← Chapters

ပင်လယ်မျက်လုံးဆိုသည်မှာ

Vol. 3 Ch. 220

ပင်လယ်မျက်လုံးဆိုသည်မှာ

Vol. 3 Ch. 220

ဆန်းလျန် လက်ညိုး ညွှန်ပြလိုက်သည့် နေရာတွင် အပြာရောင် အလင်းလေးများ တောက်ပနေလေသည်။ ရေအောက် ကမ္ဘာက မှောင်မိုက်နေသည့် အတွက် အလင်းရောင်များက ပို၍ လင်းလက်နေသလို ခံစားရလေသည်။

အပြာရောင် အလင်းများမှာ လေဝင်ပေါက်မှ မှုတ်ထုတ်လိုက် သကဲ့သို့ ပေါ်လာပြီး အမှတ်မထင် ပျောက်ကွယ် သွားပြန်လေသည်။

ထိုနေရာတွင် မိစ္ဆာ စွမ်းအားများလည်း ပြင်းထန်နေလေသည်။ အပြာရောင် အလင်းလေးများ ထွက်ပေါ်လာပြီး ချက်ချင်း ပျောက်ကွယ် သွားလေသည်။

မိစ္ဆာ စွမ်းအားများက ထိုအပြာရောင် အလင်းများကို ရစ်ပတ်ထားပြီး ပင်လယ် ရေထဲသို့ ပျော်ဝင် သွားလေသည်။ ထိုအပြာရောင် အလင်းလေးများ ရေထဲသို့ ပျော်ဝင် သွားသည်နှင့် ပင်လယ်ရေသည် မသိမသာ တုန်ခါ သွားရလေသည်။

ထိုမိစ္ဆာစွမ်းအားများ အတူတကွ စုစည်း နေမှုမှာ မယုံကြည် နိုင်လောက်အောင် စွမ်းအား ကြီးမား လွန်းနေလေသည်။ ထိုစွမ်းအားက ရေအောက် အပင်များကို တစ်ခဏချင်း အတွင်းပင် ဖြတ်တောက် ပစ်လိုက်လေသည်။ ဆန်းလျန်၏ ဘယ်ဘက် လက်ဖဝါးထက်တွင် အပြာရောင် အလင်းတန်း တစ်ခု ဖြစ်တည် လာလေသည်။ ဆန်းလျန်က အဝေးဆီမှ မိစ္ဆာ စွမ်းအားများကို သူ့ထံသို့ ရောက်လာအောင် ဆွဲယူလိုက်ခြင်း ဖြစ်လေသည်။

ဆန်းလျန်က ရေခဲတံတိုင်း တစ်ခု ဖန်ဆင်းလိုက်ပြီး မိစ္ဆာ စွမ်းအားများမှာ ရေခဲတံတိုင်းဆီသို့ စုဝေးရောက်ရှိ လာကြလေသည်။ သို့သော် ရေဖိအားများလွန်းသည့် အတွက်ကြောင့် ရေခဲတံတိုင်းကြီးက အက်ကွဲစ ပြုလာသည်။

မိစ္ဆာစွမ်းအားများ ရေခဲတံတိုင်းတွင် စုစည်းသွားသည်နှင့် ထွက်ပေါ်နေသည့် အပြာရောင် အလင်းများ ရပ်တန့်သွားပြီး ပင်လယ်မျက်လုံး ထွက်ပေါ်လာလေသည်။

ပင်လယ်မျက်လုံးမှာ ကုန်းမြေပေါ်ရှိ ရေတွင်းဝ တစ်ခုနှင့် အလား သဏ္ဌာန်တူလေသည်။ အဝတွင် အမည်မသိ ကျောက်တုံးများဖြင့် ဝန်းရံနေပြီး အတွင်း၌ ကြည်လင် တောက်ပနေလေသည်။ ပင်လယ်မျက်လုံးမှာ မိစ္ဆာ စွမ်းအားများ၏ ကာကွယ်ပေးမှု အောက်တွင် တည်ရှိနေခြင်း ဖြစ်ဟန် တူလေသည်။

“မဟူရာ အဏ္ဏဝါ နန်းတော်က အဲဒီထဲမှာ ရှိတာလား”

