်ရေအောက်
Vol. 3 Ch. 218
ဟွမ်ကျန်းမှာ ဆရာဖြစ်သူက တပည့်ငယ် အသစ်တစ်ယောက်ကို ယခုကဲ့သို့ ချီးကျူးနေသည့် အတွက် အံ့သြ သွားရလေသည်။ ဆန်းလျန်နှင့်ပင် နှိုင်းယှဉ်ပြီး ပြောသည့်အတွက် သိချင်စိတ်ပိုပြီး ပြင်းထန်လာရသည်။
ဟွမ်ကျန်းက ပြုံးလိုက်ရင်း…
“ဆရာက ဒီလောက် ချီးကျူးနေမှတော့ တကယ်တော်တဲ့ သူပဲဖြစ်ရမယ်၊ သူဘယ်မှာလဲ ဆရာ၊ ကျွန်တော် သူ့ကို တွေ့ချင်ပါတယ်”
“သူက လွန်ခဲ့တဲ့ ငါးနှစ်ကမှ ဂိုဏ်းထဲကို ရောက်လာတာ၊ ဒါတောင် အခု ဟိုင်သန်းအဆင့် တက်ရောက် နိုင်တော့မယ်၊ သူဒီလောက် မြန်မြန် အဆင့်တက်နိုင်တာ ကျုပ်စိုးရိမ်နေမိတယ်၊ ဒါကြောင့် ဂိုဏ်းတူ ညီလေး တုန်းဖုန်းအတွက် မီးထိုးတဲ့ အလုပ်လုပ်ပေးဖို့ သူ့ကို တာဝန်ပေးထားတယ်”
ယွိမင်နတ်ဘုရား၏ စကားကြောင့် ဟွမ်ကျန်းမှာ များစွာ အံ့သြသွားရပြီး...
“သူက ဆရာဦးလေး ပြဒါးဆေးဖော်တဲ့ ဖိုကိုတောင် မီးထိုးပေးဖို့ ကူညီနေပြီလား၊ ငါးနှစ်အတွင်း ဒီလောက်တောင် တန်ခိုး စွမ်းအားတွေ များလာတာ အံ့သြစရာပဲ”
ဟု ပြောလိုက်မိလေသည်။
တာအို ဆရာတုန်းဖုန်းမှာ သူ၏ ထိုက်ယွဲ့ သဏ္ဌာန်မှန် ပညာကြောင့် တန်ခိုးစွမ်းအား ကြီးမားသူ တစ်ဦးဖြစ်သလို ပြဒါးကိုလည်း ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သူ ဖြစ်လေသည်။ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ပြဒါးဆေး အားလုံးမှာ တာအိုဆရာ တုန်းဖုန်း၏ ဖိုဖြင့်ထိုးကာ ဖော်စပ်ထားခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဆရာတုန်းဖုန်း၏ ဖိုကို မီးထိုးပေးရန်မှာ လွယ်သည့် ကိစ္စတော့ မဟုတ်ပေ။ တန်ခိုးစွမ်းအားများစွာ အသုံးပြုရလေသည်။
သို့သော် ထိုအလုပ်ကို လုပ်နိုင်ပါကလည်း ပြဒါးဖိုမှ ထွက်သည့် အစွမ်းများကို ရရှိနိုင်မည် ဖြစ်လေသည်။ ထိုပြဒါးဖိုမှ စွမ်းအားများသည် ကျင့်စဉ်လမ်း အတွက် များစွာ အထောက်အကူ ပြုလေသည်။ ခက်ခဲသော်လည်း အကျိုးရှိသည့် အလုပ်တစ်ခု ဖြစ်လေသည်။
