← Chapters

မဟူရာ အဏ္ဏဝါနန်းတော်

Vol. 3 Ch. 219

မဟူရာ အဏ္ဏဝါနန်းတော်

Vol. 3 Ch. 219

ထျန်းကန်းပုံပြောင်းပညာ သုံးဆယ့်ခြောက်မျိုးမှာ စကြာဝဠာအဆင့် ကျင့်စဉ်ပညာ ဖြစ်ပြီး လောက နတ်ဘုရားများသာလျှင် ကျင့်ကြံနိုင်သည့် ကျင့်စဉ် ဖြစ်လေသည်။

ကောလဟလများအရ ရှေးခေတ် အခါတုန်းက လောကနတ် ဘုရားများသည် ထိုကျင့်စဉ်ကို ကျင့်ကြံလေ့ ရှိကြလေသည်။

သို့သော်... ထိုကျင့်စဉ်ပညာ ပျောက်ကွယ် နေသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ဆန်းလျန်မှာ ထျန်းကန်းပုံ ပြောင်းပညာ သုံးဆယ့်ခြောက်မျိုးကို အပေါ်ယံမျှသာ သိရှိခြင်း ဖြစ်လေသည်။ သူက ခန္ဓာကိုယ် ဖွဲ့စည်းပုံ အနည်းငယ်ကိုသာ ပြောင်းလဲနိုင်ပြီး အခြား သတ္တဝါများ ၊ ပစ္စည်းများ အသွင်သို့ ပြောင်းလဲနိုင်ခြင်း မရှိသေးပေ။ ထိုသို့ ပြောင်းလဲနိုင်ရန်မှာ ကျင့်စဉ် တစ်ခုလုံး အောင်မြင်မှသာ ဖြစ်နိုင်ပေမည်။

ဆန်းလျန်၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ ရေအောက် ကမ္ဘာပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ပြောင်းလဲသွားသည်နှင့် အဖက်ဖက်မှ ထိုးနှက်နေသည့် ရေဖိအားများ ပျောက်ကွယ်သွားပြီး ပင်လယ်ထဲတွင် လွတ်လွတ်လပ်လပ် ကူးခတ် သွားနိုင်လေတော့သည်။

သူ၏ ခန္ဓာကိုယ်မှာ ရေများဖြင့် ပြည့်နေပြီး ပင်လယ်သတ္တဝါ တစ်ကောင်အလား ဖြစ်သွားလေသည်။

ခန္ဓာကိုယ် ဖွဲ့စည်းပုံ ပြောင်းလဲခြင်းကို သူယခင်က ပြုလုပ်ဖူးသည့်တိုင် အဏ္ဏဝါ လူသားအဖြစ် ပြောင်းလဲခြင်းကို တစ်ခါမှ ပြုလုပ်ခဲ့ဖူးခြင်း မရှိပေ။ ဖြစ်နိုင်လျှင် သူက အရာဝတ္ထုများ၊ သားရဲကြီးများနှင့် တောင်နှင့်မြစ်ချောင်းများ သဏ္ဌာန်ပင် ပုံပြောင်းနိုင်သည်အထိ ကျင့်စဉ် အောင်မြင်ချင်မိ လေသည်။

သို့သော် မည်သည့် ပုံသဏ္ဌာန်ကိုပင် ပြောင်းလဲနိုင်ပါစေ လူသားတစ်ယောက် အတွက် လူသားပုံစံကသာ အကောင်းဆုံး ဖြစ်သည်ကို သူနားလည် ထားလေသည်။

ဆန်းလျန်က မှော်ဝင် ဝေလငါးကြီးဆီမှ ပင်လယ်မျက်လုံး၏ တည်နေရာကို မေးမြန်းကာ ပင်လယ်တွင်းသို့ ဆင်းလာခြင်း ဖြစ်လေသည်။ ယခု သူရောက်ရှိနေသည့် နေရာနှင့် သိပ်ပြီး ဝေးကွာလှခြင်း မရှိသည့် ပင်လယ် ရေအောက်ကြမ်းပြင်တွင် ပင်လယ်မျက်လုံး တည်ရှိလေသည်။ သို့သော် ထိုမျှ နက်ရှိုင်းသည့် ရေနက်ထဲသို့ မည်သည့် ဟိုင်သန်းအဆင့် ကျင့်ကြံသူမှ သွားရောက်နိုင်မည် မဟုတ်ပေ။

