← Chapters

တုန်းယီမျိုးနွယ်စု

Vol. 3 Ch. 222

တုန်းယီမျိုးနွယ်စု

Vol. 3 Ch. 222

ထိုသို့ တွေးလိုက်မိသည်နှင့် ဆန်းလျန် မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချလိုက်သည်။ ရေကန်ငယ်လေးဆီမှ ပုလဲများမှ ထွက်ပေါ်နေသည့် အလင်းရောင်များက သူ၏ စိတ်နှလုံးကို သန့်ရှင်း စင်ကြယ် သွားစေလေသည်။

မိုးအောက် မြေပြင်တွင် ရတနာ ပစ္စည်းများစွာနှင့် ထူးဆန်းသည့် ကျင့်စဉ်ပညာ များစွာရှိလေသည်။ ထို့ကြောင့် သူမသိနိုင်သည့် အရာများအတွက် အချိန်ဖြုန်း မနေသင့်တော့ပေ။

ဤခရီးမှ ရေခဲအလင်း ဖန်ဆင်းရန် အအေး စွမ်းအားရလျှင် လုံလောက်ပြီ ဖြစ်သည်။ အခြားအရာများကို လျှောက်ပြီး စဉ်းစားနေစရာ မလိုတော့။ မည်သည့် အရာမှ အလွန်အကျွံ မဖြစ်သင့်ပေ။ဆန်းလျန်သည် တစ်ခဏတာမျှ လောဘစိတ် ဝင်ခဲ့မိလေသည်။ သို့သော် အဓိက သူလာရသည့် ရည်ရွယ်ချက်ကို ချက်ချင်းပင် ပြန်လည် သတိရ သွားသည်။

ထိုသို့ ဆုံးဖြတ်ချက် ချပြီးသည့် နောက်တွင်တော့…

ရွှမ်မင်မိစ္ဆာ အလင်းစွမ်းအား ဟုခေါ်သည့် အစွန်းရောက် ယင်စွမ်းအားနှင့် အအေးစွမ်းအား ပေါင်းစပ်ထားသည့် စွမ်းအားကို အသုံးပြုပြီး ရေခဲအလင်း ကျင့်စဉ်ကို သူဆယ်ရက်ခန့် ကျင့်ကြံ လိုက်လေသည်။

သူ၏ ဝိညာဉ်စွမ်းအားနှင့် တန်ခိုးစွမ်းအားမြင့်မားမှုကြောင့် ရေခဲအလင်းကျင့်စဉ် ကျင့်ကြံသည့်အခါ လွန်စွာမှ လျှင်မြန်လေသည်။

နောက်ဆယ်ရက်တွင်တော့ သူက အအေးစွမ်းအားများကို သူနှင့်အတူ ယူဆောင်သွားရန် ပြင်ဆင်ခြင်းကို ပြုလုပ်လေသည်။

သူက ယူနီကွန်း ငါးမန်းကိုလည်း လွှတ်ပေးလိုက်သည်။ ယူနီကွန်း ငါးမန်းမှာ ရေအောက်တွင် နေသည့် သတ္တဝါ တစ်ကောင်မျှသာ ဖြစ်လေသည်။ တန်ခိုး စွမ်းအားလည်း သိပ်မရှိပေ။ ဤမျှနက်သည့် ရေအောက်သို့ ရောက်လာနိုင်သည့် ကျင့်ကြံသူနှင့် နတ်မိစ္ဆာများကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် ဆန်းလျန်က သူ့ကို လွှတ်ပေးလိုက်ခြင်း ဖြစ်လေသည်။

ထူးဆန်းသည်မှာ ယူနီကွန်းငါးမန်းမှာ ရွှမ်မင်မိစ္ဆာ အလင်းစွမ်းအားကြောင့် ဒဏ်ရာ ရသွားခြင်း မရှိဘဲ အေးခဲသွားခြင်းမျှသာ ရှိလေသည်။ သူ၏ မွေးရာပါ ဇီဝဖြစ်တည်မှု ထူးဆန်းသည့် အတွက် ထိုသို့ ဖြစ်ရခြင်းလည်း ဖြစ်နိုင်လေသည်။