“သူက သိပ်ပြီးတော့လည်း ကံကောင်းတယ်၊ သူတောင်ပေါ်ရောက်လာပြီး သိပ်မကြာဘူး နှစ်တစ်ထောင် ပြဒါးဆေးတွေကို ရှာတွေ့သွားပြီး စားပစ်လိုက်တယ်၊ သူအဲဒါလည်း စားပြီးရော တန်ခိုးစွမ်းအားတွေ တိုးတက်လာပြီး တစ်နေ့ကို မိုင်တစ်ထောင် ခရီးနှင်နိုင်တဲ့ အထိပဲ၊ ဒါပေမဲ့ သူ့ကိုယ်ထဲမှာ ကျန်နေတဲ့ ပြဒါးတွေကြောင့် နာကျင်မှုကို အကြာကြီး ခံစားနေရတယ်၊ ဒါကြောင့် သူ့ကို တုန်းဖုန်းဆီမှာ မီးထိုးပေးဖို့ ပြောရတာပဲ၊ အဲဒီလိုလုပ်မှ သူ့ကိုယ်ထဲက ပြဒါးက သူနဲ့ တစ်သားတည်း ကျသွားမှာ”
ယွိမင်နတ်ဘုရားက ပြောလိုက်လေသည်။
လောကတွင် ဝိညာဉ် စွမ်းအားပစ္စည်း များစွာ ရှိလေသည်။ ရှေးယခင် ကတည်းက ထိုသို့သော ပစ္စည်းများ အကူအညီဖြင့် ကျင့်ကြံသူများက အသက်ရှည်အောင် ကြိုးစား ကြလေသည်။ အမြဲတမ်း အသက်ရှင်နိုင်မည့် ဆေးဝါးများလည်း ရှိသလို ဝိညာဉ်အလင်း တရားရစေသည့် ဆေးများလည်း များစွာရှိလေသည်။ ထိုဆေးများ အကူအညီဖြင့် သာမန်လူများပင် နတ်ဘုရား တစ်ပါးကဲ့သို့ အစွမ်းထက် နိုင်လေသည်။
နောက်ပိုင်းတွင်တော့ "ပြင်ပပြဒါးရှင်" က ကျင့်ကြံသူများ အကြားတွင် ခေတ်စားလာပြီး ကျင့်ကြံသူ အများစုက ဟိုင်သန်းအဆင့် တက်ရောက်နိုင်ရန် အတွက် ပြင်ပ ပြဒါးရှင်ကို မရမနေ ရှာဖွေ ကြလေတော့သည်။ လူအများက ရှာဖွေ အသုံးပြုကြသည့် အတွက် ပြင်ပ ပြဒါးရှင်မှာလည်း တဖြည်းဖြည်း ရှားပါး လာခဲ့လေသည်။
နတ်ဘုရား ဂိုဏ်းများအတွက်တော့ ကျင့်စဉ် ကျင့်ကြံပြီး ဟိုင်သန်းအဆင့် တက်ရောက်နိုင်သော်လည်း ပုံမှန် မဟုတ်သည့် ကျင့်ကြံသူများ အတွက်တော့ ပြင်ပ ပြဒါးရှင်ကိုသာ အားကိုး ကြရလေသည်။ ထို့ကြောင့် နတ်ဘုရား ဂိုဏ်းများသို့ ဝင်ရောက်လိုကြသည့် ကျင့်ကြံသူများစွာ ရှိကြပြီး တည်တံ့ ခိုင်မြဲ နေကြရခြင်း ဖြစ်လေသည်။
လက်ရှိ အချိန်တွင် ကွမ်းချင်း နတ်ဘုရားဂိုဏ်းတွင် လောကနတ် ဘုရားငါးပါး ရှိနေလေသည်။ သို့သော် တကယ်တမ်း နှိုင်းယှဉ်ကြည့်မည် ဆိုလျှင်တော့ ချင်းရွှမ်နတ်တံခါးက သာလွန်နေဆဲ ဖြစ်လေသည်။
နှစ်ပေါင်းတစ်သောင်းကျော် ရပ်တည်လာခဲ့သည့် ချင်းရွှမ် နတ်တံခါးတွင် နတ်ဘုရားအပါး လေးဆယ် ပေါ်ထွက်ခဲ့ ဖူးလေသည်။ နတ်ဘုရား ဂိုဏ်းများထဲတွင် အရေအတွက် အများဆုံး ဖြစ်လေသည်။ ချင်းရွှမ်နတ်တံခါး၏ လွန်ခဲ့ပြီးသော ဆရာသခင် ကျန်းရော့ရွှီး၊ ကျိလင်နတ်သမီး၏ တပည့်ဖြစ်သူ ပိယွင်နှင့် ယန်ရွှီးတို့၏ ပြဿနာ ရှုပ်ထွေးမှုများဖြင့် ကြေကွဲစရာ ဖြစ်ရပ်ကြီးသာ မဖြစ်ခဲ့လျှင် နတ်ဘုရား ရှစ်ပါး သို့မဟုတ် ကိုးပါးအထိ ထပ်မံ ပေါ်ထွက် လာနိုင်သေးသည်။
