← Chapters

မလှိမ့်တပတ်

Vol. 3 Ch. 221

မလှိမ့်တပတ်

Vol. 3 Ch. 221

ဆန်းလျန်မှာ ရေအောက် နန်းတော်ကြီးကို ကြည့်ပြီး အတွေး ရေယာဉ်ကြောတွင် နစ်မျော နေမိလေသည်။

ထို့နောက် သူက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ပြီး အလင်းတန်း တစ်ခုဖြင့် ရေအောက် နန်းတော်ကြီးဆီသို့ ပစ်လွှတ်လိုက်လေသည်။ ရေအောက် နန်းတော်မှာ တားမြစ်ထားသည့် မန္တန် သို့မဟုတ် အင်းပညာ တစ်ခုခုရှိ မရှိ စမ်းသပ်ကြည့်လိုက်ခြင်း ဖြစ်လေသည်။ သို့သော် ဆန်းလျန်လက်မှ အလင်းတန်းသည် ရေအောက် နန်းတော်ကြီးကို မည်သို့မျှ သက်ရောက်ခြင်း မရှိပါ။

ဆန်းလျန် မျက်မှောင်တစ်ချက် ကြုတ်လိုက်သည်။ ရေအောက် နန်းတော်မှာ တင်းကြပ်စွာ တားမြစ်ထားသည့် မထိုးဖောက်နိုင်သည့် ခံတပ်တစ်ခုနှင့် တူနေလေသည်။

ထိုနန်းတော်ကြီးကို အမည်မသိ တန်ခိုးစွမ်းအားတစ်မျိုးအသုံးပြုကာ တည်ဆောက်ထားခြင်းဖြစ်ပြီး ထိုတန်ခိုးစွမ်းအားမျိုးကို ဆန်းလျန်နှင့် တွေ့မြင်ဖူးခြင်းမရှိပေ။

ကျင့်ကြံသူ လောကတွင် အဆုံးမရှိသည့် ကျင့်စဉ် လမ်းပေါင်းများစွာနှင့် တန်ခိုးစွမ်းအား ပေါင်းများစွာ ရှိလေသည်။ သို့သော် ယခု ရေအောက် နန်းတော်ကြီးကတော့ ပုံမှန် မဟုတ်သည့် တန်ခိုးစွမ်းအားဖြင့် တည်ဆောက်ထားခြင်း ဖြစ်လေသည်။ နန်းတော်ကြီး တစ်ခုလုံးမှာ ကျောက်စိုင် ကျောက်သားအလား ဖြစ်နေပြီး စိန်ကဲ့သို့ပင် မာကျောလွန်းသည်။ တည်ဆောက် ထားပုံမှာလည်း ပြည့်စုံလွန်းလှသည်။

ဝိညာဉ်စွမ်းအား မြင့်မားလွန်းသည့် ဆန်းလျန်သည်ပင်လျှင် မည်သည့် အရာကိုမှ အာရုံခံမိခြင်း မရှိပေ။ မိနစ်သုံးဆယ်ခန့် ကြာသွားပြီးသည့်နောက်…

ရေအောက် နန်းတော်ကြီး အပြင်ဖက်မှာ အနည်းငယ် လှုပ်ခါလာလေသည်။ ဆန်းလျန်မှာ သူတတ်သမျှ ပညာပေါင်းစုံဖြင့် ရေအောက် နန်းဆောင်ကြီးကို စမ်းသပ် ကြည့်ပြီးပြီ ဖြစ်လေသည်။ သို့သော် မည်သို့မျှ အရာမထင်ပေ။ ရုတ်တရက်…

လေပူများ အရှိန်ဖြင့် ဝင်ရောက်လာသည်ကို ဆန်းလျန် ခံစား လိုက်ရလေသည်။

ဆန်းလျန်မှာ အံ့သြ သွားရလေသည်။ ဤရေအောက် နန်းတော်ကြီးမှာ ချော်ရည်ပူ စီးကြောင်း တစ်ခု အတွင်းတွင် တည်ရှိနေပုံ ရလေသည်။ အပြည့်စုံဆုံး ပုံစံဖြင့် တည်ရှိနေခြင်းမှာ ရေကန်ငယ်လေးမှ စွမ်းအားနှင့် ချော်ရည်ပူ စီးကြောင်း ပေါင်းစပ်ကာ ခိုင်မာသည့် နန်းတော်ကြီး တစ်ခုအဖြစ် တည်ရှိနေခြင်း ဖြစ်လေသည်။