သူ့ကို လွှတ်ပေးခဲ့သည့် အတွက် ကျေးဇူးတင်သည့် အနေဖြင့် ယူနီကွန်း ငါးမန်းက ဝိညာဉ်စွမ်းအားများနှင့် ပြည့်နေပြီး ရှားပါးသည့် နှစ်တစ်သန်း သန္တာကျောက်ကို ဆန်းလျန်ကို လက်ဆောင် ပေးလေသည်။ ယူနီကွန်း ငါးမန်း၏ စေတနာကို ဆန်းလျန်က မငြင်းတော့ပါ။

ရေခဲအလင်း ဖန်ဆင်းမှု လုံလောက်ပြီဟု ဆန်းလျန် ယူဆလိုက်သည်။ ရွှမ်မင်အလင်း စွမ်းအားများမှာ လေထဲတွင် တောက်ပ နေလေသည်။ သူသာ ရေခဲအလင်း ဆက်လက် ဖန်ဆင်းနေမည် ဆိုလျှင် ပင်လယ် မျက်လုံး၏ ဟန်ချက်ညီမှု ပျက်စီးသွားပြီး အအေး စွမ်းအားများ ခမ်းခြောက်သွားမည် ဖြစ်လေသည်။

ဤကဲ့သို့သော နေရာမျိုးတွင် အအေးစွမ်းအား ခမ်းခြောက်သွားလျှင် များစွာ နှမျောစရာ ကောင်းမည် ဖြစ်သည်။ ထို့ပြင် ရည်ရွယ်ချက်လည်း အောင်မြင်ခဲ့ပြီ ဖြစ်သဖြင့် ဆန်းလျန် ဆက်မနေ သင့်တော့ပေ။ သူဆုံးဖြတ်ချက် ချပြီးသည်နှင့် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

"မင်းပြန်တော့ မလို့လား"

ရွှမ်မင်မိစ္ဆာ အလင်းစွမ်းအားများ မှိန်သွားသည့် အတွက် ဆန်းလျန်အနားတွင် ရှိနေသည့် ယူနီကွန်း ငါးမန်းက မေးလိုက်ခြင်း ဖြစ်သည်။ ဆန်းလျန်က ထိုသတ္တဝါကို လှမ်းကြည့်ပြီး တစ်ချက် ပြုံးလိုက်သည်။

"မင်းက ဘာလုပ်မလို့လဲ" ဟု မေးလိုက်လေသည်။

"နတ်ဘုရားတွေမှာ သူတို့ ကိုယ်ပိုင် စီးတော်ယာဉ်တွေ ရှိကြတယ်လို့ ကြားဖူးတယ်၊ ဒါမှ ခရီးသွားရင် ဂုဏ်ရှိတာပေါ့၊ ကျုပ်ကို မင်းရဲ့ စီးတော်ယာဉ် လုပ်ခွင့်ပေးပါလား"

ယူနီကွန်းငါးမန်းက ခွင့်တောင်းလိုက်လေသည်။ ဆန်းလျန်နှင့် ရက်အနည်းငယ် အတူနေခဲ့ ပြီးသည့်နောက် ဆန်းလျန်၏ တန်ခိုးစွမ်းအား မည်မျှ ကြီးမားကြောင်း ယူနီကွန်း ငါးမန်းက သိနေပြီ ဖြစ်သည်။

နတ်မိစ္ဆာများအတွက် ကျင့်စဉ်လမ်း လျှောက်လှမ်းနိုင်ရန်မှာ မလွယ်ကူ လှပေ။ ဆန်းလျန်နှင့်သာ အတူရှိနေလျှင် သူလူသား အသွင်ပြောင်းရန် အတွက် ဆန်းလျန်က ကူညီပေးနိုင်သည့် အပြင် သူ၏ ကျင့်စဉ်လမ်း တိုးတက်အောင်လည်း ကူညီ ပေးနိုင်လေသည်။ ထို့ပြင် ဆန်းလျန်၏ စိတ်နေစိတ်ထားမှာ မဟူရာ အဏ္ဏဝါမင်းကြီးထက် များစွာ သာလွန်လေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း....