ကျိလင်နတ်သမီး၊ ချင်းရွှမ်ကို စောင့်ရှောက်နေသည့် နတ်ဘုရား အဘိုးအိုနှင့် မည်သည့် နေရာသို့ ရောက်နေမှန်း မသိသည့် နောက်ထပ် နတ်ဘုရားများကိုပါ ထည့်တွက်မည် ဆိုလျှင် ချင်းရွှမ် နတ်တံခါးတွင် နတ်ဘုရား ခြောက်ပါးရှိမည် ဖြစ်လေသည်။ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းထက်ပင် များပြား နေသေးသည်။
ဟွမ်ကျန်းသည် အသစ်ရောက် ရှိလာသည့် ဂိုဏ်းတူညီ ငယ်အကြောင်းကို စဉ်းစားမိသည့် အခါ ကွမ်းချင်း နတ်ဘုရားဂိုဏ်း အင်အား ကြီးမားလာရန် အတွက် မျှော်လင့်ချက် ရောင်ခြည်ကို ခံစားမိလေသည်။ နောက်ထပ် တစ်ယောက် နှစ်ယောက်ခန့် နတ်ဘုရားအဆင့် တက်လှမ်းနိုင်မည်ဆိုလျှင် သူတို့ ကွမ်းချင်း နတ်ဘုရားဂိုဏ်းသည် အဓိက နတ်ဘုရားဂိုဏ်းကြီး လေးဂိုဏ်းတွင် ပါဝင်နိုင်မည် ဖြစ်လေသည်။ နောက်နှစ်ပေါင်း အနည်းငယ်အတွင်း ချင်းရွှမ်နတ်တံခါးနှင့် ယှဉ်လျှင် နောက်တန်းသို့ ရောက်နေမည် မဟုတ်ပေ။
"ဆရာဦးလေး တုန်းဖုန်းနဲ့လည်း မတွေ့ရတာ ကြာပါပြီ၊ ဆရာ့ဆီက ပြန်ရင် ဂိုဏ်းတူညီလေးကို သွားတွေ့ရင်းနဲ့ သူ့ကိုပါ တစ်ခါတည်း သွားတွေ့လိုက်ပါဦးမယ်၊ ဒါနဲ့ အဲဒီ ညီလေး နာမည်က ဘယ်လို ခေါ်ပါသလဲ ဆရာ"
ဟွမ်ကျန်းက မေးလိုက်လေသည်။
"ချင်းဝေး လို့ခေါ်တယ်"
ယွိမင်နတ်ဘုရားက ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင်…
ထိုက်ချန်း တောင်ထိပ် တစ်နေရာတွင် လူငယ်လေး တစ်ယောက် ရှိနေလေသည်။ သူက တန်ခိုး စွမ်းအားကို အသုံးပြုကာ ဖိုကို မီးထိုး ပေးနေလေသည်။ လူငယ်လေးက ရုတ်တရက် နှာချေလိုက်သည့် အတွက် ဖိုမှ မီးများမှာ ပုံပျက် သွားရလေသည်။
အဝေးရှိ ကျောက်လှေကားထစ်များပေါ်တွင် တာအိုဆရာတုန်းဖုန်းက ခြေထောက်ချိတ်ပြီး ထိုင်နေလေသည်။
လူငယ်လေး၏ နှာချေသံကြောင့် သူက မှိတ်ထားသည့် မျက်လုံးများကို ဖွင့်လိုက်ပြီး…
"မင်းကြောင့် ဒီဖိုထဲက ပြဒါးဆေး ပျက်စီးသွားလို့ကတော့ နောက်ထပ်ငါးနှစ် မီးထပ် ထိုးခိုင်းမှာနော်"
လူငယ်လေးက တန်ခိုးစွမ်းအားများ အသုံးပြုကာ အဆက်မပြတ် မီးထိုးပေးနေရင်း ပြောင်စပ်စပ် မျက်နှာထားဖြင့်….