ဆန်းလျန်က မေးလိုက်သည်။

ငါးမန်း စစ်ဗိုလ်ချုပ်မှာ မည်သည့် စကားမှ မပြောတော့ပေ။

ဖြစ်ပျက်နေသည့် အကြောင်းအရာများကို ဆန်းလျန် အကြမ်းဖျင်း နားလည်လိုက်သည့် အတွက် ပြုံးလိုက်မိသည်။ မဟူရာအဏ္ဏဝါမင်းကြီးမှာ ပင်လယ်ရေအောက် ဗဟိုချက်ဖြစ်သည့် ပင်လယ် မျက်လုံး တည်ရှိရာနေရာတွင် ပင်လယ် ကြမ်းပြင်အောက်တွင် ချော်ရည်ပူ စီးကြောင်း တည်ရှိနေသည့်တိုင် ပင်လယ်မျက်လုံး တည်ရှိရာ နေရာမှာ အစွန်းရောင် ယင်စွမ်းအားများဖြင့် ပြည့်ဝနေလေသည်။ အစွန်းရောက် ယင်စွမ်းအားသည် ချော်ရည်ပူ စီးကြောင်း ဖြစ်သည့် ယန်စွမ်းအားကို လွှမ်းမိုးထားခြင်း ဖြစ်လေသည်။

ဆန်းလျန်က ငါးမန်း စစ်ဗိုလ်ချုပ်ကို ဆွဲခေါ်သွားပြီး ပင်လယ်မျက်လုံး အနားသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားလေသည်။ ပင်လယ်မျက်လုံး အတွင်းဘက်တွင် အသက်ဓာတ် စွမ်းအားများ ရှိနေပြီး လူတစ်ယောက် အသက်ရှူနေ သကဲ့သို့ပင် ဖြစ်လေသည်။

အနားသို့ ကပ်လာသည်နှင့် အစွန်းရောက် ယင်စွမ်းအားနှင့် အအေးစွမ်းအားများက ပိုပြီး ပြင်းထန် လာလေသည်။ သို့သော် ဆန်းလျန်ကတော့ စိုးရိမ်ခြင်း မရှိပါ။ အစွန်းရောက် ယင်စွမ်းအားနှင့် အအေးစွမ်းအားများ မည်မျှများပြားပါစေ သူ၏ တန်ခိုးစွမ်းအားဖြင့် သုတ်သင် ပစ်နိုင်လေသည်။

အစွန်းရောက် ယင်စွမ်းအားနှင့် အအေးစွမ်းအားများမှာ ကြီးထွားသည်ထက် ကြီးထွားလာလေသည်။

ငါးမန်း စစ်ဗိုလ်ချုပ်က…

“ရွှမ်မင် မိစ္ဆာအလင်း စွမ်းအားကို မင်းမကြောက်ဘူးလား”

ဟု မေးလိုက်သည်။

ဆန်းလျန်က ရယ်မောလိုက်ရင်း….

“ဒီအစွန်းရောက် ယင်စွမ်းအားနဲ့ အအေးစွမ်းအား ပေါင်းစပ်ထားတာကို ရွှမ်မင်မိစ္ဆာ အလင်းစွမ်းအားလို့ ခေါ်တာလား၊ ဒီစွမ်းအားက သာမန်ပါပဲ၊ ဒါပေမဲ့ ကြည့်ရတာ တစ်ယောက်ယောက်က ဒီနေရာမှာ ဒီစွမ်းအားကို တမင်တကာ ထားထားတာ ဖြစ်ရမယ်"

“ဒါကျုပ်တို့ မင်းကြီး လုပ်ထားတဲ့ အရံအတားပဲ ၊ မင်းဒီထဲကို ဝင်သွားရင် အသက်ရှင်ရက် ထွက်လာနိုင်မှာ မဟုတ်ဘူး”

ဆန်းလျန်က ယူနီကွန်းငါးမန်းကို လှည့်ကြည့်လိုက်ပြီး…

"ဟုတ်လို့လား…"

ဟု မေးလိုက်လေသည်။

ထို့နောက် ဆန်းလျန်က လက်တစ်ဖက်ကို လှုပ်ရှားလိုက်ပြီး ငါးမန်း စစ်ဗိုလ်ချုပ်ကို ပင်လယ်မျက်လုံး အတွင်းသို့ ပစ်ထည့် လိုက်လေတော့သည်။