"မင်းက တန်ခိုးစွမ်းအား နည်းသေးတယ်၊ ရေအောက်မှာပဲနေပြီး ကျင့်ကြံမှုတွေ ပြုလုပ်ပါဦး ၊ အနာဂတ်မှာ ကျုပ်တို့ ပြန်ဆုံချင်မှ ဆုံကြလိမ့်မယ်၊ ဒါပေမဲ့ မင်းကို တစ်ခုတော့ အကြံပေးချင်တယ် ၊ ပင်လယ် မျက်လုံးထဲမှာ မဟူရာ အဏ္ဏဝါ နန်းတော်ရှိတယ် ၊ ကျုပ်က အဲဒီ နန်းတော်ကို တန်ခိုးစွမ်းအား လှိုင်းတွေနဲ့ စမ်းသပ်ခဲ့တဲ့ အတွက် တစ်နှစ်ကျော်ရင် ဒုက္ခ ဖြစ်လာလိမ့်မယ် ၊ မင်းအသက်ရှင်ချင်တယ် ဆိုရင် ဒီနေရာမှာ မနေနဲ့တော့" ဟု ပြောလိုက်လေသည်။

ဆန်းလျန်မှာ သားရဲ တစ်ကောင်ကို လွယ်လွယ်ကူကူ မွေးတတ်သူ တစ်ယောက် မဟုတ်ပေ။ ထို့ပြင် သူ့တွင် ချမ်းမော့လည်း ရှိနေပြီးသား ဖြစ်လေသည်။

ထို့ပြင် သူက ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ် ဖြစ်သည့်အတွက် သူလုပ်သည့် အလုပ်တိုင်းသည် ချင်းရွှမ်နတ်တံခါး၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေလေသည်။ ထို့ကြောင့် လေပေါ်တွင် နဂါးစီးပြီး ခရီးနှင် နိုင်သည့်သူ မဖြစ်သေးမချင်း ဇစ်မြစ်မသိသည့် နတ်မိစ္ဆာများကို မွေးမြူ မထားချင်ပေ။

ကောလဟလဆိုသည်က ပျံ့နှံ့လွယ်ပြီး တကယ်တမ်း ပျံ့နှံ့လျှင်လည်း ကောင်းသတင်းထက် ဆိုးသတင်းကသာ အရင်ပျံ့နှံ့မည် ဖြစ်လေသည်။ ဆန်းလျန်က ကောလဟလများကို ဂရုစိုက်တတ်သူ မဟုတ်သည့်တိုင် အနေအထိုင် မဆင်ခြင်၍တော့ မရပေ။

ထို့ပြင် ယူနီကွန်း ငါးမန်းကိုလည်း ကောင်းစေလိုသည့် ရည်ရွယ်ချက်ဖြင့် သူက အကြံပေးလိုက်ခြင်း ဖြစ်လေသည်။ သူ၏ တန်ခိုးစွမ်းအားများဖြင့် စမ်းသပ် တိုက်ခိုက်ခဲ့မှုများ သည် နောင်တစ်ချိန်တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်လာနိုင်ကြောင်းကို သူ၏ ထန်ထျန်း တန်ခိုးစွမ်းအားဖြင့် သိမြင်နေခဲ့လေသည်။ ယူနီကွန်း ငါးမန်းသာ ဤနေရာတွင် ဆက်လက် နေထိုင်လျှင် မုချ သေရမည် ဖြစ်လေသည်။

ဆန်းလျန်က အကြံပေးရုံသာ တတ်နိုင်ပြီး နားထောင်မည် မထောင်မည်ကတော့ ယူနီကွန်းငါးမန်း၏ သဘောအတိုင်းသာ ဖြစ်လေသည်။

ဆန်းလျန်က စကားဆုံးသွားသည်နှင့် အလင်းရောင် တစ်ချက် တောက်ပသွားပြီး ပျောက်ကွယ် သွားလေသည်။ ကြီးမားလွန်းသည့် ရေဖိအားကို သူခံစားရပြီး တည်ငြိမ်နေသည့် ရေကို ဖောက်ခွဲ ထွက်လိုက်လေသည်။ ရေမျက်နှာပြင်ပေါ်သို့ အလွန် လျင်မြန်စွာ သူပြန်ရောက် လာလေသည်။ သူက ရေထဲမှ လေပေါ်သို့ တက်လိုက်ကာ တိမ်များ နောက်ကွယ်တွင် ပျောက်ကွယ် သွားလေသည်။ ရေခဲအလင်း စွမ်းအား အချို့ကို ရရှိခဲ့သော်လည်း ပျော်ရွှင်မှုကို သူမခံစားရပါ။