"ဆရာဦးလေးက ကျွန်တော့်ကို လျှော့တွက်တာကိုး၊ ကျွန်တော်က ဘက်စုံတော်တဲ့ သူပါနော်၊ ခုလို နှာချေတာ ဘာလို့လဲ သိလား၊ တစ်ယောက်ယောက်တော့ ကျွန်တော့် အကြောင်း ပြောနေလို့ပဲ၊ ဒါပေမဲ့ မပူပါနဲ့၊ ဒီနေ့ နေ့ဝက် မကျိုးခင်မှာ ဒီပြဒါးဆေးဖော်လို့ ပြီးသွားမှာပါ၊ အဲဒါဆိုရင် ကျွန်တော့်ကို ချီးကျူးတဲ့ အနေနဲ့ ပြဒါးဆေး နည်းနည်းလောက် ပေးမယ် မလားဟင် ဆရာဦးလေး"
တာအိုဆရာ တုန်းဖုန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း…
"မင်းလွန်ခဲ့တဲ့ ငါးနှစ်က ကျုပ်ဆီက ခိုးသွားတာတွေ ပြန်ပေးမယ်ဆိုရင် ဒီဖိုက ကျတဲ့ ပြဒါးဆေးကို မင်းကိုပေးမယ်"
လူငယ်က ရယ်မောလိုက်ရင်း…
"အရင်တုန်းက မသိခဲ့လို့ ဆရာဦးလေးရဲ့ ဆေးတွေကို စားပစ်မိတာပါ၊ ဒါပေမယ့် အဲဒီလို စားလိုက်လို့လည်း ခုဆရာဦးလေး အတွက် အလုပ်လုပ် ပေးနိုင်တာပေါ့"
ဟု ပြောလိုက်လေသည်။
လူငယ်၏ စကားကြောင့် တာအိုဆရာတုန်းဖုန်းမှာ မရယ်ဘဲ မနေနိုင်တော့ပေ။ ချင်းဝေးဆိုသည့် လူငယ်လေးမှာ သွက်လက်ပြီး စကားတတ်သူ ဖြစ်လေသည်။ ထို့ပြင် တန်ခိုး စွမ်းအားကလည်း အံ့သြစရာ ကောင်းလှသည်။ သူက ပြဒါးဆေးများကို စားပစ်လိုက်သည့် အချိန်တွင် ပြဒါးဆေးများက လွယ်လွယ်နှင့် ကျေညက်သွားပြီး ကျင့်စဉ်လမ်းအဆင့် တိုးတက်လာခဲ့လေသည်။ ထိုသို့သော တန်ခိုးစွမ်းအားမျိုးမှာ လူပြန်ဝင်စားသည့် နတ်ဘုရားများတွင်သာ ရှိနိုင်သည့် တန်ခိုးစွမ်းအားမျိုး ဖြစ်လေသည်။
တာအိုဆရာ တုန်းဖုန်းမှာ ထိုလူငယ်လေး၏ ဇစ်မြစ်ကို ကြည့်နိုင်ရန် ကြိုးစားခဲ့လေသည်။ သို့သော် လူငယ်လေးမှာ အဖြူရောင် စာရွက်တစ်စ အလား ဖြူစင်လွန်းသည်။ မျိုးဆက် သုံးဆက်အတွင်း မည်သည့် ကျင့်ကြံမှုမှ ပြုလုပ်ခဲ့ခြင်းမျိုး မတွေ့ရပေ။ သို့သော် ထိုအချက်နှင့် ပတ်သက်ပြီး တာအို ဆရာတုန်းဖုန်းမှာ မတင်မကျတော့ ဖြစ်နေရလေသည်။
ပြဒါးဆေးများက ချင်းဝေး၏ ရုပ်ခန္ဓာကိုရော စိတ်ဝိညာဉ်ကိုပါ ထိခိုက်ခြင်း မရှိခဲ့ပေ။ ထို့ပြင် ကျင့်စဉ်လမ်း အဆင့်ကိုပင် တိုးတက်သွားစေလေသည်။