ငါးမန်း စစ်ဗိုလ်ချုပ်မှာ ဆန်းလျန်းထိုသို့ ပြုလုပ်လိမ့်မည်ဟု ထင်မထားမိပေ။ ငါးမန်း စစ်ဗိုလ်ချုပ်မှာ ဆန်းလျန်၏ တန်ခိုးစွမ်းအား ပိုက်ကွန်နှင့် ရစ်ပတ်လျက်ပင် ပင်လယ်မျက်လုံး အတွင်းသို့ ကျရောက် သွားလေတော့သည်။ ပင်လယ်မျက်လုံးတွင်းသို့ ကျရောက်သွားသည် ရွှမ်မင်မိစ္ဆာ အလင်းစွမ်းအားသည် ဆန်းလျန်၏ တန်ခိုးစွမ်းအား ပိုက်ကွန်ကိုရော ငါးမန်း စစ်ဗိုလ်ချုပ်ကိုပါ အေးခဲ ပစ်လိုက် လေတော့သည်။

ရွှမ်မင်မိစ္ဆာ အလင်းစွမ်းအားမှာ ကြီးမားသည့် အန္တရာယ် မရှိကြောင်း ဆန်းလျန် သိလိုက်ရသည်။ ထိုအလင်းစွမ်းအားမှာ ပင်လယ်မျက်လုံး ဝင်ပေါက်ကို အရံ အတားပြုလုပ် ထားခြင်းသာ ဖြစ်လေသည်။

ယူနီကွန်း ငါးမန်းမှာ ပင်လယ်မျက်လုံး အတွင်းသို့ တစ်ခါမှ ဝင်ရောက် ဖူးပုံမပေါ်ပေ။

အမှန်တော့ ပင်လယ်မျက်လုံးမှာ ပင်လယ်ရေများကို စုပ်ယူပြီး အစွန်းရောက် ယင်စွမ်းအားနှင့် အအေး စွမ်းအားများကို သိပ်သည်းစေပြီး အပြင်သို့ ပြန်လည် ထုတ်လွှတ်နေခြင်း ဖြစ်လေသည်။ ထို့ကြောင့် အပြာရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး ရေအောက် သစ်ပင်များကို ပိုင်းဖြတ် ပစ်သည်အထိ ထက်မြက်နေခြင်း ဖြစ်လေသည်။

မှော်ဝင် ဝေလငါးကြီး ဤနေရာသို့ ရောက်လာသည့် အချိန်တွင် ကံမကောင်းစွာဖြင့်ပင် ပင်လယ် မျက်လုံးမှာ ပြန်လည် ထုတ်လွှတ်လိုက်သည့် ရွှမ်မင် မိစ္ဆာအလင်း စွမ်းအားဟုခေါ်သည့် အစွန်းရောက် ယင်စွမ်းအားနှင့် အအေးစွမ်းအား ပေါင်းစပ်ထားသည့် အပြာရောင် အလင်းတန်းနှင့် ထိခိုက်မိသွားပြီး ဝမ်းဗိုက်တွင် ပြတ်ရှရာ ဒဏ်ရာ ကြီးမားစွာ ရရှိကာ ထိုဒဏ်ရာမှ အအေးစွမ်းအားများ ထွက်နေခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဒဏ်ရာက မပျောက်ကင်းနိုင်ဘဲ အသက်ဓာတ် စွမ်းအားများပင် စိမ့်ထွက်နေရခြင်း ဖြစ်လေသည်။

ပင်လယ်မျက်လုံးက ဖြည်းဖြည်း မှန်မှန်ပင် အသက်ရှူသွင်း ရှူထုတ် ပြုလုပ်နေလေသည်။ ပင်လယ်မျက်လုံးမှာ ဝိညာဉ်စွမ်းအား ကောင်းမွန်သည့်တိုင် ပုံသဏ္ဌာန် ရရှိရန်အတွက် နှစ်ပေါင်းရာနှင့် ထောင်နှင့်ချီပြီး ကျင့်ကြံရန် လိုအပ်နေသေးသည်။ ဆန်းလျန်က သူ၏ တန်ခိုးစွမ်းအားများဖြင့် ရွှမ်မင်မိစ္ဆာ အလင်းစွမ်းအားကို ကာကွယ်ကာ ပင်လယ် မျက်လုံးအတွင်းသို့ ဝင်ရောက် သွားလေသည်။ ပင်လယ် မျက်လုံးအတွင်းမှ ရေစီးကြောင်းမှာ ကြမ်းတမ်းခြင်း မရှိဘဲ ညင်သာစွာ ကွေ့ပတ် စီးဆင်းနေလေသည်။

သူဝင်ရောက်လိုက်သည်နှင့် ရေဖိအားက လျော့နည်းသွားလေသည်။ သို့သော် ရွှမ်မင်မိစ္ဆာ အလင်းစွမ်းအားများကတော့ သူ့ကို တိုက်ခိုက်ကြလေသည်။