ချော်ရည်ပူ စီးကြောင်းကို ယခုကဲ့သို့ ပြောင်းလဲ အသုံးပြုနိုင်သည့် တန်ခိုးစွမ်းအားမှာ မည်သို့သော တန်ခိုး စွမ်းအားများ ဖြစ်ပါသနည်း။ ဆန်းလျန် မူလ ဝိညာဉ်ရရှိပြီး လောက နတ်ဘုရားတစ်ပါး ဖြစ်သွားလျှင်တောင် ယခုကဲ့သို့ တန်ခိုးစွမ်းအားကို အသုံးပြု၍ ရနိုင်မည် မထင်ပေ။

ခိုင်မာစွာ အလုံပိတ်ထားသည့် ရေအောက် နန်းတော်ကြီး၏ နောက်ကွယ်တွင် မည်သည့် အရာများ ရှိမည်လဲဟု ဆန်းလျန် သိချင် နေမိလေသည်။

ဆန်းလျန်က စင်္ကြံလမ်း လေးထဲသို့ ပြန်သွားလိုက်ပြီး ကျောက်နံရံထက်တွင် ရေးသားထားသည့် အဓိပ္ပာယ်မသိသည့် သင်္ကေတများကို ကြည့်နေလိုက်သည်။ ဆန်းလျန်မှာ တစ်ခါ ကြည့်ရုံဖြင့် မှတ်မိသည့် မှတ်ဉာဏ် ပိုင်ဆိုင်ထားသူ ဖြစ်သည့်တိုင် ထိုသင်္ကေတများကို မှတ်မိနိုင်ခြင်း မရှိပေ။

ဆန်းလျန်က ကျောက်နံရံထက်မှ သင်္ကေတများကို အလွတ်ရအောင် မှတ်သား နေလေသည်။ စာလုံးတစ်လုံး၏ စုတ်ချက် တစ်ခု သူ၏စိတ်ထဲတွင် ပေါ်လာတိုင်း စွမ်းအား ပြင်းထန်သည့် အားတစ်ခုက သူ၏ ခန္ဓာကိုယ်၊ အသွေးအသားများကို ရိုက်ခတ် နေသကဲ့သို့ ခံစားရလေသည်။

စင်္ကြံလမ်းလေး အဆုံးသို့ရောက်သည့် အခါတွင်တော့ အသက်ဓာတ် စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်ထဲမှ ကြမ်းတမ်းစွာ ဖောက်ထွက်သွားလေသည်။ ဆန်းလျန်မှာ အမှောင်ထု တစ်ခုထဲတွင် ရောက်ရှိ နေသကဲ့သို့ ခံစားလိုက်ရပြီး အမှောင်ထုထဲတွင် ကြယ်များက လင်းလက်နေလေသည်။ သို့သော် သိပ်ပြီး မကြာလိုက်ပေ။ ပြင်းထန်သည့် နာကျင်မှု တစ်ခုကို ခံစားလိုက်ရပြီး မူလနေရာသို့ ပြန်ရောက် လာလေသည်။

ထိုသို့ ဖြစ်ရသည်မှာ သူ၏ ခန္ဓာကိုယ်မှ ခံနိုင်ရည် နောက်ဆုံးအဆင့် ရောက်ရှိ သွားခြင်းကြောင့် ဖြစ်လေသည်။

ဆန်းလျန် သင်္ကေတများကို လေ့လာခြင်းကို ရပ်တန့်လိုက်လေသည်။ ထိုသင်္ကေတများကို လေ့လာနိုင်ရန် အတွက် သူ၏ တန်ခိုးစွမ်းအားနှင့် ဝိညာဉ်စွမ်းအားများ မလုံလောက် သလို ခန္ဓာကိုယ်မှာလည်း အားနည်းနေပြီ ဖြစ်လေသည်။ သူ၏ ခန္ဓာကိုယ်မှာ ထိုသင်္ကေတများကို မှတ်သားရန် ကြိုးစားလိုက်တိုင်း မခံမရပ်နိုင် နာကျင်ရလေသည်။

စင်္ကြံလမ်းလေး၏ ကျောက်နံရံတစ်ဖက်တစ်ချက်တွင် ရေးထွင်းထားသည့် သင်္ကေတပေါင်း တစ်ရာ့ရှစ်ခု ရှိလေသည်။

ဆန်းလျန်က သင်္ကေတများကိုရေတွက်ပြီး ရေကန်ငယ်လေး တည်ရှိရာ နန်းဆောင်လေးထဲသို့ ပြန်ဝင်လာခဲ့လေသည်။ သူက ရေခဲများ အရည်ပျော်နေပြီ ဖြစ်သည့် ငါးမန်းစစ်ဗိုလ်ချုပ်ကို ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်သည်။