ချင်းဝေ့မှာ ကျင့်စဉ်လမ်းနှင့် ပတ်သက်ပြီး ပင်ကိုယ် ပါရမီရှိသူ ဖြစ်လေသည်။ သူ၏ စိတ်နှလုံးက ဖြူစင်ပြီး မည်သည့်အရာကိုမှ စိုးရိမ်တတ်ခြင်းမရှိပေ။ နတ်ဘုရားတစ်ပါး ဝင်စားခြင်းလည်း မဟုတ်ပေ။ သို့သော် လောကကြီးက ကျယ်ပြန့်လှပြီး မသိနိုင်သည့် အရာများစွာ ရှိသည်ကတော့ အမှန်ပင် ဖြစ်လေသည်။ ချင်းဝေးကဲ့သို့ ထူးချွန်သည့် ပါရမီရှင်လေး တစ်ယောက် ကွမ်းချင်း နတ်ဘုရားဂိုဏ်းသို့ ရောက်ရှိလာခြင်းက ဂိုဏ်းအတွက် ကောင်းမွန်သည့် အချက်ပင် ဖြစ်သည်ဟု တာအိုဆရာတုန်းဖုန်း တွေးနေမိလေသည်။
ချင်းဝေးဆိုသည်မှာ အမှန်တော့ ယန်ရွှီးပင် ဖြစ်လေသည်။ သူ၏ ပကတိ ဖန်ဆင်းခြင်း ပညာမှာ ကျိလင် နတ်သမီးကြောင့် ပျက်စီး သွားခဲ့ရလေသည်။ သို့သော် လုံးဝ ပျက်စီးသွားခြင်း မဟုတ်ပါ။ ကျိလင်နတ်သမီး၏ ဗလာနယ် ဖျက်ဓားကြောင့် ပကတိ ဖန်ဆင်းခြင်း ပညာ၏ မိစ္ဆာ စွမ်းအားများ ပျက်စီးသွားပြီး ကျင့်စဉ်ကတော့ မပျက်မစီး ကျန်ရစ်ခဲ့လေသည်။ ထို့ကြောင့် ယွိမင် နတ်ဘုရားနှင့် တာအို ဆရာတုန်းဖုန်းတို့ကိုပင် လှည့်စား နိုင်ခဲ့လေသည်။
ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ကျင့်စဉ်အချို့မှာ ချင်းရွှမ် နတ်တံခါးမှ ကျင့်စဉ်များထက် နိမ့်ကျခြင်း မရှိပေ။ ထို့ကြောင့်လည်း နတ်ဘုရားငါးပါး ထွက်ပေါ်လာသည် အထိ အောင်မြင်လာခြင်း ဖြစ်လေသည်။ တာအို ဆရာတုန်းဖုန်း၏ ထိုက်ယွဲ့သဏ္ဌာန်မှန်ပညာမှာ ချင်းရွှမ် နတ်တံခါး၏ အဆုံးမဲ့ ပင်လယ်ကျင့်စဉ်နှင့် ကောင်းကောင်း ယှဉ်ပြိုင်နိုင်လေသည်။ ထိုကျင့်စဉ်နှစ်ခုကို ပေါင်းစပ်လိုက်ပါက တောင်တစ်လုံးနှင့် ပင်လယ်ပြင် တစ်ခုပမာ ထိပ်တန်း အဆင့် တန်ခိုး စွမ်းအားကို ရရှိမည် ဖြစ်လေသည်။
သို့သော် ယန်ရွှီးကတော့ ထိုပညာများကို စိတ်ဝင်စားခြင်း မရှိပါ။ သူက ပကတိ ဖန်ဆင်းခြင်း ပညာကိုသာ စွဲစွဲလန်းလန်း ကျင့်ကြံမည့်သူ ဖြစ်လေသည်။ ထိုကျင့်စဉ် အောင်မြင်သွားလျှင် မည်သည့် အနှောင်အဖွဲ့ကိုမှ ကြောက်စရာမလိုဘဲ လွတ်လပ်သွားမည် ဖြစ်သည်။