ပင်လယ်ရေအောက်တွင် အလင်းရောင် မရှိပေ။ ပင်လယ် ကြမ်းပြင်မှာလည်း ရွှံ့မြေများ ဖြစ်လေသည်။ သို့သော် ကမ္ဘာ့မြေအောက်လွှာရှိ ချော်ရည်ပူများကြောင့် နွေးထွေး နေလေသည်။ ရေအောက် ကြမ်းပြင် ရွှံ့မြေများပေါ်တွင် ထူးဆန်းသည့် ရေအောက် သစ်ပင်များ ပေါက်ရောက်နေသည်ကို တွေ့နိုင်ပြီး ထိုအပင်များမှ အလင်းရောင်များ ထွက်နေ ကြလေသည်။ မှော်ဝင် ဝေလငါးကြီး ပြောပုံအရဆိုလျှင် ပင်လယ်မျက်လုံး၏ တည်နေရာသည် ထိုအလင်းရောင် ထွက်နေသည့် အပင်များနှင့် သိပ်ပြီး မဝေးလှပေ။

မှော်ဝင် ဝေလငါးကြီးမှာ အစွန်းရောက် ယင်စွမ်းအားနှင့် အအေးစွမ်းအားများ တည်ရှိသည့် ပင်လယ် မျက်လုံးအနားသို့ သတိမထားမိဘဲ အမှတ်မထင် ရောက်ရှိ သွားရကာ ဒဏ်ရာ ရလာခြင်း ဖြစ်လေသည်။

သူက မှော်ဝင် ဝေလငါးကြီးကဲ့သို့ မဖြစ်ရအောင် စိတ်ဝိညာဉ် အာရုံစူးစိုက်မှုကို ဖြန့်ကျက်ထားပြီး ပတ်ဝန်းကျင် ပြောင်းလဲမှုကို သေချာမှတ်သား နေလေသည်။

ပင်လယ်ရေအောက်တွင် စိတ်ဝိညာဉ် အာရုံစူးစိုက် ထားရန်မှာ လွယ်ကူသည့် ကိစ္စတော့ မဟုတ်ပေ။ ပင်လယ်ရေအောက်၏ အဆုံးမရှိ ကျယ်ပြန့်မှုက အံ့သြစရာပင် ဖြစ်သလို ရေအောက်ကမ္ဘာ၏ အလှတရားမှာလည်း လူတိုင်းကို စွဲဆောင်နိုင်စွမ်း ရှိလေသည်။

ဆန်းလျန်က ရေအောက်ထဲတွင် ကူးခတ် နေလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး ရှေးခေတ် အခါကပင် အချိန်ကြာမြင့်စွာ လူသူအရောက် အပေါက်မရှိသည့် နေရာတစ်ခု ဖြစ်မှန်း သိသာလေသည်။ ရေကဖြည်းညင်းစွာ စီးဆင်းနေပြီး နွေးထွေးသည့် အနွေးဓာတ်ကို ခံစားနေရလေသည်။ အပင်ငယ်များမှ လွဲပြီး မည်သည့် အရာကိုမှ မြင်တွေ့ရခြင်း မရှိပေ။

ဆန်းလျန်မှာ အပင်များသာ ရှင်သန်နေသည်ကို တွေ့မြင် နေရလေသည်။ နတ်မိစ္ဆာ သားရဲကြီးများမှာလည်း မြင့်မားလွန်းသည့်ရေဖိအားတွင် အသက်ရှင်သန် နိုင်ရန်မှာ မဖြစ်နိုင်ပေ။