ယူနီကွန်းငါးမန်းမှာ ရေမရှိသည့် နေရာတွင် ရောက်နေသည့်တိုင် အသက်ရှူ နေသေးသည်။ သို့သော် မလှုပ်မယှက် ငြိမ်သက် နေလေသည်။

သူက ခေါင်းထောင် ကြည့်လိုက်ပြီး ဆန်းလျန်ကို စိတ်စွမ်းအားဖြင့် မေးလိုက်သည်။

"မင်း ဘာလိုချင်လို့လဲ"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ကျုပ်ကို တစ်ခုခု ပြောစမ်းပါကွာ…."

ငါးမန်း စစ်ဗိုလ်ချုပ်က သူ၏ တစ်ချောင်းတည်းသော ဂျိုကို ခါယမ်းလိုက်သည်။

ဆန်းလျန်က သူ၏လက်ကို ဆန့်တန်း လိုက်သည်။ ရေခဲအလင်းဓား ဝိညာဉ် ပေါ်ထွက်လာလေသည်။ ဓားဝိညာဉ်မှာ ရေခဲအလင်း စွမ်းအားဖြင့် သိပ်သည်းနေပြီး ထက်မြက် လွန်းလေသည်။

ဆန်းလျန်က ချွန်ထက်သည့် ဓားဝိညာဉ် ထိပ်ဖျားဖြင့် ငါးမန်း စစ်ဗိုလ်ချုပ်၏ မျက်လုံးကို ချိန်ထားလိုက်သည်။ ငါးမန်းစစ်ဗိုလ်ချုပ်မှာ ကြောက်လွန်းသဖြင့် မျက်လုံးကို တင်းကြပ်စွာ မှိတ်ထားလိုက်လေသည်။ ဆန်းလျန်က တည်ငြိမ်သည့် စိတ်စွမ်းအားကို ပို့လွှတ်ပြီး စကားပြောလိုက်သည်။

"မင်းကျုပ်ကို ဘာမှ ပြောမပြဘူးဆိုရင် မင်းမျက်လုံးတွေကို ဖောက်ပစ်မယ်၊ မျက်လုံးတင် မဟုတ်ဘူးနော် ၊ မင်းရဲ့ ဦးခေါင်းခွံကိုပါ ဖောက်ပစ်မယ်"

ဟု ပြောလိုက်လေသည်။

ငါးမန်း စစ်ဗိုလ်ချုပ်မှာ ထိတ်လန့်သွားပြီး…

"ဒီနေရာက မဟူရာ အဏ္ဏဝါမင်းကြီးရဲ့ ရေအောက် နန်းတော်ပါပဲ၊ တကယ်တော့ ကျုပ်က သူ့ရဲ့ စစ်ဗိုလ်ချုပ် မဟုတ်ပါဘူး၊ သူက နတ်မိစ္ဆာ စစ်သည်တော်တွေ အသုံးပြုလေ့ မရှိဘူး ၊ ကျုပ်က ဒီနား တစ်ဝိုက်မှာနေတဲ့ သာမန် နတ်မိစ္ဆာငယ်လေးပါ၊ တကယ်တော့ ဒီနန်းတော်ထဲကိုတောင် ပထမဆုံးအကြိမ် ရောက်ဖူးတာပါ"

"ဒါဆို ဒီနေရာက မဟူရာ အဏ္ဏဝါနန်းတော်ဆိုတာ မင်းက ဘယ်လိုလုပ် သိတာလဲ"

ဆန်းလျန်က ပြုံးရင်း မေးလိုက်သည်။

"မင်းလိုပဲ တန်ခိုး စွမ်းအားကြီးတဲ့ သူတစ်ယောက် ဒီနေရာကို ရောက်လာသေးတယ်၊ သူက ဒီနေရာကို မဟူရာ အဏ္ဏဝါနန်းတော်လို့ ပြောသွားတာပဲ၊ မဟူရာ အဏ္ဏဝါမင်းကြီးကတော့ အဲဒီသူက တာအို ဆရာရွှမ်မင်လို့ ပြောတယ်"

ဆန်းလျန်က ယူနီကွန်းငါးမန်းကို စိုက်ကြည့်လိုက်သည်။ ယူနီကွန်း ငါးမန်းမှာ ထိုအကြည့်ကြောင့် ကျောရိုး တစ်လျှောက်လုံး စိမ့်သွားရလေသည်။ ဆန်းလျန်၏ အကြည့်မှာ ရွှမ်မင်မိစ္ဆာ အလင်းစွမ်းအားထက်ပင် အေးစက် နေသေးသည်။