သူက ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို စိတ်ဝင်စားခဲ့ခြင်းမှာ ဖော့ဝမ့်အဆင့် ကျင့်ကြံသူ ဆယ့်နှစ်ယောက် ရှိသောကြောင့် ဖြစ်လေသည်။ ထိုဆယ့်နှစ်ယောက်ကိုသာ ပကတိ ဖန်ဆင်းခြင်း ပညာဖြင့် သူ၏ ကိုယ်ပွားများအဖြစ် ပြုလုပ်နိုင်ပါက သူ့အတွက် အကျိုးအမြတ်များစွာ ရရှိမည် ဖြစ်လေသည်။ သူ့အနေဖြင့် ထိုက်ယွဲ့သဏ္ဌာန် မှန်ပညာကို မအောင်မြင်ခင် ကျိလင်က သူ့ကို ရှာတွေ့သွားမည်ဆိုလျှင်လည်း ကြောက်စရာ မလိုတော့ပေ။ ဆရာဒေါ်လေး ကျိလင်ကို ကောင်းကောင်း အနိုင်ယူနိုင်မည် ဖြစ်လေသည်။ ယန်ရွှီးအနေဖြင့် ကျိလင်ကိုသာ မလှည့်စားနိုင်လျှင် ယန်ရွှီးလုပ်နေတော့မည် မဟုတ်ပေ။
ယွိမင်နတ်ဘုရား ကျင့်ကြံသည့် ကျင့်စဉ်သည် အလွန်ကောင်းမွန်သည့် ကျင့်စဉ်တစ်ခု ဖြစ်ကြောင်း ယန်ရွှီး ရိပ်မိလေသည်။
သို့သော်... သူ၏ အရည်အချင်းဖြင့် ထိုကျင့်စဉ်၏ ဇစ်မြစ်ကို သိနိုင်စွမ်း မရှိပေ။
ထို့ကြောင့်ပင် ချင်းရွှမ်မှ ထိုက်ဝေ့ ထိုင်ခန်းမဆောင်နှင့် ကျန်းရော့ရွှီးကို သူလွမ်းမိလေသည်။
ချင်းရွှမ်နတ်တံခါးတွင် နေထိုင်ခဲ့ရသည့် ဘဝသည် ကွမ်းချင်း နတ်ဘုရားဂိုဏ်းတွင် နေရသည်နှင့်တော့ မတူပေ။ ကွမ်းချင်း နတ်ဘုရားဂိုဏ်းကဲ့သို့ နတ်ဘုရားဂိုဏ်း အသစ် တစ်ခုသည် ချင်းရွှမ်ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။
ချင်းရွှမ်နတ်တံခါးတွင် ဂိုဏ်းချုပ် နေရာ ဆက်ခံသူသည် ထျန်းတိကျန်းမှ တစ်ဆင့် လျို့ဝှက်ချက်များ အားလုံးကို သိမြင်ခွင့် ရလေသည်။ ထိုက်ဝေ့ ထိုင်ခန်းမဆောင်မှ လျို့ဝှက် ကျဉ့်စဉ်များစွာကိုလည်း စိတ်ကြိုက် လေ့လာခွင့်ရသည်။ ဆန်းလျန်မှာ အလွန်ပင် ကံကောင်းလှသည်ဟု သူတွေးနေမိသည်။
သို့သော်... သူ့အနေဖြင့် ချင်းရွှမ်နတ်တံခါးသို့ ပြန်သွားရဲသည့် အထိ သတ္တိမရှိပါ။
အတိတ်တစ်ချိန်က ဖြစ်ရပ်ကိုပြန်ကြည့်မည်ဆိုလျှင်….