နတ်မိစ္ဆာသားရဲများ ရှိခဲ့လျှင်လည်း ထူးခြားသည့် မျိုးနွယ်များသာ ဖြစ်နိုင်လေသည်။

ရုတ်တရက် ဆန်းလျန်၏ စိတ်အာရုံထဲတွင် ထူးခြားမှုတစ်ခုကို ခံစားလိုက်ရလေသည်။ အစွန်းရောက် ယင်စွမ်းအားတစ်ခုနှင့် အအေးစွမ်းအား တစ်ခုက သူ့ကို အဝေးသို့ ရောက်အောင် တွန်းထုတ်နေသကဲ့သို့ ခံစားလိုက် ရလေသည်။ ပင်လယ် မျက်လုံးရှိရာသို့ ရောက်ပြီဟု တွေးမိကာ ဆန်းလျန် ပျော်ရွှင်သွားရသည်။ သူက ပင်လယ် မျက်လုံးဆီမှ အအေးစွမ်းအားကို အသုံးပြုကာ ရေခဲအလင်း ဖန်ဆင်းချင် နေမိလေသည်။

ဆန်းလျန်က သူ၏တန်ခိုး စွမ်းအားများကို ထုတ်လိုက်ပြီး ရေကို ထိုးခွဲလိုက်သည်။ အချိန်ခဏလေး အတွင်းမှာပင် ဆယ်ပေကျော်သို့ သူ၏ ခန္ဓာကိုယ်က ရောက်ရှိသွားပြီး အအေးစွမ်းအား ထွက်ပေါ်နေသည့် နေရာနှင့် ပိုပြီး နီးကပ်လာလေသည်။

ပင်လယ်ရေအောက် ကြမ်းပြင်တွင် ချော်ရည်ပူများ စီးဆင်းနေသည့်တိုင် အစွန်းရောက် ယင်စွမ်းအားနှင့် အအေးစွမ်းအား တည်ရှိနေခြင်းမှာ ထူးဆန်းသည့် အချက်တော့ မဟုတ်ပါ။ ယင်နှင့် ယန်သည် အမြဲတမ်း ယှဉ်တွဲနေသည့် စကြာဝဠာ စွမ်းအားနှစ်ခုပင် ဖြစ်လေသည်။

ထိုအချိန်မှာပင်…

အရိပ်တစ်ခုသည် ဆန်းလျန်အနားသို့ ရုတ်တရက် ရောက်ရှိ လာလေသည်။

ဆန်းလျန်၏ စိတ်ဝိညာဉ် အာရုံစူးစိုက်မှုသာ ထက်မြက်ခြင်း မရှိလျှင် ထိုအရိပ် ရောက်ရှိလာသည်ကို အချိန်မှီ သိနိုင်မည် မဟုတ်ပေ။ ထိုအရိပ်၏ တိုက်ခိုက်မှုကို ဆန်းလျန် ချက်ချင်း ရှောင်တိမ်းလိုက်သည့်တိုင် သူ၏လက်ကို တစ်ခုခုနှင့် ရှသွားပြီး ဒဏ်ရာ ရသွားလေသည်။ ဆန်းလျန်က ချက်ချင်းပင် ဒဏ်ရာကို သွေးတိတ်အောင် အကြောပိတ်လိုက်ပြီး ဒေါသများ ထွက်လာလေသည်။

ကျင့်စဉ်လမ်းကို လျှောက်လှမ်းခဲ့သည့် အချိန်မှစပြီး သူ့ဘဝတွင် ထိခိုက်ဒဏ်ရာ ရခဲ့သည်မှာ ရှားပါးလေသည်။

အရိပ်က ဆန်းလျန်ဘေးမှ ဖြတ်သန်းသွားလေသည်။ ဆန်းလျန်မှာ ဒဏ်ရာရသွားပြီ ဖြစ်သည့်အတွက် ပိုပြီး သတိထား နေရသည်။ ထိုသတ္တဝါမှာ ငါးမန်းနှင့် ဆင်တူလေသည်။ သို့သော် နဖူးထက်တွင် ဦးချိုတစ်ခု ပါရှိလေသည်။ သူဖြတ်သွားသည်နှင့် ရေပြင်မှာ လက်ခနဲ လင်းလက် သွားလေသည်။