သူသွားခဲ့သည့် ခရီး၏ တန်ဖိုးရှိသည့် အချက်မှာ ရေခဲအလင်း မဟုတ်ခဲ့ပါ။ ထူးဆန်းလွန်းသည့် မဟူရာ အဏ္ဏဝါနန်းတော်ကြီး ဖြစ်လေသည်။ ဆန်းလျန်က သူ၏ နတ်ဘုရား စွမ်းအားဖြင့် စိတ်တွင် ဖြစ်ပေါ်နေသည့် လောဘများကို ပယ်သတ်လိုက်ပြီး စိတ်ကို သန့်စင်စေလိုက်သည်။ ထိုနန်းတော်ကြီးမှာ သူလက်လှမ်းမီ နိုင်လောက်အောင် အဆင့်မြင့်မားသည့် အရာတစ်ခု ဖြစ်နေသည် မဟုတ်ပါလား။

ဆန်းလျန် တိမ်ကို စီးနှင်ကာ နတ်ဘုရား ဈေးပွဲတော်သို့ တန်းသွား လိုက်သည်။

ငှက်များကြားတွင် တိမ်ဖြူကို စီးနှင်ပြီး ကျယ်ပြောလှသည့် ကောင်းကင် တစ်ခွင်တွင် ပျံသန်းရသည်မှာ ဆန်းလျန်အတွက်တော့ အသားကျနေခဲ့ပြီ။

ရုတ်တရက်…

မြေပြင်ဆီမှ ထက်မြက်သည့် မြားတစ်စင်းသည် လေထုကို ထိုးခွင်းကာ ဆန်းလျန်ဆီသို့ ဝင်ရောက်လာလေသည်။

ဝင်ရောက်လာသည့်မြားမှာ လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသည်။ သို့သော် ဆန်းလျန်က ပို၍ လျင်မြန်လေသည်။

သူ့လို အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်ကို မည်သူက အလစ်ဖမ်းပြီး တိုက်ခိုက်ပါသနည်း။

ဆန်းလျန်က အစိမ်းရောင် အလင်းတန်း တစ်ခု ထုတ်လွှတ်လိုက်ပြီး အလင်းတန်းက လေထဲတွင် အရှိန်အဟုန်ပြင်းစွာ လှည့်ပတ်သွားလေသည်။ အလင်းတန်းသည် မြွေတစ်ကောင် အလား မြားကို ရစ်ပတ်ကာ ထိန်းချုပ် ထားလိုက်လေသည်။

ဆန်းလျန်က လေကို လှည့်ပတ်သည့် သာမန် ပညာလေး တစ်ခုကိုသာ အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။ တန်ခိုးစွမ်းအားမှ ကြီးကြီးမားမား သုံးလိုက်ခြင်း မဟုတ်ပေ။

ဆန်းလျန်မှာ သူနှင့်အဆင့်တူ ကျင့်ကြံသူများထဲတွင် တန်ခိုးစွမ်းအား အမြင့်မားဆုံး သူတစ်ယောက် ဖြစ်လေသည်။ ဆန်းလျန်၏ တန်ခိုးစွမ်းအားမှာ သန့်စင်ပြီး သူ၏ ရွှေပြဒါး အမြုတေ စွမ်းအားမှာလည်း ပြင်းထန် လွန်းလေသည်။ ထို့ကြောင့် သာမန် ပညာလေးတစ်ခုကို အသုံးပြုသည့်တိုင် တန်ခိုးစွမ်းအားက ကြီးမားနေလေသည်။

သို့သော် အချိန် တစ်ခဏလေး အတွင်းမှာပင် မြားက အစိမ်းရောင် အလင်းတန်းများ ကြားမှ ဖောက်ထွက်ပြီး ဆန်းလျန်ဆီသို့ အလွန် လျင်မြန်သည့် အရှိန်ဖြင့် ထပ်မံ ဝင်ရောက်လာလေသည်။