မသေနိုင်သော အဘိုးအိုကြီးသာ ကျင့်စဉ်လမ်း စမ်းသပ်မှု အခက်အခဲနှင့် ရင်ဆိုင်နေရခြင်း မရှိလျှင် သူ့အနေဖြင့် အသက်ရှင်လျက် လွတ်မြောက်လာမည် မဟုတ်ပေ။ သူ့ကို သတ်ချင်နေသည့် သူများထဲတွင် ကျိလင် နတ်သမီးသာမဟုတ် ထိုနတ်ဘုရား အဘိုးအိုကြီးလည်း ထိပ်ဆုံးက ပါဝင်လေသည်။ ထိုအကြောင်းများကို တွေးမိသည့်အခါ ယန်ရွှီး ခေါင်းများ ကိုက်လာရသည်။ သူက သူစိတ်ဝင်စားသည့် ကျင့်စဉ်ကို ကျင့်ကြံခဲ့ပြီး သူ့လမ်းသူလျှောက်ခဲ့ခြင်း ဖြစ်သည့်တိုင် အခြားသူများ၏ အပြစ်တင်ခြင်းကို ခံခဲ့ရလေသည်။
သူ၏ ကိုယ်ပွားအဖြစ် ပြောင်းလဲပစ်ခဲ့သည့် ချင်းရွှမ်နတ်တံခါးမှ တပည့်များမှာ ဟိုင်သန်းအဆင့် တက်ရောက်ရန်ပင် အရည်အချင်း မရှိသူများ ဖြစ်လေသည်။ ကျင့်စဉ်လမ်း အဆင့် မတက်ရောက်နိုင်သည့် အတွက် အချိန်တန်လျှင် သေဆုံး သွားကြရမည့် သူများ ဖြစ်လေသည်။ ကျန်းရော့ရွှီးနှင့် ပိယွင်ကတော့ လွယ်ကူသည့်သူများမဟုတ်ကြသလို အတိတ်မှ အဖြစ်အပျက်များတွင် အဓိကပါဝင်ပတ်သက်သည့်သူများလည်း ဖြစ်ခဲ့ကြလေသည်။
ယန်ရွှီး၏ ခေါင်ထဲတွင် အတွေးပေါင်းများစွာ ပြေးလွှားနေသည့်တိုင် ဖိုကိုတော့ တည်ငြိမ်စွာဖြင့် မီးထိုးပေးနေဆဲ ဖြစ်လေသည်။ မီးတောက်များက အရှိန်ပြင်းစွာ လောင်ကျွမ်းနေလေသည်။ တာအိုဆရာ တုန်းဖုန်းကတော့ ချင်းဝေးမှာ အလုပ်ကို စိတ်ဝင်တစားနှင့် သေသေချာချာ လုပ်နေသည်ဟု အထင်ရောက်နေလေသည်။
ယန်ရွှီး၏ ကြိုးစားပုံနှင့်ဆိုလျှင် ထိုက်ယွဲ့သဏ္ဌာန် မှန်ပညာဖြင့် ဟိုင်သန်း အဆင့်ကို အခက်အခဲမရှိ တက်ရောက်နိုင်မည် ဖြစ်လေသည်။ သူ့အတွက် ပြဒါးဆေးနည်းနည်း ထပ်ရမည်ဆိုလျှင် လျှင်မြန်စွာ ကျင့်စဉ်လမ်း အဆင့်တက်နိုင်တော့မည်ဖြစ်သည်။ ထိုသို့သာ တက်ရောက်နိုင်မည်ဆိုလျှင် နတ်ဘုရားတစ်ပါးဖြစ်လာရန် အလားအလာရှိသည့် နောက်ထပ်ထိပ်တန်းကျင့်ကြံသူတစ်ယောက် ကွမ်းချင်းနတ်ဘုရားဂိုဏ်းတွင် ပေါ်ထွက်လာမည်ဖြစ်လေသည်။
သို့သော်.... ထိုကလေးကိုကြည့်ရသည်မှာ ထိုက်ယွဲ့သဏ္ဌာန် မှန်ပညာကို စိတ်ဝင်စားပုံ မရပေ။ ထို့ကြောင့် တာအိုဆရာ တုန်းဖုန်းက သူ့ကို အရမ်းဖိအား မပေးခြင်း ဖြစ်လေသည်။
ယန်ရွှီးက ကွမ်းချင်းနတ်ဘုရားဂိုဏ်းမှ ဟွမ်ကျန်းအပါအဝင် ဖော့ဝမ့် အဆင့်ကျင့်ကြံသူ ဆယ့်နှစ်ပါးလုံးကို သူ၏ ကိုယ်ပွားများ အဖြစ် ပြောင်းလဲပစ်ရန် ကြံစည်နေသည်ကိုသာ သိရှိပါက ဆရာတုန်းဖုန်းသည် သူ့ကို ချက်ချင်းပင် ထသတ်မိမည် ဖြစ်လေသည်။
ပင်လယ်ရေအောက် ကြမ်းပြင်….