ထိုသတ္တဝါ၏ ခန္ဓာကိုယ်က ရှည်မျောမျောနှင့် ဖြစ်ပြီး အရေခွံက သတ္တုသားကဲ့သို့ ချောမွေ့ ကြည်လင်နေလေသည်။ မျက်လုံးများကတော့ အပြာရောင် တောက်ပ နေလေသည်။ ဦးချိုပါသော ငါးမန်းတစ်ကောင်နှင့် ဆင်တူနေလေသည်။

ထိုသတ္တဝါမှာ ပင်လယ်ရေအောက်တွင် နေထိုင်သည်မှာ ကြာပြီ ဖြစ်သည့် နှစ်ချို့ သတ္တဝါတစ်ကောင် ဖြစ်ရမည်ဟု ဆန်းလျန်က တွေးလိုက်မိပြီး အမြန်ဆုံး ကိစ္စဖြတ်ရန် ဆုံးဖြတ် လိုက်လေသည်။

ယူနီ ကွန်းငါးမန်းမှာ သူ၏ ဆူးတောင်များကို ဖြန့်ကားပြီး ဆန်းလျန်ကို တိုက်ခိုက်ရန် ဝင်ရောက် လာပြန်သည်။

ထိုသတ္တဝါမှာ ခန္ဓာကိုယ် ကြီးမားသည့်တိုင် တန်ခိုးစွမ်းအား နည်းပါးသည့် သာမန် ပင်လယ်ငါး တစ်ကောင်သာ ဖြစ်ကြောင်း ဆန်းလျန်က သိလိုက်ရသည်။

ဆန်းလျန်က စိတ်ထဲမှ တစ်ချက် ရယ်မောလိုက်ရင်း သူ၏ လက်ချောင်းများမှ တစ်ဆင့် တန်ခိုးစွမ်းအား စီးကြောင်းတစ်ခု ဖော်ထုတ်လိုက်သည်။ ယူနီကွန်းငါးမန်းမှာ လျှပ်စီး လက်သကဲ့သို့ လျင်မြန်သည့်တိုင် ဆန်းလျန်၏ တန်ခိုးစွမ်းအား လောက်တော့ လျင်မြန်ခြင်း မရှိပါ။ ဆန်းလျန်၏ ပြင်းထန်သည့် တန်ခိုးစွမ်းအားများသည် ယူနီကွန်း ငါးမန်းကို ပိုက်ကွန်သဖွယ် ပိတ်ဆို့ ထားလိုက်လေတော့သည်။

ယူနီကွန်းငါးမန်းမှာ အလွန်ကြီးမားပြီး သန်မာသည့် ပင်လယ် သတ္တဝါကြီး တစ်ကောင် ဖြစ်သည့်တိုင် ဆန်းလျန်၏ တန်ခိုး စွမ်းအားများနှင့် ရင်ဆိုင်လိုက်ရသည့် အခါတွင်တော့ သူ၏ စွမ်းအားများ အားလုံး ပျောက်ဆုံးသွားရကာ မလှုပ်နိုင် ဖြစ်သွားရလေသည်။ သူ၏ စွမ်းအားများကို ဆန်းလျန်၏ တန်ခိုးစွမ်းအား ပိုက်ကွန်က စုပ်ယူ ပစ်လိုက်လေသည်။

ထိုသတ္တဝါက ဆန်းလျန်ကို အေးစက်စွာ စိုက်ကြည့်နေလေသည်။ သူ၏ မျက်ဝန်းများမှာ ဓားထက်ထက် နှစ်လက်နှင့်ပင် တူလေသည်။

ယူနီကွန်း ငါးမန်း၏ အပြာရောင် မျက်လုံးများမှ အပြာရောင် အလင်းတန်းနှစ်ခု ဆန်းလျန်ဆီသို့ ဖောက်ထွင်း ဝင်ရောက် လာလေသည်။ ဆန်းလျန်၏ စိတ်ဝိညာဉ်ကို ထိုးဖောက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