ဆန်းလျန် မည်မျှ နက်နက်ရှိုင်းရှိုင်း ဝင်သွားမိသည်မသိ။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်က ပေါ့ပါး သွားရလေသည်။ ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်သည့် အခါတွင်တော့ တောက်ပ ကျယ်ဝန်းသည့် ဖန်သား နန်းဆောင် တစ်ခုကို တွေ့လိုက်ရလေသည်။

နန်းဆောင် ထောင့်တစ်နေရာတွင် ရေခဲပန်းပု ရုပ်တုတစ်ခုကို တွေ့လိုက် ရလေသည်။ ရေခဲရုပ် ဖြစ်နေသည့် ငါးမန်း စစ်ဗိုလ်ချုပ်ပင် ဖြစ်လေသည်။

ရေခဲများဖြင့် အေးခဲနေပြီး မလှုပ်နိုင် ဖြစ်နေသည့်တိုင် အသက်ရှင် နေသေးသည်။

ဆန်းလျန်က ယူနီကွန်းငါးမန်းကို ဂရုမစိုက်နိုင်အားပါ။ ထိုသတ္တဝါကလည်း သူ့ကိုယ်သူ ဘာဖြစ်နေမှန်းပင် နားလည်ပုံမရပေ။ မဟူရာ အဏ္ဏဝါမင်းကြီးမှာ မည်သူမှန်း ယခုအချိန်ထိ မသိရသေးပေ။

ဆန်းလျန်က မြေပြင်ပေါ်သို့ ခြေချလိုက်သည်။ ဖန်သားနန်းဆောင် အလယ်တွင် ရေကန်လေး တစ်ခု ရှိနေလေသည်။ ရေကန်ပတ်လည်တွင် ပုလဲ ရတနာများဖြင့် ဝန်းရံထားပြီး ပုလဲလုံးများမှ အလင်းရောင်လေးများ ထွက်ပေါ်နေလေသည်။

ရေကန်အပေါ် တည့်တည့်တွင် မျက်နှာကျက်တစ်ခု ရှိလေသည်။ ထိုမျက်နှာကျက်ဆီမှ ရေတံခွန်ကဲ့သို့ ရေစီးကြောင်း နှစ်ခုက ရေကန်ငယ်လေး အတွင်းသို့ စီးဝင်နေလေသည်။

မျက်နှာကျက်မှာ ပုလဲရေကန်ဆီသို့ အခြားသော ပင်လယ်ရေများ ဝင်ရောက်မလာရန် ကာကွယ်ထားခြင်း ဖြစ်ပုံရလေသည်။

ဆန်းလျန်က အသက်တစ်ချက် ရှူသွင်းလိုက်သည်။ အသက်ဓာတ် စွမ်းအားများမှာ သန့်စင်နေလေသည်။ ကျင့်ကြံသူ မဟုတ်သည့် သာမန်လူများပင် ဤနေရာတွင် နေထိုင်လျှင် အသက်တစ်ရာ့ငါးဆယ် တစ်ရာ့ခြောက်ဆယ်ခန့်အထိ ကျန်းကျန်းမာမာဖြင့် အသက်ရှည်ရှည် နေနိုင်မည် ဖြစ်လေသည်။

ညဘက်ခြမ်းတွင်တော့ စင်္ကြံလမ်းလေး တစ်ခုကို တွေ့ရလေသည်။ ဆန်းလျန်က ခဏမျှ စဉ်းစားနေပြီးမှ စင်္ကြံလမ်းလေးအတိုင်းလျှောက်သွားလိုက်သည်။ ရေကန်လေးမှာ ယင်စွမ်းအားနှင့် ယန် စွမ်းအားကို ထိန်းညှိပေးနိုင်သည့် ရေကန်ငယ်လေး တစ်ခုဖြစ်လေသည်။ အစွန်းရောက် ယင်စွမ်းအားနှင့် အအေး စွမ်းအားများမှာ ရေကန်ငယ်လေးဆီမှ မြစ်ဖျားခံလာခြင်း ဖြစ်လေသည်။ သို့သော် ရေကန်ငယ်မှာ အစွန်းရောက် ယင်စွမ်းအားနှင့် အအေးစွမ်းအားများ ဖြစ်တည်ရာ မူလနေရာတော့ မဟုတ်ပေ။