ပင်လယ်ရေအောက် ကြမ်းပြင်သို့ ဆန်းလျန် ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်လေသည်။
ရေအောက်ကမ္ဘာမှာ ကုန်းမြေနှင့်မတူ၊ အခြေအနေ ကွာခြားလွန်းလှသည်။ ပထမတွင်တော့ ဆန်းလျန်က ရေကို ထိုးခွဲသည့် ပညာကို အသုံးပြုကာ ပင်လယ်အောက်သို့ ဆင်းသွားခြင်း ဖြစ်လေသည်။ သို့သော် ပေပေါင်းရာနှင့်ချီသည့် ရေအနက်သို့ ရောက်ရှိလာသည့် အခါတွင်တော့ ထိုပညာကို အသုံးပြု၍ မရတော့ပေ။ ရေအောက်မှ ဖိအားမှာ အလွန်ပြင်းထန် လာလေသည်။ ဖိအားမှာ အလေးချိန် ငါးတန်ခန့်ရှိသည့် အတွက် ခုခံနိုင်ရန် လွန်စွာမှ ခဲယဉ်းလေသည်။ သူရေအောက်သို့ ပိုရောက်လေ ဖိအားက ပိုများလာလေ ဖြစ်လေသည်။
သူက ထိုက်ရွှီးတန်ခိုး စွမ်းအားများကို အသုံးပြုကာ ခုခံထားသည့် အတွက် ရေဖိအားက သူ့ကို သက်ရောက်မှု မရှိပေ။ သို့သော် ရေအောက်သို့ နက်လာသည်နှင့်အမျှ ဖိအားက ဘက်ပေါင်းစုံမှ သက်ရောက် လာလေသည်။
ဆန်းလျန် ရောက်နေသည့် နေရာမှာ ရေအောက်တွင် မည်မျှ နက်နေပြီလည်း သူကိုယ်တိုင် မသိနိုင်တော့ပေ။ ရေဖိအားများမှာလည်း တောင်တစ်လုံးကို ထမ်းထားရ သကဲ့သို့ လေးလံနေပြီ ဖြစ်လေသည်။ သူ၏ သွေးကြောဆုံချက်များနှင့် ရုပ်ခန္ဓာ အသွေးအသားများသည် ရေဖိအားကို ခံနိုင်စွမ်း မရှိတော့ပေ။
သူ့တွင် တန်ခိုးစွမ်းအား အနည်းငယ် ကျန်ရှိနေသေးသည့်တိုင် သူ၏ ခန္ဓာကိုယ်က ရေဖိအားကို တွန်းလှန်နိုင်ခြင်း မရှိတော့ပေ။
သူက ရုပ်ခန္ဓာမှာ ဝိညာဉ်မြစ်ထဲတွင် ကျင့်ကြံထားသည့် အတွက် အခြားသော ကျင့်ကြံသူများနှင့် ယှဉ်လျှင်များစွာ ခံနိုင်ရည် ရှိလေသည်။ သို့သော် ရွှေခန္ဓာကျင့်စဉ် အောင်မြင်ထားသည့် သူများနှင့်တော့ မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပေ။
ဆန်းလျန်က သူ၏ ခန္ဓာကိုယ်မှာ ရေဖိအားကို တောင့်ခံ မထားနိုင်တော့သည့် အတွက် ခုခံ တွန်းလှန်နေခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ အဏ္ဏဝါ လူသားတစ်ယောက် အသွင်ပြောင်းလဲ သွားလေတော့သည်။
ထိုသို့ ပြောင်းလဲနိုင်ရန် အတွက် ဆန်းလျန်က ထျန်းကန်း ပုံပြောင်းပညာ သုံးဆယ့်ခြောက်မျိုး ကို အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။
***