"ကျုပ်သိတာ ဒါအကုန်ပါပဲ"

သူက သနားစဖွယ် လေသံဖြင့် ပြောလိုက်သည်။

"မင်း အသက် ဘယ်လောက်ရှိပြီလဲ"

ဆန်းလျန်က မေးလိုက်သည်။

"မသိပါဘူး"

ယူနီကွန်း ငါးမန်းက ပြန်ဖြေလေသည်။

ရေအောက် ကမ္ဘာတွင် အချိန် သတ်မှတ်ရန်မှာ ခက်ခဲလေသည်။ လူ့လောက ကဲ့သို့ နှစ် ၊ လ ၊ ရက် များလည်း သတ်မှတ်ထားမည် မထင်ပေ။

ထို့ကြောင့် ဆန်းလျန်က မေးခွန်းပြောင်းပြီး မေးလိုက်သည်။

"မင်း တာအို ဆရာရွှမ်မင်ကို တွေ့ပြီးတဲ့နောက် အစား ဘယ်နှစ်ကြိမ် စားပြီးပြီလဲ"

တာအိုဆရာ ရွှမ်မင်ဆိုသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း သုံးထောင်က ရေခဲအလင်းကို တီထွင်ခဲ့သည့် ဆရာသခင် ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်က ယူနီကွန်းငါးမန်း၏ အသက်ကို ခန့်မှန်းနိုင်ရန် အစား ဘယ်နှစ်ကြိမ် စားခဲ့ပြီလဲဟု မေးလိုက်ခြင်း ဖြစ်လေသည်။ ထိုအခါမှ ငါးမန်းစုတ် သူ့ကို လိမ်ပြော မပြော ခန့်မှန်းနိုင်မည် ဖြစ်လေသည်။

"ကျုပ်ဘာမှ မစားရသေးဘူး”

ယူနီကွန်း ငါးမန်းက ပြန်ဖြေ လိုက်လေသည်။

"စောစောကပဲ မင်းပြောခဲ့တယ်လေ ၊ မဟူရာ အဏ္ဏဝါမင်းကြီးရဲ့ ပိုင်နက် ကျူးကျော်တဲ့သူက သေရမယ်ဆို"

ဆန်းလျန်က မေးလိုက်သည်။

"အဲဒီ စကားတွေက မဟူရာ အဏ္ဏဝါမင်းကြီး ပြောတဲ့ စကားတွေကို ကျုပ်က လိုက်ပြောတာပါ"

ယူနီကွန်းငါးမန်းက ခေါင်းခါယမ်းရင်း ပြောလိုက်သည်။

ဆန်းလျန်က ယူနီကွန်း ငါးမန်း၏ စကားများကို သုံးသပ် ကြည့်လိုက်သည်။ သူရောက်စ အချိန်တုန်းက ယူနီကွန်းငါးမန်းက "ကျူးကျော်လာရင် အသတ်ခံရမယ်" ဟု သာပြောခဲ့ပြီး မဟူရာ အဏ္ဏဝါမင်းကြီးက ပြောသည့် အကြောင်း ထည့်မပြောခဲ့ပေ။ ယူနီကွန်း ငါးမန်းမှာ ခြင်္သေ့ အရေခွံ ခြုံထားသည့် မြည်းငတုံး တစ်ကောင်မျှသာ ဖြစ်လေသည်။

မဟူရာ အဏ္ဏဝါမင်းကြီးဆိုသည့် နတ်မိစ္ဆာဘုရင်သာ သူ့ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ် နေပုံရလေသည်။

"ဒါဖြင့် ဟိုအအေး စွမ်းအားတွေကို ရွှမ်မင်မိစ္ဆာ အလင်းစွမ်းအားလို့ မင်းက ဘယ်လိုလုပ် သိရတာလဲ"

ဆန်းလျန်က မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ တာအိုဆရာရွှမ်မင်က အဲဒီလို ပြောသွားလို့ပါ၊ သူက ဒီနေရာကို အအေးစွမ်းအား ရှာဖို့လာတာပါ၊ ဒါပေမဲ့ မင်းကြီးက သဘော မတူတာနဲ့ သူတို့ နှစ်ယောက် တိုက်ခိုက်ကြတယ် ၊ အဲဒီ တာအိုဆရာရဲ့ အလင်းတန်းတွေက မင်းဆီက အလင်းတန်းနဲ့ ဆင်တူတယ်၊ အဲဒီ တာအိုဆရာရဲ့ အလင်းတန်းက ကျုပ်ကို ထိမိပြီး သတိမေ့သွားတာ၊ ကျုပ်သတိရလာတော့ အစားစားမလို့ ရှာပေမဲ့ စားစရာ ဘာတစ်ခုမှ မတွေ့ဘူး"