အရေးမပါသည့် တိုက်ကွက်အတွက် ဆန်းလျန်က ရယ်မော လိုက်မိသည်။ သတ္တဝါကြီးမှာ သူ၏ တန်ခိုး စွမ်းအားထဲတွင် ပိတ်မိနေသည့်တိုင် အလျှော့မပေးဘဲ တိုက်ခိုက် နေသေးည်။ သို့သော် ယူနီကွန်း ငါးမန်း၏ ကြိုးစားမှုမှာ လိပ်ပြာလေး တစ်ကောင်က သစ်ပင်ကြီး တစ်ပင်ကို တွန်းလှဲရန် ကြံစည်နေ သကဲ့သို့ပင် အရာမထင်ပေ။

ဆန်းလျန်က အပြာရောင် အလင်းတန်းနှစ်ခုကို တန်ခိုးစွမ်းအား ဒိုင်းတစ်ခု ဖန်ဆင်းကာ ခုခံ ကာကွယ်လိုက်သည်။ သူ၏ တိုက်ခိုက်မှု အရာမထင်သည့် အတွက် ယူနီကွန်း ငါးမန်းမှာ စိတ်ပျက် သွားရလေသည်။

ထို့နောက် ဆန်းလျန်၏ တန်ခိုးစွမ်းအားဒဏ်ကို မခံနိုင်ဘဲ ပင်လယ်ကြမ်းပြင် ရွှံ့ထဲသို့ ပြုတ်ကျကာ နစ်မြုပ် သွားလေသည်။

ဆန်းလျန်က ထိုသတ္တဝါအနားသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားလိုက်သည်။ ဆန်းလျန် အနားသို့ ရောက်သည်နှင့် ယူနီကွန်း ငါးမန်းသည် ရုတ်တရက် ခေါင်းထောင်လာပြီး သူ့ဦးခေါင်းထက်မှ ချွန်ထက်သည့် ဦးချိုဖြင့် ဆန်းလျန်ကို ထိုးလိုက် လေတော့သည်။

ချွန်ထက်သည့် ဦးချိုသည် ဆန်းလျန်၏ နှလုံးသား တည့်တည့်သို့ ထိုးလိုက်ခြင်း ဖြစ်လေသည်။

သို့သော်....

ယူနီကွန်း ငါးမန်းမှာ ဝမ်းမသာ လိုက်နိုင်ပါ။

အဘယ်ကြောင့်ဆိုသော် ဆန်းလျန်မှာ သူ့ရှေ့မှ ပျောက်ကွယ်သွားပြီး သူ့ဦးခေါင်းထက်တွင် လေးလံသည့် အရာတစ်ခုက ဖိထားသကဲ့သို့ ခံစားလိုက်ရသောကြောင့် ဖြစ်လေသည်။ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်း တစ်ခုက သူ့ကိုယ်ထဲသို့ စီးဝင်လာပြီး သူ သူ့တစ်ကိုယ်လုံး လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။

ပေါင်တစ်သောင်းကျော် အလေးချိန်ရှိသည့် ယူနီကွန်းငါးမန်းကြီးမှာ ယခုတော့ ဆန်းလျန်၏ ထိန်းချုပ်မှုအောက်တွင် ပြားပြားဝပ်လျက်ရှိချေပြီ။

ယူနီကွန်း ငါးမန်းဆီမှ တောင်းပန်နေသည့် အငွေ့အသက်များကို ဆန်းလျန် ခံစားနေရသည်။

ဆန်းလျန်က ရယ်မောလိုက်ပြီး သူ၏ နတ်ဘုရား စိတ်စွမ်းအားကို အသုံးပြုကာ ယူနီကွန်း ငါးမန်းကို ဆက်သွယ် စကားပြောလိုက်သည်။

“မင်းက ဘယ်ကလာတဲ့ သားရဲလဲ”

“ကျုပ်က မဟူရာ အဏ္ဏဝါမင်းကြီး လက်အောက်က ငါးမန်း စစ်ဗိုလ်ချုပ်ပဲ ၊ မင်းက ဘယ်သူလဲ၊ ရေသူထီးလည်း မဟုတ်၊ လူလည်း မဟုတ်နဲ့၊ ဒါပေမယ့် တန်ခိုး စွမ်းအားတော့ အတော်ကြီးတာပဲ၊ မင်းကို လေးစားမိပါတယ်”