ထိုသို့ စွမ်းအား ပြင်းထန်သည့် မြားကို ပစ်လွှတ်နိုင်သူမှ တန်ခိုးစွမ်းအား မည်မျှ ကြီးမားသည်ကို မခန့်မှန်းနိုင်ပေ။ ထို့ပြင် လေးသမားက မြားကို နှစ်ဆင့်ခုန်ပြီး ပစ်ခတ်လိုက်ခြင်း ဖြစ်လေသည်။

ရိုးရှင်းသည်ဟု ထင်ရသည့်တိုင် အလွန်မြင့်မားသည့် မြားပစ်စွမ်းရည်ပင် ဖြစ်လေသည်။ ဒုတိယအကြိမ် ပစ်ခတ်လိုက်သည့် မြားချက်က ပထမအကြိမ် ပစ်ခတ်လိုက်သည့် မြားချက်ထက်ပင် ပိုပြီး လျင်မြန်လေသည်။

ဆန်းလျန်က ထိတ်လန့်သွားခြင်း မရှိပါ။ သူက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ပြီး မြားကို ဖမ်းလိုက်လေသည်။ သူ့ထံသို့ ဝင်ရောက်လာသည့်မြားက စွမ်းအားကြီးမားသည့်တိုင် သူ၏ တန်ခိုးစွမ်းအားက ပိုပြီး ပြင်းထန် လွန်းလေသည်။

ဆန်းလျန်က မြားကို သိမ်းဆည်းလိုက်ပြီး အောက်သို့ တစ်ချက် ငုံ့ကြည့်လိုက်သည်။ ပင်လယ်ထဲတွင် ကျွန်းတစ်ကျွန်းကို တွေ့မြင်ရလေသည်။ သူ့ကို မြားဖြင့် ပစ်သည့်သူမှာ မည်သူ ဖြစ်သည်ကို ဆန်းလျန် သိချင်နေမိသည်။ ထို့ကြောင့် သူက ဥက္ကာပျံ တစ်စင်းအလား မြေပြင်ပေါ်သို့ ဆင်းသက်လိုက်လေသည်။ လေထဲတွင် ရောင်စင်ရှစ်မျိုး ဖြာလင်းပြီး ကျန်ရစ်ခဲ့လေသည်။

ဆန်းလျန်က မြေပြင်ပေါ်သို့ ဆင်းသက်ခြင်း မရှိဘဲ တိမ်များကြားတွင် ပျံဝဲရင်း မြေပြင်ကို လေ့လာ ကြည့်လိုက်သည်။သူ့ရှေ့တွင် လူတစ်စုကို တွေ့လိုက်ရလေသည်။ ထိုလူစု၏ ခေါင်းဆောင်မှာ လူငယ်တစ်ယောက် ဖြစ်ပြီး ကျားအရေခွံကို ဝတ်ဆင်ထားလေသည်။ ထိုလူငယ် ခေါင်းဆောင်၏ လက်ထဲတွင် ကြီးမားသည့် လေးတစ်စင်းကို ကိုင်ဆောင်ထားပြီး သူ၏ မျက်ခုံးနှစ်ခုကြားတွင် မီးတောက်ပုံသဏ္ဌာန် အနီရောင် သင်္ကေတ တစ်ခု ရှိနေလေသည်။

လူငယ်မှာ ပိန်ပိန်ပါးပါး ဖြစ်သည့်တိုင် ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများက ပေါက်ကွဲလုမတတ် ပြင်းထန် နေလေသည်။

ထိုလူငယ်မှာ ဆန်းလျန်ကို တွေ့သည်နှင့် ပါးစပ်မှ စကားလုံးများစွာ ရေရွတ် ပြောဆို လိုက်လေသည်။

ဆန်းလျန်က ထိုလူငယ်ကို အပြစ်တင်ရန် ပြင်ဆင်လိုက်သော်လည်း လူငယ် ရေရွတ်လိုက်သည့် စကားများကို ကြားလိုက်ရသည်နှင့် အပြစ်တင်ခြင်း မပြုတော့ပေ။

“မင်းက တုန်းယီ မျိုးနွယ်စုကလား…”

ဆန်းလျန်က လူငယ်ရေရွတ် ပြောဆိုနေသည့် ဘာသာစကားကိုပင် အသုံးပြုကာ မေးမြန်း လိုက်လေတော့သည်။

***

All Chapters