ယူနီကွန်းငါးမန်းက ပြောလိုက်လေသည်။

ဆန်းလျန်မှာ သဘောပေါက်သလို ရှိသွားလေသည်။ တစ်ချိန်က တာအိုဆရာရွှမ်မင်သည် ရွှမ်မင်မိစ္ဆာ အလင်းစွမ်းအား ဟုခေါ်သည့် အစွန်းရောက် ယင်စွမ်းအားနှင့် အအေးစွမ်းအားမှ ရေခဲအလင်း ပြုလုပ်ရန်အတွက် ဤနေရာသို့ ရောက်လာခြင်း ဖြစ်လေသည်။ သို့သော် နတ်မိစ္ဆာ ဘုရင်တစ်ပါး၏ တားဆီးခြင်းကို ခံရပြီး တိုက်ခိုက်ခဲ့ကြသည်။ တာအို ဆရာရွှမ်မင်၏ ရေခဲအလင်း စွမ်းအားနှင့် ထိခိုက်မိပြီး ယူနီကွန်း ငါးမန်းမှာ နှစ်ပေါင်းများစွာ အေးခဲသွားပြီး ယခုမှ ပြန်လည် သတိရလာခြင်း ဖြစ်လေသည်။

ယခု အချိန်တွင်တော့ တာအို ဆရာရွှမ်မင်ရော မဟူရာ အဏ္ဏဝါမင်းကြီးပါ ဤနေရာတွင် ရှိမနေတော့ပေ။ တိုက်ပွဲတွင် မည်သူ အနိုင်ရခဲ့သည်လဲ ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။

တာအို ဆရာရွှမ်မင်မှာ လောက နတ်ဘုရားအဆင့် တက်ရောက်ပြီးမှ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်နိုင်လေသည်။ ထို့ကြောင့် ဤမျှနက်သည့် ရေအောက်သို့ ဆင်းသက်လာနိုင်ခြင်း ဖြစ်သည်။

ထို့ပြင် တာအို ဆရာရွှမ်မင်ကိုပင် ဆန့်ကျင်ရဲသည့် နတ်မိစ္ဆာ ဘုရင်မှာလည်း လောက နတ်ဘုရားထက်ပင် သာလွန်သည့် တန်ခိုးစွမ်းအား ရှိရမည် ဖြစ်လေသည်။ သို့သော် ရေအောက် နန်းတော်ကို သွားသည့် လမ်းကျဉ်းလေးတွင် ရေးသားထားသည့် သင်္ကေတများသည် လောက နတ်ဘုရားအဆင့်ကိုပင် ကျော်လွန် နေသေးသည်။

ထို့ပြင် ယူနီကွန်းငါးမန်းကလည်း မဟူရာ အဏ္ဏဝါမင်းကြီးတွင် နတ်မိစ္ဆာ စစ်သည်များ ထားရှိခြင်း မရှိဟု ပြောခဲ့လေသည်။ ထိုသတ္တဝါမှာ ရေအောက် နန်းတော်သို့ပင် မရောက်ဖူးပေ။ မဟူရာ အဏ္ဏဝါမင်းကြီးသည် ရေအောက် နန်းတော်ကြီးတွင် လျှို့ဝှက်ချက် တစ်ခုကိုများ ဖုံးကွယ်ထားလေသလား။

ဤသည်မှာ ဆန်းလျန်၏ ခန့်မှန်းချက်များသာ ဖြစ်လေသည်။ သူ့အနေဖြင့် ရေအောက် နန်းတော်ကိုလည်း ချိုးဖျက် ဝင်ရောက်နိုင်စွမ်း မရှိပေ။ ထို့ပြင် စင်္ကြံလမ်းလေး တစ်လျှောက် ထူးဆန်းသည့် သင်္ကေတများကိုလည်း နားမလည်ပေ။ သူဤနေရာသို့ လာရသည့် ရည်ရွယ်ချက်မှာ ရေခဲအလင်း ဖန်ဆင်းရန်အတွက် အအေးစွမ်းအား လာရှာခြင်းသာ ဖြစ်လေသည်။ သူလက်လှမ်း မမီသေးသည့် အခြားသော အရာများကို အတင်းအဓမ္မ နားလည်အောင် ကြိုးစားရန် မလုပ်သင့်သေးပေ။

***

All Chapters