ယူနီကွန်း ငါးမန်းက စိတ်စွမ်းအားဖြင့် ပြန်ဖြေလိုက်သည်။ ဆန်းလျန်မှာ အဏ္ဏဝါ လူသားအဖြစ် အသွင်ပြောင်းထားသည့် လူသားတစ်ဦး ဖြစ်ကြောင်းကို ယူနီကွန်းငါးမန်းက ရိပ်မိခြင်း မရှိပေ။ ထို့ကြောင့် ဆန်းလျန်၏ ပုံစံကို ကြည့်ကာ ထူးဆန်း နေလေသည်။

“မဟူရာ အဏ္ဏဝါမင်းကြီးဆိုတာ ဘယ်သူလဲ ၊ တစ်ခါမှလည်း မကြားဖူးဘူး”

ဆန်းလျန်က ပြောလိုက်သည်။

“ကျုပ်တို့ မင်းကြီးက ဒီလောက် နာမည်ကျော်ကြားတာ၊ မင်းက မကြားဖူးဘူး ဆိုတော့ တော်တော် အသိဉာဏ် နည်းတဲ့သူပဲ”

ယူနီကွန်း ငါးမန်းက ပြန်ပြောလိုက်သည်။

ဆန်းလျန်က ရယ်မောလိုက်လေသည်။ လောက တစ်ခုလုံးက ကြောက်ရွံ့ လေးစားကြသည့် သူကဲ့သို့သော ချင်းရွှမ် နတ်တံခါးမှ ဂိုဏ်းချုပ်ကြီးကို အသိဉာဏ်နည်းသည်ဟု ပြောရက်လေခြင်း။

သို့သော် မဟူရာ အဏ္ဏဝါမင်းကြီး ဆိုသည်ကိုတော့ ဆန်းလျန် မသိသည်မှာ အမှန်ပင် ဖြစ်လေသည်။ နာမည်ကြားသည်နှင့် နတ်မိစ္ဆာ ဘုရင်တစ်ပါး ဖြစ်မည်ဟု ခန့်မှန်း ရလေသည်။

“မင်းက ဘာလို့ ကျုပ်ကို တိုက်ခိုက်ရတာလဲ”

ဆန်းလျန်က မေးလိုက်သည်။

“မင်းက မဟူရာ အဏ္ဏဝါနန်းတော် ပိုင်နက်ထဲကို ကျူးကျော်လာတာကိုး ၊ မင်းကြီးက ဘယ်သူပဲ ဝင်လာ ဝင်လာ သတ်ရမယ်လို့ မှာထားတာ”

“မင်းက တော်တော်ကို သတ်ချင်ဖြတ်ချင် နေတာပဲကိုး ၊ ဒါပေမဲ့ ခုတော့ မင်းကျုပ်ကို ဘာမှ မလုပ်နိုင်တော့ဘူး မလား ၊ ကဲပြောစမ်း မင်းကို ကျုပ် ဘာလုပ်ပစ်ရမလဲ”

ဆန်းလျန်က ရယ်မောရင်း ပြောလိုက်သည်။

ငါးမန်း စစ်ဗိုလ်ချုပ်မှာ စိတ်ပူ သွားလေသည်။

“မင်းက ဘာလိုချင်လို့လဲ”

“မဟူရာ အဏ္ဏဝါ နန်းတော်ဆိုတာ အအေး စွမ်းအားတွေ စုစည်း နေတဲ့နေရာလား"

ဆန်းလျန်က မနီးမဝေးမှ အစွန်းရောက် ယင်စွမ်းအားနှင့် အအေးစွမ်းအားများ ထွက်ပေါ်နေရာ နေရာတစ်ခုကို လက်ညိုး ညွှန်ပြလိုက်ရင်း မေးလိုက်လေတော့သည်။

***

All Chapters