ဆန်းလျန်က စင်္ကြံလမ်းလေးအတိုင်း လျှောက်သွားလိုက်လေသည်။ စင်္ကြံလမ်းဘေး တစ်ဖက်တစ်ချက်ရှိ ကျောက်နံရံထက်တွင် အင်းသင်္ကေတများ ရေးဆွဲထားလေသည်။ သို့သော် ထိုအင်း သင်္ကေတများ၏ အဓိပ္ပာယ်ကို ဆန်းလျန် နားလည်နိုင်ခြင်း မရှိပေ။ မိုးနှင့်မြေ ၊ တောတောင် မြစ်ချောင်းအင်းအိုင်များ ၊ နေ့နှင့်ည ၊ ကြယ်စင်ပုံစံများ ပါဝင်သည့် အင်းသင်္ကေတများ ဖြစ်လေသည်။

ဆန်းလျန်မှာ ထိုသင်္ကေတများကို ယခင်က မြင်တွေ့ဖူးခြင်း မရှိပါ။ ရေးဆွဲထားသည့် စုတ်ချက်တိုင်းက ခပ်ကွေးကွေး ဖြစ်နေသော်လည်း သဘာဝကျပြီး ပြတ်သားလေသည်။

စင်္ကြံလမ်းလေးမှာ ရှည်လျားခြင်း မရှိပါ။ ထိုစင်္ကြံလမ်းလေးမှ ထွက်လိုက်သည်နှင့် ကြီးမားသည့် နန်းတော်ကြီး တစ်ခုကို တွေ့လိုက်ရလေသည်။ နန်းတော်ရှေ့တွင် ဆိုင်းဘုတ် တစ်ခုရှိနေပြီး ထိုဆိုင်းဘုတ်ပေါ်တွင် စာလုံး အချို့ကို ပြတ်သားစွာ ရေးသားထားလေသည်။

ဆိုင်းဘုတ်ပေါ်တွင် ရေးသားထားသည့် လက်ရေးမှာ စင်္ကြံလမ်းလေးဆီမှ အင်းသင်္ကေတများ ရေးသားထားသည့် လက်ရေးနှင့် ဆင်တူသော်လည်း ပိုပြီး စွမ်းအားပြည့်ဝလေသည်။ စာလုံးတိုင်းသည် ဆိုင်းဘုတ်ဆီမှ ခုန်ထွက်တော့မည့် ပမာ အသက်ဝင် လှသည်။

ဆိုင်းဘုတ်မှာ သာမန် ဆိုင်းဘုတ်တစ်ခု မဟုတ်ပါ။ ဆိုင်းဘုတ်မှ အငွေ့အသက် အချို့ ထွက်ပေါ်နေပြီး ထိုအငွေ့အသက်က ဆန်းလျန်၏ စိတ်ကို အေးချမ်း သွားစေလေသည်။

"ပင်လယ်ရေအောက်ထဲမှာ နှစ်တစ်သောင်း သစ်သားရှိတယ် ဘယ်သူ ပိုင်ဆိုင်လဲ မသိပေမဲ့ အတွေးတွေကို ရှင်းလင်းသွားစေပြီး စိတ်ဝိညာဉ်ကို ငြိမ်းချမ်းစေတယ်"

ဟူသည့် စာပိုဒ်ကို ဆန်းလျန် သတိရ လိုက်မိသည်။ ယခု ဆိုင်းဘုတ် ပြုလုပ်ထားသည့် သစ်သားမှာ ထိုစာပိုဒ်ထဲမှ သစ်သားဖြစ် ဟန်တူလေသည်။

တစ်ခါက ထင်ရှားသည့် ဘုန်းတော်ကြီး တစ်ပါးသည် ပင်လယ်ကို ဖြတ်ကာ ခရီးသွားရင်း ထိုသစ်သား အပိုင်းအစကို တွေ့ကာ စိတ်ပုတီး ပြုလုပ်ပြီး ကျင့်စဉ်လမ်း အောင်မြင် သွားခဲ့ဖူးလေသည်။

ဤနန်းတော်ကတော့ ထိုသို့သော အဖိုးတန်သည့် သစ်သားမျိုးကို ဆိုင်းဘုတ် ပြုလုပ် ထားလေသည်။ ထိုသစ်သားပေါ်တွင် ရေးသားထားသည့် စာများကို ဆန်းလျန် နားမလည်ပါ။ ငါးမန်း စစ်ဗိုလ်ချုပ် ပြောသည့် "မဟူရာ အဏ္ဏာဝါနန်းတော်" ဟု ရေးသား ထားခြင်းများလေလား ဆန်းလျန် စဉ်းစားနေမိလေသည်။

***

All Chapters